Showing posts with label ဟန်းဂုရွာစာတိုက်. Show all posts
Showing posts with label ဟန်းဂုရွာစာတိုက်. Show all posts

Friday, April 20, 2012

ချစ်ကောင်းစံ အမြန်ဆုံးဆက်သွယ်ပါ

ချစ်ကောင်းစံ အမြန်ဆုံးဆက်သွယ်ပါ
ချစ်ကောင်းစံ ၊ မင်းအမေစိတ်ပူနေတယ်။
010-2331-2457 ထံ အမြန်ဆုံးဆက်သွယ်ပါ ။
010-2331-2457

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 17, 2012

အလုပ်ခွင်ထိခိုက်မှု လျော်ကြေးအာမခံ နှင့် အလုပ်နားထောက်ပံ့ကြေး ဘယ်လိုပတ်သက်သလဲ

Hanwinmaw ရဲ့ အီးမေးလ်
ကိုဝိုင်း ခင်ဗျာ

ကျွန်တော် က Busan, Gijang, Jeonggwan မှာရှိတဲ့ ဂျွန်ချော၇ီ လို့ခေါ်တဲ့ သံချောင်းတွေ ၊သံတွေကို သံချေးချွတ် ဆေးမှုတ်ပေးရတဲ့ စက်ရုံမှာလုပ်နေပါတယ်။ ကျွန်တော် ဒီစက်၇ုံကိုရောက်တာ မကြာသေးပါဘူး ၁၂ လပိုင်း ကုန်လောက်က ရောက်လာတာပါ ၁ လပိုင်း ၃၀ ရက်နေ့ က ပိုက်နဲ့ ခြေဖမိုးကို ရိုက်မိလို့ ဆေးခန်းသွားပြတော့ ဆရာဝန်က ခြေမကိုသွားတဲ့ အရိုး အက်သွားတာဆိုပြီး ကျောက်ပတ်တီးစီးပေးပြီး ခု ၃လပိုင်း ၁၃ ရက် အင်္ဂါနေ့ က ပတ်တီးဖြေပေးပါတယ်၊ နားရက်က ၁လခွဲလောက်ကြာသွားပါတယ်။ ဆေးခန်းသွားပြတော့ ကျွန်တော်မှာအရင် စက်ရုံက လုပ်ပေးလိုက်တဲ့ samsung ကျန်းမာရေး အာမခံကဒ်နဲ့ ပြပါတယ်.. ကုမ္မဏီကပဲလိုက်ပို့ပေးပါတယ်..

ကျွန်တော်သိချင်တာက အကိုရယ် ဒီလိုထိခိုက်ခံရမှုနဲ့ပတ်သက်ပြီး အလုပ်သမားဘက်က ခံစားခွင့်လေးသိချင်ပါတယ်၊ အခြားသူတွေပြောတော့ စက်ရုံမှာ ထိခိုက်ဒဏ်ရာရတဲ့အတွက် အခြေခံလစာရဲ့ ၇၀ % ရ မယ်လို့ပြောပါတယ်... ဒါပေမဲ့ မနေ့က လစာ ထုတ်ကျတော့ ကျွန်တော်မှာ တပြားမှမရပါဘူး.. သူငယ်ချင်းက ကုမ္မဏီကိုမေးတော့ samsung က ထည့်ပေးရမှာ သူတို့နဲ့မဆိုင်ဘူး လို့ပြောပါတယ်တဲ့.. ကျွန်တော်သိချင်တာက အကိုရယ် ဒီလိုထိခိုက်ဒဏ်ရာရလာရင် ကုမ္မဏီကဘယ်လိုဆောင်ရွက်ပေးရတယ် samsung လို အာမခံတွေက ဘယ်လိုဆောင်ရွက်ပေးတာရယ် အဲလို အာမခံမထားတဲ့သူတွေဆိုရင် ဘယ်လို ဆိုတာလေး အကို့ အနေနဲ့ ကျွန်တော်ရော အားလုံးသော ရွှေညီအကို တွေ ပါသိသွားအောင် ကူညီပေးပါလို့ တောင်းခံအပ်ပါတယ်.....

လေးစားစွာဖြင့်

ဟန်ဝင်းမော်
ဟန်ဂုရွာ ပရိတ်သက်တဦး
<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>>>>>>>>>>

ဟန်ဝင်းမော် နှင့် ရွာသူရွာသားများအတွက် ကိုဝိုင်း (မိုးညှင်း) ကြိုးစားပြီး ဖြေကြည့်ပါမယ် ။

အဓိက အာမခံကြီး ၄မျိုး (4 Major Insurance)
ကိုရီးယားနိုင်ငံအတွင်း ရောက်ရှိ မှီတင်းနေထိုင်ကြတဲ့ လူများ ၊ လူလိုသူလို နေထိုင်ရနိုင်စေဖို့ ၊ ကိုရီးယားအစိုးရက အာမခံစနစ် အစီအစဉ်ဖြင့် အာမခံ(တာဝန်ခံ)ထားပါတယ် ။ လူတိုင်း အလိုအလျောက် အကျိုးခံစားခွင့်ရှိတဲ့ အဓိက အာမခံကြီး ၄မျိုး (4 Major Insurance) လို့ခေါ်ပါတယ် ။ အဲတာတွေကတော့ -
- အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance)
- အလုပ်အကိုင် အာမခံ (Employment Insurance) ။
- အမျိုးသား ကျန်းမာရေး အာမခံ (National Health Insurance) နှင့်
- အမျိုးသား အငြိမ်းစားလစာ (National Pension) တို့ဖြစ်ပါတယ် ။

သို့ပေမယ့် ၊ ခြွင်းချက်တွေရှိသတဲ့ဗျ ။ တော်တော်များများက ကျနော်တို့မြန်မာတွေအတွက် ခြွင်းချက် ။ အဲသည်မှာ အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance) ဆိုတာကို တော့ ကျနော်တို့မြန်မာလုပ်သားတွေ( ဝလုံးများအပါအဝင်) ခံစားခွင့်ရှိပါတယ် ။ အာမခံထားသည်ဖြစ်စေမထားသည်ဖြစ်စေ ၊ ခံစားခွင့်ရတဲ့ အာမခံပါ ။ လုပ်ငန်းခွင်မှာ အလုပ်နှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရတယ်ဆိုရင်ပေါ့ဗျာ ။

အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ က ရနိုင်သော အာမခံငွေများ
အဲသည် အလုပ်ခွင်ထိခိုက်မှုလျော်ကြေးအာမခံ (Industrial Accident Compensation Insurance) စနစ်မှာ ခံစားခွင့်ပေးထားတာတွေကတော့ အမျိုးမျိုးပါပဲ ။ ဘာတွေတုန်းဆိုတော့ -
- ဆေးကုစရိတ်
- လူနာစောင့်စရိတ်
- အလုပ်(နား)ထောက်ပံ့စရိတ်
- ယာယီမသန်စွမ်းထောက်ပံ့ကြေး
- မိသားစုထောက်ပံ့စရိတ်
- ဈာပနစရိတ်
- မသန်စွမ်းအငြိမ်းစားလစာ ဆိုပြီး ၇ မျိုးရှိသတဲ့ ဗျ ။

အလုပ်နားထောက်ပံ့စရိတ် (휴업급여)
အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာ ရပြီး ၊ ဆေးရုံတက် ဆေးဝါးကုသမှုခံရတဲ့ ကာလ ၃ ရက်ကျော် ပြီဆိုလျင် ၊ ၄ရက်မြောက်မှစပြီး ဆေးဝါးကုသမှုခံယူနေစဉ် ကာလတစ်လျှောက်လုံး အဲသည် အလုပ်နားထောက်ပံ့ကြေး (အလုပ်နားလစာ) ခံစားခွင့်ရှိသတဲ့ ။ ဆေးရုံတက်ကာလမှာသာ မဟုတ်ဘဲ ၊ အိမ်မှာ ဖြစ်ဖြစ် တစ်နေရာရာမှာဖြစ်ဖြစ် အမှန်တကယ် အလုပ်မလုပ်နိုင်သေးလို့ (နားနေ) ဆေးကုနေရတဲ့ ကာလတစ်လျှောက်လုံး ခံစားခွင့်ရှိတယ်လို့ ဆိုပါတယ် ။

ဆေးဝါးကုသမှုခံရတဲ့ ကာလ ၃ ရက်မကျော်လျင်တော့ အလုပ်နားထောက်ပံ့ကြေးကို အာမခံစနစ်အရ ခံစားခွင့်ပေးမထားပါဘူး ။ သို့သော် စံပြု အလုပ်သမား ဥပဒေ (The Standard Labor Law) အရ တော့ ထောက်ပံ့ကြေး ခံစားခွင့်ပေးထားပါတယ် ။ အလုပ်ရှင်က ပေးရတာပါ ။ 60% ။

အလုပ်နားထောက်ပံ့ကြေး ဘယ်လောက်ရမလဲ
အလုပ်နားထောက်ပံ့ကြေးအဖြစ် ပျမ်းမျှလစာရဲ့ ၇၀ (ခုနစ်ဆယ်) ရာခိုင်နှုန်း ခံစားခွင့်ရှိသတဲ့ ။ အချို့ စက်ရုံတွေက လူလိုသူလို သိတတ်တဲ့ သူဌေးတွေကတော့ နားလည်မှုနှင့် အလုပ်နားထောက်ပံ့ကြေး (လစာ) ကို ပုံမှန်လစာပေးရက်မှာ ကြိုပြီး ထုတ်ပေးထားလေ့ရှိ (လျှောက်ထားငွေထွက်လာချိန် ပြန်လည် ခုနှိမ်ယူ) ပေမယ့် ၊ အတော်များများကတော့ ညီလေး ဟန်ဝင်းမော် လိုမျိုး အာမခံ ကုမ္ပဏီ (ကော်ပိုရေးရှင်း) ဆီက လစာထွက်မှ ပေးတတ်ပါတယ် ။

အလုပ်နားထောက်ပံ့ကြေး(လစာ) ဘယ်လိုလျှောက်မလဲ
အလုပ်နားထောက်ပံ့ကြေးကို ၊ အလုပ်သမား သက်သာချောင်ချိရေးကော်ပိုရေးရှင်း (근로복지공단) ထံမှာ တစ်လတစ်ကြိမ် တောင်းခံလျှောက်ထားယူရတာဖြစ်ပါတယ် ။ ပထမဆုံးအကြိမ်လျှောက်ထားစဉ်မှာတော့ အလုပ်ရှင်ရဲ့ ထောက်ခံချက် လိုအပ်ပြီး နောက်အကြိမ်တွေမှာ တော့ မလိုတော့ပါဘူး ။ စွမ်းနိုင်သူများ ကိုယ်တိုင်လျှောက်ထားနိုင်သလို ၊ မစွမ်းနိုင်သူများကတော့ ကိုယ်စားလှယ်များ (စက်ရုံစာရေး) နှင့် လျှောက်ယူကြရမှာဖြစ်ပါတယ် ။

ပျမ်းမျှလစာတွက်တွက်ချက်မှု အရေးကြီးတာမို့ ၊ လျှောက်လွှာမှာ လက်မှတ်ထိုးခိုင်းတဲ့ အခါ မိမိရဲ့ ပျမ်းမျှလစာမှန်မမှန် စစ်ကြည့်ဖို့လိုပါမယ် ။

ထောက်ပံ့ကြေးခံစားနေစဉ်ကာလ အလုပ်ဖော်များ လစာ(၅ရာခိုင်နှုန်းအထက်) တိုးလျင် မိမိလည်း လစာတိုးတက်ခံစားခွင့်ရှိတယ်လို့ဆိုပါကြောင်းပါခင်ဗျာ ။

လေးစားမှုဖြင့် -

ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် ၊ မတ်လ ၁၇ ရက်

ကြော်ငြာ -
ဓမ္မဒူတယဉ်ကျေးမှုအသင်းက၊အာမခံအကြောင်းသိကောင်းစရာများ(အလုပ်ရုံဆွေးနွေးပွဲ)ပြုလုပ်ရန်၊သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆဲဖြစ်ပါသည်။မကြာမှီပြုလုပ်ပါမည်။ထိုအချိန်၊ဆွေးနွေးပွဲတက်ရောက်ပြီး၊မိတ်ဆွေတို့သိလိုသည်များကို အသေးစိတ်မေးမြန်းတော်မူကြပါ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, February 22, 2012

ကိုရီးယားဘာသာ စေတနာ သင်တန်းများ အခမဲ့ တက်ရောက်နိုင်

ရေးသားသူ — သန်းထွန်းဦး

ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ ကိုရီးယားစာ ကိုရီးယားဘာသာစကားကို လေ့လာသင်ယူလိုပါက든손 ကိုရီးယားဘာသာစကားသင်တန်း ၌ ၂၀၁၂-ဖေဖော်ဝါရီ-၂၆ရက် (တနင်္ဂနွေနေ့) မှစတင် တက်ရောက်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
သင်တန်းကြေး
- အခမဲ့
နေရာ
-ဟန်းဂု နိုင်ငံခြားဘာသာတက္ကသိုလ် (Hankuk University of Foreign Study- 한국외국어대학교 )
အတန်းများ
- အခြေခံ အတန်း ၊ အလယ်တန်း၊ အထက်တန်း
အချိန်
- တနင်္ဂနွေ နေ့လယ်၂ နာရီမှ ၄ နာရီခွဲ အထိ
လမ်းညွှန်
- (ရထား) လိုင်းနံပတ် ၁ (အပြာရင့်ရောင်) Hankuk university of foreign study (외대앞역)ဘူတာ မှ ဆင်း ၊ ထွက်ပေါက် ၁ မှ လမ်း ၅မိနစ်ခန့် လမ်းလျှောက်
ခရီးကြာချိန်
-ဘူဖြောင်းဘူတာမှ 외대앞역 အထိ ၆၇ မိနစ်ခန့်ရထားစီးရမည်ဖြစ်ပါသည်။

(၂၀၁၂ မှ စတင်တက်ရောက်မည့်ကျောင်းသား/သူသစ်များ တနင်္ဂနွေနေ့(2012.2.26)
နေလည် ၁နာရီ၄၅ မိနစ် နောက်ဆုံးထားပြီး 외대앞역 သို့အရောက်လာပေးကြပါရန်
လေးစားစွာ ပန်ကြားအပ်ပါသည်။)
လိုအပ်ပါကဆက်သွယ်ရန် -
- 010-5706-7558 (သန်းထွန်းဦး)
- 010-8685-0698 (ဖြိုးညီညီဇော်)
- 010-3257-4777 (ဝင်းမင်းထွန်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, February 17, 2012

ကိုရီးယားအီးပီစနစ် မြန်မာ ဘယ်နှယောက်ခေါ်မလဲ

မေးစရာရှိလို့

အစ်ကို ကျွန်တော် တတိယအကြိမ် eps topik ကို အောင်ပြီး
အလုပ်လျှောက်လွှာ တင်ထားတာပါ. 2012 ဒုတိယ 6လပတ်မှာ ခေါ်မယ်
နိုင်င်္ငခြား အလုပ်သမား 14100 ထဲမှာ မြန်မာပြည်ကို
ဘယ်လောက်လောက်ခေါ်မှာလည်းဗျ. ဘယ်လထဲလောက် အပြတ်ခေါ်မှာလည်းဗျ..
ကျေးဇူးပြုပြီးး ဖြေပေးပါဦး ။
အီးပီခွဲတမ်းဆိုတာ

ကိုရီးယား အီးပီစနစ်မှာ ဘယ်နိုင်ငံက ဘယ်နှယောက်ခေါ်မယ်ဆိုပြီး အစိုးရက ကြိုတင်ဆုံးဖြတ် ခွဲတမ်းချ ထားတာ မရှိပါ ။ ကိုရီးယား လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်အရ ခေါ်ယူစေခြင်းဖြစ်ပါတယ် ။ ဒါကြောင့် မြန်မာအလုပ်သမား ခေါ်ယူလိုတဲ့ ကိုရိးယားလုပ်ငန်းရှင် များရင်များသလောက် မြန်မာများများ ခေါ်ယူခိုင်းစေခံရဖွယ်ရာရှိပါလိမ့်တယ် ။
အရင်ရောက်နေတဲ့ မြန်မာတွေရဲ့ လုပ်ရပ်အပေါ် နှင့် နိုင်ငံရေးအခြေအနေ ပေါ်မူတည်မယ်လို့ထင်ပါတယ် ။ ကိုရီးယား လုပ်ငန်းရှင်တွေအကြား မြန်မာလေးတွေ ခိုင်းကောင်းတယ် ၊ ပေးတာယူ ခိုင်းတာလုပ် ဘာမှပြန်မပြောတဲ့သူများရင် များသလောက် မြန်မာအလုပ်သမားများများ ခေါ်ယူခိုင်းစေခံရဖွယ်ရာ ရှိပါလိမ့်မယ်လို့ သဘောရပါတယ် ။
ကိုရီးယား သူဌေးတွေက မြန်မာ မခေါ်လိုပါဘူး ဆိုလျင် ကိုရီးယား အစိုးရက လုပ်ပေးချင်သည့်တိုင် လုပ်ပေးလို့မရပါ ။
လုပ်သားခေါ်တဲ့စနစ်ကသည်လိုပါ

ကိုရီးယားလုပ်ငန်းရှင်တစ်ယောက်က နိုင်ငံခြားသား အီးပီလုပ်သားအသစ် တစ်ယောက်ကိုတိုက်ရိုက် နာမည်တပ်ပြီး ခေါ်ယူလို့မရပါ ။ အလုပ်ထောက်ပံ့ရေးဌာနက ပေးတဲ့ အလုပ်သမားစာရင်းကိုကြည့်ပြီး ခေါ်ယူရတာပါ ။ သူငယ်ချင်းက မတ်ဆက်ပေးလို့ ၊ ကြော်ငြာမှာတွေ့လို့ဆိုပြီး လုပ်လို့မရပါ ။
အလုပ်သမားများအနေဖြင့်လည်း ဘယ်သူဌေးဘယ်စက်ရုံမှာ လုပ်ချင်ပါတယ်ဆိုပြီး တိုက်ရိုက် လျှောက်ထားလို့မရပါ ။ ဘယ်လိုလုပ်ငန်းမျိုး ၊ ဘယ်ဒေသမှာ လုပ်ချင်ပါတယ် ဆိုတာမျိုးပဲေုပာခွင့်ရှိပြီး ၊ အလုပ်ထောက်ပံ့ရေးဌာနက ပေးတဲ့ အလုပ်ရှင်များစာရင်းထဲက စက်ရုံတွေမှာပဲ တရားဝင် လုပ်ခွင့်ရှိတာပါ ။ သူငယ်ချင်းစက်ရုံမှာ လူလိုနေလို့ပါဆိုပြီး လုပ်လို့မရပါ ။
ကိုရီးယားအစိုးရက မြန်မာတွေ ခေါ်ပါပြောလည်း မရပါ

သာဓက တစ်ခုပြောပါမယ် ။
လွန်ခဲ့သော ၂ လခန့်က ၊ မြန်မာမိတ်ဆွေ အီးနိုင်း တစ်ယောက်၊ ကိုရီးယားအသိ သူဌေးစက်ရုံမှာ လူလိုလို့ ၂ဦး၂ ဖက်က အလုပ်ရရှိရေး ၊ ခိုင်းစေခံရရေး ကြိုးစားပမ်းစားလုပ်ကြပါတယ် ။ တရားမဝင် အင်တာဗျူးပြီး လစာ အလုပ်ချိန် စသည်များ သဘောတူကြလို့ အလုပ်တောင်စဆင်းနေပါပြီ ။ အဆောင်တောင်ငှါးပေးထားပြီးပါပြီ ။ အလုပ်သမားကလည်း သည်မြို့နယ်မှာ အဲသလို အလုပ်မျိုးလုပ်လိုကြောင်း လျှောက်ပါတယ် ။ သူဌေးကလည်း သူ့ရုံမှာ မြန်မာအလုပ် သမား လိုချင်ကြောင်း ၊ ဘယ်လိုအရည်အချင်းတွေရှိဖို့လိုကြောင်း ၊ အလုပ်သမားနှင့် အံကိုက်အောင် သူများတွေ လျှောက်လို့မရ အောင် ၊ ဘောင်ကို ချုံ့ပြီး လျှောက်ကြပါတယ် ။ ဆိုင်ရာ အလုပ်ထောက်ပံ့ရေးဌာနမှာ အလုပ်ကြော်ငြာ နေ့တိုင်း သွားယူပေမယ့် ၊ အဲသည်စက်ရုံ စာရင်းပါမလာပါဘူး ။ ဘာဖြစ်လို့မပါတာလည်းလို့ တိုက်ရိုက်မေးလို့လည်း မရတဲ့ ကိစ္စပါ ။
မြန်မာမရှိဘူးဆိုပဲ

အလုပ်ရှင်ကိုကျတော့ သည်နယ်မှာ လျှောက်ထားတဲ့ မြန်မာမရှိဘူး ၊ ဘင်္ဂလားဒေ့ရှ် အလုပ်သမားပဲရှိတယ်လို့ ပြောပါတယ် ။ မြန်မာ ပြည်က အလုပ်သမားအသစ် ၂ယောက်ရဲ့ စာရင်းကိုသာ ပေးပါတယ် ။ (မြန်မာအသစ်တွေ ခေါ်အောင်လုပ်ပေးတဲ့သဘောပါ။) ရက်ကုန်ခါနီးသည့်တိုင် အလုပ်ရှင်နှင့် အလုပ်သားတွေ့အောင် ကြောငြာကို တွဲမပေးပါဘူး ။ အလုပ်သမားက စိတ်ပူလို့ အခြားရုံမှာ အလုပ်ဝင်လိုက်ရပါတယ် ။ အလုပ်ရှင်ကလည်း ခိုင်းလို့ ရတဲ့ အခြားအလုပ်သမား ခေါ်လိုက်ရပါတယ် ။
သည်တော့ အီးပီစနစ်မှာ ၊ ဘယ်နိုင်ငံသား ဘယ်နှယောက်ခေါ်မယ် ၊ ဘယ်နေ့အပြီးခေါ်မယ်လို့ အစိုးရက ဘောင်ခတ်ထားတာ မရှိကြောင်း သိရပါတယ်လို့ ဖြေကြားအပ်ပါတယ်ခင်ဗျာ ။
အလုပ်ခေါ်စာကျသူများစာရင်း

ကိုရီးယားအီးပီစနစ်သည် ကိုရီးယားအလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနက ခွဲတမ်းချပေးပြီး ကိုရီးယားအလုပ်ရှင်တွေက အလုပ်သမား ခေါ်ယူနေတာမဟုတ်ပါ ။ ကိုရီးယားအစိုးရသည် ကိုရီးယားလုပ်ငန်းရှင်များက ခေါ်ယူတဲ့အလုပ်သမားစာရင်းများကို စုပြီး စာရွက်အပေးအယူလုပ်ငန်းကိုသာ လုပ်ပေးနေတဲ့ စနစ်ပါ ။ ကိုရီးယားမှာရှိတဲ့ ၁သန်း ၂သိန်းကျော်သော အီးပီလုပ်သားများစာရင်းကို လူသိရှင်ကြား တရားဝင် ထုတ်ပြန်ကြေညာထားတာ မတွေ့ဖူးသေးပါ။ ဒါကြောင့် အလုပ်ခေါ်စာကျသူများစာရင်း ဟန်းဂုရွာမှာတင်ပေးစေလိုပါတယ်ဆိုတဲ့ ညီငယ်တစ်ယောက်ရဲ့ မေတ္တာရပ်ခံချက်ကိုလည်း သည်ပို့စ်နှင့်ပဲ “ကျနော်များအဲသည်စာရင်းကို တင်ပေးနိုင်ရန် မစွမ်းပါကြောင်း” တစ်ပါတည်း ဖြေကြားပေးလိုက်ပါတယ်ခင်ဗျာ ။



လေးစားမှုဖြင့်-


ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ၊ ဖေ-၁၇ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, February 9, 2012

မြန်မာ-ကိုရီးယား စကားပြန်ဆောင်ရွက်ပေးနိုင်မည့်သူများ အလိုရှိပါသည်

၂၀၁၂ခုနှစ် ပထမ ၆ လပတ်အတွင်း ၊ ကိုရီးယားနိုင်ငံတစ်ဝှမ်းရှိ တရားရုံး ၊ ရဲစခန်း ၊ လဝက ၊ အလုပ်သမားရုံး နှင့် ဥပဒေအတိုင်ပင်ခံဆင်တာများတွင် ၊ လိုအပ်သည့် အချိန် ၌ စကားပြန်ဆောင်ရွက်ပေးနိုင်မည့်သူများ အလိုရှိပါသည် ။
မိတ်ဆွေတို့ နေထိုင်ရာ အရပ် ၊ ဆောင်ရွက်ပေးနိုင်မည့်အချိန်နှင့် ဦးစားပေးဆောင်ရွက်လိုသည့်ဒေသ ၊ ဆက်သွယ်ရန် အချက်အလက်များ ဖော်ပြ၍ Mobile 010-2331-2457 သို့မဟုတ် wyne1969@gmail.com ထံ ၁၅-၂-၂၀၁၂ ရက်နေ့ညနေ ၅ နာရီ နောက်ဆုံးထား ဆက်သွယ်ကြစေလိုပါသည် ။
အမည်စာရင်းတင်သွင်းထားခြင်းအားဖြင့် ၊ သက်ဆိုင်ရာက လိုအပ်သည့်အချိန်တွင် မိတ်ဆွေတို့ထံ တိုက်ရိုက် ဆက်သွယ်ပါလိမ့်မည် ။
ဥာဏ်ပူဇော်ခ ပုံသေသတ်မှတ်ထားခြင်းမရှိပါ ။ အခြေအနေ အချိန် အခါ ၊ နေရာဒေသ အလျောက် ကွဲပြားခြားနားပါလိမ့်မည် ။ သက်ဆိုင်ရာ အမှုတွဲကိုင် အရာရှိများနှင့် ညှိနှိုင်း တောင်းခံယူကြရန်ဖြစ်ပါသည် ။

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)
9-2-2012

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, September 7, 2011

အီးပီလုပ်သားလောင်းများအတွက် ရှင်းလင်းပွဲကြီးက မရှင်းမရှင်းဖြစ်သွားသည့် ကိစ္စနှင့် ပတ်သက်၍ (၂) ……

စာတိုက်ကလာတဲ့ ၊ သူကြီးမင်းရဲ့ မင့်
ကိုဝိုင်းရဲ့ မေတ္တာဖြင့် မင့်လိုက်သောစာကို ကျေးဇူးတင်ပါသည်။
ကျနော့်ကို ထပ်ပြီး အတွန်တက်တယ်လို့ မထင်စေချင်ပါ။

ကိုဝိုင်း ရှင်းတယ် အထဲမှာ ၄၄ယောက်က အသစ်ဆိုတာ မဖြစ်နိုင်ပါ။ ၉၂ယောက် စာရင်းကို ပို့တာကတော့ 8-8-2011နေ့က ပို့တာ ဖြစ်ပြီး ဒု-အကြိမ် စာမေးပွဲအောင်သူတွေရဲ့ အလုပ်လျှောက်လွှာက ၂၁-၇-၂၀၁၁ နေ့ကပြီးဆုံးလို အရင်ပို့ပေးခဲ့သောကြောင့် အဲဒီလို မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ? ဆိုတာကတော့ သူ့အကြောင်းနှင့်သူရှိပါလိမ့်မယ် ။ ယျေဘုယျသဘောအားဖြင့် မှန်ကန်မှာပါ ။
တကယ်လို့ ၁၇၇၁ ယောက် စာရင်းကို ပို့ကတည်းက လိုအပ်ချက် မှားယွင်းမှု တခုကြောင့် ကျန်နေခဲ့တာ မဖြစ် နိုင်ဘူးလား? အဒီလို ကျန်ခဲ့မယ်ဆိုရင် အလုပ်သမားတွေဘက်က အရမ်းနစ်နာပါသည်။ ဒါကို ကိုရီးယားဘက်မှာသက်ဆိုင်ရာ တာဝန်ရှိသူတွေသိစေချင်ပါသည်။

ဘယ်လို ဖြစ်ခဲတာလဲဆိုတာ ကိုရီးယားတွင် ရှိနေသော မြန်မာ များအနေနဲ့ စုံစမ်းပေးသင့်ပါတယ်။
eps စနစ်က အလုပ်သမားများဘက်က ကြည်လျှင် ထင်ရှား ပြတ်သားမှု မရှိတာကြောင့် သက်ဆိုင်ရာ မြန်မာ အလုပ်သမားစေလွှတ်ခွင့်ရှိသော sending agency အနေနဲ့ လုပ်သမျှ ခံရမယ့် သဘော ရှိပါတယ် ။

အဲဒီလို ဖြစ်နေလိုကတော့ နာကျင်ရမယ်သူတွေများမှာဆိုလို အဖြစ်မှန်ကို ဖော်ထုတ်ပေးစေချင်ပါသည်။

ကျနော်တို့လို နောက်လူတွေ မဖြစ်အောင်အတွက် ကိုရီးယားဘက်မှာသက်ဆိုင်ရာ တာဝန်ရှိသူတွေသိစေချင်ပါသည်။

한국에 가고 일하고픈 사람들의 대시하며
hanguksarang 드림
**********
မစ္စတာ ဟန်ဂုက်ဆာရန်ရဲ့ စာ (သူကြီးမင်းရဲ့ကောမ်မင့်) ကို ဖတ်ပြီး ၊ ကျနော်ပြောချင်တဲ့ စကား ၊ တွေးမိတဲ့ အတွေးတွေက တစ်သီတစ်တန်းကြီးပါ ။

လုပ်သားလောင်း တစ်ဦးရဲ့ အာသီသ
ဘယ်လို ဖြစ်ခဲတာလဲဆိုတာ ကိုရီးယားတွင် ရှိနေသော မြန်မာ များအနေနဲ့ စုံစမ်းပေးသင့်ပါတယ်။
eps စနစ်က အလုပ်သမားများဘက်က ကြည်လျှင် ထင်ရှား ပြတ်သားမှု မရှိတာကြောင့် သက်ဆိုင်ရာ မြန်မာ အလုပ်သမားစေလွှတ်ခွင့်ရှိသော sending agency အနေနဲ့ လုပ်သမျှ ခံရမယ့် သဘော ရှိပါတယ် ။

အဲဒီလို ဖြစ်နေလိုကတော့ နာကျင်ရမယ်သူတွေများမှာစိုးလို အဖြစ်မှန်ကို ဖော်ထုတ်ပေးစေချင်ပါသည်။

ကျနော်တို့လို နောက်လူတွေ မဖြစ်အောင်အတွက် ကိုရီးယားဘက်မှာသက်ဆိုင်ရာ တာဝန်ရှိသူတွေ သိစေချင်ပါသည် ။


လေးစားပါတယ် ဆန္ဒမွန်
သူ့ရဲ့အမြင်က ကိုရီးယား အီးပီ စနစ်ဟာ ထင်ရှားပြတ်သားမှုမရှိဘူး ။ သူ့ရဲ့ ဆန္ဒက အမှန်တရားပေါ်ဖို့ ၊ နောက်လူတွေမနစ်နာဖို့ ။ ကောင်းမွန်တဲ့ ဆန္ဒပါ ။ လေးစားပါတယ် ။

သူမြင်သလိုပါပဲ ၊ ကိုရီးယား အီးပီစနစ်ဟာ ထင်ရှားပြတ်သားမှုမရှိတာ အမှန်ပါ ။ သည်စနစ်လေး ဖြစ်လာအောင်တောင် ဘဝတွေ ၊ အသက်တွေ နှင့်ရင်းနှီးပြီး ပေးဆပ်သွားရတဲ့သူတွေက ဒုနှင့်ဒေးပါ ။ ကိုရီးယားနိုင်ငံမှာ အလုပ်သမားအရေး တစ်စိုက်မတ်မတ် နှင့် ထဲထဲဝင်ဝင် လုပ်လာတဲ့သူတွေ ၊ လေ့လာနေတဲ့ သူတွေသိပါတယ် ။ သည် အီးပီစနစ်အရင်က သင်တန်းသားစနစ်တဲ့ ။ ဘာသင်တန်းသားမှ မဟုတ်ပါဘူး ။ အလုပ်သမားအခွင့်အရေးမပေးချင်လို့ သင်တန်းသားဆိုပြီး တရားဝင်လိမ်ပြီး အလုပ်ခေါ်ခိုင်းစားခွင့် ပေးထားတဲ့စနစ်ဆိုတာ လူတိုင်းသိပါတယ် ။ အခုလည်း အမည်သာ အီးပီဆိုတယ် သိပ်ပြီးတော့ မထူးသေးပါဘူး ။ (စိုက်ပျိုးရေးနှင့် ငါးဖမ်းဖက် ရောက်လာတဲ့သူတွေကိုမေးကြည့်ပါ)

အဲဒါတွေထားလိုက်ပါတော့ ၊ သူ့ အမျိုးသားအကျိုးစီးပွါးအတွက် သူ့အစိုးရက လုပ်ပေးထားတာဆိုတော့ ။ ကျနော်တို့လည်း ပြောသာပြောရ ဘာမျှ မတတ်နိုင်ပါဘူး ။

လုပ်လို့ရတာ အကုန်လုပ်ဖို့လိုမယ်
ကိုကို ဟန်းဂုဆာရန်ပြောတဲ့ နစ်နာမှုတွေ မရှိရေး ၊ နောက်လူတွေ မဖြစ်ရေးအတွက် ၊ ကျနော်တို့ ပူးပေါင်းပြီး လုပ်ကြမယ်ဆိုလျင်တော့ ဖြစ်နိုင်မယ် ထင်ပါတယ် ။ အမှန်တရားပေါ်ဖို့ ၊ နောက်လူတွေမနစ်နာဖို့ ၊ မြန်မာပြည်ဖက်မှာ လုပ်လို့ရတာတွေ လည်းရှိတယ်လို့ ကျနော်မြင်ပါတယ် ။

အခုကိစ္စမှာ ၊ အချက်အလက်တွေ မပြည့်စုံလို့ အခေါ်မခံရတဲ့သူ ၄၈ ယောက်ရှိတယ်ဆိုတာကတော့ ထင်ရှားပြီး (မှန်ကန်ပြီး) ဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ။ သက်ဆိုင်ရာ ဝန်ထမ်းများရဲ့ ပေါ့လျော့မှုကြောင့်ဖြစ်ရတဲ့ ကိစ္စလို့ သဘောရပါတယ် ။ အဲသည် ၄၈ ယောက် စုစည်းဖို့လိုပါမယ် ။ နောက် ဘယ်လို နစ်နာခဲ့ကြပါတယ် ။ ဘယ်လိုနစ်နာနေပါတယ်ဆိုတာ ဖေါ်ပြဖို့လိုပါမယ် ။ (ကိုရီးယားလာဖို့ ချေးထားတဲ့ အတိုးတွေတက်နေလို့ မိသားစု ဘဝပါပျက်လုလု ခံစားနေရတဲ့သူလည်း ပါချင်ပါနေပါလိမ့်မယ်။)

တိုင်ကြမယ်လေဗျာ
နောက် ၊ သက်ဆိုင်ရာသို့ တိုင်ရပါမယ် ။

မြန်မာအစိုးရဝန်ထမ်းတွေအားလုံး လိုက်နာကြရတဲ့ ဝန်ထမ်းစည်းမျဉ်း (SR: Services Regulation) ဆိုတာရှိပါတယ် ။ ပြဿနာတစ်ခုခုပေါ်လာရင် ၊ အဲသည်ပြဿနာဟာ မည်သူ့တွင် တာဝန်ရှိကြောင်း ၊ မည်သို့ အရေးယူသင့်ကြောင်း တိတိကျကျ ထင်ထင်ရှားရှားမသိရသေးလျင် ၊ မည်သူ့တွင်တာဝန်ရှိကြောင်း ၊ မည်သို့အရေးယူသင့်ကြောင်း ၊ ဖော်ထုတ်တင်ပြပေးဖို့ စုံစမ်းစစ်ဆေးရေးခုံ (PE: Preliminary Enquiry)ကိုဖွဲ့ပြီး စုံစမ်းစစ် ဆေးရပါတယ် ။ အဲသည် ခုံရုံးရဲ့ သဘောထားမှတ်ချက်အရ ၊ ဌာနဆိုင်ရာ ခုံ နှင့် ပြီးမလား ၊ ဒါမှမဟုတ် တရားရုံးတင်ပြီး အရေးယူမလား ၊ ဌာနဆိုင်ရာ အရေးယူတာလောက်နှင့် ပြီးမယ့်ကိစ္စဆို ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (DE: Departmental Enquiry & Investigation) ဖွဲ့ပြီး အရေးယူရပါတယ် ။ သတိပေးတာ ၊ ရာထူးတိုးဖို့ ရပ်ဆိုင်းတာ ၊ ဝန်ထမ်းသက် လျှော့ပစ်တာ ၊ ရာထူးချတာ ၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်တာ စတာတွေ လုပ်ပါတယ် ။ ပြစ်ဒဏ်ပေးရန် မလုံလောက်သေး(ခုံရုံးရဲ့ သဘောထားအရ) လျင် ၊ တရားရုံးတင်ပို့ပြီး အရေးယူပါတယ် ။ တရားရုံးကတော့ ပစ္စည်းသိမ်းတာ ၊ ထောင်ချတာ စတာတွေလုပ်ပါတယ် ။ လက်ရှိ အရပ်သားအစိုးရရဲ့ တရားရုံးများက ဘယ်လိုအရေးယူမယ် ဆိုတာ ကတော့ လက်ရှိ မြန်မာ့ဥပဒေနှင့် မြန်မာ့တရားစီရင်ရေးစနစ်ရဲ့ စိမ်ခေါ်မှုဖြစ်ပါလိမ့်မယ် ။

နစ်နာမှုအတွက် ကုစားခွင့်ရှိပါတယ်
နောက် ကျနော်တို့ မြန်မာနိုင်ငံအပါအဝင် အပြည်ပြည်ဆိုင်ရာက လေးစားလိုက်နာနေရတဲ့ တရားမနစ်နာမှု ဥပဒေ (Law of Torts) ဆိုတာရှိပါတယ် ။ နစ်နာမှုဖြစ်လျင် နစ်နာမှုကိုကုစားပေးရတဲ့ ဥပဒေ သဘောတရားပါ ။ ခင်ဗျားတို့ရဲ့ အမှန်တကယ်နစ်နာမှုကိုဖော်ပြပြီး အဲသည် နစ်နာမှုအတွက် ဘယ်လို ကုစားမှု (အလျော်) လိုချင်ပါတယ် ။ ဆိုတာမျိုးပေါ့ခင်ဗျာ ။ တိုင်ရမယ့် ဥပဒေကတော့ သီးခြားသက်သာခွင့်ဥပဒေအရ ဖြစ်ပါမယ် ။ (လမ်းပြကြယ်လိုမျိုး စေတနာရှေ့နေရချင်ရမယ် ၊ မရရင် ရှေ့နေစုပြီး ငှားကြပေါ့ဗျာ)

လူ့အခွင့်အရေးအရ နစ်နာမှုများရှိနေတယ်ဆိုလျင်ဖြင့်…
နောက်တစ်နည်းကတော့ ၊ အခု လောလောဆယ် အသစ်ကျပ်ချွတ် ကော်မရှင်ကြီးဖြစ်တဲ့ ၊ လွတ်လပ်တဲ့ အစိုးရရဲ့ လက်အောက်ခံမဟုတ်တဲ့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကြီးကိုလည်း ဖွဲ့စည်းလိုက်ပြီဖြစ်လို့ ကျနော်မိတ်ဆွေများ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးကြီး တိုင်နိုင်ကြပြီလို့ သဘောရပါတယ် ။

ညစ်ပတ်သော ဝန်ထမ်းများမရှိတဲ့ သန့်ရှင်းသောအစိုးရဖြစ်ရေး ကူညီကြပါ
နောက် တစ်ခုကတော့ ၊ အခုလောလောဆယ်မှာ သမ္မတကြီးဦးသိန်းစိန်ဦးစီးပြီး သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်ရေးကြိုးပမ်းနေတာမို့ ၊ သမ္မတကြီးရဲ့အလိုကို ဖြည့်ပေးကြဖို့လိုပါမယ် ။ နိုင်ငံရေးမလုပ်ကြပါနှင့် ၊ အစိုးရကိုမဆန့်ကျင်ကြပါနှင့် ။

သမ္မတကြီးရဲ့ ဆန္ဒအတိုင်း သန့်ရှင်းတဲ့ အစိုးရဖြစ်ပေါ်ရေးဆိုလျင် အစိုးရချည်း သန့်ရှင်းနေလို့ မရပါဘူး ၊ ညစ်ပတ်တဲ့ ဝန်ထမ်းတွေကို ထုတ်ပစ်ဖို့ အရေးယူဖို့ လိုပါလိမ့်မယ် ။ အဲသလို ဖြစ်ဖို့ အဲသလိုလုပ်နိုင်ဖို့ဆိုလျင် ၊ မတရားမှုတွေကို ငြိမ်ခံနေလို့ ဘာမျှဖြစ်လာမှာမဟုတ်ပါ ။ မတရားမှုတွေကို ဖော်ထုတ်တိုင်ကြားပေးကြဖို့ ၊ မတရားအလုပ်ခံရတဲ့ သူတိုင်းမှာ တာဝန် အပြည့်အဝရှိနေတယ်လို့ ယူဆကြောင်းပါခင်ဗျာ ။

သို့မှသာလျင်………….
သို့မှသာ နောင်လာနောက်သား ကိုရီးယား အီးပီလုပ်သားလောင်းများ မတရားအလုပ်ခံရခြင်းမှ ကင်းဝေးပြီး ၊ တရားသဖြင့် လာရောက်နိုင်ကြလိမ့်မယ်လို့ ယူဆကြောင်းပါ ။

အားလုံးအဆင်ပြကြပါစေ ။
မတရားမှုမှ ကင်းလွတ်ကြပါစေလို့ ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 4, 2011

အီးပီလုပ်သားလောင်းများအတွက် ရှင်းလင်းပွဲကြီးက မရှင်းမရှင်းဖြစ်သွားသည့် ကိစ္စနှင့် ပတ်သက်၍……

ရောက်လာတဲ့ စာက သည်လိုဗျ ။ ကဲ ဖတ်ကြည့်ရအောင် ၊

ကို ၀ိုင်းရေ
၂၄-၈-၂၀၁၁ နေ့က ပထမအကြိမ် Eps–klt အောင်မြင်ထားပြီး Korea မှ အလုပ်ခေါ်စာမရသေးသော မြန်မာများအတွက် ရှင်းလင်းပွဲတခု လုပ်ခဲ့ပါသည်။

အဲဒီ အစည်းအဝေးရဲ့ ရည်ရွယ်ချက်က ကျန်သေးသောသူများစာရင်းကို တရားဝင် ထုတ်ပြန် ခြင်း ဖြစ်ပါသည်။ ကျန်သေးသောသူ (၉၂)ယောက် ရှိကြောင်း ၊ အဲဒီစာရင်းမှာ အချက် အလက် မပြည့်စုံသောသူ၊ အချက်အလက် မှားယွင်း နေသောသူများ ပါရှိကြောင်း ၊ အဲဒီ စာရင်းကို Korea ဘက်က ယခု အတောအတွင်းမှ ပေးပို့ထားကြောင်း ၊ ၄၈ယောက် ရှိကြောင်း ၊ ဒါပေမယ့် ၈-၈-၂၀၁၁နေ့က Korea ဘက်သို့ ပြန်ပြီး(၉၂) ယောက် စာရင်းပို့ထားကြောင်း ပြောဆိုခဲ့ပါသည်။

ဖော်ပြပါ စာရင်းမှ အချက်အလက် ပြည့်စုံသောသူများ Calling ရနိုင်ဖို့ အခွင်အရေးရှိပြီး ကျန်လူများလည်း မျှော်လင့်နိုင်ကြောင်း ပြောဆိုသောကြောင့် ၉၂ ယောက် စာရင်းကိုလည်း ကပ်ပေးထားခဲ့ပါသည်။


ရှင်းလင်းပွဲ ပြီးနောက် ကျန်နေသေးသောသူများမှ မိမိက ဘယ်စာရင်းမှာ ပါကြောင်း သိချင်ခဲ့ကြပါသည်။ ၁မှ ၉၂ထိအနက် ၊ အချက်အလက် ပြည့်စုံသောသူများသည် ၁မှ ၃၉အထိသာဖြစ်ကြောင်း ၊ ကျန်လူများမှာ အချက်အလက် မပြည့်စုံသောသူများဖြစ်ပြီး ၊ DG ထံမေးမြန်းနိုင်ကြောင်း ပြောဆိုသော ကြောင့် အသီးသီးက တက်ရောက် ပြီးမေးသောအခါ အမျိုးမျိုးဖြေကြားကြောင်း ၊ Korea ဘက်မှ Calling ရရှိပြီး CCVI မရရှိသူကို လည်းကောင်း ၊ ဒု အကြိမ် စာမေးပွဲ ပြန်ဖြေထားသောသူများကိုလည်းကောင်း အချက်အလက် မပြည့်စုံသောသူများ စာရင်းမှာပါနေကြောင်း တွေ့ရှိရပါသည်။

နောက်ဆုံးမှာ MD က စာရင်းကို အလျဉ်းသင့်သလို ရိုက်ထားကြောင်းဖြေကြားခဲ့တာကြောင့် ရှင်းလင်းပွဲ ဖြစ်ပေမယ့် မရှင်းလင်းပွဲ ဖြစ်ခဲ့ရပါသည်။

ဖော်ပြပါ ရှင်းလင်းပွဲနဲ့ ပတ်သက် ပြီး ကို ၀ိုင်းအနေနဲ့ comment ပေးပါအုံး။
# အချက် အလက် မပြည့်စုံသောသူ၊ အချက်အလက် မှားယွင်း်နေသောသူ 48 ယောက် စာရင်းကို Korea ဘက်က ယခုအတောအတွင်းမှ ပေးပို့တာ ဖြစ် နိုင်လား?
# 92 ယောက် စာရင်းကို အလုပ်လျှောက်လွာတင်ပြီးနောက် job seekerမှာ မဟုတ်လား?
ရှိမရှိ သက်သေပြလို့ရနိုင်လား?
# ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ?
# အလုပ်ရှင်က မရွေးလို့မပါတာ အလုပ်သမားအားလုံးက နားလည်းပေးနိုင်ကြောင်း အချက်အလက်မရောက်လို့ အရွေးမခံရလျင် ဘာလုပ်လို့ရလဲ ?

보내 사람 : korealover드림
**********
ကိုကို ကိုရီးယားလဗ္ဗာခင္ဗ်ား ၊
ခင်ဗျားရဲ့ မေတ္တာရပ်ခံချက်အရ ၊ မေတ္တာဖြင့် မင့်လိုက်ပါတယ် ။

- Calling ဆိုတာ ဘာကိုဆိုလိုမှန်းမသိပါ ။ ထင်တာပြောရရင်တော့ အလုပ်စာချုပ် (မူကြမ်း) ဖြစ်ဖို့များပါတယ် ။ စာချုပ်မူကြမ်းကို အလုပ်သမားက လက်မှတ်ထိုး ၊ ကိုရီးယား ပြန်ပို့ပြီးတဲ့အခါမှ အလုပ်ရှင်ဖက်က CCVI ပြန်ပို့မှာဖြစ်လို့ အလုပ်စာချုပ် အတည်မဖြစ်တာဖြစ်စေ ၊ အလုပ်စာချုပ်အတည်ဖြစ်ပြီးသော်လည်း အလုပ်ရှင်ဖက်က အကြောင်းမညီညွတ် (စက်ရုံဒေဝါလီခံခြင်း ၊ အလုပ်သမားမလိုတော့ခြင်း ၊ လဝကထံမှ CCVI ထုတ်ပေးရန်ငြင်းဆန်ခံရခြင်း စသည်) တော့လို့ မခေါ်တော့တာလည်း ဖြစ်နိုင်ပါတယ် ။
- အချက်အလက်မပြည့်စုံလို့ ကိုရီးယားဖက်က ပြန်ပို့တဲ့သူက ၄၈ ယောက် ရှိတယ်ဆိုတာလည်း ဖြစ်နိုင်ကောင်းပါတယ် ။ ခုနက ပြောခဲ့တဲ့ ကိစ္စတွေရှိနေနိုင်လို့ပါ ။ သို့သော်လည်း ကိုရီးယားဖက်မှ ပြန်ပို့သည့် စာရင်း ၄၈ ယောက် ၊ မြန်မာပြည်ဖက်က ထပ်ပြီး ပြန်ပို့လိုက်တာက ၉၂ ယောက်ဆိုတာကတော့ စဉ်းစားစရာများဖြစ်နေမလားလို့ပါ ။ ၄၈ ယောက်ထက် ၄၄ ယောက် အပိုဆောင်းပြီး ပြန်ပို့လိုက်တယ်လို့ သဘောရပါတယ် ။ အဲသည်အထဲမှာ မြန်မြန်ပါစေချင်လို့ ဒုတိယအကြိမ်စာမေးပွဲအောင်ထားသူများ ရောပြီး ပါသွားတာဖြစ်မယ်လို့ ယူဆပါတယ် ။ အဲဒီထဲ ၃၉ ယောက်က မပြည့်စုံတဲ့သူဆိုတော့ ၊ ၄၈ ယောက်မှာ မှ ၃၉ ယောက်ကို ပြန်ပို့တာဖြစ်ပြီး ၉ ယောက်က ပြန်ပို့ဖို့ အပယ်ခံလိုက်ရသူတွေဖြစ်နိုင်တယ် ။ ၁၄ ယောက်ကတော့ ဒုတိယအကြိမ် စာမေးပွဲအောင်ထားသူတွေ ဖြစ်မယ် (အမ်ဒီကြီးပြောတဲ့အတိုင်းဆို အလျဉ်းသင့်သလို ရိုက်ထည့်ခံလိုက်ရတဲ့သူတွေစာရင်း) လို့ ထင်ပါတယ် ။ အဲသည်သူများကတော့ ဘာမှ မပြောဘဲ ငြိမ်နေကြမယ့် သူတွေ ဖြစ်ပါလိမ့်မယ် ။
- 92 ယောက် စာရင်းကို အလုပ်လျှောက်လွာတင်ပြီးနောက် အလုပ်ရှာသူများစာရင်းမှာ ရှိမရှိ သက်သေပြလို့ရနိုင်လား ဆိုတဲ့မေးခွန်းကို ဖြေရလျင်တော့ ၊ မြန်မာပြည်မှ (ကိုရီးယား အိပ်ခ်ျအာရ်ဒီမှတစ်ဆင့်) ပေးပို့ထားတဲ့ အဲသည် စာရင်းဟာ ကိုရီးယား အလုပ်အကိုင်ထောက်ပံ့ရေး ဌာန အလုပ်သမားတန်းစီဇယားမှာ ရှိနေမှာ ဖြစ်ပါတယ် ။ သို့သော်လည်း အဲသည်စာရင်းအားလုံးကို တရားဝင်လူသိရှင်ကြားထုတ်ပြန်ထားတာမရှိပါဘူး ၊ သက်ဆိုင်ရာ အလုပ်ရှင်က လျှောက်ထားတဲ့အခါမှသာ အလျဉ်းသင့်သူများအမည်စာရင်းကို ပေးတယ် ၊ အလုပ်ရှင်က အလုပ်သမား ၅ ယောက်လျှောက်ထားတယ်ဆိုရင် ထောက်ပံ့ရေးဌာနက အလုပ်သမား ၁၀ ယောက်စာရင်း ထုတ်ပေးတယ်လို့သိရပါတယ် ။
- ပို့ ပြီးသောစာရင်း (အချက်အလက် ပြည့်စုံသောသူများ) ကို ဘာကြောင့် ပြန်ပို့တာလဲ? ဆိုတာကတော့ သူ့အကြောင်းနှင့်သူရှိပါလိမ့်မယ် ။ ကြီးတဲ့ဖား တန်းပေါ်၂ ခါလျှောက်ခိုင်းတဲ့ သဘောလို့ ထင်ပါတယ် ။
- အလုပ်ရှင်က မရွေးလို့မပါတာ အလုပ်သမားအားလုံးက နားလည်းပေးနိုင်ကြောင်း အချက်အလက်မရောက်လို့ အရွေးမခံရလျင် ဘာလုပ်လို့ရလဲ ? သည်မေးခွန်းအတွက်ကတော့ သည်းခံယုံမှတစ်ပါး အခြားမရှိလို့ ထင်ပါတယ် ။ ထင်တာပြောရရင်တော့ သမ္မတကြီး ဦးသိန်းစိန်ပြောနေတဲ့ သန့်ရှင်းတဲ့အစိုးရ(Clean Government) ပေါ်ပေါက်လာရေး အတူတကွ ကြိုးပမ်းကြဖို့လိုမယ်လို့ ထင်ပါတယ် ။ သန့်ရှင်းသောအစိုးရပေါ်လာလျင် ညစ်ပတ်သော ဝန်ထမ်းများလည်း ပျောက်သွားနိုင်လို့ပါ ။ ကောမ်မင့်ပေးပါဆိုလို့ ပေးကြည့်တာပါဗျာ ။ ဟုတ်မဟုတ်တော့ ဖထီးမသိပါ ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, August 21, 2011

မြန်မာ အီးပီလုပ်သားလောင်းတစ်ဦးရဲ့ အိတ်ဖွင့်ပေးစာ

ရေးသားသူ — မြသူအောင်

ကူညီပေးပါခင်ဗျား...
လေးစားစွာဖြင့် စာရေးကြားအပ်ပါသည်။
ကျွန်တော်က 2008 ခုနှစ်က ပထမအကြိမ်ပြုလုပ်သော ကိုရီးယား အလုပ်အကိုင် EPS-TOPIK စာမေးပွဲ အောင်မြင်ထားသောသူ တစ်ယောက်ဖြစ်ပါသည်။

ကျွန်တော်တို့သည် 2006 ခု EPS စနစ်အရ နှစ်နိုင်ငံ MOU လက်မှတ်မထိုးခင်အချိန်ကစပြီး ကိုရီးယားသို့ သွားရောက်လုပ်ကိုင်ခွင့် ရရှိရန် စောင့်ဆိုင်းနေကြသူများဖြစ်ကြောင်း ၊ အကြောင်းအရင်းမှာ ကျွန်တော်တို.သည် 2010 ခု 10 လပိုင်းက ဒုတိယနှစ်အတွက် မြန်မာလုပ်သား 1771ဦး က အလုပ်လျှောက်လွှာ ပြန်လည် တင်ခဲ့ကြပါသည်။

ယခု 1700 နီးပါးက ကိုရီးယားတွင် အလုပ်လုပ်နေခွင့်ရရှိခဲ့ပြီး ကျွန်တော် အပါအ၀င် မြန်မာလုပ်သား လူဟောင်း ၉၂ ယောက်သာ ကျန်တော့သည်ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ပြောကြားပါသည်။ ဒု-အကြိမ် စာမေးပွဲ အောင်မြင်ထားပြီး ဇူလိုင်လမှာ အလုပ်လျှောက်လွှာတင်သူ အသစ် 4110 ယောက်မှာ ယခု နှစ်ပတ်အတွင်း Calling ရရှိခဲ့သူပေါင်း အယောက် 200 ကျော်ရှိသွားပါပြီ။

ထိုအထဲတွင် လူဟောင်းတယောက်မျှ မပါဝင်ခဲ့ပါ။ ကျန်နေသေးသော လူဟောင်းများနှင့် ပတ်သက်သော အခြေနေကို သိချင်ပါသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကျန်နေသေးသော လူဟောင်းများတွင် အချက်အလက် ကွဲလွှဲနေသူ ၄၈ဦးရှိကြောင်း ၊ ထို့ကြောင့် ရွေးချယ် မခံရတာဖြစ်ကြောင်း ပြောပြသော်လည်း ကျန်လူများ ဘာကြောင် calling မရရှိတာကို ရှင်းလင်း တိကျစွာ ပြောပြခြင်းမရှိဘဲ ၊ လူဟောင်း ၉၂ယောက် စာရင်းကို ဒု-၀န်ကြီးက လက်မှတ်ထိုးပြီး ကိုရီးယားဘက်သို့ 8/8/2011နေ့က ပြန်ပို့ ထားကြောင်း ပြောပြပါသည်။

ကျနော့် အထင် လူဟောင်း ၉၂ ယောက်အချက်အလက်တွေက ကိုရီးယားမှာ မရှိလို့ ရွေးချယ် မခံရတာထင်ပါသည်။

ကိုမင်းဆွေမှ အခြေနေမှန်ကို စုံစမ်ပေးပြီး ကျနော်တို့ ဘာလုပ်ရင် ကောင်းမလဲဆိုတာ အကြံပေးစေလိုပါသည်။ စာမေးပွဲသက်တမ်း ကာလမှာ 2011 ခု 10 လပိုင်းမှာ ကုန်ဆုံးတော့မည် ဖြစ်သောကြာင့် ကိုရီးယားသို့သွားပြီး အလုပ်လုပ်ဖို့ အခွင့်အရေးက အရမ်းနည်းပါးသွားခဲ့ပြီ ဖြစ်ပါသည်။

감사하게 부탁합니다.
먀투아웅 드림
=================
မှတ်ချက်လေးပေးလိုက်ပါရစေ
“ လူဟောင်း ၉၂ ယောက်အချက်အလက်တွေက ကိုရီးယားမှာ မရှိလို့ ရွေးချယ် မခံရတာထင်ပါသည်” ဆိုတဲ့ ကိုမြသူအောင်ရဲ့ ထင်မြင်ယူဆချက် မှန်လိမ့်မယ်လို့ သဘောရပါတယ် ။ သြဂုတ်လ ၈ ရက်နေ့က လူဟောင်း ၉၂ ယောက်စာရင်းကို ပြန်ပို့ထားပြီဆိုတဲ့ အချက်မှန်ခဲ့မည်ဆိုပါက ၊ လူဟောင်းများလည်း မကြာခင် အရွေးခံရလိမ့်မယ်လို့ ထင်ပါတယ် ။ ကိုရီးယားဘက်မှ ခုံနံပါတ်အစီအစဉ်အလိုက် ခေါ်စာ ပို့နေခြင်းမဟုတ်ဘဲ ၊ ကိုရီးယားလုပ်ငန်းရှင်က ကြိုက်သူများကိုသာ ရွေးချယ် ခေါ်ယူနေခြင်းဖြစ်သည့်အတွက် ၊ ကံဆိုးကံကောင်း ကိုရီးယားလုပ်ငန်းရှင်နှင့် ဖူးစာဆုံသူများ မြန်မြန်အရွေးခံရလိမ့်မယ်လို့ ထင်ပါတယ် ။ ကိုရီးယားကို အရင်ရောက်လာတိုင်းလည်း ကောင်းလိမ့်မယ်လို့ ပြောလို့မရသမို့ နောက်ကျလေ ကောင်းလေပါပဲလို့ တွေးပြီးသာ ဖြေပါတော့ ကိုမြသူအောင် ။ ကိုမြသူအောင်နှင့် အသင့်တော်ဆုံး အလုပ်မရှိသေးလို့ အရွေးမခံရသေးတာဖြစ်လိမ့်မယ်လို့ ထင်ကြောင်းပါခင်ဗျား ။

အားလုံးအဆင်ပြေကြပါစေလို့ ။

လေးစားမှုဖြင့် -
ကိုဝိုင်း (မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, June 26, 2011

ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာသင်တန်း ` အမှတ်စဉ်(၃) ပြီးဆုံး၊ အမှတ်၎ ဆက်ဖွင့်မည်

ရေးသားသူ — ပြည်တော်ဦး
ဘူဆန်း ပြည်တော်ဦး ဗုဒ္ဓသာသနာ့ရိပ်မွန်၌ ကိုရီးယားလူမျိုး ယောဂီများအတွက် တပတ်လျှင် တစ်ကြိမ်စီဖြင့် (၁၁)ကြိမ် တိတိ ပို့ချသင်ယူခဲ့ကြသော “ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ဝိပဿနာ တရားတော်” သင်တန်း အမှတ်စဉ် (၃) ကို (၁၂-၆-၂၀၁၁) တနင်္လာနေ့က အောင်မြင် ပြီးမြောက်၍ အဆုံးသတ်ခဲ့ပါသည်။ သင်တန်းတွင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို အခြေခံမှစ၍ လက်တွေ့ဝိပဿနာ တရား ကျင့်သုံးနိုင်သည်အထိ အောက်ပါခေါင်းစဉ်များဖြင့် ပို.ချ သင်ယူခဲ့ကြပါသည်-
၁။ ရတနာ သုံးပါး
၂။ ဗုဒ္ဓဘာသာ
၃။ ကံနှင့် ကံ၏အကျိုးတရား(၁)
၎။ ကံနှင့် ကံ၏အကျိုးတရား(၂)
၅။ ပဋိစ္စသမုပ္ပါဒ် နှင့် သံသရာ
၆။ ဗုဒ္ဓဘာသာ၏ အနှစ်သာရ
၇။ သစ္စာ (၄) ပါး
၈။ မဂ္ဂင် (၈)ပါး
၉။ သတိပဋ္ဌာန်တရား(၄)ပါး
၁၀။ ဝိပဿနာတရားတော်
၁၁။ ပရိကမ် ။

သင်တန်းအမှတ်စဉ် (၄) ဆောင်းဦး သင်တန်းကို ယခုနှစ် (၉)လပိုင်း၌ ပြန်လည် စတင် ဖွင့်လှစ်မည် ဖြစ်ရာ စိတ်ပါဝင်စားသူများ ပြည်တော်ဦးသို့ ဆက်သွယ်နိုင်ပါသည်။

--
ကိုယ်စိတ် ချမ်းမြေ့ တရားမွေ. တွေ. သိနိုင်ပါစေ။
သင်သိ ကျင့်သိ ထိုးထွင်းသိ အသိ စုံပါစေ။
သာသနာ အကျိုး မြတ်မြတ်နိုး သယ်ပိုးနိုင်ပါစေ။
(ပြည်တော်ဦး)
ပြည်တော်ဦး မြန်မာ-ကိုရီးယား ဗုဒ္ဓသာသနာ့ရိပ်မွန်
MAY ALL YOU BE HEALTHY, HAPPY AND WEALTHY ENOUGH.

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, March 8, 2011

ရွှေမြင့်မိုရ် မြန်မာ ဆိုင်ဖွင့်မည့်သတင်း

လာမည့် မတ်လ ၁၉ ရက် စနေနေနေ့တွင် အန်ဆန်းမြို့၌ မြန်မာတို့အတွက် မြန်မာဆိုင်သစ် တစ်ဆိုင် ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း ၊ ဆိုင်အမည်ကို ရွှေမြင့်မိုရ် ဟု အမည်ပေးထာကြောင်းနှင့် ဆိုင်ဖွင့်ပွဲကို အလျင်အမြန်စီစဉ်ရခြင်းဖြစ်သဖြင့် သီးသန့်ဖိတ်စာများမပို့နိုင်ဘဲ ကိုရီးယားနိုင်ငံရောက် မြန်မာမိတ်ဆွေများအားလုံးတို့ကို ဟန်ဂုရွာမှ တစ်ဆင့်ဖိတ်ကြားအပ်ပါကြောင်း ၊ မိတ်ဆွေရင်းခြာပမာ သဘောထားပြီး ကြွရောက်အားပေးချီးမြှင့်နိုင်ကြပါကြောင်း ဆိုင်ရှင်များက ပြောပါသည် ။
မြန်မာ ဆိုင်ဖွင့်ပွဲ အစီအစဉ်မှာ-
၁၉-၃-၂၀၁၁
မနက် ၇ နာရီ မှ ညနေ ၇ နာရီ အထိ
လမ်းညွှန်မှာ -
အန်စမ်းဈေးလမ်းမဆုံးခင်လမ်းဘယ်ဘက်ကိုဝင်ပါရန်
အခက်အခဲရှိပါက -
ဖုန်း ၀၃၁-၄၉၃-၇၄၆၆

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, February 28, 2011

ကျေးဇူးတင်လွှာ

ရေးသားသူ — အဖြူရောင်မေတ္တာလူငယ်များ(ကိုရီးယား)

ကျွန်တော်တို့ အဖြူရောင်မေတ္တာလူငယ်များ ရန်ပုံငွေဈေးရောင်းပွဲ ကျင်းပနိုင်ရန် -
- နေရာစီစဉ်ပေးသော မြန်မာအသင်း (korea) မှ ဥက္ကဌ ဦးခင်မောင်ရင်နှင့်တကွ အမှုဆောင်များအားလုံး၊
- ရန်ပုံငွေဈေးရောင်းပွဲအတွက် ကြော်ငြာ v 9 ၊ ပိုစတာ ဒီဇိုင်းဖန်တီးပေးသော ကိုရဲလင်းထွန်း ၊ ကိုဇော်မင်းထွန်း ၊ ကိုဝင်းလှိုင် (နန်းတော်ရှေ့) ၊ ကိုသန်းထွေး ၊ ကိုယဉ်ဝင်းအောင် ။
- အကျွေးအမွေးအစီအစဉ် အတွက် ဦးဆောင်စီစဉ်ပေးသော(ကိုကြီး) တင်ယဉ်ထွန်း(ကြာဇံကြော်) ၊ ကိုအောင်မျိုးဦး(ကော်ပြန့်ကြော် )၊ ကိုကျော်ဝင်းကို (ကြက်ကြော်) ၊ ကိုဇော်မင်းထွန်း (အဖျော်ယမကာ)၊ ကိုစိန်ဝင်း(သစ်သီးအချိုပွဲ)၊ ကိုရဲနောင်(ဝက်သားဒုတ်ထိုး )၊ ဂျင်းနှင့်လက်ဖက် သုတ်ပေးသော ကိုကျော်ဌေး။
- တေးသံသာများဖြင့် ဖျော်ဖြေပေးခဲ.ကြသည့် ညီအစ်ကို မောင်နှမ များနှင့် အကောင်းဆုံး တီးခတ်ဖျော်ဖြေပေးခဲ့ကြသည့် RAINBOW BAND နှင့် THE MIRRORS BANDS တို့မှညီအစ်ကိုများ၊ မြန်မာ့ရိုးရာအကများကို ပန်တျာကျောင်းဆင်းပီသစွာ ကပြတင်ဆက်သွားသောညီမငယ်မေထားနှင့် ပရိသတ်များအား ဟဒယရွှင်ဆေးတိုက်ကျွေးသွားခဲ့သော အဖြူရောင်မေတ္တာအငြိမ့်မှ ညီမစကွီနှင့် အဖြူရောင်ညီအစ်ကိုများဖြစ်ကြသော ကိုကျော်မင်းဦး၊ ကိုအောင်ကိုမြင့်၊ ကိုပြည့်ဖြိုးကျော်၊ ကိုအောင်ကိုလတ်၊ အတွဲညီညီနဲ့အခမ်းအနားအစီအစဉ်များ ကိုဆောင်ရွက်ပေးခဲ့ကြတဲ့ ကိုဇော်ဇော်နှင့် ညီမငယ် ဖြူဖြူအောင်။
- ဗီဒီယိုမှတ်တမ်းတင်ပေးကြတဲ့ကိုရဲမြင့်၊ ကိုထွန်းထွန်းနှင့် ကိုနေလင်းသူ၊ ကင်မရာ မှတ်တမ်းတင်ပေးကြတဲ့ ကိုရဲနိင်ဝင်း၊ လက်မှတ်များကို အားသွန်ခွန်စိုက် ရောင်းပေးကြတဲ့ အစ်မရွှေမာသန်း၊ နော်ပိုးပိုး(အန်ဆန်)နှင့် ညီအစ်ကိုများအားလုံး။
- ကိုယ်တိုင်ကိုယ်ကျ လာရောက်အားမပေးနိုင်သော်လည်း အဝေးမှ အလှုငွေပါဝင်ပေးပြီးအားပေးနေတဲ့ ကိုမြင့်သိန်းဦး(MDSME, Busan)၊
- MWTV မှ မှတ်တမ်းတင်ပေးသော ကိုစိုးမိုးသူနှင့် ကိုဝိုင်း ၊
- အခမ်းနားပြင်ဆင်ပေးကြသော အဖြူရောင်မေတ္တာလူငယ်များ (korea) အဖွဲ့ဝင်များနှင့်ကျေးဇူးတင်ထိုက်သူများအားလုံး ၊
- ပွဲလက်မှတ်များအားပေးပြီးမလာဖြစ်ကြတဲ့ သူငယ်ချင်းများ၊
- လာရောက်တက်ရောက်အားပေးကြတဲ့ သူငယ်ချင်းများအားလုံးတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း…

အဖြူရောင်မေတ္တာလူငယ်များ(korea)
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, February 21, 2011

ရင်ဖွင့်စာ

ကျနော် ရင်ဖွင့်ပါရစေ အကိုတို့ ခင်ဗျား

ကျနော် eps နဲ့အောင်ထားတာ ကြာပါပြီ။ ကျနော်လေ အရမ်းပဲ ကိုရီးယားကို သွားချင်ပါတယ်။
ဘာလို့ဆိုတော့ ကျနော် သူများဆီက ယူထားတဲ့ ပိုက်ဆံတွေ ပြန်ဆပ်ချင်နေပါပြီ။ ခုလည်းတော်လေး များနေပါပြီ။ အတိုးပေးတာနဲ့ 100 လောက်ကို ကပ်နေပါပြီ။
ခုလည်း ကျနော် ကောလင်းထပ်တင်ထားပါတယ်။ ဒါပေမဲ့ ခေါ်တဲ့ထဲမှာ ခုထိ ကျနော် မပါသေးဘူးဗျာ။ ကျနော် သိချင်တာ ကျနော်တို့ အားလုံးကို ခေါ်မယ်ဆိုတာကို သိချင်ပါတယ်။
ဘာကြောင့်ဆိုတော့ ကျနော့်လို ခံစားနေရတဲ့ သူတွေ အများကြီး ရှိတယ်ဆိုတာကို ကျနော်ယုံကြည်ပါတယ်။ အကိုတို့ အနေနဲ့ ကျန်နေတဲ့ ကျနော်တို့တွေကို ဘယ်လိုအားတွေ ပေးနိုင်မလဲဆိုတာ သိချင်ပါတယ်။ ကျနော်တို့ သိချင်တာ အားလုံးကို ခေါ်မခေါ်ပါ။
ကျနော်ကတော့ eps ကို အမှတ် 192 မှတ်နဲ့ အောင်ထားတာပါ။ ကျေးဇူးပြုပြီးတော့ တတ်နိုင်သလောက် ကူညီပေးပါလို့ တောင်းဆိုပါတယ်။ ကျနော့်ရဲ့ ညီကိုတွေလည်း အားလုံး မျှော်နေမယ်နော်...

(ဟန်းဂုရွာ စာတိုက်သို့ ရောက်ရှိလာတဲ့ စာတစောင်ကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ သူသိချင်နေတာကို ပြောပြနိုင်သူများ ကွန်မန့်ရေးပေးခဲ့ကြပါ။ — သူကြီး)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 19, 2011

မြန်မာမိတ်ဆွေအပေါင်းသို့ အသိပေးခြင်း

မြန်မာမိတ်ဆွေအပေါင်းတို့ရှင့်
ကျမ မပိုးပိုးလေးစားစွာ အသိပေးအပ်ပါသည်ရှင့်
အကြောင်းမှာ ကျမသည် ကျန်းမာရေးအခြေအနေအရလည်းကောင်း ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့်လည်းကောင်း ယနေ့မှစ၍ အန်ဆန်ရွှေ့ပြောင်းသူတို့အတွက် ဘာသာပြန်ဌာန (မြန်မာဘာသာ)(Migrant Help-call Center 1644-7111) မှ နှုတ်ထွက်ပြီးဖြစ်ရာ ၊ ၄င်းဆင်တာနှင့် ပတ်သက်သည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်ရှင့် ။
ကျမ ဆေးဝါးကုသမှု ခံယူခဲ့ရစဉ်က မိသားစုပမာ ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခဲ့ကြသည့် မိတ်ဆွေအပေါင်းတို့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်ရှင့် ။
ထို့ပြင် ကျမသည် လမင်းအိမ်စားသောင်ဆိုင်လုပ်ငန်း (라민애인Myanmar Restaurant) မှလည်း နှုတ်ထွက်ပြီး ဖြစ်ပါသဖြင့် ၊ ဆိုင်လုပ်ငန်းတာဝန်ကိစ္စ အဝဝတွင်လည်း ဆက်လက်ပါဝင် ဆောင်ရွက်ခြင်းပြုနိုင်တော့မည် မဟုတ်ပါကြောင်းလည်း မိတ်သင်္ဂဟ အပေါင်းတို့အား ဟန်းဂုရွာမှတစ်ဆင့် လေးစားစွာအသိပေးအပ်ပါသည်ရှင့် ။

လေးစားမှုဖြင့် -
မပိုးပိုး
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, February 6, 2011

မြန်မာ အလုပ်သမား ၂ ဦး အလိုရှိသည်

CNC
ကင်မဲ /Gimhae/
နေ့ဆိုင်း / ညဆိုင်း ၊
နေစရာ = ပေးသည် ။
စားစရိတ် = ပေးသည် ။
ဗီဇာ ရှိသူများသာ ။
မြန်မာ(ရွှေခံ) ရှိသည် ။
မှတ်ချက် ။
အလုပ်အမှန်လုပ်လိုသူများသာ ဆက်သွယ်ပါရန် ။
ဆက်သွယ်ရန်-
- 010-8690-4753
- 010-8692-3021

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 18, 2010

ကဗျာမရေးတဲ့ သစ်ပင်

ရေးသားသူ — ခင်အောင်အေး
သစ်ပင်က ကဗျာမရေးဘူးတဲ့ အဲ့ဒါ သစ်ပင်ရဲ့ အပြစ်လား
ဟဲ့ သစ်ပင် ကဗျာရေးစမ်း ခင်ဗျား သွေးတိုးစမ်းမလို့လား
သစ်ပင်မှာ ဘာသာစကားရှိလား သစ်ပင်တွေဟာ အချင်းချင်းနားလည်အောင်
ဘာ ဘာသာစကားနဲ့ပြောကြသလဲ သစ်ပင်ကို အရာဝတ္ထုအသစ်တခုလို မြင်မိပေါ့
သစ်ပင်က အရာဝတ္ထုလား ဒါဆို သစ်ပင်က သက်မဲ့ပစ္စည်းတခုလား
မဟုတ်ဘူး သစ်ပင်မှာ အသက်ရှိသတဲ့
စုန်း နတ် ကဝေ အားကိုးနဲ့မဟုတ်ပဲ သိပ္ပံနည်းကျကျကို သိတယ်
ဒါ သေချာတယ် သစ်ပင်ဟာ သက်ရှိ ဒါပေမယ့် ……..
သစ်ပင်တစ်ပင်ကို တစုံတယောက်က ဘယ်လို အပြစ်မြင်မလဲ
သစ်ပင်တစ်ပင်ကို တစုံတယောက်က ဘယ်လို အချစ်ဝင်မလဲ
အဲဒီတစုံတယောက်က သက်ရှိလား
အဲဒီတစုံတယောက်က သက်ရှိဖြစ်ကြောင်းဘယ်လို သက်သေ ပြမလဲ
အဲဒီတစုံတယောက်က သက်ရှိဖြစ်ကြောင်းဘယ်လို သတ်သေ ပြမလဲ
သက်ရှိက သက်မဲ့ကို သက်ရှိတခုက အခြားသက်ရှိ တခုကို ဘယ်လိုသက်သေပြမလဲ
သက်ရှိတွေက ကဗျာရေးသလား သက်ရှိတွေက သက်ရှိအကြောင်း ကဗျာရေးသလား
သက်မဲ့တွေ အကြောင်းကော ကဗျာရေးသလား ကဗျာက သက်ရှိလား သက်မဲ့လား
သစ်ပင်တွေကကော သက်ရှိလား သက်မဲ့လား သစ်ပင်က ကဗျာမရေးဘူးတဲ့
အို အသင် သစ်ပင်တွေကို ဘယ်လို သွန်သင်မလဲ..
သစ်ပင်တွေ ကဗျာမရေးရင် ထောင်ဒဏ် ဘယ်နှစ်နှစ် အပြစ်ပေးမလဲ
သစ်ပင်တွေ ကဗျာမရေးရင် နေအိမ် အကျယ်ချုပ် ဘယ်နှစ်နှစ်ထားမလဲ
သစ်ပင်တွေ ကဗျာမရေးရင် လျှပ်စစ်ကြိမ်ဒဏ် ဘယ်နှစ်ချက် ပေးမလဲ
သစ်ပင်တွေ ကဗျာမရေးရင် မျက်နှာမှာ အဝတ်စီးပြီး ရိုင်ဖယ်နဲ့ ပစ်သတ်မလား
သစ်ပင်တွေ ကဗျာမရေးရင်…
သစ်ပင်တွေ ကဗျာမရေးရင်…
သစ်ပင်တွေ ကဗျာမရေးရင်…။ ။

ခင်အောင်အေး
၂၂၊ ဇွန်၊ ၂၀၁၀ ဘန်ကောက်စံတော်ချိန် ၁၉း၅၅ နာရီ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, December 16, 2010

နိုင်ငံတော် အလံ

ရေးသားသူ — ခင်အောင်အေး


ညီလေးတို့

အကို ကိုးရီးယားနိုင်ငံကို ၂ ခေါက်ရောက်တယ်။ ၂ ခေါက်စလုံးဟာ အခု ညီလေးတို့ ဒီနေ့ ဒီအခါ ဒီနေရာမှာ စုရုံးရောက်ရှိနေခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား လို့ နိုင်ငံတကာက သိမှတ်ခေါ်ဝေါ် သုံးစွဲခံရတဲ့ ကိုယ့်ညီလေး တွေကို အကြောင်းပြုပြီးရောက်ရတာချည့်ပါပဲ

အကယ်၍သာ အကိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့က အကို့ကို ဖိတ်ခေါ်တဲ့ ကိုးရီးယားအဖွဲ့ရဲ့
နားလည်မှုနဲ့ သဘောထားကြီးမှုကို ရခဲ့မယ်ဆိုရင် ညီလေးတို့တွေနဲ့အတူ အခုပွဲကို အတူတူ ဆင်နွှဲနိုင်ခွင့် ရနေမှာပါပဲ အဲဒီအတွက် မချိတင်ကဲ ဖြစ်ရပါတယ်

ခုလို ကိုယ့်ညီလေးတွေ အသိစိတ်ဓါတ်ရှိရှိ ညီညီညွတ်ညွတ်နဲ့ ရသင့်ရထိုက်တဲ့ တရားမျှတပြီး ဥပဒေနဲ့ညီညွတ် တဲ့ တောင်းဆိုချက်တွေ တောင်းဆိုနေတဲ့ အချိန်မှာ အကို မရှိနိုင်ပေမယ့် အကို့ကိုယ်စား ကဗျာလေးတပုဒ်ကို
တက်ရောက်ခွင့်ပြုပါ

အဲဒီကဗျာလေးကတော့…

နိုင်ငံတော် အလံ

တီဗွီ အစီအစဉ် ၂ ခုစလုံးမှာ
ရှေးခေတ်သမိုင်းနောက်ခံ ဇာတ်လမ်း
“ခွေးမသား ဖမ(ဗမာ) သေပေတော့”
“ကျူးကျော်သူ ဖမ(ဗမာ)တွေကို မောင်းထုတ်ကြဟေ”့
“ဖမ(ဗမာ)ဖက်ကို သူလျှို လုပ်တဲ့ သစ္စာဖောက်လောက်ကောင် ငရဲကိုသွားတော့”

အိုက်လို့ဟ ထားတဲ့ အခန်းတံခါးကို အသာစေ့လိုက်တယ်
တီဗွီကို မသိမသာ အသံတိုးလိုက်တယ်
ယောင်တီး ယောင်န နဲ့ ကိုယ်ပေါ်က အဝတ်အစားတွေ အကုန်လုံးချွတ်ချလိုက်တယ်
ပြီးတော့ ရေချိုးခန်းထဲ ကယောင်ကတမ်း ဝင်လိုက်တယ်

တီဗွီမှာ သတင်းအစီအစဉ် ပြောင်းသွားပြီ
ဟုတ်တယ် ထိုင်းနိုင်ငံတဝှမ်းလုံး မြစ်ကြောင်းတလျှောက် မြို့ရွာတွေ
ရေမြုပ်နေတဲ့သတင်း

ရေချိုးခန်းတံခါးကို ပိတ်မယ်အလုပ်
ဖမ(ဗမာ) ဆိုတဲ့ အသံကြားလို့ ခေါင်းပြူကြည့်လိုက်တော့
ပရာထေ့ ဖမ(ဗမာ နိုင်ငံ) မှာ အလံ အသစ် ပြောင်းသွားတဲ့သတင်း

ဘယ်လောက်ကြာအောင် ကိုယ့်ကိုယ်ကို ရေတွေနဲ့လောင်းချနေမိမှန်း မသိတော့…

ခင်အောင်အေး
၂၂၊ အောက်တိုဘာ။ ၂၀၁၀


အမြန်ဆုံး အမေ့အိမ်ကို ပြန်ပြီး အမေ့ရင်ခွင်မှာ ဝမ်းနည်းဝမ်းသာ (အကျည့်တန် အရုပ်ဆိုးခဲ့တဲ့ နှစ်ပေါင်းများစွာ အတွက်) ရှိုက်ကြီးတငင် ငိုချခွင့်ရတဲ့ သား/သမီးများ ဖြစ်ကြပါစေ…

ခင်အောင်အေး
၁၄၊ ဒီဇင်ဘာ၊ ၂၀၁၀

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, December 1, 2010

မြန်မာ အလုပ်သမား ၂ ဦး အလိုရှိသည်

Water Cooling System
Seogu, Incheon Metropolitan
(ဘူဖြောင်းဘူတာမှ ၂၀ မိနစ်ခရီး)
အီးပီများသာ ။
မနက် ၈ ၊ ညနေ ၅ ။
စနေ ၊ တနင်္ဂနွေ နားသည် ။
ထမင်း ကျွေး ၊ နေစရာပေး သည် (Apartment) ။
လစာ မှန် ၊ ကောင်း ။
ရွှေခံ ရှိသည် ။

ဆက်သွယ်ရန်-
တစ်ဆင့်/
- 010-2331-2457
တိုက်ရိုက် -
- 010-8693-1186

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>