Showing posts with label သမိုင်း. Show all posts
Showing posts with label သမိုင်း. Show all posts

Monday, February 20, 2012

တိုင်ရီစက်ရုံ ဆန္ဒပြမှုအား မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီမှ တရားရေး ဆိုင်ရာ စွဲချက် တင်ခွင့်ပြု


တိုင်ရီ ဖိနပ်စက်ရုံ ဆန္ဒပြနေမှုနှင့် အလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေသူ ကိုဖိုးဖြူ (ဓါတ်ပုံ - အင်တာနက်)

ဖော်ဖော်ဝါရီလ (၁၈) ရက်နေ့၌ မရမ်းကုန်းမြို့နယ် မြို့ နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မီတီမှ ထိုင်ဝမ်နိုင်ငံသားပိုင် ထိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာရပ်အား ဖြေရှင်းရန် ကိစ္စကို ခွင့်ပြုလိုက်ပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် လှိုင်သာယာမြို့နယ် အလုပ်သမားရုံး၌ လက်ခံ တင်သွင်းမည်ဖြစ်သည်။ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ စတင်၍ လုပ်အားခတိုးပေးရန် စတင် သပိတ်မှောက် တောင်းဆိုခဲ့ကြပါသည့် အလုပ်သမား ဆန္ဒပြမှုသည် (၁၃) ရက် လွန်မြောက်ပြီးနောက် တနင်္ဂနွေနေ့၌ ဆန္ဒပြမှုကို ခေတ္တ ရပ်ဆိုင်း ထားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

“အခုဆိုရင် မြို့နယ် ဝါဏိဇ္ဇ ပဋိပက္ခမှု ကော်မတီက ဥပဒေနဲ့ မညီတဲ့ အကြောင်းကြားစာတွေ ကျွန်တော်တို့ဆီကို ရောက်လာ ပါတယ်၊ အဲဒီမှာ ဘာကို တွေ့ရလဲဆိုရင် အဆိုလွှာတွေ၊ ချေလွှာတွေ၊ အလုပ်သမား အရေးဆိုမှုတွေ မရထားခင် ကတည်းကိုက ဆိုလွှာတွေကို ကြိုထုတ် ထားတယ်၊ ဒါဟာဘာကို ထောက်ပြ နေသလဲဆိုရင် ဒီဆိုလွှာတွေဟာ အလုပ်ရှင် အလုပ်သမား နှစ်ဖက် အငြင်းပွားမှု ဖြစ်ပြီးမှ ပြောရမယ့် အချက်တွေ၊ နှစ်ဘက် အငြင်းပွါးမှု ဖြစ်ပြီးမှု ဆွေးနွေး ရမယ့်အချက်တွေ ဖြစ်လို့ ဥပဒေ ကြောင်းလမ်းနဲ့ ကိုက်ညီမှု မရှိပါဘူး”ဟု အလုပ်သမားအရေး လိုက်လံ လုပ်ဆောင်ပေးနေသူ ရှေ့နေ ဦးဖိုးဖြူမှ ပြည်တွင်းမီဒီယာနှင့် ရုပ်သံ အင်တာဗျူး တစ်ခု၌ ပြောသွားခဲ့ပါသည်။

ထိုဆန္ဒပြမှုသည် မြန်မာ့သမိုင်း တစ်လျှောက် အလုပ်သမား ဆန္ဒပြမှုများထဲတွင် (၁၃၀၀) ပြည့် အရေးတော်ပုံ ပြီးနောက် အကြီးမားဆုံး အလုပ်သမား ဆန္ဒပြမှုကြီးလည်း ဖြစ်သည်။ စက်ရုံရှိ အလုပ်သမားပေါင်း ၉၀ ရာခိုင်နှုန်း ကျော်ခန့် ပါဝင် သပိတ်မှောက်ခဲ့ကြပြီး အလုပ်သမားပေါင်း (၂၀၀၀) နီးပါးခန့် ထိုသပိတ်မှောက်မှု၌ ပါဝင် ခဲ့ကြကြောင်း မီဒီယာများ၌ ဖော်ပြကြပါသည်။

ဆန္ဒပြ အလုပ်သမား များထဲမှ အလုပ်သမား ဆယ်ဦးကျော်ခန့်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ပုဂ္ဂလိက စာဝတ်နေရေး ပြသနာရပ် အခက်အခဲများကြောင့် အလုပ်ရှင်ဘက်မှ အချိန်ပိုကြေး (၂၅) ကျပ် တိုးပေးသည်ကို လက်ခံကာ အလုပ်ပြန်ဆင်း ခဲ့ကြ သော်လည်း ကျန်ရှိအလုပ်သမား အားလုံးမှာ ယနေ့စနေနေ့ အထိ (၁၃) ရက်ကြာ ဆက်လက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြဆဲဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍မူ ကိုဖိုးဖြူက “အဲဒါက နယ်က လာတဲ့ အလုပ်သမားလေးတွေ ဖြစ်ပါတယ်။ သူတို့ လက်ခံလိုက်တယ်၊ အလုပ်ပြန်ဆင်းတယ်၊ သူတို့ လက်ခံရတဲ့ သဘောက စားစရိတ်ဗျာ၊ နေစရိတ် ပြီးတော့ ရွာကိုလည်း ငွေပြန်ပို့ရတယ်လေ။ ဒါကြောင့် ရက်ရှည် သပိတ်မှောက်နေလို့ မဖြစ်ဘူးပေါ့။ အဲဒါနဲ့ လက်ခံလိုက်တာပါ” ဟု ၄င်းရက်နေ့၌ ရှင်းပြခဲ့ပါသည်။


ထိုသို့ အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွါးပြီး (၆) ရက်မြောက်နေ့၌ အစိုးရပိုင်းမှ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ညှိုနှိုင်းဆောင်ရွက် နိုင်စေရန် အလုပ်သမား ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် ကိုယ်တိုင် လာရောက် ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပဲ ရက်ရှည် သပိတ်မှောက်မှုအဖြစ် ဆက်လက်တည်ရှိခဲ့သည်။

အလုပ်ရှင်ဘက်မှလည်း အလုပ်သမားများမှ စနေနေ့အထိ အလုပ်မဆင်းခဲ့လျှင် အလိုအလျောက် ဆန္ဒအရ အလုပ်မှ ထွက်သည်ဟု သဘောမှတ်ချက်ပြုမည် ဖြစ်သည်ဟုလည်း ကြေငြာထားခဲ့ပါသည်။ တိုင်ရီ ဖိနပ်စက်ရုံ ခြံဝင်းအတွင်းရှိ အဆောင်၌ နေထိုင်နေကြသည့် အလုပ်သမားများအားလည်း တစ်နေ့လျှင် ငါးနာရီ ရေပေးဝေနေရာမှ ယခု တစ်နေ့လျှင် နှစ်နာရီသာ ပေးဝေတော့၍ ရေးပေးဝေမှုကို ဖြတ်တောက်ခဲ့ပါသည်။ အဆောင်မှ ထွက်ခွာရန် ဖိအားပေးမှု ရှိခဲ့ပါသည်။

သို့သော် အလုပ်သမားများဘက်မှ ဥပေဒရေးရာအရ လိုက်လံကူညီလုပ်ဆောင်ပေးသူ ဦးဖိုးဖြူမှ အကယ်၍ ထိုသို့ ထွက်ခွာရန် နှင်ချခြင်း ခံရပါက အိမ်ရှင်အိမ်ငှား ဥပဒေဖြင့် ပြန်လည် တရားစွဲဆိုမှုဟု ပြောဆိုမှုများရှိခဲ့ပြီးနောက် အလုပ်သမားများ မိမိတို့ အဆောင်အတွင်း၌ ဆက်လက်နေထိုင်ခွင့်ရခဲ့ကြသည်။

ထိုတိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြမှုအားလည်း ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ဆွီဒင်နိုင်ငံ Social Democratic Youth အဖွဲ့မှ အပြည့်အဝ ထောက်ခံကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။ ဆန္ဒပြအလုပ်သမားများဘက်မှ တောင်းဆိုချက် (၁၇) ချက်ကို တောင်းဆို ထားခဲ့သော်လည်း အလုပ်ရှင်ဘက်မှ လိုက်လျောနိုင်ခြင်း မရှိသေးပေ။


တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ ရက်ရှည်ဆန္ဒပြပွဲသို့ ကိုဟန်ဝင်းအောင် ဦးဆောင်သည့် နိုင်ငံရေး အကျဉ်းသားများ မိသားစု အကျိုးဆောင် ကွန်ယက်နှင့် အခြား လူမှုရေး အဖွဲ့အစည်းများနှင့် စေတနာရှင် ပြည်သူလူထုများမှလည်း ရေသန့်ဗူးနှင့် အစားအသောက်များ လာရောက် လှူဒါန်းခဲ့ကြောင်းလည်း သိရှိရပါသည်။

Sources:
http://phophtaw.org/burmese/index.php/news/local-news/1145-2012-02-19-00-06-50.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, January 15, 2012

အလှူရှင်အမှတ် ၁၀၀၆၃ နှင့် ပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဝမ် ၄ သိန်း ၅ သောင်းလှူဒါန်း

ဇန္နဝါရီ ၁၅ ၊ အင်ချောန်း ။
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၄ ဦးတို့က အလှူတော်ငွေ ဝမ် ၄ သိန်း ၅ သောင်း တိတိကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒကထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10063 ကိုကျော်သူရှိန် နှင့် မတင်ဇာဝင်း(သုံးခွ) မိသားစု 200,000
10064 ဖိုချောန်း လက်အိတ်စက်ရုံမှ ညီအစ်ကိုများ 100,000
10065 ဦးအောင်ထွန်းဇော် (သထုံ) 50,000
10066 ဦးစောထွန်း ဒေါ်ငြိမ်းငြိမ်းခိုင် သမီးဟေမာန်စောထွန်း မိသားစု 100,000


[Photo:Dhammaduta_Korea/ ပါရမီရှင်များ ဓမ္မဒူတမြေအလှူတော် လှူဒါန်းနေစဉ်]
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် ၉၂၁ သိန်း ၅ ထောင် (92,105,000) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြပါသည် ။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁၅ ရက် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, September 27, 2011

မြန်မာသတင်းစာများက ပြောပြသော ထူးခြားသည့် သတင်းများ (၂)

ရေးသားသူ — အင်ကြင်း
အရင်တခေါက်က စာရေးတုန်းက စာကြည့်တိုက်တွေ အကြောင်းပြောနေတာနဲ့ တခြားသတင်းလေးတွေ ဆက်မတင်ဖြစ်ဘူး။ ခုတခါတော့ ထူးခြားတဲ့ သတင်းကတော့ အမတ်က ဒမြတိုက်တယ်ဆိုတဲ့ သတင်းတိုလေးပါ။ ကျမတို့ နိုင်ငံမှာ လောလောဆယ်မှာလည်း ရွေးကောက်ပွဲပြီးကာစဆိုတော့ အမတ်နေရာက ၀င်ရွေးခံတဲ့ သူတွေရှိတော့ “အမတ်”ဆိုတဲ့စကားလုံးကို ခုချိန်မှာရင်းနှီးနေမှာပါ။
၁၉၅၀ခုနှစ်က ပါလီမန်ခေတ်ဆိုတော့ တိုင်း မြို့နယ် အသီးသီးမှာ ဖဆပလအမတ်တွေ အများကြီးရှိပါတယ်။ ကျမအမြင်မှာတော့ ရွေးကောက်ပွဲမှာ မြို့နယ်အသီးသီးမှာ အမတ်ရွေးတဲ့အခါ သာမာန်အခြေခံလူတန်းစားတွေ ကတော့ သူ့ရဲ့နောက်ကြောင်း ရာဇ၀င်တွေ ကိုလိုက်ပြီး သိပ်စဉ်းစားနေမယ်မထင်ပါဘူး။ လောလောဆယ်၊ ပုဂ္ဂိုလ်ရေးရာအရ ခင်မင်မူ့ရယ်၊ နောက်တချက်က သူက ဘာတွေလုပ်ပေးမယ်ဆိုတဲ့ မဲဆွယ်တဲ့အပေါ်မှာ မူတည်ပြီးမဲထည့်ကြမယ် ထင်ပါတယ်။ နောက်ဆိုရင် ကျမတို့တိုင်းပြည်မှာ ရွေးကောက်ပွဲကို ၄နှစ်တကြိမ်လုပ်ရင် အမတ်တွေလည်း များလာမယ်ထင်ပါရဲ့။ တိုက်ဆိုင်လာလို့ပြောတာပါ။ ခုတော့ သတင်းကို ဖတ်ကြည့်ရအောင်နော်။ ဒီသတင်းကတော့ ၁၉၅၀ခုနှစ် ဇွန်လ ၂၇ရက်နေ့ထုတ် ဟံသာဝတီသတင်းစာထဲက သတင်းဖြစ်ပါတယ်။

ပါလီမန်အမတ် သခင်ဦးခင်ကို ဖမ်းပြီ
ရန်ကုန်မှာ ဂိုဏ်းဖွဲ့ ဒမြတိုက်တဲ့ခေါင်းဆောင်တဲ့
အင်းစိန်တောင်ပိုင်း ဖဆပလပါလီမန်အမတ် ဆိုရှယ်လစ်ပါတီဝင် အင်းစိန်နယ်လုံးဆိုင်ရာ ဗတလစဥက္ကဠ သခင်ဦးခင်အား ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် သာယာဝတီဘူတာရုံ၌ ရန်ကုန်မြို့ပေါ်တွင် ဂိုဏ်းဖွဲ့ပြီး ဒမြတိုက်နေသော ခေါင်းဆောင်တဦးအနေနှင့် ဖမ်းဆီးလိုက်ပြီဟူသော သတင်းကိုကြားသိရသဖြင့် ကျွန်နုပ်တို့သတင်းထောက် ကိုယ်တိုင် ဆိုင်ရာသို့ သွားရောက်စုံစမ်းရာ အောက်ပါအတိုင်း သိရှိရကြောင်း။

ရန်ကုန်မြိ့နယ် အရှေ့ပိုင်းရာဇ၀တ်ဝန်ထောက် ဦးတင်အောင်၊ အနောက်ပိုင်းရာဇ၀တ်ဝန်ထောက်ဦးစံရင် ဘိုးအိုဌာနမှ အင်စပိတ်တော်ဦးလှ၊ ဌာနအုပ် ဦးညီပု အထူးအင့်စပိတ်တော် ဦးလွင် တောင်လုံးပြန် ဌာနမှ အင်စပိတ်တော် ဦးကိုကိုကြီးနှင့် ဌာနအုပ် ဦးသာအေးတို့သည် သတင်းအရ အင်းစိန်မြို့ ပိန်းနှဲကုန်းကာလီမန် လမ်းပါလီမန် အမတ်သခင် ဦးခင် နေအိမ်သို့ သွားရောက်ပြီး ရုတ်တရက် ၀ိုင်းဝန်းရှာဖွေကြရာ သခင်ဦးခင်ကို မတွေ့ဘဲ ၄င်း၏ တူတော်သူ မောင်အုံးမြင့်ဆိုသူကိုသာ တွေ့ရှိရသည်ဆိုကြောင်း။ ထိုအောက်အိမ်ထဲသို့ ဆက်လက်ရှာဖွေရာ စတင်းဂန်းသေနတ် အက်ဖ် အက်ဖ်မျှားနံပါတ် ၂၉၆၄ နှင့် ကျည်ဆံ ၄၅ ထောင့်အပြင် ဒမြတိုက်ရာပါ ပစ္စည်းများဖြစ်သော စိန် ရွှေ ပစ္စည်းများကိုပါ ဖမ်းဆီးရမိသည်ဆိုကြောင်း။
တဖန်သခင်ဦးခင်မှာ သာယာဝတီသို့ သွားနေသည်ဟု သတင်းရသဖြင့် အဆိုပါအရာရှိများ သာယာဝတီသို့ လိုက်သွားကြရာ သခင်ဦးခင်နှင့်တကွ ၄င်း၏ညာလက်ရုံးဖြစ်သည်ဆိုသော ကိုချစ်အေးဆိုသူကိုပါ ခြောက်လုံးပြူးတလက်နှင့် သာယာဝတီဘူတာရုံ၌ တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြသည်ဆိုကြောင်း။

အထက်ကသတင်းနဲ့ဆက်စပ်တဲ့ အယ်ဒီတာအာဘော်ဖြစ်တဲ့ သတင်းနဲ့ မှတ်ချက်မှာတော့ ဇွန်လ ၂၉ရက်နေ့မှာ ခုလိုထပ်ပြီး ဖော်ပြထားပါတယ်။ (အထက်ဖော်ပြပါသတင်းနဲ့ သက်ဆိုင်ခြင်းရှိမရှိ မသေခြာပါ)

သတင်း နှင့် မှတ်ချက်
နိုင်ငံရေး ဒမြ
ဆိုရှယ်လစ်ပါလီမန်အမတ်တဦးကို ဒမြမူနှင့် ဖမ်းဆီးလိုက်သည်ဟု ကြားရ၍ အတော်ပင် အံ့သြသွားသည်၊ ၄င်း၌ အပြစ်ရှိသည်၊မရှိသည်ကို ကျွန်ုပ်တို့ ဘာမှမသိရ၍ ၄င်းနှင့် ပတ်သက်ပြီး ဘာမှမဝေဖန်လိုပေ၊ ယခုခေတ်၌ နိုင်ငံရေးအရေခြုံပြီး၊ ရာဇ၀တ်မှု ကျူးလွန်တတ်ကြခြင်းကိုသာ ဓမ္မဓိဋ္ဌာန်အားဖြင့် ဝေဖန်လိုပေသည်။ ရှေးခေတ်က လူကြီးလူကောင်း ဟန်ဆောင်ပြီး၊ ဆန်ခိုးမှု၊ သစ်ခိုးမှု၊ ငွေစက္ကူအတုထုတ်လုပ်မူ၊ ဒင်္ဂါး အတုလုပ်မှု၊ စသော ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြသည်။ ယခုခေတ်၌မူ၊ နိုင်ငံရေးဖြင့် ထင်ပေါ် ကျော်ဇောခြင်း၊ မျက်နှာကြီး ပါတီ ခေါင်းဆောင်များနှင့် ရင်းနှီးခြင်း၊ လူထု၏ ယုံကြည်လေးစားမူ ရရှိခြင်းတို့ကို အကာအကွယ်ယူခါ၊ လက်နက်ပုန်း အရောင်းအ၀ယ်လုပ်ခြင်း၊ အစိုးရဘ ဘဏ္ဍာတော်များကို ဆုံးရှုံးစေခြင်း၊ အကြီးအကျယ်ဒမြတိုက်ခြင်း စသော ရာဇ၀တ်မူကြီးများကို ကျူးလွန်ကြပေသည်၊ လူထု၏ ထောက်ခံအားပေးမှုကို ရယူခဲ့ပြီး၊ လူထုကိုပြန်၍ ထုတတ်သော နိုင်ငံရေးသမားများလည်းရှိပေသေးသည်၊ နိုင်ငံရေး အရေခြုံပြီး၊ ကြောင်သူတော် လုပ်ကြသောကြောင့်၊ ကျွန်ုပ်တို့တိုင်းပြည်မှာ အရှုပ်ရှုပ် အထွေးထွေးဖြစ်နေရပေ၏၊ လူထုသည် အာဏာပိုင်အစစ်ဖြစ်လေရာ၊ နိုင်ငံရေး သမားဆိုးများကို အာဏာ အပ်နှင်းမိရက်သား မဖြစ်အောင်အထူး သတိထားသင့်ကြပေသည်။

စသဖြင့် ရေးသားထားတာကို တွေ့ရပါတယ်။ နိုင်ငံတိုင်းမှာ ခုလိုကိစ္စမျိုးတွေ ရှိတတ်ပါတယ်။ ခုခေတ်လိုမျိုးဆို ကျမတို့တွေဟာ သတင်းတွေကို ရုပ်မြင်သံကြားတို့၊ အင်တာနက်က တဆင့် အများကြီး သိရှိနိုင်ပါတယ်။ အရင်ခေတ်ကတော့ သတင်းတွေကို သိရဖို့ သတင်းစာကိုသာ အဓိကအားကိုးပြီး နေခဲ့ကြတာပါ။ ခုခေတ်သတင်းစာတွေနဲ့ ကွာတဲ့အချက်ကတော့ ပါလီမန်ခေတ်က သတင်းလွတ်လပ်ခွင့်ရလို့ အစိုးရအထိ ဝေဖန်ရေးသားခွင့်ရသလို တခြားသတင်းဆောင်းပါးများကိုလဲ မိမိစိတ်ကြိုက်ရေးသားခွင့်ရခဲ့တာကို အထက်ကဖော်ပြထားတဲ့ သတင်းတွေကိုကြည့်ရင်သိနိုင်ပါတယ်။ ဘာပဲပြောပြော ဒီသတင်းတွေဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ကျမတို့အတွက် ဗဟုသုတရသလို သင်ခန်းစာယူတတ်ရင်လည်း ရမယ်လို့ထင်ပါတယ်။

နောက်ထပ်သတင်းတိုလေးတွေကိုတော့ အချိန်ရသလို ထပ်တင်ပေးပါမယ်။

အင်ကြင်း
1:40 p.m.
15-12-2010,

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, September 20, 2011

မြန်မာသတင်းစာများက ပြောပြသော ထူးခြားသည့် သတင်းများ (၁)

ရေးသားသူ — အင်ကြင်း
လွတ်လပ်ရေးရပြီးစ ကာလ သတင်းစာဂျာနယ် ဟောင်းများကို ပြန်လည်ဖတ်ရူ့ကြည့်မိတဲ့ အခါမှာတော့ ကျမတို့ ပြည်သူတွေအတွက် အဘက်ဘက်က သင်ခန်းစာယူစရာတွေ အပြင် ဗဟုသုတဖြစ်ဖွယ် ဆောင်းပါးများကို စိတ်ဝင်စားဖွယ် တွေ့ရပါတယ်။ စစ်ပြီးခေတ်မှာ ထုတ်ဝေခဲ့တဲ့ ဟံသာဝတီသတင်းစာ၊ ဗမာ့ခေတ်သတင်းစာ၊ မဏ္ဍိုင်သတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ အိုးဝေသတင်စာ၊ လူထုသတင်းစာ၊ ရန်ကုန်နေ့စဉ် သတင်းစာများအပြင် The Nation, The Gardian Newspapers စသည်တို့မှ ရေးသားဖော်ခဲ့တဲ့ သတင်းတွေဟာ ကမ္ဘာ့နိုင်ငံရေးရေး၊ နိုင်ငံရေးနဲ့ဆက်စပ်နေသောစစ်ရေး၊ မြန်မာ့ပြည်တွင်းရေးကိစ္စ အပြင် တခြားသော ဆောင်းပါးများနဲ့ အယ်ဒီတာထံပေးစာများဟာ အတော်ကို စိတ်ဝင်စားစရာ ကောင်းတာကိုတွေ့ရပါတယ်။

ဒါ့အပြင် သတင်းသမားများ၊ နိုင်ငံရေးသမားများကလည်း သတင်းစာ၊ ဂျာနယ်၊ စာအုပ် စာစောင်များကနေ အစိုးရကို ဝေဖန်ထားတဲ့ သတင်းတွေဟာ ထူးခြားတာကိုလည်း တွေ့ရပါတယ်။ ၁၉၄၆လောက်ကနေ ၁၉၆၀ခုနှစ်ကျော်မတိုင်ခင်နှစ်များ အတွင်းက မြန်မာ သတင်းစာများဟာ လွတ်လပ်ခွင့်ရခဲ့လို့ ခုလို အပြိုင်ရေးသားနိုင်ခဲ့ကြတယ် ထင်ပါတယ်။ ဖဆပလအစိုးရလက်ထက်မှာတော့ စာပေလွတ်လပ်ခွင့်အတော်ရရှိပြီး သတင်းစာပေ ရွှေခေတ်လို့ ခေါ်ရလောက်အောင် သတင်းမီဒီယာများ နိုင်ငံရေးနှင့် ပတ်သတ်ပြီး လွတ်လပ်ပွင့်လင်းစွာ ဝေဖန်ရေးသားနိုင်ခဲ့ကြတာကို တွေ့ရပါတယ်။ ခုအချိန်မှာ သတင်းစာဟောင်းများကို ပြန်လည် ဖတ်ရူတဲ့အခါ ဗမာ့(မြန်မာ)သတင်းစာများက အတိတ်ကို လှမ်းမျှော်ကြည်ပြီး နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြောပြနေခဲ့ကြသလိုပါပဲ။
ကျမဟာ စာတမ်းအတွက် ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မြန်မာပြည်မှာ ရှိတဲ့ စာကြည့်တိုက်တွေကို သွားပြီးလိုအပ်တဲ့ စာအုပ်စာတမ်းတွေ လိုက်ဖတ်ရပါတယ်။ အများဆုံးကတော့ ခုနကပြောတဲ့ သတင်းစာတွေကို ရှာဖွေလေ့လာရတာပါပဲ။ ကြုံတုန်း အဲဒီမှာ သွားခဲ့တဲ့ စာကြည့်တိုက်တွေအကြောင်းလည်း ပြောပြချင်ပါတယ်။ မြန်မာပြည်က စာကြည့်တိုက်တွေဟာ မပြုပြင်တော့လို့ အတော်ဟောင်းနေတာတွေ့ ရပါတယ်။ စာအုပ်တွေကလည်း လိုချင်တာကို အကုန် ရှာရခက်ပါတယ်။ စာကြည့်တိုက်က တချို့ ၀န်ထမ်းတွေကတော့ အတော်သဘောကောင်းပါတယ်။ ကြိုးစားပြီးတော့ ကျမလိုချင်တဲ့ စာတွေကို ရှာပေးကြပါတယ်။ ဒါပေမယ့် ကျမအနေနဲ့ အစမှာ စာအုပ်ဌါးပြီး စာဖတ်ဖို့ ကိုအတော်ခက်ပါတယ်။ စာကြည့်တိုက် စာဖတ်ခွင့်ကဒ်မရှိလို့ ဆိုပြီးတော့လေ။ အပြင်ကို ဌါးဖို့လည်း မရပါဘူး။ လိုချင်တဲ့ စာအုပ်တွေ အကုန် မရတာကလည်း ၊ စာကြည့်တိုက်မှာ ရှိပေမယ့် တချို့ အရာရှိတွေ၊ ဆရာ ဆရာမတွေအပါအ၀င်ပေါ့လေ သူ့တို့ ဌါးထားတဲ့ စာအုပ်တွေကို တချို့ ကပြန်မပေးကြဘူးလို့ ဆိုပါတယ်။ ဌါးသွားပြီး ၃ ၊ ၄ ၊ ၅ လကြာတဲ့ထိ ယူထားတာတဲ့လေ။ အရာရှိကြီးတွေ၊ လူနိုင်တွေဆိုတော့ ၀န်ထမ်းတွေက ပြန်မတောင်းရဲတာလည်း ပါမှာပေါ့လေ။ စာအုပ်က စာရင်းမှာရှိပြီး စာကြည့်တိုက်မှာ မရှိတော့ဘူးလေ။ တချို့စာကြည့်တိုက်က စာအုပ်တွေကတော့ နေပြည်တော်ကို ပို့လိုက်တယ်လို့ ပြောပါတယ်။ တကယ်ဆို ကော်ပီပွားပြီးပို့ သင့်တာပေါ့နော်။

ကျမလိုချင်တဲ့ သတင်းစာဟောင်းတွေကတော့ အကုန်တော့ မရတော့ပါဘူး။ တော်တော်လဲဟောင်းနေပါပြီ။ တချို့စာတွေဆို စုတ်ပြဲနေလို့ဖတ်လို့ တောင်မရတော့ပါဘူး။ စာကြည့်တိုက်က ၀န်ထမ်းတွေကတော့ပြောပါတယ် တချို့လာဖတ်တဲ့သူတွေဟာ စည်းကမ်းမရှိပဲ ကြမ်းတမ်းစွာ ကိုင်လို့စုတ်ပြဲကုန်တယ်လို့ ဆိုပါတယ်။ သတင်းစာဟောင်းတွေဟာ တကယ်တော့ ကျမတို့အတွက် အတော် တန်ဖိုးရှိပါတယ်။ ရန်ကုန်က စာကြည့်တိုက်မှာ စာလာဖတ်တဲ့သူဆိုလို့ စာတမ်းအတွက် လာဖတ်တဲ့သူနဲ့ စာရေးဖို့ အတွက် စာဖတ်တဲ့ သူလောက်သာရှိပါတယ်။ လူကမရှိသလောက်ပါပဲ။ ကျမကိုယ်တိုင်လဲ စာဖတ်အတော်အားနည်းပါတယ်။ ဒီမှာတော့ စာကြည့်တိုက်တွေဟာ ကျောင်းပိတ်ရက်မှာတောင် စာဖတ်တဲ့သူတွေနဲ့ အတော်စည်တာတွေ့ရပါတယ်။

ခုကျမရေးချင်တဲ့အကြောင်းလေးက သတင်းစာတွေက ပြောပြတဲ့ ထူးခြားတဲ့သတင်းလေးတွေပါ။ ဟံသာဝတီသတင်းစာထဲက သတင်းတိုလေးတချို့ကို ပြောပြပါမယ်။ သတင်းစာနဲ့ ပတ်သတ်တဲ့ စာအုပ်ကတော့ လူထုဦးလှရေးခဲ့တဲ့ ၁၉၆၉ခုနှစ်ကထုတ်ခဲ့တဲ့ “သတင်းစာများက ပြောတဲ့စစ်ပြီးစဗမာပြည်”စာအုပ်ကိုတော့ ဖတ်ဖူးပါတယ်။ အဲဒီစာအုပ်ထဲမှာ သတင်းစာထဲက သတင်းဆောင်းပါးအတိုတွေကို ပြန်ရေးထားတာတွေ့ရပါတယ်။ ကျမကတော့ သတင်းစာထဲက ခုနှစ်အလိုက်မဟုတ်ပဲ ခုရှိသလောက်ကိုပဲ ရေးပြချင်ပါတယ်။ ကျမ စိတ်ဝင်စားတဲ့ သတင်းတိုလေးတွေပေါ့။ ခုသတင်းကတော့ ၈လပိုင်း ၁၉၅၀ခုနှစ်က ဟံသာဝတီသတင်းစာထဲကပါ။

ဝန်းကြီးများ တံမြက်စီး လှဲထွက်မည်
အတွင်းဝန်များနှင့် အရာရှိကြီးများ ပါမည်ဆိုပုံ

တိုင်းပြည်လူထုကြီးသည် ပြည်သူ့တာဝန်ကို ပိုမိုထမ်းရွက်လိုစိတ် ထက်သန်စေရန် ရည်သန်ချက်ဖြင့် ၀န်ကြီးအဖွဲ့ဝင်များသည် လမ်းပေါ်တံမြက်လှဲ၊ ထွက်မြေဖို့စသော လုပ်ငန်းများ ကိုယ်တိုင်လုပ်ပြရန် စီစဉ်လျက် နေပြီဟု သိရ၏။
အတွင်းဝန်များပါပါမည်
ထိုအစီအစဉ်အရ လုပ်ဆောင်ခဲ့လျှင် ပြုလုပ်မည့်နေရာရပ်ကွက်များကို လူခွဲ၍ သတ်မှတ်ခါ ၀န်ကြီးတစ်ဦး ခေါင်းဆောင်၍ နောက်ပါးမှ ပါလီမန်အတွင်းဝန် အတွင်းရေး အတွင်းဝန်၊ အမြဲတမ်းအတွင်းဝန်များ သက်ဆိုင်ရာ ဠာနအကြီးအကဲ အရာရှိကြီးများလည် ပါဝင်ဘွယ်ရှိရာကြောင်းနှင့် နောက်ဆုံးသိရ၏။

ဒီသတင်းကတော့ သတင်းစာထဲကအတိုင်းကူးပေးလိုက်တာပါ။ ဘယ်မှာလှဲမယ်ဆိုတာရယ်၊ တကယ်တံမြက်စီး လှဲထွက်မထွက်ဆိုတာတော့ နောက်ဆက်တွဲသတင်းမတွေ့ရလို့မသိတော့ပါ။ နောက်သတင်းကတော့ ထူးခြားပါတယ် လစာမထုတ်ပဲ ဆန္ဒုပြတယ်ဆိုလို့ပါ။

စာတိုက်မင်းကြီးရုံး စာရေးသုံးပုံနှစ်ပုံလခမထုတ်

ရန်ကုန်စာတိုက်မင်းကြီးရုံးမှ စာရေး (၁၀၀) ကျော်ထဲမှ ၃ ပုံ ၂ ပုံ ခန့်တို့သည် စက်တင်ဘာလ ၁ ရက်နေ့က လခမထုတ်ဘဲ ဆန္ဒပြပွဲကျင်းပကြကြောင်း
ထိုစာရေးများ လစာမထုတ်သည့်ကိစ္စနှင့်ပက်သက်၍ စုံစမ်းသိရှိရသည်မှာ အစိုးရက စာရေးများအား ယခင်က မော်တော်ကားနှင့် လိုက်လံခေါ်ယူသည်စနစ်အားဖျက်သိမ်းပြီး ၂ မိုင်ခွဲအတွင်း နေသူများအား (၅) ကျပ် ၊ ၅ မိုင်အတွင်းနေသူများအား ၁၀ နှင့် ၅ မိုင်အထက် ကျော်လွန်နေသူများအား တကယ်ကုန်ကျသည့် မီးရထားစရိတ်နှင့် အခြားယာဉ်စာရိတ်များ ပေးခဲ့ကြကြောင်း။
စာတိုက်မင်းကြီးရုံးမှ စာရေးများအားလည်း အရာရှိများက တွက်ချက်ပြီး ပုဇွန်တောင်တွင် နေသူများအား (၅) ကျပ်၊ ရွှေဂုံတိုင် ဗဟန်းနေသူများအား ၁၀ ပေးခဲ့သည့်ဆိုကြောင်း။
ယခုတဖန်ပြန်လည်၍ အရာရှိများက စာတိုက်ကြီးကို ဗဟိုထား၍ မြေပုံတွင် စက်ဝိုင်းဖြင့် မိုင်နှုန်းတွက်ချက်ခါ အသစ်ပြန်လည် ခရီးစရိတ်ပေးသည်ဟု ဆိုကြောင်း၊ ထိုခရီးစရိတ်နှုံးသစ်တွင် ပုဇွန်တောင်ရိပ်ကွက်နေ လူများမှာ ခရီးစရိတ်မရတော့ကြောင်း ၊ ထို့ပြင် ယခင်ကပေးထားသည်မှာလည်း အတွက်မှားပြီးပေးထားသဖြင့် ယခင်ယူထားခဲ့သော ခရီးစရိတ်များကို တလလျှင် ၁၀ ကျပ်ဖြတ်တောက်မည်ဟု အမိန့်ထုတ်သဖြင့် မကြေနပ်သောကြောင့် ဆန္ဒပြခါ လစာမထုတ်ဘဲနေသည်ဟု သိရှိရကြောင်း။

ကျန်တဲ့အပိုင်းတွေကိုတော့ နောက်မှထပ်တင်ပါ့မယ်။

အင်ကြင်း
3:22 pm
11 Dec. 2010

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, August 11, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီ ပန်ကြားချက်

Irrawaddy Appeal

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, October 31, 2010

ကိုရီးယားနိုင်ငံ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ (Local Governments) ကိုလေ့လာကြည့်ခြင်း

ပြောမှ ဖြစ်မယ်ဗျ
“ကယောင်းဂီပြည်နယ် အင်ချောန်းမြို့တော် ဘာညာ ရပ်ကွက်” ၊ “ ကယောင်းဆန်ဘု-ဂ်ပြည်နယ် ဒေဂူးမြို့တော် ဘာညာရပ်ကွက် ”ဆိုပြီး ၊ မကြာခဏပြောနေကြ ၊ ရေးနေကြတဲ့ အမှား တစ်ခုရှိပါတယ် ။ ကိုရီးယား နိုင်ငံရောက် မြန်မာမိတ်ဆွေအချို့ ပါသလို ကိုရီးယားသားများလည်း ပါသဗျ ။ သူလိုကိုယ်လို သာမန် ပုဂ္ဂိုလ်များ ပြောနေရေးနေကြတာ ပြဿနာမဟုတ်ပေမယ့် ၊ အမျိုးသားရေး မီဒီယာရေးတို့လို နယ်ပယ်တွေမှာ ဦးဆောင်ဦးရွက်ပြုနေကြသူတွေ ပြောနေဆိုနေ ရေးသားနေကြတာတွေတောင် တွေ့ရတော့ ၊ သည်အကြောင်း ပြောမှ ဖြစ်မယ်ဆိုပြီး ဒီဆောင်းပါးကိုရေးရတာပါ ။
ဒေသတွင်းအုပ်ချုပ်ရေးအက်ဥပဒေ
တောင်ကိုရီးယားနိုင်ငံမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအက်ဥပဒေ (The Local Autonomy Act)ကို ၁၉၄၉ ခုနှစ်မှာ စတင် ပြဋ္ဌာန်းခဲ့ပြီး တပ်မတော်အစိုးရက ၄င်းတို့အား ဖျက်သိမ်းခဲ့တဲ့ ၁၉၆၁ ခုနှစ်တိုင်အောင် ဒေသဆိုင်ရာကောင်စီ (Local Councils) စနစ်ကို အသုံးပြုခဲ့ကြောင်း သိရပါတယ် ။
၁၉၇ဝနှင့် ၁၉၈ဝ ခုနှစ်များအတွင်း ဒေသအလိုက် အလျင် အမြန်ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်လို့ ဆိုပါတယ် ။ ဒေသဆိုင်ရာအုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပေးဖို့ တောင်းဆိုမှု အားကောင်းလာခဲ့ပြီး ၊ ဗဟိုအစိုးရဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ရာ ၊ ၁၉၈၈ ခုနှစ်မှာ ဒေသဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ရေး အက်ဥပဒေ (The Local Autonomy Act) ကို ပြန်လည် ပြင်ဆင် အသက်သွင်းခဲ့ တယ်လို့ ဆိုပါတယ် ။
ပြန်လည်ပြဋ္ဌာန်းလိုက်တဲ့ အက်ဥပဒေ အသစ်အရ ၊ မြို့တော်ကောင်စီ(City Council) ၊ ခရိုင်ကောင်စီ (County Council) ၊ မြို့နယ်ကောင်စီ (District Council) တို့ပါဝင်တဲ့ ဒေသဆိုင်ရာ ကောင်စီများ(Local Councils)ကို ၁၉၉၁ ခုနှစ်၊ မတ်လမှာ ရွေးချယ်တင်မြှောက်ခဲ့ပြီး ၊ ဇွန်လမှာ မဟာမြို့တော်များ (Metropolitan Cities) နှင့် ပြည်နယ်များ (Provinces) အတွက် ရွေးချယ် တင်မြှောက်ခဲ့ပါတယ် ။ အုပ်ချုပ်ရေးမှူးများ (Governors) နှင့် မြို့တော်ဝန်များ(Mayors) ကိုတော့ ၁၉၉၅-ခုနှစ်မှာ ရွေးကောက် တင်မြှောက်ခဲ့ပါတယ် ။
အဆင့်မြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ
လက်ရှိမှာ မဟာမြို့တော်အစိုးရအဖွဲ့(Metropolitan City Government) ၇-ဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့ (Province Government) ၉-ဖွဲ့ အပါအဝင် အဆင့်မြင့်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (Higher-level Local Government) စုစုပေါင်း ၁၆-ခုရှိနေပါတယ် ။
မဟာမြို့တော် ၇ ခု ၏ တရားဝင်အမည်များကတော့ -
၁- ဆောအူးလ် အထူး မြို့တော် (Metropolitan Seoul)
၂ - ဘူဆန် မဟာမြို့တော် (Metropolitan Busan)
၃ - အင်ချောန်း မဟာမြို့တော် (Metropolitan Incheon)
၎ - ဒေဂူး မဟာမြို့တော် (Metropolitan Daegu)
၅ - ဒေဂျောန်း မဟာမြို့တော် (Metropolitan Daejeon)
၆ - ဂွါန်ဂျူး မဟာမြို့တော် (Metropolitan Gwangju)
၇ - အူးလ်ဆန် မဟာမြို့တော် (Metropolitan Ulsan) ဖြစ်ပါတယ် ။


ပြည်နယ်ကြီး ၉ ခု၏ တရားဝင်အမည်များကတော့ -
၈ -ကယောင်းဂီ ပြည်နယ် (Gyeonggi-do)
၉ - ကယောင်းဆန်တောင်ပိုင်း ပြည်နယ် (Gyeongsannam-do)
၁၀ - ကယောင်းဆန် မြောက်ပိုင်း ပြည်နယ် (Gyeongsanbuk-do)
၁၁ - ချွန့်ချောင်းတောင်ပိုင်း ပြည်နယ် (Chungcheongnam-do)
၁၂ - ဂျော်လာတောင်ပိုင်း ပြည်နယ် (Jeollanam-do)
၁၃ - ဂျော်လာမြောက်ပိုင်း ပြည်နယ် (Jeollabuk-do)
၁၄ - ဂန်ဝေါန် ပြည်နယ် (Gangwon-do)
၁၅ - ချွန့်ချောင်းမြောက်ပိုင်း ပြည်နယ် (Chungcheongbuk-do)
၁၆ - ဂျယ်ဂျူး ကိုယ်ပိုင်အုပ်ချုပ်ရေးခွင့်ရ အထူးပြည်နယ် (Jeju Special Self-Governing Province) ဖြစ်ပါတယ် ။
ဒေသဆိုင်ရာ အစိုးရအဖွဲ့များလုပ်ပိုင်ခွင့်
ကိုရီးယားနိုင်ငံရဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁၇) မှာ ဒေသဆိုင်ရာ အစိုးအရအဖွဲ့များ (Local Governments) ဟာ အောက်ဖော်ပြပါ ကိစ္စတို့ကို ကန့်သတ်ထားတဲ့ ဥပဒေဘောင် အတွင်း လုပ်ဆောင်ခွင့်ရှိသည် လို့ ဖော်ပြထားပါတယ် -
- ဒေသတွင်း ပြည်သူများ၏ အကျိုးစီးပွား နှင့် သက်သာချောင်ချိရေး လုပ်ငန်းတို့ကို ဆောင်ရွက်ခြင်း၊
- ဥစ္စာ ပစ္စည်းပိုင်ဆိုင်မှုကို စီမံအုပ်ချုပ်ခြင်း ၊
- ဒေသအတွင်း ကိုယ်ပိုင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် ဥပဒေပြဋ္ဌာန်းခြင်း ၊

ဒီတော့ မဟာမြို့တော်အစိုးရအဖွဲ့ (Metropolitan City Government) များနှင့် ပြည်နယ် အစိုးရ အဖွဲ့(Province Government) တို့ဟာ အဆင့်(Level) တူ ဖွဲ့စည်းပုံဖြစ်ပြီး ၊ ကိုယ့်ဥပဒေ ကိုယ်ပြဋ္ဌာန်း ၊ ကိုယ့်ဘတ်ဂျက်ကိုယ်ရေးပြီး ဥပဒေအရ ကိုယ်ပိုင် စီမံအုပ်ချုပ်ခွင့်ရှိနေကြတဲ့ ဒေသဆိုင်ရာ အစိုးရအဖွဲ့ (Local Government) များ ဖြစ်ကြပါတယ် ။ ကျနော်တို့ မိတ်ဆွေများ ပြောနေ ဆိုနေ ရေးသားနေကြသလို မဟာမြို့တော် (Metropolitan City)တစ်ခုခု ဟာ ပြည်နယ် (Province) တစ်ခုခုရဲ့ ဖွဲ့စည်းပုံအတွင်း ပါဝင်ကျရောက်နေခြင်း မရှိပါ ။
အဆင့်နိမ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ
အဆင့်နိမ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (Lower-level Local Government) များကတော့ ၊ မြို့တော်ကောင်စီ (City Government) ၇၄-ဖွဲ့၊ မြို့နယ်စုကောင်စီ (County Government) ၈၉-ဖွဲ့နှင့် ခရိုင်ကောင်စီ (District Government) ၆၉-ဖွဲ့ အပါအဝင် အဆင့်နိမ့် အုပ်ချုပ် ရေးအဖွဲ့စုစုပေါင်း ၂၃၂-ဖွဲ့ ရှိတယ်လို့ ဆိုပါတယ် ။
မြို့တော် ၊ မြို့နယ်စု နှင့် ခရိုင်များ













ကိုရီးယား နိုင်ငံ အုပ်ချုပ်ရေးဒေသများ ဖွဲ့စည်းပုံအရ ၊ အဆင့်နိမ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (Lower-level Local Government)မှာ ပါဝင်တဲ့ City ခေါ် မြို့တော်အဆင့်ရ မြို့ကြီးများကို District ဟူသော ခရိုင် ၊ (Township) မြို့နယ် ၊ Myeon ခေါ် ကျေးရွာ နှင့် Ward ခေါ် ရပ်ကွက်များ ဖြင့် ဖွဲ့စည်းထားလေ့ရှိပါတယ် ။ သို့သော် အချို့သော မြို့တော်(City) များမှာ ခရိုင်(District) ဖွဲ့စည်းပုံမရှိဘဲ ရပ်ကွက် (Ward) ဖွဲ့စည်းပုံသာရှိပြီး ၊ အချို့သော မြို့တော်များမှာ မြို့နယ်(Township)ဖွဲ့စည်းပုံနှင့် ကျေးရွာ (Myeon) ဖွဲ့စည်းပုံများ မပါ မရှိဘဲ ခရိုင်(District)နှင့် ရပ်ကွက်(Ward) ဖွဲ့စည်းပုံများသာ ရှိကြောင်း တွေ့ရပါတယ် ။
County (군/gun/) ခေါ် မြို့နယ်စု အတွင်း 읍/eup/ခေါ် Township နှင့်면/myeon/ ခေါ် ကျေးရွာများ ရှိပါတယ် ။ District (구/gu/) အောက်မှာတော့ 동/dong/ ခေါ် Ward သာ ရှိပါတယ် ။ County (군) ခေါ် မြို့နယ်စု ၊ Eup (읍) ခေါ် Township နှင့် Myeon (면) ခေါ် ကျေးရွာတို့ဟာ ကျေးလက်ဒေသ (Rural Area) ဖွဲ့စည်းပုံ အခေါ်အဝေါ်များဖြစ်ပြီး District (구/gu/) နှင့် 동/dong/ ခေါ် Ward တို့ကတော့ မြို့ပြဒေသ (Urban Area) ဖွဲ့စည်းပုံဝေါဟာရများ ဖြစ်ကြပါတယ် ။
မြို့နယ် ၊ ကျေးရွာနှင့် ရပ်ကွက်ရုံးများ
အဆင့်မြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (Higher-level Local Government) များဟာ ဗဟိုအစိုးရ (Central Government) နှင့် အဆင့်နိမ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တို့အကြား စေ့စပ် ညှိနှိုင်း စီမံအုပ်ချုပ်မှုကို ဆောင်ရွက်ပေးပါတယ် ။ အဆင့်နိမ့် အုပ်ချုပ်ရေး အဖွဲ့ဟာ ဒေသတွင်း ပြည်သူများကို ဒေသလိုက်အုပ်ချုပ်ရေးစနစ်ဖြင့် မြို့တော် ၊ မြို့နယ်စု နှင့် ခရိုင်များတွင် ဒေသတွင်း အုပ်ချုပ်သူ အနေဖြင့် ဒေသတွင်းရှိ ပြည်သူများ ၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြည့်ဆည်း စီမံ ဆောင်ရွက်ပေးပါတယ် ။ မြို့နယ် ၊ ကျေးရွာနှင့် ရပ်ကွက် (Eup, Myeon and Dong) ရုံးများက ပြည်သူများ အုပ်ချုပ်ရေးနှင့် လူမှုရေးကိစ္စရပ်များ အတွက် အဓိက ဖြည့်ဆည်း ဆောင်ရွက်ပေးပါတယ် ။










ဒေသဆိုင်ရာ အစိုးရအဖွဲ့ခေါင်းဆောင်များ
ဒေသဆိုင်ရာ အစိုးရအဖွဲ့ခေါင်းဆောင် (Local Government Head) ဟာ ဥပဒေဖြင့် ကန့်သတ်ထားတဲ့ ကိစ္စများမှအပ ကျန်အရေးကိစ္စရပ်များမှာ အကြံပေးခြင်း ၊ ကြီးကြပ်ခြင်းစတဲ့ အုပ်ချုပ်ရေးကိစ္စများ စီမံ ဆောင်ရွက်ပိုင်ခွင့်ရှိပါတယ် ။ ဒေသဆိုင်ရာ အစိုးရအဖွဲ့(Local Government)များ အနေဖြင့် ဗဟိုအစိုးရ (Central Government) ကို ကိုယ်စားပြုလျက် ပြည်သူတို့၏ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု အကာအကွယ်ပေးခြင်း နှင့် သက်သာ ချောင်ချိရေး ဖြည့်ဆည်းပေးခြင်း ၊ တန်ဘိုးဖြတ်ခြင်းနှင့် အမျိုးမျိုးသော ဝန်ဆောင်မှုများအတွက် အခွန်အခများ ကောက်ခံခြင်း တို့ကို ဆောင်ရွက်ပါတယ် ။
ဤသို့ဤနှယ် အဓိပ္ပါယ်ပြန်ဆို
ကိုရီးယားဒေသဆိုင်ရာ အုပ်ချုပ်ရေးကိစ္စတွင် ဖော်ပြထားတဲ့ ဝေါဟာရများနှင့် ပတ်သက်ပြီး စာရေးသူအနေဖြင့် ဤသို့ ဤနှယ် ပြန်ဆိုထားသော်လည်း သဘောမတွေ့သူများ ရှိနိုင်ပါတယ် ။ မိတ်ဆွေတို့အနေဖြင့်လည်း မိမိအစီအစဉ်ဖြင့် ကြိုက်နှစ်သက်သလို ပြန်ဆိုနိုင်ကြပါတယ် ။ ကျနော်ပြန်ဆိုထားသော ဝေါဟာရများကို အောက်တွင် နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် -
မဟာမြို့တော်광역시/gwang-yeok-shi/(Metropolitan City)
ပြည်နယ်도/do/(Province)
အုပ်ချုပ်ရေးမှူး 지사/jisa/(Governor)
မြို့တော်ဝန်시장/shijang/(Mayor)
မဟာမြို့တော်အစိုးရအဖွဲ့ 광역시의회/gwang-yeok-shi-eui-hoi/(Metropolitan City Government)
ပြည်နယ်အစိုးရအဖွဲ့ 도의회/do-eui-hoi/(Province Government)
မြို့တော်ကောင်စီ 시의회/shi-eui-hoi/(City Government)
မြို့နယ်စုကောင်စီ 군의회/gun-eui-hoi/(County Government)
ခရိုင်ကောင်စီ 구의회/gu-eui-hoi/(District Government)
မြို့နယ် 읍 /eup/(Township)
ရပ်ကွက် 동 /dong/(Ward)
ကျေးရွာ 면/myeon/( Myeon)
မှတ်ချက် -
ဆောအူးလ်မြို့တော်ရဲ့ တရားဝင်အမည်ကို ယခင်က Seoul Special City ဟု သုံးစွဲခဲ့သည်များရှိသော်လည်း ကိုရီးယားအစိုးရက နောက်ဆုံးထုတ်ဝေသည့် Facts about Korea တွင် Metropolitan Seoul ဟု ဖော်ပြထားပါသည် ။

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, May 7, 2010

အူကြောင်ကျားဗိုလ်ချုပ်ကြီးနှင့် တိကျခိုင်မာပြတ်သားသော ဒေါ်အောင်ဆန်းစုကြည်

(တစ်)
တိကျခိုင်မာပြတ်သားခြင်းသည် ခေါင်းဆောင်တစ်ဦး၏ ကောင်းမြတ်သော ဂုဏ်အင်္ဂါများဖြစ်မည်ဟု ကျနော်ထင်ပါသည် ။ သို့ကြောင့်ပင် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ တိကျ ခိုင်မာ ပြတ်သားမှုကို တစ်ကမ္ဘာလုံးရှိ ဒီမိုကရေစီဘက်တော်သားများနှင့် မီဒီယာများက တစ်ခဲနက် ချီးမွမ်းထောပနာပြုနေကြလေပြီ ။
ထို့အတူ ဟိုလိုလို သည်လိုလို ၊ တိကျပြတ်သားမှုမရှိသော အင်္ဂါရပ် တစ်နည်းအားဖြင့် အူကြောင်ကျား လုပ်တတ်ခြင်းသည် ခေါင်းဆောင်တစ်ဦးတွင် မရှိသင့်မရှိထိုက်သော အင်္ဂါရပ်ဟု ကျနော်ထင်ပါသည် ။
(နှစ်)
မြန်မာ့တပ်မတော်တွင် အတည်လိုလို အပြောင်အပျက်လိုလို ဆိုရိုးတစ်ခုရှိကြောင်း သိရသည် ။ ခ-သုံးလုံးကျေမှ စစ်သားကောင်း ။ ခေါ်ရင်လာ ၊ ခိုင်းတာလုပ် ၊ ခံမပြောနဲ့ဟု ဆိုပါသည် ။
အဆိုပါ မြန်မာ့စစ်သေားကောင်းတို့ အရည်အချင်းနှင့် ဆန့်ကျင်ဖက်ဟု ကျနော့် နှလုံးသားထဲတွင် မှတ်သားထားသော ဗိုလ်ချုပ်ကြီး တစ်ဦးရှိပါသည် ။ ကျနော်သည် စွဲစွဲမြဲမြဲမှတ်သားလိုသော အချက်အလက်များရှိပါက ထူးခြားသည့် သင်္ကေတတစ်ခုခုပေး၍ မှတ်သားထားတတ်သော အလေ့ရှိသူဖြစ်ပါသည် ။ ယခု အဆိုပါ ဗိုလ်ချုပ်ကြီးကိုလည်း ကျနော် စွဲစွဲမြဲမြဲမှတ်သားလိုသည့်အတွက် အူကြောင်ကျားဗိုလ်ချုပ်ကြီးဟု မှတ်သားထားခြင်းဖြစ်ပါသည် ။ မြန်မာ့တပ်မတော် စစ်သားကောင်းများ ဂုဏ်အင်္ဂါနဲ့ စံလွှဲနေသည့် ဗိုလ်ချုပ်ကြီး ဆိုပါစို့ ။
အခြားသူမဟုတ်ပါ ။ အမေရိကန်တပ်မတော်မှ ဗိုလ်ချုပ်ကြီး မက်အာသာ (Douglas Mac Arthur) ဖြစ်ပါသည် ။ သူသည် အမေရိကန်သမိုင်းတွင် အသက်အငယ်ဆုံး ဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့ပြီး ၊ ဒုတိယကမ္ဘာစစ်အတွင်းက အရှေ့ဖျားဒေသ အမေရိကန်တပ်တော်များ(U.S. Army Forces in the Far East) ၏ တပ်မှူးကြီး (Commander) ဖြစ်ပါသည် ။
(သုံး)
တပ်မတော်တွင် အထက်အမိန့်ဟုဆိုလျင် နာခံရစမြဲ ။ အထက်အရာရှိ၏ ဝေဖန်သုံးသပ်ချက် ၊ ထင်မြင်ယူဆချက်တို့ကို လက်အောက်ငယ်သားတို့ ဝေဖန်ဆန်းစစ်ခြင်း လေကန်ခြင်း မပြုဝံ့သည်မှာလည်း တပ်မတော်၏ ယဉ်ကျေးမှုဖြစ်သလို ၊ မြန်မာ့ယဉ်ကျေးမှုဖြစ်နေသည်ဟု ကျနော်ထင်ပါသည် ။ တပ်မတော်တွင် အလုပ် (စစ်ဆင်ရေး) တစ်ခုခု လုပ်မည်ဆိုလျင် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ကြခြင်းကို Briefing လုပ်သည်ဟု ခေါ်ကြောင်း ၊ များသောအားဖြင့် Briefing များတွင် အကြီးအကဲများက ကြိုတင် စီစဉ်ထားသည်များကို ရှင်းလင်းချပြခြင်းသာ ပြုလုပ်ကြကြောင်းလည်း မှတ်သားရဖူးပါသည် ။
ဗိုလ်ချုပ်ကြီးမက်အာသာ၏ လုပ်နည်းလုပ်ဟန်မှာ ထိုကဲ့သို့မဟုတ် ။ Briefing များတွင် ၊ စစ်ရေးသုံးသပ်ချက် (War Appreciation) များလုပ်မည်ဆိုပါက ၊ Briefing တက်ရောက်လာသူများအနက် အသက် (ရာထူး) အငယ်ဆုံးအရာရှိကို စပြီးသုံးသပ် တင်ပြခိုင်းသည်ဟုဆိုပါသည် ။ ၄င်းနောက်မှ ငယ်စဉ်ကြီးလိုက် တင်ပြရသည်ဟုဆိုပါသည် ။ နောက်ဆုံးတွင်မှ ၄င်း၏ ထင်မြင်သုံးသပ်ချက်ကို တင်ပြသည်ဟု ဆိုပါသည် ။ ထိုသို့ တင်ပြရာတွင်လည်း အရာရှိငယ်များ၏ တင်ပြချက်များတွင် ပိုမိုသင့်တော်သော ယူဆချက်များ ပါဝင်ပါကလည်း ချီးမွမ်းပြောဆိုပြီး ၊ မိမိသည် ထိုကဲ့သို့ မစဉ်းစားမိကြောင်း မိမိမူလ စဉ်းစားထားချက်များထက် ပိုမိုကောင်းမွန်သင့်တော်သည်ဟု မိမိယူဆကြောင်း ၊ သူ၏ စဉ်းစားထားချက်များနှင့် တိုက်ဆိုင်နေပါကလည်း မည်သူ မည်ဝါတို့၏ တင်ပြချက်သည် မိမိထင်မြင်ချက်နှင့် တူကြောင်း ၊ အမြင်မတူ ကွဲပြားခြားနားသော စဉ်းစားသုံးသပ်ချက်များ ရှိပါကလည်း ၊ ထိုနည်းများလည်း ကောင်းမည်ဟု ယူဆကြောင်း သို့ရာတွင် ယခု မည်သည့်အကြောင်းကြောင့် မည်သည့်နည်းကိုသာ သုံးသင့်သည်ဟု မိမိယူဆကြောင်း ၊ လိုအပ်ပါကလည်း အများဆန္ဒကို ယူပြီး စီမံချက်ရေးဆွဲ လုပ်ငန်းခွဲဝေလေ့ရှိကြောင်းလည်း မှတ်သားရဖူးပါသည် ။
ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ဗိုလ်ချုပ်ကြီးမှာ မည်သည့် နစ်နာမှုမျှရှိနိုင်မည်မဟုတ်သလို ၊ မည်သည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း စာရှုသူများ ဆဝါးနိုင်လောက်မည်ဟု ထင်ပါသည် ။
(လေး)
ရပ်တည်ချက်ခိုင်မာခြင်း ၊ စိတ်ဓါတ်ကြံ့ခိုင်ခြင်းကို ကျနော်လေးစားသည် ။ မြန်မာ့သမိုင်းတွင် သူရဲကောင်း မင်းရဲကျော်စွာကို စစ်ပွဲတွင် ဆင်ကကျသည့်ဒဏ်ရာဖြင့် ရာဇာဓိရာဇ်က လက်ရဖမ်းမိသွား၏ ။ သူရဲကောင်းကို ချစ်သော ရာဇဓိရာဇ်က ကိုယ်ကိုသာ ကျန်းမာအောင်နေ ၊ ကျန်းမာလာသည့်အခါ ငါ့ထံတွင်နေမည်ဆိုက ငါ၏သမီးနှင့် လက်ထပ်ပေးပြီး အိမ်ရှေ့အရာကိုပေးမည် ။ သို့မဟုတ် အင်းဝပြန်လိုသည်ဆိုကလည်း မှူးမတ်တို့နှင့်တကွ ပြန်ပို့ပေးမည်ဟု ဆိုကာ ၊ ဆေးနှင့်အစာတို့ကို တိုက်ကျွေးခဲ့၏ ။
သို့ရာတွင် မင်းရဲကျော်စွာသည် ဟံသာဝတီကိုမရဘဲ မပြန်ပြီဟု ငါအဓိဋ္ဌာန်ရှိသည် ၊ ယခု ဤသို့ ဖြစ်ခဲ့ပြီ ၊ သူ့ကျွန်ဟူသောအမည်ကို ငါမခံလို ၊ ငါအသက်ရှင်ခြင်းထက် သေခြင်းကမြတ်သေး၏ ဆိုကာ ရာဇာဓိရာဇ်တိုက်သော ဆေးဝါးနှင့် အစာတို့ကို လက်ခံခြင်းမပြု ၊ ငါ့ကို သတ်မည်ကိုသာစီရင်တော့ဟု သေဆုကိုသာ တောင်းဆိုခဲ့ကြောင်းကိုလည်း ၊ လေးစားဖွယ် မှတ်သားရဖူးပါသည် ။
(ငါး)
သူရဲကောင်းမင်းရဲကျော်စွာကို လေးစားသလို ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရည်ရွယ်ချက်ပြတ်သားမှု ၊ ရပ်တည်ချက်ခိုင်မာမှု နှင့် ဆုံးဖြတ်ချက် တိကျမှုတို့ကို လည်း ကျနော်လေးစားပါသည် ။ ဒေါ်အောင်ဆန်း စုကြည်သည် မိမိ ခိုင်မာ ပြတ်သား တိကျ သလို ၊ ပါတီဝင်ရဲဘော်ကို ခိုင်မာ တိကျ ပြတ်သား စေလိုသည့်သဘော ရှိလိမ့်မည်ဟု ကျနော်ထင်သည် ။ ဒေါ်အောင်ဆန်းစုကြည်သည် မိမိတောင်းဆိုချက်များ အတိုင်းမဟုတ်လျင် ၊ သို့မဟုတ် မိမိတောင်းဆိုချက်များမရလျင် ၂၀၁၀-ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်း ခိုင်ခိုင်မာမာ တိတိကျကျ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချထားသည်ဟု ကျနော် ယုံကြည်သည် ။
ထို့ကြောင့်ဖြစ်မည်ထင်သည် ၊ အင်န်အယ်လ်ဒီခေါင်းဆောင်များ အစည်းအဝေးမတိုင်မှီ စကားကြီး ၆-ခွန်းကို အချိန်မှီ ထုတ်ပြန်နိုင်ခဲ့သည် ။ ထိုစကားကြီး ၆-ခွန်းထုတ်ပြန်ပြီးနောက်ပိုင်း ၊ ၂၀၁၀-ရွေးကောက်ပွဲ မဝင်ရေး လေသံများ ကမ္ဘာတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်ဟု ကျနော်ထင်ပါသည် ။ အကယ်၍သာ စကားကြီး ၆-ခွန်း သာ အချိန်မှီ ထွက်မလာခဲ့လျင် ………….
(ခြောက်)
ရွေးကောက်ပွဲဥပဒေမထွက်မှီက ၊ ရွေးကောက်ပွဲဝင်မည်ဟု ပြည်ပမှ ကြွေးကြော်သံအချို့ ကြားခဲ့ရသည် ။ ဝေဖန်သံတွေ သောသောညံခဲ့သည် ။ ပြည်တွင်း၌ အနည်းဆုံး ၁၀-နှစ်ဆက်တိုက်နေလာသူများသာ ရွေးကောက်ပွဲဝင်ခွင့်ရှိကြောင်း ရွေးကောက်ပွဲဥပဒေထွက်လာသောအခါတွင်မူကား ………။
ရှိစေ ။ သိပ်မဆိုင်လှသော်လည်း ဥပမာ ပြုလိုက်ဦးမည် ။ ကြောင်ဖြူသည် မဲသည်မှာ အဓိကမဟုတ် ကြွက်ဖမ်းနိုင်ဖို့သာ အဓိကမဟုတ်လား ။ တိန့်ရှောင်ဖိန်သည် သည်လို စကား သည်လို လုပ်နည်းလုပ်ဟန်ဖြင့် တရုတ်ပြည်ကွန်မြူနစ်ပါတီကို ဦးဆောင်ပြီး ၊ တရုတ်ပြည်ကို ခေတ်မီ ဖွံ့ဖြိုး တိုးတက် ရေး လမ်းကြောင်းပေါ်သို့ တင်ပေးနိုင်ခဲ့သည် မဟုတ်ပါလား ။
(ခုနစ်)
ဒီမိုကရေစီစနစ်သည် မတူကွဲပြားခြားနားမှုများကို အသိအမှတ်ပြုသော ၊ ရပ်တည်ခွင့်ပေးသော စနစ်ဟု မှတ်သားရဖူးသည် ။ သို့ဆိုလျင် ရွေးကောက်ပွဲဝင်လိုသူများကို မည်ကဲ့သို့ ရပ်တည်ခွင့်ပေးမလဲ ။ မည်ကဲ့သို့ အသိအမှတ်ပြုကြမလဲ ။ သူတို့ကို ရန်သူလို သဘောထားသင့်ပါသလား ……… ။
ရွေးကောက်ပွဲဝင်မည့် အခြားဒီမိုကရေစီ ဘက်တော်သားများကို ဘယ်လိုသဘောထားမလဲ ။ သူတို့သည် ရန်သူစည်းအတွင်းသို့ဝင်ခြင်းမှာ ရန်သူကို အညံ့ခံဖို့မဟုတ် ၊ မိမိသေနိုင်သည်ကို သိလျက် ၊ အသေခံပြီး ၊ ရန်သူကို ပူးသတ်ဖို့ ဝင်ခြင်းသာ ဖြစ်သည်ဟုဆိုလျင် သူတို့ကို ………။
ဒီလိုလုပ်မဖြစ်လျင် ၊ ဟိုလိုလုပ်ရန် နည်းလမ်း၊ သို့မဟုတ် အရန်စီမံချက် သို့မဟုတ် ဒုတိယ လုပ်နည်း ရှိခြင်းသည် ခေါင်းဆောင်ကေါင်းတို့၏ လုပ်နည်းလုပ်ဟန် တစ်ခုဟု ဆိုလျင် ……… ။
၂၀၁၀-ရွေးကောက်ပွဲကို မြန်မာပြည်သူများ အမှန်အကန် ရင်ဆိုင် ကျော်ဖြတ်ရပါမည် ။ ပြည်သူကို ဘယ်လို မက်ဆေ့ဂ်ျပေးကြမည်လဲ ။ မဲပေးကြပါဟုပြောမည်လား သို့မဟုတ် မဲမပေးကြပါနှင့်လို့ ပြောမည်လား ။ သို့မဟုတ် ကြိုက်သလိုလုပ်ကြပါတော့လို့ ပြောမည်လား ။ ကုလသမ၈္ဂနှင့် နိုင်ငံတကာမှ ခေါင်းဆောင်များကို ရော ၊ ဘယ်လို ………။
(ရှစ်)
ဆောင်းပါး အဆုံးသတ်မည်ပြုပြီးကာမှ ၊ အတွေးများ တန်းစီဝင်လာကြပြန်သည် ။
ဘုရင့်ပုဆိုး ပိုးချည်းပါပဲ ဟူသောစကားပုံ ။
နောက် ၊ ဘုရင့်ပုဆိုး ပိုးပေါက်ရှိသဟေ့ ဟု ပြောဆိုခွင့်ရသည့် ခေတ် ဘယ်တော့ရောက်မည်လဲ ။
နောက်တစ်ခုက ဗလာဝတ်လဲတော်ဆင်မြန်ထားသည့် ဘုရင့်အဖြစ်ကို အမှန်အတိုင်း မပြောရဲကြပဲ ရှိစဉ် ၊ ဘုန်းကြီးကျောင်းသားကလေးက အော်ပြောမှ ဘုရင်ကြီး အမှန်ကို သိသွားပုံ ။
နောက် တစ်ခု ၊ ဘုရင်အတွက်သာ စကားပုံရှိနေပြီး ဘုရင်မအတွက် စကားပုံမရှိသေးသည်ကို အားမလိုအားမရ ။ စကားပုံတစ်ခုရှိလျင်ကောင်းမည် စိတ်ကူးတစ်စ ပေါ်လာ -
ဘုရင်မ ထဘီ ၊ ချည်………၊ မဟုတ်သေးဘူး ၊ ဘုရင်မကို ချိုးချိုးနှိမ်နှိမ်ပြောသလိုဖြစ်နေလိမ့်မည် ။ ကိုဝိုင်း ခင်ဗျားပြန်ပြင်ဦး ။ ဘုရင်မ ထဘီ ၊ အကြည်………၊ ဒါလည်း မဟုတ်သေး ၊ အကြည်ဆို အားလုံးမြင်နေရ ၊ မသင့်တော် ။ ဘုရင်မ ထဘီ ၊ အရည် ………၊ ဒါလည်း တစ်မျိုးတစ်မည် တွေးစရာဖြစ်ရော့မည် ။ နောက်ဆုံး အတွေး တစ်ခု လင်းကနဲ ရလာသည် ။ ကျနော် ကြိုက်သည် -
ဘုရင်မ ထဘီ ၊ ရဲရဲတောက် နီသဟေ့ ။
အပြီးသတ် ၊ ပို့စ်တင်မည်ပြုခါ မှ ၊ အတွေးတစ်ခုဝင်လာပြန်သည် ။ မြန်မာစာတွင် ထဘီဟုရေးသော်လည်း ၊ ဖတ်သည့်အခါ ထမိန် ဟုသာ ဖတ်ကြသည် ။ ဟုတ်ပြီ ။ စကားပုံ တစ်ခုရပြီ -
ဘုရင်မ ထမိန် (ထဘီ) ၊ စိန် ချည်းပဲဗျို့ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, May 2, 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၁၉၉၀ပြည့် အောင်မြင်မှု ဆက်လက် သယ်ဆောင်ရေး

ကျနော်သည် နိုင်ငံရေးသမားမဟုတ်ပါ ။
မည်သည့် ပါတီ၏ အဖွဲ့ဝင်လည်း မဖြစ်ခဲ့ပါ ။
မည်သည့် အစိုးရ လက်ပါးစေမျှလည်းမဟုတ်ပါ ။
နိုင်ငံရေးဂုရုလည်းမဟုတ်ပါ ။

တောင်ကိုရီးယားနိုင်ငံတွင် အနေဆင်းရဲ အစားဆင်းရဲ ကိုယ်စိတ် ၂ပါး ဆင်းရဲခြင်းဖြင့် ဘဝရပ်တည်ရေးကြိုးပမ်းနေရင်း ၊ မြန်မာပြည်ရှိ မိသားစုကို ခက်ခဲပမ်းပမ်းစွာဖြင့် လုပ်ကျွေးနေသူ ရွှေ့ပြောင်း အလုပ်သမား တစ်ဦးသာ ဖြစ်ပါသည် ။ မှန်သောသစ္စာစကားဖြစ်ပါသည် ။

သို့ရာတွင် ယခုချိန်၌ ကျနော် မပြောလျင် သမိုင်းအကြွေးတင်လိမ့်မည်ဟု ခံစားမိပါသဖြင့် ဤ ဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည် ။

စစ်အစိုးရရေးဆွဲခဲ့သော ဥပဒေများနှင့် အမိန့်စုစည်းမှုများ တရားမျှတမှုရှိသည် မရှိသည်ကို အများသိရှိပြီးဖြစ်သဖြင့် ကျနော်မဝေဖန်လိုပါ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ဝင်ခြင်း မဝင်ခြင်းကိုလည်း ကျနော်အနေဖြင့် ဘာမျှမပြောလိုပါ ။
ကျနော်ပြောလိုသည်မှာ စစ်အစိုးရကို ယှဉ်ပြိုင်ဖို့ရာမှာ စစ်ရေးနည်း ၊ အကြမ်းဖက်ခြင်းနည်း ၊ လူထုတိုက်ပွဲနည်းတို့သည် ထိရောက်ခြင်းမရှိနိုင် ၊ ငြိမ်းချမ်းသောနည်းလည်း မဖြစ်နိုင်ကြောင်း ကမ္ဘာ့သမိုင်းတွင်ရော မြန်မာသမိုင်းတွင်ပါ သမိုင်းသက်သေများ အပြည့်အစုံရှိပြီးဖြစ်ပါသည် ။ မသိသေးသူများ သခင်သန်းထွန်း ၊ ဗိုလ်ချုပ်ကြီးစောဘိုမြ နှင့် အိုစမာ ဘင်လာဒင် တို့ကို မေးကြည့်က သိနိုင်မည်ဟု သဘောရပါသည် ။

၁၉၉၀ ရွေးကောက်ပွဲအကြောင်းကိုလည်း အများသိရှိပြီးဖြစ်သဖြင့် ကျနော် ဘာမျှမပြောလိုပါ ။
အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်၏ နေရာသည် မည်သည့်နေရာတွင်ရှိသည်ကို ကမ္ဘာ့ခေါင်းဆောင်များကရော မြန်မာပြည်သူတစ်ရပ်လုံးကပါ သိရှိပြီးဖြစ်သဖြင့်လည်း ကျနော်ဘာမျှမပြောလိုပါ ။

လက်ရှိအနေအထားတွင် စစ်အစိုးရကို တရားဝင်ယှဉ်ပြိုင်ဖို့ရာမှာ ၊ စစ်အစိုးရက ဖွင့်ပေးထားသော ၂၀၁၀ ရွေးကောက်ပွဲသည်သာလျင် တစ်ခုတည်းသော လမ်းကြောင်းဖြစ်နေသဖြင့် ၊ ပါတီအနေဖြင့် ရွေးကောက်ပွဲမဝင်သည့်တိုင် ပါတီကို ကိုယ်စားပြုလိုသည့် ၊ ၁၉၉၀ပြည့် အောင်မြင်မှုကို ဆက်လက်သယ်ဆောင်သွားလိုသည့် ပါတီဝင်များအနေဖြင့် ၊ တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များအဖြစ် ရွေးကောက်ပွဲဝင်သွားသင့်သည် ၊ အဖွဲ့ချုပ်အနေဖြင့်လည်း ထို တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များကို ရွေးကောက်ပွဲဝင်ရန် ပါတီအနေဖြင့်ခွင့်ပြုလိုက်ကြောင်း သို့မဟုတ် ကန့်ကွက်ရန်မရှိကြောင်း ကြေငြာချက် ထုတ်ပြန်ပေးသင့်သည်ဟု ထင်မြင်ယူဆပါသည် ။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဂုဏ်သိက္ခာနှင့် မာနကိုလည်း ထိခိုက်နိုင်စရာမရှိနိုင်ဟု ကျနော်ထင်ပါသည် ။ မိခင်ပါတီအနေဖြင့် ရွေးကောက်ပွဲမဝင်သည့်နည်းဖြင့် ကြိုးပမ်းနေသလို ၊ အခြားတစ်ဖက်မှလည်း ပါတီဝင်များအနေဖြင့် ရွေးကောက်ပွဲဝင်သည့်နည်းဖြင့် တစ်ပြိုင်တည်းတွင် လမ်းကြောင်း ၂ ခုဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်းသင့်သည် ဟု သဘောရပါသည် ။ သို့မှသာ ၁၉၉၀ပြည့်နှစ်၏ အရှိန်အဟုန်ကို ပြည်သူများ ဆက်လက် သယ်ဆောင်နိုင်ခွင့်ရလိမ့်မည်ဟု ယူဆပါသည် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမဝင်ခြင်းကြောင့် ၊ စစ်အစိုးရအနေဖြင့် လည်းကောင်း ကြံ့ဖွံ့အဖွဲ့ဝင်များအနေဖြင့်လည်းကောင်း ဝမ်းနည်းနေလိမ့်မည်ဟု ကျနော်မထင်ပါ ။

ကျနော်တို့နိုင်ငံမှ ဗမာပြည် ကွန်မြူနစ်ပါတီသည်လည်းကောင်း ၊ ကမ္ဘောဒီးယားမှ ခမာနီအဖွဲ့သည်ကောင်း ၊ တစ်စုံတစ်ရာမျှော်မှန်းနိုင်သည့် အနေအထားတွင် ရှိနေခဲ့ကြသော်လည်း ၊ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲကို ကျောခိုင်းခဲ့သဖြင့် ယခုအခါ မူလ အခြေအနေသို့ပြန်လည်ရောက်ရှိရန်မှာ မဖြစ်နိုင်တော့သော အခြေအနေသို့ရောက်ရှိသွားပြီဖြစ်သည့် သာဓကများရှိခဲ့သည်ကိုလည်း မှတ်သားရဖူးပါသည် ။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံသည်လည်း စစ်အစိုးရကပြုလုပ်ပေးသည့် ပထမဆုံးသော ရွေးကောက်ပွဲတွင် ၊ ဒီမိုကရက်တစ်အင်အားစုများက စုစည်းမှုမရှိဘဲ ၊ ပါတီပေါင်းများစွာ အကွဲကွဲအပြဲပြဲ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ၊ ပြည်သူလူထုက မည်သည့်ပါတီကို မဲပေးရကောင်းမသိဖြစ်ကာ ၊ မဲများ ကွဲသွားခဲ့ပြီး လူသိများနေသော စစ်အစိုးရကိုယ်စားလှယ်များသာ အနိုင်ရသွားခဲ့ကြောင်း ၊ နောင်ရွေးကောက်ပွဲများကျမှသာ ဒီမိုကရက်တစ်အင်အားစုများ ပြန်လည်စုစည်းနိုင်ခဲ့သဖြင့် ဒီမိုကရက်တစ်ကိုယ်စားလှယ်များက အနိုင်ရနိုင်ခဲ့ကြောင်း သမိုင်းသင်ခန်းစာများကိုလည်း မှတ်သားရဖူးပါသည် ။

ဥပဒေဆိုသည်မှာ အသေ မဟုတ် ။ ဥပဒေကို နိုင်သူတို့က ပြဋ္ဌာန်းနိုင်သည်ဟု ထင်ပါသည် ။ ထို့အတူ နိုင်ငံရေးစနစ်များသည်လည်း အသေမဟုတ်ဟု ထင်ပါသည် ။

ဒီမိုကရေစီ ဘိုးအေ အမေရိကန်သည်ပင်လျင် ပြည်သူလူထုအကျိုး အမှန်အကန် ကိုယ်စားပြုမည့် လွတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြောက်ပေးနိုင်ခြင်းမရှိခဲ့သဖြင့် ၊ မဲဆွယ်ကောင်းပြီး အနိုင်ရချိန်တွင် အရင်းရှင်အကျိုးစီးပွါးကိုသာ ကြည့်သည့် အမတ်လောင်းများကိုသာ ရွေးချယ်မိလျက်သား ဖြစ်နေကြသဖြင့် ၊ မဲဆန္ဒရှင်အတော်များများကလည်း မဲပေးရန် စိတ်မဝင်စားကြသဖြင့် ၊ ပြည်သူလူထုကို အကျိုးမပြုခဲ့သည့် ကျန်းမာရေးအာမခံစနစ် ဥပဒေကို ပြုပြင်ရန် ကြိုးစားခဲ့ကြသည်မှာ အကြိမ်ကြိမ် ရှိခဲ့သော်လည်း အောင်မြင်မှုမရဘဲ ၊ မူလဥပဒေပြဋ္ဌာန်းခဲ့ချိန်မှ ၉၈ နှစ်ကြာခဲ့ကြောင်း ၊ လက်ရှိသမ္မတ အိုဘားမားသည်ပင်လျင် အကြိမ်တစ်ရာကျော် ညှိနှိုင်းဆွေးနွေးခဲ့ရကြောင်း ၊ ယခုအခါ ပြိုင်ဖက် လွတ်တော်ကိုယ်စားလှယ်များက ရာနှုန်းပြည့်ကန့်ကွက်နေသည့်ကြားမှ ပြုပြင်ပြောင်းလဲ လိုက်နိုင်ပြီဟုလည်း မှတ်သားရဖူးပါသည် ။

ဤသည်များကြောင့် ၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အဆင့်ဆင့်သော လွတ်တော်များသို့ ၇၅ ရာခိုင်နှုန်းသော ဒီမိုကရက်တစ် ကိုယ်စားလှယ်များ ရောက်ရှိနေစေရေး ကြိုးပမ်းသင့်သည်ဟု သဘောရပါကြောင်း ။


လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)

မှတ်ချက် ။ သဘောထား တိုက်ဆိုင်မှုမရှိသူများ ဒီမိုကရေစီသဘောအရ လွတ်လပ်စွာ ဆဲနိုင်ကြပါကြောင်း ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, April 26, 2010

ရွှေမဲ (Black Gold)က ပြောသော ပုံပြင် တစ်ပုဒ်

(တစ်)
ရေနံကို ရွှေမဲဟု တင်စားပြောဆိုခဲ့ကြ၏ ။ ရွှေမဲပေါ်လာခြင်းကြောင့် ကမ္ဘာသူကမ္ဘာသားများ ကြီးစွာသော ပြောင်းလဲမှုများ ကြုံခဲ့ကြရ၏ ။ ချမ်းသာသူတွေ ချမ်းသာသည်ထက် ချမ်းသာနေကြပြီး ဆင်းရဲသူတွေ ဆင်းရဲသည် ထက် ဆင်းရဲတွင်းနက်နေကြ၏ ။ ကျနော်ဖတ်ရှုရသော ရွှေမဲ ကပြောသော ပုံပြင် တစ်ပုဒ်ကို ပြုပြင်ဖာထေးပြီး ဟန်းဂုရွာသူရွာသားများသို့ လက်ဆင့်ကမ်း မျှဝေလိုက်ပါသည် ။

(နှစ်)
Middle East ဟုခေါ်သော အရှေ့အလယ်ပိုင်းဒေသသည် ကမ္ဘာ့ရေနံ အများဆုံးထွက်ရာဒေသဖြစ်၏ ။ သို့ဖြစ်ရာ အရှေ့အလယ်ပိုင်းဒေသသည် ရှေးယခင်က ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့၏ စစ်အေးတိုက်ရာ ပထမဆုံးစစ်တလင်း ဖြစ်ခဲ့ဖူး၏ ။
ရှေးယခင်က အရှေ့အလယ်ပိုင်းအီရန်နိုင်ငံတွင် အများပြည်သူဆန္ဒအရရွေးချယ်တင်မြှောက်ခဲ့သော ဝန်ကြီးချုပ်မူဆာဒေး (Mohammad Mossadegh) သည် အီရန်ပြည်သူတို့အကြား ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်ဆို၏ ။ ဝန်ကြီးချုပ်မူဆာဒေးသည် ပြည်သူတို့၏တောင်းဆိုချက်အရ ဗြိတိသျှပိုင်ရေနံကုမ္မဏီတစ်ခုကို ပြည်သူပိုင်သိမ်းယူခဲ့သည် ဆို၏ ။
ဗြိတိသျှအစိုးရသည် ဒေါသဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်ဖြစ်ခဲ့သည့် အမေရိကန်ကြီးအား အကူအညီတောင်းခံခဲ့သည်ဆို၏ ။ ဗြိတိသျှနှင့် အမေရိကန်ကြီးတို့သည် အီရန်ကို စစ်ပြုလိုသော်လည်း ဆိုဗီယက်က နျူကလီးယားဗုံးသုံး၍ စစ်ပြုလာမည်ကိုကား စိုးရိမ်မကင်းဖြစ်နေခဲ့ကြသည်ဆို၏ ။
ထို့ကြောင့် အမေရိကန်အစိုးရသည် ကမ်းတက်စစ်တပ်စေလွှတ်ခြင်းမပြုတော့ဘဲ ၊ သမ္မတဟောင်းရုစဗဲ့လ်၏ မြေးဖြစ်သူ စီအိုင်အေသူလျှို ကာမစ်ရုစဗဲ့လ် (Kermit Roosevelt) ကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ခဲ့သည် ဆို၏ ။
ကာမစ်သည် ဒေါ်လာသန်းအနည်းငယ်သုံးစွဲခြင်းဖြင့် အီရန်နိုင်ငံ၌ အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပေါ်စေပြီး ဝန်ကြီးချုပ်မူဆာဒေးအား ဖြုတ်ချနိုင်ခဲ့သည်ဆို၏ ။ စီအိုင်အေသည် ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြောက်ထားသော အီရန် ဝန်ကြီးချုပ်အားဖြုတ်ချ၍ မိုဟာမက် ရီဇာပါလာဗီ (Mohammed Reza Pahlavi) ကို သက်ဦးဆံပိုင် ရှားဘုရင် အဖြစ် တင်မြောက်ခဲ့သည်ဆို၏ ။
သို့နှင့်တိုင် စီအိုင်အေဝန်ထမ်းတစ်ဦးအား ဖမ်းမိသွားမည်ဆိုပါက မလိုလားအပ်သော ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများကြုံနိုင်သဖြင့် နောက်ပိုင်းတွင် အမေရိကန် ကုမ္မဏီသူဌေးများ၏ ကိုယ်စားလှယ် အစိုးရအဖွဲ့ကြီး သည် အစိုးရဝန်ထမ်းများအစား ၊ စီးပွါးရေးကုမ္မဏီများမှ ဝန်ထမ်းများကို ၊ အေးဂျင့်များ အဖြစ် သုံးစွဲခဲ့သည် ဆို၏ ။ ဤသို့အားဖြင့် စီအိုင်အေ၏ လုပ်နည်းလုပ်ဟန်များကို စီးပွါးရေးကော်ပိုရေးရှင်းကြီးများ သည် လိုအပ်သလို သုံးစွဲနေကြသည်ဆို၏ ။
ကာမစ်၏အောင်မြင်မှုကို အခြေခံပြီး အမေရိကန်သည် ကမ္ဘာတစ်လွှားတွင် စစ်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ရန် အခက်အခဲရှိသည့် ဒေသများသို့ စီးပွားဖျက်သူလျှို (Economic Hit Man) များ စေလွတ်ပြီး ၊ မိမိတို့ နိုင်ငံရေးသြဇာထူထောင်နေသည်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်ဆို၏ ။
(၃)
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ …. ဟူသော စာဆိုနှင့် အညီ ၊ ချမ်းသာသူတွေ ချမ်းသာသည်ထက် ချမ်းသာရအောင် ဆင်းရဲသူတွေက ဆင်းရဲသည်ထက် ဆင်းရဲပေး နေကြရ သည် ဟူ၏ ။ တရားသဘောအရ ဆိုလျင် အတ္ထိပစ္စယော ၊ နတ္ထိပစ္စယောဟု ဆိုသော်ရကောင်းသည် ဆို၏ ။ ကမ္ဘာ့လုပ်သားထုကြီးမှာ မီဒီယာ သူဌေးမင်းကြီးတို့ စိတ်ကြိုက် စီမံ ထုတ်လွင့်နေကြရသော မီဒီယာတို့တွင် နစ်မြောနေကြပြီး ၊ အာရုံ ခြောက်ပါး စလုံး အလုပ်ရှုပ်နေကြရသဖြင့် လည်းကောင်း ၊ တစ်နေ့ သူဌေးဖြစ်နိုးနိုး မျှော်ကိုးချက်ဖြင့် ဘဝင်ရူး ရူးနေကြသဖြင့် လည်းကောင်း ၊ ဘာကြောင့် ဆင်းရဲလို့ ဆင်းရဲမှန်းမသိရှိနိုင်ဘဲ ဖြစ်နေကြရသည်ဆို၏။ သတင်းမဟုတ်သော ပုံပြင် စစ်စစ် တစ်ပုဒ်ဖြစ်သည် ဟုလည်းဆိုသေး၏ ။ သြော် ကောင်းပေစွ တကား ။

စာမှီးစာကိုး-
- အမေရိကန်အင်ပါယာ၏ လျှို့ဝှက်ချက်များ (နေဇင်လတ် ၊ ဘာသာပြန်)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, February 8, 2010

၆၃နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား (ကိုရီးယား)မှတ်တမ်းပုံများ



နားလည်ပေးကြပါ
အထက်ပါ မှတ်တမ်းပုံများကို Server သို့ Upload လုပ်ချိန်တွင် မူလက Save လုပ်ထားသော ရေစာ(Water Mark)များကို တည်းဖြတ်ရန် ၊ မေ့လျော့သွားပါသဖြင့် ၊ ပုံများတွင် Snapshot of Ko Wyne ဟူသော စာတမ်းများပါရှိနေခြင်းဖြစ်ပါသည် ။ ထိုမှတ်တမ်းပုံများကို ကိုဝိုင်းက ရိုက်ကူးခဲ့ခြင်းမဟုတ်ပါ ။ သို့ပါ၍ အထက်ပါပုံများကို မေတ္တာဖြင့် မှတ်တမ်းတင်ပေးခဲ့ကြသည့် ကိုဝင်းထွန်း ၊ ကိုဇော်တိုးလွင် နှင့် ကိုမြင့်ကျော်(ဝိုင်အိုင်တီ)တို့ကို အနူးညွှတ် တောင်းပန်ပါသည် ။



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, February 4, 2010

ပြည်ထောင်စုနိုင်ငံ

ဒီစာတမ်းက ကိုရီးယားမှာ ၂၀၀၆ ခုနှစ်က ကျင်းပတဲ့ ပြည်ထောင်စုနေ့မှာ တင်ပြ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ အခု လေးနှစ်အကြာမှာ အချို့ အချက်အလက်တွေက ပြောင်းလဲတာတွေတောင် ရှိသွားပါပြီ။ အခြေခံ အချက်အလက်နဲ့ သဘောတရားကတော့ မပြောင်းလဲသေးပါ။ ထပ်မံ ဖြည့်စွက်ချင်တာတွေလည်း ရှိပါသေးတယ်။ သို့ပေမယ့် ဒီအတိုင်းပဲ ဖြန့်ဝေလိုက်ပါတယ်။ စိတ်ဝင်စားသူများ ဆက်လက် တွေးဖြစ်စေဖို့ပါ။

Union State by Wpm

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, December 27, 2009

ဆရာတို့သို့ မေတ္တာစာ

(၀ိုင်အမ်ဘီ သခင်တင်နှင့် ပတ်သက်တဲ့ ကွဲလွဲချက်ကလေးများ)

၂၀၀၉ ဒီဇင်ဘာ ၂၀ ရက်နေ့က စင်ကာပူမှာ ပထမအကြိမ် ကျင်းပတဲ့ စာပေဟောပြောပွဲ အသံဖိုင်များကို မိုးမခ ကောင်းမှုကြောင့် နားထောင်လိုက်ရပါတယ်။ ဟောပြောသူ ဆရာများ ဖြစ်ကြတဲ့ နေ၀င်းမြင့်, ဂျူး, ချစ်ဦးညို တို့ရဲ့ စေတနာ, ပညာ, အာဝဇ္ဇန်းတို့ကို အားပါးတရ နားဆင်လိုက်ရပါတယ်။ ဟောပြောချက်များက ကောင်းမွန်ပြီးသား ဖြစ်တာမို့ အထူး ညွှန်းဆိုနေဖို့ လိုမယ် မထင်ပါ။

သို့သော်… လက်ဖက်ကောင်းလေး မြုံ့နေမိတုန်း ပဲကြော်ထဲက ခဲခုမိသလို ဖြစ်သွားရတဲ့ ကိစ္စလေးကိုတော့ မေတ္တာရှေ့ထား၍ ပြောချင်နေမိပါတယ်။

ဒီကိစ္စက အရေးမကြီးဘူး ဆိုရင်လည်း ရနိုင်ပါတယ်။ ဒါပေမယ့် သမိုင်းနဲ့ ဆိုင်တဲ့ အချက်တခု ဖြစ်နေတာကြောင့် ပြောသင့်တယ်လို့လည်း ထင်ပါတယ်။ နားထောင်ရတဲ့ လူငယ်တွေအဖို့ အမှတ်မှား အထင်မှား ဖြစ်သွားရင် ဟောရသူ ဆရာတို့ အနေနဲ့လည်း ပြောစရာ ဖြစ်ကျန်ရစ်ခဲ့မှာ စိုးရိမ်ရပါတယ်။

ဆရာ ချစ်ဦးညိုက “အနုပညာဖန်တီးသူနဲ့ အနုပညာခံစားသူ” အကြောင်း ဟောပြောရာမှာ --အနုပညာရှင်တွေဟာ ခေတ်က တောင်းဆိုလာရင် လိုအပ်သလို ပြောင်းလဲ ဖန်တီးနိုင်စွမ်းရှိတယ် -- လို့ ပြောဆိုရင်း ဥပမာအဖြစ် ၀ိုင်အမ်ဘီ သခင်တင် အကြောင်းကို ပြောပါတယ်။

ဆရာတင် (သခင်တင်)ဟာ တချိန်က “အုံ့ပုန်းချစ်”လို အနုအရွ သမုဒယ သီချင်းတွေ ရေးခဲ့ပေမယ့်၊ တိုင်းပြည်နဲ့ လူမျိုးအတွက် လိုအပ်လာတော့ “တို့ဗမာ” သီချင်းလို အမျိုးသားရေး သီချင်းကို ရေးခဲ့တယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ ဒါဟာ သခင်တင်ရဲ့ ဘ၀နဲ့ အနုပညာ ဖြတ်သန်းမှု အချိုးအကွေ့ပါပဲ။ ဒီနေရာမှာ ဆရာ ချစ်ဦးညိုက အုံ့ပုန်းချစ်သီချင်း ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းကို ပြောပြပါတယ်။

ဂျပန်ခေတ် အတွင်းက စစ်ကိုင်းဖက်ကမ်း ဧရာဝတီမြစ်ဆိပ်မှာ ရေချိုးမယ်လုပ်တုန်း လေယာဉ်တွေ ဗုံးလာကြဲလို့ ပြေးကြလွှာကြရင်း မိန်းမပျိုကလေး တယောက်နဲ့ အမှတ်မထင် တွေ့မိခဲ့တဲ့ အဖြစ်အပျက်ကြောင့် အသည်းထောင့်မှာ အချစ်ညှောင့်ကလေး စူးခဲ့ရတာကို ရေးဖွဲ့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစကားမှာ ဂျပန်ခေတ်လို့ ပြောတာကြောင့် ၁၉၄၂-၄၅ ကာလလို့ ယူဆရမှာ ဖြစ်ပါတယ်။ သခင်တင် တို့ဗမာသီချင်းကို ရေးတာ ဆိုတာက ၁၉၃၀ ပါ။ ဒါဆို တို့ဗမာ သီချင်းက အရင် အုံ့ပုန်းချစ်က နောက် ဖြစ်သွားပါတယ်။ ဆရာပြောတဲ့ ဒီဇာတ်လမ်းကို အတည်ယူရင် သခင်တင်ရဲ့ ဘ၀ဖြစ်စဉ်နဲ့ ပြောလိုရင်း သဘောကို ပြန်ပြင်ရပါလိမ့်မယ်။ ဒါပေမယ့် ဆရာချစ် ပြောတဲ့စကားထဲမှာ အုံ့ပုန်းချစ်က အရင် ရေးတဲ့သဘော ပါနေပါတယ်။

အမှန်ကလည်း အုံ့ပုန်းချစ်က အရင်ရေးတာပါ။ ၁၉၁၈ ကနေ ၁၉၂၇ ကြားမှာ ရေးတယ်လို့ အကြမ်းပဲ ပြောနိုင်ပါတယ်။ ခုနှစ် အတိအကျ မသိပါ။ ဒီကာလတွေအတွင်း ၀ိုင်အမ်ဘီ ဆရာတင် ဆိုတဲ့အမည်နဲ့ အချစ်သီချင်း, အငြိမ့်သီချင်း, ရုပ်ရှင်သီချင်းတွေ အများအပြား ရေးခဲ့တယ်လို့ သူ့ခေတ်ကို မီလိုက်သူတွေက ပြန်ရေးထားကြပါတယ်။ ဆရာပြောတဲ့ ဇာတ်လမ်းကိုတော့ အခုမှ ကြားနာမှတ်သားရတာပါ။ ဇာတ်လမ်းကတော့ အတော့်ကို လှပါတယ်။ သို့သော် ခေတ်ကာလက ပြောင်းပြန်ကြီး ဖြစ်နေတာကြောင့် ရင်ထဲမှာ ဘ၀င်မကျပါ။ ဒီဇာတ်လမ်း မပါဘဲနဲ့လည်း အုံ့ပုန်းချစ်က လှနေပြီးသားပါ။

ဆရာတင်ဟာ အုံ့ပုန်းချစ်, ရွှေနွယ်ရိုး, မယ့်ဖူးစာ, ပါးချိုင့်ကလေး စတဲ့ အချစ်သီချင်းတွေ ရေးခဲ့တာပါ။ အခြေအနေအရ ဒီလိုသီချင်းတွေ ရေးခဲ့ပေမယ့် နိုင်ငံ့အရေး ကြုံလာတော့ အလွန်အင်အားဖြစ်စေတဲ့ တို့ဗမာ, သခင်သီချင်း, မိုးကိုဒူးနဲ့တိုက်, ဦးအောင်ဇေယျ စတဲ့ အမျိုးသားရေး တေးသီချင်းတွေ ရေးသူ ဖြစ်လာခဲ့တာပါ။

သခင်တင် အကြောင်းကိုပဲ အမေရိကန် အယ်အေမှာလုပ်တဲ့ စာပေဟောပြောပွဲမှာ ဂီတပညာရှင်ကြီး ဒေါ်မာမာအေးက ထည့်သွင်း ဟောပြောခဲ့ပါသေးတယ်။ “အမျိုးသားရေး တေးဂီတ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တို့ဗမာသီချင်းကနေ နိုင်ငံတော်သီချင်း ဖြစ်ပေါ်လာပုံကို ပြောပြ ဆိုပြတာ အလွန်ကောင်းပါတယ်။ ဆရာချစ်နဲ့ အန်တီအေးနဲ့ ဟောပြောချက်ချင်း တိုက်တိုက်ဆိုင်ဆိုင် တူနေတာကိုလည်း သတိထားမိပါတယ်။ ဘိုကလေးတင့်အောင်, ရွှေကူမေနှင်းတို့လည်း ဟိုတချိန်က ဒီအကြောင်းတွေ ပြောခဲ့ဆိုခဲ့ကြတာ မှတ်မိပါသေးတယ်။

ဒါပေမယ့် အန်တီအေးက နိုင်ငံတော်သီချင်း ရေးဖို့လုပ်တဲ့ အချိန်မှာတော့ ၀ိုင်အမ်ဘီသခင်တင် မရှိတော့ဘူးလို့ ပြောလိုက်ပါတယ်။ ဒီအချက်ကလေးကိုတော့ မဟုတ်ပါဘူးလို့ ထောက်ပြပါရစေ။ သခင်တင်ဟာ ၁၉၅၀ သြဂုတ်လ ၈ ရက်နေ့ကျမှ ရန်ကုန်ဆေးရုံကြီးမှာ တီဘီရောဂါနဲ့ ကွယ်လွန်သွားတာပါ။

ဆရာဟာ သက်ရှိထင်ရှားရှိနေပေမယ့်, သူ့သီချင်းကို နိုင်ငံတော်သီချင်းလုပ်ပေမယ့် အဲဒီအလုပ်ထဲ သူမပါခဲ့တာ ဟုတ်ပါတယ်။ ၁၉၄၇ မှာ ဆရာဟာ မြင်းခြံမြို့မှာ ရောက်ရှိနေပါတယ်။ နိုင်ငံတော်သီချင်းကိစ္စကို အာဇာနည် ဒီးဒုတ်ဦးဘချို ဦးဆောင်တဲ့ ဖွဲ့စည်းပြီးကာစ “မြန်မာနိုင်ငံတော် တူရိယာဂီတ အဖွဲ့ချုပ်ကြီး”ကို တိုင်းပြည်ပြုလွှတ်တော်က တာဝန်ပေးခဲ့တာမို့ အဲဒီအဖွဲ့မှာပါတဲ့ ဆရာ ရန်နိုင်စိန်တို့ စောင်းဦးဘသန်း တို့က အဓိက ဆောင်ရွက်ခဲ့ကြတာပါ။

ဝိုင်အမ်ဘီသခင်တင်ဟာ ထက်မြက်တဲ့ ဂီတအနုပညာရှင်တဦး, အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုမှာ ဂီတနဲ့ ပါဝင်ခဲ့သူ, အင်္ဂလိပ်မောင်း ကမ္မ၀ါစာလို့ အမည်တွင်တဲ့ တို့ဗမာသီချင်းကို ရေးဖွဲ့ခဲ့သူ, ဒီသီချင်းဟာ နိုင်ငံတော်သီချင်းရဲ့ မူရင်းဇာတိ မွေးမိခင် ဖြစ်တာကြောင့် သခင်တင့် အကြောင်းကို တိတိကျကျ မှတ်မှတ်သားသား ရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ကွဲလွဲချက်ကလေးတွေကို မေတ္တာဖြင့် ထောက်ပြရခြင်း ဖြစ်ပါတယ်။

သခင်တင်ကို ၁၈၉၃ (မြန်မာနှစ် ၁၂၅၅ တပို့တွဲလဆန်း ၇) မှာ မန္တလေးမြို့ ရွှေဘုန်းရှိန် မင်းသားစုရပ်မှာ အဘ ဦးရန်အောင်, အမိ ဒေါ်သိန်း တို့မှ ဖွားမြင်ပါတယ်။ ဘီတီအင် ခေါ် ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်းနဲ့ ကယ်လီကျောင်းတို့မှာ ပညာသင်ပြီး ၁၉၀၉ မှာ ဆယ်တန်းအောင်ပါတယ်။ အမ်ဘီတီကျောင်းမှာ သုံးနှစ်ခန့် ဆရာ ၀င်လုပ်ပါတယ်။

၁၉၁၄ လောက်ကစပြီး သီချင်းတွေ စတင် စမ်းသပ်ရေးပါတယ်။ ၁၉၁၈ မှာ ၀ိုင်အမ်ဘီ ခေါ် ဗုဒ္ဓဘာသာလူငယ်များ အလွတ်ပညာသင်ကျောင်းကို တည်ထောင်ပါတယ်။ အဲဒီအချိန်လောက်မှာပဲ သူ့ရဲ့ “အာကာသစိုး” သီချင်းကို မြခြေကျင်း မငွေမြိုင် သီဆိုရာက စတင် နာမည်ကျော်လာပါတယ်။ သူထောင်တဲ့ ကျောင်းကို အစွဲပြုလို့ ၀ိုင်အမ်ဘီဆရာတင်လို့ အမည်တွင်ပါတယ်။ ၁၉၂၅ နောက်ပိုင်းမှာ ရန်ကုန်နဲ့ မန္တလေး သွားချည်ပြန်ချည်လုပ်ကာ ဓာတ်ပြား, အငြိမ့်, ရုပ်ရှင်သီချင်းများ ရေးပါတယ်။

၁၉၂၇ မှာ ၀ံသာနု ဆိုတဲ့ နိုင်ငံရေးနောက်ခံ သီချင်းကို စတင်ရေးခဲ့ပြီး၊ ၁၉၃၀ မှာတော့ မိတ်ဆွေရင်း သခင်ဘသောင်းကို အကြောင်းပြုလို့ တို့ဗမာသီချင်းကိုရေး၊ နာမည်လည်း ၀ိုင်အမ်ဘီသခင်တင် ဖြစ်လာပါတယ်။ ဒီလိုနဲ့ အမျိုးသားရေးတဖက် ဂီတတဖက် နေလာရာက စစ်အတွင်းမှာ မန္တလေးမြောက်ဖက် ဆယ်မိုင်အကွာက သရက်ကန်ရွာကလေးမှာ မထင်မရှား နေရင်း ဂျပန်တော်လှန်ရေးကိစ္စ လျှို့ဝှက်လုပ်ခဲ့ပါတယ်။ စစ်ပြီးတော့ မြင်းခြံနဲ့ မန္တလေးမှာ လှည့်နေခဲ့ပြီးနောက် ရန်ကုန် ပြန်ရောက်လာပါတယ်။ ၁၉၅၀ ဇန်န၀ါရီ ၄ မှာ အစိုးရက ဆရာ့ကို “၀ဏ္ဏကျော်ထင်”ဘွဲ့ ချီးမြင့်ပါတယ်။

သခင်တင်ဟာ စစ်အတွင်းနဲ့ နောက်ပိုင်းမှာ မထင်မရှား နေခဲ့တာဟာ အင်္ဂလိပ်ရန် ဂျပန်ရန်တို့ကြောင့် တကြောင်း၊ သူ့ဘ၀ဒဏ်ကြောင့် တကြောင်း ဖြစ်ပါတယ်။ သူ့ရဲ့ အမျိုးသားရေး သီချင်းတွေကို ဓာတ်ပြားမထုတ်ဖို့ မဆိုဖို့ ကိုလိုနီခေတ်နဲ့ ဖက်ဆစ်ခေတ်မှာ တားမြစ်ခံခဲ့ရပါတယ်။ သူ့ဘ၀မှာ အိမ်ထောင် ကွဲသွားပြီးနောက် မိသားစု အသိုက်အ၀န်း မရှိဘဲ တကိုယ်တည်း ဖြစ်သလို နေခဲ့တယ်လို့ ဆိုပါတယ်။

သခင်တင့် အကြောင်းကို ၂၀၀၈ ဇန်န၀ါရီလထုတ် “ပိတောက်ပွင့်သစ်” မဂ္ဂဇင်း အမှတ် ၁၅ မှာ အတော်ပြည့်စုံစွာ ဖော်ပြထားပါတယ်။ အခြားစာအုပ်တွေလည်း ရှိနိုင်ပါသေးတယ်။

ကျနော်က မြန်မာ့ အတိတ်ခေတ်က အရေးကြီးတဲ့ ပုဂ္ဂိုလ်အကြောင်းကို ယနေ့ခေတ် အရေးကြီးတဲ့ ပုဂ္ဂိုလ်များက ပြန်ပြောတဲ့အခါ “မှဲ့ပြောက်မစွန်း”စေလိုတဲ့ စေတနာနဲ့ မေတ္တာစကား ပြောကြားလိုက်ရပါတယ်။

ဝင်းပေါ်မောင်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>