Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Sunday, March 17, 2013

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း

 
 အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း by သီတဂူဆရာတော် လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။
မူရင်းကို ဖတ်ရန် ဒီနေရာ နှိပ်ပါ။  
နှစ် ၆၀ ဆူးခင်းသောလမ်းခရီး ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။ အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။ ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။ နှစ် ၆၀အတွင်း ပန်းခင်းသောလမ်းဖန်တီးသည် မတွေ့ခဲ့ စွန့်လွတ်ပုံ အမျိုးမျိုးတော့ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်းပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင်ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။ Golden Gate ကိုဖွင့်ပေးသူ အောင်ဆန်းသမီး နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ “အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊ နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။” ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်းတောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ “အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။” ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။ အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့ “အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင်မှာ” ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုကို နည်းယူ အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာလုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေးတယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေးတယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက်ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ်သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။ အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင်ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင်ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက်က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ်ဘုရင်နေရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြောသလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီးတော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။ ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar) ဒို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါကလဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ “တိုင်းပြည်အတွက် ဒီလောက်စွန့်လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်းတယ်။” ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပထမဆုံး စည်းလုံးခဲ့တာ အနောရထာ မို့လားကွ၊ အနောရထာဟာ အေဒီ ၁၁ ရာစုဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြတာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆိုတဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေးထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျမင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေးမင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။ ရာဂျမင်းဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေတာပဲ။ အဲဒါကြောင့် “တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခြိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေးဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။” အဲဒီသမိုင်းတွေကို ဆက်လက်ပြီး စဉ်းစားကြ။ အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင်ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုးကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက်၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။ 
သီတဂူဆရာတော်ပြောသော “စည်းလုံးညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar” ဒီဗီဘီ အင်တာဗျူးအသံဖိုင်မှ စာအဖြစ် ဖန်တီးသည်။ 
ရွှင်လန်းချမ်းမြေ့ပါစေ 
သီတဂူစတား 
၁၆-၃-၂၀၁၃

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 1, 2013

ရဲမဖမ်းသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ နေရာပြောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂
ကချင်ပြည်နယ် ဟိုပင်မြို့ သဲဖြူချောင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများသည် ရဲမဖမ်းသော်လည်း ယခုရက်ပိုင်းအတွင်း ဟိုပင်မြို့ တရုတ်သင်္ချိုင်းသို့ နေရာပြောင်းရွှေ့ ရောင်းဝယ်သုံးစွဲနေကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ကပြောသည်။
“ပြီးခဲ့တဲ့ အပတ်က အင်တာနက်သတင်းတွေနဲ့ ဂျာနယ်တွေမှာ ပါ လာလို့ နေရာပြောင်းသွားတာ။ ရဲ ကတော့ မဖမ်းဘူး””ဟု မိုးညှင်းမြို့ နယ် မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဟိုပင် တရုတ်သင်္ချိုင်းတွင် မူးယစ်ဆေးဝါးရောင်းချသော ဒိုင်သုံးဦးရှိပြီး မူးယစ်ဆေးဝါးရှူသည့် အခန်းသုံးခန်းရှိကြောင်း ၎င်းက ဆက်ပြောသည်။
“ဘိန်းရှူရင်တော့ လုံတဲ့ ခန်းထဲမှာပဲ ရှူကြတယ်။ ဆေးထိုးတဲ့သူတွေကတော့ ဂူတွေကြားထဲမှာပဲ ထိုးကြတယ်” ဟု ဟိုပင်မြို့ ဒေသခံတစ်ဦးက ပြောသည်။
ယခုအခါ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ လူငယ်များ ၈၀ ရာခိုင်နှုန်းအထိရှိနေကြောင်း အမှတ်(၁၂) မဲဆန္ဒနယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဂျေယောဝူက ပြောသည်။ “တစ်ပြည်နယ်လုံး သုံးစွဲနေကြတာ၊ ဖမ်းတာကလည်း ရောင်းတဲ့ဆိုင်ကြီးတွေကို မဖမ်းဘဲ အောက်က အသေးစားတွေကိုပဲ ဖမ်းနေတာ”ဟု ဦးဂျေယောဝူကပြောသည်။
အဆိုပါ တရုတ်သင်္ချိုင်းတွင် မူးယစ်ဆေးဝါးဆေးထိုးလျှင် ကျပ် ၁၀၀၀ ဖိုးမှ စတင်ထိုးနိုင်ပြီး ဘိန်းရှူလိုလျှင် ကျပ် ၅၀၀၀ ဖိုးမှ စတင်ဝယ်ယူရကာ ရောင်းဝယ်သုံးစွဲနေကြသူများမှာ သဲဖြူချောင်းမှာကဲ့သို့ စည်ကားနေပြီး ကျောင်းသားများအပါအ၀င် နေ့စဉ်လူဦးရေ ရာနှင့်ချီရောင်းဝယ်သုံးစွဲနေကြောင်း ဒေသခံအချို့ကပြောသည်။
၂၀၁၂ ခုနှစ်တွင် ဟိုပင်မြို့၌ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ၆၈ မှု ဖမ်းဆီးရရှိပြီး၊ ၂၀၁၃ ဇန်န၀ါရီလတွင် သုံးမှု၊ ဖေဖော်ဝါရီလတွင်တစ်မှု ဖမ်းဆီးရရှိထားကြောင်း ဟိုပင်မြို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲစခန်းမှူးဦးမျိုးမြင့်ဦးက ပြောသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ရောင်းချသော တရုတ်သင်္ချိုင်းသို့ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအဖွဲ့မှ နေ့စဉ် ဆေးထိုးအပ် အချောင်း ၁၅၀၀ ၀န်းကျင် သွားရောက်ပို့ဆောင်ပေးနေရကြောင်း သတင်းရရှိသည်။
အဆိုပါ တရုတ်သင်္ချိုင်းသည် ယခင်ရောင်းချသော သဲဖြူချောင်းနှင့် တစ်မိုင်ဝန်းကျင်သာ ကွာဝေးသည်။

7Day News Journal

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, February 26, 2013

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဘယ်လိုအကြောင်းတရားတွေ ရှိနေတာလဲ သိရှိနိုင်ရန် ပေးပို့ အပ်ပါသည်။
ရဲရင့်
နေပြည်တော်။ ဖေဖော်ဝါရီ ၂၂
ဖေဖော်ဝါရီလ နွေဦးရောက်ပြီဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်မြို့တော်ကြီးရဲ့ အပူချိန်ကတော့ ရေနွေးအိုးမတည်ရဘဲ လက်ဖက်ခြောက်ခပ်သောက်လို့ရမယ့် အနေအထားပါပဲ.။ ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော်လည်း အိမ်ရှေ့က မန်ကျည်းပင်ရိပ်အောက်မှာ အေးအေးလူလူ ဂျာနယ်တစ်စောင်ဖတ်နေတုန်း ဆက်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့ တူတော်မောင်အရာရှိ ရောက်လာပြီး
“ဘကြီး နေကောင်းလား . ဘာတွေဖတ်နေတာတုန်း” လို့ မေးရာ
“အေး. အတော်ပဲကွာ. ဘကြီးလည်း တူမောင်ကို မေးချင်. သိချင်တာလေးတွေ ရှိနေတာနဲ့ အတော်ပဲ” ဟု ပြန်ပြောလိုက်ပါတယ်
“ဘာတွေ သိချင်နေတာလဲ ဘကြီးရ” ဟု တူမောင်က ပြောရာ ကျွန်တော်လည်း
“ဟို တလောကကွာ ဂျာနယ်တစ်စောင်မှာ ဘကြီးဖတ်လိုက်ရတယ်။ တူမောင်တို့ ဝန်ကြီးဌာနက ဝန်ကြီး ဦးသိန်းထွန်းနဲ့ အထွေထွေမန်နေဂျာ/အင်ဂျင်နီယာချုပ်စတဲ့ အရာရှိကြီး(၈)ဦးကို မိုဘိုင်း ဆက်သွယ်ရေး စီမံကိန်းလုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာမှာ ပိုမိုတွက်ချက်တင်ပြပြီး ထုတ်ယူတာကြောင့်ရယ်၊ စက်ကိရိယာ ပစ္စည်းတွေ ၀ယ်ယူရာမှာလည်း ဈေးလျော့ဝယ်ယူတာတွေ လုပ်ခဲ့တဲ့အတွက် နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု ပအမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နဲ့ ဥတ္တရသီရိမြို့နယ်က ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူတော့မယ်လို့ ဘကြီးဖတ်လိုက်ရတယ်ကွ၊
ဒါပေမယ့် အခုချိန်ထိ အဲဒီအကြောင်း ဘာမှထပ်မကြားတော့လို့ ပြီးများသွားပြီလား၊ ဘာတွေဖြစ်ကုန်ပြီလဲလို့ သိချင်နေတာ ကွ တူမောင်ရ” ဟု ပြောလိုက်ရာ
ကျွန်တော့တူတော်မောင်က ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကိုကြည့်ပြီး ဒါက ဒီလိုရှိတယ် ဘကြီးရဟုဆိုကာ သူတို့ဝန်ကြီးဌာနက သတင်းတွေအားလုံးကို ပြောပြပါတော့တယ်
“ဘကြီးပြောတဲ့ ပထမသတင်းက မှန်တယ်ဘကြီးရ. အမှုလည်းဖွင့်ပြီး နောက်နေ့မှာပဲ ကျွန်တော်တို့ ဝန်ကြီးဌာနကို စသုံးလုံးကလူတွေရောက်လာပြီး လူကြီးပိုင်းတွေကို စပြီးစစ်တော့တာပဲ. သူတို့ရုံးခန်း တွေထဲက ကွန်ပျူတာတွေ၊ ဖိုင်တွေ၊ ဖုန်းတွေ အားလုံးကို သိမ်းဆည်းလိုက်ပြီး အကုန်စစ်တော့တာပဲ ဘကြီးရ.” ဟု ဆိုကာ ဆက်ပြောပါတယ်
“နောက်ပြီး စစ်နေတဲ့အချိန်မှာပဲ ဝန်ကြီးဆီကို ဦးသိန်းဝင်းက ငွေလွှဲပေးတဲ့ပြေစာတွေ အင်တာနက် ပေါ်ရောက်လာတော့ ပိုဆိုးတော့တာပေါ့ ဘကြီးရာ. စစ်စစ်ချင်း အစောပိုင်းမှာတင် စာရင်းကွာတာ တွေ၊ ငွေကွာတာတွေ၊ ပစ္စည်းဈေးနှုန်းကွာတာတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေတင်သွင်းဝယ်ယူတဲ့ နေရာမှာ နိုင်ငံတော်ကိုတန်ဖိုးများများစာရင်းပြ ကုမ္ပဏီနဲ့ညှိပြီး အရည်အသွေးနိမ့်တဲ့စက်ပစ္စည်းတွေ သွင်းတာတွေ တွေ့တာပေါ့ဘကြီးရာ. ကျွန်တော်တို့လည်း ဒီတစ်ခါတော့ နိုင်ငံတော်သမ္မတကြီး တကယ်အရေးယူပြီလို့ ထင်တာပေါ့ဘကြီးရာ. အခုကြတော့ အဲဒီလို မဟုတ်တော့ပြန်ဘူး ဘကြီးရ.” ဟု ပြောတော့
ကျွန်တော်လည်း အတော်စိတ်ဝင်စားသွားပြီး “ဟေ ဟုတ်လား ဘကြီးသိချင်နေတာ အဲဒါကွ. ဆက်ပြောပါအုံး” ဟု ပြောလိုက်ပါရာ
“စစချင်းတော့ သူတို့ပဲပေါ. နောက်တော့မှ ဘကြီးရေ- စစ်လိုက်တာ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလိုပေါ့. အခုလိုအလွဲသုံးစားလုပ်မှုတွေက အခုဒီဝန်ကြီးလက်ထက်ကြမှ ရှိတာ မဟုတ်ဘူး၊ အရင် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်လက်ထက်ကတည်းက ဖြစ်နေတာ ဘကြီးရ၊ ဇာတ်လမ်းက အရှုပ်ကြီးရယ်၊ စာရင်းဇယားတွေ အကုန်လုံးကို စစ်တာဆိုတော့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ဆက်စပ်ပြီး အလုပ်လုပ်တဲ့ အပြင်ကကုမ္ပဏီတွေလည်း ပါတာပေါ့ ဘကြီးရာ၊ အဲဒီထဲမှာ ဆက်သွယ်ရေးရဲ့ Project တွေ အများဆုံးရတဲ့ ကုမ္ပဏီက RedLink ကုမ္ပဏီလေ.” “RedLink ကုမ္ပဏီကို ဘကြီးသိလား” လို့ တူတော်မောင်က စကားဖြတ်ပြီးမေးလိုက်ရာ
”အင်း မြင်တော့ မြင်ဘူးတယ်. ကြေငြာတွေထဲမှာ တွေ့တာလေ” ဟု ပြန်ပြောလိုက်ပါတယ်. ဒါနဲ့ တူတော်မောင်က
“အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား တိုးနိုင်မန်းပိုင်တာ ဘကြီးရ၊ ဒါကြောင့်မို့ ဆက်သွယ်ရေးရဲ့ Project တွေ အများကြီးကို သူတို့ရတာပေါ့. အခုဒီမှာ ပြဿနာလည်းဖြစ်ရော ဟို.စသုံးလုံးအဖွဲ့တွေက သူတို့ကိုပါခေါ်ပြီးစစ်တာပေါ့. အဲဒါ ဆက်သွယ်ရေးနဲ့ RedLink နဲ့ပေါင်းပြီး စာရင်းလိမ်ပြထားတာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ အခွန်ရှောင်ထားတဲ့ ကိစ္စတွေ အများကြီး အများကြီး ပေါ်လာတာပေါ့ဘကြီးရာ.

ဇာတ်လမ်းက အဲဒီမှာ စတာ ဘကြီးရ. ဝန်ကြီးနဲ့ အစစ်ဆေးခံနေရတဲ့ လူကြီးတွေကလည်း သူတို့ကို ဖော်ထုတ်ရင်. သူတို့ကလည်း အရင် ဝန်ကြီးဟောင်းတွေ၊ လက်ရှိဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ လာဘ်စားထားတဲ့အကြောင်း တွေ၊ သူတို့ကို ခွဲဝေပေးရတဲ့အကြောင်းတွေ၊ သူတို့ရဲ့ ဆွေမျိုးသားသမီး.တွေကို လုပ်ကိုင်ခွင့် Project တွေ ပေးရတဲ့အကြောင်းတွေကို ဖော်ကောင်လုပ်မှာလို့ ပြောလိုက်တယ်.

အခုကျွန်တော် နောက်ဆုံး သိရတာကတော့ သူတို့ကိုသာ အရေးယူမယ်ဆိုရင် သူတို့ဖော်ကောင်လုပ်မယ့် အချက်အလက်တွေကို ပြုစုပြီးပြီလို့ သိရတယ်ဘကြီးရ. အဓိကကတော့ RedLink ကုမ္ပဏီနဲ့ ပေါင်းပြီး နိုင်ငံတော်ကို ညာထားတဲ့အချက်တွေပေါ့ ဘကြီးရာ.
အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား ပိုင်တဲ့ကုမ္ပဏီဖြစ်နေတော့ သူပါ သိက္ခာကျ၊ အရှက်ကွဲရမယ့် အခြေအနေလေ. ဒါကြောင့်မို့ အခုတော့ ဝန်ကြီး ဦးသိန်းထွန်းနဲ့ အဖွဲ့ အရေးယူမခံရဘဲ ရှိနေတာကို လွှတ်တော်ကလည်း ဘာမှမပြောရဲ၊ မလုပ်ရဲ မကိုင်ရဲဖြစ်နေတာပေါ့ ဘကြီးရ”လို့ ပြောလိုက်တော့မှ ကျွန်တော်လည်းသဘောပေါက်ပါတော့တယ်။



Ref:
http://www.searchmyanmar.com/link/frame/cid/19083

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, February 22, 2013

ပြောတော့ ဒီမိုကရေစီဆို ၊ လွယ်လွယ်လေး ပြောလိုက်တာပဲ ၊ မြန်မာအစိုးရရဲ့ ဒီလိုမျိုးထုတ်ပြန်ဖို့အတွက် တာဝန်ရှိသူတွေ နဲ့ အလုပ်သမားတွေ ဆွေးနွေးကြပြီးမှ ထုတ်ပြန်သင့်ပါတယ် ၊ ယခုလို ထုတ်ပြန်ချက်ကို အပြင်းအထန် ကန့်ကွက်ပါတယ် ၊

ပြောတော့ ဒီမိုကရေစီဆို ၊ လွယ်လွယ်လေး ပြောလိုက်တာပဲ ၊ မြန်မာအစိုးရရဲ့  ဒီလိုမျိုးထုတ်ပြန်ဖို့အတွက် တာဝန်ရှိသူတွေ နဲ့ အလုပ်သမားတွေ ဆွေးနွေးကြပြီးမှ ထုတ်ပြန်သင့်ပါတယ် ၊ ယခုလို ထုတ်ပြန်ချက်ကို အပြင်းအထန် ကန့်ကွက်ပါတယ် ၊ 
-------------------------------------------------------------
ကိုရီးယားမှာ EPSနဲ့ အလုပ်သွားလုပ်သူတွေ စာချုပ်ဖောက်ဖျက်ပါက ကျပ်သိန်း၃၀ လျော်ရမယ် ? ? ? ? ?

ပြောတော့ ဒီမိုကရေစီ လမ်းကို သွားနေကြတယ်ဆို ၊ ကြားလို့မှ ကောင်းကြသေးရဲ့လားဗျာ ၊ အရပ်ကတို့ရေ ၊ ကျွန်တော် အမေစုလာတုန်းက မေးတဲ့ မေးခွန်းလိုပဲ ဖြစ်နေပြီ ၊ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဘာအခက်အခဲတွေ ရှိလဲ ၊ ဘာတွေလိုအပ်နေလဲ ၊ ဘယ်လိုကူညီပေးရမလဲ တော့ မစဉ်စားဘူး ၊ ကိုရီးယားမှာ EPSနဲ့ အလုပ်သွားလုပ်သူတွေ ဘာလို့အလုပ်ရုံတွေကနေထွက်သွားလဲ ၊ သူတို့လက်ရှိလုပ်နေတဲ့ အလုပ်ရုံတွေ မှာ အဆင်ပြေကြရဲ့လား ၊ မေးဖို့မပြောနဲ့ ၊ အကူအညီတောင်းတာတောင် မပေးပါဘူး ၊  အခုလိုမျိုးထုတ်ပြန်ကြေငြာ တာကို ကိုရီးယားမှာရောက်နေတဲ့ EPS စနစ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား လုံးဝကန့်ကွက်ပါတယ် ၊ စက်ရုံမှာ စာချုပ်ချုပ်ပြီး အလုပ်မှာ အဆင်မပြေ ၊ ပြောင်းဖို့လဲ ထွက်စာမပေး ၊ အလုပ်မှာ ထိခိုက်ဒဏ်ရာရာရင်တောင် ဆေးခန်းမပြပေးတဲ့ အလုပ်ရှင်တွေ ရှိပါတယ် ၊ “ မင်းတို့ကို ထွက်စာမပေးနိုင်ဘူး ၊ ဒီမှာ အလုပ်ဆက်လုပ်မလား ၊ မြန်မာပြည်ပြန်မလားတဲ့ ” ကျွန်တော်သူငယ်ချင်း ပိုင်ကြီး ကို မေးတဲ့မေးခွန်းပါ ၊ ဒါတွေကို မြန်မာအစိုးရက မသိဘူး ၊ မလေ့လာဘူး ၊ သူတို့ လိုချင်တာပဲ သူတို့ပြောသွားတယ် ၊ တစ်ဖက်သတ် ပြောသွားတာပါ ၊ ပြောတော့ ဒီမိုကရေစီဆို ၊ လွယ်လွယ်လေး ပြောလိုက်တာပဲ ၊ ဒီလိုမျိုးထုတ်ပြန်ဖို့အတွက် တာဝန်ရှိသူတွေ နဲ့ အလုပ်သမားတွေ ဆွေးနွေးကြပြီးမှ ထုတ်ပြန်သင့်ပါတယ် ၊ ယခုလို ထုတ်ပြန်ချက်ကို အပြင်းအထန် ကန့်ကွက်ပါတယ် ၊ နိုင်ငံရဲ့ ၀င်ငွေ တိုးတက်အောင် လုပ်ပေးနေတဲ့ သူတွေဆိုတာလဲ မမေ့ကြပါနဲု့

credit to - စိုးမိုးသူ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, October 20, 2012

အင်တာနက် တပ်ဆင်ခ ကြေး၁၂ဆ လျှော့ချမည်

အောက်တိုဘာ ၁၈ ၊ ရန်ကုန်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဝန်ဆောင်မှုပေးလျှက်ရှိသည့် ADSL အင်တာနက်(တယ်လီဖုန်းလိုင်း အသုံးပြုသည့် မြန်နှုန်းမြင့်အင်တာနက်စနစ်) စတင် တပ်ဆင်ခနှုန်း ကျပ် ၆ သိန်းကို ကျပ် ၅သောင်းအဖြစ် လာမည့် နိုဝင်ဘာ ၁ ရက်နေ့မှ လျော့ချမည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။


မြန်မာ့ဆက်သွယ်ရေး အပြင် အခြားသော အင်တာနက် ၀န်ဆောင်မှု ပေးနေသည့် ရတနာပုံ တယ်လီပို့နှင့် Red Link ကုမ္ပဏီမှ ၀ိုင်မက်စ်စနစ်၊ စကိုင်းနက် ဂြိုဟ်တု စနစ်သုံး မြန်နှုန်းမြင့် အင်တာနက်များ၏ ဈေးနှုန်းလျော့ချမည် မချမည်ကိုမူ မသိရှိရသေးပါ။

ယခင် လစဉ်ကြေး ၆ သိန်းကျသင့်သည့် စတင်တပ်ဆင်ခကို နှုန်းထားသစ်တွင် ကျပ် ၅ သောင်းသို့၎င်း၊ ယခင် တလ ကျပ် ၃ သောင်းကျသင့်သည့် 512 kbps မြန်နှုန်းဝန်ဆောင်မှု ကို နှုန်းထားသစ်တွင် ၁၇၀၀၀ ကျပ်သို့၎င်း လျော့ချလိုက်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်ခ နှုန်းထားမှာ ဒေသတွင်းနိုင်ငံများအကြား အမြင့်ဆုံးသော နှုန်း ထားဖြစ်သည်ဟု ထင်ရှားခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ADSL အင်တာနက်လိုင်း လစဉ်ကြေးအဖြစ် ဘတ် ၆၀၀ ၀န်းကျင် (ကျပ် ၁၆၀၀၀ ) ၀န်းကျင်ရှိသည်ကို တွေ့ရသည်။

တဦးချင်းဝင်ငွေမြင့်မားသည့် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် ADSL အင်တာနက် လစဉ်ကြေးမှာ တစ်လ ဒေါ်လာ ၂၀ မှ စတင်သည်ဟု သိရှိရသည်။

ကနဦး အင်တာနက် တပ် ဆင် ကြေး ကို ၁၂ ဆ လျှော့ ချ လိုက်ခြင်း ဖြစ်သည်။


မူရင်း သတင်း -
Yangon Press International

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, September 27, 2012

ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကိုရီးယား ချူးဆောက် (၂၀၁၂) ဓမ္မဒူတခရီးစဉ် ပြင်ဆင်


ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၂၉ ၊ ၃၀ ၊ အောက်တိုဘာ ၁) အတွင်း ကိုရီးယားနိုင်ငံသို့ ကြွရောက်ချီးမြှင့်တော်မူမည့် ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း ပြင်ဆင်ကြေညာအပ်ပါသည်-


၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၉ ရက် (စနေနေ့)
နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဒေါ်စန်း(မိုးညှင်း)နှင့် ရွှေကချင်ညီနောင်များ (ကိုရီးယား) လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာသို့ ချီးမြှောက်တော်မူပါမည် ။
ည ၈ နာရီ အချိန်တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပညာတော်သင် ကျောင်းသား ကျောင်းသူများ၏ အထူးဓမ္မသဘင်ကို ချီးမြှင့်တော်မူပါမည် ။

၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၃၀ ရက် (တနင်္ဂနေ့)
နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ၏ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် တတိယအကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သတ္တမအကြိမ်ဒုလ္လဘရဟန်းခံပွဲသာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။
ညနေ ၅ နာရီတွင် ၊ ဓမ္မဒူတ(ကိုရီးယား)မှ မြန်မာပြည်သို့ ပြန်လည် ကြွချီတော်မူပါမည် ။


ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၇ ရက် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, September 25, 2012

တို့ ပိုင်တဲ့မြေ ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည်

ရေးသားသူ — တို့ ပိုင်တဲ့မြေ
တို့ ပိုင်တဲ့မြေ ရဲ့မိတ်ဟောင်းမိတ်သစ်များ မင်္ဂလာပါခင်ဗျာ

ချုဆော့ဂ် ရွှေရောင်ပိတ်ရက်ရှည်ကာလ မှ စတင်ပြီး ပိတ်ရက်မရှိ ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။ ပိတ်ရက်အထူးအစီအစဉ်အဖြစ် ဘဲကင် ၊ ဆိတ်သားလုံးကြော်၊ ပြည်ဒန်ပေါက်၊ ပန်းသေးခေါက်ဆွဲ ၊ ကြေးအိုး ၊ အထူးစပါယ်ရှယ် နှင့်အတူ အခြားအမျိုးစုံသော ဟင်းလျာများကို KTV နဲ့ သော်လည်းကောင်း unplugged စစ်စစ် တီးခတ်ရင်းဖြင့်သော်လည်းကောင်း ၊ အပမ်းဖြေစားသုံးနိုင်ရန် ပြင်ဆင်ထားပါတယ်။

လေယဉ်လက်မှတ်နဲ့  ဖုန်းဝန်ဆောင်မှု ကွန်ပြူတာ ၀ယ်ကူလိုသူများ အနေဖြင့်လည်း ဖုန်းနဲ့ လိပ်စာ ပေးရုံမျှ ဖြင့် စက်ရုံအရောက် ပေးပို့ ဝန်ဆောင် နေပြီ ဖြစ်ပါတယ်။

unplugged နဲ့  အထူးအစားအစာများ စားသုံးလိုပါက အော်ဒါ ကြိုတင်မှာကြားစေလိုပါတယ်ခင်ဗျာ။


ချစ်ခင်လေးစားစွာ ဖြင့်-

တို့ ပိုင်တဲ့မြေမိသားစု
070-4111-7019
010-8714-7019

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, July 31, 2012

၃-နှစ်စာချုပ်သမားတွေ ၁-နှစ်ပြည့်လို့ပြောင်းချင်ရင် ဘယ်လိုလုပ်ရင်အဆင်ပြေမလဲ

ရေးသားသူ — Myint Than


မင်္ဂလာပါ အကို ကျွှန်တော်ကဒီရောက်တာ ကိုးလရှိပါပြီ အကို တို့သုံးနှစ်တိုက်ဖြတ်ရေးကို ဟန်ဂုရွာမှာတွေ့ရတာဝမ်းသာမိပါတယ် ဒါပေမယ့် မြန်မာပြည် အနေအထားနဲ့က မလွယ်ဘူးဗျ ကျွှန်တော့် သူငယ်ချင်းတစ်ယောက်ဆို သူကဒီကိုရောက်ဘူးတယ် ရေလုပ်ငန်းနဲ့ကျလို့မလားဘူး စာချုပ်မချုပ်ဘူး ဒါကိုမှတ်ချက်ရေးခိုင်းတယ် ရေးပေးလိုက်တော့လည်း စာရေးတာများတယ် ငါတို့မကောင်းဖြစ်မှာပေါ့ နောက်လူတွေလည်းအားနာအုံး နင်တစ်ယောက်မသွားရလို့ ဘာမှမဖြစ်ဘူး ကျန်တဲ့သူတွေရောက်ဘို့အရေးကြီးတယ် ဆိုပြီးပြောတယ် အရင်လူတွေဘယ်လောက်တောင်စောင့်ခဲ့ရလဲ အခုရတုန်းသွား ဆိုပြီးတိုက်တွန်းနေတော့ လာခြင်နေတဲ့သူတွေကိုဘယ်လိုတားမလဲအကို အဲ့ဒီမှာသူတို့အဘလို့ခေါ်နေတဲ့ သူကဆို သူတို့ပြောတာနားမလည်လို့ ပြန်မေးမိတာ ထိုးခံထိတယ် မင်းကဘာကောင်လဲဘာလဲနဲ့ အဲ့ဒီလောက်ဖြစ်နေတဲ့ လေဘာရုံးကို ဒီလာခြင်တွေက ဘယ်လိုနည်းနဲ့ လှန်ရဲမှာလည်း ဒါတွေကို ထည့်စဉ်းစားရင် မလွယ်ဘူးထင်လို့ပြောပြတာပါ ။
နောက်တစ်ခုက ဒီရောက်ပြီး တစ်နှစ်စာချုပ် တွေကသူတို့တစ်နှစ်ပြည့်ရင် အလုပ်ရှင်ကကြိုက်နေရင်လည်း ပြောင်းလို့ရပါသလား သိခြင်ပါတယ်
သုံးနှစ်စာချုပ်သမားတွေထဲက တစ်နှစ်ပြည့်လို့ပြောင်းခြင်ရင် ဘယ်လိုဆောင်ရွက်လို့ အဆင်ပြေနိုင်မလည်းသိခြင်ပါတယ် ။

********
ကိုမြင့်သန်းခင်ဗျာ။
အကြံပေးတာ ကျေးဇူးတင်ပါတယ်။
၁-နှစ် စာချုပ် ဆို ၁-နှစ်ပြည့်ပြီးရင် ၊ ကိုယ်ပြောင်းချင်ရင်ပြောင်းလို့ရပါတယ်။
၁-နှစ်စာချုပ်ကုန်ရင် ၊ သူဌေးက သူ့စက်ရုံမှာ ဆက်ခိုင်းချင်တယ်ဆို ၊ စာချုပ်အသစ်ထပ်ချုပ်ရပါတယ်။
အဲသည်မှာ ကိုယ်က သဘောမတူရင် ၊ စာချုပ်ဆက်မချုပ်လည်းဖြစ်ပါတယ် ။
၃-နှစ်ဆိုတော့ ၊ ကိုယ်က ကြိုက်ကြိုက်မကြိုက်ကြိုက် သူဌေးက ကြိုက်နေရင် ၃-နှစ်ပြည့်သည်အထိ ဆက်လုပ်ပေးဖို့တာဝန်ရှိနေပါတယ်။
သူဌေးက သဘောတူ ခွင့်ပြုမှ အခြားစက်ရုံကို ပြောင်းလို့ရပါတယ် ။
၃-နှစ်စာချုပ်သမားတွေက ၁-နှစ်ပြည့်လို့ပြောင်းချင်ရင် ၊ သူဌေးခွင့်ပြုချက်ရအောင်လုပ်ရပါ့မယ်။ သူဌေးခွင့်ပြုချက်ရမှ အဆင်ပြေပါမယ် ။
ကျန်တဲ့ နည်းတွေရှိပေမယ့် ၊ မလွယ်ကူလှကြောင်း သိရပါတယ် ။
လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၂-ဇူလိုင်-၃၁

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, June 2, 2012

မြန်မာတစ်နိုင်ငံလုံးတွင် ဖုန်းလိုင်းနှစ်သန်းခန့် Postpaid မှ Prepaid ပြောင်း ၊ GSM အချို့ စနစ်ပြောင်းစဉ် ရုတ်တရက် အပိတ်ခံရ

ရန်ကုန်၊ မေ ၃၁
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက Postpaid (အရင်ပြောနောက်ရှင်း) စနစ်ဖြင့် ရောင်းချခဲ့သော ကျပ် ၁၅ သိန်းတန် GSM ဖုန်းများကို Prepaid (ကြိုသွင်းပြော)စနစ်ပြောင်းရာတွင် ရုတ်တရက်အပိတ်ခံရကြောင်း ဖုန်းပိုင်ရှင်များက မေလ ၂၉ ရက်နေ့ တွင် The Voice Weekly သို့ ပြောကြားသည်။
ကြိုတင်ငွေဖြည့်ကတ်ဖြင့် ဖုန်းအသုံးပြုနေသည်မှာ တစ်လကျော်ကြာချိန်တွင် ဖုန်းလိုင်းအပိတ်ခံရသဖြင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့ စုံစမ်းရာယခင်ကြွေးကျန်ရှိသဖြင့် လိုင်းပိတ်လိုက်ခြင်းဖြစ်ပြီး ငွေသွင်းပြီး တစ်ပတ်အကြာတွင်မှ ဖုန်းလိုင်းပြန်ဖွင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ခံက ပြန်လည်ဖြေကြားကြောင်း ဖုန်းလိုင်းအပိတ်ခံရသူတစ်ဦးက ပြောကြားသည်။
ဖုန်းလိုင်းကတ်ထဲတွင် ငွေသုံးသောင်းကျော်ဖြည့်ထားချိန်၌ ဖုန်းလိုင်းဖြတ်ခံရခြင်းဖြစ်ပြီး ကြိုတင် အကြောင်းကြားစာ ပို့ခြင်း၊ Message ပို့ခြင်းလည်းမရှိကြောင်း ဖုန်းလိုင်းဖြတ်ခံရသူ အသက်၎ဝ ဝန်းကျင်အရွယ် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
''မြန်မာ့ဆက်သွယ်ရေးက ဒီလိုလုပ်မယ်ဆို လူထုကိုရှင်းရှင်းလင်းလင်းအသိပေးသင့်တယ်။ ဖုန်းနဲ့အလုပ် လုပ်နေတဲ့သူတွေ အတွက် အချိန်ဆိုတာ ငွေပဲ။ ခုတော့ ငွေသွင်းပြီးတာတောင်တစ်ပတ်စောင့်ရဦးမယ်၊ ဖုန်းသုံးတဲ့သူတွေအတွက် အရမ်းနစ်နာတယ်'' ဟု ၄င်းကသုံးသပ်ပြောကြားသည်။
''လိုင်းမဖြတ်ခင် ကျွန်တော်တို့ကဖုန်းဘေလ်ဆောင်ရမယ်ဆိုတာ Message ပို့တယ်၊ ဒါမှမဟုတ် စာတိုက်ကနေ အကြောင်းကြားပါတယ်။ သတင်းစာထဲမှာလည်း ကြိုတင်ကြေညာထားပါတယ်'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ်အင်ဂျင်နီယာချုပ်က The Voice Weekly သို့ပြောကြားသည်။
ဖုန်းလိုင်းဖြတ်ခံရခြင်းမှာ ယခင်မတ်လနှင့် ဧပြီလအတွက် ဖုန်းဘေလ်များယခုလထွက်ရှိရာတွင် ငွေသွင်းထားခြင်း မရှိသည့် ဖုန်းများအားလုံးကို ပိတ်လိုက်ခြင်းဖြစ်ပြီး Prepaid စနစ်ပြောင်းခြင်း၊ မပြောင်းခြင်းကိုမကြည့်ဘဲ လိုင်းပိတ်ခြင်းဖြစ်ကြောင်း၊ အကြောင်းကြားစာနှင့်Message မရခြင်းမှာ ၄င်းတို့ဘက်က လွဲချော်မှုများဖြစ်ကြောင်း ၄င်းကဆိုသည်။
ဖုန်းလိုင်းများမှာ ငွေသွင်းပြီးလျှင်ချက်ချင်းပြန်လည်ဖွင့်ပေးရမည်ဖြစ်သော်လည်း မြန်မာတစ်နိုင်ငံလုံးတွင် Postpaid မှ Prepaid ပြောင်းသုံးသည့်ဖုန်းလိုင်းနှစ်သန်းခန့်ရှိပြီး ကြွေးကျန်သူများပြားသဖြင့် ရက်သတ္တတစ်ပတ်ခန့်ကြာမြင့်ခြင်းဖြစ်နိုင်ကြောင်း ၄င်းက ရှင်းပြသည်။
အထက်ပါအခက်အခဲများပြေလည်နိုင်စေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက Prepaid ကတ်စနစ် ပြောင်းလဲကျင့်သုံးခြင်းဖြစ်ကြောင်း ၄င်းကပြောကြားပြီး လတ်တလော Prepaid ကတ်စနစ် ပြောင်းလဲသုံးသူများကမူ စနစ်တစ်ခုပြောင်းလျှင် ဖုန်းသုံးသူများအဆင်ပြေစေရန် သေချာဆောင်ရွက်သင့်ပြီး ပြဿနာတက်လာပါက ဖြေရှင်းရန်အဆင်သင့်ပြင်ဆင်ထားခြင်းမျိုး လိုအပ်ကြောင်း၊ ဝန်ဆောင်မှုပေးနေသည့် မြန်မာ့ဆက်သွယ်ရေးဝန်ထမ်းများကလည်း ပြေပြေလည်လည် ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုပြောကြားသည် ။


ရည်ညွန်းသတင်း-
- The Voice Weekly (8/24)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, May 13, 2012

ကားဝယ်ရန် ငွေစာရင်းဖွင့်ရေး လတ်တလောအဆင်မပြေ

မြန်မာနိုင်ငံသားတိုင်း ကားတင်သွင်းနိုင်ရန် နိုင်ငံခြားငွေစာရင်းဖွင့်နိုင်သည့် ဘဏ်များတွင် နိုင်ငံခြားငွေသွင်းကာ စာရင်းဖွင့်နိုင်မည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပွင့်ဆန်းက မေလ ၇ ရက်နေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသော်လည်း အဆိုပါဘဏ်များတွင် နိုင်ငံသားတိုင်းကို ဘဏ်စာရင်းဖွင့်လှစ်ပေးရန် ညွှန်ကြားချက်မရသေး၍ လတ်တလော၌ အဆင်မပြေသေးကြောင်း အဆိုပါဘဏ်များထံမှ စုံစမ်း သိရှိရသည်။
လတ်တလောတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်နိုင်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့တွင် နိုင်ငံခြားဝင်ငွေရရှိသည့် သင်္ဘောသားများ၊ပြည်ပအလုပ်သမား (Shore Job) များကိုသာ ဘဏ်စာရင်းများဖွင့်လှစ်ပေးနေကြောင်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ်ငွေစာရင်းဖွင့်သည့်ကောင်တာမှ စုံစမ်းသိရှိရသည်။
နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်ရသည့် ပုဂ္ဂလိကဘဏ်များတွင် ဘဏ်စာရင်းဖွင့်နိုင်သည်ဟုဆိုသဖြင့် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရသည့် ဘဏ်များသို့ ဆက်သွယ်မေးမြန်းရာတွင် ၄င်းတို့၌ နိုင်ငံခြားနှင့် ချိတ်ဆက်သည့ှ်Swift (ကမ္ဘာလုံးဆိုင်ရာဘဏ်အချင်းချင်း ငွေကြေးဆိုင်ရာဆက်သွယ်သည့်စနစ်) မရှိသေးသဖြင့် မဖြစ်နိုင်သေးကြောင်း ပြန်လည် ဖြေကြားကြသည် ။
''ပုဂ္ဂလိကဘဏ်တွေမှာ နိုင်ငံခြားစာရင်းဖွင့်နိုင်ဖို့က ဘဏ္ဍာရေးဝန်ကြီးနဲ့ ညှိနှိုင်းရဦးမှာပါ'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေးဒေါက်တာမောင်အောင်က ပြောကြားသည်။
နိုင်ငံသားတိုင်းကို နိုင်ငံခြားဘဏ် စာရင်းဖွင့်လှစ်ခွင့်ပေးမည်ဆိုလျှင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ် ရေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ရှိ ဝန်ထမ်းအရေအတွက်နှင့် ဝန်ဆောင်မှုအင်အားလုံလောက်မှုမရှိနိုင်ကြောင်း၊ လတ်တလောတွင်ပင် ဘဏ်စာအုပ်အသစ်များ ကုန်သွားသဖြင့် အချို့ကို စာရင်းသာဖွင့်ပေးထားရကြောင်း ဘဏ်များနှင့် ဘဏ်စာရင်း ဖွင့်ရန် စုံစမ်းနေသူများထံမှသိရသည်။
''ကျွန်တော်က Shore Job အနေနဲ့ ဘဏ်စာရင်းဖွင့်ဖို့သွားတာ၊ မနေ့က (မေ ၉) မရသေးဘူးပြောလို့ ပြန်လာရတယ် ။ ဒီနေ့တော့ မသိသေးဘူး'' ဟု ဘဏ်စာရင်းဖွင့်ရန် ကြိုးပမ်းသူတစ်ဦး The Voice Weekly သို့ ပြောကြားသည်။
ဘဏ်စာရင်းဖွင့်လှစ်ထားပြီးသူများမှာလည်း ကားတင်သွင်းရန်လိုအပ်သည့် ငွေပမာဏမပြည့်လျှင် အခြားသူများ၏နိုင်ငံခြားငွေစာရင်းမှ လွှဲပြောင်းဝယ်ယူနိုင်ပြီး တရားဝင်ဖွင့်လှစ်ထားသည့် ငွေလဲကောင်တာမှငွေကိုဝယ်ယူကာ အဆိုပါဘဏ်များရှိ စာရင်းတွင် ထည့်သွင်းလျှင်လည်းရပြီး ဝန်ဆောင်ခ ဝ ဒသမ ၃ ရာခိုင်နှုန်းပေးရမည်ဟု ဗဟိုဘဏ်ကဘဏ်များသို့ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း စုံစမ်းသိရှိရသည်။ 
Ref: The Voice Weekly (8/21)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 9, 2012

ကားဝယ်ခွင့်ဖွင့်ပေးသဖြင့် ၊ ကားဈေးများထိုးကျ

သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် ၂၀၀၇ ခုနှစ် မော်ဒယ်အထက် ကားများကို လူတိုင်း တင်သွင်းခွင့်ပြုကြောင်း တရားဝင် ကြေညာလိုက်ရာ ကားဈေးနှုန်းများ ကျပ်သိန်းရာချီ ထိုးကျသွားပြီး ကားဈေးကွက် အရောင်းအ၀ယ် ရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။
နေပြည်တော်တွင် ယမန်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က ကားအရောင်းပြခန်း Show Room များမှ ဖြစ်စေ၊ နိုင်ငံခြားမှ မှာယူတင်သွင်း၍ ဖြစ်စေ မိမိတတ်နိုင်သော ငွေကြေးဖြင့် လွတ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်အထိ စီစဉ်ရန် သမ္မတ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေကြောင်း ပြောကြားသွားသည်။
မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၌ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများသည် ၂၀၀၇ ခုနှစ်အထက် မော်ဒယ်ကားများ (ခရီးသည်တင် ဘတ်စ်ကားများမှအပ) ဘယ်မောင်း၊ ညာမောင်းမခွဲဘဲ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းလည်း ပြောသည်။
ယင်းကြေညာချက်ကြောင့် ကားဈေးကွက် ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း ကားပွဲစားများထံမှ သိရှိရသည်။
“အရင်တုန်းက ကားပါမစ်ရှိမှ ကားသွင်းလို့ရတာလေ။ ကားပါမစ်ကလည်း တစောင်ကို အနည်းဆုံး သိန်း ၁၅၀ ရှိတယ်။ အခု ကားပါမစ် မလိုတော့ဘူးဆိုတော့ ကားဈေးတွေက အနည်းဆုံး သိန်း ၁၅၀ ကနေ သိန်းရာချီကို ထိုးကျကုန်တာ” ဟု ဟံသာဝတီကားပွဲဝင်းမှ ကားပွဲစားတဦးက ပြောသည်။
အငှားယာဉ် တက္ကစီများ၏ ဝန်ဆောင်မှု ပိုမိုကောင်းမွန်ရေးအတွက် ၂၀၀၇ ခုနှစ်အထက် မော်ဒယ် ကားများကို ဘယ်မောင်းရော၊ ညာမောင်းပါ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ၏ စစ်ဆေးထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ ခရီးသည်တင် ဘတ်စ်ကားများ အသစ်တင်သွင်းလိုလျှင်လည်း ၂၀၀၇ ခုနှစ်အထက် မော်ဒယ် ဘတ်စ်ကား ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
“အငှားကားဆိုရင်တော့ သတ်မှတ်ထားတဲ့ အရောင်တင်သွင်းရမယ် ဆိုတာမျိုးတော့ရှိမယ်။ သက်ဆိုင်ရာ ပြည်နယ်/တိုင်းအစိုးရတွေဆီမှာ အငှားကား လုပ်ကိုင်ချင်ပါတယ်ဆိုပြီး လျှောက်ထားပြီး တင်သွင်းခွင့်ရမယ်။ ဘတ်စ်ကားတွေကတော့ ကန့်သတ်ချက်မရှိဘူး။ ကုမ္ပဏီဖွဲ့ပြီး သွင်းချင်တယ်ဆိုရင်လည်း သွင်းခွင့်ပြုမယ်” ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းထောက်တဦးက ပြောသည်။
ဤသို့ ကားလွတ်လပ်စွာ ဝယ်ယူတင်သွင်းခွင့် ပြုလိုက်သောကြောင့် ကားဈေးကွက်တွင် ကားဝယ်ရောင်း လုပ်ကိုင်နေသော ကား Show Room များနှင့် ကုမ္ပဏီများ သိန်းထောင်သောင်းချီ အရှုံးပေါ်သွားကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။
“ကားသွင်းတဲ့ကုမ္ပဏီတွေက အရှုံးပေါ်တာပေါ့။ အဓိက ထိခိုက်တာက ကားသွင်းတဲ့ကုမ္ပဏီတွေနဲ့ ကား Show Room တွေပေါ့။ သူတို့က ကားပါမစ်တွေဝယ်ပြီး ကားတွေသွင်းကြတာမျိုး ရှိပြီးတော့ လက်ထဲမှာ ကားစီးရေ တော်တော်များများ ထားကြတာ။ ကားစီးရေ လက်ထဲမှာ များများရှိတဲ့သူက ပိုရှုံးလေပဲ” ဟု ကားတင်သွင်းနေသော စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။
သိန်း ၁၅၀ ဈေးပေါက်ထားသောကားကို သိန်း ၁၂၀ ဖြင့် ရောင်းရာ ဝယ်သူမရှိကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သည့် အထူးပါမစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၂၀ မှ သိန်း ၆၀ အထိ ဈေးကျသွားသဖြင့် သင်္ဘောသားများအတွက် ချပေးသော ကားသွင်းခွင့်ပါမစ်မှာ ကျပ် ၅ သိန်းသာ ဈေးရှိတော့ကြောင်း ပြည်တွင်းမှ 7 Day သတင်းဂျာနယ်၏ ဖော်ပြချက်အရ သိရသည်။
ယင်းသို့ အစိုးရက ကားတင်သွင်းခွင့်ပြုလိုက်ခြင်းသည် ကြိုဆိုရမည့်ကိစ္စဖြစ်သော်လည်း ကားတင်သွင်းမှုကြောင့် ဒေါ်လာဈေး မြင့်တက်နိုင်မှုနှင့် လမ်းများ ကျပ်လာမည့်ကိစ္စများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ မည်သို့ဖြစ်စေကာမူ ကားတင်သွင်းခွင့်ကို လူတိုင်းပေးအပ်လိုက်ခြင်းအပေါ် လုံးဝကြိုဆိုထောက်ခံကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက ဧရာဝတီသို့ ပြောသည်။
“ဖြစ်သင့်တာ ကြာပြီ။ ဒီကိစ္စက နိုင်ငံတကာမှာ ကားဆိုတဲ့အရာက အင်မတန်မှ ဈေးပေါနေပေမယ့် မြန်မာနိုင်ငံမှာ ကားဟောင်းကိုတောင် ဈေးကြီးကြီးပေးနေရတာပဲ။ ကြိုဆိုရမယ့်ကိစ္စပဲ။ ကားတွေ သွင်းတာများလာလို့ နောက်ဆက်တွဲ ပြဿနာတွေကိုတော့ ဖြေရှင်းဖို့လိုမှာပေါ့။ ဈေးကွက်စီးပွားရေးစနစ် သွားမယ်ဆိုရင်တော့ ဈေးကွက်ကို ဖွင့်ရမှာပဲ။ ကြိုဆိုတယ်” ဟု ဦးမော်သန်းက ဆိုသည်။
လွတ်လပ်စွာ ကားတင်သွင်းခွင့် ပေးလိုက်သည့်အတွက် ယခင်ကားပါမစ် လက်ဝယ်ရှိသူ၊ ဝယ်ယူထားသူများ ထိခိုက်ခဲ့ရမှုနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတခုလည်း ကျင်းပပြုလုပ်သွားရန်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့်နှစ်များမှစ၍ မော်ဒယ်နိမ့် ကားများကို နယ်နှင်ခြင်း၊ ကားဟောင်းများကို ပြန်အပ်စေပြီး ကားသစ်ဝယ်ရန် ပါမစ်ထုတ်ပေးခြင်း၊ သတ်မှတ် နိုင်ငံခြားငွေကြေး ရှိသူများကို ကားတင်သွင်းခွင့်ပြုခြင်းများ အစိုးရက ပြုလုပ်ခဲ့သည်။
အစိုးရက လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုခြင်းသည် မြန်မာ့စီးပွားရေးနယ်ပယ်အတွင်းသို့ ၀င်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ပြင်ဆင်သောလုပ်ရပ်တခုအဖြစ်လည်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ရှုမြင်ကြသည်။
“အစိုးရက ငွေလဲနှုန်းကိုလည်း အခုတော်တော်ငြိမ်အောင် ထိန်းထားနိုင်လာပြီ။ တဖြည်းဖြည်းနဲ့ ကန့်သတ်ချက်တွေကို လျှော့လာတယ်။ ဒါက စီးပွားရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အင်မတန်မှ ကောင်းပါတယ်” ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI) မှ ဗဟိုအလုပ်မှုဆောင်တဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံကြီးများက ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ ရုပ်သိမ်းပေးခဲ့သည်။



Ref:
- http://abbsoluteright.blogspot.com/2012/05/blog-post_8688.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, May 5, 2012

GSM ဖုန်းများအားလုံး မေ၇ ရက်မှ စတင်၍ ကျပ်တစ်သောင်းနှင့် အင်တာနက်သုံးစွဲနိုင်ပြီ

ဂျီအက်စ်အမ်တယ်လီ ဖုန်းများကို မေ ၇ ရက်မှစတင်၍ အင်တာနက်လိုင်းများသုံးစွဲခွင့် ပြန် လည်ချပေး တော့မည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ယင်းကဲ့သို့ အင်တာနက်လိုင်း များချထားပေးရာတွင် ယခင် ကျပ် ၁၅ သိန်းတန်ဂျီအက်စ်အမ်တယ်လီ ဖုန်းများ အပါအဝင် တန်ဖိုးနည်း ဂျီအက်စ်အမ်တယ်လီဖုန်းများအား လုံးကို အင်တာနက်သုံးစွဲခွင့်လိုင်း များချထားပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်တိုင်းမ် ဂျာနယ် သို့အတည်ပြုပြောကြားသည်။
''ဂျီအက်စ်အမ်တွေအားလုံးကို အင်တာနက်လိုင်းတွေပြန်ချပေးတော့ မှာပါ''ဟုမြန်မာ့ဆက်သွယ်ရေး မိုဘိုင်း တယ်လီဖုန်းဌာနမှတာဝန်ရှိသူတစ် ဦးကပြောသည်။ ယခင်ကရပ်နားထားသည် ဂျီ အက်စ်အမ်တယ်လီဖုန်းများအင်တာ နက်လျှောက်ထားခွင့်ကို ခေတ္တ ရပ် နားထား ရာမှ ယခုအခါပြန်လည် သုံးစွဲခွင့်ဖွင့်ပေးခြင်းဖြစ်ကြောင်း၊ အင်တာနက်လိုင်းများသုံးစွဲခွင့် လျှောက်ထား ရာတွင် လျှောက်ထား သူ၏ မှတ်ပုံတင်မူရင်း၊ မိတ္တူနှင့် လျှောက်ထားမည့် တယ်လီဖုန်း မှန်ကန်ကြောင်း အထောက်အထားများ ဖြင့်ပူးတွဲလျှောက်ထားရမည်ဖြစ် ကြောင်းသိရ သည်။
''အခုဂျီအက်စ်အမ်တွေ တယ် လီဖုန်းတွေ အင်တာနက် လျှောက် ထား ရင် ကျပ် ၁၀၀၀၀ သွင်းရုံနဲ့ လျှောက်ထားနိုင်ပါပြီ''ဟုယင်းက ဆက်လက်ပြော ကြားသည်။ အင်တာနက်သုံးစွဲခနှုန်းထား များမှာ ဂျီအက်စ်အမ် တယ်လီဖုန်း များတွင် (GSM 2.75G) (EDGE)) တစ်မိနစ်လျင် ၂ကျပ်၊ WCDMA 3G ဖုန်းများ သုံးစွဲခနှုန်းထားများမှာ တစ်မိနစ်လျင် ၄ကျပ်နှင့် CDMA 800 (EVDO) ဖုန်းများတွင် သုံးစွဲခနှုန်းထားမှာ တစ် မိနစ် လျင် ၄ကျပ်နှုန်းဖြင့် ကောက် ခံသွားမည် ဖြစ်ကြောင်းသိရသည်။
ယင်း ကဲ့သို့လျှောက်ထားမှု များကိုမြန်မာ့ဆက်သွယ်ရေးနှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများ တွင်လျှောက်ထားနိုင်မည့်အပြင် မြန်မာ့ဆက်သွယ်ရေး ရုံးချုပ် (ရွှေဂုံတိုင်) ၊အလုံအိတ်ချိန်းဝန်း (ဗဟိုရ်စည်မှတ်တိုင် အနီး) နှင့် မြန်မာ့ဆက်သွယ်ရေး (ပန်းဆိုးတန်း) ရုံးတို့တွင် လျှောက်ထား နိုင်ကြောင်း သိရသည်။

Ref: ရန်ကုန်တိုင်းမ် http://feeds.feedburner.com/thithtoolwin/yIWV

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 11, 2012

အလွဲသုံးစား ပြုသူ ကျေးရွာ အုပ်ချုပ်ရေးမှူးနေမြဲ ၊အလွဲသုံးမှု ဖော်ထုတ် တိုင်ကြားသူများ ထောင်ကျ

မန္တလေး ၊ မတ်၁၀
မန္တလေးတိုင်း ဒေသကြီး ဝမ်းတွင်းမြို့နယ် လူးခင်း ကျေးရွာအုပ်စု ပျားဆွဲ အရှေ့ရွာ အုပ်ချုပ်ရေးမှူးသည် မူလတန်းကျောင်း ရန်ပုံငွေ၊ စာကြည့်တိုက် ရန်ပုံငွေ၊ ဘုန်းကြီးပျံ ရန်ပုံငွေများကို အလွဲသုံးစား ပြုလုပ်ကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားစာ ပေးပို့သူ ရွာသားသုံးဦးသည် တန်ပြန် တိုင်ကြားခြင်း ခံရပြီး ထောင်တစ်လ ကျခံခဲ့ရကြောင်း ထောင်ချခံခဲ့ရသူ ဦးဘကြိုင်က The Voice Weekly ကို ပြောကြားသည်။

တိုင်ကြားစာ ပို့ခဲ့သူ ဦးဘိုကြိုင်၊ ဦးလှသိန်း၊ ဦးချစ်သဲတို့ သုံးဦးသည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့် ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင် ဦးတင်ဝင်းတို့ကို ကိုယ်ကျိုးရှာ အလွဲသုံးစားမှု ပြုလုပ်ကြောင်း အထောက်အထားများနှင့် တင်ပြခဲ့သည်။

အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါများ အလွဲသုံးစားမှု ပြုကြောင်း ဝန်ခံခဲ့ပြီး အမှုမှန် ပေါ်ပေါက်ခဲ့သော်လည်း မည်သို့သော အရေးယူမှုမျှ မရှိခဲ့ဘဲ တိုင်ကြားသူများကိုသာ အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုကာ ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဦးဘိုကြိုင်က ယင်းကျေးရွာတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

တိုင်ကြားသူ သုံးဦးမှာ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ထောင်ဒဏ် တစ်လ ကျခံခဲ့ရကြောင်း ၎င်း၏ အဆိုအရ သိရသည်။

Sources:
- The Voice Daily Newsletter March 10, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

မြန်မာပြည်တွင် အလုပ်သမား အဖွဲ့အစည်းများ ဥပဒေနှင့်အညီ စတင် ဖွဲ့စည်းနိုင်ပြီဟုဆို

ရန်ကုန်၊ မတ် ၁၀
/အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေးအတွက် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမတွင် လက်ထောင် ဆန္ဒပြုနေစဉ်/
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ စောင့်ကြည့်ခြင်း ခံနေရသော မြန်မာနိုင်ငံတွင် အလုပ်သမား အဖွဲ့အစည်းများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ တရားဝင် ဖွဲ့စည်းနိုင်ရန် အလုပ်သမား အဖွဲ့အစည်း ဥပဒေကို နိုင်ငံတော် သမ္မတက မတ်လ ၉ ရက်နေ့မှစ၍ အာဏာတည်ပြီ ဖြစ်ကြောင်း အမိန့် ကြေညာစာကို နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်လိုက်သည်။
အလုပ်သမား အဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်ရန် ယင်းဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) အရ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား မှတ်ပုံတင် အရာရှိချုပ်အဖြစ် မတ်လ ၉ ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း ၎င်းတို့တွင် ထုတ်ပြန်ထားသည်။
အလုပ်သမား အဖွဲ့အစည်းကို ဖွဲ့စည်းသည့်အခါ အများဆန္ဒအရ အောက်ခြေအဆင့် အခြေခံ အလုပ်သမား အဖွဲ့အစည်း မှစ၍ မြို့နယ်အဆင့်ဆင့် အလုပ်သမား အဖွဲ့အစည်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အလုပ်သမား အဖွဲ့အစည်း၊ အလုပ်သမား အဖွဲ့ချုပ်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကို အဆင့်ဆင့် ဖွဲ့စည်းနိုင်ကြောင်း၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီးမှ အခြေခံ အလုပ်သမား အဖွဲ့အစည်းကို ဖွဲ့စည်း၍ မရကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေတွင် ဖော်ပြထားသည်။
အခြေခံ အလုပ်သမား အဖွဲ့အစည်းကို လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှု အမျိုးအစား အလိုက် သက်ဆိုင်ရာ လုပ်ငန်းတွင် အလုပ်လုပ်ကိုင် နေသည့် အလုပ်သမား အနည်းဆုံးဦးရေ ၃၀ အောက်ဖြင့် ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ်သမား ၃၀ ဦးအောက်ရှိသော လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုရှိ စုစုပေါင်း အလုပ်သမား၏ ၁၀ ရာခိုင်နှုန်းအောက် မနည်းသူများက ထောက်ခံလျှင် ဖွဲ့စည်းနိုင်ကြောင်း ယင်းဥပဒေတွင် ပါရှိသည်။
အလုပ်သမား အဖွဲ့အစည်းဥပဒေတွင် အလုပ်သမား လူတန်းစားများ၏ အခွင့်အရေးကို ကာကွယ်ပေးထားသည့် အချက်များ နည်းပါးနေကြောင်း၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများတွင် အလုပ်သမားများ ဆန္ဒပြလိုပါက အလုပ်သမား အဖွဲ့ချုပ်၊ အလုပ်ရှင်၊ ညှိနှိုင်း ဖြန်ဖြေရေး အဖွဲ့တို့ထံ ရက်ကြိုတင် အကြောင်းကြား ပြီးမှသာ ဆန္ဒပြရမည့် ဆိုသော အချက်မှာ ILO ဥပဒေများနှင့် မညီကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေတစ်ဦးက လက်ရှိ ထုတ်ပြန်လိုက်သော အလုပ်သမား အဖွဲ့အစည်းဥပဒေကို ထောက်ပြ ဝေဖန်သည်။
Sources:
- The Voice Daily Newsletter March 10, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 6, 2012

အင်တာနက်လိုင်းပါ နှစ်သိန်းတန်ဖုန်း မတ် ၁၄ တွင် စတင် ရောင်းချမည်

ရန်ကုန်၊ မတ် ၅
အင်တာနက်လိုင်း ပူးတွဲပါသည့် GSM ဖုန်းများကို ကျပ်နှစ်သိန်းဖြင့် မတ်လ ၁၄ ရက်နေ့မှ စတင် ရောင်းချ သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ယင်းအပြင် CDMA 450 MHz ဖုန်းများကို ကျပ် နှစ်သိန်း၊ WCDMA နှင့် CDMA 800 MHz ဖုန်းများကို ကျပ် နှစ်သိန်းခွဲဖြင့် အသီးသီး ရောင်းချမည် ဖြစ်ကြောင်း ၊ CDMA 800 MHz ဖုန်းမှာ အင်တာနက် ပိုမို မြန်ဆန်ခြင်းကြောင့် ဈေးနှုန်း ပိုများရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
၅၀၀၀ ကျပ်တန် GSM ဖုန်းများ ရောင်းချခွင့် ပြုရေး လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီး နောက်ပိုင်း ကနဦး ကျပ်သုံးသိန်းဖြင့် ရောင်းချမည် ဆိုထားသော ဖုန်းများကို ကျပ်နှစ်သိန်းဖြင့် ရောင်းချရန် ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။
မိုဘိုင်းလ် တယ်လီဖုန်းများကို မြန်မာ့ ဆက်သွယ်ရေးက ကျပ် ၁၅ သိန်းဖြင့် စတင် ရောင်းချခဲ့ပြီး ထိုမှတဆင့် ငါးသိန်း၊ နှစ်သိန်း စသည်ဖြင့် အသီးသီး ဈေးလျော့ရောင်းချ ခဲ့သော်လည်း ပြည်သူများထံမှ ငွေကြေးကို တစ်ရစ်ချင်း ရယူနေကြောင်း ပြည်သူလူထု အချို့က ဝေဖန်ခဲ့သည်။
ယင်း နှစ်သိန်းနှင့် နှစ်သိန်းခွဲကျပ် တန်ဖိုးရှိ ဖုန်းများ ချထားပေးမည့် သတင်းကို ကြိုဆိုသူ မရှိလုနီး ဖြစ်ပြီး နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက များပြားသော ဈေးနှုန်းဖြစ်ဆဲ ဖြစ်ကြောင်း The Voice Weekly Facebook စာမျက်နှာတွင် ရေးသားထားသော စာဖတ်သူများ၏ မှတ်ချက်များအရ သိရသည်။
" (ဈေး) များတယ်။ မဝယ်ဘူး " ဟု ယင်းစာမျက်နှာတွင် စာဖတ်သူ တစ်ဦးက ရေးသားထားသည်။
ဖုန်းလိုင်း လေးသန်း ရောင်းချရန် အထက်ပါစီမံကိန်း ကုမ္ပဏီ ၂၃ ခုသို့ လုပ်ပိုင်ခွင့် ပေးထားပြီး စတင် ရောင်းချမည့် နေ့ရက်မှ စတင်၍ မည်သို့ ရောင်းချမည်ကို မတ် ၅ ရက်နေ့ ညနေပိုင်းအထိ မသိရှိရသေးကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။
" ကျွန်တော်တို့ သူဌေးက နေပြည်တော် အစည်းအဝေးခန်းထဲ ရောက်နေတုန်း ရှိသေးတယ် " ဟု လုပ်ပိုင်ခွင့်ရသော ကုမ္ပဏီတစ်ခုမှ အရောင်းကြီးကြပ်ရေးမှူး တစ်ဦးက ပြောကြားသည်။
နယ်ဒေသအချို့တွင် ယင်းတယ်လီဖုန်းများကို နှစ်သိန်း နှစ်သောင်း ဝန်းကျင်ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း သတင်းထွက်ပေါ် နေသော်လည်း မြန်မာ တစ်နိုင်ငံလုံးသို့ တပြေးညီ ဈေးနှုန်းဖြင့် တစ်ချိန်တည်း ရောင်းချ ပေးမည် ဖြစ်ကြောင်း ယင်းဖုန်းများအား နေပြည်တော်၊ ရန်ကုန်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေး မြို့တော်တို့တွင် ရောင်းချမည့် တာမိုးညဲချမ်းသာ ထွန်းဝေသာ ကုမ္ပဏီ၏ စီမံဌာနမှ တာဝန်ရှိသူက မတ်လ ၅ ရက်နေ့တွင် ပြောကြားသည်။
ယင်းဖုန်းများ ရောင်းချတော့မည့် သတင်းကြောင့် ကျပ်နှစ်သောင်းကျော် တန်ဖိုးရှိ တန်ဖိုးနည်း ဟန်းဆက်များ ရောင်းချရန် စီစဉ်နေကြောင်း ဟန်းဆက် အရောင်းဆိုင် အချို့ထံမှ သိရသည်။
Sources:
- The Voice Daily Newsletter March 5, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 2, 2012

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ ပြောကြားသည့် မိန့်ခွန်း (၁ - ၃ - ၂၀၁၂ ရက်) အပိုင်း (၂)

ဒီနေရာမှာ အလျဉ်းသင့်လို့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး မကြာသေးခင်က ပြောခဲ့တဲ့ စကားလေး ကျွန်တော် ပြောပြချင်ပါတယ်။ ၁၈ နှစ်၊ ၁၉ နှစ် အရွယ်ရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူငယ်တွေက ပြောကြတယ်။ကျွန်တော်တို့လည်း လက်ပ်တော့တွေ၊ ကွန်ပျူတာတွေ ကိုင်ချင်တယ် ဆိုတဲ့စကား။ ကျွန်တော် တကယ့်ကိုပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော် အခိုင်အမာ သန္နိဌာန် ချထားပါတယ်။ ကျွန်တော်တို့ အစိုးရ လက်ထက်မှာ ဒီလို မယုံမရဲ ဖြစ်နေတဲ့ စိုးရွံ့မှုတွေ မပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ ဒဏ်ရာတွေ၊ စူးနစ်တဲ့ အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိပ်မက်တွေ ကျွန်တော်တို့ အားလုံး ဖြည့်ဆည်းပေးဖို့ တာဝန် ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းပေးတာဝန်ကြီး တစ်ရပ် ဖြစ်ပါတယ်။ ဒီတာဝန်ကြီးဟာ ကျွန်တော်တို့အတွက် ခက်ခဲကြီးလေးတဲ့ တာဝန်ကြီး ဖြစ်မယ်ဆိုတာလည်း ကျွန်တော်တို့ သိရှိနားလည်ထား ပါတယ်။ ဒါပေမယ့် ဒီတာဝန်ကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်။ အခုဆိုရင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံပြီးတဲ့ အချိန်မှာ ဒီယုံကြည်ချက်ဟာ ပိုပိုပြီး ခိုင်မာလာပြီ ဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးမှာ ယုံကြည်မှုဟာ သိပ်ကို အရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့အစိုးရ အနေနဲ့ ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့မှာ ပရိယာယ် တွေမရှိပါဘူး။ ကျွန်တော်တို့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ယုံကြည်မှုနဲ့ပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက မေးမြန်းနေကြတာတွေ ရှိပါတယ်။ မိဘပြည်သူတွေလည်း သိချင်နေ ကြပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်ကို ခုခံကာကွယ် ရုံကလွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့ အနေအထားမှာ ဘာဖြစ်လို့ ပစ်ခတ် တိုက်ခိုက်မှုတွေ မရပ်သေးတာလဲ ဆိုတဲ့ မေးခွန်းပါပဲ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်လက် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တပ်မတော်မှာ အမိန့်နဲ့ ညွှန်ကြားချက်ဟာ အသက်သွေးကြော ဖြစ်ပါတယ်။ ယနေ့ မပြီးပြတ်သေးတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်ဘက်နဲ့ တစ်ဘက် လက်ညှိုးထိုး အပြစ်တင်နေရုံနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် ပထမဦးဆုံး နှစ်ဦးနှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ လိုပါတယ်။ ဒီအတွက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲကြမယ်ဆိုတဲ့ ခိုင်မာတဲ့ အာမခံချက်၊ ကတိကဝတ်တွေ အပြန်အလှန် ထားရှိဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ဟာ ကျွန်တော်တို့ အစိုးရနဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စစ်ဘေးသင့် တိုင်းရင်းသားတွေအတွက် ထောက်ပံ့ ကူညီမှုတွေ၊ ပြန်လည် နေရာချထားရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးနေသလို ပြည်တွင်း၊ ပြည်ပနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပံ့ပိုးကူညီ နိုင်အောင်လည်း လမ်းဖွင့် ဆောင်ရွက်ပေးနေပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေး အတွက် အဆင့် (၃) ဆင့် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပထမအဆင့်ဟာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးဖို့ ဖြစ်ပါတယ်။ ပြည်နယ် အဆင့်မှာ နှစ်ဘက်ရန်လိုမှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဘက် ညှိနှိုင်း သဘောတူထားတဲ့ နယ်မြေဒေသများမှာပဲ နေထိုင်ကြဖို့၊ ယင်း သတ်မှတ်နေရာမှအပ ကျန်နေရာဒေသများသို့ သွားရောက်ရာတွင် လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ သွားလာဖို့၊ နှစ်ဖက်ညှိနှိုင်း သဘောတူထားသည့် နေရာများမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်မယ့် နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်း သတ်မှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ မပါသေးပါဘူး။ ဒီအဆင့်ကို ပြီးမြောက် အောင်မြင်ဖို့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတဲ့ စိတ်ရင်းစေတနာပဲ လိုအပ်မှာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးဖို့ နှစ်ဦးနှစ်ဘက် သဘောတူလိုက်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။
ဒုတိယအဆင့် ကတော့ ပြည်ထောင်စုအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဆွေးနွေးရမယ့် အချက်တွေကတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန် အရေးသုံးပါးကို လက်ခံဖို့၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးပါတီများ ထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ဖို့၊ လွှတ်တော်တွင်း ရောက်ရှိလာလျှင် အခြားသော တိုင်းရင်းသားများနှင့် အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့အညီ တစ်ခုတည်းသော လက်နက်ကိုင်တပ်မတော် အဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီး သဘောတူညီချက် ရရှိပြီဆိုရင် တတိယအဆင့်ကို ဆက်လက် ဆောင်ရွက်မှာ ဖြစ်ပါတယ်။
တတိယအဆင့်မှာတော့ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးအင်အားစု တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ စတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player အားလုံး ပါဝင်တဲ့ ဤလွှတ်တော်ကြီးမှာ သဘောတူ လက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။ ဤလွှတ်တော်ကြီး အတွင်းမှာပဲ ထာဝရ ငြိမ်းချမ်းရေးကို မဖြစ်မနေ ဆောင်ကြဉ်းမယ့် သံန္နိဌာန်ကို ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ စိုက်ထူကြရမှာ ဖြစ်ပါတယ်။ ဒီလို ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို တက်လှမ်းကြရာမှာ နိုင်ငံတော်လည်း ပန်းတိုင်ရောက်၊ တိုင်းရင်းသားတွေလည်း ပန်းတိုင်ရောက်၊ နိုင်ငံသား အားလုံးလည်း ပန်းတိုင်ရောက်စေဖို့ အပြန်အလှန် နားလည် ယုံကြည်မှု၊ တန်းတူရည်တူ ရှိမှု၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုတဲ့ ဒေါက်တိုင်ကြီး ၃ ရပ်နဲ့ တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အများဆန္ဒနဲ့ သဘောတူ ပြင်ဆင်ပြီး မိမိတို့ရဲ့ လိုလားချက်တွေ ရရှိအောင် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ဒီအဆင့် ၃ ဆင့်ဟာ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မယ့် နိုင်ငံတော်ရဲ့ လမ်းပြမြေပုံပဲ ဖြစ်ပါတယ်။ ဒီလမ်းပြ မြေပုံကို လက်တွေ့ အကောင်အထည် ဖော်ရာမှာ အခြေခံ အဆောက်အဦးတွေ၊ စီးပွားရေး အခွင့်အလမ်းတွေ၊ စက်မှုဇုန်တွေ၊ ပြန်လည် နေရာချထားမှုနဲ့ ပြန်လည်ထူထောင် တည်ဆောက်မှုတွေ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုအဆောက်အအုံတွေ စတဲ့ နည်းဗျူဟာများစွာ ပါဝင်နေမှာ ဖြစ်ပါတယ်။ ထာဝရငြိမ်းချမ်းရေး အရိပ်အာဝါသ အောက်ကို ရောက်ရှိလာတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ သိက္ခာရှိရှိ ရပ်တည်နိုင်တဲ့အထိ ကျွန်တော်တို့ အစိုးရနဲ့အတူ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ သေနတ်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသား လူငယ်တွေ လက်ပ်တော့ကိုင်ပြီး ထည်ထည်ဝါဝါ ရပ်တည် နေထိုင်နိုင်ဖို့ ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းကြိုးပမ်း သွားကြရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းတဲ့နေရာမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုတွေ၊ ထောက်ပံ့ကူညီမှုတွေ ဖိတ်ခေါ်ကြိုဆိုပြီး ဘက်စုံထောင့်စုံ ဖြည့်ဆည်းနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ ခံယူချက်ဖြစ်တဲ့ တန်းတူညီမျှရေးနဲ့ အညီ တိုင်းရင်းသား လူမျိုးပေါင်း တစ်ရာကျော် မှီတင်းနေထိုင်တဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ ဒီ Diversity ကြန်အင် လက္ခဏာတွေကို ဂုဏ်ယူဝင့်ကြွားစွာ မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရဟာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်သူ့အကျိုး ထမ်းဆောင်ရမယ့် ပြည်သူ့အစိုးရ ဖြစ်တာနဲ့အညီ မိဘပြည်သူအားလုံး လိုလား တောင့်တနေခဲ့တဲ့ အမျိုးသား ပြန်လည်ပေါင်းစည်း ညီညွတ်ရေးဆိုတဲ့ သမိုင်းပေး တာဝန်ကြီးကို ကျွန်တော်တို့ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းရဲ့ တိုက်တွန်းမှု၊ ဖိအားပေးမှုကြောင့် ဆောင်ရွက်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒကို ကျွန်တော်တို့ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

နာယကကြီးခင်ဗျား -

ထာဝရငြိမ်းချမ်းရေးနဲ့ အတူ အရေးကြီးတဲ့ ဦးစားပေး လုပ်ငန်းစဉ်ကတော့ မြန်မာ့စီးပွားရေး ဦးမော့လာရေးပဲ ဖြစ်ပါတယ်။ မိဘပြည်သူအားလုံးရဲ့ ဒုတိယဆန္ဒကတော့ ကျွန်တော်တို့နိုင်ငံကို စီးပွားရေး ကောင်းမွန်ပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီး ဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရ လက်ထက်မှာ နိုင်ငံတော် အခြေအနေနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေး စနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရေတိုရေရှည် လုပ်ငန်းစဉ်တွေ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေ မတည်မငြိမ် ဖြစ်နေသေးတဲ့ ၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားခြင်း မရှိသေးတဲ့၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေ ခိုင်မာအားကောင်းပြီး ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးတဲ့ အချိန်အခါမှာ နိုင်ငံသားတွေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြရမှာ အဆင်ပြေ လွယ်ကူစေဖို့ ဦးတည်ချက် ထားပြီး လုပ်ငန်းလိုင်စင်တွေ၊ ပို့ကုန်၊ သွင်းကုန် လိုင်စင်တွေ လျင်လျင်မြန်မြန် ရရှိလာအောင် အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ပို့ကုန်နဲ့ ဆက်စပ်တဲ့ အခွန် အကောက်တွေကိုလည်း လျှော့ချ ဖယ်ရှား ပေးခဲ့ပါတယ်။ ခေတ်စနစ်နဲ့ မကိုက်ညီတော့တဲ့ နိုင်ငံခြားငွေ လဲလှယ်မှု နှုန်းထားကိုလည်း ပြင်ပ အခြေအနေနဲ့အညီ ယာယီပြောင်းလဲ သတ်မှတ်ပေးခဲ့သလို တစ်ချိန်တည်းမှာပဲ တည်ငြိမ်မှန်ကန်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို မထိခိုက်စေတဲ့ ငွေလဲလှယ်မှု နှုန်းထားတစ်ရပ် ရေရှည်ခိုင်ခိုင်မာမာ ထူထောင်နိုင်အောင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ နိုင်ငံတကာ ငွေကြေး အဖွဲ့ အစည်းများနဲ့ နီးနီးကပ်ကပ် ညှိနှိုင်း တိုင်ပင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မလိုအပ်တဲ့ အပို ကုန်ကျစရိတ်တွေ လျော့နည်း သက်သာစေအောင်လည်း အုပ်ချုပ်ရေး ယန္တရားရဲ့  အတားအဆီးတွေကို ဖယ်ရှားပေးခဲ့ရာမှာ ဆန်စပါး လွတ်လပ်စွာ တင်ပို့ခွင့်၊ စက်သုံးဆီ ဈေးနှုန်း၊ တယ်လီဖုန်း ဈေးနှုန်း ၊ မော်တော်ကား ဈေးနှုန်းတွေ သိသိသာသာ ကျဆင်းသွားအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဆက်လက်ပြီးလည်း Transactional Cost တွေ လျော့နည်း ကျဆင်းသွားအောင် ဆောင်ရွက်နေပါတယ်။ လက်ရှိ ပြည်သူများ အကြားမှာ စိတ်ဝင်စားမှု အထူးပဲ မြင့်တက်နေတဲ့ မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သတ်လို့လည်း ပြည်သူ့ဆန္ဒ၊ လိုလားချက်များနဲ့ အညီ အကောင်းဆုံး နည်းလမ်းများ ရှာပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဈေးကွက် စီးပွားရေး ယန္တရားစနစ်တွေ ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် လိုအပ်တဲ့ ဥပဒေတွေ ပြင်ဆင်ရေးဆွဲဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်စကတွေ လျော့နည်းစေရေး အတွက်လည်း ရေရှည်ကာလမှာ မော်တော်ကား ဈေးနှုန်းတွေကို နိုင်ငံတကာ နည်းတူ လျော့ကျလာအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စီးပွားရေး နယ်ပယ်မှာ ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြှင့်တင် ပေးနေသလို နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ကိုလည်း စွမ်းဆောင်ရည် မြင့်မားလာအောင် ဖွဲ့ စည်းတည်ဆောက်မှု အပြောင်းအလဲတွေ ဆောင်ရွက်နေပြီ ဖြစ်သလို အများပိုင် ကုမ္ပဏီတွေ တိုးပွား ရှင်သန်လာအောင်လည်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပုဂ္ဂလိက ဘဏ်တွေ ခိုင်မာအားကောင်း လာအောင် မြှင့်တင်ပျိုးထောင် ပေးနေသလို အသေးစားနဲ့ အလတ်စား စက်မှု လုပ်ငန်းရှင်တွေ အရင်းအနှီး ၊ နည်းပညာ တိုးမြှင့်ရရှိစေရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ် ခြယ်လှယ် ချုပ်ကိုင်ထားတာတွေ လျော့နည်း ကျဆင်းသွားပြီး နိုင်ငံသားတိုင်း လက်လှမ်းမီ ရယူသုံးစွဲနိုင်ရေး အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြောင်းလဲရာ မှာလည်း လူတစ်စု လက်ဝယ်သို့ မရောက်ရှိစေဖို့၊ မညီမျှမှုများ မဖြစ်ပေါ်စေဖို့၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတား မဖြစ်စေဖို့ အဘက်ဘက်က သုံးသပ်ပြီး ဆောင်ရွက်နေပါတယ်။
ပွင့်လင်း မြင်သာမှု ရှိပြီး ကြိုတင် ခန့်မှန်းနိုင်တဲ့ စီးပွားရေးလုပ်ငန်း နယ်ပယ်တွေ ထွန်းကား ရှင်သန်လာအောင်၊ စီးပွားရေး လုပ်ငန်းတွေ ထူထောင် လုပ်ကိုင်ရ လွယ်ကူပြီး ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်မြင့်မားစေမယ့် စီမံကိန်း တွေကိုလည်း ချမှတ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ စီးပွားရေးနယ်ပယ်မှာ ပြည်တွင်း၊ ပြည်ပ တတ်သိ ပညာရှင်များရဲ့ တန်ဖိုးကြီးမားတဲ့ အကြံဥာဏ်တွေကို အလေးအနက် ထားပြီး ပုဂ္ဂလိက ကဏ္ဍရဲ့  လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကတော့ လူတန်းစား တစ်ခုတည်း၊ အသိုင်းအဝိုင်း တစ်ခုတည်း တိုးတက်ကြီးပွားစေရေး မဟုတ်ဘဲ မြန်မာ့လူ့ဘောင် အဖွဲ့ အစည်း တစ်ခုလုံး အတွင်းမှာရှိတဲ့ အလွှာအားလုံး၊ လူတန်းစား အားလုံး ၊ နိုင်ငံသား အားလုံး လွှမ်းခြုံပါဝင်တဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာပဲ ဖြစ်ပါတယ်။ ဂျီဒီပီ တိုးတက်ရုံသာမက၊ ပြည်သူလူထုရဲ့  လူနေမှုအဆင့်အတန်းတွေ မြင့်မာလာဖို့ ၊ ရရှိခံစားနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး အစရှိတဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေ တိုးတက်မြင့်မားလာဖို့၊ ဖွံ့ဖြိုးတိုးတက်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် မထိခိုက် မဆုံးရှုံးစေဖို့ ရည်ရွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဓိကကျတဲ့ လူလတ်တန်းစား အရေအတွက် တိုးတက် မြင့်မားလာအောင် ဆောင်ရွက်နေသလိုပဲ အောက်ခြေ ပြည်သူများ အတွက်လည်း တစ်ဦးချင်းဝင်ငွေ မြင့်မားလာဖို့ ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာဖို့ အတွက် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ စတဲ့ နယ်ပယ်အသီးသီးမှာ တစ်မျိုးသားလုံးရဲ့  စီးပွားရေး အဆောက်အအုံ တစ်ခုလုံး ဟန်ချက်ညီ တိုးတက်လာဖို့ ပြည်တွင်း၊ ပြည်ပ အရင်းအနှီး၊ နည်းပညာ၊ ရင်းနှီးမြုပ်နှံမှု၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုတွေကို ဖိတ်ခေါ်စုစည်းပြီး ညီညွှတ်မျှတပြီး သဟဇာတဖြစ်တဲ့ စီးပွားရေး ပတ်ဝန်းကျင်သစ် တစ်ရပ်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား-

ကျွန်တော်နဲ့တကွ ဒုတိယ သမ္မတ ( ၂ ) ဦးနဲ့ တပ်မတော် ခေါင်းဆောင်တွေ၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ပြည်နယ်၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်တွေ ပြည်နယ်/ တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝင်တွေ ၊ ဥပဒေပြုရေးနှင့် တရားမဏ္ဍိုင်ဘက်က တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့  အကျိုးစီးပွားကို မြှင့်တင်ဖော်ဆောင်လိုတဲ့ စိတ်ဆန္ဒတွေ တစ်စိတ်တည်း တစ်ဝမ်းတည်းပဲ ရှိနေပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရကို နေရာအနှံ့က အမျိုးမျိုးအဖုံဖုံ ဝေဖန်ပြောကြား နေကြတာတွေလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ အပြုသဘော မဆောင်တဲ့ ကောလဟာလတွေလည်း ကျွန်တော်တို့ ကြားသိနေပါတယ်။ ကျွန်တော်တို့ အစိုးရဟာ ဒီကနေ့ အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်း ဆိုပြီး ကွဲပြားနေတာ မရှိပါဘူး။ လူတစ်ဦးချင်းစီရဲ့  ဗီဇ၊ စရိုက်၊ အမူအကျင့်တွေပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှု ကွဲပြားခြားနားတာက လွဲလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့  မူဝါဒကို ကျွန်တော်တို့အားလုံး မမှိတ်မသုန် ယုံကြည်စွာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ခေတ်သစ်၊ စနစ်သစ် တစ်ခုကို ကူပြောင်းရုံ သာမက ကျွန်တော်တို့ မြန်မာ့ လူအဖွဲ့ အစည်းကြီး တစ်ခုလုံးကို ဒီမိုကရေစီ လူ့အဖွဲ့အစည်းကြီးအဖြစ် ပြောင်းလဲမြှင့်တင် ပုံဖော်နေကြတဲ့ အချိန်မှာ နိုင်ငံတော်အစိုးရ အနေနဲ့ ခိုင်မာအားကောင်း တောင့်တင်းနေဖို့ အရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေး တာဝန်ကို ပုခုံးထမ်းထားရတဲ့ အစိုးရအဖွဲ့ဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တည်တည်ငြိမ်ငြိမ်နဲ့ ပြုပြင် ပြောင်းလဲမှုတွေကို တစ်ဆက်တည်း တစ်စပ်တည်း စနစ်တကျ ဖော်ဆောင် သွားနိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ လျှောက်လှမ်းတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဟာ ခိုင်မာရင့်မာဖို့ အရေးကြီးပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ကက်ဘိနက် အစည်းအဝေးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ မလိုအပ်တဲ့ အချိန်ကုန်မှုတွေကို အနည်းဆုံး အဆင့်အထိ လျော့ချပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့  အကျိုးစီးပွားကို မြှင့်တင် ဖော်ဆောင်နိုင်ဖို့ ကြိုပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာန/ အဖွဲ့ အစည်းများ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရများ အနေနဲ့လည်း အစည်းအဝေးတွေ ဆက်တိုက် ကျင်းပပြီး အချိန်ကုန် မနေကြဘဲ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေကို စွမ်းအားကုန် ဖြည့်ဆည်းပေးပြီး ပြည်သူလူထု စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကို ရှေ့ ရှု ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အမြစ်တွယ်နေတဲ့ အဂတိ လိုက်စားမှုဆိုတဲ့ အမျိုးသားရေး စိန်ခေါ်မှုကြီးဟာ ခေတ်စနစ် နဲ့အတူ ပေါက်ဖွား ရှင်သန်လာခဲ့တာ ဖြစ်တဲ့အတွက် ခေတ်ပြောင်း၊ စနစ်ပြောင်းမှာ စိတ်ဓါတ်၊ ခံယူချက်၊ ကျင့်ဝတ်၊ လုပ်ငန်းခွင်၊ သက်သာချောင်ချိရေး၊ ပြန်လည် စောင့်ကြည့်ရေး ၊ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်း ၊ လုပ်ထုံးလုပ်နည်း၊ အသိအမြင် မြှင့်တင်ရေး အစရှိတဲ့ ဘက်စုံချဉ်းကပ်မှု နည်းလမ်းတွေနဲ့ ပညာပေးခြင်း၊ စည်းရုံးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး အဆင့်အထိ အုပ်ချုပ်ရေး ယန္တရား ပြန်လည်ဖွဲ့ စည်း တည်ဆောက်ရာမှာ ခေတ်အဆက်ဆက် စူးဝင်နေခဲ့တဲ့ ဆူးချွန်တွေကို ဖယ်ရှားပစ်ဖို့ ခိုင်မာတဲ့ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပြောင်းလဲ တည်ဆောက်ရတာ ဖြစ်ပါတယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်း၊ လုပ်ငန်းစဉ် ပီပြင်ခိုင်မာ လာတာနဲ့အမျှ အဂတိလိုက်စားမှုတွေ သိသိသာသာ လျော့နည်းပပျောက် သွားစေမှာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရား ပြန်လည်ဖွဲ့ စည်း တည်ဆောက်မှုကို အချိန်ယူပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, March 1, 2012

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော် သမ္မတ ပြောကြားသည့် မိန့်ခွန်း (၁ - ၃ - ၂၀၁၂ ရက်) အပိုင်း (၁)

လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီးနှင့် တစ်ကွ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား -

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၀ အရ ကျွန်တော့အနေဖြင့် နိုင်ငံတော်၏ မူဝါဒများ၊ တစ်နှစ်တာ ကာလအတွင်း မိမိအစိုးရ အဖွဲ့၏ ဆောင်ရွက်ချက်များနဲ့ ရှေ့တွင် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအား ဤလွှတ်တော်မှ တစ်ဆင့် ပြည်သူများ သိရှိစေရန် တက်ရောက် ပြောကြားခြင်း ဖြစ်ပါတယ်။

ပထမဦးစွာ နိုင်ငံတော် တစ်ဝန်းလုံးမှာ ရှိတဲ့ မိဘပြည်သူများ အားလုံး၊ အကြောင်း အမျိုးအမျိုးကြောင့် ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသား အားလုံး၊ ပြည်ထောင်စုလွှတ်တော် နာယကကြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနဲက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ကျွန်တော်တို့ အစိုးရ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းရယူခဲ့တာ ဒီလဆိုရင် (၁) နှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဒီလို (၁) နှစ်ပြည့် အခါသမယမှာ လွှတ်တော် ကိုယ်စားလှယ်ကြီးများက တစ်ဆင့် ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ နိုင်ငံတော် အုပ်ချုပ်မှု အာဏာကို အပ်နှင်း ထားခဲ့ကြတဲ့ မိဘပြည်သူများကို ဦးထိပ်ထားပြီး ကျွန်တော်တို့ အစိုးရဲ့ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက် ဆောင်ရွက်သွားမယ့် အစီအစဉ်များနဲ့ ပတ်သက်လို့ အကျဉ်းချုံးပြီး ရှင်းလင်း တင်ပြသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ ဒီကနေ့ ငြိမ်းချမ်းစွာ အသွင်းကူးပြောင်းရေး လမ်းကြောင်းသစ်ကို စနစ်တကျ ကူးပြောင်း တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းမှုကို ' Burma Spring ' ' Myanmar Spring ' အစရှိတဲ့ အမည်နာမ အမျိုးမျိုး ကင်ပွန်းတပ်ခံ နေရာတာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ်မှန်ကန်တဲ့ အသွင်းကူးပြောင်းမှု အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ နားလည်မှုတွေ မြင့်မားလာနေပြီ ဖြစ်တဲ့အတွက် ယုံကြည်မှုတွေ ဆင့်ပွားဖြစ်ပေါ်လာအောင် ကျွန်တော်တို့ ဆက်လက် ကြိုးပမ်း ကြရဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဗဟိုပြုပြီး ဒီမိုကရေစီ ခေတ်သစ် စနစ်သစ်ကို ကူပြောင်းနေတာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ စစ်မှန်ခိုင်မာတဲ့ ဒီမိုကရေစီနဲ့ လောကပါလ တရားများ ထွန်းကားတဲ့ နိုင်ငံတော်သစ် တည်ဆောက်နိုင်ပြီလားလို့ မေးရင် ကျွန်တော်တို့ အများကြီး ကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ ရှေ့ဆက်ပြီး ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်း ကြရဦးမှာပါ။ ဒါဟာလည်း ဒီမိုကရေစီ မြန်မာ့လူဘောင့်ကို တည်တံ့ခိုင်မာ ရှင်သန်အောင် ကြိုးပမ်း ဆောင်ရွက် သွားကြရမယ့် ရှေရှည် လုပ်ငန်းစဉ်ကြီး တစ်ရပ်လည်း ဖြစ်ပါတယ်။ (၁) နှစ်ပြည့် ကာလမှာ ကျွန်တော်တို့ အစိုးရအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိသလို စိန်ခေါ်မှုတွေလည်း အများအပြား တွေ့ကြုံရင်ဆိုင် ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ (၁) နှစ်က ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ အစိုးရအပေါ် သံသယ ရှိနေသူတွေ၊ မယုံမကြည် ဖြစ်နေသူတွေ ပြည်တွင်းမှာရော ပြည်ပမှာပါ အများကြီး ရှိနေတဲ့အတွက် ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ မိဘပြည်သူတွေဟာ ခေတ်အဆက်ဆက်၊ အစိုးရစနစ်မျိုးစုံကို တွေ့ကြုံခံစား ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့ လုပ်ဆောင်ချက်တွေ၊ ပကတိ အခြေအနေမှန်တွေကို ကြည့်ပြီး ကျွန်တော်တို့ အစိုးရဟာ ဘယ်လိုအစိုးရမျိုါ် ဖြစ်သလဲဆိုတာကို အကဲဖြတ်ကြမှာ ဖြစ်သလို၊ ဒီကနေ့ ကျွန်တော်တို့ အစိုးရ ဆောင်ရွက် နေတာဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အနာဂတ် သမိုင်းကြောင်းအတွက် အထူးပဲ အရေးကြီးလှတဲ့ လမ်းကြောင်းအသစ် အပေါ်မှာ လျှောက်လှမ်းနေရတယ် ဆိုတာကိုလည်း ကျွန်တော်တို့ လေးလေးနက်နက် သိရှိနားလည် ခံယူထားပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့်အပြောင်း ဖြစ်သလို အနာဂတ် သားစဉ်မြေးဆက် အတွက်လည်း သမိုင်းတွင်မယ့် စတင်ခြင်း အသစ် ဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့ ခံယူထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အောင်မြင်မှု၊ ခိုင်မာမှု၊ ရေရှည် တည်တံ့မှုအပေါ် မူတည်ပြီး နောင်အစိုးရ အစဉ်အဆက် ကောင်းမွေ၊ ဆိုးမွေ ခံစားကြရမယ် ဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက် ခံယူထားပြီး ဖြစ်ပါတယ်။ နိုင်ငံတော် တည်ဆောက်ရေး ဆိုရာမှာ ယခုလို ခေတ် တစ်ခေတ်ကနေ ခေတ်သစ်တစ်ရပ်ကို၊ စနစ်တစ်ခုကနေ စနစ်သစ် တစ်ခုကို ကူးပြောင်းနိုင်ရေး ဆောင်ရွက်ရာမှာ တည်ငြိမ် အေးချမ်းမှု၊ စည်းလုံး ညီညွတ်မှု၊ စနစ်တကျနဲ့ ခိုင်ခိုင်မာမာ ရှိမှုတို့ဟာ သိပ်ကို အရေးကြီးပါတယ်။ မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာ အခြေအနေများနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းမှု ဖြစ်စဉ်ဟာ မိဘပြည်သူတွေ အတွက် တစ်ကယ့်ကို ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ၊ စံနမူနာ သာဓက ပြုဖွယ်ရာ အောင်မြင်တဲ့ ကူးပြောင်းမှုကြီးပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရောက်ရှိအောင် ဘယ်သူတွေ ဆောင်ရွက်ခဲ့တာလဲ။ ကျွန်တော်တို့ အစိုးရချည်း သက်သက် မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လွှတ်တော် အရပ်ရပ်က လွှတ်တော် ကိုယ်စားလှယ်တွေ၊ တရားစီရင်ရေး မဏ္ဍိုင်နဲ့ စတုတ္ထမဏ္ဍိုင် မီဒီယာတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တပ်မတော်စတဲ့ သက်ဆိုင်ရာ Stackeholder တွေ အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အဓိက အကျဆုံးကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသား မိဘပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အစဉ်အမြဲ မော်ကွန်းတင် ကျန်ရစ်မယ့် သမိုင်းစာမျက်နှာသစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးက စောင့်ကြည့်မှုတွေ ကြားမှာ မြန်မာ့ ဒီမိုကရေစီ ခေတ်သစ်ကို လမ်းဖွင့်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ အားလုံး တက်ညီလက်ညီ ဖော်ဆောင်ခဲ့တဲ့ ဒီလမ်းကြောင်းမှန် ပေါ်မှာ ဆက်လက် လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်။ နိုင်ငံသား အားလုံး နောက်ကြောင်း ပြန် မလှည့်စတမ်း လျှောက်လှမ်းပြီး မတူညီတာတွေ ဖယ်ထားပြီး တူညီတာတွေ ပူးပေါင်း လုပ်ကိုင် သွားကြမယ် ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီဟာလည်း ခိုင်မာသည်ထက် ခိုင်မာလာမှာ ဖြစ်ပါတယ်။

နာယကကြီး ခင်ဗျား -
ကျွန်တော်တို့ အစိုးရ စတင်တာဝန်ယူချိန်မှာလည်း မိဘပြည်သူတွေအားလုံး လိုလားတောင့်တနေတဲ့ အဓိကဆန္ဒ နှစ်ရပ်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပထမ ဆန္ဒက ကျွန်တော်တို့ ပြည်သူတွေဟာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ နေထိုင်လို ကြပါတယ်။ မိဘပြည်သူတွေရဲ့ ဒီဆန္ဒကို အခြေခံပြီး အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေး၊ ထာဝရ ငြိမ်းချမ်းရေး ဆောင်ကြဉ်းရေး စတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ အလေးပေးပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက် ပါဝင်နိုင်တဲ့သူတွေ အားလုံး ပါဝင်ခွင့် ရရှိရေး ဆိုတဲ့ All Inclusive Political Process ကို ကျွန်တော်တို့ ကြိုးပမ်း တည်ဆောက်ခဲ့ပါတယ်။ ဒီကနေ့ဆိုရင် ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့၊ ကျွန်တော်တို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ဟာ သိသိသာသာ အကောင်အထည် ပေါ်လာနေပြီ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းသစ် ပေါ်ထွန်းလာစေဖို့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒ၊ ကျွန်တော်တို့အစိုးရဲ့ စစ်မှန်တဲ့ စေတနာ၊ နိုင်ငံနဲ့ ပြည်သူလူထု အကျိုးကို ဦးထိပ်ထားတဲ့ ခံယူချက် ဒါတွေနဲ့ ကျွန်တော်တို့ လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ပြည်တွင်း နိုင်ငံရေး အင်အားစု အားလုံးဟာ အခြေခံဥပဒေ မူဘောင်အတွင်းကနေ ဒီမိုကရေစီ ကျင့်စဉ်တွေကို လိုက်နာ ကျင့်သုံးပြီး ပြည်သူ့ ကိုယ်စားလှယ်တွေ အဖြစ် ပါဝင်ဆောင်ရွက်နိုင်ဖို့ စိတ်အား ထက်သန်စွာ ကြိုးပမ်းလာကြတာ ကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ နေရပြီ ဖြစ်ပါတယ်။

အလားတူပဲ အမျိုးသား ပြန်လည် ပေါင်းစည်း ညီညွတ်ရေးနဲ့ နိုင်ငံ တည်ဆောက်ရေးမှာ အားလုံး ပါဝင်ခွင့် ရရှိရေးအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ အစိုးရရဲ့ (၁) နှစ်တာကာလ သက်တမ်းအတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်း ရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ သမိုင်းကြောင်း တစ်လျှောက် ပြန်ကြည့်ရင် (၁) နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ရေ အများဆုံး ပေးခဲ့တဲ့ မှတ်တမ်း အသစ်လည်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့် ရရှိရေးကို မျှော်မှန်းပြီး ဇန်နဝါရီလ အတွင်းမှာ (၂) ကြိမ် တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လမ်းဖွင့်ကြိုဆို ဖိတ်ခေါ်ခဲ့တာနဲ့အညီ နယ်ပယ်အသီးသီးမှာ ရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာတွေဟာလည်း တက်တက်ကြွကြွ စိတ်အား ထက်သန်စွာနဲက တက်နိုင်သမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက်လာကြတာကိုလည်း ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာ ရင်သန့်ဖို့ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံရေးမျိုးဆက်သစ်တွေ လိုအပ်ပါတယ်။ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း အားလုံး Common Ground ရှာဖွေနိုင်ပြီး စုပေါင်းစွမ်းအားနဲ့ နိုင်ငံတည်ဆောက် သွားနိုင်ရေးဟာ နိုင်ငံတော်နဲ့ နိုင်ငံသား အားလုံးရဲ့ အနာဂတ်နဲ့ တိုက်ရိုက် ဆက်စပ်လျက် ရှိနေပါတယ်။

ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ All Inclusive Political Process မှာ ခေတ်အဆက်ဆက်က အခွင့်အရေးတွေ တောင်းဆိုနေကြတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ ပါဝင်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံ တစ်နိုင်ငံ ဖြစ်တာနဲ့အညီ ဒီနိုင်ငံရေး လုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေ အားလုံး တန်းတူရည်တူ ပါဝင်ခွင့်ရရှိဖို့ မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ သွေးရင်း ညီအစ်ကို တိုင်းရင်းသားတွေရဲ့ ခေတ်အဆက်ဆက် အကောင်အထည် မပေါ်ခဲ့တဲ့ အိပ်မက်၊ လွင့်ပြယ် ပျောက်ပျက်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလည်း ဖြစ်ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် ထိတွေ့ ဆက်ဆံမှုတွေ ကင်းဝေးပြီး အထင်အမြင် လွဲမှားခဲ့တာတွေ ကျွန်တော်တို့ အစိုးရလက်ထက်မှာ အဆုံးသတ်ပေးနိုင်ဖို့ လိုပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းအစရှိတဲ့ တိုင်းရင်းသားများ နည်းတူ ဗမာဆိုတာဟာလည်း ပြည်ထောင်စုကြီးထဲက တိုင်းရင်းသား လူမျိုးတစ်စု ဖြစ်ပါတယ်။ သာတူညီမျှ အခွင့်အရေးကို အားလုံးမျှဝေ ရရှိကြဖို့၊ တန်းတူရည်တူ ဖြစ်ပေါ်လာဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ မျှော်မှန်းချက်ဟာ ကျွန်တော်တို့အစိုးရရဲ့ လိုလားချက်လည်း ဖြစ်ပါတယ်။

အပိုင်း (၂) ဆက်ရန်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, February 29, 2012

မန္တလေး မြို့တော်ဝန် နှင့် တိုင်းဘဏ္ဍာ အခွန်ဝန်ကြီး နေရာချင်း လွဲပြောင်းခန့်အပ်

မန္တလေး၊ ဖေဖော်ဝါရီ -၂၈
မန္တလေးမြို့တွင် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး အတွက် မြေနေရာ ရှာပေးခဲ့သော မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်ကို တိုင်းဒေသကြီး ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်ထားလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွင် တရားဝင် ထုတ်ပြန်ထားချက် အရ သိရှိရသည်။

NLD ပါတီ စည်းရုံးရေးအတွက် မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန် ကိုယ်တိုင်ဆင်းကာ အောင်ပင်လယ် ရပ်ကွက် အတွင်းရှိ မြေကွက်လပ်ကြီး တစ်ခုကို ရွေးချယ် ပေးခဲ့ခြင်းကြောင့် တာဝန် ပြောင်းရွေ့ခြင်း ဖြစ်နိုင်သည်ဟု MCDC ဝန်ထမ်းများက သုံးသပ်သော်လည်း တရားဝင် အတည်ပြုနိုင်ခြင်း မရှိပေ။

မိမိကိုယ်တိုင်လည်း ယနေ့နံနက်မှသာ သိရှိပါကြောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော်တွင် ဦးအောင်မောင်းက သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မြို့တော်ဝန်တာဝန် ထမ်းဆောင်ခဲ့သည့် ဦးဖုန်ဇော်ဟန်နှင့် လက်ရှိ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့ ကြား၌လည်း အခန့်မသင့်မှုများ ရှိရာ နိုင်ငံတော်သမ္မတ ရုံးထိတိုင်အောင် အပြန်အလှန် တိုင်ကြားမှုများ ပြုလုပ်သည့် သတင်းများမှာ မန္တလေး လူထုအကြား ပျံ့နှံ့လျက် ရှိကြောင်း၊ လက်ရှိ မြို့တော်ဝန်နေရာကို တက္ကသိုလ် ပါမောက္ခတစ်ဦး ဖြစ်သည့် ဘဏ္ဏာရေးနှင့် အခွန်ဝန်ကြီး ဦးအောင်မောင်းကို ပြောင်းလဲ တာဝန်ပေးခြင်း ဖြစ်ပြီး အဆိုပါ မြို့တော်ဝန်ဟောင်း ဦးဖုန်းဇော်ဟန်သည် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ချမ်းအေးသာဇံမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ဝင်ရောက် ရွေးချယ်ခံ ရသည့် ပုဂ္ဂိုလ် ဖြစ်သည်။

Sources:
- The Voice Daily Newsletter Feb 28, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>