Showing posts with label ဘ၀နေဟန်. Show all posts
Showing posts with label ဘ၀နေဟန်. Show all posts

Friday, May 10, 2013

စနေစကားဝိုင်းမှ ဖိတ်ခေါ်ပါတယ်



ဘူဖျောင်းမြို့ မြန်မာစင်တာမှာ စနေည တပတ်ခြား “စနေစကားဝိုင်း” ပြုလုပ်ပါမယ်။

- အသိပညာ၊ ဗဟုသုတ၊ အနုရသ၊ အတွေ့အကြုံတို့ကို ဆွေးနွေးဖလှယ်ခြင်း
- ခေတ်ရေစီးကြောင်းအတွင်း ပါဝင်စီးမျောနေရသူတို့ရဲ့ ဘ၀အကြောင်း နားထောင်ခြင်း
- မတူကွဲပြားတဲ့ ပတ်ဝန်းကျင်တွေကို လေ့လာစူးစမ်း သုံးသပ်ဝေဖန်ခြင်း
- အမြင်အတွေး မတူသူတို့အကြား လွတ်လပ်ပွင့်လင်းစွာ စကားဝိုင်းဖွဲ့ခြင်း တို့ဖြင့်
ကိုရီးယားမှာ ရောက်ရှိနေကြတဲ့ မြန်မာလူငယ်အကြား တိုးတက်သစ်လွင်တဲ့ အသိအမြင် အလေ့အကျင့်တွေ ရရှိစေဖို့ ရည်ရွယ်ပါတယ်။

ပထမအကြိမ် အစီအစဉ် -
နေ့ရက် = ၂၀၁၃ မေလ ၁၁ (စနေနေ့)
အချိန် = ည ၇ နာရီမှ ၉ နာရီ အထိ
နေရာ = မြန်မာစင်တာ၊ ဘူဖျောင်းမြို့
အဆိုပြုခေါင်းစဉ် = ရေမြေခြားမှာ ရှင်သန်ခြင်း (ကိုရီးယားမှာ နေစဉ်အတွင်း ဘာအပြောင်းအလဲတွေ ဖြစ်လာသလဲ)

စနေစကားဝိုင်းသို့ မည်သူမဆို လာရောက် ၀ိုင်းဖွဲ့ဆွေးနွေးကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, October 31, 2012

" လပြည့်ဆည်းဆာ "


ရေးသားသူ — ကိုဘဆွေ


















ငါ့အလွမ်းတွေနဲ့ပဲ
ငါ့ကိုယ်ငါ ထိန်ထိန်သာနေခဲ့ရတယ်
လမင်းရေ.....။

ဟောဒီ..အလွမ်းညဥ့်နက်နက်တွေထဲ
မိုးစင်စင် မလင်းနိုင်သေးသမျှတော့
ခုလို လပြည့်ညတွေမှာ
ငါ့ကိုယ်ငါတောင်
အသက်ရှူ မ၀နိုင်တော့ဘူးပေါ့။

မျှော်လင့်ချက်ကောင်းကင်အောက်မှာ
ငါ့ကိုယ်ငါ လောင်ကျွမ်းရင်း

ငါကြယ်တစ်စင်းဖြစ်နေခဲ့မလား
ဒီလို လပြည့်ညတွေထဲမတော့
ငါဟာ မှိန်ပြဖျော့တော့လို့။

အိမ်ကလေးရယ်လေ.....
အခုအချိန်ဆို ငါ့ကိုတမ်းတတဲ့စိတ်နဲ့
မီးရောင်စုံတွေ ချိတ်ဆွဲထားလေမလား
ငါ့ရင်ထဲမှာတော့
သောကဆီမီးတွေက တငွေ့ငွေ့ ။

ငါနေတဲ့အရပ်ဆီက
အေးစက်စက် လရောင်နဲ့ ညတွေထက်စာရင်
မင်းရင်ခွင်ထဲက ရောင်စုံလပြည့်ညလေးကိုပဲ
ငါ.....ချစ်နေခဲ့တယ်လေ။

ဒီလိုပါပဲ......
ငါ့အတွက်တော့ ဘ၀ဆိုတာ
နေသားမကျနိုင်သေးတဲ့ ကောင်းကင်တစ်ခုအောက်မှာ
ရှင်သန်နေထိုင်ခြင်းလား
ကမ္ဘာတစ်ခြမ်းစီ အလှမ်းဝေးခဲ့ပြီ
အိမ်ကလေးရေ....။

အခုတော့လည်း
ပြန်မဆုံနိုင်သေးတဲ့ ကမ္ဘာတစ်ခြမ်းစီမှာ
အလွမ်းတွေ ကိုယ်စီထွန်းညှိရင်း
ငါ့ရင်ဘတ်ထဲမှာ လသာနေပေမဲ့
မင်းရင်ခွင်ထဲမှာ နေမ၀င်နိုင်သေးတာပဲ ခက်တယ်
အိမ်ကလေးရယ်.....။

ကိုဘဆွေ
(ကိုရီးယားလပြည့်ညအမှတ်တရ)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, August 31, 2012

ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်

ရေးသားပေးပို့သူ — (မန်း) ဆုတောင်း
မင်္ဂလာပွဲတော်ဖြစ်ပေါ်လာပုံသမိုင်း
ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။ အရှေ့ပိုးကရင် ဗုဒ္ဓဘာသာအနွယ်ဝင်တို့သည် ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်း ကျင်းပခြင်းကို အစဉ်အလာတစ်ရပ်အဖြစ် ပြုမြဲရှိကြသည်။ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသသို့ ရှာဖွေရာ၌ အစဦးတွင် တစ်အုပ်စုတည်း ဆင်းသက်လာသူတို့က နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။

ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့်အခါသော်လည်ကောင်း၊ တစ်အုပ်စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်းသိရှိမှတ်သားနိုင်ရန် လက်တွင် ချည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ ထိုသို့ လက်တွင် ချည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထားရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟု အဆိုရှိကြသည်။
ကရင်လူမျိုးများသည် ရေကြည်ရာ၊ မြက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ်(အမိဘက်)၊ ဖါ-ထါ်(အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စုမကွဲမှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်းအသိ အမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊ (၂) ဖူ့က်ုဆင့်မဲပါ၊ (၃) ဖူ့ဒေတ်၊ (၄) ဖူ့ကျာပံင်၊ (၅) ဖူ့လေံင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖုးသူရေင့် စသည့် ကိုးယောက်သောခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။

ရှေးအခါက ကရင်လူမျိုးများ
ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့်လယ်လုပ်ငန်းကို သူသူငါငါ လုံးပန်းနေချိန်တွင် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့် ၀ါခေါင်လတွင် ခေတ္တ အားလပ်ကြ၍ အချင်းချင်းတွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့်ပင် စုပေါင်းမင်္ဂလာလက်ချည်ချင်းကို ၀ါခေါင်လတွင်ရွေးချယ်၍ ခင်းကျင်းကြလေသည်။ ၀ါခေါင်လ လက်ချည်ခြင်းကို ရှေးကရင်လူကြီးများက ကြီးမားသောရည်ရွယ်ချက်များ ထားရှိပေသည်။

ဝါခေါင်လလက်ချည်ခြင်းဟူ၍သမုတ်
ဝါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။ ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍လုပ်ကိုင်ခြင်းစားသောက်နှင့် ကြုံတွေ့ရသောဘေးအန္တရာယ်ကို စုပေါင်း၍တွန်းလှန်ကာကွယ်လေ့ရှိသလို ၀ါခေါင်လရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။ ၀ါခေါင်လတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစုပေါင်း၍ လက်ချည်ခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။

ဝါဆိုလလွန်၍ ၀ါခေါင်လရောက်လာလျှင် စားသုံးရန်ရိက္ခာများ လျော့နည်းလာ၏။ အိမ်ထောင်စုအလိုက်၊ ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ်လာသည်။ ထိုသို့ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လသည် မိုးသည်းထန်စွာ ရွာသွန်း၍ အအေးဓါတ်လည်းလွန်ကဲနေသည်။

ချောင်းရေ၊ မြစ်ရေများလျှံ၍ ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။ အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များဝင်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်းဆိုးဝါးလဟူ၍ မှတ်ယူကြသည်။ အမှန်မှာမကောင်းဆိုးဝါးလ မဟုတ်ချေ။ ၀ါခေါင်လတွင် ခံတွင်းမြိန် စားသောက်၍၀င် အာဟာရ တွေ့သောလသာဖြစ်သည်။

အရှေ့ပိုးကရင် လက်ချည်မင်္ဂလာ
ကရင်ရိုးရာ လက်ချည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာမင်္ဂလာပြုသောခြည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာချည်ဖြူဖြင့် လက်ကိုရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။ ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။ ကရင်ရိုးရာလက်ချည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။ ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။
ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ချည်ခြင်း (လာဟှာခါင်စူး)၊(၂) ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ချည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။ လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ်လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊
အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေတတ်သည်ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။

ချည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်း ၉ မျိုး
ချည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ (၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက်ညှင်းထုပ်ဖင်ချွန်၊ (၈) နတ်ပန်းညို(ဖ၀့်ဝီ)၊ (၉) ရေ စသည်တို့ ဖြစ်ပါသည်။


(၁) ဆန်ကော
ဆန်ကောသည် ၀ါးနှင့်ယက်လုပ်ထားခြင်းဖြစ်သည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အိုးအိမ်ကိုဝါးဖြင့် ဆောက်လုပ်ကြသည်။ အိမ်သုံးပစ္စည်းကို သဘာ၀၀ါးပင်နှင့်ယက်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် ယက်လုပ်ခြင်း လက်မူအတတ်ပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။

(၂) ယောက်မ
အချို့သော လူငယ်လူရွယ်တို့သည် စိတ်မြန်၊ လက်မြန်ရှိကြပြီး ဓါး၊ လှံစသည်တို့ကိုထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်လွဲမှားမူမျိုးမရှိရအောင် အေးချမ်းစွာ ညှိနှိုင်းတိုင်ပင်ပြီး ပြောဆိုရမည်ကို ယောက်မနှင့်ခေါက်၍ နှိုင်းပြထားခြင်းဖြစ်သည်။ ယောက်မသည် ပူလောင်ခြင်းကိုဒဏ်ကိုခံရည်ရှိရာ ထမင်းဟင်းလျာများချက်ရာတွင် လိုသလိုမွှေပြီး အသုံးပြုခြင်းဖြစ်သည်။

(၃) ချည်ဖြူ
ဝါဂွမ်းစေ့ကို တစ်လုံးချင်းစုစည်းပြီး မြဲသောလက်ဖြင့် ဂွမ်းကိုကျစ်ပြီး လူမျိုးအားလုံးသည်လည်း ချည်ဖြူကဲ့သို့ ကျစ်လျစ်ခိုင်မြဲရမည်ဟူ၍ဖြစ်သည်။ အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကိုဆောင်သည်။ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်ကာကွယ် ပြေပျောက်စေရန် အတွက်ဖြစ်သည်။

(၄) ကြံ
ကြံသည် ထူးခြားသည့်ဝိသေသ ရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ်ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများ လာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ်ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများလာနိုင်ပါသည်။ အဆစ်တိုင်းအဆစ်တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊မိုး၊ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ်ချိုမြိန်သည့်အရသာကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။

(၅)ငှက်ပျောသီး
ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်းကျနစွာဖြင့် စီတန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ်ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာဆင်းပြီး အစွယ်အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာသီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်းအထိ ခုတ်ပိုင်းဖျက်ဆီးသော် လည်း အချိန်တန်လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့် ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီးမြေးမြစ်များဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

(၆) ထမင်းဆုပ်
ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ်ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန် ရည်ရွယ်ဖေါ်ပြခြင်း ဖြစ်ပါသည်။

(၇) ကောက်ညှင်းထုပ်ဖင်ချွန်
ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ ဖင်ချွန်ထုပ် စည်းထားသဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန်အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ်စုစည်း၍ ထက်မြက်ထူး ချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။

(၈) နတ်ပန်းညို(ဖ၀့်ဝီ)
နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍ ရုံဖွဲ့  မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။ ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည်။ အထူးသဖြင့် နတ်ပန်ညိုပန်း(ဖ၀့်ဝီ)ကဲ့သို့ပင် ကရင်လူမျိုး များသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည်တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင်ထိန်းသိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။

(၉) ရေ
ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။ ရေ၏စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရသည့်အရာဖြစ်သည်။ ဟောင်း နွမ်း ညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီးဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည်ပြည့်ဝစေခြင်းဖြစ်သည်။

ဤသို့ဤနှယ်ပြင်ဆင်
လက်ချည်ရာတွင် ဆန်ကောတစ်ခုခုပေါ်တွင် ယောက်မ၊ ထမင်းခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊ ငှက်ပျောသီးမည့်ခုနှစ်လုံး၊ ကြံခုနှစ်စိပ်၊ နတ်ပန်းညို(ဖ၀့်ဝီ) ခုနှစ်ခက်နှင့် ရေကြည်အေးတစ်ခွက်ကို ချထားလေသည်။ ထိုအရာဝတ္ထုပစ္စည်းများပေါ်တွင် အရှည်တစ်တောင်ကျော်ခန့် ချည်ဖြူများကိုဖြတ်ပြီး ဖြန့်စီထားလေသည်။

လက်ချည်ခံမည့်လူသည် လက်နှစ်ဖက်လက်ဝါးကို ဖြန့်ပြီးဆန့်ထားရသည်။ လက်ဝါးပေါ်တွင် ထမင်းတစ်ဆုပ်၊ ကောက်ညှင်းတစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး၊ ကြံတစ်စိပ်နှင့် နတ်ပန်းညိုသုံးခက်ကို ကိုင်ထားရသည်။ လက်ချည်ပေးကြမည့် ပုဂ္ဂိုလ်များသည် လက်ချည်ခံသူ၏လက်ကို ညင်သာစွာကိုင်ယူပြီး ချည်ဖြူတစ်ပင်ကို အလယ်တည့်တည့်တွင် ရေအနည်းငယ်ဆွတ်လိုက်သည်။ ထို့နောက်တွင် မကောင်းသောအရာများ ကျသွားစေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် သုံးခါသပ်ချပေးလိုက်သည်။ ထိုသို့ ပြုပြီးနောက်တွင် ချည်ဖြူဖြင့်လက်ကိုဦးစွာ ညာလက်တွင်ရစ်ပတ်ပြီး အောက်ပါအတိုင်း ဆုတောင်းပေးကြသည်။

ပြန်လာခဲ့ပါလိပ်ပြာလေး
ပလူး- "လိပ်ပြာကလေး ပြန်ခဲ့ ပြန်ခဲ့။ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရန် ပြန်ခဲ့။ မနေအပ်သောအရပ်၊ မသွားမလာသင့်သောအရပ်။ သုသာန်တစပြင်နှင့် မကောင်းဆိုးဝါးတို့ ကျက်စားရာနေရာများမှရှောင်ထွက်၍။ မကောင်းသောမိစ္ဆာ၊ မိန်းမပျက်၊ မိန်းမယုတ်တို့၏ ဖျားယောင်းသောစကားကို မယုံကြည်ပါနှင့်။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုရန် အဘိုး၏ဖားစည်ကိုတီး၊ အဘွား၏ပလိုင်းကိုလွယ်ရန် ပြန်ခဲ့။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သားအလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သားကိုချေ သံကိုခွေနိုင်သည့် ခွန်အားတို့ဖြင့် ကျန်းမာစေပြီး၊။ သားသမီးတကျိတ်၊ မြေးတစ်ရာနှင့် မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်၍ ပြန်ခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ" ဟူ၍ဆုတောင်းကြသည်။

ဆံပင်ဖြူရန်ဆုတောင်းပေး
လက်ချည်ဆုတောင်းခြင်းကို ပြုပြီးသည်နှင့် ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ်ယူလိုက်သည်။ ထိုခြည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်ခက်နှင့် လက်ချည်ခံသူ၏ ငယ်ထိပ်တွင်တင်ပေးလိုက်သည်။ ပြီးနောက်တွင် "ဤချည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဟူ၍ နောက်ဆုံး ဆုတောင်းပေးလေသည်။ (ဆုတောင်းပေးရာတွင် တတ်မြောက်သူတို့က တတ်မြောက်သည့်အလျောက် ဆိုကြသည်။ အချို့ကလည်း လိုရင်းကိုသာ တိုတိုတုတ်တုတ်နှင့် ဆုတောင်းပေးကြသည်)

ပျော်ပျော်ပါးပါးစားစားသောက်သောက်
ထိုအခါ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်တွင် လက်ချည်သူ၏ ဆုတောင်းစကားကို ဦးထိပ်ပန်သည့်သဘောဖြင့် ထိုအတိုင်းထားလေသည်။ ယင်းနောက်တွင် လက်ဝါးနှင့်ခံယူပြီး ဆန်ကောပေါ်တွင် ပြန်ချထားလိုက်သည်။ လက်ချည်ပေးခြင်း တစ်ဦးပြီးတစ်ဦး ချည်ပေးပြီးနောက်တွင် လက်ချည်ပွဲအတွက် စီမံပြုလုပ်ထားသော လက်ချည်မင်္ဂလာ ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ပြီး ၀ါခေါင်လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။ မျက်မှောက်ခေတ်တွင် ၀ါခေါင်လပြည့်နေ့ကြရောက်တိုင်း ပိုးကရင်လူငယ်များ စုစည်းဦးဆောင်၍ စုပေါင်းခြည်ဖြူဖွဲ့မင်္ဂလာပြုပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လျက် ရှိနေပေသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, June 1, 2012

၉ ကြိမ်မြောက် ၊ ကိုရီးယား ယဉ်ကျေးမှု လေ့လာရေးခရီး(Korean Culture City Tour) လိုက်ပါနိုင်ကြောင်း

ကိုရီးယား အပြည်ပြည်ဆိုင်ရာ ဓမ္မကထိကများအသင်း (International Dharma Instructors' Association, Korea) မှ ဦးစီ၍ "၉-ကြိမ်မြောက် ဧည့်နိုင်ငံသားများ ကိုရီးယား ယဉ်ကျေးမှု လေ့လာရေးခရီး" ကိုအောက်ပါအတိုင်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည် -

ရက်စွဲ -
၂၀၁၂ခုနှစ် ဇွန်လ ၁၀ ရက် (တနင်္ဂနွေနေ့)


အစီအစဉ်များ-
1) Bongeunsa Temple (10:00~11:20 Temple Tour)
နှစ် ပေါင် ၁၂၀၀ ကျော် ရှိသည့် သမိုင်းဝင် ဘုရား။
2) Lunch Time (11:20~12:00)း နေ့လည်စာ သုံးဆောင်ခြင်း
3) Han River Cruise Visit (13:00~14:00)
(Jamsil ~ Yeouido (one way) ဟန်မြစ် ကမ်းခြေ တစ်လျှောက် သင်္ဘောစီးလေ့လာရေး
4) The War Memorial (14:30~15:30) စစ်သမိုင်းပြတိုက်
5) Deoksugung Palace (ဒေါက်စုကွန့်နန်းတော်)
-Palace of Joseon Dynasty (16:00~17:00)/
6) Closing Comment and Talent Show (17:00~18:00) အခမ်းအနားပြီးဆုံးခြင်းနှင့် အမှတ်တရများ

စတင် ထွက်ခွာမည့် နေရာနှင့် အချိန်
ဘူဖြောင်းဘူတာရဲစခန်းရှေ့မှ နံနက် ၈ နာရီ

စိတ်ပါဝင်စားသူများ ၂၀၁၂ နှစ် ဇွန်လ ၂ ရက် (စနေနေ့) ညနေ ၅ နာရီနောက်ဆုံးထားပြီး ၊010-6874-2457 ထံ စာရင်းပေးသွင်းနိုင်ပါသည် ။

မှတ်ချက်များ-
- လူဦးရေ ကန့်သတ်ထားသည် ။
- မိမိအစီအစဉ်ဖြင့် လိုက်ပါလိုသူများ(016-9310-2366)ထံ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည် ။
- ချစ်ကြည်ရေး အခမဲ့ ခရီးစဉ်ဖြစ်သည် ။
- အမှတ်တရ အစီအစဉ်တွင် ရိုးရာ အဆို ၊ အတီး ၊ အက များဖြင့် အပြိုင်အဆိုင် ကပြသီဆိုဖျော်ဖြေကြမည် ဖြစ်သဖြင့် ဝါသနာရှင်များ ပြင်ဆင်လာကြပါရန်။

လေးစားမှုဖြင့် -

ဓမ္မဒူတ(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, April 15, 2012

မြန်မာသင်္ကြန် ၂၀၁၂ (ကိုရီးယား) မှတ်တမ်းပုံများ




[Photo: Nay Lin Thu:၂၀၁၂ခုနှစ် ဧပြီ၁၅ ရက် တနင်္ဂနွေနေ့ ၊ ဘူချောန်းမြို့ ပြည်သူ့အားကစားကွင်းတွင် မြန်မာသင်္ကြန်ပွဲတော်ကျင်းပပုံ]

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 18, 2012

လွန်ခဲ့တဲ့ အနှစ် ၂၄ နှစ်က နိုင်ငံတော် သမ္မတကြီး ဦးမောင်မောင် ဟောခဲ့တဲ့တရား ၊ ဘာများလဲလို့

နောင် အနှစ် ၂၀ အစိတ် လောက်ကြာရင် ခင်ဗျား တို့ သိမယ် လို့ သမ္မတကြီး ဦးမောင်မောင်ပြောခဲ့တာ တွေ အမှန်တကယ်ဖြစ်လာပါပြီ ။ နောင် အများကြီးလာဦးမယ် ။ ဒါအစပဲ ရှိသေးတယ် ။ ဒါဟာ ဒီမိုကရေစီရဲ့ ဖွားဘက်တော်တွေပါ ။ ပညာရှိတွေ တွေးကြည့်တာဟာ ၊ ပြေးကြည့်တာထက်မှန်သတဲ့ဗျ ။ ကဲ ၊ ဘာများတုန်းဗျာ ၊ သိချင်ရင် ဆက်ဖတ်ရန်ကို နှိပ်ကြည့်ပါတော့ဗျာ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, January 19, 2012

တန်ခိုးလေးတွေ လျှော့ကြဦးစို့ ကိုအောင်ရင် (၁)

ကမ္ဘာတစ်လွှား မြန်မာများ တန်ခိုးထွားနေ
ခုတလော ၊ မြန်မာ့တန်ခိုးနှင့် ပတ်သက်ပြီး ၊ ပြောချင်စိတ် ရေးချင်စိတ်ကလေး တဖွားဖွားပေါ်နေသဗျ ။ ဒါနှင့် ကျနော် တွေးကြည့်တယ် ။ ပထမဆုံးပေါ်လာတာက စစ်အစိုးရရဲ့ တန်ခိုးထွားပုံ ။ ကမ္ဘာကို မြန်မာလွှမ်းရမည် ဆိုတဲ့ မဟာဗျူဟာ စီမံကိန်းနှင့် ကမ္ဘာတစ်လွားကို မြန်မာတွေရောက်အောင် လုပ်နေရော့လေ သလားပေါ့ ။ ခုဆို ကမ္ဘာမှာ မြန်မာ မရှိတဲ့နိုင်ငံဆို တော်တော် ရှားနေရော့ပေါ့ ။ နယ်စပ်မှာဆိုလည်း ဘေးပတ်ပတ်လည် မြန်မာတွေချည်းပဲ သိမ်းပိုက်နေရာယူထားကြပြီးပြီ ။ ထိုင်းအစပ်မှာဆို တော်တော်လေးတောင် ထိုးဖောက် နေရာယူပြီးရော့ပေါ့ ။ ဂဏန်း ခုနစ် လုံးတောင် ရှိနေဆိုပဲ ။ အမယ် ၊ ထိုင်းနယ်စပ်ကနေ ဂျပန်သွားပြီး ဆုတွေတောင်ယူလိုက်သေး ။ မြန်မာတွေ တန်ခိုးထွားနေကြတာ ။
လျှော့ကြဦးစို့ ကိုအောင်ရင်
မြန်မာတွေ တန်ခိုးထွားတဲ့အကြောင်း သီချင်းလေး ၊ မော်ကွန်းလေးများရှိမလားဆိုပြီး ၊ အင်တာနက်ထဲ ရှာကြည့်တယ် ။ အမယ် ရှိပါ့ဗျာ ။ ဇာတိမာန် သီချင်းကို ကျနော်ကြိုက်တယ် ။ ကိုအောင်ရင်ဆိုထားတာ ၊ “မျိုးရိုးကတန်ခိုးရှိခဲ့ပေ” ဆိုတဲ့ စာသားလေး ကိုခိုက်သဗျ ။/စိတ်ပါဝင်စားသူများ (ဒီမှာနှိပ်) ။/ကမ္ဘာမှာ မြန်မာတွေ တော်တော် တန်ခိုးထွားနေကြပါပေါ့ ။ အဲ ၊ သီချင်းနားထောင်ရင်း ကျနော်ပြောချင်တာလေးရှိလာလို့ ဒီဆောင်းပါးကို တန်ခိုးလေးတွေ လျှော့ကြဦးစို့ ကိုအောင်ရင် လို့ ခေါင်းစဉ်တပ်လိုက်တာပါ ။
မြန်မာတွေ နားခိုဖို့နေရာ
ကျနော်တို့ ကိုရီးယားရောက် မြန်မာများ တန်ခိုးထွားပုံလေးတွေရော ကြည့်ကြဦးစို့ရဲ့ ။ ရှေ့မှီနောက်မှီပုဂ္ဂိုလ်များပြောပြချက်အရ ၊ မြန်မာတွေ ၁၉၉၂-၉၃ လောက်ကစပြီးရောက်လာကြတာတဲ့ဗျ ။ အဲဒီတုန်းက ကိုရီးယားဝင်ဖို့ ဗီဇာမလိုဘူးတဲ့ ။ ဆိုက်ရောက်ဗီဇာနှင့်ဝင်ကြတာတဲ့ ။ အရင်ဆုံး လာကြတဲ့ သူတွေက သင်္ဘောသားတွေ နှင့် သင်္ဘောသား ယောင်ဆောင်ပြီးလာကြတဲ့သူတွေတဲ့ဗျ ။ မြန်မာတွေ ရောက်လာတော့ ၊ ပြဿနာတွေလည်း ထပ်ကြပ်မကွာပါလာဆိုပဲ ။ ဒါနှင့် မနေနိုင်တဲ့ တန်ဆန်း(Dangsan) မှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ခုကနေပြီး ၊ မြန်မာတွေ နားခိုဖို့နေရာ (Shelter) လေး တစ်ခု ပေးထားသတဲ့ ။ နောက်တော့ မြန်မာအလုပ်သမားကော်မတီဆိုပြီး အဖွဲ့လေးတစ်ခု ဖွဲ့ခဲ့ကြသတဲ့ ။ အဲဒါ ကို ယနေ့ မြန်မာအသင်း(ကိုရီးယား) ရဲ့ ရှေ့ပြေးအသင်းလို့ သဘောယူကြသူတွေလည်းရှိပါတယ် ။
တော်ပါပြီ မြန်မာ
အဲ ၊ နောက်တော့ အသင်းအကြီးအမှူးလုပ်တဲ့သူတွေက အလုပ်ပွဲစားဖြစ်ကုန်ကြသတဲ့ ။ အလုပ်မရှိရင် ဘုရားရှိခိုးကျောင်းလာနေ ၊ အလုပ်သွင်းပြီး ပွဲစားခယူ ။ မြန်မာပြည်က အလုပ်သမားတွေ သွင်းပေါ့ ။ နောက်တော့ အချင်းချင်း ဝေစုမတည့်လို့ အချင်းချင်းပဲ ဆော်ပလော်တီးကြ ။ ဒီလိုနှင့် ပြဿနာပေါင်း သောင်းခုနစ်ထောင်တက်ပြီး ဘုရားရှိခိုးကျောင်းကနေ မြန်မာတွေ အားလုံး မောင်းထုတ်ခံလိုက် ရသတဲ့ ။ မြန်မာအလုပ်သမားကော်မတီကြီးလည်းပျက်ပေါ့ ။ မြန်မာတွေကို အဲဒီ ဘုရားရှိခိုးကျောင်းက ယနေ့တိုင် ရင်နာမဆုံးရှိနေဆဲတဲ့ဗျ ။ ကျနော်တို့ မြန်မာတွေ အဲသလို တန်ခိုးထွားခဲ့ကြတာ ။
ကူညီနေဆဲ ဆောက်ဝမ်ဆာ
အဲ ၊ ကိုရီးယားက မြန်မာတွေအကြောင်းပြောရင် မပါမပြီး ပြောကြရမှာက ၊ ပူချွန်း (Puchon) ဆောက်ဝမ်ဆာ လင်ယောင်ဒန် ဆရာတော်ကြီး တဲ့ခင်ဗျ ။ ဆရာတော်ကြီးဟာ သူ့ရဲ့သီလဂုဏ် ၊ သမာဓိဂုဏ် ပညာဂုဏ်တို့ ထွန်းပြောင်မှုကြောင့် ယခုအခါ ကိုရီးယားနိုင်ငံ ဂျိုဂဲဂိုဏ်းရဲ့ ဒုတိယဥက္ကဋ္ဌကြီးအဖြစ် ရွေးကောက် တင်မြှာက်ခံထား ရသူပါ ။ ၁၉၉၅ခုနှစ်မှာ ဘူချောန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာ (Puchun Foreign Workers’ House) ကို ထူထောင်ခဲ့ပြီး ၊ နိုင်ငံခြားသားအလုပ်သမားတွေကို ဘက်ပေါင်းစုံကနေ တကယ့်ကို အားတက်သရော ကူညီနေတာပါ ။ ယနေ့အချိန်ထိပါပဲ ။
ဆရာတော်ကြီးကိုလည်း မြန်မာတန်ခိုးပြ
၁၉၉၈ ခုနှစ်မှာ မြန်မာတွေစုပြီး မြန်မာပြည်ကနေ မြန်မာ့လက်ရာ ကျောက်ဆင်းတု တစ်ဆူပင့်ပါတယ် ။ ဆရာတော်ကြီးရဲ့ ကျောင်းမှာ စမ္ပါယ်တော်မူနေတဲ့ တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်ပါ ။ အနေကဇာတင်ပွဲ ချိမ့်ချိမ့်သဲ ကျင်းပခဲ့ကြတာပါ ။ အလှူတော်ငွေရရှိရေး ဆောင်ရွက်စဉ် တီးဝိုင်း ၊ အဆိုတော်တွေနှင့် ပုဂ္ဂိုလ်ကျော်အချို့ (အားလုံး ၂၀ ခန့်လို့ဆိုပါတယ်) ကို ဆရာတော်ကြီးကပဲ ၊ ခေါ်စာပေးခဲ့တာပါ ။ ဆရာတော်ကြီးမျက်နှာနှင့် အားလုံး ဘေးမသီရန်မခ ၊ ချောမွေ့စွာ ကိုရီးယားရောက်လာကြတာပါ ။ နောက် မြန်မာတစ်ဦးဦး ဆုံးတဲ့အခါများမှာလည်း အသုဘကိစ္စအားလုံးကို လိုလေသေးမရှိအောင် ကူညီ ၊ မိသားစုတွေကိုလည်း တာဝန်ခံပြီး ခေါ်ပေးခဲ့သူပါ ။ အခုအခါမှာ ဆရာတော်ကြီး ခမျာ ၊ လူခေါ်ဖို့မဆိုထားနှင့် လ အက္ခရာပါတာဆိုရင် (အဟဲ) လားတို့ လိပ် တို့တောင် ခေါ်မရတော့ပါဘူး တဲ့ခင်ဗျာ ။ အကြောင်းကတော့ ဆရာတော်ကြီး တာဝန်ခံပြီး ကိုရီးယားသို့ ခေါ်ပေးခဲ့တဲ့ မြန်မာတစ်ချို့ ထွက်ပြေးသွားကြလို့ ဖြစ်ပါသတဲ့ခင်ဗျာ ။ ဆရာတော်ကြီးနာမည် လူဝင်မှုကြီး ကြပ်ရေးဌာနမှာ နာမည်ပျက်စာရင်း ဝင်နေသတဲ့ ။ ကဲ ၊ ကောင်းရော့ ။ ကိုရီးယားရောက် မြန်မာတွေ တန်ခိုးထွားပုံ ။



တန်ခိုးလေးတွေ လျှော့ကြဦးစို့ ကိုအောင်ရင် (၂) ကို ဆက်လက်တင်ပြပါမည် ။ မျှော် ……….
လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

တန်ခိုးလေးတွေ လျှော့ကြဦးစို့ ကိုအောင်ရင် (၂)

စကားမစပ် စင်္ကာပူ
စပ်မိလို့ ပြောရဦးမယ် ။ စင်္ကာပူရောက် မြန်မာများလည်း တော်တော်လေး တန်ခိုးထွားခဲ့ပုံပဲဗျ ။ ဘာဖြစ်လို့လည်း ဆိုတော့ လွန်ခဲ့တဲ့နှစ် အလုပ်ခေါ်စာ တစ်ခုမှာ မြန်မာနိုင်ငံသားများ လျှောက်ထားရန်မလို ဆိုပြီး ပါနေလို့ ၊ စင်္ကာပူရောက် ကိုရွှေမြန်မာများ ပူညံပူညံလုပ်တဲ့ သတင်းလေးဖတ်လိုက်ရတယ် ။ စင်္ကာပူရောက် ရွှေမြန်မာများ သိကြပေမပေါ့ ။ အင်း ၊ ရှိစေဗျား ။ ကိုရီးယားရောက် မြန်မာများ တန်ခိုးထွားပုံလေးများ ဆက်ပြောကြရအောင် ။
လူကုန်ကူးခွင့်ပါမစ်ရ ရွှေအင်အား
ကိုရီးယားနိုင်ငံရောက် မြန်မာများအကြောင်း ပြောရရင် ရွှေအင်အားလည်း ချန်ထားလို့ မရပါ ။ ရွှေအင်အား ရိုက်ချက်က ဒီလိုပါ ။ ရွှေအင်အားဆိုတာ ၂၀၀၇ ခုနှစ် မတိုင်မှီက မြန်မာပြည်က အလုပ်ခွင် သင်တန်းသားတွေ ကို တောင်ကိုရီးယားသို့ စေလွှတ်ရာမှာ အကျိုးဆောင်ခွင့် ရတဲ့ ကုမ္ပဏီပေါ့ခင်ဗျာ ။ လူကုန်ကူးခွင့်ပါမစ် ရတယ်ဆိုပြီး အပြောင်အပျက်လိုလို ပြောကြတာတွေလည်း ရှိပါတယ် ။ အဲ ၂၀၀၇ ခုနှစ် ဒီဇင်္ဘာ ၃၁ ရက်နေ့မှာ ကိုရီးယားအစိုးရက အလုပ်ခွင် သင်တန်းသားစနစ်ကို ဖျက်သိမ်းလိုက်ပါတယ် ။ သင်တန်းသားစနစ်မှာ ကိုယ်စားလှယ်တော်တွေအတွက် ကိုယ်စားလှယ်တော်ကြေး အဆမတန်ပေးကြရလို့ သင်တန်းသားတွေ ထွက်ပြေးကြတာပါ ဆိုပြီး ဝိုင်းပြောကြတာကြောင့် ဖျက်သိမ်းရတာဖြစ်ပါတယ် ။ အခြားအချက်တွေလည်း ပါသပေါ့ခင်ဗျာ ။ အဲ ၊ ကိုယ်စားလှယ်တော်စနစ်ကိုလည်း တစ်ပါတည်းဖျက်သိမ်းလိုက်ပြီး ၊၂ နိုင်ငံအကြား အစိုးရချင်း တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ရတဲ့ စနစ်ဖြစ်သွားပါတယ် ။ သက်တမ်း မကုန်သေးတဲ့ သင်တန်းသားတွေကိုတော့ အီးပီစနစ်ထဲ သွတ်သွင်းပေးလိုက်ပါတယ် ။
အိမ်ပြန်စရိတ်အာမခံငွေများ ပျောက်ဆုံးနေခြင်း
ကိုရီးယား အီးပီစနစ်နှင့် သင်တန်းသားစနစ်မှာ ကွာခြားချက် တစ်ခု က ၊ အရင် သင်တန်းသားစနစ်မှာ ကိုယ်စားလှယ်တော်ကြီးများကို အုပ်ချုပ်မှုစရိတ်ဆိုပြီး လစဉ်ချီးမြှင့် မစ ခဲ့ကြရပေမယ့် ၊ အီးပီစနစ်မှာ အဲတာ ပေးဖို့ မလိုတော့ပါ ။ ဒီတော့ အသွင်ပြောင်း သင်တန်းသားအချို့က အဲဒီအချက်ကို သိကြလို့ ၊ အုပ်ချုပ်မှုစရိတ် မပေးကြတော့ပါဘူး ။ ရွှေအင်အားကလည်း အလိုက်တသိ ဆက်သွင်းနေတဲ့ သင်တန်းသား ဟောင်းဆီက အုပ်ချုပ်မှုစရိတ်တွေကို ခပ်တည်တည်နှင့် ဆက်မှေးပြီး ယူနေခဲ့ပါတယ် ။ နောက် တစ်ချက်က အီးပီစနစ်မှာ အလုပ်သမားတွေ အိမ်ပြန်စရိတ်အာမခံဆိုတာ လူတိုင်းထားကြရပါတယ် ။ အိမ်ပြန်ချိန် အိမ်ပြန်စရိတ်မရှိလို့ ကိုရီးယားအစိုးရက စိုက်ထုတ်ပေးရတာမျိုးမဖြစ်အောင်လို့ပါ ။ ရွှေအင်အားက ဘာလုပ်တုန်းဆိုတော့ ၊ အုပ်ချုပ်မှုစရိတ်မပေးတော့တဲ့ သင်တန်းသားတွေရဲ့ အိမ်ပြန်စရိတ်အာမခံကြေးများကို အကုန် ထုတ်ယူ လိုက်ပါတယ် ။ ထောက်ခံစာအတု ၊ လေယာဉ်လက်မှတ်အတု ၊ ကာယကံရှင်ရဲ့ လက်မှတ်အတုတွေ လုပ်ပြီး အာမခံကုမ္ပဏီဆီက လိမ်ပြီး ထုတ်ယူသွားတာပါ ။ ကိုယ်ယကံရှင်တွေက အိမ်ပြန်ချိန်ရောက်လို့ အိမ်ပြန်စရိတ်အာမခံကြေး ထုတ်ကြတော့မှ သိကြရသတဲ့ ။
ရွှေအင်အားဟေ့ ၊ သောသောညံ
ဒီတော့ အစကတည်းက ပေးစရာမလိုတော့လို့ မပေးဘဲနေကြတဲ့ မောင်တွေက ၊ အေးအေးဆေးဆေး ရုံးပိတ်ပြီး ပြန်ကြရတော့မှာကို မပြန်ဘဲ ရသလောက် ကောက်စားသွားတဲ့ ရွှေအင်အားကို အရေးယူပေးပါဆိုပြီး တိုင်ကြတောကြ ၊ လူထုအဖွဲ့အစည်းတွေကလည်း ကိုရီးယားအစိုးရဆီတိုင် ၊ မီဒီယာတွေလည်း ထအော်လုပ်တော့ ကိုရီးယားတပြည်လုံး ရွှေအင်အားအကြောင်း သောသောညံသွား ရပါတော့တယ် ။ မြန်မာပြည်သားစစ်စစ် ဖြစ်တဲ့ ရွှေအင်အား တန်ခိုးပြလိုက်လို့ ထူးခြားသွားတာကတော့ ၊ အခု ကိုရီးယားအစိုးရက မြန်မာအစိုးရနှင့် ၊ အလုပ်သမားစေလွတ်ရေးနားလည်မှုစာချွန်လွှာ လက်မှတ် ဆက်ထိုးဖို့ ငြင်းဆန်နေခြင်းပါဘဲ ။ ကိုရီးယားလာရမယ်ဆိုပြီး ၊ အိမ်ခြံမြေ ပေါင်ရောင်းကာ စောင့်နေရရှာတဲ့ မြန်မာပြည်က ညီငယ်များကတော့ အတိုးလည်ပင်းခိုက်နေရော့ပေါ့ ။ မြန်မာတွေ အဲသလို တန်ခိုးထွား ကြတာ ။
ဘူချောန်းယဉ်ကျေးမှုဖောင်ဒေးရှင်း
အဲ ၊ နောက်တစ်ခု ကိုရီးယားရောက်မြန်မာများတန်ခိုးထွားပုံအကြောင်း ပြောရရင် မပါမဖြစ် ပြောကြရမှာက ၊ ဘူချောန်းယဉ်ကျေးမှုဖောင်ဒေးရှင်း (Bucheon Culture Foundation) အကြောင်းပေါ့ခင်ဗျာ ။ သူကဘာလဲ ဆိုတော့ မြန်မာတွေ ဘူချောန်းမြို့မှာ ဂီတပွဲလုပ်တဲ့အခါတိုင်း ခမ်းမငှားပေးတဲ့ ဖောင်ဒေးရှင်း ပေါ့ခင်ဗျာ ။ အင်ပီအို တစ်ခုပါ ။
လုပ်ချင်ဦးဟ ဂီတပွဲ
ဒီနှစ် ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်ငန်းရှင်အချို့စုပြီး ၊ ကိုရီးယားနိုင်ငံ ထေရဝါဒ ဗုဒ္ဓသာသနာပြန့်ပွါးရေး ရန်ပုံငွေရှာဖွေရေး အတွက်ရော ၊ ပွဲငတ်နေတာ ကြာပြီဖြစ်တဲ့ မြန်မာပရိသတ်တွေ စိတ်လက်ပျော်ပါးမှုရစေဖို့ပါ ရည်ရွယ်ပြီး ဂီတပွဲတော် လုပ်ကြဖို့ စီစဉ်ခဲ့ပါတယ် ။ အရင် ၂၀၀၆ခုနှစ်ကတော့ ဆိုးလ်မြို့တော်မှာလုပ်ခဲ့တာပါ ။ ဘူချောန်း အင်ချောန်းတို့နှင့်သာ အထာကျနေတဲ့ မြန်မာပရိသတ်များ သွားရေးလာရေး အဆင်မပြေကြဘူး ဆိုလို့ ၊ အခု အင်ချောန်း ဘူချောန်းဒေသကိုရွေးလိုက်ကြတာလို့ ဆိုပါတယ် ။ ဒီတော့ ပထမဆုံး မြင်ကြတာက ဘူချောန်းပြည်သူ့ခမ်းမပေါ့ ခင်ဗျာ ။ ခမ်းမရရှိရေး မြန်မာအသင်း (ကိုရီးယား)နှင့် ဘူချောန်း ရွှေ့ပြောင်း အလုပ်သမားရိပ်သာတို့ကို တင်ပြပြီး ၊ အဲဒီကမှတစ်ဆင့် ဘူချောန်း ယဉ်ကျေးမှုဖောင်ဒေးရှင်းဆီကို လျှောက်ထားကြပါတယ် ။ လုပ်ထုံးလုပ်နည်းပါပဲ ။
မြန်မာဆိုလျင် မငှားရဘူးတဲ့
ဘူချောန်းရွှေ့ပြောင်း အလုပ်သမားရိပ်သာ အကြီးအကဲနှင့် ဘူချောန်းယဉ်ကျေးမှုဖောင်ဒေးရှင်း အကြီးအကဲတို့ဟာလည်း ရင်းနှီးကြတဲ့ မိတ်ဆွေတွေပါ ။ အားလုံးအိုကေပါပဲ ။ ခမ်းမရတယ်ပေါ့ ။ အဲ ထူးခြားမှုကတော့ ဘာအစီအစဉ်တွေလုပ်ကြမှာလဲ ဆိုပြီးမေးတော့ ၊ မြန်မာဂီတပွဲပေါ့ ။ အဲ ၊ အဲဒီမှာတင် ပွက်လောရိုက်ပါလေရော့ ။ ဘာဖြစ်လို့လည်းဆိုတော့ ၊ မြန်မာများကို ငှားရမ်းခြင်းမပြုရဆိုတဲ့ ၊ ခမ်းမ အုပ်ချုပ်ရေးဘုတ်အဖွဲ့ရဲ့ ညွှန်ကြားချက်ရှိနေလို့ ဖြစ်သတဲ့ ။ ဖြစ်ကြောင်းရယ်ကုန်စင် မေးကြည့်တော့ ဒီလိုတဲ့ခင်ဗျာ ။
ခမ်းမအတွင်းသို့ မည်သည့် စားစရာမျှ မယူရ
လွန်ခဲ့တဲ့ ၄ နှစ် ၊ ၂၀၀၆ ခုနှစ်အတွင်းက အဲဒီ ခမ်းမမှာ မြန်မာ ဂီတပွဲတော် ကျင်းပခဲ့ကြပါတယ် ။ အဲဒီတုန်းက ဖြစ်စဉ်က ၊ အစားအသောက် ဆို အရည်ရော အဖတ်ပါ ဘာတစ်မှ ယူဆောင်ခွင့်မပြုပါ ဆိုတဲ့ ၊ ဘူချောန်းပြည် သူ့ခမ်းမ (ဇာတ်ရုံကြီး) ဟာ ၊ မြန်မာဂီတပွဲတော်အပြီးမှာတော့ အရက် (ဆိုဂျူး) ပုလင်းချည်း အမှိုက်အိတ်ကြီး ၃ လုံးစာ ထွက်သတဲ့ ။ ကွမ်းတံတွေးတွေ ၊ အန်ဖတ်တွေ ။ စားကြွင်းစားကျန်တွေ ၊ တံတွေးထွေးထားတာတွေ ၊ အမှိုက်သရိုက်တွေ ။ ထိုင်ခုံကို ပလိတ်ဓါးနှင့် ခွဲထားတာတွေ ၊ ဆေးလိပ်မီးနှင့် ထိုင်ခုံကို ထိုးထားတာတွေ ၊ တာဝန်မှူး အစီရင်ခံစာ စာ မှတ်တမ်းနှင့်ရော ၊ ဓါတ်ပုံမှတ်တမ်းများပါ ရှိနေပါသတဲ့ ။ အလားတူ ပြဿနာမဖြစ် ပေါ်ရေး ဆွေးနွေးကြတော့ ဇာတ်ရုံ အတွင်း / အပြင် စီစီတီဗီ အလုံး သုံးဆယ် တပ်လိုက်ရသတဲ့ ။
မြန်မာပွဲရှိရင် လက်တို့ဦးနော် (ပြေးမလို့)
နောက် ပတ်ဝန်းကျင်ပြည်သူများရဲ့ တိုင်တန်းချက်များလည်း ရှိသေးသတဲ့ ။ ရွှေပွဲလာ ရွှေမြန်မာများ ယာဇ်မူးတော်ပြီး ၊ ပတ်ဝန်းကျင်မှ ဆိုင်တွေမှာ ရစ်တော်မူကြလို့ ၊ အချင်းများ ရန်ဖြစ်ကြရာက ပတ်ဝန်းကျင်မှ ဆိုင်များ အရောင်း ပိတ်လိုက်ရတဲ့ ဖြစ်စဉ်များလည်း ရှိခဲ့ပြီး ၊ မြန်မာများ ပွဲလုပ်လျင်ဖြင့် ကြိုတင် အသိပေးထား ပါရန် တိုင်တန်း မေတ္တာရပ်ခံချက်များလည်း ရှိသတဲ့ခင်ဗျာ ။ ကောင်းရော မြန်မာတွေ တန်ခိုးထွားကြပုံ ။
အကျိုးကျေးဇူးကတော့ ၊ နောင်ဘယ်သောအခါမှ ၊ မြန်မာများကို ငှားရမ်းခြင်းမပြုရဆိုပြီး ၊ ခမ်းမ အုပ်ချုပ်ရေး ဘုတ်အဖွဲ့က ဆုံးဖြတ်လိုက်သတဲ့ ။ ကောင်းရော့ဗျား။ ဒီတော့ အရင်ကဆို မြန်မာအသင်း (ကိုရီးယား)က ပွဲလုပ်မယ်ဆိုရင် ၊ ဘူချောန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာက လျှောက်ထားတယ်ဆိုလျင် ဘယ်သော အခါမျှ ငြင်းပယ်ခြင်းမရှိခဲ့ဖူးပါ ။
ဝမ်သိန်း၅၀ ယူပါဆိုလည်း မရ
အခုတော့ ဝမ် သိန်း ၅၀ စဘော်တင်ပါ့မယ် ၊ သန့်ရှင်းရေးမကြိုက်လျင် ၊ ပျက်စီးတာရှိလျင် တစ်ဝမ်မှ ပြန်မယူပါ ။ အကုန်ဖြတ်ယူလိုက်ပါ ၊ အရင်လို မဖြစ်စေရပါဘူး ၊ မမူးစေရပါဘူး ၊ ရန်မဖြစ်စေရပါဘူး ။ ရန်ဖြစ်လျင် တာဝန်ခံ လျှောက်ထားသူကို ကြိုက်သလို အရေးယူပါဆိုလည်း မရပါ ။ ဘယ်လိုလုပ်မှ ရမလဲလို့ အချင်းချင်း ပွင့်ပွင့်လင်းပဲ မေးကြတော့ ၊ လွတ်တော်အမတ် သို့မဟုတ် ဘူချောန်းမြို့တော်ဝန် အစရှိတဲ့ ၊ လူကြီးများမှ တစ်ဆင့် ခမ်းမအုပ်ချုပ်ရေးဘုတ်အဖွဲထံ ချည်းကပ်ဖို့ ၊ မြန်မာဆိုလျင် မငှားရ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစား ပြင်ဆင်ပေးဖို့ လုပ်ပါဆိုတဲ့ အကြံပြုချက်ကို ရပါတယ် ။
ဒီမှတ်တမ်း ပြန်ဖျက်မှ ဖြစ်မယ်
ဂီတပွဲတော် ကျင်းပရေး ကော်မတီအနေဖြင့် အခြားနေရာမှာ ဂီတပွဲကျင်းပလို့ ရသော်လည်း ၊ အဓိကကတော့ ဒီမှတ်တမ်းကိုတော့ တို့ ဖျက်အောင် ကြိုးစားမှ ဖြစ်မယ်ဆိုတဲ့ ခံစားချက် ရှိနေကြတာမို့ ၊ ဘူချောန်း ပြည်သူ့ခမ်းမမှာ ရှိနေတဲ့ မြန်မာဆိုလျင် မငှားရ မှတ်တမ်း ပျက်ရေး ကြိုးစားကြရပါတော့တယ် ။ ဒီတော့ ဆိုင်ရာများမှ တစ်ဆင့် ဘူဖြောင်းလွတ်တော် အမတ်များလည်းမနေရ ၊ ဘူချောန်းလွတ်တော် အမတ်မင်းများ လည်း မနေရ အားလုံးအလုပ်ရှုပ်ကုန်ကြရပါတယ် ။ မြန်မာတွေ တန်ခိုးထွားကြပုံ ။ နောက်ဆုံး ဘူချောန်းမြို့ တော်ဝန်က မေတ္တာရပ်ခံ တာဝန်ယူဖြေရှင်းပေးမှ စည်းကမ်းချက်ပေါင်း များစွာဖြင့် မြန်မာများကို ငှားရမ်းခွင့်ပေးလိုက်ပါသတဲ့ ခင်ဗျာ ။ မနက်ဖြန် မြန်မာ ဂီတပွဲတော် ကျင်းပတော့မှာပါ ။ (မြန်မာမငှားရ မှတ်တမ်း ဖျက်သိမ်းရေး ဝိုင်းဝန်း ကူညီ စောင်မ ပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးများလည်း ဂီတပွဲတော်တက်ပြီး ဖြစ်ကြောင်းရယ်ကုန်စင် အမှာစကား ပါးကြပါလိမ့်မယ် ။ အသံလွင့်ဌာနများ အပါအဝင် ဆိုင်ရာ မီဒီယာများကလည်း မှတ်တမ်းယူကြပါလိမ့်မယ် ။)
ကိုယ်စိုက်သော အပင် သူများကို မပိစေသင့်
ကိုယ်စိုက်သော အပင် ကိုယ်ရိတ်သိမ်းရမည်လို့ သမ္မာကျမ်းစာက ဆိုထားပါတယ် ။ ကျနော့်သဘောအရ ပြောရလျင် ကိုယ်စိုက်သောအပင် ကိုယ်ရိတ်သိမ်းရသည်မှာ အထူးအဆန်းမဟုတ်ပါ ။ ကိုယ်စိုက်သောအပင် ကိုယ်မရိတ်ပဲ ၊ ကိုယ်မစိုက်သော သူများအပင်ကို ကိုယ်က ရိတ်သိမ်းရခြင်း ၊ ကိုယ်စိုက်သော အပင်က သူများကို ပိမိစေခြင်း ၊ ကိုယ်စိုက်ထားသော အပင်ကို အခြားသူများက ရိတ်သိမ်းရခြင်းများက ပြဿနာပါ ။
ပုရေဇာတပစ္စယော
လောကကြီးမှာ ကိုယ်ကောင်းလျင် ခေါင်းမရွေ့ဟု သဘောထား၍မရပါ ။ ဗုဒ္ဓ အဘိဓမ္မာ ပဋ္ဌာန်းကျမ်းက ပြဆိုနေသည်မှာ ၊ ကျွန်ုပ်တို့အားလုံးဟာ တစ်နည်းနည်းဖြင့် အကြောင်းအကျိုးဆက်နွယ်မှုဖြင့် အကျိုးကျေးဇူးပြု နေကြပါတယ် ။ ပုရေဇာတ ပစ္စယသဘောအရ ရှေးကပြုခြင်းများသည် နောက်ကိစ္စများကို အကျိုးဖြစ်စေ ပါတယ် ။ အ ဝိဂတ ပစ္စယသဘောအရ မကင်းရာ မကင်းကြောင်းသဘောဖြင့်လည်း အချင်းချင်း အကျိုးကျေးဇူး ပြုနေကြပါတယ် ။ နိဿယျပစ္စယ သဘောဖြင့်လည်း အချင်းချင်း အမှီအတွယ်ပြုနေကြရ ပါတယ် ။ ကိုယ်က မည်မျှကောင်းကောင် လုပ်သော်လည်း အဟောသိကံ သဘောအရ ၊ ကောင်းကျိုးမရဘဲ အကျိုးမဲ့ ဖြစ်စေတတ်သည့်သဘောလည်း ရှိနေပြန်ပါတယ် ။ စဉ်ဆက်မပြတ်သော ကောင်းမှုများကို ကြံစည် ပြောဆို လုပ်ကိုင်နိုင်ပါမှ တော်ရုံရှိလိမ့်မယ်ထင်ပါတယ် ။
ကျနော်တို့အားလုံး မြန်မာတွေပါ
ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်မည့် အဖြစ်မျိုး မဖြစ်စေလိုပါ ။ ပုပ်နေသောငါးခုံးမတစ်ကောင်ကိုသာ ဦးစွာ ဝိုင်းဝန်း ရှင်းလင်းလိုက်ကြဖို့ တိုက်တွန်းလိုပါတယ် ။ ခြေမ မကောင်း ခြေမဆိုသော်လည်း ၊ ခြေမကို ဖြတ်မည်ဆိုလျင် လက်မ လည်း နာကျင်သည့် ဒဏ်ခံစား ရမည် ဖြစ်ပြီး ၊ လက်မမကောင်း၍ လက်မကို ဖြတ်မည်ဆိုသော် ခြေမ ပါ နာကျင်တဲ့ အရသာ ကို မျှဝေခံစား ရမည်သာ ဖြစ်ပါတယ် ။ ခြေမ ဖြစ်ဖြစ် လက်မ ဖြစ်ဖြစ် တစ်ခုတည်းသော ခန္ဓာကိုယ်၏ အစိတ်အပိုင်းများ ဖြစ်နေလို့ပါ ။ ထို့အတူ ကျနော်တို့ အားလုံးဟာ ကိုရီးယားနိုင်ငံရောက် “ မြန်မာများ ဖြစ်ကြပါသည်” ဆိုသော အချက်ကို သတိရနေကြဖို့ လိုမည်ဟု ထင်ပါတယ် ။
ရပ်ကွက်မီးလောင် ငမောင် စောင်ပျောက်
သည်တစ်ခါ ၂၀၀၆ခုနှစ်ကလို အလားတူ ဖြစ်စဉ်မျိုး ဖြစ်ခဲ့လျင်ဖြင့် ၊ ဘူချောန်းပြည်သူ့ခမ်းမ (Bucheon Citizen Hall) နှင့် မြန်မာတို့ ရာသက်ပန် လမ်းခွဲကြရပါလိမ့်မယ် ။
အရူးတစ်ယောက် က သူနှင့် အခန့်မသင့်တဲ့ ဘေးအိမ်တစ်လုံးအား မီးရှို့နေသည်ကို မြင်လျင် ၊ အတူနေ ကျန် ရပ်ကွက်သားများက ငါတို့နှင့်မဆိုင်ဟု မသိချင်ယောင်နေ၍ရမည်မဟုတ်ပါ ။ ရပ်ကွက်မီးလောင်လျင် ကိုယ့်အိမ်ပါ ရောပြီး မီးလောင်နိုင်သည်ကို သတိပြုကြစေလိုပါတယ် ။
သည်တစ်ခါသာ ယခင်ဖြစ်စဉ်မျိုး ဖြစ်ခဲ့မည်ဆိုလျင်ဖြင့် ၊ အင်း ……..။ (ကျနော်မတွေးရဲပါ)
အလားတူ ဖြစ်စဉ်မျိုး မဖြစ်ကြရအောင် ၊ တန်ခိုးလေးတွေ လျှော့ကြဦးစို့ ကိုအောင်ရင်ရေ လို့သာ…………


လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, January 6, 2012

ကချင်ပြည်နယ်သားများ အာဏာရှင်ဒီမိုကရေစီစီးပွါးရေး အနှစ်သာရ စတင်ခံစားနေရ

စာတိုက်ကြေးနန်းနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကချင်ပြည်နယ်အတွင်း GSM မိုဘိုင်းဖုန်း ရောင်းချခွင့် ကို ပြည်နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များမှတစ်ဆင့် ကန်ထရိုက် ပေးလိုက်သောကြောင့် ယခင်က ဖုန်းလျှောက်လွှာတင်ထားသူ ဒေသခံများ မကျေမနပ် ဖြစ်နေကြကြောင်း သိရသည် ။
ကချင်ပြည်နယ် ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်းနှင့် ဟိုပင်မြို့နယ်တို့အတွက် GSM မိုဘိုင်းဖုန်း အလုံး ၁၀၀၀ ကို ခွဲတမ်းချပေးရာတွင် တစ်မြို့နယ်လျှင် လုပ်ငန်းရှင် တစ်ဦးစီက ကန်ထရိုက် ယူလိုက်သောကြောင့် ဖုန်းရရှိရန် ဆက်သွယ်ရေး ၀န်ကြီးဌာနသို့ တိုက်ရိုက် လျှောက်ထားသူများက ဖုန်းမရရှိခြင်းနှင့် ဖုန်းဈေး မြင့်တက်ခြင်းတို့ကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည် ဟု ဆိုပါသည် ။
"ဆက်သွယ်ရေးကို လျှောက်တာ ရလို့ရှိရင် ၁၇ သိန်းလောက်နဲ့ ရတယ်။ အခုက စီးပွားရေးသမားတွေကို ရောင်းချခွင့် ကန်ထရိုက် ပေးလိုက်တော့ သူတို့ကြိုက်တဲ့ ဈေးနဲ့ ပြန်ရောင်းတော့မှာ။ ၁၉ သိန်းခွဲလောက်ကို ဖြစ်နေပြီ။ မရတဲ့သူတွေက ဘယ်ကျေနပ်မလဲ" ဟု ဖုန်းလျှောက်ထားသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။
၎ မြို့နယ်အတွက် ဖုန်းအလုံး ၁၀၀၀ ချပေးရာတွင် အလုံးရေ ၅၀၀ ကို ဒေသအခြေစိုက် စစ်တပ်များအတွက် ခွဲတမ်းချပေးထားပြီး အလုံး ၁၀၀ ကိုသာ ၀န်ထမ်းများအတွက် ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ဖုန်းအလုံး ၄၀၀ ကိုသာ တစ်မြို့နယ်လျှင် အလုံး ၁၀၀ နှုန်း ခွဲတမ်းချထားခြင်း ဖြစ်သည် ဟုဆိုပါသည် ။
ဖုန်းရောင်းချပိုင်ခွင့် ကန်ထရိုက် ရရှိသွားသော ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များက ဖုန်းတစ်လုံးလျှင် မြန်မာကျပ်ငွေ ၁၉ သိန်းခွဲဖြင့် ရောင်းချနေကြပြီး ယခုလ ၁၀ ရက် နေ့တွင် ဖုန်းပြောခွင့်ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်သည် ဟုဆိုသည် ။


Sources:
- http://www.searchmyanmar.com/link/frame/cid/5783

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 24, 2011

တော်ဝင်မိသားစု ကာကွယ်ရေးဥပဒေကို မကျေနပ်သူများ နိုင်ငံခြားသွားနေသင့်ကြောင်း တပ်မတော်အကြီးအကဲ ပြော

ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်ကို ဝေဖန်ပြောဆိုရေးသားခြင်းကို ကာကွယ်ထားသော ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားပြီးအဆိုပါ (Lese Majeste) ဥပဒေ ကို ထိုင်းစစ်ဦးစီးချုပ်က ထောက်ခံကာကွယ်ပြောဆိုခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည် ။
ယင်းဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းလုံးဝ မလုပ်သင့်ကြောင်း၊ အဆိုပါဥပဒေကို မကျေနပ်သူများ နိုင်ငံခြားသို့ပြောင်းကာ သွားနေသင့်ကြောင်း တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုချန်အူချာက ပြောဆိုလိုက်ခြင်းဖြစ်သည် ။ လွတ်လပ်စွာ ထင်မြင်ဖော်ထုတ်ခွင့်ကို ဖိနှိပ်ထားခြင်းဟု ဝေဖန်သူများက ထောက်ပြနေကြသည့် ယင်းဥပဒေအရ ဘုရင်ကိုဖြစ်စေ ၊ မိဖုရားကိုဖြစ်စေ ၊မင်းသား၊ မင်းသမီးကိုဖြစ်စေ၊ ဘုရင်စနစ်ကိုဖြစ်စေ ကန့်ကွက်ဝေဖန်ပြောဆိုပါက ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်၍ရသည်ဟု ယင်း သတင်းကဆိုသည် ။
''ဒါဟာ ဆွေးနွေးစရာကိစ္စတောင်မဟုတ်ပါဘူး ။ ကျွန်တော့်အလုပ်ကဘုရင့်နိုင်ငံတော်ကို ကာကွယ်ဖို့ပါ'' ဟုအဆိုပါထိုင်း ဗိုလ်ချုပ်ကြီးက ပြောဆိုသည်။ ဥပဒေကိုပြုပြင်ပြောင်းလဲပေးရန် လိုလားတောင်းဆိုနေသည့် တက်ကြွလှုပ်ရှားသူများကို ရည်ရွယ်ကာဗိုလ်ချုပ်ကြီးပရာယုက ''ဒီလူတွေအနေနဲ့နိုင်ငံခြားကို ပြောင်းပြီးသွားနေသင့်တယ်''ဟု ပြောဆိုလိုက်သေးသည် ။


''ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပေမယ့် လွန်တော့ မလွန်စေနဲ့ပေါ့ဗျာ'' ဟု စစ်ဦးစီးချုပ်က သတိပေးပြောကြားသည် ။ ဘုရင်မင်းမြတ်ကို အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးအရေးယူ ထောင်ချခဲ့မှုများကြောင့် အမေရိကန်ပြည်ထောင်စု၊ အီးယူနှင့် ကုလသမဂ္ဂတို့စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ဆန္ဒပြပွဲအသေးများ ဖြစ်ပွားခဲ့သည်။
ဘုရင်ကို စော်ကားသော စကားများပါဝင်သည့် တယ်လီဖုန်းမက်ဆေ့ဂ်ျပေးပို့ခဲ့သည် အသက် ၆ဝ ကျော်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခဲ့ပြီး ၊ အမေရိကန်နိုင်ငံသား တစ်ဦးသည်လည်း ဘုရင်နှင့်ပတ်သက်ပြီး ရေးသားခဲ့သောကြောင့် ထိုင်းတွင် ထောင်ဒဏ် ၂ နှစ် ကျော်ကျခံခဲ့ရကာ အမေရိကသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ရဖူးသည်။
ရှပ်နီများဆန္ဒပြစဉ်အခါက ဘုရင်ကို စော်ကားသော စကားများကိုမိန့်ခွန်းထည့်ပြောခဲ့သော ရှပ်နီခေါင်းဆောင်တစ်ဦးကိုလည်း အဆိုပါဥပဒေဖြင့်ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခဲ့သည် ။
အဆိုပါ ထိုင်းတော်ဝင်မိသားစုများအား အကာအကွယ်ပေးရေးဆိုင်ရာဥပဒေ (lese-majesty/ injured majesty) ကို ၁၉၀၈ ခုနှစ်ကတည်းကပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၊ ထိုင်းပြစ်မှုဆိုင်ရာဥပဒေကလည်း အဆိုပါဥပဒေကို ထပ်ဆင့် အကာအကွယ်ပေးထားကြောင်းနှင့် အဆက်ဆက်ပြောင်းလဲလာသော ထိုင်းအခြေခံဥပဒေအသီးသီးတို့ တွင်လည်း ၊ ထိုင်းဘုရင်မင်းမြတ်နှင့် တော်ဝင်မိသားစုကို ဆက်လက်အကာအကွယ်ပေးထားသည်ဟု ဆိုပါသည် ။

Sources:
The Voice Weekly (8/2)
http://gjbkkblog.wordpress.com/2011/12/20/general-prayuth-chan-ocha-anyone-who-thinks-the-thai-law-is-unjust-or-harsh-should-go-and-live-abroad/
http://www.nationmultimedia.com/breakingnews/Army-chief-upholds-lese-majeste-law-30172252.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, December 23, 2011

၂၇၅၁ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်( ကိုရီးယား) ဖိတ်ကြားလွှာ


တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသောမြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်ကရင်အမျိုးသား ညီအစ်ကို မောင်နှမများခင်ဗျား။
(၂၅.၁၂.၂၀၁၁)ခုနှစ် တနင်္ဂနွေနေ.တွင် ဆိုးလ်မြို.(Korea Migrants Center) ပဉ္စမထပ်(ငါးလွှာ)တွင်ကရင်သက္ကရာဇ် ၂၇၅၁ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်အားပေးချီးမြင့်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေ.ရက် - ၂၅.၁၂.၂၀၁၁
အချိန် - နေ.လည် ၁း၀၀နာရီ မှ ညနေ ၄း၀၀နာရီထိ
နေရာ - ( Korea Migrants Center ) ကေအမ်အလုပ်သမားစင်တာ

လမ်းညွှန်(၁) - မီးရထားစီးလာပါက လိုင်းနံပတ်(၂) Guro Digital Complex Station ( 구로디지털단지역) ထွက်ပေါက်နံပတ်(၁)မှထွက်၍ Gasan Elemantary School (가산초등학교) သို. တက္ကစီဖြင့်လာပါက ကေအမ်အလုပ်သမားစင်တာရှေ.သို.ရောက်ပါသည်။

လမ်းညွှန်(၂)- မီးရထားစီးလာပါက လိုင်းနံပတ်(၁)၊လိုင်းနံပတ်(၇)ဆုံရာဘူတာ Gasan Gigital Complex Station (가산디지털단지역)ထွက်ပေါက်နံပတ်(၁)မှထွက်၍ Gasan Elemantary School (가산초등학교) သို. တက္ကစီဖြင့်လာပါက ကေအမ်အလုပ်သမားစင်တာရှေ.သို.ရောက်ပါသည်။


လေးစားမှုဖြင့်-
၂၇၅၁ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်( ကိုရီးယား) ကျင်းပရေးကော်မတီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 20, 2011

အမျိုးသား အချင်းချင်း ထိုင်းနိုင်ငံတွင် လက်ထပ်ကြခြင်း


လွန်ခဲ့သော ဒီဇင်္ဘာလ ၄ ရက် တနင်္ဂနွေနေ့က ၊ သြစတြေးလျ အမျိုးသား တစ်ယောက်က ထိုင်းအမျိုးသားတစ်ယောက်ကို ဘတ်သန်း ၄၀ ထက်မနည်း (ဒေါ်လာ တစ်သန်းကျော်) အကုန်အကျခံပြီး လက်ထပ်လိုက်ကြောင်း သိရသည် ။

အဆိုပါ အမျိုးသား ၂ ဦးတို့၏ မင်္ဂလာဧည့်ခံပွဲကို ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊
သြစတြေးလျ သတို့သား Mr Chaiyanon က အသက် ၆၀ ဖြစ်ပြီး ၊ Chachoengsao ခရိုင်မှ ထိုင်းအမျိုးသား (သတို့သမီး)က အသက် ၂၇ ဖြစ်ကြောင်း ၊ သတို့သားက ခန့်မှန်းချေ ဘတ်သန်း ၄၀ (ဒေါ်လာ တစ်သန်းကျော်) ထက်မနည်း တန်သော အိမ်ခြံမြေပိုင်ဆိုင်မှု ၊ ငွေသား၊ လက်ဝတ်ရတနာများကို သတို့သမီး (ယောက်ျားလေး) လက်ထဲ ထည့်လိုက်ချိန်မှာ နှုတ်ခမ်းနှစ်ဘက် ပါးချိတ်အောင် ပြုံးလိုက်ပါသည်ဟု သတင်းက ဆိုပါသည် ။

သတို့သားသည် ထိုင်းတွင်ရှိသည့် ပိုင်ဆိုင်သမျှကို ရောင်းချပြီး ၊ မင်္ဂလာမောင်နှံ နေကြရန် Doi Saket အရပ်၌ ရေကူးကန်ပါသော ဇိမ်ခံအိမ်ကြီးတစ်လုံးဝယ်လိုက်ကြောင်း ၊ သတို့သားသည် ဘွဲ့ရပြီးကတည်းက ချင်းမိုင်မှာ နေခဲ့ကြောင်း ၊ ဧည့်ခံပွဲတွင် လန်းနား (Lanna) ဒေသ ရိုးရာ မင်္ဂလာဆောင် အဝတ်အစား ကို နှစ်ဦးသား ဝတ်ထားကြကြောင်း ၊ ၄င်းတို့၏ မင်္ဂလာပွဲကို နှစ်ဘက် ဆွေမျိုး မိတ်ဆွေများက ထောက်ခံ သဘောတူကြကြောင်း သတင်းများက ဆိုပါသည် ။
အဆိုပါ အမျိုးသားအချင်းချင်း လက်ထပ်ကြသည့်ကိစ္စကို မည်သို့ပင် သဘောတူကြစေကာမူ ၊ သြစတြေးလျနိုင်ငံရော ထိုင်းနိုင်ငံပါ ၂ နိုင်ငံစလုံးက တူညီသောလိင် အမျိုးအစားချင်း ထိမ်းမြားလက်ထပ်ခြင်းကို ဥပဒေအရ ခွင့်မပြုသေးသောကြောင့် ၊ တရားဝင် လင်လင် (လင်မယား) ဖြစ်ရေးက ခရီးဝေးပါသေးသည်ဟု လည်း သတင်းက ဝေဖန်ထားပါသည် ။

သတင်းအခြေအမြစ်များ -
http://www.irrawaddyblog.com/2011/12/blog-post_6607.html
http://seattle99.wordpress.com/2011/12/05/aussie-pays-bt40mn-boybride-price/
http://www.phuketgazette.net/queernews/index.asp?id=11607

http://seattle99.files.wordpress.com/2011/12/12.jpg

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

လူ့အဆင့်အတန်းဆိုတာ ဘာလဲ

ရင်းနှီးတဲ့ မိတ်ဆွေတယောက်က ထူးခြားတဲ့ အကူအညီတခု လာတောင်းပါတယ်။ နိုင်ငံခြားရောက်နေတဲ့ သူ့သားဆီကို အဲဒီနိုင်ငံမှာနေတဲ့ တပည့်ရင်းတယောက် လောက်လွှတ်ပြီး နားချခိုင်းပေးစမ်းပါဆိုတဲ့ အကူအညီဖြစ်တယ်။
ပထမဆုံးကြုံဖူးတာ
သူ့စကားကြားတော့ တော်တော် အံ့အားသင့်သွားတယ်။ နိုင်ငံခြားသွားချင်လို့ အကြံတောင်းတာ၊ အကူအညီ တောင်းတာတွေ အမြဲကြုံတွေ့နေကျဖြစ်ပေမယ့် အခုလို နိုင်ငံခြားကသား ပြန်လာစေချင်လို့ အကူအညီ တောင်းတာမျိုးတော့ တခါမှ မကြုံဖူးဘူး။ ဒါ ပထမဆုံးပဲ။ သူ့သား နိုင်ငံခြားထွက်သွားတာ သုံးနှစ်ရှိပါပြီ။ မြန်မာပြည်မှာ ဖွင့်ထားတဲ့ နိုင်ငံခြားသား အများစုသင်တဲ့ ကျောင်းကြီးတခုက အထက်တန်းပြီးပြီးချင်း သွားလိုက်တာမို့ သွားစက ၁၈ နှစ်တောင် မပြည့်သေးပါ ဘူး။ ဟိုနိုင်ငံရောက်တော့ တက္ကသိုလ်ဝင်ခွင့်မရသေးဘဲ ဝင်ခွင့်သင်တန်း တနှစ်ကြာအောင် တက်ရပါတယ်။ မြန်မာပြည်မှာ မိဘက မျက်စိအောက်က အပျောက်မခံအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့တာဆိုတော့ ၁၈ နှစ်ရွယ်သား လေးဟာ ဟိုနိုင်ငံရောက်တော့ ဇောင်းထဲက လွှတ်တဲ့မြင်းလိုဖြစ်ပြီး ပျော်ချင်တိုင်း ပျော်မြူးနေပါတော့တယ်။
ပြန်မလာတော့လို့
သုံးနှစ်သာ ကြာသွားတယ်။ ဘယ်တက္ကသိုလ်ကောလိပ်မှ မတက်ရပါဘူး။ ဒါပေမယ့် ကျောင်းသားဗီဇာရနိုင်တဲ့ သင်တန်းတွေ တခုပြီးတခုပြောင်းတက်ပြီး ဆက်နေပါတယ်။ သူတို့နိုင်ငံတွေမှာလည်း ပညာရေးဆိုတာ စီးပွားရေးလုပ်ငန်း အဖြစ် လုပ်ကြကိုင်ကြတာဆိုတော့ ကျောင်းလခ တနှစ်စာသွင်းရင် ဗီဇာရအောင် လုပ်ပေးတဲ့ ကျောင်းတွေက အများသားကိုး။ ဒီကမိဘများက ပိုက်ဆံပို့နိုင်ရင် ပို့နိုင်သလောက် ဟိုမှာ ကျောင်းသားလုပ်ပြီး နေနိုင်ကြတယ်လေ။ သုံးနှစ်ကြာတော့ မိဘများကပြန်လာဖို့ခေါ်ပေမယ့် သားလေးက ပြန်မလာဘူး။ အကြောင်းအမျိုးမျိုး ပြပြီး ငြင်းတယ်။ နောက်ဆုံးမတတ်သာတော့လို့ လာပြီးအကူအညီ တောင်းတာ ဖြစ်ပါတယ်။
လူနေမှုအဆင့်အတန်းတဲ့
ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တာကြောင့် သူအကူအညီတောင်းတဲ့အတိုင်း ဟိုမှာနေတာ နှစ်ပေါင်း နှစ်ဆယ်လောက် ရှိပြီဖြစ်တဲ့ တပည့်ရင်းချာတယောက်ဆီကို အီးမေးလ် ပို့ပြီး အကူအညီတောင်းပေးလိုက်ပါတယ်။ သားလိုဖြစ်နေတဲ့ တပည့်ကလည်း ချက်ချင်း ကတိပေးပြီး အလုပ်အားရက်မှာ ဖုန်းနဲ့ချိန်းပြီး သွားတွေ့ပါတယ်။ သူ့အိမ်ကိုခေါ်ပြီး မြန်မာ ထမင်းဟင်းတွေလည်း ကျွေးပါတယ်။ ရင်းနှီးအောင်လည်း ပေါင်းပါတယ်။ သုံးလလောက်ကြာတော့ တပည့်ဆီက လက်လျော့လိုက်ရကြောင်း အကြောင်းကြားပါတယ်။ ကလေးက ဘယ်လိုမှ တိုက်တွန်းလို့မရတဲ့အကြောင်း၊ ဟိုမှာပဲ တသက်လုံးနေဖို့ ကြံရွယ်ထားပုံရကြောင်း ပြောပြပါတယ်။ (Quality of Life) 'လူနေမှု အဆင့်အတန်း' ဆိုတဲ့စကားကို ပါးစပ်ကမချအောင်ကို ပြောနေတယ်ဆရာရဲ့ လို့လည်း ဖုန်းထဲက ပြောပြပါတယ်။
ဘယ်သူ့အပြစ်လဲ
အကျိုးအကြောင်း မိတ်ဆွေဖြစ်သူကို ပြောပြတော့ မျက်ရည်ကျရှာတယ်။ ကိုယ်တိုင်သွားခေါ်မှ ဖြစ်တော့မှာပဲလို့လည်း ညည်းညူသွားပါတယ်။ ဒီကိစ္စကို ရက်ပေါင်းအတော်ကြာအောင် စဉ်းစားနေမိတယ်။ ဒီကလေးဟာ ဒီမှာလည်း ရွှေပေါ်မြတင်နေခဲ့ရတာပါ။ ဒေါ်လာနဲ့ပေးပြီးတက်ရတဲ့ကျောင်းမှာ အထက်တန်း ကုန်တဲ့အထိ တက်ခဲ့ရပါတယ်။ သူ့ဘဝ တလျှောက်လုံး မရှိဆိုတဲ့စကား မကြားခဲ့ဖူးဘူးလို့ ဆိုနိုင်လောက်တဲ့ အခြေအနေပါ။ ဒါတောင်မှ ဒီ 'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့စကား ဘာကြောင့် နှုတ်ဖျားကမချ ဖြစ်နေရတာလဲ။ ကလေးရဲ့ အပြစ်လား၊ အလိုလိုက်တဲ့ မိဘများရဲ့အပြစ်လား။ ဒါမှမဟုတ် ဒါမှမဟုတ် . . .။
မျိုးချစ်ကြီးတွေ မဟုတ်ပေမယ့်
ဒီကိစ္စကို အပြန်ပြန်အလှန်လှန် ဝေဖန်စောကြောနေမိတယ်။ ကလေးမိဘများ ကလည်း ထူးကဲတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ မဟုတ်ပေမယ့် နိုင်ငံခြားကိုမှ အထင်ကြီးတတ်သူတွေ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ သွားနေဖို့လည်း စိတ်ကူးတောင် ကြည့်ဖူးသူတွေ မဟုတ်ပါဘူး။ ဘိုးစဉ်ဘောင်ဆက် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်လာကြပြီး တင့်တောင်းတင့်တယ် နေနိုင်ကြသူတွေ ဖြစ်ပါတယ်။ သားလေးကလည်း ဒေါ်လာပေးတက်ရတဲ့ကျောင်းမှာ တက်ခဲ့တာ ဖြစ်ပေမယ့် ဟော့ဟော့ရမ်းရမ်း မဟုတ်ပါဘူး။ စာကြိုးစားရှာပါတယ်။ ကျောင်းပိတ်ရက်တွေမှာလည်း အအားမနေပါဘူး။ သင်တန်း အမျိုးမျိုး တခုပြီးတခု တက်နေခဲ့တာပါ။
ကျောင်းတွေနဲ့ ဆိုင်သလား
၁၈ နှစ်အရွယ် ကလေးတယောက်ရဲ့ခေါင်းထဲကို ဒီ 'ကွာလတီအော့လိုက်ဖ်' ဆိုတဲ့စကားက ဘယ်လိုလုပ်ပြီး ရောက်သွားခဲ့တာလဲ။ သူတက်ခဲ့တဲ့ ကျောင်းတွေ သင်တန်းတွေနဲ့များ ဆိုင်နေလေသလား။ သူတက်ခဲ့တဲ့ ကျောင်းတွေမှာ နိုင်ငံခြားသားက အများစုဖြစ်တယ်။ ကျောင်းသားတွေက လူမျိုးစုံသလို ဆရာတွေကလည်း နိုင်ငံစုံကလာကြတာ ဖြစ်တယ်။ နိုင်ငံခြားက သင်ရိုးတွေ အတိုင်းပဲသင်တယ်။ မြန်မာကျောင်းတွေက သင်ရိုးတွေမသင်ဘူး။ မြန်မာပြည်က စာမေးပွဲတွေ မဖြေဘူး။ အထက်တန်းပြီးရင် နိုင်ငံခြားသွား ကျောင်းဆက်တက် ကြမှာ။ ဒီအထိ ကိစ္စမရှိဘူး။ နိုင်ငံသားတိုင်း ကိုယ်ကြိုက်ရာကို လွတ်လပ်စွာ လုပ်ခွင့်ရှိတာပဲ။ နိုင်ငံခြားသွား ပညာသင်တာ မကောင်းတဲ့ကိစ္စမှ မဟုတ်တာ။


ကျောပိုးအိတ်သမားတွေလား
အဲဒီလိုကျောင်းတွေမှာရှိတဲ့ ဆရာတွေနဲ့များ ဆိုင်နေမလားလို့ စဉ်းစားမိတယ်။ ကျောင်းတချို့က ဆရာ ဆရာမတွေကို သေသေချာချာ စိစစ်ပြီး အရည်အချင်း ပြည့်မီသူတွေကိုသာ ခန့်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့တလေက စီးပွားရေးသမားလို ဈေးတွက်တွက်ပြီး 'ပေါချောင်ကောင်း'တွေရှာပြီး ငှားတာမျိုး လည်းရှိတယ်။ အခုလိုကျောင်းမျိုးတွေ မပေါ်ခင်အချိန်က အင်္ဂလိပ်စကားပြော သင်တန်းကျောင်း တစ်ခုဖွင့်ခဲ့ဖူးတော့ တစ်ကိုယ်တော် ကျောပိုးအိတ်သမားတွေ လာပြီး ဆရာအလုပ်လျှောက်တာ မကြာခဏ ကြုံဖူးတယ်။ သူတို့က ပိုက်ဆံ မကုန်ဘဲ ကမ္ဘာအနှံ့လည်ရအောင် ရောက်ရာအရပ်မှာ ကြုံတဲ့အလုပ် ဝင်လုပ်ပြီး စရိတ်ရှာလေ့ရှိကြတယ်။ နိုင်ငံတစ်နိုင်ငံမှာ အားရအောင် လည်ပတ်ပြီးတဲ့အခါ နောက်တစ်နိုင်ငံ ကူးသွားကြတယ်။ ကြုံရာဝင်လုပ်ကြ ပြန်တယ်။
ပညာတတ်တိုင်း ဆရာမဖြစ်
အဲဒီလို ကျောပိုးအိတ်သမားတွေထဲမှာ တချို့က ကျောင်းသူကျောင်းသားတွေ ဖြစ်ပြီး တချို့က ကျောင်းဆရာတွေ ဖြစ်တယ်။ တချို့ကျတော့လည်း သိပ်ပညာမတတ်တဲ့ အောက်ခြေအလုပ်သမားတွေ ဖြစ်တယ်။ ကျောင်းဆရာ အလုပ်ဆိုတာ ပညာတတ်တိုင်း လုပ်လို့ဖြစ်တာ မဟုတ်ပါဘူး။ ဆရာဖြစ် သင်တန်းအောင်မှ လုပ်နိုင်တဲ့အလုပ်မျိုးဖြစ်ပါတယ်။ တကယ်လို့ ဆရာလုပ်ဖို့ အရည်အချင်း မရှိသူတွေ ဆရာဝင်လုပ်နေကြတဲ့ ကျောင်းမျိုးဆိုရင် ကလေးတွေကို မှန်ကန်တဲ့ ပညာရပ်တွေ မှန်ကန်တဲ့ အတွေးအခေါ်တွေ ပေးနိုင်ပါ့မလား။
ပြင်ပသင်တန်းတွေ ပိုဆိုး
နောက်ပြီး ပြင်ပသင်တန်း ဆိုတာတွေက ပိုပြီးဆိုးသေးတယ်။ အင်္ဂလိပ်စာလေး နည်းနည်းဖတ်တတ်တယ် ဆိုရုံလောက်နဲ့ နိုင်ငံခြားက စာအုပ်ကြီးတွေကိုင်ပြီး ဆရာဝင်လုပ်နေကြသူတွေ အများကြီးရှိတယ်။ ဆရာဖြစ် လက်မှတ်ဆိုတာဝေးလို့ သူတို့ ဆရာကြီးတစ်ဆူလုပ်ပြီး သင်ကြားပေးနေတဲ့ ဘာသာရပ်ကိုတောင် ဘွဲ့ရအောင် သင်ယူဖူးခဲ့ကြတာ မဟုတ်ဘူး။ စာအုပ်ကြီးထဲက မှတ်စုထုတ်ပြီး ကြက်တူရွေးလို ရွတ်ပြနေကြတာ များတယ်။ အဲဒီလို သင်တန်းတွေကို အဟုတ်မှတ်ပြီး တက်ခဲ့ကြတဲ့ကလေးတွေ အများစုက စကားပြောလိုက်ရင် အင်္ဂလိပ် စကားလုံးကြီးတွေ အတုံးလိုက် အတစ်လိုက်ပဲ။ ဘာဖြစ်ဖြစ် သူတို့က ဂလိုဘယ်ဆိုတာကြီးနဲ့ ကိုင်ပေါက်လိုက်ကြတယ်။ စတစ်ဂလစ်က ဘာပြောတယ်။ ဖရိုက်မင်းက ဘာပြောတယ်။ ဖူကူးရာမက ဘာပြောတယ် ဆိုတာတွေ အပ်ကြောင်းထပ်နေတော့တယ်။ ပါးစပ်တွေမှာ အမြှုပ်တစီစီနဲ့။


အဆင့်အတန်းရှိတဲ့လူ
ဒီလိုကလေးမျိုးတွေကပဲ လူ့အဆင့်အတန်းဆိုတဲ့ စကားအများဆုံး ပြောကြတာ ဖြစ်တယ်။ အပ်ကစပြီး မော်တော်ကားထိ ဝယ်လို့ရတဲ့ ကုန်တိုက်ကြီးတွေ နေရာတကာရှိပြီး သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်းဖြုန်း ပျော်ချင်တိုင်းပျော်လို့ရတဲ့ နိုင်ငံတွေမှာနေမှ အဆင့်အတန်းရှိတဲ့လူလို့ သတ်မှတ်တယ်လို့ ထင်နေကြပုံ ရပါတယ်။ သင်တန်းမှာ သူတို့သင်ယူခဲ့ကြတဲ့ ဂျီဒီပီတွေ ဂျီအင်ပီတွေ လူတစ်ထောင်မှာ မော်တော်ကား ဘယ်နှစီး၊ တယ်လီဖုန်း ဘယ်နှလုံး ဆိုတဲ့ စာရင်းအင်း အချက်အလက်တွေ ကိုကြည့်ပြီး နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို သတ်မှတ်ရတယ်လို့ပဲ ယူဆထားကြတာကိုး။
ဘယ်သူမပြု မိမိမှု
လူတွေရဲ့ပျော်ရွှင်ချမ်းသာမှုဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေက ဖန်တီးပေးတာ မဟုတ်ဘူး စိတ်ချမ်းသာမှုရှိမှ အမှန်တကယ် ပျော်ရွှင်ရတယ်ဆိုတာ ကလေးတွေက ဘယ်လိုသိမှာလဲ။ စိတ်ချမ်းသာမှု ရှိဖို့အတွက် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တရားမျှတမှုရှိခြင်းတို့ကသာလျှင် ဖော်ဆောင်ပေးနိုင်တယ် ဆိုတာလည်း မသိရှာကြဘူး။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာလူဖြစ်ခဲ့ ပေမယ့် မြန်မာလူမျိုးတွေနဲ့က အနေဝေးကြတယ်လေ။ နိုင်ငံခြားသားတွေ သင်တဲ့ကျောင်းနဲ့ နိုင်ငံခြားစာတွေသင်တဲ့ သင်တန်းတွေပဲတက်ပြီး ကြီးပြင်းလာခဲ့ကြတာ မဟုတ်လား။ ဒီတော့လည်း ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ဘယ်အထင်ကြီး တော့မှာလဲ။ နိုင်ငံခြားမှာနေမှပဲ လူ့အဆင့်အတန်းမြင့်တယ်လို့ ထင်နေကြတော့ မှာပေါ့။ မိတ်ဆွေကြီးအတွက်တော့ စိတ်မကောင်းဘူး။ ဒါပေမယ့် ဘာမှလည်း မတတ်နိုင်ဘူး။ ဘယ်သူမပြု မိမိမှုပဲလေ။


လူထုစိန်ဝင်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, November 19, 2011

လူဆိုးဂိုဏ်း ဆန်ဆန် လူသတ်မှု မြောက်ဥက္ကလာတွင် ဖြစ်ပွား

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ။
ဓားရှည်များ ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ်လူ ၁၅ ဦးခန့်က နိုဝင် ဘာလ ၁၇ ရက်နေ့ ည ၈ နာရီကျော် ကျော်တွင် စားသောက်ဆိုင်အတွင်း ထိုင်နေသော အမျိုးသားတစ်ဦးကို ဆိုင်အတွင်း ဝင်ရောက်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည့် နွယ်သာကီလမ်းအတွင်း မှ မျက်မြင်တွေ့ရှိသူများ နှင့် ဝေဘာဂီ ရဲတပ်ဖွဲ့စခန်းတို့ထံမှ သိရသည်။
ယင်းညက ဝေဘာဂီ (၁) ရပ်ကွက် ဘက်မှ မောင်းနှင်လာသော အဖြူရောင်ူငါ့အွှမကခု ယာဉ်တစ်စီး သည် (က)ရပ်ကွက် နွယ်သာကီ (၆) လမ်းထိပ် တွင် ရပ်တန့်ကာ အဆိုပါကားပေါ်မှ မျက်နှာဖုံး စွပ်ထားသည့် လူများဆင်းလာ ပြီး အသက် (၃ဝ) အရွယ် ဦးကျော်မင်း ထိုင်နေသော စားသောက်ဆိုင်အတွင်း ဝင်ရောက်၍ သတ်ဖြတ်ခဲ့ကြကြောင်း ၊ ဦးကျော်မင်းနှင့်အတူ ထိုင်နေသူ မိတ်ဆွေ များနှင့် ယင်းလမ်းထိပ်ရှိ လက်ဖက်ရည် ဆိုင်မှ မျက်မြင်များက ပြောဆိုကြသည်။
''အဖြစ်အပျက်က မြန်လွန်းတယ် ။ နှစ်မိနစ် သုံးမိနစ်လောက်အတွင်းပဲ'' ဟု သေဆုံးသူ ဦးကျော်မင်းနှင့်အတူ ထိုင်နေသူ အသက် ၃ဝ အရွယ် အမျိုးသားတစ်ဦးကဆိုသည် ။
ဓားရှည်ကိုင် မျက်နှာဖုံးစွပ်ထား သူများသည် ချက်ချင်းပင် ကားပေါ်သို့ ပြေးတက် မောင်းနှင်ထွက်ပြေးသွားကြ ကြောင်း၊ ယာဉ်နံပါတ်ပြားကို စတစ်ကာ ဖြင့် ဖုံးအပ်ထားသဖြင့် ကားနံပါတ် မမှတ်မိလိုက်ကြောင်း အဆိုပါ ကားရပ် ထားရာအနီးရှိ လမ်းထိပ်လက်ဖက်ရည် ဆိုင်တွင် ထိုင်နေသူများက ရှင်းပြသည်။
''တစ်ကိုယ်လုံး ရစရာမရှိဘူး။ သွေးတွေလည်း အိုင်နေတာပဲ။ ဆေးရုံ ကိုချက်ချင်းပို့ပေမယ့် အရေးပေါ် ရောက်တော့ ဆုံးသွားတယ်'' ဟု အနီးရှိ တက္ကစီကားဖြင့် ဆေးရုံလိုက်ပါပို့ဆောင် ပေးခဲ့သူ ဦးကျော်မင်း၏ မိတ်ဆွေက ဆိုသည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ The Voice Weekly က ဝေဘာဂီရဲတပ်ဖွဲ့ စခန်းသို့ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၄ဝ ခန့်တွင် ဆက်သွယ်စုံစမ်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ''ညတွင်းချင်းပဲ အမှုဖွင့်ထား ပါတယ် ။ စခန်းမှူးလည်း ရင်ခွဲရုံမှာပဲ ရှိတယ်'' ဟု ပြန်လည်ဖြေကြားသည် ။
Ref:
- The Voice Weekly (7/49)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, October 8, 2011

ဆောင်းဦးရဲ့ အလွမ်း

ရေးသားသူ — အင်ကြင်း





ချစ်တဲ့ မေမေရေ……..

ဆောင်းဦးဝင်ပြီလေ။ ပူတဲ့ နွေကို ကျော်ဖြတ်ပြီး ဆောင်းဦးဝင်စမှာ ချမ်းစိမ့်စိမ့်နဲ့ နေလို့ ကောင်းလှတယ်။ ဆောင်းအကုန် နွေဦးတုန်းက မေမေ့ဆီ စာရေးတုန်းကလို အနွေးထည်တွေ ထပ်ဝတ်နေရပြီလေ။ နွေဦးလိုတော့ ပန်းတွေ မပွင့်လာဘူး။ ဒါပေမယ့် ဆောင်းဦးဆိုရင် သစ်ရွက်လေးတွေ အရောင်ပြောင်းတော့မယ်။ ဆောင်းဦးမှာ သစ်ရွက်လေးတွေ အရောင်ပြောင်းတာကို မေပယ်လ်(maple)ရွက် လေးတွေကို ခေါ်သလို ဒန်းဖူန်းလို့ပဲ ခေါ်တယ်လေ။ အရွက်တွေ အရောင်ပြောင်း လာရင်တော့ သိပ်လှတယ်။ မေမေ့ကို ပြချင်လိုက်တာ။ အနီ အဝါ အစိမ်း လိမ္မော်ရောင် ရောယှက်နေတဲ့ သစ်ပင် သစ်ရွက်တွေဟာ ပန်းမပွင့်ပေမယ် သိပ်လှတာပါပဲ… ကိုရီးယားလို လေးရာသီရှိတဲ့ နိုင်ငံတွေမှာတော့ ရာသီပြောင်းတာနဲ့ သစ်ပင်တွေက လိုက်ပြောင်းတာလေ ဆောင်းဦးဆို အရွက်တွေ အရောင်ပြောင်းလာတယ်လေ။ အရွက်တွေ မကြွေခင် ဒါန်းဖူန်း သွားကြည့်တယ်ဆိုပြီး ကိုရီးယားလူမျိုးတွေက တောင်ပေါ် တက်ကြည့်လေ့ ရှိကြတယ်။ ခုတော့ နဲနဲစောသေးတယ်။ နွေဦးတုန်းက မေမေ့ဆီ ရေးပြဖူးသေးတယ်နော်…


ဒီမှာတော့ နိုဝင်ဘာ လလယ်လောက် ရောက်ပြီဆို ကျောင်းရှေ့က အွန်းနှမ်း သစ်ပင်တွေက အရွက်တွေအားလုံး အဝါရောင်ကို ပြောင်းကုန်ကြတယ်။ အရောင်ပြောင်းပြီး တပါတ် ၂ပါတ်လောက် ကျော်လာရင်တော့ ကြွေကျတော့မယ်လေ။ ကိုရီးယားမှာက ရာသီဥတုပြောင်းလဲတာ သိပ်မြန်တယ် မေမေ… ဒီနေ့ပူပြီး မနက်ဖြန် တအား အေးချင်အေးတာ။ တပါတ်အေးလိုက် တပါတ်နွေးလိုက်နဲ့ပါပဲ။ တခါတရံတော့ နေ့လည် နေပူထဲမှာတောင် လေတိုက်လိုက်တိုင်း စိမ့်နေအောင် အေးတော့တာပဲ။

ဒီရာသီမှာတော့ ခုအချိန်ဆို ဟင်းသီးဟင်းရွက်တွေလည်း ဈေးပေါတယ်။ ဆောင်းရောက်ပြီ ဆိုရင်တော့ အသီးအရွက်တွေက သိပ်ဈေးကြီးတယ်။ ဆောင်းမှာ နှင်းတွေကျတော့ စိုက်ပျိုးရတာ မလွယ်ကူဘူးပေါ့။ ဒီရာသီကတော့ ကိုရီးယားမှာ ဈေးဝယ်ထွက်လို့လည်း ကောင်းတယ်လေ… တခါတလေ စနေတနင်္ဂနွေ ပိတ်ရက်တွေမှာ ဈေးသွားပြီး မြန်မာဟင်းနဲ့ ကိုရီးယားဟင်းတွေ ချက်စားတယ်။ ချက်စားတိုင်း အိမ်ကို သတိရတယ်။ ဒီရာသီက မြန်မာပြည် ဆောင်းလိုအေးတော့ မေမေချက်တဲ့ ချဉ်ရည်ဟင်း ပူပူလေးကို စားချင်မိတယ်။ ကိုရီးယားမှာတော့ အချဉ်ဟင်းအတွက် မန်ကျည်းသီးက မရှိတော့ ကင်မချီနဲ့ ချက်တယ်လေ။ မန်ကျည်းသီးတို့ ကြက်ဟင်းခါးသီးတို့လို ဟာတွေကို အရှေ့တောင်အာရှက ကုန်စုံဆိုင်တွေမှာတော့ ဝယ်လို့ ရတတ်ပေမယ့် သမီးနေတဲ့ နေရာမှာတော့ မရှိဘူး။ ဆောင်းဦးဆိုတော့ ကင်မချီ ဟင်းရည်ပူပူလေးက သောက်လို့ကောင်းတယ် မေမေရေ … မြန်မာပြည် ပြန်ရောက်မှ ချက်စားကြမယ်လေ။

ခုဆိုရင် ဒီရက်ပိုင်းမှာ ရုတ်တရက် အေးလာလိုက်တာ လေတိုက်ရင် တအားပဲ ချမ်းတယ်။
မနေ့ညကဆိုရင် အတော်အေးတယ်လေ ရန်ကုန်ဆောင်းထက် ပိုအေးမလားပါပဲ။ တခါတလေတော့ ခုလို အေးလာရင် အိမ်ကို သိပ်လွမ်းတယ်… အထူးသဖြင့် မေမေ့ကိုပေါ့… အအေးကြောက်တဲ့ မေမေ့ရဲ့ အနားမှာ ကြောင်လေးလို ကပ်ပြီး နေချင်တာလေ။

ဘာလိုလိုနဲ့ သမီးတောင် ကိုရီးယား ဆောင်းဦးကို ကျော်ဖြတ်ခဲ့တာ များပြီပေါ့။ မေမေလည်း သမီးကို သတိရမှာပဲနော်။ သမီးတော့ မေမေရဲ့ အိမ်ကို အရမ်းသတိရတယ်။ ဒီလို မနက်ဖက်ဆိုရင် အေးအေးချမ်းချမ်းလေးမှာ မေမေဖျော်ပေးတဲ့ ကော်ဖီပူပူလေး သောက်ချင်မိတယ်။ တခါတရံတော့ အိမ်မှာဆို ဇိမ်ကျနေရပြီး ငါဒီမှာ ဘာအတွက် လာလုပ်နေတာပါလိမ့်လို့ တွေးမိသေးတယ်။ ကိုယ်ဖြစ်ချင်တာတွေမှ မပြီးဆုံးသေးတာကိုး….. လောဘကြီးတဲ့ မေမေ့ရဲ့ သမီးက အောင်မြင်လာမှ ပြန်လာချင်တယ် မေမေရယ်။ စိတ်ကူးတွေ များလှတဲ့ သမီးဟာ မေမေ့ရင်ခွင်မှာ နေတာ ခုတော့ အိမ်မက်တွေ အနေနဲ့ပဲ ရှိနေပါတော့တယ်။ အပြင်မှာ တကယ်ပဲ ချမ်းအေးတဲ့ ဆောင်းဦးမှာ မေမေရဲ့ ရင်ခွင်ထဲမှာ ခဏတော့ နေချင်မိတယ်။ ချစ်သမီးရဲ့ အိမ်မက်တွေက အများကြီးပေါ့…

ဆောင်းဦးဟာ စိတ်ကူးယဉ်စရာ သိပ်ကောင်းလှပါတယ်။ အနွေးထည် လှလှလေးတွေဝတ်ပြီး စိတ်ကူးလေးနဲ့ သစ်ရွက်ကြွေလေးတွေ ဖုံးနေတဲ့ လမ်းပေါ်မှာ လမ်းလျှောက်ရင်းပေါ့… အေးလှတဲ့ ရာသီမှာ လက်ကို နွေးစေဖို့ တခါတလေ ချစ်သူလက်ကို ကိုင်ပြီး လမ်းလျှောက်ချင်မိတယ်။ စိတ်ကူးယဉ်တတ်တဲ့ အရွယ်ဆိုပြီး ဆယ်ကျော်သက် ၁၃၊ ၁၄နှစ်ကို ပြောပေမယ့် တကယ်တော့ စိတ်ကူးယဉ်တတ်တဲ့ အရွယ်ဆိုတာ သီးခြားမရှိဘူး ထင်ပါရဲ့နော်… ခုထိ သမီးတော့ စိတ်ကူးယဉ်မိတုန်းပါပဲ။ စိတ်ကူးထဲမှာ ပျော်စရာတွေ အပြည့်နဲ့ပေါ့။ ခုလို ဆောင်းဦးဆိုရင် စိတ်ကူးယဉ်ချင်စရာ သိပ်ကောင်းတာပဲ မေမေ… သစ်ရွက်လေးတွေ ကြွေကျပြီး အေးချမ်းတဲ့ ရာသီမှာ ကဗျာလေးတွေ ရေးမလား စာတွေရေးဖို့ စိတ်ကူးမလားလို့ပေါ့… မေမေက စာတွေ ကဗျာတွေ ဝါသနာပါတော့ သမီးခံစားချက်တွေကို သိမှာပဲနော်…

အခန်းထဲမှာ သီချင်းအေးအေးလေးတွေ နားထောင်ရင်းနဲ့ ရေနွေးသောက်ရင်း ဆောင်းဦးရဲ့ ညဘက်တွေမှာ ကုန်ဆုံးရတာ လွမ်းသလိုလိုနဲ့ အရသာရှိတယ်လို့ ခံစားရတယ်။ ကဗျာ မရေးတတ်တဲ့ မေမေ့ရဲ့ သမီးက ကဗျာချရေးချင်မိတယ်။ ဆောင်းဦးမှာ လေတိုက်တိုင်း တရွက်ချင်း ကြွေကျလာတဲ့ သစ်ရွက်လေးတွေကို လိုက်ဖမ်းရတာက ပျော်စရာကောင်းသလို ကြွေကျလာတဲ့ အရွက်လေးကို လှမ်းကြည့်ရတာက ရင်ခုန်စရာကောင်းတယ်။ မေမေ ငယ်ငယ်ကကော အဲသည်လို ထင်ခဲ့ဖူးလားဟင်။ ဒါကိုပဲကြည့်ပြီး ကဗျာတပုဒ်လို ခံစားကြည့်ရမလားပဲနော်...

သည်အချိန်မှာ တယောက်ယောက်နဲ့ အတူရှိနေချင်မိတယ်။ ကိုယ်ချစ်တဲ့သူနဲ့ အတူ သည်လို အေးမြတဲ့ ရာသီလေးမှာ နေရတာ ပျော်စရာကောင်းမယ် ထင်မိပါရဲ့… သည်အချိန်မှာ စိတ်ကူးယဉ်ရရင်တော့ ချစ်သူရဲ့ နှလုံးသားထဲကို အတူလိုက်ပါမိချင်တယ်။ အချစ်ဆိုတာ ဒီလိုပါလားလို့ သေခြာ ခံစားကြည့်ချင်တယ်။ အေးတဲ့ရာသီမှာ တစုံတယောက်က ထွေးပွေ့ထားတာခံချင်မိတယ်… ခစ်… မေမေ ငယ်ငယ်ကလည်း စိတ်ကူးယဉ်မှာပဲနော်…

ချစ်တဲ့ မေမေနဲ့လည်း အတူ လက်ချိတ်ပြီး ဈေးဝယ်ရင်း လမ်းလျှောက်ချင်မိပါတယ်။ တခါတလေ သားအမိ တတွေ ကော်ဖီသောက်ရင်း စကားတွေ ပြောချင်မိတာပေါ့… ဆောင်းဦးရွက်ကြွေချစ်သက်သေ (ဆောင်းဦးပုံပြင်) ကိုရီးယား ဇာတ်ကားလေးကို အတူကြည့်ရင်း မျက်ရည်ဝဲခဲ့ တာတွေကို လွမ်းမိတယ်။ ဇာတ်လမ်းထဲက ကိုရီးယား မင်းသမီးလေး မိသားစုနဲ့ ခွဲရတာရယ် သူနေမကောင်းဖြစ်တာကိုရယ် ကြည့်ပြီး တကယ်ပဲ ငိုချင်မိခဲ့သေးတယ်။ ခုတော့ တယောက်ထဲ နေမကောင်းတဲ့အခါ ငိုဖို့ အချိန်မရနိုင်အောင်ပါပဲ… မေမေ့ကို သတိရလို့ ငိုချင်တာက လွဲရင်ပေါ့…

ဘာပဲဖြစ်ဖြစ် ဆောင်းဦးကို ဝင်လာတော့ အအေးကြိုက်တဲ့ သမီးက စိတ်ချမ်းသာမိတယ်။ သစ်ရွက် ရောင်စုံလေးတွေကို ကြည့်ရတာ ကြည်နူးမိတယ်လေ… ခုထိတော့ အရွက်လေးတွေ ကြွေမကျသေးဘူး။ လေတိုက်တိုင်း ကြွေကျလာမယ့် သစ်ရွက်လေးတွေကို လိုက်ဖမ်းဆုပ်ချင်တယ်။ ဒါပေမယ့် အရောင်တွေ ပြောင်းသွားပြီး ပန်းပွင့်လေးတွေလို လှနေတဲ့ သစ်ရွက်ကလေးတွေ အားလုံးမြေပေါ်မှာ ကြွေကျသွားမှာကိုတော့ နှမျောမိတယ်။

ရာသီတွေပြောင်းပြီး သစ်ပင်တွေက အစ ပုံစံစုံ ပြောင်းလာတာ တွေ့ရတော့ လူဘဝဟာလည်း နေရာဒေသ အခြေအနေအရ ပြောင်းလဲလာရတဲ့ သဘောကို နားလည်လာမိတော့တယ်။ မေမေ့ရဲ့ ချစ်သမီးလည်း နေရာဒေသ အခြေအနေအရ လိုက်ပြောင်းလဲဖို့ လှုပ်ရှား ရုန်းကန်ရအုံးမှာပေါ့… မေမေရေ မကြာခင်ဆိုရင် စိမ်းနေတဲ့ သစ်ရွက်လေးတွေ အရောင်ပြောင်းပြီး လေထဲမှာ လှုပ်ရှားကြတော့မယ်…

အင်ကြင်း

1 : 05 am
6 October 2011.

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, October 6, 2011

ပူဆန်မြို့၈ ကြိမ်မြောက် အာရှယဉ်ကျေးမှု ပွဲတော် မှတ်တမ်းဓာတ်ပုံများ

ပူဆန်မြို့တွင် ၂၀၁၁ အောက်တိုဘာ ၂ ရက်နေ့က ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် အာရှယဉ်ကျေးမှု ပွဲတော် မှတ်တမ်းဓာတ်ပုံများ...

ပေးပို့သူ - ကိုညီညီဝင်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, September 28, 2011

2011 Migrant’s Arirang(ကိုရီးယား) အမှတ်တရ



တောင်ကိုရီးယားမှာ အကြောင်းအမျိုးနဲ့ နေထိုင်ကြတဲ့ နိုင်ငံခြားသားပေါင်း (၁၄)သိန်းကျော် ရှိနေပါပြီ။ အလုပ်လုပ်ဖို့ လာတဲ့သူ၊ ပညာသင်ဖို့ လာတဲ့သူ၊ ကိုရီးယား နိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုတဲ့သူ စုံလို့ပါပဲ။ မြန်မာ နိုင်ငံသားတွေ တော်တော် များများကတော့ EPS(Employment Permit System)နဲ့ လာတဲ့ဦးရေ ပိုပြီး များလာပါတယ်။ ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ၂ဝ၁၁ သြဂုတ်လ ထုတ်ပြန်ချက်အရဆိုရင် ကိုရီးယားမှာ မြန်မာနိုင်ငံသား စုစုပေါင်း (၆၁၂၁)ဦး ရှိပါတယ်။ အမျိုးသား (၅၆၆၇)ဦး၊ အမျိုးသမီး(၄၅၄)ဦးပါ။ အဲဒီအနက်မှာ EPS(Employment Permit System)နဲ့ အလုပ်လုပ်ကိုင်နေတဲ့သူက (၃၆၈၂)ဦး ရှိပါတယ်။ ကိုရီးယား တက္တသိုလ်တွေမှာ ပညာသင်နေကြတဲ့ မြန်မာကျောင်းသူ၊ ကျောင်းသားပေါင်း (၂၆ဝ)ကျော် ရှိပါတယ်။ ကိုရီးယား နိုင်ငံသူ၊နိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုပြီး နေထိုင်သူ ၇၆ဦး စသည်ဖြင့် ရှိကြပါတယ်။

ကိုရီးယားမှာ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားသား ဦးရေ တိုးပွားလာတာနဲ့ အမျှ ကိုရီးယားနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အတူဆင်နွဲတဲ့ ပွဲလမ်းသဘင်တွေကို တိုးချဲ့ကျင်းပကြပါတယ်။ ကိုရီးယားနိုင်ငံ အနှံ့မှာ နိုင်ငံခြားသားနဲ့ ပတ်သက်ပြီး ကြီးကျယ် ခမ်းနားစွာ ကျင်းပတဲ့ ပွဲတွေလည်း ပိုပြီး တိုးပွားလာပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ရက်ကနေ ၂၅ရက်နေ့ထိ ကျင်းပခဲ့တဲ့ 2011 Migrant’s Arirang ပွဲကို ကိုရီးယား အဖွဲ့အစည်းတခုက အကူအညီတောင်းလို့ လိုက်သွားပြီး ကူညီပေးခဲ့ရပါတယ်။ ကျနော် ကူညီပေးခဲ့ရတဲ့ ကဏ္ဍက မြန်မာ့ ယဉ်ကျေးမှု၊ အနုပညာ၊ လက်မှုပစ္စည်း၊ အသုံးအဆောင်၊ အဝတ်အထည်တွေကို မဏ္ဍပ်တခုမှာ ပြသပြီး မြန်မာနိုင်ငံ အကြောင်းကို ရှင်းလင်းပြောပြ၊ မြန်မာ့ရိုးရာ ဝတ်စုံတွေကို ဝတ်ကြည့်ချင်သူတွေကို ဝတ်ပေးရပါတယ်။ ပွဲကျင်းပခဲ့တဲ့ နေရာကတော့ ဘူဆန်းမြို့နဲ့ နီးတဲ့ ချန်ဝေါ်န်ဆိုတဲ့ မြို့မှာပါ။ ဂယောင်ဆန်း တောင်ပိုင်းပြည်နယ် မြို့တော်မှာပါ။ ပွဲကျင်းပတဲ့ ကော်မတီကတော့ (၃)ရက်ကျင်းပရာမှာ ပရိတ်သတ် (၁)သိန်းနီးပါး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပွဲကျင်းပတဲ့ ချန်ဝေါ်န်မြို့နဲ့ နီးတဲ့ ဘူဆန်း၊မာဆန်း စတဲ့မြို့က ကိုရီးယားနိုင်ငံသား၊ နိုင်ငံခြားသား ပေါင်းစုံ အတူဆင်နွဲခဲ့ကြပါတယ်။ အဲဒီပွဲမှာ နိုင်ငံတကာ အစားအစာတွေ၊ ယဉ်ကျေးမှုတွေကို ကိုရီးယားလူမျိုးတွေကို အသိပေးတဲ့ ပွဲဆိုလည်း မမှားပါဘူး။ ဖျော်ဖြေရေးမှာလည်း ကိုရီးယား နာမည်ကြီး အဆိုတော်တွေ၊ နိုင်ငံတကာက နာမည်ကြီး အဆိုတော်တွေ(မြန်မာမပါ)၊ နိုင်ငံပေါင်းစုံ ရိုးရာတူရိယာတွေ တီးမှုတ်ခဲ့ကြပါတယ်။ မြန်မာ့ရိုးရာ တူရိယာထဲက ပတ်ဝိုင်း၊ပတ္တလား၊ စောင်းတို့နဲ့ တခြား(၈) နိုင်ငံက ရိုးရာတူရိယာတွေ ပေါင်းပြီး ကိုရီးယား ရိုးရာသီချင်းတွေကို တီးမှုတ်တာ လူတွေ တော်တော် နှစ်သက်ခဲ့ကြတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြခန်းမဏ္ဍပ်ကို လာရောက် လေ့လာကြည့်ရှုကြတဲ့ ကိုရီးယား လူမျိုးတွေက အသက်အရွယ်အလိုက် မှတ်ချက်ပေးသွားကြပါတယ်။ ငယ်ရွယ်တဲ့ ကလေးငယ်တွေနဲ့ ကျောင်းသားတွေ အများဆုံးကတော့ တူရိယာပစ္စည်းတွေ၊ သနပ်ခါးနဲ့ ပဒေါင်လူမျိုးအကြောင်း စိတ်ဝင်စားကြပါတယ်။ တက္ကသိုလ် ကျောင်းသားအရွယ်ကနေ စပြီး လူကြီးပိုင်းထဲက မြန်မာနိုင်ငံအကြောင်း အနည်းငယ် သိထားတဲ့ လူတွေကတော့ မြန်မာလို့ ဆိုလိုက်တာနဲ့ နှမြောစရာကောင်းတဲ့ နိုင်ငံဆိုပြီး အရင်ဆုံးမှတ်ချက်ပေးပါတယ်။ ရေမြေသံယာဇာတ ပေါတဲ့ နိုင်ငံဟာ အာဏာရှင်တွေကြောင့် ပျက်စီးနေတာ စိတ်မကောင်းကြောင်း အရင်ဆုံး ပြောကြပါတယ်။ တော်တော် လေ့လာထားတဲ့သူတွေကဆို အရင်က မြန်မာနိုင်ငံဟာ ကိုရီးယားနိုင်ငံထက် အဖက်ဖက်က တိုးတက်သာယာတဲ့ နိုင်ငံဖြစ်ကြောင်း၊အာရှ ဘော်လုံးလောကမှာ ဆိုရင်လည်း မြန်မာဟာ ထိပ်တန်းကနေပဲ နေခဲ့ကြောင်းစတဲ့ သူတို့ရဲ့ မြန်မာနိုင်ငံအပေါ် ခံစားချက်အတွေ့အကြုံတွေ ပြောပြကြပါတယ်။

တချို့ကတော့ အခုလို ပွဲမျိုးမှပဲ မြန်မာနိုင်ငံကို သေချာသိခွင့်ရခဲ့တယ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံလို့ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းနဲ့ အရေးအခင်းတွေ ဖြစ်နေတဲ့ နိုင်ငံလို့ပဲ သိထားတဲ့ သူတွေ ရှိသလို၊ ဘိန်းထွက်များတဲ့ နိုင်ငံလို့လည်း သိထားတဲ့သူလည်း မနည်း တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝ အလှ၊ တိုင်းရင်းသားလူမျိုး ပေါင်းစုံ စုပေါင်းနေထိုင်တဲ့ အကြောင်း၊ ချစ်စရာကောင်းတဲ့ မြန်မာဓလေ့ နဲ့ နိုင်ငံရေး အဖြစ်အပျက်တွေကို ကိုရီးယားနဲ့ တခြားနိုင်ငံသားတွေကို ရှင်းပြ၊ပြောပြခွင့် ရခဲ့တဲ့ ပွဲတော်တခု ဆိုလည်း မှားမယ် မထင်ပါဘူးခင်ဗျာ။


ကိုလူချစ်(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>