Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Friday, January 2, 2015

ကိုကို အီးနိုင်းများ သိထားသင့်သည့် လိင်စော်ကားမှု အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ (성폭력처벌법 )

ကိုရီးယားနိုင်ငံသို့ ခက်ခက်ခဲခဲ ရောက်လာပြီး မမျှော်လင့်ဘဲ ကိုရီးယားနိုင်ငံ အလုပ်ခွင်မှ စောစောစီးစီး ထွက်ခွါသွားကြရတဲ့ ကျနော်တို့ မြန်မာလူငယ်လေးတွေ ရှိပါတယ် ။ အချို့မှာ ထောင်နန်းစံလိုက်ရတဲ့သူတွေရှိသလို ၊ ဆိုင်းငံပြစ်ဒဏ်ကျပြီး ပြည်တော်ပြန်သွားရတဲ့သူတွေလည်း ရှိပါတယ် ။ လိင်စော်ကားမှုနှင့် ပတ်သက်လို့ ကျနော်တို့ မြန်မာလူငယ်များအတွက် ကျနော် စကားပြန်လုပ်ပေးခဲ့ရတဲ့ အမှု ဆယ်ဂဏန်းနီးလာပါပြီ ။
- ညအချိန် ကိုရီးယား ပျိုပျိုမေရဲ့ အခန်းထဲဝင်မိပြီး အမှုဖြစ်တဲ့သူ
- ဆောင်ကြာမြိုင်မှာ မကျေနပ်လို့ အမှုဖြစ်တဲ့သူ
- ကားပေါ်မှာ ကျောင်းသူမလေးတစ်ဦးကို နောက်က နှိုက်လို့အမှုဖြစ်တဲ့သူ
- ကာရာအိုကေမှာ ခလေးမလေးကို အနမ်း ဖွဖွလေးပေးမိလို့ အမှုဖြစ်တဲ့သူ
- စက်ရုံမှ ဘဝတူလုပ်သမား ကိုရီးယားမတစ်ဦးရဲ့ ဖုန်းသို့ ကိုယ်လုံးတီး ဓါတ်ပုံ မက်ဆေ့တွေ ပို့ရာမှ ဖုန်းသုံးစွဲခွင့်ပါ ပိတ်ခံရပြီး အမှုဖြစ်တဲ့သူ
- နိုင်ငံခြားသားများကို သဘောကျနေတဲ့ ပေါတောတော ကိုရီးယား ပျိုမေတစ်ဦး နှင့် အပေးအယူတည့်ပြီး ပျော်ပါးခဲ့ကြရာမှာ အခြားလူက တိုင်လို့ အမှုဖြစ်တဲ့သူများ

ကျနော်တို့ ညီတော်နောင်တော်များ လိင် နှင့် ပတ်သက်ပြီး မဖြစ်သင့်တာတွေ မဖြစ်ရအောင် အသိပေးဖို့ လိုမယ် ထင်မိလို့ သည်ဆောင်းပါးကိုရေးဖြစ်ပါတယ် ။

ကိုရီးယားနိုင်ငံမှာ လိင်နှောင့်ယှက်(စော်ကား)မှုအတွက် ပြစ်ဒဏ်ပေးခြင်း စသည်ဆိုင်ရာ အထူးဥပဒေ (성폭력범죄의 처벌 등에 관한 특례법) ဆိုတာ ရှိပါတယ် ။ ရှေးဦးစွာ လိင် နှောက်ယှက် (စော်ကား) မှုဆိုတာ ဘာလဲလို့ သိထားစေချင်ပါတယ် ။
လိင် နှောက်ယှက်(စော်ကား)မှုဆိုရာမှာ ဒီအမှုတွေ ပါဝင်တယ် -
မုဒိမ်းမှု ၊ ခလေး လိင်ထိပါးမှု (အသက် ၁၈ နှစ်အောက် လူငယ်များ လိင်ကို ထိကိုင်ခြင်း ၊ ဓါတ်ပုံရိုက်ယူခြင်း ၊ ကိုယ်လုံးတီးချွတ်စေခြင်း၊ လိင် ဆက်ဆံခြင်း စသည်) ၊ ဓါးပြ မုဒိမ်း ၊ လိင် အရောင်းအဝယ် (ဆောင်ကြာမြိုင်ပျော်ပါးမှု) အမှုများသာမဟုတ်မူဘဲ ၊ လိင်ပိုင်းဆိုင်ရာ မြူဆွယ်မှု ၊ လိင်အကြောင်း ဖုန်းဖြင့်ပြောဆိုမှု ၊ လိင်ကို ခြောင်းကြည့်ခြင်း ၊ လိင်ပိုင်းဆိုင်ရာ လှည့်ဖျားမှု ၊ လိင်ပုံများပြသခြင်း ၊ လိင်ပုံများ ဖန်တီး ရာတွင် အသုံးပြုခြင်း စသည်ဖြင့် တစ်ပါးသူက မနှစ်သက်သော အကြောင်းအရာ စသည်တို့ကို ၊ ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ အမြင်အားဖြင့်ဖြစ်စေ စိတ်ပိုင်းအရဖြစ်စေ အနှောက်အယှက်ဖြစ်စေမှု ။
ဒါ့ အပြင် လိင်(စော်ကား)နှောက်ယှက်ရန်အကြံဖြင့် ဆေးဝါးတိုက်ခြင်းသည်လည်း သွယ်ဝိုက်သောအားဖြင့် လိင်နှောက်ယှက်မှု ဖြစ်ကြောင်း ။
ခလေးသူငယ် သို့မဟုတ် မသန်စွမ်းသူစသည်တို့အား ၄င်းတို့၏ လိင်ပိုင်းဆိုင်ရာ ဆုံးဖြတ်နိုင်စွမ်းမရှိမှု စကားမပြောဆိုနိုင်မှုတို့ကို အသုံးချလျက် လိင်ပိုင်းဆိုင်ရာ ဆက်ဆံခြင်းတို့လည်း ပါဝင်ကြောင်း ။

အဲသည်ကျနော်စကားပြန်အဖြစ်ဆောင်ရွက်ခဲ့ရတဲ့အမှုတွေထဲမှာ ကျနော် စိတ်ဝင်စားမှုအရှိဆုံး အမှုကတော့ နောက်ဆုံး (လက်ရှိ စစ်ဆေးနေဆဲ) အမှုပါ ။ ခလေး သူငယ်များ ၊ မသန်မစွမ်းသူများနှင့် ပတ်သက်ပြီး ကိုရီးယား နိုင်ငံတော်က စီမံပေးထားတဲ့ ဥပဒေ အကာအကွယ်က ကျနော့်ကို စိတ်ဝင်စားမှုဖြစ်စေခဲ့တာပါ ။ ဥပဒေမှာတော့ -
ပုဒ်မ ၆ ( မသန်စွမ်းသူနှင့် ပတ်သက်သော မုဒိမ်းမှု ၊ လိင်စော်ကားမှုစသည်) ပြဋ္ဌာန်းချက်
(၁) ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသော သူနှင့်ပတ်သက်၍ (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၇) မုဒိမ်းမှု ကို ကျူးလွန်သူသည် နှစ်အကန့်အသတ်မဲ့ ထောင်ဒဏ် သို့မဟုတ် ၇ နှစ် အထက်ထောင်ဒဏ်ကို ချမှတ်ခံရမည် ။
(၂) ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသော သူနှင့်ပတ်သက်၍ အနိုင်အထက်ပြု သို့မဟုတ် ခြိမ်းခြောက်၍ အောက်ဖော်ပြပါ တစ်ခုခုကို ကျူးလွန်သူအား ထောင်ဒဏ် ၅ နှစ်အထက်ကို ကျခံစေရမည်-
- ပါးစပ် သို့မဟုတ် စအိုအစရှိသည့် အင်္ဂါစပ်မှအပ ဒွါရပေါက်တစ်ခုခု တွင်းသို့ လိင်တန်အား ထိုးသွင်းခြင်း
- အင်္ဂါစပ်သို့မဟုတ် စအိုတွင်းသို့ လိင်တန်မှအပ လက်ချောင်း အစရှိသည့် ကိုယ်အင်္ဂါ၏ အစိတ်အပိုင်း တစ်ခုခု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အဆုံး ထိုးသွင်းခြင်း
//
제6조(장애인에 대한 강간•강제추행 등)
- ① 신체적인 또는 정신적인 장애가 있는 사람에 대하여 「형법」 제297조(강간)의 죄를 범한 사람은 무기징역 또는 7년 이상의 징역에 처한다.
- ② 신체적인 또는 정신적인 장애가 있는 사람에 대하여 폭행이나 협박으로 다음 각 호의 어느 하나에 해당하는 행위를 한 사람은 5년 이상의 유기징역에 처한다.
- 1. 구강•항문 등 신체(성기는 제외한다)의 내부에 성기를 넣는 행위
- 2. 성기•항문에 손가락 등 신체 (성기는 제외한다)의 일부나 도구를 넣는 행위
//
ပုဒ်မ ၇ ( အသက် ၁၃ နှစ်အောက် အရွယ်မရောက်သေးသူ နှင့် ပတ်သက်သော မုဒိမ်းမှု ၊ လိင်စော်ကားမှုစသည်) ပြဋ္ဌာန်းချက်
(၁) အသက် ၁၃ နှစ်အောက် အရွယ်မရောက်သေးသူ နှင့်ပတ်သက်၍ (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၇) မုဒိမ်းမှု ကို ကျူးလွန်သူသည် နှစ်အကန့်အသတ်မဲ့ ထောင်ဒဏ် သို့မဟုတ် ၇ နှစ် အထက်ထောင်ဒဏ်ကို ချမှတ်ခံရမည် ။
(၂) အသက် ၁၃ နှစ်အောက် အရွယ်မရောက်သေးသူ နှင့်ပတ်သက်၍ အနိုင်အထက်ပြု သို့မဟုတ် ခြိမ်းခြောက်၍ အောက်ဖော်ပြပါ တစ်ခုခုကို ကျူးလွန်သူအား ထောင်ဒဏ် ၇ နှစ်အထက်ကို ကျခံစေရမည်-
- ပါးစပ် သို့မဟုတ် စအိုအစရှိသည့် အင်္ဂါစပ်မှအပ ဒွါရပေါက်တစ်ခုခု တွင်းသို့ လိင်တန်အား ထိုးသွင်းခြင်း
- အင်္ဂါစပ်သို့မဟုတ် စအိုတွင်းသို့ လိင်တန်မှအပ လက်ချောင်း အစရှိသည့် ကိုယ်အင်္ဂါ၏ အစိတ်အပိုင်း တစ်ခုခု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အဆုံး ထိုးသွင်းခြင်း

//
제7조(13세 미만의 미성년자에 대한 강간, 강제추행 등)
- ① 13세 미만의 사람에 대하여 「형법」 제297조(강간)의 죄를 범한 사람은 무기징역 또는 10년 이상의 징역에 처한다.
② 13세 미만의 사람에 대하여 폭행이나 협박으로 다음 각 호의 어느 하나에 해당하는 행위를 한 사람은 7년 이상의 유기징역에 처한다.
1. 구강•항문 등 신체(성기는 제외한다)의 내부에 성기를 넣는 행위
2. 성기•항문에 손가락 등 신체(성기는 제외한다)의 일부나 도구를 넣는 행위
//
ခလေးသူငယ် လိင်နှောက်ယှက် (စော်ကား)မှု ပုံစံတွေကတော့ -
- ခလေးရဲ့ လိင်ကို ထိ ကိုင်ခြင်း
- ခလေးအား လူကြီးရဲ့ လိင်ကို ထိကိုင်စေခြင်း
- ခလေးရဲ့ အင်္ဂါစပ် သို့မဟုတ် စအိုသွင်းသို့ လက်ချောင်း သို့မဟုတ် ကိုယ်အင်္ဂါရဲ့ အစိတ်အပိုင်း တစ်ခုခုရဲ့ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အဆုံး ထိုးသွင်းခြင်း
- ခလေးရဲ့ ပါးစပ် ထဲသို့ လိင်တန်အား ထိုးသွင်းခြင်း သို့မဟုတ် ခလေး၏ အင်္ဂါအား မိမိပါးစပ်ဖြင့် လျှက်ခြင်း
- လိင်တန်ကို ထိုးသွင်းခြင်း
- နမ်း(ကစ်စ်)ခြင်း

လိင် နှောက်ယှက်မှု သဘောသက်ရောက်စေနိုင်သော အပြုအမူများကတော့-
- ကိုယ်လုံးတီးပုံများပြသခြင်း
- ခလေးကို အသုံးချလျက် ကိုယ်လုံးတီးပုံများ ပြုလုပ်ခြင်း
- ကိုယ်လုံးတီးပုံများကို ခလေးမြင်နိုင်အောင် ထားခြင်း
- ခလေးအား မိမိလိင်ကို ပြသခြင်း
- ခလေးလိင်စိတ် နှိုးကြွအောင် ပြုလုပ်ခြင်း
- လိင်အကြောင်း နားထောင်စေခြင်း
- ခလေးရဲ့ လိင်ကို ကြည့်ရှုခြင်း

ကျနော် လိုက်ပါပြီး စကားပြန်အဖြစ်ဆောင်ရွက်ပေးနေတဲ့ နောက်ဆုံး (လက်ရှိ စစ်ဆေးနေဆဲ) အမှုအကြောင်း အနည်းငယ်တင်ပြချင်ပါတယ် ။ ဖြစ်ပုံကတော့ ကိုရီးယားမ တစ်ယောက် ၊ နိုင်ငံခြားသားတွေကို တော်တော်လေး ခင်မင်တတ် ပြီး သံယောဇဉ်လည်း ရှိတယ်လို့ဆိုပါတယ် ။ သည်လိုနှင့် နိုင်ငံခြားသား အလုပ်သမားများ နှင့် တတွဲတွဲပေါ့ ။ မြန်မာလူငယ်များလည်း ဘာသားနှင့်ထုထားတာမှတ်လို့ပေါ့ဗျာ ။

သည်လိုနှင့် မြန်မာ လူငယ်တစ်စု လွန်ခဲ့သော ၆ လ လောက်ခန့်က ပိုက်ပိုက်လေးပေးပြီး ၊ တစ်ည အတူတူ ပျော်ပါးခဲ့ကြလေသည်တဲ့ ။ နောက်တော့ အဲသည် အမျိုးသမီးက အခန်း ခဏခဏလာ ၊ တစ်နေ့တော့ ပိုက်ဆံအိတ်ယူသွားလို့ ဆက်ဆံရေးတွေ ပျက်ခဲ့ကြတယ်လို့ဆိုပါတယ် ။

ခုတော့ သူမမှာ ကိုယ်လေးလက်ဝန်ရှိနေပြီ ။ မနေနိုင်တဲ့ တာဝန်သိ ပြည်သူတစ်ယောက်က ရဲစခန်းသို့ တိုင်ကြားရာမှာ ကာယကံရှင်က ထွက်ဆိုချက်ပေးရပါတယ် ။ သွေးစစ်တာတွေ ဒီအင်န်အေစစ်တာတွေ အသာထား ၊ ကိုယ်ဝန်ကာလ နှင့် နောက်ကြောင်းပြန် ခန့်မှန်းရက်တွေ အတွင်း အတူတတူ ပျော်ပါးခဲ့သူ စာရင်း ရေတွက်ကြည့်လိုက်တော့ ကံဆိုးသူမောင်ရှင် မြန်မာ လူငယ် ၄ ဦး ထွက်ရှိလာပါသတဲ့ ။ အဲသည် စာရင်းမှာ တစ်ယောက်ကိုတော့ နေရပ်မသိ ဆက်သွယ်ရန် မသိလို့ ရှာမရပေမယ့် ၊ ၃ ယောက်သော သူများကတော့ အခန်းကိုလည်း သိ ၊ ဆက်သွယ်ရန်လည်း ရှိနေလို့ ၊ အခုအခါမှာ လိင်စော်ကား မှုဆိုင်ရာ အပြစ်ပေးခြင်း ဥပဒေနှင့် ရင်ဆိုင်နေကြရပါတယ် ဆိုတဲ့ အကြောင်းပါ ။

ရဲ စွဲချက်မှာတော့ ၊ သူမဟာ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူ(အရူးမ)လို့ဆိုထားပါတယ် ။
အရူးမ ခေါင်းစဉ်တပ်ထားတာမို့ သူမရဲ့ ကာမကိုရယူရာမှာ သဘောတူညီချက်ရရ မရရ ၊ အင်အားသုံးမသုံး အမှုကမြောက်နေပါသတဲ့ ။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူဖြစ်နေတာမို့ ၊ လူမှုရေးအရ သူမကို ကူညီကာကွယ် ပေးရမယ့်တာဝန်လည်း အလိုလိုရှိ နေတယ်လို့ လည်း ဆိုပါတယ် ။

ဒါ့အပြင် စိတ်ပိုင်း မသန်စွမ်းသူဖြစ်နေတာမို့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်း ၊ ငြင်းဆန်နိုင်စွမ်း လည်း ချို့တဲ့နေသူမို့ အင်အားမသုံး အကြမ်းမဖက်သည့်တိုင် မသန်စွမ်းသူများဟာ မူလကတည်းက အင်အားချို့တဲ့ နေသူအဖြစ်ကို ရောက်ရှိနေပြီးဖြစ်နေပြီလို့လည်း ဆိုပါတယ် ။

ဒါတင် မကသေးပါဘူး အမှန်အတိုင်း ဆုံးဖြတ်နိုင်စွမ်းလည်း ချို့တဲ့နေတာမို့ သူမ ပေးခဲ့တဲ့သဘောတူညီချက်ကလည်း သဘောတူညီချက်အထမမြောက်ဘူးလို့ ဆိုပါတယ် ။

ဒါ့အပြင် ကာယကံရှင်က အကျိုးအကြောင်း နားမလည်လို့ အမှု တိုင်ကြားခြင်း မပြုသည့်တိုင် ၊ အုပ်ထိန်းသူ သို့မဟုတ် သူမရဲ့ ကောင်းကျိုးကိုလိုလားတဲ့ သို့မဟုတ် သူမ ရဲ့ အကျိုးကို ကာကွယ်ပေးလိုသူ တစ်ဦးဦးက တရားလိုပြုလုပ်ပြီး တိုင်ကြားနိုင်ခွင့်လည်း ရှိနေပါသတဲ့ခင်ဗျား ။

အရူးမပဲ ပေါချောင်ကောင်းဆိုပြီး စိတ်ကူးမလွယ် စိတ်ကူးမလွဲကြစေဖို့ပါ ။

ကလေးသူငယ်ပဲ အရူးမပဲ ဆိုပြီး မလေးမစား မလုပ်ကြစေလိုပါ ၊ သူတို့ရဲ့ အကျိုးလိုလားသူ သို့မဟုတ် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးလိုသူ တစ်ဦးဦး ရှိနေတတ်သည်ကို သတိပြု ဆင်ခြင်ကြဖို့ပါ ။

ကဲ ၊ ကျနော့် ညီအစ်ကိုများ စိတ်မနှံတဲ့ ပေါတောတော ကိုရီးယားမများနှင့် နှစ်ပါးသွားလိုလျင်…………………. ။


လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၅၀၁၀၂

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, June 21, 2014

လုပ်သက်ဆုကြေး ၊ ပြည်ထွက်အာမခံကြေး နှင့် ပြည်တော်ပြန်စရိတ်အာမခံ ဘယ်လိုတောင်းယူကြမလဲ

လုပ်သက်ဆုကြေး(Gratuity)

ဘယ်သူ့ဆီကတောင်းမလဲ
သက်ဆိုင်ရာ သူဌေး(လုပ်ငန်းရှင်)ထံမှ တောင်းယူကြရပါမည် ။

ဘယ်အချိန်တောင်းမလဲ
- အလုပ်ပြောင်းလျင် သို့မဟုတ် ထွက်လျင် တောင်းပါ ။
- အပြီး ပြန်လျင်တောင်းပါ ။

ဘယ်သူတွေ တောင်းခွင့်ရှိသလဲ
သက်ဆိုင်ရာ အလုပ်ရုံ စက်ရုံတွင် အနည်းဆုံး ၁ နှစ် နှင့် အထက် အလုပ်လုပ်ခဲ့သူများ ။

ဘယ်လောက်ရနိုင်သလဲ
- လုပ်သက် ၁ နှစ်လျင် ၁ လစာ နှုန်းဖြင့် လုပ်သက် ရှိသလောက်ရရှိမည် ။
- ၁ နှစ်မပြည့်သော ရက် ၊ လ များကို နှစ်၏ အစိတ်အပိုင်းအဖြစ် နှစ်ဖွဲ့ တွက်ချက်မည် ။
- နောက်ဆုံး ၃လ တာကာလ လုပ်ခလစာ စုစုပေါင်း ၏ ပျမ်းမျှကြိတ်နှုန်း ကိုအခြေခံပြီး တွက်ချက်မည် ။
- လုပ်ငန်းရှင်က ပြည်ထွက်အာမခံ(Departure Guarantee Insurance) ပေးသွင်းထားငွေများကို ခုနှိမ် နှုတ်ပယ်၍ ပေးချေခွင့်ရှိသည် ။

ဘာစာရွက်စာတမ်းတွေလိုမလဲ
- မိမိလုပ်ငန်းရှင်က တွက်ချက်ထုတ်ပေးမည်ဖြစ်သဖြင့် စာရွက်စာတမ်း အထွေအထူးလိုအပ်မည်မဟုတ်ပါ ။ (တွက်ချက်မှု မှန်မမှန် စစ်ဆေးကြည့်ဖို့ လိုအပ်ပါမည်။)

ပြည်ထွက်အာမခံကြေး (Departure Guarantee Insurance)

ဘယ်လိုကြိုတင်ပြင်ဆင်ထားရမလဲ
- ကိုရီးယားမှ ထွက်ခွါမည့်ရက်ကို ညှိနှိုင်းဆုံးဖြတ်ပါ ။
- လေယာဉ် သို့မဟုတ် သင်္ဘော လက်မှတ် ဝယ်ပါ ။
- ဆိုင်ရာ အလုပ်သမားထောက်ပံ့ရေးဌာနတွင် ပြည်ထွက်ရန် အစီစဉ်ကို တင်ပြပြီး ၊ ပြည်ထွက်ရန် အစီအစဉ်မှန်ကန်ကြောင်းထောက်ခံစာကို ရယူပါ ။ အဆိုပါ ထောက်ခံစာကို ကိုရီးယားမှ မထွက်ခွါမှီ ၁ လ အလိုမှစ၍ လျှောက်ထားနိုင်ပါသည် ။ လျှောက်ထားရာတွင် ယာဉ်စီးလက်မှတ်မိတ္တူ နှင့် နိုင်ငံခြားသားမှတ်ပုံတင်ကတ် မိတ္တူတို့ လိုအပ်ပါသည် ။

ပြည်ထွက်အာမခံကြေးကို ဘယ်သူ့ဆီကတောင်းရမလဲ
ဆမ်ဆောင်း မီးနှင့် ပင်လယ်ရေကြောင်း အာမခံ (Samsung Marine and Fire Insurance) ဌာန (Tel: 02-2119-2400, Fax: 0505-161-1421) ထံမှ တောင်းယူကြရပါမည် ။

ဘယ်သူတွေ တောင်းခွင့်ရှိသလဲ
အလုပ်ခွင် တစ်ခုတွင် အနည်းဆုံး ၁ နှစ်နှင့် အထက် ဆက်တိုက် အလုပ်လုပ်ခဲ့သူများ ။

ဘယ်လောက်ရနိုင်သလဲ
- အနည်းဆုံး ၁ နှစ်နှင့် အထက် အလုပ်လုပ်ခဲ့သော အလုပ်ရုံ ၊ စက်ရုံများတွင် မိမိရရှိခဲ့သော လစာစုစုပေါင်း၏ ၈.၃ (၈ ဒသမ ၃) ရာခိုင်နှုန်းအထိ နှင့် အပ်နှံထားသည့် ကာလအလိုက် သတ်မှတ်ထားသော အတိုးငွေတို့ကို ရရှိနိုင်ပါသည် ။
- သို့ရာတွင် သက်ဆိုင်ရာ လုပ်ငန်းရှင်က အာခံဌာနသို့ ထည့်ဝင်ထားသလောက်နှင့် ၊ ကာလအလိုက် သတ်မှတ်ထားသော အတိုးငွေတို့ကိုသာ ရရှိပါမည် ။

ဘာစာရွက်စာတမ်းတွေလိုမလဲ
- ပြည်ထွက်ခွါရန်အစီအစဉ် မှန်ကန်ကြောင်း ထောက်ခံစာ
- ပြည်ထွက်အာမခံကြေး လျှောက်ထားလွှာ
- မိမိအမည်ဖြင့် ပြုလုပ်ထားသည့် ဘဏ်စာအုပ်
- နိုင်ငံကူးလက်မှတ် သို့မဟုတ် နိုင်ငံခြားသား မှတ်ပုံတင်ကတ်

အာမခံကြေး လျှောက်ထား လက်ခံရယူနိုင်သော နည်းလမ်း (၂)ခု
အင်ချောန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံရယူခြင်း နှင့် ၊ မိခင်နိုင်ငံသို့ ပြန်ပြီးမှ လက်ခံရယူခြင်း ဟူ၍ နည်းလမ်း၂ မျိုးရှိပါသည်-
- အင်ချောန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လက်ခံရယူခြင်း ။ ။ လျှောက်လွှာ တင်စဉ် လေဆိပ်တွင်ယူမည်ဟု ရွေးချယ်ရပါမည် ၊ အာမခံကုမ္ပဏီမှ အာမခံကြေးထုတ်ယူခွင့်လက်မှတ် ထုတ်ပေးပါမည် ၊ ပြည်ပထွက်ခွါသည့်နေ့တွင် လေဆိပ်ရှိ ဘဏ်တွင် အာမခံကြေးထုတ်ယူခွင့် လက်မှတ်ကို တင်ပြပါ ၊ လေဆိပ်ဘဏ်မှ အာမခံကြေး နိုင်ငံခြားငွေလဲလှယ်ခွင့် လက်မှတ် ထုတ်ပေးပါမည် ၊ လူဝင်မှုကြီးကြပ်ရေးဂိတ်ဖြတ်ဝင်ပြီးနောက် နိုင်ငံခြားငွေလဲလှယ်ခွင့်လက်မှတ်ကို နိုင်ငံခြားငွေလဲဌာနတွင် တင်ပြခြင်းဖြင့် ပြည်ထွက်အာမံကြေးအား နိုင်ငံခြားငွေဖြင့် ထုတ်ယူရရှိနိုင်မည် ဖြစ်သည် ။

- မိခင်နိုင်ငံသို့ ပြန်ပြီး လက်ခံရယူခြင်း ။ ။ လျှောက်လွှာတင်ချိန်တွင် ပြည်ပရှိ မိမိ၏ နိုင်ငံခြားငွေစာရင်း သို့မဟုတ် မိမိတိုက်ရိုက်ပေးပို့စေလိုသည့် ဘဏ်အမည် တို့ကို ရွေးချယ်ရပါမည် ၊ အာမခံကုမ္ပဏီအနေဖြင့် လိုအပ်သည်များ စစ်ဆေးပြီး နောက် “တရားရေးဌာနမှ ပြည်ထွက်ကြောင်း အတည်ပြုချက်ရရှိပါက အာမခံကြေးထုတ်ပေးရန် ညွှန်ကြားလွှာ” ကို (ကိုရီးယားရှိ) သက်ဆိုင်ရာဘဏ်သို့ပေးပို့ပါမည် ။ သက်ဆိုင်ရာ ဘဏ်သည် ပြည်ထွက်ပြီးကြောင်း ညွှန်ကြားချက် ရရှိသည်နှင့် တစ်ပြိုင်နက် ညွှန်ကြားခံထားရသည့် အတိုင်း နိုင်ငံခြားငွေလွဲပို့ပါလိမ့်မည် ။ ၄င်းနောက် မိမိညွှန်ကြားထားသည့် ဘဏ်တွင် ပြည်ထွက်အာမံကြေးအား ထုတ်ယူရရှိနိုင်မည် ဖြစ်သည် ။

ပြည်တော်ပြန်စရိတ်အာမခံ (Return Cost Trust Insurance)
- ပြည်ထွက်အာမခံကြေး နှင့်အတူ ပူးတွဲ လျှောက်ထား တောင်းခံရမည်ဖြစ်ပါသည် ။ သီးသန့် တောင်းခံရန်မလိုအပ်ပါ ။
- မူလက ထည့်ဝင်အပ်နှံထားငွေ ဝမ် ၅ သိန်းနှင့် အပ်နှံငွေ ကာလအတိုက် သတ်မှတ်ထားသည့် အတိုးငွေကို ရရှိနိုင်ပါသည် ။

အားလုံး အဆင်ပြေကြပါစေကြောင်း ဆုမွန်တောင်းအပ်ပါသည် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
၂၀၁၄၀၆၂၁
Incheon, Korea

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, April 28, 2014

ရွှေအလင်းတန်း မြန်မာအသင်းမှ ပိတ်ရက် (၅-၅-၂၀၁၄) နေ့ တွင် ဘူဆန် အနီးတစ်ဝိုက်တွင် လေ့လာရေး ခရီးထွက်မည်..





ဘူဆန် အနီးအနားရှိ ရွှေမြန်မာများ နှင့် ရွှေအလင်းတန်း မြန်မာအသင်းသားများအတွက် ပိတ်ရက်တွင် ဗဟုသုတ ရစေရန် နှင့် ရွှေညီအစ်ကိုများအတွက် ပျော်ပွဲစားခရီးစဉ်အဖြစ် (၅-၅-၂၀၁၄) တနလာင်္နေ့ တွင် ဘူဆန် အနီးတစ်ဝိုက်တွင် လေ့လာရေး ထွက်မည်ဖြစ်ပါသည်။

လေ့လာမည့် နေရာများမှာ...

(၁) ဘူဆန် အမျိုးသားပြတိုက်
(၂) ရေအောက်ကမ္ဘာပြတိုက်
(၃) ဘူဆန်ကုလသမဂ္ဂ စစ်သချိုင်္င်း
(၄) ဟဲဝန်းဒဲ ကမ်းခြေ နှင့်
အခြား ဗဟုသုတ ရရှိနိုင်သော နေရာများသို့လည်း သွားရောက်မည် ဖြစ်ပါသည်.

--တစ်ဦးလျှင် ခရီးစရိတ် အတွက် ၀မ်(၁၀၀၀၀) တစ်သောင်း ကောက်ခံပါမည်.

-ရွှေညီအစ်ကိုများအတွက် ၀င်ကြေးများ နှင့် စားစရိတ်များကို BFC (Busan Foreign 
Worker Support Centre) မှ ကျခံပေးမည် ဖြစ်ပါသည်။


လိုက်ပါလိုသော ရွှေညီအစ်ကိုများအနေဖြင့်
ကိုတိုးသူရ 010-8916-7619
ကိုမင်းလတ် 010-7459-3070
ကိုဇော်မင်း 010-5946-6694 ထံသို့

(4-5-2014) ရက်နေ့ နောက်ဆုံး စာရင်းအမြန် ပေးသွင်းကြပါရန် လေးစားစွာဖြင့် အကြောင်းကြားအပ်ပါသည်။

- ရွှေအလင်းတန်း စာကြည့်တိုက်တွင် (၅-၅-၂၀၁၄ ) မနက် (၈)နာရီ အရောက် လာပေးကြပါရန်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, April 15, 2014

ကိုရီးယား အီးပီ လုပ်သားတိုင်း သိထားသင့်သော ပြည်ထွက်အာမခံကြေး (၁)

ခုတလော ၊ မျက်နှာစာအုပ်မှာ ပူညံ ပူညံ စာတွေ ဖတ်နေရတယ် ။ ထွဲဂျစ်ကွမ့် ဥပဒေကို ပြင်တယ်ဆိုလားပဲ ။ လေ့လာကြည့်လိုက်တော့ ၊ ထွဲဂျစ်ကွမ့်ဥပဒေကို ဖြည့်စွက်ခြင်း ပြင်ဆင်ခြင်း အလျဉ်းမရှိကြောင်း တွေ့ရပါတယ် ။ ထွဲဂျစ်ကွမ့်ဥပဒေသည် နဂိုအတိုင်း လည်ပတ်လျက်ရှိနေကြောင်း သိရပါတယ် ။
ဖြစ်ပုံက ဤလိုပါ ။
ကိုရီးယားအစိုးရဟာ ၊ အီးနိုင်းလုပ်သားများ ဗီဇာကုန်ဆုံးချိန်မှာ ကိုရီးယားက အသာတကြည် ပြန်လည်ထွက်ခွါကြစေဖို့ဆိုတဲ့ အကြံနှင့် ပြည်ထွက်အာမခံစနစ် ကိုကျင့်သုံးဖို့ အီးပီ ဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ် ။ ကိုရီးယားလိုတော့출국만기보험 (ချူးလ်-ကုက်-မန်-ကီ-ဘို-ဟောမ်) လို့ ခေါ်ပါတယ် ။ အင်္ဂလိပ်လိုတော့ Departure Guarantee Insurance လို့ ဘာသာပြန်ထားကြပါတယ် ။
မြန်မာလိုပြန်ရရင်တော့-
- ပြည်ပထွက်ခွါ(출국)
- ပြီးဆုံးခြင်း ၊ သက်တမ်းကုန်ခြင်း(만기)
- အာမခံ(보험)
တိုတိုတုတ်တုတ်ပြောရရင်တော့ ၊ ပြည်ထွက်အာမခံ ။
အဓိပ္ပါယ်ကတော့ (ကိုရီးယား) ပြည်က ထွက်လျင်ပေးမယ့် အာမခံငွေ ။
မြန်မာလိုထပ်ပြောပါမယ် ။ ကိုရီးယားနိုင်ငံမှ (ပြန်လည်) ထွက်ခွါတဲ့အခါ ထုတ်ပေးမယ့် အာမခံငွေပါ ။ ရှင်းအောင် နောက်တစ်နည်း ထပ်ပြောကြည့်ပါဦးမယ် ။ ဥပဒေအမည်အရ ကိုရီးယားက မထွက်သေးလျင် မပေးဘူးဆိုတဲ့ အာမခံဥပဒေ ပါ ။ သည်တော့ သည်အာမခံငွေကို လိုချင်ရင် ကိုရီးယားကနေပြီး တနည်းနည်း (အသေဖြစ်ဖြစ် ၊ အရှင်ဖြစ်ဖြစ်)ဖြင့် ထွက်ပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ကောက်ယူရင် ရမယ်ထင်ပါတယ် ။
ဒါဆိုလျင် ၊ သည်အာမခံကြေးကို ဘယ်အချိန်မှာ ထုတ်ပေးရမလဲဆိုတာ ကျနော်တို့ ကိုကိုအီးနိုင်း ညီအစ်ကိုများ ရှင်းလင်းလောက်ပြီထင်ပါတယ် ။

ကိုကိုတိုင်း ခိုက်တဲ့ ထွဲဂျစ်ကွမ့် (လုပ်သက်ဆုကြေး)
အလုပ်သမား အလုပ်ထွက်(ဆု)ကြေးအား အာမခံသည့် ဥပဒေ (근로자퇴직급여 보장 법) (2005 ဥပဒေအမှတ် 7379) အရ ၊ စက်ရုံ အလုပ်ရုံ တစ်ခုမှာ အနည်းဆုံး လုပ်သက် ၁ နှစ် လုပ်ကိုင်ခဲ့သည် အလုပ်သမား တစ်ဦးဦး ဟာ အဆိုပါ စက်ရုံ အလုပ်ရုံမှ အနားယူ (ထွက်/ထုတ်) သည့်အခါ မိမိလုပ်ခဲ့သည့် လစာ ရက် ၃၀ စာ အထက် ( အကြမ်းဖျင်း) ကို တရားဝင် အနားယူ စရိတ် (Legal Retirement Allowance) အဖြစ် ခံစားခွင့် ရရှိမှာ ဖြစ်ပါတယ် ။ လစာ (Salary/월급) လို့ မသုံးပဲ ၊ စရိတ်/ခွင့်ပြုငွေ/ကြေး (Allowance/급여) လို့ သုံးထားတာကို သတိပြုကြစေချင်ပါတယ် ။ [သည်စနစ်ဟာ မြန်မာပြည်မှာ တရားဝင်သုံးစွဲနေတဲ့ လုပ်သက်ဆုကြေး(Gratuity) ဆိုတဲ့ ဝေါဟာရ သဘောသဘာဝ နှင့် ခပ်ဆင်တင်တူနေလို့ ကျနော့်ဆောင်းပါးမှာတော့ လုပ်သက်ဆုကြေးလို့ပဲ သုံးပါ့မယ်]
နှစ်ရှည်လများ အလုပ်လုပ်လာတဲ့ အလုပ်သမားများ အနားယူတဲ့အခါ လူမှုရေးအရ အလုပ်ရှင်က ပြန်လည် ကြည့်ရှုစောင့်ရှောက်ပေးရတဲ့ သဘောပါ ။ လူမှုစနစ် တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ အစီအမံလည်းဖြစ်ပါတယ် ။ သည်ခွင့်ပြုငွေဟာ မသိနားမလည်တဲ့ ကလေးတစ်ချို့ ပြောဆိုသုံးနှုန်းနေကြတဲ့ လုပ်သက် ခံစား ခွင့် (Earned Leave) ဆိုတာနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါ ။ [လုပ်သက်ဆုကြေး အနုစိတ်တွက်နည်းကို (ဤနေရာတွင်) ဖတ်ရှုနိုင်ပါသည်]
သည် ဆုကြေး ချီးမြှင့်ဖို့ ယခင်က အလုပ်သမား ဦးရေ ခြွင်းချက် ထားပေမယ့် ၂၀၁၃ ဇန္နဝါရီလ ၁ ရက်နေ့မှ စ၍ အလုပ်သမား အားလုံး (ခြွင်းချက်မရှိ) တန်းတူခံစားခွင့် ရရှိလာပါတယ် ။ လုပ်သက်ဆုကြေးပေးရန် ပျက်ကွက်သည့် အလုပ်ရှင်များကို လည်း ပြစ်မှုကြောင်းအရ အများဆုံး ၃ နှစ်ထိ ထောင်ဒဏ်ဖြစ်စေ ၊ ဒဏ်ငွေ ဝမ် သိန်း ၂၀၀ (နှစ်ရာ) ထိဖြစ်စေ ချမှတ်နိုင်ပါတယ် ။
သည်တော့ ရပ်ကွက်ထဲက ကလေးတွေအော်နေကြသလို ကိုရီးယားအစိုးရက ကိုရီးယား လုပ်ငန်းရှင်တွေ ထွဲဂျစ်ကွမ့် ပေးဖို့ အာရုံမထားဘူးဆိုတဲ့ စွပ်စွဲချက် မမှန်သေးဘူးဆိုတာ သေခြာနေပါပြီ ။ သည်ထက်ဂရုစိုက်ဖို့ဆို မပေးတဲ့ လုပ်ငန်းရှင် လူပုံအလည်မှာ တစ်ခါတည်း ကျောက်ခဲနှင့် ဝိုင်းထုပြီး သေဒဏ်ပေးရမလို ဖြစ်နေပါတယ် ။ ကိုရီးယားကို ရှာရီယာဥပဒေနှင့်အုပ်ချုပ်နိုင်တဲ့ အချိန်မှာတော့ အဲသလို ဥပဒေမျိုး ဖြစ်နိုင်ခြေရှိမှာပါ ။
သည် လုပ်သက်ဆုကြေးကို သက်ဆိုင်ရာ အလုပ်သမားများက သက်ဆိုင်ရာ အလုပ်ရှင်ဆီမှာ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း တောင်းယူကြရမှာပါ ။ မပေးတဲ့ အလုပ်ရှင်ကို ဥပဒေအရ တရားစွဲပြီး တောင်းဆိုသွားကြရမှာပါ ။

ပြည်ထွက် အာမခံ-အပ်နှံငွေ (Departure Guarantee Insurance /출국만기보험•신탁)
သည်အာမခံဘယ်ကလာသလဲ ။ သည်အာမခံစနစ်ကို ဥပဒေတစ်ခု အဖြစ် သီးသန့်ပြဋ္ဌာန်းပြီး မောင်းနှင်နေခြင်းမဟုတ်ပါ ။ နိုင်ငံခြား အလုပ်သမားများ ငှားရမ်းအသုံးပြုခြင်းစသည် ဆိုင်ရာ ဥပဒေ (외국인 근로자의 고용 등에 관한 법률) ပုဒ်မ ၁၃ နှင့် ၊ နည်းဥပဒေ (-ဆိုင်ရာဥပဒေ ၊ အမိန့်ဒီကရီ) ပုဒ်မ ၂၁ (-시행령 제21조) တို့အရ လည်ပတ်နေခြင်းဖြစ်ပါတယ် ဆိုတာကို သိထားပြီးသူ တော်တော် နည်းပါသေးတယ် ။
သည်အာမခံကြေးကို ဘယ်သူက သွင်းရမလဲ ။ ၂၀၁၃ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ အစပြုပြီး အလုပ်သမားရဲ့ လစဉ်ဖျမ်းမျှ လစာငွေ၏ ၈့၃ ရာခိုင်နှုန်းကို လုပ်ငန်းရှင်က လစဉ် ပေးသွင်းရမှာဖြစ်ပါတယ် ။ လစာငွေမှ နှုတ်ယူ၍မဟုတ်ဘဲ ၊ အပိုဆောင်းပြီး ပေးသွင်းကြရမှာပါ ။
အဲသည် အာမခံမထား(ပျက်ကွက်)သည့် လုပ်ငန်းရှင်ဟာ ဝမ် သိန်း ၅ဝ အထိ ဒဏ်ငွေ ချမှတ်ခံရမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် နိုင်ငံခြားသား အလုပ်သမား (အီးနိုင်း) ငှားရမ်းခွင့်ပါ တားမြစ်ခံရမှာဖြစ်ပါတယ် ။
သည်တော့ နိုင်ငံခြားသားအလုပ်သမား (အီးနိုင်း) ငှားရမ်းသုံးစွဲလိုတဲ့ လုပ်ငန်းရှင် တစ်ဦးဦးဟာ သည်အာမခံ (အပ်နှံငွေ)ကို မထားမဖြစ်ထားရှိရမှာ ဖြစ်ပါတယ် ။ သည်တော့ ကိုရီးယားအစိုးရက ကိုရီးယား လုပ်ငန်းရှင်တွေ သည်အာမခံကြေး မှန်မှန်ပေးဖို့ ဂရုမစိုက်ဘူး ဆိုတာလည်း မဟုတ်ဘူးလို့ ပြောလို့ရပါတယ် ။ သည်ထက်ဂရုစိုက်ဖို့ဆို သည် အာမခံကြေးမပေးတဲ့ လုပ်ငန်းရှင်ကိုလည်း သေဒဏ်ပေးရမလို ဖြစ်နေပြန်ပါတယ် ။
သည်အာမခံငွေဟာလည်း အချို့ပြောနေကြတဲ့ ပြည်ပြန်စရိတ်အာမခံ (Return Cost Insurance Trust / 귀국비용보험) နှင့်လည်း မသက်ဆိုင်ပါ ။
သည်အာမခံစနစ် အစပိုင်းကဆို ၊ အဲသည်အာမခံငွေကို အလုပ်သမားဆီကဖြတ်ပြီး သွင်းတဲ့ လုပ်ငန်းရှင်တွေတောင် ရှိခဲ့ပါတယ် ။ (ဤတွင်ရှု)
နည်းဥပဒေ နှင့် ညွှန်ကြားချက်တွေ မသိသေးကြတဲ့အချိန် ၊ သဘောမပေါက်ကြသေးတဲ့အချိန်တုန်း ကပါ ။ (ခုတော့ လည်း အဟင်း ၊ မသိချင်ယောင်ဆောင်ကြတုန်းပါ) ။
သည်အာမခံကြေး (ပြန်အမ်းငွေ) ကိုတော့ ၊ သက်ဆိုင်ရာ အာမခံ ကုမ္ပဏီ သို့မဟုတ် ကော်ပိုရေးရှင်း သို့မဟုတ် လုပ်ငန်းထံမှ သက်ဆိုင်ရာ အလုပ်သမား သို့မဟုတ် ကိုယ်စားလှယ်က သတ်မှတ်ကာလအတွင်း နည်းလမ်းတကျ လျှောက်ထားတောင်းယူကြရမှာပါ ။
သက်ဆိုင်ရာ အာမခံဌာနက အာမခံကြေးကို အတိုးနှင့်တကွ ထုတ်ပေးမှာ ဖြစ်ပါတယ် ။ ထုတ်ပေးနေဆဲဖြစ်တာကို တွေ့နေရသလို ၊ ဆက်လက်ပြီးတော့လည်း ထုတ်ပေးနေဦးမှာပဲလို့ ယုံကြည်ရပါတယ် ။ အပ်နှံငွေအတိုးမရဘူးဆိုတာ မသိတဲ့ သူတွေက ရမ်းသမ်းပြီး ပြောတဲ့ ကောလဟလစကားဖြစ်ကြောင်းလည်း သိရပါတယ် ။

(ဆက်ပါမည် ။ နားပါဦးမည် ။)

လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၄၀၄၁၅
အင်ချောန်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 8, 2014

လိုင်းဖုန်းအကြွေးကျန် အပြေအကြေပေးဆပ်ရန်သင့်မသင့်


///အောန်လိုင်း မိတ်ဆွေတစ်ဦးက မေးတဲ့ အောန်လိုင်းမေးခွန်းတစ်ခု///
လိုင်းဖုန်းယူထားပီး
မသုံးတော့ဘဲ ဖြတ်လိုက်ရင်
အပီးပြန်တဲ့အခါလေယာဉ်ကွင်းမှာ
ပြဿနာဖြစ်နိုင်ပါသလား
ဘယ်လိုဖြေရှင်းရင် ပြေလည်စေနိုင်မလဲ ဘော်ဘော်တို့ ။

အထက်ပါမေးခွန်းကို မေးရတဲ့အကြောင်းရင်းရှိပါလိမ့်မယ် ။ မေးသူသာ သိပါလိမ့်မယ် ။ ဘယ်လိုဖြစ်ဖြစ် လိုင်းဖုန်းအကြွေးအကြောင်း သိသလောက်ပြောပြချင်ပါတယ် ။
လိုင်းဖုန်း(Post-paid Phone) သုံးနေသူတွေ အကြောင်းအမျိုးမျိုးကြောင့် ဆက်မသုံးလိုတော့ဘူးဆိုလျင် ၊ တရားဝင်လိုင်းဖြတ်လိုက်တာအကောင်းဆုံးပါ ။ တရားဝင်လိုင်းဖြတ်ဖို့ဆိုလျင် အကြွေးကျန်များ အားလုံးရှင်းပြီးမှ လိုင်းဖြတ်ပေးပါတယ် ။ နောက်ဆုံးလ (လက်ရှိလ) ကြွေးကျန်ကိုတော့ ချန်ထားလို့လည်း ရတယ် ၊ အပြီးချေလိုလျင်လည်းရပါတယ်။)
အကယ်၍ အကြွေးကျန်ရှိနေမယ်ဆိုလျင် ၊ အဲသည်အကြွေး(စာရင်း)ဟာ (သက်ဆိုင်ရာက လျှော်ပစ်ခြင်းမပြုလျင်) ပုံမှန်အားဖြင့် နှစ်ပေါင်း ၃၀ တိုင်တိုင် ရှိနေမှာဖြစ်ပါတယ် ။ အဲသည် အကြွေးကျန် ဖုန်းနံပါတ်ကိုလည်း ဘယ်သူ့ကိုမှ ချမပေးပါဘူး ။
နောက်တစ်ခု ဖုန်းအကြွေးအပေါ်မှာ လစဉ်အတိုးနှင့် စာရင်းထိန်းသိမ်းစောင့်ရှောက်ခတို့ကို ဆက်ပြီးကောက်ခံနေမှာဖြစ်ပါတယ် ။

///တယ်လီတော်ကီထံလိုင်းဖွင့်ထားပြီး လွန်ခဲ့သော ၁နှစ်ခန့်မှစပြီး အဆက်အသွယ်မရသော မိတ်ဆွေတစ်ဦးထံ ကေတီမှ လစဉ်ပေးပို့နေသော မေတ္တာစာ ///

အဲသည်နောက် ၊ သတ်မှတ်ထားတဲ့ အချိန်ရောက်လျင် နို့တစ်စာပို့ပါတယ် ။ အကြွေးကို ဘယ်နေ့နောက်ဆုံးထားပြီး အပြေအကြေပေးဆောင်ရန်နှင့် ၊ ပေးဆာင်ခြင်းမပြုလျင် ယုံကြည်စိတ်ချမှုအဆင့်သတ်မှတ်ရေးဗျူရို (개인신용평가기관:Credit Bureau) ထံ အမည်စာရင်းပေးပို့မည့်အကြောင်း သတိပေးတဲ့စာပါ။ နို့တစ်စာ ၃ ကြိမ်ပို့ပြီး အကြောင်းမထူးလျင် ၊ နာမည်ပျက်စာရင်းတင်သွင်းလိုက်ပါတယ် ။ (အမည်ပျက်စာရင်းတင်သွင်းတဲ့နည်းက အမျိုးမျိုးရှိပါတယ်။) အဲသည်စာရင်းမှာပါသွားလျင်တော့ လေဆိပ်လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများသည်လည်း အဲသည်စာရင်းကို လေးစားလိုက်နာကြရတာမို့ နောက်တစ်ကြိမ်ကိုရီးယားလေဆိပ်ရောက်တာနှင့် အဆွေတော်ရဲ့ အကြွေးစာရင်းက အဆွေတော်ကို ဆီးကြိုနေပါလိမ့်မယ် ။
ခုအချိန် ကိုရီးယားနိုင်ငံက အထွက်မှာတော့ ၊ မိတ်ဆွေရဲ့ ဖုန်းအကြွေးစာရင်းဟာ အကြွေးတောင်းခံရန် လုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးလို့ ၊ ကိုရီးယားမှ အဆင်ပြေပြေ ချောချောမောမော ထွက်သွားနိုင်ပေမယ့် ၊ နောင် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်မှု ပြီးဆုံးတဲ့အဆင့်ရောက်သွားပြီဆိုလျင် - မိတ်ဆွေရဲ့ ဖုန်းအကြွေးကျန်စာရင်းဟာ သက်ဆိုင်ရာက လေးစား အသိအမှတ်ပြုရတဲ့စာရင်းဖြစ်နေပါလိမ့်မယ် ။
ကိုရီးယားနောင်ဘယ်တော့မှ မလာတော့ပါဘူးလို့စိတ်ကူးရှိလျင်တော့ ၊ အဲသည်အကြွေး မဆပ်လည်း ပြဿနာထူးထူးထွေထွေရှိမည်မဟုတ်ပါ ။ နောင်ကိုရီးယားကို ထပ်လာဖို့စိတ်ကူးရှိသေးလျင်တော့ အကြွေးကိုကျေအောင် ဆပ်ခဲ့တာ အကောင်းဆုံးပါ ။
နောက်တစ်ခုပြောချင်တာက ညီငယ် မိတ်ဆွေဟာ ကံ နှင့် ကံ၏ အကျိုးကိုယုံကြည်သူဖြစ်သည်ဆိုပါလျင် ၊ အဲသည် အကြွေးကျန်ခဲ့သော ကံ၏ အကျိုးကိုလည်း မိတ်ဆွေပြန်ရလိမ့်မယ်လို့ တစ်ထစ်ကျ ယုံကြည်စေချင်ပါတယ် ။ သို့မဟုတ် မိတ်ဆွေဟာ ဘုရားသခင်ရဲ့ အလိုတော်ကို ယုံကြည်သူဖြစ်သည်ဆိုပါလျင်လည်း ဘုရားသခင်သည် အကြွေးရှင်နှင့် အကြွေးပေးရန်ရှိသူကိုခွဲခြားနိုင်မှာဖြစ်ပြီး ၊ ကျေးဇူးတော်ချီးမြှင့်ရာမှာလည်း မျက်နှာလိုက်ခြင်းပြုမှာမဟုတ်ဘူး ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ် ။
အလွယ်ကူဆုံးနှင့်အတိအကျဆုံးသက်သေများကတော့ ၊ ဖုန်းအကြွေးချန်ပြိး ပြန်သွား ၊နောက်တစ်ခေါက် ပြန်ရောက်ချိန် လိုင်းဖုန်းပြန်ဖွင့်တဲ့ ညီအစ်ကိုများဖြစ်ပါတယ် ။ (တိတိကျကျသိချင်လျင်တော့ အဲသည်ညီအစ်ကိုများနှင့် မိတ်ဆက်ပေးပါမယ် ။)

ကျနော်တို့ အကြွေးတွေ အကျေမဆပ်နိုင်ကြသေးလျင်တောင် ၊ (အတတ်နိုင်ဆုံး) အကြွေးအနည်းဆုံးဖြစ်အောင်လုပ်ကြရအောင် ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, November 30, 2013

Busan Christmas Tree Festival (부산크리스마스트리문화축제) ပွဲတော်ကို သွားကြမယ်


ကိုရီးယားနိုင်ငံ ဘူဆန်တွင် တွင် ကျင်းပမည့် Busan Christmas Tree Festival (부산크리스마스트리문화축제) ပွဲတော်ကို နိုဝင်ဘာလ(၃၀) ရက်နေ့မှ ဇန်န၀ါရီလ(၅) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။

အဆိုပါ ခရစ်စမတ် သစ်ပင် ပွဲတော်ကို Gwangbok-dong, Jung-gu, Busan (부산 중구 광복동 ) တွင် ကျင်းပခဲ့သည်မှာ ( ၅) နှစ်မြောက် ရှိပြီးဖြစ်ပါသည်။ ပွဲတော်တွင် အရောင်အသွေး ပုံသဏ္ဍာန်အမျိုးမျိုး နဲ့ ထွန်းညှိထားသော မီးရောင်စုံများကို  လှပစွာ တွေ့မြင်ကြရပါမည်။ အနုပညာမြောက် တင်ဆင်မှုများကိုလည်း တွေ့မြင်ကြရပါမည်။ နေ့စဉ် ညနေ (၆) နာရီ မှ ည (၁၁) အထိ မီးများကို လှပစွာ ထွန်းညိုထားမည်ဖြစ်ပါသည်။

အဆိုပါ ပွဲတော်တွင် တေးဂီတ ဖျော်ဖြေပွဲများ ၊ ခရစ်စမတ်သစ်ပင်တွင် ဆုတောင်းစာများ ရေးသားခြင်း ၊ လမ်းမပ်ါမှ ဖျော်ဖြေပွဲများ ၊ ဓါတ်ပုံရိုက်သူများ ၊ ဗီဒီယို ရိုက်ကူးသူများကို အများအပြား တွေ့မြင်ကြရမည် ဖြစ်ပါသည်။ ဒီနှစ် မှာတော့ အဓိက ခရစ်စမတ်သစ်ပင်ကြီးကို အမြင့် မီတာ (၂၀)ခန့်ပြုလုပ်ထားရှိပြီး အရင်နှစ်တွေထက် ပိုကြီးကျယ်ခမ်းနား အံ့မခန်းအောင် ကျင်းပမည်လို့ သိရပါတယ် ။ ပွဲတော်သို့ ကမ္ဘာလှည့်ခရီးသွားများလည်း အများအပြားလာရောက်ကြမည်လို့သိရပါသည်။ 
ထို့ကြောင့် ရွှေမြန်မာများ ခရစ်စမတ်သစ်ပင် ပွဲတော်ကျင်းပမည်နေရာကို သွားရောက်ကြကာ ဘူဆန် ရဲ့ ဆောင်းအရသာကို ခံစားရင်း ခရစ်စမတ် အထိမ်းအမှတ်နေရာများသို့ သွားရောက် လေ့လာနိုင်ပါသည်။ ဘူဆန်မြို့သားတွေရဲ့ ထူးခြားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ် ၊ ပွဲတော်သို့ လူကြီး ၊ လူငယ် ၊ အရွယ်အစားမရွေး လာရောက်ပြီး ပျော်ကြပါတယ် ၊ နောက်ပြီး မှာချင်တာ တစ်ခုကတော့ အရောင်အသွေးမျိုးစုံ တောက်ပနေတဲ့ မီးရောင်စုံ သစ်ပင်တွေရှေ့မှာ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ဖို့ပါ ၊ ပြီးတော့ ဆုတောင်းလေးတွေ ရေးပြီး ခရစ်စမတ်သစ်ပင်မှာ ချိတ်ဆွဲခဲ့ဖို့ မမေ့ခဲ့ပါနဲ့၊
အလုပ်တွေနဲ့ ပင်ပန်းနေကြတဲ့ ရွှေညီအစ်ကိုများအတွက် အပြောင်းအလဲလေးတစ်ခုတင်မကပဲ ဗဟုသုတရကြစေဖို့အတွက် ရေးသားလိုက်ပါတယ် Period ........ November 30, 2013 – January 5, 2014 *Lights are on from 6 p.m. to 11:30 p.m. Venue: ........ Areas around Gwangbok-ro, Jung-gu, Dynamic Busan Transportation [Subway] Nampo Station (남 포 역 ) (Busan Subway Line 1), Exit 1.
Walk ahead for about 165m and take a right at Gudeok-ro.
Take a left at the 2nd alley, continue for about 71m and turn right at the first alley.
Go straight for 67m until you see the Gwangbok-ro area.
[Bus] Take Bus 8, 15, 17, 26, 27, 30, 41, 58-1, 61, 70, 71, 103, 113, 126, 134, 139, or 1003 and get off at Nampo Station. မြေအောက်ရထားနဲ့ဆိုရင် Namop ဘူတာ (남 포 역 ) ရောက်ရင် ထွက်ပေါက် (၁) ကနေ ထွက်ပြီး ရှေ့တည့်တည့် လမ်းလျှောက်လိုက်၇င် ပွဲတော် ကြီးကို တွေ့ပါလိမ့်မယ်

Bus ကားတွေကတော့ 8, 15, 17, 26, 27, 30, 41, 58-1, 61, 70, 71, 103, 113, 126, 134, 139, or 1003 စီးပြီး  Nampo ဘူတာမှာဆင်းပါ။


http://www.youtube.com/watch?v=4Fyri26kAek

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, June 22, 2013

ဘူဆန် နိုင်ငံခြားသားအလုပ်သမား ကူညီပေးရေးစင်တာမှ ကိုရီးယားစာသင်ယူနေသော ရွှေမြန်မာများကို လေ့လာရေးခရီးပို့ဆောင်ပေးမည်



ဘူဆန်နိုင်ငံခြားသား အလုပ်သမား အကူအညီပေးရေးစင်တာ(BFC) ၏ စဉ်ပေးမှု့အရ ၆လပိုင်း ၂၃ရက်နေ့ တွင် ဂင်ဟဲမြို့ရှိရွှေအလင်းတန်းစာကြည့်တိုက် နှင့် နုတ်ဆန်းမြို့ ကျန်းမာရေးစောင့်ရှောက်မှု့ ရုံးတို့တွင် ကိုရီးယားဘာသာ စကား လေ့လာ သင်ယူနေကြသော မြန်မာညီအကိုများ၏ နွေဦးရာသီ လေ့လာရေး ခရီးစဉ် ထွက်ကြမည် ဖြစ်ပါသည် ။

သွားကြမယ့်နေရာများမှာ ..
၁။ ဘူဆန်မြို့ အမျိုးသားပြတိုက်
၂။ ဟဲဝန်ဒေး ရေအောက်ကမ္ဘာ
၃။ ရှင်ဆေးဂဲလ် ကုန်တိုက်တို့ ဖြစ်သည် ။


ရေအောက်ကမ္ဘာဝင်ကြေး ဝမ် ၁၆၀၀၀ (တစ်သောင်းခြောက်ထောင်)
နေ့လည်စာ တစ်ဦးလျှင် ဝမ် ၆၀၀၀ (ခြောက်ထောင်)
အဆာပြေစာရန် ဝမ် ၁၅၀၀ (တစ်ထောင့်ငါးရာ) တို့ကို (BFC) မှ ကျခံပေးမည် ။
လူဦးရေကို ၄၅ ယောက်အထိသာ (ကားတစ်စီးစာ) သတ်မှတ်ထားပါသည် ။

လိုက်ပါလိုသည့် ကျောင်းသားများ ဆရာမ ဒေါ်ခင်သူဇာ နှင့် ကိုရန်နိုင်စိုး တို့ထံတွင်
ဦးရာလူ စနစ်ဖြင့် စာရင်းပေးသွင်းနိုင်ပါသည်။ လိုက်ပါမည့်သူများမှာ အသွားအပြန်
ကားခ တစ်ဦးလျှင် ဝမ် ၅၀၀၀ (ငါးထောင်) ကျခံရမည်ဖြစ်ပါသည် ။
လိုက်ပါမည့်သူများ ၂၃ ရက်နေ့ နံနက် ၉ နာရီအရောက် ဂင်မဲမြို့ ဓမ္မယာနအသင်း
ရုံးခန်း အရှေ့သို့ လာရောက် စုဝေးပေးကြပါရန် လေးစားစွာ အသိပေးအပ်ပါသည် ။

ဆာဆန်းမြို့ ဓမ္မယာန ဘုန်းကြီးကျောင်းတွင် ကိုရီးယါးဘာသာစကား
သင်ယူနေသော ညီအကိုများအတွက်မူ သင်ကြားရေး ဆရာမနှင့်
သင်တန်း အချိန်အား ညှိနှိုင်းကာ သီးသန့် စီစဉ်ပေးသွားဖြစ်ဖြစ်ပါသည် ။

ရွှေအလင်းတန်း မြန်မာအသင်း(ကိုရီယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, June 6, 2013

ဆေးယဉ်ပါးခြင်း ပြဿနာ

ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကြုံတွေ့နေရသော ပြဿနာတစ်ရပ် ။ အထူးသဖြင့် ကျွန်မတို့ မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဆင်းရဲသော နိုင်ငံများမှာ ပိုမိုကြုံတွေ့နေရတဲ့ ပြဿနာပါ။ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွေမှာတော့ မြန်မာနိုင်ငံမှာ ဆေးယဉ်ပါးမှု ပြဿနာဟာ တစ်စတစ်စပိုမိုသိသာ ထင်ရှားလာခဲ့ပါတယ်။

ဆေးယဉ်ပါးခြင်း (drug resistance) ဟာ အရေးကြီးတဲ့ ပြဿနာတစ်ရပ်လို့ မထင်ရပေမယ့် တကယ်တမ်းမှာ အင်မတန်မှ ကြောက်စရာကောင်းလှပါတယ်။ ဆေးယဉ်ပါးခြင်း ဘယ်ကစလဲဆိုရင် ကျန်းမာရေး ဗဟုသုတနည်းပါးတာရယ်၊ လုံလောက်တဲ့ ကျန်းမာရေးထောက်ပံ့မှု မရှိတာတွေရယ်က ပြဿနာရဲ့ အရင်းခံပါပဲ။ ဒီအပြင် ကျွန်မတို့နိုင်ငံမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့အတွက် ချမှတ်ထားတဲ့ တင်းကြပ်တဲ့ ဥပဒေဆိုတာတွေလည်း မရှိပါဘူး။ ဒါကြောင့်လည်း ရပ်ကွက်တကာ၊ လမ်းတကာ၊ ချောင်ကြို ချောင်ကြားမကျန်၊ လမ်းဘေး ကွမ်းယာဆိုင်မှာပါ ဆေးတွေကို လွတ်လပ်စွာ ရောင်းချနိုင်ကြပါတယ်။ အထူးသဖြင့် ဆင်းရဲသားရပ်ကွက်တွေမှာဆို ပိုတောင်ဆိုးပါသေးတယ်။ ဆရာဝန်နဲ့ သေချာမပြနိုင်တော့ အနီးအနားမှာ လာဖွင့်တဲ့ ဆေးဆိုင်ကပင် သူတို့အတွက် ဆေးပေးခန်းသဖွယ်ဖြစ်လာပါတော့တယ်။ တချို့ဆိုရှိပါသေးတယ်။ ဆေးဆိုင်မှာ သွားပြီး ဗိုက်နာလို့၊ ခေါင်းကိုက်လို့၊ ဘာဖြစ်လို့ သောက်ဆေးလေး သုံးခွက်စာလောက် စပ်ပေးပါ ဆိုတာမျိုးတွေပေါ့။ စပ်ခိုင်းတဲ့ သူကလည်း စပ်ခိုင်းပြီး ရောင်းပေးတဲ့သူကလည်း ရောင်းပေး ၊ အဆင်ကိုပြေလို့။

တကယ်တမ်းကျတော့ ဆေးဆိုတာ ကိုယ်သောက်ချင်သလောက် နှစ်ခွက်စာ၊ သုံးခွက်စာ စသဖြင့်သောက်လို့ရတာမှ မဟုတ်တာ။ သတ်မှတ်ထားတဲ့ ပမာဏ၊ သတ်မှတ်ထားတဲ့ အကြိမ်ရေတွက် အတိုင်းသောက်ရတာလေ။ ရောဂါပျောက်ပြီ ဆိုပြီးတော့လည်း ကျန်နေတဲ့ ဆေးကိုဆက်မသောက်ဘဲ နေလို့မရပါဘူး။ သတ်မှတ်ထားတဲ့ အညွှန်းအတိုင်း သောက်မှ ရောဂါက ရှင်းရှင်းလင်းလင်း ပျောက်တာပါ။

ပြီးတော့ရှိပါသေးတယ်။ တချို့ကပြောပါသေးတယ်။ ဆေးခန်းသွားရတာ အချိန်ကုန်တယ်။ ပိုက်ဆံကုန်တယ်။ ဆေးဆိုင်က စပ်ပေးတဲ့ဆေးကမှ စွမ်းသေး။ နှစ်ခွက်လောက်သောက် ပျောက်ဆိုပြီး။ သြော် ပျောက်ဆို ဆရာသမားတို့က ဆေးစပ်ခိုင်းတဲ့ လူလာတာနဲ့ စပ်ပေးတဲ့ဆေးက မြန်မြန်ပျောက်တယ်ဆိုပြီး ဆိုင်ကိုလူများများလာအောင် ဆေးပြင်းပြင်းတွေထည့်။ ကလေးဆို ဆေးကို တစ်ခြမ်းသောက်။ လူကြီးဆို အကုန်သောက်နဲ့။ ဟုတ်နေတာပဲ။ တစ်ခါတစ်လေကြတော့ သူတို့ဖော်မြူလာကတောင် မိုက်သေးတယ်။

ဆေးခန်းသွားရင်တော့ တိုကင်ယူရ၊ ကိုယ့်ရှေ့ကလူတွေကို စောင့်ရနဲ့။ ပြီးတော့ ဆရာဝန်ပေးတဲ့ဆေးကဆေးဆိုင်ကပေးတဲ့ဆေးထက်ဈေးကြီးတယ်။ ရက်ကြာကြာ သောက်ရတယ်။ တချို့ဆိုရင် ပေးတဲ့ဆေးကနည်းတယ် ဆိုပြီးမကြိုက်တဲ့ လူကရှိပါသေးတယ်။ ဒါတွေဟာ မှားယွင်းတဲ့ အယူအဆတွေပါ။ တကယ်တမ်း လူနာတစ်ယောက်ကို ဆေးပေးတော့မယ်ဆိုရင် လူနာနဲ့ မတည့်တဲ့ဆေးရှိလား။ အရင်ကရော ဘာဆေးတွေ သောက်ဖူးလဲ။ ကိုယ့်ဆီကိုမလာခင် ဘာဆေးတွေ ဘယ်လောက်သောက်ထားပြီးပြီလဲ။ လူနာက အရက်သောက်တတ်လား။ စသဖြင့် မေးမြန်းရတာတွေက အခြေခံသဘောတရားတွေပါ။ ပြီးမှ လူနာနဲ့ ကိုက်ညီတဲ့ ဆေး၊ လူနာတတ်နိုင်တဲ့ ငွေကြေးနဲ့ ကိုက်ညီတဲ့ အရည်အသွေးကောင်းတဲ့ ဆေးတွေကို သေချာချင့်ချိန်ပြီး ပေးရတာတွေက ဆရာဝန်တစ်ယောက်၊ သို့မဟုတ် ဆေးပေးသူတစ်ယောက်ရဲ့ တာဝန်တွေပါ။ ဒါပေမယ့်လည်း လူအများစုက ကျန်းမာရေး အသိပညာနည်းပါးကြတော့ တကယ်ကောင်းတဲ့ ဆေးတစ်လုံးကို နှစ်ရာပေးပြီး ၀ယ်ရမဲ့အစား၊ နှစ်ရာနဲ့ ဆေးငါးလုံး၊ ခြောက်လုံးလောက်ရတဲ့ နေရာကမှ ပိုတန်တယ်၊ ပိုကောင်းတယ်ပဲ ထင်နေကြတော့ အခက်သား။

ဒီတော့ ဆေးဆိုင်တွေမှာ ဆေးမ၀ယ်ကြရတော့ဘူးလား၊ ဆိုတော့ မဟုတ်ပါဘူး။ တကယ်တမ်းဖြစ်သင့်တာက ဆေးရောင်းချသူတစ်ယောက်ဟာ အနည်းဆုံးတော့ ဆေးဝါးကျွမ်းကျင် သင်တန်းဆင်းတစ်ယောက်ဖြစ်ပြီး လုပ်သက်နှစ်နှစ်ရှိတဲ့သူ ဖြစ်သင့်ပါတယ်။ ဒါ့အပြင် ဆေးဝါးရောင်းချသူဟာ ဆရာဝန်လက်မှတ်ပါမှ ရောင်းလို့ရတဲ့ဆေးကို ဆရာဝန်လက်မှတ်ပါမှ ရောင်းချတာ။ ဆေးကို သတ်မှတ် စံချိန်စံညွှန်းအတိုင်း ထိန်းသိမ်းထားတာစတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ကောင်းစွာနားလည်တဲ့သူ ဖြစ်သင့်ပါတယ်။ ဒါတွေဟာ သိပ်အရေးမပါတဲ့ အရာတွေလို့ ထင်ရပေမယ့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍထဲမှာ သိပ်ကိုအရေးကြီးတဲ့ ထောင့်တစ်နေရာမှာ ပါဝင်နေတယ်ဆိုတာ မေ့နေကြပါတယ်။

ကဲ ဆေးတွေကို သောက်ချင်သလို သောက်တယ်။ ဆေးပြင်းတော့ရော ဘာဖြစ်သလဲ။ ဆိုရင် ပြောပြပါ့မယ်။ ဆေးကို သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း မသောက်ဘူးဆိုရင် ရောဂါလက္ခဏာ သက်သာလို့ ရောဂါပျောက်ပြီလို့ ထင်ရပေမယ့် ရောဂါပိုးက အပြီးပြတ်မသေဘဲ ခန္ဓာကိုယ်ထဲမှာ ကျန်နေပါတယ်။ နောက်တစ်ခါ ဒီရောဂါဖြစ်တယ်။ ဒီလိုဘဲ ဆေးသောက်တယ်။ သုံး လေးခါလောက်ဆိုရင် ရောဂါပိုးက ဆေးကို ယဉ်သွားတယ်။ ကဲ အဲလိုဖြစ်ပြီဆိုရင် ကိုယ်သောက်ထားတဲ့ ဆေးက ဆေးအပျော့ဆိုရင် ပြဿနာမရှိပါဘူး။ ဒီထက်အနည်းငယ်ပြင်းတဲ့ဆေးကို သောက်လို့ ရပါသေးတယ်။ ကိုယ်သောက်ထားတဲ့ဆေးက အပြင်းဆုံးဆေးဆိုရင် ဒုက္ခရောက်ပြီပဲ။ ဥပမာပေးရမယ်ဆိုရင် လူတွေဟာ တော်ရုံတန်ရုံဖျားတာလောက်ကိုပင် ဆေးအပြင်းတွေသောက်ကြတယ်။ ကြာလာတော့ဆေးယဉ်သွားပြီ။ ပြီးတော့ တီဘီရောဂါ ဖြစ်တယ်။ တကယ်တမ်း ရောဂါဖြစ်ပြီလည်းဆိုရော ကိုယ်က တီဘီရောဂါဖြစ်ရင်ပေးတဲ့ ဆေးအချို့ကို ယဉ်ပါးပြီးသားဖြစ်နေတော့ ဆေးမတိုးတော့ဘူး။ အဲဒါကို ဆေးယဉ်ပါးတီဘီ ဖြစ်တယ်လို့ခေါ်ပါတယ်။ အချို့ဆိုရင် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရပါတယ်။ မြန်မာနိုင်ငံမှာ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနှုန်းက ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အဆမတန်မြင့်တက်လာခဲ့တာ အခုချိန်ထိပါဘဲ။ ပြီးတော့ ဆေးယဉ်ပါးခြင်းက မျိုးရိုးလည်းလိုက်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ မဆင်ခြင်မှုကြောင့် နောင်လာနောက်သားတွေ ရောဂါရလာရင် သောက်စရာဆေးရှားနေကြရပါဦးမယ်။

အခြားသောနိုင်ငံများမှာလည်း သူ့နည်းသူ့ဟန်နှင့် ဆေးယဉ်ပါးခြင်းဆိုတဲ့ ပြဿနာကို ကြုံတွေ့နေကြရတာပါ။ ကျွန်မကတော့ ကျွန်မတို့ နိုင်ငံက ဖြစ်ပျက်သမျှ အဖြစ်အပျက်များကို မြင်သမျှ၊ သိသမျှ ပြန်လည်ရေးသားတင်ပြခြင်းသာဖြစ်သည်။


မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 22, 2012

ကြက်ဥ (WiBro Egg) တစ်ဂီဂါ (1.G) ဘာတွေဘယ်လောက် သုံးလို့ရပါ့မလဲ


အင်တာနက် ကြက်ဥ (WiBro Egg) တစ်ဂီဂါ (1.G) ဘယ်လောက်သုံးလို့ ရပါသလဲလို့ မကြာခဏမေးကြပါတယ် ။ အကြမ်းဖျင်းအားဖြင့် ကြက်ဥ (WiBro Egg) တစ်ဂီဂါ အောက်ပါအတိုင်းသုံးလို့ရတယ်လို့ ဖရီးစီ(FreeC) ကြော်ငြာက ဆိုကြောင်း ပါခင်ဗျာ-



ခင်မင်လေးစားမှုဖြင့်-
တယ်လီတော်ကီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, October 16, 2012

ဘယ်သူပြိုင်လို့ နိုင်ပါ့မယ်

ရေးသားသူ — မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး) 

သူငယ်ချင်း နှစ်ယောက်… တစ်ယောက်က အသောက်အစား အပျော်အပါးမှာ ဝါသနာထုံပြီး တစ်ယောက်ကတော့ အေးအေးဆေးဆေး နေတတ်ကာ စာဖတ်၊ သူချင်းနားထောင်၊ အင်တာနက်ထိုင်၊ တစ်ခါတလေ တရားနာ၊ တရားစာဖတ် နေလေ့ရှိတတ်သူ။ မတူညီတဲ့ စရိုက်တွေနဲ့ အတူတွဲနေတတ်ကြသူ အချင်းချင်း တစ်ခါတလေ ကိုယ့်ဝါသနာ သူ့ဝါသနာမှာ အတူပါလာအောင် ပြောဆိုကြ၊ အဖော်ဆွယ်တတ်ကြပါတယ်။ သူတို့နှစ်ယောက်လည်း ဒီလိုပါပဲ။ 

  အသောက်အစား အားသန်တဲ့ သူငယ်ချင်းက အတူသောက်ဖို့ အဖော်ညှိပါတယ်။ “ငါ့ကို ခင်ရင် တစ်ခွက်လောက်တော့ ချကွာ” စတဲ့ အပြောတွေနဲ့ စည်းရုံးတတ်ပါတယ်။ တစ်ယောက်ကလည်း “ဟာ… ဒါတော့ ကျွန်တော်မလုပ်ပါရစေနဲ့၊ ခင်တာနဲ့ သောက်တာတခြားစီပါဗျာ” ဆိုပြီး ပြန်လည်ငြင်းဆန် တတ်ပါတယ်။

အေးအေးဆေးဆေးနဲ့ စာဖတ်ဝါသနာပါသူ၊ တရားနာတတ်သူ သူငယ်ချင်းကလည်း တစ်ခါတလေ “အစ်ကို ဒီတရားလေးကောင်းတယ် နာကြည့်ပါလား”လို့ တိုက်တွန်းတဲ့အခါ တစ်ယောက်က “ဟာ ကွာ တရားဘာလို့ နာမှာလဲ၊ ဒို့အသက်အရွယ်က တရားနာရမယ့် အရွယ်မဟုတ်ဘူး” ဆိုပြီး တိုက်တွန်းတဲ့သူကိုတောင်မှ အထူးအဆန်းသဖွယ် မြင်တတ်ကြည့်တတ် ပြန်တယ်တဲ့လေ။

မတူညီတဲ့ သူနှစ်ယောက်ရဲ့ ဆုံမှတ်မှာ ဘယ်သူက ဘယ်ဘက်ကို ပါသွားပြီး ဘယ်သူက ဘယ်လိုပြောင်းသွား မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ကောင်းတဲ့အလုပ်တွေမှာ စိတ်ထက်သန်နေတဲ့ သူငယ်ချင်းကပဲ သူ့စိတ်ကို ခိုင်မြဲအောင် ထိန်းသိမ်းထားနိုင်မလား၊ ဒါမှမဟုတ် သူပါသောက်ဖြစ်သွားလေမလား၊ သိပ်သောက်တတ်တဲ့ သူငယ်ချင်းကပဲ အသောက်တွေလျော့ပြီး အေးအေးဆေးဆေးလေးနဲ့ စာဖတ်တရားနာတဲ့ အလုပ်တွေမှာ စိတ်ဝင်စားလာလေမလား။ ဘယ်သူမှ သေချာပေါက် မပြောနိုင်ပါဘူး။

သေချာတာကတော့ စိတ်ဟာ မကောင်းတဲ့ဘက်မှာ ပိုပျော်တတ်တယ်ဆိုတာ သေချာသလို ပြုပြင်မှု အားကြီးတဲ့သူဟာလည်း မကောင်းကနေ အကောင်းဘက်ကို ပြောင်းလဲလာတတ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပျက်အဆင် ပြင်ခဏဆိုတဲ့ အသိနဲ့ ကိုယ့်ကိုယ်ကို အသိဝင်ပြီး ပြုပြင်နိုင်တဲ့သူဟာ ဘယ်သူမှ ပြိုင်ဖို့မလိုတဲ့ ကိုယ်ကိုယ်ကို အနိုင်ရတဲ့သူဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒီနေ့ခေတ်မှာ လူငယ်တွေ၊ အထူးသဖြင့် ပြည်ပရောက်တဲ့ လူငယ်တွေကြားမှာ အသောက်အစား၊ အပျော်အပါး လိုက်စားလွန်းတဲ့ သူတွေများလာတာကို တွေ့ရတတ်သလို ငယ်ပေမယ့်လည်း ဘာသာတရားနဲ့ လူမှုရေးများမှာ ကြိုးစားလုပ်ကိုင်လာကြတဲ့ လူငယ်တွေလည်း တဖြည်းဖြည်း တိုးပွားလာနေတာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာရင်း ပြည်တွင်းမှာ မရှိတဲ့ လွတ်လပ်မှု၊ အထိန်းအကွပ်မဲ့မှု၊ ငွေတွေလက်ထဲမှာ ရှိလာမှု၊ အပေါင်းအသင်းတွေရဲ့ စည်းရုံးမှု၊ စိတ်ဖိစီးမှု စတာတွေကြောင့် တစ်ချို့လူငယ်တွေဟာ လောကဓံကို မခံနိုင်ဘဲ ဖြစ်ချင်ရာဖြစ် ဘဝကို နေချင်သလို နေပစ်ရင်း အသောက်အစား အပျော်အပါးဘက်ကို ရောက်သွားတတ်တာတွေ ရှိသလို တစ်ချို့လည်း အဆင်မပြေမှုတွေ၊ ဒုက္ခတွေကို ကျော်လွှားနိုင်ဖို့ မကောင်းတာနဲ့ မဖြေဘဲ ကောင်းတာတွေနဲ့ ဖြေနိုင်အောင် အားကိုးရာကို ရှာရင်း တရားနာဖြစ်၊ တရားစာဖတ်ဖြစ်၊ တရားထိုင်ဖြစ်ရာက လောကဓံကို ခံနိုင်ရည်ရှိလာကာ ဘဝမှာ ဓမ္မလေးတွေ တွဲပြီး နေလာကြတဲ့ သူတွေလည်း ရှိနေကြတော့တာ ဖြစ်ပါတယ်။

ဒီလို မတူညီတဲ့ ဆုံမှတ်တွေဘက်ကို ရောက်သွား၊ ပြောင်းသွားကြတဲ့ သူတွေဟာ များသောအားဖြင့် အပေါင်းအသင်းကြောင့် ဖြစ်သွားတတ်တာတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ အပေါင်းအသင်းကြောင့် သောက်တတ် စားတတ်သွားတတ်တဲ့ သူတွေရှိသလို အပေါင်းအသင်းကြောင့် ဘာသာတရား အဆုံးအမများမှာ နေတတ်ထိုင်တတ်သွားတဲ့ သူတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ အပေါင်းအသင်းဟာ လူတစ်ယောက်ရဲ့ ပြောင်းလဲမှုမှာ အများကြီး အရေးကြီးလှတာ ဖြစ်ပါတယ်။

အပေါင်းအသင်းနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာတော့ “မကောင်းတဲ့ အလုပ်တွေမှာ အပေါင်းအပါ ဖြစ်စေတဲ့ သူဟာ ကလျာဏမိတ္တဆိုတဲ့ မိတ်ကောင်းဆွေကောင်း မဖြစ်နိုင်ကြောင်းနဲ့ ကောင်းတဲ့အလုပ်တွေမှာ အပေါင်းအဖော်ဖြစ်မှသာ မိတ်ကောင်းဆွေကောင်း အစစ်ဖြစ်နိုင်ကြောင်း” စသဖြင့် ဆိုထားတာရှိပါတယ်။ ဒီအဆိုအရဆိုရင်တော့ တစ်ချို့အပေါင်းအသင်းတွေဟာ မသောက်တတ်တဲ့သူကို သောက်တတ်လာအောင်၊ မကောင်းတာ မလုပ်တတ်တဲ့သူကို လုပ်တတ်လာအောင် နည်းပေးလမ်းပြ စည်းရုံးကြတာ ဖြစ်တဲ့အတွက် မိတ်ဆွေကောင်း မဟုတ်ဘူးလို့တောင် ပြောရမှာ ဖြစ်ပါတယ်။ ကိုယ်မပြောင်းနိုင်လို့၊ ကိုယ်ကြိုက်လို့၊ ကိုယ်ရုန်းမထွက်နိုင်သေးလို့ မကောင်းတာတွေ လုပ်ဖြစ်နေရင်လည်း သူများတွေ ပါလာအောင်၊ ကိုယ်နဲ့အဖော်ရှိလာအောင်တော့ မလုပ်သင့်ပါဘူး။

တစ်ချို့ ဒကာလေးတွေကို တွေ့ဖူးပါတယ်။ ဘာသာရေးနဲ့ အလွန်အကျွမ်းဝင်ပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ တရားနာတာ၊ တရားထိုင်တာ၊ တရားမေးလျှောက်တာ စသဖြင့် လုပ်နေကြတာတွေပါ။ သူတို့အပြောအရ သူတို့ထဲက တစ်ချို့ဟာ အရင်က အလွန်သောက်တတ်စားတတ် အပျော်အပါးတွေမှာ လိုက်စားတတ်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ ဘာသာတရားရဲ့ အဆုံးအမအောက်မှာ ဘဝဟာ တည်ငြိမ်နေကြောင်း၊ လောကဓံကို ကောင်းကောင်းကြီး ခံနိုင်ရည် ရှိလာနေကြောင်း စသဖြင့် သိခဲ့ရပါတယ်။ သူတို့တွေရဲ့ အပြောင်းအလဲကတော့ အပေါင်းအသင်းကောင်းအပေါ် အမှီပြုခဲ့ရတဲ့ ကျေးဇူးကြောင့်ဆိုတာ သက်သေပြုစရာပဲ ဖြစ်ပါတယ်။

ဒါတွေကိုကြည့်ရင် ဘဝမှာ ဘယ်သူပဲ ဖြစ်ဖြစ် ကောင်းချင်ရင်လည်း ခဏ၊ မကောင်းချင်ရင်လည်းခဏပဲ ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို ပြုပြင်လိုက်နိုင်မှုပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် အားလုံးဟာ ဘာမှအကြာကြီး မဟုတ်တဲ့အတွက် ကိုယ့်ကိုယ်ကို ရုန်းထွက်နိုင်တဲ့ အခိုက်ဟာ ပြောင်းလဲမှုရဲ့ အောင်မြင်မှု တစ်ဝက်ပဲဖြစ်ပါတယ်။ မကောင်းတဲ့သူဟာလည်း ပြောင်းလိုက်ရင် ကောင်းသွားမှာ ဖြစ်သလို ကောင်းနေတဲ့သူဟာလည်း အမှားလိုက်ရင် မကောင်းဘက်ကို အလွယ်တကူ ပြောင်းသွားစေတော့တာ ဖြစ်ပါတယ်။

အရင်းစစ်တော့ ကောင်းခြင်းမကောင်းခြင်း၊ ပြောင်းခြင်းမပြောင်းခြင်းဟာ ကိုယ်ကိုယ်တိုင်ရဲ့ ပြုပြင်မှုနဲ့ ကိုယ်ပေါင်းသင်းတဲ့ အပေါင်းအသင်းရဲ့ အားပြုမှုဟာ အခရာပဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပြုပြင်မယ်ဆိုတဲ့ စိတ်ရယ်၊ လက်တွေ့အကောင်အထည်ဖော်တဲ့ ဝီရိယရယ်၊ အကောင်းဘက်မှာ အထောက်အကူ ပေးနိုင်မယ့် မိတ်ကောင်းဆွေကောင်းကို ရှာဖွေပေါင်းသင်းမှုရယ် စတာတွေနဲ့ ပူးတွဲပြီး ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိနိုင်ပါဘူး။ လက်တွေ့မလုပ်သေးလို့ မဖြစ်သေးတာပဲ ရှိရင်ရှိမယ်၊ လုပ်လို့နောက်ကျသွားတာ၊ ပြောင်းပေမယ့် မကောင်းတာ၊ ပြုပြင်ပေမယ့် မဖြစ်တာဆိုတာ အဆုံးအထိသွားရင် မဖြစ်နိုင်စရာ မရှိပါဘူး။ ဖြစ်ကိုဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကိုယ့်အလိုပါအောင် အပြိုင်ပြုခြင်းပဲ ဖြစ်ပါတယ်။

တကယ်တော့ ပြိုင်ဆိုင်မှုတွေထဲမှာ ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်ခြင်းဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို မကောင်းတာတွေကနေ ရုန်းထွက်နိုင်အောင် ပြိုင်ဆိုင်တာ၊ မကောင်းတဲ့ အမှုအကျင့်တွေကနေ ကောင်းတဲ့အမူအကျင့်တွေအဖြစ် ပြောင်းနိုင်အောင် ပြိုင်ဆိုင်တာ၊ မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ စိတ်ကို ကောင်းမှုမှာ ပျော်နိုင်အောင် ပြိုင်ဆိုင်တာ၊ လုပ်နေကျ မကောင်းတဲ့ အလုပ်တွေကနေ မလုပ်ဘဲ နေနိုင်အောင် ပြိုင်ဆိုင်တာ၊ မလုပ်ဖူးသေးတဲ့ ကုသိုလ်အလုပ်တွေမှာ လုပ်နိုင်အောင် ပြိုင်ဆိုင်တာ စတာတွေဟာ ဘယ်သူပြိုင်လို့မှ မနိုင်နိုင်တဲ့ ကိုယ့်ကိုယ်ကို အပြိုင်ပြုခြင်းပဲ ဖြစ်ပါတယ်။ ဒီလို အပြိုင်အဆိုင်မျိုးကသာ အကောင်းဆုံးနဲ့ အမြတ်ဆုံး ပြိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဘဝမှာ အပေါင်းအသင်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အာရုံတွေနဲ့ အပြိုင်အဆိုင် ပြုလာကြတဲ့ အပေါ်မှာ သူပြိုင်ကိုယ်ပြိုင်၊ သူဆွဲကိုယ်ဆွဲ သူလုပ်ကိုယ်လုပ် စတဲ့ မဟုတ်တရုတ် အားပြိုင်မှုတွေနဲ့ ဆွဲရာနောက်ကို ပါသွားပြီး မကောင်းတဲ့ အလုပ်တွေကို လုပ်ဖြစ်ကြတာထက် ဒီလို အလုပ်တွေကို မလုပ်ဖြစ်အောင်၊ လုပ်ဖြစ်နေရင်လည်း အမြန်ရုန်းထွက်နိုင်အောင် ကိုယ့်ကိုယ်ကို ပြုပြင်ပြီး ကိုယ့်စိတ်နဲ့ကိုယ့်ကို ကိုယ်လိုသလို ပြိုင်ဆိုင်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို အပြိုင်ပြုခြင်းကသာ ဘယ်သူမှ မနိုင်နိုင်တဲ့ အကောင်းဆုံး အနိုင်ရခြင်းပင်ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လူငယ်သဘာဝ၊ ပုထုဇဉ်အစဉ်အလာအရ စိတ်ဟာ မကောင်းတဲ့ အာရုံတွေမှာ သာယာပျော်ရွှင်လေ့ ရှိတတ်ပေမယ့် ဒီအာရုံတွေကနေ ရုန်းထွက်နိုင်ဖို့ ပြုပြင်မှု အပိုင်းမှာ ကိုယ့်စိတ်ကို ထိန်းကျောင်းနိုင်မှုဟာလည်း အရေးပါလှတာ ဖြစ်တဲ့အတွက် ပြုပြင်လိုတဲ့စိတ်ရယ်၊ လက်တွေ့ အကောင်အထည်ဖော်တဲ့ ဝီရိယရယ်ကို အရင်းတည်ကာ အပေါင်းအသင်းကောင်းတွေရဲ့ ကူညီမှုနဲ့ မကောင်းတာကနေ ကောင်းလာအောင် ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်ခြင်းကသာ ဘယ်သူပြိုင်လို့မှ နိုင်မည်မဟုတ်တဲ့ အကောင်းဆုံး အနိုင်ရခြင်းပဲ ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမှာပဲ ရှိနေရှိနေ ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်၊ ကိုယ့်ကိုယ်ကို သိပြီး ကိုယ့်အသိနဲ့ကို ညှိကြဖို့ အသိပေးတင်ပြရင်း မှားနေရင်လည်း ပြင်ဆင်ကြဖို့ စေတနာထား မေတ္တာအားဖြင့် အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, September 29, 2012

တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ် သမိုင်းအကျဉ်း

 

မြန်မာအသင်း(ကိုရီးယား)မှ ကိုရီးယား နိုင်ငံမှာ မြန်မာနိုင်ငံမှ ပင့်ဆောင် ပူဇော်ထားပြီး ကိုရီးယားနိုင်ငံ ကောက်သစ်စားပွဲတော် ချုးဆော့ အလုပ်ပိတ်ရက်ရှည်အတွင်း ကျင်းပတဲ့ တိလောကမုနိ ဗုဒ္ဓပူဇနိယ ပွဲတော်ကို မကြုံဖူးသေးတဲ့ သူတွေနဲ့ ကြုံဖူးသော်လည်း တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ရဲ့ သမိုင်းကို မသိရှိသေးသူတွေ အတွက် သမိုင်းအကျဉ်းကို ဖော်ပြလိုက်ပါတယ်။

မြန်မာအသင်း(ကိုရီးယား)မှ ၁၉၉၇ခုနှစ် သြဂုတ်လတွင် ဗုဒ္ဓရုပ်ပွားတော်မြတ် တဆူကို မြန်မာနိုင်ငံမှ ကိုရီးယား နိုင်ငံသို့ ပင့်ဆောင်ပူဇော်ရန် သဘောတူ တိုင်ပင် ဆုံးဖြတ်ခဲ့သည်။

ဗုဒ္ဓရုပ်ပွားတော်မြတ် လှူဒါန်း ပူဇော်နိုင်ရန် ၁၉၉၈ခုနှစ် မတ်လ ၁၅ရက်နေ့တွင် IRRON CROSS တေးဂီတ အဖွဲ့နှင့် နာမည်ကြီး အဆိုတော်များဖြင့် စင်တင် တေးဂီတပွဲ ကျင်းပ၍ ရံပုံငွေ ရှာဖွေခဲ့သည်။ သို့သော် ကိုရီးယား နိုင်ငံ၏ စီးပွားရေးကျဆင်းမှု ပြဿနာ များကြောင့် ထင်သလောက် မအောင်မြင်ခဲ့ပေ။

သို့သော် အလှူတော်ငွေ ကောက်ခံရာတွင် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသား များမှ သဒ္ဓါတရား ထက်သန်စွာ အင်တိုက် အားတိုက် လှူဒါန်း ခဲ့ကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံ အတွင်းမှလည်း အလှူရှင် ဒေါ်အေးမာနှင့် တူဖြစ်သူ (ထိုအချိန်က ကိုရီးယားနိုင်ငံတွင်ရှိသော) ကိုအေးကြူ တို့က ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေသင်္ကန်း ကပ်လှူရန်နှင့် သီဟာသန ပလ္လင်တော်အား မျက်နှာစာအပြည့် ရွှေချရန် လိုအပ်သည့် ငွေကြေးကို လှူဒါန်းခဲ့ပါသည်။

ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင် ပူဇော်ရေးအတွက် ကော်မတီဖွဲ့ကာ ဆောင်ရွက်ခဲ့ပါသည်။

(က) ဆရာတော် ဦးဝိလာသ (မြင်းဝန်တိုက် ဧရာဝတီကျောင်း မန္တလေးမြို့)
(ခ) ဘုန်းတော်ကြီး လင်ရောင်ဒမ် (ဦးစီးပဓာန ဆရာတော် ဆော့ဂွမ်ဆာ ဗုဒ္ဓဘာသာ                 
                                            ဘုန်တော်ကြီးကျောင်း ဘူချွှန်းမြို့ ကိုရီးယား)
တို့ကို နာယက ဆရာတော်များအဖြစ် ဆောင်ရွက်ပေးပါရန် လျှောက်ထားခဲ့ပြီး

နာယက အဖွဲ့ဝင်များအဖြစ်-

(၁) ဒေါက်တာခင်မောင်ညွှန့် (အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ယဉ်ကျေးမှုနှင့်
                                     သမိုင်းဋ္ဌာန ပါမောက္ခ)
(၂) ဦးအေးနိုင်(ဓမ္မာစရိယ)
(၃) ဦးသန်းအောင် (အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ)
(၄) ဦးဝင်းကို (မော်ကွန်းထိန်း၊ ရန်ကုန်တက္ကသိုလ်)
(၅) ဦးမြင့်ဦး (ဆုစာပေ)
(၆) ဦးတင်လှ(အငြိမ်းစား ရုံးအဖွဲ့မှူး၊ သတ္ထုတွင်း ဝန်ကြီးဋ္ဌာန)
(၇) ဦးကျော်သောင်း(ပန်းချီ)
(၈) ဦးအောင်ကျော်စိုး           
တို့အား မြန်မာနိုင်ငံအတွင်းမှ လိုအပ်သည်များ စီစဉ်ဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။

မြန်မာနိုင်ငံအတွင်းမှ လုပ်ငန်းများ အသေးစိတ် ဆောင်ရွက်နိုင်ရန်အတွက် ထိုအချိန်က မြန်မာအသင်း ဥက္ကဋ္ဌ ဦးဝင်းဖေ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီး ဦးလှမြင့်ဦး(ကိုဦး-မြန်မာစာ)နှင့် အတူ လက်တွဲ ဆောင်ရွက်ခဲ့ကြပါသည်။

ဗုဒ္ဓရုပ်ပွားတော်မြတ် စတင်ထုလုပ်နိုင်ရန် ဦးစီးပဓာန ဆရာတော် ဦးဝိလာသမှ မန္တလေးမြို့မြောက်ဖက်ရှိ စကျင်တောင်မှ အကောင်းဆုံး စကျင်ကျောက်ဖြူသား စစ်စစ်ကို ဝယ်ယူပြီး မန္တလေးမြို့ ကျောက်ဆစ်တန်းမှ မြန်မာ့ရိုးရာ ကျောက်ဆစ်ပညာရှင် ̏ဆရာကြီးဦးမြို့နှင့်သားများ̋ ထံတွင် အပ်နှံပြီး အမြင့်၉ပေရှိ သီဟာသန ပလ္လင်တော်ကို မန္တလေးမြို့ ဘုရားကြီး မြောက်ဖက်တန်းရှိ ̏ကမ္ဘာကျော်ကြေးသွန်းလုပ်ငန်း̋ မှ ဦးစီးကာ မြန်မာ့ကျွှန်းသစ်များဖြင့် ခန့်ညားထည်ဝါစွာ အကောင်းဆုံးဖြစ်အောင် ထုလုပ်စေခဲ့ပါသည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘွဲ့အမည်တော်ကို ဆရာတော် ဦးဝိလာသ၊ နာယက အဖွဲ့ဝင် ဒေါက်တာခင်မောင်ညွှန့် နှင့် ဦးအေးနိုင်(ဓမ္မာစရိယ)တို့ တိုင်ပင်၍ တိလောကမုနိ ဟူသော ဘွဲ့အမည်တော်ကို ဆက်ကပ်ခဲ့ပါသည်။

မန္တလေးမြို့မှ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေရင်အေး ဓမ္မဗိမာန်တော်သို့ ၁၉၉၈ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့ ညနေ ၅နာရီတွင် ပင့်ဆောင်ခဲ့သည်။ ၁၉၉၈ခုနှစ် စက်တင်ဘာလ ၂၃ရက်(ဗုဒ္ဓဟူး)နေ့ နံနက် ၁ဝနာရီ အချိန်တွင် ရွှေရင်အေး ဓမ္မဗိမာန်တော်တွင် ရန်ကုန်တိုင်း သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဦးကောသလ္လ အမှူးပြုသော သံဃာတော် (၁ဝ)ပါးတို့က တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခဲ့ကြသည်။

၁၉၉၈ခုနှစ် အောက်တိုဘာလ ၂၃ရက်(သောကြာ)နေ့ ည ၇နာရီ ၁၅မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဂျပန်လေကြောင်းလိုင်း(ANA)ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ထိုမှတဆင့် ထိုင်းလေကြောင်း(TG)ဖြင့် ကိုရီးယားနိုင်ငံ ကင်ပို အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၁၉၉၈ခုနှစ် အောက်တိုဘာလ ၂၅ရက်(တနင်္ဂနွေ)နေ့ နံနက် ၇နာရီတွင် ကြွရောက်တော်မူလာခဲ့သည်။

ကိုရီးယားနိုင်ငံ အခွန်ဋ္ဌာနမှ အခွန်ငွေ အဖြစ် အမေရိကန် ဒေါ်လာ (၄ဝ,၆၉၆) ပေးဆောင်ရန် တောင်းဆိုခဲ့ရာ မပေးဆောင်နိုင်သည့် အတွက် ရက်သတ္တ(၃)ပတ်ကျော် ထုတ်ယူဖူးမြော်ခွင့် မရခဲ့ပေ။

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံအမတ်ကြီးနှင့် ဆော့ဂွမ်ဆာ ဘုန်းတော်ကြီး၊ ကိုရီးယား ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံတို့မှ ဂိုဏ်းချုပ်ဘုန်းတော်ကြီးများ၏ မေတ္တာရပ်ခံ ပန်ကြားပေးမှုကြောင့် အခွန်ကင်းလွတ်ခွင့် ရပြီး ၁၉၉၈ခုနှစ် နိုဝင်ဘာလ ၁၈ရက် နေ့တွင်မှ ယခု ကိန်းဝပ်စံပယ်ရာ ဆော့ဂွမ်ဆာ ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင် ပူဇော်နိုင်ခဲ့ပါသည်။

၁၉၉၈ခုနှစ် နိုဝင်ဘာလ ၂၂ရက်(တနင်္ဂနွေ)နေ့တွင် တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပူဇော်ပွဲကို ပထမဆုံး အကြိမ်အဖြစ် ကျင်းပနိုင်ခဲ့ပါသည်။ ထို ပူဇော်ပွဲကို ကမ္ဘာ့ထေရဝါဒ ဗုဒ္ဓသာသနာပြု ဆရာတော် အရှင်ဥာဏိသရ (သပိတ်အိုင် ဆရာတော်)မှ ရေစက်သွန်းချ တရားတော်ကို ဟောပြောချီးမြှောက်တော် မူခဲ့သည်။ ထိုနောက် နှစ်စဉ် ကိုရီးယားနိုင်ငံ၏ ကောက်သစ်စားပွဲ ဖြစ်သော ချုးဆော့ပိတ်ရက်တွင် ကျင်းပလာခဲ့သည်မှာ ယခုနှစ် (၂ဝ၁၂)ဆိုလျှင် (၁၄)ကြိမ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

※ရန်နိုင်ထွန်း(လွတ်မြောက်နယ်မြေ ကိုရီးယား) ပြုစုရေးသားပြီး ရင်ခတ်ပန်း မဂ္ဂဇင်း တွင် ဖော်ပြထားသည့် ဆောင်ပါးအား မှီငြမ်း တင်ပြပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 23, 2012

ကင်ဆာအမျိုးမျိုးဖြစ်ပွါးစေသည့် ကွမ်းယာအထုပ်ငယ်များ ရောင်းချခြင်း စီစစ်တားမြစ်သင့်

ရေးသားသူ — မြတ်မိုးကျော်(မြစ်မခ)

(ကွမ်းယာဆိုင်များတွင် ရောင်းချဆဲ ကင်ဆာဖြစ်နိုင်သည့် အိန္ဒိယကွမ်းယာထုပ်များ)
အိန္ဒိယနိုင်ငံမှတင်သွင်းလာသော ကွမ်းယာအထုပ်ငယ်များအား မြန်မာနိုင်ငံအနှံရှိ ကွမ်းယာဆိုင်အများ အပြားတွင် ရောင်းချမှုများရှိနေဆဲဖြစ်သဖြင့် ပြည်သူများ၏ကျန်းမာရေးအတွက် စီစစ်တားမြစ်မှု များပြုလုပ်သင့်ကြောင်း ပြည်သူများထံက သိရှိရသည်။
ထိုအိန္ဒိယကွမ်းယာအခြောက်ထုပ်များမှာ ထိုနိုင်ငံတွင်ပင် ကင်ဆာရောဂါဖြစ်နိုင်သည့် ရာခိုင်နှုန်း တိုးပွားစေသည့်အတွက် ပိတ်ပင်ခံထားရသည့် ကွမ်းထုပ်များဖြစ်သည်။
အဆိုပါကွမ်းယာထုပ်များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်များအရ ဖြစ်နိုင်သည့် ကင်ဆာရောဂါများမှာ များပြားလွန်းသည့် အတွက် ရောင်းချမှုအား ပိတ်ပင်တားမြစ်သင့်ကြောင်း ရန်ကုန်အထွေထွေ ရောဂါကုဆေးရုံကြီးမှ ပါမောက္ခဆရာဝန်ကြီးတစ်ဦးက အကြံပြုပြောဆိုသည်။
“ ဓာတ်ခွဲစမ်းသပ်ချက်ကို လေ့လာကြည့်တာဖြစ်နိုင်တဲ့ ကင်ဆာရောဂါတွေက အများကြီးပဲ၊ လည် ချောင်း၊ ပါး၊ ခံတွင်းနဲ့ အူလမ်းကြောင်းတစ်လျှောက်ဖြစ်နိုင်တဲ့ ရောဂါတွေ အများကြီးပဲလေ၊ မြန်မာ နိုင်ငံမှာလည်း နယ်စပ်တွေမှာ ဒါတွေတင်သွင်းတာတွေကို ပိတ်သင့်ပြီ၊ သူတို့နိုင်ငံမှာ မစားတော့ဘူး ဆိုတာနဲ့ ဈေးပေါပေါနဲ့ အများကြီး မှောင်ခိုကနေ ၀င်လာနိုင်တယ်လေ၊ အခုဆို ရန်ကုန်မှာ ဆိုင်တိုင်း လိုလို အဲ့ဒီဆေးတွေ တွေ့လာရပြီလေ၊ လူတွေလည်း ကောင်းကောင်းစားတတ်နေပြီ ” ဟု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံကြီးမှ ပါမောက္ခ ဆရာဝန်ကြီးတစ်ဦးမှ ပြောသည်။
အိန္ဒိယတွင် ကင်ဆာဖြစ်ပွားသူများတွင် ၃၀ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီးပါဝင်သော ကွမ်းစားဆေးများ ကို စားသုံးခြင်းကြောင့် ဖြစ်သည်ဟု သိရှိရသည့်အတွက် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနမှ အစိုးရ သို့တင်ပြကာ ၂၀၁၂ခုနှစ် သြဂုတ်လ(၂၂)ရက်က စတင် ပိတ်ပင်တားဆီးခဲ့သည်။
ကွမ်းစားဆေးများ အဓိကထုတ်လုပ်နေသည့် အိန္ဒိယနိုင်ငံတွင် အစိုးရမှ ပိတ်ပင်တားဆီးထား သော်လည်း မြန်မာနိုင်ငံသို့ တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်မှ အများဆုံးဝင်ရောက်နေခြင်းဖြစ်ကြောင်း ကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။
အိန္ဒိယနိုင်ငံတွင် ကွမ်းဆေး ထုတ်လုပ်ရောင်းချမှုအား ပိတ်ပင်ခဲ့ခြင်းကြောင့် တိုင်းပြည်ဝင်ငွေ နှစ်စဉ် ရူပီးငွေကုဋေ(၄၀)နီးပါး ဆုံးရှုံးလျက်ရှိသည်။ သို့သော် ပြည်သူလူထု၏ ကျန်းမာရေးအတွက် များစွာ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း အိန္ဒိယအစိုးရမှ တရားဝင် ထုတ်ပြန်ကြေညာသည်။
ယခုနောက်ပိုင်းတွင် အိန္ဒိယတွင် ရောင်းချခွင့်မရှိတော့သောကြောင့် မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာနိုင်ငံသို့ ယခင်ထက် အဆမတန်တင်သွင်းနေသော်လည်း နယ်စပ်စစ်ဆေးရေးဂိတ်များမှ တားဆီးမှုမရှိသေးကြောင်း သိရှိရသည်။
“ ဒီဆေးတွေက နေ့တိုင်းလိုလို ၀င်နေတာပဲ၊ဆေးဝါးနဲ့ ပတ်သက်ပြီး ၀င်တာ မဟုတ်ဘဲနဲ့ စားသောက်ကုန်နဲ့ ပတ်သက်ပြီး ၀င်တာလေ၊ ပြီးတော့ အထက်က အမိန့်ရမှ ကျွန်တော်တို့က ဖမ်းခွင့် ရှိတာလေ” ဟု နယ်စပ်အရာရှိတစ်ဦးက ပြောသည်။ အိန္ဒိယမှ တင်သွင်းလျက်ရှိသော ကွမ်းစားဆေးအထုပ်များတွင် ဆေးရွက်ကြီးအပါအဝင် ကင်ဆာဖြစ်စေ နိုင်သော ဓာတုပစ္စည်း (၂၅)မျိုး ပါဝင်ကြောင်းကိုလည်း သိရှိရသည်။
ထိုဆေးများကို ကွမ်းယာအတွင်းထည့်သွင်းစားသုံးမှုကြောင့် နှစ်စဉ်ခံတွင်းကင်ဆာအပါအဝင် အခြား ကင်ဆာရောဂါ များနှင့် နှလုံး၊သွေးတိုးနှင့် အစာအိမ်ရောဂါဖြစ်ပွားသူ ဦးရေပမာဏမှာလည်း မြင့်မား လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ကွမ်းစားသူများ၏ ၇၅ ရာခိုင်နှုန်းမှာ အိန္ဒိယမှဝင်ရောက်လာသော ကွမ်းစား ဆေးများကို ကွမ်းယာအတွင်း ထည့်သွင်းစားသုံးသူများဖြစ်သည့်အတွက် ပြည်သူများ၏ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ပြည်သူများထံက သိရသည်။
စစ်တမ်းများအရ မြန်မာနိုင်ငံ၌ ကွမ်းစားသူဦးရေမှာ နိုင်ငံရှိ လူဦးရေပမာဏ၏ သုံးပုံတစ်ပုံခန့် ရှိသည်။
အဆိုပါကွမ်းထုပ်များမှာ ယခင်ကငါးရာဖိုးသုံးထုပ်ရောင်းချခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ရာဖိုးသုံးထုပ်အထိ လက်လီကွမ်းယာဆိုင်များတွင် ရောင်းချလျှက်ရှိကြောင်းသိရသည်။အိန္ဒိယကွမ်းထုပ်ငယ်များမှာ တိပ်မျိုးစုံနှင့် အမျိုးအစားမျိုးစုံရှိကြောင်းသိရသည်။
မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 9, 2012

ပြည်သူအားကိုယ်စားပြုထားသောလွှတ်တော်ကိုယ်စားလှယ်များအား အကြံပြုလွှာ

ရေးသားသူ — အောင်မျိုးထွဋ်
သို့
အယ်ဒီတာ
မကြာမီရက်များအတွင်း လွှတ်တော်အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်အရေးယူမှုများ ပြုလုပ်ရန်ဆောင်ရွက်မှုများပြုလုပ်နေသည်ကို တွေ့မြင်ရပါသည်။ ဥပဒေပြုလွှတ်တော်အနေဖြင့် ထိုကဲ့သို့ အရေးယူမှုများကို ပြုလုပ်နိုင်သည့်အခွင့်အာဏာရှိသည်ကို ငြင်းပယ်၍မရနိုင်ပါ။သို့ရာတွင် ဥပဒေပြုအဖွဲ့ထံ ထိုကဲ့သို့ အခွင့်အာဏာကိုအပ်နှင်းထားသည်ဆိုခြင်းသည် ထိုအာဏာကို မိမိကြိုက်သလို၊သုံးချင်သလိုသုံး၍ရသည်ဟု ဆိုလိုခြင်းမဟုတ်သည်ကို နားလည်ရန်လိုပါသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ယခုကဲ့သို့ စွပ်စွဲပြစ်တင်အရေးယူမှုများသည် တိုင်းပြည်၏ ဒီမိုကရေစီတည်ဆောက်မှုလုပ်ငန်းစဉ်များအတွက် မလိုလားအပ်သည့်အကျိုးသက်ရောက်မှုများရှိလာနိုင်ပါသည်။
အထူးသဖြင့် တိုင်းပြည်၏တရားစီရင်ရေးကဏ္ဍအား အလွန်အမင်းအားနည်းသွားစေနိုင်ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုများကို ယထာဘူတကျကျကြည့်လျှင် တရားစီရင်ရေးမဏ္ဍိုင်သည် အားအနည်းဆုံးမဏ္ဍိုင်တစ်ခုဖြစ်သည်မှာအများအသိပင်ဖြစ်ပါသည်။

ယခုကဲ့သို့ လွှတ်တော်အမတ်များ၏ စွပ်စွဲအပြစ်တင် အရေးယူမှုများသည် ဖွဲ့စည်းပုံအခြေခံခုံရုံးအနေဖြင့် ဒီမိုကရေစီစနစ်အတွင်းခိုင်မာသည့် တရားစီရင်ရေးအင်စတီကျူးရှင်းတစ်ခုအဖြစ် ပေါ်ထွက်လာနိုင်မှုမရှိအောင် ပြုလုပ်သလို ဖြစ်နေပါသည်။
ထို့အပြင် ဤကဲ့သို့ အရေးယူဆောင်ရွက်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ထိရောက်စွာ ဆောင်ရွက်လိုစိတ်ကို ချိုးနှိမ်လိုက်သလိုဖြစ်သွားနိုင်ပါသည်။လွှတ်တော်အမတ်များအနေဖြင့် မိမိတို့သဘောမတူသည့်ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ချမှတ်တိုင်း ထိုခုံရုံးမှတရားသူကြီးများကို စွပ်စွဲပြစ်တင်အရေးယူမှုများ ပြုလုပ်မည်ဆိုသည့်သဘောမျိုးဖြစ်လာစေနိုင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများအနေဖြင့် မိမိတို့၏တာဝန်ကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်ပါက လွှတ်တော်၏ တာဝန်နှင့် လုပ်ဆောင်မှုများအား စစ်ဆေးစောင့်ကြည့်နိုင်မည့်အင်စတီကျူးရှင်းကို အားနည်းအောင် တမင်လုပ်နေသလို ဖြစ်နေပါသည်။ ထိုအရေးယူမှုများကို တိုင်းပြည်ကိုချစ်၍ ဒီမိုကရေစီစနစ်တည်ဆောက်ရေးကို လုပ်ဆောင်နေသည့် ပြည်သူကို အမှန်တကယ်ကိုယ်စားပြုသည့် ကိုယ်စားလှယ်များအနေဖြင့် မပြုလုပ်သင့်ကြောင်းပြောကြားလိုပါသည်။

ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်မှုလမ်းကြောင်းပေါ်သို့စတင်ရောက်ရှိနေသောအခြေအနေတွင်ရှိပါသည်။ ထိုသို့ ဒီမိုကရေစီစနစ်တည်ဆောက်ရေး၏ ကနဦးကာလတွင် လွှတ်တော်အနေဖြင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များ အားနည်းသွားစေမည့်အပြုအမူများကို မလုပ်ဆောင်မိစေရန်လိုအပ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတစ်ခုသည် တိုင်းပြည်၏ ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာတွင် အရေးပါသော အင်စတီကျူးရှင်းတစ်ခုဖြစ်ပါသည်။ ထိုအဖွဲ့အား စွပ်စွဲပြစ်တင်အရေးယူမှုသည် ဒီမိုကရေစီစနစ်တည်ဆောက်ရေးတွင် အရေးကြီးသည့်အကြောင်းတစ်ခုဖြစ်သည့်မဏ္ဍိုင်သုံးခုအကြား တာဝန်နှင့် လုပ်ပိုင်ခွင့်များပိုင်းခြားထားမှုကို အဓိပ္ပာယ်မဲ့သွားစေပါသည်။

မဏ္ဍိုင်သုံးခုအကြား တာဝန်နှင့် လုပ်ပိုင်ခွင့်များ ခွဲခြားထားမှုရှိမှသာ အစိုးရအဖွဲ့အစည်းတစ်ခုလုံးရှိ ကဏ္ဍများ တစ်ခုနှင့်တစ်ခုအပြန်အလှန်ကွပ်ကဲမှုရှိပြီး အာဏာရှင်စနစ်များ ပေါ်ထွက်လာနိုင်မှုကိုအကာအကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

တရားစီရင်ရေးကဏ္ဍသည် အခြားကဏ္ဍကဲ့သို့ ငွေကြေးဆိုင်ရာနှင့် အစိုးရ၏ အာဏာစက်ကို တိုက်ရိုက်အသုံးပြုသည့် အခွင့်အာဏာမရှိသော်လည်း တိုင်းပြည်အတွင်းရှိ ဥပေဒများ၏ အဓိပ္ပာယ်ကိုဖော်ဆောင်သည့်တာဝန်ကို ယူထားသည့် တစ်ခုတည်းသောမဏ္ဍိုင်ဖြစ်ပါသည်။ တရားစီရင်ရေးအဖွဲ့အနေဖြင့် တရားဥပဒေများ၏အဓိပ္ပာယ်ကို ဖွင့်ဆိုခွင့်ပေးထားသလို အခြေခံဥပဒေခုံရုံးအနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုခွင့် တာဝန်နှင့် လုပ်ပိုင်ခွင့်အပြည့်အဝရှိပါသည်။

တရားသူကြီးအား သူတို့၏ဆုံးဖြတ်ချက်ကို သဘောမကျ၍သူတို့အား စွပ်စွဲပြစ်တင်ရှုတ်ချမှုများပြုလုပ်ရန် လုံးဝမဖြစ်သင့်သည်မှာဆင်ခြင်တုံတရားရှိသောသူများအားလုံး လက်ခံနိုင်မည့်အချက်တစ်ခုဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခြေခံဥပဒေခုံရုံးမှ တရားသူကြီးများကို စွပ်စွဲအပြစ်တင် အရေးယူမှုများပြုလုပ်မည်ဟု ခြိမ်းခြောက်မှုများသည် တရားရေးကဏ္ဍလုပ်ပိုင်ခွင့်နယ်ပယ်အတွင်းသို့ ချိုးဖောက်ဝင်ရောက်နေသည့် သဘောဆောင်နေပါသည်။

ဤသို့လုပ်ဆောင်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှတရားသူကြီးများ မိမိတို့တာဝန်ကို ထိရောက်စွာလုပ်ဆောင်လိုစိတ်များ အားနည်းသွားအောင်ပြုလုပ်သလို လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်၏လုပ်ပိုင်ခွင့်အာဏာကိုကျော်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တရားစီရင်ရေးသုံးသပ်ချက် (Judicial Review) ကိုလုပ်ဆောင်သည့်သဘောလည်းဖြစ်နေပါသည်။

ဥပဒေပြုမှုကို အဓိကထားလုပ်ဆောင်ရမည့် လွှတ်တော်အနေဖြင့် အစိုးရအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုရှိမရှိ ဆန်းစစ်သည့်အာဏာကို ယူလိုက်ပါက အစိုးရအဖွဲ့ကဏ္ဍများအကြား အပြန်အလှန်ကွပ်ကဲမှုကို အားနည်းသွားစေပါသည်။

လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များအားလုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် နိုင်ငံရေးလုပ်ငန်းစဉ်ကို မည်သို့မည်ပုံ ညှိနှိုင်းဆောင်ရွက်သွားသည်ကို ဖွင့်ဆိုထားသည့်ဥပဒေဖြစ်သည်ဟု နားလည်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်ကို တိုက်ရိုက်စီမံအုပ်ချုပ်နေသည်ဟု မမြင်သင့်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရနှင့် အုပ်ချုပ်ရေးစနစ်ပုံစံများမည်သို့မည်ပုံ ဖွဲ့စည်းသင့်သည်ကို ဖော်ဆောင်ပေးထားသည့် ဥပဒေတစ်ရပ်ဖြစ်ပါသည်။
တိုင်းပြည်အား အမှန်တကယ်အုပ်ချုပ်သူများသည် ဖွဲ့စည်းပုံအရ ရွေးချယ်ထားသည့် သို့မဟုတ် ခန့်အပ်ထားသည့်သူများဖြစ်ပါသည်။ ထိုသူများအနေဖြင့် မိမိတို့၏ အတ္တမာန်မာန လက်စားချေလိုစိတ်များကို အခြေမခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းမျဉ်းစည်းကမ်းများနှင့် အစိုးရမဏ္ဍိုင်များအကြား အာဏာနှင့် တာဝန်ခွဲဝေ မှုများကိုလေးစားမှုဖြင့် မိမိတို့၏တာဝန်များကို ထမ်းဆောင်ပါမှ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မှန်ကန်အဓိပ္ပာယ်ရှိစွာ အသက်ဝင်လာမည် ဖြစ်ပါသည်။
တိုင်းပြည်၏တည်ငြိမ်မှုနှင့် ဒီမိုကရေစီတည်ဆောက်ရေးကအထောက်အပံ့ပြုလိုသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးအနေဖြင့် တိုင်းပြည်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အထောက်အကူမဖြစ်စေသည့်လုပ်ဆောင်မှုများကို မလုပ်ခြင်းဖြင့်တိုင်းပြည်ကိုချစ်သည့် တာဝန်ရှိ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြောင်း သက်သေပြသင့်ပါသည်။

အောင်မျိုးထွဋ်
(The Voice Weekly)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, September 1, 2012

လူကို ခွေးဖြစ်အောင်လုပ်မယ့် လွှတ်တော်လား

ရေးသားသူ — ဦးအောင်ထူး(ရှေ့နေ)

ယခင်ဗြိတိန်ပါလီမန် နှင့် ယနေ့ မြန်မာ့လွတ်တော်
ပါလီမန် ဒီမိုကရေစီ ၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံရသည့် ဗြိတိန်နိုင်ငံ တွင် ပါလီမန် ဟု ခေါ်သည့် လွှတ်တော်က တိုင်းပြည်၏ အမြင့်ဆုံးအာဏာကို ကျင့်သုံးခဲ့ဖူးသည်။ ယင်းကို တင်စားပြောဆိုကြသည့် စကားတစ်ခုရှိသည်။ "လူကို ခွေးဖြစ်အောင် မလုပ်နိုင်၊ ခွေးကိုလူဖြစ်အောင် မလုပ်နိုင်သည်ကလွဲ၍ ဗြိတိန်ပါလီမန်မလုပ်နိုင်တာ ဘာမျှမရှိ" ဟူ၍ဖြစ် သည်။ ယင်းကို ပါလီမန်လွှတ်တော်၏ အချုပ်အခြာဖြစ်မှု၊ အင်္ဂလိပ်ဘာသာဖြင့် Parliamentary Supremacy ဟု ခေါ်ကြ သည်။ ယခုမကျင့်သုံးတော့ပါ။
မြန်မာနိုင်ငံ၌ စစ်အစိုးရတည်ထောင်ဖွဲ့စည်းထားသောလွှတ်တော်သည် ဗြိတိန် ပါလီမန် က အချုပ်အခြာသဘွယ် ကျင့်သုံးခဲ့သည့် ကာလကထက်ပို၍ပင် တန်ခိုးထွားကာ ဥပဒေစိုးမိုးရေးအခြေခံကို ပြောင်းပြန်လှန်လျှက် လူကိုခွေး ဖြစ်အောင် လုပ်တော့မည်လားဟူ၍ပင် စိုးရိမ်ဘွယ်အခြေအနေကို တွေ့နေရသည် ။ အဘယ်ကြောင့်ပါနည်း။
တောင်အာဖရိက မင်ဒဲလား
ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရာ၌ တိုင်းနိုင်ငံများတွင် အမြင့်ဆုံးတရားရုံးများသည် အချက်အခြာနေရာမှ ပါဝင်ကြ သည်။ အာဏာပိုင်များ နိုင်ငံရေးခေါင်းဆောင်များက အမြင့်ဆုံးတရားရုံးကြီးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက် နာကြောင်းပြခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးကြသည် ။ တောင်အာဖရိက နိုင်ငံတွင် သမတ၏ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေသတ်မှတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟူ၍ တရားရုံးချုပ်၏ ဆုံးဖြတ်ချက် ပေါ်ထွက်လာပြီး နောက်တစ်နေ့တွင် သမတ နယ်လ်ဆင်မန်ဒဲလားသည် သတင်းစာရှင်းလင်းပွဲခေါ်ယူခဲ့သည်။ ၄င်းက သမတ ကိုယ်တိုင် အမြင့်ဆုံးတရား ရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာကြောင်း၊ ဤသည်ကို နမူနာယူကာ တောင်အာဖရိက နိုင်ငံ သားများအားလုံး သည်လည်း အမြင့်ဆုံးတရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း လမ်းညွှန်ခဲ့သည်။
အိန္ဒိယ မစ္စစ်အင်ဒီယာဂန္ဒီ
အိန္ဒိယ နိုင်ငံတွင် မစ္စစ် အင်ဒီရာဂန္ဓီ ၀န်ကြီးချုပ်ဖြစ်ခဲ့သည့်အတွင်း ၁၉၇၅ မှ ၁၉၇၇ ခုနှစ်များ ကာလတွင် သံလက်ဖြင့် အုပ်ချုပ်ခဲ့သည်ဟု ဝေဘန်ခံခဲ့ရသည်။ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်အမြောက်အများကို ဖမ်းဆီး ဖိနှိပ်ခဲ့သော ကြောင့်ဖြစ်သည်။ သို့ရာတွင် အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ရှေ့တော်သွင်းစာချွန်တော် အခွင့် အာဏာကို အသုံးပြု၍ အိန္ဒိယ တရားရုံးချုပ်က ပြန်လွှတ်ပေးခဲ့သည်။ ၀န်ကြီးချုပ် မစ္စစ် အင်ဒီရာဂန္ဓီ ခေါင်းဆောင်ပြီး ပါလီမန် အတွင်း၌ နေရာအများစုရထားသော ကွန်ဂရက်ပါတီသည် လွှတ်တော်အတွင်း၌ တရားသူကြီးချုပ်များအပေါ် စွပ်စွဲပြစ် တင်ခြင်း မရှိခဲ့။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာခဲ့ကြခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ပံ့ပိုးခဲ့ကြ သည်။
အမေရိကန်အယ်လ်ဂိုးလ်
၂၀၀၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ သမတ ရွေးကောက်ပွဲကျင်းပစဉ်အတွင်း မဲရေတွက်ကြရာ ဒီမိုကရက်ပါတီ နှင့် ရီပတ်ဘလီကန် ပါတီ နှစ်ဘက်လုံးက သူနိုင်ကိုယ်နိုင်အငြင်းပွားခဲ့ကြသည် ။ နှစ်ဘက် ပါတီကို ထောက်ခံသူများ လမ်းမပေါ်ထွက်ဆန္ဒပြကြပြီး မိမိတို့ပါတီက နိုင်ကြောင်းကြွေးကြော်ကြသည်။ နှစ်ဘက်လုံးက တရားရုံးချုပ်တွင် အမှု စွဲဆိုကြသောအခါ နောက်ဆုံးတွင် တရားရုံးချုပ်က ရီပတ်ဘလီကန် ပါတီကို အနိုင်ပေးလိုက်သည်။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ဒီမိုကရက်ပါတီ သမတလောင်း အယ်လ်ဂိုးသည် ရုပ်မြင်သံကြား ရှေ့ကို ထွက်လာကာ "အမေရိကန်ပြည်သူများခင်ဗျား၊ ကျွန်တော်တို့ လေးစားတန်ဘိုးထားရတဲ့ တရားရုံးချုပ်ကြီးက ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ရီပတ်ဘလီကန် ပါတီကို အနိုင်ပေးလိုက်ပါပြီ။ ကျွန်တော်အပါအ၀င် အမေရိကန်ပြည်သူတွေ အားလုံး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ လိုပါတယ်။ ကျွန်တော့်ကို ထောက်ခံအားပေးပြီး ဆန္ဒ ပြနေကြတဲ့ လူထုတွေ အားလုံး အိမ်ကို ပြန်ကြပါတော့" ဟု မိန့်ခွန်းပြောကြားရင်း လူထုကို ထိမ်းခဲ့သည်။ တရားရုံး ချုပ်၏ ဆုံးဖြတ်ချက်အပေါ် မကြေနပ်သူ အမြောက်အများရှိခဲ့သော်လည်း လေးစားလိုက်နာခဲ့ကြသည်။ တရားရုံးချုပ်ကို ပြသနာမရှာခဲ့။ ဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးခဲ့ကြသည် ။
ယနေ့မြန်မာနိုင်ငံ လွတ်တော်
ယခုမြန်မာနိုင်ငံ၏ မြင်ကွင်းကို ကြည့်လိုက်ရာ ပြောင်းပြန်ဖြစ်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်နေကြသည့် လွှတ်တော် အမတ်များမှာ အတော်ပင် တက်ကြွနေကြသည် ။ ပြည်ထောင်စုလွှတ်တော်တွင် စွပ်စွဲပြစ်တင်ကြောင်း အဆို အနိုင်ရသွားပြီးနောက် ၄င်းတို့မှာ အောင်ပွဲရနေသကဲ့သို့ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေးသည် ရှေ့ခြေတစ်လှမ်းပင် မတိုးရသေးခင် နောက်ခြေနှစ်လမ်း ပြန်ဆုတ်နေပြီ ဟု ခံစားမိသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၄င်းအပေါ်အခြေခံ၍ တည်ထောင်ထားသည့် တရားစီရင်ရေးစနစ်သည် ဥပဒေစိုးမိုး ရေးကို စစ်မှန်စွာဖေါ်ဆောင် ပေးနိုင်မည့် အလားအလာမှာ လွန်မင်းစွာနည်းလွန်းလှသည်။
သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အရပင်ဖြစ်ပါစေ လူများစုဒီမိုကရေစီကို ကျင့်သုံးသည့် လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာအပေါ် လွတ်လပ်၊ ဘက် မလိုက်၊ ထက်မြက်သည့် တရားစီရင်ရေးက ထိမ်းကြောင်းသည့် မူမျိုးကို တတ်နိုင်သလောက်ကျင့်သုံးလျှင် အကျိုးရှိ မည် ဟု ယူဆပါသည်။ လက်တွေ့မြင်ကွင်းအရမူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ အကြီးအကျယ် စိမ်ခေါ် ခံနေ ရပြီ ဖြစ်သဖြင့် ဤမူသည်ပင် သွက်သွက် ခါအောင် ကိုင်လှုပ် ခံနေရပြီဟု မှတ်ယူရပါမည်။ ဤတွင် ခုံရုံးကများ အမှား ကြီး မှားနေသလားဟူ၍ လေ့လာကြည့်မိသည်။
လွတ်တော်အသီးသီးက ဖွဲ့စည်းလိုက်သောကော်မတီ
သမတက ခုံရုံးသို့ တင်သွင်းလာသော အငြင်းပွားမှုမှာ "လွှတ်တော် အသီးသီးက ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖြစ် ထည့်သွင်းဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိမရှိ" ဖြစ်သည်။ ညီညွတ်ခြင်းမရှိဟူ၍ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ အဘယ်ကြောင့် ဤသို့ ဆုံးဖြတ်ရသည်ကို ခုံရုံးက၂၀၁၂ ခုနှစ် သြဂုတ်လ(၂၉)ရက်နေ့တွင် ရှင်းလင်းချက်များ ထုတ်ပြန်ခဲ့သည်။ ၄င်းတို့အနက် အဓိကအားဖြင့် အောက်ပါစာပုဒ်ကို သတိပြုမိသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄) ဥပဒေပြုရေးအခန်းတွင် ပြဋ္ဌာန်းပါရှိသည့် လွှတ်တော်တွင် ရှင်းလင်းဆွေးနွေး ပြောဆိုခွင့်နှင့် စပ်လျှဉ်းသည့် အကြောင်းအရာပါ ပုဒ်မများ ဥပဒေကြမ်းတင်သွင်းခွင့်နှင့် စပ်လျှဉ်းသည့် အကြောင်း အရာပါ ပုဒ်မများအရ အဓိပ္ပါယ်ကောက်ယူလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ် ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် လွှတ်တော် အဖွဲ့ အစည်းအသီးသီးနှင့် ယင်းလွှတ်တော် အသီးသီးတို့မှ ကိုယ်စားလှယ်များကို ရည်ညွှန်းခြင်း မဟုတ်ကြောင်း ထင်ရှား ပါသည်။"
တိုင်းးပြည်အဆောက်အအုံ နှင့် ပုဂ္ဂိုလ်များ
ဤရှင်းလင်းချက်ကို လူတိုင်းနားလည်အောင် ဖွင့်ဆိုရလျှင် နှစ်ပိုင်းရှိသည်။ ပထမတစ်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီတည်ထောင်ထားသည့် တိုင်းပြည်အဆောက်အအုံများ (Constitutional Institutions) ကိုရည်ညွှန်းသည်။ ဒုတိယ တစ်ပိုင်းမှာ ယင်း အဆောက်အအုံများတွင် တာဝန်ထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များ အား ရည်ညွှန်းသည်။
ပြည်ထောင်စုအဆင့်ဆိုသည်မှာ
ခုံရုံး၏ဖွင့်ဆိုချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်း၍ ပြည်ထောင်စုအဆင့်အနေဖြင့် ဖွဲ့စည်းထားသောတိုင်းပြည် အဆောက်အအုံများ (Constitutional Institutions) တို့ကိုသာ ပြည်ထောင်စု အဆင့်သတ် မှတ်သည်။ ၄င်းတိုင်းပြည် အဆောက်အအုံများတွင် တာဝန်ထမ်းဆောင်နေကြသူများကိုသာ ပြည်ထောင်စု အဆင့်တွင် တာဝန်ထမ်းဆောင် နေ ကြသူများအဖြစ် ခုံရုံးက လက်ခံသည်။ သာဓက အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော် ချုပ်အား ပြည်ထောင်စု အဆင့်အနေဖြင့် ဖွဲ့စည်းထား သည်။ သို့ဖြစ်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တွင် တာဝန်ထမ်းဆောင်နေကြသည့် တရားသူကြီးများကိုသာ ပြည်ထောင်စု အဆင့်တွင် တာဝန်ထမ်းဆောင်နေကြ သူများ အဖြစ် ခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့်က ထပ်မံဖွဲ့စည်းသော ကော်မတီစသည်များ
ဆိုလိုသည်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု အဆင့်ဖြစ်သော်လည်း လိုအပ်ချက်အရ ကော်မတီနှင့် ကော်မရှင်များ ထပ်မံဖွဲ့စည်းစေဦးတော့၊ ယင်းတို့သည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ သတ်မှတ် ထားသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းမဟုတ်၊ ယင်းသို့ ထပ်မံဖွဲ့စည်းလိုက်သည့် ကော်မတီနှင့် ကော်မရှင်များ တွင် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များသည် ပြည်ထောင်စု အဆင့်ခံစားခွင့်များ မရထိုက်ဟူ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ မှားယွင်းပါသည်ဟူ၍ မည်သို့ပြောနိုင်ပါအံ့နည်း။
ပြည်သူ့လွတ်တော်နှင့် အမျိုးသားလွတ်တော်
ပြည်ထောင်စု လွှတ်တော်ဘက်မှ ပြန်လည် စဉ်းစားကြည့်ကြပါစို့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နံမည်ကိုပင် ပြည် ထောင်စု လွှတ်တော်ဟူ၍ ခေါ်ဝေါ်သုံးစွဲထားသဖြင့် ပြည်ထောင်စု အဆင့်ရှိသည်မှာ မည်သို့မျှ အငြင်းမပွားနိုင်။ သို့ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့နှစ်ရပ်ပေါင်းလျှင် ပြည်ထောင်စုလွှတ်တော် ဖြစ်သည်ဟု ဆိုသော်လည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တစ်ရပ်ခြင်းစီသည် ပြည်ထောင်စု လွှတ်တော်ဟူ၍ မပြော နိုင်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွင့်ဆိုချက်အရ ဆိုလျှင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တစ်ရပ်ခြင်းစီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားသည့် ပြည်ထောင်စုအဆင့် တိုင်းပြည်အဆောက် အအုံများ (Constitutional Institutions) မဟုတ် ဟူ၍ နားလည်ရမည်ဖြစ်သည်။
မြန်မာလွတ်တော်အမတ်များ ရှေထိုးနောက်ပြန် ကျွမ်းထိုးကြ
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တစ်ရပ်ခြင်းစီသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ဖြစ်သည်ဟူ၍ လည်း၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်နေရာတွင်မျှမပါရှိပါ။ ခုံရုံး၏ သုံးသပ်ချက်ကို ထောက်ရှု၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တရပ်ခြင်းစီသည်ပင် ပြည်ထောင်စု အဆင့်တိုင်းပြည်အဆောက်အအုံ စာရင်းထဲ တွင် ပါဝင်ခြင်းမရှိပါက ယင်းတို့မှ ဖွဲ့စည်းပေးလိုက်သည့် ကော်မတီနှင့် ကော်မရှင်များသည် မည်သို့လျှင် ပြည်ထောင်စု အဆင့် ရှိနိုင်ပါမည်နည်း။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားကြသူများအနေဖြင့် ခုံရုံး၏ ဖွင့်ဆိုချက်ကို မကြိုက်လျှင်လည်း ကိုယ့်စိတ်ကို ကိုယ် မထိမ်းနိုင်ပါက ရှေ့ပြန်နောက်ပြန် ကျွမ်းထိုးနေကြရုံသာ ရှိသည်။ မည်သို့မျှ တတ်နိုင်မည်မဟုတ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွင့်ဆိုချက် လုံးဝမှားနေပါသည်ဟူ၍လည်း မပြောနိုင် သောကြောင့် ဖြစ်သည်။
ဒါလားဟဲ့ အများဆန္ဒ
ဤသည်ကို နားလည်သဘောပေါက်သွားကြသောအခါ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကြီးများက ၄င်းတို့၏ အဆင့်အားနှိမ့်ချခြင်းခံလိုက်ရသည်ဟု ခံစားသွားကြပုံရသည်။ ရှူးရှူးရှဲရှဲနှင့် ဒေါသူပုန်ထသွားကြ တော့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအား ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ဖြစ်သွားကြတော့သည်။ ဥပဒေ ကြောင်းအရ နိုင်အောင် မပြောနိုင်တော့သောအခါ အများစုနှင့် ကိုင်ဖို့ကြိုးစားလာကြတော့သည်။ အများညီ ဤ ကို ကျွဲဖတ် ဇာတ်ခင်းလာကြသည်။

မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေး ဇာတ်လမ်းမှာ အထက်တွင် တင်ပြခဲ့သည့် နိုင်ငံများ၏ အတွေ့အကြုံများနှင့် နိုင်းယှဉ်လျှင် ပြောင်းပြန်ဖြစ်သွားခဲ့ပြီ။ တစ်တိုင်းပြည်လုံးက လေးစားရမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးများသည် မျက်စိသူငယ် တရားခံအနေအထားနှင့် အစစ်ခံကြရတော့မည့်ကိန်းဆိုက် နေပါပြီ။
ယခုမှ ပေါ်လာသော ပြဿနာမဟုတ်
စင်စစ်အားဖြင့် ယင်းသို့ဖြစ်ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရည်ရွယ်ချက် ရှိရှိ ပညာ သားပါပါ ခင်းထားသော လမ်းကြောင်းကြောင့်ဖြစ်သည်။ ခုံရုံး၏ ရှင်းလင်းချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စတင်ရေးဆွဲစဉ်ကထဲက အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌက ချထားခဲ့သည့် လမ်းညွှန်ချက်အား ပြန်လည် ကိုးကားထားသည်ကို လေ့လာကြည့်ပါ။ ယခုမှ ပေါ်ပေါက်လာသည့် ပြသနာ မဟုတ်။ အမျိုးသားညီလာခံ စတင် ကျင်းပခဲ့သည့် ၁၉၉၃ ခုနှစ်ကထဲက စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သော လမ်းကြောင်းဖြစ်ကြောင်း တွေ့ရ သည်။
အများအားကို ထိန်းညှိထားတဲ့ ဥပဒေ
ယင်းနှင့် ဆက်စပ်ကာ နှစ်ချက် သုံးသပ်လိုပါသည်။ ပထမ အချက်မှာ နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် လွှတ်တော်တွင် အမတ်နေရာ အများစုရပြီးရွေးချယ်တင်မြှောက်ခံရစေ ဦးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမတ စနစ်ကို တီထွင် ကျင့်သုံးထားသဖြင့် စစ်တပ် နှင့် စစ်ခေါင်းဆောင် ဟောင်းများက မထောက်ခံသမျှ ကာလပတ်လုံး ၄င်းပါတီ၏ ခေါင်းဆောင်သည် သမတ မဖြစ်နိုင်ပါ။ သမတ တွင်သာ ပြည်ထောင်စု ၀န်ကြီးအဖွဲ့ဝင်များအား ခန့်ခွင့်ဖြုတ်ခွင့် ရှိသဖြင့် သမတ က နိုင်ငံရေးအရ ချော့ထားသည့် အနေဖြင့် လွှတ်တော်အတွင်း အများစု နေရာရထားသော ပါတီ မှ ပုဂ္ဂိုလ်အချို့အား အရေးမပါသည့် ၀န်ကြီးနေရာအချို့ပေး ကောင်းပေးမည်။ ရွေးကောက်ပွဲတွင်နိုင်ပြီး လွှတ်တော်အတွင်းတွင် အမတ်နေရာအများစုရသော ပါတီသည် ဤမျှနှင့် သာ ကြေနပ်ရပါမည်။ သမတ နေရာမရနိုင်သဖြင့် အစိုးရဖွဲ့ခွင့် မည်သည့်အခါတွင်မျှ ရမည်မဟုတ်ပါ။ အစိုးရဖွဲ့ခွင့်မရ လျှင် လူထုအတွက် သာမက တပ်မတော်သားထုအတွက်ပါ ဆိုးဝါးသော စစ်အာဏာရှင်စနစ်အား၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ ကျင့်သုံးထားမှုကို ချုပ်ငြိမ်းအောင်လုပ်ဘို့ မလွယ်လှပါ။

တရားမျှတရေး အချိန်မဆွဲသင့်
ဒုတိယ အချက်မှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ကြိုတင်မဲများဖြင့် အနိုင်ယူသွားခဲ့ကြသည့် ပြသနာကို ရွေးကောက်ပွဲ ကော်မရှင်က ၀န်ခံပါလျှက် အရေးယူဖြေရှင်းပေးခဲ့ခြင်းမရှိ။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပြားအပေါ် ဖယောင်းသုတ်ထားသည့် ပြသနာအားဖေါ်ထုတ်သည့် ရှေ့နေကြီး ဦးဥာဏ်ဝင်းသည်ပင်လျှင် တရားလိုအဖြစ်မှတရားခံ ဘ၀သို့ကျရောက်သွားခဲ့ရသည်။ မည်သည့် မသမာမှုကိုမျှ ဖေါ်ထုတ်အရေးယူခြင်းမရှိပြန်။ လက်ရှိအချိန်တွင်လည်း စစ်မှန်သည့် ရွေးကောက်ပွဲ များကျင်းပခွင့်ရစေရန် ရွေးကောက်ပွဲဥပဒေများအား ပြင်ဆင်ပြောင်းလဲပြဌာန်းစေရေး ကြိုးပမ်းသည့် လှုပ်ရှားမှု တစ်ခုမျှ မရှိ။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် မသမာမှုပေါင်းစုံ ထပ်မံ ပေါ်လာနိုင်သည်။ လူထု ကိုယ်စားလှယ် အစစ်မဟုတ်သူ အမြောက်အများ နေရာဝင်ယူကြဦးမည်။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရေး ဟူသောအကြောင်းပြချက်ဖြင့် အချိန်မဆွဲသင့်ပါ။
ကျော်မကောင်းကြားမကောင်း
လွှတ်တော်နှင့် ခုံရုံးအကြား လက်ရှိအငြင်းပွားကြသည့် အကြောင်းရင်းခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး မဟုတ်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ မရှင်းလင်းမှုကြောင့် ဖြစ်ရသည့် ပြသနာအပေါ် ခုံရုံးကို အပြစ်ရှာခြင်း၊ ခုံရုံးတရားသူကြီးများကို အရေးယူဘို့ကြိုးပမ်းခြင်းမှာ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ကျော် မကောင်း ကြားမကောင်းသည့် ကိစ္စဖြစ်သည်။ မလုပ်သင့်သော ကိစ္စဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံခုံရုံး တည်ရှိခြင်းမှာ
စင်စစ်အားဖြင့်မူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တည်ထောင်ထားရှိခြင်းမှာ ဖွဲ့စည်းပုံဆိုင်ရာနှင့် စပ်လျှဉ်း၍ မရှင်းလင်းသည်များ၊ အငြင်းပွားမှုများရှိလာလျှင် ရှင်းလင်းဖွင့်ဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်ဖြစ်သည်။ ဆုံးဖြတ်ချက်များ အပေါ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာရပါမည်။ လူများစုက ကြိုက်မှ လိုက်နာမည် ဟု ဆိုပါက လူများစုကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်အပေါ် လူနည်းစုဥပဒေပညာရှင်များဖြင့် ဖွဲ့စည်း ထားသည့် တရားစီရင်ရေးက ဥပဒေရှုဒေါင့်မှ ကြပ်မတ်သည့် အခြေခံတွင် ဥပဒေစိုးမိုးရေးစနစ်တည်ဆောက်မှု ကို ငြင်းပယ်လိုက်ရာ ကျပါမည်။
ယခုလွှတ်တော်သည် ဤလမ်းကြောင်းကို လျှောက်လျှက်ရှိသည်။ လူများစု ဆန္ဒမဲရလျှင် ဘာမဆိုလုပ်နိုင်သည့် သဘောမျိုးပြုမူလျှက်ရှိသည်။ ဗြိတိသျှ ပါလီမန်က ကျင့်သုံးခဲ့သည့် ပါလီမန် လွှတ်တော်၏ အချုပ်အခြာဖြစ်မှု Parliamentary Supremacy ကို အတင်းအကြပ်ကျင့်သုံးရန် ကြိုးပမ်းလျှက် ရှိသည်။

လူစင်စစ်မှ ခွေးဖြစ်ရမည့်ကိန်းဆိုက်
"လူကို ခွေးဖြစ်အောင် မလုပ်နိုင်၊ ခွေးကိုလူဖြစ်အောင် မလုပ်နိုင်သည်ကလွဲ၍ ဗြိတိန်ပါလီမန်မလုပ်နိုင်တာ ဘာမျှမရှိ" ဟု ပြောခြင်းမှာ တင်စားခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံလက်တွေ့တွင်မူ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး တရား သူကြီးများ အနေဖြင့် ၄င်းတို့၏တာဝန်ကို တတ်စွမ်းနိုင်သလောက် ထမ်းဆောင်ပါလျှက် အကယ်၍ ပြည် ထောင်စု လွှတ်တော်က သာ အရေးယူထုတ်ပယ်လိုက်မည် ဆိုလျှင် တရားသူကြီးများအား အတင်းအကြပ် လူအဖြစ်မှ ခွေးဇာတ် သွင်းစေလိုက်ခြင်း ဖြစ်ပါမည်။ ၄င်းတို့ဘ၀တွင် ဂုဏ်သိက္ခာအရ များစွာထိခိုက်ကျဆင်းစေမည် ဖြစ်သော ကြောင့်ပင်။
ဤသည်မှာ လုံးဝ မလုပ်သင့်သော အလုပ်ဖြစ်သည်။
ငါတကော ခေတ်မရှိတော့ပြီ ၊ အပြန်အလှန်ထိန်းညှိ
ဗြိတိသျှ ပါလီမန်က ပါလီမန် လွှတ်တော်၏ အချုပ် အခြာဖြစ်မှု ကျင့်သုံးခဲ့ပုံမျိုးကို ဖေါ်ဆောင်လိုသည်ဆိုလျှင် စစ်မှန် သော ရွေးကောက်ပွဲများကို ဖြတ်သန်းပြီး လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက်ထား သူများနှင့်သာ ဖွဲ့စည်းသည့် လွှတ်တော်ဖြစ်ရန် ကြိုးပမ်းဘို့ လိုပါဦးမည်။ ဤအခြေအနေများအားလုံးကို သန့်ရှင်းစေပြီးမှသာ ဗြိတိသျှ ပါလီမန် လုပ်ဟန်မျိုးကို စဉ်းစားလိုက စဉ်းစားနိုင်ကြပါမည်။
သို့ရာတွင် ယင်းလုပ်ဟန်မျိုးသည်ပင် ကမ္ဘာတွင်ခေတ် မရှိတော့ပါ။ ဥပဒေပြု၊ အုပ်ချုပ်၊ တရားစီရင် ဟူသော အာဏာကြီး သုံးရပ် အပြန်အလှန် ထိမ်းညှိရေးကိုသာ တိုးတက်သော ဒီမိုကရေစီ နိုင်ငံကြီးများတွင် အောင်မြင်စွာ ကျင့်သုံးလျှက်ရှိကြသည်။
ရေးရာက်ေမတီများသည့် တိုင်းပြည်အဆင့် မဖြစ်သင့်
အလျှောက်သင့်ဆုံးလမ်းကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ ကြောရိုးတစ်ခုလုံးအား ပြင်လိုက်ရန်သာဖြစ်သည်။ လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သော တရားစီရင်ရေးစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စတင် တည်ဆောက်ရန်ဖြစ် သည်။ ထို့အပြင် လွှတ်တော်က ဖွဲ့စည်းပေးမည့် ကော်မတီနှင့် ကော်မရှင်များ ကိစ္စကို ဖွဲ့စည်းပုံတွင် ရှင်းရပါဦးမည်။ လွှတ်တော်ကဖွဲ့စည်းသည့် ရေးရာကော်မတီများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်သည့် တိုင်းပြည် အဆောက်အအုံများ (Constitutional Institutions ) မဖြစ်နိုင်ပါ။ ဖြစ်လည်း မဖြစ်သင့်ပါ။

ကျရာလုပ်ငန်းကော်မတီ တာဝန်ထမ်းဆောင်
အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် သက်ဆိုင်ရာ အကြောင်းရပ်အလိုက် သတင်းအချက်အလက်များ မေးမြန်းလေ့လာ စုဆောင်း၊ သုတေ သနပြု သုံးသပ်၊ တွေ့ရှိချက်များကို လွှတ်တော်သို့တင်သွင်း ဆွေးနွေး စသည့်လုပ်ငန်းများကို သာ အဓိက လုပ်ဆောင် ရသောကြောင့်ဖြစ်သည်။ လွှတ်တော် အမတ်များ အနေဖြင့် အမတ်များရသင့် သည့် ခံစားခွင့်ရိုးရိုးကိုယူကာ အမတ်တစ်ယောက်၏ တာဝန်ကို ကျရာ လုပ်ငန်းကော်မတီ တခုခုတွင် ၀င်ရောက်ထမ်း ဆောင်ခြင်းမျိုးသာ ဖြစ်ရပါမည်။ ဤအတိုင်းပင် နိုင်ငံအသီးသီးရှိ လွှတ်တော်များတွင် ဖေါ်ဆောင်လျှက်ရှိကြသည်။ လွှတ်တော် နှစ်ရပ်ပေါင်းတွင် ကော်မတီ သုံးဆယ်ခန့်ရှိသည်ဟု ကြားရသည်။ ယင်းကော်မတီဝင်များ အားလုံးကိုသာ ပြည်ထောင်စု အဆင့် ခံစားခွင့်မျိုးပေးရလျှင် စားရတပ်ကြီးလွန်းလှ သဖြင့် တိုင်းပြည် ဆင်းရဲ တွင်းနက်သည့် ဘ၀က ရုန်းထွက်နိုင်မည် မဟုတ်ပါ။
ပြည်ထောင်စုအဆင့်ရှိကော်မရှင်ဆိုသည်များ
တတိုင်းပြည်လုံး အဆင့် တနည်းအားဖြင့် ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တည်ထောင် သည့် ကော်မရှင်ဆိုသည်များကို (Constitutional Institutions ) များ အဖြစ်သတ်သတ် စဉ်းစားရပါမည်။ မိမိတိုင်းပြည် ၏ ထူးခြားချက်နှင့် လိုအပ်ချက်အရ အထူးပြုဆောင်ရွက်ရမည့် အနေအထားရှိသည့် အကြောင်းရပ်များ အား အဆိုပါ ကော်မရှင်များက အဓိကတာဝန်ယူ ဖေါ်ဆောင်ကြလေ့ရှိပါသည်။
ဥပဒေရှိဖို့လိုတဲ့ ပြည်ထောင်စု အဆင့်ကော်မရှင်
သာဓကအားဖြင် တောင်အာဖရိက နှင့် နိုင်ငံတချို့ တွင် ကျားမ တန်းတူရေးကော်မရှင် တို့ရှိသည်။ နယူးဇီလန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ ထိုင်း စသောနိုင်ငံ များတွင် အစိုးရလက်အောက်ခံမဟုတ်ဘဲ လွတ်လပ်သည့် လူ့အခွင့်အရေးကော်မရှင်များ ရှိသည်။ ၄င်း ကော်မရှင်များအတွက် လုပ်ပိုင်ခွင့်၊ တာဝန်၊ ဖွဲ့စည်းမှု၊ လုပ်ငန်းလည်ပတ်ပုံ စသည်တို့ကို သက်ဆိုင်ရာ နိုင်ငံများ တွင် သီးခြား ဥပဒေများ ပြဋ္ဌာန်းပေးကြရသည်။ ၄င်းတို့ သုံးစွဲမည့် ဘဏ္ဍာငွေကြေးကို တိုင်းပြည် ဘဏ္ဍာငွေမှ နေ၍ လွှတ်တော်က သီးခြား သတ်မှတ်ပေးရသည်။ အစိုးရထံမှ လက်ဖြန့်ခံတောင်းစရာမလိုခြင်းဖြင့် ၄င်းကော်မရှင်များသည် အားကောင်းကောင်းလည်ပတ်နိုင်သည်။

ဒါ ပြည်ထောင်စုအဆင့် ကော်မရှင်ဖြစ်မလား
သာဓကအားဖြင့်ပြောပါမည်။ ယခု ပြည်သူ့လွှတ်တော်မှ နေ၍ ဒေါ်အောင်ဆန်းစုကြည်အား ဦးဆောင်စေကာ ဖွဲ့စည်း ပေးထားသည့် ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်ရေးကော်မရှင်မှာ ထိထိရောက်ရောက် လုပ်နိုင်ဘို့ မလွယ်လှပါ။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်သော်လည်းကောင်း၊ ပါဝင်တာဝန်ယူကြသော လွှတ်တော် အမတ်များသည်လည်း ကောင်း အရည်အချင်း ညံ့ဖျင်းကြ၍ မဟုတ်ပါ။
ပထမ အချက်မှာ လွှတ်တော်၏ကော်မတီ တစ်ရပ်အဆင့်တွင်သာ ရှိနေ၍ ဖြစ် သည်။
ဒုတိယ အချက်မှာ ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တည်ထောင် သည့် ကော်မရှင် (Constitutional Institution) မဟုတ်သဖြင့် ၄င်းအတွက် သတ်သတ်မှတ်မှတ်လုပ်ပိုင်ခွင့်၊ တာဝန်၊ ဖွဲ့စည်းမှု၊ လုပ်ငန်း လည်ပတ်ပုံ စသည်တို့ကို ဥပဒေတစ်ရပ်သီးသန့်ပြဋ္ဌာန်း မပေးနိုင်၍ ဖြစ်သည်။
ယင်းကော်မတီမှာ ယခုအချိန်၌ လူထုထံမှ တိုင်ကြားစာများကို လက်ခံစစ်ဆေးနေကြောင်းကြားသိရသည်။ သို့ရာတွင် ပြသနာမှာ တာဝန်ရှိအစိုးရအာဏာပိုင်များအပေါ် စုံစမ်းစစ်ဆေးပိုင်ခွင့် ယင်းကော်မရှင်တွင်ရှိမရှိ မသေချာ၊ ကော်မရှင် က စစ်ဆေးပြီးနောက် တရားစွဲအရေးယူရန်လိုအပ်သည်ဟု လွှဲအပ်ပေးပါက ရှေ့နေချုပ်ရုံးက လက်ခံပြီး အမှုကို တရား ရုံးမှာ ဖွင့်ပေးမပေး မသေချာ။
ဘဏ္ဍာငွေရှိမှ အားရှိသည့် ကော်မရှင်ဖြစ်မည်
တတိယ အချက်မှာ ဘဏ္ဍာငွေ မရှိသည့် ပြသနာဖြစ်သည်။ အစိုးရက ထုတ်ပေးမှ လုပ်ငန်းလည်ပတ်နိုင်မည်။ အစိုးရ က အကြောင်းကြောင်းကြောင့် ပညာပြပြီး ထုတ်မပေးဘဲ နေ၊ ကော်မတီအနေဖြင့် ပြည်တွင်းလူထုနှင့် နိုင်ငံတကာမှ လွတ်လပ်စွာ ရံပုံငွေ ရှာဖွေခွင့်အား ဥပဒေနှင့် အညီ အပ်နှင်းထားခြင်းလည်း မခံရပါက ရံပုံငွေမရှာနိုင်။ ရံပုံငွေမရှိပါက လုပ်ငန်းများ ထိရောက်စွာ မလည်ပတ်နိုင်။ သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် ယင်း ကော်မတီ တွင် တာဝန်ယူနေ ကြသူများ၏ အရည်အချင်း နှင့် လုပ်အားများ အလဟသ ဖြစ်နေမှာ စိုးရိမ်ရသည်။ သို့ဖြစ်၍ ယင်းကဲ့သို့အရေးကြီး သော လုပ်ငန်းမျိုးအား လွှတ်တော်၏ ကော်မတီတစ် ရပ်ထက်ပို၍ အဆင့်မြင့်သော တိုင်းပြည်အဆောက်အအုံသို့တိုးမြှင့် ဖွဲ့စည်းပေးရန် လိုပါသည်။
ပြည်ထောင်စုအဆင့် ရှိဖို့လိုနေတဲ့ ကော်မရှင်များ
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် လက်တွေ့လိုအပ်ချက်အရ ပြည်ထောင်စု အဆင့် တိုင်းပြည်အဆောက်အအုံ (Constitutional Institutions ) များအနေဖြင့် မရှိမဖြစ် လိုအပ်သော အောက်ပါ ကော်မရှင်လေးခုကို အဆိုပြုပါသည်။
(၁) ဥပဒေစိုးမိုးရေး ကော်မရှင်
(၂) လူ့အခွင့်အရေးကော်မရှင်
(၃) တိုင်းရင်းသားရေးရာ ကော်မရှင်
(၄) အမျိုးသမီးရေးရာ ကော်မရှင်

ယခုလက်ရှိ ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအား အပြစ်မရှိ အပြစ်ရှာ၊ ဥပဒေစိုးမိုး ရေး အခြေခံကို ငြင်းပယ်၊ တိုင်းပြည်၏ ဘဏ္ဍာငွေကုန်၊ အချိန်ကုန်၊ လူပန်း အကျိုးမရှိစေဘဲ လူကိုခွေးဖြစ်အောင်လုပ်သည့် ဇာတ်လမ်းအား ရပ်တန်းက ရပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ ဇောင်းပေးလုပ်ဆောင် သင့်ပါသည် ။

အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် သြဂုတ်လ (၃၁) ရက်

ပို့စ်တင်သူမှတ်ချက် ။
ဆရာဦးအောင်ထူး၏ မူရင်းဆောင်းမှာ ခေါင်းစဉ်ခွဲများမပါပါ ၊ စာရှုသူများ ငြီးငွေ့ဖွယ်ရာများဖြစ်လေမလားဟူ၍ တွေးထင်ပါသဖြင့် ၊ ခေါင်းစဉ်ငယ်များ ဖြည့်ထားသည်မှအပ ဆရာ၏ မူလအာဘော်အတိုင်းသာဖြစ်ပါကြောင်း ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, August 31, 2012

ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်

ရေးသားပေးပို့သူ — (မန်း) ဆုတောင်း
မင်္ဂလာပွဲတော်ဖြစ်ပေါ်လာပုံသမိုင်း
ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။ အရှေ့ပိုးကရင် ဗုဒ္ဓဘာသာအနွယ်ဝင်တို့သည် ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်း ကျင်းပခြင်းကို အစဉ်အလာတစ်ရပ်အဖြစ် ပြုမြဲရှိကြသည်။ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသသို့ ရှာဖွေရာ၌ အစဦးတွင် တစ်အုပ်စုတည်း ဆင်းသက်လာသူတို့က နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။

ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့်အခါသော်လည်ကောင်း၊ တစ်အုပ်စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်းသိရှိမှတ်သားနိုင်ရန် လက်တွင် ချည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ ထိုသို့ လက်တွင် ချည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထားရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟု အဆိုရှိကြသည်။
ကရင်လူမျိုးများသည် ရေကြည်ရာ၊ မြက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ်(အမိဘက်)၊ ဖါ-ထါ်(အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စုမကွဲမှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်းအသိ အမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊ (၂) ဖူ့က်ုဆင့်မဲပါ၊ (၃) ဖူ့ဒေတ်၊ (၄) ဖူ့ကျာပံင်၊ (၅) ဖူ့လေံင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖုးသူရေင့် စသည့် ကိုးယောက်သောခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။

ရှေးအခါက ကရင်လူမျိုးများ
ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့်လယ်လုပ်ငန်းကို သူသူငါငါ လုံးပန်းနေချိန်တွင် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့် ၀ါခေါင်လတွင် ခေတ္တ အားလပ်ကြ၍ အချင်းချင်းတွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့်ပင် စုပေါင်းမင်္ဂလာလက်ချည်ချင်းကို ၀ါခေါင်လတွင်ရွေးချယ်၍ ခင်းကျင်းကြလေသည်။ ၀ါခေါင်လ လက်ချည်ခြင်းကို ရှေးကရင်လူကြီးများက ကြီးမားသောရည်ရွယ်ချက်များ ထားရှိပေသည်။

ဝါခေါင်လလက်ချည်ခြင်းဟူ၍သမုတ်
ဝါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။ ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍လုပ်ကိုင်ခြင်းစားသောက်နှင့် ကြုံတွေ့ရသောဘေးအန္တရာယ်ကို စုပေါင်း၍တွန်းလှန်ကာကွယ်လေ့ရှိသလို ၀ါခေါင်လရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။ ၀ါခေါင်လတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစုပေါင်း၍ လက်ချည်ခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။

ဝါဆိုလလွန်၍ ၀ါခေါင်လရောက်လာလျှင် စားသုံးရန်ရိက္ခာများ လျော့နည်းလာ၏။ အိမ်ထောင်စုအလိုက်၊ ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ်လာသည်။ ထိုသို့ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လသည် မိုးသည်းထန်စွာ ရွာသွန်း၍ အအေးဓါတ်လည်းလွန်ကဲနေသည်။

ချောင်းရေ၊ မြစ်ရေများလျှံ၍ ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။ အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များဝင်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်းဆိုးဝါးလဟူ၍ မှတ်ယူကြသည်။ အမှန်မှာမကောင်းဆိုးဝါးလ မဟုတ်ချေ။ ၀ါခေါင်လတွင် ခံတွင်းမြိန် စားသောက်၍၀င် အာဟာရ တွေ့သောလသာဖြစ်သည်။

အရှေ့ပိုးကရင် လက်ချည်မင်္ဂလာ
ကရင်ရိုးရာ လက်ချည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာမင်္ဂလာပြုသောခြည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာချည်ဖြူဖြင့် လက်ကိုရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။ ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။ ကရင်ရိုးရာလက်ချည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။ ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။
ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ချည်ခြင်း (လာဟှာခါင်စူး)၊(၂) ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ချည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။ လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ်လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊
အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေတတ်သည်ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။

ချည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်း ၉ မျိုး
ချည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ (၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက်ညှင်းထုပ်ဖင်ချွန်၊ (၈) နတ်ပန်းညို(ဖ၀့်ဝီ)၊ (၉) ရေ စသည်တို့ ဖြစ်ပါသည်။


(၁) ဆန်ကော
ဆန်ကောသည် ၀ါးနှင့်ယက်လုပ်ထားခြင်းဖြစ်သည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အိုးအိမ်ကိုဝါးဖြင့် ဆောက်လုပ်ကြသည်။ အိမ်သုံးပစ္စည်းကို သဘာ၀၀ါးပင်နှင့်ယက်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် ယက်လုပ်ခြင်း လက်မူအတတ်ပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။

(၂) ယောက်မ
အချို့သော လူငယ်လူရွယ်တို့သည် စိတ်မြန်၊ လက်မြန်ရှိကြပြီး ဓါး၊ လှံစသည်တို့ကိုထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်လွဲမှားမူမျိုးမရှိရအောင် အေးချမ်းစွာ ညှိနှိုင်းတိုင်ပင်ပြီး ပြောဆိုရမည်ကို ယောက်မနှင့်ခေါက်၍ နှိုင်းပြထားခြင်းဖြစ်သည်။ ယောက်မသည် ပူလောင်ခြင်းကိုဒဏ်ကိုခံရည်ရှိရာ ထမင်းဟင်းလျာများချက်ရာတွင် လိုသလိုမွှေပြီး အသုံးပြုခြင်းဖြစ်သည်။

(၃) ချည်ဖြူ
ဝါဂွမ်းစေ့ကို တစ်လုံးချင်းစုစည်းပြီး မြဲသောလက်ဖြင့် ဂွမ်းကိုကျစ်ပြီး လူမျိုးအားလုံးသည်လည်း ချည်ဖြူကဲ့သို့ ကျစ်လျစ်ခိုင်မြဲရမည်ဟူ၍ဖြစ်သည်။ အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကိုဆောင်သည်။ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်ကာကွယ် ပြေပျောက်စေရန် အတွက်ဖြစ်သည်။

(၄) ကြံ
ကြံသည် ထူးခြားသည့်ဝိသေသ ရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ်ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများ လာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ်ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများလာနိုင်ပါသည်။ အဆစ်တိုင်းအဆစ်တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊မိုး၊ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ်ချိုမြိန်သည့်အရသာကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။

(၅)ငှက်ပျောသီး
ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်းကျနစွာဖြင့် စီတန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ်ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာဆင်းပြီး အစွယ်အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာသီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်းအထိ ခုတ်ပိုင်းဖျက်ဆီးသော် လည်း အချိန်တန်လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့် ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီးမြေးမြစ်များဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

(၆) ထမင်းဆုပ်
ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ်ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန် ရည်ရွယ်ဖေါ်ပြခြင်း ဖြစ်ပါသည်။

(၇) ကောက်ညှင်းထုပ်ဖင်ချွန်
ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ ဖင်ချွန်ထုပ် စည်းထားသဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန်အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ်စုစည်း၍ ထက်မြက်ထူး ချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။

(၈) နတ်ပန်းညို(ဖ၀့်ဝီ)
နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍ ရုံဖွဲ့  မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။ ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည်။ အထူးသဖြင့် နတ်ပန်ညိုပန်း(ဖ၀့်ဝီ)ကဲ့သို့ပင် ကရင်လူမျိုး များသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည်တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင်ထိန်းသိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။

(၉) ရေ
ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။ ရေ၏စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရသည့်အရာဖြစ်သည်။ ဟောင်း နွမ်း ညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီးဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည်ပြည့်ဝစေခြင်းဖြစ်သည်။

ဤသို့ဤနှယ်ပြင်ဆင်
လက်ချည်ရာတွင် ဆန်ကောတစ်ခုခုပေါ်တွင် ယောက်မ၊ ထမင်းခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊ ငှက်ပျောသီးမည့်ခုနှစ်လုံး၊ ကြံခုနှစ်စိပ်၊ နတ်ပန်းညို(ဖ၀့်ဝီ) ခုနှစ်ခက်နှင့် ရေကြည်အေးတစ်ခွက်ကို ချထားလေသည်။ ထိုအရာဝတ္ထုပစ္စည်းများပေါ်တွင် အရှည်တစ်တောင်ကျော်ခန့် ချည်ဖြူများကိုဖြတ်ပြီး ဖြန့်စီထားလေသည်။

လက်ချည်ခံမည့်လူသည် လက်နှစ်ဖက်လက်ဝါးကို ဖြန့်ပြီးဆန့်ထားရသည်။ လက်ဝါးပေါ်တွင် ထမင်းတစ်ဆုပ်၊ ကောက်ညှင်းတစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး၊ ကြံတစ်စိပ်နှင့် နတ်ပန်းညိုသုံးခက်ကို ကိုင်ထားရသည်။ လက်ချည်ပေးကြမည့် ပုဂ္ဂိုလ်များသည် လက်ချည်ခံသူ၏လက်ကို ညင်သာစွာကိုင်ယူပြီး ချည်ဖြူတစ်ပင်ကို အလယ်တည့်တည့်တွင် ရေအနည်းငယ်ဆွတ်လိုက်သည်။ ထို့နောက်တွင် မကောင်းသောအရာများ ကျသွားစေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် သုံးခါသပ်ချပေးလိုက်သည်။ ထိုသို့ ပြုပြီးနောက်တွင် ချည်ဖြူဖြင့်လက်ကိုဦးစွာ ညာလက်တွင်ရစ်ပတ်ပြီး အောက်ပါအတိုင်း ဆုတောင်းပေးကြသည်။

ပြန်လာခဲ့ပါလိပ်ပြာလေး
ပလူး- "လိပ်ပြာကလေး ပြန်ခဲ့ ပြန်ခဲ့။ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရန် ပြန်ခဲ့။ မနေအပ်သောအရပ်၊ မသွားမလာသင့်သောအရပ်။ သုသာန်တစပြင်နှင့် မကောင်းဆိုးဝါးတို့ ကျက်စားရာနေရာများမှရှောင်ထွက်၍။ မကောင်းသောမိစ္ဆာ၊ မိန်းမပျက်၊ မိန်းမယုတ်တို့၏ ဖျားယောင်းသောစကားကို မယုံကြည်ပါနှင့်။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုရန် အဘိုး၏ဖားစည်ကိုတီး၊ အဘွား၏ပလိုင်းကိုလွယ်ရန် ပြန်ခဲ့။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သားအလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သားကိုချေ သံကိုခွေနိုင်သည့် ခွန်အားတို့ဖြင့် ကျန်းမာစေပြီး၊။ သားသမီးတကျိတ်၊ မြေးတစ်ရာနှင့် မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်၍ ပြန်ခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ" ဟူ၍ဆုတောင်းကြသည်။

ဆံပင်ဖြူရန်ဆုတောင်းပေး
လက်ချည်ဆုတောင်းခြင်းကို ပြုပြီးသည်နှင့် ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ်ယူလိုက်သည်။ ထိုခြည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်ခက်နှင့် လက်ချည်ခံသူ၏ ငယ်ထိပ်တွင်တင်ပေးလိုက်သည်။ ပြီးနောက်တွင် "ဤချည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဟူ၍ နောက်ဆုံး ဆုတောင်းပေးလေသည်။ (ဆုတောင်းပေးရာတွင် တတ်မြောက်သူတို့က တတ်မြောက်သည့်အလျောက် ဆိုကြသည်။ အချို့ကလည်း လိုရင်းကိုသာ တိုတိုတုတ်တုတ်နှင့် ဆုတောင်းပေးကြသည်)

ပျော်ပျော်ပါးပါးစားစားသောက်သောက်
ထိုအခါ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်တွင် လက်ချည်သူ၏ ဆုတောင်းစကားကို ဦးထိပ်ပန်သည့်သဘောဖြင့် ထိုအတိုင်းထားလေသည်။ ယင်းနောက်တွင် လက်ဝါးနှင့်ခံယူပြီး ဆန်ကောပေါ်တွင် ပြန်ချထားလိုက်သည်။ လက်ချည်ပေးခြင်း တစ်ဦးပြီးတစ်ဦး ချည်ပေးပြီးနောက်တွင် လက်ချည်ပွဲအတွက် စီမံပြုလုပ်ထားသော လက်ချည်မင်္ဂလာ ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ပြီး ၀ါခေါင်လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။ မျက်မှောက်ခေတ်တွင် ၀ါခေါင်လပြည့်နေ့ကြရောက်တိုင်း ပိုးကရင်လူငယ်များ စုစည်းဦးဆောင်၍ စုပေါင်းခြည်ဖြူဖွဲ့မင်္ဂလာပြုပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လျက် ရှိနေပေသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, August 20, 2012

ပြည်တော်မပြန်နိုင်သေးသူများနှင့် ပြည်တော်တွင် မနေနိုင်သေးသူများအကြောင်း တစေ့တစောင်း

ရေးသားသူ — မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
 တစ်လောက ကိုရီးယားနိုင်ငံမှာ တရားမဝင် အလုပ်သမားဘဝနဲ့ နှစ်ပေါင်းအတော်ကြာ အလုပ်လာလုပ်နေတဲ့ ဒကာတစ်ယောက်နဲ့ စကားပြောရင်း ဘုန်းဘုန်းက သူ့ကို “အင်း ဒကာတော်လည်း ဒီမှာရောက်နေတာ အတော်ကြာရောပေါ့၊ ဘယ်အချိန် အိမ်ပြန်ဖို့ စိတ်ကူးထားလဲ”လို့ မေးကြည့်တော့ ဒကာတော်က “ပြန်တော့ပြန်ချင်တာပေါ့ဘုရား၊ ဒါပေမယ့် အရှင်ဘုရားသိတဲ့အတိုင်း ရွှေပြည်တော်ကလည်း မျှော်တိုင်းဝေးနေသေးတော့ ပြန်လို့မဖြစ်သေးပါဘူးဘုရား”လို့ ငြီးရင်းလျှောက်ထားပါတယ်။ သူလျှောက် ထားတာကို နားထောင်ပြီး ဘုန်းဘုန်းမှာ ရွှေပြည်တော်အရေး တွေးနေမိပြန်ပါတယ်။ “ရွှေပြည်တော်ကြီးက ဘယ်တော့ဘယ်လို…” စသဖြင့်ပေါ့။

 မနှစ်က မြန်မာပြည် ပြန်သွားတုန်းကလည်း မြန်မာပြည်ကကျောင်းမှာ ကိုရီးယားမှ ပြန်ချင်လို့ ပြန်လာသူတွေရယ်၊ မပြန်ချင်သေးပေမယ့် ကိုရီးရားအစိုးရက ပြန်ပို့လိုက်တဲ့အတွက် ပြန်လာရတဲ့ သူတွေရယ် ဆုံဖြစ်ကြတော့ ဟိုပြောဒီပြောပြောရင်း အတော်များများက ကိုရီးယားကို ပြန်သွားဖို့ ကြိုးစားနေကြတယ်ဆိုတာ သိရပါတယ်။ သူတို့ကိုလည်း ဘုန်းဘုန်းက “ဒကာတော်တို့က ဘာဖြစ်လို့ ရွှေပြည်တော်မှာ မနေနိုင်ဘဲ ရွှေပြည်တော်က ခွါပြေးချင်ကြတာလဲ”လို့ မေးကြည့်တော့ သူတို့က “ဘုန်းဘုန်းကလည်း သိရဲ့သားနဲ့ မေးနေပြန်ပါပြီ၊ ဒီမှာဘာမှ လုပ်စရာမရှိတဲ့အပြင် တပည့်တော်တို့ကလည်း ဒီရောက်ပြီး ဘာမှမလုပ်တတ်တော့ ရှိတာလေးထိုင်စားပြီး ဒီအတိုင်း ဟိုလိုလို ဒီလိုလိုနေနေရတာ၊ ကြာတော့မခံနိုင်ဘူးဘုရား၊ ဒါကြောင့် သူများနိုင်ငံကို ပြန်မသွားချင်ပေမယ့် ပြန်သွားဖို့ လုပ်ရတာပါဘုရား” စသဖြင့် လျှောက်ထားကြပါတယ်။ သူတို့အခေါ် ၂၊က ၃၊က တွေ ပြန်လုပ်ကြမယ့် သဘောပါပဲ။ ပြည်ပမှာရှိတဲ့ သူတွေရဲ့ ပြည်တော်မပြန်နိုင်တဲ့ အကြောင်းလေးတွေ၊ ပြည်တွင်းမှာရှိတဲ့ သူတွေရဲ့ ပြည်တော်မှာ မနေနိုင်တဲ့ အကြောင်းလေးတွေ ကြားရတော့ ဘုန်းဘုန်းလည်း ကိုယ့်ကိုယ်ကို ပြည်ပမှာ အနေကြာနေရတဲ့ အဖြစ်လေးကို တွေးနေမိပြန်ပါတယ်။


ဘုန်းဘုန်းပြည်ပမှာ ကြာနေတဲ့ အကြောင်းကိုတော့ လူဒကာတွေလို မိသားစု အရေးကြောင့်လို့ အကြောင်းမပြနိုင်ပေမယ့် ပြည်ပမှာရှိတဲ့ ရွှေမြန်မာတွေရဲ့ အမျိုးသားရေးရယ်၊ ဘုန်းတော်အနန္တရှင်ရဲ့ ဘုန်းဘုရားအရေးတွေကြောင့်လို့ အကြောင်းပြရင် မဆိုးဘူးလားပေါ့။ ဗုဒ္ဓဘာသာ ရွှေမြန်မာတွေအပေါ် တစ်လုံးတစ်ပါဒ ဟောပြောဆုံးမကာ အသိတစ်ခုရပြီး ကုသိုလ်ရစေချင်တာရယ်၊ ဗုဒ္ဓဘာသာကို စိတ်ဝင်စားကြတဲ့ ရွှေမြန်မာမဟုတ်တဲ့ အိမ်ရှင်နိုင်ငံခြားသားတွေကို ဘုန်းဘုရားရဲ့ ဓမ္မအနှစ်သာရတွေ တစ်လုံးတစ်ပါဒ သိရှိခံစားစေချင်တာရယ်၊ နောက် ပြည်တွင်းမှာရှိတဲ့ လိုအပ်တဲ့ လူမှုရေး၊ ဘာသာရေး၊ ပညာရေး ကဏ္ဍတွေမှာ တစ်ဘက်တစ်လမ်းက အထောက်အကူ ပြုပေးစေချင်တာရယ် စတာစတာတွေက လောလောဆယ် ဘုန်းဘုန်းအနေနဲ့ ပြည်တော်မှာ မနေနိုင်သေးဘဲ ပြည်ပမှာ ရှည်ကြာစေတဲ့ အကြောင်းပြချက်တွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုန်းဘုန်းတို့ ရွှေမြန်မာတွေရဲ့ ပြည်တော်မပြန်နိုင်၊ ပြည်တော်မှာ မနေနိုင်တဲ့ အကြောင်းပြချက်ကိုတော့ လောကီဓမ္မတာ လူတို့ရွာဆိုတဲ့အတိုင်း လောကီအရေး၊ မိသားစုအရေး စတာတွေကြောင့်လို့ပဲ ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အရေးအတွက် နိုင်ငံရေးအလုပ်ကို ကြိုးစားလုပ်နေကြရလို့ ပြည်တော်မပြန်နိုင်၊ ပြည်တွင်းမှာ မနေနိုင်တာတွေလည်း ရှိတော့ရှိတာပေါ့။ ဒါကတော့ အနည်းစုပါပဲ။ အများအားဖြင့်တော့ မိသားစု စားဝတ်နေရေးကြောင့်ပဲ ဖြစ်ပါတယ်။


ခုနောက်ပိုင်း ကြည့်မယ်ဆိုရင် မြန်မာအတော်များများဟာ နိုင်ငံအတော်များများမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေပြီး အကြောင်းပြချက် အမျိုးမျိုးနဲ့ပဲ ပြည်တော်မပြန်နိုင် ဖြစ်နေကြသလို ပြည်တွင်းမှာ ရှိနေကြသူတွေကလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြည်ပကို ထွက်ခွါဖို့ ကြိုးစားနေကြတာကို တွေ့ရတတ်ပါတယ်။ တစ်ချို့ဆိုရင် ပြည်တော်မပြန်နိုင်ရုံမကဘဲ ပြည်တော်နဲ့ ဝေးသထက်ဝေးရာ တတိယနိုင်ငံအထိတောင် သွားကြဦးမယ်လို့ ဆိုသူတွေလည်း ရှိနေလေရဲ့။ ထားပါတော့။ ဒါက သူ့အကြောင်းနဲ့ သူပဲလေ။ တခြားနိုင်ငံမှာရှိတဲ့ ရွှေမြန်မာများရဲ့ ပြည်တော်မပြန်နိုင်သေးတဲ့ အကြောင်းကို တိတိကျကျ မပြောနိုင်ပေမယ့် ဘုန်းဘုန်းတို့ အခုလက်ရှိနေနေတဲ့ နိုင်ငံမှာရှိတဲ့ ရွှေမြန်မာများရဲ့ ပြည်တော်မပြန်နိုင်သေးတဲ့ အကြောင်းကတော့ တစ်ယောက်တစ်မျိုးနဲ့ အမျိုးမျိုးရှိနေတတ်ပါတယ်။ တစ်ချို့လည်း မြန်မာပြည် ပြန်သွားရင် ဘာလုပ်စားမှာလဲ ဆိုတဲ့သူတွေ ရှိသလို တစ်ချို့လည်း မြန်မာပြည်မှာဆို ဒီလောက်လခမျိုး ဘယ်လိုလုပ် ရနိုင်မှာလဲလို့ ဆိုလာသူတွေလည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဒီနိုင်ငံမှာ နှစ်တော်တော်ကြာအောင် နေထိုင်လုပ်ကိုင်နေပေမယ့် ရွှေပြည်တော်မှာက ဘာမှလက်ဆုတ်လက်ကိုင် မရှိဘဲ ဖြစ်နေသူတွေ ရှိနေသလို တစ်ချို့ကျတော့လည်း နှစ်ကြာလာတာနဲ့အမျှ ဟိုလိုလို ဒီလိုလို ဖြစ်လာသူတွေလည်း ရှိနေပြန်ပါတယ်။ အဆိုးဆုံးက ရည်ရွယ်ချက်တွေပျောက်ပြီး ရရစားစား သွားသွားလာလာနဲ့ ရောက်တဲ့နေရာမှာ ရသမျှအလုပ်လေးနဲ့ ရသမျှသုံးပြီး ကြုံသလိုပျော်နေကြတာပဲ ဖြစ်ပါတယ်။


ဘုန်းဘုန်းနဲ့သိတဲ့ ဒကာတစ်ချို့ဆို ရွှေပြည်တော်က ထွက်လာတာ ဆယ်နှစ်ကျော်ကျော် ရှိနေပြီး အိုဗာစတေးအဖြစ်နဲ့ အဖမ်းအဆီးကိုရှောင်ကာ နေ့အိပ်ညလုပ်ဘဝကို ကျင်လည်ဖြတ်သန်းနေခဲတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။ အသိဒကာလေး တစ်ချို့ဆို စရောက်ကတည်းက သူဋ္ဌေးကို အလုပ်အကြွေးပြုခဲ့ရလို့ သူတို့ကျေးဇူးနဲ့ သူဋ္ဌေးကသာ ကြီးပွားချမ်းသာလာပြီး စက်တွေတစ်လုံးပြီး တစ်လုံးဝယ်၊ စက်ရုံတွေ တစ်ခုပြီးတစ်ခု တိုးချဲ့ကာ ရှိပြီးရင်း ရှိသွားခဲ့ကြပေမယ့် သူတို့မှာတော့ ဒုံရင်းဒုံရင်းနဲ့ပဲ အသက်သာကြီးလာတယ် ဘာမှဖြစ်မလာဘဲ ပေးသမျှလေးအပေါ်မှာ အကျေနပ်ကြီးကျေနပ်လို့ ပျော်သလို နေပစ်လိုက်ကြတာတွေလည်း ရှိပါတယ်။ တစ်ချို့ကျပြန်တော့ ရွှေပြည်တော်က မထွက်ခင်ကတည်း အိမ်ထောင်ကျပြီး သားသမီးတွေ ရှိခဲ့ကြပေမယ့် ရှာရင်းပို့ရင်း၊ သုံးရင်းစွဲရင်းနဲ့ပဲ သားသမီးအရေး၊ မိသားစုအရေးတွေးကာ တစ်နှစ်ပြီးတစ်နှစ်သာကုန်လို့ သားသမီးတွေတောင် ဘွဲ့တွေရကုန်တဲ့အထိ ဖြစ်သွားခဲ့ကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ ပြည်တော်ပြန် မရောက်နိုင်ကြသေးတဲ့ အဖြစ်ပါ။ ပြည်တော် မပြန်နိုင်သေးသူများအကြောင်း သိသမျှ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။


သင်ခန်းစာ ယူမယ်ဆိုရင် ယူစရာကောင်းတဲ့သူတွေရဲ့ အဖြစ်အပျက်တွေ ရှိသလို သံဝေဂယူမယ်ဆိုရင် ယူစရာကောင်းတဲ့ သူတွေရဲ့ အဖြစ်တွေကလည်း အများကြီးပါပဲ။ တစ်ချို့ဆို ရွှေပြည်တော်က ထွက်လာခါစမှာ ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ရှာဖွေစုဆောင်းပြီး သေသေချာချာ ကျစ်ကျစ်လစ်လစ် နေထိုင်ခဲ့ကြပေမယ့် နှစ်လည်းကြာလာ အပေါင်းအသင်းလည်း ပေါလာတဲ့နောက်မှာတော့ အသောက်အစား အပျော်အပါးတွေမှာ သာယာမိလိုက်တဲ့အတွက် အရက်သမား လုံးလုံးဖြစ်ကာ ရရစားစား သွားသွားလာလာနဲ့ ရွှေပြည်တော်လည်း မပြန်နိုင်၊ သူများနိုင်ငံမှလည်း စားဖို့သောက်ဖို့ အနိုင်နိုင်ဖြစ်ကာ ရောဂါများတောင် စွဲကပ်သွားတဲ့အထိ ဖြစ်သွားတာတွေလည်း ရှိပါတယ်။ တစ်ချို့ဆိုလည်း ရောက်လာတာ ဘယ်လောက်တောင် ကြာနေပြီလဲဆို သူတို့ဒီကို ရောက်လာပြီးမှ နောက်မှာအဖေဆုံး၊ အမေဆုံး၊ သားသမီးဆုံးတဲ့အထိ ဖြစ်သွားကြပါပြီ။ တကယ့်ကို သံဝေဂ ရစရာကောင်းတာက သားသမီးတွေ လေးငါးနှစ်အရွယ်မှာ မိသားစုအရေး၊ သားသမီးရေးအတွက်ဆိုကာ ပြည်ပထွက်လာခဲ့တဲ့ အဖေဟာ ပြည်တွင်းမှာရှိတဲ့ သားသမီးက ရုတ်တရက် ဆုံးသွားခဲ့ပေမယ့် အခိုက်အတံ့ပဲ နှမျောတသ စိတ်မကောင်း ဖြစ်ခဲ့ကြရပြီး ပြည်တော်ပြန်ဖို့အထိတော့ ဖြစ်မလာခဲ့ကြတာပါပဲ။ သက်တမ်းအရကြည့်ရင် အရင်သေရမယ့် အဖေက ပြည်ပကနေပြီး သားအတွက်၊ သမီးအတွက် ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးဝေခဲ့ကြရသူတွေရဲ့ အဖြစ်တွေဟာ တကယ့်ကို သံဝေဂရစရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာယကံရှင်တွေ့ ကိုယ်တိုင်ကတော့ တဒင်္ဂ သံဝေဂ ဖြစ်ခဲ့ကြပေမယ့် ပြည်တော်ကတော့ မပြန်ဖြစ်ခဲ့ကြသေးပြန်ပါဘူး။ ထားပါတော့။ သူ့အကြောင်းနဲ့သူ၊ သူ့အခြေအနေနဲ့သူ ပြည်ပမှာနှစ်တွေကြာပြီး ပြည်တော်မပြန်နိုင် ဖြစ်နေတာ မဆန်းပေမယ့် ကိုယ်လည်းအကျိုးမရှိ၊ မိသားစုလည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိဘဲ ပြည်တော်မပြန်နိုင် ဖြစ်နေကြတာကတော့ အဆန်းဖြစ်သွားပါပြီ။ ပြည်တော်လည်း မပြန်နိုင်၊ ဥစ္စာလည်းမစုမိ၊ ကုသိုလ်လည်းမစုမိဘဲ အရက်ကြွေး၊ ဖဲကြွေးအပျော်အပါး အကြွေးတွေသာ များလာပြီး အကျင့်သိက္ခာတွေပါ ပျက်ပြားလာမယ် ဆိုရင်တော့ ဒါဟာ ပြည်တော်မပြန်နိုင်ရုံမက ဘဝသံသရာမှာ လူဘုံ၊ နတ်ဘုံတွေအထိ မပြန်နိုင်ဘဲ ဖြစ်သွားမှာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ပြည်ပမှာအနေကြာလို့ ပြည်တော်မပြန်နိုင်တဲ့ သူတွေအတော်များများဟာ စားဝတ်နေရေး အခြေအနေကြောင့်ပဲ မပြန်နိုင်ကြတာ များပါတယ်။ စားဝတ်နေရေးဆိုတာ အသက်ရှင်နေသမျှ လိုအပ်နေတာ အမှန်ပဲဖြစ်ပေမယ့် အဲဒီအရေးတွေပဲ ဦးစားပေးပြီး ရှာလိုက်ဖွေလိုက် စားလိုက်သောက်လိုက် လုပ်နေကြမယ်ဆိုရင်တော့ အသက်သာဆုံးသွားမယ် ဒီအရေးတွေက ပြီးသွားမှာ မဟုတ်ပါဘူး။ ရလေလိုလေ၊ လိုက်လေဝေးလေ ဖြစ်နေတဲ့ ဒီစားဝတ်နေရေး ကိစ္စတွေနောက်ပဲ တစိုက်မတ်မတ် လိုက်နေလို့ကတော့ ဒီအရေးတွေ မပြည့်ခင်ဘဲ ကိုယ်နဲ့ကိုယ့်အသိုင်းအဝိုင်းဟာ အပြောင်းလဲကြီး ပြောင်းလဲသွားနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တော်မပြန်နိုင်သေးသူတွေ အနေနဲ့ အချိန်ယူပြီး စဉ်းစားဖို့လိုလာတာက ပြည်ပမှာ အနေကြာလာတဲ့ မိမိတို့အနေနဲ့ အနေကြာသလောက် အကျိုးဖြစ်ထွန်းရဲ့လား ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ရွှေပြည်တော်မှာ နေတာထက်စာရင် ပြည်ပမှာ အနေကြာလိုက်တဲ့အတွက် မိမိတို့မှာ စားဝတ်နေရေး ကုသိုလ်ရေးတွေမှာ ပိုပြီးတိုးတက်ဖြစ်ထွန်းမှု ရှိမရှိနဲ့၊ ပြည်ပမှာ အနေကြာလာတဲ့ မိမိတို့ရဲ့ အကျင့်သိက္ခာတွေဟာ ရွှေပြည်တော်မှာ နေတာထက်ပိုပြီး လုံခြုံမှု၊ ပိုပြီးမြင့်မားလာမှု ရှိမရှိစတာတွေကိုလည်း အလေးအနက် စဉ်းစားကြဖို့ လိုလာပြီ ဖြစ်ပါတယ်။ ရလိုက်တာနဲ့ ပေးဆပ်လိုက်ရတာ ဘယ်ဟာက ပိုများမများ သုံးသပ်ဖို့နဲ့ တစ်ဘဝကောင်းစားရေးထက် သံသရာကောင်းစားရေး အတွက်လည်း ထည့်တွက်ရမယ်ဆိုတာ သတိပြုဖို့ လိုလာပြီ ဖြစ်ပါတယ်။ ဘယ်သူကောင်းစားရေး ဘယ်ဝါကောင်းစားရေးလည်း လုပ်ဖို့လိုသလို မိမိရဲ့ ပစ္စုပ္ပန် သံသရာကောင်းစားရေးလည်း လုပ်ဖို့လိုတယ်ဆိုတာ မမေ့လျော့ကြဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ဆိုလိုတာက အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်မပြန်နိုင်သူတွေ၊ ပြည်တော်မှာ မနေနိုင်သူတွေဟာ တဖြည်းဖြည်း များလာနေတဲ့ ရွှေပြည်တော်သားတွေ အနေနဲ့ ပြည်တော်မပြန်နိုင်တဲ့ မိမိတို့ရဲ့ အခြေအနေ၊ ပြည်တော်မှာ မနေနိုင်တဲ့ မိမိတို့ရဲ့ အခြေအနေကို သေချာသုံးသပ် ဆင်ခြင်ပြီး လိုအပ်လို့ မပြန်နိုင်၊ မနေနိုင် ဖြစ်နေကြရင်လည်း လိုအပ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး သင့်တင့်လျောက်ပတ်တဲ့ အချိန်မှာ ဒီသံသရာကနေ ရုန်းထွက်နိုင်အောင် ကြိုးစားကာ ဘယ်မှာပဲနေနေ ကိုယ့်ရဲ့ပစ္စုပ္ပန် သံသရာ ကောင်းစားရေးအတွက်လည်း စွမ်းနိုင်သမျှ ကြိုးစားကြဖို့လိုကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဘယ်အလုပ်မဆို အတိုင်းအတာကို ကျော်လွန်လာရင် အစွန်းရောက်သွားတတ်တဲ့အတွက် ပြည်တွင်းပြည်ပမှာနေရင်း မိမိတို့ရဲ့ လက်ရှိအနေအထားကို အစွန်းရောက်မသွားအောင် သတိပြုဆင်ခြင် နေထိုင်ကြဖို့နဲ့ ပြည်တော်ပြန်ခြင်း၊ မပြန်ခြင်း၊ ပြည်တော်ခွာခြင်း၊ မခွါခြင်းထက် ရောက်ရာနေရာ ဖြစ်ရာအခြေအနေမှာ ကိုယ်ကိုယ်ကို အရှုံးမပေါ်အောင် ကြိုးစားကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တော်မပြန်နိုင်သူတွေပဲ ဖြစ်ဖြစ်၊ ပြည်တော်မှာ မနေနိုင်သူတွေပဲ ဖြစ်ဖြစ် ဘယ်သူမဆို အခြေအနေအရ မိမိတို့ လက်ရှိဖြစ်နေတဲ့ အနေအထားမှာ ကိုယ့်ကိုယ်ကိုသာ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ရင်း မိမိအရေး၊ မိသားစုအရေး၊ ဆွေမျိုးအရေးတွေအပြင် သံသရာအရေးအတွက်လည်း ကြိုတင်ပြင်ဆင်ကာ မြန်ပြည်တော်နဲ့ ဝေးနေပေမယ့် နိဗ္ဗာန်ရွှေပြည်နဲ့တော့ နီးနေသူများဖြစ်အောင် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>