ကိုရီးယားသို့ အီးပီအက်စ်စနစ်နဲ့ သွားရောက်ဖို့ ကိုရီးယားဘာသာစာမေးပွဲ ဖြေဆိုတာကစလို့၊ ကိုရီးယားမှာ အလုပ်လုပ်ပြီး မြန်မာပြည်ပြန်ရောက်တဲ့အထိ လုပ်ဆောင်စရာတွေ၊ တွေ့ကြုံရမှာတွေ၊ ရင်ဆိုင်ဖြေရှင်းရမှာတွေကို တိတိကျကျ ရှင်းရှင်းလင်းလင်း လမ်းညွှန်ထားပါတယ်။
- ဥပဒေအရ အီးပီအက်စ် အလုပ်သမားမှာ ဘာအခွင့်အရေး တွေရှိသလဲ
- ကိုယ့်အခွင့်အရေးတွေ ရရှိအောင် ဘယ်လို လုပ်ဆောင်ရမလဲ
- ရသင့်တာတွေ မရရင် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ
- သိစရာတွေ၊ လုပ်စရာတွေ၊ ဆောင်ရန်ရှောင်ရန်တွေ၊ အကူအညီတွေ
စတဲ့စတဲ့ အရေးကြီးတာမှန်သမျှ ဒီစာအုပ်မှာ အကုန်လမ်းညွှန်ထားပါတယ်။
ထာင်စုပြတင်း စာအုပ်တိုက်မှ ထုတ်ဝေဖြန့်ချိလိုက်ပါပြီ~
ရန်ကုန်>> အင်းဝ၊ တူဒေး၊ စာပေလောက-၂, ၅, ၇၊ စာပေဟင်းလေးအိုးကြီး၊ စောဦး၊ Tab-Book
မန္တလေး>> နဂါးစာအုပ်ဆိုင်နဲ့
+ ကိုရီးယားဘာသာသင်တန်းများမှာ ၀ယ်ယူနိုင်ပါတယ်။
ကိုရီးယားသို့ အောက်တိုဘာလ နောက်ဆုံးပတ် ရောက်ရှိပါမယ်။
တိုက်ရိုက်မှာလိုသူများ +82) 010-2642-5712, +82) 010-4034-5712 သို့ ဆက်သွယ်ပါ။
Thursday, October 2, 2014
EPS GUIDE: အီးပီအက်စ် လမ်းညွှန်
Saturday, April 5, 2014
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ပြည်တွင်း ပြည်ပမှ အကူအညီများကို လက်ခံနေပါသည်
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် ပြည်တွင်း ပြည်ပမှ အကူအညီများကို လက်ခံနေပါသည်
-------------------------------------------------------------------------------------------------
No (55), Baho Road, Corner of Baho & Ahlone Road, Ahlone Township, Yango, Myanmar.
Tel: (959) 731-477-32, 507082509, 420-067-984, (951) 212-409, 221-271
info@dawkhinkyifoundation.org
ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက် ဖွင့်လှစ်ခြင်း
ရွှေအလင်းတန်း မြန်မာအသင်း နှင့် စာကြည့်တိုက် သည် ဘူဆန် ၊ ဂင်မ်ဟဲမြို့တွင် ကိုရီယားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား များ၏ စုပေါင်းမတည်ငွေများဖြင့် ရပ်တည်ထားသော အသင်းဖြစ်ပါသည်။
အလုပ်ထွက်လာသော ရွှေမြန်မာများအတွက် အသင်းရုံးခန်းတွင် အခမဲ့ တည်းခိုခွင့်ပေးကာ အလုပ်သစ်များကို ရှာဖွေ ကူညီပေးလျှက်ရှိပါသည်။
ပြည်တွင်းသို့ အသင်းအနေဖြင့် တတ်နိုင်သလောက် ထောက်ပံ့ခြင်းများကိုလည်း ဆောက်ရွက်လျှက်ရှိပါသည်။
부산은행 (Busan Bank)
Account No. 112-2036-8278-07
테옹파잉 (HTET AUNG PAING)
ကိုဇော်မင်း (+82) 10-5946-6694 ( အသင်း ပြန်ကြားရေး တာဝန်ခံ )
fb https://www.facebook.com/thuthuzawmin
group https://www.facebook.com/groups/goldenlight009/
e-mail- thuthuzawmin@gmail.com
Sunday, May 5, 2013
မေ ၅၊ ကလေးများနေ့
ကလေးစာပေများကို ရေးသားတဲ့ မစ္စတာ ဘာန်ဂျောန်ဟွာက ဦးဆောင်နေတဲ့ ရိုမာန် ကက်သလစ်ဂိုဏ်း ဆိုးလ် ဌာနခွဲ (ဆောအုလ်)မှာ ၁၉၂၂ ခုနှစ် မေ ၁ ရက်မှာ လူငယ်များ အစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် နှစ်ပတ်လည် အထိမ်းအမှတ်နေ့အဖြစ် ကျင်းပခဲ့ရာမှ အစပြုခဲ့တယ်လို့ ဆိုရမှာပါ။ ကလေး သူငယ်များအတွက် ရည်သန်ပြီး ဆောင်ရွက်ပေးတဲ့ နှစ်ပတ်လည် အထိမ်းအမှတ် နေ့ကလေး တစ်နေ့ပါ။ ၁၉၂၅ ခုနှစ်မှာ ကျင်းပတဲ့ အခမ်းအနားကို တနိုင်ငံလုံးက ၃သိန်းကျော်သော ကလေးများ တက်ရောက် လာကြပါတယ်။ ဖက်ဆစ် ဂျပန်များ အုပ်ချုပ်နေစဉ်ကာလ ၁၉၃၉ ခုနှစ်မှာ ခေတ္တ ရပ်နားခြင်း ခံခဲ့ရပြီးနောက် ၁၉၄၈ ခုနှစ် သြဂတ် ၁၅ ရက် နောက်ပိုင်းမှာ ပြန်လည် ကျင်းပခွင့် ရရှိခဲ့ကြပါတယ်။ ၁၉၄၉ ခုနှစ်မှ စတင်ပြီး မေ ၁ရက်အစား မေ ၅ ရက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ယနေ့အထိတိုင် ကလေးများနေ့ အဖြစ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ် ၃၅ ကြီမ်မြောက် ကလေးများနေ့ ကျင်းပတဲ့အခါမှာ ပြည်ထဲရေး ၀န်ကြီး၊ တရားရေးရာ ၀န်ကြီး၊ ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးတို့ တက်ရောက်ပြီး ကလေးသူများ ကြောက်ရွံ့မှု ကင်းရှင်းပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင် စားသောက်နိုင်ရေးအတွက် ကူညီ အားပေး စောင့်ရှောက်ပေးဘို့ သဘော တူ ဆုံးဖြတ်ခဲ့ကြပါတယ်။
Thursday, January 3, 2013
ဓမ္မယာန ပြည်တော်ဦး(ကင်မ်ဟဲ) ရွှေအလင်းတန်း စာကြည့်တိုက် နှင့် မဇ္ဈိမယာနရုံးခန်း နေရာသစ်ဖွင့်ပွဲ ဖိတ်ကြားလွှာ
ရေးသားသူ — မဇ္ဈိမယာန
ကိုရီးယားနိုင်ငံ ဘူဆန်မြို့ရှိ ပြည်တော်ဦး ဆရာတော်ကို အမှူးထား၍ ဘူဆန်၊ ကင်မ်ဟဲ၊ ဂျင်းယောင်းနှင့် ယန်ဆန်းမှ ရွှေမြန်မာညီအစ်ကိုများသည် အမျိုး၊ ဘာသာ၊ သာသနာနှင့် ကိုရီးယားရောက် ရွှေမြန်မာညီအကိုများ၏ ပညာရေး၊ လူမှုရေး ကိစ္စအရပ်ရပ်တို့ကို စုပေါင်းဆောင်ရွက်နိုင်ရန်နှင့် ရွှေမြန်မာများအားလုံးအတွက် မိဘအိမ်သဖွယ် မှီခိုအားထားရာ နေရာတစ်ခုအဖြစ် ဓမ္မယာန ပြည်တော်ဦး(ကင်မ်ဟဲ) ရွှေအလင်းတန်း စာကြည့်တိုက် နှင့် မဇ္ဈိမယာနရုံးခန်း နေရာသစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘူဆန်၊ ကင်မ်ဟဲ၊ ဂျင်းယောင်းနှင့် ယန်ဆန်း အနီးအနားမှ ရွှေမြန်မာညီအစ်ကိုများကို ဓမ္မယာန ပြည်တော်ဦး(ကင်မ်ဟဲ) ရွှေအလင်းတန်း စာကြည့်တိုက် နှင့် မဇ္ဈိမယာနရုံးခန်း နေရာသစ် ဖွင့်ပွဲအခမ်းအနားသို့ ကြွရောက်ကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
နေ့ရက် ... ၁၃၇၄-ခုနှစ် ၊ နတ်တော်လပြည့်ကျော်(၉)ရက်
၆.၁.၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် ... နံနက် ၁၁း၀၀ နာရီ မှ ညနေ ၃း၀၀ အထိ
နေရာ... ကင်မ်ဟဲ ဂယောင်းနမ်း ဘူဝမ်းဒို အမှတ်(829-3)
(경남 김해시 부원동 832-3번지)
အကျွေးအမွေး ... ကိုရီးယား ဘုရားဒါယိကာမ ဆွန်း(င်)ဂျွန်း(င်)ဆု(က်) (송정숙 할머니) မှ မြန်မာထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးမှာ ဖြစ်ပါသည်။
Monday, March 19, 2012
ပိတောက်ပန်း
ရေးသားသူ — ဆရာဇော်ဂျီ ( ဖျာပုံမြို့)
ပိတောက်ပန်း
မခူးချင် စမ်းပါနဲ့နှစ်ဆန်းခါတော်မီမို့ ဇမ်ဗော်ရည် ပြေပြေလိမ်းကာပ
ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာဆာဝေေ၀နဲ့ သူလဲလေ လောကီသားလိုပ
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပ
ထူးပါဘိတယ်.
တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့ သာသနာရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ် ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့ မာန်အင်ကို ဥာဏ်ဆင်မွေးကာဖြင့်
အရေးအခါသာမှ ခမျာမှာတစ်ဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။
ဆရာဇော်ဂျီ ( ဖျာပုံမြို့)
Monday, January 16, 2012
အိမ်လွမ်းပုံပြင်
အိမ်လွမ်းပုံပြင်
အခန်းကျဉ်းထဲ
အိမ်လွမ်းစီးဆင်းသံ သဲ့သဲ့ကြားရတယ်
အုံးမောင်းခေါက်သံလေးကိုလွမ်းတယ်
သဲဖြူ ဖုံထူလမ်းလေးကိုလွမ်းတယ်
အိမ်လွမ်းဝေဒနာကို ဆန့်ကျင်၍
လသာတာလည်း မကြည့်အားဘူး
နှစ်ကူးတာလည်း မသိလိုက်ဘူး
ပြက္ခဒိန်ထက်က ၂၄နာရီတစ်ကွက်
ကျနော်တို့အတွက် အိမ်ပြန်ဖို့တစ်ရက်နီးတယ်၊
ညဂျူတီအပြင်ဘက် လသာတာခဏထွက်ကြည့်
ဒီအချိန်ဆို မေမေတို့အိပ်ပြီပေါ့၊
အသာပြာမောင်းနှင်းအားကြောင့်
မိုင်ထောင်ချီခရီးဆက်ခဲ့ကြ
တနဂ်နွေက ကျနော်တို့တွက်ရက်ရာဇာ
ဘာသာစကားကွဲပြားမှုအောက်
အနေအထားခြားနာမှုအောက်
ဦးခေါင်းတွေ မြေကပ်လို.
အိမ်ပြန်ချိန်ရက်တွေ ရေတွက်ရင်း
မေမေ ချက်တဲ့ဟင်း
ပုံပြင်ထဲ ရောက်သွားတယ်
မောင်မောင်(အိမ်လွမ်းသူ)
၁၅-၀၁-၂၀၁၂
ခေတ္တကိုရီးယား
Monday, December 12, 2011
မြတ်နိုးခြင်း
ရေးသားသူ — အင်ကြင်း
အချစ်ဆိုတာ
မြတ်နိုးခြင်းလား
ငါ သေခြာမပိုင်းခြားတတ်ပါ။
ဒါပေမယ့်...
နူးညံ့တဲ့ဖဲကတ္တီပါထက်
နင့်ရဲ့ ကြင်နာတဲ့ အထိအတွေ့ကို
ငါ ပိုမြတ်နိုးမိပါရဲ့။
ပြင်သစ်ရေမွှေးအကောင်းစားထက်
နင့်ရဲ့ ကိုယ်သင်းနံ့ကို
ငါ ပိုစွဲလန်းပါတယ်။
နာမည်ကျော် ပန်းချီကားတွေထက်
တောက်ပတဲ့ နင့် မျက်ဝန်းနဲ့ အပြုံးကို
ငါ ပိုနှစ်သက်ပါတယ်။
သံစဉ်ချိုမြတဲ့ တေးသွားတွေထက်
နင့်ရဲ့ ရီသံလွင်လွင်ကို
ငါ ပိုနှစ်ချိုက်မိပါရဲ့။
လေတိုက်လိုက်တိုင်း
လှုပ်ရှားသွားတဲ့ သစ်ရွက်လေးတွေထက်
နင့်ဆံနွယ်လေးတွေကို
ငါ ပိုသဘောကျပါတယ်။
ချစ်တယ်ဆိုတဲ့ စကားထက်
ငါ နင့်ကို ပိုမြတ်နိုးပါတယ်။
အင်ကြင်း
2:00 amး9 Dec.2011
Friday, November 4, 2011
ဆရာမ နုနုရည်(အင်းဝ) ဟောပြောချက်
ဆရာမ နုနုရည်(အင်းဝ)ရဲ့ ကိုရီးယား စာပေဆွေးနွေးဝိုင်း ဟောပြောချက် အသံဖိုင်ကို နားဆင်နိုင်ပါပြီ။
ဆရာမ နုနုရည်(အင်းဝ) ဟောပြောချက် by koluchitkorea
Sunday, October 23, 2011
မေမေ
ရေးသားသူ — မောင်မောင်(KPG.ခေတ္တ.ကိုရီးယား)
မေမေ
မေမေ
တီတီတာတာ မပီကလာနှင်.
တစ်ခွန်းခေါ်စဉ် အမေ့ရင်တွင်
ပီတိအပြုံး နှလုံးထိလျက်
သံစဉ်တေးထက် ချိုခဲ့သည်ပင်
အမေထင်ဧ။်
ထိုမှတစ်သွယ်
အရွယ်ငါးနှစ် ချင်းနင်းပြည့်သော်
လူ့ဘုံနန်းဝယ် ပညာလမ်းဖြောင့်
ခရီးပေါက်၍ အများသူငါ
လူတကာအောက် မကျရောက်အောင်
ပို့ပေးခဲ့သည် ကျောင်းတော်ဆီ။
ရာသီလက်တံ အရွေ့မြန်လျက်
သက္ကရာဇ်အခေါ် ၁၈နှစ်ကျော်လည်း
အမေ့စိတ်တွင် ကလေးလေးပင်
ရှိသေးထင်ဧ။်။
တစ်ပိုင်းတစ်စ ပညာရ၍
ခေတ်ပညာလေး တတ်ကာရှိသေး
အမေ့စကား ပယ်ရှားခဲ့တာ
အကြိမ်ကြိမ်။
ဥစ္စာရှာမယ် စိတ်ရည်ရွယ်လျက်
အမေ့ရင်ခွင် ထက်ဝန်းကျင်က
နိုင်ငံရပ်ခြား
သက်ဆင်းခြေချ တစ်ကိုယ်ဘဝ။
လူမျိုးဖုံဖုံ ကြုံဆုံတွေ့၍
စိတ်ညိုညစ်ချိန် အမေ့အိမ်လေး
အပြေးပြန်လာချင်ခဲ့တယ်။
ကြိုးစားငါ့သား မငြီးတွားနဲ.
ခွဲခွာခဏ မှတ်ယူဆုံးမ
အမေ့အသံ နားထံကြားသော်
ဝမ်းသာလှိုက်မော သောကတွေလည်း
ပျောက်ခဲ့တယ်။
ခေါင်းအုံးထက်မှာ မှေးစက်နားဖို့
အိပ်ယာဖြန့်ခင်း ကျောဆန့်ခြင်း ပြုသောအခါ
အမေ့အိမ်မဟုတ် တွေးမိလိုက်ချိန်
နှစ်ဖက်ပါးမှာ မျက်ရည်ရာတွေထင်ခဲ့တယ်။
မေတ္တာဘုရင် အမေပင်ဟု
တင်စားခေါ်ပြော သည်သဘောကို
သားနားလည်ခဲ့ပါပြီအမေ
အဝေးကအမေ ကျန်းမာပါစေ
အဝေးကအမေ
အသက်ရာကျော် ရှည်ပါစေ။
မောင်မောင်(KPG.ခေတ္တ.ကိုရီးယား)
၂၃.၁၀.၂၀၁၁
Friday, September 30, 2011
၂၁ရာစု ဖောရှော နဲ့ အဆိပ်ခွက်ဇာတ်လမ်း
ဝင်ခွင့်ပြုပါလို့ ရိုရိုသေသေ ပြောတယ်…။
တအောင့်လောက်ကြာတော့
ဟိုဘက်ကလေး နည်းနည်း တိုးတိုးပေးပါတဲ့…၊ ဖောရှောက ပြောတယ်…။
ကြည့်နေရင်းက ဖောရှောဟာ ဘယ်သူ ဘာပြောပြော လက်ခုပ်လက်ဝါးတီးတယ်…။
လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတယ်…။
ဒီလိုနဲ့ ဖောရှောဟာ တော်တယ်လို့ လူပြောသူပြော များလာတယ်…။
ဖောရှောဟာ လူတော်လေး ဖြစ်လာတာနဲ့အမျှ ဘာမဆို အကောင်းမြင်တယ်…။
ကြိုက်ကြိုက် မကြိုက်ကြိုက်၊
နားလည်လည် မလည်လည် ဖောရှောဟာ ဘာမဆို
ယို့ယို့ကျိုးကျိုး ကောင်းပါတယ်လို့ ပြောတယ်…။
ဒါကြောင့်လည်း ဖောရှောဟာ ဖောရှော ဖြစ်မှန်းမသိ ဖြစ်လာတယ်…။
လူတွေကလည်း
ကိုယ်ပြောတာကို အသိအမှတ်အပြုခံရဖို့ ဖောရှောကို ပို လိုအပ်လာကြတယ်…။
ဖောရှောဟာ ဘယ်သူ့အတွက်မဆို အရေးပါလာတယ်…။
ဟိုလူကလည်း ဖောရှော၊ ဒီလူကလည်း ဖောရှောနဲ့
ဖောရှော… ဖောရှောဆိုပြီး ဖြစ်လာတယ်…။
ဖောရှောဟာ ဖောရှောအဖြစ် ထင်ပေါ်ကျော်ကြားလာတယ်ပေါ့…။
ဖောရှောဟာ ထင်ပေါ်ကျော်ကြား လူသိများလာတော့
ဖောရှောလို ထင်ပေါ်ကျော်ကြားချင်လာတဲ့သူတွေအတွက်
ဖောရှောဟာ စံနမူနာ ဖြစ်လာတယ်…။
အားလုံးဟာ
ဖောရှောဖြစ်ဖို့အတွက် ဖောရှောလို ကျင့်ကြတယ်…။
ဖောရှောကျင့် ဖောရှောကြံ ကြံကြတယ်…။
တဖြည်းဖြည်းနဲ့
ဖောရှောတွေဟာ အုံနဲ့ကျင်းနဲ့ ဖြစ်လာတယ်…။
ဘယ်နေရာ ကြည့်ကြည့်
ဖောရှောဟာ တစ်ယောက်မဟုတ်တစ်ယောက် ရှိနေတယ်…။
နေရာစုံ ရောက်နေတဲ့ ဖောရှောဟာ
သတင်းအချက်အလက်လည်း စုံလာတယ်…။
ဒါကြောင့်လည်း ဖောရှောအဖို့
ဘယ်အရာကိုမဆို ဖောဖို့ ရှောဖို့ လွယ်ကူလာတယ်…။
ဖောဖို့ ရှောဖို့ လွယ်ကူလာတော့
အထင်ကြီးတဲ့သူ များလာပြီး အင်အားလည်း တောင့်လာတယ်…။
အင်နဲ့ အားနဲ့ ဖြစ်လာတဲ့ ဖောရှောဟာ သူ့ကိုယ်သူ
အရင်တုန်းက ဖောရှော မဟုတ်တော့ဘူးလို့ ထင်လာတယ်…။
ဖောရှောဟာ သွေးနားထင် ရောက်လာတယ်…။
မြောက်ကြွမြောက်ကြွလည်း ဖြစ်လာတယ်။
ဖောရှောဟာ ဖောရှောအင်အားကို ခြေကုပ်ယူပြီး အသင်းအဖွဲ့တွေ ဖွဲ့တယ်…။
အစည်းအဝေးတွေ ကျင်းပတယ်…။ ကြေငြာချက်တွေ ထုတ်တယ်…။
တဖြည်းဖြည်း ဖောရှောဟာ
အများက အသိအမှတ်ပြုထားတဲ့ ဖောရှောဖြစ်လာတော့တာပေါ့…။
အသိအမှတ်ပြုခံရတဲ့ ဖောရှောဆိုတော့လည့်း
အားလုံးက တစ်ခဲနက် ထောက်ခံကြတယ်လေ…။
ဒါပေမယ့်လည်း အင်မတန် ပါးနပ်တဲ့ ဖောရှောဟာ
ဟိုးတုန်းကတည်းက သူ့ကိုယ်သူ ဖောရှော မဖြစ်ချင်ခဲ့ဘူးတဲ့…။
ဒါကြောင့်၊
အများရဲ့ထောက်ခံမှုနဲ့ ဖောရှောဟာ
သူသာလျှင် အမှန်တရားဖြစ်ဖို့ အမှန်တရားကို အဆိပ်ခွက် ကမ်းလိုက်တယ်…။
အမှန်တရားကတော့ သူ့ရဲ့ အမှန်တရားကို သက်သေပြဖို့အတွက်
ဒုတိယမြောက် အဆိပ်ခွက်ကို မြှောက်လိုက်တဲ့အချိန်
မျက်နှာပေါ်က တောက်ပတဲ့ အပြုံးဟာ
အားလုံးရဲ့ နှလုံးသားထဲမှာ ပဲ့တင်ထပ်သွားတော့တယ်…။ ။
Thursday, September 8, 2011
ဖိတ်ကြားအပ်ပါသည်...
မဇ္ဈိမယာနအဖွဲ့ ရုံးခန်း နှင့် ရွှေအလင်းတန်း စာကြည့်တိုက် ဖွင့်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ
ဘူဆန်းမြို့ မြန်မာ ညီအကို မောင်နှမ မိသားစုများ စုစည်းတည်ထောင်ထားသည့် မဇ္ဈိမယာနအဖွဲ့ ရုံးခန်းနှင့် ရွှေအလင်းတန်း စာကြည့်တိုက် ဖွင့်ပွဲကို အောက်ပါအစီအစဉ် အတိုင်း ပြုလုပ်မည် ဖြစ်ပါ၍ မိတ်ဆွေအများ ကြွရောက်အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက် = ၂၀၁၁ စက်တင်ဘာ ၁၃ (အင်္ဂါနေ့) (ချူဆော့ဂ်ပိတ်ရက်)
နေရာ = ဂင်မဲမြို့ ယခင် Golden Village စားသောက်ဆိုင်၊ 김해시 서상동 83-2
နံနက် ၁၁ နာရီတွင် ဆွမ်းကပ်ပါမည်။
နံနက် ၁၁ နာရီမှ နေ့လယ် ၁ နာရီ အထိ ဒံပေါက်ဖြင့် ဧည့်ခံပါမည်။
နေ့လယ် ၁း၃၀ မှ ၃း၀၀ နာရီအထိ ရုံးခန်းဖွင့်ပွဲ အစီအစဉ် ဖြစ်ပါသည်။
ဘူဆန်မြို့ ပြည်တော်ဦး ကိုရီးယား-မြန်မာ ဗုဒ္ဓသာသနာ့ရိပ်မွန်၊ ရန်ကုန်မြို့ ပြည်တော်ဦး မြန်မာ-ကိုရီးယား လူငယ်ဖွံ့ဖြိုးရေးကျောင်း နှင့် စန်းမြသီတာ မဟာစည် သာသာနာ့ရိပ်သာတို့၏ ပဓာန နာယက ပြည်တော်ဦး ဆရာတော် အရှင်ပဏ္ဍိစ ၏ လမ်းညွှန်ဦးဆောင်မှုဖြင့် ကိုရီးယားရောက် ရွှေမြန်မာ ညီအစ်ကို မောင်နှမများတို့သည် မဇ္ဈိမယာနအဖွဲ့ကို ၂၀၁၀ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
စက်ရုံ အပြောင်းအရွှေ့ ကာလတွင် အခက်အခဲ ဖြစ်နေသော ရွှေညီအစ်ကိုများအတွက် နားခိုစရာနေရာအဖြစ် လည်းကောင်း၊ အလုပ်သမားအခွင့်အရေးနှင့် ဥပဒေဆိုင်ရာ ပညာပေးဆွေးနွေးပွဲများ ကျင်းပရန်နေရာအဖြစ် လည်းကောင်း၊ ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် သာရေးနာရေး လူမှုရေးကိစ္စများ ဆောင်ရွက်နိုင်ရန် နေရာအဖြစ် လည်းကောင်း၊ မဇ္ဈိမယာနရုံးခန်းနှင့် ရွှေအလင်းတန်း စာကြည့်တိုက်ကို ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။
မဇ္ဈိမယာနအဖွဲ့
ဘူဆန် ဂင်မဲ ဒေသ ရွှေမြန်မာများ
Saturday, August 27, 2011
အမှန်နှင့်အမှား
ရေးသားသူ — အင်ကြင်း
လူသားတွေဟာ မွေးဖွားရှင်သန်လာရာကနေ သေသည်အထိ လူတိုင်းအမှားကို လုပ်ဖူးကြသူချည်းဖြစ်ပါတယ်။
ကျမ ဖတ်ဖူးတဲ့ စာလေး ကတော့ ခုလိုပြောပါတယ်။
ဘယ်သူပဲဖြစ်ဖြစ် အမှားလုပ်မိလျှင် ရှက်တဲ့အတွက် ဖုံးကွယ်ထားချင်ကြပါတယ်။ သို့သော် လူတွေဟာ အမှားမရှိ ပြည့်စုံတယ်လို့မြင်ရတဲ့ သူတွေထက် တခါတရံ အမှားလုပ်သူတွေ သူတို့ရဲ့ အမှားကို ပြတဲ့ သူတွေကို ပိုပြီးတော့ သဘောကျကြတယ်။ အမှားဆိုတာ လူတွေအတွက် လူသားဆန်တဲ့ အပြုအမူတခုလို ခံစားနိုင်တဲ့အတွက်ဖြစ်ပါတယ်။ အမှားကို လုပ်မိတယ်ဆိုပေမယ့် မဖုံးကွယ်ပဲ အမှန်အတိုင်း ပွင့်လင်းစွာ ထုတ်ဖော်လျှင် ပိုပြီး ရင်းနှီးမူယူနိုင်တဲ့အတွက်ပင်ဖြစ်ပါတယ်…. တဲ့။
ဒါဟာ မှန်တယ်လို့ယူဆမိပါတယ်။ အမှားကို သိတဲ့ အချိန်မှာ ၀န်ခံတာ အကောင်းဆုံးပါပဲ။ လူတိုင်း အနည်းနဲ့ အများတော့ အမှားကို ကျူးလွန်မိတာ ဘာမှမဆန်းပါဘူး။ အမှန်တရားတွေကိုပဲ လက်ကိုင်ထားပြီး နေထိုင်ရပ်တည်သူတွေဟာ အထင်ကြီးစရာပေမယ့် သူတို့တွေဟာ တစ်သက်လုံး မှန်နေတယ်ဆိုတာ ဟုတ်ပါ့မလား။ လောကကြီးမှာ အမှားနဲ့ကင်းတဲ့သူဆိုတာ ရှိနိုင်ပါ့မလား။
မရှိဘူးလို့ပဲ ကျမက ထင်ပါတယ်။ ဒါပေမယ့် လူတွေ အများဆုံးကျူးလွန်လေ့ရှိတဲ့ မုသားစကားတောင်မှ အမှားလို့ မြင်မနေကြပါဘူး။ White lie လို့ခေါ်တဲ့ မုသားဖြူဟာ မှန်တယ်လို့ ထင်စရာရှိပါတယ်။ လွယ်လွယ်ကူကူ ကျူးလွန်ဖြစ်တဲ့အမှားကတော့ မုသားပြောခြင်းဟာ အများဆုံးဖြစ်ပါလိမ့်မယ်။ တဘက်လူ စိတ်ချမ်းသာအောင် ညာပြောလိုက်မိရင်တောင် ကိုယ်အမှားလုပ်တယ်လို့ မထင်မိတော့ဘူး။
ကျမအမြင်မှာ အမှားလုပ်မိတဲ့အခါ အနေရခက်ပေမယ့် အမှားတခါမှ မလုပ်ဖူးတာကလည်း တခါတရံ မွန်းကြပ်လှတယ်လို့ ထင်ပါတယ်။
တချို့လူတွေက “ငါတို့ အမှား ဘာမှ မလုပ်ဘူး” ဆိုတာကို ပြောလေ့ရှိကြပါတယ်။ ဒါဟာ ဘာလို့လဲဆိုလျှင် မှားနေတာကို မှားမှန်းမသိလို့ အမှားလို့မမြင်ပဲ အမှန်လို့ထင်နေတတ်လို့ပါပဲ။ ဒါဆို ဘယ်ဟာက အမှား ဘယ်ဟာက အမှန်လို့ဆိုနိုင်မလဲ။ တဘက်လူက မှားတယ်လို့ ထင်နေတဲ့ အရာဟာ ကိုယ်လုပ်တာ အမှန်လို့မြင်တဲ့သူကို နင်မှားနေတယ်လို့ဆိုလို့ ရပါ့မလား။ ဥပမာ မိဘနဲ့ သားသမီးဆိုလျှင် မိဘက ပေးစားတဲ့သူကို မယူဘဲတခြားတယောက်နဲ့ အိမ်ထောင်ပြုလိုက်လို့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်နေရင် သူရွေးခြယ်တာမှန်ကန်တယ်လို့ မြင်မှာပါပဲ။ မိဘကလည်း သူတို့ စကားနားမထောင်လို့ သူတို့ကို မလိုက်နာပဲ တခြားလမ်းကိုရွေးခြယ်လျှင် အမှားလုပ်တဲ့သားသမီးလို့မြင်မှာပါပဲ။ မိဘနဲ့ သားသမီးကြားမှာတောင် ဒီလိုကိစ္စလေးတွေ ရှိတယ်ဆိုလျှင် တခြားတစိမ်းတွေနဲ့ စိတ်သဘောထားခြင်းမတိုက်ဆိုင်တာမျိုး၊ ဘ၀အတွက် ရွေးခြယ်ပုံကွာခြားနေကြလျှင် တဘက်လူကို မှားနေတယ်၊ တဘက်ကလည်း မှန်ပါတယ်လို့ မြင်နေမှာပါပဲ။ ရုပ်ရှင်ထဲမှာ လူတွေရာချီကိုသတ် ရန်သူကို နှိမ်နင်းတာဟာာ သူရဲကောင်းလို့ မြင်စရာရှိပေမယ့် ဘာသာရေးအရဆိုလျှင် လူ့အသက်ကို သတ်တာဟာ အမှားလုပ်တာလို့ မြင်နိုင်စေတယ်မဟုတ်လား။ တရုတ်သိုင်းကားတွေထဲကလိုပေါ့ သွေးကြွေးဆပ်တယ်လို့ဆိုပြီး ပြသတာ သူလုပ်တာအောင်မြင်လျှင် သူသာလျှင်အမှန်ဖြစ်သည်လေ။
ဒါကတော့ လူတယောက်နဲ့ တယောက်ခံယူချက်ခြင်း အခြေအနေခြင်းကွာဟနေလို့လို့ပဲ ကျမမြင်ပါတယ်။
ကျမဆိုလျှင် လွန်စွာခေါင်းမာတဲ့သူမို့ ကိစ္စတော်တော်များများမှာ ကိုယ်လုပ်တာသာ အမှန်လို့ပဲမြင်နေတတ်ပါတယ်။ ဒါပေမယ့် ဖုံးကွယ်ဖို့တော့ မကြိုးစားတတ်ပါဘူး။ တဘက်သားကို မထိခိုက်အောင်တော့ သတိထားပေမယ့် ကိုယ့် လုပ်ရပ်ကြောင့် ထိခိုက်သွားခဲ့ရင်တော့ ငါမှားသလားလို့ ပြန်တွေးမိပါတယ်။ ဒါပေမယ့် တခါတရံတော့ ငါမှန်နေသားပဲလို့တော့ ဖော့တွေးတတ်တာပါပဲ။
ကြီးမားတဲ့အမှားဖြစ်စေ သေးငယ်တဲ့အမှားဖြစ်စေ မှားနေတာကို ကိုယ်တိုင် သိသွားတဲ့အချိန်မှာတော့ ရှက်မိကြတာ သဘာဝပါပဲ။ မမှားသော ရှေ့နေဆိုတာတောင်မရှိဘူးဆိုတဲ့ စကားလိုပေါ့ အမှန်တရားဘက်ကို ရှာပြထောက်ပြရတဲ့ အလုပ်လုပ်သူတွေတောင် အမှားရှိနေတာပါပဲ။ လူသားဆိုတာ အမှားကို ကျူးလွန်တတ်တဲ့ သူတွေဆိုပေမယ့် အမှန် အမှားပိုင်းခြား သိမြင်နိုင်တဲ့ အသိတရားပေးနိုင်တဲ့ ဦးဏှောက်ပါလာတဲ့အတွက် စဉ်းစားဆင်ခြင်နိုင်ကြပါတယ်။ နောက်တခုကတော့ ဘာသာတရားအရ အမှားကို ထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။
ဘာသာရေးမှာတောင် လူတွေဟာ ဘယ်ဘာသာက မှားနေတယ် ဘယ်ဘာသာကမှ မှန်တယ်လို့ ယူဆတတ်ကြပြန်ပါတယ်။ ဘယ်ဟာ အမှန် ဘယ်ဟာအမှားဆိုတာ လူတယောက်ရဲ့ စိတ်ခံယူချက်နဲ့သာ ဆိုင်တယ်လို့ထင်ပါတယ်။ ငါတို့လုပ်တာကမှ အမှန် မင်းတို့မှားနေတယ်ဆိုတာဟာ အတော်ပြောရခက်ပါတယ်။ စောင့်ကြည့်ဆုံးဖြတ်ဖို့ အချိန်တခုလည်း လိုအပ်ပါတယ်။ "ဟင့်အင်း ၀န်မခံနိုင်ပါဘူး" "ငါလုပ်တာမှန်နေသားပဲ ဒါကြောင့် ငါစိတ်ချမ်းသာတယ်" လို့ ပြောတဲ့ သူကို နင်မှားနေတယ်လို့ပြောနေလို့ ရမှာမဟုတ်ပါဘူး။ ကိုယ်တိုင်ကသာ အမှန်အမှားကို တချိန်မှာ ဆုံးဖြတ်နိုင်မှာပါ။ အမှားဖြစ်စေ အမှန်ကိုဖြစ်စေ မိမိဆုံးဖြတ်ချက်အလျှောက် ပြုမူမိတဲ့ ကိစ္စကို ကိုယ်တိုင်သာလျှင် တချိန်မှာ သေခြာစွာ ကွဲပြားစွာ ပိုင်းခြားနိုင်မှာပါ။ ခုလို လုပ်ခဲ့တာ အမှန်လား အမှားလား။
ကျမကတော့ အမှားတွေလုပ်မိခဲ့လျှင်တောင်မှ ယခုချိန်မှာ လူသားပီသစွာ ပြုမူမိတယ်လို့ပဲ ယူဆမိမှာပါ။ ဒါပေမယ့် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကိုယ့်လုပ်ရပ်အပေါ်မှာ ကိုယ်သာလျှင် တာဝန်ရှိပါတယ်လို့သာ ပြောချင်ပါတယ်။
အင်ကြင်း
12:30 am
20 August 2011.
Monday, July 25, 2011
ဘဝနာရီ
ရေးသားသူ — အင်ကြင်း
သင်ရဲ့ ဘ၀ဟာ ခုဆို ဘယ်နှနာရီရှိနေပြီလဲ
စားပွဲပေါ်မှာတော့ ယူဆောင်မသွားဘဲ အမြဲတင်ထားတဲ့ စားပွဲတင် နာရီလေးက ရှိနေပါတယ်။ ပျက်နေတာလဲမဟုတ်ပါ။ ဘက်ထရီကို တမင် ဖြုတ်ထားခဲ့ခြင်းပါ။ ဒါပေမယ့်လည်း သည်နာရီလေးဟာ အမြဲတမ်း ရပ်နေတာတော့လည်း မဟုတ်ပါ။ နှစ်စဉ် မွေးနေ့ရောက်တိုင်း ၁၈ မိနစ်စီ ရှေ့ကို နာရီလက်တံကို ရွေ့ခဲ့ပါတယ်။
ခုပဲ ကျောင်းသားတယောက် ရောက်လာပြီးပြန်သွားခဲ့ပါတယ်။ သူက မနက်ဖြန် သဘက်ခါဆိုပဲ အသက်က ၃၀ ရောက်တော့မယ်ဆိုပေမယ့် သေခြာတဲ့ အောင်မြင်ပြီးမြောက်မှုတခုမှ မရှိခဲ့သေးဘဲ၊ ရှေ့ဆက် ဘယ်လို လုပ်ကိုင်ရမယ်ဆိုတာ တိကျတဲ့ ရည်မှန်းချက်ကိုလည်း အကောင်အထည် ဖော်နိုင်စွမ်း မရှိသေးဘူးလို့ ဆိုပါတယ်။ စိတ်မွမ်းကျပ်စွာ ရူးမတတ်ဖြစ်ရင်း ကြာငြောင်းတဲ့ အချိန်တွေကို ညီးတွားရင်း သည်လိုနဲ့ ကုန်ဆုံးနေလာခဲ့သည်ပေါ့။
အသက် ၃၀ အရွယ်ပင်ရောက်လာခဲ့ပြီပဲ။
>>>>>>>>>>>>>>>>>>>
လူငယ်တိုင်းလိုလို ဘ၀အတွက် လိုအပ်တဲ့ ပညာရေးမှာ ပြောရရင်၊ အဓိကဘာသာရပ်ကိုဖြစ်စေ၊ တွဲဘက်ယူရတဲ့ ဘာသာရပ်တွေမှာဖြစ်စေ ထူးချွန်တဲ့ အောင်မှတ်ကို ရဖို့ကြိုးစားရင်း ၄ နှစ်တာ ကာလအတွင်းမှာ တက္ကသိုလ်က ဘွဲ့တခုရဖို့ဟာ မလွယ်ကူလှပါဘူး။ ထပ်ပြီးတော့လည်း ခုခေတ် ကာလမှာ ဘာသာစကား သင်တန်း၊ အကူအလုပ်၊ အချိန်ပိုင်းအလုပ် စတဲ့ဟာတွေကို လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ အတွေ့အကြုံနဲ့ နေရာ(Space) ရဖို့ လုပ်ယူရပါသေးတယ်။ အဲဒီအတွက် ၆ လ၊ ၁ နှစ် ကျောင်းက ခဏနားပြီး အခြေခံယူကြခြင်းပေါ့။ ဒါမှမဟုတ် တက္ကသိုလ်မှာ တနှစ်လောက် ထပ်နေတာဖြစ်ဖြစ်၊ ကျောင်းပြောင်းတက်တာဖြစ်ဖြစ်၊ ဘာသာရပ်ပြောင်းတက်တာဖြစ်ဖြစ်၊ အလုပ်အတွက် အတွေ့အကြုံ အထောက်အကူဖြစ်ဖို့ လုပ်ရင်း ၁ နှစ်၊ ၂ နှစ်အချိန်တော့ ထပ်ကြာပါတယ်။ ဘွဲ့ရပြီးနောက် အလုပ်စာမေးပွဲဖြစ်စေ၊ နိုင်ငံခြားပညာသင်ဖို့ ပြင်ဆင်သည်ဖြစ်စေ ဟိုဟိုသည်သည် သင်တန်းအချို့ တက်ရင်း အချိန်တွေ လှည့်ပါတ် ကုန်ဆုံးရင်း သည်လိုနဲ့ အသက် ၃၀ ထဲရောက်လာပြီပေါ့။
အသက် ၃၀ ကိုရောက်လာခါနီး လူငယ်အများစုဟာ အချိန်တွေရဲ့ လျင်မြန်မူကို တုန်လှုပ်လာပါတော့တယ်။ တက္ကသိုလ် ဒုတိယနှစ်မှာ ကျောင်းသားသစ်ဘ၀ရဲ့ နေ့ရက်တွေဟာ ဘယ်လိုကုန်ဆုံးသွားလဲဆိုတာ မသိလိုက်ဘ၊ဲ တတိယနှစ်ကိုရောက်ပြီဆိုလျှင်တော့ ဘွဲ့ရဖို့ လက်တကမ်းသာလိုတော့တယ်ဆိုတဲ့ စိတ်အတွေးက ၀င်လာပါတယ်။ ရုတ်တရက်ရည်ရွယ်ထားတာမဟုတ်ဘဲ ဘွဲ့ရလိုက်ပေမယ့် အလုပ် လုပ်ရမယ့်နေရာက မရှိတဲ့ လူငယ်တွေ အတွက်ဆိုလျှင် ကုန်လွန်စီးဆင်းသွားတဲ့ တနေ့တနေ့ရဲ့ အချိန်တွေဟာ စိတ်မရှည်ခြင်းများစွာနဲ့ စိတ်ပျက်ဖွယ် အချိန်တွေအဖြစ်သာ ကျန်ရှိနေတော့တယ်။
လူ့အဖွဲ့အစည်းအတွင်းကို ပထမခြေလှမ်းကို အောင်မြင်စွာ စလှမ်းနိုင်ပါ့မလားဆိုတဲ့ စိတ်ပူပန်ခြင်းက ပျောက်ကွယ်သွားပါ့မလား။
သည်လို မျှော်လင့်ခြင်းတွေမှာ စိတ်စောမူတွေ ပါရှိနေတတ်တာ သဘာဝပါ။ မြန်မြန်ဆန်ဆန်ပင် နေရာတနေရာကို ရဖို့၊ လျင်လျင်မြန်မြန် တစုံတခုကို တည်ဆောက်ချင်နေကြခြင်းပေါ့။
ယခု သည်စာကို ဖတ်နေတဲ့ သင်လည်း မသေးတဲ့ ပူပန်မူတော့ ရှိနေမလားဆိုတာကိုတောင် မသိနိုင်ပါဘူး။
သည်အသက်အရွယ်ရောက်လာပြီး ဖြစ်ဖြစ်မြောက်မြောက် လုပ်ထားနိုင်တာ တခုမှ မရှိပါလား။
သင်ကော ဘ၀မှာ ဘယ်လောက်ထိ နေနိုင်မယ်လို့ ထင်ပါသလဲ။
သည်မေးခွန်းက သိပ်ပြီး မရေမရာမပြတ်မသားစွာ ခံစားရတယ်ဆိုလျှင် သည်လို မေးကြည့်ကြစို့။
လူဆိုတာ မွေးလာကထဲကနေ သေတဲ့အချိန်ထိကို ၂၄ နာရီအချိန်နဲ့ နှိုင်းယှဉ်တွက်ကြည့်မယ်ဆိုလျှင်၊ သင်ဟာ အခု ဘယ်အချိန်လောက်မှာ နေနေရပြီလို့ ထင်ပါသလဲ…..
နေမင်းဟာ ဘယ်လောက်ကြာကြာ တောက်ပနေနိုင်မှာတဲ့လဲ…..တကယ်လို့ တက္ကသိုလ်ကနေ ဘွဲ့ရတဲ့အချိန်မှာဆို နေ့လည်စာစားပြီး အလုပ်စလုပ်တဲ့ နေ့လည် ၁ နာရီ၊ ၂ နာရီလောက် ရှိနေပြီလား……
မရေမရာနဲ့ စိတ်ကူးယဉ်ရင်း မနေဘဲ တခါလောက် ဂဏန်းတွက်စက်ယူပြီး တွက်ကြစို့ …......
သင်က တက္ကသိုလ်ကို အသက် ၂၄ နှစ်မှာ ဘွဲ့ရတယ်ဆိုလျှင် တနေ့လုံးထဲက ဘယ်အချိန်လောက် ရောက်လာပြီဆိုတာ၊ လူတယောက်ရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ကြည့်ရအောင်…သက်တမ်း ၈၀ နေရမယ်ဆိုလျှင်၊ ၈၀ ထဲက ၂၄ ကို ပြန်တွက်ကြည့်မယ်ဆိုရင် ၂၄ နာရီအချိန်ထဲက ဘယ်နှစ်နာရီရှိပြီလဲ။
မနက် ၇ နာရီ၊ ၁၂ မိနစ်ပေါ့။
မနက် ၇ နာရီ၊ ၁၂ မိနစ်ကို ထင်တာထက် သိပ်ပြီး စောနေသေးသလား… သည်အချိန်မှာ လူအများစုဟာ အိပ်ယာထဲကနေ ထပြီး နေ့တနေ့အတွက် ပြင်ဆင်နေတဲ့ အပိုင်းဖြစ်တယ်။ လူအများစုကတော့ မနက်ပိုင်းအိပ်ယာကနေ နိုးထပါအုံးမလားတောင် မသိနိုင်ဘူး။
မှန်ပါတယ်။ တက္ကသိုလ်ကနေ ဘွဲ့ရပြီး ၂၄ နှစ်မှာ စတင်ပြင်တဲ့အချိန် နံနက် ၇ နာရီ၊ ၁၂ မိနစ်သာဖြစ်ပါတယ်။
ဆရာတယောက်အနေနဲ့ များစွာသော လူငယ်တွေရဲ့ ကြီးပြင်းလာတဲ့အချိန်ကို စောင့်ကြည့်မယ်ဆိုရင်ကတော့ သည် ၇ နာရီ၊ ၁၂ မိနစ်ရဲ့ နိုင်းယှဉ်တိုင်းတာကြည့်မူမှာ အတော်လေးကို အဓိပါယ်ရှိတယ်လို့ တွေးကြည့်မိပါတယ်။ ကလေးဘ၀တုန်းကနဲ့ လူငယ်ဘ၀ကို ဖြတ်သန်းကုန်လွန်ရင်း လူအဖွဲ့အစည်းအသိုင်းအ၀ိုင်းရဲ့ လုပ်ဆောင်ရမယ့် အရာတွေကို လုပ်ဖို့ အသင့်ဖြစ်နေချိန် အသက်၂၄မှာတော့…… သည်အချိန်ဟာ အခုပဲ အိမ်က စထွက်ပြီး တာဝန်ထမ်းဆောင်ဖို့ ထွက်လာချိန်နဲ့ ဆင်တူပါတယ်။
သည်လိုဆိုရင် ပင်စင်ယူတဲ့ လူကြီးတယောက်ရဲ့ ဘ၀ကို ပြင်ဆင်တဲ့ အသက် ၆၀ အရွယ်ကကော…....ညနေ ၆ နာရီဖြစ်တယ်။ သည်အချိန်က လုပ်ငန်းခွင်က ၀န်ထမ်းတွေ အလုပ်ကို အဆုံးသတ်ပြီး အလုပ်ဆင်းအိမ်ပြန်လာတဲ့အချိန်၊ ညနေစာကို စားသုံးတဲ့အချိန်ပဲဖြစ်ပါတယ်။
ဘ၀နာရီရဲ့ တွက်ချက်နည်းဟာ လွယ်ကူပါတယ်။ ၂၄ နာရီအချိန်ဟာ ၁၄၄၀ မိနစ်နဲ့ ညီတယ်ဆိုပေမယ့် ဒါကို နှစ် ၈၀ အနေနဲ့ စားကြည့်ရင် ၁၈မိနစ်ဖြစ်တယ်။ ၁ နှစ်မှာ ၁၈ မိနစ်စီ၊ ၁၀ နှစ်မှာ ၃ နာရီစီ သွားနေတဲ့ အနေနဲ့ တွက်ကြည့်ရင် ခုပဲ ကိုယ့်ရဲ့ အသက်ဟာ ဘယ်အချိန်ရှိပြီဆိုတာ သိနိုင်ပါတယ်။ အသက်၂၀ မှာ မနက် ၆ နာရီ၊ ၂၉ နှစ်မှာ မနက် ၈ နာရီ၊ ၄၂ မိနစ်ရှိပြီဖြစ်တယ်။ သည်နာရီဟာ ယနေ့ လူ့ဘ၀ရဲ့ ယေဘုံယျ ပျမ်းမျှသက်တမ်း ၈၀ ကို အခြေခံပြီးကြည့်ရင် လူ့သက်တမ်းဟာ ရှေ့ကို တိုးလာသလို သင်ဘ၀ရဲ့ နေရမယ့် အခွင့်အရေးကလည်း ပိုပြီး မြင့်မားလာမှာပါပဲ။
တနေ့သောအခါက ကျင်းပခဲ့တဲ့ အသက် ၆၀ကျော်အရွယ်ကျောင်းသားဟောင်းများတွေ့ဆုံပွဲမှာ စီနီယာတယောက်က သည်လိုပြောပါတယ်။ သူဟာ ဆရာလုပ်ကိုင်နေရင်းက အထက်အရာရှိကြီး တယောက်ဟာ ရုတ်တရက် အနားပေးခံလိုက်ရလို့ အခြေအနေတွေပြောင်းလဲသွားပြီး ဘာမှပြင်ဆင်မူမရှိဘဲ သူပါ အလျင်အမြန် အလုပ်က အငြိမ်းစားယူလိုက်ရပါတယ်၊ အစမှာတော့ ထိုအထက်အရာရှိကြီးကြောင့်ဆိုပြီး အတော်ကို မကျေမနပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခုတော့ သူ့ကို တကယ်ကို ကျေးဇူးတင်မိတယ်လို့ ဆိုပါတယ်။ ပင်စင်ယူလိုက်ရတဲ့အတွက် ဘ၀မှာ အပျော်ဆုံး လောကသစ် တခုရှိသေးတယ်ဆိုတာနဲ့ ဒီလောကကို ၂ နှစ်လောက် စောပြီးသိခွင့်ရလို့ ကျေးဇူးတင်တယ်လို့လည်း သူက ဆိုပါတယ်။
မှန်ပါတယ်…… အရွယ်လွန်သူတွေအတွက် နေ၀င်တော့မယ်အချိန်၊ အနီရောင်သန်းနေတဲ့ ကောင်းကင်ရှိတဲ့ ၆ နာရီ နောက်ပိုင်းမှာတောင် တကယ့်ကို သစ်လွင်တဲ့ လောကသစ်တခုက စောင့်နေတာ ဖြစ်ပါတယ်။
ဘ၀နာရီကို ပြရရင် များစွာသောလူတွေဟာ အံ့သြကြပါလိမ့်မယ်။ တကယ်တော့ ထင်တာထက် ပိုပြီး အလွန် စောနေသေးခြင်း ဖြစ်တယ်ဆိုတာ သိရင်ပေါ့။
အသက် ၅၀ အရွယ်ရောက်တဲ့ စီနီယာတယောက်ကို “ခုဆိုရင် နေ့လည် ၃ နာရီရှိပါပေါ့လား”လို့ အသိပေးလိုက်တဲ့အခါ သူက လက်ချိုးရေတွက်ရင်း “တကယ်ပါပဲလား”လို့ ဆိုပါတယ်။ ဘွဲ့ရပြီး အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ သူငယ်ချင်းတွေကို သည်စကားကိုပြောမယ်ဆိုရင် အများစုကတော့ သူ့လမ်းကြောင်းအတိုင်း သွားနေတဲ့ လူ့ဘ၀ဟာ အတော်လေး နေရမယ်လို့ တွေးလျှင်၊ ခုမှ နံနက် ၇ နာရီ၊ ၁၂ မိနစ်အပြင် မရှိသေးပါလားလို့ ဆိုကြပါမယ်။ မှန်ပါတယ် အချိန်တွေအများကြီး ကျန်နေပါသေးတယ်။ မနက် ၇ နာရီမှာ အလုပ်ကို အနဲငယ် နောက်ကျသွားတာဟာ တနေ့လုံး အဆုံးသတ်ရောက်သွားတာမှ မဟုတ်တာမှလား..........
ငါကတော့ သိပ်နောက်ကျနေပြီ..လို့ စဉ်းစားဆုံးဖြတ်လိုက်တာဟာ တကယ့် စစ်မှန်တဲ့ ပြဿနာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်လှည့်ဖျားလိမ်ညာခြင်းကသာ ပြဿနာဖြစ်ပါတယ်။ လက်လျော့ခြင်း ဒါမှမဟုတ် ပျက်စီးခြင်းရဲ့ အကြောင်းတရားကို ကိုယ်တိုင်မလုပ်ပဲ မဖြစ်နိုင်ပါဘူး။ သင်ဟာ ယခု စောပါသေးတယ်….အနည်းဆုံးတော့ ဘာဖြစ်ဖြစ် ပြုပြင်နိုင်လောက်တဲ့ အခြေအနေမှာပါ။
စားပွဲပေါ်မှာတင်ထားတဲ့ ဘ၀နာရီဟာ နေ့လည် ၂ နာရီ၊ ၂၄ မိနစ်ကို ညွှန်ပြနေပါတယ်။ အသက် ၄၈ နှစ်မှာ ခုမှ နေ့လည် ၂ နာရီ မိနစ် ၃၀ တောင်မရှိသေးပါပဲ…..အသက် ၅၀ ကပ်လာတာတောင် ဘာမှ လုပ်နိုင်ခဲ့တာ မရှိသေးဘူးဆိုတဲ့ အတွေးဝင်လာတိုင်း ခေါင်းကို မော့လိုက်ရင်း သည်တရက်လုံး ကျန်ရှိနေသေးတဲ့ ကိုယ့်ဘ၀ကိုတွေးရင်း၊ စားပွဲပေါ်က ဘ၀ရဲ့ နာရီလေးကို ကြည့်လိုက်မိပါတော့တယ်။
နာရီလက်တံများက ဗြောင်းပြန်သွားနေတယ် ဆိုတဲ့ ရုပ်ရှင်ထဲမှာပါတဲ့ စကားလေးတခွန်း ရှိပါတယ်။
“ဘ၀မှာ သိပ်နောက်ကျနေတာဖြစ်ဖြစ်၊ ဒါမှမဟုတ် သိပ်စောလွန်းတဲ့ အရွယ်ဆိုတာဖြစ်ဖြစ် မရှိပါဘူး”
အင်ကြင်း
12:53 am
21 July 2011.
မူရင်း...김난도 교수님, 「인생시계」, 『아프니까 청춘이다』, 쌤앵파커스, 2010.
(သည်စာထဲမှာ ပါတဲ့ လူတယောက်ရဲ့ သက်တမ်း ၈၀ဟာ မူရင်းစာထဲမှာ ကိုရီးယားလူမျိုးရဲ့ နေထိုင်နှုံး သက်တမ်းအနေနဲ့ ပါရှိပါတယ်။ မြန်မာလို နားလည်အောင် သင့်တော် ဆီလျာ်သလို ဘာသာပြန်ထားတာမို့ စာစီအမှားအယွင်းရှိလျှင် နားလည်ပေးစေလိုပါတယ်။)
Saturday, June 18, 2011
ကိုရီးယား စာပေဟောပြောပွဲ အမှတ်တရ
ရေးသားသူ — ThuThuAung
ကျနော်တို့ ကိုရီးယားမှ မြန်မာသူငယ်ချင်းများ အချင်းချင်း အရင်ဆို တခုခုပွဲဖြစ်ရင် ဖုန်းနဲ.ဖြစ်ဖြစ် ဂျီတော.က ဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ်မှာ ဖြစ်ဖြစ် တဦးနဲ.တဦး အကြောင်းကြားပြီးသား ဒီတခေါက် စာပေဟောပြောပွဲ ကိုတော. ဘယ်သူကိုမှ အကြောင်း မကြားဖြစ်၊ ဒါကလည်း အကြောင်းရှိသည်။ စာပေဟောပြောပွဲ မတိုင်ခင် တပါတ်လောက်အလို သူငယ်ချင်း တယောက်ကို စာပေဟောပြောပွဲ လိုက်မလား မေးမိတာ၊ စိတ်မဝင်စားဘူး ပျင်းစရာကြီးလို့ ပြန်ပြောလို့ ရင်ထဲ တော်တော် အောင့်သွားတယ်။
ဟုတ်တော့ဟုတ်သည် စာပေဟောပြောပွဲ ဆိုတာ စာဖတ်ခြင်း စိတ်ဝင်စားမှ ခုလာရောက် ဟောပြောမယ့် စာရေးဆရာကို လေးစားမှုရှိမှ စာပေဟောပြောပွဲ လာရောက် နားထောင်တာ သင့်တော်ပါသည်။ မဟုတ်လျှင် လာရောက် နားထောင်သူ အတွက်လည်း အကျိုးမရှိ ဟောပြောနေသူ အတွက်လည်း အကျိုးမရှိလှပေ။ထို့ကြောင့် မည်သူကိုမှ စာပေဟောပြောပွဲကို လာကြပါလို့ မဖိတ်ခဲ့၊ အံ့သြစရာ စာပေဟောပြောပွဲ ကျင်းပရာ ခန်းမရောက်တော့ ကိုရီးယားရောက် မြန်မာများ၊ သူငယ်ချင်းများ၊ ကိုရီးယားရောက် မြန်မာ ကျောင်းသား ကျောင်းသူများ အစုံအလင် တွေ့လိုက်ရသည်။ နယ်မှာနေသူ၊ ခရီးဝေးလံ သူဖြစ်လို့ မလာရောက် နိုင်သူများသာလျှင် ရောက်မလာ ဖြစ်တာမျိုးရှိမည်။ စာပေချစ်သူ တော်တော်များများ မြင်တွေ့လိုက်ရသည်။ကိုရီးယားရောက် မြန်မာတွေရဲ့ စာပေအပေါ် ချစ်မြတ်နိုးစိတ်၊ စာဖတ်ခြင်းကို စိတ်ဝင်စားမှုကိုတော့ လေးစား အထင်ကြီးမိပါသည်။ ကျနော်လို ဘီးကျဲ ကတော့ ထားပါတော့ လူငယ် တွေရဲ့ စာပေအပေါ် ချစ်မြတ်နိုးစိတ်ကို လေးစားမိပါတယ်။ စာပေဟောပြောပွဲ တက်ရောက် နားထောင်ရတာလည်း များစွာအကျိုး ရှိလှပါပေတယ်။
ဆရာအော်ပီ ကျယ်က .. ရေကြည်ရာမျက်နုရာ..ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့ပြီး
ဆရာဖေမြင့် ကတော. ..ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့သည်။
ဆရာအော်ပီကျယ်က ရေကြည်ရာမျက်နုရာ ကိုရီးယားမှာ လာရောက်နေထိုင် အလုပ်လုပ်ကိုင်ရင်းက ကျနော်တို့ရေ ကျနော်တို့ မြေကို ရေကြည်အောင် မလုပ်နိုင်ရင်တောင် ရေနောက်အောင် မလုပ်ကြပါနဲ့၊ ကျနော်တို့မြေ ကျနော်တို့ ရေကို ရေပြန်ကြည်အောင် မျက်ပြန်နုအောင် ကျနော်တို့ ကိုယ်တိုင်ကြိုးစား ကြရမယ်၊ မကြိုးစားနိုင်သူ မကြိုးစား ချင်ရင်နေပါ၊ ရေပြန်ကြည်အောင် မျက်ပြန်နုအောင် ကြိုးစားနေသူကို အနှောင့်အယှက် မပေးပါနဲ့ ရေနှောက် သူမဖြစ်ပါစေနဲ့၊ သူများစိုက်တဲ့ မျက်နုနုလေးတွေကို နင်းခြေပစ်တဲ့သူ မဖြစ်ပါစေနဲ့ဟု တိုက်တွန်းပြောကြားသွားသည်။
သဘာဝ သံယံဇာတ ပေါသောမြေဗုဒ္ဓဘာသာ ထွန်းကားသောမြေ၊ အင်မတန် ဥာဏ်ပညာထက်မြက်သော လူတော်တွေရဲ့မြေ၊ ပျော်ရာမှာမနေ တော်ရာမှာ နေရပေမယ့် ခင်ဗျားတို့ရဲ့ ပျော်ရာဟာ မြန်မာပြည် ဖြစ်အောင် ခင်ဗျားတို့ တော်ရာဟာ မြန်မာပြည် ဖြစ်အောင် ခင်ဗျားတို့ ကျနော်တို့ အားလုံး ဝိုင်းဝန်းကြိုးစား ကြရမယ်လို့ အမှာစကား ပြောကြားသွားသည်။ကိုယ့်မြေ ကိုယ့်ရေကို ရေပြန်ကြည်အောင် မျက်ပြန်နုအောင် အားလုံး ဝိုင်းဝန်း ကြိုးစားကြပါလို့ အလေးအနက် ပြောကြားသွားသည်။
မြစ်ထဲမှာ မှောက်နေသော လှေတစင်းကို ဥပမာပေး ပြောကြားသွားသည်။ ကျနော်တို့တွေဟာ မြစ်ထဲမှာ မှောက်နေသော လှေတစင်းမှာ စီးနင်း လိုက်ပါလာသလိုပါပဲ၊ မြစ်ထဲမှာ လှေမှောက်ရင် လှေကို စွန်.ခွာ ပြေးမည်လား ကမ်းနဲ့ သိပ်ဝေးလျှင် အသက်ရှင် ရပ်တည်မှုအတွက် ကူးခတ်နိုင်မည်လား၊ ကိုယ်လွတ်ရုန်း ကူးခတ် သင့်ရဲ့လား အကောင်းဆုံးကတော့ အတူတူ တက်ညီလက်ညီ မှောက်နေသောလှေကို ပြန်လှန် လှေထဲမှ ရေကို ပြန်ခပ် ပက်ထုတ် ပြီး ပန်းတိုင်ရောက်အောင် ဆက်လက်လှော်ခတ် သွားဖို့ ကြိုးစားကြရမယ်။
ကျနော်တို့ ခုချိန်ဟာ တိုင်းပြည်အတွက် မှောက်နေသော လှေကို ပြန်လှန်ဖို့ လှေထဲမှ ရေကို ပြန်ခပ် ထုတ်ပက် ဖို. အချိန်ကာလဖြစ်ပါတယ်။ မြစ်ထဲမှာ မှောက်နေသော လှေကို စွန်.ခွာ ပြေးခြင်း မလုပ်ပဲ မှောက်နေသောလှေကို ပြန်လှန်ပြီး ဆက်လက် လှော်ခတ်နိုင်အောင် ဝိုင်းဝန်းကြိုးစားကြဖို. တိုက်တွန်း ပြောကြားသွားသည်။
ဆရာ ဖေမြင့် ကတော့ ဘဝ တိုးတက်မှုအတွက် စာဖတ်ခြင်း..
စာဖတ်ခြင်းရဲ့ အကျိုး ကျေးဇူးတွေ ..
မည်သို့ စာဖတ်မလဲ ..အကျိုးရှိအောင် ဘယ်လိုမှတ်မလဲ ..
စာအုပ်တွေက ဘာတွေ ပေးလည်း ...
1-Infomation
သတင်းအချက်အလက်(ဗဟုသုတ)
2-Entertainment / Relaxation
ဖျော်ဖြေရေး/ အပမ်းဖြေ ခြင်း
3-Sublimation
ပိုမိုကောင်းမွန်လာစေခြင်း ..
4-Inspiration
လှုံ.ဆော်ခြင်း
စတာတွေကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
စာဖတ်သူမှာဘာတွေရသလဲ ..
Information သတင်းအချက်အလက်(ဗဟုသုတ) ===>
Knowledge အသိပညာ ===>
Wisdom .ဥာဏ်ပညာ===>
Judgement စဉ်းစားဆုံးဖြတ်နိုင်ခြင်း===>
Decision Making ဆုံးဖြတ်ချက်ချခြင်း===>
နိဂုံးမှာတော. ..စာဖတ်ခြင်းကြောင်. ဗဟုသုတကြွယ်ဝသူအမြင်ကြွယ်သူ နှိုင်းချိန်စဉ်းစားတတ်သူ ဦးနှောက်ရော နှလုံးသားပါ ရင့်ကျက် ပြည့်ဝသူအဖြစ် ရောက်ရှိ လာနိုင်ကြောင်းကို ကိုးကားချက် အစုံအလင်ဖြင့် အသေးစိတ် ဟောကြားခဲ.သည်။စာအုပ် တအုပ်ကြောင့် နိုင်ငံ တနိုင်ငံ သမိုင်း ပြောင်းလဲ သွားလောက်အောင် လှုံဆော်ပေးနိုင်ခဲ့တဲ့ စာအုပ်တွေ အကြောင်း၊ စာဖတ်ခြင်းကြောင့် ဘဝတခုလုံး ပြောင်းလဲခဲ့ပြီး အညတရ ဘဝမှ အမေရိကန်သမတ ဖြစ်သွားတဲ့ လင်ကွန်းအကြောင်း အသေးစိတ် ဟောပြောခဲ့သည်။ စာဖတ်ကြဖို့ စာဖတ်ပြီး အကျိုးရှိအောင် မှတ်ဖို့ ဖတ်ဖို့ တိုက်တွန်း မှာကြားသည်။
ဆရာဖေမြင့် ဟောပြောချက်သည် ပညာရှင်ဆန်ပြီး အချက်အလက်ဆန်သည် လေးနက်သည်။ ဆရာအော်ပီကျယ် ဟောပြောချက်သည် ကာတွန်းဆရာပီပီ ဟာသဥာဏ် ပါသည် ရယ်စရာမောစရာ လေးတွေနှင့် စိတ်ဝင်စားအောင် ပြောတတ်သည်။
ကိုယ်လေးစားသော စာရေးဆရာများ ကိုယ်တိုင် တွေ့ဘူး ကြုံဘူး မြင်ဘူး ခဲ့သည်။ စာရေးဆရာတွေ ဟောပြောတာ နားထောင် ရခြင်းကြောင် ယခု စာပေဟောပြောပွဲလေးဟာ များစွား အကျိုးရှိလှ ပေသည်။ စာပေဟောပြောပွဲ ဖြစ်မြောက်အောင် စီစဉ် ပေးသော ကိုရီးယားမှ စာပေကော်မတီဝင်များနှင့် အဖက်ဖက်မှ ပူးပေါင်း ပါဝင် ကူညီကျသော ကိုရီးယားရောက် မြန်မာများ အားလုံးကို များစွာ ကျေးဇူးတင်မိပါသည်။
Credit to ThuThuAung (myanmarcupid.net )
Monday, June 6, 2011
စာပေဟောပြောပွဲ မှတ်တမ်းဓါတ်ပုံများ
ရေးသားသူ — မောင်ကောက်ရိုး





