Thursday, March 31, 2011

အစိုးရက မိဘလား၊ ပြည်သူက မိဘလား

ရေးသားသူ — လူထုစိန်ဝင်း

လူငယ် ဂျာနယ်သမားတစ်ယောက်က စာရေးရင်း သုံးလိုက်တဲ့ စကားလုံး တစ်လုံးနဲ့ ပက်သက်ပြီး ဘဝင်မကျသလို ဖြစ်လာလို့ စာရေးတာကို ရပ်ပြီး ရောက်လာ ဆွေးနွေးပါတယ်။ ရွေးကောက်ပွဲအပြီး ပေါ်ထွက်မယ့် အစိုးရအကြောင်း ရေးရင်းနဲ့ အစိုးရဆိုတာ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သနားကြင်နာရမယ်လို့ ရေးလိုက်တယ်။ ရေးလည်းပြီးရော ဟုတ်မှ ဟုတ်ရဲ့လားလို့ သံသယတွေ ဖြစ်လာတယ်။ ဒါကြောင့် ဆရာနဲ့ လာဆွေးနွေးတာလို့ ပြောပါတယ်။

တိုင်းသူပြည်သားရဲ့ မိဘလား

ဘာကို ဘဝင်မကျ သံသယတွေပွားတာလဲလို့ ဆက်မေးတော့ ရင်ဝယ်သားကဲ့သို့ ဆိုတဲ့ စကားပါ။

အဲဒီ စကားအရ အဓိပ္ပာယ်ကောက်လိုက်မယ်ဆိုရင် အစိုးရက တိုင်းသူပြည်သားများရဲ့ မိဘဆိုတဲ့ သဘောဖြစ်နေတယ်။ ဒီမိုကရေစီခေတ်မှာ အစိုးရဆိုတာ တိုင်းသူပြည်သားများက ရွေးချယ်တာဝန်ပေးတာ မဟုတ်ဘူးလား။ တာဝန်ကို အချိန်ပြည့်ထမ်းဆောင်နိုင်ဖို့အတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာငွေထဲက လစာရိက္ခာ ပေးထားခဲ့တယ်။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေဆိုတာလည်း တိုင်းသူပြည်သားများဆီက ကောက်ယူရရှိထားတဲ့ အခွန်အတုတ်တွေ ဖြစ်တာကြောင့် တိုင်းသူပြည်သားများကသာ အစိုးရရဲ့ အလုပ်ရှင်လို့ ဆိုရမှာမဟုတ်ဘူးလား စတဲ့မေးခွန်းတွေကို တသီတတန်းကြီး ဆက်မေးလိုက်ပါတယ်။ ဒီတခါ ဖြေရမှာကတော့ ကိုယ့်အလှည့်ဖြစ်သွားပါတယ်။

တရားလက်လွတ် မပြုစေဖို့

သူဘဝင်မကျဖြစ်တာ ဖြစ်သင့်ပါတယ်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သနားကြင်နာရမယ်ဆိုတဲ့ စကားက ရှေးခေတ်ရှေးအခါ ရှင်ဘရင်စနစ် အုပ်ချုပ်တဲ့ခေတ်က သုံးလေ့ရှိတဲ့ စကားဖြစ်တယ်။ သူ့ခေတ်နဲ့ သူ့အခါတော့ လိုက်ရော ညီထွေရှိတာပေါ့။ အဲဒီခေတ်ကတော့ မင်းကို တိုင်းသူပြည်သားများက ရွေးချယ်ခန့်အပ်တာ မဟုတ်ပါဘူး။ မင်းမျိုးမင်းနွယ် အစဉ်အဆက် အမွေဆက်ခံလာပြီး ဖြစ်လာကြရတာပါ။ သူ့ခေတ် သူအခါအလျောက် ဘုရင်က အရှင်သခင် သက်ဦးဆံပိုင်ဖြစ်ပြီး တိုင်းသူပြည်သားများကို ကျေးတော်မျိုး ကျွန်တော်မျိုးအဖြစ် သဘောထားခဲ့ကြတယ်။ အဲလို အခြေအနေမှာ သက်ဦးဆံပိုင် အရှင်သခင်ဖြစ်တဲ့ ဘုရင်က တရားလက်လွတ် မပြုမိစေဖို့ ဘုရင်ဆိုတာ မိဘသဖွယ် တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သဘောထားပြီး အုပ်ချုပ်ရမယ်လို့ ပညာရှင်များက ဆိုခဲ့ကြတာဖြစ်တယ်။

ပြည်သူက အာဏာပိုင်

ခေတ်တွေ စနစ်တွေ အမျိုးမျိုး ပြောင်းသွားခဲ့ပြီဖြစ်တဲ့ ဒီခေတ်မှာတော့ သက်ဦးဆံပိုင် ဘုရင် စနစ်ဆိုတာ ချုပ်ငြိမ်းသွားပါပြီ။ ကြွင်းကျန်နေသေးတဲ့ ဘုရင်စနစ်တွေဟာလည်း သက်ဦးဆံပိုင် မဟုတ်တော့ပါဘူး။ အားလုံးဟာ တိုင်းသူပြည်သားများက ရေးဆွဲ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ အောက်က ဘုရင်တွေ ဖြစ်နေပါပြီ။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကို နာခံရသူတွေ ဖြစ်နေပါပြီ။ အဲဒါကြောင့် ဒီမိုကရေစီစနစ်ရဲ့ လူ့အဖွဲ့အစည်းမှာ မဲဆန္ဒရှင် တိုင်းသူပြည်သားများက အာဏာအပိုင်ဆုံးသူများ ဖြစ်ကြတယ်။ ဘုရင်တို့၊ အစိုးရတို့၊ လွှတ်တော်တို့ဆိုတဲ့ အရာအားလုံးဟာ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားပြီး ပြည်သူလူထုက တာဝန်ပေး စေခိုင်းတဲ့အတိုင်း လိုက်နာဆောင်ရွက်ကြရတယ်။

ပြည်သူကသာ မိဘ

အဲဒါကြောင့် ရှေးခေဆ် အခါကတည်းက အစိုးရနဲ့ အစိုးရ ဝန်ထမ်းများကို ပြည်သူ့ဝန်ထမ်း၊ ပြည်သူ့အစေခံ (Public servant) လို့ ခေါ်ခဲ့ကြတယ်။ ပြည်သူကပေးတဲ့ လစာ ရိက္ခာကို စားနေကြသူများဖြစ်လို့ ဒီလိုခေါ်တာဟာ လျှော်ကန်သင့်မြတ်ပါတယ်။ ပြည်သူဟာ အရှင်သခင်၊ ပြည်သူဟာ အာဏာပိုင်၊ ပြည်သူဟာ အဓိက ဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့ ကိုက်ညီတဲ့ အသုံးအနှုံးလည်း ဖြစ်တယ်။ အဲဒါကြောင့် ဘဝင်မကျလို့ လာရောက်ဆွေးနွေးတဲ့ လူငယ်ဂျာနယ်သမားလေးကို ဒီမိုကရေစီခေတ်မှာ အစိုးရက မိဘ မဟုတ်ဘူး၊ တိုင်းသူပြည်သား မဲဆန္ဒရှင်များကသာ မိဘ ဖြစ်တယ်လို့ အကျယ်တဝင့် ဆွေးနွေးရှင်းပြလိုက်ပါတယ်။

အသုံးအနှုံးများ

ဓလေ့ ထုံးစံနဲ့ စကားလုံး ဝေါဟာရ အသုံးအနှုံးများဟာ ခေတ်ကို ကျော်လွန်ပြီး တည်တံ့နေလေ့ရှိတယ်။ ဘုရင်ကို မိဘနေရာ သက်ဦးဆံပိုင် အရှင်သခင် နေရာထားပြီး ပြောဆိုခဲ့တဲ့ အသုံးအနှုံးများဟာ သမ္မတခေတ်အထိ ဆက်ပြီး သုံးစွဲနေကြတယ်။ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို အာဏာပိုင်အဖွဲ့အစည်းများလို့ သုံးစွဲနေတာဟာလည်း မသင့်တော်တော့ဘူး။ ပြုပြင်ဖို့ ကောင်းတာကြာပြီ။ “ပညတ်သွားရာ ဓာတ်သက်ပါ” ဆိုတဲ့ စကားအတိုင်း အသုံးအနှုံး ဝေါဟာရကြောင့် လူတွေရဲ့ စိတ်ဓာတ်တွေပါ ပြောင်းသွားတတ်တယ်။ ဒီမိုကရေစီခေတ်မှာ အာဏာပိုင်တာဟာ ပြည်သူတွေဖြစ်တယ်။ ဝန်ထမ်းတွေ မဟုတ်ဘူး။ နောင်တချိန်မှာ ဒီလို အခေါ်အဝေါ် အသုံးအနှုံးတွေက စပြီး ပြုပြင်ကြရပါလိမ့်မယ်။

ရုံးတစ်လုံး ဓားတစ်စင်း

အာဏာပိုင်ဆိုတဲ့ စကားလုံးကြောင့် ပြည်သူ့ဝန်ထမ်း (Public Servant) တွေက သူတို့ကိုယ်သူတို့ ရုံးတစ်လုံး ဓားတစ်စင်းနဲ့ အာဏာပိုင်စိုးတဲ့ အရှင်သခင်အဖြစ် မှတ်ယူသွားတတ်ကြတယ်။ သူတို့ကို လစာ ရိက္ခာပေးထားတဲ့ တိုင်းသူပြည်သားများကို ကျေးတော်မျိုး ကျွန်တော်မျိုးများအဖြစ် သဘောထားပြီး အာဏာ ပါဝါပြ ဟိန်းကြ ဟောက်ကြတယ်။ ဒီစရိုက်တွေ ပပျောက်အောင် မနည်းကြီး လုပ်ရပါလိမ့်မယ်။ အမြစ်တွယ်ခဲ့တာ ကြာလှပြီ။ မျက်နှာဖြူ အရှင်ခင်ကြီးများခေတ်က သူတို့ကို သခင်ခေါ်ပြီး ဒူးတုပ် ခစားစေခဲ့ရာက စခဲ့တဲ့ အကျင့်ဖြစ်တယ်။

ဒီမိုကရေစီ စနစ် တည်ဆောက်မယ်ဆိုတဲ့ လူတွေရဲ့ ခေါင်းထဲမှာ အမြစ်တွယ်နေတဲ့ အတွေးအခေါ်ဟောင်း၊ စိတ်ဓာတ်ဟောင်းတွေကို လုံးဝ ရှင်းလင်း ဖယ်ရှားပစ်ဖို့ လိုပါတယ်။ “ပညတ်သွားရာ ဓာတ်သက်ပါ” မဖြစ်ရလေအောင် အခေါ်အဝေါ် အသုံးအနှုံးတွေကအစ ပြုပြင်ပြောင်းလဲ ပစ်ရပါတယ်။ တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့ သနားကြင်နာရမယ်ဆိုတဲ့ အပြောအဆို အသုံးအနှုံးမျိုးကိုလည်း ပျောက်အောင်လုပ်ရပါမယ်။ အစိုးရက မိဘ မဟုတ်ဘူး။ ပြည်သူကသာ မိဘ ဖြစ်တယ်ဆိုတဲ့ စကားကို နားထဲ စွဲအောင် လုပ်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။ ဒါမှ ဒီမိုကရေစီနဲ့ လိုက်လျောညီထွေ ဖြစ်မှာပါ။

လူထုစိန်ဝင်း
၃၁.၁၀.၁၀

(ကောင်းကင် အင်တာနက်မဂ္ဂဇင်းမှ ကူးယူဖော်ပြပါတယ်။)


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

လာမည့် ရက်သတ္တပတ်အတွင်း မြန်မာအပါအဝင် အာရှ ၁၁ နိုင်ငံအား ဒွေးဗီဇာ (double-entry visa) ပေးမည်

တောင်ကိုရီးယားအစိုးရသည် မြန်မာအပါအဝင် အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ ပါကစ္စတန် ၊ နီပေါလ် ၊ လာအို ၊ အင်ဒိုနီရှား ၊ သီရိလင်္ကာ နှင့် ကမ္ဘောဒီးယား အာရှ ၁၁ နိုင်ငံအား ဒွေးဗီဇာ (double-entry visa) စနစ်ဖြင့် ပြည်ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အင်္ဂါနေ့က ပြောသည် ။

အဆိုပါဗီဇာသည် ကိုရီးယားနိုင်ငံသို့ ၆ လအတွင်း ၂ ကြိမ်ဝင်ခွင့်ရသည့်ဗီဇာ (double-entry visa) စနစ်ဖြစ်သည်ဟု ဆိုပါသည် ။

အဆိုပါ ဗီဇာ ရရှိရန် ၊ ဗီဇာ လျှောက်ထားသူအနေဖြင့် လုပ်ငန်းအခြေအနေ သို့မဟုတ် ဘဏ္ဍာရေးအခြေအနေပြ အထောက်အထား တင်ပြဖို့လိုအပ်ကြောင်း ၊ အုပ်စုဖွဲ့ခရီးသွားများ (Group tourists) ကိုမူ ခရီးသွားကုမ္ပဏီက အာမခံသည့်စနစ်ဖြင့် ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း ၊ ထို့ပြင် ကိုရီးယားနိုင်ငံသားများ၏ နိုင်ငံခြားသား အိမ်ထောင်ဖက်နှင့် မိသားစုဝင်များ ၊ ကိုရီးယားနိုင်ငံမှ ဘွဲ့ရရှိထားသူများ (those who have a Korean university graduate degree) ကိုမူ ကိုရီးယားနိုင်ငံသို့ ၃ နှစ်ဆက်တိုက် အကြိမ်ကြိမ်ဝင်ထွက်ခွင့်ရှိသည့် အကြိမ်ကြိမ် ဝင်ထွက်ခွင့်ဗီဇာ (multiple-entry visa) ထုတ်ပေးမည်ဟု ဆိုပါသည် ။

လက်ရှိအခြေအနေတွင် အဆိုပါ အကြိမ်ကြိမ် ဝင်ထွက်ခွင့်ဗီဇာ (multiple-entry visa) ကို (၁) နှစ်ဝင်ငွေ ဒေါ်လာ၁သောင်းအထက် ဝင်ငွေရှိသူများ ၊ ဆရာဝန်စသည့် အတတ်ပညာရှင်များ နှင့် မီဒီယာလုပ်သားများ(media-related employees) ကို သာ ထုတ်ပေးထားသည်ဟု ဆိုပါသည် ။
ကမ္ဘာ့လူဦးရေ၏ ၅ ပုံ ၁ ပုံရှိသည့် အာရှဒေသ ပြည်သူများအား တက်ကြွသည့် အနာဂါတ် ခရီးသွားဧည့်သည်တော်များအဖြစ် ကိုရီးယားအစိုးရက မျှော်လင့်ထားသည်ဟု ဆိုပါသည် ။


ကိုရီးယားအစိုးရအနေဖြင့် ယခင်နှစ်က အဆိုပါ အထူးဗီဇာ စနစ်ကို တရုတ်နိုင်ငံ သို့ ထုတ်ပေးခဲ့ရာ လွန်ခဲ့သည့် နှစ်ထက် တရုတ် ခရီးသွား ၄၂ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်ဟု ဆိုပါသည် ။

ရည်ညွှန်းသတင်းများ -
- http://www.koreaherald.com/national/Detail.jsp?newsMLId=20110329000790
- http://joongangdaily.joins.com/article/view.asp?aid=2934121
- http://media.joinsmsn.com/article/604/5264604.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 30, 2011

အညာက ဆေးရိုး


လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဖြစ်သည်။ ထုံးစံအတိုင်း ကိုရီးယားဘာသာသင်တန်းချိန် ပြီးဆုံးသည်နှင့် သင်တန်းဆရာနှင့် ကျနော်တို့ သူငယ်ချင်းတစ်စု လ္ဘက်ရည်ဆိုင်ဘက် ထွက်ခဲ့ကြသည်။ ကျနော်နှင့်အတူ ကိုရီးယားဘာသာ လေ့လာခဲ့ကြသော သင်တန်းဖော်များထဲတွင် ကိုရီးယားပြန်တွေလည်း တော်တော်များသည်။ ထိုအထဲတွင် ကျနော်တို့အခေါ် အညာသားဆိုသူလည်း အပါအ၀င် ဖြစ်သည်။ သူ၏ ကိုရီးယားဘ၀အတွေ့အကြုံတွေက ကျနော်တို့လို ကိုရီးယားအိပ်မက် မက်နေကြသူတွေအဖို့ ဆောင်ရန် ရှောင်ရန်တွေ အပြည့်။

တစ်နေ့…။
ကိုရီးယားဘာသာစကားနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးကြခိုက် အညာသားက သူ့အတွေ့အကြုံကို ထုံးစံအတိုင်း ဖောက်သည်ချလေသည်။

“ ဟာ… ဆရာ၊ အဲဒီ ကကြီးတွေက အတော်တော့ ရယ်(ရီ)ရတယ် ဆရာ။ ကျနော်တော့ ကိုရီးယားမှာ (၁၀) နှစ်လုံးလုံး ကိုယ့်အရပ်ဒေသ အကြောင်းလေးတွေနဲ့ပဲ အဆင်ပြေခဲ့တယ် ဆရာ…”
“ ဟ!! အညာသားရ…၊ ဘယ်လို ဘယ်လို ကိုရီးယားမှာ မင်းတို့ အညာက အကြောင်းတွေနဲ့ အဆင်ပြေခဲ့တာလဲကွ။ လုပ်စမ်းပါဦး…” ဟု ဆရာဖြစ်သူက စကားခေါ်လိုက်လေရာ အဆိုပါ အညာသားကလည်း သူ၏ ၁၀ နှစ်တာ အတွေ့အကြုံများထဲမှ တစ်ချို့ကို အခုလို အားပါးတရ ပြောပြပါလေတော့သည်။

“ ဆရာ…၊ အခု ကျနော် ကိုရီးယားကနေ မြန်မာပြည်ပြန်ရောက်လို့ ကိုရီးယားဘာသာသင်တန်းတွေ တက်ပြီး ကိုရီးယားစာကို လေ့လာနေရလို့သာ မင်္ဂလာပါ…ဆိုတာကို ကိုရီးယားလို အန်ညော်ဟာဆယ်ယိုး… လို့ သင်နေရတာ ဆရာရေ…။ ကျနော် ဟိုမှာ အညာက ဆေးရိုး…လို့ ပြောတာပဲ ကြားခဲ့တယ် ဆရာရဲ့…။ ကျနော်တော့ ကိုရီးယားမှာ ၁၀ နှစ်လုံးလုံး ဘယ်သူနဲ့တွေ့တွေ့ အညာက ဆေးရိုး..လို့များ ပြောလိုက်ရင် ကကြီးတွေက ပြုံးပြီး သဘောတွေ ကျနေတာ ဆရာရဲ့…။” ဟု ပြောလိုက်ရာ ကျနော်တို့ သူငယ်ချင်းတစ်စုလည်း ဆရာနှင့်အတူ ပြုံးရုံသာ ပြုံးနိုင်ကြလေတော့သတည်း။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဘောလုံးငါးလုံး


မနေ့ညက မိတ်ဆွေတစ်ယောက်ဆီ ကျနော် ဖုန်းဆက်ဖြစ်သည်။ သူ့ဖုန်းကို သုံးခါခေါ်တာ ခေါ်မရ။ ဘာဖြစ်ပါလိမ့်ဟု စိုးရိမ်ကာ ညလယ်မှာ တစ်ကြိမ် ထပ်ခေါ်ကြည့်မိသည်။ ထိုအခါမှ “ ဟဲလို ” ဟူသော သူ့နှုတ်ဆက်သံကို ကြားရသည်။

“ဟဲလို နေကောင်းရဲ့လားဗျ။ ကျနော်ဖုန်းဆက်တာ ဒါနဲ့ပါဆို လေးခါရှိပြီ။ အလုပ်တွေ ရှုပ်နေတယ်ထင်တယ်” ဟု ကျနော် မေးလိုက်မိသည်။

“အလုပ်တွေ ရှုပ်တာတော့ မပြောပါနဲ့ဗျာ။ စက်တွေက ဟိုကဖောက် ဒီကဖောက်ဆိုတော့ ပိုဆိုးတာပေါ့။ မိန်းမတောင် သူဖုန်းခေါ်တာ မကိုင်လို့ဆိုပြီး စိတ်တွေ ဆိုးနေသေးတယ်။ သူကလည်း စကား အေးအေးဆေးဆေး ပြောချင်၊ ကိုယ်ကလည်း စက်တွေပျက်တာကို နားမလည်ဘဲ ပစ္စည်းမထွက်ရင် ပြောချင်ဆိုချင်တဲ့ သူဌေးအပြောလည်း မခံချင်တော့ ကိုယ်နားရမယ့် အချိန်ပါ လျှောက်လုပ်ပေးရင်းနဲ့ အလုပ်ရှုပ်ရုံတင် မကဘူး။ စိတ်ပါရှုပ်တယ်ဗျို့” ဟု သူက မနားတမ်း ရင်ဖွင့်လိုက်သည်။

သူပြောတာ မှန်သည်။ ကျနော်တို့ ကိုရီးယား၌ လုပ်နေကိုင်နေရတာတွေကို ဒီမှာ လုပ်နေသူ အချင်းချင်းသာ နားလည်နိုင်မည် ထင်သည်။ ခက်ခဲပင်ပန်းပြီး ဇယ်စက်သလို လုပ်ကိုင်နေရသည့် အလုပ်က များသည်။

ထို့အပြင် အန္တရာယ်ရှိတာ၊ ကျန်းမာရေး ထိခိုက်မှာကိုလည်း အခန်းထဲမှာ ရှိနေစဉ်လောက်သာ တခါတခါ စဉ်းစား စိုးရိမ်မိကြသည်။ စက်ရုံထဲ ၀င်သွားသည်နှင့် တပြိုင်နက် စိုးစဉ်းမျှ မစဉ်းစားဖြစ်တော့။ စက်မှ ထုတ်ပေးလိုက်သည့် ပစ္စည်းများကို ထုပ်ပိုးရ၊ စက်တစ်ခုမှ ထွက်လာသော ကုန်ချောကို ဆွဲထုတ်ပြီး၊ ကုန်ကြမ်းပြန်ထည့်၊ ပြီး နောက်စက်တစ်လုံးဆီ ဆက်သွား၊ ဆက်လုပ်နှင့် အသက်ပင် မှန်အောင် ရှူဖြစ်သည် မထင်။

“ဘာပဲဖြစ်ဖြစ်လေ ကြင်စဦး ခွဲခွါခဲ့ရသူမို့ ပိုပြီး ဂရုစိုက်သင့်တယ်” ကျနော်က အရယ်တ၀က်နှင့် စကားဆက်လိုက်သည်။

ပြောရလျှင် သူ့အမျိုးသမီးက စင်ကာပူမှာ။ စင်ကာပူမှာမို့ တော်သေးသည်။ ကိုယ့်နိုင်ငံမှာသာဆိုလျှင် သတိရသည့်အခါ၊ ရင်ထဲရှိတာတွေ ပြောချင်သည့်အခါမှာတောင် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံကပင် သတ်မှတ်မထားသည့် ဖုန်းဆက်ခများနှင့် ခက်ရချေတော့မည်။

“အကျိုးအကြောင်း မေးလ်ပဲ လှမ်းပို့ထားရမှာပဲ” သူက ခပ်အေးအေး ပြန်ပြောသည်။ သူ့ဇနီးသည်ကို သူ မချစ်၍ မဟုတ်။ ယောက်ျားချင်း စကားပြောကြတော့ သူ့မှာလည်း ဟန်ကိုယ့်ဖို့ လုပ်ရသည်သာ။ သို့သော်လည်း ကျနော့်မှာ မိတ်ဆွေရင်းတွေမို့ စိုးရိမ်စိတ်တ၀က်၊ အရယ်၊အနောက်တ၀က်နှင့်

“ တိုက်ဆိုင်မယ်ထင်တယ်။ အချိန်ရမယ်ဆို ကျနော် ဖတ်ထားတဲ့ စာတစ်ကြောင်း၊ နှစ်ကြောင်းလောက် ပြောခွင့်ပြုမလားဗျ” ဟု မေးလိုက်မိသည်။

သူကလည်း “ပြောစမ်းဗျာ” ဟု မဆိုင်းမတွ ပြန်ပြောသည်။

“အေးဗျာ ဖတ်ဖူးပြီးပြီလားတော့ ကျနော်မသိဘူး။ ကိုကာကိုလာကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ကြီး Bryan Dyson ကပြောခဲ့တာလေး-ဗျာ။ သူပြောတာက ဘ၀ဆိုတာကို -- ဘောလုံးငါးလုံးကို လေထဲမှာ လက်နဲ့ လှည့်ကစားနေရတဲ့ ကစားပွဲတစ်ခု အဖြစ် ပုံဖော်ကြည့်လိုက်ပါ။ ဘောလုံးတွေကိုတော့ အလုပ်၊ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေနဲ့ စိတ်ဓာတ်ဆိုပြီး အမည်တွေပေးပါ။ ပြီး ခင်ဗျားအနေနဲ့ ဒီဘောလုံး ငါးလုံးကို လေဟာနယ်ထဲမှာ ထိန်းထားပါ။

အလုပ်ဆိုတာ ရာဘာဘောလုံးရယ်လို့ မကြာမတင်ပဲ ခင်ဗျား သိလာလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီဘောလုံးကို ခင်ဗျား လွတ်ကျခဲ့ရင် သူက အပေါ်ကို အလိုလို ပြန်ခုန်တက်လာမှာမို့ပဲ။

ဒါပေမယ့် အခြားဘောလုံးတွေဖြစ်တဲ့ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေနဲ့ စိတ်ဓာတ် ဆိုတဲ့ ဘောလုံးတွေကတော့ ဖန်သားတွေနဲ့ လုပ်ထားတာတွေပါ။ အဲဒီအထဲက တစ်ခုကို ခင်ဗျား လွတ်ကျရင် ပြုပြင်ပြောင်းလဲလို့ မရတဲ့ ခြစ်ရာ ပွန်းရာ ဒဏ်ရာနဲ့ ပျက်စီးတာတွေ အပြင်၊ အစိပ်စိပ် အမြွာမြွာ ကွဲကြေတာမျိုးတောင် ဖြစ်တတ်ပါတယ်။ သူတို့တွေဟာ အကောင်းပကတိလည်း ဘယ်တော့မှ ပြန်ရှိလာတော့မှာ မဟုတ်ပါဘူး။ ခင်ဗျားဟာ ဒီအခြင်းအရာတွေကို နားလည်ရမှာဖြစ်သလို၊ ဖန်သားဘောလုံးတွေ လွတ်ကျမသွားဖို့ အတွက်လည်း ကိုယ်စွမ်းရှိသမျှ ကြိုးစား အားထုတ်သွားရမှာ ဖြစ်ပါတယ်
တဲ့ဗျား။”

“ဟဲလို ကြားရဲ့လားဗျ” ဖုန်းထဲ အသံတိတ်နေ၍ ကျနော် မတင်မကျ မေးမိသည်။

“ကြားပါတယ်ဗျ။ နောက်မှ ကျနော် ဖုန်းပြန်ခေါ်မယ်။ ခု ကျနော့် မိန်းမဆီ ဖုန်းဆက်ကြည့်ဦးမယ်” ပြောပြီး ရုတ်တရက် သူဖုန်းချသွားသည်။

ကျနော်ထင်သည်။ ဒီအချိန်ကျမှ သူဆက်မည့်ဖုန်းကို စင်ကာပူက မမ ကိုင်လို့ကတော့ အိပ်ပျက်ည တစ်ည တိုးချေ ဦးရော့မည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 28, 2011

ကိုမိုးကောင်း၏ ကျန်းမာရေး အခြေအနေ စိုးရိမ်အဆင့်သို့ ရောက်ရှိ

ရေးသားသူ — ဒေဂူးအသံ


ယနေ့မနက် ရရှိသည့် သတင်းအရ ဒယ်ဂူးမြို့၊ ကက်သလစ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည့် ကိုမိုးကောင်း (ခ) ကိုမြတ်ဇော်ဝင်း၏ ကျန်းမာရေး အခြေအနေမှာ အလွန်စိုးရိမ်ရသည့် အခြေအနေသို့ ဆိုက်ရောက်နေကြောင်း၊ အကြောင်းကြားသင့်သည့် ပုဂ္ဂိုလ်များအား အကြောင်းကြားရန်နှင့် နောက်ဆုံးခရီးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း တာဝန်ခံ ဆရာဝန်များက ဆိုပါသည်။ ယခုလောလောဆယ် အခြေအနေမှာ ကိုမောင်းကောင်းတွင် ပိုက်ပေါင်း (၂၀)လောက် ချိတ်ထားရပြီး သတိမှာလည်း မျှောနေသည့် အနေအထားတွင်ရှိကြောင်း၊ ချိတ်ထားသည့် ပိုက်တစ်ခုခုကို ဖြုတ်လိုက်ရင်ကိုပင် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း၊ အသက်ရှုနေမှု အနေအထားမှာလည်း အပြင်းအထန် လုယူရှုနေရတဲ့ အနေအထားဖြစ်ကြောင်း စိတ္တသုခ လူမှုကူညီရေး အသင်းမှာ တာဝန်ခံ ကူညီပေးနေသူများက ဆိုပါသည်။ ထို့ကြောင့် ကိုမိုးကောင်း၏ ကျန်းမာရေး အခြေအနေမှန်ကို မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ အနေဖြင့် အချိန်နဲ့တပြေးညီ သိရှိနိုင်စေရန် ဓာတ်ပုံနှင့်တကွ တင်ပြလိုက်ပါသည်။ ကိုမိုးကောင်း၏ နောက်ဆက်တွဲ အခြေအနေကိုလည်း ဆက်လက် တင်ပြပေးပါမည်။

ကျန်းမာရေးစရိတ်ကူညီလိုသော သူငယ်ချင်းများ၊အခြေအနေ စုံစမ်းသိရှိလိုသူများ အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်။
(၁)ကိုမော်ကြီး (ဖုန်း- ၀၁၀ ၆၅၅၁ ၄၄၄၀)
(၂) ကိုရွှန်းဝင့်နွယ်(ဖုန်း-၀၁၀ ၅၁၃၂ ၅၂၉၉)
(၃) ကိုဇေယျာတင့် (ဖုန်း-၀၁၀ ၉၈၃၈ ၁၉၈၆)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 26, 2011

မိုးတိမ်များ

ရေးသားသူ — မြင့်မိုးအောင်

မိုးတိမ်များ









သူတို့ သိပ်ပြီး ပေါ့ပါးကြတယ်








သူတို့ ခန္ဓာကိုယ်ပေါ်မှာ
ဘာ အနှောင်အဖွဲ့မှ မရှိ









သူတို့ သိပ်ပြီး အေးချမ်းကြတယ်









သူတို့ရဲ့ လမ်းခရီးမှာ 
မြေမြှုပ်ဗုံးနဲ့ ထောင်ချောက်တွေ မရှိ









သူတို့ သိပ်ပြီး လွတ်လပ်ကြတယ်









သူတို့ရဲ့ ကောင်းကင်မှာ 
စစ်ပွဲတွေနဲ့ ရေးဆွဲထားတဲ့ နယ်ခြားမျဉ်းတွေ မရှိ









ကမ္ဘာမြေရဲ့ ရှုမျှော်ခင်းတွေကို ကြည့်ရင်း
ကောင်းကင်ယံမှာ သူတို့ လမ်းလျှောက်ကြ









လှပနေကြရဲ့
တချို့သော နေ့ရက်များ









တစ်ခါတစ်ရံတော့
သူတို့ရဲ့ ခန္ဓာကိုယ်တွေ မည်းညစ်သွားကြ







ကမ္ဘာမြေပေါ်က လွင့်တက်လာတဲ့







ဒုက္ခရဲ့ မီးခိုးငွေ့များနဲ့








ပြီးတော့၊ မိုးစက်တွေကို ရွာချရင်း
သူတို့ ငိုကြရတယ်









ကမ္ဘာမြေပေါ်က 
သွေးပျက်စရာ ရှုမျှော်ခင်းများအတွက်








မြင့်မိုးအောင်
သရဖူ၊ ၁၉၉၅

ဓာတ်ပုံများကို google မှ ရယူပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 25, 2011

နှလုံးသားလေးတွေ မဝေးစေချင်


ဂဂါင်္မြစ်ဆီ ကိုယ်လက်သန့်စင်ဖို့ ကြွလာတဲ့ ဟိန္ဒူသူတော်စင်ကြီး တစ်ပါးဟာ မြစ်ကမ်းပါးပေါ်မှာ တစ်ဦးကို တစ်ဦး ဒေါသတကြီး အော်ဟစ်ပြောဆိုနေကြတဲ့ မိသားစုဝင် တချို့ကို မြင်တော်မူတယ်။ ဒီအခါ သူ့ရဲ့ နောက်လိုက် တပည့်တွေဖက် လှည့်ကာ ပြုံးတော်မူရင်း

“ဒေါသထွက်နေကြတဲ့ လူတွေဟာ ဘာကြောင့် တစ်ဦးကို တစ်ဦး အော်ကြီးဟစ်ကျယ် ပြောဆိုနေကြရတာလဲ” လို့ မေးတော်မူပါတယ်။

နောက်ပါတပည့်တွေလည်း ခဏတာ စဉ်းစားပြီး အဲဒီထဲက တပည့်တစ်ဦးက

“ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေ ပျောက်ဆုံးသွားတဲ့ အတွက် အော်ဟစ်မိတာဖြစ်ပါတယ်” လို့ ပြန်လျှောက်ထားပါတယ်။

သူတော်စင်ကြီးက

“ စိတ်မထိန်းနိုင်တဲ့အတွက် ဆိုဦးတော့ ကိုယ်ဒေါသဖြစ်နေတဲ့ လူဟာ ကိုယ့်ဘေးနားမှာ ရှိနေပါလျှက်နဲ့ ဘာကြောင့် အသံကုန် အော်ဟစ် ပြောဆိုတာတွေ လုပ်နေစရာလိုလဲ။ ကိုယ်ပြောချင်တဲ့ စကားတွေကို အေးဆေးညင်သာတဲ့ လေသံနဲ့လည်း ပြောဆိုနိုင်တာပဲမဟုတ်လား” လို့ ထပ်မေးလိုက်ပြန်ပါတယ်။

တပည့်တွေကလည်း အဖြေတွေ ထပ်ပေးကြပြန်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ တစ်ဦးအဖြေကို တစ်ဦး အားရ
ကျေနပ်မှု မရှိကြဘူး။

နောက်ဆုံးမှာတော့ သူတော်စင်ကြီးက

“လူနှစ်ဦး တစ်ဦးကို တစ်ဦး စိတ်ဆိုးဒေါသ ဖြစ်ကြတဲ့အခါ သူတို့ရဲ့ နှလုံးသား နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အတော်လေး ကွာဝေးသွားကြတယ်။ အဲဒီတော့ သည်အကွာအဝေးကို ကာမိပြီး တစ်ဦးစကား တစ်ဦး ကြားနိုင်ဖို့ အတွက် သူတို့ဟာ သံကုန် အော်ပြောတာတွေ လုပ်လာရတယ်။

ပိုပြီးတော့ သူတို့ ဒေါသဖြစ်လေ၊ ပိုပြီး ဝေး,ဝေးသွားတဲ့ သူတို့နှလုံးသားနှစ်ခု တစ်ခုကိုတစ်ခု ကြားနေနိုင်ဖို့ ပိုပြီး အားစိုက်ကာ အော်,အော်ပြောလာရလေ ဖြစ်နေတော့တာပေါ့။

လူနှစ်ဦး ချစ်ခင်စုံမက်နေကြရင်ကော ဘာဖြစ်မယ်ထင်သလဲ။ သူတို့နှစ်ဦး တစ်ဦးကို တစ်ဦး စကားချိုသာ ပြောကြရုံမှတပါး တခြားအော်ဟစ်ပြောဆိုနေစရာ အကြောင်းမရှိဘူးလေ။ ဘာ့ကြောင့်လဲဆိုတော့ သူ့တို့နှလုံးသား နှစ်ခုဟာ အလွန်တရာ နီးကပ်နေကြလို့ပေါ့။ သူတို့ နှလုံးသား နှစ်ခုကြားက အကွာအဝေးဟာ မရှိရင်လည်းမရှိတော့ဘူး။ ရှိရင်လည်း မပြောပလောက်ရုံသာ ရှိတော့မယ်။”

ဆက်လက်ပြီး သူက

“တစ်ဦးနဲ့ တစ်ဦး ဆထက် တိုးပြီး ချစ်ခင်ကြလာတဲ့ အခါ ဘာတွေဖြစ်လာမယ် ထင်လဲ။ သူတို့ နှစ်ကိုယ်ကြား တိုးတိုးလေးသာ ပြောကြတော့မှာပေါ့။ ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ဦးကို တစ်ဦး ပိုလို့လည်း ကျွမ်းဝင်နီးကပ်လာကြတော့မှာပေါ့။ နောက်ဆုံး တီးတိုးညှင်သာ စကားဆိုနေဖို့တောင် မလိုတော့ပဲ တစ်ဦးကို တစ်ဦးကြည့်မြင် နေရရုံနဲ့တင် ပြီးပြည့်စုံနေတော့မှာပေါ့။ ဒါကတော့ တစ်ဦးကို တစ်ဦးမေတ္တာရှိကြတဲ့ အခါ လူနှစ်ဦးရဲ့ နီးစပ်မှုပါ။”

သူက နောက်လိုက်တပည့်တွေကိုကြည့်ရင်း

“ဒါကြောင့် သင်တို့ အငြင်းအခုံတွေ ဖြစ်ကြချိန်မှာ သင်တို့ရဲ့ နှလုံးသားလေးတွေကို သည့်ထက်ပိုကာ ဝေးကွာခွင့် မပြုလိုက်ကြပါနဲ့။ နှလုံးသားလေးတွေ တစ်ခုနဲ့တစ်ခု ဒီလို ဝေးကွာနေကြစဉ်မှာလည်း စကားတွေ ထပ်ခါ ဆိုမနေကြပါနဲ့။ ဒါမှမဟုတ်ရင်တော့ ပြန်ဆုံစည်းဖို့ရာ လမ်းစ မမြင်တဲ့ အင်မတန် အလှမ်းကွာဝေးသွားတဲ့ နေ့တစ်နေ့ ဆီကို ဆိုက်ရောက်သွားပါလိမ့်မယ်။ သာဓက အနေနဲ့ ပြောရရင် ကွာရှင်းပြတ်စဲခြင်းတွေ ပြုလုပ်ရာ တရားရုံးတွေထဲမှာ ဇာတ်သိမ်းကောင်း ဇာတ်သိမ်းသွားရတာမျိုးပေါ့” လို့ ပြောဆိုရင်း စကားကို အဆုံးသတ်လိုက်ပါတော့တယ်။

မူရင်း- Why We Shout When In Anger

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 24, 2011

အားလုံးအတွက် အားလုံးပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

ရေးသားသူ — စိုးမိုးသူ
မင်္ဂလာပါ ကိုရီးယားရောက် မြန်မာနိုင်ငံသားအပေါင်းတို့
ကိုရီးယားရဲ့ ကြမ်းတမ်းတဲ့ ရာသီဥတုဒဏ်ကို အံတုပင်ပန်းတဲ့ အလုပ်တွေကိုလုပ် အထီးကျန်ခြင်းဒဏ်ကို လျှစ်လျှူရှုပြီး မိမိတို့ရဲ့ မိသားစု အနာဂတ်အတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ ညီအကိုမောင်နှမ အပေါင်းတို့ကို လေးစားပါတယ်။

အားလုံး ကိုရီးယားကို ၀င်လာကြစဉ်တုန်းကလို ကျန်းကျန်းမာမာနဲ့ရှိကြပြီး အမိနိုင်ငံကို ပြန်တဲ့အခါလဲ ကျန်းကျန်းမာမာရှိကြပါစေကြောင်း ဆုတောင်းပါတယ်။
ကျနော်တို့အတွက် ကျန်းမာခြင်းဟာ ဘယ်အရာနှင့်မှ လဲလို့မရတဲ့ လာဘ်ကြီးတပါးပါ။
အဲဒီ လာဘ်ကြီး ဆုံးရှုံးတာနဲ့ ကျနော်တို့ရဲ့ အနာဂတ် ရည်မှန်းချက်တွေလည်း ယိမ်းယိုင်ကြရတယ်ဆိုတာအားလုံး သဘောပေါက်ထားကြမယ်လို့ ယုံကြည်ပါတယ်။


အားလုံးသိထားကြတဲ့အတိုင်း ကျနော်တို့ရဲ့ တနိုင်ငံတည်းသားလည်းဖြစ်၊ ဘ၀တူရွှေ့ပြောင်းအလုပ်သမား လည်းဖြစ်၊ အမိနိုင်ငံနဲ့လူမျိုးအတွက် ကာလကြာရှည်စွာ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး ကဏ္ဍတွေမှာ တက်တက်ကြွကြွဆောင်ရွက်နေထိုင်ခဲ့တဲ့ ကိုအောင်နိုင်ဝင်း(ဖိုးနိုင်)ဟာ ကင်ဆာရောဂါဆိုးကြောင့် ၁၅နာရီကြာမေ့ဆေးပေး ခွဲစိပ်ခံရပြီး လနဲ့ချီပြီး တကိုယ်လုံး လှုပ်မရတဲ့ အနေအထားနဲ့ ဆေးရုံးမှာ ရုန်းကန် တင်းခံနေနေပါတယ်။

ဆေးဝါးခကလည်း ကြောက်ခမန်းလိလိပါပဲ။ ခန်းမှန်းချေ ၀မ်သိန်း၂၀၀နီးပါး ကုန်ကျရမယ့် အခြေအနေပါ။
ကျနော်တို့ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူတပါးပဲဖြစ်ဖြစ် ဒီလို အခြေအနေမျိုးရောက်ရင် အကြီးအကျယ် တုန်လှုပ်ကြမှာပါ။
ကိုဖိုးနိုင်လည်း လူသားတယောက်ပါ။ဒါပေမယ့် ညီအကိုမောင်နှမအပေါင်းနဲ့ ကိုရီးယားလူမှုအသိုက်အ၀န်းက သူ့အတွက် တတ်အားသလောက်ဝိုင်းဝန်းကြိုးစားပေးနေကြတာကို ကြားသိနေရတဲ့အတွက် အင်အားဖြစ်ပြီး တောင့်ခံနေနိုင်နေတာပါ။

ကိုဖိုးနိုင်အတွက် ကိုရီးယားလူမျိုးတွေနဲ့ အဖွဲ့အစည်းတွေ လှူဖို့အတွက် သက်သက်ဖွင့်ထားတဲ့ ဘဏ်ထဲကို ကိုရီးယားနိုင်ငံသားတွေနဲ့ ကိုရီးယား အဖွဲ့အစည်းတွေက တတ်အားသလောက် ၀ိုင်းဝန်းလှူဒါန်းကြတာ မတ်လ ၇ရက်နေ့အထိ ၀မ်သိန်း 5,364,494 ရှိသွားပါပြီ။

ကိုရီးယားရဲ့ ထင်ရှားတဲ့ Daum.net အင်တာနက်ဝက်ဘ်ဆိုဒ် အလှူကဏ္ဍကနေပြီး ကိုရီးယားပြည်သူတွေ ၀ိုင်းဝန်း လှူဒါန်းနိုင်ဖို့လည်း ကြိုးစားနေပါတယ်။
အလှူဆိုဒ်ကြည့်ရန်

ဒီနေရာမှာ ကိုဖိုးနိုင်အခြေအနေနဲ့ ပတ်သက်ပြီး ကျနော်တို့ ညီအကိုမောင်နှမအပေါင်းကို တင်ပြချင် တာကတော့ ဖိုးနိုင်အခုလို ကြီးမားတဲ့ ဆေးကုသခကို ပေးရတာက ကိုရီးယားအစိုးရဟာ ဖိုးနိုင်လို အထောက်အထားမဲ့ အလုပ်သမားတွေ(အိုဗာစတေးအလုပ်သမား)ကို ကျန်းမာရေးအာမခံစနစ်မှာ ပါဝင်ခွင့်မပေးလို့ သူများထက်ပိုပြီး ဆေးကုသခကို အဆမတန် ပေးဆောင်နေရတာဖြစ်ပါတယ်။

ဖိုးနိုင်ကတော့ မိတ်ဆွေအပေါင်းအသင်းတွေကြောင့် ဖြေရှင်းနိုင်ပေမယ့် သူ့လိုပဲ နောင်ကိုလည်း အခုလို အခြေအနေမျိုး ဖြစ်လာမယ့် အခြားနိုင်ငံခြားသားတွေဆိုရင် ဒီလောက်ကြီးမားတဲ့ ဆေးကုသခကို တတ်နိုင်မှာမဟုတ်သလို အခုလို ဆေးကုသခတွေ အဆမတန်ပေးဆောင်နေရတဲ့ အခြေအနေကနေ ပိုမိုကောင်းမွန်တဲ့ အခြေအနေတရပ် အဖြစ်ကို အမြန်ဆုံးတိုးတက်ပြောင်းလဲဖို့ ကာယကံရှင် ရွှေ့ပြောင်းအလုပ်သမား ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။

တရားဝင်ပဲဖြစ်ဖြစ် အိုဗာစတေးပဲဖြစ်ဖြစ် အားလုံးဟာ နေ့စဉ်နေ့တိုင်း ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးအတွက် ချွေးမြေကျပြီး အလုပ်လုပ်ကိုင်ပေးနေကြတဲ့ အလုပ်သမားတွေပဲဖြစ်ကြပါတယ်။ ကိုရီးယားနိုင်ငံဟာ ကျနော်တို့ရဲ့ လုပ်အားတွေကိုတော့ နေ့စဉ် ဈေးပေါပေါနဲ့ အရယူနေပြီး ကျနော်တို့ အလုပ်သမားတွေ မကျန်းမမာဖြစ်တဲ့အခါမှာ ဗီစာမရှိလို့ ဘာမရှိလို့ဆိုပြီး ပုံစံမျိုးစုံနဲ့ ဘာအာမခံစနစ်ကိုမှ ခံစားခွင့်မပေးပဲ လျစ်လျှူရှုထားတဲ့ ကိုရီးယားအစိုးရရဲ့ စနစ်ကို ကာယကံရှင်ဖြစ်တဲ့ ကျနော်တို့တတွေက ဘာသံမှ မထွက်ပဲ ခေါင်းငုံ့ခံနေရင်တော့ နောင်လည်း ဒီအတိုင်းပဲ ခေါင်းပုံဖြတ်ခံခံနေကြရ လျစ်လျှူရှု ခံနေကြရဦးမှာပါ။
ကျနော်တို့တတွေ အားလုံးအတွက် ကျန်းမာရေးက အထူး အထူး အရေးကြီးသလို အကယ်၍ူ မကျန်းမမာဖြစ်စေဦးတော့ ကြိုးစားပမ်းစား ရှာဖွေထားသမျှလေးတွေ ဆေးကုခကြောင့် မကုန်ခန်းသွားအောင် ကျန်းမာရေးအာမခံစနစ်ဆိုတာကို အလုပ်သမားတိုင်း ခံစားခွင့်ရှိရအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အခွင့်အရေးဆိုတာ ခလုပ်နှိပ်လိုက်ယုံနဲ့ ကိုယ့်ရှေ့ကို အလိုအလျှောက် ရောက်လာတဲ့ ဓာတ်လှေကားလို အရာ မဟုတ်ပါဘူး။ ကာယကံရှင်တွေ ကိုယ်တိုင် ၀ိုင်းဝန်း အသံထုတ် အသံဖြန့် တောင်းဆို လုပ်ဆောင်မှ ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုရီးယားရောက်ရွှေ့ပြောင်းအလုပ်သမားအပါအ၀င် ရွှေ့ပြောင်းသူတို့ဘ၀ကို တေးသီချင်းနဲ့ ရေးစပ်ပြီးကိုရီးယား လူမှုအသိုက်အ၀န်းမှာ သီဆိုဖျော်ဖြေရင်း ရွှေ့ပြောင်းသူတို့ ဘ၀ကို ကိုရီးယားလူမျိုးတွေ ကိုယ်ချင်းစာတတ် နားလည်းတတ်ပြီး မပြည့်စုံတဲ့ အခြေအနေတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဥပဒေပေါ်ပေါက်လာတဲ့အထိ အနုပညာနဲ့ကြိုးပမ်းနေတဲ့ Stop Crackdown (ဖိနှိပ်မှုတွေ ရပ်ဆိုင်းလိုက်) တီးဝိုင်းက ကိုရီးယားနံမည်ကြီး ရော့ခ်တီးဝိုင်းများဖြစ်တဲ့No Brain, Huckleberry Finn, Tibet အဆိုတော် Karek Pamperတို့နဲ့အတူ လာမယ့် မတ်လ ၂၇ရက် တနင်္ဂနွေ ညနေ ၄နာရီမှ ၆နာရီခွဲအထိ ဖိုးနိုင်ဆေးဝါးခ ရံပုံငွေရှာပွဲနဲ့ အထောက် အထား မဲ့ရွှေ့ပြောင်းအလုပ်သမားများ လူလိုသူလို ကျန်းမာရေးဆိုင်ရာကာကွယ်စောင့်ရှောက်မှုစနစ်တခု ပေါ်ပေါက်ရေးအတွက် လူ့အခွင့် ဆိုင်ရာ ဂီတစတိတ်ရှိုးပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
စတိတ်ရှိုးပွဲရဲ့ ခေါင်းစဉ်ကတော့ “ကျနော်... မကျန်းမမာဖြစ်ခွင့်တောင်မရှိပါ”ဖြစ်ပါတယ်။
ဒီပွဲကို ကာယကံရှင် ရွှေ့ပြောင်းသူတို့၊ ကိုရီးယားပြည်သူတို့ ပူးပေါင်းတက်ရောက်နိုင်အောင် ကြိုးပမ်းနေပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့လည်း ဖိုးနိုင်အတွက်လည်းဖြစ် ဖိုးနိုင်လို ကျန်းမာရေးအခြေအနေမကောင်းတဲ့အခြေအနေကို ကြုံတွေ့လာဦးမယ့် ဘ၀တူရွှေ့ပြောင်းအလုပ်သမားတွေ အတွက်လည်းဖြစ်တဲ့ အခုလို စုပေါင်းအားထုတ်မှုအပေါ် စိတ်ပါဝင်စားစွာနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ လေးနက်စွာ တိုက်တွန်းအပ်ပါတယ်။



စတိတ်ရှိုးပွဲတော် အသေးစိတ်
ခေါင်းစဉ်။ ။ ရွှေ့ပြောင်းသူတို့ဘ၀ကို တေးသီချင်းဖြင့် ဖေါ်ကျူးတဲ့ စတော့ခရက်ဒေါင်းတီးဝိုင်းရဲ့ လူ့အခွင့်အရေးမျိုးစေ့ ရှင်သန်စေခြင်းအစီအစဉ်“ကျနော်…မကျန်းမမာဖြစ်ခွင့်တောင် မရှိပါ”

နေ့ရက်။ ။ မတ်လ ၂၇ရက် နေ့လယ် ၄နာရီမှ ၆နာရီခွဲအထိ
နေရာ။ ။ Sound Holic concert hall
လမ်းညွှန်။ ။ မြေအောက်ရထားလိုင်းအမှတ်၂ (အစိမ်းရောင်လိုင်း) 홍대입구(Hongik Univ. station) ထွက်ပေါက်၅မှထွက်ပြီး လမ်းညွန်မြေပုံအတိုင်း လျှောက်ပါ။
လက်မှတ်။ ။ တစောင် ၀မ် ၂သောင်း
လက်မှတ်များကို ကိုဝိုင်း(၀၁၀ ၂၃၃၁ ၂၄၅၇)၊ ဦးဇေမင်းအောင် (၀၁၀ ၈၉၀၃ ၆၆၉၃)၊
ဦးတင်ယဉ် (၀၁၆ ၂၄၈ ၃၃၃၈)၊ ကိုစိုးသီဟ(၀၁၀ ၃၂၃၃ ၇၅၁၃) မှတဆင့် ၀ယ်ယူနိုင်ပါတယ်။



အခုလို လှုပ်ရှားမှုမှာ ကိုယ်တိုင် ကိုယ်ကျ တတ်အားသ၍ ၀ိုင်းဝန်းဆောင်ရွက်လိုတဲ့ စေတနာရှင် ညီအကိုမောင်နှမအပေါင်းကို ကြိုဆိုပါတယ်။
ဆောင်ရွက်လိုသူများအနေနဲ့ ဆက်သွယ်ရန် ကိုစိုးမိုးသူ(၀၁၀ ၇၁၅၅ ၆၅၈၁)။


အားလုံး ကျန်းမာပျော်ရွှင်စရာ ဘ၀ အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလျှက်
စိုးမိုးသူ (စတော့ခရက်ဒေါင်းတီးဝိုင်း)



ဖျော်ဖြေမယ့် တီးဝိုင်းများကို လေ့လာရန်။


(၁) စတော့ခရက်ဒေါင်း
ကြည့်ရှုရန် လင့်ခ်






(၂)No Brain
ကြည့်ရှုရန် လင့်ခ်





(3) Huckleberry Finn
ကြည့်ရှုရန် လင့်ခ်





(4) Tibet အဆိုတော် Karek Pamper
ကြည့်ရှုရန် လင့်ခ်





ပွဲတော်ကျင်းပမယ့် နေရာ မြေပုံ။ ။



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 22, 2011

AMIERAN Oriental Restaurant ဖွင့်ပွဲ

မြန်မာ အပါအ၀င် အရှေ့တိုင်း အစားအသောက်တွေကို ကိုရီးယားစတိုင်နဲ့ ရောင်းချမယ့် “အမြဲတမ်း” AMIERAN အရှေ့တိုင်း စားသောက်ဆိုင်ကို ဆိုလ်းမြို့ ဆောဒဲမွန်းအရပ်မှာ ဖွင့်လှစ်လိုက်ပါပြီ။


မတ်လ ၂၆၊ စနေနေ့၊ ညနေ ၃ နာရီကနေ ည ၉ နာရီအထိ ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် မြန်မာမိတ်ဆွေများကို အထူး တည်ခင်း ရောင်းချပေးမှာ ဖြစ်ပါတယ်။ မိတ်သင်္ဂဟာအများ ကြွရောက် သုံးဆောင်အားပေးကြပါလို့ ကျနော် ကျော်ကျော်ဦးက မေတ္တာရှေ့ထား၍ ဖိတ်ကြားအပ်ပါတယ် ခင်ဗျား...

လိပ်စာလမ်းညွှန်ကို အောက်မှာ ကြည့်နိုင်ပါတယ်...




ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ဝီစီတလက်



၊ ၁ ၊

ထိုနေ့က အခမ်းအနားတခု အပြီး ၀ိုင်းဝန်း လုပ်ကိုင်ခဲ့ကြသော မိတ်ဆွေတစု ညနေစာ စားနေကြစဉ် မိတ်ဆွေကြီး ကိုခင်မောင်ရင်က စကားတခု ပြောပါသည်။

“မနေ့ကဗျာ… ကျနော့် စက်ရုံရှေ့နားမှာ လမ်းလာပြင်တယ်။ ကား အ၀င်အထွက်ကလည်းများ လူကလည်းများ ဆိုတော့၊ လူတယောက်က ယာဉ်ကြော ထိန်းပေးရတယ်။ အမှန်က အဲဒီအလုပ်ကို ရဲက လုပ်ရမှာ။ ဒါပေမယ့် ရဲက အချိန်ပြည့် မလုပ်နိုင်တော့ အဲဒါမျိုးတွေကို ကူညီ လုပ်ကိုင်ပေးတဲ့ လူမှုဝန်ထမ်းအဖွဲ့က လူကို တာဝန် ချပေးထားတာဗျ။ အဲဒီလူရဲ့ ၀ီစီသံကို ရွှီးခနဲ… ရွှီးခနဲ…

တနေကုန် ကြားနေရတယ်။ ကျနော် အလုပ်လုပ်နေရင်း သူ့ကို တစေ့တစောင်း ကြည့်မိတယ်။ နေပူကြီးထဲမှာဗျာ၊ အတော်ပင်ပန်းရှာမှာပါ။ တနေကုန် ၀ီစီမှုတ်ရတာ ဘယ်သက်သာမလဲ။ ဒါပေမယ့် သူဟာ သူ့တာဝန် ကုန်တဲ့ အချိန်အထိ အားအပြည့် မာန်အပြည့် ၀ီစီသံ အပြည့်နဲ့ လုပ်သွားတာ တွေ့လိုက်ရတယ်။”

သူ့စကား အဆုံးသတ်လိုက်ချိန်မှာ အကြောင်းသိတဲ့ ကိုသူရက - “ဒါဆို ခင်ဗျား ဒီနေ့ ကိုပေါ့်ကို ၀ီစီတလက် ပေးထားခဲ့တယ်ပေါ့” ဟု ၀င်ထောက်လိုက်သည်။

“၀ါး” ဆိုသော ရယ်မောသံက အားလုံးကိုယ်စီထံမှ ထွက်ပေါ်လာပြီး ကျယ်လောင် မြည်ဟိန်းသွားခဲ့သည်။

ရယ်သံအတိတ်မှာ ကိုနေထွန်းနိုင်က ၀င်ပြောလိုက်ပြန်သည်။

“ဒါဆိုရင် ကိုပေါ့်ကို ပေးထားတဲ့ ၀ီစီကို ပြန်မသိမ်းဘဲ အမြဲပေးထားဖို့ ကျနော် အဆိုပြုပါတယ်” တဲ့။

သူ့စကားအဆုံးမှာတော့ အားလုံးရဲ့ တယောက်တခွန်း ပြောသံတွေ စည်ဝေသွားပြန်သည်။

နေ့လယ်က လုပ်ခဲ့သည့် အခမ်းအနားကို ကျနော်တို့အားလုံး ၀ိုင်းဝန်း လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။ နှစ်လကျော်လောက် ကတည်းက အစည်းအဝေးထိုင် တိုင်ပင်ဆွေးနွေး လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။ ကျနော်လည်း အများထဲက တယောက် အဖြစ် ကျရာ တာဝန် ၀င်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ သို့ပေမယ့် လုပ်ရင်းကိုင်ရင်းနှင့် ကိစ္စရပ် အတော်များများမှာ ကျနော် ပါဝင်ခဲ့ရသည်။ နောက်ဆုံးတော့ မိတ်ဆွေများရဲ့ ယုံကြည်မှု တာဝန်ပေးမှုအရ အခမ်းအနား တခုလုံးရဲ့ တာဝန်ခံ ကြီးကြပ်သူ ဖြစ်ခဲ့ရသည်။ ပွဲကလည်း စီစဉ်ထားသည့်အတိုင်း သေသေသပ်သပ် ခမ်းခမ်းနားနားဖြင့် ပြီးဆုံးခဲ့သည်။

လုပ်ငန်းတခု ချောမော အောင်မြင် သွားသည့်အခါ ပါဝင် လုပ်ဆောင်သူ အားလုံးရဲ့ ရင်အစုံမှာ ပီတိစိတ်လေးဖြင့် ကြည်နူးကြရမြဲပင် ဖြစ်ပါသည်။ မာန်ထည့်ထားသော စိတ်အဟုန်ကို ပီတိဖြင့် တဖြည်းဖြည်းချင်း လျှော့ချကာ ကိုယ်ပင်ပန်းမှုကို မေ့ဖျောက်နိုင်အောင် ကြိုးစားကြရသည်။ အမောလည်း ဖြေရင်း, မနက်စာနှင့် ညစာကို ပေါင်းစားရင်း, ကောင်းတာလေးတွေကို စားမြုံ့ပြန်ရင်း, မကောင်းတာလေးတွေကို ဝေဖန်ရင်း ညစာ ထမင်းပွဲမှာ လူစုံတက်စုံ စုမိကြခြင်း ဖြစ်ပါသည်။ ထိုအချိန်မှာ စကားကို ပုံတိုပတ်စနှင့် ပြောတတ်သည့် ကိုခင်မောင်ရင်က ဒီနေ့ပွဲအတွင်း ကျနော့် လုပ်ကိုင် ဆောင်ရွက်မှုကို ရည်ညွှန်းလျက် အထက်ပါ စကားကို ပြောလိုက်ခြင်း ဖြစ်ပါသည်။

ပွဲအရှိန်နှင့် တဆက်စပ်တည်း ရှိနေသော မိတ်ဆွေ ပရိသတ် အားလုံး အတွက် ပျော်ရွှင်စရာ ထမင်းဝိုင်းကလေး ဖြစ်သွားခဲ့ပါသည်။

ကျနော်တို့ အားလုံး၏ ညီညီညွတ်ညွတ် ၀ိုင်းဝန်းလုပ်ကိုင်မှုကြောင့် အောင်မြင် ချောမောရသည်ကို အားလုံး ၀မ်းသာ ပီတိ ဖြစ်ကြရသလို၊ ကိုယ့်အထဲက တဦးတယောက်၏ ကြိုးစားမှုကို အချင်းချင်း အသိအမှတ်ပြု အလေးအနက် ထားသည်ကလည်း နှစ်သက်လှိုက်မောစရာ ကောင်းလှပါတော့သည်။

၊ ၂ ၊

ထိုနေ့က အိမ်ပြန်တော့ “၀ီစီတလက်” ဆိုသည့် စကားလုံးက ကျနော့်ရင်တွင် ခိုဝင်ကပ်ပါလာသည်။

ယခုအခါ ၀ီစီနှင့် ကျနော် ဘာမှ မဆိုင်တော့သော်လည်း ငယ်ငယ်တုန်းကတော့ ၀ီစီသည် ကျနော့်အတွက် ကစားစရာ တခု ဖြစ်ခဲ့သည်။ ကလေးဘ၀က ၀ီစီကို ရွှီးခနဲ ကျယ်ကျယ်လောင်လောင် မှုတ်လိုက်ရသည့် အရသာကို ပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ် ပြုံးမိရပြန်သည်။ ဘာကြောင့် ၀ီစီမှုတ်တာက ငါ့ရဲ့ ကစားနည်း တခု ဖြစ်ခဲ့ရသလဲ…။ ၀ီစီကို စူးစူးရှရှ မှုတ်လိုက်တဲ့ အသံကို ဘာကြောင့် သာယာမိသလဲ…။ တကယ်တော့ ကလေးဘ၀က ဒီလို စဉ်းစားနည်းမျိုး ဘယ် စဉ်းစားခဲ့ပါ့မလဲ။ ကိုယ့်စိတ်ထဲ ကျေနပ်လို့ ပျော်လို့ မှုတ်ခဲ့တာပဲပေါ့။ လူကြီးတွေက နားညည်းတယ် တိတ်စမ်းလို့ ငေါက်ရင် ဘယ်ကျေနပ်မလဲ။

ကလေးတွေဟာ ဘာကြောင့် ၀ီစီမှုတ်တာကို နှစ်သက်သလဲ ဆိုတာတော့ ကလေးစိတ်ပညာ ဆရာတွေက ပိုနားလည်မယ် ထင်ပါသည်။ ကျနော် သိတာကတော့ ကျနော် အပါအ၀င် ကလေးတိုင်း ၀ီစီကို နှစ်နှစ်ကာကာ မှုတ်ခဲ့ကြသည်ကိုပင်။ ဖြစ်နိုင်တာ တခုက ကလေးဆိုတာ လူကြီးတွေကို အတုခိုးတတ်သည့် သဘောကြောင့် လူကြီးတွေ ၀ီစီမှုတ်တာကို ကြည့်ပြီး ကလေးတွေ လိုက်မှုတ်သည် ထင်ပါသည်။ ရဲသား တယောက်လို၊ ဒိုင်လူကြီး တယောက်လို ၀ီစီ တရွှီရွှီ မှုတ်ရသူတွေကို အတုယူမိကြမည် ထင်သည်။ ဟိုလူကြီးတွေက ဘာကြောင့်ပဲ ၀ီစီမှုတ်မှုတ် ကိုယ်ကလည်း ကိုယ့်ကျေနပ်မှုနှင့်ကိုယ် ၀ီစီမှုတ်ကာ ကစားခဲ့ကြသည်ဟု ထင်မိပါသည်။

လူကြီးတွေကကော ဘာ့ကြောင့် ၀ီစီ မှုတ်ကြသလဲ။ လူ့သမိုင်းမှာ ၀ီစီ ဘယ်အချိန်က စပေါ်သလဲ။ လူမျိုးတမျိုးစီရဲ့ ကိုယ်ပိုင် ၀ီစီတွေက ဘယ်လို ရှိသလဲ။ ၀ီစီကို ဘယ်လို အဓိပ္ပာယ်နဲ့ ဘယ်လို ကဏ္ဍတွေမှာ အသုံးပြုသလဲ။ လဲ လဲ စတဲ့ ၀ီစီယဉ်ကျေးမှုကို လေ့လာကြည့်လျှင် အတော် လေးနက်သွားစရာ ရှိသည်။ စစ်စစ်တွေးကြည့်လျှင် ၀ီစီ ဆိုသော စကားက မြန်မာစကား အစစ် မဟုတ်။ အင်္ဂလိပ်မှ မွေးစားယူထားသော စကား။ မြန်မာ့ ရှေးအသုံးအရ ဆိုလျှင် “ခရာ”ဟု ဆိုရပေလိမ့်မည်။ သေချာသည်က ယနေ့တိုင် ၀ီစီသည် လူ့လောကအတွက် အသုံးဝင်နေဆဲ ဖြစ်ခြင်းပင်။

ဝီစီသည် လူတဦးက အခြား တဦး သို့မဟုတ် အများကို အချက်ပေးသည့် သဘော၊ ညွှန်ကြားသည့် သဘော၊ အမိန့်ပေးသည့် သဘော ဖြစ်သည်။ ၀ီစီသံသည် အစပြုခြင်း အနက်ကိုလည်း ဆောင်သည်။ အဆုံးသတ်ခြင်း အနက်ကိုလည်း ဆောင်သည်။ ခွင့်ပြုသည့် အနက်ကိုလည်း ဆောင်သည်။ တားမြစ်သည့် အနက်ကိုလည်း ဆောင်သည်။ ထိန်းကျောင်းသည့် အနက်ကိုလည်း ဆောင်သည်။ ဒဏ်ခတ်သည့် အနက်ကိုလည်း ဆောင်သည်။ ၀ီစီသံရဲ့ ဘာသာစကားက တပြန့်တပြောသာပင်။

ထိုသို့ အမျိုးမျိုးသော အနက် အဓိပ္ပာယ်ကို သိနားလည်နိုင်ရန် ၀ီစီမှုတ်သူနှင့် နားထောင်သူ ကြားတွင် ကြိုတင်နားလည်မှု တခုတော့ ရှိထားရဦးမည် ဖြစ်သည်။ ထို့ကြောင့် ၀ီစီကို မဖြစ်မနေ သုံးရသည့် အဖွဲ့အစည်း နေရာဌာနများတွင် ၀ီစီ ဆိုင်ရာ သင်ကြားချက်များ ရှိထားကြရသည်။ ယေဘုယျ အချက်လောက်ကတော့ အတုမြင် အတတ်သင်နှင့်ပင် လူတိုင်းလိုလို သိထားကြပြီး ဖြစ်ပါသည်။

နည်းနည်းလောက် သတိထား လိုက်လျှင်ကိုပင် ကျနော့်တို့ ၀န်းကျင်တွင် နေ့စဉ်နှင့်အမျှ ၀ီစီသံတွေကို ကြားနေရမှာ ဖြစ်ပါသည်။ လူ့လောကအတွက် လိုအပ်ချက် အရာတခုအဖြစ် ၀ီစီသံတွေက တရွှီရွှီ လွှင့်ပျံနေဦးမည်သာ ဖြစ်ပါသည်။

၊ ၃ ၊

လူတွေအတွက် လိုအပ်သော အရာတခု ဖြစ်သည် မှန်သော်လည်း လူတွေအဖို့ ၀ီစီသံကို အခါမရွေး လက်ခံနိုင်ဖို့တော့ အတော် ကြိုးစားရမည် ထင်ပါသည်။ မီးနီ ဖြတ်မောင်းခိုက် ရွှီးခနဲ ထွက်ပေါ်လာမည့် ၀ီစီသံက ကိုယ့်အတွက် မချိုမြိန်ဘူး မဟုတ်လား။ ကိုယ့်အသင်း ရှုံးနေချိန်မှာ ဒိုင်လူကြီး ဆီက ထွက်လာမယ့် ပွဲချိန်စေ့ ၀ီစီသံဆိုတာ အလွန်ခါးလှတယ် မဟုတ်လား။ ၀ီစီသံသည် တခါတရံ သာယာ၍ တခါတရံ နားကလောစရာ ကောင်း၏။

ဒီထက် ပိုဆိုးတာက ကြိုတင် သဘောတူညီမှု မရှိဘဲ ထွက်ပေါ်လာတဲ့ ၀ီစီသံတွေ။ အမိန့် အာဏာရဲ့ သင်္ကေတအဖြစ် မြည်ဟီးလာတဲ့ ၀ီစီသံတွေ။ ဒီလို အသံတွေ ကြားရရင်တော့ နားထဲမှာလည်း ကန့်လန့်၊ ရင်ထဲမှာလည်း အောင့်သက်သက် ဖြစ်ကြမှာပဲ ထင်သည်။ စည်းကမ်းနှင့် မညီသော ၀ီစီသံသည် အကျည်းတန်၏။

တရုတ် စကားပုံ တခုမှာတော့ “တပ်ပျက်မှာ ၀ီစီ မမှုတ်နဲ့”လို့ ဆိုပါသည်။ ဟုတ်ပါ၏။ တပ်ဆိုတာ စည်းနဲ့ ကမ်းနဲ့ ဖွဲ့စည်း ထားရတာမျိုး။ စုစုစည်းစည်း ညီညီညွတ်ညွတ် ရှိနေချိန်မှာ ၀ီစီမှုတ်ပြီး အမိန့်ပေးလို့ ရသည်။ ကစဥ့်ကလျား ဖြစ်ပြီး တပ်ပျက်ချိန်မှာ ၀ီစီမှုတ်လည်း မှုတ်တာပဲ ရှိတော့မည်။ ၀ီစီသည် အချိန်နှင့် နေရာကို ရွေးချယ်၏။

အချို့က “ငါ့ကိုလာပြီး ၀ီစီ မှုတ်မနေနဲ့” လို့ ပြောတတ်ကြပါသည်။ တချို့က အမိန့်ပေးတာကို မကြိုက်။ ဟုတ်ကဲ့ မကြိုက်ခွင့် ရှိပါသည်။ လူတဦးက တဦးကို အမိန့်ဖြင့် ခိုင်းစေတာကို မကြိုက်လျှင် အမိန့်နှင့် လွတ်အောင် နေသူ ဖြစ်ရပါမည်။ တချို့က သတိပေးတာကို မကြိုက်။ ဟုတ်ကဲ့ ဒါလည်း မကြိုက်ခွင့် ရှိပါသည်။ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိရှိအောင် နေလျှင် သူတပါးက သတိပေးနေစရာ မလိုတော့ပါ။ ၀ီစီသည် အချို့ပုဂ္ဂိုလ်တို့အတွက် လိုအပ်ပြီး၊ အချို့ပုဂ္ဂိုလ်တို့အတွက် မလိုအပ်။

တချိန်တခါမှာ ကိုယ်က ၀ီစီသံ နာခံသူ ဖြစ်နိုင်သလို၊ နောက် တချိန်တခါမှာ ကိုယ်က ၀ီစီမှုတ်သူ ဖြစ်နိုင်ပါသည်။ နာခံရမည့် အချိန်မှာ နာခံနိုင်စွမ်း ရှိဖို့ လိုအပ်သလို၊ ၀ီစီမှုတ်ရမည့် အချိန်မှာလည်း တာဝန်ကျေအောင် မှုတ်နိုင်စွမ်း ရှိဖို့ လိုအပ်ပေလိမ့်မည်။

နာခံရမည့် အချိန်မှာ… နာခံနိုင်စွမ်း ရှိခြင်းသည် စည်းကမ်းရှိခြင်း, တပါးသူကို လေးစားခြင်း, အချင်းချင်း ညီညွတ်ခြင်း, ကိုယ်ပိုင် ယဉ်ကျေးခြင်း၊ အနာဂတ်ကို ယုံကြည်ခြင်းတို့၏ အသီးအပွင့် ဖြစ်ပါသည်။

မိမိကိုယ်တိုင် ၀ီစီမှုတ်သူ ဖြစ်လာခဲ့လျှင်… ဘယ်လို တာဝန်ကျေအောင် မှုတ်မလဲ ဆိုတာက ကျယ်ပြောလှပါသည်။ ကိုယ်စွမ်း ရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားရမည်ဟုသာ ယေဘုယျ ပြောနိုင်ပါမည်။

သေချာသည်က ၀ီစီသံ တသံကို လူအများက လိုက်နာနိုင်သော်လည်း ၀ီစီသံ အများကို လူတယောက်က လိုက်နာရန် မဖြစ်နိုင်ဟု ထင်ပါသည်။

ပို၍သေချာသည်က လူတယောက်သည် မိမိ၏ ကိုယ်ပိုင် ၀ီစီမှုတ်သံကို မိမိကိုယ်တိုင် နာခံနိုင်ခြင်းသည်သာ ဖြစ်ပါသည်။

လူတိုင်းလူတိုင်းတွင် မိမိကိုယ်ကိုယ် မိမိဘာသာ ပေးအပ်ထားသော ၀ီစီတလက် ကိုယ်စီကိုယ်စီ ရှိကြဖို့တော့ လိုအပ်မည် ထင်ပါသည်။

ဝင်းပေါ်မောင်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, March 21, 2011

Incheon Asian Fectival (2011-03-20)



ဓါတ်ပုံများကို birdgyi (ကိုမင်းဟန်) မှပေးပို့ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ပထမအကြိမ် မြန်မာ့ဥပဒေလေ့လာရေးနှင့် သုတေသန စာတမ်းဖတ်ပွဲသတင်း

မြန်မာ့ဥပဒေလေ့လာရေးနှင့် သုတေသန အသင်း (ကိုရီးယား) ဖွဲ့စည်းရေး ပြင်ဆင်မှုကာလ ၊ စာတမ်းဖတ်ပွဲ တက်ရောက်ရန် အမည်စာရင်းပေးထားကြသူများခင်ဗျား

ပထမအကြိမ် မြန်မာ့ဥပဒေလေ့လာရေးနှင့် သုတေသန စာတမ်းဖတ်ပွဲ(제1회 버마법 연구발표회)ကို အောက်ပါအစီအစဉ်အတိုင်းပြုလုပ်မည်ဖြစ်ကြောင်း နှင့် စာတမ်းဖတ်ပွဲသို့ မိမိတို့အစီအစဉ်ဖြင့် တက်ရောက်နိုင်ကြပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည် ခင်ဗျား -
ရက်စွဲ ။ ၂၀၁၁ ခုနှစ် မတ်လ ၂၅ ရက် (သောကြာနေ့)
အချိန်။ ညနေ ၇ နာရီခွဲမှ ၉ နာရီခွဲထိ
နေရာ။ ဒုံကုတက္ကသိုလ် (동국대학교) ဥပဒေနှင့် ယဉ်ကျေးမှုများနှိုင်းယှဉ်လေ့လာရေးဌာန (비교법문화연구원) အစည်းအဝေးခမ်းမ(세미나실) ၊ ဥပဒေဌာနအဆောက်အဦး တတိယထပ်(법학관 3층)
လမ်းညွှန် -
အမှတ် ၃ ရထားလိုင်း ၊ ဒုံကုယူနီဘာစီတီ(동대입구)ဘူတာ ၊ ထွက်ပေါက် ၃ မှ ထွက်ပြီး ၅မိနစ်ခန့်လျှောက်ပါ ။
မြေပုံ ကြည့်ရန် (နှိပ်ပါ)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 19, 2011

တူရွှင်နွှဲပျော် အင်ချွန်းအာရှယဉ်ကျေးမှုပွဲတော် Incheon Asia Festival 2011

ရေးသားသူ — မြန်မာအသင်း(ကိုရီးယား)

တူရွှင်နွှဲပျော် အင်ချွန်းအာရှယဉ်ကျေးမှုပွဲတော် Incheon Asia Festival 2011

2011 인천 아시아 이주민 축제
အင်ချွန်း အာရှ ပွဲတော် ၂၀၁၁

၂၀၁၁ ခုနှစ် မတ်လ ၂၀ ရက်နေ့ အင်ချွန်းမြို့ရှိ အင်ချွန်းကမ္ဘာ့ဖလား ဘောလုံးကွင်း (인천문학월드컵경기장 북문광장 일원) တွင် အာရှယဉ်ကျေးမှုပွဲတော် ကျင်းပမည်ဖြစ်ပြီး အာရှ(၁၅) နိုင်ငံမှ ရွှေ့ ပြောင်းအလုပ်သမားများ ပါဝင်ဆင်နွှဲရာတွင် မြန်မာကိုယ်စား မြန်မာအသင်း(ကိုရီးယား)မှ ပူးပေါင်းပါဝင်ဆင်နွှဲမှာ ဖြစ်သည့်အတွက် မြန်မာညီအကိုများ ကြွရောက်အပမ်းဖြေနိုင်ကြပါကြောင်း ပြန်ကြားလိုက်ရပါသည်။ အင်ချွန်း အာရှယဉ်ကျေးမှုပွဲတော်တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲအစရှိသည့် ပြိုင်ပွဲများ၊ နိုင်ငံအလိုက် ရိုးရာစားသောက်ဖွယ်ရာများ တည်ခင်းဧည့်ခံခြင်း၊ နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုပြခန်းများ အစရှိသည့် စိတ်ဝင်စားဖွယ်ရာ အစီအစဉ်များပါဝင်မှာ ဖြစ်ပါသည်။
ပွဲတော်ကျင်းပမည့်အချိန်မှာ မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါသည်။

လမ်းညွှန်--
(၁)ပူချွန်း ဆော့ဂွမ်ဆာမှ မနက် ၉း၀၀ ကား ထွက်မည်။
(၂)အင်ချွန်း မြေအောက် ရထားလိုင်း 문학경기장 ဘူတာ ထွက်ပေါက် ၂


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာ အလုပ်သမား ၂ ဦး အလိုရှိသည်

ပလတ်စတစ် အင်ဂျက်ရှင်းစက်ရုံ
ဆူဝမ်အနီး (ဂျောင်နမ်) ။
ညဆိုင်းချည်းသာ ။
ဗီဇာရှိဖို့မလို ။
နေစရာပေးမည် ။
ထမင်း ၁ နှပ်ကျွေး ။
ညှိနှိုင်းလစာ ။
ကိုယ်တိုင်ဗျူးပါ ။
မြန်မာ(ရွှေခံ) ရှိသည် ။

ဆက်သွယ်ရန် -
ကိုရီးယား - ၀၁၀-၅၆၆၈-၈၀၀၅
ကိုရွှေခံ - ၀၁၀-၈၆၉၆-၉၁၁၇


မှတ်ချက် ။
ဆက်သွယ်ရေး အခက်အခဲရှိပါက ၀၁၀-၂၃၃၁-၂၄၅၇ထံ မှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အထင်နဲ့အမြင်


ရထားတစ်စီးပေါ်က ထိုင်ခုံတစ်ခုမှာ အဖိုးကြီးတစ်ယောက်၊ သူ့ရဲ့ အသက်နှစ်ဆယ့်ငါးနှစ်ရွယ် သားလူမောင်နဲ့ ဘေးချင်းကပ် ထိုင်နေတယ်။ ရထားက ဘူတာကနေ ထွက်ခွါခါနီးမို့ ခရီးသည်အားလုံးလည်း သူတို့ထိုင်ခုံတွေမှာ အသီးသီးနေရာယူ ၀င်ထိုင် နေကြတယ်။

မကြာမီ ရထား စထွက်တာနဲ့ သားလူမောင်ရဲ့ မျက်နှာမှာ သိလိုမြင်လိုမှုတွေ၊ ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ပြည့်နှက်လာတယ်။ သူဟာ ရထားပြတင်းဘေးမှာ ထိုင်နေတယ်။ ပြီးတော့ လက်တစ်ဖက်ကို ပြတင်းပေါက် အပြင်ထုတ်လို့ အရှိန်နဲ့ဖြတ်သန်းတိုးဝှေ့သွားတဲ့ လေထုကို ခံစားကြည့်နေတယ်။

ဒီနောက် “ အဖေရေ သစ်ပင်တွေ အကုန်လုံး နောက်မှာကျန်, ကျန်ခဲ့တာ ကြည့်ပါဦး” လို့ အသံအကျယ်ကြီး ဟစ်လိုက်တယ်။ အဖိုးကြီးကတော့ပြုံးပြီး သူ့သား ပျော်မြူးနေတာကို သဘောတွေကျနေတယ်။

လူငယ်ရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာတော့ လင်မယားစုံတွဲ တစ်တွဲထိုင်နေပြီး အဖေနဲ့သား ပြောနေတဲ့ စကားတွေကို နားစိုက်ထောင်နေကြတယ်။ သူတို့ဟာ အသက်နှစ်ဆယ့်ငါးနှစ်ရွယ် ကြီးတောင်ကြီးမား ယောင်္ကျားတစ်ယောက်က ကလေးလေးတစ်ယောက်လို တွေးခေါ်၊ ပြုမူ၊ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ နည်းနည်းတော့ ခိုးလိုးခုလုဖြစ်နေကြတယ်။

ရုတ်တရက်ဆိုသလိုပဲ “အဖေရေ ဟောဟိုရေအိုင်နဲ့ တိရိစ္ဆာန်လေးတွေကို ကြည့်ပါဦး။ မိုးတိမ်တွေကလည်း ရထားကြီးနဲ့အတူ ရွေ့ရှားနေတယ်နော်” လို့ လူရွယ်ဟာ ထပ် အော်ပြောလိုက် ပြန်တယ်။

လင်မယားနှစ်ယောက်ဟာ အမြင်ကတ်ကတ်နဲ့ပဲ လူရွယ်ကို ဆက်စောင့်ကြည့်နေကြတယ်။

ခုတော့ မိုးတွေ စရွာလာပြီး မိုးရေစက်လေးတွေဟာ လူရွယ်ရဲ့လက်ပေါ် ကျရောက် တို့ထိလာကြတယ်။ လူရွယ်ဟာ ရင်တခွင်လုံး အပျော်တွေနဲ့ပြည့်ပြီး မျက်လုံးတွေကို မှေးစင်းထားလေရဲ့။

ဒီနောက် “အဖေရေ မိုးတွေ ရွာနေတယ်ဗျ။ ကျနော့်ကို မိုးစက်တွေ လာဖြန်းပက်နေကြတယ်။ ကြည့်ပါဦးအဖေရ” လို့ အော်ကြီးဟစ်ကျယ် ပြောဆိုလိုက်ပြန်တယ်။

လင်မယားနှစ်ယောက်ဟာ သူတို့စိတ်ကို သူတို့ မထိန်းနိုင်ကြတော့ပဲ အဖိုးကြီးကို
“ဦးရဲ့သားကို ဆေးဝါးကုသမှု ခံယူဖို့အတွက် ဆရာဝန်ဆီိ ဘာကြောင့် မခေါ်သွားရတာလဲ” လို့ ပြိုင်တူ မေးလိုက်ကြတယ်။

ဒီတော့ အဖိုးကြီးက “ဟုတ်ပါရဲ့ကွယ်။ ကျုပ်တို့ ဆေးရုံကနေ ပြန်တောင် ပြန်လာခဲ့ကြပေါ့။ ဟောဒီ ကျုပ်သား သူ့ဘ၀ရဲ့ ပထမဆုံး မျက်စေ့နှစ်ကွင်း အလင်းပြန်ရလာတဲ့ ဒီနေ့မှာပဲ ဆိုပါတော့” လို့ ပြန်ဖြေလိုက်ပါသတဲ့။

From funlok.com

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 17, 2011

အလှူတော်ဖိတ်ကြားစာ

မြန်မာ ညီအစ်ကို မောင်နှမ အပေါင်းတို့ ခင်ဗျာ

ကျနော်များ မြိတ်အသင်း(ကိုရီးယား) ညီအစ်ကိုများအနေဖြင့် ဓမ္မဒူတကျောင်း (ကိုရီးယား) ၌ အောက်ပါအစီအစဉ်အတိုင်း ဆွမ်းကျွေးအလှူပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက် ကုသိုလ်ယူတော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
ရက်စွဲ ။ ၂၀၁၁ ခုနှစ် မတ်လ ၂၀ (တနင်္ဂနွေ)
အရုဏ် ။ မြိတ်နန်းကြီးသုပ်
နေ့လည် ။ အနံ့အရသာနှင့် ပြည့်စုံသော မြန်မာထမင်းဟင်းလျာများ


လေးစားမှုဖြင့် -
မြိတ်အသင်း(ကိုရီးယား) ညီအစ်ကိုများ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 15, 2011

မြန်မာစာရေးမ တစ်ဦးအလိုရှိသည်

မြန်မာစာရေးမ တစ်ဦးအလိုရှိသည်။
စတိုပစ္စည်း စာရင်းကိုင် (Store-keeper) ။
တစ်ပါတ် ၅ ရက် ။ (စနေ ၊ တနင်္ဂနွေပိတ်)
မနက် ၉ မှ ညနေ ၅ နာရီ ခွဲ ။
နေ့လည်စာ ကျွေး ။
လစာ ကိုယ့်ဟာကိုယ်ဗျူးပါ ။
ရွှေခံရှိသည် ။
ဆက်သွယ်ရန်-
010-8693-1186

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား) အလှူတော်မှတ်တမ်းပုံများ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 13, 2011

ချစ်ခြင်း၏ ယဉ်ကျေးမူ

ရေးသားသူ — အင်ကြင်း

သူငယ်ချင်းတယောက်က ကျမကို အချစ်အကြောင်း ရေးပါလား ဖတ်ချင်တယ်လို့ ပြောလာပါသည်။
ရုတ်တရက် အချစ်အကြောင်း ဆိုတော့ ကျမ ဘာရေးရမှန်းမသိ ...တခါမှရေးဖို့ စိတ်ကူးတောင် မရှိဖူးပါ။
အချစ်အကြောင်းနဲ့ ပါတ်သက်ပြီး လူတွေက အမျိုးမျိုး ယူဆဖွဲ့နွဲ့ပြီး ရေးတာတွေတော့ ဖတ်ခဲ့ သိခဲ့ဖူးပါသည်။ ကျမကိုယ်တိုင်ကော ပါတ်ဝန်းကျင်ရဲ့ အတွေ့အကြုံအရပါ အချစ်နဲ့ ပါတ်သက်ပြီး အကြောင်းအရာတွေ အများကြီး ရှိခဲ့ဖူးပေမယ့် အချစ်ဆိုတာ ဘာလဲလို့တော့ သိပ်မတွေးခဲ့ဖူးပါ။ ငယ်ငယ်ကထဲက ကျမက စိတ်ကူးယဉ် အချစ်ဝတ္တုတွေဆို သိပ်မဖတ်ပါ။ ကိုယ်မသိသေးတဲ့ အကြောင်းအရာမျိုး တွေသာ ရှာဖတ်ပြီး ၊ အချစ်ဝထ္တု စာအုပ်မျိုး ဖတ်မိလဲ တဝက်လောက်ကျ ပစ်ထားလိုက်ပြီး ကိုယ့်ဖာသာ စိတ်ကူးနဲ့ပဲ စဉ်းစားလိုက်တယ်.. ဒီလိုဖြစ်ရင် ကောင်းမှာပဲလို့..စိတ်ကူးလိုက်မိတယ်။ ကိုယ့်ဖာသာ တွေးယူလို့ရတဲ့ စာအုပ်မျိုး တွေဆို ခေါင်းမာမာနဲ့ မဖတ်ပါ။ ကဲ ခုတော့ ကျမအတွေးနဲ့ ချစ်ခြင်းအကြောင်း ပြောချင် ရေးချင်ပါသည်။

ကျမတွေးမိတဲ့ ချစ်ခြင်းဟာ ယဉ်ကျေးမူ့ ဖြစ်ပါသည်။ ကျမတို့ တွေဟာ ဒီလောကကြီးထဲမှာ ချစ်ခြင်းနဲ့ ကင်းကွာ၍ မရပါ။ မိသားစု မောင်နှမ မိတ်ဆွေ သူငယ်ချင်း ချစ်သူရည်းစား စသည်ဖြင့် တယောက်နဲ့ တယောက် ချစ်ကြခြင်းသည် နိုင်ငံတကာ လူမျိုးပေါင်းစုံ၏ တူညီသော ယဉ်ကျေးမှု ဖြစ်ပါသည်။ ဒဂုန်တာရာ၏ နိုင်ငံရေးယဉ်ကျေးမှု စာအုပ်မှာ ဆရာက ဒီလိုရေးထားပါသည်။ ယဉ်ကျေးမှုဟူသော စကားလုံးကို ငြိမ်းချမ်းရေး ဟူသော အဓိပါယ်ဖြင့် သုံးနှုန်းခဲ့သည်။ အဲဒီလို ရေးထားတာ ဖတ်ရလို့ ကျမ သဘောကျသည်။ ငြိမ်းချမ်းရေးဆိုတာ နေရာတိုင်းတွင် ကျမတို့အတွက် အရေးကြီးပါသည်။ ချစ်ခြင်းသည်လဲ ငြိမ်းချမ်းမှု တခုပဲ မဟုတ်ပါလား။

သို့သော် ချစ်ခြင်းတွင် လောဘတွေ ပါလာသည့်အခါ ဒေါသနဲ့ ပူလောင်မှုတွေပါ ရောပါလာတတ်သည်။ ဒါကို သီးခြား သတိထား သင့်သော်လည်း လောကီ လူသားတယောက် အနေနှင့် သတိမထားနိုင်ပဲ ဖြစ်ရပါသည်။ ငါ့ရဲ့ အချစ်ကို ငါ့ရဲ့စေတနာကို အသိအမှတ် မပြုဘူးဟူသော စိတ်၊ ငါသာလျှင် ပိုချစ်တာ ငါပဲ ပိုင်ဆိုင်ရမယ် ဆိုသောစိတ်ဖြင့် ငြိမ်းချမ်းမှုကို ပျက်စေပါသည်။

ချစ်ခြင်းသည် လူတိုင်းနှင့် ပါတ်သက်ပါသည်။ တချို့က ငါကတော့ တခါမှ မချစ်ဖူးပါ၊ မချစ်တတ်ပါ၊ ဘယ်သူ့ကိုမှ မချစ်ပါဟု ကြွှေးကြော်တာ ကြားဖူးပါသည်။ ကျမကတော့ ထူးဆန်းသည်လို့ပဲ ထင်ပါသည်။ ဘုရားဟောတဲ့ မေတ္တာ ထားပါဆိုတာ တဖက်လူ အပေါ်မှာထားတဲ့ ယဉ်ကျေးမှု တခုပဲ ဖြစ်ပါသည်။ ကိုရီးယား မှာဆိုလျှင် ယခုချိန်မှာ လွန်စာ ခေတ်စားနေသော ဆာရန်းဟယ်ယိုး ဆိုသည့်စကားဖြင့် ခေါင်းပေါ် လက်နှစ်ဖက်ယှက်ကာ အသဲပုံ လုပ်ပြတတ်သည့် ယဉ်ကျေးမှု အသစ်တခုပင်ရှိသည်။

ကျမတို့တွေဟာ လူအချင်းချင်းသာ မဟုတ်ပါ ချစ်စရာကောင်းသည့် အရာတွေ့လျှင် စိတ်ထဲမှာ ကြည်နူးစိတ် ဖြစ်ကြရပါသည်။ တိရိစ္ဆာန်လေးတွေ ခွေးလေး ကြောင်လေးတွေနဲ့ ကလေးများရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကို တွေ့ရင်တောင် အလိုလို ပြုံးသွားတတ်ကြသည်။ သူတို့လေးတွေက ဖြူစင်သဖြင့် ဟန်မဆောင်ပဲ ချစ်သည့်အခါ ပျော်ရွှင်ပြီး နေတတ်ကြတာကို တွေ့ရသည်။ ဘယ်သူဖြစ်ဖြစ် တယောက်နဲ့ တယောက် ချစ်ခြင်းသည် ငြိမ်းချမ်း ကြည်နှုးခြင်း ဖြစ်ပါသည်။

ဒဂုန်တာရာ၏ စာထဲမှာ ယဉ်ကျေးမှုဆိုတာ ရိုင်းရာမှ ယဉ်လာသည်အထိ တိုးတက်လာခြင်း ဟူသော အနက်ဟုပါ ပါသည်။ ချစ်နေသည့်အခါ ယဉ်ကျေးနူးညံ့ နေသည်ဟု ထင်ပါသည်။ မေတ္တာဖြင့် ခွင့်လွှတ်လိုက်သဖြင့် ငြိမ်းချမ်းမှုကို ရပါသည်။ ကိုယ်တိုင် လုပ်ကြည့်သောအခါ သိလာရသည်။ သို့သော် ခက်သည်။ လူတယောက်ကို မုန်းရန် သူ့အပြစ်ကို ရှာကြံတွေးကာ မုန်းစိတ်ထားဖို့ လွယ်ပါသည်။ ချစ်စိတ်ထားဖို့ ခက်ပါသည်။ ဘာကြောင့် ချစ်တာလဲဟု မေးလျှင် ပညာတတ်လို့ ရုပ်ချောလို့ဟု ဖြေလျှင် ဒီလောကကြီးမှာ ပညာတတ်သူ ရုပ်ချောသူတွေ အလွန်ပေါပါသည်။ သို့သော် သူတို့ကို အကုန်မချစ်နိုင်ပါ။

ချစ်တယ်ဆိုတာ ဘာကြောင့်ဟု အစရှာပြောဖို့ ခက်သည်လို့ ကျမထင်ပါသည်။ တဖက်လူက ကိုယ့်ကို မုန်းအောင်လုပ်ရန် အလွန်လွယ်ပါသည်။ ကိုယ့်ကို ချစ်လာအောင် လုပ်ဖို့တော့ အလွန်ခက်ပါသည်။ ကိုယ့်ဖက်က တခုခုတော့ ပေးရပါမည်။ သူ့ဆီသွားရတာ အချိန်ကုန်တယ်။ ဖုံးဆက်ရတာ ပိုက်ဆံကုန်တယ်လို့ တွေးမိပေမယ့် သူနဲ့ စကားပြောရတာ တွေ့ရတာ ကြည်နှုးစရာ ကောင်းပြီး စိတ်ပျော်ရွှင်မှု အလိုလို ရှိလာသည်ဆိုလျှင် ကိုယ်က သူ့ဆီက ရခြင်းဖြစ်ပါသည်။ ချစ်ခြင်းကို တိုင်းတာ တန်ဖိုးဖြတ်လို့မရပါ။ စိတ်ကျေနပ်ခြင်းသည် ချစ်ခြင်း၏ အစဖြစ်ပါလိမ့်မည်။

မနက်ဖြန်ဆိုလျှင် မတ်လ ၁၄ရက်နေ့ဟာ အဖြူရောင် အချစ်နေ့လို့ ခေါ်ရမယ့် ဝှိုက်ဒေးနေ့ (White Day )့ ဖြစ်ပါသည်။ သူတို့ အယူအဆက Valentine Day မှာ မိန်းကလေးတွေက လက်ဆောင် ပေးခဲ့တာကို White Day ကျတော့ ယောင်္ကျားလေးတွေက မိန်းကလေးတွေကို ပြန်ပြီး လက်ဆောင်ပေးတဲ့ နေ့ပေါ့။ မြန်မာပြည်မှာတော့ သိရသလောက် ခုချိန်ထိ ဒီယဉ်ကျေးမှု မပေါ်လာသေးပါ။ အဲဒီနေ့အတွက် ကျမတို့ ကျောင်းရှေ့မှာ သောကြာနေ့ ကထဲက လက်ဆောင်လေးတွေ စရောင်းနေပါပြီ။ ဝှိုက်ဒေးက ဂျပန်နဲ့ ကိုရီးယားမှာသာ ခေတ်စားပြီး လူငယ်တွေက ကျင်းပကြခြင်း ဖြစ်ပါသည်။ ဒီဝှိုက်ဒေးရဲ့ အစကတော့ ၁၉၇၈ခုနှစ်မှာ ဂျပန်နိုင်ငံက စတင်ခဲ့ခြင်း ဖြစ်ပါသည်။ ဂျပန်နိုင်ငံက အချို ချောကလက်တွေ( Confectionery ) ထုတ်လုပ်တဲ့ အဖွဲ့အစည်းက အဖြေ ပြန်ပေးတဲ့နေ့ အနေနဲ့ အမျိုးသမီးတွေကို ချောကလက် ပြန်ပေးဖို့ဆို သတ်မှတ် ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနေ့ကို စတင်ခဲ့ပြီး ယနေ့အချိန်ထိ ဂျပန်နဲ့ ကိုရီးယားတွင် အလွန် ခေတ်စားပါသည်။ ထိုနေ့ ကျင်းပခြင်းသည်လဲ ချစ်ခြင်း၏ ယဉ်ကျေးမှု အသစ်တခုပင် မဟုတ်ပါလား။

ဒီနှစ်အဖို့တော့ ဂျပန်မှာ ငလျင်ဒဏ်ကြောင့် မည်သူမှ ဝှိုက်ဒေးကို ကျင်းပနေနိုင်မယ် မထင်ပါ။ ကျမတို့တွေ ချစ်ခြင်းမေတ္တာဖြင့် ဂျပန်ပြည်သူများ ငြိမ်းချမ်းမှုရှိဖို့ ဝှိုက်ဒေးမှာ အတူဆုတောင်းကြပါစို့။

ချစ်ခြင်းဖြင့်

အင်ကြင်း (Incheon)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာ့ဥပဒေများသုတေသနနှင့်လေ့လာရေးအသင်းဖွဲ့စည်းမည်

ဒုံကုတက္ကသိုလ် (Dongkuk University) ဥပဒေဌာန ပါမောက္ခနှင့် မိတ်ဆွေ ကိုရီးယားရှေ့နေများ ၊ မြန်မာ့အရေး စိတ်ပါဝင်စားသူများ ဦးဆောင်မှုဖြင့် မြန်မာ့ဥပဒေများ သုတေသနနှင့် လေ့လာရေး အသင်း (한국버마법연구회) ကိုထူထောင်ဖွဲ့စည်းရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းရရှိသည် ။

အဆိုပါအသင်းသည် မြန်မာနိုင်ငံ၏ ဥပဒေများကို ကိုရီးယားဥပဒေနှင့်နှိုင်းယှဉ်လေ့လာခြင်း ၊ နိုင်ငံတကာဥပဒေများနှင့် နှိုင်းယှဉ်လေ့လာသုတေသနပြုခြင်း တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ ထိုသို့လေ့လာရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင် နှံ့စပ်မှုရှိသည့် ပုဂ္ဂိုလ်များဖိတ်ခေါ်ပြီး ၊ ဆွေးနွေးပွဲများ ပြုလုပ်ကာ ဆွေးနွေးအဖြေရှာသည့်ပုံစံကို အဓိကထား သုတေသနပြုလေ့လာ မည်ဖြစ်ကြောင်းနှင့် လေ့လာတွေ့ရှိချက်များကို မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး အလို့ငှာ ဗဟု မီဒီယာများမှတစ်ဆင့် ကမ္ဘာ့ပြည်သူများသို့ ကိုရီးယား အင်္ဂလိပ် မြန်မာဘာသာများဖြင့် အသိပေးတင်ပြခြင်း ၊ စာစောင်များ ထုတ်ဝေခြင်း ၊ သက်ဆိုင်ရာသို့ အကြံပြုတင်ပြခြင်း စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသင်း ဖွဲ့စည်းရေး ဦးဆောင်ဦးရွက်ပြုနေသူ ပါမောက္ခ လီချန်းဆုက ပြောသည် ။
ကိုရီးယားနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာရှေ့နေများ (Lawyers) ၊ ရှေ့နေ မဟုတ်သော်လည်း ဥပဒေဘွဲ့ (LL.B, LL.M, B.A (Law) etc.) ရများ ၊ အထက်တန်းရှေ့နေ(H.G.P)စာမေးပွဲ သို့မဟုတ် တရားရုံးချုပ်ရှေ့နေ (Advocate) စာမေးပွဲအောင်မြင်ထားသူများ ၊ မှတ်ပုံတင်ရှေ့နေ (R.L)သင်တန်းဆင်းများ ၊ စီးပွါးရေးဥပဒေ ဒီပလိုမာ (D.B.L) သို့မဟုတ် ဥပဒေဒီပလိုမာ (Dip. in Law) ရရှိထားသူများ စသည်ဖြင့် ဥပဒေဘာသာရပ်ကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ တတ်သိထားသူများ ၀၁၀-၂၃၃၁-၂၄၅၇ ထံသို့ မြန်မာဘာသာဖြင့်ဖြစ်စေ ၀၁၇-၇၁၇-၀၀၆၂ ထံသို့ ကိုရီးယား ဘာသာဖြင့်ဖြစ်စေ ဆက်သွယ်နိုင်ကြကြောင်း သိရသည် ။

ယခုအခါ စီစဉ်ဆဲကာလဖြစ်ပြီး ဆွေးနွေးပွဲများကို ဒုံကု တက္ကသိုလ်(Dongkuk University)တွင် မတ်လ ၂၅ ရက်နေ့ (သောကြာနေ့) ညနေ ၇ နာရီမှ အစပြုကာ အစီအစဉ်များအတိုင်း စက်တင်္ဘလာလကုန်အထိ ဆက်တိုက်ကျင်းပသွားမည်ဖြစ်ကြောင်း အသေးစိတ် အစီအစဉ်များသိရှိလိုပါက အထက်ပါ ဖုန်းနံပတ်များထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ၊ ကိုရီးယားဘာသာ အားနည်းသူများအတွက် ဘာသာပြန်များလည်း စီစဉ်ထားကြောင်း သိရသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ကိုရီးယား ရိုးရာဓလေ့ နတ်ကိုးကွယ် ယုံကြည်မှု


ကိုရီးယားလူမျိုးများသည် ရှေးယခင်ကတည်းက “လူသားတို့၏ အစွမ်းအစ၊ ကျန်းမာရေး၊ ရှင်သန်မှုနှင့် စွမ်းအား စသည်တို့သည် အကန့်အသတ် တစ်ခုအထိသာ ရှိနေသောကြောင့် အသက်ရှင်သန်မှု၌ အခက်အခဲ၊ အတားအဆီးများစွာ ရှိနေခြင်း”အပေါ် ယုံကြည်နားလည်ခဲ့ကြသည်။ ထို့ကြောင့် ဘ၀၏ အခက်အခဲ၊ အတားအဆီးများကို ဖြေရှင်းနိုင်ပြီး၊ အေးငြိမ်းစွာ ရှင်သန်နိုင်ရန်အတွက် ကြိုးပမ်းအားထုတ်မှု တစ်ခုအဖြစ်ဖြင့် နတ်နှင့် သဘာဝလွန် စွမ်းအားရှင်တို့ကို ယုံကြည် လက်ခံခဲ့ကြသည်။ ထိုသို့ ရိုးရာယုံကြည်မှု အစွဲအလမ်းများသည် ဟိုးရှေးယခင်ကတည်းက အစပြု၍ ကိုရီးယားလူမျိုးတို့၏ နေ့စဉ်ဘ၀နေထိုင်မှုအတွင်း၌ အသားကျစွဲမြဲလာခဲ့ကြလေသည်။

ရိုးရာယုံကြည်မှု အစွဲအလမ်းများအနက် မိမိတို့၏ နေအိမ်၌ နတ်များကို ပင့်ဖိတ်ပြီး ပူဇော်ပသထားကြသော အိမ်တွင်းနတ်ယုံကြည်မှုနှင့် မြို့၊ ရွာ၊ ရက်ကွက်တို့ကို စောင့်ရှောက်သော နတ်တို့ကို လူအများစုပေါင်းပြီး ပူဇော်ပသကြသည့် နတ်ကွန်းယုံကြည်မှု၊ နတ်ဆရာများနှင့် ဆက်သွယ်မှု ရှိသော ခေါင်းဆွဲနတ်ယုံကြည်မှု၊ အနာဂါတ်ကိစ္စများကို မှန်းဆရန်အတွက် နက္ခတ် ဗေဒင် ယုံကြည်မှု၊ လောကီပညာရပ်တစ်ခုဖြစ်သော ဖုန်းရွှေပညာရပ်အပေါ် ယုံကြည်မှု စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ ရှိခဲ့ကြသည်။

ယခုအခါ ကိုရီးယားနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံအဖြစ်မှ စက်မှုနိုင်ငံအဖြစ်သို့ ကူးပြောင်းကာ လူနေမှုအဆင့်အတန်းမှာလည်း မြေစိုက်အိမ်မှသည် မိုးပျံတိုက်များ၊ အဆင့်မြင့် တိုက်ခန်းအိမ်ယာ၊ လုံးချင်းအိမ်ယာများသို့ ပြောင်းလဲသွားသော်လည်း ရိုးရာအစွဲအလမ်းဖြစ်သည့် နတ်ကိုးကွယ်ယုံကြည်မှုဓလေ့မှာမူ တိမ်ကော ပျောက်ကွယ်ခဲ့ခြင်း မရှိချေ။ ကိုရီးယားလူမျိုးများသည် ရိုးရာယုံကြည်မှု အစွဲအလမ်းများအပြင် ကိုရီးယားနိုင်ငံ၌ ပေါ်ထွန်းလာသော ဘာသာတရားများကိုလည်း ကိုးကွယ်ယုံကြည်ကြကာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာတို့ကဲ့သို့သော ကိုရီးယားနိုင်ငံပြင်ပမှ ၀င်ရောက်လာသည့် ဘာသာတရားများကိုလည်း ကိုးကွယ်ယုံကြည်လေ့ ရှိခဲ့ကြသည်။

အိမ်တွင်းနတ်များ(가신신앙)

ကိုရီးယားလူမျိုးတို့သည် ရှေးယခင်ကတည်းက မိမိတို့ နေထိုင်ကြသော အိမ်ဂေဟာ၏ နေရာအနှံ့တွင် အိမ်တွင်းကို စောင့်ရှောက်သော နတ်များ ရှိသည်ဟု ယုံကြည်ကြသည်။ ကိုရီးယားလူမျိုးတို့၏ အိမ်များတွင် နေရာလွတ် မကျန်အောင် အိမ်တွင်းနတ်များ ပင့်ဖိတ်ထားသော နေရာအမှတ်အသားများ ရှိကြသည်။ အိမ်ကြမ်းပြင်နှင့် အိမ်တွင်းခန်းတွင် ပင့်ဖိတ်ထားလေ့ရှိသော ဆောင်းဂျူနတ်၊ အိမ်တွင်းခန်းနှင့် အခြားအခန်းတွင်  စမ်းရှင်းနတ်၊ ဂျိုဝှန်းနတ်တို့ကို ပင့်ဖိတ်လေ့ရှိကာ ပဲငပိနှင့် ပဲငန်ပြာရည်အိုးများထည့်ထားသော စဥ့်အိုးများ ထားသည့် နေရာတွင် ထောဂျူနတ်၊ တံခါးတွင် မွန်းရှင်းဟုခေါ်သော တံခါးစောင့်နတ်၊ အိမ်သာတွင် ချု့ရှင်ဟုခေါ်သည့် အိမ်သာနတ်၊ နွားတင်းကုပ်တွင်  အူမာရှင်းဟုခေါ်သည့် တင်းကုပ်စောင့်နတ် စသည်ဖြင့် နတ်နှင့် လွတ်သော နေရာဟူ၍ မရှိချေ။ 


လုပ်ငန်းသစ်များ လုပ်ကိုင်ကြသည့်အခါ ဤသို့ နတ်တင်ကြသည်။


အထူးသဖြင့် အိမ်တွင်းနတ်များသည် မကောင်းဆိုးဝါးများ အိမ်တွင်းသို့ ၀င်ရောက်လာခြင်းကို တားဆီးပြီး အိမ်သူအိမ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးသည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ယင်းနတ်များကို အချိန်အခါအလိုက်၊ မိမိတို့ လိုအပ်ချက်အလိုက် ကန်တော့ပွဲများဖြင့် ပူဇော်ပသသော အလေ့အထ ရှိခဲ့ကြသည်။ ၎င်းနတ်များကို အိမ်တွင်းနတ်အဖြစ် ယုံကြည်ခဲ့ကြသည်။ အိမ်တွင်းနတ် အသီးသီးတို့၏ စောင့်ရှောက်မှုကို လိုက်၍ ယုံကြည်မှု တူညီကြသော်လည်း၊ ပင့်ဖိတ်ထားကြသည့် နေရာနှင့် အသုံးအဆောင်များမှာမူ ကွဲပြားမှု ရှိကြလေသည်။

ဆောင်းဂျူနတ်(성주신)


ဆောင်းဂျူနတ် ပင့်ဖိတ်ထားပုံ

ဆောင်းဂျူနတ်ကို အိမ်တွင်း၏ အရေးအပါဆုံး နတ်အဖြစ် ယုံကြည်ကြလျှက် အိမ်ဂေဟာ၏ ကောင်းခြင်း၊ ဆိုးခြင်း ကိစ္စများကို စောင့်ရှောက် ဖန်တီးပေးနေသော နတ်အဖြစ် ကိုးကွယ်ယုံကြည်ကြသည်။ ဆောင်းဂျူနတ်သည် အိမ်ဂေဟာ၏ အေးငြိမ်းမှုနှင့် စည်းစိမ်ချမ်းသာအတွက် အကောင်းဆုံး နတ်အဖြစ် ကိုးကွယ်ယုံကြည်ကြသည်။  ဆောင်းဂျူနတ်ကို ပင့်ဖိတ်ထားရာ နေရာမှာ အိမ်၏ အနေအထားကို လိုက်၍ ကွဲပြားခြားနားမှု ရှိသော်လည်း၊ အများအားဖြင့် အိမ်၏ ဗဟိုဖြစ်သော ထုပ်တန်း အောက်၊ ခေါင်တိုင် အထက်နား နေရာ ဖြစ်သည်။ အထူးသဖြင့် အိမ်တွင်းခန်း၏ သန့်ရှင်းတိတ်ဆိတ်သော နေရာတွင် ပင့်ဖိတ်ထားလေ့ ရှိကြသည်။





ဆောင်းဂျူနတ်အား အိမ်သစ်ဆောက်သော အခါ၌လည်းကောင်း၊ အိမ်သစ် ပြောင်းသောအခါ၌လည်းကောင်း နေရာရွေးချယ်၍ ဆောင်းဂျူနတ်၏ သင်္ကေတ ပစ္စည်းများဖြင့် ပင့်ဖိတ်လေ့ ရှိကြသည်။ ဆောင်းဂျူနတ်၏ အမှတ်သင်္ကေတပစ္စည်းမှာမူ အရပ်ဒေသကို လိုက်၍လည်းကောင်း၊ ပင့်ဖိတ်သည့် အိမ်၏ အနေအထားကို လိုက်၍လည်းကောင်း ကွဲပြားမှု ရှိလေသည်။ အချို့သော အိမ်များတွင် အိမ်ကြမ်းပြင်၏ အလယ်ဗဟိုရှိ ထုပ်တန်းအောက်နေရာ သို့မဟုတ် အချင်းတိုင် အထက်နား နေရာတွင် စက္ကူဖြူ သို့မဟုတ် အဖြူရောင် ပိတ်သားစကို ခေါက်ချိုးကာ လေးထောင့်ပုံစံ ပြုလုပ်၍ ချိတ်ဆွဲနိုင်စေရန် ကြိုးဖြင့် ရစ်ပတ် ချိတ်ဆွဲထားလေ့ ရှိကြသည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် ဆောင်းဂျူနတ်မင်းသည် ကောင်ကင်မှ ပင့်ဖိတ်သော အိမ်သို့ လမ်းပေါက်ကာ အိမ်သူအိမ်သားများကို စောင့်ရှောက်ရန် ထိုအိမ်တွင် အတူတကွ ရှိနေသည်ဟု စွဲလမ်းယုံကြည်ကြသည်။



အချို့သော အိမ်များတွင်မူ ဆန်အရက်နှင့် သစ်ခေါက်စက္ကူကို သော့၊က်၊ဟုခေါ်သော ရိုးရာဆန်မုန့်တစ်မျိုးနှင့်အတူ လက်ဖြင့် ထိတွေ့နိုင်စေရန် ဘေ့စ်ဘော ဘောလုံးကို ထက်ခြမ်းခြမ်း၍ တင်မြှောက် ပင့်ဖိတ်လေ့ ရှိကြသည်။ ဆန်ထည့်သော အိုးငယ်ကို အိမ်ကြမ်းပြင် တစ်နေရာ၌ ချထားလေ့ ရှိသော အိမ်များလည်း ရှိကြသည်။ အချို့ကလည်း ကြွေအိုးတွင် ကျောက်ခဲများ ထည့်ကာ အပေါ်မှ စက္ကူဖြင့် ခေါက်ချိုးပြီး အဖုံးလုပ်၍ ပင့်ဖိတ်ကိုးကွယ်သူများလည်း ရှိသည်။ အကယ်၍ ငွေကြေးများ ရရှိလာသောအခါ ဆောင်းဂျူနတ် ပင့်ဖိတ်ထားသော အိုး၌ ထည့်၍ ပူဇော်ပြီးမှ ပြန်လည် ထုတ်ယူ အသုံးပြုလျှင် ကောင်းကျိုးမင်္ဂလာ ဖြစ်စေသည်ဟု ယုံကြည်သူများလည်း ရှိကြသည်။





ကိုရီးယားမိသားစုများ၏ အိမ် အများစုတွင်မူ နွေဦးနှင့် ဆောင်းဦးအခါများ၌ နတ်တင်ခြင်းများ ပြုလုပ်လေ့ ရှိကြကာ၊ များသောအားဖြင့် ဆောင်းဂျူနတ်ကိုသာ ပူဇော်ပသလေ့ ရှိကြလေသည်။ ရိုးရာနှစ်သစ်ကူး၊ ကောက်သစ်စားပွဲစသော အခါကြီး ရက်ကြီး အချိန်အခါများနှင့် နတ်ကန္နားပွဲ ပြုလုပ်လေ့ ရှိသည့် အချိန်အခါများတွင်လည်း ဆောင်းဂျူနတ်ကို ပူဇော်ပသကာ မိမိတို့ လိုအင်ဆန္ဒများ ပြည့်ဝစေရန် ဆုတောင်းလေ့ ရှိကြသည်။


ဆောင်ဂျူနတ်ပင့်ဖိတ်ပေးနေသူ နတ်ကတော်တစ်ဦး

ဆောင်းဂျူနတ်စင်တွင် တင်မြှောက်သော ဆန်ကို အများအားဖြင့် လပြက္ခဒိန် ၁လပိုင်းနှင့် ၁၀လပိုင်းတို့၌ ကောက်သစ်ဆန်ဖြင့် လဲလှယ် တင်မြှောက်လေ့ ရှိကြသည်။ ထိုသို့ တင်မြှောက်ပြီးသော ဆန်ကိုမူ အခြားသူများအား ပေးကမ်းခြင်း မပြုလုပ်ကြပဲ ချက်ပြုတ်၍  မိသားစုဝင်များသာ စားသုံးလေ့ ရှိကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ နတ်စင်မှ ချသော ဆန်ကို အိမ်အပြင်သို့ ရောက်စေခြင်းသည် ကောင်းကျိုးမင်္ဂလာများကို အခြားသူများအား ပေးကမ်းခြင်းနှင့် တူသည်ဟု ယုံကြည်သော ထုံးတမ်းဓလေ့ကြောင့် ဖြစ်လေသည်။


ဆောင်းဂျူနတ်ပင့်ဖိတ်ရန် အိမ်ကို ပြင်ဆင်ထားပုံ

ကိုရီးယား အမျိုးသားယဉ်ကျေးမှု သုတေသနအဖွဲ့က ၂၀၀၄ခုနှစ်မှ ၂၀၀၆ခုနှစ်အတွင်း ကိုရီးယားနိုင်ငံ အနှံ့အပြား မြို့ပေါင်း ၁၆၃ မြို့၊ ရွာပေါင်း ၄၈၉ ရွာ၌ နတ်ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးစံနှင့် အလေ့အထတို့ကို သုတေသန ပြုခဲ့ကြသည်။ သုတေသန ပြုလုပ်ချက်အရ ကိုရီးယားနိုင်ငံအတွင်း ဆောင်းဂျူနတ် ပင့်ဖိတ်ကိုးကွယ်မှု ဓလေ့မှာ အများအားဖြင့် ၃ မျိုး ရှိလေသည်။ ၎င်းတို့မှာ စက္ကူဖြင့် ပင့်ဖိတ်ကိုးကွယ်ခြင်းဓလေ့(한지형)နှင့် အိုးဖြင့် ပင့်ဖိတ်ကိုးကွယ်ခြင်းဓလေ့(단지형)့တို့အပြင် ထိုနည်းလမ်း ၂မျိုးစလုံး အသုံးပြု၍ ပင့်ဖိတ်ခြင်းတို့ ဖြစ်ကြသည်။ ဒေသအလိုက် ကိုးကွယ်သည့် ဓလေ့များကို အောက်တွင် မြေပုံအညွှန်းဖြင့် ပြထားသည်။ အဆင့်မြင့် တိုက်ခန်းအိမ်ယာတွင် နေထိုင်သူများတွင်ပင် ဆောင်းဂျူနတ် ပင့်ဖိတ်ကိုးကွယ်သည့်နေရာရှိ မျက်နှာကျက်ကို အပေါက်ဖောက်၍ ဆောင်းဂျူနတ် အသက်၀၀ ရှူနိုင်စေရန် ပြုလုပ်ထားတတ်ကြသေးသည်။ အကယ်၍ မိမိတို့ နေထိုင်သော အိမ်ယာ ပြောင်းရွှေ့ရသော အခါမျိုးတွင် ဆောင်းဂျူနတ် ပင့်ဖိတ်သည့် အိုးကို မြေတွင် မြှပ်နှံ၍ စက္ကူကိုမူ သစ်ပင်တွင် ချိတ်ထားခဲ့ကာ ပြောင်းရွှေ့သွားသော အိမ်အသစ်၌ ထပ်မံ ပင့်ဖိတ်လေ့ ရှိကြလေသည်။
ဒေသအလိုက် ကွဲပြားသော ဓလေ့ထုံးစံများပြပုံ





ဂျိုစန်းနတ် (조상신)


ဂျိုစန်းနတ် ပူဇော်ထားပုံ

ဂျိုစန်းနတ်သည် မျိုးနွယ်စုကို စောင့်ရှောက်သော နတ် ဖြစ်သည်။ ဂျိုစန်းနတ် ကိုးကွယ်ပုံ ၂ မျိုး ရှိလေသည်။ အခါကြီးရက်ကြီးများတွင် ပူဇော်ပသသော စားပွဲ၌ ပင့်ဖိတ်သော ဂျိုစန်းနတ်နှင့် အိမ်၌ အိမ်တွင်းနတ်အဖြစ် ကိုးကွယ်သော ဂျိုစန်းနတ်ဟူ၍ ဖြစ်သည်။ အခါကြီး ရက်ကြီးများတွင် ပူဇော်ပသသော ဂျိုစန်းနတ်မှာ ကွန်ဖြူးရှပ်ဓလေ့အရ ပူဇော် ပသရသော လူမျိုးစု ဂျိုစန်းနတ် ဖြစ်သည်။ အိမ်တွင်း ဂျိုစန်းနတ်မှာ မျိုးနွယ်စု၏ ဘိုးဘေးဘီဘင် အဆက်ဆက်ကို နတ်အဖြစ် ကိုးကွယ်ယုံကြည်ကြခြင်းပင် ဖြစ်သည်။ မိသားစုတစ်စုရှိ အဘိုးအဘေးများသည် သားမြေးမြစ်များကို စောင့်ရှောက်လျှက် ရှိသည်ဟု ယုံကြည်ကြရာမှ ထိုသို့ ကွယ်လွန်သွားသော မိမိတို့ ဘိုးဘေးများ၏ ၀ိဉာဉ်ကို ပင့်ဖိတ်၍ ဂျိုစန်းနတ်ခေါ် ရိုးရာနတ်အဖြစ် ကိုးကွယ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုရိုးရာနတ်များကို ပင့်ဖိတ် ကိုးကွယ်သော နေရာမှာမူ အိမ်တွင်းခန်း၏ ကြမ်းပြင်တစ်နေရာရှိ နံရံအောက်နားနေရာ၌ ဖြစ်သည်။ အချို့မှာ မြေအိုး၊ ကြွေအိုး၊ အိတ်တို့ဖြင့် ပင့်ဖိတ်ပူဇော်လေ့ ရှိကြသော်လည်း ဂျိုစန်းနတ်၏ သင်္ကေတ အမှတ်အသားအဖြစ် သီးသန့် ထားရှိခြင်းမျိုး မရှိချေ။ မြေအိုးဖြင့် ပူဇော်သောအခါတွင် ဘာလီပေါ်ချိန်၌ ဘာလီစေ့များ ထည့်၍ ပူဇော်ကာ၊ စပါးပေါ်ချိန်၌ စပါးစေ့များဖြင့် ပြောင်းထည့်၍ ပူဇော်သော ဓလေ့လည်း ရှိကြသည်။ အချို့ကလည်း မိမိတို့ ဒေသထွက် သစ်သီးဝလံများဖြင့် ပူဇော်လေ့ ရှိကြသည်။


ဂျိုစန်းနတ် ပူဖော်ကန်တော့နေသူတစ်ဦး

ကိုရီးယားနိုင်ငံရှိ အိမ်အများစု၌ ဂျိုစန်းနတ် ကွယ်လွန်သော နေ့၊ ရက်၌ အိပ်ခန်းတွင်း နံရံ တစ်နေရာတွင် မိမိတို့၏ မျိုးနွယ်မှာ မည်သူဖြစ်သည်ကို စက္ကူ၌ ရေးသား၍ နတ်တင်သည့် စားပွဲတွင် ကပ်ကာ ပူဇော်ပသလေ့ ရှိကြသည်။ ယင်းသို့ ပြုလုပ်ကြခြင်းမှာ ဂျိုစန်း၊င်၊နတ်သည် အိပ်ခန်းအတွင်းဘက် နံရံ တစ်နေရာ၌ စံပျော်သည်ဟု ယူဆခဲ့ကြသော ရိုးရာအစွဲအလမ်းကြောင့် ဖြစ်လေသည်။ ကိုရီးယားလူမျိုးတို့သည် မိမိတို့၏ အတွေးအခေါ်၊ အယူအဆ၊ ဗီဇ နှင့် ဓလေ့စရိုက်များသည် မိမိတို့၏ ဂျိုစန်းနတ်ဖြစ်သော ဘိုးဘေးဘီဘင်တို့မှ လက်ခံ ရရှိခဲ့သည်ဟု ယုံကြည်ကြရာ ဂျိုစန်းနတ်ကို အိမ်တွင်း၏ အရေးပါသော နတ်တစ်ပါးအဖြစ် ကိုးကွယ်ပူဇော်ကြလေသည်။


နတ်ကတော်တစ်ဦး နတ်ပင့်နေဟန်

ဂျိုစန်းနတ်ကို အရပ်ဒေသအလိုက် အမျိုးမျိုး ခေါ်ဝေါ်ကြသည်။ ချွန်းချောင်းနမ်ဒို၊ ဘိုလျောင်း(보령) အရပ်ဒေသ၌ ဂျိုစန်းနီးမ်(조상님)ဟူ၍ လည်းကောင်း၊ ဆိုးလ်၌ ဂျယ်ဆော့ဂ်(제석)ဟူ၍ လည်းကောင်း၊ ဂျော်လာနမ်ဒို၊ ဂွမ်ဂျူးအနီးရှိ ဂူလဲအရပ်(구례)နှင့် မူအန်းအရပ်(무안)၌ ဂျယ်ဆော့ဂ်အိုဂါရီ(제석오가리)ဟူ၍ လည်းကောင်း၊ ဟွာဆောင်းအရပ်(화성)၌ ဂျယ်ဆော့ဂ်ဂျူမောနီ(제석주머니)ဟူ၍ လည်းကောင်း၊ အရှေ့ပင်လယ်ရှိ ယောင်းဒေါ့ဂ်ကျွန်း(영덕도)၌ ဆယ်ဂျုန်ဒန်ဂျီ(세존단지)ဟူ၍ လည်းကောင်း၊ ဂယောင်းစန်းနမ်ဒို၊ ထုံးယောင်း(통영)အရပ်၌ ဘူရူဒို့ဂ်(부루독)ဟူ၍ လည်းကောင်း၊ ဂျော်လာဘုဂ်ဒို အင်၊မ်၊ရှီးလ်(임실)အရပ်၌ ဘူရုဒန်ဂျီ(부르단지)ဟူ၍လည်းကောင်း ခေါ်ဝေါ်လေ့ ရှိကြသည်။

ဂျိုစန်းနတ်အား ပူဇော်ပသသော အခါ၌ စားပွဲ သီးသန့် ပြင်ဆင် ပူဇော်လေ့ ရှိကြသည်။ ကောက်သစ်ပေါ်ချိန်၌ ဆောင်းဂျူနတ်နှင့် အတူတကွ ကောက်ပဲသီးနှံအသစ်များဖြင့် တင်မြှောက် ပူဇော်လေ့ ရှိကြသည်။ နတ်ကန္နားပွဲ ပြုလုပ်သည့် အခါများတွင်လည်း ဂျိုစန်းနတ်အား သီးသန့် စားပွဲနေရာ ပြုလုပ်ပေးကာ ပသလေ့ရှိပြီး၊ ထူးကဲသော အစားအသောက်များ ပြုလုပ်ကြသည့်အခါ၌လည်း တစ်ပန်းကန် ပူဇော်ပသလေ့ ရှိကြပေသည်။


ဆက်ပါဦးမည်... ...

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>