Showing posts with label နိုင်ငံတကာ. Show all posts
Showing posts with label နိုင်ငံတကာ. Show all posts

Thursday, July 17, 2014

ဘူဆန် ရှိ ယန်ဆန်း ဘူတာ ဘေးတွင် ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ကျင်းပမည်


ကိုရီးယားနိုင်ငံ ဘူဆန် ၊ ယန်ဆန်း ဘူတာ ဘေးတွင် မကြာမီ ထုတ်ပြန်တော့မည့် ထွဲဂျီဂုမ် ဥပဒေသစ် ဆန့်ကျင်ပွဲကို ဇူလိုင်လ(၂၀) ရက် ညနေ(၅) နာရီတွင် ကျင်းပမည် ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသို့ ဘူဆန် ၊ ဂမ်ဟဲ ၊ ယန်ဆန်း အနီးအနားရှိ အလုပ်သမားအဖွဲ့ အစည်းပေါင်းစုံ မှ စုပေါင်းကာ ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဟောပြောကြမည် ဖြစ်ပါသည်။

ဘူဆန် ၊ ဂမ်ဟဲ ၊ ယန်ဆန်း အနီးအနားရှိ ရွှေမြန်မာအပေါင်းတို့မှလည်း မိမိတို့အတွက် ရပိုင်ခွင့်တွေကို အများနှင့်အတူ တောင်းဆို တိုက်ပွဲဝင်ကြရအောင်ပါ။

အများအကျိုးဆောင်လျှင် ကိုယ်ကျိုးအောင်မည်။

ကျွန်တော်တို့ လက်ရှိ ခံစားနေရသော အလုပ်သမားရပိုင်ခွင့်များသည် ရှေး နောင်တော်ကြီးများမှ တောင်းဆိုတိုက်ပွဲဝင်ခဲ့ခြင်းကြောင်း ခံစားခဲ့ရခြင်းဖြစ်ပါသည်။

ကဲ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

ထို့ကြောင့် လာမည့် ဇူလိုင်(၂၀) ရက်နေ့ ညနေ (၅) နာရီ ယန်ဆန်း ဘူတာမှာ တွေ့ဆုံကြပြီး ရွှေညီအစ်ကိုတွေ အားလုံးပူးပေါင်းကာ ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ကြပါစို့ ...

( ထွဲဂျီဂုမ် ဥပဒေသစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မည့် ရွှေညီအစ်ကိုများ ကျွန်တော်နှင့် အမြန်ဆုံး ဆက်သွယ်ကြပါ..

ကိုဇော်မင်း- 010-5946-6694 )

နေ့ရက် ............. ၂၀-၇-၂၀၁၄ (တနင်္ဂနွေ)
အချိန် .............. ညနေ (၅း၀၀) နာရီ
နေရာ ............... ယန်ဆန်း ဘူတာ အဆုံး .. ဘေးရှိ 새들교 အရှေ့
(မြေအောက်ရထား အစိမ်းလိုင်း နံပါတ်(၂) လိုင်း အဆုံး )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, March 24, 2013

ကျနော်မြင်တဲ့ ကိုရီးယား

ရေးသားသူ — စိုးမိုးသူ

ဒီနေ့ ညနေက SBSအသံလွှင့်ဌာနနဲ့အတူ လမ်းသွားလမ်းလာ ကိုရီးယားလူမျိုးတွေကို အင်္ဂလိပ်လို လမ်းမေးတဲ့အခါ ဘယ်လို တုန့်ပြန်ကြသလဲ ဆိုတာကို စစ်တမ်းယူဖို့ လျှို့ဝှက် ကင်မရာနဲ့ ရိုက်ကူးခဲ့ပါ တယ်။

လမ်းမေးဖို့ တာဝန်ယူကြတဲ့သူတွေက အာရှတိုက်သားအဖြစ် ကျနော်နဲ့ ဥရောပက အမေရိကန် တယောက်က တာဝန်ယူခဲ့ပါတယ်။
မနက်ပိုင်းမှာ အမေရိကန်နိုင်ငံသားကို ရိုက်ကူးခဲ့ပြီး ကျနော်က ညနေဘက်မှာ ရိုက်ကူးခဲ့ပါတယ်။

ကျနော်က လမ်းပေါ်သွားလာနေတဲ့ ကိုရီးယားလူမျိုးတွေကို အင်္ဂလိပ်လို လမ်းမေးပါတယ်။ SBSအသံလွှင့် ဌာနက ကင်မရာသမားတွေကတော့ အနီးက ကော်ဖီဆိုင်အပေါ်ထပ်၊ လမ်းတဘက်ကမ်းကနေ ပုန်းခို နေ ရာယူပြီး ကျနော်နဲ့ လမ်းသွား လမ်းလာတွေရဲ့ အဖြစ်အပျက်ကို လျှို့ဝှက် ရိုက်ကူးကြပါတယ်။

အချိန်၁နာရီကြာ လမ်းသွား လမ်းလာတွေကို အင်္ဂလိပ်လို လမ်းကို မေးတဲ့ အခါ ၇၀%လောက်က ကျနော့် အပေါ် စေတနာ ထက်သန်စွာနဲ့ လမ်းညွှန် ပြောပြကြပါတယ်။

ကိုရီးယားလူမျိုးတွေဟာ အင်္ဂလိပ်ဘာသာ တတ်ကျွမ်းမှု အထူး အားနဲကြ ပေမယ့် အကူအညီလိုသူ ကျနော့် အား လက်ဟန် ခြေဟန်နဲ့ တတ်စွမ်း သမျှ အားကုန် ကြိုးစား လမ်းညွှန်ပြောပြပေးကြတာကို ကြုံတွေ့ခဲ့ ရပါတယ်။

ဒါပေမယ့် အင်္ဂလိပ်လို လမ်းမေးလို့မှ မဆုံးသေးဘူး မသိဘူး၊ အင်္ဂလိပ်လို မတတ်ဘူးလို့ ခေါင်းခါ လက် ခါပြပြီး ထွက်သွားတဲ့သူ၊ လှည့်တောင် မကြည့်ပဲ ထွက်သွားတဲ့သူတွေတော့ ရှိကြတာပေါ့။

ဒါပေမယ့် လူအများစုဟာ ကူညီလိုတဲ့ မျက်ဝန်းနဲ့ တက်တက်ကြွကြွ လမ်းညွှန်ပေးကြတာမို့ အထူး ၀မ်း သာမိပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 22, 2013

ဖြေတတ်တဲ့သူ ဖြေပေးကြပါ

ရေးသားသူ —စိုးမိုးသူ
 
မတ်လ ၂၁ရက်နေ့ဟာ ကမ္ဘာ့လူမျိုးရေးခွဲခြားခြင်းကို တားမြစ်တဲ့နေ့ဖြစ်ပါတယ်။

နိုင်ငံ၊လူမျိုး၊ဘာသာ၊ကျားမ၊သန်စွမ်း မသန်စွမ်း၊ ပညာတတ် မတတ် အပေါ်မှာ ခွဲခြားခြင်းမရှိ လူလူချင်း လေးစားစွာ ပြုမူဆက်ဆံတဲ့ လောကကြီးကို ရည်စူးပြီး ကမ္ဘာ့ကုလသမဂ္ဂက တရားဝင် သတ်မှတ်ခဲ့တဲ့နေ့ပဲဖြစ်ပါတယ်။

ဒါပေမယ့် ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာ တိုင်းပြည်ပါလို့ ကမ္ဘာကို ဖော်ကျူးနေတဲ့ ကျနော်တို့ မြန်မာပြည် မှာတော့ လူမျိုးရေး၊ဘာသာရေးကို အကြောင်းပြုပြီး စိတ်မသက်သာစရာတွေ အမြဲဖြစ်နေကြပါတယ်။

ယဉ်ကျေးသူကို မွေးထုတ်ပေးရမယ့် ၊
မယဉ်ကျေးသူတွေကို ယဉ်ကျေးအောင် ဆုံးမပေးရမယ့် သင်္ကန်းဝတ်သူတွေရဲ့ ဒေါသ မီးတောက်လောင်နေတဲ့ ပုံတွေကို ပြပြီး အကြောင်းရင်းကို မေးကြတဲ့ ကိုရီးယားမိတ်ဆွေများရဲ့ အမေးကိုလည်း ဒါဟာ တရားတဲ့၊ အမျိုး ဘာသာ သာသနာကို ကာကွယ်ဖို့အတွက် မွန်မြတ်လှတဲ့ အားထုတ်မှုပါလို့ ဖုံးဖိဖြေကြားဖို့လည်း မတတ်နိုင်။
သူတို့အမေးတွေကို ဓမ္မဒိဌာန်ကျကျ ဖြေပေးနိုင်တဲ့သူ ဖြေပေးကြပါဗျာ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, August 14, 2012

၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲ(ဒီကာကို-၂၀၁၂)သို့ ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာရက် ၂လ ထပ်တိုး

၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲ(ဒီကာကို-၂၀၁၂)သို့ ပါဝင်ယှဉ်ပြိုင်ရန် လျှောက်လွှာရက် ၂လ ထပ်တိုး


ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon ကာတွန်းပြိုင်ပွဲ(ဒီကာကို-၂၀၁၂)သို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာကာတွန်းဆရာများအား ဖိတ်ခေါ်ထားပြီး မြန်မာကာတွန်းဆရာများ အနေဖြင့်လည်း စိတ်ပါဝင်စားမှုရှိကာ ပြိုင်ပွဲဝင်နိုင်ရန် ပြင်ဆင်မှုများလည်း ရှိသည်ဟု သတင်းရရှိသည်။ ယင်းကာတွန်းပြိုင်ပွဲသို့ ယခင်နှစ်များကလည်း မြန်မာကာတွန်းဆရာများ အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများလည်း ရရှိခဲ့ဖူးသည်ဟု သိရသည်။

“ဒီပြိုင်ပွဲကအရင်ကလည်း မြန်မာကာတွန်းဆရာတွေ ၀င်ပြိုင်ခဲ့ဖူးသလို ဆုရရှိတာတွေလည်း ရှိခဲ့ဖူးတဲ့ အတွက် အခုနှစ်ကိုလည်း ထပ်ပြီး ပြိုင်ပွဲဝင်ကြဖို့ ဖိတ်ခေါ်တာပါ။ အဓိ ကတော့ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရရှိနိုင်တဲ့ အခွင့်အရေးရှိတာကြောင့် ကျွန်တော်တို့ လူငယ်ကာတွန်းဆရာတွေ အနေနဲ့လည်း စိတ်ပါဝင်စားမှု ရှိပါတယ်။ ပြိုင်ပွဲဝင်ဖို့ကိုလည်း ပြင်ဆင်နေကြတာတွေ ရှိတယ်” ဟု လူငယ်ကာတွန်းဆရာ ရွှေလူက ရှင်းပြခဲ့သည်။

ကိုရီးယားနိုင်ငံတွင် ပြုလုပ်မည့် ၂၁ ကြိမ်မြောက် Daejeon နိုင်ငံတကာ ကာတွန်းပြိုင်ပွဲတွင် New City& Eco Story ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကြိုက်နှစ်သက် ရာပုံစံ၊ အရောင်တို့ဖြင့် ရေးဆွဲယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။ ယှဉ်ပြိုင်လိုသူများ အနေဖြင့် မိမိရေးဆွဲထားသည့် ကာတွန်းလက်ရာနှင့်အတူ အမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အလုပ်အကိုင်နှင့် အသက်များကို တစ်ပါတည်း ရေးသားကာ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဟု မူလက ရက်သတ်မှတ်ခဲ့သော်လည်း ၊ ယခုအခါ သြဂုတ်လ ၃၁ ရက်နေ့ထိ ၂လ ရက်တိုးလိုက်ကြောင်း ၊ ကိုရီးယားနိုင်ငံရောက် မြန်မာကာတွန်းဆရာကြီးများရော ဆရာလေးများပါ ပြိုင်ပွဲသို့ပါဝင်နိုင်ကြောင်း နှင့် အသေးစိတ်အချက်အလက်များကို DICACO2012 အင်တာနက်စာမျက်နှာ (CLICK HERE) တွင် လေ့လာဖတ်ရှုနိုင်ကြောင်းလည်း သိရသည်။

ဆုများအဖြစ် Grand prize ကိုဒေါ်လာ ၃၀၀၀၊ Gold prize ကို ဒေါ်လာ၁၀၀၀၊ Silver prize ကို ဒေါ်လာ ၅၀၀၊ Bronze prize ကို ဒေါ်လာ ၃၀၀ ဟု သတ်မှတ်ထားသည်ဟု သိရသည်။ ဆုရရှိ သည့် ကာတွန်းလက်ရာများကို အောက်တိုဘာလတွင် ဒေဂျောန်မြို့တော်နှင့် ကိုရီးယားမြို့တော်သစ် ဆေဂျုံမြို့(Sejong)တို့၌ ပြပွဲပြုလုပ် ပေးသွားမည် ဟု သိရှိရသည်။



အကိုးအကား-
-
- http://news-eleven.com/index.php?option=com_content&view=article&id=13659:--daejeon-----&catid=61:local&Itemid=133
- http://www.dicaco.com/contest.php
- http://www.rahimcartoon.com/news/1241-new-deadline-for-the-21st-daejeon-international-cartoon-contest-dicaco-korea-2012-
- http://dicaco.com/build/board.php3?table=guest&query=view&l=1&p=1&go=4
- http://www.rahimcartoon.com/festivals/1139-the-21st-daejeon-international-cartoon-contest-dicaco-korea-2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, April 20, 2012

နျူထိပ်ဖူး တပ်ဆင် နိုင်သော တာဝေး ပစ်ဒုံးကျည် အိန္ဒိယ အောင်မြင်စွာ စမ်းသပ် ပစ်ခတ်

နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်သော တာဝေးပစ် ဒုံးကျည် တစ်စင်းကို အိန္ဒိယက အောင်မြင်စွာ စမ်းသပ် လွှတ်တင် ပစ်ခတ် နိုင်ခဲ့ကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြ ထားသည်။အဆိုပါ ဒုံးပျံကို အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ အင်ဒိုနီးရှား နိုင်ငံ အနီး ပစ်မှတ်သို့ အောင်မြင်စွာ လွှတ်တင် စမ်းသပ် ပစ်ခတ် ခဲ့ခြင်း ဖြစ်ကာ အိန္ဒိယ အရှေ့ ပိုင်း ကမ်းခြေမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ မိုင်ပေါင်း ၃၁၀၀ အထိ ပစ်ခတ် နိုင်သော အဆိုပါ ဒုံးကျည်သည် ဒေသတွင်း ပြိုင်ဘက် ဖြစ်သော ပါကစ္စတန်နှင့် ရုရှား၊ တရုတ်တို့ အထိ ရောက်ရှိ ပစ်ခတ်နိုင်မည် ဖြစ်သည်ဟု ယင်းသတင်း အရ သိရသည်။ယခုအခါ အိန္ဒိယသည် တရုတ်၊ ရုရှား၊ အမေရိကန် ပြည်ထောင်စု၊ ပြင်သစ်၊ ယူကေ တို့ကဲ့သို့ နျူကလီးယား ထိပ်ဖူး တပ်တာဝေး ပစ်ဒုံးကျည် ပိုင်ဆိုင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာ ပြီဖြစ်သည်။



Ref:The Voice Daily Newsletter April 19, 2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, December 25, 2011

(မြန်မာသင်္ကြန်ပွဲတော် မတိုင်မှီ) Facebook ပိတ်သိမ်းမည်ဟုဆို

FACEBOOK WILL END ON MARCH 15th, 2012!
Facebook တည်ထောင်သူ Mark Zuckerberg က Facebook ကို ၂၀၁၂ မတ်လ ၁၅ ရက်နေ့မှာ ပိတ်ရတော့မှာဖြစ်ကြောင်းနဲ့ Facebook ကို လုပ်နေရတာ သူ့အတွက် စိတ်ဖိစီးမှု အရမ်း များနေပါတယ်လို့ ပြောသွားပါတယ် ။

"Facebook က ထိန်းလို့မရတော့ပါဘူး" လို့ Palo Alto ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Zuckerberg မှတစ်ဆင့်ပြောခဲ့တာပါ ။ "နောက်ပြီးတော့ Facebook ကို လုပ်နေရတာ ကျွန်တော့်အတွက် စိတ်ဖိစီးမှု အရမ်းများနေတာကြောင့် ကျွန်တော် ဒီဟာကို အဆုံးသတ်ဖို့ လိုအပ်နေပါပြီ လို့ ပြောခဲ့တာပါ ။

Zuckerberg ဟာ ၂၀၁၂ မတ်လ ၁၅ရက်နေ့မှာ Facebook အကောင့်များကို ပိတ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။ အသုံးပြုသူများအနေနဲ့ ဒီနှစ်မှာ Facebook မရှိဘဲ နေနိုင်အောင် နေပေးကြပါလို့လဲ ပြောသွားပါတယ် ။

"မတ်လ ၁၅ ရက်နေ့ ၂၀၁၂ ခုနှစ် နောက်ပိုင်း မှာ Website ကြီး တစ်ခုလုံး ပိတ်လိုက်ပါတော့မယ်" လို့ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ "အဲဒါကြောင့် သင့်ရဲ့ ဓါတ်ပုံတွေကို လိုချင်သေးရင် Facebook ပေါ်က ပြန်ယူထားဖို့လည်း အကြံပေးချင်ပါတယ် ။ Facebook ပိတ်လိုက်ရင် ဓါတ်ပုံတွေ ပြန်ရတော့မှာ မဟုတ်ပါဘူး" လို့လည်း ပြောသွားခဲ့ပါသေးတယ်။

Zuckerberg ကတော့ Facebook ကိုပိတ်ဖို့ ဆုံးဖြတ်ရတာဟာ သူ့အတွက် အရမ်းကို ခက်ခဲကြောင်းနဲ့ သူ ပိတ်လိုက်တဲ့အတွက် အသုံးပြုသူတွေကို ၀မ်းမနည်းစေချင်ပါဘူး ၊ ဝမ်းမနည်းကြဖို့ကိုလည်း သူမျှော်လင့်ကြောင်း ပြောသွားပါသေးတယ် ။

"ကျွန်တော်အနေနဲ့တော့ အဲဒါ သိပ်အရေးကြီးတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ဘူးလို့တော့ ထင်တယ်ခင်ဗျ" ဆိုပြီး သူ့ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားပါတယ်။ "ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော် အဲဒီလိုလုပ်တာ ပိုကောင်းမယ်လို့ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ Facebook မရှိရင် လူတွေဟာ အပြင်ထွက်ပြီး တကယ့်သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်ကြမှာပါ။ အဲဒါကို ကျွန်တော်မျှော်လင့်ပါတယ်။"

Facebook သုံးစွဲသူ တချို့ကတော့ အဲဒီသတင်းကို ကြားပြီး ထိတ်လန့်ခဲ့ပါတယ်။ အင်ဒီယားနား ပြည်နယ်မှ အထက်တန်းကျောင်းသား Denise Bradshaw ဆိုရင် "ကျွန်တော် Facebook သာမရှိရင် ဘာလုပ်နေရမလဲ?" လို့ ငြီးငြူခဲ့ပါသေးတယ်။ "ကျွန်တော့် ဘ၀က Facebook က အဓိကပါ။ ကျွန်တော် Facebook ကို တစ်နေ့ ၁၀ နာရီလောက် သုံးပါတယ်။ အခု Facebook မရှိတော့ဘူးဆိုရင် ကျွန်တော့် အဲဒီအချိန်တွေကို ဘယ်နားသွားသုံးရမလဲဗျာ?"

သို့ပေမယ့် မိဘတွေကတော့ အဲဒီသတင်းတွေကြားပြီး စိတ်သက်သာရာရခဲ့ပါတယ်။ "Facebook ပိတ်သွားတာ တော်တော်ကောင်းပါတယ်" လို့ Detroit မှ မိဘတစ်ဦးဖြစ်သူ Jon Guttari မှ ပြောသွားပါတယ် ။ "အဲသည်လိုဆို ကျွန်တော့်ကလေးက ကွန်ပျူတာနဲ့ မျက်နာကို နေ့တိုင်း ကပ်မနေတော့ဘူးပေါ့ဗျာ။ ကျွန်တော်နဲ့ စကားပြောဖို့ အချိန်ပိုရနိုင်တာပေါ့" လို့ ၀မ်းမြောက်ဝမ်းသာ ပြောသွားပါသတဲ့ ခင်ဗျာ ။

Sources:
http://www.onekokoaung.co.cc/2011/11/facebook-facebook.html
http://weeklyworldnews.com/headlines/27321/facebook-will-end-on-march-15th/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 24, 2011

တော်ဝင်မိသားစု ကာကွယ်ရေးဥပဒေကို မကျေနပ်သူများ နိုင်ငံခြားသွားနေသင့်ကြောင်း တပ်မတော်အကြီးအကဲ ပြော

ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်ကို ဝေဖန်ပြောဆိုရေးသားခြင်းကို ကာကွယ်ထားသော ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားပြီးအဆိုပါ (Lese Majeste) ဥပဒေ ကို ထိုင်းစစ်ဦးစီးချုပ်က ထောက်ခံကာကွယ်ပြောဆိုခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည် ။
ယင်းဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းလုံးဝ မလုပ်သင့်ကြောင်း၊ အဆိုပါဥပဒေကို မကျေနပ်သူများ နိုင်ငံခြားသို့ပြောင်းကာ သွားနေသင့်ကြောင်း တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုချန်အူချာက ပြောဆိုလိုက်ခြင်းဖြစ်သည် ။ လွတ်လပ်စွာ ထင်မြင်ဖော်ထုတ်ခွင့်ကို ဖိနှိပ်ထားခြင်းဟု ဝေဖန်သူများက ထောက်ပြနေကြသည့် ယင်းဥပဒေအရ ဘုရင်ကိုဖြစ်စေ ၊ မိဖုရားကိုဖြစ်စေ ၊မင်းသား၊ မင်းသမီးကိုဖြစ်စေ၊ ဘုရင်စနစ်ကိုဖြစ်စေ ကန့်ကွက်ဝေဖန်ပြောဆိုပါက ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်၍ရသည်ဟု ယင်း သတင်းကဆိုသည် ။
''ဒါဟာ ဆွေးနွေးစရာကိစ္စတောင်မဟုတ်ပါဘူး ။ ကျွန်တော့်အလုပ်ကဘုရင့်နိုင်ငံတော်ကို ကာကွယ်ဖို့ပါ'' ဟုအဆိုပါထိုင်း ဗိုလ်ချုပ်ကြီးက ပြောဆိုသည်။ ဥပဒေကိုပြုပြင်ပြောင်းလဲပေးရန် လိုလားတောင်းဆိုနေသည့် တက်ကြွလှုပ်ရှားသူများကို ရည်ရွယ်ကာဗိုလ်ချုပ်ကြီးပရာယုက ''ဒီလူတွေအနေနဲ့နိုင်ငံခြားကို ပြောင်းပြီးသွားနေသင့်တယ်''ဟု ပြောဆိုလိုက်သေးသည် ။


''ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပေမယ့် လွန်တော့ မလွန်စေနဲ့ပေါ့ဗျာ'' ဟု စစ်ဦးစီးချုပ်က သတိပေးပြောကြားသည် ။ ဘုရင်မင်းမြတ်ကို အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးအရေးယူ ထောင်ချခဲ့မှုများကြောင့် အမေရိကန်ပြည်ထောင်စု၊ အီးယူနှင့် ကုလသမဂ္ဂတို့စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ဆန္ဒပြပွဲအသေးများ ဖြစ်ပွားခဲ့သည်။
ဘုရင်ကို စော်ကားသော စကားများပါဝင်သည့် တယ်လီဖုန်းမက်ဆေ့ဂ်ျပေးပို့ခဲ့သည် အသက် ၆ဝ ကျော်အရွယ် ထိုင်းအမျိုးသားတစ်ဦးကို ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခဲ့ပြီး ၊ အမေရိကန်နိုင်ငံသား တစ်ဦးသည်လည်း ဘုရင်နှင့်ပတ်သက်ပြီး ရေးသားခဲ့သောကြောင့် ထိုင်းတွင် ထောင်ဒဏ် ၂ နှစ် ကျော်ကျခံခဲ့ရကာ အမေရိကသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ရဖူးသည်။
ရှပ်နီများဆန္ဒပြစဉ်အခါက ဘုရင်ကို စော်ကားသော စကားများကိုမိန့်ခွန်းထည့်ပြောခဲ့သော ရှပ်နီခေါင်းဆောင်တစ်ဦးကိုလည်း အဆိုပါဥပဒေဖြင့်ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခဲ့သည် ။
အဆိုပါ ထိုင်းတော်ဝင်မိသားစုများအား အကာအကွယ်ပေးရေးဆိုင်ရာဥပဒေ (lese-majesty/ injured majesty) ကို ၁၉၀၈ ခုနှစ်ကတည်းကပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ၊ ထိုင်းပြစ်မှုဆိုင်ရာဥပဒေကလည်း အဆိုပါဥပဒေကို ထပ်ဆင့် အကာအကွယ်ပေးထားကြောင်းနှင့် အဆက်ဆက်ပြောင်းလဲလာသော ထိုင်းအခြေခံဥပဒေအသီးသီးတို့ တွင်လည်း ၊ ထိုင်းဘုရင်မင်းမြတ်နှင့် တော်ဝင်မိသားစုကို ဆက်လက်အကာအကွယ်ပေးထားသည်ဟု ဆိုပါသည် ။

Sources:
The Voice Weekly (8/2)
http://gjbkkblog.wordpress.com/2011/12/20/general-prayuth-chan-ocha-anyone-who-thinks-the-thai-law-is-unjust-or-harsh-should-go-and-live-abroad/
http://www.nationmultimedia.com/breakingnews/Army-chief-upholds-lese-majeste-law-30172252.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, December 22, 2011

ဖိုဟန်မြို့တွင် စက်ရုပ်ဖြင့် အကျဉ်းထောင်စောင့်ကြပ်ခြင်း တစ်လတာ စမ်းသပ်မည်


Time Newsfeed နိုဝင်္ဘာလ ၂၇ ရက်နေ့ သတင်းအရ ၊ တောင်ကိုရီးယားနိုင်ငံ၏ အရှေ့ပိုင်းမြို့ ဖြစ်သော Pohang ရှိ အကျဉ်းထောင်တွင် စက်ရုပ် ၃ ရုပ်အား ထောင်ကြီးကြပ်ရေးမှူးများအဖြစ် လာမည့် ၂၀၁၂ မတ်လတွင် တစ်လတာ စမ်းသပ် တာဝန် ပေးမည်ဟု သိရသည် ။
၎င်းစက်ရုပ်များသည် ထောင် သားများ၏ ပုံမှန် မဟုတ်သော အပြုအမူ လှုပ်ရှားမှုများကို စောင့်ကြပ် စစ်ဆေးသွားမည်ဖြစ်ပြီး စက်ရုပ် သုတေသီများကလူအစောင့်အလုပ် များကို တာဝန် လျော့နည်း သွားအောင်ကူညီလိမ့်မည်ဟု ပြောခဲ့ကြ သည်။
ကိုရီးယားတို့သည် ကမ္ဘာတွင်စက်ရုပ်အသုံးပြုမှု ဦးဆောင်နိုင်ငံအဖြစ် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်သည် ဟုဆိုသည် ။ စီးပွားရေး လုပ်ငန်းရှင်များက ယခုကဲ့သို့ စက်ရုပ်အသုံးပြုမှု အောင်မြင်ခဲ့လျှင် ကမ္ဘာပေါ်တွင် အဓိကစက်ရုပ်ထုတ် လုပ်ရောင်းချ သောဈေးကွက်ကြီးတစ်ခုကို ရရှိနိုင် ကြောင်း ယုံကြည်နေကြသည်။ ယခု အကျဉ်းထောင်များတွင် အသုံးပြုမည့် စက်ရုပ်များမှာ ၅ ပေခန့် အမြင့်ရှိပြီး ဘီးလေးဘီးဖြင့် ရွေ့လျားစေနိုင်သည်။
ကင်မရာများ အပြင် အခြားအာရုံခံ ကိရိယာများပါ တပ်ဆင်ထားပြီး ဆူပူမှုများနှင့် မိမိ ကိုယ်ကိုယ်သေကြောင်းကြံစည်မှုများ ကို စနစ်တကျ စောင့်ကြည့် စစ်ဆေးနိုင်မည် ဖြစ်သည် ။ ၄င်းစက်ရုပ်ဒီဇိုင်း ကို ဦးဆောင်ရေးဆွဲခဲ့သူ တက္ကသိုလ်ပါမောက္ခ Lee Baik- Chu (Kyonggi University) က ဒီစက်ရုပ်တွေဟာ လူ တွေရဲ့ပြဿနာကို ရှာဖွေပေးနိုင်တဲ့ နိုးကြားလှတဲ့ လူသားစက်ရုပ်တွေ ဖြစ်လာမှာပဲဟု မှတ်ချက်ပေးပြော ကြားခဲ့သည်။
ထိုစက်ရုပ်များ တစ်လတာ အသုံးပြုမှုသည် ဝမ် တစ်ဘီလီလျံ သို့မဟုတ် စတာလင် ပေါင် ၅၅၄၀ဝ၀ (£554,000) ခန့် စရိတ်ကုန်ကျမည် ဖြစ်ပြီး ၄င်းကို ကိုရီးယားအစိုးရက ထောက်ပံ့ပေး မည်ဖြစ်ဟုဆိုသည် ။
ကိုရီးယားအစိုးရသည် ကိုရီးယားနိုင်ငံ၏ အောင်မြင်မှုကို မီးမောင်းထိုးပြနိုင်ရန်အတွက် ၊ အင်ချောန်းမြို့တော်တွင် စက်ရုပ်ဥယျာ်ဉ် ( Robot Land theme park) ကို တည်ဆောင်လျက်ရှိကြောင်းလည်းသိရသည် ။
Sources:
]http://www.freerepublic.com/focus/f-news/2812451/posts
http://newsfeed.time.com/2011/11/27/south-korea-debuts-robotic-prison-guards/
http://luckychitthu.grou.ps

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 20, 2011

အမျိုးသား အချင်းချင်း ထိုင်းနိုင်ငံတွင် လက်ထပ်ကြခြင်း


လွန်ခဲ့သော ဒီဇင်္ဘာလ ၄ ရက် တနင်္ဂနွေနေ့က ၊ သြစတြေးလျ အမျိုးသား တစ်ယောက်က ထိုင်းအမျိုးသားတစ်ယောက်ကို ဘတ်သန်း ၄၀ ထက်မနည်း (ဒေါ်လာ တစ်သန်းကျော်) အကုန်အကျခံပြီး လက်ထပ်လိုက်ကြောင်း သိရသည် ။

အဆိုပါ အမျိုးသား ၂ ဦးတို့၏ မင်္ဂလာဧည့်ခံပွဲကို ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊
သြစတြေးလျ သတို့သား Mr Chaiyanon က အသက် ၆၀ ဖြစ်ပြီး ၊ Chachoengsao ခရိုင်မှ ထိုင်းအမျိုးသား (သတို့သမီး)က အသက် ၂၇ ဖြစ်ကြောင်း ၊ သတို့သားက ခန့်မှန်းချေ ဘတ်သန်း ၄၀ (ဒေါ်လာ တစ်သန်းကျော်) ထက်မနည်း တန်သော အိမ်ခြံမြေပိုင်ဆိုင်မှု ၊ ငွေသား၊ လက်ဝတ်ရတနာများကို သတို့သမီး (ယောက်ျားလေး) လက်ထဲ ထည့်လိုက်ချိန်မှာ နှုတ်ခမ်းနှစ်ဘက် ပါးချိတ်အောင် ပြုံးလိုက်ပါသည်ဟု သတင်းက ဆိုပါသည် ။

သတို့သားသည် ထိုင်းတွင်ရှိသည့် ပိုင်ဆိုင်သမျှကို ရောင်းချပြီး ၊ မင်္ဂလာမောင်နှံ နေကြရန် Doi Saket အရပ်၌ ရေကူးကန်ပါသော ဇိမ်ခံအိမ်ကြီးတစ်လုံးဝယ်လိုက်ကြောင်း ၊ သတို့သားသည် ဘွဲ့ရပြီးကတည်းက ချင်းမိုင်မှာ နေခဲ့ကြောင်း ၊ ဧည့်ခံပွဲတွင် လန်းနား (Lanna) ဒေသ ရိုးရာ မင်္ဂလာဆောင် အဝတ်အစား ကို နှစ်ဦးသား ဝတ်ထားကြကြောင်း ၊ ၄င်းတို့၏ မင်္ဂလာပွဲကို နှစ်ဘက် ဆွေမျိုး မိတ်ဆွေများက ထောက်ခံ သဘောတူကြကြောင်း သတင်းများက ဆိုပါသည် ။
အဆိုပါ အမျိုးသားအချင်းချင်း လက်ထပ်ကြသည့်ကိစ္စကို မည်သို့ပင် သဘောတူကြစေကာမူ ၊ သြစတြေးလျနိုင်ငံရော ထိုင်းနိုင်ငံပါ ၂ နိုင်ငံစလုံးက တူညီသောလိင် အမျိုးအစားချင်း ထိမ်းမြားလက်ထပ်ခြင်းကို ဥပဒေအရ ခွင့်မပြုသေးသောကြောင့် ၊ တရားဝင် လင်လင် (လင်မယား) ဖြစ်ရေးက ခရီးဝေးပါသေးသည်ဟု လည်း သတင်းက ဝေဖန်ထားပါသည် ။

သတင်းအခြေအမြစ်များ -
http://www.irrawaddyblog.com/2011/12/blog-post_6607.html
http://seattle99.wordpress.com/2011/12/05/aussie-pays-bt40mn-boybride-price/
http://www.phuketgazette.net/queernews/index.asp?id=11607

http://seattle99.files.wordpress.com/2011/12/12.jpg

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, December 14, 2011

ကမ္ဘာမှာ ဘယ်သူတွေက လက်နက် ရောင်းချပြီး စီးပွါးဖြစ်နေကြသလဲ

ဆွီဒင်နိုင်ငံအခြေစိုက် SIPRI (Stockholm International Peace Research Institute) ရဲ့ သုတေသနပြု လေ့လာ ချက်များအရ ကမ္ဘာ့လက်နက် အရောင်းချဆုံးနိုင်ငံများမှာ အမေရိကန် ၊ ရုရှား ၊ ဂျာမဏီ ၊ပြင်သစ် နဲ့ ဗြိတိန် နိုင် ငံတို့ဖြစ်ကြတယ် လို့ဆိုပါတယ် ။ နိုင်ငံအလိုက် လက်နက်ရောင်းချမှုရာခိုင်နှုန်း တွေကိုတော့ အောက်ကပုံမှာ ဖေါ်ပြ ထားပါတယ် -



ဒီနိုင်ငံကြီးတွေဟာ သူတို့နဲ့ နိုင်ငံရေးအရ အဆင်ပြေတဲ့နိုင်ငံတွေ ကိုတိုက်ရိုက်ရောင်းပြီး သိပ်အဆင်မပြေရင် တော့ ကြားခံ နိုင်ငံတွေကနေတဆင့် ရောင်းချနေတယ်လို့ စစ်တမ်းမှာဖေါ်ပြထားပါတယ်။ လုံးလုံးအဆင်မပြေတဲ့ နိုင်ငံတွေကို ရောင်းရင်တော့ ရောင်းသူဝယ်သူကို တရားမ၀င်လက်နက်ရောင်းဝယ်မှုနဲ့ အရေးယူပါတယ် ။
The Stockholm International Peace Research Institute မှ ပညာရှင်အဖွဲ့ရဲ့ အဆိုအရ ထို လက်နက် ရောင်းချမှု ပမာဏဟာ ယခင် ၅ နှစ်ကာလဖြစ်တဲ့ ၂၀၀၁-၂၀၀၅ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်း အရေအတွက် တိုးမြင့်လာကြောင်းနှင့် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးစတဲ့ ခေါင်းစဉ်များဖြင့် တရားဝင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ် ။ ဒီနေရာမှာ တရားဝင်တယ်ဆိုတာ ဒီနိုင်ငံ ကြီးတွေ ဒီလိုလက်နက်တွေ ရောင်းနေတာကို ကမ္ဘာ့ငြိမ်းချမ်းရေး လုံခြုံရေးကို အလေးပေးဆောင်ရွက် နေပါတယ်ဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက သဘောတူတယ် ခွင့်ပြုတယ် ဆိုတဲ့သဘောပါ။

အံသြစရာကောင်းတာက ဒီလက်နက်အများဆုံးရောင်းနေတဲ့ နိုင်ငံကြီးတွေဟာ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးကို လိုလားကြောင်း ၊ လူသားဖြစ်တည်မှုကို အရေးထားကြောင်း ဒေသတွင်းလုံခြုံရေးကို မထိခိုက်ကြဖို့ လိုကြောင်း အသံအကျယ်ဆုံး အော်နေကြတဲ့ နိုင်ငံတွေ ဖြစ်နေတဲ့အပြင် မြန်မာနိုင်ငံက မြေမြှုပ်မိုင်း သုံးနေတာဟာ အန္တရာယ်ကြီးမားကြောင်း ဆက်ပြီးတော့မသုံးကြဖို့ လိုကြောင်း လက်မှတ်တွေ လျှောက်ထိုးနေတဲ့ နိုင်ငံတွေ ဖြစ်နေ ကြတာပါပဲ ။
ဆင်သေကို ဆိတ်ရေနဲ့ဖုံး ၊ မီးစတစ်ဘက် ရေမှုတ်တစ်ဘက် ဆိုတဲ့ စကားပုံတွေဟာ ဒီနေရာမျိုးတွေမှာ သုံးဖို့ ထားတာပါ ။ ဒေသတွင်းလုံခြုံရေး ၊ တည်ငြိမ်ရေး ၊ ငြိမ်းချမ်းရေးအတွက် လက်နက်တွေရောင်းတယ်ဆိုတာဟာ မီးမလောင်အောင် ဓါတ်ဆီနဲ့ မီးခြစ်ရောင်းပေးနေ တာနဲ့ တူနေပါတယ် ။

လွတ်လပ်ခြင်းရှိပါဘိ၊တရားမျှတာပါဘိ ၊ငြိမ်းချမ်းရေးအတွက်အလားအလာ ကောင်းပါဘိ ဒီမိုကရေစီ ဆန်ပါဘိ ...အိုကမ္ဘာကြီးရယ်လို့ ပြောရမဲ့ ကိန်းဆိုက်နေပါပြီ ။

ဒေါက်တာဆိတ်ဖွား
Ref:
http://doctorsatephwar.blogspot.com/2011/03/blog-post_27.html
http://www.reuters.com/article/2011/04/10/military-spending-idUSLDE73322820110410
http://en.wikipedia.org/wiki/List_of_countries_by_military_expenditures
http://en.wikipedia.org/wiki/Military_budget
http://www.globalsecurity.org/military/world/spending.htm
http://armscontrolcenter.org/policy/securityspending/articles/US_vs_Global/
http://www.globalissues.org/article/75/world-military-spending#USMilitarySpending

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, December 13, 2011

ဘုရှ် နှင့် ဘလဲ တို့မှာ စစ်ရာဇဝတ်သားများ ဖြစ်ကြောင်း တရားရုံးပြော

မလေးရှား နိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ပြစ်မှု ခုံရုံးတစ်ခုတွင် အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျှူဘုရှ် နှင့် ယခင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်သူ တိုနီဘလဲတို့မှာ အီရတ်နိုင်ငံ နှင့်ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်းတွင် စစ်ပွဲဆိုင်ရာ ပြစ်မှုများကို ကျူးလွန်ခဲ့သူများ အဖြစ် တွေ့ရှိခဲ့ရကြောင်း press tv သတင်းတွင် ဖော်ပြခဲ့သည်။ ကွာလာလမ်ပူရှိ စစ်ဘက် ဆိုင်ရာ ပြစ်မှုခုံရုံးရှိ ငါးဦးပါ ခုံသမာဓိ အဖွဲ့မှ ဆုံးဖြတ်ရာ၌ လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က အီရတ်နိုင်ငံသို့ ကျူးကျော် တိုက်ခိုက်ခဲ့သည့် လုပ်ရပ်တွင် ဘုရှ်နှင့် ဘလဲ တို့မှာ လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသား ဖြစ်တည်မှုကို ဆန့်ကျင် သည့် ပြစ်မှု များကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က အမေရိကန်နှင့် ဗြိတိန်တို့မှာ အီရတ်တွင် ဖျက်အားပြင်း လက်နက်များ တွေ့ရှိသည် ဆိုသည့် အချက်ဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုဖြင့် ကျူးကျော်စစ်ကို ဆင်နွဲခဲ့ခြင်း ဖြစ်သည်။ မလေးရှား နိုင်ငံရှိ သမာဓိခုံအဖွဲ့မှ ယခုလို ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ပြောရာ၌ ထိုစဉ်က အမေရိကန်နှင့် ဗြိတိန်တို့မှာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် လိုက်ခြင်း ဖြစ်ပြီး အီရတ် ပြည်သူတို့အပေါ်တွင် ကြီးကျယ် သည့် သေကြေမှုများကို ဖြစ်စေသော ကျူးလွန်မှု တစ်ရပ် ဖြစ်ေ ကြာင်း ပြောကြား သွားခဲ့သည်။

ခုံရုံးဆုံးဖြတ်သူများမှ ပြောရာ၌ ယင်းသို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း အဆိုပါ လက်နက်ကြီးများကိုတွေ့ရှိခဲ့ခြင်း မရှိသည် ကို ဗြိတန်နှင့် အမေရိကန် ခေါင်းဆောင်များ သိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ စစ်ပွဲကြောင့် အီရတ်ပြည်သူ တစ်သန်းကျော် သေဆုံး ခဲ့ရကြောင်းလည်း ကယ်လီဖိုးနီးယား အခြေစိုက် စုံစမ်းရေး အဖွဲ့အစည်းတစ်ခုမှ ပြောခဲ့သည်။ ယခုလို တွေ့ရှိ မှုအား ရောမရှိ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးသို့ တင်ပြသင့်ကြောင်းနှင့် ဘုရှ်နှင့် ဘလဲတို့အား စစ်ဘက်ဆိုင် ရာ ပြစ်မှု ကျူးလွန် သူများအဖြစ် စာရင်းသွင်းသင့်ကြောင်းလည်း ပြောကြား သွားခဲ့သည်။

Ref:
- http://shwenaingan.blogspot.com/2011/11/blog-post_23.html
- http://www.africalegalbrief.com/index.php/component/content/article/429-bush-and-blair-guilty-of-war-crimes-commission.html
- http://english.pravda.ru/opinion/feedback/19-03-2007/88415-bush_blair-0/
- http://www.salon.com/2011/11/23/bush_and_blair_found_guilty_of_war_crimes_for_iraq_attack/
- http://news.nationalpost.com/2011/11/22/george-w-bush-tony-blair-found-guilty-of-war-crimes-in-malaysia/

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, November 22, 2011

မြန်မာသင်္ဘောသားများ အလုပ်လုပ်ကိုင်နေသော ကိုရီးယားသင်္ဘော နစ်မြုပ်

နိုဝင်ဘာ ၂၁ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၄နာရီခန့်တွင် ကိုရီးယား သင်္ဘောကုမ္ပဏီ တခု ဖြစ်သော PANSTAR SHIPPING CO,LTD ပိုင် တန်ချိန် ၁သောင်း၅ထောင်ဆန့် BRIGHT RUBY အမည်ရှိ ကုန်တင်သင်္ဘောသည် တောင်တရုတ်ပင်လယ်တွင် နစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။ မလေးရှားနိုင်ငံမှ ကုန်စည်များ တင်ဆောင်ပြီး တရုတ်နိုင်ငံသို့ ခုတ်မောင်းနေစဉ် ဟောင်ကောင်ဆိပ်ကမ်းနှင့် ကီလိုမီတာ ၃၅ဝခန့် အကွာအဝေးတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသင်္ဘောတွင် ကိုရီးယားနိုင်ငံသား ၉ဦး နှင့် မြန်မာနိုင်ငံသား ၁၂ဦး စုစုပေါင်း ၂၁ဦး စီးနင်းလိုက်ပါခဲ့ပြီး ထိုအနက်မှ ကိုရီးယားနိုင်ငံသား ၄ဦးနှင့် မြန်မာနိုင်ငံသား ၈ဦးတို့အား ကယ်ဆယ်နိုင်ခဲ့ကြပြီး ကိုရီးယား ၅ဦးနှင့် မြန်မာ ၄ဦးတို့မှာမူ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ သင်္ဘောနစ်မြုပ်ရခြင်း အကြောင်းမှာမူ လက်ရှိအချိန်ထိ သိရှိနိုင်ခြင်း မရှိသေးပေ။ ပျောက်ဆုံးနေဆဲ သင်္ဘောသား ၉ဦးအား ဟောင်ကောင်နိုင်ငံမှ ရဟတ်ယာဉ်များ နှင့် ထိုသင်္ဘောနစ်မြုပ်သည့် နေရာ ဝန်းကျင်ရှိ သင်္ဘောများဖြင့် ပူးပေါင်းကာ အပူတပြင်း ရှာဖွေလျှက်ရှိကြောင်း သိရပါသည်။

ယခု နစ်မြုပ်သွားသော BRIGHT RUBY ကုန်တင်သင်္ဘောသည် ၂ဝဝ၈ခုနှစ် စက်တင်ဘာလက ဆိုမာလီးယား ပင်လယ်ဓါးပြများ၏ ပြန်ပေးဆွဲခြင်း ခံခဲ့ရပြီး ပြန်လည်လွတ်မြောက် လာသည့် သင်္ဘောဖြစ်သည်။ PANSTAR SHIPPING CO,LTD တွင် မြန်မာသင်္ဘောသား ၆၇ဦး အလုပ်လုပ်ကိုင်လျှက်ရှိသည်။


ကိုရီးယား သတင်းဋ္ဌာနများ၏ ထုတ်လွှင့်ချက်အား ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
ကိုလူချစ်(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, September 28, 2011

2011 Migrant’s Arirang(ကိုရီးယား) အမှတ်တရ



တောင်ကိုရီးယားမှာ အကြောင်းအမျိုးနဲ့ နေထိုင်ကြတဲ့ နိုင်ငံခြားသားပေါင်း (၁၄)သိန်းကျော် ရှိနေပါပြီ။ အလုပ်လုပ်ဖို့ လာတဲ့သူ၊ ပညာသင်ဖို့ လာတဲ့သူ၊ ကိုရီးယား နိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုတဲ့သူ စုံလို့ပါပဲ။ မြန်မာ နိုင်ငံသားတွေ တော်တော် များများကတော့ EPS(Employment Permit System)နဲ့ လာတဲ့ဦးရေ ပိုပြီး များလာပါတယ်။ ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ၂ဝ၁၁ သြဂုတ်လ ထုတ်ပြန်ချက်အရဆိုရင် ကိုရီးယားမှာ မြန်မာနိုင်ငံသား စုစုပေါင်း (၆၁၂၁)ဦး ရှိပါတယ်။ အမျိုးသား (၅၆၆၇)ဦး၊ အမျိုးသမီး(၄၅၄)ဦးပါ။ အဲဒီအနက်မှာ EPS(Employment Permit System)နဲ့ အလုပ်လုပ်ကိုင်နေတဲ့သူက (၃၆၈၂)ဦး ရှိပါတယ်။ ကိုရီးယား တက္တသိုလ်တွေမှာ ပညာသင်နေကြတဲ့ မြန်မာကျောင်းသူ၊ ကျောင်းသားပေါင်း (၂၆ဝ)ကျော် ရှိပါတယ်။ ကိုရီးယား နိုင်ငံသူ၊နိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုပြီး နေထိုင်သူ ၇၆ဦး စသည်ဖြင့် ရှိကြပါတယ်။

ကိုရီးယားမှာ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားသား ဦးရေ တိုးပွားလာတာနဲ့ အမျှ ကိုရီးယားနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ အတူဆင်နွဲတဲ့ ပွဲလမ်းသဘင်တွေကို တိုးချဲ့ကျင်းပကြပါတယ်။ ကိုရီးယားနိုင်ငံ အနှံ့မှာ နိုင်ငံခြားသားနဲ့ ပတ်သက်ပြီး ကြီးကျယ် ခမ်းနားစွာ ကျင်းပတဲ့ ပွဲတွေလည်း ပိုပြီး တိုးပွားလာပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ရက်ကနေ ၂၅ရက်နေ့ထိ ကျင်းပခဲ့တဲ့ 2011 Migrant’s Arirang ပွဲကို ကိုရီးယား အဖွဲ့အစည်းတခုက အကူအညီတောင်းလို့ လိုက်သွားပြီး ကူညီပေးခဲ့ရပါတယ်။ ကျနော် ကူညီပေးခဲ့ရတဲ့ ကဏ္ဍက မြန်မာ့ ယဉ်ကျေးမှု၊ အနုပညာ၊ လက်မှုပစ္စည်း၊ အသုံးအဆောင်၊ အဝတ်အထည်တွေကို မဏ္ဍပ်တခုမှာ ပြသပြီး မြန်မာနိုင်ငံ အကြောင်းကို ရှင်းလင်းပြောပြ၊ မြန်မာ့ရိုးရာ ဝတ်စုံတွေကို ဝတ်ကြည့်ချင်သူတွေကို ဝတ်ပေးရပါတယ်။ ပွဲကျင်းပခဲ့တဲ့ နေရာကတော့ ဘူဆန်းမြို့နဲ့ နီးတဲ့ ချန်ဝေါ်န်ဆိုတဲ့ မြို့မှာပါ။ ဂယောင်ဆန်း တောင်ပိုင်းပြည်နယ် မြို့တော်မှာပါ။ ပွဲကျင်းပတဲ့ ကော်မတီကတော့ (၃)ရက်ကျင်းပရာမှာ ပရိတ်သတ် (၁)သိန်းနီးပါး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပွဲကျင်းပတဲ့ ချန်ဝေါ်န်မြို့နဲ့ နီးတဲ့ ဘူဆန်း၊မာဆန်း စတဲ့မြို့က ကိုရီးယားနိုင်ငံသား၊ နိုင်ငံခြားသား ပေါင်းစုံ အတူဆင်နွဲခဲ့ကြပါတယ်။ အဲဒီပွဲမှာ နိုင်ငံတကာ အစားအစာတွေ၊ ယဉ်ကျေးမှုတွေကို ကိုရီးယားလူမျိုးတွေကို အသိပေးတဲ့ ပွဲဆိုလည်း မမှားပါဘူး။ ဖျော်ဖြေရေးမှာလည်း ကိုရီးယား နာမည်ကြီး အဆိုတော်တွေ၊ နိုင်ငံတကာက နာမည်ကြီး အဆိုတော်တွေ(မြန်မာမပါ)၊ နိုင်ငံပေါင်းစုံ ရိုးရာတူရိယာတွေ တီးမှုတ်ခဲ့ကြပါတယ်။ မြန်မာ့ရိုးရာ တူရိယာထဲက ပတ်ဝိုင်း၊ပတ္တလား၊ စောင်းတို့နဲ့ တခြား(၈) နိုင်ငံက ရိုးရာတူရိယာတွေ ပေါင်းပြီး ကိုရီးယား ရိုးရာသီချင်းတွေကို တီးမှုတ်တာ လူတွေ တော်တော် နှစ်သက်ခဲ့ကြတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပြခန်းမဏ္ဍပ်ကို လာရောက် လေ့လာကြည့်ရှုကြတဲ့ ကိုရီးယား လူမျိုးတွေက အသက်အရွယ်အလိုက် မှတ်ချက်ပေးသွားကြပါတယ်။ ငယ်ရွယ်တဲ့ ကလေးငယ်တွေနဲ့ ကျောင်းသားတွေ အများဆုံးကတော့ တူရိယာပစ္စည်းတွေ၊ သနပ်ခါးနဲ့ ပဒေါင်လူမျိုးအကြောင်း စိတ်ဝင်စားကြပါတယ်။ တက္ကသိုလ် ကျောင်းသားအရွယ်ကနေ စပြီး လူကြီးပိုင်းထဲက မြန်မာနိုင်ငံအကြောင်း အနည်းငယ် သိထားတဲ့ လူတွေကတော့ မြန်မာလို့ ဆိုလိုက်တာနဲ့ နှမြောစရာကောင်းတဲ့ နိုင်ငံဆိုပြီး အရင်ဆုံးမှတ်ချက်ပေးပါတယ်။ ရေမြေသံယာဇာတ ပေါတဲ့ နိုင်ငံဟာ အာဏာရှင်တွေကြောင့် ပျက်စီးနေတာ စိတ်မကောင်းကြောင်း အရင်ဆုံး ပြောကြပါတယ်။ တော်တော် လေ့လာထားတဲ့သူတွေကဆို အရင်က မြန်မာနိုင်ငံဟာ ကိုရီးယားနိုင်ငံထက် အဖက်ဖက်က တိုးတက်သာယာတဲ့ နိုင်ငံဖြစ်ကြောင်း၊အာရှ ဘော်လုံးလောကမှာ ဆိုရင်လည်း မြန်မာဟာ ထိပ်တန်းကနေပဲ နေခဲ့ကြောင်းစတဲ့ သူတို့ရဲ့ မြန်မာနိုင်ငံအပေါ် ခံစားချက်အတွေ့အကြုံတွေ ပြောပြကြပါတယ်။

တချို့ကတော့ အခုလို ပွဲမျိုးမှပဲ မြန်မာနိုင်ငံကို သေချာသိခွင့်ရခဲ့တယ်လို့ ပြောကြပါတယ်။ မြန်မာနိုင်ငံလို့ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းနဲ့ အရေးအခင်းတွေ ဖြစ်နေတဲ့ နိုင်ငံလို့ပဲ သိထားတဲ့ သူတွေ ရှိသလို၊ ဘိန်းထွက်များတဲ့ နိုင်ငံလို့လည်း သိထားတဲ့သူလည်း မနည်း တွေ့ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝ အလှ၊ တိုင်းရင်းသားလူမျိုး ပေါင်းစုံ စုပေါင်းနေထိုင်တဲ့ အကြောင်း၊ ချစ်စရာကောင်းတဲ့ မြန်မာဓလေ့ နဲ့ နိုင်ငံရေး အဖြစ်အပျက်တွေကို ကိုရီးယားနဲ့ တခြားနိုင်ငံသားတွေကို ရှင်းပြ၊ပြောပြခွင့် ရခဲ့တဲ့ ပွဲတော်တခု ဆိုလည်း မှားမယ် မထင်ပါဘူးခင်ဗျာ။


ကိုလူချစ်(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, November 24, 2010

တောင်နှင့်မြောက် ကိုရီးယား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား

မြောက်ကိုရီးယားဖက်မှ ပစ်ခတ်မှုကြောင့် မီးခိုးများဖြင့် ဖုံးလွှမ်းနေသော ယောင်ဗြောင်းကျွှန်း

၂ဝ၁ဝခုနှစ် နိုဝင်ဘာလ ၂၃ရက် နေ့လည်ပိုင်းတွင် တောင်နှင့်မြောက် ကိုရီးယားတို့ အကြား လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၃ရက် နေ့လည်ပိုင်းတွင် မြောက်ကိုရီးယား၏ ဂဲမော်ရီ ကမ်းခြေစောင့်တပ်မှ စစ်သင်္ဘောပြစ် အမြောက်များဖြင့် တောင်ကိုရီးယား ဖက်ခြမ်းရှိ ယောင်ဗြောင်းကျွှန်းသို့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တောင်ကိုရီးယား ဖက်ခြမ်းမှလည်း K9 တင့်ကားများဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။ ကိုရီးယားကျွန်းဆွယ် စစ်ပွဲအပြီး နောက်ပိုင်း ပြင်းထန်သည့် တိုက်ပွဲဖြစ်ပြီး အရပ်သားများ နေထိုင်သည့် အိမ်ခြေများကိုပါ ပစ်ခတ်ခံရခြင်း ဖြစ်သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် နိုဝင်ဘာလ ၂၃ရက် နေ့လည် ၂နာရီ ၃၄မိနစ်တွင် မြောက်ကိုရီးယား၏ ဂဲမော်ရီ ကမ်းခြေစောင့်တပ်မှ စစ်သင်္ဘောပြစ် အမြောက်များဖြင့် အချက်(၅ဝ)ကျော်ခန့် တောင်ကိုရီးယား ဖက်ခြမ်းရှိ ယောင်ဗြောင်းကျွှန်းသို့ စတင်ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ကျုးကျော်ပြစ်ခတ်မှုအား တောင်ကိုရီးယားဖက်မှလည်း K9 တင့်ကားများဖြင့် အချက်(၈ဝ)ကျော်ခန့် ပြန်လည်တုန့်ပြန် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ပါရှိသည်။ မြောက်ကိုရီးယား ဖက်ခြမ်းမှ ထုတ်ပြန်မှုမှာမှု တောင်ကိုရီးယား ဖက်ခြမ်းမှ စတင်မှုကြောင့် ပြန်လည် ပြစ်ခတ်ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။ မြောက်ကိုရီးယား စစ်တပ်၏ ရုပ်မြင်သံကြားမှ တဆင့် ထုတ်ပြန်ချက်အရ တောင်ကိုရီးယား စစ်တပ်သည် မြောက်ကိုရီးယားသို့ တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေပြီး နိုဝင်ဘာလ ၂၃ရက် မနက်ပိုင်းက မိမိတို့ ပိုင်နက်ထဲသို့ တောင်ကိုရီးယားမှ စတင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယား ဖက်ခြမ်းသို့ တောင်ကိုရီးယား စစ်တပ်ဖက်မှ ဝ.ဝဝ၁ မီလီမီတာမျှ ကျုးကျော်လာခြင်း ကိုမှု သည်းခံလိမ့်မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုထုတ်ပြန်ချက်အား တောင်ကိုရီးယား စစ်တပ်မှ မှန်ကန်မှု မရှိကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။တောင်ကိုရီးယား စစ်တပ်သည် နိုဝင်ဘာလ ၂၃ရက် မနက် ၁ဝနာရီ ၁၅မိနစ်မှ နေ့လည် ၂နာရီ ၂၅မိနစ် အထိ အမြောက်ပစ် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် တောင်ကိုရီးယား စစ်တပ်မှ မြောက်ကိုရီးယားသည် ထိုလေ့ကျင့်မှုကို အခြေခံ၍ တိုက်ခိုက်ခြင်း မဟုတ်ပဲ တစ်ဖက်သတ် ကျုးကျော်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ထုတ်ဖော်ပြောကြားသည်။ ထို့အပြင် အမြောက်ပစ် လေ့ကျင့်ရာတွင်လည်း မြောက်ကိုရီးယား ဖက်ခြမ်းသို့ ဦးတည် ပစ်ခတ်ခြင်း လုံးဝမရှိပဲ မိမိတို့ ရေပိုင်နက် အတွင်းကိုသာ ပစ်ခတ် လေ့ကျင့်ခဲ့ကြောင်းကိုပါ ထုတ်ဖော်ပြောကြားသည်။

အဆိုပါ အပြန်အလှန် ပစ်ခတ်မှုသည် နိုဝင်ဘာလ ၂၃ရက် နေ့လည် ၂နာရီ ၃၄မိနစ်တွင် မြောက်ကိုရီးယားမှ စစ်သင်္ဘောပြစ် အမြောက်များဖြင့် စတင်ပြစ်ခတ်ခဲ့ပြီး နေ့လည် ၂နာရီ ၄၉မိနစ်တွင် တောင်ကိုရီးယား ဖက်ခြမ်းမှ K9 တင့်ကားများဖြင့် ပြန်လည် ပြစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ထိုနောက် တောင်ကိုရီးယားဖက်မှ နေ့လည် ၃နာရီ မိနစ် ၄ဝတွင် F16 တိုက်လေယာဉ်များ စေလွှတ် စောင့်ကြည့်ခဲ့ပြီး နေ့လည် ၃နာရီ ၄၁မိနစ်တွင် မြောက်ကိုရီးယား ဖက်ခြမ်းသို့ ယောင်ဗြောင်းကျွှန်းအား ကျုးကျော်တိုက်ခိုက်မှုအား ချက်ခြင်း ရပ်ဆိုင်းရန် သတိပေး ပြောကြားခဲ့သည်။ ထို အပြန်အလှန် ပြစ်ခတ်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယား သမတ အီမြောင်ဘတ်မှ ထပ်မံကျုးကျော် တိုက်ခိုက်လာပါက ထိုကျုးကျော်မှုထက် များပြားသည့် တုန့်ပြန်မှုများ ပြုလုပ်ရန် တောင်ကိုရီးယား စစ်တပ်အား အမိန့်ပေးထားပြီး ဖြစ်သည်။ ထို့အပြင် အီမြောင်ဘတ်မှ ထိုသို့ ပစ်ခတ်မှုသည် တောင်ကိုရီယား ဖက်ခြမ်းသို့ ကျုးကျော် ရန်မှုခြင်း ဖြစ်ကြောင်း၊စစ်တပ်အချင်းချင်း မဟုတ်ပဲ သာမန် အရပ်သားများ နေထိုင်သည့် နေရာများသို့ပါ ပစ်ခတ်ခြင်းကို မိမိအနေဖြင့် လုံးဝ သည်းမခံနိုင်ကြောင်းအား အစိုးရ ထိပ်တန်း အရာရှိများနှင့် ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် ပြောကြားသွားသည်။

ကမ္ဘာ့နိုင်ငံ အသီးသီးမှလည်း မြောက်ကိုရီးယားအား ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး နိုင်ငံတကာ သတင်းဌာန ပေါင်းစုံမှလည်း အထူးသတင်းအဖြစ် ထုတ်လွှင့်ခဲ့ကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှလည်း ထိုကိစ္စအား အမြန်ဆုံး အရေးပေါ် အစည်းအဝေး ခေါ်ယူ ဆွေးနွေးသွားရန် ပြင်ဆင်နေသည် ဟုလည်း သိရှိရသည်။ ထိုသို့ အပြန်အလှန် ပစ်ခတ်မှုများကြောင့် တောင်ကိုရီးယား ဖက်မှ မရိမ်းတပ်သား ၁ဦးနှင့် တပ်ကြပ် ၁ဦး ကျဆုံးပြီး မရိမ်းတပ်သား ၁၅ဦး နှင့် အရပ်သား ၃ဦး ဒဏ်ရာ ရရှိခဲ့သည်။ ယောင်ဗြောင်း ကျွှန်းတွင် နေထိုင်သူများ အနက်မှ ၄ဝဝဝခန့်သည် ငါးဖမ်း သင်္ဘောများဖြင့် အင်ချွှန်းဆိပ်ကမ်းသို့ တိမ်းရှောင်ခဲ့ကြသည်။တောင်ကိုရီးယား နိုင်ငံ၏ ယောင်ဗြောင်းကျွှန်းသည် မြောက်ကိုရီးယား ကမ်းခြေစောင့်တပ်များနှင့် အနီးဆုံး ကျွှန်း၁ခု ဖြစ်ပြီး ၁၉၉၉ခုနှစ် ဇွန်လ ၁၅ရက်နှင့် တောင်ကိုရီးယားတွင် ကမ္ဘာ့ဖလား ဘော်လုံးပွဲ ကျင်းပနေသည့် ၂ဝဝ၂ခုနှစ် ဇွန်လ ၂၉ရက် နေ့တို့ကလည်း ယောင်ဗြောင်းကျွှန်း အနီး ပင်လယ်တွင် တောင်ကိုရီးယား စစ်သင်္ဘောများနှင့် မြောက်ကိုရီးယား စစ်သင်္ဘောများ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ဖူးသည်။

တောင်ကိုရီးယား နိုင်ငံတွင် ထုတ်လွှတ်ပြသနေသော ရုပ်မြင်သံကြား သတင်းများနှင့် အင်တာနက် မီဒီယာများအား ကိုးကား ဘာသာပြန်ဆိုပါသည်။

ကိုလူချစ်(ကိုရီးယား)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, August 23, 2010

တူညီသော အလုပ်သမား အခွင့်အရေးကို တူးဆွကြည့်ခြင်း(၁)

အလုပ်သမားချင်းအတူတူ
မိတ်ဆွေတစ်ဦးကပြောတယ် ။ တူညီတဲ့အခွင့်အရေးလိုချင်ပါတယ် ။ သက်ဆိုင်ရာသို့ တင်ပြပေးပါ ခင်ဗျားတဲ့ ။ ကျနော်နှင့် ရပ်ဆွေရပ်မျိုးပါပဲ ။ ဟိုး ၊ ကိုရီးယားတောင်ပိုင်းကိုရောက်တာ ၊ အဲသည်မှာ ၁ နှစ်နေပြီး သည်ဖက် ဘူချောန်း ဘူဖြောင်းဘက်မှာနေချင်လို့ ဆိုပြီးပြောင်းလာတာပါ ။ အလုပ်ရှာတာ ၁ လကျော်ကြာလာသတဲ့ ။ စိတ်ကြိုက်မတွေ့နိုင်ဘူးလို့ဆိုတယ် ။ ကြိုက်တဲ့ စက်ရုံတွေ့ပြန်တော့ ၊ လုပ်သက်ဆုကြေးခံစားခွင့်မပေးတဲ့ စက်ရုံတွေဖြစ်နေတာမို့ ၊ သူကအဲသလို ငြီးချင်းဆိုလိုက်တာပါ ။
“ အလုပ်သမားတွေ အချင်းချင်း ၊ ၁ နှစ်ပြည့်အောင်အလုပ်လုပ်ရတာခြင်းအတူတူ ၅ ယောက်ရှိမှ လုပ်သက်ဆုကြေးခံစားခွင့်ရှိတာတော့ မဟုတ်သေးပါဘူးဗျာ ။ အလုပ်သမား တစ်ယောက်ပဲရှိရှိ ၊ ၂ ယောက်ပဲရှိရှိ ၊ လုပ်သက် ၁ နှစ် ပြည့်တာနှင့် ၊ လုပ်သက်ဆုကြေး ခံစားခွင့်ပေးသင့်တယ်လို့ ထင်ပါတယ်ဗျာ ။ အဲဒါ ကျနော်ကတော့ အလုပ်သမားအချင်းချင်း အလုပ်လုပ်ရတာခြင်းအတူတူ ၊ တူညီတဲ့အခွင့်အရေးလိုချင်တယ်ဗျာ ။ သက်ဆိုင်ရာကိုတင်ပြပေးပါ ”လို့ ဆိုလိုက်တာဗျ ။

ကျနော်တို့ လိုချင်တာတွေရဖို့
အရေးကြီးတာက ကျနော်တို့ရဲ့ လိုလားချက် ၊ ကျနော်တို့ရဲ့ လိုအင်တွေ ပြည့်ဝဖို့ ဆိုရင် ၊ ကျနော်တို့ရဲ့ တင်ပြချက်များဟာ ဥပဒေ (Law) အဖြစ်ရောက်ရှိသွားဖို့လိုပါမယ် ။ ကျနော်တို့ရဲ့ တင်ပြချက်တွေ ကို ဥပဒေကြမ်း (Bill) အဖြစ် ပြုစုပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်များလက်ထဲရောက်ဖို့လိုပါမယ် ။ ဥပဒေကြမ်းကို လွတ်တော်ကို တင်ပြခွင့်ရှိတဲ့ ၊ ဥပဒေကြမ်းကို အတည်ပြုရာမှာ ထောက်ခံမဲပေးကြရတဲ့ ၊ လွတ်တော်အမတ်မင်းများ သိရှိလက်ခံသွားဖို့ အရေးကြီးပါတယ် ။

လူနေမှုစနစ်တစ်ခုကိုပင် ပြောင်းလဲပေးနိုင်မယ့်သူတွေ
ကိုရီးယားလွတ်တော်မှာ ကျနော်တို့ တင်ပြချက်တွေကို ဂရုတစိုက်နားထောင်ပေးမယ့် ၊ ကျနော်တို့အလုပ်သမားဘဝကို အပြည့်အဝ နားလည်မှုပေးနိုင်မယ့် လွတ်တော်အမတ် ဘယ်နှယောက်ရှိပါသလဲ ။
လွတ်တော်အမတ်တွေဆိုတာ အလုပ်သမားတွေရဲ့ဘဝ ၊ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေးဘဝတစ်ခုလုံး ၊ လူနေမှုစနစ်တစ်ခုလုံးကို အပြောင်းအလဲ ဖြစ်သွားအောင် လုပ်ပေးနိုင်စွမ်းရှိတဲ့ သူတွေဖြစ်တယ် ဆိုတာကိုရော ကျနော်တို့သိပါသလား ။

ကျနော်တို့ ဆောင်ရွက်နိုင်တာတွေ
ကျနော်တို့တစ်တွေက နိုင်ငံခြားသားအလုပ်သမားတွေမို့ ၊ မဲပေးပိုင်ခွင့်မရှိဘူးဆိုတော့ ၊ ဒီကိစ္စမတတ်နိုင်ပါ ။ ဒါပေမယ့် ကျနော်တို့လုပ်နိုင်တာတွေရှိပါတယ် ။ ဘဝတူ ကိုရီးယား အလုပ်သမားတွေနှင့် ၊ ကိုရီးယားအလုပ်သမားတွေရဲ့အကျိုးကိုလိုလားတဲ့ ပုဂ္ဂိုလ်တွေနှင့် ကျနော်တို့ မဟာမိတ်ဖွဲ့လို့ရတယ် ။ သူတို့တစ်တွေနှင့် ကျနော်တို့ ပူးပေါင်းဆောင်ရွက်ခွင့်ရှိနေပါတယ် ။ အလုပ်သမားသမဂ္ဂတွေမှာ ပါဝင်ခွင့်ရှိနေပါတယ် ။

ကျီးကို ဘုတ်မသိ ၊ ဘုတ်ကိုလည်းကျီးက မသိ
ကိုရီးယား ကုန်တင်ကုန်ချ အလုပ်သမားတွေရဲ့ လုပ်ခတိုးမြှင့်ရေး လှုပ်ရှားမှု ၊ ယာယီအလုပ်သမားများ (Bi-jeong-gyu-jik) ခန့်ထားရေးဥပဒေ ပြင်ဆင်ရေးလှုပ်ရှားမှု ၊ နဂါးနှစ်ကောင် (Ssang Yong) မော်တော်ကား အလုပ်သမားများ အလုပ်ဆက်လက် ခန့်ထားရေးလှုပ်ရှားမှု စတဲ့ အလုပ်သမား လှုပ်ရှားမှုတွေမှာ ကျနော်တို့ ဘယ်နှခါများ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပါသလဲ ။ အလုပ်သမားသပိတ် ဆိုတာ ကျနော်တို့နှင့် မဆိုင်ဘူး ၊ ကျနော်တို့ကိစ္စမဟုတ်ဘူးလို့ဘဲ ထင်နေကြတာမဟုတ်ဘူးလား ။
ကိုရီးယားအလုပ်သမားကိစ္စဟာ ကျနော်တို့နှင့် မဆိုင်ဘူးဆိုပြီး ယူဆထားကြတာမဟုတ်လား ။
အဲဒီလိုပဲ ကိုရီးယားအလုပ်သမားတော်တော်များများကလည်း နိုင်ငံခြားသားအလုပ်သမားကိစ္စဟာ သူတို့နှင့်မဆိုင်ဘူးလို့ အယူရှိနေကြတာဗျ ။

လုပ်ခတိုးမြှင့်ရေးလှုပ်ရှားမှုတွေကို ထိန်းချုပ်ထားဖို့
နိုင်ငံခြားသားအလုပ်သမား ငှားရမ်းခွင့်စနစ်တွေဆိုတာ ကိုရီးယားဒေသခံအလုပ်သမားတွေနှင့် နိုင်ငံခြားသားအလုပ်သမားတွေကို လုပ်အားခချင်း ပြိုင်စေဖို့ (လုပ်အားခ အပြိုင်လျှော့ပြီးခိုင်းဖို့) ၊ မင်းတို့ ဒီလုပ်ခနှင့် မလုပ်နိုင်ရင် သူတို့ (နိုင်ငံခြားသားတွေ) ဝင်လုပ်သွားလိမ့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် ဖန်တီးထားတဲ့ စနစ်ဆိုတာကို သဘောပေါက်တဲ့ ကိုရီးယားအလုပ်သမားရော ဘယ်နှယောက်ရှိပါသလဲ ။

အလုပ်သမားလူတန်းစားဆိုတာ အားလုံးအတူတူပါပဲလားဆိုတဲ့ ခံယူချက်အသိမျိုး ရှိနေတဲ့ အလုပ်သမားများ များများစားစားမရှိသေးသ၍ကာလပတ်လုံး ကျနော်တို့ အလုပ်သမားတွေ ခံပြီးရင်ခံနေကြရဦးမှာပဲလို့ သိထားအပ်တယ်လို့ ယူဆပါတယ် ။

ခရီးသွားဟန်လွဲ ဆိုသလိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့လို
ကိုရီးယားအလုပ်သမားသမဂ္ဂလှုပ်ရှားမှုတွေမှာ ကျနော်တို့ နိုင်ငံခြားသားအလုပ်သမားတွေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်အားပေးဖို့လိုမှာဖြစ်သလို ၊ ကျနော်တို့ နိုင်ငံခြားသား အလုပ်သမား တွေရဲ့ လှုပ်ရှားမှုတွေမှာလည်း ကိုရီးယားအလုပ်သမားတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါလိမ့်မယ် ။
ကျနော်တို့ အလုပ်အားချိန်များမှာ ၊ ကိုရီးယားအလုပ်သမားလှုပ်ရှားမှု တစ်ခုနှင့် ကြုံခဲ့မယ်ဆို ကျနော်တို့ သွားရင်ဟန်လွဲဆိုတာမျိုးလို ၊ ခဏတဖြုတ်ဖြစ်ဖြစ်ပူးပေါင်းပါဝင်လိုက်တာမျိုး ၊ ကမ္ဘာ့အလုပ်သမားနေ့ ချီတက်ပွဲစတာမျိုးမှာ ပါဝင်ဆောင်ရွက်ဖို့တော့လိုလိမ့်မယ်ထင်ပါတယ် ။

အစိုးရများဆန့်ကျင်တော်လှန်ရေး လုပ်နေခြင်း မဟုတ်
အဲသလို အလုပ်သမားအရေးတွေမှာ ပူးပေါင်းဆောင်ရွက်တာဟာ မြန်မာအစိုးရကို ဆန့်ကျင်တော်လှန်နေတာမဟုတ်သလို ၊ ကိုရီးယားအစိုးရကို ပုန်ကန်နေတာလည်းမဟုတ်ဘူး ။ အလုပ်သမားဥပဒေက ခွင့်ပြုထားတာကို ဥပဒေအရ ငြိမ်းချမ်းစွာ ပါဝင်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးအလုပ် ၊ ကမ္ဘာ့ ဆင်းရဲ ချမ်းသာမှု အကွာအဟ လျှော့နည်းရေး ဆောင်ရွက်မှုဖြစ်တယ် ဆိုတာကိုလည်း သိထားဖို့ လိုမယ်လို့ ယူဆပါတယ် ။

တစ်ဦးဆောင်သော်မရ ၊ တစ်သောင်းဆောင်သော်ရ၏
ကျနော်တို့ တစ်ယောက်ချင်းမှာ အာဏာပါဝါမရှိကြပေမယ့် ကျနော်တို့ စုပေါင်းလိုက်ရင် အင်အားဖြစ်သွားတယ်ဆိုတာ ယုံကြည်နေဖို့ ၊ သိနေဖို့ လိုလိမ့်မယ်ထင်ပါတယ် ။ ကမ္ဘာမှာ အလုပ်သမားတွေ ညီညွှတ်ခဲ့လို့ စနစ်တွေ ခေတ်တွေ ပြောင်းခဲ့ဖူးတာ သမိုင်းရှိနေတယ် ။
ကျနော်တို့ အလုပ်သမားဘဝ နောက်ကျပြီး ကျန်မနေရစ်ဖို့ ၊ ကျနော်တို့တစ်တွေ အစုအဝေးနှင့် ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေ ထုံမွမ်းနေဖို့ လိုလိမ့်မယ် ။

နောက်လိုက်ကောင်းဖြစ်အောင်
ခေါင်းဆောင်ကောင်းတွေကိုချည်း ကျနော်တို့ မျှော်လင့်နေဖို့မဟုတ်ဘူး ။ ကျနော်တို့ကိုတိုင်လည်း နောက်လိုက်ကောင်းတွေဖြစ်ဖို့လိုသတဲ့ဗျ ။ ဟားဗတ်တက္ကသိုလ်က ပါမောက္ခ Barbara Kellerman က သူမရဲ့ How Followers Are Creating Change and Changing Leader မှာ ဖော်ပြထားတာက နောက်လိုက် ၅ မျိုး ရှိသတဲ့ဗျ ။
- ဘာသိဘာသာ နေတတ်တဲ့ သူတွေ (Isolates)
- ဘေးကရပ်ကြည့်နေတတ်တဲ့သူတွေ (Bystanders)
- ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သူတွေ(Participants)
- တက်ကြွလှုပ်ရှားသူတွေ(Activists)
- အစဉ်အလာသမားတွေ(Diehards) တဲ့ဗျ ။

နောက်လိုက်မှုပညာမှာ တက်ကြွလှုပ်ရှားသူတွေ (Activitists) မဟုတ်ရင်တောင် ပူးပေါင်း ပါဝင် ဆောင်ရွက်တတ်သူတွေ(Participants) ဖြစ်ဖို့တော့ လိုပါလိမ့်မယ် ။ အဓိကကျတဲ့ အချက်တစ်ခုက ခေါင်းဆောင်ကောင်းတွေရအောင် ကျနော်တို့ တင်မြောက်ပေးနိုင်ဖို့လိုလိမ့်မယ် လို့ ဆရာမောင်ဝံသရဲ့ ဆောင်းပါး တစ်ပုဒ်မှာ ဖတ်လိုက်ရတယ် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 20, 2009

ဘန်ကောက်တွင်ကျင်းပမည့် ကုလသမဂ္ဂ CEDAW နှစ်ပတ်လည် ဓါတ်ပုံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်

ယူအင်ဒီပီ ၊ စက်တင်ဘာ ၉ ။
အမျိုးသမီးများ အပေါ်ခွဲခြားဆက်ဆံမှုများ နှိမ်နှင်းခြင်း ဆိုင်ရာ ညီလာခံ (Convention on the Elimination of All Forms of Discrimination against Women:CEDAW) နှစ်(၃ဝ) ပြည့်အထိမ်းအမှတ်အဖြစ် 'Women can: Women's Rights are Human Rights' ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ ဘန် ကောက်မြို့တွင် ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့၌ကျင်းပမည့် ဓါတ်ပုံပြပွဲသို့ ကမ္ဘာတစ်လွှားမှ ဓါတ်ပုံပညာရှင်နှင့် ဝါသနာရှင်များ ဝင်ရောက်ပေးပို့ ယှဉ်ပြိုင်နိုင်ကြကြောင်း သိရသည် ။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏စီစဉ်မှုဖြင့် Kodak ဖလင်က ပံ့ပိုး ကူညီ ကျင်းပသော အဆိုပါ CEDAW နှစ် (၃ဝ) ပြည့်အထိမ်းအမှတ် ဓာတ်ပုံပြိုင်ပွဲနှင့် ပြပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် Amature (ဝါသနာရှင်) နှင့် Professional (ပညာရှင်) ကဏ္ဍနှစ်ခုစလုံးတွင် ဝင်ရောက် ပေးပို့ ယှဉ်ပြိုင်နိုင်ပြီး ရိုက်ကူးသည့် ဓါတ်ပုံနှင့်စပ်လျဉ်း၍ စာလုံးရေ ၅ဝ ထက် မပိုသော အဓိပ္ပာယ် ရှင်းလင်း ဖော်ပြချက် ပါရှိရန် လိုအပ်ကြောင်း၊ ဓါတ်ပုံတစ်မျိုးထက်မက ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး Digital Format ဖြင့်ဖြစ်စေ၊ Print ထုတ်ပြီးသားဖြင့်ဖြစ်စေ နှစ်သက်ရာ Format ဖြင့် ပေးပို့နိုင်ကြောင်း၊ Color သို့မဟုတ် အဖြူအမည်းနှစ်မျိုးစလုံးဖြင့် ရိုက်ကူးယှဉ်ပြိုင်နိုင်ပြီး Digital ဖြင့်ဖြစ်ပါက Resolution 300 dpi ရှိရမည်ဖြစ်ကာ ဓာတ်ပုံအရွယ်အစားမှာ (A4အရွယ်) 21 cm x 29 cm ရှိရမည်ဖြစ်ကြောင်း၊ Print ထုတ်ထားသည့် ဓာတ်ပုံဖြစ်ပါက မူရင်း ဖလင် သို့မဟုတ် ဆလိုက်ပူးတွဲတင်ပြရန်လိုအပ်ပြီး ဓါတ်ပုံအရွယ်အစားမှာ20 cm x 25 cm မှ21 cm x 25 cm အထိရှိရန် လိုအပ်ကြောင်းနှင့် မည်သည့် မီဒီယာများတွင်မှ ထည့်သွင်း ဖော်ပြဖူးခြင်းမရှိသည့် ဓာတ်ပုံများ ဖြစ်ဖို့ လိုမည်ဟုဆိုသည်။
ရိုက်ကူးရမည့် ဓါတ်ပုံများမှာ အမျိုးသားများနှင့်တန်းတူ အမျိုးသမီးများ အခွင့်အရေးရရှိမှုကို ထင်ဟပ် ပေါ်လွင်စေသည့် လှုပ်ရှားဆောင်ရွက်မှုများကို အသားပေးရိုက်ကူးထားသည့် ဓါတ်ပုံများ (ဥပမာ - သဘာဝဘေးအန္တရာယ် ဖြစ်ပြီးကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အမျိုးသမီးများက အမျိုးသားများနှင့်ရင်ဘောင်တန်းကာတက်ကြွစွာဆောင်ရွက်နေပုံများ၊ ပညာရေး၊ ကျန်းမာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများတွင် အမျိုးသား များနှင့်တန်းတူအခွင့်အရေးရရှိနေမှုများ စသည်တို့) ကို ရိုက်ကူး ပေးပို့ ယှဉ်ပြိုင်ရမည် ဟုလည်း ဆိုသည်။

အဆိုပါဓါတ်ပုံပြိုင်ပွဲတွင် ဆုရသူခုနစ်ဦးအထိ ရွေးချယ်ချီးမြှင့်မည်ဖြစ်ပြီး ၄င်းတို့၏ဓာတ်ပုံလက်ရာများကိုဘန်ကောက်မြို့၌ကျင်းပမည့် ဓါတ်ပုံ ပြပွဲတွင် ခင်းကျင်းပြသမည်ဖြစ်ကြောင်း၊ ဓါတ်ပုံ ပေးပို့ ယှဉ်ပြိုင် လိုသူများသည် အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ကြေညာထားသည်။
အဆိုပါ အမျိုးသမီးများ၏အခွင့်အရေးနှင့်စပ်လျဉ်းသည့် နိုင်ငံတကာ သဘောတူညီမှု ကြေညာချက်စာတမ်း(CEDAW)ကို ၁၉၇၉ ခုနှစ်တွင် ကျင်းပသော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပြီး ၊ ယခုအခါ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ ၉ဝ ရာခိုင်နှုန်းကျော်ဖြစ်သော နိုင်ငံပေါင်း ၁၈၆ နိုင်ငံက တရားဝင် သဘောတူညီလက်မှတ်ရေးထိုးထားကြသည် ဟုဆိုပါသည် ။
ဓါတ်ပုံဝင်ရောက်ယှဉ်ပြိုင်ဝင်ရောက်ပေးပို့လိုသူများအနေဖြင့်-
CEDAW Photo Contest;
UNIFEM, UN Building,
5th Floor, Block B,
Rajdamnern Nok Avenue,
Bangkok , 10200 ,Thailand သို့ စာဖြင့် ၊ သို့မဟုတ် cedawphoto@cedawpho-tocontest.org, သို့ အီးမေးလ်ဖြင့် ပေးပို့ရန်နှင့် အသေးစိတ်သိလိုသူများ http://www.cedawphotocontest.org/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။


Ref:
http://www.unct.org.bt/wp-content/uploads/2009/09/cedaw-photo-contest-brochure_final.pdf
http://www.acfid.asn.au/30years-cedaw-photo-comp
http://www.cedawphotocontest.org/
Voice Weekly Journal (5-46)
http://cedaw-seasia.org/faq.html

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, August 31, 2009

တောင်ကိုရီးယားတွင် ဖလူ-၂၀၀၉ ပိုး ထိသူ သုံးထောင်ကျော် ၊ သေဆုံးသူ ၃ ဦးရှိပြီ

ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ သြဂုတ် ၃၁


(A/H1N1) ဟုအမည်သစ် တွင်နေသည့် ဖလူ -၂၀၀၉ရောဂါဖြင့် ကိုရီးယားပြည်တွင်းတွင် တတိယမြောက် သေဆုံးမှု ပေါ်ပေါက်ခဲ့ကြောင်း သိရသည် ။ သြဂုတ်၂၇ ရက်နေ့က ၊ ကူးစက်ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနသည် ဆောအူးလ်မြို့တော်နေ အသက် ၆၇နှစ် အရွယ် အမျိုးသား တစ်ဦး ရောဂါကူးစက်ခံရပြီး အဆုပ်တွင်ဆက်လက်ဖြစ်ပွါးသော ရောဂါဖြင့် သေဆုံးသွားကြောင်း ကြေညာခဲ့ပါသည် ။

သြဂုတ်လ ၁၆ ရက်နေ့က ၊ အသက် ၆၃ နှစ်ရှိ ဒုတိယလူနာ သေဆုံးမှုဖြစ်ပွါးခဲ့ပြီး ၁၁ ရက်အကြာတွင် ထိုသို့ တတိယမြောက် သေဆုံးသူ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟုဆိုသည် ။ အဆိုပါလူနာသည် ၁၀ နှစ်ခန့် ကတည်းက ပန်းနာရင်ကြပ် ရောဂါ ခံစားနေရသူ ဖြစ်ပြီး ၊ လွန်ခဲ့သော တစ်လနီးပါးမှစ၍ ချောင်းဆိုး သလိပ်ထွက်ခြင်းများ ဖြစ်နေခဲ့သော်လည်း ကုသမှုကို အထူးတလည် ခံယူခြင်းမရှိခဲ့ကြောင်း ၊ ၁၈ ရက်နေ့တွင် အသက်ရှုရခက်သည့် အနေအထား ဖြစ်လာသဖြင့် ၊ ရပ်ကွက်တွင်း ဆေးခန်းတွင် ပြသ၍ ကုသမှုခံယူခဲ့ကြောင်း ၊ ၂၅ ရက်နေ့မနက် ၄ နာရီ ၄၀ မိနစ် အချိန်တွင်မူ အခြေအနေဆိုးရွားလာသဖြင့် ၊ ဆောအူးလ်မြို့ တက္ကသိုလ်ဆေးရုံတစ်ခုသို့ အရေးပေါ်လူနာအဖြစ် ပို့ဆောင် ခဲ့ကြောင်း ၊ အရေးကြီး လူနာခန်းသို့ပို့ဆောင်ခဲ့ပြီး အသက်ရှူကိရိယာဖြင့် အသက်ရှူစေခဲ့ကြောင်း ၂၆ ရက်နေ့တွင် အသေးစိတ်စစ်ဆေးရာ ၊ ဖလူ-၂၀၀၉ ရောဂါ (A/H1N1) ဗိုင်းရပ်စ်ပိုး တွေ့ရသဖြင့် ၊ တာမီဖလူခေါ် ဖလူရောဂါအသစ် (A/H1N1) တိုက်ခိုက်ရေးဆေးကို ထိုးနှံပေးခဲ့ကြောင်း ၊ အခြေအနေ ပြန်မကောင်းလာတော့ဘဲ ရုတ်တရက် အမောဖေါက်လာပြီး ၊ ၂၇ ရက်နေ့ နံနက် ၈နာရီ ၄၇ မိနစ်တွင် ထိတ်လန့် သေဆုံးသွားကြောင်း သိရသည် ။


ဆေးရုံမှ တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ ၊ အဆိုပါလူနာ၏ မိသားစုဝင်များအား အသေးစိတ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၊ ဖလူ-၂၀၀၉ ရောဂါ (A/H1N1) ဗိုင်းရပ်စ်ပိုး မတွေ့ရှိရကြောင်းသိရသည် ။ အဆိုပါလူနာ၏ ဗိုင်းရပ်ပိုးကူးစက်ခံရမှုလမ်းကြောင်းကို မသိရှိရဟုဆိုသည် ။ သေဆုံးသူမှာ နိုင်ငံခြားခရီးသွားခဲ့ဖူးခြင်းမရှိကြောင်းနှင့် ၊ ပြည်တွင်း ပါတ်ဝန်းကျင် လူမှုအသိုက်အဝန်းမှ ကူးစက်လာဖွယ်ရှိကြောင်း ၊ ကိုရီးယား ပြည်တွင်းတွင် ဖလူ-၂၀၀၉ ရောဂါ (A/H1N1) ဗိုင်းရပ် ကူးစက်ခံရသူစုစုပေါင်းမှာ ၊ သြဂုတ် ၂၇ ရက်နေ့ထိ ၃၇၀၅ ယောက်ရှိခဲ့ပြီဟုဆိုသည် ။

ကိုရီးယားကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်မူ ၆၅ နှစ်အထက် လူကြီိးများ ၊ နာတာရှည်ရောဂါသည်များ ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၅၉လအောက်ကလေးများ ကို အဆိုပါရောဂါပိုး မကူးစက်စေရေး အထူးဂရုပြုကြရန် သတိပေးထားသည် ။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ခန့်မှန်းချက်အရ ၊ ကမ္ဘာပေါ်ရှိ လူပေါင်း ၁,၈ဝဝ ကျော် အသက် ဆုံးရှုံးရပြီးဖြစ်သော ကမ္ဘာ့လူတုပ်ကွေး (A/H1N1) ရောဂါ ကူးစက် ပြန့်ပွားမှု နှုန်းမှာ လာမည့်လ အနည်းငယ်အတွင်း အလွန် လျင်မြန် တိုးပွားကာ ရောဂါ ပေါက်ကွဲမှု ဖြစ်တော့မည်ဟု Xinhua သတင်း ဖော်ပြချက်အရ သိရသည် ။ (A/H1N1) ရောဂါ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု နှုန်းသည် လာမည့် ဆောင်း ရာသီတွင် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်မားလာဖွယ်ရှိကြောင်း ၊ ကမ္ဘာ့နိုင်ငံ အများစုတွင် ဆောင်းရာသီ အတွင်း အဆိုပါ ရောဂါ ပြန့်ပွားမှုနှုန်းသည် သုံး ရက် သို့မဟုတ် လေး ရက်ကြာတိုင်း နှစ်ဆ တိုးပွား လာဖွယ်ရှိကြောင်း ၊ သို့ဖြစ်၍ အစိုးရ အသီးသီးအနေဖြင့် (A/H1N1) ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ကြိုတင် ပြင်ဆင်ထားရန် လိုအပ်နေပြီ ဖြစ်ကြောင်း WHO မှ ပစိဖိတ် အနောက်ပိုင်း ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Shin Young-Soo ကပြောကြားသည် ။

WHO အနေဖြင့် လွန်ခဲ့သော နှစ်လ ခန့်ကပင် (A/H1N1) ရောဂါကို ကမ္ဘာ့ ကပ်ရောဂါအဖြစ် သတ်မှတ် ကြေညာထားပြီး ဖြစ်သည် ။ ယခုအခါ အမေရိကန် ပြည်ထောင်စုတွင် ရက်သတ္တ တစ်ပတ်လျှင် လူ ၅ဝဝ နီးပါး အဆိုပါ ရောဂါ ကူးစက်ခံရလျက်ရှိသည် ။ အမေရိကန်၊ နယူးယောက်မြို့တော်တွင် မြို့တော်သူမြို့တော်သား အားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်ဖြစ်သော ပြည်သူ၈သိန်းကျော်တို့က အဆိုပါ (A/H1N1) ရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးဖြစ်သည်ဟုဆိုသည် ။
သြဂုတ်လ ၂၈ ရက်နေ့ ကမ္ဘာအရပ်ရပ်ရှိနိုင်ငံများ (A/H1N1) ရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွါးမှုနှင့် သေဆုံးမှုအခြေအနေမှာ (နှိပ်) အတိုင်းဖြစ်ကြောင်း သိရသည် ။
ကမ္ဘာ့ဆေးလောကတွင်Influenza pandemic (H1N1) 2009 virus ဟု အမည်တွင် ခဲ့သည့် တုပ်ကွေး ကပ်ရောဂါ ဗိုင်းရပ်စ်ပိုးကို influenza A (H1N1) virus ဟုအမည်သစ်ပေးထားကြောင်းသိရသည် ။




ရည်ညွှန်းချက်များ-
၁။ Xinhua Aug 28,2009.
၂။ Joong Ang Ilbo (13877/43), Aug 28,2009.
၃။ http://www.wpro.who.int/health_topics/h1n1/
၎။ http://news.jknews.co.kr/today/news/20090831/6401984.htm
၅။ http://www.ecdc.europa.eu/en/


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>