Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Thursday, April 25, 2013

တွေးချင်ရာတွေး ရေးချင်ရာရေး


ဟိုတလောက ကုလား-ဗမာ အရေးအခင်းနဲ့ ပတ်သက်ပြီး အင်တာနက်မှာ အတော်ကိုပြန့်နှံ့သွားခဲ့တဲ့ မြန်မာအမျိုးသမီးတွေကို သတိပေးတဲ့ ဆောင်းပါးတွေ၊ ဘလော့(ခ်) တွေကို ဖတ်ပြီး ကျွန်မစိတ်ကူးထဲမှာလည်း  ပြောချင်တာလေးတွေပေါ်လာတာနဲ့ ဒီစာလေးရေးဖြစ်သွားခြင်းဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေကို နိုင်ငံခြားသား၊ ဘာသာခြားနဲ့ ထိမ်းမြားခြင်းမပြုဖို့၊ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ စသည်ဖြင့် သတိပေး ဆုံးမထားတာတွေကို အားလုံးလည်း သတိထားမိကြ ဖတ်ဖြစ်မိကြမယ်ထင်ပါတယ်။ အမှန်လည်း နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ အတွက် အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းစတာတွေက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် တည်ရှိနေပါတယ်။ နိုင်ငံသားတိုင်းမှာ တာဝန်ရှိခြင်းဖြစ်ပါတယ်။ အမျိုးသမီးထုတစ်ခုတည်းမှာ တာဝန်ရှိခြင်းမဟုတ်ပါ။ မိန်းမတွေဘဲ နိုင်ငံခြားသားကို ယူ။ လူမျိုးခြားကို လက်ထက်နေကြလို့လား။ ရှင်တို့ ယောက်ျားတွေမှာရော အဲဒီလိုတွေရှိကြတာဘဲ မဟုတ်ဘူးလား။လို့တောင် ရေးနေကြတဲ့သူတွေ၊ ဘလော့(ခ်) တင်ကြတဲ့လူတွေကို မေးလိုက်ချင်ပါသေးတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် ကျွန်မတို့ အမျိုးသမီးတွေဆိုတာ ပန်းတွေနဲ့အတူတူဘဲလေ။ ပန်းဆိုတာ ပန်းခူးသူလက်ထဲကိုဘဲ ရောက်ကြရတာလေ။ ငြင်းဆန်ပိုင်ခွင့်ကတော့ အပြည့်အ၀ရှိပေမယ့် ရွေးချယ်ပိုင်ခွင့်ဆိုတာ အင်မတန်မှ နည်းလှပါတယ်။ အဲဒီတော့  အမျိုးသမီးတွေထက် ပိုပြီးရွေးချယ်ပိုင်ခွင့်တွေရှိနေတဲ့ အမျိုးသားတွေမှာက အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပိုလို့တောင်မှ ရှိတာပေါ့။ ဒါပေမယ့်လည်း စာရေးတဲ့သူတွေက ယောက်ျားတွေဘဲ များနေရော့ကြောင့်လားမသိ။ အမျိုးသားများကို ရည်ညွှန်းရေးသားသော စာတစ်ကြောင်းမျှပင် ပေါ်ပေါက်လာခြင်းမရှိသောကြောင့် ကျွန်မမှာ အမျိုးသမီးထုဖက်မှနေ၍ မခံမရပ်နိုင်၊ မကျေမနပ်နိုင်ဖြစ်ခဲ့ရလေ၏။ ကဲဒီတော့ ရှည်ရှည်ဝေးဝေး ပြောမနေချင်တော့ပါဘူး။ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ဖို့ အမျိုးသမီးတွေမှာဘဲ တာဝန်ရှိတယ်ဆိုပြီးအော်မနေကြနဲ့ စာရေးဆရာတို့ရေ။ အမျိုးသားထုအတွက်လည်း စာလေးဘာလေးရေးကြပါဦး လို့သာပြန်ပြောလိုက်ချင်ပါတော့သည်။
မည်သူ့ကိုမျှရည်ရွယ်ရေးသားခြင်းမဟုတ်ပါ။ အမှားပါခဲ့သော် လူငယ်အတွေး ရေးချင်ရာရေးဖြစ်သောကြောင့် မေတ္တာရှေ့ထား သည်းခံခွင့်လွှတ်ကြပါရန်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, November 6, 2012

အသံမဲ့သီချင်း

ရေးသားသူ — ကိုဘဆွေ
 


ကျွန်တော့် ဘ၀ထဲသို့ သူ ရောက်ရှိလာပုံက လေပြေညှင်းဆန်ဆန် ညင်သာလှသည်။ သူ၏ ရိုးသားတည်ငြိမ်များ အောက်တွင် ကျွန်တော်က ဆည်းလည်းလေးတစ်လုံးလို သာယာချိုလွင်နေခဲ့သည်။ ထိုညက အိပ်မက်များထဲတွင် သူသည် ပန်းတစ်ပွင့်၏ ချိုမြသော ၀တ်ရည်စက်များဖြစ်ခဲ့သလို ကျွန်တော်ကလည်း လိပ်ပြာလေးတစ်ကောင် ဖြစ်နေခဲ့ရသည်။

နောက်နေ့တွင် တွေ့သောအခါ ကျွန်တော့် လိပ်ပြာတောင်ပံများ တောင်ပံမဲ့နေရှာရဲ့။ ဒီလိုနဲ့ ကျွန်တော် မြှုပ်နှံထားသော နှလုံးသားမြို့ဟောင်းတစ်ခုကို သူက တစ်စချင်း ညင်သာစွာ တူးဖော်ခဲ့သည်။ နောက်ဆုံးတွင်တော့ နှလုံးသားရုပ်ကြွင်း တစ်ခုဆီမှ အသက်ရှင်ကျန်နေသေးသော သီချင်းတွေက သူ့အတွက် သုတေသနလုပ်ငန်း တစ်ခုလို စိတ်ဝင်စားစရာတွေ ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍ ကျွန်တော့် ရှင်သန်မှုများတွင် ဂီတနှင့် သူမက ကျွန်တော့်ဘ၀ နေ့ရက်များထဲ၌ အဆက်မပြတ် အသက်ဝင် လှုပ်ရှားလျှက်။ ဤသို့ဖြင့် သူ ယူဆောင်လာခဲ့သော သီချင်းများက ကျွန်တော့်ဘ၀ကို အိပ်မက်တွေထဲအထိ ခေါ်ဆောင်သွားပါတော့သည်။


သို့သော် ကျွန်တော်တို့ နှစ်ဦး၏ ခံစားချက်များအကြားတွင် နံရံတစ်ချို့က ကာဆီးထားခဲ့ပါသည်။ သူက ခပ်ပေါ့ပေါ့ပါးပါး Rap သီချင်းများကို နှစ်သက်သော်လည်း၊ ကျွန်တော်ကမူ လွမ်းလွမ်းဆွေးဆွေး Pop သီချင်းကလေးများကိုသာ နှစ်သက်နေမိခဲ့သည်။ သူ့အိမ်ရှေ့တွင် အများတကာ လာဆိုနေကျဖြစ်သော သူ့အတွက် နားငြီးစရာ အကောင်းဆုံးသီချင်းသည် ကျွန်တော့်အတွက်တော့ အချိုမြိန်ဆုံးသီချင်းတစ်ပုဒ် ဖြစ်နေခဲ့သည်။ ဤသို့ဖြင့် ရှည်လျှားခဲ့ရသော ညတာများသည် ကမ္ဘာတစ်ခြမ်းစီ ခြားလျှက်ရှိနေသော်လည်း နီးကပ်စွာ လည်ပတ်နေခဲ့မြဲ။

မှတ်မှတ်ရရ၊ ထိုနေ့က မိုးမရွာပဲ ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းလျှက် ရှိနေခဲ့သည်။ သို့သော် သူ ယူဆောင်ခဲ့သော သီချင်းတစ်ပုဒ်ကမူ တိုက်ဆိုင်စွာပင် ကျွန်တော်တို့ နှစ်ဦးအား အလှပဆုံး ဖမ်းစားထားခဲ့သည်။ ထိုစဉ်က ကျွန်တော်တို့ နှစ်ဦး ပျော်ဝင်ခဲ့သော ထိုသီချင်းကိုလည်း ကိုယ်စီ ခံစားချက်အရောင်များ ကွဲနေမည်ဟုလည်း ကျွန်တော် ထင်မထားမိခဲ့ပါ။ ကျွန်တော်က ထိုသီချင်း၏ စာသားများတွင် ပျော်ဝင်ခဲ့သလို၊ သူကလည်း ထိုသီချင်းကို သီဆိုသူ၏ သာယာပိုင်နိုင်သော သီချင်းသံပေါ်တွင် ပျော်ဝင်နေခဲ့ပါသည်။

နောက်တစ်နေ့ရောက်သောအခါ ကျွန်တော်တို့ နှစ်ဦးသား ထိုသီချင်းတစ်ပုဒ်ပေါ်တွင် လှပစွာ ငြင်းခုံရင်း အရောင်ကွဲလွဲနေခဲ့ကြပါသည်။ ကျွန်တော်က တေးရေးဆရာ၏ လှပသော စကားလုံးများကို တရှိုက်မက်မက် မော့သောက်နေမိသလို၊ သူကလည်း သီချင်းသီဆိုသူ၏ ငြိမ့်ညောင်းပိုင်နိုင်လှသော တေးသံတွင် ချိုမြိန်နေခဲ့သည်။ တေးရေးဆရာနှင့် အဆိုတော်တို့၏ အရေးပါပုံကို ငြင်းခုံရင်း ညတာတွေ ရှည်လျှားခဲ့ရသည်။ မနက်လင်းသောအခါ ထိုသီချင်းသည် ကျွန်တော့် နှလုံးသားတစ်ခုလုံးကို ဆုပ်ကိုင်ခြေမွနိုင်သော အသံဖြင့် သီဆိုထားသော သီချင်းတစ်ပုဒ်အဖြစ် ကျွန်တော့်ထံသို့ ရောက်ရှိလာခဲ့သည်။ ထိုသီချင်းသံတွင် ကျွန်တော်ကိုယ်တိုင်သည် အခိုးအငွေ့လို လွင့်ပျံ့နေခဲ့သည်။

ကျွန်တော် အရှုံးပေးလိုက်သည်။ သီချင်း သီဆိုသူ၏ ခံစားမှုသည် သီချင်းတစ်ပုဒ်အား ပြောင်းလဲစေနိုင်ကြောင်း နားလည်သွားမိခဲ့သည်။ ကျွန်တော်က ထိုသီချင်းကို သူ သီဆိုခဲ့သည်ဟု ယုံကြည်သော်လည်း၊ သူကမူ ခါးသီးစွာ ငြင်းဆန်နေခဲ့ပါသည်။ မည်သို့ပင်ဆိုစေ၊ ကျွန်တော့်ယုံကြည်မှုအောက်တွင် ကျွန်တော်ကိုယ်တိုင် သူ့ကို ချစ်မိခဲ့ကြောင်း ငြင်းဆန်၍ မရနိုင်တော့ပေ။ ကျွန်တော့်ဘ၀၏ အရာရာအားလုံးကို ထိုသီချင်းသံက အဆုံးတိုင် လွှမ်းမိုး နေရာယူထားခဲ့သောကြောင့် ဖြစ်ပါသည်။

မှတ်မှတ်ရရ၊ ထိုနေ့က အပြင်တွင် မိုးများ သည်းထန်စွာ ရွာသွန်းနေခဲ့သည်။ သူက သူသီဆိုထားသော သီချင်း မဟုတ်ကြောင်း ငြင်းဆန်ရင်းက ထိုသီချင်းအား ကျွန်တော့်ထံမှ ပြန်လည်တောင်းယူခဲ့သည်။ ကျွန်တော့်ထံတွင် သူနှင့် ပတ်သက်သမျှ မရှိစေချင်မှန်း ကျွန်တော် နားလည်လိုက်မိသည်။ သို့မဟုတ် ကျွန်တော်၏ စွဲလမ်းစိတ်ကို သူ တားမြစ်လိုက်ခြင်းလည်း ဖြစ်နိုင်ပါသည်။ ကျွန်တော် နားလည်စွာဖြင့် ထိုသီချင်းသံနှင့် ပတ်သက်သမျှ အရာရာအားလုံးကို ထိုညက ဖျက်ဆီးခြေမွပစ်ခဲ့ပါသည်။ ထိုညက ကျွန်တော်တို့ နှစ်ယောက်လုံး ထိုသီချင်းတစ်ပုဒ်တွင် တူညီစွာ ကြေကွဲခဲ့ကြရသည်။ မနက်လင်းသောအခါ ညက သူ နေမကောင်းခဲ့ဘူးဟု သိခဲ့ရပါသည်။ ကျွန်တော် ဖုန်းဆက်ကြည့်သောအခါ သူက ပျော်ရွှင်စွာဖြင့် ထိုသီချင်းအား ပြန်လည်ပို့ပေးမည့်အကြောင်း ပြောပြခဲ့ပါသည်။ ညက ညိုမှောင်သော မိုးသားများဖြင့် သည်းထန်စွာ ရွာသွန်းခဲ့သော ကောင်းကင်သည် ယခုအခါတော့ ကြည်လင်သန့်စင်လို့ နေပြန်ပါသည်။ သို့သော် ကျွန်တော့် ရင်ထဲတွင် ယုံကြည်ချက်တို့ ကင်းမဲ့နေခဲ့သည်။

ကျွန်တော်တို့ နှစ်ယောက်ကြားတွင် တံတိုင်းများက စည်းခြားကာရံထားခဲ့သည်။ ထိုတံတိုင်းများအား ထိုးဖောက်ကျော်လွှားနိုင်ရန် သူ့တွင် ခွန်အား မရှိခဲ့သလို၊ ကျွန်တော်ကလည်း သူအား မခေါ်ရက်နိုင်ပါ။ ကျွန်တော်တို့ နှစ်ယောက်ကြားတွင် ထိုသီချင်းတစ်ပုဒ်သည် မည်သို့မျှ မငြိမ့်ညောင်းနိုင်သော သီချင်းတစ်ပုဒ် ဖြစ်နေမှန်း ကျွန်တော်တို့ နှစ်ဦးသား သိနားလည်ခဲ့ပါသည်။ ပြီးဆုံးသွားသော သီချင်းတစ်ပုဒ်အား ကျွန်တော် ပြန်လည် မခံစားချင်တော့ပါ။

နောက်တစ်နေ့တွင် ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်ပါသည်။ ကျွန်တော် သူ့ကို ထပ်မတွေ့တော့ပါ။ ထို့အတွက် သူ နားလည်ပေးနိုင်လိမ့်မည် ထင်ပါသည်။ မည်သည့်အခါမှ ပြန်လှည့်မလာနိုင်တော့သည့် အလွမ်းမီးရထားတစ်စင်းသည် သူ၏ ဘာတာရုံကလေးဆီမှ ဝေးကွာခြင်းလမ်းဆုံအထိ တိတ်တဆိတ် ခုတ်မောင်းသွားခဲ့ပါသည်။ ထိုမီးရထားပေါ်တွင် ကျွန်တော် တစ်ယောက်တည်းသာ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ပါသည်။ ထိုနေ့မှစ၍ ကျွန်တော်သည် သူ့ရှေ့မှ တိတ်တဆိတ် ကွယ်ပျောက်သွားခဲ့မိပါသည်။ ကျွန်တော် စွဲလမ်းခဲ့သော သီချင်းသည်လည်း ကျွန်တော့်ထံသို့ ထပ်မံရောက်ရှိမလာခဲ့ပါ။

ယခုအခါ အရာရာသည် ပြီးဆုံးခဲ့ပါပြီ။ နေသားကျသွားသော တစ်ချိန်ချိန်တွင် သူရော ကျွန်တော်ပါ အနည်ထိုင်တည်ငြိမ်လာနိုင်လိမ့်မည် ထင်ပါသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ကျွန်တော် စွဲလမ်းခဲ့သော ထိုသီချင်းသည်လည်း ကျွန်တော့်ထံသို့ ရောက်ရှိလာနိုင်ပါသည်။ သို့မဟုတ် ရောက်ရှိလာနိုင်လိမ့်မည်လည်း မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်အနေဖြင့် ထိုသီချင်းအား ဖွင့်ကြည့်ြ့ဖစ်တော့မည် မဟုတ်တော့ပါ။
သို့သော် အရာရာကို မေ့ပျောက်ထားနိုင်စွမ်း ရှိသော တစ်နေ့နေ့ တစ်ချိန်ချိန်တွင်မူ တိုက်ဆိုင်မှုများ ရှိသည့်အခါ… ၊ သူအား သတိရမိသည့်အခါ… ၊ ကျွန်တော်သည် ထိုသီချင်းအား ဖွင့်ကြည့်ဖြစ်လျှင် ဖွင့်ကြည့်ြ့ဖစ်ပါလိမ့်မည်။

သို့သော်… အသံမဲ့စွာ… … … ။

ကိုဘဆွေ
အောက်တိုဘာ ၂၈ ရက်၊ မနက် ၃နာရီ ၅၅မီးနစ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 31, 2012

ကြားတယ် မဟုတ်လား… အသံတွေ ဗလံတွေ…

ရေးသားသူ — ပေါ်ဦး

စိမ့်ပြီးအေးနေသော ဆောင်းရာသီကြောင့် ညမှာ ပိုပြီး တသီးတသန့် ဆန်နေသလိုဘဲဟု ခံစားမိရင်း အဝေးဆီသို့ လှမ်းကြည့်နေမိသည်။ မြင်ကွင်းရှေ့မှ သစ်ပင်တို့မှာ ငြိမ်သက်လျှက်။ တောင်ကုန်း၏ ခပ်ပြေပြေအဆင်းတွင်ရှိသော လမ်းမီးတိုင်တို့မှ အဖြူရောင်၊ အ၀ါရောင် အလင်းတွေက ခပ်စွေစွေ။ နီနီ စိမ်းစိမ်း ကားမီးရောင်တို့ကတော့ ဟိုဟိုဒီဒီ ရွေ့လျားသွားလာနေကြသည်။ မီးတိုင်တွေက ဘယ်နှတိုင်၊ ကားတွေကဖြင့် ဘယ်နှစင်း၊ ဘယ်လို ပုံသဏ္ဍာန်တွေရှိကြသည် ဆိုတာတော့ မသဲကွဲသော်လည်း ချောင်းရေစီးသံလို တဝေါဝေါနှင့် မမြင်ရသော ညပိုးကောင်တို့၏ တစီစီ တ၀ီဝီအသံများက အာရုံကို လာရောက်ရိုက်ခတ်နေမှန်း ခံစားသိနေသည်။ မျက်စိကို ပိတ်လိုက်သဖြင့် အလင်းရောင်မြင်ကွင်းတို့ ပျောက်သွားကြသော်လည်း မမြင်ရသောအသံတို့မှာ တိုးသွားလိုက် ကျယ်သွားလိုက်နှင့် ပိုလို့ပင် ပြတ်သားလာသလိုလို..။ သာယာဖွယ်အသံတွေဟု မခံစားမိသလို စိတ်ညစ်ညူးစရာဟူ၍လည်း အလွယ်တကူ သတ်မှတ်ရန် မဖြစ်နိုင်သည့် နေ့တဓူဝ ကြုံနေ ကြားနေရသော အသံများ…။

အသံတွေ… အသံတွေ၊ ဟိုအသံ ဒီအသံ… ဟိုလိုလို ဒီလိုလိုအသံတွေ…။ အသံတွေဗလံတွေ ကြားနေခဲ့ကြတာ နားနဲ့ရော ဆန့်ကြသေးရဲ့လား။ ကျနော်တို့ဘ၀မှာ ကြုံခဲ့ကြ၊ ကြားခဲ့ရတဲ့အပြင်… ထပ်ပြီးကြုံကြ၊ ကြားရဦးမယ့် အသံတွေ.. ဗလံတွေ။ ချစ်စရာ အသံ၊ ကြောက်လန့်အော်ဟစ်သံ၊ ငိုသံ၊ ရယ်သံ၊ လွမ်းမောဖွယ်အသံ၊ အော်ဟစ်သံ၊ ကရုဏာသံ၊ ငြီးငြူသံ၊ ဒေါသသံ၊ မသဲမကွဲအသံ၊ စူးစူးဝါးဝါးအော်ဟစ်သံ၊ အချက်ပေးသံ၊ လှောင်ပြောင်သံ၊ အားပေးသံ၊ … ၊ … သံ … သံ …၊ တော်ပါပြီ။ ရှိသမျှ အသံတွေကိုသာ လိုက်ပြီး အမည်တပ်နေရရင်တော့ ဆုံးမှာကို မဟုတ်တော့ပါ။ တကယ်ဆိုရင် လောကမှာရှိနေတဲ့ လူ၊ တိရစ္ဆာန်နှင့် ပစ္စည်းတွေက ထုတ်လွှတ်သော အသံများသာ ရှိလိမ့်မည်ဟု ယေဘူယျ ပြောနိုင်မည်ထင်ပါသည်။ ရှင်တော်ဗုဒ္ဓ ကတော့ လောကတွင် “စိတ်ကြောင့်ဖြစ်သော အသံ” နှင့် “ဥတုကြောင့်ဖြစ်ရသော အသံ” ဟူ၍ နှစ်မျိုးသာရှိကြောင်း ရှင်းလင်း ပြတ်သားစွာ မိန့်တော်မူခဲ့ပြီး ဖြစ်ပါသည်။

ဒီနေရာမှာ အသံ တစုံတရာလေးများ မကြားလိုက်နဲ့ ၀ိုင်းပြီးပြောလိုက်ကြ၊ သြဘာပေးလိုက်ကြနဲ့ ပွက်ပွက်ညံနေလေ့ ရှိတတ်တဲ့ ကျနော်တို့ရပ်ဝန်းက ခံစားချက် အကဲဆတ်လွန်းသူတွေ၊ ထင်တာမြင်တာလေးများ လုပ်နေပြောနေရရင် ဟဒယလေးများ လေဟပ်ပြီး လွတ်လပ်မှုဆိုတာကို အကန့်အသတ်မဲ့ အဓိပ္ပာယ်ဖွင့်ချင်နေကြသူ တစ်ချို့တစ်ချို့တွေ အကြောင်းကို ကြားနေ၊ တွေ့နေရတာကြောင့် စိတ်ထဲမရိုးမရွ ဖြစ်လာတဲ့ အကြောင်းကို အရပ်လေ အရပ်အတွေးလေးနဲ့ နည်းနည်းလောက် ၀င်ပြောချင်တဲ့ ချဉ်ခြင်း ဖြစ်လာပါတယ်။ စနစ်ဆိုး ညာဉ်ဆိုးတွေနဲ့ ယဉ်ပါးလွန်းခဲ့တော့ အကျင့်ဆိုးတွေ ဘယ်လောက်များ ကျနော်တို့ သွေးသားတွေထဲမှာ လည်ပတ်စီးဆင်းနေမယ်ဆိုတာ ရိပ်စာပြီး ဖြစ်ကြမှာပါ။ ဒါပေမဲ့ ကျနော်တို့ တစ်တွေဟာ ခံစားချက်ကြီးလွန်းသူတွေလား ဒါမှမဟုတ် လိုတာထက် ပိုနေတာများလား… ဒီလိုမှ မဟုတ်ရင်လည်း တခုခုများ လွဲနေသလားလို့ပါ။

“ဒီဘက်က၀င် ဟိုဘက်က ထွက်လိုက်ပေါ့ကွာ”
“မကြားချင်ယောင် ဆောင်နေလိုက်ပေါ့”
“မကြားချင်ရင် နားပိတ်ထားလေ….”

အဲလို ငေါ်ငေါ်တူးတူး နူတ်လှန်သံမျိုး၊ ဒါမှမဟုတ် အကြံပေးသလိုလို အသံတွေကိုလည်း ကျနော်တို့နားတွေက ယဉ်နေလောက်ပါပြီ။ ဒါဆို သူတို့ပြောသလို မကြားချင်ယောင်ဆောင်၊ နားတွေ ပိတ်ထားလိုက်ရုံနဲ့ မကြားရ ဖြစ်အောင်လည်း မဟုတ်သေးပါဘူး ဆိုတာ သိကြပြီးတဲ့ အတိုင်းပါဘဲ။ သေချာတာကတော့ ကျနော်တို့တတွေ မမြင်ရသော အသံများတွင် မမှန်းဆနိုင်သော ခွန်အားများရှိသည် ဆိုခြင်းကိုတော့ အားလုံး ငြင်းကြလိမ့်မည်ဟု မထင်မိပါ။ ကိစ္စရပ်တွေ၊ အကြောင်းတရား ဖြစ်စဉ်တွေနဲ့ အသစ်အသစ်သော အခြေအနေ အရပ်ရပ်တို့ကြောင့် အမျိုးစုံသော အသံတွေ ထွက်လာကြသလို ကျနော်တို့ ကိုယ်တိုင်လည်း အသံကို ဆာလောင် တပ်မက်ကြပါတယ်။ ပြောမယ်၊ ကြားမယ်၊ ပြီးတော့ တုံ့ပြန်မယ်။ ဒီဖြစ်စဉ် စက်ဝိုင်းလေးထဲမှာဘဲ ပျော်ရွှင်စွာ ပါဝင်ရင်း အဲဒီနောက်ကို ကျော်ကြည့်တတ်ဖို့နဲ့ နည်းနည်းလေးလောက်ဘဲ ဖြစ်ဖြစ် သည်းညည်းခံ စောင့်ကြည့်ပေးဖို့ကို မေ့လျော့နေကြသလိုပါဘဲ။

နေထိုင်ရာ ဒေသ၊ ကျင်လည်ရာ ၀န်းကျင်မှာ အသံတွေက များလာ၊ လိုတာထက် ပိုလာ လျှံလာတဲ့အခါ အသံတွေဟာ ပုံမှန် အသံအဖြစ်မှ အသံဗလံတွေ (ဆူညံသံများ) အဖြစ် ပြောင်းလဲကုန်ပါတော့တယ်။ ဒီဘက်ခေတ်မှာ သဘာဝက ထုတ်လွှတ်သော အသံများကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ကြပေမဲ့ လူတို့ကိုယ်တိုင်က ထုတ်လွှတ် ဖန်တီးသော အသံများကိုတော့ ဖြစ်သင့်သလောက်၊ ရှိသင့်သလောက် ထိန်းချုပ်မှုတွေရော ရှိကြပါသလား၊ ကျေနပ်လောက်စရာ အားထုတ်မှုများ မမြင်မိသည့်အပြင်… ပို၍ပင်တိုးလာ၊ များလာနေသည်ဟု ထင်နေမိပါတယ်။

တခါက ညီအကိုလို ခင်မင်ရင်းနှီးနေသော သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း “တို့ရန်ကုန်မှာတော့ကွာ ၀ါတွင်းဘဲဖြစ်ဖြစ် သီတင်းကျွတ်ဘဲ ရောက်ရောက် အချိန်တိုင်းနီးပါးလောက်ကို လမ်းထိပ်တိုင်း ရပ်ကွက်တိုင်းက ကက်ဆက်သံ၊ လော်စပီကာသံ၊ အလှူခံသံ တညံညံနဲ့ ဆူညံနေတဲ့အပြင် မီးလေးများ လာပြီလား မဆိုလိုက်နဲ့ ဖွင့်လိုက်ကြ၊ ဆိုလိုက်ကြတဲ့ ကာရာအိုကေဆိုတာ ပွက်ပွက်ကို ညံနေတော့တာပါဘဲ…” ဟု ညည်းပြော ပြောမိရာ... “ဟာ အဲဒါတော့ ပြောလို့မဖြစ်ဘူး ထင်တယ်ဗျာ… ကျုပ်တို့ရွာမှာဆို အဲဒီလို ဓာတ်ဆက်သံလေး ကြားနေရတာကိုက အရသာတစ်မျိုးဗျ။ နေ့ဖွင့်မလား၊ ညဖွင့်မလား စပီကာနဲ့လာလာ အော်လံနဲ့ဘဲဖြစ်ဖြစ် နားငြီးတယ်လို့ တစ်ယောက်မှ ပြောသံမကြားဘူးသလို ကျုပ်တို့ ကိုယ်တိုင်လည်း သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်းနဲ့ ပါးစပ်ထဲ ပေါ်လာတဲ့သီချင်းကို စိတ်ထဲရှိတဲ့အတိုင်း အော်ဟစ်ပြီး ဆိုပစ်လိုက်ရမှ နေသာထိုင်သာရှိတာကိုးဗျ…” တဲ့လေ။ ကျနော့်အမြင်တွင် ရပ်ဓလေ့ရွာဓလေ့ အလှူအတမ်း၊ သာရေးနာရေး ပွဲများအတွက် ရံဖန်ရံခါ သူပြောသလို ဖွင့်ကြသည်ကိုတော့ ပြောစရာမလိုသော်လည်း ဟိုဘက်အိမ် ဒီဘက်အိမ်မှ အားမနာ၊ လူမမာ မကျန်းမာသူများ ရှိမရှိကိုလည်း ဂရုမစိုက်၊ ကလေးတွေ ကျောင်းစာမေးပွဲ ရှိသည်ကိုပင် ထည့်တွက်လေ့ မရှိဘဲ ဟိုဘက်လမ်း ဒီဘက်လမ်း အပြိုင် စိတ်ထင်တိုင်းကြဲကာ သူနိုင်ငါနိုင် သီချင်းတွေ အပြိုင်ဖွင့်ခြင်းနှင့် အော်ဟစ် အလှူခံနေကြသော ဖြစ်ရပ်များ ရေချိန်အတော်မြင့်နေပြီး အမြင်မတော်လို့ ပြောမိသူများကိုပင် သာသနာဖျက်မည့် ပုဂ္ဂိုလ်များသဖွယ် တုံ့ပြန်နေကြသော မြို့ပြလူနေမှုဘ၀မှ အဆင်ခြင်မဲ့ တလွဲဆံပင်ကောင်း အပြုအမူများကို ဆိုလိုခြင်း ဖြစ်ပါသည်။ ရိုးရာဓလေ့နှင့် ကြည်နူးဖွယ် ထုံးတမ်းစဉ်လာများကို အပြစ်မြင်ခြင်း၊ အပြစ်တင်ခြင်း မဟုတ်ပါ။ နေ့လာလာ၊ ညဖြစ်ဖြစ် ဖွင့်ချင်သလောက်ဖွင့် ဟစ်ချင်သလောက် ဟစ်ရအောင်လည်း ကမ္ဘာကြီးတွင် သူပြောသလို ရွာများသာ ရှိနေသည် မဟုတ်ပါ။

ချစ်ရသူများ၏ ကြည်နူးဖွယ်အပြောနှင့် ဆွတ်ပျံ့လွမ်းမောဖွယ်အသံ၊ ရင်ကို ငြိမ်းအေးစေသော… စိတ်မွန်းကျပ်မှုကို ပြေလျော့စေသော ကရုဏာသံ၊ အားပေးသံများ ရှိသလို၊ ကြားနေရင်းနဲ့ ထပြီးအော်ချင်စိတ်တွေ ပေါက်လာစေသော၊ နားထောင်နေရင်းက ဒေါသတွေအလိပ်လိုက် ထွက်လာစေသော၊ ကြုံနေ ကြားနေရင်းနဲ့ဘဲ အားမလိုအားမရတွေဖြစ်၊ ခံပြင်းစိတ်တွေပေါ်လာ ခံပြင်းလာရာက ထပြီးပေါက်ကွဲကုန်တဲ့အထိ နောက်ဆက်တွဲ တသီတတန်းများကို ဖန်ဆင်း ဖြစ်တည်စေသော အသံတို့၏ ကြောက်မက်ဖွယ် စွမ်းအားများ။ ထို့ကြောင့်ပင် သာမန်ပုထုဇဉ် လူသားတို့၏ စိတ်နှလုံးကို အလှုပ်ခတ်စေနိုင်ဆုံး နေရာမှာ ရုပ်အဆင်းပြီးလျှင် အသံက ဒုတိယ နေရာလိုက်သည်ဟု တရားတော်တွင် မှတ်သားဖူးပါသည်။ လူယောက်ျား၊ မိန်းမ တို့၏ နှလုံးဟဒယကို လှုပ်ရမ်းစေနိုင်သော မမြင်နိုင်သော အသံတို့၏ မမှန်းဆနိုင်သော စွမ်းအားများ။

စွမ်းအားဆိုမှတော့ သုံးတတ်မှ စွမ်းတဲ့ အားတွေဖြစ်လာမှာ မဟုတ်ပါလား၊ ကိုယ်က မသုံးတတ်ရင် သုံးတတ်သူတွေက ကိုယ်ဘာမှ မသိလိုက်ချိန်မှာဘဲ ကိုယ့်ကို အသုံးချသွားနိုင်တဲ့ တစ်ပါးသူရဲ့ စွမ်းအားတွေ ဖြစ်သွားမှာပါ။ ကိုယ့်အပေါ် ဖျက်တဲ့ အဖျက်စွမ်းအားတွေ ဖြစ်မသွားရလေအောင်၊ မလိုလားအပ်တဲ့ နောက်ဆက်တွဲ စိတ်ညစ်ညူးစရာတွေနဲ့ ဆိုးကျိုးများ မပေါ်ပေါတ်စေဖို့ ထိန်းချုပ်မှုဆိုတာ လိုအပ်လာတယ်လို့ မြင်မိပါတယ်။ နောက်ဆက်တွဲအနေနဲ့ လူသားတို့ အခြေခံ လွတ်လပ်ခွင့်နှင့် လိုအပ်လာသော ထိန်းချုပ်မှုတို့ကြားမှာ ညီညွတ်စွာ အပြန်အလှန် ထိန်းကျောင်း နိုင်စေရေး အတွက် တရားမျှတမှုက အခရာ ကျလာပါတော့တယ်။

ဒီနေရာမှာ ပြဿနာတစ်ခု ထပ်ပြီး ပေါ်လာပြန်ပါတယ်။ တရားမျှတမှု၊ မှားယွင်းမှုနှင့် ကောင်းသည်၊ မှန်သည် ဆိုခြင်းများကို လူတို့၏ ခံယူထားသော အစဉ်အလာ ဓလေ့ထုံးတမ်း၊ ကျင့်သုံးလျှက်ရှိသော ဘာသာရေးစံနှုန်း၊ တည်ဆဲ ယဉ်ကျေးမှုတို့အပြင် ကျင်လည်ဖြတ်သန်းရာ သဘာဝပတ်ဝန်းကျင်၊ အတွေ့အကြုံ ခံယူချက်များဖြင့် ပေါင်းစပ်ချိန်ထိုး တိုင်းတာ ဆုံးဖြတ် တတ်ကြရာ ကွာဟချက်များ အပြင် မတူညီမှုများလည်း ပေါ်ပေါက် လာပါတော့တယ်။ လူပုဂ္ဂိုလ် တစ်ဦးချင်းလိုက်၍ အကြိုက် ကွဲနိုင်သော်လည်း အများနှင့် သက်ဆိုင်သော ယေဘုယျ စံနှုန်းများတွင် တဘက်ဘက်တွင် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရေး အတွက် ထိန်းညှိရန် လိုအပ်လာသည့် တရားမျှတမှု ဆိုသည်မှာ “ဥပဒေနှင့်အညီ အမှားကို အပြစ်ပေး၍ အမှန်ကို စောင့်ရှောက်အပ်သော လောကစံနှုန်း ”ဟု အနှစ်ချုပ် ဆိုနိုင်ကြောင်း နားလည်ထားပါတယ်။ တပါးသူကို မထိခိုက်စေသော လွတ်လပ်မှုအပြင် သူ့နေရာမှာ ငါ ဆိုသော ချင့်တွက် ထောက်ထားမှု များကသာ နားလည်မှု၏ အခြေခ၊ံ မျှတမှုအတွက် အနီးစပ်ဆုံး ခြေလှမ်းများ ဖြစ်တယ်လို့ ကျနော် မြင်မိပါတယ်။ ရှိသာရှိပြီး သက်ဝင်ခြင်းမရှိသော ဥပဒေများ၊ ခေတ်မမီတော့သော၊ လက်တွေ့ဘ၀နှင့် ကင်းကွာလွန်းသော၊ လူ့ပတ်ဝန်းကျင်နှင့် အစပ်အဟပ် ဝေးလွန်းသော ဥပဒေသက်သက်များ အပြင်၊ မသိလိုက် မသိဘာသာသော်၎င်း၊ အမှတ်တမဲ့သော်၎င်း၊ ရည်ရွယ်ချက်ရှိရှိဖြင့်သော်၎င်း ဥပဒေ၏ မူလရည်ရွယ်ရင်းနှင့် ကွဲလွဲကာ တလွဲအသုံးချနေမှုများကြောင့် အသံညစ်ညမ်းမှုများ တိုးပွားလာနေခြင်း ဖြစ်ပါတယ်။ အသံများဖောင်းပွ ညစ်ညမ်းလာမှုနှင့်အတူ လူထုနှင့် အသံတွေအကြား အခရာကျလာသော ထိန်းညှိမှုနှင့် ပက်သက်၍ သူတို့ (အသံထုတ်လွှတ်သူများ) ဘယ်လို အကောင်အထည် ဖော်နေကြသလဲ၊ ဖော်နေလေ့ရှိသလဲ ဆိုတာတွေကတော့ ကြားနေကြရသူများ အနေဖြင့် ဆင်ခြင်ကောင်းသော အကြောင်းတစ်ရပ်လို့ မြင်မိပါတယ်။ တိုက်ရိုက်အသံ၊ တဆင့်အသံ၊ ပြန်လာတဲ့အသံ၊ တိုက်ဆိုင်မှုမှ ဖြစ်သောအသံ၊ ကောလာဟလ အသံ…. စသည်ဖြင့်ပေါ့ဗျာ။

“ဟာ ဘာလဲ.. ကြားတဲ့အပေါ် တုံ့ပြန်တာဘဲကွာ၊ ဘာများထူးလို့တုန်း။ လွတ်လပ်စွာ ပြောဆိုခွင့် ဖော်ထုတ်စည်းရုံးပိုင်ခွင့် ဆိုတာတွေက လူမှန်လျှင် ရထိုက် ပိုင်ထိုက်တဲ့ အခွင့်အရေးတွေ ဆိုတာ တရားဝင် အသိအမှတ်ပြုပြီးသားကိုများ… လာ လာချည်သေး..” ဒီလိုစောဒကမျိုး တက်ကြမယ်ဆိုရင် လည်းရပါတယ်။

ဒီအတွက်လည်း… အသံဘာကြောင့်ဖြစ် ဆိုတာ သိကြပြီးဖြစ်တဲ့အတွက် ဆက်ပြီး ဘယ်လို အသံတွေလဲ (အမျိုးအစားခွဲခြင်း) ဆိုတာနဲ့ ဘယ်လိုဦးတည်ချက် (ရည်ရွယ်ချက်သရုပ်ခွဲခြင်း) ဆိုတာကိုတော့ (အသံ ပေါ်ပေါက်ရာအရပ်နှင့် လူပုဂ္ဂိုလ်အနေအထား အသေးစိတ်တို့ကို ခဏထားပြီး) ကျနော်တို့ အနေဖြင့် အနည်းဆုံး ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်။ ကြည့်လေ… တယ်လီဖုန်းသံ၊ ကြော်ငြာသံ၊ ဟောပြောသံ၊ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ တီဗွီ ရုပ်ရှင်တို့နှင့် အသံလွှင့်ဋ္ဌာနတို့မှ ထုတ်လွှတ်သောအသံများ…။

ဆက်သွယ်ရန်၊ ဖြန့်ဖြူးရန်၊ စည်းရုံးရန်၊ အသိပေးရန်၊ အကြံဉာဏ်ပေးသံ၊ မြှောတ်ပင့်သံ၊ ၀ါဒဖြန့်ရန်၊ အကဲစမ်းရန်၊ လေ့လာသုံးသပ်ရန်၊ ခြိမ်းခြောက်ရန်၊ သိမ်းသွင်းရန်နှင့် အမျိုးမျိုး အဖုံဖုံသော ရည်ရွယ်ချက်များဖြင့်၎င်း၊ တစ်ခုထက်ပိုသော ပေါင်းစပ် ရည်ရွယ်ချက် များဖြင့်၎င်း၊ ပုံမှန်မဟုတ်သော အခြေအနေများဖြင့် အရောင်စုံ အသွင်ကွဲ၊ သံတူကြောင်းကွဲ မျက်နှာဖုံးစွပ်တို့နှင့် အသံတွေ ဗလံတွေ၊ အရင်က ကြားခဲ့ ကြုံခဲ့ဖူးသလို အခုလည်းကြုံနေ၊ ကြားနေရတဲ့၊ နောင်လည်း ဆက်ရန်ပေါင်းများစွာ ကျန်နေသေးသော အသံတွေ ဗလံတွေ။ တကယ်ဗျာ… ကြည့်စမ်းပါဦး… အခုတလော အသံတွေလား ဗလံတွေလား ဟိုနေရာ ဒီနေရာမှာ ဟိုကိစ္စ၊ ဒီကိစ္စတွေကြောင့် ဟိုလိုလို ဒီလိုလို အသံတွေရော ဗလံတွေရော တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ အမျိုးကို စုံတကာစေ့လို့…။

ကြားတယ်မဟုတ်လား… အဲဒီအသံတွေလေ… ပြီးတော့
အခု ကျနော်ပြောတဲ့အသံ…၊
ဘယ်လောက်ကြားလဲ ဘယ်လိုကြားလဲ
အသံလား..
အသံဗလံလား။
အဲဒါတော့ ကိုယ့်ဘာသာ စဉ်းစားဗျာ။

***
ရုတ်တရက် စူးရှသော ကားဟွန်းသံက အတွေးများကို ရပ်တန့်သွားစေသလို မှိတ်ထားသော မျက်စေ့မှာလည်း ပွင့်သွားကာ အသံလာရာဆီသို့ ချက်ချင်းဆိုသလို လှမ်းကြည့်ပြီး ဖြစ်နေသည်။ အရှိန်ဖြင့် မောင်းနှင်သွားသော ကားတစ်စီးကို တွေ့လိုက်ရသည်။ ညဥ့်နက်နေပြီ ဖြစ်၍ လမ်းပေါ်တွင် ခုနလောက် ကားမီးရောင်စုံတို့ကို မတွေ့ရတော့။ ဖြာကျနေဆဲ လမ်းမီးရောင် တို့အောက်တွင် ကျောပြောင်ပြောင် လမ်းမကြီးက လဲလျောင်း ငြိမ်သက်နေဆဲ။ အားလုံးငြိမ်နေ၊ အိပ်စက်နေကြပြီ။ အသံများ ဘယ်အချိန် အိပ်သည်ကိုတော့ ကျနော် မပြောတက်ပါ။ ကျနော်တို့ ဘ၀တစ်လျှောက် အသံများ ဆက်၍ ကြားနေရဦးမည်ဟု ကျနော် ယုံကြည်နေမိပါတော့သည်။ ။

စာရေးသူ ပေါ်ဦးမှာ ကိုရီးယားတွင် ခေတ္တနေထိုင်လျက် ရှိသည့် စာပေ၀ါသနာရှင်တဦး ဖြစ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, December 8, 2011

ညီလင်းသစ် ပြောတဲ့ The Lady

ညီလင်းသစ်

မနေ့ညက အဲဒီရုပ်ရှင် သွားကြည့်ဖြစ်ပါတယ်၊ လူများ,မများ မသိနိုင်တာနဲ့ ရုပ်ရှင်မစမီ နာရီဝက် ကျော်ကျော်လောက် ကတည်းက ကြိုရောက်နေ ဖြစ်တယ်၊ လက်မှတ်ဝယ်ဖို့ တန်းစီရင်း ခုံနေရာ ဘယ်လောက် ကျန်သေးသလဲ ပြတဲ့ မော်နီတာကို ကြည့်လိုက်တော့ ၈၀ ရာခိုင်နှုန်း လောက်ကို ကျန်နေသေးတာ တွေ့ရတယ်၊ ဒါနဲ့ အေးအေးဆေးဆေးပဲ ဖြစ်သွားတယ်..၊ ပြမယ့် ခန်းမထဲကို ဝင်လို့ရပြီ ဆိုတာနဲ့ ကျနော်တို့ ဝင်ထိုင်နေလိုက်ပြီး နည်းနည်းစီ ဝင်လာနေတဲ့ လူတွေကို ငေးကြည့်နေ မိတယ်၊ ကျနော့်စိတ်ထဲမှာ ဒီလိုဇတ်ကားမျိုးကို လာကြည့်သူတွေဟာ ဘယ်လိုလူမျိုး တွေများ ဖြစ်နိုင်မလဲလို့ အရမ်း သိချင်နေမိတယ်၊ မြန်မာပြည်ကို ရောက်ဖူးသူတွေလား၊ ဒါမှမဟုတ် မကြာခင်မှာ သွားမယ့်သူတွေလား၊ ဒါမှမဟုတ် ကမ္ဘာ့နိုင်ငံရေးကို စိတ်ဝင်စားလို့ ဒုက္ခနွံထဲက မတက်နိုင်သေးတဲ့ နိုင်ငံလေးနဲ့ အဲဒီအထဲက အမျိုးသမီး တစ်ယောက် အကြောင်း ပိုပြီး သိချင်သူတွေ များလား၊ ဒါမှမဟုတ် Luc Besson ဘာပဲရိုက်ရိုက် ကြည့်လိုက်မယ် ဆိုသူတွေလား...၊

ကျနော့်စိတ်ထဲ တွေးနေမိတာကို ဘေးက မအိမ်သူကို ပြောတော့ အင်မတန် လက်တွေ့ကျတဲ့ အကြံဥာဏ်ကို ပေးတယ်၊ 'သိချင်ရင် လိုက်မေးကြည့် ပါလား' တဲ့..၊ ဝင်လာသူတွေ ကတော့ ကျနော် မျှော်လင့်ထားသလို သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ များတယ်၊ မြန်မာ တစ်ယောက်တလေများ ကံကောင်းစွာနဲ့ ပါလာမလားလို့ တစ်ယောက်မှ အလွတ်မပေးဘဲ ထိုင်ကြည့်နေသေးတယ်၊ အာရှသူလို့ ယူဆရတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရတာက လွဲရင် ကျန်တဲ့ ပရိတ်သတ်တွေက အနောက်တိုင်းသား တွေချည်းပါပဲ၊ ဒီလို ရုပ်ရှင်မျိုးကို ကြည့်ပြီး ပြန်အထွက်မှာ တခြားမြန်မာ လူမျိုးတွေရဲ့ အမြင်ကို ကြားချင်၊ သိချင်မိတယ်၊ အဲဒီလိုနဲ့ ခန်းမထဲမှာ မီးတွေ မှောင်သွားခဲ့တယ်....၊
ဗိုလ်ချုပ်က သူ့သမီးလေးကို အစဉ်အလာ ကြီးခဲ့တဲ့ မြန်မာ့သမိုင်းကို ပြောပြနေတဲ့ အခန်းနဲ့ ဇတ်လမ်း စ,ပါတယ်၊ အဲဒီ အခန်းမှာ ပုဂံရဲ့ အရုဏ် တက် မြင်ကွင်းတွေကို ကြိုကြားကြိုကြား ညှပ်ပြီး ပြသွားတယ်၊ ပုဂံဟာ မြင်ကွင်းကျယ် ပိတ်ကားပေါ်မှာ ကြည့်ရတာ ပိုပြီး ကျက်သရေ ရှိနေသလိုပဲ၊ အဲဒီနောက်တော့ အတွင်းဝန်ရုံး လုပ်ကြံ သတ်ဖြတ်မှု၊ သိပ်မကြာခင်မှာပဲ ဒေါ်ခင်ကြည် နေမကောင်းလို့ မြန်မာပြည် ပြန်လာရတဲ့ အမေစု အခန်းတွေကို ပြပါတယ်၊ ပြီးတော့ ၈၈ အရေးတော်ပုံ၊ NLD ဖွဲ့စည်းမှု၊ ရွှေတိဂုံ ညီလာခံ.. စတာတွေ ဆက်လာပါတယ်၊ ဒီအခန်းတွေကို ပြတဲ့အခါ အများသိတဲ့ အတိုင်း ယိုးဒယားနယ်စပ်မှာ တူနိုင်သလောက် အတူဆုံး ဆက်တင်လုပ်ပြီး ရိုက်ထားတဲ့ အခန်းတွေနဲ့ ရန်ကုန်မြို့က တကယ့်နေရာတွေကို ရောမွှေပြီး ပြသွားတယ်၊ ဒီဇတ်ကား ရိုက်ဖို့ ဆုံးဖြတ်ပြီးတဲ့အခါ ဘာမှ မစသေးခင် ဒါရိုက်တာ Luc Besson နဲ့ အဖော် ၂ ယောက်က မြန်မာပြည်ကို လာပြီး ရှုခင်း၊ မြင်ကွင်းတွေကို ကင်မရာ အသေးလေးနဲ့ ၁၇ နာရီစာ ရိုက်သွားခဲ့တယ်လို့ ဆိုပါတယ်၊ အခု အဲဒီရှုခင်းတွေကို ဒီလို နေရာတွေမှာ ပြန်သုံးထားတာ ဖြစ်ပါတယ်၊ အမေစုရဲ့ အမှတ် ၅၄ အိမ်ကိုတော့ ယိုးဒယား နယ်စပ်မှာ တပုံစံတည်း ပြန်ဆောက်ပြီး ရိုက်ပါတယ်၊

ဇတ်လမ်းက အမေစုအဖြစ် သရုပ်ဆောင်တဲ့ မီရှဲလ်ယိုး (Michelle Yeoh) နယ်တွေကို စည်းရုံးရေး ခရီးထွက်တာ၊ နောက်တော့ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခံရတာတွေ ဆက်ပြတယ်၊ မီရှဲလ်ယိုးက ဇတ်ဝင်ခန်းတွေမှာ မြန်မာစကားကို သွက်သွက်လက်လက် ပြောနိုင်အောင် ကျင့်ထားတာ တွေ့ရပေမယ့် လေသံကတော့ အတော်လေး ဝဲတယ်၊ ဒီနေရာမှာ သူ့အသံနဲ့ ခပ်ဆင်ဆင်တူ နိုင်မယ့် မြန်မာ အမျိုးသမီး တစ်ယောက်ကို စကားပြောခိုင်းပြီး နောက်ခံအသံ ထပ်မယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကျနော်ကတော့ သူကိုယ်တိုင် ပြောတာကိုပဲ ပိုသဘောကျတယ်၊ ဒါဟာ သူ့ရဲ့ အားထုတ်မှု မဟုတ်လား၊ အစ တစ်ကြောင်း၊ နှစ်ကြောင်းလောက်မှာ နားထဲ တမျိုးဖြစ်ပေမယ့် နောက်တော့လည်း အသားကျ သွားပါတယ်၊ မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ ဇတ်ဝင်ခန်းတွေကိုလည်း အတတ်နိုင်ဆုံး ပီပြင်အောင် ကြိုးစားထားတာ တွေ့ရတယ်၊ ဒါပေမယ့် တချို့ဗိုလ်ချုပ်တွေက မျက်နှာကြည့်လိုက် တာနဲ့ ထိုင်းလူမျိုးမှန်း သိသာသလို တချို့ကလည်း မြန်မာစကား ပြောတဲ့လေသံ အရမ်း ဝဲလွန်းတာ သတိထား မိတယ်၊ စစ်ဗိုလ်၊ စစ်သားနဲ့ ပတ်သက်တာတွေ ပြရင် အများအားဖြင့် ရက်စက်၊ ကြမ်းတမ်းမှု၊ ကောက်ကျစ်မှုကို ပြနိုင်ဖို့ ကြိုးစားတာ တွေ့ရတယ်၊ ဒီအတိုင်း ဟုတ်လိုက်လေဗျာ-လို့ ဆိုရမယ့် အခန်းတွေ ရှိသလို ဇတ်နာအောင် သာသာထိုးထိုးလေး လုပ်ထားတာတွေလည်း ပါတယ်လို့ ပြောရမှာ ပါပဲ၊ ဒါဟာ ခံစားမှုကို ဦးစားပေးတဲ့ ရုပ်ရှင် မဟုတ်လား...၊

ဇတ်လမ်းရဲ့ အရေးပါတဲ့ အခန်းတစ်ခု ဖြစ်သလို ကျနော်လည်း အကြိုက်ဆုံး ဇတ်ဝင်ခန်းကတော့ အမေစုကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးတဲ့အခန်းပါပဲ၊ အော်စလိုမြို့က ဆုပေးပွဲ ခန်းမ၊ အခမ်းအနား အပြင်အဆင်မှ စပြီးတော့ နောက်ဆုံး ဆုလက်ခံ ယူတဲ့ မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါးနဲ့ ကင်မ်တို့ ရပ်နေတဲ့ ပုံစံ အနေအထား အသေးစိတ်ကအစ ဂရုစိုက်ထားတာ သတိထား မိတယ်၊ တဖက်ကလည်း ရန်ကုန်က အိမ်ကြီးထဲမှာ အမေစု တဖြစ်လဲ မီရှဲလ်ယိုးက ရေဒီယို အဟောင်းကြီး တစ်လုံးကို နားထောင်နေတယ်၊ သူ့ကိုယ်စား မိသားစုကို ဆုလက်ခံယူဖို့ ဖိတ်ခေါ်လိုက် ချိန်မှာပဲ မီးပြတ်သွားတယ်၊ သူနဲ့အတူ ရေဒီယို နားထောင်နေတဲ့ အဖော် အမျိုးသမီးက ရေဒီယိုအသေးလေး ပြေးယူတယ်၊ အဲဒီအချိန် အခမ်းအနားကို လွတ်သွားမှာစိုးလို့ အမေစုက စိတ်လှုပ်ရှား နေတယ်၊ ရေဒီယို ရောက်လာတော့ အထဲမှာ ဓါတ်ခဲ မရှိပြန်ဘူး၊ အဲဒါနဲ့ လက်နှိပ်ဓါတ်မီးထဲက ဓါတ်ခဲတောင့်တွေထုတ်၊ ရေဒီယိုထဲ အမြန်ထည့်ပြီး ဖွင့်နားထောင် လိုက်တော့ သားကြီး အလက်ဇန်းဒါးက ကျေးဇူးတင်စကား ပြောနေခဲ့ပြီ၊ အမေစုကတော့ သားရဲ့အသံကို မျက်ဝန်းတွေ တလက်လက်နဲ့ နားထောင် နေတယ်၊ ကျေးဇူးတင်စကား ပြောအပြီးမှာ ဂုဏ်ပြုအော်ခက်စထရာက တေးသွားတစ်ပိုဒ်ကို တီးမှုတ်လိုက်တယ်၊ ကျနော် အရမ်းကြိုက်တဲ့ Pachelbel Canon တူရိယာသက်သက် တေးသွား..၊ စန္ဒရားနဲ့ ချယ်လိုကို အားပြုထားတဲ့ တေးသွား...၊ အဲဒါကို ရေဒီယိုကနေ ကြားရတဲ့အခါ အမေစုက တဖက်ကနေ စန္ဒရားကို အသာအယာ လိုက်တီးပါတယ်..၊ မိသားစုနဲ့ ဝေးပြီး တစ်ဦးတည်း ပိတ်လှောင်ခံထားရတဲ့ အိမ်ကြီးထဲမှာ စိတ်ဓါတ်မာကျော ပါတယ်ဆိုတဲ့ အမျိုးသမီး တစ်ယောက်ကတော့ ညအမှောင်ထဲ စန္ဒရားခလုတ်တွေကို အသာအယာ တို့ထိလို့...၊ အဲဒီမြင်ကွင်းကို အလင်းအမှောင် နိုင်နိုင်၊ နောက်ခံဂီတ အားကောင်းကောင်းနဲ့ ပံ့ပိုးလိုက်တဲ့အခါ အမျိုးစုံတဲ့ ခံစားမှုတွေက ရင်ဘတ်ထဲမှာ ပြည့်ကျပ် လာတော့တယ်၊

ကျနော် ပြန်ပြောချင်တဲ့ နောက်တစ်ခန်းကတော့ ကင်ဆာရောဂါနဲ့ သိပ်မနေရတော့မယ့် အကြောင်း ရေးထားတဲ့ မိုက်ကယ်လ်အဲရစ်စ်ဆီက စာကို ဖတ်အပြီးမှာ ဗြိတိသျှ သံရုံးကတဆင့် အမေစုက ဖုန်းဆက်တဲ့ အခန်းပါ၊ အသံလှိုင်းတွေ သိပ်မကြည်တဲ့ ဖုန်းကို မျက်ဝန်းမှာ မျက်ရည်တွေ ဝဲပြီး ပြောတဲ့အခန်း...၊ 'ကျမ ပြန်လာဖို့များ လိုနေမလားဟင်' ဆိုတဲ့ စကားလေးကို ပြောချလိုက်တဲ့ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ အရိပ်တွေ အများကြီး ဖြတ်ပြေးသွားတယ်၊ မိသားစု၊ သေကောင်ပေါင်းလဲ ခင်ပွန်း၊ နောက်ဆုံးကြားခြင်း ဖြစ်ကောင်းဖြစ်မယ့် အသံ၊ အချုပ်အနှောင်၊ သောက၊ ပြည်သူလူထု၊ ဒုက္ခဆင်းရဲ... အဲဒါတွေ အကုန်လုံးကို အဲဒီ စက္ကန့်ပိုင်းလေးမှာ မီရှဲလ်ယိုးရဲ့ မျက်နှာမှာ တွေ့လိုက်ရတယ်၊ ရင်နင့်ရတဲ့ အခန်းပါပဲ၊ တိတ်ဆိတ်နေတဲ့ ရုံထဲမှာ ကျနော့်ဘေးက မအိမ်သူလိုပဲ တိတ်တဆိတ် ရှိုက်သံတွေ ကြားနေရတယ်..၊

သရုပ်ဆောင်တွေ အဖြစ် မိုက်ကယ်လ်အဲရစ်စ်၊ အလက်ဇန်းဒါး၊ ကင်မ် တို့ရဲ့ ရုပ်သွင်၊ အမူအရာတွေ အတော်လေး တူပေမယ့် အမေစုရဲ့ ကာရိုက်တာကို ခံစားယူရတာတော့ လွယ်မယ့်အလုပ်လို့ ကျနော် မထင်ပါဘူး၊ ဒါပေမယ့် အရပ်အမောင်း၊ မျက်နှာသွင်ပြင်ခြင်း ဆင်သလို ရှိတဲ့ အာရှ သူ မင်းသမီး မီရှဲလ်ယိုးက အတော်လေးကောင်းအောင် သရုပ်ဆောင်သွား နိုင်တာ တွေ့ရပါတယ်၊ အထူးသဖြင့် တချို့အခန်းတွေမှာ အမေစုရဲ့ အကြည့်ကို 'ဖမ်း' နိုင်တာ သတိထား မိတယ်၊ ဇတ်လမ်းထဲမှာ မျက်ရည်ဝဲတာ..၊ မျက်ရည်ကျတာတွေ ပါ,ပါတယ်၊ အမေစုကော.. အပြင်မှာ ဒီလိုမျိုး ရှိဖူးလား? ကရုဏာတရား ကြီးမားလှတဲ့ အဲဒီမျက်ဝန်းတွေ ထဲမှာ မျက်ရည်တွေ ရစ်ဝဲနေတာ မြင်တွေ့ဖူးသူ မရှိသလောက် နည်းပါးလိမ့်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ဒီတိုင်းပြည်ကို ချစ်လွန်းတဲ့ ဒီအမျိုးသမီးကြီး ဟာလည်း သူ့ရဲ့ ကိုယ်ပိုင် မိသားစု အတွက် ငိုကြွေးရချိန်တွေ ရှိလိမ့်မှာ အသေအချာပါ၊ အနည်းဆုံး ရင်ထဲက နက်ရှိုင်းတဲ့ တစ်နေရာမှာ ဖြစ်ဖြစ်ပေါ့၊ ဘာပဲဖြစ်ဖြစ် အခုကတော့ ခံစားမှုကို နှိုးဆွရမယ့် ရုပ်ရှင်ဖြစ်လို့ ဒီလိုမျိုး သာသာထိုးထိုး ရှိနိုင်တာ သဘာဝပါပဲ၊

ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပြင်သစ်ဒါရိုက်တာ Luc Besson ကို အင်တာဗျူးတွေမှာ မေးကြတယ်၊ 'ခင်ဗျားရဲ့ ရုပ်ရှင်ကို ဒေါ်အောင်ဆန်းစုကြည်သာ ကြည့်ခွင့်ရရင် ဘာပြောမယ်လို့ ထင်သလဲ'..တဲ့၊ သူက ဖြေတယ်၊ 'ဖြစ်နိုင်တာ နှစ်ခုပါပဲ၊ ဒေါ်စုက ဟက်ဟက်ပက်ပက် ရယ်မောပြီး ဖြစ်ရလေ Luc ရယ်..၊ မင်းမို့ ကြံကြံဖန်ဖန် ဒီလိုမျိုး စိတ်ကူးယဉ်တွေ စဉ်းစားတတ် ပလေတယ်-လို့ ပြောရင်ပြော..၊ ဒါမှမဟုတ် သူ့မိသားစုရဲ့ ပုံရိပ်တွေကိုကြည့်ပြီး အောက်မေ့ သတိရစိတ်နဲ့ တိတ်ဆိတ်ချင်လည်း တိတ်ဆိတ် နေလိမ့်မယ်' တဲ့၊ တကယ်တမ်းမှာလည်း Luc Besson က ကံကောင်းစွာနဲ့ အမေစုကို လာတွေ့ခွင့် ရခဲ့ပါတယ်၊ အဲဒီမှာ သူက မေးလိုက်တယ်၊ 'အဆင်ပြေမယ်ဆိုရင် ဒေါ်စု ဒီဇတ်ကားကို ကြည့်ချင်သလား' ဆိုတော့ အမေစုက 'ကျမအတွက် အားရှိတဲ့ တစ်နေ့ကျရင် ကြည့်ဖြစ်မှာပါ'လို့ ပြန်ပြောတယ်လို့ ဆိုပါတယ်၊

အနှုတ်လက္ခဏာ တစ်ခုကို ပြောပါ ဆိုရင်တော့ ဇတ်ကား အဆုံးသတ်ဟာ ကျနော့် အတွက်တော့ မချင့်မရဲ ဖြစ်ရပါတယ်၊ ဒီဇတ်လမ်းကို ရိုက်နေတဲ့ အချိန်မှာ ဇတ်သိမ်းဟာ happy ending မဟုတ်သလို tragic ending လို့လည်း မဆိုနိုင်တဲ့ အချိန်ပါ၊ (အခုထိလည်း ဒီနှစ်ခုထဲက တစ်ခုမှ မဟုတ်သေးပါဘူး)၊ ဆိုတော့ ရုပ်ရှင်ဇတ်သိမ်းဟာ အထိုက်အလျောက် ခက်မှာ သေချာပါတယ်၊ ဒါပေမယ့် အခုလိုမျိုး ဇတ်သိမ်းပုံထက် ပိုပြီး အနုပညာ ဆန်မယ့် လုပ်ကွက်တွေ ရှိမယ်လို့ ကျနော်ထင်တယ်၊ ဘာပဲဖြစ်ဖြစ် ဒါရိုက်တာမှာလည်း သူ့အကြောင်းပြချက်နဲ့သူ ရှိမှာပါပဲ၊ မကောင်းဘူးလို့ ပြောရတာ လွယ်လွယ်လေးပါ၊ ရုပ်ရှင်တစ်ခုလုံးကို ခြုံကြည့်ရင်လည်း ဟာကွက်တွေ အများကြီးပါ၊ အထူးသဖြင့် အမေစုရဲ့ နိုင်ငံရေး လှုပ်ရှားမှု အသားပေး အခန်းတွေမှာပေါ့၊ ဒါပေမယ့် ရသလောက် သတင်းအချက်အလက် တွေနဲ့ပဲ သူများနိုင်ငံမှာ သိုသိုသိပ်သိပ်နဲ့ ဒီလိုမျိုး ရိုက်ခဲ့ရတာ ကျနော်တို့ မေ့ထားလို့ မဖြစ်ပါဘူး၊ ပြီးတော့ ဒီရုပ်ရှင်ဟာ မြန်မာ့နိုင်ငံရေးကို ရိုက်ကူးတဲ့ သတင်းမှတ်တမ်းကားလည်း မဟုတ်ပါဘူး၊ အဲဒီ နိုင်ငံရေးထဲမှာ တန်ဖိုးကြီးမား လှတဲ့ ပေးဆပ်၊ စွန့်လွှတ်မှုတွေနဲ့ နေထိုင်နေတဲ့၊ လူတွေက ချစ်စနိုးနဲ့ 'The Lady' လို့ နာမ်စားသုံး ခေါ်ဝေါ်ကြတဲ့ လွတ်လပ်ခြင်းရဲ့ နှင်းဆီတစ်ပွင့် အကြောင်းပါ၊ ကျနော့်အတွက်တော့ ရင်ကိုလာမှန် ခဲ့ပါတယ်...။ ။

ညီလင်းသစ်
၅ ဒီဇင်ဘာ၊ ၂၀၁၁
Posted by Nyi Linn Thit au

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, November 29, 2011

မြန်မာတွေ တကယ်ပဲ ညံ့ကြလို့လား

ရေးသားသူ — သွန်းနေစိုး Thorn Nay Soe
အင်္ဂလိပ်ကို ပထမဆုံးစစ်ရှုံးရတာ ကုန်းဘောင်ခေတ်မှာဖြစ်ပါတယ်။ ဒီ့အတွက် မဟာဗန္ဓုလကပဲ ညံ့သလိုလို အပြစ်ပြောချင်ကြတယ်။ မဟာဗန္ဓုလရဲ့ တပ်သားတွေဟာ အရေးတော်ကြုံမှ ထောင်ပြုမြို့၊ ဆယ်ပြုမြို့ စတာတွေကနေ စုဆောင်းထားရတဲ့ တပ်သားတွေ။ နယ်ချဲ့တပ်ကတော့ ကြေးစားတပ်တွေ။
ဒီကတည်းက စကွာနေပါပြီ။ ပြီးတော့ လူအင်အားချင်းလဲ မယှဉ်သာ လက်နက်အင်အားကလည်း တခြားစီ။ ဒါတောင်မှ `မြန်မာတပ်တွေဟာ ပန်းဝါစစ်မျက်နှာမှာ ဘင်္ဂလားခြေလျှင်တပ်ရင်းကြီးတစ်ခုလုံး ပြုတ်ပြုတ်ပြန်းအောင်နှိမ်နင်းနိုင်ပြီးတဲ့နောက် ဆက်သာ စစ်ချီမယ်ဆိုရင် စစ်တကောင်းနဲ့ ဘင်္ဂလားနယ်အထ် အလွယ်တကူ သိမ်းနိုင်လိမ့်မယ်´
လို့ အဲဒီတုန်းက နယ်ချဲ့ဘက်က တိုက်ခိုက်ခဲ့သူ လက်ဖ်တင်နင် De Rhe Phillipe က ရေးခဲ့တယ်။

ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာ အင်္ဂလိပ်ဘက်က ခေါင်းဆောင်က General Morrison ဒုဦးစီးက Brig: Gen: Mc Bean သူတို့အောက်က တပ်မဟာမှုးတွေက Brig: Gen: W. Richards, Brig: Gen: C. Grants. C. B., Brig: Gen:Fair
သူတို့နဲ့အတူ ပါလာတဲ့ တပ်တွေက ...
26th Native Infantry
54th Regiment
10th Madras Native Infrantry
44th Regiment
26th Bengal Native Infrantry
42nd Bengal Native Infrantry
49th Bengal Native Infrantry
62nd Bengal Native Infrantry
16th Bengal Native Infrantry
Bengal Artillery 8-9 pounders, 4-12 pounders
4-5 howitzers
Madras Artillery 4-9 pounders
Six Companies of Pioneers
Levy of Mugh Pioneers
1st light Lnfantry Battalion
2nd Regiment Local Horse
ဒါ့အပြင် ရေတပ်တွေပါသေးတယ်။ မဟာဗန္ဓုလက ကြည်းတပ်တစ်ခုတည်းအားကိုးနေရချိန်မှာ အဘက်ဘက်အသွယ်သွယ်က စစ်ဆင်လာတဲ့ ကြေးစားတပ်တွေရဲ့ အင်အားကို သူဘယ်လို ရင်ဆိုင်နိုင်မလဲ?

မဟာဗန္ဓုလရဲ့တပ်က အာသံကနေရန်သူတွေကို မောင်းထုတ်ဖို့သွားတယ်။ သူတာဝန်ကျေပွန်ခဲ့တာပဲ။ အင်္ဂလိပ်က စစ်ကြောင်းကြီးသုံးကြောင်းအပြင် ရေတပ်ပါညှပ်ပြီး စစ်ဆင်လာတော့ အင်းဝကို ကာကွယ်ဖို့ရခိုင်ရိုးမဖြတ်ပြီး ပြန်လာရပြန်တယ်။ အဲဒီတုန်းက အင်္ဂလိပ်ဘက်က Colonel Bowen ရဲ့အစီရင်ခံစာကို ကောက်နုတ်တင်ပြပါ့မယ်။
They Fought with a bravery and obstinancy I never witnessed in any troops. They fought desperately, reserving their fire to the last moment and seldom missing their object. Little is known of the march of Mahabandula's forces a cross the mountains of Arakan to the Irrawaddy;
a distance, by the Shortest rouths, of upwards of two hundred miles, at a season of the year when none but Burmans could have kept the field for a week , much less have attempted to pass the insalubrious jungles and pestilential marshes of Arakan, which rivers, arms of the sea and mountain torrents opposing their progress at every step.
မြန်မာ့သတ္တိနဲ့ ဇွဲကို နိုင်ငံခြားသားတစ်ယောက်ရဲ့ စာမှာတောင် မြင်နိုင်ပါတယ်။

အစားထိုးစရာ လူမရှိလို့မို့ ရခိုင်ရိုးမကြီးကိုဖြတ်ပြီး စစ်ပြန်ဆုတ်လာရတာ မဟာဗန္ဓုလ မှားသလား? သူ့ရဲ့ အပင်ပန်းအဆင်းရဲခံခဲ့မှုကို မငဲ့တောင် သူ့သမိုင်းကိုတော့ မဖျက်သင့်ပါ။ ရန်သူက အ၀ိုင်းခံနေရလို့ လက်နက်ချဖို့ ရာဇသံအပေးခံနေရချိန် (နောက်ဆုံးအချိန်) မှာ မင်းကြီး မဟာဗန္ဓုလဟာ ဟော့ဒီလို စာပြန်ခဲ့တယ်။
`ကျွန်ုပ်တို့ နှစ်ဦးလုံးဟာ ကိုယ့်နိုင်ငံအတွက် ကိုယ်တိုက်ခိုက်နေခြင်းဖြစ်သည်။ အသင့်ဂုဏ်သိက္ခာကို အသင်ထိန်းသိမ်းသလို ကျွန်ုပ်ဂုဏ်သိက္ခာကိုလည်း ကျွန်ုပ်ထိန်းသိမ်းရပေမည်။ မိတ်ဆွေတစ်ဦေးအနေနှင့် ဓနုဖြူမြို့ကို လာကြည့်လိုပါလျှင် ကျွန်ုပ်ကိုယ်တိုင်လိုက်ပြပါမည်။ ရန်သူအနေနှင်လာလိုက တက်ခဲ့ပါ´ လို့ စာပြန်ခဲ့သူကိုမှ ရန်လိုတယ်လို့ စွပ်စွဲချင်နေတာဟာ အမျိုးကို စော်ကားတာပါပဲ။

တစ်ချိန်က ရွှေထီးဆောင်းခဲ့တာကို ပြန်တမ်းတတာ မဟုတ်ပါ။ မြန်မာတွေ ညံ့တယ်လို့ စွပ်စွဲချင်ရင် ဘုရင့်နောင်ခေတ်ကို မသိချင်ယောင်ဆောင်ပြီး ကျော်မသွားပါနဲ့လို့ ပြောချင်တယ်။
`ဒီကမ္ဘာမြေပြင်မှာ ပဲခူး(ဟံသာဝတီ) ဘုရင်လောက် တန်ခိုးအင်အား ကြီးမားသူ မရှိ´ လို့ရေးခဲ့တာ မြန်မာ့သမိုင်းမှာ တမင်ကြွားရေးထားတာ မဟုတ်။
Samuel Purchas ရဲ့ Hakluytus or Punrhas His Pilgrimes ဆိုတဲ့ စာအုပ်က စကားဖြစ်တယ်။

နောက်ထပ် ပြစရာ အထောက်အထားတွေ၊ ကျနော်တို့ရဲ့ တောက်ပြောင်ခဲ့တဲ့အတိတ်သမိုင်းတွေ တောင်ပုံရာပုံရှိပါသေးတယ်။ လတ်တလောဆိုတော့ ခပ်သွက်သွက်ပဲ ပြပါ့မယ်။ ဟော့ဒါက ကနောင်မင်းသားကြီးအကြောင်းရေးထားတာပါ။
`မင်းသားသည် ရည်မှန်းချက်ကြီးတစ်ခုကို မဖြစ်မနေ ဆောင်ရွက်ရန စိတ်ဓာတ်ခိုင်မာလှသူ ဖြစ်လေသည်။ ထိုရည်မှန်းချက်မှာ ဥရောပမှာ ခေတ်ပညာများ တတ်မြောက်၍ မြန်မာနိုင်ငံခေတ်မီလာစေရေးပင်တည်း။ .... မိမိတို့ လူမျိုး အဆင့်အတန်းတက်ရန် ပညာလိုသည်ကို သူ ထိုးထွင်း၍ သိလေသည်။ .... သူကဲ့သို့ ယောက်ျားကောင်းသည် ရှာမရှားလောက်ပေသည်´
တဲ့။ အဲဒီလို ရေးသူကတော့ Paul Amrose Bigandet ပါ။ An Outline of the History of the Catholic Burmese Mission from the year 1720 to 1887 စာအုပ်မှာ ရေးခဲ့တာဖြစ်ပါတယ်။

ကုန်းဘောင်ခေတ်မှာပဲပေါ်ပေါက်ခဲ့တဲ့ မက္ခရာမင်းသားကြီးကိုလည်း ကာနယ်ဗာနေးက `မင်းသားကြီးကဲ့သို့ ပညာဗဟုသုတပြည့်စုံ၍ ဥာဏ်ထက်မြက်သောပုဂ္ဂိုလ်မျိုးကို မတွေ့ဘူးပါ။ ဤမင်းသားကြီးကဲ့သို့ ပညာဗဟုသုတအရာတွင် ငတ်မပြေ သိကျွမ်းလိုသော သူမျိုးကို မတွေ့ဘူးပါ´ လို့ ရေးခဲ့တယ်။

ပြီးတော့ ထိုင်းကို သိပ်အထင်ကြီးပြီး မြန်မာကိုပုတ်ခတ်တာလဲတွေရပြန်တယ်။ ထိုင်းရဲ့ အင်မတန်ထင်ရှားတဲ့ သမိုင်းဝင်ဘုရင် ဖရနရေစူဝမ်ဟာ ဘယ်နိုင်ငံမှာ စစ်ပညာသင်ခဲ့တာလဲ? အသေအချာ ဆန်းစစ်ကြည့်ပါ။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်လုပ်ခဲ့တဲ့ ဦးသန့် တော်ကြောင်းသိကြသလို တခြား ပြစရာ မြန်မာအများကြီးရှိသေးတာကိုလည်း သတိပြုသင့်ပါတယ်။ လက်လှမ်းမီရာ အမြန်ပြောရရင် ဦးတင်ထွဋ်ဟာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ရာမှာ အတော်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါခဲ့တာပါ။ နောက်ထပ်မြန်မာပညာရှင်တွေ အများကြီးရှိပါသေးတယ်။

စာမှာတင်မဟုတ်ပါဘူး။ ဦးဘဥာဏ်တို့ ဦးဇော်ဝိတ်တို့လို အနုပညာ၊ အားကစားဘက်တွေမှာလဲ မြန်မာ့အစွမ်းပြခဲ့သူတွေအများကြီးရှိပါတယ်။ အခုခေတ်စားနေတဲ့ ဘောလုံးမှာဆိုလဲ တစ်ချိန်က မြန်မာဟာ အာရှအဆင့်ရှိခဲ့မှန်းလူတိုင်းသိပါတယ်။

ကျနော်က မြန်မာတွေ တော်လှချည့်လို့ မျက်စိမှိတ်ဇွတ်ငြင်းနေတာ မဟုတ်ပါ။ ဒါပေမဲ့ မြန်မာကို ညံ့တယ်လို့ ဘယ်လို ဆင်ခြေမျိုးနဲ့ ပြောချင်ပါသလဲ? တော်တယ် ညံ့တယ်ဆိုတာကို ဘယ်လို စံနှုန်းမျိုးနဲ့ သတ်မှတ်မလဲ?
ပြောနေရတာကတော့ ထိုင်းလောက်ကို သိပ်ကိုးကွယ်ချင်နေတာတွေ တွေ့နေရလို့ပါ။

Howard Malcom ရဲ့ Travels in South Eastern Asia စာအုပ်မှာ မြန်မာဆိုတာ လုပ်စရာကိစ္စပေါ်လာရင် ဖင်မလေးတတ်ကြောင်း၊ လူစုလူဝေးနဲ့ လုပ်ကိုင်ရရင်လည်း ညီညီညွတ်ညွတ်နဲ့လုပ်ကြ သည်းခံကြ တစ်ဦးကိုတစ်ဦး ပံ့ပိုးကြကြောင်း အ၀မြို့ကို လှေနဲ့ ဆန်တက်ရတဲ့ခရီးမှာ သူကြုံခဲ့ရပုံကို ရေးပြခဲ့တယ်။
ဟော့ဒါက Albert Fytche ရဲ့ Burma Past and Present ဆိုတဲ့ စာအုပ်က ကောက်နုတ်တင်ပြချက်။ `မြန်မာလူမျိုးဟာ အနေအစားရိုးရှင်းသည်။ လောဘစိတ်နည်းသည်။ သူတို့သည် ကမ္ဘာမြေပြင်ကို အလုပ်ရုံအဖြစ် ပြောင်းလဲလိုစိတ်မထား´ တဲ့။
ကျနော်တို့မြေပေါ်မှာ ကျနော်တို့ လွတ်လပ်အေးချမ်းစွာနေထိုင်ခဲ့ကြတယ်။ ဒါကို ညံ့တယ်လို့ ဆိုချင်သလား? ပေတံဆိုတာက သူ့ပေတံကိုယ့်ပေတံအမျိုးမျိုးရှိပါလိမ့်မယ်။ အရာရာကို ထိုင်းအထင်ကြီးတဲ့ မျက်မှန်ကြီးတပ်ပြီး စွပ်မရမ်းချင်ပါနဲ့။

အခုလို အချိန်မှာ ကျနော်တို့ဟာ ရောင်ခြည်ကလေးပျို့လာတာကို မြင်ရကာစဖြစ်ပါတယ်။
အတိမ်းအစောင်းမခံတဲ့အခြေအနေပါ။
ဒီအချိန်မှာ သေချာတာကတော့ လူငယ်တွေရဲ့ စိတ်ကို အားတက်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။

သမိုင်းမှာလဲ တို့တော်ခဲ့တယ်။ ခုခေတ်မှာပိုတော်အောင်ကြိုးစားကြမယ်လို့ တိုက်တွန်းတာ ကောင်းသလား?
ငါတို့က ဘယ်တုန်းကမှ မတော်ခဲ့ပါဘူးလို့ ပုတ်ခတ်ချင်နေတာ ကောင်းသလား?
နားလည်လွယ်အောင် ထပ်ပြောပါ့မယ်။
လူငယ်တစ်ယောက်ကို ...
သားရေ၊ မင်းက တော်ပါတယ်ကွာ၊ ကြိုးစားလိုက်စမ်းပါလို့ပြောတာ ကောင်းသလား?
ဟေ့ကောင် မင်းညံ့တယ်ကွ၊ ဒါပေမဲ့ တော်အောင်ကြိုးစားစမ်းလို့ပြောတာ ကောင်းသလား?

တကယ်တော့ သမိုင်းကြောင်းကြီးတစ်ခုလုံးကို ဒီလိုကောက်ချက်လွယ်လွယ်ပေးဖို့ဆိုတာ စာတစ်အုပ်နှစ်အုပ်ထဲနဲ့ဖြစ်နိုင်မယ့် ကိစ္စမဟုတ်ပါ။ လုပ်လည်း မလုပ်သင့်ပါ။
ကျနော်လည်း မပြောအပ်သလို။ အခု မြန်မာကို ပုတ်ခတ်ချင်နေတဲ့ ယိုးဒယားအလံရှုးတွေလည်း မလုပ်အပ်ဘူး။
သမိုင်းကြီးတစ်ခုလုံးနဲ့ ချီပြောရရင် ဘယ်နိုင်ငံမှ တော်လည်း မတော်ဘူး ညံ့လည်း မညံ့ဘူး။
ဒီလောက်နှစ်ကာလများစွာ ဖြတ်သန်းခဲ့စဉ်မှာ ကောင်းကွက် တော်ကွက်တွေရှိသလို ရှော်ကွက် ညံ့ကွက်တွေလည်းရှိမှာပါပဲ။

ကျနော်တို့က တော်ကွက်ကောင်းကွက်ကို ရွေးပြောတယ်။ ဘာလို့ဆို
စိတ်ပညာမှာ အညွှန်းခံစိတ်ဆိုတာ ရှိပါတယ်။
`တို့ကဗီဇမှာ တော်ပါတယ်´ ဆိုတာက လူတော်ဖြစ်လာအောင် ညွှန်းဆိုမှုပေးလိုက်ခြင်းဖြစ်ပြီး
မြန်မာတွေ ညံ့ပါတယ်ကွာလို့ ပြောချင်သူကတော့ လူငယ်တွေရဲ့ အနာဂတ်ကို အညွှန့်ချိုးခြင်းသာဖြစ်ပါလိမ့်မယ်။

ဒီစာဟာ တောင်းဆိုလာသူတွေ ရှိလို့သာရေးရခြင်းဖြစ်ပါတယ်။
ကျနော်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပဲ အကောင်းဆုံးလို့ ခံယူသူပါ။
လောလောဆယ် နိုင်အောင် မတိုက်နိုင်သေးလို့ ငါတို့ ညံ့တယ်လို့ ပြောချင်ရင် တကယ်လုပ်နေသူတွေရဲ့ မျက်နှာကို အိုးမဲသုတ်ချင်နေသလို ခံစားရပါတယ်။
အပြင်ကနေတော့ လေပန်းမနေပါနဲ့။ သိပ်သတ္တိရှိရင် လာပါ၊ အတူစွန့်ကြရအောင်။

သေချာတာကတော့ ကျနော်တစ်ခွန်းတည်းပြောမယ်။
မြန်မာဆိုတာ ဘယ်တုန်းကမှ မညံ့ခဲ့ဘူး။
ဘယ်နေရာမှာ တော်သလဲ?
စိတ်ဓာတ် သတ္တိ ဇွဲမှာ တော်တယ်။

ကျနော်တို့ သူများ ကျွန်ဖြစ်ခဲ့ရတာ မှန်တယ်။
ဒါဟာ ကျနော်တို့ချည်းအပြစ်မဟုတ်ဘူး။ အာရှတစ်ခုလုံးနီးပါး ဥရောပ အလွှမ်းမိုးခံခဲ့ရတာ။
နောက်ပြီး နောက်ထပ် ခါးသီးတဲ့ တိုင်းပြည်ကံကြမ္မာတွေနဲ့ ကြုံခဲ့ရလို့ ကျနော်တို့ နာလန်မထူနိုင်အောင်ဖြစ်ခဲ့ရတယ်။
လောလောဆယ် ပတ်ဝန်းကျင်နိုင်ငံတွေက ကျနော်တို့ထက် သာနေတာ မှန်တယ်။
ဒါဟာ သာနေခြင်းသာ ဖြစ်တယ်။ သာသွားခြင်းမဟုတ်။
ဒီလို သာနေခြင်းမှာလဲ ကျနော်တို့ဆီမှာ ပိတ်နေလို့ သူတို့က အသာရနေခြင်းတွေ အများကြီး ပါတယ်။
ကျနော်တို့ကြောင့် ကောင်းကျိုးရနေတာတွေ အများကြီးရှိတယ်။

ဒါပေမဲ့ အခု ကျနော်တို့ ပြန်လာနေပြီ။

လောလောဆယ် ကျနော်တို့မှာ အားထားစရာ စိတ်ဓာတ်ပဲ ရှိတယ်။
အဲဒီစိတ်ဓာတ်ကိုတော့ ဘယ်သူထိပါးတာမှ မခံကြနဲ့။
အဲဒီ စိတ်ဓာတ်နဲ့ပဲ အားလုံးရအောင်ပြန်ယူမယ်။

ဒါကြောင့် မြန်မာတစ်ယောက်ပီပီ မြန်မာတွေကိုယ်စား ကြွေးကြော်လိုက်ချင်တယ်။
မြန်မာဆိုတာ ဘယ်တုန်းကမှ မညံ့ခဲ့သူတွေဖြစ်တယ်။
မြန်မာဆိုတာ လူတော်စာရင်းဝင်ခဲ့တယ်၊ အနည်းဆုံး အာရှမှာဆိုရင်ပေါ့။
နောက်ကို ဒီ့ထက်တော်ဖို့ ကျနော်တို့ခေတ်မှာ ကြိုးစားကြမယ်။

သွန်းနေစိုး Thorn Nay Soe
စာရေးသူ၏ မှတ်စုများ
၁။ [Facebook ကို ဖွဘုတ်လို့ ပြောနေကြသလိုပဲ။ ခုတလော ပုတ်ခတ်တာတွေ တော်တော်တွေ့နေရတယ်။ နောက်ဆုံး ကိုယ့်နိုင်ငံသမိုင်းပါ ပုတ်ခတ်လာတယ်။ ဒါဟာ တိုင်းပြည်ချစ်တဲ့လူငယ်တစ်ယောက်ရဲ့ ရှောင်တခင် ခုခံချေပချက်ဖြစ်တယ်။]
၂။ (တမင် အင်္ဂလိပ်စာအုပ်တွေက အကိုးအကားထုတ်ရတာဟာ မြန်မာဆရာတွေရေးတဲ့စာအုပ်ဆိုရင် မြန်မာချင်း ပင်းပြောတယ်ထင်မှစိုးလို့ပါ။ ညတွင်းချင်းရှာရတာမို့ စိတ်ရှိသလောက် မပြနိုင်ဘူး။ အရေးထဲ Connection ကကျနေတော့ Internet ပေါ်က လုံးဝ ယူမရခဲ့ဘူး)

Ref:
Hakluytus or Punrhas His Pilgrimes by Samuel Purchas
An Outline of the History of the Catholic Burmese Mission from the year 1720 to 1887 by Paul Amrose Bigandet
History of the British Residency in Burma 1826-1840 by W. S Desai
History of Burma by G. E. Harvey
The Making of Burma by Dorothy Woodman
Travels in South Eastern Asia by Howard Malcom
Burma Past and Present by Albert Fytche
ပို့စ်တင်သူ၏ မှတ်ချက် -
- ကြိုက်လို့ ဟန်းဂုရွာမှာ ရှယ်လိုက်တာပါ ။



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, November 27, 2011

မမြင်ရသည့် တစ်စုံတစ်ယောက်

ရေးသားသူ — အင်ကြင်း
ဆောင်းဝင်လာခဲ့ပြီပဲ.. အပြင်မှာ အုံ့မှိုင်းမှိုင်းနဲ့ အေးစက်နေသည်။ လေတိုက်လိုက်တိုင်း အေးစိမ့်နေသည်။ ရာသီဥတုကြီးက အေးစက်စက်နဲ့ ဘာလုပ်ရမှန်းမသိပါ။ ဒီနိုင်ငံက ဆောင်းတွင်းကြီးကို ကျမမုန်းသည်။ အပြင်ထွက်လျှင် အနွေးထည်တွေအထပ်ထပ်ဝတ်ရတာ စိတ်ညစ်မိသည် ။ ဆောင်းဝင်ပြီဆိုတာနဲ့ သိမ်းထားတဲ့ အနွေးထည်တွေကို ပြင်ရထုတ်ရနဲ့ အလုပ်ရှုပ်လှသည်။ အေးစိမ့်နေတဲ့ ဆောင်းတွင်းမှာ ကျောင်းလည်းမသွားချင်ပါ။ မနက်စောစော အလုပ်သွားရတာလည်း မုန်းသည်။ စာလည်းမရေးချင်ပါ။ အိပ်ယာထဲမှာသွားကွေးနေချင်သည် ။ အေးလွန်းတော့ မလှုပ်မယှက်နေရင်လည်း ကိုယ်တွေလက်တွေ နာချင်သလိုလို ဖြစ်လာသည်။ ပိုဆိုးသည်က ဆောင်းရောက်လျှင် လည်ထောင်အနွေးထည်တွေကို ကျမက မ၀တ်ချင်မ၀တ်တတ်ပါ။ နောက်ပြီး လည်ပင်းအေးတာနဲ့ ကျမ အအေးမိတတ်သည်။ အေးတိုင်းချောင်းဆိုးပြီး ချောင်းဆိုးလျှင် တော်တော်နဲ့မပျောက်တတ်ပါ။ လူကြားထဲမှာ ချောင်းဆိုးတာကို အောင့်ထားရတာ ယားကျိကျိနဲ့ တော်တော်အနေရခက်ပြီး စိတ်ညစ်ရသည်။ သည်နေ့ ချောင်းတဟွတ်ဟွတ်ဆိုးနေတာနဲ့ ဘယ်မှမထွက်ပဲ အိမ်ထဲမှာ နေရင်း ဘာလုပ်ရမှန်း မသိ တစ်ခုခုကို သတိရသလိုလို။ ပျင်းတာနဲ့ အင်တာနက်လေး ကြည့်လိုက် စာဖတ်လိုက်လုပ်နေမိသည်။အခန်းထဲမှာ နေရင်း ပျင်းတော့ တခုခုကိုသတိရမိသလိုလို…
ကိုယ့်ဖာသာ အထီးကျန်သလိုလိုခံစားမိသည်။ ဆောင်းဝင်လာတော့ ညနေစောစောဆို အုံ့မှိုင်းပြီး မှောင်နေသည်။ ၆နာရီလောက်ဆို မှောင်ပြီလေ။ ဒီအချိန်လောက်ရောက်တော့ ထမင်းဟင်းချက်ဖို့ပြင်ရသည်။ ဟင်းချက်ရန်ပြင်ဆင်ပြီး အိမ်ရှေ့တံခါးကို သွားဖွင့်ထားလိုက်သည် ။ ကျမနေတဲ့ အခန်းက ဟင်းချက်သည့်နေရာ မီးဖိုကနေ အတွင်းကို ၀င်သည့်တံခါးမနဲ့ တစ်ဆက်ထဲရှိနေသည်။ မီးဖိုရှေ့မှာ ပြူတင်းပေါက်ရှိနေပေမယ့် အနံ့နံမှာစိုးလို့ ကျမက ဆောင်းတွင်းဘယ်လောက်ပင်အေးအေး တံခါးမကြီးကို အမြဲ သွားဖွင့်ထားတတ်သည်။
ဟင်းချက်နေတုန်း စိတ်ထဲက တစ်ခုခုကို ခံစားမိပြီး နောက်ကို လှည့်ကြည့်မိသည်။ ကျမကို တစုံတယောက်က လှမ်းကြည့်နေသလိုခံစားရသည် ။ အဲဒီခံစာချက်က ခုမှမဟုတ် အမြဲလိုလို တစ်ယောက်ယောက်က ကျမ တစ်စုံတစ်ခုကို လုပ်နေပြီဆိုလျှင် တစ်နေနေရာရာက ရပ်ကြည့်နေသလိုမျိုးခံစားရသည်။ တကယ်ပဲ မမြင်ရသည့်အရာ (တစ်ယောက်ယောက်ပေါ့) ကြည့်နေသလိုပါ။ ကျမကြောက်ရမည့်အစား သူ့ကို နားလည်သနားသလိုစိတ်ဖြစ်မိစမြဲပါ။ ညနေ ၇ နာရီလောက် ကျမ ဟင်းချက်နေရင် တစ်စုံတစ်ယောက်က ခပ်လှမ်းလှမ်းက ကြည့်နေတာကို သိနေသလိုလို၊ သူ့(ထိုတစ်စုံတစ်ခုသောအရာ)ကို ဘာလို့မှန်းမသိ တစ်ခုခုပြောလိုက်ချင်မိသလို သနားသလိုလိုခံစားမိသည်။

တကယ်တော့ ဘာလုပ်နေနေ လွတ်လပ်သည်။ အခန်းထဲတွင် ကျမတစ်ယောက်ထဲသာ အမြဲရှိနေသည်။
ကျမနေသည့် အခန်းက ဘေးကအခန်းလွတ်တွေရှိနေပေမယ့် ဘယ်သူမှရှိမနေပါ။
ယခင်က ကျမတစ်ယောက်ထဲမို့ သူငယ်ချင်းတစ်ယောက်ကို ခေါ်လာပြတော့ သူက အခန်းက ကောင်းပေမယ့် (စိတ်)မသန့်ဘူးလို့ပြောပြီးမနေပါ။ တစ်ခြားသူငယ်ချင်းတွေလာတော့လည်း မကြောက်ဘူးလား တစ်ယောက်ထဲနေတာလို့ မေးပါတယ်။ တခါတလေတော့ ခွက်ကနဲ တစ်ခုခုလွှတ်ချလိုက်တဲ့ အသံမျိုးကြားပေမယ့် ကိုယ့်အာရုံနဲ့ကိုယ် အေးအေးသာနေလို့ ကြားလည်းထွက်ကြည့်မနေမိပါ။ ကျမက မိုးလင်းတော့ ရုံးခန်းသွား ညနေထမင်းပြန်စား တစ်ခါတလေ ညမှဟင်းချက် တီဗွီကြည့်ပြီး ကျောင်းမှာ စာတမ်းသွားရေး၊ စာဖတ်လုပ်နေတာ ည ၁၂နာရီကျော်မှ ပြန်လာတတ်တာမို့ ပြန်လာတော့ အိပ်ချင်နေပြီ ဘာမှမစဉ်းစားမိပါ။ ခုနောက်ပိုင်းတော့ အခန်းမှာ နေပြီးစာရေး စာဖတ်လုပ်နေတာများသည်။ ညနေလောက်ဆို ဟင်းချက်ရေချိုးပြီး ကွန်ပြူတာရှေ့မှာ ထိုင်ကြည့်နေတတ်တော့သည်။ ညဆို ကျမနေသည့် အခန်းပတ်လည်က တိတ်ဆိတ်နေတတ်သည်။ ပတ်ဝန်းကျင်ကလည်း တိတ်နေသည်။ အရင်အဆောင်တွေလို မဟုတ်ပါ။

ခုရက်ပိုင်း ရာသီဥတုပြောင်းလာပြီး အေးလို့လားမသိ မကြာခဏ နေမကောင်းသလိုဖြစ်သည်။ ညညဆိုလျှင် သူရဲလိုလို ဘာလိုလိုမျိုး အိမ်မက်ဆိုးတွေမက်တတ်သည်။ ဘုရားကန်တော့ အိပ်ပေမယ့် အိပ်မက်မက်ပြီး မနက်နိုးလာလျှင် မမြင်ရသည့် တစ်ယောက်ယောက်က ရှိနေသေး သလိုလို ခံစားမိသည်။

"ဟေး ကျောင်းသူ ကျောင်းသူ"
တံခါးခေါက်သံကြားလို့ ကြည့်လိုက်တော့ အိမ်ရှင်အဖိုးကြီး ပြုံးရင်း ဘာလုပ်နေတာလဲဟုမေးသည်။
"ထမင်းစားမလို့လေ ၊ အဖိုးကလည်း သောက်လာပြန်ပြီလား"
"အေး.. သောက်လာတာ ဒါမှ မြန်မြန်သေမှာလေ ငါတစ်ယောက်ထဲအထီးကျန်တယ်ဟယ်"
"ဟာ အဖိုးကလဲလေ မသေဘဲနဲ့ နေထိုင်မကောင်းတော့ ဘယ်လိုလုပ်မလဲ"

အဖိုးကြီး နှုတ်ဆက်ရင်း ထွက်သွားတော့ ငေးကြည့်မိသည်။
အဖိုးက အသက် ၈၀ရှိပြီ လွန်ခဲ့သည့် တစ်နှစ်ကျော်က သူ့မိန်းမအဖွားကြီးဆုံးသွားတော့ တစ်ယောက်ထဲနေသည်။ သားသမီးတွေက အဝေးမှာ… အထီးကျန်ကြောင်း မကြာခဏ ကျမကိုပြောပြတတ်သည်။ အရက်ကလည်း သောက်တတ်စမြဲ… အရက်သောက်တာ အထီးကျန်လို့ဟုပြောသည်။ ကျမလည်း တယောက်ထဲနေတော့ အခန်းကို အပြင်က အလုပ်က ပြန်လာလျှင် တစ်ယောက်ယောက် ရှိမနေလျှင် အထီးကျန်သလိုခံစားရစမြဲပါ ။
ကျမက အနားမှာ ရှိသည့် ဘုရားကျောင်းကို မသွားဘူးလားဟု မေးတော့ ဘုရားသခင်ကို မယုံဘူးတဲ့။ သူကပြောသည် ဘုရားကို ယုံလည်းသေရမှာပဲ မယုံလည်း သေရမှာပဲတဲ့… သူက သေရမှာကြောက်သည်။ ကျမက ပြောပြသည် အဖိုး ဘာသာတစ်ခုခုကို ယုံမှ ကိုယ့်ကို စောင့်ရှောက်တဲ့ တစ်ယောက်ယောက်ရှိနေတော့ စိတ်ညစ် အထီးကျန်တဲ့အခါ ဆုတောင်း တိုင်တည်တော့ စိတ်နွေးထွေးတာပေါ့လို့ ပြောခဲ့ဖူးပါသည်။ တစ်စုံတစ်ယောက်က စောင့်ရှောက်တဲ့အခါ ကိုယ့်မှာ နွေးထွေးမူရှိသလို… တစ်ယောက်ထဲ နေသည့်အခါမှာလည်း ကိုယ်ယုံကြည်ရာ အစောင့်အရှောက် မမြင်နိုင်သည့်အရာကပဲဖြစ်စေ ဘာသာတရားက စောင့်ရှောက်သည်လို့ ယုံလျှင် စိတ်နွေးထွေးစေသည်လို့ ကျမထင်သည်။ ဒါ့အပြင် ပတ်ဝန်းကျင်တွင် လေကဲ့သို့ မမြင်ရသည့်အရာတွေလည်း ရှိနေတတ်သည်ကို မယုံပေမယ့် ရှိတယ်လို့တော့ ခံစားရတတ်သည်။
ခုလည်း ကျမ ညနေမှောင်ရီဖြိုးဖျတွင် ဟင်းချက်တိုင်း တစ်စုံတစ်ယောက်က စောင့်ကြည့်နေသလိုလို...
တစ်ရက်က ကျမနဲ့ သူ(မောင်) ညဘက် အပြင်ထွက် လမ်းလျှောက်ရင်း မနက်အတွက် ဈေးဝယ်ရအောင်ဆို ဆူပါမားကက် အသေးလေးသွားပြီး အပြန်မှာ ၊ ကျမက အသားတွေဝယ်လာသည်။ အမှန်က ည ၁၂နာရီလောက်ရှိနေပြီ။ ကြက်သားဘူး တစ်ဘူးထဲဆိုတော့ အိတ်မယူပဲ ၊ အသားစိမ်းဘူးကို ဒီအတိုင်း ကိုင်ပြီး ယူလာမိသည် ။ ကျမတို့နားမှာ ကျောင်းဝန်းကျင်ဆိုတော့ တစ်ညလုံးဖွင့်သည့် စတိုးဆိုင်လေးတွေပေါသည်။ ကျောင်းသားတွေကလည်း တစ်ညလုံးနီးပါးရှိနေတတ်တော့ ကင်ပတ် ထမင်းလိပ်ဆိုင်လေးတွေလည်း လာရောင်းတတ်သည်။ ဒါကြောင့် ညဘက် တစ်ယောက်ထဲ အပြင်ထွက်လည်း ကျမက မကြောက်ပါ။ ကျမ အိမ်နားကတော့တိတ်ဆိတ်ပြီး မှောင်နေပါသည်။
အိမ်ပေါ်တက်ပြီးကျမ သော့ဖွင့်မလို့အလုပ်မှာ မောင်က တစ်ယောက်ယောက်လိုက်လာတဲ့ ခြေသံကြားတယ် အရင်ဝင်နှင့် သွားကြည့်လိုက်မယ်လို့ နောက်ပြန်လှည့်ကြည့်ရင်း ပြောသည်။ ကျမကတော့ မကြားပါ။ ကျမက ဘယ်တော့မှ ဘာကိုမှသိပ်သတိမထားတတ်သူပါ။ အထဲရောက်မှ စိတ်ထဲမလုံမလဲခံစားရသည် ။
တစ်ယောက်ယောက် အပြင်မှာ ရှိနေသလိုလို။ ကျမနောက်တော့ သတိထားမိသည်… တစ်စုံတစ်ယောက်က တစ်ခုခု တောင်းစားချင်လို့ဟု ထင်မိရင်း စားစရာဖြစ်ဖြစ် တစ်ခုခုသွားချထားရမလားလို့ မောင့်ကို မေးလိုက်သည် ။ သူကမလုပ်ပါနဲ့လို့ပဲပြောသည်။ ကျမကြောက်မှာစိုးလို့ထင်သည်။ ဘာမှမဟုတ်ပါဘူးလို့ ထပ်ပြောသည်။

နောက်ညတွေကျ ကျမတစ်ယောက်ထဲ အိမ်မက်ဆိုးတွေမက်မိသည်။
မနက်မိုးလင်းတော့ ဘာမှမဟုတ်ပါဘူးလို့ စိတ်က ဖျောက်ရင်းမေ့သွားသည်။
သို့သော် မမြင်ရသည့် တစ်စုံတစ်ယောက်က တစ်ခါတလေ ကျမထံလာသလိုလို ခံစားရသည်။
ညနေစောင်းဆို ကျမတစ်ယောက်ထဲရှိနေတုန်း သူလာတတ်သလိုလို…

ကျမကို တစ်စုံတစ်ယောက်က ရပ်ကြည့်နေပါသည်။ သူ့ကို စကားပြောလို့လည်းမရပါ။ ကြည့်နေတာတော့ သိသလိုလို… သူက အထီးကျန်နေသလိုလို သနားစရာကောင်းသလိုလို ကျမစိတ်ထဲမှာ ခံစားရသည်။ အဖော်လည်း မဟုတ်သော သူ့ကို ကျမဘယ်လို လုပ်ပေးရပါ့မလဲ...

အင်ကြင်း

3: 12 pm
17 Nov. 2011

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, October 30, 2011

နှုတ်ရာများ...

ဟိုးရှေးရှေးတုန်းက အင်မတန်စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။
တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံ တစ် ထုပ်ပေးလိုက်ပြီး
ပြောပါတော့တယ်။ မင်း တစ်ခါ စိတ်တိုတိုင်း၊ တစ်ခါ စိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ဝင်းထရံတိုင်မှာ သွားသွားရိုက်ချေကွာတဲ့။ အဖေက
အဲသလိုပြောပြီး သံထုပ်ပေးလိုက်တဲ့ပထမနေ့မှာတော့ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းတိတိကို ရိုက်သွင်းဖြစ်သွားခဲ့ပါတယ်။
အဲသလိုနဲ့ သူစိတ်တိုတိုင်း၊ ဒေါသဖြစ်တိုင်းမှာ သံလေးတွေကို
ဝင်းထရံတိုင်မှာ ရိုက်ရင်း ရိုက်ရင်းနဲ့ ကောင်လေးဟာ သူ့စိတ်သူ
ထိန်းလာနိုင်သတဲ့။ သံရိုက်ချက်တွေကလည်း တစ်နေ့ထက်တစ်နေ့
ကျဲကျဲလာတော့တာပေါ့လေ။
သည်လိုနဲ့ ကောင်လေးဟာ ဝင်းထရံမှာ သံပြေးပြေးရိုက်ရတာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းသိမ်းရတာက ပိုပြီး လွယ်ကူနေမှန်း တဖြည်းဖြည်း
သဘောပေါက်လာပါတော့တယ်။ အဆုံးမှာတော့ ကောင်လေးဟာ လုံးလုံးကို စိတ်မတို၊
ဒေါသမထွက်တော့ဘဲ နေနိုင်တဲ့နေ့ကို ရောက်လာပါတော့တယ်။ သည်မှာတင်
ကောင်လေးလည်း ပြေးတဲ့ပြီး သူ့အဖေကို သတင်းသွားပို့တော့တာပေါ့။ "အဖေရေ၊
သားတော့ စိတ်ကို ထိန်းနိုင်သွားပြီးဗျ" ပေါ့။

အဲလိုကျတော့ ဖအေလုပ်တဲ့သူက နောက်တစ်မျိုး ထပ်ခိုင်းပြန်ပါတယ်။ "မင်းကိုမင်း ဒေါသမဖြစ်အောင်
တစ်နေကုန် ထိန်းနိုင်ပြီးဆိုတာနဲ့ အဲဒီ မင်းရိုက်ထားတဲ့ သံတစ်ချောင်းကို ပြန်နှုတ်စမ်းပါဦးကွာ။ တစ်နေ့ထိန်းနိုင်ရင် ညအိပ်ခါနီးကျ တစ်ချောင်းနှုန်းနဲ့ ပြန်နှုတ်နော်" လို့ မှာလိုက်သတဲ့။ အဲလိုနဲ့
ရက်တွေကြာလာတဲ့အခါ ကောင်လေးက သူ့အဖေကို ပြောနိုင်သွားတယ်။

"အဖေရေ၊ သားရိုက်ခဲ့တဲ့ သံတွေ အားလုံးကို နှုတ်ပြီးသွားပြီးဗျ။
တစ်ချောင်းမှ မကျန်တော့ဘူး"ပေါ့။ သည်အခါ ဖအေလုပ်တဲ့သူက သားရဲ့လက်ကို
ဆွဲပြီး သား သံရိုက်ခဲ့တဲ့ ဝင်းထရံဆီကိုခေါ်သွားတယ်။ "တော်တယ် ငါ့သား"
လို့လည်း ဆိုပါတယ်။ "ဒါပေမယ့် သား သေချာကြည့်စမ်း။ ဝင်းထရံတိုင်မှာ
အပေါက်တွေ ဖြစ်ကျန်ခဲ့တယ်နော်။ သည် ဝင်းထရံတိုင်က အရင်တုန်းကလို
ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သား မြင်တယ်မဟုတ်လား။ အေး... သားက
စိတ်တိုတို၊ ဒေါသဖြစ်ဖြစ်နဲ့ ပါးစပ်နဲ့ တစ်လုံးပြောချလိုက်တဲ့အခါ တစ်ဖက်သားဆိုတဲ့ ဝင်းထရံတိုင်မှာ အခုလိုဘဲ အမာရွတ်တွေ ထင်ကျန်ရစ်တတ်တယ် သားရေ။ အဲသလိုပဲ လူတစ်ယောက်ကို သားက ဓါးနဲ့ထိုးလိုက်တယ်၊ ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးဦးတင်တောင်းပန်တယ် ဆိုပါစို့ကွယ်။ သား ဘယ်နှစ်ခါ
ရှိခိုးဦးတင် ပြန်တောင်းပန် တောင်းပန်၊ ဒဏ်ရာနဲ့ အမာရွတ်ကတော့ မလွဲမသွေ ကျန်ကို ကျန်နေတော့မှာကွယ့်။ အဲသလိုပဲ နှုတ်နဲ့ တစ်ဖက်သားကို ထိုးနှက်တဲ့အခါမှာလည်း ဓါးနဲ့ ထိုးသလိုပဲ အနာတရ ဖြစ်တတ်၊ အမာရွတ်ကျန်နေတတ်စမြဲဘဲ ငါ့သား" တဲ့။

တကယ်တော့ မိတ်ဆွေ သူငယ်ချင်းဆိုတာတွေဟာ အဖိုးအနဂ္ဂ ထိုက်တန်တဲ့ ရတနာတွေပါပဲ။
မိတ်ဆွေသူငယ်ချင်းတွေဟာ ကျွန်တော်တို့တွေကို ပြုံးရွှင်ရယ်မောစေနိုင်တယ်။
ကျွန်တော်တို့ဘဝမှာ အောင်မြင်ခရီးရောက်အောင် အားပေးကူညီနိုင်တယ်။
ကျွန်တော်တို့တွေမှာ ရင်ဖွင့်စရာလေးတွေ ရှိလာရင်လည်း နားစိုက်ပေးတတ်တယ်။
ချီးကျူးစကား၊ ကဲ့ရဲ့စကား အလုံးစုံကိုလည်း မျှဝေခံစားပေးနိုင်ပါတယ်။
မိတ်ဆွေသူငယ်ချင်းဆိုတာဟာ ကျွန်တော်များအတွက် သူတို့ရဲ့နှလုံးသားတွေကို
အမြဲလှစ်ဟ ကြိုဆိုနေတတ်သူများပါ။ အခု ရက်သတ္တပတ်ဟာဆိုရင်ဖြင့်
အမျိုးသားရင်းနှီးခင်မင်မှု အထိမ်းအမှတ် ရက်သတ္တပတ် ဖြစ်ပါတယ်။
ကိုယ့်မိတ်ဆွေတွေကို ကိုယ်က သူတို့အပေါ် ဘယ်လောက်ဂရုစိုက်တဲ့ အကြောင်း
ပြလိုက်ကြစမ်းပါ။ ဒါတင်မကသေးဘူး၊ "ကိုယ့်သူငယ်ချင်းကောင်း၊
မိတ်ဆွေကောင်း" လို့ ကိုယ် ကိုယ်တိုင်က မှတ်ယူထားတဲ့သူဆီကို သည်စာလေးကို
ပွားပြီး ပို့ပေးလိုက်စမ်းပါ။ ယုတ်စွအဆုံး သည်စာလေးကို
ပို့လိုက်တဲ့သူဆီကို သည်အတိုင်း ပြန်ပို့လိုက်နိုင်ပါသေးတယ်။
ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီပြန်ရောက်လာရင်ကို ကိုယ့်မှာ
မိတ်ကောင်းဆွေကောင်းတွေ ရှိတာကို အလိုလို ခံစားနိုင်ပါလိမ့်မယ်။
မင်္ဂလာရှိတဲ့ ရင်းနှီးခင်မင်မှု ရက်သတ္တပတ် ဖြစ်ပါစေ။

ခင်ဗျားဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းပါပဲ။
ခင်ဗျားကို သူငယ်ချင်းတော်ခွင့်ရတဲ့အတွက်လည်း ကျနော် အင်မတန် ဂုဏ်ယူပါတယ်။

ကိုင်း...
အခုချက်ချင်းပဲ သည်စာလေးကို ကူးပြီး ခင်ဗျားမှာ ရှိရှိသမျှ မိတ်ဆွေတွေဆီ
ပို့လိုက်ပါတော့။ ကိုယ့်သားချင်းတွေဆီကိုလည်း ပို့လိုက်ပါဦးနော်။

သည်စာလေးကို ကျနော့်မိတ်ဆွေ တစ်ယောက်က ကျနော့်ဆီကို ပို့လိုက်တာပါ။
အခုတော့ အဲဒီစာကိုပဲ ခင်ဗျားဆီ ပြန်ပို့လိုက်ပါတယ်။ ပြီးတော့ တဆက်တည်းပဲ
ပြောပါရစေနော်... ခင်ဗျားရဲ့ ခြံစည်းရိုးမှာ ကျနော့်ကြောင့်များ
သံနှုတ်ရာတွေကျန်ရစ်ခဲ့တယ်ဆိုရင် ကျနော့်ကို ခွင့်လွှတ်ဖို့လည်း
အနူးအညွတ် တောင်းပန်ချင်ပါတယ်၊ ခွင့်လွှတ်ပါ ။

(မှတ်ချက် ။ အီးမေးလ်ဖြင့်ရောက်ရှိလာသော စာမူကို မျှဝေလိုက်ခြင်းဖြစ်ပါသည်။)

လေးစားမှုဖြင့်-

ကိုဝိုင်း (မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, October 29, 2011

မေ့၍မရ လပြည့်ည အပိုင်း (၂)

လောက၌ တန်ဖိုးရှိသူ နှစ်ယောက်ရှိ၏ ။ထိုသူနှစ်ယောက်ကား- အသုံးကျသူနှင့် နှလုံးလှသူဖြစ်၏။ အသုံးကျသူဖြစ်ဖို့ရန် ရရှိလာသောဘဝကို အဓိပ္ပါယ်ရှိရှိ သုံးချတတ်ဖို့လို၏။ထိုသို့ အသုံးချတတ်ဖို့ရန် မှန်ကန်ကျိုးရှိ သဘောသိသော ပညာရှိရမည် ။နှလုံးလှသူဖြစ်ဖို့ရန် စိတ်ကောင်းရှိဖို့လို၏။ စိတ်ကောင်းရှိဖို့ရန် ကိုယ်ချင်းစာတရားထားရ၏။ ကိုယ်ချင်းစာတရားထားနိုင်ရန် ကရုဏာရှိရမည်။ ဆိုလိုသည်မှာ ပညာရှိမှ အသုံးကျသည်။ ကရုဏာရှိမှ နှလုံးလှသည် ဟု ဆိုလို၏။ မြတ်ဗုဒ္ဓသည် အလောင်းတော်ဘဝဖြင့် ပါရမီဖြည့်တော်မူရာတွင် ကရုဏာ ပညာ နှစ်ဖြာရွှေလက် ဂဟေဆက်၍ ပါရမီဆယ်ပါး ကုသိုလ်များကို သိမ်းကျုံးရယူ အောင်လံထူခဲ့သလို ဘုရားအဖြစ်သို့ရောက်တော်မူသောအခါ၌လည်း ကရုဏာ ပညာ နှစ်ဖြာလက်ဆွဲ ဆင်နွှဲသာသနာ ပြုတော်မူခဲ့ပါသည်။

- ပညာကြောင့် ဘုရားဖြစ်တော်မူသည်။ ကရုဏာကြောင့် ဗုဒ္ဓကိစ္စတို့ကို ပြုလုပ်ဆောင်ရွက်တော်မူခြင်းဖြစ်သည်။
- ပညာကြောင့် ကိုယ်တော်တိုင်က သံသရာပင်လယ်ကြီးကို ကူးမြောက်တော်မူနိုင်၍ ကရုဏာကြောင့် ဝေနေယျတို့ကို ကယ်တင်တော်မူနိုင်သည်။
- ပညာဖြင့် သူတစ်ပါး၏ ဒုက္ခကို ပိုင်းခြား သိမြင်တော်မူသည်။ ကရုဏာဖြင့် ထိုဒုက္ခကို ကုစားဖယ်ရှားနိုင်ရန် အားထုတ်တော်မူသည်။
-ပညာဖြင့် ဒုက္ခ၌ ငြီးငွေ့တော်မူ၍ ကရုဏာဖြင့် ထိုငြီးငွေ့အပ်သည့် ဒုက္ခကိုပင် ဝေနေယျတို့ကို ကယ်တင်ရန်အတွက် သုခကဲ့သို့ ခံယူတော်မူသည်။
-ပညာဖြင့် နိဗ္ဗာန်သို့ ရှေ့ရှုတော်မူ၍ ကရုဏာဖြင့် သတ္တဝါတို့ကို ကယ်တင်ရန် အတွက် သံသရာဝဋ်ထဲသို့ တဝဲလည်လည်ရောက်တော်မူပြန်သည်။ (မဟာဗုဒ္ဓဝင်)

ပိဋကတ်သုံးပုံကို ဟောကြားရာ၌လည်း ဝိနည်းပိဋကနှင့်သုတ္တန်ပိဋကကို ကရုဏာပြဋ္ဌာန်း၍ ဟောကြားတော်မူပြီး အဘိဓမ္မာပိဋကကိုကား ပညာပြဋ္ဌာန်း၍ ဟောကြားတော်မူပါသည်။ ပညာဖြင့် အမြင်မှန် အကြင်နာနှင့် ရှင်သန်ရသော ဘဝကား ကြီးကျယ်မြင့်မြတ် တန်ဖိုးရှိလှချေ၏။ ဗုဒ္ဓကျင့်ထုံး နှလုံးမူ၍ တုယူကျင့်သုံးနိုင်ကြရန် ရည်ရွယ်ပြီး မိမိသည် ကိုရီးယားနိုင်ငံသို့ မရောက်လာမီ ဇာတိချက်ကြွေ မွေးရပ်မြေ၌ ပညာပြည့်ဝ နှလုံးလှ စီမံကိန်းဟူသော ခေါင်းစဉ်ဖြင့် ကရုဏာ ပညာဖောင်ဒေးရှင်းဖွဲ့၍
မျိုးဆက်သစ်လူငယ်များအတွက်
၁။ ဓမ္မဖြင့် ဘဝကိုတည်ဆောက်ရန်၊
၂။ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရန်၊
၃။ အများအကျိုးကို သယ်ပိုးဆောင်ရွက်ရန်
ဟူသောရည်ရွယ်ချက်သုံးခုဖြင့်
Sunday school ပရဟိတ ပညာဒါနကျောင်းကို ဖွင့်လစ်ပေးခဲ့ပါသည်။ ဤရည်ရွယ်ချက်များဖြင့် မဖွံ့ဖြိုးသေးသည့် ကျေးလက်ဒေသ၌ မျိုးဆက်သစ်များကို ကရုဏာ ပညာဖြင့် တတ်စွမ်းသမျှ အလှဆင်နေသော မိမိသည် သာသနာတော်က ပေးအပ်သော တာဝန်အရ ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာပြီး မကြာမီမှာပင် သာလွန်းသော လ , လှလွန်းသော သီတင်းကျွတ် လပြည့်ည၌ လမင်းမြတ်စွာ သာသနာဝယ် ညီညွတ်ခြင်းအလင်း သာမဂ္ဂီအဆင်းဖြင့် နိုင်ငံနှင့်လူမျိုးအတွက်လည်းကောင်း လောက သာသနာ
နှစ်ဖြာအကျိုး ပွားတိုးစေရန်အတွက်လည်းကောင်း ရည်ရွယ်၍ သန္ဓေတည်ပေးမည့် ကိုရီးယားနိုင်ငံရှိ ထေရဝါဒသာသနာပြု ရဟန်းတော်တို့၏ ပညာပါရမီ အလှူတော်နှင့် အတူပျော်ခွင့်ရလိုက်သည့်အတွက် နှစ်သက်ဝမ်းသာ ဂုဏ်ယူမိပါ၏ ။ စုစည်းညီညာ ထိုနေ့မှာပင် ပညာပါရမီ အလှူတော်ရွေးချယ်ရေး မူဝါဒများကိုလည်း ဖော်ပြပါအတိုင်း ချမှတ်တော်မူခဲ့ကြပါသည်။

ထေရဝါဒရဟန်းတော်များ (ကိုရီးယား)၏ ပညာသင်ဆုထောက်ပံ့ရေး အစီအစဉ်
၁။ ၂၀၁၂ ခု ပညာသင်နှစ်မှစ၍ ဤပညာသင်ဆု ထောက်ပံ့ရေးအစီစဉ်ကို စတင် အကောင်ထည်ဖော်ကြမည်ဖြစ်သည်။
၂။ ပညာသင်ဆု အရွေးချယ်ခံ ကျောင်းသား/ကျောင်းသူ၏ အရည်အချင်း သတ်မှတ်ချက် ....
(က) အရွေးချယ်ခံ ကျောင်းသား /ကျောင်းသူသည် တက္ကသိုလ်ဝင်တန်း ဆယ်တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ပြီး ဆင်းရဲချို့တဲ့သူလည်း ဖြစ်ရမည်။
(ခ) ပညာရေးပြီးဆုံးအောင် သင်ယူလိုသူ ဖြစ်ရမည်။
(ဂ) အမျိုး ဘာသာ သာသနာနှင့် နိုင်ငံအကျိုးကို စွမ်းနိုင်သမျှ ဆောင်ရွက်လိုသူ ဆောင်ရွက်နိုင်သူဖြစ်ရမည်။
၃။ ပညာသင်ဆု ရွေးချယ်မည့်အစီအစဉ်နှင့် ထောက်ပံ့ပေးမည့်အစီအစဉ် ....
(က)ပညာသင်ဆုရွေးချယ်ရာတွင် တိုင်းနှင့် ပြည်နယ်အလိုက် နှစ်စဉ်အလှည့်ကျ သတ်မှတ်ရွေးချယ်သွားမည်။
(ခ ) ထောက်ပံ့မှုကို တက္ကသိုလ်ဝင်ခွင့်ရရှိသည့် အချိန်မှစ၍ ထောက်ပံ့ပေးသွားမည်။
(ဂ) ရွေးချယ်ပြီး ကျောင်းသား /ကျောင်းသူများကို ဘွဲ့ရသည်အထိ ထောက်ပံ့ပေးသွားမည်။ (ပညာရေး ထူးချွန်လျှင် ထူးချွန်သည့်အလျောက် ဘွဲ့လွန်ပညာရေး ပြီးဆုံးသည်အထိ ထောက်ပံ့ပေးသွားမည်)

သို့ဖြစ်၍ ပညာဖြင့် အမြင်မှန် အကြင်နာနှင့် ရှင်သန်ခွင့်ရပြီး လောကလူ့ဘောင် အလှဆောင်မည့် မျိုးဆက်သစ်တွေ တိုးတက်ရစ်စေရန် ရည်သန်မြတ်လွန်း ဤဇာတ်
ညွန်းဖြင့် တင့်ရွန်းလှပ သီတင်းကျွတ်လပြည့်ညကို ''မေ့၍မရ လပြည့်ည'' အဖြစ် ထာဝရမှတ်တမ်းတင် ဂုဏ်ပြုပါ၏။ တစိမ့်စိမ့်နှင့် တသိမ့်သိမ့် ကြည်နူးစရာ ပညာပါရမီ အလှူတော်ကို အကောင်ထည်ဖော် ဆောင်ရွက်တော်မူကြမည့် ကိုရီးယားနိုင်ငံ ထေရဝါဒသာသနာပြု သံဃာတော်များကား...
၁။ဆရာတော် ဒေါက်တာ အရှင်နန္ဒက (ဓမ္မဒူတကျောင်း)
၂။ဆရာတော် အရှင်သုမင်္ဂလ (ဝေါဆရာတော်) မြန်မာဗုဒ္ဓသာသနာပြုကျောင်း
၃။ဆရာတော် အရှင်သုဝဏ္ဏ (ဆိုးလ်ဆရာတော်)
၎။ဆရာတော် အရှင်ပဏ္ဍိစ္စ (ဘူဆန် ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်)
၅။ ဆရာတော် ဦးဗုဒ္ဓရက္ခိတ (ဗောဓိဆုရိပ်သာ ကိုရီးယားဆရာတော်)
၆။ ဆရာတော် အရှင်ဝိစိတ္တ (မနာပ ဒါယီ ) ဒယ်ဂု စိတ္တသုခ မြန်မာကျောင်း
၇။ဆရာတော် အရှင်ဥတ္တရ (မြန်မာဗုဒ္ဓသာသနာပြုကျောင်း)
၈။ ဆရာတော် အရှင်ကိတ္တိသာရ (ဓမ္မဒူတကျောင်း)တို့ဖြစ်ကြပါသည်။
သာသနဿ စ လောကဿ ဝုဍ္ဎိ ဘဝတု သဗ္ဗဒါ ။
လောကစီးပွားကို ဓမ္မနည်းအားဖြင့် ရှာဖွေ၍
လောက သာသနာ နှစ်ဖြာပွားတိုး အကျိုးများပါစေ။

တက္ကသိုလ် - ကိုသု

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, September 27, 2011

မြန်မာသတင်းစာများက ပြောပြသော ထူးခြားသည့် သတင်းများ (၂)

ရေးသားသူ — အင်ကြင်း
အရင်တခေါက်က စာရေးတုန်းက စာကြည့်တိုက်တွေ အကြောင်းပြောနေတာနဲ့ တခြားသတင်းလေးတွေ ဆက်မတင်ဖြစ်ဘူး။ ခုတခါတော့ ထူးခြားတဲ့ သတင်းကတော့ အမတ်က ဒမြတိုက်တယ်ဆိုတဲ့ သတင်းတိုလေးပါ။ ကျမတို့ နိုင်ငံမှာ လောလောဆယ်မှာလည်း ရွေးကောက်ပွဲပြီးကာစဆိုတော့ အမတ်နေရာက ၀င်ရွေးခံတဲ့ သူတွေရှိတော့ “အမတ်”ဆိုတဲ့စကားလုံးကို ခုချိန်မှာရင်းနှီးနေမှာပါ။
၁၉၅၀ခုနှစ်က ပါလီမန်ခေတ်ဆိုတော့ တိုင်း မြို့နယ် အသီးသီးမှာ ဖဆပလအမတ်တွေ အများကြီးရှိပါတယ်။ ကျမအမြင်မှာတော့ ရွေးကောက်ပွဲမှာ မြို့နယ်အသီးသီးမှာ အမတ်ရွေးတဲ့အခါ သာမာန်အခြေခံလူတန်းစားတွေ ကတော့ သူ့ရဲ့နောက်ကြောင်း ရာဇ၀င်တွေ ကိုလိုက်ပြီး သိပ်စဉ်းစားနေမယ်မထင်ပါဘူး။ လောလောဆယ်၊ ပုဂ္ဂိုလ်ရေးရာအရ ခင်မင်မူ့ရယ်၊ နောက်တချက်က သူက ဘာတွေလုပ်ပေးမယ်ဆိုတဲ့ မဲဆွယ်တဲ့အပေါ်မှာ မူတည်ပြီးမဲထည့်ကြမယ် ထင်ပါတယ်။ နောက်ဆိုရင် ကျမတို့တိုင်းပြည်မှာ ရွေးကောက်ပွဲကို ၄နှစ်တကြိမ်လုပ်ရင် အမတ်တွေလည်း များလာမယ်ထင်ပါရဲ့။ တိုက်ဆိုင်လာလို့ပြောတာပါ။ ခုတော့ သတင်းကို ဖတ်ကြည့်ရအောင်နော်။ ဒီသတင်းကတော့ ၁၉၅၀ခုနှစ် ဇွန်လ ၂၇ရက်နေ့ထုတ် ဟံသာဝတီသတင်းစာထဲက သတင်းဖြစ်ပါတယ်။

ပါလီမန်အမတ် သခင်ဦးခင်ကို ဖမ်းပြီ
ရန်ကုန်မှာ ဂိုဏ်းဖွဲ့ ဒမြတိုက်တဲ့ခေါင်းဆောင်တဲ့
အင်းစိန်တောင်ပိုင်း ဖဆပလပါလီမန်အမတ် ဆိုရှယ်လစ်ပါတီဝင် အင်းစိန်နယ်လုံးဆိုင်ရာ ဗတလစဥက္ကဠ သခင်ဦးခင်အား ဇွန်လ ၂၆ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် သာယာဝတီဘူတာရုံ၌ ရန်ကုန်မြို့ပေါ်တွင် ဂိုဏ်းဖွဲ့ပြီး ဒမြတိုက်နေသော ခေါင်းဆောင်တဦးအနေနှင့် ဖမ်းဆီးလိုက်ပြီဟူသော သတင်းကိုကြားသိရသဖြင့် ကျွန်နုပ်တို့သတင်းထောက် ကိုယ်တိုင် ဆိုင်ရာသို့ သွားရောက်စုံစမ်းရာ အောက်ပါအတိုင်း သိရှိရကြောင်း။

ရန်ကုန်မြိ့နယ် အရှေ့ပိုင်းရာဇ၀တ်ဝန်ထောက် ဦးတင်အောင်၊ အနောက်ပိုင်းရာဇ၀တ်ဝန်ထောက်ဦးစံရင် ဘိုးအိုဌာနမှ အင်စပိတ်တော်ဦးလှ၊ ဌာနအုပ် ဦးညီပု အထူးအင့်စပိတ်တော် ဦးလွင် တောင်လုံးပြန် ဌာနမှ အင်စပိတ်တော် ဦးကိုကိုကြီးနှင့် ဌာနအုပ် ဦးသာအေးတို့သည် သတင်းအရ အင်းစိန်မြို့ ပိန်းနှဲကုန်းကာလီမန် လမ်းပါလီမန် အမတ်သခင် ဦးခင် နေအိမ်သို့ သွားရောက်ပြီး ရုတ်တရက် ၀ိုင်းဝန်းရှာဖွေကြရာ သခင်ဦးခင်ကို မတွေ့ဘဲ ၄င်း၏ တူတော်သူ မောင်အုံးမြင့်ဆိုသူကိုသာ တွေ့ရှိရသည်ဆိုကြောင်း။ ထိုအောက်အိမ်ထဲသို့ ဆက်လက်ရှာဖွေရာ စတင်းဂန်းသေနတ် အက်ဖ် အက်ဖ်မျှားနံပါတ် ၂၉၆၄ နှင့် ကျည်ဆံ ၄၅ ထောင့်အပြင် ဒမြတိုက်ရာပါ ပစ္စည်းများဖြစ်သော စိန် ရွှေ ပစ္စည်းများကိုပါ ဖမ်းဆီးရမိသည်ဆိုကြောင်း။
တဖန်သခင်ဦးခင်မှာ သာယာဝတီသို့ သွားနေသည်ဟု သတင်းရသဖြင့် အဆိုပါအရာရှိများ သာယာဝတီသို့ လိုက်သွားကြရာ သခင်ဦးခင်နှင့်တကွ ၄င်း၏ညာလက်ရုံးဖြစ်သည်ဆိုသော ကိုချစ်အေးဆိုသူကိုပါ ခြောက်လုံးပြူးတလက်နှင့် သာယာဝတီဘူတာရုံ၌ တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြသည်ဆိုကြောင်း။

အထက်ကသတင်းနဲ့ဆက်စပ်တဲ့ အယ်ဒီတာအာဘော်ဖြစ်တဲ့ သတင်းနဲ့ မှတ်ချက်မှာတော့ ဇွန်လ ၂၉ရက်နေ့မှာ ခုလိုထပ်ပြီး ဖော်ပြထားပါတယ်။ (အထက်ဖော်ပြပါသတင်းနဲ့ သက်ဆိုင်ခြင်းရှိမရှိ မသေခြာပါ)

သတင်း နှင့် မှတ်ချက်
နိုင်ငံရေး ဒမြ
ဆိုရှယ်လစ်ပါလီမန်အမတ်တဦးကို ဒမြမူနှင့် ဖမ်းဆီးလိုက်သည်ဟု ကြားရ၍ အတော်ပင် အံ့သြသွားသည်၊ ၄င်း၌ အပြစ်ရှိသည်၊မရှိသည်ကို ကျွန်ုပ်တို့ ဘာမှမသိရ၍ ၄င်းနှင့် ပတ်သက်ပြီး ဘာမှမဝေဖန်လိုပေ၊ ယခုခေတ်၌ နိုင်ငံရေးအရေခြုံပြီး၊ ရာဇ၀တ်မှု ကျူးလွန်တတ်ကြခြင်းကိုသာ ဓမ္မဓိဋ္ဌာန်အားဖြင့် ဝေဖန်လိုပေသည်။ ရှေးခေတ်က လူကြီးလူကောင်း ဟန်ဆောင်ပြီး၊ ဆန်ခိုးမှု၊ သစ်ခိုးမှု၊ ငွေစက္ကူအတုထုတ်လုပ်မူ၊ ဒင်္ဂါး အတုလုပ်မှု၊ စသော ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြသည်။ ယခုခေတ်၌မူ၊ နိုင်ငံရေးဖြင့် ထင်ပေါ် ကျော်ဇောခြင်း၊ မျက်နှာကြီး ပါတီ ခေါင်းဆောင်များနှင့် ရင်းနှီးခြင်း၊ လူထု၏ ယုံကြည်လေးစားမူ ရရှိခြင်းတို့ကို အကာအကွယ်ယူခါ၊ လက်နက်ပုန်း အရောင်းအ၀ယ်လုပ်ခြင်း၊ အစိုးရဘ ဘဏ္ဍာတော်များကို ဆုံးရှုံးစေခြင်း၊ အကြီးအကျယ်ဒမြတိုက်ခြင်း စသော ရာဇ၀တ်မူကြီးများကို ကျူးလွန်ကြပေသည်၊ လူထု၏ ထောက်ခံအားပေးမှုကို ရယူခဲ့ပြီး၊ လူထုကိုပြန်၍ ထုတတ်သော နိုင်ငံရေးသမားများလည်းရှိပေသေးသည်၊ နိုင်ငံရေး အရေခြုံပြီး၊ ကြောင်သူတော် လုပ်ကြသောကြောင့်၊ ကျွန်ုပ်တို့တိုင်းပြည်မှာ အရှုပ်ရှုပ် အထွေးထွေးဖြစ်နေရပေ၏၊ လူထုသည် အာဏာပိုင်အစစ်ဖြစ်လေရာ၊ နိုင်ငံရေး သမားဆိုးများကို အာဏာ အပ်နှင်းမိရက်သား မဖြစ်အောင်အထူး သတိထားသင့်ကြပေသည်။

စသဖြင့် ရေးသားထားတာကို တွေ့ရပါတယ်။ နိုင်ငံတိုင်းမှာ ခုလိုကိစ္စမျိုးတွေ ရှိတတ်ပါတယ်။ ခုခေတ်လိုမျိုးဆို ကျမတို့တွေဟာ သတင်းတွေကို ရုပ်မြင်သံကြားတို့၊ အင်တာနက်က တဆင့် အများကြီး သိရှိနိုင်ပါတယ်။ အရင်ခေတ်ကတော့ သတင်းတွေကို သိရဖို့ သတင်းစာကိုသာ အဓိကအားကိုးပြီး နေခဲ့ကြတာပါ။ ခုခေတ်သတင်းစာတွေနဲ့ ကွာတဲ့အချက်ကတော့ ပါလီမန်ခေတ်က သတင်းလွတ်လပ်ခွင့်ရလို့ အစိုးရအထိ ဝေဖန်ရေးသားခွင့်ရသလို တခြားသတင်းဆောင်းပါးများကိုလဲ မိမိစိတ်ကြိုက်ရေးသားခွင့်ရခဲ့တာကို အထက်ကဖော်ပြထားတဲ့ သတင်းတွေကိုကြည့်ရင်သိနိုင်ပါတယ်။ ဘာပဲပြောပြော ဒီသတင်းတွေဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ကျမတို့အတွက် ဗဟုသုတရသလို သင်ခန်းစာယူတတ်ရင်လည်း ရမယ်လို့ထင်ပါတယ်။

နောက်ထပ်သတင်းတိုလေးတွေကိုတော့ အချိန်ရသလို ထပ်တင်ပေးပါမယ်။

အင်ကြင်း
1:40 p.m.
15-12-2010,

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, August 20, 2011

၁ မိနစ်လောက် အချိန်ပေးပါ

စာဖတ်ရင်း သည် စာလေးကို တွေ့လိုက်တော့ အတွေးတွေနဲ့ ချရေးလိုက်မိပါတယ်..............

အဖေ့ကို သတင်းစာယူပေးတဲ့ အချိန်က ၁၀ စက္ကန့် ၊ လမ်းလျှောက်ရတာ ပင်ပန်းနေပြီဖြစ်တဲ့ အသက်ကြီးသူတယောက်ယောက်နဲ့ အတူ မျဉ်းကြားက လမ်းဖြတ်ကူးပေးတဲ့ အချိန်က ၂၃ စက္ကန့် ၊ စီနီယာကို ကော်ဖီဖျော်ပေးတဲ့ အချိန်က ၂၇ စက္ကန့်ဆိုလျှင် လုံလောက်ပါတယ်လို့ ဆိုတဲ့ ကြော်ငြာလေးရှိပါတယ်။

တစ်နေ့လုံးထဲက ၁ မိနစ်လောက်ဟာ အလွန်တိုတောင်းတဲ့ အချိန်လေးလို့ ဆိုပေမယ် တခြားသူတွေကို လုပ်ပေးနိုင်တာ အများကြီးဆိုတဲ့ အဓိပ္ပါယ်လေးပါပဲ။ ကျမတို့လည်း တစ်နေ့ကို ၁ မိနစ်လောက် တခြားသူအတွက် အသုံးပြုမယ်ဆိုရင် လောကကြီးက ဘယ်လောက်တောင် လှလာလိမ့်မလဲရှင်........


အင်ကြင်း


11:25 am

5 August 2011.

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>