Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Monday, August 26, 2013

ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်လာကြပြီလော (ဘာသာပြန်)

ရေးသားသူ —  ( သက်နိုင် )
                                 

                    (၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းပါ Hannah Beech ၏
                      When Buddhists Go Bad ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။)  

       တိုင်းမဂ္ဂဇင်းတွင် ဆရာတော်ဦးဝီရသူ မျက်နှာဖုံးဖြင့် ရေးသားဖော်ပြထားသော ဆောင်းပါးကိုဆီလျော် အောင်ဘာသာပြန်ဆိုပြီး၊ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အဆိုပါဆောင်းပါးတွင်ပါဝင်
သောအချက်အလက်များကို ဝေဖန်သုံးသပ်စဉ်းစားနိုင်ရန် ရည်ရွယ်ပါသည်။


ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်လာကြပြီလော   (ဘာသာပြန်)

     မြန်မာပြည်ဘင်လာဒင်ဟု နာမည်ရလာသော ဗုဒ္ဓဘာသာဘုန်းတော်ကြီး၏ မျက်နှာအသွင်အပြင်ကား ကျောက်ဆင်းတုအလား မလှုပ်မယှက်တည်ငြိမ်စွာဖြင့် တရားကိုစတင်ဟောကြားပါသည်။ ...............










     

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, July 14, 2013

ကိုရီးယားနိုင်ငံရဲ့ ပဒေသာယဉ်ကျေးမှုကို လေ့လာခြင်း(အပိုင်း၁)

ရေးသားသူ — စိုးမိုးသူ


ရွှေ့ပြောင်းသူ ၁၅သန်းနေထိုင်နေပြီဖြစ်တဲ့ ကိုရီးယားနိုင်ငံဟာ အရင်လို နိုင်ငံတွင်းမှာ လူမျိုးတမျိုးတည်း၊ ယဉ်ကျေးမှု တခုတည်းသာ ရှိတယ်ဆိုတဲ့ ခံယူချက်ကနေ လူမျိုးပေါင်းစုံ ယဉ်ကျေးမှု ပေါင်းစုံပါဝင်တဲ့ ပဒေ သာ ယဉ်ကျေးမှု လူ့အသိုက်အ၀န်းတွင်း နေထိုင်နေပြီလို့ ကြေငြာထားပြီဖြစ်ပါတယ်။

၂၀၀၃ခုနှစ် နိုမူဟရွန်သမတလက်ထက်ကစပြီး စတင်သုံးစွဲလာတဲ့  ပဒေသာယဉ်ကျေးမှု လူ့အသိုက် အ၀န်း(다문화사회)ဆိုတဲ့ စကားလုံးဟာ သမတ အဆက်ဆက်တိုင်းမှာ ပိုမို အားကောင်းစွာ သုံးစွဲလာသလို ပတ်သက်ရာ စနစ်တွေကို ချမှတ်ကာ လုပ်ငန်းတွေကို အကောင်အထည် ဖော်လာတာ ကလည်း အရှိန် လျော့ကျသွားခြင်း မရှိသေးပါဘူး။

သို့သော် လက်ရှိ ကိုရီးယားအစိုးရနဲ့ ကိုရီးယားအဖွဲ့အစည်းများက ဖော်ဆောင်နေတဲ့ ပဒေသာ ယဉ်ကျေး မှု ဆိုင်ရာ လုပ်ငန်းတွေနဲ့ လှုပ်ရှားမှုတွေဟာ ထောက်ပြစရာတွေ အလွန်များပြားနေပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, February 3, 2013

အကျိုးရှိရှိ ငိုက်ကြစို့

ရေးသားသူ — စိုးမိုးသူ



 
 
 
 
 
 
 
 
 

ကြာပါပြီ
အင်တာနက်မှာ တိုင်းပြည်အကျိုးအတွက် လွှတ်တော်ထဲ၊ အစည်းအဝေး ခန်းမတွေထဲမှာ ဆွေးနွေးနေ စဉ် ငြိမ်းချမ်းစွာ အိပ်ငိုက်နေကြတဲ့ လွှတ်တော်အမတ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများရဲ့ ဓာတ်ပုံတွေကို   မြင်တွေ့ရလေ့ရှိပါတယ်။
 နေ့မအား ညမအား တိုင်းပြည်ပြောင်းလဲရေးအတွက် အိပ်သွန်ဖာမှောက်ကြိုးစားနေကြလို့လား၊ အခြားအကြောင်းကြောင့်လားတော့ မသိ ဦးဆောင်သူတို့ရဲ့ အဲဒီလို အပြုအမူကို မြင်ရတဲ့ ပြည်သူ အပေါင်းကလည်း စာရေးပြီး ကောင်းကောင်းတုံ့ပြန်လေ့ရှိကြပါတယ်။
ငိုက်တတ်တာဟာလူ့သဘာဝပါ။ ဒါပေမယ့် အကျိုးမဲ့ ငိုက်တာထက် အကျိုးရှိရှိ ငိုက်တတ်ဖို့လိုပါတယ်။                                                                                            မိမိယူထားတဲ့ နေရာနဲ့ ကျေပြွန်ရမည့် တာဝန်ကိုလည်း မလစ်ဟင်းရအောင်  အကျိုးရှိရှိ ငိုက်တတ် ရှိတဲ့ ကိုရီးယားရဲ့ ဆိုးလ်မြို့တော်ဝန် မစ္စတာ ဘာ့ဂ်ဝန်ဆူးန်ရဲ့ အကြောင်းကို တင်ပြပါ့မယ်။ 
လူ့အခွင့်အရေးရှေ့နေကနေ ဆိုးလ်မြို့တော်ဝန်ဖြစ်လာသူ မစ္စတာဘာ့ဂ်ဟာ ဆိုးလ်မြို့တော်ဝန်တာဝန်ကို လက်ရှိ ထမ်းဆောင်နေ ဆဲဖြစ်သလို အရင်မြို့တော်ဝန်တွေထက် သာလွန်သူဖြစ်ကြောင်း ကောင်းချီးပေး ခံနေရသူပဲဖြစ်ပါတယ်။ သူဟာ နေ့စဉ် မပြတ်ဆိုသလို မိမိတာဝန်ယူ ထမ်းဆောင်နေသော လုပ်ငန်းများ အကြောင်း(အောင်မြင်မှု၊ အဆင်မပြေမှု စသည်)ကို ဖေ့စ်ဘွတ်၊ twitterမှတဆင့်  ပြည်သူ့ထံ အမြဲမပြတ် စာရေး အသိပေးလေ့ရှိသလို ပြည်သူများရဲ့ မေးခွန်းများကိုလည်း ဂရုတစိုက်ဖြေကြားပေးလေ့ရှိပါတယ်။ 
အဲဒီလို မိမိထမ်းဆောင်နေသော တာဝန်များကို ပြည်သူ့ထံ ပွင့်လင်းစွာ တင်ပြပေးခြင်း၊  ပြည်သူရဲ့  ဝေဖန်မှုကို ဂရုတစိုက် ရယူခြင်းဖြင့် ပြည်သူနဲ့ စက္ကန့်မလပ် အနီးကပ်ဆုံးနေသူ မြို့တော်ဝန်ဘာ့ဂ် ကိုယ်တိုင်လည်း ငိုက်လေ့ရှိတဲ့အကြောင်းကို သူ့ကိုယ်ပိုင် ဖေ့စ်ဘွတ်တွင် ကိုယ်တိုင် ၀န်ခံရးသားခဲ့ဖူးပါတယ်။   မြန်မာပြည်က နိုင်ငံ့ခေါင်းဆောင် ဆိုသူများ ပည်သူ့အဆဲကင်းပြီး ငိုက်တတ်အောင် မြို့တော်ဝန်ဘာ့်ဂ်ရဲ့ ငိုက်ပုံ ငိုက်နည်းကို မေတ္တာရှေ့ထားပြီး ဘာသာပြန် တင်ပြပေးလိုက်ပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆိုးလ် မြို့တော်ဝန်ဘာ့ခ်ဝန်ဆူးန်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, November 8, 2011

မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား) မြန်မာပိုင်ကျောင်းနေရာ ဝယ်ယူလှူဒါန်းနိုင်ရေး နှိုးဆော်လွှာ

- ကိုရီးယားနိုင်ငံရောက် ပြည်ထောင်စုဖွား ရွှေမြန်မာအပေါင်းတို့...
ကိုရီးယားနိုင်ငံရှိ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးသည် မြန်မာအလုပ်သမား အများစုနှင့် ပြည်ထောင်စုဖွား ရွှေမြန်မာများ၏ အမျိုးဘာသာ သာသနာအတွက် အားထားမှီခိုရာ ကျောင်းတော်ကြီးဖြစ်ပါသည်။
ယခုအခါတွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်းနေရာကို (ကိုယ်ပိုင်)ဝယ်ယူလှူဒါန်းပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်နိုင်ရန် အခွင့်အရေးပေါ်ပေါက်နေပြီ ဖြစ်ပါသည်။
ကိုရီးယား အစိုးရထံမှ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (미얀마불교전법사원)ဟူသော အမည်ဖြင့် တရားဝင်ခွင်ပြုချက် မှတ်ပုံတင်လည်း ကျပြီးဖြစ်၍ လှူဒါန်းနိုင်သော ဘဏ်အကောင့်များကိုလည်း ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မြန်မာပိုင်ကျောင်းတော်ကြီး ဖြစ်မြောက်ရေးတွင် တစ်တတ်တစ်အား ပါဝင်လှူဒါန်း လိုသူများ အနေဖြင့် အောက်ဖော်ပြပါ ဦးဆောင်ဆရာတော်များနှင့် နီးစပ်ရာ ကျောင်းအကျိုးတော်ဆောင်များထံ ဆက်သွယ်ကာ သင့်လျော်သည့် ဘဏ်အကောင့်များသို့ ပေးပို့လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

၁။ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ဘူဖြောင်း)
ဆရာတော် အရှင်သုမင်္ဂလ (ဝေါဆရာတော်) (ဖုန်း = ၀၁၀-၆၅၅၇-၀၂၂၂)
လက်ထောက် ဆရာတော် အရှင်ဥတ္တရ (ဖုန်း = ၀၁၀-၂၃၂၇-၂၄၅၇)
ကျောင်းအကျိုးဆောင်အဖွဲ့ (ဖုန်း = ၀၃၂-၅၁၁-၂၈၄၁)
၂။ ဆရာတော် အရှင်ပဏ္ဍိစ္စ (ဘူဆန်ပြည်တော်ဦးဆရာတော်) နှင့်
ဆရာတော်၏ တပည့်ကျောင်း အကျိုးတော်ဆောင်များ
(ဖုန်း = ၀၁၀-၄၀၄၅-၇၀၀၂)
၃။ ဆရာတော် အရှင်သုဝဏ္ဏ (ဆိုးလ်ဆရာတော်)
(ဖုန်း = ၀၁၀-၅၁၈၄-၃၅၇၈)
၎။ ဆရာတော် အရှင်ဝိစိတ္တ (မနာပ ဒါယီဆရာတော်) နှင့်
ဆရာတော်၏ တပည့်ကျောင်း အကျိုးတော်ဆောင်များ
ဒယ်ဂူးစိတ္တသုခ မြန်မာကျောင်း (ဖုန်း = ၀၁၀-၃၇၈၇-၉၆၉၃)

ဘဏ်အကောင့်များ
1) KB (국민은행) 839801-01-472034 (미얀마불교전법사원)
2) IBK (기업은행) 370-044956-01-011 (미얀마불교전법사원)
3) NH (농협은행) 351-0396-3090-93 (미얀마불교전법사원)

မှတ်ချက်။ ကျောင်းတော်ကြီး ဝယ်ယူရာတွင် အားလုံးအတွက် သွားလာရေး လွယ်ကူသည့် နေရာကို ရွေးချယ်ပြီး ဝယ်ယူရန် ရည်ရွယ်ထားပါသဖြင့် တစ်နှစ်အတွင်း ကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် ခန့်မှန်း ကိုရီးယားဝမ် သိန်းခြောက်ထောင်ခန့် စုဆောင်းရရှိရန် ရန်မှန်းထားပါ၍ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စေတနာသဒ္ဓါ ထက်သန်စွာဖြင့် တတ်စွမ်းသမျှ လှူဒါန်းနိုင်ပါကြောင်းနှင့် အလှူရှင်များအားလုံးကို ကမ္ဗည်းမှတ်တမ်းတင်၍ ကျောင်းတော်ကြီး၌ သမိုင်းမှတ်တိုင် ထာဝရစိုက်ထူပေးမည် ဖြစ်ပါကြောင်း....။

ဦးဆောင်ဆရာတော်များနှင့် အကျိုးတော်ဆောင်များ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, August 15, 2011

ခြေလှမ်းကို ရပ်ပြီး လှည့်ကြည့်လိုက်ပါ-၂

ရေးသားသူ — အင်ကြင်း
(ယခင်အဆက်)
သစ်ခုတ်သမားလို အကျင့်သည်လည်း လုပ်ဖို့တွန်းအားပေးတတ်တဲ့ အကျင့်တခုပင်ဖြစ်သည်။ မိမိကိုယ်ကို ပြန်လှည့်ကြည့်ဖို့ (ငါဘာလိုသလဲဆိုတာကို) လေးပင်ခြင်း၊ အလုပ်ကိုပဲ ကြိုးစားပမ်းစားလုပ်ကိုင်တတ်ခြင်း တို့ကြောင့်ဖြစ်သည်။ ကိုယ့်ရဲ့ စိတ်ကို ပြန်သုံးသပ်မူမရှိလျှင်ဖြစ်စေ၊ မှားယွင်းတဲ့ ရည်ရွယ်ချက် ဦးတည်ချက်ကိုသာ ဦးတည်ပြီး မမြင်တဲ့အကန်းတယောက်လို အတင်းတိုးလုပ်ဆောင်နေတာဖြစ်စေ၊ မှားယွင်းတဲ့ ပုံစံနဲ့ အကျိုးရလာဒ်မရှိပဲ ဆက်တိုက် လုပ်နေတာမျိုးသာ ဖြစ်နေသည်။

သည်လိုဆိုလျှင် ကိုယ့်ရဲ့ စိတ်ကို ပြန်သုံးသပ်ရာမှာ ဘယ်လိုမျိုး လုပ်ယူရပါလိမ့်မလဲ….

မိမိကိုယ်ကို ပြန်သုံးသပ်ခြင်းဟာ စဉ်းစားတွေးတောခြင်းနဲ့ တူတဲ့ အဓိပါယ်ပဲဖြစ်သည့်အတွက် များစွာသော သူတွေဟာ ဒီအတိုင်း သေခြာစွာ အသေးစိတ် တွေးတောသုံးသပ်ရမည် ထင်ပါသည်။ သို့သော် တွေးတောစဉ်းစားနေယုံ စိတ်ပင်ပန်းနေယုံနဲ့တော့ မိမိကိုယ်ကို မတည်ဆောက်နိုင်ပေ။ ဒီထက်အရေးကြီးတဲ့ အရာကတော့ အတွေ့အကြုံပင်ဖြစ်သည်။ ဒါ့ကြောင့် အတွေ့အကြုံယူပါ၊ စာအုပ်များစွာဖတ်ပါ၊ စကားပြောဖလှယ်ပါ ဆွေးနွေးပါ၊ ခရီးထွက်ပါ။
အတွေ့အကြုံလောက် လူသားတွေအတွက် ရင့်ကျက်စေတဲ့ အရာမရှိပါ။ အထူးသဖြင့် လွယ်လွယ်စိတ်ခံစားနိုင်ခြင်း(sensitivity)ရှိတဲ့ လူငယ်ဘ၀မှာ တဖြည်းဖြည်းစုပုံလာတဲ့ အတွေ့အကြုံဆိုတာ အလွန်တန်ဖိုးရှိတဲ့ အရာတွေဖြစ်တာကြောင့်ဖြစ်သည်။ လူငယ်တွေဟာ မိမိကိုယ်ကို တခါမှ ပြန်လှည့်ကြည့်ခြင်းမရှိပေ။ ဒါကြောင့် လုပ်နိုင်သလောက် လုပ်ပြီး အမျိုးမျိုးသော အတွေ့အကြုံကို ယူကြည့်ပြီးမှာ ကြိုးစားလုံလစိုက်ပါ။ ဒါဟာ အပြစ်တင်ခံရတဲ့ အပြုအမူဖြစ်စေ၊ ကုန်ဆုံးသွားစေတဲ့ သင့်ရဲ့ အချိန်နဲ့ လုံလကို သုံးစွဲပစ်လိုက်တာ မဟုတ်ပေ။ စောစီးစွာ ပင်ပန်းမူကို ရယူပါ (Early training means more than late learning) ဆိုတဲ့ စကားပုံဟာ အလကားသက်သက် အကျိုးမရှိပဲ ပေါ်လာတာမဟုတ်ပေ။

သို့သော် အချိန်ကြောင့်ဖြစ်စေ အခြေအနေကြောင့်ဖြစ်စေ အရာအားလုံးကို တိုက်ရိုက် ချက်ခြင်း အတွှေ့အကြုံရဖို့ဆိုသည်မှာ တကယ်တော့ မဖြစ်နိုင်ပေ။ ထို့အတွက်ကြောင့် ကျမတို့တစ်တွေဟာ စာကို ဖတ်ရခြင်းဖြစ်သည်။ စာအုပ်ထဲမှ၊ သတင်းစာထဲမှ၊ မဂ္ဂဇင်းထဲမှနေ ယူရပါမည်။

ကျမတို့တွေဟာ အောင်မြင်မူတဲ့သူတွေနဲ့ ကျဆုံးတဲ့ သူတွေရဲ့ စကားကို လေ့လာနာယူရပါမည်။ အင်တာဗျူးပြီး တကယ့်လက်တွေ့ဘ၀အခြေအနေကို မေးကြည့်တာ ဖြစ်ဖြစ်၊ ၀တ္တုလို ခန့်မှန်းပုံဖော် ထားတာကို ကြည့်ယူပဲဖြစ်ဖြစ်၊ လောကကြီးရဲ့ စကားလုံးတိုင်းဟာ ကျမတို့အတွက် သွယ်ဝိုက်တဲ့ အတွေ့အကြုံတွေကို ရနိုင်ဖို့ ပေးပါသည်။ ဒါကြောင့်ပင် စာဖတ်ခြင်း၊ အမျိုးမျိုးသော စကားလုံးများကို မှတ်သားနာယူခြင်း၊ ဒါ့အပြင် မိမိကိုယ်ကိုအတွက် စဉ်းစားသုံးသပ်ခြင်းများ လိုအပ်ပေသည်။

အပြန်အလှန် စကားပြောခြင်းဟာ စာဖတ်သလို ကောင်းကျိုးရပြီး အသုံးဝင်တဲ့ အတွေ့အကြုံကို ရယူနည်းတမျိုးပင်ဖြစ်သည်။ အထူးသဖြင့် မိမိထက်ပိုပြီး အတွေ့အကြုံများတဲ့သူတွေ ဥာဏ်ပညာကြီးမြင့်သူတွေနဲ့ စကားဖလှယ်ခြင်းဟာ ကြီးမားတဲ့ ပညာအလင်းကို ရယူနိုင်ခြင်းဖြစ်သည်။ ကျောင်းသူ ကျောင်းသားတွေကို သုံးသပ်ကြည့်မည်ဆိုလျှင် ပြင်ပစကားပြောဆိုမူဟာ ထင်ထားတာထက် နည်းနေတာ တွေ့ရသည်။ သူတို့တတွေဟာ စကားများစွာကို ဖလှယ်ကြမယ်လို့ ထင်ရပေမယ့် ခင်မင်တဲ့ သူငယ်ချင်းဖြစ်စေ အနီးကပ်ရှိတဲ့ ကျောင်းက စီနီယာနဲ့သာ စကားပြောဆိုကြသည်။ တကယ်တော့ အချင်းချင်းသာ အတူတွေ့ကြုံရတဲ့ အခက်အခဲကို မျှဝေခံစားလို့ရပေမယ့် ထိုသူတွေဟာ ၀င်္ကပါထဲမှာလို ကျင်လည်နေသည်ကသာ များတာကြောင့် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ဖို့၊ ထိုးဖောက်မြင်ဖို့ အားနည်းလာလေသည်။ မိမိအထက်က စီနီယာဆိုတာလည်း တူညီတဲ့ အမှောင်ကြားထဲမှာ ကိုယ့်ရှေ့ကနေ တ၀ဲဝဲလည်လည်ဖြစ်နေတဲ့ သူလို့ ဆိုနိုင်မလားပါပဲ။

ဒါကြောင့် အဲဒါထက် ပိုပြီး အကြံပေးကူညီနိုင်သူကို ရှာပါ။ သူငယ်ချင်းတို့ စီနီယာတို့ဆိုတာ ကောင်းပေမယ့်၊ အဲဒီထက် ပိုပြီး ကြွယ်ဝတဲ့ အတွေ့အကြုံတွေကို ခွဲဝေပေးနိုင်မယ့် စီနီယာကြီးဖြစ်တဲ့ ဆရာတွေ၊ လူကြီးသူမတို့တွေနဲ့ တွေ့နိုင်တဲ့ အခွင့်အရေးကို မကြာခဏဖန်တီးပြီး လေးနက်တဲ့ စကားတွေကို ဖလှယ်ကြည့်ပါ။ အာဖရိကစကားပုံထဲမှာ သေသွားတဲ့ လူကြီးတယောက်ဆိုတာ မီးလောင်နေတဲ့ စာကြည့်တိုက်နဲ့ တူတယ်ဆိုတာ အမှန်ပဲမဟုတ်ပါလား။
…………………
တခြားသောအရာကတော့ ခရီးထွက်ခွာခြင်းပင်။ ခရီးဆိုတာလည်း တကယ်ကို ကောင်းတဲ့ အခွင့်အရေးတခုပင်ဖြစ်သည်။ နိုင်ငံစုံကို ခရီးထွက်ရင်း မြို့ပြနှိုင်းယှဉ်မူကို သုတေသနလုပ်တဲ့ အဖွဲ့ခေါင်းဆောင် ဆရာကင်မင်ဂျူက ခရီးဆိုတာ လူ့အဖွဲ့အစည်းနဲ့ဆိုင်တဲ့ သေဆုံးခြင်း၌ အတွေ့အကြုံရရှိခြင်း ပင်ဖြစ်သည်ဟုဆိုသည်။ စဉ်းစားကြည့်လေ ကောင်းလေဆိုတဲ့ အဆိုတခုပင်ဖြစ်သည်။ ဒါဟာလည်း အမှန်ပင်ဖြစ်သည်။ ခရီးဆိုတာ တချို့အပိုင်းတွေမှာ သေဆုံးသွားခြင်းနှင့် ဆင်တူသည်။ ခရီးရှည် တခုကို ထွက်သွားကြည့်လျှင် ကိုယ်ရှိနေခဲ့တဲ့ နေရာက လူတွေအတွက်တော့ ကိုယ်ဟာ မရှိတဲ့သူ ဒါမှမဟုတ် သေလူတယောက်လိုဖြစ်နေမှာပါပဲ။ ခရီးထွက်တယ်ဆိုတာ ကိုယ့်ရဲ့အသိုင်းအ၀ိုင်းနဲ့ အဖွဲ့အစည်းမှာ ကိုယ်ဟာ နေရာက ခဏတာလစ်ဟသွားချိန်မှာ သူတို့ ဘယ်လို သဘောရှိမယ်ဆိုတာ စဉ်းစားကြည့်နိုင်မယ့် အခွင့်အရေးတခုလည်း ဖြစ်သည်။

ခရီးကို ထွက်ခွာလာပြီး ပြူတင်းပေါက်ကနေ အပြင်ကို ထိုးထွင်းမြင်နေရတဲ့ သစ်ဆန်းတဲ့ သဘာဝရူခင်းကို ငေးကြည့်ရင်း ရုတ်တရက်မြို့ပြဘ၀မှာ ရုံးကန်နေရတဲ့ ကိုယ့်ဘ၀ကို ပြန်မြင်သိလာရတဲ့ အခါလည်း ရှိသည်။ ကိုယ်တိုင် ကောင်းမွန်စွာ လုပ်နိုင်ခဲ့တဲ့ အလုပ်ကို၊ မစွမ်းဆောင်နိုင် မလုပ်နိုင်ခဲ့တဲ့ အလုပ်ကို၊ သာမာန်အချိန်မှာ ဖုံးကွယ်ထားတဲ့ ကိုယ့်ရဲ့ ပွင့်လင်းတဲ့ ပုံသဏန်ကို ပြန်လည်ခေါ်ထုတ်မိတော့ ထိတ်လန့်သွားမိခဲ့သည်။ လူဆိုတာ မိမိနေရပ်မှနေ ဝေးသွားတဲ့မှ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို မှန်ကန်စွာသုံးသပ်သလို ပြန်မြင်နိုင်တဲ့ အသွင်လည်း ဆောင်သည်။

ခရီးထွက်ခွာလာခြင်းဟာ ကောင်းမွန်တဲ့အရာဆိုတာ ကိုယ်က အလွန် မှန်ကန်သင့်တော်တယ်လို့ တွေးခဲ့တဲ့ ကိစ္စတွေဟာ လုံးဝ မှန်ကန်တာမဟုတ်ဘူးဆိုတဲ့ ခံစားမူကို သိမြင်လာနိုင်သည့် အတွက်ကြောင့်ဖြစ်သည်။ အထူးသဖြင့် တိုင်းတပါးကို သွားရောက်တဲ့အခါမှာ ဒါမျိုးဖြစ်တတ်သည်။ လုံးဝကို ခြားနားသော တန်ဖိုးရှိစွာ ရပ်တည် နေထိုင်လာတဲ့ သူတွေရဲ့ သွင်ပြင်ကို မြင်လျှင် ကိုယ်က မှန်ကန်ခဲ့တယ်ဆိုတာ တကယ့်ကို သံသယဖြစ်စရာ ဖြစ်လာသည်။

ငါဟာ ဘာအတွက် ခုလိုကြိုးစားပမ်းစား အသက်ရှင်နေထိုင်လာခဲ့တာပါလိမ့်………

သည်လိုမျိုး စကားပလ္လင်ခံနေစရာမလိုပါ။ သင့်တန်ဖိုးအတွက် မြင့်တင်ပေးနိုင်တဲ့ အခွင့်အရေးကို ခရီးထွက်ခြင်းက ပေးပါသည်။

ဒါကြောင့် ကင်မရာနဲ့ လက်ကိုင်ဖုံးကို အံဆွဲထဲကို ထည့်ထားပြီး၊ မကြာခဏ ခရီးထွက်ကြည့်ပါ။ ခရီးသွားလမ်းညွှန်စာအုပ်ထဲမှာ ပါတဲ့ သဘာဝရူခင်းပုံ ရှာပြီးဓါတ်ပုံရိုက်ဖို့ ထွက်လာတာဆိုတဲ့ ခရီးဆိုတာမျိုးမဟုတ်ဘဲ သင့်ကိုယ်သင် ပြန်မြင်ဖို့ ထွက်လာတဲ့ ဒီလိုခရီးမျိုးကို ဆိုလိုဖြစ်သည်။

(သေခြာတဲ့ ရည်ရွယ်ချက်၊ သင့်တော်တဲ့ နည်းစနစ်၊ ရိုးသားတဲ့ လုပ်ဆောင်မူ)

တလောကလုံးနဲ့ဆိုင်တဲ့ အဓိပါယ်ရှိတဲ့ အောင်မြင်မူဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ယုံကြည်မူကို လက်ကိုင်ထားတဲ့ မျှော်မှန်းချက်ပဲဖြစ်ဖြစ်၊ ဘ၀မှာ တခုခုကို တည်ဆောက်ဖို့အတွက် ဒီသုံးချက်ထဲက တခုတော့ဖြစ်ရမည်။ ရည်မှန်းချက်မရှိဘဲ အဓိပါယ်မရှိပဲ နည်းစနစ် မမှန်ကန်လျှင် အချိန်နဲ့ ခွန်အားကို ဖြုံးတီးသလိုဖြစ်နေပြီး သေခြာတဲ့ လုပ်ဆောင်မူမရှိလျှင် မတည်ဆောက်နိုင်ပေ။ ဘယ်အရာဖြစ်ဖြစ် တခုကိုတောင် မပြည့်စုံဘူးဆိုလျှင် ဘ၀ဟာ အခြေတိုတဲ့ ခွေးခြေခုံလို အားမရှိ ပြိုလဲကျသွားနိုင်ပေသည်။

အမြဲတမ်း သည်အချက် သုံးချက်ကို ဟန်ချက်ညီဖို့အတွက် အဆက်မပြတ် မိမိကိုယ်တိုင် ပြန်လှည့်ကြည့်ရမည် ဖြစ်သည်။ အဲသည်လို သုံးနားညီ တြိဂံကို ဗဟိုထားပြီး မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်ရပါမည်။

တခါတရံ ခြေလှမ်းကို ရပ်ပြီး လှည့်ကြည့်လိုက်ပါ။ ဒါ့အပြင် စိတ်အားထက်သန်စွာ တောက်ပတဲ့ မျက်လုံးနဲ့ ကိုယ့်ကိုကိုယ် လှည့်ကြည့်လိုက်ပါ။ မိမိကိုယ်တိုင် သမာသမတ်ကျကျ ကြည့်ပြီး၊ ပုံမှန် မတည်ဆောက်ပဲ အကြွင်းမဲ့ ရိုးသားမူဆိုတာ တုံးနေတဲ့ လွှသွားကို မသွေးပဲ တုခုခကိုဇွတ် ဖြတ်နေသလိုပဲပေါ့။ အဲသည်လို ဘ၀ဆိုတာ တုံးနေတဲ့ လွှသွားလို ဘယ်လောက်တောင် လေးဖင့်နေလိုက်ပါသလဲ…………

အင်ကြင်း
11:45 am
10 August 2011

မူရင်း : 김난도

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, July 25, 2011

ဘဝနာရီ

ရေးသားသူ — အင်ကြင်း

သင်ရဲ့ ဘ၀ဟာ ခုဆို ဘယ်နှနာရီရှိနေပြီလဲ
စားပွဲပေါ်မှာတော့ ယူဆောင်မသွားဘဲ အမြဲတင်ထားတဲ့ စားပွဲတင် နာရီလေးက ရှိနေပါတယ်။ ပျက်နေတာလဲမဟုတ်ပါ။ ဘက်ထရီကို တမင် ဖြုတ်ထားခဲ့ခြင်းပါ။ ဒါပေမယ့်လည်း သည်နာရီလေးဟာ အမြဲတမ်း ရပ်နေတာတော့လည်း မဟုတ်ပါ။ နှစ်စဉ် မွေးနေ့ရောက်တိုင်း ၁၈ မိနစ်စီ ရှေ့ကို နာရီလက်တံကို ရွေ့ခဲ့ပါတယ်။
ခုပဲ ကျောင်းသားတယောက် ရောက်လာပြီးပြန်သွားခဲ့ပါတယ်။ သူက မနက်ဖြန် သဘက်ခါဆိုပဲ အသက်က ၃၀ ရောက်တော့မယ်ဆိုပေမယ့် သေခြာတဲ့ အောင်မြင်ပြီးမြောက်မှုတခုမှ မရှိခဲ့သေးဘဲ၊ ရှေ့ဆက် ဘယ်လို လုပ်ကိုင်ရမယ်ဆိုတာ တိကျတဲ့ ရည်မှန်းချက်ကိုလည်း အကောင်အထည် ဖော်နိုင်စွမ်း မရှိသေးဘူးလို့ ဆိုပါတယ်။ စိတ်မွမ်းကျပ်စွာ ရူးမတတ်ဖြစ်ရင်း ကြာငြောင်းတဲ့ အချိန်တွေကို ညီးတွားရင်း သည်လိုနဲ့ ကုန်ဆုံးနေလာခဲ့သည်ပေါ့။
အသက် ၃၀ အရွယ်ပင်ရောက်လာခဲ့ပြီပဲ။
>>>>>>>>>>>>>>>>>>>
လူငယ်တိုင်းလိုလို ဘ၀အတွက် လိုအပ်တဲ့ ပညာရေးမှာ ပြောရရင်၊ အဓိကဘာသာရပ်ကိုဖြစ်စေ၊ တွဲဘက်ယူရတဲ့ ဘာသာရပ်တွေမှာဖြစ်စေ ထူးချွန်တဲ့ အောင်မှတ်ကို ရဖို့ကြိုးစားရင်း ၄ နှစ်တာ ကာလအတွင်းမှာ တက္ကသိုလ်က ဘွဲ့တခုရဖို့ဟာ မလွယ်ကူလှပါဘူး။ ထပ်ပြီးတော့လည်း ခုခေတ် ကာလမှာ ဘာသာစကား သင်တန်း၊ အကူအလုပ်၊ အချိန်ပိုင်းအလုပ် စတဲ့ဟာတွေကို လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ အတွေ့အကြုံနဲ့ နေရာ(Space) ရဖို့ လုပ်ယူရပါသေးတယ်။ အဲဒီအတွက် ၆ လ၊ ၁ နှစ် ကျောင်းက ခဏနားပြီး အခြေခံယူကြခြင်းပေါ့။ ဒါမှမဟုတ် တက္ကသိုလ်မှာ တနှစ်လောက် ထပ်နေတာဖြစ်ဖြစ်၊ ကျောင်းပြောင်းတက်တာဖြစ်ဖြစ်၊ ဘာသာရပ်ပြောင်းတက်တာဖြစ်ဖြစ်၊ အလုပ်အတွက် အတွေ့အကြုံ အထောက်အကူဖြစ်ဖို့ လုပ်ရင်း ၁ နှစ်၊ ၂ နှစ်အချိန်တော့ ထပ်ကြာပါတယ်။ ဘွဲ့ရပြီးနောက် အလုပ်စာမေးပွဲဖြစ်စေ၊ နိုင်ငံခြားပညာသင်ဖို့ ပြင်ဆင်သည်ဖြစ်စေ ဟိုဟိုသည်သည် သင်တန်းအချို့ တက်ရင်း အချိန်တွေ လှည့်ပါတ် ကုန်ဆုံးရင်း သည်လိုနဲ့ အသက် ၃၀ ထဲရောက်လာပြီပေါ့။

အသက် ၃၀ ကိုရောက်လာခါနီး လူငယ်အများစုဟာ အချိန်တွေရဲ့ လျင်မြန်မူကို တုန်လှုပ်လာပါတော့တယ်။ တက္ကသိုလ် ဒုတိယနှစ်မှာ ကျောင်းသားသစ်ဘ၀ရဲ့ နေ့ရက်တွေဟာ ဘယ်လိုကုန်ဆုံးသွားလဲဆိုတာ မသိလိုက်ဘ၊ဲ တတိယနှစ်ကိုရောက်ပြီဆိုလျှင်တော့ ဘွဲ့ရဖို့ လက်တကမ်းသာလိုတော့တယ်ဆိုတဲ့ စိတ်အတွေးက ၀င်လာပါတယ်။ ရုတ်တရက်ရည်ရွယ်ထားတာမဟုတ်ဘဲ ဘွဲ့ရလိုက်ပေမယ့် အလုပ် လုပ်ရမယ့်နေရာက မရှိတဲ့ လူငယ်တွေ အတွက်ဆိုလျှင် ကုန်လွန်စီးဆင်းသွားတဲ့ တနေ့တနေ့ရဲ့ အချိန်တွေဟာ စိတ်မရှည်ခြင်းများစွာနဲ့ စိတ်ပျက်ဖွယ် အချိန်တွေအဖြစ်သာ ကျန်ရှိနေတော့တယ်။

လူ့အဖွဲ့အစည်းအတွင်းကို ပထမခြေလှမ်းကို အောင်မြင်စွာ စလှမ်းနိုင်ပါ့မလားဆိုတဲ့ စိတ်ပူပန်ခြင်းက ပျောက်ကွယ်သွားပါ့မလား။
သည်လို မျှော်လင့်ခြင်းတွေမှာ စိတ်စောမူတွေ ပါရှိနေတတ်တာ သဘာဝပါ။ မြန်မြန်ဆန်ဆန်ပင် နေရာတနေရာကို ရဖို့၊ လျင်လျင်မြန်မြန် တစုံတခုကို တည်ဆောက်ချင်နေကြခြင်းပေါ့။
ယခု သည်စာကို ဖတ်နေတဲ့ သင်လည်း မသေးတဲ့ ပူပန်မူတော့ ရှိနေမလားဆိုတာကိုတောင် မသိနိုင်ပါဘူး။
သည်အသက်အရွယ်ရောက်လာပြီး ဖြစ်ဖြစ်မြောက်မြောက် လုပ်ထားနိုင်တာ တခုမှ မရှိပါလား။
သင်ကော ဘ၀မှာ ဘယ်လောက်ထိ နေနိုင်မယ်လို့ ထင်ပါသလဲ။
သည်မေးခွန်းက သိပ်ပြီး မရေမရာမပြတ်မသားစွာ ခံစားရတယ်ဆိုလျှင် သည်လို မေးကြည့်ကြစို့။
လူဆိုတာ မွေးလာကထဲကနေ သေတဲ့အချိန်ထိကို ၂၄ နာရီအချိန်နဲ့ နှိုင်းယှဉ်တွက်ကြည့်မယ်ဆိုလျှင်၊ သင်ဟာ အခု ဘယ်အချိန်လောက်မှာ နေနေရပြီလို့ ထင်ပါသလဲ…..
နေမင်းဟာ ဘယ်လောက်ကြာကြာ တောက်ပနေနိုင်မှာတဲ့လဲ…..တကယ်လို့ တက္ကသိုလ်ကနေ ဘွဲ့ရတဲ့အချိန်မှာဆို နေ့လည်စာစားပြီး အလုပ်စလုပ်တဲ့ နေ့လည် ၁ နာရီ၊ ၂ နာရီလောက် ရှိနေပြီလား……
မရေမရာနဲ့ စိတ်ကူးယဉ်ရင်း မနေဘဲ တခါလောက် ဂဏန်းတွက်စက်ယူပြီး တွက်ကြစို့ …......
သင်က တက္ကသိုလ်ကို အသက် ၂၄ နှစ်မှာ ဘွဲ့ရတယ်ဆိုလျှင် တနေ့လုံးထဲက ဘယ်အချိန်လောက် ရောက်လာပြီဆိုတာ၊ လူတယောက်ရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ကြည့်ရအောင်…သက်တမ်း ၈၀ နေရမယ်ဆိုလျှင်၊ ၈၀ ထဲက ၂၄ ကို ပြန်တွက်ကြည့်မယ်ဆိုရင် ၂၄ နာရီအချိန်ထဲက ဘယ်နှစ်နာရီရှိပြီလဲ။
မနက် ၇ နာရီ၊ ၁၂ မိနစ်ပေါ့။
မနက် ၇ နာရီ၊ ၁၂ မိနစ်ကို ထင်တာထက် သိပ်ပြီး စောနေသေးသလား… သည်အချိန်မှာ လူအများစုဟာ အိပ်ယာထဲကနေ ထပြီး နေ့တနေ့အတွက် ပြင်ဆင်နေတဲ့ အပိုင်းဖြစ်တယ်။ လူအများစုကတော့ မနက်ပိုင်းအိပ်ယာကနေ နိုးထပါအုံးမလားတောင် မသိနိုင်ဘူး။
မှန်ပါတယ်။ တက္ကသိုလ်ကနေ ဘွဲ့ရပြီး ၂၄ နှစ်မှာ စတင်ပြင်တဲ့အချိန် နံနက် ၇ နာရီ၊ ၁၂ မိနစ်သာဖြစ်ပါတယ်။
ဆရာတယောက်အနေနဲ့ များစွာသော လူငယ်တွေရဲ့ ကြီးပြင်းလာတဲ့အချိန်ကို စောင့်ကြည့်မယ်ဆိုရင်ကတော့ သည် ၇ နာရီ၊ ၁၂ မိနစ်ရဲ့ နိုင်းယှဉ်တိုင်းတာကြည့်မူမှာ အတော်လေးကို အဓိပါယ်ရှိတယ်လို့ တွေးကြည့်မိပါတယ်။ ကလေးဘ၀တုန်းကနဲ့ လူငယ်ဘ၀ကို ဖြတ်သန်းကုန်လွန်ရင်း လူအဖွဲ့အစည်းအသိုင်းအ၀ိုင်းရဲ့ လုပ်ဆောင်ရမယ့် အရာတွေကို လုပ်ဖို့ အသင့်ဖြစ်နေချိန် အသက်၂၄မှာတော့…… သည်အချိန်ဟာ အခုပဲ အိမ်က စထွက်ပြီး တာဝန်ထမ်းဆောင်ဖို့ ထွက်လာချိန်နဲ့ ဆင်တူပါတယ်။
သည်လိုဆိုရင် ပင်စင်ယူတဲ့ လူကြီးတယောက်ရဲ့ ဘ၀ကို ပြင်ဆင်တဲ့ အသက် ၆၀ အရွယ်ကကော…....ညနေ ၆ နာရီဖြစ်တယ်။ သည်အချိန်က လုပ်ငန်းခွင်က ၀န်ထမ်းတွေ အလုပ်ကို အဆုံးသတ်ပြီး အလုပ်ဆင်းအိမ်ပြန်လာတဲ့အချိန်၊ ညနေစာကို စားသုံးတဲ့အချိန်ပဲဖြစ်ပါတယ်။
ဘ၀နာရီရဲ့ တွက်ချက်နည်းဟာ လွယ်ကူပါတယ်။ ၂၄ နာရီအချိန်ဟာ ၁၄၄၀ မိနစ်နဲ့ ညီတယ်ဆိုပေမယ့် ဒါကို နှစ် ၈၀ အနေနဲ့ စားကြည့်ရင် ၁၈မိနစ်ဖြစ်တယ်။ ၁ နှစ်မှာ ၁၈ မိနစ်စီ၊ ၁၀ နှစ်မှာ ၃ နာရီစီ သွားနေတဲ့ အနေနဲ့ တွက်ကြည့်ရင် ခုပဲ ကိုယ့်ရဲ့ အသက်ဟာ ဘယ်အချိန်ရှိပြီဆိုတာ သိနိုင်ပါတယ်။ အသက်၂၀ မှာ မနက် ၆ နာရီ၊ ၂၉ နှစ်မှာ မနက် ၈ နာရီ၊ ၄၂ မိနစ်ရှိပြီဖြစ်တယ်။ သည်နာရီဟာ ယနေ့ လူ့ဘ၀ရဲ့ ယေဘုံယျ ပျမ်းမျှသက်တမ်း ၈၀ ကို အခြေခံပြီးကြည့်ရင် လူ့သက်တမ်းဟာ ရှေ့ကို တိုးလာသလို သင်ဘ၀ရဲ့ နေရမယ့် အခွင့်အရေးကလည်း ပိုပြီး မြင့်မားလာမှာပါပဲ။
တနေ့သောအခါက ကျင်းပခဲ့တဲ့ အသက် ၆၀ကျော်အရွယ်ကျောင်းသားဟောင်းများတွေ့ဆုံပွဲမှာ စီနီယာတယောက်က သည်လိုပြောပါတယ်။ သူဟာ ဆရာလုပ်ကိုင်နေရင်းက အထက်အရာရှိကြီး တယောက်ဟာ ရုတ်တရက် အနားပေးခံလိုက်ရလို့ အခြေအနေတွေပြောင်းလဲသွားပြီး ဘာမှပြင်ဆင်မူမရှိဘဲ သူပါ အလျင်အမြန် အလုပ်က အငြိမ်းစားယူလိုက်ရပါတယ်၊ အစမှာတော့ ထိုအထက်အရာရှိကြီးကြောင့်ဆိုပြီး အတော်ကို မကျေမနပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခုတော့ သူ့ကို တကယ်ကို ကျေးဇူးတင်မိတယ်လို့ ဆိုပါတယ်။ ပင်စင်ယူလိုက်ရတဲ့အတွက် ဘ၀မှာ အပျော်ဆုံး လောကသစ် တခုရှိသေးတယ်ဆိုတာနဲ့ ဒီလောကကို ၂ နှစ်လောက် စောပြီးသိခွင့်ရလို့ ကျေးဇူးတင်တယ်လို့လည်း သူက ဆိုပါတယ်။
မှန်ပါတယ်…… အရွယ်လွန်သူတွေအတွက် နေ၀င်တော့မယ်အချိန်၊ အနီရောင်သန်းနေတဲ့ ကောင်းကင်ရှိတဲ့ ၆ နာရီ နောက်ပိုင်းမှာတောင် တကယ့်ကို သစ်လွင်တဲ့ လောကသစ်တခုက စောင့်နေတာ ဖြစ်ပါတယ်။
ဘ၀နာရီကို ပြရရင် များစွာသောလူတွေဟာ အံ့သြကြပါလိမ့်မယ်။ တကယ်တော့ ထင်တာထက် ပိုပြီး အလွန် စောနေသေးခြင်း ဖြစ်တယ်ဆိုတာ သိရင်ပေါ့။
အသက် ၅၀ အရွယ်ရောက်တဲ့ စီနီယာတယောက်ကို “ခုဆိုရင် နေ့လည် ၃ နာရီရှိပါပေါ့လား”လို့ အသိပေးလိုက်တဲ့အခါ သူက လက်ချိုးရေတွက်ရင်း “တကယ်ပါပဲလား”လို့ ဆိုပါတယ်။ ဘွဲ့ရပြီး အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ သူငယ်ချင်းတွေကို သည်စကားကိုပြောမယ်ဆိုရင် အများစုကတော့ သူ့လမ်းကြောင်းအတိုင်း သွားနေတဲ့ လူ့ဘ၀ဟာ အတော်လေး နေရမယ်လို့ တွေးလျှင်၊ ခုမှ နံနက် ၇ နာရီ၊ ၁၂ မိနစ်အပြင် မရှိသေးပါလားလို့ ဆိုကြပါမယ်။ မှန်ပါတယ် အချိန်တွေအများကြီး ကျန်နေပါသေးတယ်။ မနက် ၇ နာရီမှာ အလုပ်ကို အနဲငယ် နောက်ကျသွားတာဟာ တနေ့လုံး အဆုံးသတ်ရောက်သွားတာမှ မဟုတ်တာမှလား..........
ငါကတော့ သိပ်နောက်ကျနေပြီ..လို့ စဉ်းစားဆုံးဖြတ်လိုက်တာဟာ တကယ့် စစ်မှန်တဲ့ ပြဿနာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်လှည့်ဖျားလိမ်ညာခြင်းကသာ ပြဿနာဖြစ်ပါတယ်။ လက်လျော့ခြင်း ဒါမှမဟုတ် ပျက်စီးခြင်းရဲ့ အကြောင်းတရားကို ကိုယ်တိုင်မလုပ်ပဲ မဖြစ်နိုင်ပါဘူး။ သင်ဟာ ယခု စောပါသေးတယ်….အနည်းဆုံးတော့ ဘာဖြစ်ဖြစ် ပြုပြင်နိုင်လောက်တဲ့ အခြေအနေမှာပါ။
စားပွဲပေါ်မှာတင်ထားတဲ့ ဘ၀နာရီဟာ နေ့လည် ၂ နာရီ၊ ၂၄ မိနစ်ကို ညွှန်ပြနေပါတယ်။ အသက် ၄၈ နှစ်မှာ ခုမှ နေ့လည် ၂ နာရီ မိနစ် ၃၀ တောင်မရှိသေးပါပဲ…..အသက် ၅၀ ကပ်လာတာတောင် ဘာမှ လုပ်နိုင်ခဲ့တာ မရှိသေးဘူးဆိုတဲ့ အတွေးဝင်လာတိုင်း ခေါင်းကို မော့လိုက်ရင်း သည်တရက်လုံး ကျန်ရှိနေသေးတဲ့ ကိုယ့်ဘ၀ကိုတွေးရင်း၊ စားပွဲပေါ်က ဘ၀ရဲ့ နာရီလေးကို ကြည့်လိုက်မိပါတော့တယ်။
နာရီလက်တံများက ဗြောင်းပြန်သွားနေတယ် ဆိုတဲ့ ရုပ်ရှင်ထဲမှာပါတဲ့ စကားလေးတခွန်း ရှိပါတယ်။
“ဘ၀မှာ သိပ်နောက်ကျနေတာဖြစ်ဖြစ်၊ ဒါမှမဟုတ် သိပ်စောလွန်းတဲ့ အရွယ်ဆိုတာဖြစ်ဖြစ် မရှိပါဘူး”



အင်ကြင်း

12:53 am
21 July 2011.
မူရင်း...김난도 교수님, 「인생시계」, 『아프니까 청춘이다』, 쌤앵파커스, 2010.

(သည်စာထဲမှာ ပါတဲ့ လူတယောက်ရဲ့ သက်တမ်း ၈၀ဟာ မူရင်းစာထဲမှာ ကိုရီးယားလူမျိုးရဲ့ နေထိုင်နှုံး သက်တမ်းအနေနဲ့ ပါရှိပါတယ်။ မြန်မာလို နားလည်အောင် သင့်တော် ဆီလျာ်သလို ဘာသာပြန်ထားတာမို့ စာစီအမှားအယွင်းရှိလျှင် နားလည်ပေးစေလိုပါတယ်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, May 10, 2011

မြန်မာအလုပ်သမားတစ်ယောက် သင်္ဘောဝမ်းပိုက်အတွင်း သတိမေ့ သေဆုံး

မေ ၁၀ ရက်မေ့ နံနက် ၅ နာရီအချိန် ၊ အူးလ်ဆန်မြို့ အရှေ့ပိုင်းမြို့နယ် (동구) ဘန်အောရပ်(방어동)ရှေ့ ပင်လယ်ပြင်တွင် ဆိုက်ကပ်ထားသော ၁၅၉၀တန်ရှိ ဓါတုဗေဒ ပစ္စည်းများတင်ဆောင်သည့် သင်္ဘော တင့်အတွင်း သန့်ရှင်းရေးလုပ်နေစဉ် ၊ မြန်မာနိုင်ငံသား ကို ကေ (၂၈ နှစ်) (K-28) သည် သတိမေ့မြော မူးလဲသွားသည်ကို လုပ်ဖော်ကိုင်ဖက်တစ်ဦးက သိရှိပြီး ၊ ဆိပ်ကမ်းစောင့်တပ်သို့ သတင်းပို့ခဲ့ပါသည် ။

ဆိပ်ကမ်းစောင့်တပ်က ကိုကေ ကို အရေးပေါ်ကယ်တင်လိုက်ပြီး ၊ ဆေးရုံသို့ အချိန်မှီ တင်ပို့နိုင်ခဲ့သော်လည်း ၊ သတိပြန်လည် ရရှိခြင်းမရှိတော့ဘဲ သေဆုံးသွားကြောင်း သိရပါသည် ။

ကမ်းခြေစောင့်တပ်က ကိုကေသည် သင်္ဘောတင့်အတွင်း သန့်ရှင်းရေး လုပ်နေစဉ် ဘင်ဇိုင်းမှ ထွက်ရှိလာသော အဆိပ်ငွေ့များ ရှူရှိုက်မိကြောင်း သတင်းပို့ ပြောပြခဲ့ကြသည့် သင်္ဘောသားများကို စစ်ဆေးမေးမြန်းပြီး အဖြစ်မှန်သိရှိရေး ဆောင်ရွက်နေကြောင်း သိရှိရပါသည် ။

ဘင်ဇိုင်း ဓါတ်ငွေ့ကို ရှူရှိုက်မိပါက ပထမဦးစွာ ခေါင်းကိုက်ခြင်း ၊ မူးဝေခြင်း ၊ အော့အန်ခြင်း စသည့်လက္ခဏာများဖြစ်တတ်ပြီး ၊ ပြင်းထန်ပါက စိတ်နှောက်ခြင်း ၊ မေ့မြောခြင်းတို့ ဖြစ်တတ်ကြောင်း သိရှိရပါသည် ။

မှတ်ချက် ။ ဤ သတင်းကို ဆရာမ မလေးလေးမွန် ပေးပို့လာသည့် အီးမေးလ်မှတစ်ဆင့် ရရှိပါသည် ။

ရည်ညွှန်းသတင်း -

http://www.yonhapnews.co.kr/bulletin/2011/05/10/0200000000AKR20110510049700057.HTML?did=1179m

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, April 13, 2011

တောင်ပံတစ်စုံ

တခါတုန်းက ပင်ပန်းနွမ်းနယ်နေတဲ့ ငှက်ငယ်တစ်ကောင်ဟာ အနားယူဖို့ သစ်ကိုင်းတစ်ကိုင်းပေါ်မှာ နားခဲ့တယ်။ သူနားခဲ့တဲ့ အဲဒီ သစ်ကိုင်းဟာ အန္တရာယ်ပေးမယ့် တိရိစ္ဆာန်တွေရဲ့ ဘေးရန်ကနေ သူ့ကို ကင်းဝေးစေသလို၊ သစ်ကိုင်းပေါ်ကနေ မြင်ရတဲ့ ရှုခင်းတွေကလည်း သူ့စိတ်ကို ကြည်နူးရွှင်လန်းစေပါတယ်။

အဲဒီလို သူ့အတွက် လုံခြုံစိတ်ချရမှုနဲ့ ကွန်းခိုရာနေရာလေးကို ဖန်တီးပေးထားတဲ့ သစ်ကိုင်းပေါ် သူ နားခိုနေစဉ်မှာပဲ လေပြင်းကြီး စတင် တိုက်ခတ်လာပါတယ်။ ဒီတော့ သူနားခိုနေတဲ့ သစ်ကိုင်းဟာ ကျိုးပဲ့ထွက်သွားတော့မတတ်၊ အလွန်အမင်း ရှေ့တိုးနောက်ငင် ယိမ်းထိုး လှုပ်ခါလာပါတယ်။

ဒါပေမယ့် ငှက်ငယ်မှာ စိုးရိမ်ပူပန်မှုရယ်လို့ မြူတစ်မှုန်မျှတောင် မရှိပါဘူး။ အကြောင်းကတော့ သူဟာ အဓိကကျတဲ့ အမှန်တရားနှစ်ခုကို သိနေလို့ပါပဲ။

အဲဒီနှစ်ခုထဲက ပထမ တစ်ခုကတော့ သစ်ကိုင်းမရှိလည်း ကိစ္စမရှိ။ သူ့ကိုယ်ပိုင် တောင်ပံတစ်စုံရဲ့ အစွမ်းနဲ့ ဘေးလွတ်ရာ သူ ပျံသန်းနိုင်တယ်။

ဒုတိယ တစ်ခုကတော့ သူခဏတာ နားခိုဖို့ရာ အခြားသော သစ်ကိုင်းတွေ အများကြီးရှိသေးတယ် ဆိုတာပါပဲ။

ဒီ ဥပမာလေးဟာ လူနဲ့ သူ့အဆောင်အယောင်တွေ (ဓနဥစ္စာ၊ ရာထူးဌာနန္တရ၊ ဆွေမျိုးသားချင်းတွေနဲ့ ဆက်ဆံရေး၊ လူမှုအသိုင်းအ၀ိုင်းတွေနဲ့ ဆက်ဆံရေး) ကြားမှာ ထားအပ်တဲ့ စိတ်ထားကို ကိုယ်စားပြုပါတယ်။ လူဟာ သူ့ဓနဥစ္စာတွေ၊ အသိုင်းအ၀ိုင်းတောင့်တင်းမှုတွေ၊ လက်ရှိအနေအထားတွေမှာ သာယာနိုင်ခွင့် ရှိပါတယ်။ ဒါတွေက ဖန်တီးပေးလိုက်တဲ့ စည်းစိမ်ချမ်းသာ ဘယ်အရာမဆိုကိုလည်း ခံစား၊ စံစားနိုင်ပါတယ်။

ဒါပေမယ့် သူနဲ့ ဆက်စပ် ပတ်သက်နေတဲ့အရာတွေ ယိမ်းယိုင်ပြိုလဲမတတ် ဖြစ်ကုန်တဲ့အခါ၊ ကွယ်ပျောက်သွားမယ့်ပုံ ပေါ်တဲ့အခါ သူ့အနေနဲ့ စိုးရိမ်ကြောက်ရွံစရာ မလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့အားလုံးဟာ ပြောင်းလဲတတ်တဲ့အရာတွေဖြစ်ပြီး တချိန်ချိန်မှာ ပျောက်ကွယ်သွားနိုင်လို့ပါပဲ။

တကယ်တော့ သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားဟာ အဲဒီ အပြင်အပ နေ့မြင်ညပျောက် အရာတွေပေါ်မှာ မတည်ပဲနဲ့ သူ့ရဲ့ ကိုယ်ပိုင် တောင်ပံတစ်စုံပေါ်မှာ ပိုပြီး တည်မှီနေပါတယ်။ အဲဒီ တောင်ပံတစ်စုံ ဆိုတာကတော့ ချစ်ခြင်းမေတ္တာနဲ့ ဥာဏ်ပညာပါပဲ။ ဒါတွေကသာ သူ့ရဲ့စစ်မှန်တဲ့ လုံခြုံရာ၊ ငြိမ်းချမ်းပျော်ရွှင်ခြင်းရဲ့ အရင်းအမြစ်တွေပါ။

ဒါ့အပြင် လူတစ်ယောက်ဟာ ပြောင်းလဲခြင်းမရှိတဲ့ စစ်မှန်တဲ့ မေတ္တာတရားနဲ့ အမှားအမှန် ခွဲခြမ်း စိတ်ဖြာနိုင်တဲ့ ဥာဏ်ပညာတွေ သူ့ကိုယ်တွင်းမှာ ဖွံ့ဖြိုးလာတဲ့အခါ စိတ်ညှိုးငယ်မှုနဲ့ စိုးရိမ်ကြောက်ရွံမှု ဆိုတာတွေကိုလည်း သူနားလည်တော့မှာ မဟုတ်ပါဘူး။

အချုပ်ဆိုရရင် ကျနော်တို့အားလုံးဟာ ဟောဒီ ရုပ်ဝတ္ထု ပကာသနတွေ လွှမ်းမိုးနေတဲ့ ကမ္ဘာကြီးရဲ့ ဖိနှိပ် စိုးမိုးခြယ်လှယ်တာ (ဥပမာ- ရုပ်ဝတ္ထုပစ္စည်းတွေပေါ်မှာသာ ကိုယ်ရော စိတ်ပါ အလုံးစုံ ပုံအပ်ထားတာ၊ ကိုယ့်စည်းစိမ်ဥစ္စာ ပျက်စီး ဆုံးပါးသွားမှာကို စိုးရိမ်ကြောက်ရွံ့တာမျိုး)
ကို လုံးဝ မခံရစေပဲ ငှက်ငယ်လေး သစ်ကိုင်းပေါ်မှာ နားသလိုမျိုးသာ ရုပ်ကမ္ဘာကြီးကို သာယာ ခံစားကြစေလိုကြောင်းပါ။

မူရင်း--THE BIRD ON THE BRANCH

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, March 25, 2011

နှလုံးသားလေးတွေ မဝေးစေချင်


ဂဂါင်္မြစ်ဆီ ကိုယ်လက်သန့်စင်ဖို့ ကြွလာတဲ့ ဟိန္ဒူသူတော်စင်ကြီး တစ်ပါးဟာ မြစ်ကမ်းပါးပေါ်မှာ တစ်ဦးကို တစ်ဦး ဒေါသတကြီး အော်ဟစ်ပြောဆိုနေကြတဲ့ မိသားစုဝင် တချို့ကို မြင်တော်မူတယ်။ ဒီအခါ သူ့ရဲ့ နောက်လိုက် တပည့်တွေဖက် လှည့်ကာ ပြုံးတော်မူရင်း

“ဒေါသထွက်နေကြတဲ့ လူတွေဟာ ဘာကြောင့် တစ်ဦးကို တစ်ဦး အော်ကြီးဟစ်ကျယ် ပြောဆိုနေကြရတာလဲ” လို့ မေးတော်မူပါတယ်။

နောက်ပါတပည့်တွေလည်း ခဏတာ စဉ်းစားပြီး အဲဒီထဲက တပည့်တစ်ဦးက

“ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေ ပျောက်ဆုံးသွားတဲ့ အတွက် အော်ဟစ်မိတာဖြစ်ပါတယ်” လို့ ပြန်လျှောက်ထားပါတယ်။

သူတော်စင်ကြီးက

“ စိတ်မထိန်းနိုင်တဲ့အတွက် ဆိုဦးတော့ ကိုယ်ဒေါသဖြစ်နေတဲ့ လူဟာ ကိုယ့်ဘေးနားမှာ ရှိနေပါလျှက်နဲ့ ဘာကြောင့် အသံကုန် အော်ဟစ် ပြောဆိုတာတွေ လုပ်နေစရာလိုလဲ။ ကိုယ်ပြောချင်တဲ့ စကားတွေကို အေးဆေးညင်သာတဲ့ လေသံနဲ့လည်း ပြောဆိုနိုင်တာပဲမဟုတ်လား” လို့ ထပ်မေးလိုက်ပြန်ပါတယ်။

တပည့်တွေကလည်း အဖြေတွေ ထပ်ပေးကြပြန်ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ တစ်ဦးအဖြေကို တစ်ဦး အားရ
ကျေနပ်မှု မရှိကြဘူး။

နောက်ဆုံးမှာတော့ သူတော်စင်ကြီးက

“လူနှစ်ဦး တစ်ဦးကို တစ်ဦး စိတ်ဆိုးဒေါသ ဖြစ်ကြတဲ့အခါ သူတို့ရဲ့ နှလုံးသား နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အတော်လေး ကွာဝေးသွားကြတယ်။ အဲဒီတော့ သည်အကွာအဝေးကို ကာမိပြီး တစ်ဦးစကား တစ်ဦး ကြားနိုင်ဖို့ အတွက် သူတို့ဟာ သံကုန် အော်ပြောတာတွေ လုပ်လာရတယ်။

ပိုပြီးတော့ သူတို့ ဒေါသဖြစ်လေ၊ ပိုပြီး ဝေး,ဝေးသွားတဲ့ သူတို့နှလုံးသားနှစ်ခု တစ်ခုကိုတစ်ခု ကြားနေနိုင်ဖို့ ပိုပြီး အားစိုက်ကာ အော်,အော်ပြောလာရလေ ဖြစ်နေတော့တာပေါ့။

လူနှစ်ဦး ချစ်ခင်စုံမက်နေကြရင်ကော ဘာဖြစ်မယ်ထင်သလဲ။ သူတို့နှစ်ဦး တစ်ဦးကို တစ်ဦး စကားချိုသာ ပြောကြရုံမှတပါး တခြားအော်ဟစ်ပြောဆိုနေစရာ အကြောင်းမရှိဘူးလေ။ ဘာ့ကြောင့်လဲဆိုတော့ သူ့တို့နှလုံးသား နှစ်ခုဟာ အလွန်တရာ နီးကပ်နေကြလို့ပေါ့။ သူတို့ နှလုံးသား နှစ်ခုကြားက အကွာအဝေးဟာ မရှိရင်လည်းမရှိတော့ဘူး။ ရှိရင်လည်း မပြောပလောက်ရုံသာ ရှိတော့မယ်။”

ဆက်လက်ပြီး သူက

“တစ်ဦးနဲ့ တစ်ဦး ဆထက် တိုးပြီး ချစ်ခင်ကြလာတဲ့ အခါ ဘာတွေဖြစ်လာမယ် ထင်လဲ။ သူတို့ နှစ်ကိုယ်ကြား တိုးတိုးလေးသာ ပြောကြတော့မှာပေါ့။ ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ဦးကို တစ်ဦး ပိုလို့လည်း ကျွမ်းဝင်နီးကပ်လာကြတော့မှာပေါ့။ နောက်ဆုံး တီးတိုးညှင်သာ စကားဆိုနေဖို့တောင် မလိုတော့ပဲ တစ်ဦးကို တစ်ဦးကြည့်မြင် နေရရုံနဲ့တင် ပြီးပြည့်စုံနေတော့မှာပေါ့။ ဒါကတော့ တစ်ဦးကို တစ်ဦးမေတ္တာရှိကြတဲ့ အခါ လူနှစ်ဦးရဲ့ နီးစပ်မှုပါ။”

သူက နောက်လိုက်တပည့်တွေကိုကြည့်ရင်း

“ဒါကြောင့် သင်တို့ အငြင်းအခုံတွေ ဖြစ်ကြချိန်မှာ သင်တို့ရဲ့ နှလုံးသားလေးတွေကို သည့်ထက်ပိုကာ ဝေးကွာခွင့် မပြုလိုက်ကြပါနဲ့။ နှလုံးသားလေးတွေ တစ်ခုနဲ့တစ်ခု ဒီလို ဝေးကွာနေကြစဉ်မှာလည်း စကားတွေ ထပ်ခါ ဆိုမနေကြပါနဲ့။ ဒါမှမဟုတ်ရင်တော့ ပြန်ဆုံစည်းဖို့ရာ လမ်းစ မမြင်တဲ့ အင်မတန် အလှမ်းကွာဝေးသွားတဲ့ နေ့တစ်နေ့ ဆီကို ဆိုက်ရောက်သွားပါလိမ့်မယ်။ သာဓက အနေနဲ့ ပြောရရင် ကွာရှင်းပြတ်စဲခြင်းတွေ ပြုလုပ်ရာ တရားရုံးတွေထဲမှာ ဇာတ်သိမ်းကောင်း ဇာတ်သိမ်းသွားရတာမျိုးပေါ့” လို့ ပြောဆိုရင်း စကားကို အဆုံးသတ်လိုက်ပါတော့တယ်။

မူရင်း- Why We Shout When In Anger

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 19, 2011

အထင်နဲ့အမြင်


ရထားတစ်စီးပေါ်က ထိုင်ခုံတစ်ခုမှာ အဖိုးကြီးတစ်ယောက်၊ သူ့ရဲ့ အသက်နှစ်ဆယ့်ငါးနှစ်ရွယ် သားလူမောင်နဲ့ ဘေးချင်းကပ် ထိုင်နေတယ်။ ရထားက ဘူတာကနေ ထွက်ခွါခါနီးမို့ ခရီးသည်အားလုံးလည်း သူတို့ထိုင်ခုံတွေမှာ အသီးသီးနေရာယူ ၀င်ထိုင် နေကြတယ်။

မကြာမီ ရထား စထွက်တာနဲ့ သားလူမောင်ရဲ့ မျက်နှာမှာ သိလိုမြင်လိုမှုတွေ၊ ပျော်ရွှင်ကြည်နူးမှုတွေနဲ့ ပြည့်နှက်လာတယ်။ သူဟာ ရထားပြတင်းဘေးမှာ ထိုင်နေတယ်။ ပြီးတော့ လက်တစ်ဖက်ကို ပြတင်းပေါက် အပြင်ထုတ်လို့ အရှိန်နဲ့ဖြတ်သန်းတိုးဝှေ့သွားတဲ့ လေထုကို ခံစားကြည့်နေတယ်။

ဒီနောက် “ အဖေရေ သစ်ပင်တွေ အကုန်လုံး နောက်မှာကျန်, ကျန်ခဲ့တာ ကြည့်ပါဦး” လို့ အသံအကျယ်ကြီး ဟစ်လိုက်တယ်။ အဖိုးကြီးကတော့ပြုံးပြီး သူ့သား ပျော်မြူးနေတာကို သဘောတွေကျနေတယ်။

လူငယ်ရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာတော့ လင်မယားစုံတွဲ တစ်တွဲထိုင်နေပြီး အဖေနဲ့သား ပြောနေတဲ့ စကားတွေကို နားစိုက်ထောင်နေကြတယ်။ သူတို့ဟာ အသက်နှစ်ဆယ့်ငါးနှစ်ရွယ် ကြီးတောင်ကြီးမား ယောင်္ကျားတစ်ယောက်က ကလေးလေးတစ်ယောက်လို တွေးခေါ်၊ ပြုမူ၊ ပြောဆိုနေတာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ နည်းနည်းတော့ ခိုးလိုးခုလုဖြစ်နေကြတယ်။

ရုတ်တရက်ဆိုသလိုပဲ “အဖေရေ ဟောဟိုရေအိုင်နဲ့ တိရိစ္ဆာန်လေးတွေကို ကြည့်ပါဦး။ မိုးတိမ်တွေကလည်း ရထားကြီးနဲ့အတူ ရွေ့ရှားနေတယ်နော်” လို့ လူရွယ်ဟာ ထပ် အော်ပြောလိုက် ပြန်တယ်။

လင်မယားနှစ်ယောက်ဟာ အမြင်ကတ်ကတ်နဲ့ပဲ လူရွယ်ကို ဆက်စောင့်ကြည့်နေကြတယ်။

ခုတော့ မိုးတွေ စရွာလာပြီး မိုးရေစက်လေးတွေဟာ လူရွယ်ရဲ့လက်ပေါ် ကျရောက် တို့ထိလာကြတယ်။ လူရွယ်ဟာ ရင်တခွင်လုံး အပျော်တွေနဲ့ပြည့်ပြီး မျက်လုံးတွေကို မှေးစင်းထားလေရဲ့။

ဒီနောက် “အဖေရေ မိုးတွေ ရွာနေတယ်ဗျ။ ကျနော့်ကို မိုးစက်တွေ လာဖြန်းပက်နေကြတယ်။ ကြည့်ပါဦးအဖေရ” လို့ အော်ကြီးဟစ်ကျယ် ပြောဆိုလိုက်ပြန်တယ်။

လင်မယားနှစ်ယောက်ဟာ သူတို့စိတ်ကို သူတို့ မထိန်းနိုင်ကြတော့ပဲ အဖိုးကြီးကို
“ဦးရဲ့သားကို ဆေးဝါးကုသမှု ခံယူဖို့အတွက် ဆရာဝန်ဆီိ ဘာကြောင့် မခေါ်သွားရတာလဲ” လို့ ပြိုင်တူ မေးလိုက်ကြတယ်။

ဒီတော့ အဖိုးကြီးက “ဟုတ်ပါရဲ့ကွယ်။ ကျုပ်တို့ ဆေးရုံကနေ ပြန်တောင် ပြန်လာခဲ့ကြပေါ့။ ဟောဒီ ကျုပ်သား သူ့ဘ၀ရဲ့ ပထမဆုံး မျက်စေ့နှစ်ကွင်း အလင်းပြန်ရလာတဲ့ ဒီနေ့မှာပဲ ဆိုပါတော့” လို့ ပြန်ဖြေလိုက်ပါသတဲ့။

From funlok.com

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 9, 2011

လူလိမ်


ယာဉ်ထိန်းရဲအရာရှိတစ်ယောက်ဟာ လူတစ်ယောက်ကို မြန်နှုန်းကျော်ပြီး မောင်းတဲ့အတွက် လမ်းဘေး ကားထိုးရပ်ခိုင်းလိုက်တယ်။

“ခင်ဗျားရဲ့ ယာဉ်မောင်းလိုင်စင်ကို ကြည့်ခွင့်ပြုပါ။”

“ကျုပ် အရက်မူးပြီး ကားမောင်းတဲ့အတွက် လိုင်စင်ရုပ်သိမ်းခံထားရတယ်။”

“ဒါဆို ကားပိုင်ရှင်ကတ်ပြား ကြည့်ခွင့်ပြုပါ။”

“ကျုပ် ဒီကားကိုခိုးလာတာ။ ဒါပေမယ့် ကျုပ်သေနတ်ကို လက်အိတ်ပုံးထဲ ထည့်လိုက်တဲ့ အချိန်မှာ အဲဒီကတ်ပြားကို ပုံးထဲမှာ တွေ့မိတယ်။”

“လက်အိတ်ပုံးထဲက သေနတ်”

“ဟုတ်တယ်။ အဲဒီမှာ ကျုပ်သေနတ်ထည့်ထားတယ်။ ဒီကားပိုင်ရှင် အမျိုးသမီးကြီးကို သတ်ပြီးတော့ပေါ့။ သူ့ကိုတော့ ကားနောက်ဖုံးထဲမှာ ထိုးသိပ်ထည့်ထားတယ်။”

ဒါတွေကြားပြီးတဲ့နောက် ရဲအရာရှိဟာ စခန်းမှူးကို ဖုန်းဆက်ခေါ်လိုက်တယ်။

ကားဟာ ခဏတွင်းချင်းပဲ ရဲအ၀ိုင်းခံလိုက်ရတယ်။

စခန်းမှူးဟာ ယာဉ်မောင်းနားကို တိုးကပ်သွားတယ်။

“ခင်ဗျားလိုင်စင်ကို ကျနော်ကြည့်နိုင်မလား။”

“အသေအချာပေါ့။ ရော့ ဟောဒီမှာ။”

“ဒီကားက ဘယ်သူ့ကားလဲဗျ။”

“ကျုပ်ကားပါဗျာ။”

“ခင်ဗျားရဲ့ လက်အိတ်ပုံးကို တဖြေးဖြေး ဖွင့်ပြနိုင်မလား။”

လက်အိတ်ပုံးထဲမှာ ဘာမျှမရှိ။

“ခင်ဗျားရဲ့ ကားနောက်ဖုံးကိုကော ဖွင့်ပြနိုင်မလား။”

ကားနောက်ဖုံး ပွင့်သွားတယ်။ ဘယ်သူမျှမရှိ။

“ဒီရဲအရာရှိကတော့ ကားနောက်ဖုံးထဲမှာ အလောင်းတစ်လောင်ရှိတယ်လို့ သူ့ကို ခင်ဗျား ပြောဆိုခဲ့တယ် ဆိုပါလား။”

“အဲဒီလူလိမ် ကျုပ် မြန်နှုန်းကျော်မောင်းတယ်လို့လည်း ခင်ဗျားကို ရွှီးခဲ့ဦးမယ်ဆိုတာ ကျုပ် လောင်ကြေးထပ်ပြီးတော့တောင် ပြောရဲပါရဲ့ဗျာ။”

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, February 27, 2011

ချစ်လိုက်၊ တစ်ကြိမ်မှ အသည်းမကွဲဖူးသလိုမျိုး...

Dance. As if no one is watching.
Love. As if never been hurt.
Sing. As if no one is listening.
Work. As if no money is needed.
Live. As if it’s last day in your life.

Alfred D Souza

춤추라, 아무도 바라보고 있지 않은 것처럼.
사랑하라, 한번도 상처받지 않은 것처럼.
노래하라, 아무도 듣고 있지 않은 것처럼.
일하라, 돈이 필요하지 않은 것처럼.
살라, 오늘이 마지막 날인 것처럼.

알프레드 디 수자
(လျူရှီဝှါး ဘာသာပြန်)

ဘဝ

ကခုန်လိုက်၊ ဘယ်သူမှ ကြည့်မနေသလိုမျိုး။

ချစ်လိုက်၊ တစ်ကြိမ်မှ အသည်းမကွဲဘူးသလိုမျိုး။

သီဆိုလိုက်၊ ဘယ်သူမှ နားထောင်မနေသလိုမျိုး။

လုပ်ကိုင်လိုက်၊ ငွေကြေးကို လိုအပ်မနေသလိုမျိုး။

ရှင်သန်လိုက်၊ ဒီနေ့ဟာ  ဘ၀ရဲ့ နောက်ဆုံးနေ့ရက်ဖြစ်နေသလိုမျိုး။ ။


အဲလ်ဖရက် ဒီ ဆူဇာ 



ပုံလေးက ဒီက ယူပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, February 23, 2011

မျိုးစေ့


အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဟာ အသက်အရွယ် အိုမင်းလာပြီမို့ သူ့စီးပွားရေးလုပ်ငန်းကြီးကို လွဲပြောင်းယူမယ့် အမွေခံလူတစ်ယောက် ရွေးချယ်ဖို့ အချိန်ရောက်လာပြီလို့ သိလိုက်တယ်။

သူဟာ သူ့ရဲ့ညွန်ကြားရေးမှူးတွေ၊ သားသမီးတွေကို ရွေးချယ်ခန့်အပ်ရမယ့်အစား တခြား ကွဲပြားတဲ့ အရာတစ်ခုခုကို လုပ်ကြည့်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

ဒီနောက် သူ့ကုမ္ပဏီထဲက အရာရှိငယ်တွေအားလုံးကို သူ့ဆီ တစုတဝေးတည်း လာခဲ့ကြဖို့ ဆင့်ခေါ်ပါတယ်။

သူက “ငါ့အနေနဲ့ ဒီကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌရာထူးက ဆင်းပေးဖို့နဲ့ ဥက္ကဋ္ဌသစ်တစ်ယောက်ကို ရွေးချယ်ဖို့ အချိန်ရောက်လာပြီ။ မင်းတို့ထဲက တစ်ယောက်ယောက်ကို ရွေးချယ်ဖို့ ငါ စိတ်ဆုံးဖြတ်ထားပါတယ်”လို့ ပြောကြားလိုက်တယ်။

ဒီစကားကြားတော့ အရာရှိငယ်တွေ အကြီးအကျယ် စိတ်ထိခိုက်သွားကြတယ်။
ဒါပေမယ့် သူဌေးကြီးက သူ့စကားကို ထပ်ဆက်တယ်။

“ဒီနေ့ မင်းတို့ တစ်ဦးချင်းစီကို ငါ မျိုးစေ့တစ်စေ့စီ ပေးသွားမယ်။ အထူးစီမံထားတဲ့ မျိုးစေ့တစ်စေ့---။ ဒီမျိုးစေ့ကို မင်းတို့ စိုက်ပျိုးတာ၊ ရေလောင်းတာတွေ လုပ်ပေးစေချင်တယ်။ ပြီး ဒီနေ့ကစလို့ တစ်နှစ်ကြာပြီးတဲ့အခါ ငါ မင်းတို့ကို ပေးလိုက်တဲ့မျိုးစေ့က စိုက်ပျိုးလို့ ရလာမယ့်ဟာတွေနဲ့အတူ ဒီနေရာကို မင်းတို့ ပြန်လာစေချင်တယ်။ ဒီနောက် မင်းတို့ယူလာတဲ့ အပင်တွေပေါ်မူတည်ပြီး ငါ အဆုံးအဖြတ်ပေးမယ်။ ငါဆုံးဖြတ် ရွေးချယ်လိုက်တဲ့ လူဟာ ငါ့နေရာကို အစားဝင်ယူမယ့် ဥက္ကဋ္ဌဖြစ်မှာပဲ။”

ဂျင်လို့ခေါ်တဲ့ အရာရှိငယ်တစ်ယောက်လည်း အဲဒီနေ့က အဲဒီနေရာမှာရှိနေခဲ့တယ်။ တခြားသူတွေလိုပဲ သူလည်း မျိုးစေ့တစ်စေ့ လက်ခံရရှိခဲ့တယ်။

သူ အိမ်ပြန်ပြီးတော့ သူ့ဇနီးသည်ကို ဖြစ်ခဲ့တဲ့ဇာတ်ကြောင်းလေးကို အားပါးတရ ပြောပြတယ်။

ဇနီးသည်က သူ့အတွက် ပန်းအိုးတစ်လုံးရယ်၊မြေသားနဲ့ သစ်ရွက်ဆွေးမြေသြဇာတွေရယ် စီစဉ်ပေးပြီး သူက မျိုးစေ့ကို အဲဒီအိုးထဲမှာ ထည့်ပျိုးတယ်။

နေ့စဉ်နေ့တိုင်းပဲ ရေလောင်းလို့၊ မျိုးစေ့ကနေ အညှောင့်ထွက်လာမလား သူစောင့်ကြည့်တယ်။

သုံးပတ်လောက်ကြာလာပြီးတဲ့နောက် အခြားအရာရှိငယ်တစ်ချို့ သူတို့ရဲ့မျိုးစေ့တွေ၊ အပင်ပေါက်လာကြတာနဲ့ ပတ်သက်ပြီး ပြောကြဆိုကြတာတွေ လုပ်လာတယ်။

ဂျင်လည်း သူ့မျိုးစေ့ကို တစိုက်မတ်မတ် စောင့်ကြပ်စစ်ဆေးတယ်။ ဒါပေမယ့် ဘာတစ်ပင် တမွေးမှ ပေါက်လာတာတော့ မတွေ့ရဘူး။

ဒီလိုနဲ့ သုံးပတ်၊လေးပတ်၊ငါးပတ်တာ အချိန်တွေ ကုန်သွားတယ်။ မျိုးစေ့က မျိုးစေ့အတိုင်း ရှိနေဆဲပါပဲ။

အဲဒီအချိန်မှာ တခြားသူတွေကတော့ သူတို့ရဲ့ အပင်တွေအကြောင်းကို ကျယ်ကျယ်လောင်လောင်ပြောဆိုလို့ နေကြပြီ။

ဂျင်တစ်ယောက်ပဲ ပြောစရာ အပင်ကမရှိ။ ဒီတော့ သူဟာ ရွေးချယ်ပွဲမှာ ရှုံးနိမ့်မယ့်သူ တစ်ယောက်လို ခံစားလာရတယ်။

ခြောက်လတာ ကုန်ဆုံးသွားတယ်။ ဂျင်ရဲ့မျိုးစေ့ချထားတဲ့အိုးမှာ ဘာပင်မှ ပေါက်မလာသေးဘူး။ သူ့မျိုးစေ့ကို သူအပင်မပေါက်နိုင်အောင် သတ်ခဲ့မိပြီလို့ ဂျင် တွေးထင်လာမိတယ်။ သည့်ပြင် တခြားသူတွေက ထွှားကြိုင်းတဲ့အပင်တွေ ပိုင်ဆိုင်ထားသလောက် သူ့ကျ တပင်တလေမျှ မရှိတဲ့အဖြစ်ပါလား။ သို့ပေမယ့် သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဒီအကြောင်း တစွန်းတစမျှ သူ မဖွင့်ဟခဲ့ပါဘူး။

သူဟာ မျိုးစေ့ကို တစိုက်မတ်မတ် ရေလောင်းနေဆဲ။ မြေသြဇာတွေကျွေးနေဆဲ။ မျိုးစေ့ကနေ သူအရမ်းကို အပင်ပေါက်လာစေချင်နေတယ်လေ။

နောက်ဆုံး တစ်နှစ်ပြည့်သွားတော့ ကုမ္ပဏီရဲ့အရာရှိငယ်တွေဟာ အစစ်အဆေးခံယူဖို့ သူတို့စိုက်ပျိုးခဲ့တဲ့ အပင်တွေကို သူဌေးကြီးဆီ ယူဆောင်လာကြတယ်။

ဂျင်က သူ့ဇနီးသည်ကို “ ငါ ဗလာအိုးချည်းအတိုင်းတော့ ယူမသွားချင်ဘူး” လို့ပြောတယ်။

ဒါပေမယ့် သူမက ဘာပဲဖြစ်ဖြစ် ရိုးသားဖို့ တိုက်တွန်းတယ်။

ဂျင်တစ်ယောက် အတော့်ကိုမအီမလည်ဖြစ်သွားတယ်။ ဒါဟာ သူ့ဘ၀ရဲ့ စိတ်ကသိကအောက်ဖြစ်စရာ အကောင်းဆုံးအချိန်လည်း ဖြစ်လိမ့်မယ်။ ဒါပေမယ့် သူ့ဇနီးသည် မှန်တယ်ဆိုတာ သူသိတယ်။

နောက်ဆုံး သူဟာ အပင်မရှိတဲ့အိုးကို ကော်မတီခန်းမထဲ သယ်ဆောင်သွားခဲ့တယ်။

ကော်မတီခန်းမထဲ ဂျင်ရောက်သွားတဲ့အချိန်မှာတော့ တခြားအရာရှိငယ်တွေ စိုက်ပျိုးယူလာတဲ့ အပင်မျိုးစုံဟာ ဂျင်ကို အံ့သြမင်တက်သွားစေတယ်။ သူတို့တွေဟာ အရွယ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လှပတင့်တယ်နေကြတယ်။

ဂျင်တစ်ယောက် သူ့ဗလာအိုးကို ကြမ်းပြင်ပေါ် ချလိုက်တာနဲ့ သူ့လုပ်ဖော်ကိုင်ဖက်အများစုက ၀ိုင်းရယ်ကြတယ်။ အနည်းစုလောက်သာ သူ့အတွက် စိတ်မကောင်းဖြစ်ကြတယ်။

ကုမ္ပဏီရဲ့ ဥက္ကဋ္ဌကြီးဟာ ရောက်လာတာနဲ့ ခန်းမကို ခြုံငုံသုံးသပ်ကြည့်ရင်း အရာရှိငယ်တွေကို နှုတ်ခွန်းဆက်တယ်။

ဂျင်ကတော့ နောက်ဖက်မှာ ပုန်းကွယ်နေဖို့ ကြိုးစားတယ်။

“အိုး-- မင်းတို့စိုက်ပျိုးယူလာတဲ့ သစ်ပင်ပန်းမန်တွေက အံ့မခန်းပါပဲလားဟေ့။” ဥက္ကဋ္ဌကြီးက စကားဆိုလိုက်တယ်။

“ဒီနေ့ မင်းတို့ထဲက တစ်ယောက်ကို ဒီကုမ္ပဏီရဲ့ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခန့်အပ်မယ်။

တဒင်္ဂအတွင်းမှာပဲ အိုးချည်းဗလာနဲ့ ခန်းမရဲ့အနောက်ဖက်မှာရှိနေတဲ့ ဂျင်ကို ဥက္ကဋ္ဌကြီး လှမ်းမြင်လိုက်တယ်။ သူဟာ ဘဏ္ဍာရေးဆိုင်ရာ ညွန်ကြားရေးမှူးကို ဂျင်ကို အရှေ့ခေါ်လာဖို့ ညွှန်ကြားလိုက်တယ်။

ဂျင် တုန်လှုပ်ချောက်ချားသွားတယ်။ “ဥက္ကဋ္ဌကြီးတော့ ငါ အရည်အချင်း မရှိတဲ့ကောင်ဆိုတာ သိသွားပြီ။ ငါ့ကို အလုပ်ဖြုတ်ပစ်တော့မယ်နဲ့ တူတယ်”လို့ စိတ်ထဲထင်မိတယ်။

ဂျင်အရှေ့ကို ရောက်လာတာနဲ့ ဥက္ကဋ္ဌကြီးက သူပေးလိုက်တဲ့မျိုးစေ့နဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သမျှကို မေးမြန်းတယ်။

ဂျင်လည်း ဥက္ကဋ္ဌကြီးကို သူဖြစ်ပျက်ခဲ့သမျှ ပြန်ပြောပြလိုက်တယ်။

ဥက္ကဋ္ဌကြီးက ဂျင်ကလွဲပြီး တစ်ခြားသူတွေအားလုံး ထိုင်ကြဖို့ ပြောဆိုတယ်။ ဒီနောက် ဂျင်ကို ကြည့်ပြီး ကုမ္ပဏီရဲ့ အရာရှိငယ်တွေအားလုံးကို အသိပေးကြေညာလိုက်တယ်။
“မင်းတို့ရဲ့ နောက်တက်လာမယ့် ကုမ္ပဏီဥက္ကဋ္ဌကြီးကိုရှုစားကြပါ။ သူ့နာမည်ကတော့ ဂျင်ဖြစ်ပါတယ်။”

ဂျင်ဟာ မယုံနိုင်လောက်အောင် ဖြစ်သွားတယ်။ တကယ်ဆို သူ့မျိုးစေ့ အပင်ပေါက်ရုံလောက်တောင် သူက စွမ်းဆောင်နိုင်ခဲ့တာမဟုတ်။

“ဘယ်လိုလုပ်ပြီး သူက ဥက္ကဋ္ဌသစ်ဖြစ်ရတာပါလဲခင်ဗျာ” တခြားသူတွေက မေးမြန်းကြတယ်။

ဒီတော့ ဥက္ကဋ္ဌကြီးက “ပြီးခဲ့တဲ့နှစ်က ဒီခန်းမထဲမှာရှိတဲ့ လူတိုင်းကို ငါ မျိုးစေ့တစ်စေ့စီ ပေးခဲ့တယ်။ ပြီး ဒီမျိုးစေ့ကို စိုက်ပျိုး၊ ရေလောင်တာတွေလုပ်လို့ ဒီနေ့မှာ ငါ့ဆီပြန်ယူလာကြဖို့ အားလုံးကို မှာကြားခဲ့တယ်။ ဒါပေမယ့် ငါ မင်းတို့ကို ပေးလိုက်တဲ့ မျိုးစေ့အားလုံးဟာ ပြုတ်ထားတဲ့မျိုးစေ့တွေ။ အားလုံး မျိုးသေတွေ။ ကြီးထွှားပေါက်ရောက်လာဖို့ မဖြစ်နိုင်တဲ့ဟာတွေ။

သည့်တိုင် ဂျင်ကလွဲလို့ မင်းတို့အားလုံးဟာ ငါ့ဆီကို သစ်ပင်ပန်းပင်တွေ ယူဆောင်လာကြတယ်။ အပင်မပေါက်တဲ့ မျိုးစေ့မှန်း မင်းတို့သိတာနဲ့ မင်းတို့ကို ငါပေးလိုက်တဲ့မျိုးစေ့နေရာမှာ အခြားမျိုးစေ့ကို မင်းတို့ အစားထိုးစိုက်ခဲ့ကြတာပဲ။ ဂျင်တစ်ဦးတည်းသာ ရဲရဲဝံ့ဝံ့၊ ရိုးရိုးသားသားနဲ့ ငါပေးလိုက်တဲ့မျိုးစေ့ ထည့်စိုက်ထားတဲ့ အိုးတစ်လုံးသာ ငါ့ဆီ ယူဆောင်လာခဲ့တယ်။ ဒါကြောင့် သူဟာ ဥက္ကဋ္ဌသစ်ဖြစ်လာဖို့ တစ်ဦးတည်းသောသူဖြစ်ပါတယ်” လို့ ပြောဆိုရင်း သူ့စကားကို နိဂုံးချုပ်လိုက်ပါတော့တယ်။

မူရင်း The Seed

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, February 14, 2011

ဆားကော်ဖီ


ပါတီပွဲတစ်ခုမှာ သူမကို သူ တွေ့ခဲ့တယ်။ သူမက အရမ်းကို မျက်နှာပွင့် ပေါ်လွင်ထင်ရှားသူ။ အမျိုးသား အတော်များများလည်း သူမကို လိုက်လံ ပန်းပိုးနေကြလေရဲ့။ ဒီအချိန်မှာ သူကတော့ တကယ့် သာမန်လူတစ်ယောက်။ ဘယ်သူကမှလည်း သူ့ကို အလေးဂရုမပြု။

ပါတီပွဲအပြီးမှာတော့ ကော်ဖီအတူသောက်ကြဖို့ သူမကို သူ ဖိတ်မန္တက ပြုမိတယ်။ သူမ အံ့အားသင့်သွားတယ်။ ဒါပေမယ့် ယဉ်ကျေးမှုအရ သူ့ဖိတ်ကြားချက်ကို သူမ လက်ခံခဲ့တယ်။

သူတို့ နှစ်လိုဖွယ်ကောင်းတဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင်မှာ ထိုင်ကြတယ်။ ဒါပေမယ့် သူမကို စကားစဖို့ သူ မ၀ံ့မရဲ ဖြစ်လွန်းအားကြီးနေခဲ့တယ်။

သူမအနေနဲ့လည်း ကသိကအောက် ဖြစ်ရတာပေါ့။ “ကျေးဇူးပြုပြီး ငါ့ကို အိမ်ပြန်ခွင့်သာ ပြုပါတော့”လို့ သူမကိုယ်သူမ တွေးနေမိတယ်။

ဒီအချိန်မှာ စားပွဲထိုးကို ရုတ်တရက် သူ လှမ်းမေးလိုက်တယ်။

“ကျနော့်ကို ဆားနည်းနည်းလောက် ပေးနိုင်မလား။
ကျနော် ကော်ဖီထဲ ထည့်သောက်ချင်လို့ပါ။”

ဆိုင်ထဲက လူတိုင်း သူ့ကို စူးစိုက်ကြည့်ကြတယ်။ အရမ်းကို ထူးဆန်းနေတယ် မဟုတ်လား။ သူ့မျက်နှာလည်း နီမြန်းသွားတယ်။ ဒါပေမယ့် ခပ်အေးအေးပဲ သူ့ကော်ဖီထဲ ဆားခတ်ပြီး သောက်လိုက်တယ်။

သိလိုစိတ်တွေနဲ့ သူမ သူ့ကို မေးကြည့်တယ်။ “ရှင့်မှာ ဒီအလေ့အကျင့်ကြီး ဘာကြောင့် ရှိနေတာလဲဟင်။”

သူပြန်ဖြေတယ်။ “ကျနော် ငယ်ရွယ်စဉ်တုန်းက ပင်လယ်နားမှာနေခဲ့တာပါ။ ပင်လယ်ထဲမှာ ဆော့ကစားရတာကို ကျနော် နှစ်သက်ခဲ့တယ်။ ပင်လယ်ရဲ့ အရသာကိုလည်း ကျနော် ခံစားတတ်တယ်။ အခု ဆားခပ်ထားတဲ့ ဒီကော်ဖီအတိုင်းပဲလေ။”

“ခုတော့ ဆားခတ်ထားတဲ့ ကော်ဖီကိုသောက်ရတိုင်း ကျနော့်ရဲ့ ကလေးဘ၀ကို အမြဲပဲ ပြန်မြင်ယောင်မိတယ်။ ပြီး ကျနော့် မွေးရပ်မြို့လေးကိုလည်း မြင်ယောင်မိတာပါဘဲ။ ကျနော် မွေးဖွားခဲ့ရာမြို့လေးကို အရမ်းပဲ လွမ်းမိပါရဲ့ဗျာ။ အဲဒီမှာ နေနေဆဲ ကျနော့် မိဘနှစ်ပါးကိုလည်း သတိရမိတယ်။ “

အဲဒီလို ပြောနေစဉ် သူ့မျက်ဝန်းတွေမှာ မျက်ရည်တွေနဲ့ ပြည့်လျှံနေခဲ့တယ်။

သူမအနေနဲ့ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်မိတယ်။ ဒါဟာ သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာက လာတဲ့ စစ်မှန်တဲ့ ခံစားချက်တွေဘဲ မဟုတ်လား။

သူ့ရဲ့ အိမ်အလွမ်းကို ဖွင့်ဟပြောတတ်တဲ့ ယောက်ျား၊ တကယ်တော့ သူဟာ အိမ်ကို တွယ်တာတတ်တဲ့၊ အိမ်ကို အလေးထား၊ ဂရုစိုက်တတ်တဲ့၊ အိမ်ရဲ့တာဝန်ကို ယူတတ်တဲ့ ယောက်ျားကောင်းတစ်ယောက်သာ ဖြစ်ရမယ်။

ဒီနောက် သူမလည်း စကားတွေ စတင်ပြောလာတယ်။ သူမရဲ့ ဟိုးအဝေးက ဇာတိမြို့လေးအကြောင်း၊ သူမရဲ့ ငယ်ဘ၀နဲ့ မိဘမောင်ဖွားတွေအကြောင်း။

ဒါဟာ တကယ့် စကားလက်ဆုံကျပွဲလေးလည်း ဖြစ်သလို သူတို့နှစ်ဦး ချစ်ပုံပြင်ရဲ့ လှပတဲ့ နိဒါန်းလည်း ဖြစ်တယ်။ ဒီကစလို့ ဆက်တိုက်ဆိုသလို သူတို့ ချိန်းတွေ့ခဲ့ကြတယ်။ သူဟာ သူမလိုချင်တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့လူတစ်ယောက် အမှန်တကယ် ဖြစ်တယ်ဆိုတာကိုလည်း သူမတွေ့ရှိခဲ့ရတယ်။

စိတ်ရှည်သည်းခံတတ်တယ်။ ကြင်နာသနားတတ်တဲ့ နှလုံးသားရှိတယ်။ လှိုက်လှဲပျူငှာ ရှိတယ်။ ဂရုလည်းစိုက်တတ်တယ်။ သူဟာ အဲဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ လူကောင်းသူကောင်း တစ်ယောက်။ ဒါပေမယ့် ပွတ်ကာသီကာ သူမ လွဲသွားတော့မလို့။ သူ့ရဲ့ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်ကိုပဲ ကျေးဇူးတင်ရတော့မှာပေါ့လေ။

ဒီနောက် သူတို့နှစ်ဦးရဲ့ပုံပြင်လေးက အခြားသော လှပတဲ့ ချစ်ပုံပြင်လေးတွေ အတိုင်းပါပဲ။ မင်းသမီးလေးက မင်းသားလေးနဲ့ လက်ဆက်ခဲ့တယ်။ ဒီနောက် ပျောပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့ နေထိုင်ကြတယ်။ အချိန်တိုင်း သူမက သူ့အတွက် ကော်ဖီဖျော်ပေးတယ်။ ကော်ဖီထဲမှာ ဆားအနည်းငယ် ထည့်ခတ်လို့။ သူကြိုက်နှစ်သက်တတ်ပုံလေးတွေကို သူမသိထားတဲ့ အတိုင်းလေ။

ဒီလိုနဲ့နှစ်ပေါင်း လေးဆယ်ကြာ သူတို့ဇနီးမောင်နှံ ပေါင်းသင်းခဲ့ကြတယ်။ သည့်နောက် ဇနီးသည်အတွက် စာတစ်စောင်ချန်ပြီး သူ ကွယ်လွန်သွားခဲ့တယ်။ အဲဒီစာထဲမှာ “ကိုယ့်ရဲ့ အချစ်ရဆုံးရေ ကျေးဇူးပြုပြီး ကိုယ့်ကို ခွင့်လွှတ်ပါကွာ။ ကိုယ့်ဘ၀ တစ်သက်တာလုံး လိမ်ညာဖုံးဖိခဲ့မိတာကို ခွင့်လွှတ်ပေးပါကွာ။ ဒါဟာ မင်းကိုပြောခဲ့ဖူးတဲ့ တစ်ခုတည်းသော လိမ်ညာမှုပါ။ ဆားငန်နေတဲ့ကော်ဖီလေ။ တို့တွေ ပထမဆုံး ချိန်းတွေ့ခဲ့ကြတာကို မင်းမှတ်မိလား။ အဲဒီအချိန်က ကိုယ်အရမ်းကို ရင်ခုန်တုန်ရီနေခဲ့တာ။ အမှန်တကယ်က ကိုယ် သကြားနည်းနည်း လိုချင်ခဲ့တာ။ ဒါပေမယ့် ကိုယ့်ပါးစပ်က ဆားနည်းနည်းလို့ ထွက်သွားတယ်။

ကိုယ့်အတွက် ပြန်ပြင်ပြောဖို့ကလည်း အတော်ခက်နေတာနဲ့ ရှေ့ဆက် လှိမ့်လိုက်ရတော့တာပေါ့။ ဒါဟာ ကိုယ်တို့ ချစ်ကျွမ်းဝင်မှုရဲ့ အစ ဖြစ်လာခဲ့လိမ့်မယ်ဆိုတာ ကိုယ် လုံးဝထင်မထားခဲ့ဘူး။ ကိုယ့်တစ်သက်တာ အကြိမ်ကြိမ်အခါခါ ဒီအမှန်တရားကို မင်းကို ပြောပြဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘာနဲ့ပတ်သက်ပြီးတော့မှ မင်းကို မလိမ်မညာပါဘူးလို့ ကိုယ်ကတိပေးထားခဲ့တဲ့အတိုင်း ဒီလိမ်ညာထားတာကို ထုတ်ပြောဖို့ ကိုယ် အရမ်းစိုးရွံ့နေခဲ့တယ်။ အခုတော့ ကိုယ်မနေရတော့ဘူး။ ကိုယ့်အတွက် ဘာစိုးရွံ့စရာမှလည်း မရှိတော့လို့ ဟုတ်တိုင်းမှန်ရာ ပြောပါမယ်။ တကယ်ဆို ကိုယ် ငန်နေတဲ့ကော်ဖီကို မကြိုက်ပါဘူးကွယ်။ တကယ့်ကို စိမ်းရွေရွေနဲ့ ဆိုးဆိုးဝါးဝါးနိုင်လှတဲ့ အရသာကြီးပါ။ ဒါပေမယ့် ကိုယ့်ဘ၀ တစ်သက်တာလုံး ဒီငန်နေတဲ့ကော်ဖီကိုပဲ သောက်လာခဲ့တယ်။ မင်းကို သိကျွမ်းခဲ့ရပြီးတဲ့ အချိန်ကစလို့ မင်းအတွက်နဲ့ ပတ်သက်ပြီး ကိုယ်လုပ်ခဲ့ရသမျှ ဘယ်တုန်းကမှ ၀မ်းနည်းကြေကွဲတာမျိုး ကိုယ်မဖြစ်ခဲ့ဖူးဘူး။ ကိုယ်နဲ့အတူ မင်းရှိနေတာဟာ ကိုယ့်ဘ၀တစ်ခုလုံးအတွက် အကြီးမားဆုံး ပျော်ရွှင်ချမ်းမြေ့မှုကြီးပါ။

တကယ်လို့ နောက်တကြိမ်သာ ရှင်သန်ခွင့်ရဦးမယ်ဆိုရင်လည်း မင်းကိုသာ ဖူးစာဆုံချင်၊ ကိုယ့်ဘ၀တာအတွက် မင်းသာ ရှိနေစေချင်တုန်းပါပဲလေ။ ငန်နေတဲ့ကော်ဖီကို ထပ်သောက်နေရဦးမယ် ဆိုရင်တောင်ပေါ့။”

သူမရဲ့ မျက်ရည်တွေဟာ စာတစ်စောင်လုံးကို ရွဲရွဲစိုသွားစေတယ်။

တနေ့နေ့၊ တချိန်ချိန် တယောက်ယောက်ကများ ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်ဟာ ဘယ်လိုအရသာများ ရှိမလဲလို့ သူမကို မေးမြန်းခဲ့မယ်ဆိုရင် “ချိုမြိန်နေတာပေါ့” လို့ သူမက မဆိုင်းမတွ ပြန်ဖြေလိုက်မိမှာ မလွဲပါ...။

မူရင်း- Salty Coffee

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>