လွန်ခဲ့တဲ့ စနေည ဆိုင်ပိတ်ခါနီးမှာ ၊ မြန်မာ အီးနိုင်းကိုကို တစ်ယောက် ၊ အကူအညီတစ်ခု တောင်းချင်လို့ ဆိုပြီး ခွင့်တောင်းပါတယ် ။ ပြော-ညီလေး ဆိုတော့ ၊ တရားရုံးကစာလာလို့တဲ့ စာကို ထုတ်ပြတယ် ။
အဲသည်ဖြစ်စဉ် နှင့် ပတ်သက်ပြီး အခြားသော အီးနိုင်း ညီငယ်တွေလည်း သိရှိ ဆင်ခြင် နိုင်ကြစေဖို့ သည်စာကိုရေးပါတယ် ။
ဖြစ်စဉ်ကတော့ ၊ အင်တာနက် ကြည့်ကြ ။ ဖေ့စ်ဘွတ်ကြည့်ကြ ၊ ပုံတွေ တင်ကြ ၊ ရှယ်ကြတယ် ။ အဲသည်မှာ ခလေးသူငယ် များ မမြင်အပ်တဲ့ ပုံတွေ ၊ တင်ကြ ရှယ်ကြ ၊ ဖုန်းထဲမှာ သိုလှောင်ထားကြရာမှာ (아동•청소년의 성보호에 관한 법률) ခလေး နှင့် သူငယ် လိင် စောင့်ရှောက်ရေး ဆိုင်ရာ ဥပဒေ နှင့်ငြိပြီး ဖြစ်တဲ့အမှုပါ ။
- အမှုတွဲမှာ ပူးတွဲစွပ်စွဲခံရသူ အားလုံးပေါင်း ၄ ယောက် ၊ မြန်မာတွေချည်းပါပဲ ။ ၃ ယောက်ကတော့ ပြန်သွားကြပြီ ။ လွန်ခဲ့တဲ့လ ဗီဇာ ကုန်လို့ ဗီဇာ သွားတိုးကြရာမှာ အမှု ရှိလို့ဆိုပြီး လဝက က ဗီဇာ တိုးမပေးတော့ဘဲ ၊ ပြန်သွားကြရတယ်လို့ ဆိုပါတယ် ။ သူကတော့ လာမယ့် ၄ လပိုင်းမှာ ဗီဇာကုန်မယ် ။
- လွန်ခဲ့သော နှစ် ၉ လပိုင်း ၊ တစ်နေ့ အခန်းသို့ ရဲတွေ ရောက်လာပြီး ၊ ဖုန်းတွေကို ယူစစ်ကြောင်း ၊ ပြန်သွားကြပြီဖြစ်သည့် ၃ ဦးသော ဖုန်းတွေ ထဲမှာတော့ ခလေးသူငယ်များ မမြင်အပ်တဲ့ ပုံတွေ သိုလှောင်ထားတာကို တွေ့သွားကြောင်း ။ နောက် (ယခုကျန်သူ) ရဲ့ ဖုန်းထဲမှာတော့ အဲဒါမျိုးမတွေ့ ။ သို့သော်လည်း ဖေ့စ်ဘုတ် အကောင့်တစ်ခု ကို ညွှန်ပြကြောင်း ၊ ၄င်းဖေ့စ်ဘုခ်မှာ ယခင်က ၄င်းအသုံးပြုခဲ့ဖူးသော အကောင့် ဖြစ်နေကြောင်း ၊ ၄င်းအကောင့် တွင် တင်ထားသော ကလေးသူငယ်များ မမြင်အပ်သည့် ပုံများမှာ ၄င်းတင်ခဲ့သော ပုံများ မဟုတ်လားဟု ထောက်ပြမေးမြန်းရာ မှန်ကြောင်း ဝန်ခံခဲ့တယ်လို့ ပြောပြသိရှိရပါတယ် ။
- ဒဏ်ငွေ ဘယ်လိုဆောင်ခဲ့ကြရတာလဲ လို့မေးကြည့်တော့ ၊ အမှုစွဲတင်အရာရှိက ဖုန်းဆက်ပြီး ဘဏ်အကောင့်ပေးတယ် ၊ အဲသည် အကောင့် ထဲ ပိုက်ဆံ လှမ်းထည့်ပေးရမယ်ဆိုလို့ ထည့်ပေးလိုက်ကြတယ် ။ ပြန်သွားကြတဲ့ ၃ ယောက် အမှုက အဲသည်လို ပြီးသွားတယ်လို့ ဆိုပါတယ် ။
တကယ်တော့ အဲသည် အမှုက မပြီးသေးပါဘူး ။ အခုမှ တရားရုံးတင်မှာပါ ။ ခု တရားရုံးကို အမှုတွဲတင်ပို့ချိန်မှာတော့ ပူးတွဲစွပ်စွဲခံ ၃ ယောက်က မြန်မာပြည်ပြန်သွားကြပြါုပီ ။ ဒါပေမယ့် ရဲဌာနာမှာ အမှုအစစ်ခံရပြီ ဆိုကတည်းက လက်ဗွေတွေယူ ၊ ကိုယ်ရေးမှတ်တမ်းမှာ ပြစ်မှု အတွက် သံသယ ဖြစ်ခံရသူ (피의자) သို့မဟုတ် အမှုဖြစ်နေသူအဖြစ် မှတ်ပုံတင်ခြင်းခံရပြီးသားပါ ။ အဲသည်မှာ ဗီဇာ သက်တမ်းတိုးမယ်လုပ်ကြတော့ အလုပ်လုပ်ခွင့်ဗီဇာ (E9) ပေးဖို့ ငြင်းဆန်ခံလိုက်ကြရတာပါ ။ (အမှန်တကယ်သာ အမှုကို နည်းလမ်းတကျ ရင်ဆိုင်ခဲ့ရမယ်ဆိုလျင် ၊ အမှုမပြိးသေးချိန်မှာ မိမိတို့မှာ အပြစ်ရှိတယ်မရှိဘူး မသိရသေးတဲ့အတွက် အလုပလ်လုပ်ခွင့်ဗီဇာ မရတောင် တရားရုံးမှာ အမှုရင်ဆိုင်ဖို့ ဗီဇာ တစ်ခုခု လျှောက်ထားခွင့်ရရှိကြရမှာပါ ။)
အဲသည်လိုမျိုးဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက ဘယ်လို ကိုင်တွယ်ဖြေရှင်းကြရတယ် ဆိုတာကို မြန်မာ အီးနိုင်း ညီအစ်ကိုများ ဥာဏ်မုန်တိုင်းဆင်နိုင်ကြစေဖို့ တင်ပြလိုက်ပါတယ် ။
- အဲသည်အမှုကို စတင်စစ်ဆေးတဲ့သူတွေက ဆိုင်ဘာရဲဌာန (사이버경찰청) က အမှုလိုက်ရဲ(수사경찰) တွေပါ ။ ရဲတွေက အမှုတွဲကို အမှုစွဲအရာရှိ(검찰관) ထံတင်ပြရပါတယ် ။
- အမှုစွဲအရာရှိ (검찰관) က စွဲချက်လွှာ(공소장) ရေး ပြီး အမှုတွဲကို သက်ဆိုင်ရာ တရားရုံး (관할법원) ထံ အမှုစွဲတင်ရပါတယ် ။ အမှုစွဲချက်လွှာ(공소장) နမူနာကို ပုံနှင့်တကွ ပူးတွဲ တင်ပြထားပါတယ် -
- အဲသည်လို စွဲတင်ရာမှာ လိုအပ်မယ်ဆိုရင် ရီမန်လို့ ခေါ်တဲ့ ချုပ်မိန့် (구속영장) တောင်းခံခြင်း ၊ ဒဏ်ကြေးအာမခံငွေ ပေးသွင်းမိန့် တောင်းခံခြင်း (가납명령청구) တို့ကို ၂၄ နာရီအတွင်း ဆောင်ရွက်ရပါတယ်
- အမှုစွဲတင်အရာရှိဟာ တရားရုံးက စွပ်စွဲခံရသူအပေါ် ဒဏ်ငွေပေးဆောင်စေရန် အမိန့် (가납명령) ချမှတ်ခဲ့ပါက ၊ စွပ်စွဲခံရသူအနေဖြင့် ဒဏ်ငွေမဆောင်ဘဲ တိမ်းရှောင်လိမ့်မည် သို့မဟုတ် ပေးဆောင်နိုင်စွမ်းမရှိလို့ ယူဆတဲ့အခါမှာ မိမိရဲ့ ထင်မြင်ချက် (검사의견) နှင့်တကွ ဒဏ်ကြေးအာမခံငွေပေးသွင်းရန် ကြားဖြတ်မိန့် (약식명령) ချမှတ်ပေးဖို့ တရားသူကြီးထံ တင်ပြရပါတယ် - 
- တရားရုံးကတော့ အဲသည်လို အမိန့်တောင်းခံလာမှု အတွက်အကျဉ်းနည်းဖြင့် စစ်ဆေးပြီး ဆောင်စေ သို့မဟုတ် ဆောင်စေခြင်းမှ ကင်းလွတ်စေဆိုတဲ့ ကြားဖြတ်မိန့်ကို ချမှတ်ပေးရပါတယ် ။
- တရားရုံးက ဒဏ်ငွေပေးဆောင်စေရန်အမိန့် (가납벌과금납부명령) ချမှတ်ပါက အမှုသည်ဟာ သက်ဆိုင်ရာ အမှုလိုက်အရာရှိရုံး (검찰청) က ညွှန်ကြားတဲ့ ဘဏ်စာရင်းသို့ လွဲပို့ခြင်း သို့မဟုတ် မိမိအမည် သီးသန့် ဘဏ်စာရင်းဖွင့် အပ်နှံခြင်းတို့ကို ဆောင်ရွက်ရပါတယ် ။
- အမှုလိုက်ဌာနမှာသုံးနေတဲ့ ငွေသွင်းပုံစံ ရှိပါတယ် ။ အလွဲသုံးစားလုပ်တာတွေ ၊ မသမာမှုတွေ မရှိရအောင်လို့ စနစ်တကျ စီမံထားကြတာပါ ။ ဒဏ်ငွေပေးဆောင်ရန် အမိန့်စာကို ပူးတွဲ တင်ပြထားပါတယ် -
- စွပ်စွဲခံရသူဟာ အမှုကို ရင်ဆိုင်ပြီး တရားရုံးအမိန့် ကျချိန်မှာ ၊ အမှုနိုင်ရင် အဲသည် သွင်းထားတဲ့ငွေတွေကို ပြန်လည်ထုတ်ယူရရှိနိုင်တဲ့ငွေဖြစ်ပါတယ် ။ ဒဏ်ငွေပါခဲ့မယ် ဆိုရင်တော့ ပေးသွင်းထားတဲ့ ဒဏ်ကြေးအာမခံငွေ ထဲက ခုနှိမ်ပေးဆောင်ရမှာပါ ။ ဆောင်ရမယ့် ဒဏ်ငွေက နည်းနေရင် ပိုငွေကို ပြန်လည်လျှောက်ထားရယူနိုင်ပြီး ၊ လိုနေရင်တော့ ထပ်ဆောင်းပေးရမှာဖြစ်ပါတယ် ။
- အမှုစွဲတင်အရာရှိများအနေဖြင့် တရားရုံးရဲ့ အမိန့်မပါဘဲ ဘယ်သူဆီကမှ ဒဏ်ကြေး အာမခံငွေကို တောင်းခံခွင့် ၊ လက်ခံခွင့်မရှိပါဘူး ။ အထက်ဖော်ပြပါ အမှုမှာ အမှုစွဲအရာရှိက ဒဏ်ငွေဆောင်စေရန် ဖုန်းဆက် ညွှန်ကြားပြီး ၊ ဖုန်းဖြင့် ဘဏ်အကောင့် ပေးသဖြင့် ဒဏ်ငွေဆောင်လိုက်ရသည်ဆိုခြင်းမှာ လုပ်ထုံးလုပ်နည်းအရ မှန်ကန်မှုရှိပါ၏လောဟု မေးခွန်းထုတ်လိုက်ချင်ပါတယ်။
- စဉ်းစားနိုင်ကြပါစေလို့ ။
- မေတ္တာဖြင့်-
- ကိုဝိုင်း (မိုးညှင်း)
- ၂၀၁၅-၀၃-၂၃
Wednesday, March 25, 2015
ဒဏ်ကြေး အာမခံငွေ (가납금) ဘယ်လို ပေးသွင်းကြရမှာလဲ
Saturday, February 8, 2014
လိုင်းဖုန်းအကြွေးကျန် အပြေအကြေပေးဆပ်ရန်သင့်မသင့်
///အောန်လိုင်း မိတ်ဆွေတစ်ဦးက မေးတဲ့ အောန်လိုင်းမေးခွန်းတစ်ခု///
လိုင်းဖုန်းယူထားပီး
မသုံးတော့ဘဲ ဖြတ်လိုက်ရင်
အပီးပြန်တဲ့အခါလေယာဉ်ကွင်းမှာ
ပြဿနာဖြစ်နိုင်ပါသလား
ဘယ်လိုဖြေရှင်းရင် ပြေလည်စေနိုင်မလဲ ဘော်ဘော်တို့ ။
အထက်ပါမေးခွန်းကို မေးရတဲ့အကြောင်းရင်းရှိပါလိမ့်မယ် ။ မေးသူသာ သိပါလိမ့်မယ် ။ ဘယ်လိုဖြစ်ဖြစ် လိုင်းဖုန်းအကြွေးအကြောင်း သိသလောက်ပြောပြချင်ပါတယ် ။
လိုင်းဖုန်း(Post-paid Phone) သုံးနေသူတွေ အကြောင်းအမျိုးမျိုးကြောင့် ဆက်မသုံးလိုတော့ဘူးဆိုလျင် ၊ တရားဝင်လိုင်းဖြတ်လိုက်တာအကောင်းဆုံးပါ ။ တရားဝင်လိုင်းဖြတ်ဖို့ဆိုလျင် အကြွေးကျန်များ အားလုံးရှင်းပြီးမှ လိုင်းဖြတ်ပေးပါတယ် ။ နောက်ဆုံးလ (လက်ရှိလ) ကြွေးကျန်ကိုတော့ ချန်ထားလို့လည်း ရတယ် ၊ အပြီးချေလိုလျင်လည်းရပါတယ်။)
အကယ်၍ အကြွေးကျန်ရှိနေမယ်ဆိုလျင် ၊ အဲသည်အကြွေး(စာရင်း)ဟာ (သက်ဆိုင်ရာက လျှော်ပစ်ခြင်းမပြုလျင်) ပုံမှန်အားဖြင့် နှစ်ပေါင်း ၃၀ တိုင်တိုင် ရှိနေမှာဖြစ်ပါတယ် ။ အဲသည် အကြွေးကျန် ဖုန်းနံပါတ်ကိုလည်း ဘယ်သူ့ကိုမှ ချမပေးပါဘူး ။
နောက်တစ်ခု ဖုန်းအကြွေးအပေါ်မှာ လစဉ်အတိုးနှင့် စာရင်းထိန်းသိမ်းစောင့်ရှောက်ခတို့ကို ဆက်ပြီးကောက်ခံနေမှာဖြစ်ပါတယ် ။
///တယ်လီတော်ကီထံလိုင်းဖွင့်ထားပြီး လွန်ခဲ့သော ၁နှစ်ခန့်မှစပြီး အဆက်အသွယ်မရသော မိတ်ဆွေတစ်ဦးထံ ကေတီမှ လစဉ်ပေးပို့နေသော မေတ္တာစာ ///
အဲသည်နောက် ၊ သတ်မှတ်ထားတဲ့ အချိန်ရောက်လျင် နို့တစ်စာပို့ပါတယ် ။ အကြွေးကို ဘယ်နေ့နောက်ဆုံးထားပြီး အပြေအကြေပေးဆောင်ရန်နှင့် ၊ ပေးဆာင်ခြင်းမပြုလျင် ယုံကြည်စိတ်ချမှုအဆင့်သတ်မှတ်ရေးဗျူရို (개인신용평가기관:Credit Bureau) ထံ အမည်စာရင်းပေးပို့မည့်အကြောင်း သတိပေးတဲ့စာပါ။ နို့တစ်စာ ၃ ကြိမ်ပို့ပြီး အကြောင်းမထူးလျင် ၊ နာမည်ပျက်စာရင်းတင်သွင်းလိုက်ပါတယ် ။ (အမည်ပျက်စာရင်းတင်သွင်းတဲ့နည်းက အမျိုးမျိုးရှိပါတယ်။) အဲသည်စာရင်းမှာပါသွားလျင်တော့ လေဆိပ်လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများသည်လည်း အဲသည်စာရင်းကို လေးစားလိုက်နာကြရတာမို့ နောက်တစ်ကြိမ်ကိုရီးယားလေဆိပ်ရောက်တာနှင့် အဆွေတော်ရဲ့ အကြွေးစာရင်းက အဆွေတော်ကို ဆီးကြိုနေပါလိမ့်မယ် ။
ခုအချိန် ကိုရီးယားနိုင်ငံက အထွက်မှာတော့ ၊ မိတ်ဆွေရဲ့ ဖုန်းအကြွေးစာရင်းဟာ အကြွေးတောင်းခံရန် လုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးလို့ ၊ ကိုရီးယားမှ အဆင်ပြေပြေ ချောချောမောမော ထွက်သွားနိုင်ပေမယ့် ၊ နောင် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်မှု ပြီးဆုံးတဲ့အဆင့်ရောက်သွားပြီဆိုလျင် - မိတ်ဆွေရဲ့ ဖုန်းအကြွေးကျန်စာရင်းဟာ သက်ဆိုင်ရာက လေးစား အသိအမှတ်ပြုရတဲ့စာရင်းဖြစ်နေပါလိမ့်မယ် ။
ကိုရီးယားနောင်ဘယ်တော့မှ မလာတော့ပါဘူးလို့စိတ်ကူးရှိလျင်တော့ ၊ အဲသည်အကြွေး မဆပ်လည်း ပြဿနာထူးထူးထွေထွေရှိမည်မဟုတ်ပါ ။ နောင်ကိုရီးယားကို ထပ်လာဖို့စိတ်ကူးရှိသေးလျင်တော့ အကြွေးကိုကျေအောင် ဆပ်ခဲ့တာ အကောင်းဆုံးပါ ။
နောက်တစ်ခုပြောချင်တာက ညီငယ် မိတ်ဆွေဟာ ကံ နှင့် ကံ၏ အကျိုးကိုယုံကြည်သူဖြစ်သည်ဆိုပါလျင် ၊ အဲသည် အကြွေးကျန်ခဲ့သော ကံ၏ အကျိုးကိုလည်း မိတ်ဆွေပြန်ရလိမ့်မယ်လို့ တစ်ထစ်ကျ ယုံကြည်စေချင်ပါတယ် ။ သို့မဟုတ် မိတ်ဆွေဟာ ဘုရားသခင်ရဲ့ အလိုတော်ကို ယုံကြည်သူဖြစ်သည်ဆိုပါလျင်လည်း ဘုရားသခင်သည် အကြွေးရှင်နှင့် အကြွေးပေးရန်ရှိသူကိုခွဲခြားနိုင်မှာဖြစ်ပြီး ၊ ကျေးဇူးတော်ချီးမြှင့်ရာမှာလည်း မျက်နှာလိုက်ခြင်းပြုမှာမဟုတ်ဘူး ဆိုတာကိုတော့ ယုံကြည်စေချင်ပါတယ် ။
အလွယ်ကူဆုံးနှင့်အတိအကျဆုံးသက်သေများကတော့ ၊ ဖုန်းအကြွေးချန်ပြိး ပြန်သွား ၊နောက်တစ်ခေါက် ပြန်ရောက်ချိန် လိုင်းဖုန်းပြန်ဖွင့်တဲ့ ညီအစ်ကိုများဖြစ်ပါတယ် ။ (တိတိကျကျသိချင်လျင်တော့ အဲသည်ညီအစ်ကိုများနှင့် မိတ်ဆက်ပေးပါမယ် ။)
ကျနော်တို့ အကြွေးတွေ အကျေမဆပ်နိုင်ကြသေးလျင်တောင် ၊ (အတတ်နိုင်ဆုံး) အကြွေးအနည်းဆုံးဖြစ်အောင်လုပ်ကြရအောင် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Tuesday, January 21, 2014
ရေခဲတောင်(နှင်းတောင်)သွား အပမ်းဖြေကြမည့် ဓမ္မဒူတ လူငယ်များအတွက် မေတ္တာစာ
ဆောင်းရာသီ ရေခဲတောင်တက် အပမ်းဖြေကြမည့် မောင်မယ်အပေါင်းတို့ ခင်ဗျား
ကိုရီးယားမှာ ရေခဲတောင်တက် နှင်းလျှောစီးတယ်ဆိုတဲ့ ကိစ္စတာ ၊ ကိုရီးယားကို မကြာသေးမှီက ရောက်လာကြတဲ့ ကျနော်တို့မြန်မာလူငယ်များအဖို့ စိမ်းနေမှာအမှန်ပါ။
ရေခဲတောင်မှာ အလှပြ နှင်းလျှောစီးနေကြတာတွေ ၊ တီဗီဇာတ်လမ်းတွဲမှာ မြင်ဖူးတာတွေကို အားကျပြီး ၊ ရေခဲပြင် နှင်းလျှောစီးချင်ကြတဲ့ ညီအစ်ကိုမောင်နှမများလည်း ရှိမှာပါ ။
ရေခဲပြင်နှင်းလျှောစီးတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး ။ စက်ဘီးစီးသလိုမျိုး အလေ့အကျင့်ရှိဖို့လိုအပ်ပါတယ် ။ ပြောချင်တာကတော့ လေ့ကျင့်မှုမရှိဘဲ ရေခဲပြင်နှင်းလျှောစီးခြင်းမပြုကြဖို့ပါပဲ ။
အဲသည်ကိုရောက်လျင် တွေ့ကြရမှာပါ ။ ထိမိခိုက်မိ ကျိုးပဲ့ ဒဏ်ရာရသူတွေကို အချိန်နှင့်အမျှ တစ်ယောက်ပြီး တစ်ယောက် ထမ်းစင်နှင့်ထမ်းထုတ် ၊ တွန်းလှည်းနှင့်တွန်းထုတ် စွပ်ဖားနှင့်ဆွဲထုတ်သွားတာတွေ ပေါ့ ။
ရေခဲတောင်မှာ စကီတ်ဝတ်စုံဖြင့် အမှတ်တရ ဓါတ်ပုံရိုက်ချင်ကြတယ်ဆိုလျင် ၊ (အုပ်စုလိုက်) စကိတ်ဝတ်စုံ ၁ စုံ ၂ စုံ ဆို လုံလောက်မယ်လို့ ယူဆပါတယ်။(လူတိုင်း ဝတ်စုံငှားဖို့မလိုပါ) ။ စကိတ်မစီးလျင် အနှံ့လျှောက်လည်လို့ရပါတယ် ။
စကိတ် ဝတ်စုံဝတ် ၊ စကီဖိနပ် (Ski-board) စီးပြီးလျင် စကိတ်စီးဖို့ မဆိုထားနှင့် ၊ ပုံမှန်လမ်းလျှောက်ရတဲ့ကိစ္စတောင် လွယ်ကူတဲ့ကိစ္စ မဟုတ်ပါ ။ (ဝတ်စုံစကိတ်ဘုတ်ပြားဝတ်ပြီး သွားရလာရတာ အဆင်မပြေတတ်ပါ )
စကိတ်ဝတ်စုံ (ဘုတ်အပါအဝင်) ငှားရာမှာ ၊ ကစားကွင်း အငှားဌာနမှာ ငှားလို့ရသလို အနီးအနားရှိ အငှားဆိုင်တွေမှာလည်း ငှားလို့ရပါတယ် ။ သတ်မှတ်ဈေးရှိပေမယ့် ဈေးဆစ်လို့ရပါတယ်။ တစ်ဦးချင်း ငှားရတာထက် အုပ်စုလိုက်ငှားတာက ဈေးသက်သာပါတယ် ။ (မလိုအပ်ပဲ ဝတ်စုံမငှားပါနှင့် ၊ ပိုက်ပိုက်အလကားဖြစ်မယ် ။)
စကိတ်စီး လေ့ကျင့်လိုသူများ တောင်ခြေ မြေပြန့်မှာ လေ့ကျင့်ပေးနေတာတွေရှိပါတယ် ။ နည်းပြဝန်ထမ်းတွေ(အခမဲ့) ပြသပေးတာတွေရှိသလို ၊ အခကြေးငွေဖြင့် လေ့ကျင့်ပေးနေတာတွေလည်းရှိပါတယ် ။ အဲသည်မှာ သင်ယူလေ့ကျင့်လို့ရပါတယ် ။ တောင်ပေါ်ကိုတက်သွားပြီး နှင်းလျှောစီးလမ်းကြောင်းပေါ်ရောက်သွားလျင်ဖြင့် စကိတ်ကို ကျွမ်းကျင်စွာ မစီးတတ်ဘူးဆိုလျင် တောင်အောက်သို့ ပုံမှန်အနေအထားဖြင့် ပြန်ရောက်ဖို့မလွယ်ဘူးဆိုတာလည်း မှတ်ထားကြစေချင်ပါတယ် ။
တောင်ပေါ်ကိုတက်ရာမှာ သည်အတိုင်းတက်ဖို့မလွယ်ပါဘူး ။ ယာဉ်စီးပြီး တက်ကြရမှာပါ ။ အဲသည်စီးတဲ့ယာဉ်ကို ကိုရီးယားလို ဂေါန်ဒိုလာ(Gondola: 곤돌라) လို့ခေါ်ပါတယ် (မွေးစားစကားပါ) ။ ကေဘယ်လ်ခါး(Cable-car) လို့ ပြောပြီး တောင်တက်ယာဉ်စီး လက်မှတ်ဝယ်လို့ ရမည်မဟုတ်ပါ ။ ဒါလေးလည်း မှတ်ထားကြစေချင်ပါတယ်။
စကိတ်စီးဖို့ သို့မဟုတ် စကိတ်စီးလေ့ကျင့်ဖို့အစီအစဉ်မရှိသူတွေ ၊ သင့်တော်ရာ ဖိနပ်များ မိမိ အစီအစဉ်ဖြင့် ယူသွားလို့ရပါတယ် ။ ဂေါန်ဒိုရာ လက်မှတ်ဝယ်ရာမှာရော စီးရာမှာပါ တန်းစီဝယ် တန်းစီစီးရတာမို့ တန်းစီရတာနှင့်တင် အချိန်ကုန်တတ်တာကိုလည်း သတိပြုကြစေချင်ပါတယ် ။
မိတ်ဆွေတို့ ရေခဲတောင်တက် သွားကြမည့် ရက်ဟာ ပိတ်ရက်ကြီးဖြစ်တာမို့ ယာဉ်ကြောတွေ ပိတ်တတ်ပါတယ် ။ (တရံရောအခါက ကျနော်တို့အဖွဲ့ လမ်းမှာတင် တစ်ရက်ကုန်သွားတဲ့ အဖြစ်တောင်ရှိခဲ့ဖူးပါတယ် ၊ခုတော့ သိသွားပြီမို့ အဲသလို ဖြစ်မည်မဟုတ်တော့ပါ)။ ဘယ်လိုကြောင့်ဖြစ်ဖြစ် ယာဉ်ကြောပိတ်လို့ မိတ်ဆွေတို့ သွားလိုတဲ့ ရည်မှန်းချက်နေရာကို အချိန်မှီ မရောက်နိုင်ခဲ့လျင်ဖြင့် တစ်ရက်တာ ခန္တီပါရမီဖြည့်ဆည်းကြဖို့ ကိုလည်း တစ်ပါတည်း မေတ္တာစာ ပါးလိုက်ပါတယ် ။
နောက်ပြီး မိတ်ဆွေတို့ သွားမည့် ခရီးဟာ အုပ်စုခရီး ၊ ယဉ်ကျေးမှုစင်တာခရီး ဖြစ်တာမို့ မိမိတစ်ဦးတစ်ယောက်အတွက် အများရဲ့ အချိန် ၊ အများရဲ့ ဂုဏ်သရေကို မထိခိုက်စေဖို့ကိုလည်း ဂရုပြုကြစေချင်ပါတယ် ။
နောက်ပြီး မိတ်ဆွေတို့ သွားမယ့်ခရီးဟာ စီးပွါးရေးအကျိုးအမြတ်အတွက် သွားတဲ့ခရီးမဟုတ်ဘဲ ၊ ပိုမိုတဲ့ အကျိုးအမြတ်ကို ဓမ္မဒူတ စင်တာသို့ လှူဒါန်းမှာ ဖြစ်လို့ မသွားမှီကတည်းက မိတ်ဆွေတို့ သွားတဲ့ခရီးဟာ အလှူတော်ဒါနပါရမီခရီးအဖြစ် ကြိုတင် နှလုံးသွင်းထားကြစေလိုကြောင်း မေတ္တာစာပါးလိုက်ပါတယ် ။
နှလုံးသွင်းတတ်လျင် ၊ အပမ်းဖြေခရီးသွားတာတောင်ကုသိုလ်ရသတဲ့ ။
မေတ္တာဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၄-ဇန်-၂၁