Friday, February 28, 2014
မြန်မာအသင်း(ကိုရီးယား)မှ အထူးအစီအစဉ်
Thursday, February 27, 2014
အသုဘရှု (မရဏာ နုဿတိ ပွါးရှုရန်) ဖိတ်ကြားစာ
ယမန်နေ့(ဖေ-၂၆)နံနက်ပိုင်းက အင်ချောန်း ဆောဂု ဝါန်ဂီးဒုံ ၊ စက်ရုံဝင်းတွင်းရှိ အိပ်ဆောင်တွင် ရုတ်တရက်ကွယ်လွန်သွားသော-
ကိုသွန်းငွေမင်း ခေါ် ကိုမြင့်ကြိုင်
၏
ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို သက်ဆိုင်ရာက (ရင်ခွဲ) ဓါတ်ခွဲစမ်းသပ်စစ်ဆေးရန်ရှိပါသဖြင့် ၊ ကွယ်လွန်သူ၏ ရုပ်ကလာပ် ယာယီထားရှိရာ ကောမ်ဒါန် ထပ်ဗြောင်ဝေါန်(검단탑병원) အအေးခန်းမှ ကိုရီးယားနိုင်ငံအမျိုးသား ဓါတ်ခွဲခန်းရှိရာ ဆောအူးလ်မြို့တော်(서울특별시)သို့ အောက်ပါအစီအစဉ်အတိုင်း ရွှေ့ပြောင်းပို့ဆောင်မည်ဖြစ်ပါသည်-
ရက်စွဲ-
၂၀၁၄ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ (သောကြာနေ့)
အချိန်-
နံနက် ၆ နာရီ ၃၀ မိနစ် ၉ နာရီခွဲထိ
*နံနက် ၆ နာရီခွဲ တိတိအချိန် တွင် ထပ်ဗြောင်ဝေါန်မှ ကားများစတင်ထွက်ခွါပါမည် ။
*ပို့ဆောင်စဉ် ယာဉ်တန်းနှင့်အတူ လိုက်ပါရင်း မရဏာနုဿတိ ပွါးများကုသိုလ်တော်ယူနိုင်ကြပါကြောင်း ရပ်ဝေးရပ်နီး မိတ်သင်္ဂဟာအပေါင်းတို့အား လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည် ။
*လိုက်ပါလိုသူများ နံနက် ၆ နာရီခွဲမတိုင်မှီ ကောမ်ဒန် ထပ်ဗြောင်ဝေါန်သို့ အရောက်ကြွရောက်ကြပါရန် ။
ဆက်သွယ်ရန်-
ဆေးရုံဖုန်း-၀၃၂-၅၆၉-၄၅၂၇
စကားပြန်နှင့် ဆက်ဆံရေးမှူး(ယာယီ) - ၀၁၀-၂၇၇၅-၅၈၅၉
Tuesday, February 25, 2014
စာရေးဆရာ တက္ကသိုလ်ဘုန်းကြွယ်၏ စာပေဟောပြောပွဲ
ရေးသားသူ - ရန်နိုင်ထွန်း (လွတ်မြောက်နယ်မြေ - ကိုရီးယား)
တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသူ/မြန်မာနိုင်ငံသား အပေါင်းတို့.......
စာရေးဆရာ ကဗျာဆရာ တစ်ဦး တောင်ကိုရီးယားနိုင်ငံကို အလည်တစ်ခေါက် ခရီးပေါက် ရောက်ရှိလို့လာပါလိမ့်မည်။
သူသည်ကား လက်ရှိ အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ်စကို ပြည်နယ်မှာ နေထိုင်ပြီး စဉ်ဆက်မပျက် အမိမြန်မာပြည်အတွက် မြန်မာ ပြည်သူပြည်သားများအတွက် အကျိုးပြု ကဗျာ တွေကို အားကောင်းမောင်းသန် ရေးဖွဲ့နေသူ ……
သူသည်ကား လွန်လေပြီးသော ၁၉၆၈ ခုနှစ် ကတည်းက ရွှေမြိုင် ဘုန်းကြွယ် ဆိုတဲ့ ကလောင်အမည်နှင့် မြန်မာပြည်သူလူထုအတွက် အသိပညာပေး အထောက်အကူပြု စာပေများနှင့် အများပြည်သူ ပရိသတ် အားပေးမှုကို သွက်သွက်ကလေးရရှိခဲ့သူ …..
သူသည်ကား စစ်အစိုးရရဲ့  စာပေကင်ပေတိုင်တို့ရဲ့ စာပေ စစ်ဆေးရေးဆိုတဲ့ ဖိနှိပ်ချုပ်ချယ်မှု ကြောင့် အတွေးမရောက်လို့ ပြေးပေါက်ရှာတော့..ပေါက်အားကောင်းတဲ့ သမိုင်းလမ်းကြောင်းမပြု သိုင်းဝတ္ထုတွေကို အခြေအနေရ ပြုစုရေးသားခဲ့ရရှာလေသူ …..
သူ့ အကြောင်း အဖြစ်ဟောင်းတွေ ပြန်ပြောင်းရေးပြရရင် ရန်ငါ ပြတ်ခဲ့တဲ့ ကျောင်းသားနဲ့ စစ်အစိုးရ..ဖြစ်သမျှအကြောင်းတွေပါ အစစ်ပါကာ ရေးပြရတော့မှာမို့ …..
သူ ဆိုသည့် ရွှေမြိုင် ဘုန်းကြွယ် သို့မဟုတ် တက္ကသိုလ် ဘုန်းကြွယ် အမည်ရှိ စာရေးဆရာ ကဗျာဆရာရဲ့ တကိုယ်တော် စာပေဟောပြောပွဲ ကို တောင်ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသူ/ မြန်မာနိုင်ငံသား အပေါင်းတို့ အတွက် ဆရာ့ရဲ့ အမိ မြန်မာပြည်ကအပြန် အမေရိကန်နိုင်ငံ သို့ အသွား လမ်းခုလတ်မှာ အဖိုးမဖြတ်နိုင်တဲ့ စာပေရသ ကဗျာ ဒဿန တွေကို နားဆင်နိုင်စေဖို့အတွက် …..
Monday, February 24, 2014
သန္တိရဝိဟာရ နှစ်နှစ်ပြည့် ကုသိုလ်
ဝမ်းမြှောက် ဂုဏ်ပြုမှတ်တမ်းတင်ခြင်းနှင့် သာဓုခေါ်နိုင်၇န်
တောင်ကိုရီးယားနိုင်ငံ အန်ဆန်းမြို့ သန္တိကရဝိဟာရကျောင်း တည်ထောင်ခြင်း
နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၂၃.၂.၂၀၁၄) တနင်္ဂနွေနေ့က
ကုသိုလ်ပြုဆွမ်းကပ်အလှူကို ပြုလုပ်ဖြစ်ခဲ့ပါတယ်။
ဗူဖျောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းမှ ဆရာတော်ဦးဥတ္တရ၊ ဓမ္မဒူတကျောင်းမှ ဦးကိတ္တိသာရ၊ ဦးကဝိသာရတို့ ကြွရောက်ချီးမြှောက်ကြသည်။
ဆရာတော် ဦးဥတ္တရမှ မီးရိုးဖလာဗုဒ္ဓဘာသာမှ ဗုဒ္ဓဘာသာအစစ်ဖြစ်ဘို့ ဗုဒ္ဓါနုဿတိဘာဝနာပွါးများဘို့။
ဦးကတ္တိမှ မညီတာတွေ လိုက်မညှိဘို့ ညီစေချင်ရင် ကိုယ်တိုင်က ဗြဟ္မစိုရ်တရား
ကိန်းအောင်ကြိုးစားရင်း အားလုံးညီညွတ်လာ အဆင်ပြေလာမည်ဖြစ်ကြောင်း။
ဦးကဝိသာရမှ ရှုပ်ထွေးတဲ့ လောကထဲမှာ ကိုယ်ကမရှုပ်ထွေး ပြဿနာတွေမဖြစ်အောင် နေနိုင်ကြဘို့ အသီးသီး သြဝါဒ ပေးခဲ့ကြသည်။
နောက်ဆုံး နိဂုံးချုပ်အနေနဲ့ တောင့်တမှုတွေ လိုချင်မှုတွေ
ပြည့်ဝနိုင်ဘို့ဆိုရင် သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တရားလေးပါးရှိအောင်
ကြိုးစားကြဘို့။ ရှိရင် ဆန္ဒတွေပြည့်ဝနိုင်ကြောင်း အနုမောဒနာဟောကြားပြီး
ရေစက်ချ အမျပေးဝေးခဲ့ကြသည်။
အလှူရှင်တွေကတော့ အရုဏ်ဆွမ်းကို
ကွယ်လွန်သူဖခင်ကြီး ဦးစိန်ကြည်အတွက် ကိုမြတ်မင်းဦးမှလည်းကောင်း၊
နေ့ဆွမ်းကို ဘုရားအလှူရှင်များဖြစ်သော 'စိတ္တသာမဂ္ဂီလူငယ်များအဖွဲ့'မှ
တာဝန်ယူလှူဒါန်းခဲ့ကြသည်။
ကျောင်းနှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ်
ကုသိုလ်ယူသည့်အနေဖြင့် ဖူဆန်မြို့၌ မြန်မာပိုင်ကျောင်းအဖြစ်
အသစ်ဖွင့်လှစ်တော့မည့် 'ဓမ္မယာနပြည်တော်ဦးကျောင်း'သို့ အလှူငွေ '၃၀၀,၀၀၀'
ဝမ်ကို ဘဏ်မှလွဲအပ်လှူးနိုင်ခဲ့ကြပါသည်။
ကြွရောက်လှူဒါန်းကြသော
အလှူရှင်များ၊ အားပေးကြသော ပရိတ်သတ်အားနှင့် ဆရာတော်များအားလုံးကို
ကျေးဇူးတင် ဝမ်းမြှောက် သာဓုခေါ်ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
သန္တိကရဝိဟာရဆရာတော်
၂၄၊ ၂၊ ၂၀၁၄
Sunday, February 23, 2014
ကျန်းမာရေး အာမခံကြေး ဘယ်လောက်ပေး
ရေးသားသူ —စိုးမိုးသူ
နိုင်ငံခြားသားအလုပ်များအနေနဲ့လည်း လစဉ် လစာထဲကနေ ကျန်းမာရေးအာမခံကြေးကို မဖြစ်မနေပေးဆောင်ရပါတယ်။ပေးဆောင်ရမယ့် နှုန်းက ၆%ပါ။ အဲ့ဒီ ၆ရာခိုင်နှုန်းကို သူဌေးက တဝက်၊ အလုပ်သမားက တဝက် ၃%စီဆောင်ရပါတယ်။
တချို့ အလုပ်ရှင်တွေကတော့ အလုပ်သမားက ကောင်းကောင်း မသိတာကို အခွင့်အရေးယူပြီး အလုပ်သမားရဲ့ လစာထဲကနေ ၁၀၀% ဖြတ်ပြီး ဆောင်လေ့ရှိပါတယ်။
ကဲ လစဉ် ကိုယ့် လစာထဲက ပေးဆောင်နေရတဲ့ ကျန်းမာရေး အာမခံကြေးက ဘယ်လောက်လဲ၊
တကယ်ဆောင်ရမှာထက် ပိုများနေလား၊
အလုပ်ရှင်ကများ ကိုယ့်ကို လှီးနေလား သိချင်ရင်တော့ ပြားမယွမ်းပဲ အတိအကျ ကိုယ်တိုင်တွက်ကြည့်နိုင်ဖို့ အောက်က လင့်ခ်ကို သွားပါ။
Saturday, February 22, 2014
ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများအားဖိတ်ကြားခြင်း
ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲ
ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံရှေ့နေများကွန်ယက်မှ ရှေ့နေကြီးဦးကြီးမြင့် နှင့် လူငယ်ရှေ့နေ ကိုဇော်မင်းလှိုင်တို့မှ
မနက်ဖြန် တနင်္ဂနွေ (၂၃၊၂၊၂၀၁၄)ရက်နေ့ နေ့လည် (၁)နာရီမှ ညနေ(၄)နာရီထိ NLD (LA) KOREA ရုံးခန်းတွင် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်
တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း
ဆွေးနွေးနိုင်မည် ဖြစ်ပါသောကြောင့် မပျက်မကွက်တက်ရောက်ကြပါရန်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ထူးခြားသတင်းများအား မှတ်ချက်ပြုခြင်း
"ကော်မတီဥက္ကဌက ပြည်ထောင်စုလွှတ်တော် နာယက ကျွန်ုပ်ထံသို့ အခြေခံမူချမှတ်ပေးရန် စာရေးသားတင်ပြလာပါတယ်၊ ယခုလို ကော်မတီရဲ့ စာဖြင့် ရေးသားတင်ပြချက်အရ ပြည်ထောင်စုလွှတ်တော် နာယကအနေဖြင့် ကြားသိတွေ့မြင်နေရ တဲ့ ပြည်သူများရဲ့အသံ ပြည်သူများရဲ့ဆန္ဒများကို အလေးထားဂရုပြုလျှက် အဖက်ဖက်မှ လေ့လာသုံးသပ်ပြီး ကော်မတီရဲ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင် အဆင်ပြေစေရေးအတွက် လုပ်ငန်းဆိုင်ရာ အခြေခံမူအဖြစ် သုံးသပ်ဆောင်ရွက်နိုင်ရန် ကော်မတီသို့ စာတစ်စောင်ပေးပို့ထားကြောင်း အသိပေးတင်ပြအပ်ပါသည်"
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖေါ်မှု ကော်မတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ ကို လေ့လာသုံးသပ် အကြံပြုဖို့ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီနေ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ ထံပေးပို့တဲ့ အကြံပြုစာထဲမှာ ထည့်သွင်းဖေါ်ပြထား ပါတယ်။
နာယကရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကြံပြုစာထဲမှာ တပ်မတော်ရဲ့ လွှတ်တော်အတွင်းပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီဘောင်အတွင်း ရောက်ရှိနိုင်ဖို့၊ ဗဟိုဦးစီးစနစ်လျှော့ချပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှမှု အခွင့်အရေးစတဲ့ ကိစ္စရပ်တွေအတွက် လိုအပ်ရင် ပြင်ဆင်နိုင်ဖို့အတွက်လည်း လေ့လာဖို့ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် လက်ရှိ နိုင်ငံတော်သမ္မတ ရွေးချယ်မှုပုံစံဟာ ပါလီမန်စနစ်ရဲ့ ၀န်ကြီးချုပ် ရွေးချယ်ရေးပုံစံလို ဖြစ်နေ တာကြောင့် လိုအပ်ရင် ပြင်ဆင်နိုင်ဖို့ လေ့လာသုံးသပ်ပေးဖို့ကိုလည်း ပြောထားပါတယ်။ (RFA 2014-02-18)
မှတ်ချက်
အခန်း ၁၂ ကို လေ့လာသုံးသပ်ဖို့ အကြံပြုချက်ကို ကြိုဆိုပါတယ်။ ပြင်ဆင်လို့မရနိုင်အောင် လုပ်ထားတဲ့ ဒီအခန်းကို အရင်ပြင်ရမှာပါ။ ဒါပေမဲ့ ကြံ့ဖွံ့ပါတီက အကြံပြုထားသလို ၇၅ ရာခိုင်နှုန်းကျော်အစား ၇၅ ရာခိုင်နှုန်းသတ်မှတ်ဖို့ကတော့ နိုင်ငံတကာစံနှုန်းနဲ့ မညီပါဘူး။ သုံးပုံနှစ်ပုံ( ၆၅ ဒါမှမဟုတ် ၆၆ ရာခိုင်နှုန်း) ဖြစ်ရပါမယ်။တပ်မတော်က လွှတ်တော်ထဲပါဝင်တဲ့ အခန်းကဏ္ဍကို ဒီမိုကရေစီဘောင်ထဲ ရောက်နိုင်ဖို့ဆိုတာ ဘာကိုဆိုလိုတာလဲ မသိဘူး။ ဒီမိုကရေစီဘောင်ထဲကို တပ်မတော်ရောက်ဖို့ဆိုရင် လွှတ်တော်ထဲက ချက်ခြင်းထွက်သွားရအောင် ပြင်ဖို့လိုပါတယ်။ တပ်မတော်က ကိုယ့်အလုပ်ကို ကိုယ်ပြန်လုပ်ပါ။ ဒါဆို ပြည်သူချစ်တဲ့ တပ်မတော် ဖြစ်လာပါလိမ့်မယ်။
ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှဖို့ဆိုတာလည်း လိုကိုလိုအပ်နေတဲ့ အရာတွေပဲ။ နိုင်ငံတော်သမ္မတ ရွေးချယ်ပုံနဲ့ ပတ်သက်ပြီး ထောက်ပြတာကောင်းပါတယ်။ ပြည်သူက တိုက်ရိုက်ရွေးချယ်တဲ့စနစ်ကို ရိုးရိုးသားသားရည်ညွှန်းရင်တော့ လူသာဓုခေါ် နတ်သာဓုခေါ်ပါပဲ။ ဒါပေမဲ့ ပြည်သူချစ်တဲ့ ခေါင်းဆောင်တွေ ရှိနေသရွေ့တော့ အဲဒီစနစ်ဖြစ်နိုင်ပါ့မလားလို့ သံသယ တော်တော်ကြီးပါတယ်။
အရေးအကြီးဆုံးက သုံးသွားတဲ့ စကားလုံးတွေကောင်းသလောက် တကယ်ပြင်ပေးဖို့ပါပဲ။ ဒီစကားလုံးတွေကို ဗန်းပြသုံးပြီး စစ်အုပ်စုအကျိုးစီးပွါးအတွက်ကိုပဲ ကြည့်ပြီးပြင်ရင်တော့ လိမ်တာပဲ။ စကားပုံရှိတယ်။ Deeds say louder than words. အလုပ်က သက်သေခံပါလိမ့်မယ်။ သုံးတဲ့စကားလုံးတွေနောက်ကို လိုက်ပြီးမမျောမိဖို့ သတိထားရပါလိမ့်မယ်။
သူတို့ပြောရိုးပြောစဉ်အတိုင်း နာယကကြီးက အကြံပဲ ပြုလို့ရတာ။ လွှတ်တော်ထဲမှာ ဒီမိုကရေစီနည်းကျ အများသဘောဆန္ဒကို မဲခွဲဆုံးဖြတ်မယ်လို့ အနိုင်ပိုင်းတဲ့လေသံနဲ့ ပြောမှာ အသေအချာပဲ။ ဒီလွှတ်တော်ထဲမှာ ရောက်နေတဲ့လူတွေ အကုန်လုံးကို ပြည်သူက လွတ်လွတ်လပ်လပ် ရွေးချယ်ထားမှ ဒီစကားကို ပြောတာမှန်ပါလိမ့်မယ်။ လွတ်လပ်ရွေးချယ်မှု (Freedom of Choice) မရှိဘဲ စစ်တပ်က ၂၅ ရာခိုင်နှုန်း အချောင်တက်ထိုင်နေပြီးတော့ အများစုမဲ (Majority Vote)ဆိုတာကို အကြောင်းပြပြီး ဒါဟာ ဒီမိုကရေစီနည်းကျပါတယ်လို့ ပြောရင်တော့ ထပ်လိမ်ပြန်ပြီလို့ ပြောပါရစေ။
စာပေဟောပြောပွဲ ဖျက်သိမ်းလိုက်ရ
မနေ့ညက ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် စာပေဟောပြောပွဲကို ရန်ကုန်မြို့ မြောက်ဥက္က လာပမြို့နယ်မှာ ကျင်းပဖို့ ပြင်ဆင်နေစဉ်မှာ အဲဒီ စာပေဟောပြောပွဲမှာ အစ္စလာမ်ဘာသာဝင် နှစ်ဦး ပါဝင်တာကြောင့်ဆိုပြီး သံဃာတစ်ချို့က လာရောက် တားမြစ်ခဲ့တာကြောင့် စာပေဟောပြောပွဲကို ဖျက်သိမ်းခဲ့ရပါတယ်။အဲဒီ ပြည်ထောင်စုနေ့ စာပေဟောပြောပွဲ မှာ ဟောပြောဖို့ စီစဉ်ထားသူတွေထဲမှာ တရား လွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမြအေးတို့ ပါဝင်ပါတယ်။ သူတို့နှစ်ဦး ပါတာကြောင့် မျိုးချစ်သံဃာများသမဂ္ဂအဖွဲ့ က ဟောပြောပွဲမကျင်းပဖို့ ကန့်ကွက်တာဖြစ်ကြောင်း ကြိုတင်အကြောင်းကြားခဲ့တယ်လို့ စာပေဟောပြောပွဲ စီစဉ်သူ မဇင်မာအောင်က ပြောပါတယ်။ (RFA 2014-02-13)
စာပေဟောပြောပွဲကနေ ၈၈ ကိုမြအေး ဖယ်ရှားခံရ
မန္တလေးမြို့  မျက်ပါးရပ်မှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ မနေ့ ညက ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာ မူလကြေညာ ထားခဲ့တဲ့ ဟောပြောမယ့် ပုဂ္ဂိုလ်တွေထဲက ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့  အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အစ္စလာမ် ဘာသာဝင် ကိုမြအေးကို ထုတ်ပယ်ပစ်ဖို့ သံဃာတော်တချို့က လာရောက်ကန့်ကွက်ခဲ့ကြတဲ့ အတွက် ဖယ်ရှားပေးလိုက်ရတယ်လို့ သိရပါတယ်။ (RFA 2014-02-15)မှတ်ချက်
ဘာသာရေးကို အကြောင်းပြပြီး ဒီလိုကန့်ကွက်တားဆီးတာဟာ ဘုရားဟောနဲ့လုံးဝ ဆန့်ကျင်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့လည်း ပြောင်းပြန်ပါပဲ။ လူတစ်ယောက်က ပြစ်မှုတစ်စုံတစ်ခု ကျူးလွန်ခဲ့ရင် အဲဒီလူဟာ ဘာလူမျိုးလဲ ဘယ်ဘာသာကိုးကွယ်တာလဲ ဆိုတာနောက်ကို မလိုက်ဘဲ တရားဥပဒေအရ ချက်ချင်းထိထိရောက်ရောက် ကိုင်တွယ်ဖို့သာ လိုအပ်ပါတယ်။ လူကို လူလို ကျနော်တို့ ကြိုးစားပြီး မြင်ကြည့်ကြရအောင်ဗျာ။ ကျေးဇူးတင်ပါတယ်။
သက်နိုင် (၂၀၁၄. ၂. ၂၂)
အခမဲ့ဆေးစစ်၊ဆေးကုရှိပါသည်။ (၂ဝ၁၄၊၀၂၊၂၃)
မေတ္တာရှင် ကိုရီးယား နယ်လှည့် ဆေးကုဆရာဝန်များအသင်းက လာမည့် ၂ဝ၁၄
ဖေဖေါ်ဝါလရီ ၂၃ ရက်၊ တနင်္ဂနွေနေ့ ၊ နေ့ လည် ၂ နာရီမှ ညနေ ၄ နာရီထိ ၊
မြန်မာအသင်း(ကိုရီးယား)
တည်ရှိရာ ဘူချောန်းမြို့ ရွှေ့ပြောင်းသူများရိပ်သာ (부천외국인 근로자의집) တွင်
အောက်ဖော်ပြပါ ရောဂါများကို ဦးရာလူစနစ်ဖြင့် ရှာဖွေ ကုသပေးမည်ဖြစ်ကြောင်း
အသိပေးအပ်ပါသည်။ ။
- အိပ်စ်ရေး ၊ ဓါတ်မှန် ရိုက်ကူးခြင်း
- အာလ်ထရာဆောင်း ရိုက်ကူးပေးခြင်း
- သွား ရောဂါအမျိုးမျိုးကုသပေးခြင်း
- မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါအမျိုးမျိုးကုသပေးခြင်း
- သားဖွား နှင့် မီးယပ်ရောဂါအမျိုးမျိုးတို့ဖြစ်သည်။
ဆက်သွယ်ရန်၊ ၊
ဦးခင်မောင်ရင် ... ၀၁၀ - ၂၇၈၈ - ၇၁၅၃
မှတ်ချက်။ လူဦးရေများပြားသောကြောင့် ကြိုတင်သွားရောက်၍ တိုကင်များကိုယူထားရန်
Friday, February 21, 2014
7 Ladies Show ရုံဝင်လက်မှတ်များ ရောင်းချပေးနေပြီ
ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ်များ အပမ်းပြေစေရေးအစီအစဉ်အဖြစ် ၊ ဆုံဆည်းရာမှ စီစဉ်တင်ဆက်သော-ဆဲဗင်းလေဒီရှိုး(7 Ladies Show) ရုံဝင်လက်မှတ်များ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှစ၍ ဆုံဆည်းရာ (ဘူဖျောင်း) နှင့် ရွှေမြို့သူ(ဂင်မ်ဟဲ)တို့တွင် တစ်စောင်လျင် ဝမ် ၅၀၀၀၀ (ငါးသောင်း) နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း -
ပွဲနေ့
၂၀၁၄ ခုနှစ် မတ်လ ၁၆ (တနင်္ဂနွေ)
အချိန်
နေ့လည် ၂ နာရီမှ ၆ နာရီထိ
နေရာ
ဘူဖြောင်းအတ်စ်ဆင်တာ(Bupyeong Art Center/부평아트센터)
လမ်းညွှန်-
ဘက်ကွန်(Baegun Station/백운역)ဘူတာ ထွက်ပေါက်(၂)မှ ဘယ်ဖက် မီတာ ၃၀
- ပွဲနေ့ ၊ ခမ်းမတွင် ရုံဝင်လက်မှတ် ရောင်းချမည်မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
-ထိုင်ခုံနေရာများမှာ ဦးရာလူ ကြိုက်ရာနေရာရွေးစနစ်ဖြစ်ပါသည်။
Monday, February 17, 2014
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုသူ မြန်မာနိုင်ငံသားများအတွက်သတင်းကောင်းပါ
ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ပါတီကြီးနဲ့ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး ထဲကနေမွေးဖွားပေးလိုက်တဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ ပူးတွဲကြေညာချက်ကတော့ လူသာဓု၊ နတ်သာဓု ခေါ်ဆိုနိုင်လောက်ပါပြီဗျာ။ ဒီအဖွဲ့ကြီးနှစ်ဖွဲ့ နှင့်အတူ ဒီမိုကရေစီကိုအမှန်တကယ်လိုလားတဲ့ အင်းအားစုတွေက ခင်ဗျားတို့ ၊ ကျနော်တို့နဲ့ အတူတူလက်တွဲပြီး ဘာတွေလုပ်ပေးမှာလဲ
(၁) ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ စိတ်နှလုံးဧချမ်းစွာနဲ့ ကျောင်း၊ကန်၊ဇရပ်တွေမှာသွားပြီး ကောင်းမှုသီလဆောက်တည်နိုင်ဖို့။
(၂) ကျနော်တို့ ဗုဒ္ဓသားတော်တွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေ ဗုဒ္ဓရဲ့ တရားတော်တွေကို ကျင့်ကြံအားထုတ်ပြီး ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့။
(၃) ကျနော်တို့ ခရစ်ယာန်ဘာသာဝင်တွေ ငြိမ်းချမ်းစွာနဲ့ ဘုရားကျောင်းတွေမှာသွားပြီး ဝတ်ပြုဆုတောင်းနိုင်ဖို့။
(၄) ကျနော်တို့ အစ္စလမ်ဘာသာဝင်တွေ ငြိမ်းချမ်းစွာနဲ့ ဗလီတွေမှာသွားပြီး ဝတ်ပြုနိုင်ဖို့။
(၅) ကျနော်တို့ ဟိန္ဒူဘာသာဝင်တွေ ဘုရားကျောင်းတွေမှာသွားပြီး ဆုတောင်းနိုင်ဖို့။
(၆) ကျနော်တို့ မြန်မာနိုင်ငံမှာ ရှေးအစဉ်အဆက်ကရှိလာတဲ့ ဘာသာပေါင်းစုံ ကိုးကွယ်သူတွေ အတူယှဉ်တွဲနေထိုင်နိုင်ဖို့။
(၇) ကျနော်တို့ နယ်စပ်ဒေသတွေမှာရှိတဲ့ သွေးရင်း၊သားရင်း တိုင်းရင်းသားညီအစ်ကိုတွေ မိမိတို့မွေးရပ်မြေမှာ အေးချမ်းစွာ နေထိုင်စားသောက်၊ ပညာတွေဆည်းပူးနိုင်ဖို့အတွက်
(က) စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ်ပေါက်ဖို့လိုပါတယ်။
(ခ) တရားဥပဒေ အမှန်တကယ်စိုးမိုးဖို့လိုပါတယ်။
ဒီဟာတွေ ရဖို့အတွက် ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာဖို့လိုပါတယ်။ ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရကသာလျှင်၊ ပြည်သူတွေရဲ့ အခက်အခဲ၊အကြပ်အတည်းတွေကိုဖြေရှင်းနိုင်မှာပါ။ ဒီဟာတွေအမှန်တကယ်ရဖို့အတွက် စစ်အာဏာရှင်တွေရဲ့ နောက်ဆုံးခံတပ်၊ ခံတုတ်ကျွင်းဖြစ်တဲ့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကို ပြင်နိုင်မှရမှာပါ။ ဒီဖွဲ့စည်းပုံကိုပြင်ဖို့ ပြည်သူ့အားလိုပါတယ်။ လူ့လောကကြီးထဲမှာ လူလို၊သူလိုနေထိုင်နိုင်ဖို့အတွက်၊ မိမိတို့မွေးရပ်မြေမှာ လုံခြုံအေးချမ်းစွာနဲ့ နေထိုင်၊လုပ်ကိုင်စားသောက်နိုင်ဖို့အတွက်၊ ဒီစစ်အာဏာရှင်တွေကို ဆန့်ကျင့်ဖို့လိုပါတယ်။ ဒီစစ်အာဏာရှင်တွေရဲ့ ဒေါက်တိုင်တွေ၊ စစ်ခွေးနောက်လိုက်တွေ ကို ရဲရဲရင့်ရင့် ဆန့်ကျင်တော်လှန်အောင်မြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူအဖွဲ့အစည်း) တို့နှင့် ပူးပေါင်းလက်တွဲတိုက်ပွဲဝင်ဖို့ ၊ ထောက်ခံအားပေးဖို့ အချိန်ရောက်ပါပြီ
လို့ နိုးဆော်သတိပေးလိုက်ရပါသည်။
အားလုံးကိုလေးစားလျက်
ဝင်းလှိုင်
Sunday, February 16, 2014
ကျောင်းနှစ်ပါတ်လည် ဆွမ်းကပ်အလှူ
ရေးသားသူ — သန္တိက၇ဝိဟာရ
ကိုရီးယား၌ မြတ်ဗုဒ္ဓ၏ အဆုံးအမများကို ဟောကြားပြသရန်နှင့် တတ်စွမ်းသမျှ မြန်မာလူမျိုးများအား ကူညီမှုပေးရန် ရည်သန်လျက် သန္တိကရဝိဟာရကို အန်ဆန်းမြို့၌ ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် ဖွင့်လှစ်တည်ထောင်ခဲ့ပါသည်။
ယ္ခု ကျောင်းဖွင့်လှစ်ခြင်း နှစ်နှစ်မြှောက် နှစ်ပါတ်လည် အထိမ်းအမှတ်ကို သာသနာပြုလုပ်ငန်းများ ဆက်လက်ပြီး လုပ်ဆောင်နိုင်ဘို့ စိတ်ရည်သန်လျက် "မွေးနေ့ မွေး၇က်ကုသိုလ်ဆက် အသက်ပို၍ရှည်" ဆိုသည့်အတိုင်း ကုသိုလ်များဆထက်တိုးနိုင်စေဘို့ ဘုရားအမှူးရှိသော သံဃာတော်များကို ဆွမ်းစသည့်လှူဖွယ်များ ဆက်ကပ်လှူဒါန်းမှုများကို ကြိုးစားအားထုတ်ကြပါမည်။
ထိုကုသိုလ်ပြုအလှူကို ဘုရားဒကာများ ဖြစ်ကြသော "စိတ္တသာမဂ္ဂီ လူငယ်များ"မှ တာဝန်ယူပြီး မြန်မာဟင်းထ္မင်းဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းမှာ ဖြစ်သည့်အတွက် အားလုံးသော ရွှေမြန်မာများကို ကြွေ၇ာက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
နေ့၇က် - ဖေဖေါ်ဝါရီလ (၂၃) ရက် တနင်္ဂနွေနေ့
တရားတော်နာ - မနက် (၁၀) နာရီ
ဧည့်ခံမှု - မြန်မာဟင်းထ္မင်း (မနက် - ၁၁-နာရီမှစ၍)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်း
ရက်လည်ဆွမ်းကပ်အလှူ
ရေးသားသူ — သန္တိကရဝိဟာရဆရာတော်
ကိုရီးယား၌ စီးပွါးရှာနေသော အန်ဆန်းကျောင်းအလှူအတန်း ဖြစ်မျြောက်အေင်မြင်စေ၇န် ချက်ပြုတ်မှု ဝေယျာဝစ္စကို အဓိက တာဝန်ယူပေးနေသော မြောက်ဥက္ကလာပမြိုနယ် တုသိတာ (၁)လမ်းနေ ကိုမြတ်မင်းဦး၏ အနန္တဂိုဏ်း ကျေးဇူးရှင်ဖခင်ကြီး ဦးစိန်ကြည် အသက် (၈၀)နှစ် သေည် (၁၅၊ ၂၊ ၂၀၁၄) စနေနေ့ နံနက် (၁၀)နာရီတွင် ဘဝတပါး ပြောင်းသွားကွယ်လွန်သွားခဲ့ပါသည်။
ကွယ်လွန်သူဖခင်ကြီးအတွက် သားသ္မီးတို့ဝတ္တရားရှိသည့်အတိုင်း ကုသိုလ်ကောင်းမှုပြုပြီး အမျှအတမ်းပေးဝေလိုပါသဖြင့် အန်ဆန်းမြို့ သန္တိကရယိဟာရ၌ ဘုရားအမှူးရှိသော သံဃာတော်တို့အား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းမှုကို ပြုလုပ်ပါမည်။
အချိန် - အရုဏ် မုံ့ဟင်းငါးဆွမ်း (ကိုယ်တိုင်ချက် လက်ရာ)
နေရာ - သန္တိကရဝိဟာရ၊ အန်ဆန်း
နေ့ရက် - ဖေဖေါ်ဝါရီလ ၂၃ ရက်၊ တနင်္ဂနွေနေ့
Little HANOI မှာ သုံးဆောင်ပါ...
ရေးသားသူ — Golden Mobile
Golden Mobile Store မှဖွင့်လှစ်ထားသော "Little HANOI" စားသောက်ဆိုင်တွင် လာရောက်သုံးဆောင်ကြသော မိတ်ဆွေများရဲ့တောင်းဆိုချက်အရ အပတ်စဉ် မြန်မာအစားအစာများ စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် ထည့်သွင်းရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ဘူဖျောင်းစာတိုက်ကြီးနဲ့ Starbucks ကော်ဖီဆိုင်ကြား လမ်းသွယ်ကနေ မီတာ ၃၀၀ ခန့်လျှောက်လိုက်ရင် ဘယ်ဖက်ခြမ်းမှာ ရှိပါတယ်။
လေးစားစွာဖြင့်
Golden Mobile Store & Little HANOI Restaurant
PH: 010-4758-6788
Saturday, February 15, 2014
၂၀၀၈ ဖွဲ့စည်းပုံ အနုလုံပဋိလုံ
ကျနော်တို့ ကျောင်းသားဘ၀ကတည်းက သမိုင်းထဲမှာ မြန်မာနိုင်ငံဟာ ၁၈၈၅ ခုနှစ်မှာ ဗြိတိသျှကိုယ်လိုနီလက်အောက် ကျရောက်ခဲ့ပြီး အချုပ်အခြာအာဏာကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ၁၉၄၈ ခုနှစ် ဇန္န၀ါရီလ(၄)ရက်နေ့မှာ လွတ်လပ်ရေးရရှိခဲ့ပြီး လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့တယ်လို့ အလွတ်ကျက်ခဲ့ပြီး အဲဒီအတိုင်းပဲ ခပ်ပေါ့ပေါ့လေး သဘောထားလာခဲ့တယ်။ ဒီနေ့ မီဒီယာတွေမှာလည်း ဒီလိုပဲ ရေးနေ၊ ပြောနေကြတယ်။ ဒီတပတ်တော့ ကျနော်တို့နိုင်ငံဟာ တကယ်ပဲ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ တကယ်ဖြစ်ပြီလား ဆိုတာကို စဉ်းစားကြည့်ကြရအောင်ဗျာ။
သိကြတဲ့အတိုင်း အချုပ်အခြာအာဏာဆိုတာ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ သုံးရပ်ကိုခေါ်တာ ဖြစ်ပါတယ်။ အဲဒီအချုပ်အခြာအာဏာဟာ ပြည်သူထံကနေ ဆင်းသက်ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ ပုဒ်မ (၁)မှာ “မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံဖြစ်သည်” လို့ပါရှိပြီး ပုဒ်မ (၄)မှာတော့ “နိုင်ငံတော်ဧ။် အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တ၀န်းလုံး၌တည်သည်” လို့ ပြဌာန်းထားပါတယ်။
နိုင်ငံသားများထံမှ ဆင်းသက်ရမယ်ဆိုတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကပဲ ဒီအချုပ်အခြာအာဏာကို ကျင့်သုံးခွင့်ရှိတာပေါ့။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ရှေ့နောက်မညီတဲ့ ပြဌာန်းချက်တွေအရ လွှတ်တော်အရပ်ရပ်တိုင်းမှာ စစ်တပ်က (၂၅)ရာခိုင်နှုန်းက အလကားမတ်တင်းဈေးနဲ့ တက်ထိုင်နေတာဟာ ပြည်သူကရွေးကောက်တာမဟုတ်ဘဲ ဥပဒေပြုအာဏာကို ၀င်ပြီးချယ်လှယ်နေတာပါ။ အုပ်ချုပ်ရေးဘက်ကိုလည်း ကြည့်လိုက်ပါဦး။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေလည်း စစ်တပ်ကပဲ။ ဒါတင်ဘယ်ကမလဲ။ သမ္မတကစပြီး တခြားဝန်ကြီးတွေအများစုကြီးကလည်း စစ်ယူနီဖောင်းချွတ်ထားတဲ့ လူတွေပဲ မဟုတ်လား။ တရားစီရင်ရေးနယ်ပယ်မှာလည်း စစ်အုပ်စုရဲ့လွှမ်းမိုးမှုက မလွတ်ပါဘူး။ အထောက်အထားတွေ ဒုနဲ့ဒေးရှိပါတယ်။
ဒါကိုကြည့်ရင် စစ်အုပ်စုက ပါတီစုံဗန်းပြပြီး ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချယ်လှယ်နေတာ ထင်ရှားပါတယ်။ အခုလက်ရှိ အချုပ်အခြာအာဏာကို စစ်တပ်ကပဲ အပိုင်စီးထားတာပါ။ သူတို့ကမဟုတ်ပါဘူးလို့ စွတ်ငြင်းရင်တော့ မင်းဖင်မှာ ဘယ်သူ့ချေးလဲလို့ မေးလိုက်ရုံပဲ ရှိတော့တယ်။ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ လက်ထဲကို အဲဒီအာဏာသုံးရပ် လုံးလုံးလျားလျား မရောက်သေးသရွေ့တော့ အချုပ်အခြာအာဏာကို ပြည်သူပိုင်ပြီလို့ပြောရင် မှားပါတယ်။ ဒါဆိုရင် ကျနော်တို့နိုင်ငံကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံပါလို့ ပြောလို့ရကိုမရပါဘူး။ ကုန်ကုန်ပြောမယ်ဗျာ။ ပဒေသရာဇ်ခေတ်ကလည်း အချုပ်အခြာအာဏာကို ဘုရင်ကပိုင်ခဲ့တယ်။ အဲဒီနောက် ဗြိတိသျှက ပိုင်ခဲ့တယ်။ ကိုယ့်လူမျိုးဟုတ်တာ မဟုတ်တာဘဲ ကွာတယ်။
ကျွန်ပြုခံရတာချင်းက အတူတူပဲ။ ကျနော့အနေနဲ့ကတော့ ကိုယ့်လူမျိုးက ကျွန်ပြုအုပ်ချုပ်တာပဲ ဖာနိုင်ငံဖြစ်ဖြစ် ကိုယ့်မင်းကိုယ့်ချင်းဆိုပြီး ဂုဏ်မယူနိုင်ဘူး။ သူ့ကျွန်ဘ၀ကော ကိုယ့်ကျွန်ဘ၀ကိုပါ လုံးဝလက်မခံဘူး။ သခင်လည်း မဖြစ်ချင်ဘူး။ ကျွန်လည်း မဖြစ်ချင်ဘူး။ လူ ပီပီသသ ဖြစ်ဖို့ပဲလိုတယ်။ လွတ်လပ်ရေးရပြီးစ ဆယ်နှစ်ကျော်ကာလ ပါလီမန်ဒီမိုကရေစီခေတ်ကိုပဲ ပြည်သူက အချုပ်အခြာအာဏာကို ပိုင်ခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ (၂)ရက်နေ့ကစပြီး စစ်အုပ်စုအဆက်ဆက်က စစ်အုပ်ချုပ်ရေး(Martial Law)နဲ့ အုပ်ချုပ်လိုက်၊ အာဏာကို လက်မလွတ်နိုင်တဲ့ အာဏာရူးတွေ(Megalomaniac)ဆိုတော့ ဆိုရှယ်လစ်စနစ်ကို ဗန်းပြ၊ အခုလည်း ပါတီစုံဒီမိုကရေစီကို ဗန်းပြပြီး လိမ်လာလိုက်တာ ဒီကနေ့အထိ အချုပ်အခြာအာဏာကို ကျနော်တို့ပြည်သူတွေ လက်လွတ်ဆုံးရှုံး နေရဆဲပါဗျာ။
နိုင်ငံတော်သီချင်းကိုတော့ ဆိုတော့ဆိုချင်သား
တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ အစချီတဲ့ ကျနော်တို့နိုင်ငံတော်သီချင်းကို စဉ်းစားမိတိုင်းလည်း ရင်နာတယ်။ သီချင်းက လေးနက်ကျယ်ပြန့်သလောက် လက်ရှိပကတိ အခြေအနေနဲ့က တက်တက်စင်အောင် လွဲနေတော့တာပဲ။ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေဆိုတဲ့ စာသားကိုရောက်ရင် အသည်းကို တဆတ်ဆတ်တုန်အောင် နာတယ်။ ဟိုနေရာလည်း တပ်ပိုင်တဲ့မြေ၊ ဒီနေရာလည်း တပ်ပိုင်တဲ့မြေနဲ့ တပ်ပိုင်တဲ့မြေတွေက နေရာအနှံ့ပဲ။ ပြီးတော့ သူတို့ကပဲ မူလပိုင်ရှင်တွေကို တရားစွဲပြီး ထောင်ချလိုက်သေးသဗျ။ တရားခံက တရားသူကြီး တက်လုပ်နေကြတယ်။ နိုင်ငံရဲ့ အမြင့်ဆုံးအချုပ်အခြာအာဏာကိုတောင် လက်မလွှတ်တမ်း အပိုင်စီးထားမှတော့ ကျန်တာတွေကတော့ သူတို့ သဘောရှိ မနောရှိပေါ့ဗျာ။
ဒါကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့အညီ ပြင်ဆင်ရေးဆွဲနိုင်မှသာ အချုပ်အခြာအာဏာဟာ မူလပိုင်ရှင် ပြည်သူ့လက်ထဲကို ပြန်ရောက်မှာဖြစ်တယ်။ ဒါဟာ ကျနော်တို့အားလုံးရဲ့မဟာတာဝန်ဖြစ်ပါတယ်။
သက်နိုင် (၁၆. ၂. ၂၀၁၄)
Wednesday, February 12, 2014
(၆၇) ကြိမ်မြောက် ပြည်ထောင်စုနေ့
စားဖိုမှူးတစ်ဦးအလိုရှိသည်
ဖေဖေါ်ဝါရီ ၁၂ ၊ အင်ချောန်း
တရုတ်အစားအစာ နှင့် မြန်မာ အစားအစာ ကျွမ်းကျင်စွာ ချက်ပြုတ် တတ်သော စားဖိုမှုး တစ်ဦး အလိုရှိသည်။
စနေ နှင့် တနင်္ဂနွေ သာ ချက်ပြုတ်ရမည်။
စိတ်ဝင်စားပါက ဆက်သွယ်စုံစမ်းနိုင်ပါသည် -
ကိုရွှေမိုး (၀၁၀-၈၇၁၄-၇၀၁၉)
တို့ ပိုင်တဲ့မြေ မိသားစု စားသောက်ဆိုင်
ဘူဖျောင်းမြို့
Sunday, February 9, 2014
မြန်မာပိုင်ကျောင်း ဖြစ်ဘို့ဆိုလျင်
သန္တိကရဝိဟာရဆရာတော်
လွန်ခဲ့သော တစ်နှစ်ကျော်က တစ်ယောက်တစ်သောင်း မြန်မာပိုင်ကျောင်းဆိုပြီးတော့ မြန်မာပိုင် ဘုန်းတော်ကြီးကျောင်း ပေါ်ပေါက်လာနိုင်တဲ့ နည်းလမ်းလေးကို ရေးသားတင်ပြခဲ့ဖူးပါတယ်။ ခု ဒီစာကိုလည်း ရေးမယ်လို့ ကြံရွယ်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ခုတော့ ကိုဇာနည်ရဲ့ ဖေစ်ဘုက်ထဲကစာကို ဖတ်မိတော့မှပဲ မဖြစ်မနေ ရေးဖြစ်တော့တယ်။
ခုဆိုရင် ပထမဦးစွာ မြန်မာပိုင်ဘုန်းကြီးကျောင်းတစ်ကျောင်းတော့ ဖူဆန်မှာ ပေါ်ထွက်လာပါပြီ။ ဝမ်းသာစရာ သတင်းကောင်းပေါ့။ တကယ်က တစ်နှစ်တစ်ကျောင်းတောင် ဝယ်ချင်ရင် ဝယ်နိုင်တဲ့ အခွင့်အရေးက လက်တကမ်းမှာ ရှိနေပါတယ်။
ကိုရီးယားမှာ ရောက်ရှိစီးပွါးရှာနေကြတဲ့ ရွှေမြန်မာတို့ရဲ့ အရေအတွက်ဟာ တစ်သောင်းကျော်သွားပါပြီ။ အဆင်ပြေသူတွေ ရှိသလို အဆင်မပြေသူတွေလည်း ရှိနေလေရဲ့။ အရင်တစ်ခါ ရေးခဲ့စဉ်က လူဦးရေခြောက်ထောင်ကျော်သာ ရှိခဲ့ပါသေးတယ်။ ခုအချိန်မှာ လူတိုင်းသာ ကိုယ့်မြန်မာပိုင်ကျောင်း ပေါ်ပေါက်ချင်တယ်ဆိုရင် လွယ်တယ်လို့ ပြောလို့ရပါတယ်။
လူတိုင်း တစ်လလျင် တစ်သောင်းစီ လှူဒါန်းမယ်ဆိုရင် တစ်လလျင် ဝမ် သိန်းတစ်ထောင် စုနိုင်ပါလိမ့်မယ်။ ဒါဆိုရင် တစ်နှစ်ကြာလျင် သိန်းပေါင်း ဆယ့်နှစ်ထောင် (၁၂ ဝေါ့ဗ်) စုနိုင်မှာဖြစ်လို့ တစ်ကျောင်း (အဆောက်အဦးတစ်ခု)ကို ဝယ်ယူလှူဒါန်းနိုင်ပါလိမ့်မယ်။ ကြီးကျယ်လွန်းတဲ့ အဆောက်အဦးကိုတော့ မဆိုလိုပါ။
တချို့ကလည်း လစဉ်အသုံးစရိတ်တွေ လှူဒါန်းမှုတွေအတွက်ကို တွေးပြီး ပူနေကြပါသေးတယ်။ ဒီအတွက်လည်း လစဉ် သုံးထောင်စီ လှူဒါန်းကြမယ်ဆိုရင် သိန်းသုံးရာကို စုဆောင်းနိုင်မှာမို့ ကိုရီးယားမှာရှိတဲ့ ကျောင်းတိုင်းရဲ့ လစဉ်အသုံးစရိတ်အားလုံးကို မျဝေပြီး လှူဒါန်းလိုက်မယ်ဆိုရင် စိတ်ပူပန်စရာ မရှိနိုင်ပါဘူး။
ဒါကြောင့် လစဉ် လူတိုင်း တစ်သောင်း သုံးထောင်ဝမ်စီသာ လှူဒါန်းထည့်ဝင်ကြမယ်ဆိုရင် လစဉ် သိန်းပေါ်င်း တစ်ထောင်သုံးရာစီစုဆောင်းနိုင်ပြီး မြန်မာပိုင် ကျောင်းပေါ်ပေါက်ဘို့၊ လစဉ် အသုံးစရိတ်တွေကိုလည်း ထောက်ပံ့လှူဒါန်းနိုင်မှာအမှန်ပါ။
ဒီလိုနည်းဖြင့်သာ အားလုံးစိတ်ပါဝင်စားစွာ စုဆောင်း စုပေါင်းလှူဒါန်းကြမယ်ဆိုရင် တစ်နှစ်ကို မြန်မာပိုင်ကျေုာင်းတစ်ခု ပေါ်ပေါက်လာနိုင်မှာ မလွဲဧကန်ပါပဲ။
ကိုယ့်ဗုဒ္ဓဘာသာကျောင်းတွေသာ မပေါ်ထွက်လာနိုင်ပေမဲ့ သူများတွေကတော့ အရှိုရှို ပေါ်ထွက်လာနေလေရဲ့။
ကိုယ့်မြန်မာ့ဂုဏ်ဆောင် ကိုယ်ပိုင်ကျောင်းတွေ ပေါ်ပေါက်ချင်တဲ့ ကျောင်းအလှူရှင် ဖြစ်လိုတဲ့ စိတ်ကလေးသာ လူတိုင်းမှာ ရှိကြရင်ဖြင့် မကြာမီသော အချိန်တိုအတွင်းမှာ မြန်မာတို့ရဲ့ဂုဏ်ဆောင် ကျောင်းတော်ကြီးတွေကို တွေ့မြင်နိုင်ကြရမှာပါ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
ကျနော်ရေလည်တင်းတဲ့နေ့
ရေးသားသူ — စိုးမိုးသူ
အမည်မသိ ဖုန်းကောလ်တခုဝင်လာတယ်
ကောင်လေးတယောက် အသံတုန်တုန်ယင်ယင်နဲ့ အကို ကျနော် ပါးရိုက်ခံရလို့တဲ့။
အလုပ်ထဲမှာ စကားနားမလည်လို့ သူခိုင်းတာ ပြောတာ နားမလည် လိုက်မလုပ်ရမလားဆိုပြီး
ပါးကိုရိုက်တာ၊ ပြီးတော့ ရုံးခန်းကို ဂုတ်ဆွဲခေါ်သွားပြီး ရုံးခန်းတံခါးရှေ့မှာ ပါးထပ်ရိုက်တယ်တဲ့။ရုံးခန်းရှေ့မှာ စီစီတီဗွီလည်းရှိပါတယ်။
ဒေါသတွေ နာကြင်မှုတွေ မခံမရပ်နိုင်မှုတွေ ကြေကွဲမှုတွေ
အကုန် ရောယှက်နေတဲ့ ကောင်လေးရဲ့ အသံကတုန်ကယင်ကို ကြားလိုက်ရတော့
ကျနော်လည်း ရေလည် တင်းသွားတယ်။ ဒါနဲ့ လုပ်လက်စ စာရင်းတွေ ခဏချထားပြီး အကြောင်းရင်းကို မေးလိုက်တယ်။
Saturday, February 8, 2014
အကြံပြုတာပါ
ဒီလိုလွတ်လပ်တဲ့ တိုင်းပြည်တခုမှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့် ရှိပါတယ်။ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတွေက လိုအပ်တယ်ထင်လို့ မြန်မာအလုပ်သမားသမဂ္ဂ ဖွဲ့ကြမယ်လို့ သတင်းကြားလို့ ကျနော်လည်း အလုပ်သမား တယောက်အနေနဲ့ရော၊ မြန်မာနိုင်ငံသားတယောက် အနေနဲ့ပါ ဝင်ပြီး အကြံပြုတာပါ။ အကြံပြုတာဆိုတော့ လိုချင်လည်းယူ၊ မလိုချင်လည်း မယူနဲ့ပေါ့ဗျာ။
ကျနော်တခုမေးချင်တာက ကိုရီးယားရောက်မြန်မာအလုပ်သမားတွေအနေနဲ့ တကယ်ပဲ အလုပ်သမားသမဂ္ဂ ဖွဲ့ဖို့ လိုအပ်နေပြီလား၊ လိုအပ်လို့ ဖွဲ့တာဆိုရင်တော့ ဘာမှမပြောချင်ပါဘူးဗျာ။ အားလုံးကို အကျိုးမနည်းစေချင်လို့ မေးရတာပါ။
ဘာလို့လည်းဆိုတော့ အရင့် ၊အရင်တုန်းကလည်း မြန်မာအလုပ်သမားတွေကို ကူညီဖို့ဆိုပြီး မြန်မာတချို့ ဖွဲ့ခဲ့တဲ့ အဖွဲ့အစည်းတွေ လည်းရှိခဲ့တာပဲလေ။ အဲဒီအဖွဲ့တွေအခုဘယ်ရောက်ကုန်ပြီလဲ။ ဖျက်လိုက်ကြပြီလား။ ဒါမှမဟုတ်အင်အားနည်းသွားလို့ တမျိုးတဖုံစဉ်းစားပြီး အသစ်ဖွဲ့ဖို့ ကြံစည်နေကြတာလား။ အဖွဲ့အစည်းတခုဖွဲ့လိုက်တာ လွယ်လွယ်လေးပါ။ အခုလူစု၊ အခုဖွဲ့လိုက်လို့ရတယ်။ မလွယ်တာက ရေရှည်သွားဖို့ ခက်တယ်။ ရေရှည်တည်တံ့ဖို့လိုတယ်။ ရေရှည်အကျိုးရှိဖို့လိုတယ်။ ခေါင်းဆောင်တဲ့သူတွေရိုးသားကြဖို့လိုတယ်။
အများအကျိုးအတွက်လုပ်ကြတာကို အားပေးပါတယ်။ အများအတွက်ဆိုပြီး ကိုယ်ကျိုးအတွက်လုပ်သွားကြတာတွေကို တွေ့နေရလို့ပါ။ မြန်မာပြည်က စစ်အာဏာရှင်တွေလို တိုင်းပြည်ကို ရာသက်ပန်စစ်ကျွန်ပြုရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲပြီး အုပ်ချုပ် နေသလို မဖြစ်ဖို့လည်းအရေးကြီးပါတယ်။
အထက်ဖော်ပြပါဇယားကိုကြည့်ခြင်းအားဖြင့် ကိုရီးယားမှာရောက်နေတဲ့ မြန်မာအလုပ်သမားဟာ (၁၃၀၀၀) လောက်ရှိတယ်လို့ ပြောလို့ရတယ်။ ဘာပဲပြောပြော သမဂ္ဂ ဖွဲ့ပြီးလုပ်ကြမယ်ဆိုရပါတယ်။ အဲဒီသမဂ္ဂ မှာအချိန်ပြည့် ဝန်ထမ်းတွေခန့်အပ်မယ်ဆိုတဲ့ အတွက် ဘဏ္ဍာရေးလိုအပ်တယ်။ ဘဏ္ဍာငွေကို သမဂ္ဂ အဖွဲ့ဝင်တွေထည့်ဝင်ရမှာလည်းမှန်တယ်။ ဒါပေမယ့် အဲဒီ သမဂ္ဂ ဟာကိုရီးယားနိုင်ငံ ရောက် မြန်မာအလုပ်သမားအားလုံးကို အကူအညီပေးမှာမဟုတ်ဘူး။ သမဂ္ဂအဖွဲ့ဝင်တွေကိုပဲ အကူအညီပေးမယ့် သဘောသက်ရောက်နေ တယ်။ ယခုလက်ရှိ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ မြန်မာအသင်း၊ ဂွမ်ဂျုးမြန်မာလူမှုရေးအသင်း၊ အန်ဆန်းမြန်မာလူမှုရေးအသင်း နဲ့ ပူဆန်မြန်မာလူမှုရေးအသင်းတို့ဟာ ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားမည်သူ့ကိုမဆို အကူအညီပေးနေပါတယ်။ ကျနော်အနေနဲ့ကတော့ဗျာ မြန်မာပြည်မှာရှိနေတဲ့မြန်မာနိုင်ငံသားတွေဟာ အသုံးမကျတဲ့ စစ်အစိုးရတွေကြောင့် တိုင်းပြည်ရဲ့ ဝန်ကိုထမ်းနေရသလို၊ ကိုရီးယားကိုရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း အဲဒီဝန်တွေကို မထမ်းစေချင်တော့ဘူးဗျာ။ ဒီမှာ မလိုအပ်တဲ့ အလုပ်သမားသမဂ္ဂ ကိုဖွဲ့ပြီး အဖွဲ့ဝင်ကြေးတွေပေးနေမယ့်အစား တိုင်းပြည်မှာ လိုအပ်နေတဲ့ နေရာတွေကိုပဲ လှူစေချင်တယ်ဗျာ။ ဥပမာ အဖြူရောင်လူငယ်ညီအစ်ကိုတွေ အဖွဲ့ဝင်ကြေး တစ်သောင်းစီထည့်ဝင်ပြီး တိုင်းပြည်အတွက် လိုအပ်တဲ့ နေရာတွေကိုလှူဒါန်းနေတာ မွန်မြတ်ပါတယ်ဗျာ။
ယခုလက်ရှိ လူမှုရေးအသင်းတွေမှာ ဦးဆောင်နေသူအများစုဟာ မိမိဝမ်းစာရေးအတွက် အလုပ်လုပ်နေလို့ အချိန်ပြည့် မကူညီနိုင်ဘူး ဆိုပေမယ့် မြန်မာအသင်းဥက္ကဌ ကိုခင်မောင်ရင်အလုပ်လုပ်နေတာမှန်ပေမယ့် ဒုဥက္ကဌ ကိုသန့်ဇင်အောင်တို့၊ ကိုဝင်းနိုင်ဦးတို့၊ ကိုဝင်းမြင့်ဦး တို့ အချိန်ပြည့်နီးပါး စေတနာနဲ့ တာဝန်ယူဖြေရှင်းပေးနေတာပါ။ ဂွမ်ဂျုးလူမှုရေးအသင်းမှာဆိုလည်း ဦးသောင်းထွန်းအလုပ်တဖက်နဲ့ မအားလပ်ပေမယ့် ကိုရဲတို့၊ ကိုကျော်ဝင်းနိုင်တို့ ကိုအချိန်ပြည့် အကူအညီတောင်းလို့ရပါတယ်။ ပူဆန်မှာ ဆိုရင်လည်း ကိုတိုးသူရဦးဆောင်ပြီး ကိုဇော်မင်းတို့၊ ကိုဟိန်းလတ်တို့ အချိန်ပြည့် ကူညီနေတာပါ။ ဒါကျနော်သိသလောက်နော်၊ ကျနော်မသိသေးတဲ့မြို့တွေမှာ လူမသိ၊ သူမသိနဲ့ အကူအညီပေးနေတဲ့စေတနာ့ဝန်ထမ်းတွေ တပုံကြီးရှိပါသေးတယ်။
နောက်ပြီး အင်ချွန်းမှာဆိုရင်လည်း Incheon Support Center For Foreign Workers ရဲ့ အမြဲတမ်း မြန်မာဝန်ထမ်းအမျိုးသမီးဖြစ် တဲ့ မကေသွယ်အောင် တို့လည်းရှိတယ်။ အဲဒီ မကေသွယ်အောင်တို့ စင်တာကနေဆိုရင် လက်တွေ့အကူအညီပေးလိုက်တဲ့သူတယောက်ရှိတယ်။ ကိုနိုင်ဦးတဲ့။ ပြီးခဲ့တဲ့အပတ်ကပဲ မြန်မာပြည်ကိုပြန်သွားပြီ။ အထောက်အထားမဲ့ပါပဲ။ မပြန်ခင် ဘယ်ဖက်လက်ပြင်မှာ ရှိနေတဲ့ အကျိတ်ကို ဆေးရုံတက်ပြီး ခွဲစိတ်သွားတာကို မကေသွယ်အောင်တို့ စင်တာကနေပြီး အစအဆုံးတာဝန်ယူ အကူအညီပေးလိုက်လို့ ဆေးရုံမှာ (၂)ပတ် တက်ကုသွားတာ။ ကျနော်တို့ကတော့ စိတ်ပူနေတာပေါ့ ဆေးရုံခအများကြီးကျမှဖြစ်။ ကိုနိုင်ဦး ဆေးရုံကလည်းဆင်းလာရော ဘယ်လောက်ကျ သလဲလို့ မေးကြည့်လိုက်တော့ ၂၈၀၀ တဲ့။ ဒေါ်လာလာလို့ မေးတော့၊ ဝမ်တဲ့။ အဲဒါ ဆေးရုံပြေစာ ပြမှတကယ်ဆိုတာ ယုံတော့တယ်ဗျို့။ အထောက်အထားမဲ့တွေရော၊ အထောက်အထားရှိတွေရော အရေးပေါ်ခွဲစိတ်စရာရှိလို့ ရှိရင်ဆက်သွယ်လိုက်ပါ။ တကယ်ကူညီပါတယ်။ အဲဒီစင်တာမှာ ကိုသိန်းလွင် တစ်ယောက်တောင် volunteer လုပ်နေပါသေးတယ်။
ကျနော် ကိုရီးယားမှာ ဘဝင်မကျတာတခုရှိတယ်ဗျာ။ အဲဒါဘာလဲလို့ ဆိုရင် မေဒေး၊ အလုပ်သမားနေ့ပေါ့။ မေလ(၁) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ပေါ့။ တခြားနိုင်ငံအများစုမှာ မေဒေးနေ့ပိတ်ပေမယ့် ဒီကိုရီးယားမှာ မေဒေးနေ့မပိတ်ဘူးဗျာ။ တရားဝင် ပိတ်ရက်မဟုတ်တော့ လူလိုနားလည်တဲ့ သူဌေးတွေက ပိတ်ပေးပေမယ့်၊ လူလိုနားမလည်တဲ့ သူဌေးတွေက မပိတ်ဘူးပေါ့ဗျာ။ အဲဒီမှာ ကျနော်လည်ထွက်သွားတာက ဒီမှာရှိနေတဲ့ ကိုရီးယားအလုပ်သမား သမဂ္ဂ ပေါင်းချုပ်ကြီးက ဘာလုပ်နေလဲပေါ့။ သူတို့လည်း တောင်းဆိုမယ်လို့ ထင်တာပဲ။ မရလို့ နေမှာဘဲလို့ပဲတွေးမိတော့တယ်ဗျာ။ ကျနော်ဘာကို ဆိုလိုချင်တာလည်းဆိုတော့ ဒီကိုရီးယားအလုပ်သမား သမဂ္ဂ ပေါင်းချုပ်ကြီးဟာ အရာမရောက်ဘူး၊ နောက်ပြီး လုပ်ငန်းရှင်လူတန်းစားတွေရဲ့အောက်မှာပဲ ပြားပြားဝပ်နေရတယ်လို့ထင်တယ်ဗျာ။
ကိုရီးယားနိုင်ငံကိုရောက်နေတဲ့ မြန်မာလူငယ်အများစုဟာ မြန်မာအဖွဲ့အစည်းတွေနဲ့ ဝေးဝေးမှာပဲ နေကြတာများတယ်ဗျ။ ဘာလို့လဲလို့ ကျနော်မေးကြည့်တော့ “ ကိုရီးယားကိုမလာခင် တချို့တွေဟာ မြန်မာပြည်မှာ လက်မှတ်ထိုးထားခဲ့ရတယ်တဲ့။ ကိုရီးယားမှာ ရှိတဲ့ မြန်မာအဖွဲ့အစည်းတွေနဲ့ မပတ်သက်ရဘူးတဲ့။” ကဲကြည့် ဒီမိုကရေစီအစိုးရပါဆိုပြီး နိုင်ငံတကာကြားအောင် ဖင်ကုန်းအော်နေတဲ့ ဗိုလ်သိန်းစိန်အစိုးရက ကလိမ်ကျလိုက်ပြန်ပြီ။ ကျနော်တို့ တတွေကလည်း ဒီလိုမတရားတဲ့ ဥပဒေတွေ၊ မတရားတဲ့ စာချုပ်တွေမှာ လက်မှတ် မထိုးလာဖို့ အသိပေးဖို့၊ ပညာပေးဖို့ လိုတယ်ဗျ။ ကျနော်တို့ ညီအစ်ကိုတွေအနေနဲ့ရော မြန်မာပြည်မှာ အလုပ်အကိုင်ရှားပါးလို့ ကိုရီးယားကို လာရ ပြီးတာပဲ ဆိုပြီးတော့ အကုန်လက်မှတ်ထိုးပြီးလာဖို့တော့ မသင့်ဘူးလို့ထင်တယ်။ မတရားတဲ့ စာချုပ်တွေကို ကာယကံရှင်တွေကိုယ်တိုင် ဆန့်ကျင့်ဖို့လိုပါတယ်။ အဲဒီလက်မှတ်မထိုးပဲရောက်လာတဲ့သူတွေလည်းအများကြီးပါ။
ကျနော်တို့ မြန်မာလူငယ်အများစုကလည်း ကိုရီးယားကိုရောက်ပြီး တလပြည့်လို့ လစာထုတ်တာနဲ့ ပထမဆုံး ကွန်ပြူတာလက်(ပ်) တော့ ဝယ်ပြီး လိုင်းပေါ်တက်တော့တာပဲ။ လိုင်းပေါ်တက်တာကောင်းပါတယ်။ လိုင်းပေါ်မှာလမ်းမပျောက်ဖို့တော့လိုတယ်ဗျ။ နောက်ပြီး အထူး သတိထားရမှာက လောင်းကစားပဲဗျ။ လောင်းကစားကတော့ မလုပ်ကြပါနဲ့ဗျာ။ လောင်းတဲ့သူတွေရော၊ ဒိုင်တွေရော၊ ဝိသမလောဘစီးပွားရေးသမားတွေရော အကုန်လုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်ဗျာ။ ကျနော်တို့ ညီအစ်ကိုတွေအနေနဲ့လည်း လိုအပ်လာမှ အဖွဲ့အစည်းတွေကို အကူအညီတောင်းတာမျိုးမဟုတ်ဘဲနဲ့ မြန်မာပြည်မှာထိုးလာတဲ့ မတရားတဲ့ စာချုပ်တွေကို လှစ်လျူရှုပြီး မြန်မာအဖွဲ့အစည်းတွေနဲ့ လာရောက်ပူးပေါင်းလှည့်ပါလို့ ဖိတ်ခေါ်ပါတယ်။
ကျနော်တို့လို ကိုရီးယားကို အရင်ရောက်နှင့်သူတွေဟာ၊ နောက်မှရောက်လာကြတဲ့ ညီအစ်ကိုတွေကို ငါးစာကြီးပဲမပေးပဲ၊ ငါးမျှားနည်းကိုပါသင်ပေးသင့်တယ်ဗျ။ သူတို့ကိုယ်တိုင်သူတို့ ကာကွယ်တတ်ဖို့၊ လုံလုံခြုံခြုံနဲ့ အသက်အန္တရယ်ကင်းကင်း လုပ်ကိုင်နေထိုင်တတ်ဖို့အတွက်ကို ကျနော်တို့အနေနဲ့ ကိုရီးယားအစိုးရက ထုတ်ပြန်ထားတဲ့ နိုင်ငံခြားသားဥပဒေတွေကို မြန်မာလိုဘာသာ ပြန်ဆိုပြီး သူတို့ဆီကို ဖြန့်ဝေပေးဖို့လိုတယ်ဗျ။
လူတိုင်း ကွန်ပြူတာ အင်တာနက်သုံးနေတဲ့ ခေတ်ဆိုတော့ မြန်မာအလုပ်သမား သမဂ္ဂ နဲ့စာရင် မြန်မာတွေ သိသင့်၊သိထိုက်တဲ့ ဥပဒေတွေကို မြန်မာလိုဘာသာပြန်ဆိုပြီး Home Page တခုခုလုပ်ပြီးတင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တာဝန်သိပ်မကြီးတဲ့ blog တခုခုလုပ်ပြီး တင်တာပဲဖြစ်ဖြစ်လုပ်သင့်တယ်ဗျ။ မြန်မာပြည်က လာမယ့်သူတွေလည်း ဝင်ပြီးလေ့လာလို့ရတာပေါ့ဗျာ။ ကြိုသိထားတော့ ရှောင်သင့်တဲ့ဥပဒေတွေ၊ စာချုပ်တွေကို လက်မှတ်မထိုးမိတော့ဘူးပေါ့ဗျာ။ မြန်မာအစိုးရက ဇွတ်အတင်းလက်မှတ်ထိုးခိုင်းနေရင်လည်း ကျနော်တို့က ကိုရီးယားအစိုးရကို ဖိအားပေးခိုင်းဖို့ လိုတာပေါ့ဗျာ။ အဲဒီ blog မှာပဲ သက်ဆိုင်ရာ မြန်မာလူမှုရေးအသင်းတွေရဲ့ တည်နေရာတွေ၊ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေနဲ့ ဖုန်းနံပါတ်တွေကို ဖော်ပြပေးသင့်တယ်။ နောက်ပြီး နိုင်ငံခြားသားတွေ ကြုံတွေ့နေရတဲ့ မှု့ခင်းသတင်းတွေနဲ့ တရားရင်ဆိုင်နေရတဲ့ သူတွေရဲ့ အမှု့သွား၊ အမှု့လာ ဆောင်းပါးတွေကို ရေးပြီး ဖော်ပြဖို့လိုပါတယ်။ ကြော်ငြာတွေကို မထည့်ဖို့ ရှောင်သင့်ပါတယ်။
နောက်ဆုံးအနေနဲ့ ကျနော်အကြံပြုချင်တာကတော့ ကိုရီးယားရောက် မြန်မာအလုပ်သမားတိုင်းရင်းသားတွေကို အတူလက်တွဲခေါ်ပြီး လမ်းမှန်ပေါ် လျှောက်လှမ်းနိုင်အောင် ကျနော်တို့အနေနဲ့ အထိရောက်ဆုံး ၊ အရိုးသားဆုံးကူညီပေးသင့်တယ်လို့ထင်ပါတယ်။
အားလုံးကိုလေးစားလျက်
ဝင်းလှိုင်
မနက်ဖြန် အခမဲ့ဆေးစစ်၊ဆေးကုရှိပါသည်။
မေတ္တာရှင် ကိုရီးယား နယ်လှည့် ဆေးကုဆရာဝန်များအသင်းက လာမည့် ၂ဝ၁၄ ဖေဖေါ်ဝါလရီ ၉ရက်၊ တနင်္ဂနွေနေ့ ၊ နေ့ လည် ၂ နာရီမှ ညနေ ၄ နာရီထိ ၊ မြန်မာအသင်း(ကိုရီးယား) တည်ရှိရာ ဘူချောန်းမြို့ ရွှေ့ပြောင်းသူများရိပ်သာ (부천외국인 근로자의집) တွင် အောက်ဖော်ပြပါ ရောဂါများကို ဦးရာလူစနစ်ဖြင့် ရှာဖွေ ကုသပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ။
- အိပ်စ်ရေး ၊ ဓါတ်မှန် ရိုက်ကူးခြင်း
- အာလ်ထရာဆောင်း ရိုက်ကူးပေးခြင်း
- သွား ရောဂါအမျိုးမျိုးကုသပေးခြင်း
- မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းရောဂါအမျိုးမျိုးကုသပေးခြင်း
- သားဖွား နှင့် မီးယပ်ရောဂါအမျိုးမျိုးတို့ဖြစ်သည်။
ဆက်သွယ်ရန်၊ ၊
ဦးခင်မောင်ရင် ... ၀၁၀ - ၂၇၈၈ - ၇၁၅၃
မှတ်ချက်။ လူဦးရေများပြားသောကြောင့် ကြိုတင်သွားရောက်၍ တိုကင်များကိုယူထားရန်
Let’s Study English by Singing Songs
သီချင်းလေးတွေ ဆိုငြီးရင်း အင်္ဂလိပ်စာ လေ့လာရအောင်
အမှတ်စဉ်(၄)
အခု အမေရိကားက နာမည်ကြီး Hard Rock Bandတစ်ခုဖြစ်တဲ့ Aerosmith ရဲ့သီချင်းကို လေ့လာကြည့်ရအောင်။ ဒီအဖွဲ့ကို ၁၉၇၀ ခုနှစ်က မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာ စတင်တည်ထောင်ခဲ့တာပါ။ ဒီအဖွဲ့ရဲ့ အဆိုတော်က Steven Tyler ဖြစ်ပါတယ်။ သူ့ကို ၁၉၄၈ ခုနှစ် မှာ မွေးဖွားပါတယ်။ ကိုယ်တိုင် သီချင်းရေးပြီး တူရိယာတော်တော်များများကို တီးတတ်သူပါ။ အခုအသက် ၆၅ နှစ်ကျော်လာတာတောင် စင်ပေါ်မှာ အားမာန်အပြည့်နဲ့ သီဆိုဖျော်ဖြေနိုင်ဆဲပါ။ သူတို့ဓာတ်ပြား သန်း ၁၅၀ ကျော် အရောင်းစွန်ခဲ့လို့ the best-selling American Rock Band of all time တခေတ်လုံးမှာ ရောင်းအကောင်းဆုံး အဖွဲ့ဖြစ်ပါတယ်။
Angel
I’m alone, yeah, I don’t know if I can face the night.
ကိုယ်တစ်ယောက်တည်း..အင်း.. ဒီညကို ဘယ်လိုရင်ဆိုင်ရမှန်း မသိတော့ဘူး။
I’m in tears, and the cryin’ that I do is for you.
ကိုယ်ငိုနေရတယ်။ ကိုယ်ငိုကြွေးနေရတာ မင်းလေးကြောင့်ပေါ့။
I want your love. Let’s break the walls between us.
မင်းအချစ်ကို လိုချင်တယ်။ တို့နှစ်ဦးကြားက နံရံတွေ(အတားအဆီးတွေ)ကို ဖြိုဖျက်ကြစို့။
Don’t make it tough. I’ll put away my pride.
မတင်းပါနဲ့ကွာ။ ကိုယ့်သိက္ခာ၊ ကိုယ့်မာနတွေကို လွှင့်ပစ်လိုက်ပါ့မယ်။
Enough’s enough. I’ve suffered and I’ve seen the light.
ဒီလောက်ဆို တော်လောက်ပါပြီ။ ဝေဒနာတွေ ရလိုက်ပါပြီ။ အလင်းရောင်လေး တွေ့လိုက်ပါပြီ။
Chrous : (Bayayby, you’re my angel, come and save me tonight.
ဘေဘီ မင်းဟာ ကိုယ့်နတ်သမီးလေးပဲ။ ဒီညကိုယ်ကို ကယ်တင်လှဲ့ပါ။
You’re my angel, come and make it all right.)
အားလုံးအဆင်ပြေအောင် လုပ်ပေးလှဲ့ပါ။
Don’t know what I’m gonna do about this feeling inside.
ရင်ထဲက ဒီဝေဒနာကို ဘယ်လိုလုပ်ရမှန်း ကိုယ်မသိတော့ဘူး။
Yes it’s true, loneliness took me for a ride.
ကိုယ်တကယ်ပြောတာပါ။ အထီးကျန်ခြင်းက ကိုယ့်ကို သေအောင်တွန်းပို့နေပြီ။
Without your love I’m nothing but a beggar.
မင်းအချစ်မရှိတော့ ကိုယ်လေ သူဖုန်းစားလိုပဲ။
Without your love a dog without a bone.
မင်းအချစ်မရှိတော့ ကိုယ်လေ အရိုး(ကိုက်စရာ)မရှိတဲ့ ခွေးလေးလိုပဲ။
What can I do? I’m sleeping in this bed alone.
ကိုယ် ဘာလုပ်ရမှာလဲ။ တစ်ယောက်တည်း အိပ်နေရတယ်။
( Cho ) Come and save me tonight ( Solo )
You’re the reason I live. You’re the reason I die
မင်းကြောင့် ကိုယ်အသက်ရှင်နေတာ။ မင့်ကြောင့် ကိုယ်သေအုံးမှာ။
You’re the reason I give
မင်းကြောင့် ကိုယ်ပေးဆပ်နေတာ
When I break down and cry, don’t need no reason why. Baby, baby, bayayby …
ကိုယ်ချုန်းချပြီးငိုကြွေးတဲ့အခါ ဘာအကြောင်းပြချက်မှ မလိုပါဘူး။
Aerosmith အဖွဲ့ရဲ့သီချင်းတချို့ ဖော်ပြပေးလိုက်ပါတယ်။ Crying; Amazing; Crazy; Blind man; Eat the rich; Love in an elevator; Pink; Janie’s got a gun; Living on the edge; Sweet emotion; Jaded. Visit at http://www.youtube.com/results?search_query=aerosmith+angel.
ရှင်းလင်းချက်
အင်္ဂလိပ်စာဖတ်တဲ့အခါ ထူးခြားလှပတဲ့ စာစုတွေတွေ့ရင် မှတ်စုစာအုပ်ထဲမှာ ရေးမှတ်ထားပြီး ခဏခဏပြန်ကြည့်ပါ။ ခေါင်းထဲ စွဲသွားဖို့လိုတယ်။ တစ်သက်လုံး မှတ်မိချင်ရင်တော့ တစ်သက်လုံး အင်္ဂလိပ်စာအုပ်တွေ ဖတ်ပေတော့။ ဘယ်ဘာသာရပ်ဖြစ်ဖြစ် ကိုယ်နဲ့ကင်းကွာတာနဲ့အမျှ တဖြည်းဖြည်းမေ့သွားမှာပဲ။ စာမေးပွဲမှာ အင်္ဂလိပ်စာဖြေတဲ့အခါ Comprehension ဖြေရမှာပေါ့။ comprehend (=understand)နားလည်ရည် ဘယ်လောက်ရှိမရှိ စစ်တာပါ။ ဒါကြောင့် စာပိုဒ်ထဲမှာ မသိတဲ့စကားလုံးတွေကို တမင်တကာထည့်ပြီး မေးထားတာ။ ကျောင်းသားဟာ ဒါကိုဖတ်ပြီင်္း ဘယ်လောက် ခြုံငုံဆက်စပ်ပြီး နားလည်နိုင်သလဲဆိုတာကို စစ်ဆေးတဲ့မေးခွန်းဖြစ်ပါတယ်။ ဒါဆို အင်္ဂလိပ်စာအုပ် ဖတ်ဖို့ဘာလို့ ၀န်လေးနေရမှာလဲ။ ဒါပေမဲ့ စစချင်းတော့ ကိုယ်နားလည်နိုင်လောက်တဲ့ စာမျိုးကိုတော့ ရွေးဖတ်ဖို့လိုတာပေါ့။ Time မဂ္ဂဇင်းလိုဟာမျိုးကို စကိုင်လို့တော့ မရဘူးပေါ့။ စကားလုံးတွေ အကုန်လုံးသိမှ ဖတ်မယ်ဆိုရင်တော့ သေတဲ့အထိ ဘယ်တော့မှ ဖတ်ဖြစ်တော့မှာ မဟုတ်ဘူး။
နောက်တစ်ခု ပြောချင်တာက အသံထွက်ကိစ္စပဲ။ အခုခေတ်ကလေးတွေ အသံထွက်ရင် ပြည့်ပြည့်စုံစုံ မထွက်ကြတာ တော်တော်မှားတယ်။ Physics ဆိုလည်း အသတ်သံကို ထည့်မဆိုကြတော့ဘူး။ အဲဒါတွေကို ဂရုတစိုက်ပြင်ပါ။ ကောင်းပြီ။ သီချင်းစာသားတွေ လေ့လာကြစို့ရဲ့။
ဒီသီချင်းမှာ angel က နတ်သမီးပေါ့။ ဘုရားသခင်ရဲ့ တမန်တော်ကိုလည်း ဒီလိုပဲခေါ်တယ်။ guardian angel ဆိုတာက ကိုယ့်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ (အစောင့်)ပုဂ္ဂိုလ်ကို ပြောတာပါ။ သူတို့ဆီမှာလည်း ဒီအယူရှိတယ်။ ယုံတာ မယုံတာတော့ တစ်ပိုင်းပေါ့။ alone က ထီးထီးလို့ အနက်ထွက်သလို အထီးကျန်(lonely)လို့လည်း အနက်ထွက်ပါတယ်။ alone ဟာ တစ်ယောက်တည်းလို့ အဓိပ္ပါယ်ထွက်တဲ့အခါမှ ထွက်ပါတယ်။ The two men alone went into the forest. ဆိုရင် တောထဲကို နှစ်ယောက်တည်း ထွက်သွာတယ်။ I am not sure if (=whether or not) I can meet her tonight. ဒီည သူနဲ့တွေ့ မတွေ့ မသေချာဘူး။ ဒီမှာ if က (လျင်) မဟုတ်တာကို သတိပြုပါ။ face (=encounter) ရင်ဆိုင်သည်။ She’s in tears. (= She’s crying.) ငိုနေတာ။ Walls have ears. (saying ဆိုရိုးစကား) နံရံတွေမှာ နားတွေရှိတယ်။ Don’t make it tough (difficult).ခက်ခဲအောင် မလုပ်ပါနဲ့။ He’s tough (strict). သူက တင်းတင်း ပြတ်ပြတ်သမား(ညှိနှိုင်းဖို့မလွယ်)။ tough meat လှီးရခက်တဲ့ အသား။ tough ကိုအသံထွက်ရင် (f)အသတ်သံနဲ့ဆိုပါ။
His pride was hurt. သူ့သိက္ခာ ထိခိုက်သွားတာပေါ့။ It’s time to swallow your pride (=hide your feelings of pride) and ask for your job back. ဒီအချိန်မှာ အလုပ်ပြန်ရဖို့အတွက် မင်းသိက္ခာကို မြိုသိပ်ထားလိုက်ပါကွာ။ I take (a) pride in my work. ငါ့အလုပ်ကို ဂုဏ်ယူတယ်။ The new suspension bridge is the pride of the town. ဒီကြိုးတံတားအသစ်ဟာ မြို့ကျက်သရေဆောင်ပဲ။ အနက်ချင်း မတူတာကို သတိပြုပါ။ Enough is enough. ဆိုတာ ပြောလေ့ရှိတဲ့ ဆိုရိုးစကား(saying)ပါ။ take for a rideက (idiom)ပါ။ ဒီသီချင်းမှာ (to transfer to a place and kill)တနေရာကိုပို့ပြီး သတ်တာလို့ ဆိုပါတယ်။ nothing but ဆိုတာ only(မျှသာ) ဖြစ်ပါတယ်။ I used to love her but she’s nothing to me any more. အရင်ကတော့ချစ်ခဲ့ပေမဲ့ အခုတော့ သူဟာ ငါ့အတွက် ဘာမှအရေးမပါတော့ဘူး။ Nothing else matters to him apart from his job. သူ့အတွက်တော့ သူ့အလုပ်ကလွဲရင် တခြားဘာမှ အရေးမကြီးဘူး။ He’s always trying to get something for nothing. သူဟာ အလကားရဖို့ပဲ ချောင်းနေတယ်။ break down ရဲ့အသုံးကလည်း ကျယ်ပြန့်တယ်။ ဒီသီချင်းမှာတော့ ခံစားမှုတွေကို မမြိုသိပ်နိုင်တဲ့အဆုံးမှာ ငိုချပစ်လိုက်တာကို ဆိုလိုပါတယ်။ The car broke down. ကား စက်ပျက်တာ။ Negotiations between the two sides have broken down. နှစ်ဖက်ကြား ဆွေးနွေးပွဲတွေ ပျက်သွားတယ်။ Idiom Dictionary လည်း မရှိမဖြစ်လိုအပ်ပါတယ်။ မအားမလပ်လွန်းလို့ ဒီဆောင်းပါးကိုတော့ အရင်အတိုင်းပဲ တင်လိုက်ပါတယ်။ နောက်များမှာတော့ လေ့ကျင့်ခန်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေနဲ့ တင်ဆက်သွားပါ့မယ်။
ဝေဘန် အကြံပြုချက်များကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။ thetnaing1988@gmail.com
Let’s share our knowledge.
သက်နိုင်(၀ါးပျံကုန်း)
လိုင်းဖုန်းအကြွေးကျန် အပြေအကြေပေးဆပ်ရန်သင့်မသင့်
///အောန်လိုင်း မိတ်ဆွေတစ်ဦးက မေးတဲ့ အောန်လိုင်းမေးခွန်းတစ်ခု///
လိုင်းဖုန်းယူထားပီး
မသုံးတော့ဘဲ ဖြတ်လိုက်ရင်
အပီးပြန်တဲ့အခါလေယာဉ်ကွင်းမှာ
ပြဿနာဖြစ်နိုင်ပါသလား
ဘယ်လိုဖြေရှင်းရင် ပြေလည်စေနိုင်မလဲ ဘော်ဘော်တို့ ။
အထက်ပါမေးခွန်းကို မေးရတဲ့အကြောင်းရင်းရှိပါလိမ့်မယ် ။ မေးသူသာ သိပါလိမ့်မယ် ။ ဘယ်လိုဖြစ်ဖြစ် လိုင်းဖုန်းအကြွေးအကြောင်း သိသလောက်ပြောပြချင်ပါတယ် ။
လိုင်းဖုန်း(Post-paid Phone) သုံးနေသူတွေ အကြောင်းအမျိုးမျိုးကြောင့် ဆက်မသုံးလိုတော့ဘူးဆိုလျင် ၊ တရားဝင်လိုင်းဖြတ်လိုက်တာအကောင်းဆုံးပါ ။ တရားဝင်လိုင်းဖြတ်ဖို့ဆိုလျင် အကြွေးကျန်များ အားလုံးရှင်းပြီးမှ လိုင်းဖြတ်ပေးပါတယ် ။ နောက်ဆုံးလ (လက်ရှိလ) ကြွေးကျန်ကိုတော့ ချန်ထားလို့လည်း ရတယ် ၊ အပြီးချေလိုလျင်လည်းရပါတယ်။)
အကယ်၍ အကြွေးကျန်ရှိနေမယ်ဆိုလျင် ၊ အဲသည်အကြွေး(စာရင်း)ဟာ (သက်ဆိုင်ရာက လျှော်ပစ်ခြင်းမပြုလျင်) ပုံမှန်အားဖြင့် နှစ်ပေါင်း ၃၀ တိုင်တိုင် ရှိနေမှာဖြစ်ပါတယ် ။ အဲသည် အကြွေးကျန် ဖုန်းနံပါတ်ကိုလည်း ဘယ်သူ့ကိုမှ ချမပေးပါဘူး ။
နောက်တစ်ခု ဖုန်းအကြွေးအပေါ်မှာ လစဉ်အတိုးနှင့် စာရင်းထိန်းသိမ်းစောင့်ရှောက်ခတို့ကို ဆက်ပြီးကောက်ခံနေမှာဖြစ်ပါတယ် ။
///တယ်လီတော်ကီထံလိုင်းဖွင့်ထားပြီး လွန်ခဲ့သော ၁နှစ်ခန့်မှစပြီး အဆက်အသွယ်မရသော မိတ်ဆွေတစ်ဦးထံ ကေတီမှ လစဉ်ပေးပို့နေသော မေတ္တာစာ ///
အဲသည်နောက် ၊ သတ်မှတ်ထားတဲ့ အချိန်ရောက်လျင် နို့တစ်စာပို့ပါတယ် ။ အကြွေးကို ဘယ်နေ့နောက်ဆုံးထားပြီး အပြေအကြေပေးဆောင်ရန်နှင့် ၊ ပေးဆာင်ခြင်းမပြုလျင် ယုံကြည်စိတ်ချမှုအဆင့်သတ်မှတ်ရေးဗျူရို (개인신용평가기관:Credit Bureau) ထံ အမည်စာရင်းပေးပို့မည့်အကြောင်း သတိပေးတဲ့စာပါ။ နို့တစ်စာ ၃ ကြိမ်ပို့ပြီး အကြောင်းမထူးလျင် ၊ နာမည်ပျက်စာရင်းတင်သွင်းလိုက်ပါတယ် ။ (အမည်ပျက်စာရင်းတင်သွင်းတဲ့နည်းက အမျိုးမျိုးရှိပါတယ်။) အဲသည်စာရင်းမှာပါသွားလျင်တော့ လေဆိပ်လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများသည်လည်း အဲသည်စာရင်းကို လေးစားလိုက်နာကြရတာမို့ နောက်တစ်ကြိမ်ကိုရီးယားလေဆိပ်ရောက်တာနှင့် အဆွေတော်ရဲ့ အကြွေးစာရင်းက အဆွေတော်ကို ဆီးကြိုနေပါလိမ့်မယ် ။
ခုအချိန် ကိုရီးယားနိုင်ငံက အထွက်မှာတော့ ၊ မိတ်ဆွေရဲ့ ဖုန်းအကြွေးစာရင်းဟာ အကြွေးတောင်းခံရန် လုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးလို့ ၊ ကိုရီးယားမှ အဆင်ပြေပြေ ချောချောမောမော ထွက်သွားနိုင်ပေမယ့် ၊ နောင် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်မှု ပြီးဆုံးတဲ့အဆင့်ရောက်သွားပြီဆိုလျင် - မိတ်ဆွေရဲ့ ဖုန်းအကြွေးကျန်စာရင်းဟာ သက်ဆိုင်ရာက လေးစား အသိအမှတ်ပြုရတဲ့စာရင်းဖြစ်နေပါလိမ့်မယ် ။
ကိုရီးယားနောင်ဘယ်တော့မှ မလာတော့ပါဘူးလို့စိတ်ကူးရှိလျင်တော့ ၊ အဲသည်အကြွေး မဆပ်လည်း ပြဿနာထူးထူးထွေထွေရှိမည်မဟုတ်ပါ ။ နောင်ကိုရီးယားကို ထပ်လာဖို့စိတ်ကူးရှိသေးလျင်တော့ အကြွေးကိုကျေအောင် ဆပ်ခဲ့တာ အကောင်းဆုံးပါ ။
နောက်တစ်ခုပြောချင်တာက ညီငယ် မိတ်ဆွေဟာ ကံ နှင့် ကံ၏ အကျိုးကိုယုံကြည်သူဖြစ်သည်ဆိုပါလျင် ၊ အဲသည် အကြွေးကျန်ခဲ့သော ကံ၏ အကျိုးကိုလည်း မိတ်ဆွေပြန်ရလိမ့်မယ်လို့ တစ်ထစ်ကျ ယုံကြည်စေချင်ပါတယ် ။ သို့မဟုတ် မိတ်ဆွေဟာ ဘုရားသခင်ရဲ့ အလိုတော်ကို ယုံကြည်သူဖြစ်သည်ဆိုပါလျင်လည်း ဘုရားသခင်သည် အကြွေးရှင်နှင့် အကြွေးပေးရန်ရှိသူကိုခွဲခြားနိုင်မှာဖြစ်ပြီး ၊ ကျေးဇူးတော်ချီးမြှင့်ရာမှာလည်း မျက်နှာလိုက်ခြင်းပြုမှာမဟုတ်ဘူး ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ် ။
အလွယ်ကူဆုံးနှင့်အတိအကျဆုံးသက်သေများကတော့ ၊ ဖုန်းအကြွေးချန်ပြိး ပြန်သွား ၊နောက်တစ်ခေါက် ပြန်ရောက်ချိန် လိုင်းဖုန်းပြန်ဖွင့်တဲ့ ညီအစ်ကိုများဖြစ်ပါတယ် ။ (တိတိကျကျသိချင်လျင်တော့ အဲသည်ညီအစ်ကိုများနှင့် မိတ်ဆက်ပေးပါမယ် ။)
ကျနော်တို့ အကြွေးတွေ အကျေမဆပ်နိုင်ကြသေးလျင်တောင် ၊ (အတတ်နိုင်ဆုံး) အကြွေးအနည်းဆုံးဖြစ်အောင်လုပ်ကြရအောင် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Friday, February 7, 2014
ဝမ်းမြောက်ဝမ်းသာ အားပါးတရ သာဓုခေါ်ပေးကြပါ
ရေးသားသူ —ပိတောက်ရိပ်ကုမ္ပဏီ
၃၁ရက်နေ့က ပိတောက်ရိပ်ကုမ္ပဏီနှင့် အတူ ဂန်ဝန်ဒို နှင်းတောင်ခရီးကို သွားကြတဲ့ ညီအကိုများရဲ့ ခရီးစရိတ်များထဲမှ အမြတ်ငွေအချို့ကို မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး မြန်မာပိုင်ဖြစ်မြောက်ရေး အလှူတော်ငွေ အဖြစ် လှူဒါန်းလိုက်ပါတယ်။
ခရီးစဉ်က ရရှိတဲ့ ...ပျော်ရွှင်မှု၊
ယခုပြုလုပ်တဲ့ ကောင်းမှုမှရတဲ့ ကြည်နူးမှုတို့နှင့်အတူ ယခုနှစ် ၂၀၁၄ဟာ ညီအကိုတို့အားလုံးအတွက် မင်္ဂလာအရှိဆုံး နှစ်ဖြစ်ပါစေဗျာ။
ကောင်းမှုကို ထပ်တူ ထပ်မျှ ရရှိကြစေဖို့ အမျှပေးဝေပါတယ်။
အားလုံးပဲ ဒီအလှူကို မိမိအလှူကဲ့သို့ ၀မ်းမြောက်ဝမ်းသာ အားပါးတရ သာဓုခေါ်ပေးကြပါ။
မြန်မာအလုပ်သမားသမဂ္ဂ လိုအပ်နေပြီလား
အုတ်တချပ်စီကို ဆင့်ပြီး တင်ထားရုံနဲ့ တိုက်မဖြစ်နိုင် တိုက်အုတ်များကို တခုနှင့်တခု အင်္ဂတေဖြင့် ဆက်စပ်ရသေးသည်။
ထို့အတူလူတယောက်စီ တယောက်စီ စုနေကာမျှဖြင့် လောကကြီး မဖြစ်နိုင်
ထိုလူတို့သည် တဦးနှင့်တဦး အဆက်အသွယ်ရှိပါမှ လူ့လောကကြီးဖြစ်လာသည်။
အုတ်တိုက်ကြီး၇ဲ့ ခိုင်ခန့်မှုက အင်္ဂတေအပေါ်တွင်တည်ရှိသကဲ့သို့
လူ့လောကကြီးရဲ့ ခိုင်မြဲတည်တန့်မှုမှာ လူတဦးနှင့်တဦး ဘယ်ပုံဘယ်နည်း
ဆက်သွယ်သည်ဟူသောအချက်တွင် တည်ရှိလျှက် ရှိနေပေသည်။
(မောင်သိန်းဖေ -ဟစ်တလာနှင့် ချိန်ဘာလိန် ဘယ်သူမှားသလဲ)

Thursday, February 6, 2014
အကြံကောင်းပေးနိုင်သူ ဆုချပါမယ်
ရေးသားသူ — စိုးမိုးသူ
ကိုရီးယားရောက် မြန်မာနိုင်ငံသားအလုပ်သမားတွေ အခက်အခဲအမျိုးမျိုးနဲ့ကြုံလာတို
လက်ရှိ တတ်နိုင်သလောက် ကူညီ ဖြေရှင်းပေးနေကြတဲ့ အဖွဲ့အစည်း၊
တသီးပုဂ္ဂလများကလည်း ပရဟိတတခုတည်း လုပ်ကိုင်နေထိုင်ဖို့ မဖြစ်ကြတာမို့
အမြဲအဆင်သင့် အချိန်ပေး လူကိုယ်တိုင်လိုက် မဖြေရှင်းပေးနိုင်ကြသလို
ဘဲအုပ်က တရာ နှစ်ရာ မဗေဒါက တပင်တည်းဆိုသလို တောင်းဆိုသမျှ
အကူအညီတွေကိုလည်း အလျှင်မှီအောင်လည်း မကူနိုင်ဖြစ်နေရပါတယ်။
ဒီတော့ ကိုရီးယားမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေ
တွေ့ကြုံနေရတဲ့ အခက်အခဲအမျိုးမျိုးကို အချိန်ပြည့် လျှင်မြန်စွာ
ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ့် လက်တွေ့ကျတဲ့ အစီအစဉ်
ဖြစ်နိုင်ချေများတဲ့ နည်းလမ်းကောင်းကို အသေးစိတ် အကြံပြုပေးနိုင်သူကို
ဆုငွေ ၀မ်၁သိန်းပေးပါ့မယ်။
မှတ်ချက်။ ဆုငွေကို နဲတယ် များတယ်လို့တော့ သဘောမထားပါနဲ့။အဲ့ဒါ
ကျနော့်အိတ်ထဲကနေ ပေးမှာမို့ ကျနော် တတ်နိုင်သလောက်ကို ပေးရတာပါ။
ကဲ ညီအကိုတို့ရေ ကိုယ့်အတွက် အများအတွက် ခေါင်းများများစားပေးကြပါဦး။
Wednesday, February 5, 2014
ရာနှုန်းပြည့် လွတ်လပ်သော မြန်မာပြည်ဖြစ်ပြီလား
ရေးသားသူ — စိုးမိုးသူ
ဒါဟာ မြန်မာအစိုးရအနေနဲ့ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာကို ရာနှုန်းပြည့် အသိအမှတ်ပြုပေးနေပြီဆိုတဲ့
အဓိပ္ပါယ်ကိုဖော်ဆောင်လိုက်တာမို့ ၀မ်းသာစရာသတင်းပါပဲ။
ရာနှုန်းပြည့်လွတ်လပ်သောအသိုက်အ၀န်းဆိုတာ
လူ့အမှိုက်၊ လူ့အန္ဓ၊ လူ့ဗာလ၊ လောကကို ကောင်းကျိုးမပေးသူရဲ့ လွတ်လပ်မှုကိုပါ
အသိအမှတ်ပြုနိုင်တဲ့ အသိုက်အ၀န်းကို ဆိုလိုတာပါ။
ဒါကြောင့် လူ့ဗာလ ဦးအုန်းမြင့်ရဲ့ ရိုင်းပြမှုကို လွတ်လပ်စွာပြောဆိုခွင့်အဖြစ်
မြန်မာအစိုးရက အသိအမှတ်ပြုပေးလိုက်တာမို့ သာမန်ပြည်သူတွေအနေဖြင့် လွတ်လပ်စွာပြောဆိုခွင့်ကို
မလွဲမသွေ ရရှိပြီဆိုတာ သံသယဖြစ်စရာမရှိတော့ပါ။
ဒါပေမယ့်
လူဆိုတာ တဦးတည်းနေလို့မရ၊
လူ့အသိုက်အ၀န်းနဲ့ နေရတာဖြစ်တာမို့
မိမိရဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်ရတဲ့ ရလာဒ်မှန်သမျှကို
မိမိရပ်တည်ရာ လူ့အသိုက်အ၀န်းအတွက်ပါ တာဝန်ယူရပါမယ်။
လွတ်လပ်မှုဟာ တာဝန်ယူမှုနှင့်အတူ ရှိရမယ်ဆိုတဲ့သဘောပါ။
ဒါကြောင့်
ဦးအုန်းမြင့်အနေနဲ့ မိမိရဲ့ လွတ်လပ်စွာ ရိုင်းစိုင်းမှုကြောင့်
လူ့အသိုက်အ၀န်းကပေးတဲ့ ပြစ်ဒဏ်ကိုလည်း တာဝန်သိသိခံယူရမှာဖြစ်ပါတယ်။
ဦးအောင်ကြည်အနေနဲ့လည်း
ဦအုန်းမြင့်ရဲ့ ရိုင်းစိုင်းတဲ့ လွတ်လပ်မှုကို
တာဝန်မရှိ အပြစ်မရှိဆိုပြီး
အကာအကွယ်ပေးတာမဖြစ်ရအောင်
အထူး ဂရုပြုဆောင်ရွက်တတ်မှ
တာဝန်သိတတ်သော အစိုးရဖြစ်မှာဖြစ်ပါကြောင်း။
စိုးမိုးသူ
Tuesday, February 4, 2014
ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများအားဖိတ်ကြားခြင်း
ရေးသားသူ — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ