Showing posts with label ဥပဒေနှင့်စည်းကမ်း. Show all posts
Showing posts with label ဥပဒေနှင့်စည်းကမ်း. Show all posts

Thursday, March 28, 2013

အထောက်အထားမဲ့အလုပ်သမားများ လွတ်လပ်စွာ အမှုတိုင်ကြားနိုင်ပြီ

ရေးသားသူ — စိုးမိုးသူ


ကိုရီးယားမှာ ဗီစာမဲ့နေထိုင်သူ နိုင်ငံခြားသားများဟာ သူတို့အပေါ် တစုံတဦးက ပြစ်မှုကျူးလွန်တာကို ရဲဌာနကို တိုင်ကြားလိုပေမယ့် မတိုင်ဝံ့လို့ အံကြိတ် သီးခံနေခဲ့ရတာ ကြာပြီဖြစ်ပါတယ်။ 

အကြောင်းကတော့ ရဲဌာနအနေနဲ့ တိုင်ကြားသူ နိုင်ငံခြားသားရဲ့ အမှုကို လူဝင်မှုကြီးကြပ်ရေးဌာနကို မဖြစ်မနေ အကြောင်းကြားပေးရတာကြောင့်  တိုင်ကြားသူများဟာ အမှုကို တိုင်ကြားရာမှ မိမိရဲ့ ဗီစာမဲ့နေ ထိုင်မှုကြောင့် မိမိအား လူဝင်မှုကြီးကြပ်ရေးဌာနမှ ဖမ်းဆီးပြီး နေရပ်ပြန်ပို့မှာကို စိုးရိမ်လို့ပဲဖြစ်ပါတယ်။

အထူးသဖြင့် ကိုရီးယားတွင်း နေထိုင်သူ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လစာ မရရှိခြင်း၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုဆိုင်ရာ လျော်ကြေးငွေ မရရှိခြင်း၊ ကာမဆိုင်ရာ ကျူးလွန်ခံရခြင်း စတဲ့ အလုပ်သမားနှင့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရသော်လည်း မိမိရဲ့ ဗီစာမဲ့ နေထိုင်မှုကြောင့် နစ်နာမှုအား ဥပဒေရှေ့မှောက်သို့ အရောက်ပို့နိုင်ခြင်း မရှိဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ယခုလမှ စတင်ပြီး ရဲဌာနအနေနဲ့ တိုင်ကြားသူ နိုင်ငံခြားသားများရဲ့ အမှုကို လူဝင်မှုကြီးကြပ်ရေး ဌာနကို အကြောင်းကြားပေးစရာ မလိုတော့တာမို့ ဗီစာမဲ့ နေထိုင်သူ နိုင်ငံခြားသားများအနေဖြင့် မိမိတို့
အပေါ် ပြစ်မှုကျူးလွန်သူအား ဥပဒေအရ ရဲဌာနထံ ရဲဝံ့စွာ တိုင်ကြားနိုင်ပြီ ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, February 22, 2013

ကိုရီးယားမှာ EPSနဲ့ အလုပ်သွားလုပ်သူတွေ စာချုပ်ဖောက်ဖျက်ပါက ကျပ်သိန်း၃၀ လျော်ရမယ်?

ရေးသားသူ — စိုးမိုးသူ

<고용허가제 노동자에서 미등록체류자가 되면 벌금 400만원?>
<ကိုရီးယားမှာ EPSနဲ့ အလုပ်သွားလုပ်သူတွေ စာချုပ်ဖောက်ဖျက်ပါက ကျပ်သိန်း၃၀ လျော်ရမယ်?>

미얀마정부가 고용허가제도로 한국에서 일하는 버마노동자들이 회사에서 이탈해 미등록체류자가 되면 벌금 300만짯(약 400만 원)을 내야한다고 발표했습니다.
မြန်မာအစိုးရက အီးပီအက်စ်စနစ်နဲ့ ကိုရီးယားကို အလုပ်သွားလုပ်သူတွေကို အလုပ်ရုံက ထွက်သွားပြီး တရားမ၀င်နေထိုင်အလုပ်လုပ်ကိုင်ပါက ဒဏ်ငွေ သိန်း၃၀ ပေးဆောင်ရမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

미얀마정부의 이러한 행동은 자국민이 타국에서 현대판 노예허가제도인 고용허가제의 문제점 때문에 겪은 고통과 어려움에 대한 관심없고,
မြန်မာအစိုးရရဲ့ ဒီလို ထုတ်ပြန်မှုဟာ
တိုင်းတပါးမှာ ခေတ်သစ် ကျွန်စနစ် (EPSစနစ်)အောက်မှာ အလုပ်လုပ် ကိုင်နေသူ မိမိနိုင်ငံသား များအနေဖြင့် အဲဒီကျွန်စနစ်ဆိုးကြောင့် ဘယ်လို ဒုက္ခတွေကို ခံစားနေကြရသလဲဆိုတဲ့ အပေါ်မှာ စိတ်ဝင်စားခြင်း၊ ၀ိုင်းဝန်းဖြေရှင်းဖို့ ကြိုးစားလိုခြင်း၊ အကာအကွယ်ပေးလိုခြင်း မရှိတာကို အတိအလင်း ဖော်ပြလိုက်ခြင်းပင်ဖြစ်တယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, April 21, 2011

E-9 သမား အဖမ်းခံရပုံ နောက်တမျိုး

ပေးပို့သူ — ဖိုးအော် (ကင်ဖို)

ဧပြီ ၂၀ ရက်နေ့ မွန်းလွဲ ၃း၄၀ နာရီခန့်က အင်ချွန်း၊ နမ်ဒုံ စက်မှုဇုံကွက်သစ်မှာ အီး-၉ ဗီဇာနဲ့ အလုပ်လုပ်နေသော မြန်မာနိုင်ငံသား မွန်တိုင်းရင်းသား တဦးကို ကိုရီးယား လူဝင်မှုကြီးကြပ်ရေးက လာရောက်ဖမ်းဆီး သွားပါတယ်။

အဖမ်းခံရသူဟာ ပထမ တခေါက်တုန်းက အဖမ်းခံရလို့ ပြန်သွားရပြီး၊ ယခု ဒုတိယအခေါက် ပြန်ဝင်လာတာ ဖြစ်ပါတယ်။ ရောက်နေတာ ငါးနှစ်ပြည့်တော့မှာပါ။ ဒီကာလအတွင်း သုံးနှစ်ပြည့်တုန်းက တခါ၊ မကြာသေးမီက ဖခင် နာမကျန်းဖြစ်တာကြောင့် တခါ မြန်မာပြည်သို့ နှစ်ကြိမ်ပြန်သွားခဲ့ပါသေးတယ်။

နောက်ဆုံးအခေါက် ပြန်အလာမှာ အင်ချွန်းလေဆိပ်မှာ ဓာတ်ပုံရိုက်ယူထားတယ်လို့ သိရပါတယ်။ သူဟာ ပတ်စပို့အသစ် (e-passport) ကို မလဲလှယ်ရသေးဘဲ အရင် အဟောင်းကို ကိုင်ထားဆဲ ဖြစ်ပါတယ်။

ဒါကြောင့် အီ-၉ အလုပ်သမားဗီဇာ ကိုင်ထားသူတွေကို ပတ်စပို့အသစ်မှာ ပါတဲ့ လက်ဗွေ တိုက်ဆိုင် စစ်ဆေးမှုကြောင့် ဖမ်းဆီးတာ အပြင် ယခုလို ဖမ်းဆီးမှုမျိုးလည်း ဖြစ်ပေါ်နေကြောင်း ဟန်းဂုရွာက တဆင့် အော်လိုက်ရပါတယ် ခင်ဗျား...။

ဖိုးအော် (ကင်ဖို)

ဆက်စပ်သတင်း - တရားဝင် ဗီဇာရှိသူတွေ ဘာကြောင့် အဖမ်းခံရသလဲ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, November 17, 2010

အလုပ်စာချုပ်သက်တမ်း အငြင်းပွါးသည့် ပြဿနာကို တူးဖော်ကြည့်ခြင်း (၂)

အငြင်းပွါးရခြင်း၏ အဓိကအကြောင်းရင်း
နောက် အလုပ်လုပ်ချိန် (တာဝန်ထမ်းကာလ) နှင့် ပတ်သက်ပြီး ပြဿနာ ၁ ခုရှိနေကြတယ် ။ ဘာလဲဆိုတော့ ညီငယ်များ ကိုရီးယား ရောက်ရောက်ချင်း ၊ အလုပ်မဝင်ရသေးဘဲ ၊ သင်တန်းတက်ရတဲ့ကိစ္စ ။ သင်တန်းဆင်းပြီး သူဌေးက လာမခေါ်တာရယ် ၊ စက်ရုံရောက်ပြီးတော့လည်း အလုပ်ပါးနေလို့ဆိုပြီး အနားပေးထားတာရယ်ကြောင့် ညီငယ် ၁ ယောက်ဆို ကိုရီးယားရောက်တဲ့ရက်နှင့် အလုပ်စဆင်းတဲ့ရက် ၁၂ ရက်တောင် ကွာနေတာ တွေ့ခဲ့ရဖူးတယ် ။
ဒီတော့ ၊ သူဌေးမင်းများက အလုပ်လုပ်တာ ၁ နှစ်မပြည့်လို့ဆိုပြီး ၊ လုပ်သက်ဆုကြေး မပေးချင်ကြတဲ့ ပြဿနာက အဓိကလို ဖြစ်နေကြတယ် ။

တာဝန်ချိန်ဆိုတာ ဘာလဲ
ဒီတော့ ၊ တာဝန်ချိန် (On Duty) ကိုရီးယားလိုတော့ ( 근무중/ 근무기간) ဆိုတာဘာလဲ ။ သင်တန်းတက်တဲ့ကိစ္စရယ် ၊ အလုပ်ပါးနေလို့ သူဌေးက အနားပေးထားတဲ့ကိစ္စ တွေဟာ တာဝန်ချိန်ဟုတ်မဟုတ် ၊ တာဝန်ချိန်မှာ အကျုံးဝင်မဝင် ကျနော်တို့ စဉ်းစားကြည့်ကြမယ် ။
ဘာကြောင့် သင်တန်းတက်ရသလဲ
သင်တန်းတက်ရတာဟာ အီးပီဥပဒေ ၊ ပုဒ်မ ၁၁ ပုဒ်မခွဲ ၂ အရ တက်ရတာပါ ။ ဥပဒေက ဘယ်လိုဆိုထားသလဲဆိုတော့ -
Article 11 (Hours, Contents of Employment Training for Foreign Workers, and etc)
②Employment training for foreign workers shall be 20 hours or longer, and the training courses shall include the contents in the following subparagraphs.
1. Basic job skills required for employment (2, 3, 4, 5)
6. Other areas recognized by the Minister of Labor as required for employment activities in Korea
③The cost of training foreign workers shall be covered by employers, except when qualifying the criteria set forth by Article 19 (1) of the Decree.
သင်တန်းစရိတ် ဘယ်သူခံ ၊ ဘာကြောင့်
သင်တန်းစရိတ်ကိုတော့ သူဌေးက ကျခံရတာပါ ။ ဘာကြောင့်လည်းဆိုတော့ သူ့စက်ရုံမှာ အလုပ်လုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ မရအောင် ၊ အဆင်ပြေပြေ နေထိုင်စားသောက် ပေါင်းသင်း လုပ်ကိုင်တတ်အောင် လိုအပ်တဲ့ အချက်တွေကို လေ့ကျင့်သင်ကြားပေးတာပါ ။ ပြန်စဉ်းစားကြည့်ရင် ၊ သူဌေးက သင်ပေးရမယ့်ကိစ္စ သူသင်မပေးနိုင်လို့ အစိုးရကို ပိုက်ဆံပေးပြီး သင်ခိုင်းတဲ့သဘောပဲ ။
သင်တန်းကာလသည် တာဝန်ချိန် ဟု မှတ်သင့်
ဒါကြောင့် သင်တန်းတက်ရခြင်းသည် တာဝန်အရ တက်ရခြင်းဖြစ်သလို သင်တန်းကာလသည် တာဝန်ထမ်းဆောင်ချိန် ဖြစ်တယ် လို့ ကျနော်တို့ နားလည်ထားရမယ် ။ သင်တန်းတက်နေရင်း ထိခိုက်ဒဏ်ရာရခဲ့ရင်တောင် အလုပ်ခွင်ထိခိုက်မှုမှာ အကျုံးဝင်တယ်လို့ဆိုရလိမ့်မယ် ။ ဒီတော့ ၊ သင်တန်းတက်နေချိန် ၊ သူဌေးခွင့်ပြုချက်ဖြင့် အနားယူနေရချိန်တို့ဟာ စာချုပ်အသက်ဝင်ပြီး ကာလမှာ ဖြစ်နေတာမို့ အလုပ်ထမ်းဆောင်ချိန် ဖြစ်တယ်လို့ ယူဆပါတယ် ။ အဲသည် ကာလများကို စာချုပ်သက်တမ်းမှ နှုတ်ပယ်၍ ရမည်မဟုတ်ပါ ။

စီရင်ထုံးတွေ ရှိတယ်လို့ဆိုတယ်
ကိုရီးယားနိုင်ငံမှာ အလုပ်ချိန် ဟုတ်မဟုတ်နှင့် ပတ်သက်ပြီး ၊ တရားရုံးချုပ်စီရင်ထုံးတွေ ရှိတယ်လို့ဆိုတယ် ။ အလုပ်ဝင်ရန် ရည်ရွက်ချက်ဖြင့် အိမ် သို့မဟုတ် အိပ်ခန်းက စတင်ထွက်တဲ့ အချိန်က စပြီး အလုပ်လုပ်နေတယ်လို့ ယူဆသတဲ့ ။ တစ်နည်းအားဖြင့် တာဝန်ထမ်းဆောင်နေတယ်လို့ မှတ်ယူထားပြီး ထိခိုက်ဒဏ်ရာရတယ်ဆိုရင် တာဝန်ထမ်းဆောင်နေချိန် ထိခိုက်တယ်လို့ မှတ်ယူသတဲ့ခင်ဗျား ။ (မြန်မာပြည်မှာတော့ ၊ မိမိအစီအစဉ်ဖြင့် စက်ရုံသို့ သွားလာလျင် တာဝန်ချိန်ဟု မယူဆဘဲ ၊ စက်ရုံအစီအစဉ် ကြိုပို့ ယာဉ်ဖြင့် သွားလာစဉ် ထိခိုက်ဒဏ်ရာရမှသာ တာဝန်ချိန်လို့ ဆုံးဖြတ်ထားပါတယ်။)
နောက်ပြီး ၊ စက်ရုံအစီအစဉ်ဖြင့် ပြုလုပ်တဲ့ အားကစားပွဲ ၊ ပျော်ပွဲစားအစီအစဉ် ၊ အပမ်းဖြေခရီး စသည်တို့ သွားလာစဉ် သို့မဟုတ် ပါဝင်ဆောင်ရွက်နေစဉ် ထိခိုက် ဒဏ်ရာရ ၊ သေဆုံးခြင်း ဖြစ်လျင်လည်း တာဝန်ချိန်မှာ အကျုံးဝင်တယ်လို့ ဆိုပါတယ် ။
အလုပ်ဝင်ရက် ၃၆၅ ရက်မပြည့်စေကာမူ
ဒီတော့ ၊ သင်တန်းတက်နေချိန် ၊ သူဌေးခွင့်ပြုချက်ဖြင့် အနားယူနေရချိန်တို့ဟာလည်း စာချုပ်အသက်ဝင်ပြီး ကာလမှာ ဖြစ်နေတာမို့ အလုပ်ထမ်းဆောင်ချိန် ဖြစ်တယ်လို့ အခိုင်အမာ ယူဆရခြင်းဖြစ်ပါတယ် ။ ဒါကြောင့် စာချုပ် သက်တမ်း ကုန်ဆုံးချိန် (ပြည်ဝင်ရက် ၁ နှစ်ပြည့်ချိန်) မှာ စက်ရုံတွင် အလုပ်လုပ်ရက် ၃၆၅ ရက် မပြည့်စေကာမူ တာဝန်ချိန်အရ ၁ နှစ်ပြည့်ပြီ ဖြစ်တာကြောင့် ၊ အလုပ်ရှင်ဟာ လုပ်သက်ဆုကြေးပေးဖို့တာဝန်ရှိတယ်လို့ ယူဆခြင်းပါတယ် ။
စီရင်ထုံးထွက်လာသည်အထိ
သူဌေးနှင့် အငြင်းပွါးနေရရင်တော့ ၊ သက်ဆိုင်ရာ အလုပ်ရှင်အလုပ်သမားပြဿနာ ဖြန်ဖြေရေးအရာရှိထံ တင်ပြ ဖြေရှင်းသင့်ပါတယ် ။ မရဘူးဆိုလျင်ဖြင့် အဆင့်ဆင့်သော သက်ဆိုင်ရာ တရားရုံးများသို့ တက်ရောက်ပြီး တရားစွဲဆို သွားသင့်တယ်လို့ ယူဆပါတယ် ။ ဥပဒေအရ အလုပ်သမားဖက်က နိုင်ကိုနိုင်ရမည့် အမှုဖြစ်တယ်လို့ ယုံကြည်ပါတယ် ။ တရားစီရင်ထုံးထွက်လာသည်အထိ ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ် ။ သို့မှသာ နောင်လာနောက်သားများ ဒီကိစ္စ (သင်တန်းချိန်စသည်များ) အလုပ်ထမ်းဆောင်ချိန် အကျုံးဝင်မဝင် အလွယ်တကူ သိရှိ ဆုံးဖြတ် ဆောင်ရွက်နိုင်ကြမယ်လို့ သဘောရပါတယ် ။

ဒီလို လုပ်ရင်လည်း ရပါတယ်
စာချုပ်အရ ၁ နှစ်ပြည့်ပေမယ့် အလုပ်ရှင်က လုပ်သက်ဆုကြေးပေးဖို့ ငြင်းဆန်နေတယ်ဆိုလျင် ၊ ဒီကိစ္စကို ကိုရီးယားအစိုးရအနေဖြင့် အလုပ်ရှင်များထံ ညွှန်ကြားချက် တိတိကျကျ ထုတ်ပြန်ပေးပါရန် အီးပီ အလုပ်သမား မိတ်ဆွေများ စုပေါင်းလက်မှတ်ရေးထိုး ၊ ထောက်ခံသူများ လက်မှတ်စုဆောင်းပြီး ကိုရီးယားအစိုးရထံ တင်ပြခြင်း ၊ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ၊ စက်ရုံရှေ့ဆန္ဒပြခြင်း စသည့် နည်းများဖြင့်လည်း မိတ်ဆွေတို့ရဲ့ လိုအပ်ချက်များကို တောင်းဆိုနိုင်တယ်လို့ ယူဆပါတယ် ။ အဲသလိုလုပ်တာဟာ ဥပဒေကခွင့်ပြုထားတဲ့ ဘောင်အတွင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ဘယ်အစိုးရကိုမျှ ဆန့်ကျင်တာမဟုတ်သလို ၊ နိုင်ငံရေးလုပ်နေတာလည်း မဟုတ်ဘူးလို့ ဆိုရမှာပါ ။

မြန်မာများ ယူသင့်သော ကမ္ဘာ့ယဉ်ကျေးမှု(Global Culture) တစ်ခု
အဲဒီ လုပ်နည်းလုပ်ဟန်တွေဟာ ကျနော်တို့ ကိုရီးယားနိုင်ငံရောက် မြန်မာ အီးပီ အလုပ်သမားတွေအဖို့ အထူးအဆန်းလုပ်နည်းလုပ်ဟန်တွေလို ဖြစ်နေပေမယ့် ၊ လူမှုအဖွဲ့အစည်း(Civil Society)များ ဖွံ့ဖြိုးစပြုနေပြီဖြစ်တဲ့ ကိုရီးယားတွေအတွက်တော့ ရိုးအီနေပြီဖြစ်တဲ့ လုပ်နည်းလုပ်ဟန်တွေပါ ။ ကိုရီးယားယဉ်ကျေးမှုလို့တောင် ဆိုမယ်ဆို ဆိုလို့ရတဲ့ ကမ္ဘာ့ယဉ်ကျေးမှု(Global Culture) တစ်ခု ပါပဲ ။ ကျနော်တို့ မြန်မာတွေလည်း ကမ္ဘာ့ယဉ်ကျေးမှုတွေထဲက ယူလို့ရတာ ယူနိုင်ကြဖို့ လိုမယ်ထင်ကြောင်းပါ ခင်ဗျာ ။

လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, November 6, 2010

သင်တန်းသားအဖြစ်ဝင်ရောက်လာခြင်းဖြစ်သော်လည်း ရီဖျူဂျီ လျှောက်ထားခြင်းကို ခွင့်ပြုသည်

ကိုရီးယားနိုင်ငံအတွင်းသို့ အလုပ်ခွင်သင်တန်းသားအဖြစ် ဝင်ရောက်လာပြီးနောက် ၊ မိခင်နိုင်ငံ၏ နိုင်ငံရေးနှင့် ပတ်သက်၍ အစိုးရဆန့်ကျင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခြင်းဖြစ်သည် ဆိုသော်လည်း ရီဖျူဂျီ (Refugee) အဖြစ် အသိအမှတ်ပြုရမည်ဟု လွန်ခဲ့သော နိုဝင်္ဘာ ၂ ရက်နေ့က တရားရုံး စီရင်ချက် ထွက်လာပါသည် ။

ဆောအူးလ် အဆင့်မြင့်တရားရုံး (High Court of Seoul) သည် မြန်မာ့ ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် ဘောမားဟဲင်းတုံ-င် (မြန်မာ့အရေးလှုပ်ရှားမှု) အဖွဲ့ဝင် မစ္စတာအေနှင့် အပေါင်းပါ ၈ ဦးတို့က ရီဖျူဂျီများအဖြစ် အသိအမှတ်ပြုပေးပါရန် တရားရေးဝန်ကြီးဌာနအား တရားပြိုင်ပြုလျက် လျှောက်ထားလာသည်တွင် ပထမအဆင့် (အောက်ရုံး) ဆုံးဖြတ်ချက်အား ပယ်ဖျက်၍ ရီဖျူဂျီအဖြစ်လျှောက်ထားခြင်းကို လက်ခံပေးရမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ။
အဆင့်မြင့် တရားရုံးက ၊ ၄င်းတို့သည် စီးပွါးရေးရည်ရွယ်ချက်ဖြင့် ပြည်ဝင်လာပြီး ရီဖျူဂျီ လျှောက်ထားချိန် အထိ နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းမပြုခဲ့သော်လည်း ၊ ၄င်းနောက် ၄ နှစ်တိုင်တိုင် အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများကို ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ပြီး ၊ နှုတ်ဖြင့် ဆန့်ကျင် ဆန္ဒပြခြင်းသည် အရှိန်အဟုန် မြင့်မားလျက် ကာလရှည်ကြာစွာ ဆက်တိုက် ဆောင်ရွက်လာသည့် အဖြစ်မှန်ကို ငြင်းပယ်မျက်ကွယ်ပြုရန်မှာ ခက်ခဲပါသည်ဟု ဖော်ပြထားသည် ။

မူလတရားရုံး (အောက်တရားရုံး) အနေဖြင့် ၄င်းတို့သည် တရားမဝင်နေထိုင်သူများအဖြစ် မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည်ဆိုပါက ကိုရီးယားနိုင်ငံတွင် စီးပွါးရှာခွင့်မရှိသဖြင့် ရီဖျူဂျီ လျှောက်ထားခြင်း ဖြစ်သည်ဟု ယူဆပြီး မူလလျှောက်ထားခြင်းအား အရှုံးပေးဆုံးဖြတ်ခဲ့ပါသည် ။

တောင်ကိုရီးယားအစိုးရအနေဖြင့် ရီဖျူဂျီလျှောက်ထားသူများအား စီစစ်လက်ခံရာတွင် လျှောက်ထားသူသည် ၊ ၁၉၅၁ခုနှစ် ရီဖျူဂျီများ အဆင့်အတန်း သတ်မှတ်ခြင်းဆိုင်ရာ သဘောတူညီချက် (The 1951 Convention Relating to the Status of Refugees) ပါ ပြဋ္ဌာန်းချက်များ အတိုင်း ဘောင်ဝင်ခြင်းရှိမရှိ ၊ လျှောက်ထားသူသည် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိသွားလျင် ၄င်းသည် လက်ရှိ အစိုးရ၏ ညှင်းပမ်း နှိပ်စက်ခြင်းကို ခံရဖွယ် အကြောင်း ရှိမရှိ စသည်တို့ကို ဦးတည်၍ စီစစ်ရမည်ဖြစ်သော်လည်း ၊ အထက်တွင် ဖော်ပြထားသကဲ့သို့ “မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည်ဆိုပါက ကိုရီးယားနိုင်ငံတွင် စီးပွါးရှာခွင့်မရှိသဖြင့် ရီဖျူဂျီ လျှောက်ထားခြင်း ဖြစ်သည်ဟု ယူဆသည်” ဆိုသလိုမျိုး လမ်းလွှဲ စိစစ်မှု နှင့် အထောက်အထားမဲ့ ထင်ရာမြင်ရာ သုံးသပ်မှုများ ရှိနေသဖြင့် ရီဖျူဂျီများစီစစ်ရာတွင် မလိုအပ်ဘဲ အချိန်များ ညာညောင်းနေကြောင်း ၊ ရီဖျူဂျီများစီစစ်ရေးအဖွဲ့တွင် ဥပဒေ နားလည်တတ်ကျွမ်းသူများ သို့မဟုတ် ရှေ့နေများ ပါဝင် ဖွဲ့စည်းသင့်သည်ဟု ဝေဖန်သုံးသပ်မှုများလည်း ထွက်ပေါ်နေပါသည် ။

မစ္စတာအေ နှင့် အပေါင်းပါများသည် လွန်ခဲ့သော ၁၉၉၄ ခုနှစ်နောက်ပိုင်း တွင် ကိုရီးယားနိုင်ငံသို့ အလုပ်ခွင် သင်တန်းသားများအဖြစ် အသီးသီးရောက်ရှိလာကြသူများဖြစ်ပြီး ၊ ၂၀၀၄ ခုနှစ်တွင် ဘောမားဟဲင်းတုံ-င် (မြန်မာ့အရေးလှုပ်ရှားမှု) ကိုဖွဲ့စည်းကာ မြန်မာပြည် ဒီမိုကရေစီအရေးကို ဆောင်ရွက်နေကြောင်း သိရသည် ။

ရီဖျူဂျီကိစ္စများကို ကိုင်တွယ်နေသည့် ကိုရီးယားတရားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဆောအူးလ် အဆင့်မြင့်တရားရုံး (High Court of Seoul) ၏ ဆုံးဖြတ်ချက် (Verdict) ကို မကျေနပ်ပါက ၊ အဆိုပါ စီရင်ချက် (Judgment) အား လက်ခံရရှိပြီး ၁၄ ရက်အတွင်း တရားရုံးချုပ် (Supreme Court) သို့ အယူခံတက်ခွင့်ရှိကြောင်း ၊ အယူခံဝင်ဦးမည်ဆိုပါက လျှောက်ထားသူများအနေဖြင့် တရားရုံးချုပ်တွင် အမှုရင်ဆိုင်ကြရဦးမည်ဖြစ်ကြောင်း ၊ တရားရေးဝန်ကြီးဌာနအနေဖြင့် အယူခံမဝင်တော့ပါက တရားရုံးချုပ်သည် ဆောအူးလ် အဆင့်မြင့်တရားရုံး၏ စီရင်ချက်ကို အတည်ပြုပြီး ၊ သက်ဆိုင်သူများ အနေဖြင့် ရီဖျူ၈ျီ အဖြစ် အသိအမှတ်ပြုခံရမည် ဖြစ်ကြောင်း သိရသည် ။

ကိုရီးယားနိုင်ငံတွင် ရီဖျူဂျီအဖြစ် အသိအမှတ်ပြုခံရသူများသည် အခြေချ နေထိုင်သူဗီဇာ (F-2: Resident Visa) ရရှိမည်ဖြစ်ပြီး ၊ ၄င်းဗီဇာ အမျိုးအစားဖြင့် ၃ နှစ်နေထိုင်ပြီး ၊ ပြစ်မှုကင်းရှင်းပါက ကိုရီးယားနိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိကြောင်း ၊ သို့ရာတွင် မြန်မာ့အရေးလှုပ်ရှားသူများ အနက် ၄င်းဗီဇာ အမျိုးအစားဖြင့် ၃ နှစ်ကျော်နေထိုင်လာသူ အများအပြားရှိသော်လည်း ကိုရီးယားနိုင်ငံသားအဖြစ် ပြောင်းလဲလျှောက်ထားသူ လုံးဝမရှိကြောင်း သိရသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, September 7, 2010

အလုပ်ပြောင်းချင်သည် ဘယ်လိုလုပ်ရမလဲ

ဒို့
ကိုဝိုင်းခင်ဗျာ
ကျွန်တော်မောင်အောင်မျိုးဖြစ်ပါတယ်
အကြောင်းအရာကတော့အလုပ်အခက်ခဲပြသနာ
နှစ်ကုန်ရင်အလုပ်ပြောင်းမယ်လို့ချိန်ထားပါသည်
တီကပ်က10လပိုင်း20ရက်နေ့သက်တန်းကုန်ပါမည်
မကုန်ခင်နိုဒုံပုသွားရမှာလားကုန်ပြီမှသွားရင်ရပါသလားခင်ဗျာ

*********
ကိုအောင်မျိုးခင်ဗျား ။
ကိုအောင်မျိုးရဲ့ မေးခွန်းအတွက် ၊ အောက်ပါဆောင်းပါးများကို ပြန်လည်ဖတ်ရှုစေလိုပါသည် -
- အလုပ်စာချုပ်သက်တမ်း မပြည့်သေးဘဲ ဗီဇာကုန်သွားလျင် ဒီလိုလုပ်ဗျာ (Tuesday, August 24, 2010 ) နှင့်
- မြန်မာအလုပ်သမားများ အလုပ်စာချုပ်သက်တမ်းနှင့် ဗီဇာသက်တမ်း ခြားနားနေသည့် ပြဿနာများ (Thursday, June 10, 2010)
အဆိုပါ ဆောင်းပါးများ ရှာမတွေ့လျင် ၊ ဤ ဘလော့စာမျက်နှာ အောက်ဆုံး ညာဖက်ခြမ်း တွင်ရှိသော “Older Posts” စာသားကို နှိပ်လိုက်ပြီး ကိုအောင်မျိုးရှာလိုသည့် ဆောင်းပါး (ရက်စွဲ) မရောက်မချင်း တစ်မျက်နှာချင်း ဆက်တိုက်နှိပ်သွား လို့ရပါသည် ။
နောက်တစ်နည်းမှာ ဤဘလော့စာမျက်နှာ ညာဖက်ဘေးရှိ “ မျိုးတူစု” ဟူသော စာပိုဒ်အောက်ရှိ ၊ ဥပဒေနှင့် ဆောင်းပါးဟူသော Menu ကို နှိပ်လိုက်ပြီး အထက်က ပြောထားသလို မတွေ့မချင်း တစ်ခုချင်း လိုက်ရှာလို့လည်း ရနိုင်ပါသည် ။
အလုပ်သမားရုံး(နိုဒုံဘု)ကိစ္စနှင့် လူဝင်မှုကြီးကြပ်ရေးရုံး(ဗီဇာ)ကိစ္စ ကို မရောထွေးစေလိုပါ ။
အဆင်မပြေလျင် ၊ 010 2331 2457 သို့ ခေါ်လိုက်ပါ ။

လေးစားမှုဖြင့် -
ကိုဝိုင်း (မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, July 26, 2010

ကိုရီးယားအလုပ်ရှင်က မြန်မာအလုပ်သမားထံမှ လုပ်သက်ဆုကြေး ပြန်တောင်းသည့် ပြဿနာ

လုပ်သက်ဆုကြေး (퇴직금) ပြဿနာများ
- ဆမ်ဆောင်းကပေးတဲ့ ထွဲဂျစ်ကွမ့်ကို သူဌေးက တောင်းနေလို့ ပြန်ပေးလိုက်ရမလားအစ်ကို တဲ့ ။
- နောက် တစ်ယောက်ကတော့ ၊ ထွဲဂျစ်ကွမ့်ပေးတာ နည်းနေလို့ ဘယ်လိုလုပ်ရမလဲအစ်ကိုတဲ့ ။ ကျနော့်ရဲ့ နောက်ဆုံး ၃ လစာပေါင်းက ၅၂သိန်းလောက်ရှိတယ် ။ အခု ၁၃ သိန်းကျော်ပဲ ရနေပါတယ်တဲ့ ။
ပြဿနာ (၂) ခုကို ပေါင်းပြီး ၊ တင်ပြပါမယ် ။ ဇစ်မြစ်က အတူတူပါ ။ ဟန်းဂုရွာနှင့် အဆက်ပြတ်နေတာလား ။ ကျနော်တင်ပြထားတာ မရှင်းတာလား ။ အဲသည်ဆောင်းပါး မဖတ်ဖြစ်တာလား ၊ တစ်ခုခုဖြစ်လိမ့်မယ် ။ မပြောတတ်ဘူး ။
နှစ်ထပ်ရှိတော့ မှတ်မိဆိုသလိုပေါ့ ။ ပြန်တင်ပြပါ့မယ် ။
ဆမ်ဆောင်းကပေးတဲ့ ထွဲဂျစ်ကွမ့်
ကျနော်တို့ အီးနိုင်းဆရာတွေ အတွက် ၊ ထွဲဂျစ်ကွမ့် နစ်နာမှုမရှိရအောင်ဆိုပြီး ၊ ကိုရီးယားအစိုးရက စီစဉ်ပေးထားပါတယ် ။ အလုပ်ရုံ/စက်ရုံ တစ်ခုမှာ (၁)နှစ်ပြည့်ြုပီဆိုရင် ၊ အလုပ်ရှင်က အလုပ်သမားကို ထွဲဂျစ်ကွမ် (လုပ်သက်ဆုကြေး) ပေးဖို့ တာဝန်ရှိတယ် ။ အဲသည်အတွက် အလုပ်ရှင်က အလုပ်သမားအတွက် ပေးရမယ့် ထွဲဂျစ်ကွမ့် အာမခံလုပ်ထားပေးရပါတယ် ။ အလုပ်သမားရဲ့ လုပ်ခရဲ့ ၁၁ ရာခိုင်နှုန်းကို အာမခံကုမ္ပဏီထံ လစဉ်သွင်းပေးလာရတာ ။ ၁ နှစ်ပြည့် (သို့မဟုတ်) ၁နှစ်နှင့် အထက်အလုပ်လုပ်ပြီး အလုပ်ရုံမှ ပြောင်းလျင်သော်လည်းကောင်း ၊ မြန်မာပြည် ပြန်လျင် သော်လည်းကောင်း အဲသည် ထွဲဂျစ်ကွမ့်ကို အာမခံထားတဲ့ (ဆမ်ဆောင်းမီးအာမခံ)ဌာနထံမှ ပြန်လျှောက် (ပြန်တောင်း) ယူရပါတယ် ။
အမှန်ရသင့်တဲ့ ထွဲဂျစ်ကွမ့်
အဲသည်အာမခံထားတဲ့ ထွဲဂျစ်ကွမ့်ဟာ အလုပ်သမားကရသင့်တဲ့ ကွက်တိ ထွဲဂျစ်ကွမ့်မဟုတ်ပါ ။ ခြားနားမှုရှိနေပါလိမ့်မယ် ။ အဲသည်ခြားနားငွေကို အလုပ်ရှင်ကတွက်ချက်ပေးရမယ်လို့ ဥပဒေက ဆိုထားပါတယ် ။
အလုပ်သမား အမှန်တကယ်ရသင့်တဲ့ ထွဲဂျစ်ကွမ့်က နောက်ဆုံးရက် (၉၀) လစာရဲ့ ပျမ်းမျှငွေကို ၊ လုပ်သက်ကာလ(နှစ်ဖွဲ့ပြီး)နှင့် မြှောက်ပြီး ရတဲ့ အဖြေပါ ။
ပထမပြဿနာ
သည်တော့ ပထမပြဿနာက ၊ အလုပ်ရှင်က ဆမ်ဆောင်းကပေးလိုက်တဲ့ အာမခံငွေ (ထွဲဂျစ်ကွမ့်)ကို ပြန်တောင်းပြီး ၊ ထွဲဂျစ်ကွမ့်ကို သတ်သတ်တွက်ပြီး ပြန်ပေးတယ် လို့ဆိုတယ် ။ တကယ်တော့ သူဌေးက ခြားနားငွေကို အပိုဆောင်းပေးလိုက်ရင်ပြီးမယ့် အစား ရွှေဥာဏ်တော်ကွန့်မြူးပြီး ၊ အားလုံးပြန်ပေး ၊ အကုန်ထပ်ပေးမယ်လုပ်လို့ ကိုရွှေမြန်မာ နားရှုပ်သွားတဲ့ ပြဿနာပါ ။
ဒုတိယပြဿနာ
ဒုတိယပြဿနာကတော့ ၊ ဆမ်ဆောင်းကပေးတဲ့ ထွဲဂျစ်ကွမ့်ကို ဒါအပြီးပဲ ဆိုပြီး လုပ်ချလိုက်တဲ့သဘောပါပဲ ။ သူဌေးက မသိတာလည်း ဖြစ်ချင်ဖြစ်မယ် ။ ( အချို့သူဌေးများ အမှန်တကယ်မသိရှာကြပါ။) ရူးချင်ယောင်ဆောင်ပြီး ၊ ရမလားလို့ လုပ်ကြည့်တာလည်း ဖြစ်ချင်ဖြစ်မယ် ။ ခြားနားငွေကို ပြန်တောင်းယူရပါလိမ့်မယ် ။
မပေးဘူး လုပ်နေရင်တော့ သက်ဆိုင်ရာကတစ်ဆင့် တောင်းလို့ရပါလိမ့်မယ် ။ သူဌေးက ဒေဝါလီမခံသေးရင်တော့ ရပါလိမ့်မယ် ။ နောက်ဆုံး ပျမ်းမျှလစာက ၁၇ သိန်းကျော်နေတော့ လုပ်သက်က ၁ နှစ်အပြည့်ဆိုရင် ၄ သိန်း ပတ်ဝန်းကျင် ထပ်ရပါလိမ့်မယ်လို့ တင်ပြလိုက် ရပါတယ် ခင်ဗျာ ။
အားလုံး အဆင်ပြေကြပါစေ -

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, July 12, 2010

လုပ်သက်ဆုကြေးမယူရန်သဘောတူညီချက်သည် တရားဝင်ဖြစ်မဖြစ်

စက်ရုံပြောင်းခွင့်လိုချင်လို့
ဟန်းဂုရွာနှင့် အလှမ်းကွာဝေးနေဟန်ရှိတဲ့ ညီငယ်တစ်စုရဲ့ ဖြစ်စဉ်တစ်ခုပါ ။ စာချုပ်ပြည့်ရင် ဆက်မလုပ်တော့ဘူးလို့ တစ်လလောက်အလိုမှာ သူဌေးကို ကြိုပြီးပြောလိုက်ကြတယ် ။ ကိုရီးယား သူဌေးကလည်း အင်း အင်းပေါ့ ။ သည်လိုနှင့် စာချုပ်ပြည့်ဖို့ ၁ ပါတ်အလိုမှာ ၊ စက်ရုံက အတင်း ထွက်ခိုင်းပါလေရော့ ။ ဒါတင်မကသေးဘူး ။ လုပ်သက်ဆုကြေးမယူရန် သဘောတူပါတယ်ဆိုပြီး လက်မှတ်ထိုးပေးလိုက်ရသေးသတဲ့ ။ သူဌေးက အဲဒါလက်မှတ်မထိုးရင် စက်ရုံပြောင်းခွင့်မပေးဘူးလို့ ပြောသတဲ့ ။
ဒီသူဌေးမတရားဘူး
ဟန်းဂုရွာသား ညီငယ်တစ်ယောက်နှင့်တွေ့လို့ ၊ စာချုပ်ပြည့်ရင် သူဌေး သဘောမတူလည်း အလုပ်ပြောင်းလို့ရ ကြောင်းပြောပြတော့ ၊ အသိ ပြောင်းသွားကြပြီး သြော် ဒီသူဌေး မတရားပါလား ၊ လုပ်သက်ဆုကြေး (ထွဲဂျစ်ကွမ့်) တော့ ပြန်တောင်းမှပဲ ဆိုပြီး အတွေးပြန်ဝင်လာလို့ ၊ အဲသည် လုပ်သက်ဆုကြေးကို ပြန်တောင်းလို့ ရနိုင်မရနိုင် တိုင်ပင်လာလို့ ကျနော် ဒီအကြောင်းသိရတာပါ ။
လုပ်သက် ၁ နှစ်မပြည့်ဘူးဆိုတော့
အကယ်၍ သူတို့သာ အဲသည်စက်ရုံမှာ ၁ နှစ်ပြည့်အောင်လုပ်ခဲ့လျင် ၊ လုပ်သက်ဆုကြေးကို မယူပါဘူးဆိုပြီး သဘောတူညီခဲ့သည့်တိုင် ပြန်တောင်းနိုင်မယ်လို့ သဘောရပါတယ် ။ လုပ်သက် ၁နှစ်ပြည့်လျင် လုပ်သက်ဆုကြေး ပေးရမယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်ရှိနေလို့ပါပဲ ။ ခုတော့ လုပ်သက် ၁ နှစ်မပြည့်တော့ ၊ အလုပ်ရှင်က လုပ်သက်ဆုကြေးမပေးလည်း ရနေသမို့ အဲဒါပြန်တောင်းလို့ မရနိုင်ဘူး ။ (ပြန်လုပ်လို့ရမယ့် နည်းတွေ ရှိကြောင်းသိရပေမယ့် ၊ ရှည်မယ်ဗျာ ၊ ထားလိုက်ကြပါစို့ ။)
ပြောင်းခွင့်လိုချင်လွန်းလို့ဗ
သဘောတူညီချက် သို့မဟုတ် စာချုပ်တစ်ခု တရားဝင်ဖြစ်ဖို့ရာမှာ ၊ သဘောတူညီချက်ပေးသူတို့ဟာ မိမိတို့ရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒ (Free Consent) အရ ပေးတဲ့ သဘောတူညီချက် ဖြစ်ဖို့လိုသတဲ့ဗျ ။ သူတို့ ပေးခဲ့ရတဲ့ သဘောတူညီချက်ဟာ ဥပဒေအရ လွတ်လပ်တဲ့ သဘောဆန္ဒအရ ပေးခဲ့တဲ့ ကတိ မဟုတ်နိုင်ဘူး ။ စက်ရုံက ပြောင်းချင်လွန်းလို့သာ သဘောတူခဲ့ရတယ်ဆိုတာ ငြင်းလို့ မရတဲ့အချက် ။ လက်မှတ်ထိုးမှ အလုပ်ပြောင်းခွင့် သဘောတူမယ်ဆိုပြီး ၊ သူဌေးက အခွင့်အရေးတစ်ခုနှင့် ဖြားယောင်းခဲ့တယ် ။ အဲသည်အခွင့်အရေးကလည်း သူ့ရဲ့ကိုယ်ပိုင်အခွင့်အရေးမဟုတ်ဘူး ။ ဥပဒေကပေးထားပြီးသား အခွင့်အရေးကို တစ်ဖက်လူက မသိလို့ ၊ သူဌေးမင်းက သူပေးမှ ရမယ့် အခွင့်အရေးဖြစ်သယောင် လိမ်လည်/ဖုံးကွယ်ပြီး ပြောဆိုခဲ့တာ ။
ပျက်ပျယ်နေတဲ့သဘောတူညီချက်
ဥပဒေက ပေးထားတဲ့ အခွင့်အရေး (Rights) တစ်ခုကို ၊ ကိုယ်ကမသိလို့ အလိမ်ခံရလို့ သဘောရိုး(innocent) နှင့် စွန့်လွတ်ခဲ့ရတာ မို့ အဲသည် လုပ်သက်ဆုကြေးမယူကြောင်း သဘောတူညီချက်ဟာ ဥပဒေအရ မူလ ကတည်းက ပျက်ပြယ်နေတဲ့သဘောတူညီချက် (Void Agreement) ဖြစ်တယ်လို့ ဥပဒေက ဆိုတယ် ။ ပျက်ပြယ်နေတဲ့ သဘောတူညီချက်ကို ဥပဒေက အသိအမှတ်မပြုဘူး ။ အဲသည် သဘောတူညီချက်စာချုပ်ကို ဥပဒေက စက္ကူစုတ်လို့ သဘောထားသတဲ့ ။
ဒါမျိုးကြုံလာလျင် ၊ ဒီလိုလုပ်ဗျာ
နောင်ဒါမျိုးကြုံလာရင် ၊ ကျနော်တို့ ညီနောင်တွေလုပ်လို့ရတာကတော့ ဂလိုရှိတယ် ။ အလုပ်ရှင်ဟာ အလုပ်သမားတစ်ဦးကို အလုပ်မှ ထုတ်လိုလျင် တစ်လကြိုပြီး အသိပေးရမယ် ၊ အဲသလို ကြိုပြီးအသိမပေးလျင် လစာတစ်လစာ ကြိုပြီး ပေးလိုက်ရမယ် ဆိုတဲ့ ၊ ဥပဒေ ပြဌာန်းချက်ရှိတယ် ။ စာချုပ်မကုန်မှီ တစ်ပါတ်အလိုမှ ကပ်ပြီး ထွက်ခိုင်းတာမို့ ၊ လစာ တစ်လစာပိုပေးဖို့ ပြောနိုင်တယ် ။ အဲသလိုပြောလိုက်လျင် စာချုပ်ပြည့်အောင် လုပ်ခိုင်းတော့မှာ သေခြာသလောက်ဖြစ်သွားမယ် ။ ဒီလိုဆို လုပ်သက်ဆုကြေးမရလည်း လစာ တစ်လစာပို ရလိုက်တော့ ကြေသပေါ့ဗျာ ။
တိုင်တိုင်ပင်ပင်လုပ်လျင်ကောင်းမယ်
ဘာပဲဖြစ်ဖြစ် ကျနော်တို့ ညီနောင်တွေ အလုပ်ခွင်မှာ အခက်အခဲကြုံလာလျင် ၊ နီးစပ်ရာ အလုပ်သမားအတိုင်ပင်ခံဌာနများ ၊ အလုပ်သမားရုံးများနှင့် ဆက်သွယ်တိုင်ပင်ပြီး လုပ်နိုင်ကြလျင်ကောင်းမယ်လို့ ထင်ပါတယ် ။ ကိုရီးယားနိုင်ငံနှင့်အဝှမ်း နေရာတိုင်းလိုလိုမှာ နိုင်ငံခြားသားအလုပ်သမားများအတွက် အခမဲ့ အတိုင်ပင်ခံဌာနတွေရှိနေပါတယ် ။ ရှိနေတာကို သိအောင်လုပ်ထားဖို့တော့ …………….လိုမယ် ။

အားလုံး အဆင်ပြေကြပါစေဗျာ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, June 19, 2010

ထူးခြားလေးနက်သည့် မြန်မာ့ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အကြောင်း ကိုရီးယားပြည်သူများသို့ ရှင်းလင်းဆွေးနွေး

မြန်မာနိုင်ငံရှေ့နေများကောင်စီ (Burma Lawyers’ Council: BLC) အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးသည် ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၃နာရီမှ ၆ နာရီထိ ၊ ကိုရီးယားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရုံး လေ့ကျင့်ရေးဌာန စည်းဝေးခန်းမတွင် ၊ “ ဗမာ့စစ်အစိုးရကျင်းပမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကိုရီးယားအခန်းကဏ္ဍရှာပုံတော်” ခေါင်းစဉ်ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀ဂ) ပါ ထူးခြားလေးနက်မှုရှိနေသည့် အချက်များနှင့် ၄င်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာများကို ကိုရီးယားပြည်သူများသို့ ရှင်းလင်း တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည် ။

အခမ်းအနားသို့ မြန်မာ့အရေးစိတ်ပါဝင်စားကြသော ဥပဒေပညာရှင်များ ၊ နိုင်ငံရေးပညာရှင်များနှင့် ပါမောက္ခများ အပါအဝင် ကိုရီးယားလူထုအဖွဲ့အစည်း(Civil Society) များမှ ကိုရီးယား ၄၀ ခန့်နှင့် မြန်မာ ၃၀ ခန့် စုစုပေါင်း ပရိသတ် ၆၀ ကျော်တို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည် ။

အခမ်းအနားတွင် ဦးအောင်ထူးကရှင်းပြရာ ၊ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ပုဒ်မ ၄၄၅ တွင် နဝတ (နအဖ) အနေဖြင့် ပြစ်မှုကြီးများ ကျူးလွန်ခဲ့သည်ကို မည်သို့မျှ အရေးယူခြင်း မပြုနိုင်ရန် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားကြောင်း ၊ စစ်အာဏာရှင်စနစ်ဖြင့်အုပ်ချုပ်မှုကို သက်ဆိုးရှည်စေရန် အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း စီမံထားခြင်း ဖြစ်ကြောင်း ၊ ၄င်းပြဋ္ဌာန်းချက်သည် နိုင်ငံတကာ ဥပဒေများနှင့် ဆန့်ကျင်ဖီလာဖြစ်နေပြီး ၊ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀၀ခန့်တွင် မည်သည့်နိုင်ငံတွင်မျှ ထိုပြဋ္ဌာန်းချက်မျိုး မပါရှိဘဲ ၊ မြန်မာနိုင်ငံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲထားသည်မှာ ထူးခြားလေးနက်မှု ရှိနေကြောင်း သိရသည် ။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် တည်ဆောက်ရန်ကြိုးပမ်းရာ၌ ပြဿနာဖြစ်လျက်ရှိသော အဟန့်အတားကြီးမှာ စစ်အစိုးရက ပြစ်မှုကြီးများကျူးလွန်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ရနေသည့်ကိစ္စ ဖြစ်သည်ဟု ဆိုသည် ။

တိတ်တခိုး ချစ်ခင်လေးစားနေကြသူများက နွားအဖွဲ့(နအဖ)ဟု ချစ်စနိုးနောက်ပြောင် ခေါ်ဝေါ်ခြင်းခံနေရသည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီက ဦးဆောင်ရေးဆွဲခဲ့သည့် ၂၀၀၈ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် အထွေထွေ ရွေးချယ် တင်မြောက်ပွဲကြီးကို ချိမ့်ချိမ့်သဲကျင်းပတော့မည်ဟု ဆိုသည် ။

သို့ရာတွင် ၁၉၉၀ ပြည့်ရွေးကောက်ပွဲတွင် တစ်ခဲနက် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုဘဲ ၊ ၂၀၁၀ ရွေးကောက်ပွဲ၏ မူလအခြေခံချက်ဖြစ်သည့် ၂၀၀၈ အခြေခံဥပဒေ ပျက်ပြယ်ရေး ကြိုးပမ်းလျက်ရှိကြောင်း ၊ ကမ္ဘာတွင် ထိုကဲ့သို့ ဖြစ်စဉ်မျိုး ရှိခဲ့ဖူးကြောင်း ၊ ၁၉၈၃ခုနှစ် တောင်အာဖရိကနိုင်ငံတွင် လူဖြူလူမဲခွဲခြားအုပ်ချုပ်မှုကို အားဖြစ်စေသည့် ၁၉၈၃ ခုနှစ် ဖွဲ့စည်းပုံအခြခံဥပဒေအား ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်အမှတ် ၅၅၄ဖြင့် တရားမဝင်ပျက်ပြယ်ကြောင်း ကြေငြာပေးခဲ့သည့်သာဓက ရှိခဲ့ဖူးကြောင်း သိရသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, June 10, 2010

မြန်မာအလုပ်သမားများ အလုပ်စာချုပ်သက်တမ်းနှင့် ဗီဇာသက်တမ်း ခြားနားနေသည့် ပြဿနာများ

ခုတလော အီးပီစနစ်အရ ကိုရီးယားရောက်လာကြတဲ့ မြန်မာအလုပ်သမားများ ၊ အလုပ်စာချုပ်သက်တမ်းနှင့် ဗီဇာသက်တမ်း ခြားနားနေတဲ့ ပြဿနာများ တစ်ခုပြီးတစ်ခု တစ်ယောက်ပြီးတစ်ယောက် ပေါ်လာလို့ သည်ဆောင်းပါးကို ရေးဖြစ်ပါတယ် ။
ဗီဇာကြီး
အီးပီဥပဒေ (The Act on Foreign Workers’ Employment, etc.) ရဲ့ နောက်ဆုံးပြင်ဆင်ချက် အရ ကိုရီးယား အီးပီလုပ်သားများ ကိုရီးယားနိုင်ငံအတွင်း အများရရှိတဲ့ နေထိုင်ခွင့်ကာလ (ရည်ညွှန်းမှုလွယ်ကူစေရန် ဗီဇာကြီးဟု ခေါ်ပါမည်) ဟာ ၅ နှစ်ဖြစ်ပါတယ် ။ ဒီ ဗီဇာကြီး ကာလကို ဘယ်အရာရှိကမှ တိုးပေးလို့ မရသလို ၊ လျှော့ပစ်လို့လည်းမရပါဘူး ။ ၅ နှစ်ကာလကိုတော့ ကိုရီးယားမြေပေါ်ကို စတင်ရောက်ရှိတဲ့နေ့ကစပြီး ရေတွက်ပါတယ် ။ (တိုင်ပတ်ပြီး ၆ နှစ်ယူလို့ရတယ်ဆိုတာ မဟုတ်ပါ ။)
ဗီဇာလေး သို့မဟုတ် ဗီဇာ
ဗီဇာကြီး ၅ နှစ်ကာလကို တစ်ခါတည်းပေးလိုက်တာ မဟုတ်ပါဘူး ။ အခြေအနေကို မူတည်ပြီး အပိုင်းလိုက် အပိုင်းလိုက် ပေးတာဖြစ်ပါတယ် ။ သည်ဗီဇာကိုတော့ ဗီဇာလေး / ဗီဇာ လို့ခေါ်ကြရအောင် ။ ၁ နှစ်လည်း ပါချင် ပါမယ် ။ ၂နှစ်လည်းပါချင် ပါမယ် ။ ၃ လလည်း ပါချင်ပါမယ် ။ ၁၅ ရက်လည်း ပါချင်ပါမယ် ။ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးအရာရှိက အခြေအနေပေါ်မူတည်ပြီး ပေးလို့ရပါတယ် ။
အလုပ်စာချုပ်
အလုပ်စာချုပ် (The Standard Labor Contract) ကိုတော့ အလုပ်ရှင်နှင့် အလုပ်သမားတို့က အဆင်ပြေသလို သဘောတူကြတဲ့အတိုင်း ၊ စာချုပ် ချုပ်လို့ရကြပါတယ် ။ ခြွင်းချက်အနေနဲ့ကတော့ ၊ စာချုပ်ပါ သဘောတူညီချက်များ ဟာ ကိုရီးယားနိုင်ငံအတွင်း အတည်ဖြစ်လျက်ရှိတဲ့ ဥပဒေတစ်ခုခု ( The Standard Labor Law အပါအဝင်ပေါ့ဗျာ) နှင့် မကိုက်ညီရင် ပျက်ပြယ်သတဲ့ ။ ဥပမာ ၊ လုပ်ရမယ့် အလုပ်က အရမ်းသက်သာနေလို့ တစ်နာရီ လုပ်ခကို ဝမ် ၃၀၀၀ နှင့် သဘောတူကြတယ်ဆိုပါစို့ ။ ကိုရွှေမြန်မာကလည်း သဘောတူထားတယ်ဆိုပါစို့ ။ အဲသည်လို ဆိုရင် အဲသည်စာချုပ်ဟာ ပျက်ပြယ်သတဲ့ ။ အနည်းဆုံးလုပ်ခ သတ်မှတ်ချက်ဥပဒေ (The Minimum Wages Law)က သည်၂၀၁၀ခုနှစ်အတွက် တစ်နာရီ ၄၁၁၀ ထက်လျှော့ပြီးမပေးရဆိုပြီး သတ်မှတ်ချက်ရှိနေလို့တဲ့ ။ စာချုပ်သက်တမ်းကို တော့ မိမိတို့နှစ်ဦးနှစ်ဖက် သဘောတူကြသလို သတ်မှတ်လို့ရနေပါတယ် ။
အလုပ်စာချုပ်နှင့်ဗီဇာလေး
အလုပ်စာချုပ်သက်တမ်းနှင့် ဗီဇာလေးသက်တမ်း မကိုက်ကြတာပိုများတယ်လို့ သိရတယ် ။ အကြောင်းက တော့ သက်ဆိုင်ရာ လဝကအရာရှိ ဟာ ဗီဇာလေးကို သူ့သဘောအရ ပေးနိုင်ခွင့်ရှိနေတော့ ၊ စာချုပ်သက်တမ်း ကို လျှော့ပြီး ပေးတာလည်းရှိသလို ၊ ဗီဇာသက်တမ်းကို စာချုပ်သက်တမ်းထက် ပိုပြီးပေးလိုက်တာတွေလည်း ရှိနေတယ် ။
သည်ပြဿနာဟာ ခုမှ ပေါ်လာတဲ့ ပြဿနာမဟုတ်ပါ ၊ ဟိုအရင် ၂၀၀၄ အီးပီစနစ် စမ်းသပ်ကာလမှာ ကတည်းက ကြုံရတဲ့ ပြဿနာပါ ။
ပြဿနာတွေဖြစ်နေတယ်
(တစ်)က ဗီဇာရှိသေးတယ် ၊ စာချုပ်သက်တမ်းကုန်နေပြီ ။ တစ်ချို့ ရက်ပိုင်းလေးပဲ ဗီဇာရက်က ကိုးလိုးကန့်လန့်ဖြစ်နေတာ ၊ ဗီဇာကျန်သေးတော့ အလုပ်ဆက်လုပ်ချင်တယ် ၊ ဆက်လုပ်ရင် သည်ကြားထဲ စစ်ဆေးတာနှင့် ကြုံရင် ပြဿနာတက်နိုင်တယ် ။ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတာ ။
ဗီဇာနှင့် စာချုပ် ကိုက်သွားအောင် ၊ ကျန်တဲ့ရက်ပိုင်းကာလလေးအတွက် ၊ အလုပ်စာချုပ်ထပ်ချုပ်လို့ရပါတယ် ။ အလုပ်ရှင်က သဘောမတူလျင်တော့ အလုပ်ပြောင်းဖို့ အလုပ်သမားရုံးကို ပြေးပေတော့ ။
********
(နှစ်)က အလုပ်စာချုပ်သက်တမ်းရှိသေးတယ် ၊ ဗီဇာသက်တမ်းကုန်နေပြီ ၊ ရက်ပိုင်းလေးပဲ လိုနေတာ ၊ သည်စက်ရုံကလည်း ပြောင်းချင်ပြီ ၊ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတာ ။
ဗီဇာသက်တမ်း သွားတိုးလို့ရပါတယ် ။ အလုပ်စာချုပ်မိတ္တူ (မူလစာချုပ်အဟောင်း) ၊ အလုပ်ရှင်ရဲ့ လုပ်ငန်းရှင်လိုင်စင် မိတ္တူ ယူသွားရပါမယ် ။
**************
(သုံး) ဗီဇာကုန်တော့မယ်လို့ လဝကဌာနက ၊ သတိပေးတဲ့စာ ရောက်လာတယ် ၊ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေတာ ။
ဗီဇာကုန်ရန်သတိပေးချက်ကို ဗီဇာကုန်ခါနီး တစ်လ တိတိအလိုမှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံ သက်ဆိုင်ရာ လဝကဌာနက ပို့ပေးလေ့ရှိပါတယ် ။ လုပ်ရိုးလုပ်စဉ်ဖြစ်ပါတယ် ။ ဘာမှ ကြောက်နေဖို့မဟုတ်ပါ ။ သတိပေးစာ မရသူများ တစ်ခုခု အံချော်နေလို့ဖြစ်ပါလိမ့်မယ် ။
************
(လေး) ဗီဇာကြီး ၅ နှစ်ကုန်ပြီ ။ လုပ်သက်ဆုကြေး (ထွဲဂျစ်ကွမ့်) မပေးဘူး ဆိုပြီး ၊ ပြဿနာတက်နေတယ် ။ အခြားရည်မှန်းချက်တွေရှိနေလို့ ရက်လွန်နေထိုင်သူ အဖြစ်မခံချင်ဘူး ။ လုပ်သက်ဆုကြေးရပြီးမှ ပြန်ချင်တယ် ။ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတာ ။
အလုပ်သမားရုံး (The Employment Security Center) သို့ သတင်းပို့ရပါမယ် ။ လုပ်သက်ဆုကြေးကို ဥပဒေအရ အလုပ်မှထွက်ပြီး ၁၄ ရက် နောက်ပိုင်းမှသာ တိုင်ကြားတောင်းခံနိုင်တယ် ဆိုပေမယ့် နိုင်ငံခြားအလုပ်သမားများကိုမူ လက်ခံဆောင်ရွက်ပေးလေ့ရှိပါတယ် ။ အမှုတွဲကို လက်ခံပြီး အလုပ်ရှင်နှင့် ညှိနှိုင်းပေးပါ့မယ် ။ ညှိနှိုင်းမှု အဆင်မပြေလျင် ၊ အမှုတွဲလက်ခံထားပြီး အလုပ်သမားရုံးသို့ နောက်ထပ်လာရမည့် ရက်ချိန်းပေးထားသည့် စာရွက်ပိုင်းလေးကို ပေးပါလိမ့်မယ် ။ အဲသည်စာရွက်ကို အထောက်အထားပြုပြီး ၊ သက်ဆိုင်ရာ လဝက ရုံးမှာ ဗီဇာပြောင်းလျှောက်ရပါ့မယ် ။ ဗီဇာကြီးကုန်နေလို့ ထပ်တိုးပေးလို့မရပေမယ့် အခြားဗီဇာအမျိုးအစား (Others Status) ကို ပြောင်းပေးလို့ရပါတယ် ။ ဗီဇာသက်တမ်းမှာ ၃ လထိ ရနိုင်ပါတယ် ။
*******
သည်အထဲ မပါသေးတဲ့ ပြဿနာများရှိခဲ့လျင်လည်း ၊ ပြောပြပေးစေချင်ပါတယ် ။ ကျနော်များမသိသေးသည့် ပြဿနာဖြစ်ခဲ့ပါလျင် ၊ အခြားသိသောသူများထံ မေးမြန်းပြီး ၊ ပြန်လည်ဖြေကြား တင်ပြ ပေးနိုင်အောင် ကြိုးစား သွားပါမယ် ။ နောင်လာ နောက်သားများ ပြဿနာကို အဆင်ပြေစွာ ဖြေရှင်းသွားနိုင်ကြရန် ရည်ရွယ်ပါတယ် ။
မိတ်ဆွေတို့ရဲ့ အခက်အခဲများနှင့် တင်ပြချက်များဟာ မီဒီယာများမှတစ်ဆင့် ၊ လူထုအဖွဲ့အစည်းများ ၊ လွတ်တော်အမတ်များ ၊ ဥပဒေပြုအဖွဲ့အစည်းများထိ ရောက်ရှိသွားပြီး ၊ မိတ်ဆွေတို့အဖို့ အခက်အခဲဖြစ်စေသည့်အချက်များကို ဖြေရှင်းပေးနိုင်မည့် ဥပဒေ ပုဒ်မများဖြင့် အစားထိုးခြင်း ၊ ပြင်ဆင်ခြင်း စသည်တို့ဖြစ်သွားနိုင်ပါတယ် ။
ဒီထက်ပိုပြီး ချဲ့ကားပြောရလျင် လူနေမှုစနစ်တစ်ခုလုံးကိုတောင် ပြောင်းလဲသွားစေနိုင်မှာဖြစ်လို့ မိမိတို့အခက်အခဲများကို မီဒီယာများပေါ်သို့ ရောက်လာအောင်တင်ပြနိုင်လျင် ကောင်းပါလိမ့်မယ် ။ ကျနော်တို့အခက်အခဲ ကျနော်တို့ ထုတ်ဖော်မပြောလျင် သက်ဆိုင်ရာပုဂ္ဂိုလ်များက မသိနိုင်ပါ ။ သူတို့မသိလျင် သူတို့လုပ်ပေးလို့ရတာတွေ လုပ်ပေးနိုင်မည်မဟုတ်ပါ ။ ဒါကြောင့် မိတ်ဆွေတို့အခက်အခဲများကို မီဒီယာပေါ်ရောက်လာအောင်တင်ပြကြဖို့လိုမယ်လို့ ဆော်သြလိုက်ရပါတယ် ။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, June 5, 2010

ကိုရီးယားလုပ်ငန်းရှင်ကပေးသောနှုတ်ကတိ ယုံကြည်မိသူ မြန်မာအလုပ်သမား တစ်ဦးအခက်ကြုံ

ယမန်နေ့ (ဇွန် ၄ ရက်) က ၊ ဂယောင်းဂီပြည်နယ် ယုံအင်းမြို့တွင် ကိုရီးယားလုပ်ငန်းရှင်က ပေးသောနှုတ်ကတိ ကို ယုံကြည်ပြီး အလုပ်စာချုပ်အသစ်ချုပ်ဆိုခဲ့သူ မြန်မာအလုပ်သမားတစ်ဦး မလိုလားအပ်သော ပြဿနာတစ်ခု ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည် ။
အဆိုပါအလုပ်ရုံမှာ ထုပ်ပိုးစက်ရုံဖြစ်ကြောင်း ၊ အလုပ်ရုံတွင် အလေးအပင်များ ထမ်းပိုးရသည့် ပင်ပင်ပမ်းပမ်းလုပ်လုပ်ရသော အပိုင်းလည်းရှိပြီး ၊ အနည်းငယ်သက်သာစွာ လုပ်ရသောအပိုင်းလည်း ရှိသည်ဟုဆိုသည် ။ ၄င်း ကိုကိုမြန်မာလုပ်သား သည် ၄င်းအလုပ်ရုံသို့ လွန်ခဲ့သော ၁ နှစ်ကျော်က ရောက်ရှိခဲ့ပြီး ၊ စာချုပ် ၁နှစ်တာကာလအတွင်း ပင်ပင်ပမ်းပမ်းလုပ်ရသည့် အပိုင်းတွင် လုပ်ခဲ့ရသည်ဟုဆိုသည် ။ အောင့်အည်းသည်းခံကြိတ်မှိတ် လုပ်ခဲ့ပြီး ၊ ၁နှစ်ပြည့်ချိန် အလုပ်ရှင်နှင့် ညှိနှိုင်းသည်တွင် အနည်းငယ် သက်သာသည့်အပိုင်း၌ လုပ်ခွင့်ရမည်ဆိုက ဤအလုပ်ရုံတွင် ဆက်လုပ်မည်ဖြစ်ကြောင်း အလုပ်သမားက တောင်းဆိုရာ အလုပ်ရှင်က ကတိပေးခဲ့ပြီး ၊ အလုပ်စာချုပ်အသစ်ထပ်မံချုပ်ဆိုခဲ့ကြသည်ဟုဆိုပါသည် ။
သို့ရာတွင် အလုပ်စာချုပ်သစ်ချုပ်ဆိုပြီးချိန်၌မူ ၊ မူလ ပင်ပမ်းသည့်နေရာတွင်သာ ထပ်မံနေရာချထား သည်ဟုဆိုသည် ။ ကိုကိုမြန်မာလုပ်သားအနေဖြင့် မူလနေရာတွင် လုပ်ရမည်ဆိုက ၊ မလုပ်နိုင်ကြောင်း အလုပ်ပြောင်းမည်ဖြစ်ကြောင်း အလုပ်ရှင်သို့ တင်ပြရာ ၊ စာချုပ်အသစ်ချုပ်ဆိုထားပြီး ဖြစ်သဖြင့် ပြောင်းခွင့် မပေးနိုင်ကြောင်း ၊ စာချုပ်တွင် သက်သာသည့်နေရာတွင်သာခိုင်းပါမည်ဟုမပါရှိကြောင်း ၊ ဤအလုပ်ရုံတွင် အလုပ်ဆက်လုပ်မည်ဆိုက မည်သည့်နေရာတွင်မဆိုလုပ်နိုင်ရမည်ဖြစ်ကြောင်း ၊ ပြောင်းလိုပါက ၁နှစ်ပြည့်လျင်ပြောင်းခွင့်ပြုမည်ဖြစ်ကြောင်း ၊ ယခု အလုပ်ရုံတွင် ဆက်မလုပ်နိုင်ပါက မြန်မာနိုင်ငံသို့ပြန်ပို့မည် ဖြစ်ကြောင်းပြန်ပို့ရန် ပြင်ဆင်မှုများပြုလုပ်နေရာ မှ ၊ အနေကြာ မြန်မာတစ်ဦးနှင့် ဆက်သွယ်ပြီး ဖြန်ဖြေညှိနိုင်းလိုက်မှ ပြေလည်မှုရရှိသွားကြောင်း သိရသည် ။
လုပ်ငန်းရှင်များပေးသော နှုတ်ကတိသည် တရားမဝင်ကြောင်း ၊ နှုတ်ကတိကို တရားဝင်ဖြစ်စေလိုပါက လုပ်ငန်းရှင်ပေးသော ကတိကို အလုပ်စာချုပ်တွင် စာဖြင့်ရေးသားပြီး တရားဝင် ဖော်ပြထားဖို့ လိုအပ်မည်ဖြစ်ကြောင်း ဥပဒေတတ်သိနားလည်သူများက အကြံပေး ပြောဆိုမှုများရှိနေကြောင်း သိရသည် ။




အယ်ဒီတာ့မှတ်ချက် ။ အထက်ပါပြဿနာကို ဖြေရှင်းပေးလိုက်သူမှာ ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင် တစ်ဦးဖြစ်ပြီး ၊ သတင်းအသေးစိတ် သိရှိလိုသူများ 010-4991-0434 ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။

ဒုတိယအယ်ဒီတာချုပ်မှတ်ချက် ။ အယ်ဒီတာ့မှတ်ချက်ရေးသူမှာ ဟန်ဂုရွာသူကြီးနှင့် ပတ်သက်ခြင်းမရှိပါ ။ ဤ သတင်းမှာ ဝါဒဖြန့်နေခြင်းလည်း မဟုတ်သလို ၊ ရှောက်သီးဆေးပြားရောင်းနေခြင်းလည်းမဟုတ်ပါ ။ ဟန်းဂုရွာဧည့်သည်တော်များ နှင့် ဘဝသူ အလုပ်သမားစစ်စစ်တို့ ဆောင်နိုင်ရှောင်နိုင်ကြရန် စေတနာဖြင့်တင်ပြပေးနေခြင်းဖြစ်ပါသည် ။ မသက်ဆိုင်သူများ မဖတ်ဘဲ ကျော်သွားခွင့်ရှိပါသည် ။ ဝေဖန်ခြင်းလေကန်ခြင်းဖြင့် စာရေးသူများ စိတ်အနှောက်အယှက်ဖြစ်အောင် ကြိုးစားနေမည့်အစား ၊ စီပုံးတွင် အမည်ဝှက်ဖြင့် သူရဲဘောကြောင်စွာ တောအော်တောင်အော် လေဖြင့်အလုပ်လုပ်နေကြမည့်အစား ၊ မိမိကိုယ်တိုင် မြန်မာအလုပ်သမားများအတွက် အကျိုးဖြစ်ဖွယ်ရာ လုပ်ပေးနိုင်တာ တစ်ခုခု လက်တွေ့ လုပ်ပေးနိုင်လျင် ကောင်းပါလိမ့်မည် ။ ငဝိုင်းရေးသား တင်ပြနေမှုများအပေါ် မိမိတို့ စိတ်ဖြင့် တိုက်ဆိုင်မှုမရှိသဖြင့် အပြုသဘောဝေဖန်လိုပါက လူကိုယ်တိုင်တွေ့ဆုံခြင်းဖြင့်ဖြစ်စေ ၊ 010-2331-2457 သို့မဟုတ် wyne1969@gmail.com သို့ဖြစ်စေ ဆက်သွယ် အကြံပြုနိုင်ကြပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, December 12, 2009

ရှေ့နေကိုယ်စားလှယ်လွှဲစာ ၊ ထိုးမြဲလက်မှတ် ရေးထိုးပေးကြရန်လိုအပ်

ကိုဝိုင်း(မိုးညှင်း)

ဆောအူးလ် ၊ ဒီဇင်္ဘာ ၁၂ ။

အပြန်စရိတ်အာမခံငွေကိစ္စနှင့် အုပ်ချုပ်မှုစရိတ်ဖြတ်တောက်ငွေကိစ္စ အမှုဖွင့်တိုင်ကြားရန် အမည်စာရင်းပေးထားသည့် ကိုရီးယားနိုင်ငံရောက် မြန်မာမိတ်ဆွေများ အနေဖြင့် ၊ တရားဝင်အမှုဖွင့်တိုင်ကြားရန် ရှေ့နေကိုယ်စားလှယ်လွှဲစာ လိုအပ်နေကြောင်း နှင့် ၊ ရှေ့နေကိုယ်စားလှယ်လွှဲစာ တွင် ၊ ကာယကံရှင်တို့၏ ထိုးမြဲလက်မှတ်များ လိုအပ်နေပါသဖြင့် ၊ ၀၁၀-၂၃၃၁-၂၄၅၇ သို့မဟုတ် ၀၁၀-၇၁၅၅-၆၅၈၁ ထံ ဆောလျင်စွာ ဆက်သွယ်၍ လက်မှတ်ရေးထိုးပေးကြရန် ၊ သက်ဆိုင်ရာက သက်ဆိုင်သူများထံ အသိပေး နှိုးဆော်ထားကြောင်းသိရသည် ။

လူကိုယ်တိုင်လာရောက်တွေ့ဆုံပြီး လက်မှတ်ရေးထိုးရန် အခက်အခဲရှိသူများ ၊ လက်မှတ်ရေးထိုးပြီး ကိုယ်စားလှယ်လွဲစာများကို ဖက်စ်(Fax)ဖြင့် ၀၂-၂၆၃၁-၀၁၇၄သို့ဖြစ်စေ ၊ ဒစ်ဂျစ်တယ်မိတ္တူ(Scan) ဖြင့် smthu2006@gmail.com သို့ဖြစ်စေ ပေးပို့နိုင်သည်ဟု ဆိုပါသည် ။


ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, November 15, 2009

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အအုံများ ရှေ့မျက်နှာစာရေမြောင်း ငါးပေအကျယ် ငါးပေအနက် တူးဖော်ရန် လမ်းညွှန်ချက်အား ပြန်လည်ပြင်ဆင်

နိုဝင်္ဘာ ၁၅ ၊ ဆောအူးလ် ။

ရန်ကုန်မြို့တော်၏ စည်ပင်သာယာနယ်နိမိတ်အတွင်း ကန်ထရိုက်တိုက်များ၊ လူနေအဆောက်အအုံများ အသစ်ဆောက်လုပ်မည်ဆိုပါက ယင်းတို့၏ ရှေ့မျက်နှာစာရေမြောင်းကို ငါးပေအကျယ် ငါးပေအနက် တူးဖော်ရန် လမ်းညွှန်ထားချက်ကို နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ အနီးပတ်ဝန်းကျင်ရေမြောင်းအတိုင်းသာ တူးကြရန် ပြန်လည်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) ဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ပြောသည် ။
နိုဝင်ဘာလ ၆ ရက်နေ့တွင်ရန်ကုန်မြို့တော်ခန်းမ၌ပြုလုပ်သော ကန်ထရိုက်ဆောက်လုပ်ရေးလုပ်ငန်းရှင် များအား ခေါ်ယူတွေ့ဆုံပွဲ၌ ၄င်းကအထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည် ။

''ကိုယ်ဆောက်မယ့်အဆောက် အအုံဘေးက ရေမြောင်းနှစ်ပေဆိုရင် နှစ်ပေပဲတူးပါ ။ ငါးပေရှိရင် ငါးပေတူး ပါ ။ ဒါပေမယ့် ကွန်ကရစ်နဲ့ အခိုင်အမာ တော့ မလုပ်ကြပါနဲ့ဦး'' ဟု မြို့တော်ဝန်က ဆိုသည်။
အခိုင်အမာမပြုရခြင်းမှာ နောင်လိုအပ်၍ ထပ်မံချဲ့ပါက နှစ်ခါနစ်နာမှုမရှိစေရန်ဖြစ်ကြောင်း၊ သို့သော် စစ်ဆေးရေးအဖွဲ့များက မကြာမီစစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးပြီးပါက အခိုင်အမာ တည်ဆောက်နိုင်ကြောင်း ထပ်လောင်းပြောကြားသည် ။
ကန်ထရိုက်တိုက်များ၊ အသစ်ဆောက်လုပ်မည့်လူနေအိမ်၊ အခြားသောအဆောက်အအုံများ အသစ်ဆောက်လုပ်လျှင် ရှေ့မျက်နှာစာ ရေမြောင်းကို ငါးပေအကျယ် ၊ ငါးပေအနက် တူးဖော်ရမည်ဖြစ်ကြောင်း YCDC က လွန်ခဲ့သည့် လအနည်းငယ်က ထုတ်ပြန်ကြေညာခဲ့သည် ။ ထိုသို့ ဆောင်ရွက်ရခြင်းမှာ ရေစီးရေလာစနစ် ကောင်းမွန်စေရေးနှင့်ရန်ကုန်မြို့တော်အား နိုင်ငံတကာ အဆင့်မီမြို့တော်အဖြစ် တည်ဆောက်ရာတွင် ရေမြောင်းစနစ် အရေးပါ၍ဖြစ်ကြောင်း၊ သို့သော် ယင်းလမ်းညွှန်ချက်ကြောင့် ယခုအခါ အဆင်မပြေမှုများ၊ အခက်အခဲများ ကြုံတွေ့နေရသည်ကိုကြားသိရ၍ ယခုကဲ့သို့ ဖြေလျှော့ဆောင် ရွက်ရခြင်းဖြစ်ကြောင်း၊ ငါးပေအကျယ်ငါးပေအနက် သတ်မှတ်ခြင်း၊ ယခုကဲ့သို့ အဆင်ပြေသလို ဆောင်ရွက်ခွင့်ပြုခြင်းတို့သည် ရန်ကုန်မြို့တွင် နေထိုင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်း မြို့တော်ဝန်ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ထပ်မံပြောကြားသည်။
ရေမြောင်းစနစ်ကို ယခင်အတိုင်းဆောင်ရွက်ခွင့်ပြုသော်လည်း သတ်မှတ်စည်းကမ်းများကို လိုက်နာရမည်ဖြစ် ကြောင်း၊ ယင်းတို့အတွက် စည်းကမ်းချက် လေးချက်ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအချက်များမှာ အနီးပတ်ဝန်းကျင် ရေမြောင်းအရွယ်အစားအတိုင်းပဏာမ ဆောင်ရွက်ထားရှိရန်၊ အဆိုပါရေမြောင်းကို မြေသားအဖြစ်သာထားရှိရန်၊ လူနှင့်ယာဉ်များ ကူးသန်းသွားနိုင်ရန်အတွက် ယာယီပြုလုပ်ထားရှိရန်၊ ဌာနမှ အသေးစိတ်စစ်ဆေးပြီးမှသာသတ်မှတ်ပေးထားသော အရွယ်အစားအတိုင်း အခိုင်အမာ အမြဲတမ်း ရေမြောင်းပြုလုပ်ရန်တို့ဖြစ်ကြောင်း၊ အထက်ပါသတ်မှတ်ချက် ၊ စည်းကမ်းသစ်များကို ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းရှင်များ အနေဖြင့် စနစ်တကျလိုက်နာရန်အရေးကြီးကြောင်း YCDC အင်ဂျင် နီယာဌာနမှ (အဆောက်အအုံ) ဌာနမှူးဦးဇော်ဝင်းက ဖြည့်စွက်ပြောကြားသည်။
ရေမြောင်းတူးမည့်သူများအနေဖြင့် အနည်းဆုံး အကျယ် နှစ်ပေနှင့် အနက်နှစ်ပေရှိရမည်ဖြစ်ပြီး လူတစ်ဦး ဝင်ရောက်ရှင်းလင်းဆောင်ရွက်မှုပြုလုပ်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သိလို၊ မေးမြန်း လိုသည့် အကြောင်းအရာများကိုလည်းကိုယ်စားလှယ်၊ တစ်ဆင့်ခံများဖြင့်မဆောင်ရွက်ဘဲ လုပ်ငန်းရှင်များကိုယ် တိုင် ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆောင်ရွက်ကြစေလိုကြောင်း ဦးဇော်ဝင်းက ထပ်မံပြောကြားသည်။
ယခုနှစ်မိုးရာသီအပါအဝင် ယခင် နှစ်အချို့မှစ၍ ရွာသွန်းခဲ့သည့်မိုးရေချိန်သည် အမြင့်ဆုံးနေရာသို့ ရောက်ရှိခဲ့၍ ရန်ကုန်မြို့တော်အတွင်းရှိ ရပ်ကွက်၊ မြို့နယ်အချို့ ရေမြုပ်ခဲ့ရကြောင်း၊ ရေကြီးခဲ့မှုကြောင့် ရေမြောင်းများ အမှိုက်ပိတ်ဆို့မှုများရှိခဲ့ကြောင်း၊ လူနေအိမ် အချို့နှင့် စီးပွားရေးလုပ်ငန်းအချို့တို့ တွင်လည်း မိမိတို့ရှေ့ ရေမြောင်းများကို ကွန်ကရစ် အုတ်ပတ်ကားများဖြင့် အသေပြုလုပ်ထား၍ ရေလွှမ်းမိုးခဲ့မှုများလည်း ရှိခဲ့ကြောင်း၊ သို့ဖြစ်၍ ထိုဖြစ်ရပ်မျိုး မဖြစ်ရအောင် ငါးပေအကျယ် အနက် ဆောင်ရွက်ရန် သတ်မှတ်ခဲ့ခြင်းဖြစ် ကြောင်းလည်း ရန်ကုန်မြို့တော်ဝန်က ဆိုသည်။
ယင်းကို အချို့က နိုင်ငံရေးနှင့်နွှယ်၍ ဆောင်ရွက်လာမှုများရှိလာခဲ့ကြောင်းလည်း ရန်ကုန်မြို့တော်ဝန်က ဆိုသည် ။
ထိုသတင်းဆောင်းပါးနှင့်ပတ်သက်၍ ၊ အမည်မဖော်လိုသူ ကိုရီးယားနိုင်ငံရောက် မြန်မာလူငယ် တစ်ဦးကမူ “ ဟေး ၊ ဒါမှ ဒို့ကိုကြီးကျော်ကွ ၊ ကိုကြီးကျော်နိုင်တယ်” ဟု ဟစ်အော်ကာ ၊ ရန်ကုန်မြို့တော်ဝန်၏ ပြင်ဆင်ညွှန်ကြားချက်ကို ကြိုဆို ထောက်ခံလိုက်ကြောင်း သိရသည် ။

ရည်ညွှန်းချက်-
- The Voice Weekly (6/2)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, October 31, 2009

ကိုရီးယား ရွှေ့ပြောင်းအလုပ်သမား ပေါ်လစီက ဘယ်လိုပါလဲ ။

ကိုဝိုင်း(မိုးညှင်း)
အောက်တိုဘာ၃၁ ၊ ဆောအူးလ်မြို့။

ကိုရီးယားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ခဲ့သည့် ၂၀၀၆ ခုနှစ် အစီရင်ခံစာအရ ဆိုလျင် ၊ အမေရိကန်နိုင်ငံသည် အဓမ္မပြည်နှင်ခြင်း ဥပဒေပြဋ္ဌာန်းထားသော်လည်း အမေရိကန်တွင် ၁၀ နှစ်အထက် နေထိုင်ပြီး ပြစ်မှုသို့မဟုတ် အထူးပြဿနာ မရှိလျင် ၊ အဓမ္မပြည်နှင်မိန့်ကို ဖျက်သိမ်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည် ။ ဂျာမနီနိုင်ငံတွင်မူ ၂၀၀၅-ခုနှစ် လူဝင်မကြီးကြပ်ရေးဥပဒေ (အသစ်) အရ ၊ ဒုက္ခသည် ၂ သိန်းခန့်ကို အသိအမှတ်ပြု ကာ ၊ နှစ်ရှည် နေထိုင်ခွင့်ပေးခဲ့ကြောင်း ၊ နိုင်ငံသားများအဖြစ် အသိအမှတ်ပြုခြင်းထက် အကြိမ်ကြိမ် သက်တမ်းတိုးခွင့်ရှိသော နှစ်ရှည်နေထိုင်ခွင့်စနစ်ဖြင့် နိုင်ငံခြားသားများကို အသုံးပြုလျက်ရှိကြောင်း သိရသည် ။
၂၀၀၆-ခုနှစ်တွင် ရက်လွန်နေထိုင်သူ သောင်းပေါင်းများစွာကို အလုပ်စာချုပ်ချုပ်ဆိုစေပြီး တရားဝင်နေထိုင်သူများအဖြစ် အသိအမှတ်ပြုပေးခဲ့ပါသည် ။ အီတလီနိုင်ငံတွင်လည်း ၂၀၀၃ နှင့် ၂၀၀၆ခုနှစ်အကြား ၁၀ သိန်းကျော်သော နိုင်ငံခြားသားများကို ဂျာမနီနိုင်ငံကဲ့သို့ ဆောင်ရွက်ခဲ့ကြောင်းတွေ့ရှိရသည် ။ ထို့အတူ စပိန်နိုင်ငံသည်လည်း ၂၀၀၅ခုနှစ်တွင် ရက်လွန်နေထိုင်သူ နိုင်ငံခြားသား ၆သိန်းကျော်ကို ထိုသို့ပင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။ ပြင်သစ်နိုင်ငံတွင်လည်း ၂၀၀၇-ခုနှစ်တွင် ရက်လွန်နေထိုင်သူများကို အသုံးပြုနိုင်သော အမိန့်ထုတ်ပြန်ပေးခဲ့ရာ နိုင်ငံခြားသား ၂ သိန်းကျော်တို့ တရားဝင် နေထိုင်ခွင့်ရရှိသွားကြကြောင်း သိရသည် ။
ကိုရီးယားနိုင်ငံ တရားရေးဝန်ကြီးဌာနသည် ၊ လွန်ခဲ့သော နှစ် မတ်လတွင် ရက်လွန်နေထိုင်သူများ လျှော့ချရေး ၅နှစ်စီမံချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် ၊ ရက်လွန်နေထိုင်သူများဖမ်းဆီးရေး ကြမ်းသထက်ကြမ်းပြီး ၊ ရုပ်ဆိုးသထက်ဆိုးလာသည် ။ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်တွင် အဓမ္မပြည်နှင်ခဲ့သူ ၃ သောင်းကျော်ရှိပြီး ၊ ၂၀၀၇ခုနှစ်ကထက် ၆၀ ရာခိုင်နှုန်းကျော်ပိုများကြောင်း ၊ ယခုနှစ်တွင် အဓမ္မပြည်နှင်ခံရသူများ ပိုမိုများပြားဖွယ်ရှိနေကြောင်း ၊ ဒဏ်ရာရသူ နှင့် သေဆုံးသူများပင်ရှိနေပြီ ဟု ဆိုပါသည် ။

ယခုအခါတွင် နိုင်ငံခြားသား အလုပ်သမားငှားရမ်းခွင့်ပြုခဲ့သည်မှာ ၅နှစ်ပြည့်ခဲ့ပါပြီ ၊ ရွှေ့ပြောင်းအလုပ်သမား ပေါ်လစီ ပိုမိုကောင်းမွန်လာရေး အတွက် ကိုရီးယားလူမှုအသိုက်အဝန်းအနေဖြင့် ဝိုင်းဝန်း အားထုတ်သွားကြဖို့ လိုအပ်မှာဖြစ်ကြောင်း နိုင်ငံခြားသား အလုပ်သမားအရေးဆောင်ရွက်နေကြသည့် အင်ဂျီအိုများက နှိုးဆော် တိုက်တွန်းနေ ကြပါသည် ။

ထို့ပြင် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့်လည်း ၊ ဥစ္စာရင်လိုဥစ္စာရင်ခဲဆိုသကဲ့သို့ မိမိတို့အရေး မိမိတို့ကိုယ်တိုင် ဆောင်ရွက်ကြဖို့လိုအပ်မှာဖြစ်ကြောင်း ၊ မိမိတို့ ကြုံတွေ့နေရသည့် အခက်အခဲများ ၊ အဆင်မပြေမှုများ နှင့် မိမိတို့လိုလားချက်များကို အောင့်အည်းသည်းခံမနေဘဲ ၊ အများပြည်သူများသိရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် ထုတ်ဖေါ်တင်ပြသွားဖို့လိုအပ်မှာဖြစ်ကြောင်း ၊ သို့မှသာ ကိုရီးယားအလုပ်သမားစနစ်၏ ပျော့ကွက်ဟာကွက်အားနည်းချက်များကို အတိုက်အခံ လွတ်တော်အမတ် စသည်တို့မှတစ်ဆင့် ပြည်သူ့လွတ်တော် သို့မဟုတ် သက်ဆိုင်ရာသို့ တရားဝင်တင်ပြပေးနိုင်မှာဖြစ်ကြောင်း ၊ အစိုးရက ဥပဒေအရဆောင်ရွက်နေတာပဲဆိုပြီး ၊ မတတ်နိုင်ပါဟု စိတ်ပျက်လက်လျှော့မနေဘဲ လူတို့အတွက် လူတွေကပြဋ္ဌာန်းထားသောဥပဒေများသည် အများပြည်သူတို့၏ လိုအပ်ချက်နှင့် မကိုက်ညီပါက အချိန်မရွေးပြန်လည်ပြန်ဆင်နိုင်ရန် အခွင့်အရေးများလည်း ရှိနေကြောင်း ၊ သို့ဖြစ်ရာ ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ကမ္ဘာအရပ်ရပ်မှ အလုပ်သမား၏ အခွင့်အရေးနှင့် အခြေအနေများကို မျက်ခြေမပြတ်လေ့လာခြင်း ၊ မိမိတို့အခက်အခဲများကို မီဒီယာများမှတစ်ဆင့် ထုတ်ဖော်တင်ပြခြင်း ၊ လက်မှတ်ထိုးတောင်းဆိုမှုများပြုလုပ်ခြင်း ၊ ငြိမ်းချမ်းစွာဆန္ဒပြခြင်း စသည်တို့ကို လုပ်ဆောင်သွားသင့်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအသံလွင့်ဌာနက ပြောသည် ။


ရည်ညွှန်းချက်-
-ရွှေ့ပြောင်းအသံလွင့်ဌာန ၊ သတင်းစဉ် (၉၁-၄)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, September 30, 2009

ဥပဒေဆိုင်ရာ အကူအညီလိုအပ်သည့် နိုင်ငံခြားသားများ ၊ ကိုရီးယားရှေ့နေများကောင်စီထံမှ အကူအညီတောင်းခံနိုင်

ကိုဝိုင်း(မိုးညှင်း)
စက်တင်္ဘာ ၃၀ ၊ ဆောအူးလ်မြို့။

ကိုရီးယားရှေ့နေများကောင်စီ ဥပဒေအကူအညီရုံး (Korean Bar Association Legal Aid Office) သည် ရွှေ့ပြောင်းအလုပ်သမားတို့ ကြုံတွေ့ရလေ့ရှိသော ကိုရီးယားနိုင်ငံ ဥပဒေဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးလျက်ရှိကြောင်းသိရပါသည် ။

အကူအညီလျှောက်ထားရယူနိုင်သည်များ
လစာနောက်ကျခြင်း လစာမရရှိခြင်းစသည့် အလုပ်ခွင်ကိစ္စများ ၊ ကလေးများ အိမ်ထောင်စုစာရင်းတွင် မှတ်ပုံတင်သွင်းခြင်း သို့မဟုတ် လင်မယားကွာရှင်းခြင်းစသည့် မိသားစုကိစ္စများ နှင့် ဒုက္ခသည်လျှောက်ထားခြင်း ကိစ္စများ စသည်တို့နှင့် ပတ်သက်၍ အကူအညီလိုအပ်သော နိုင်ငံခြားသားများ သည် အဆိုပါ ကိုရီးယားရှေ့နေများကောင်စီထံ အကူအညီ တောင်းခံနိုင်သည်ဟုဆိုပါသည် ။



လျှောက်ထားနည်း
အင်တာနက်စာမျက်နှာ www.koreanbar.or.kr (legal aid) သို့မဟုတ် (ဤနေရာ) တွင် ၊ လျှောက်လွှာပုံစံဆွဲချရယူ၍ ၊ အချက်အလက်များ ဖြည့်စွက်ပြီး ၊ လျှောက်လွှာနှင့်အတူ အကူ အညီတောင်းခံသူ၏ နိုင်ငံခြားသားမှတ်ပုံတင် ကပ်ပြားမိတ္တူ နှင့် အမှုနှင့် သက်ဆိုင်မည့် သက်သေခံ အထောက်အထား စာရွက်စာတမ်းများကို ပူးတွဲ ပေးပို့ရမည်ဟုဆိုပါသည် ။ ၄င်း ရှေ့နေများအသင်း (ဖေါင်ဒေးရှင်း) သို့ လူကိုယ်တိုင်လာရောက်မည်ဆိုလျင် ၊ ကိုရီးယားဘာသာပြန်ပေးနိုင်မည့်သူနှင့် အတူ လာစေလိုကြောင်း မေတ္တာရပ်ခံထားပါသည် ။

ကုန်ကျစရိတ်များကိစ္စ
ဥပဒေဆိုင်ရာ အကူအညီပေးရန် ဆုံးဖြတ်ချက်ရပြီဆိုလျင် ၊ ရှေ့နေခအပါအဝင် အမှုနှင့် ပတ်သက်သည့် အထွေထွေ အသုံးစရိတ်ကို လျှောက်ထားသူကိုယ်စား အသင်း(ဖေါင်ဒေးရှင်း)က ကျခံမည် ဖြစ်ကြောင်း ၊ အမှုပြီးဆုံးသည့်အခါ ၊ အမှုသည်၏ သဘောဆန္ဒအတိုင်း ၊ အထွေထွေကုန်ကျစရိတ်များကို ပြန်ပေးလိုက ပြန်လည်ပေးသွင်းနိုင်ပြီး ၊ အမှုသည်၏ ဘဏ္ဍာရေးအခြေအနေအရ ပြန်လည်မပေးလိုလျင်လည်း ရသည်ဟုဆို ပါသည် ။ သို့ရာတွင် နိုင်သောအမှု အတွက် ဝမ် သိန်း၅၀အောက် အမှုတွဲများ ၊ မအောင်မြင်သောအမှုများနှင့် ပြစ်မှုဆိုင်ရာ အမှုကိစ္စများအတွက် ရှေ့နေခ နှင့် အမှုစရိတ်များ ကင်းလွတ်ခွင့်ပြုထားကြောင်းလည်းသိရ ပါသည် ။
မေးမြန်းနိုင်သည်
သိလိုသည်များနှင့် မရှင်းမလင်း မေးမြန်းလိုသည်များကို ကိုရီးယားရှေ့နေများကောင်စီ ဥပဒေအကူအညီရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည် ။
ဆက်သွယ်ရန်နှင့် လိပ်စာမှာ-
Seoul, Seochogu, Seochodong 1718-1 lawyer office 5th floor
Tel: 02-3476-4045
Fax: 02-2476-4008
လမ်းညွှန်မှာ ၊ အမှတ်(၂) မြေအောက်ရထားလိုင်း(အစိမ်းလိုင်း) ဆောချိုဘူတာ (Seocho Station) ထွက်ပေါက် အမှတ်(၈)မှထွက်ပြီး ၊ ၂မိနစ်ခန့် လျှောက်လျင်ရောက်ပါမည် ။ မြေပုံမှာ(ဤနေရာတွင်နှိပ်) ။
ကိုရီးယားနိုင်ငံတစ်ဝှမ်းတွင် ၊ ကိုရီးယားရှေ့နေများအသင်း ဒေသဆိုင်ရာ ရုံးခွဲများရှိပြီး ၊ နိုင်ငံနှင့်အဝှမ်း နီးစပ်ရာရုံးများနှင့် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းလည်း သိရသည် ။ ဒေသဆိုင်ရာ ရုံးခန်းများမှာ (ဤနေရာတွင်နှိပ်)


Sources:
-MWTV NEWS.
-www.koreanbar.or.kr

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, September 29, 2009

အီရန်ရွှေ့ပြောင်းအလုပ်သမားတစ်ဦး အဓမ္မပြည်နှင်ခြင်းမှ ဆိုင်းငံ့ထားရေး သတင်းစာရှင်းလင်းပွဲကျင်းပ

ကိုဝိုင်း(မိုးညှင်း)
စက်တင်္ဘာ ၂၉ ၊ ဆောအူးလ် ။

ဟွာဆောင်းနိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံနေရသော အီရန်နိုင်ငံသား ဒုက္ခသည် မစ္စတာအိုဆိုသူအား အဓမ္မပြည်နှင်ခြင်းမှ ဆိုင်းငံထားရန် သတင်းစာရှင်းလင်းပွဲကို ၊ စက်တင်ဘာ ၂၃ ရက်နေ့ က ကိုရီးယားလူ့အခွင့်အရေး ကော်မရှင်ရုံးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရပါသည် ။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရွှေ့ပြောင်းအလုပ်သမားများ ပူးတွဲလှုပ်ရှားမှုကော်မတီ၏ အစီအစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ၊ အီရန်နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အို ဆိုသူသည် ၂၀၀၅-ခုနှစ် မေလက ကိုရီးယားနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်ပြီး ၊ မူလ ကိုးကွယ်သည့် အစ္စလာမ်ဘာသာမှ ခရာစ်ယာန်ဘာသာသို့ ပြောင်းလဲ ကိုးကွယ်ခဲ့သည်ဟု ဆိုပါသည် ။

၎င်းနောက် ၂၀၀၅ ခုနှစ် နိုဝင်္ဘာလ တစ်ညတွင် သူငယ်ချင်းများနှင့် အတူ အရက်သောက်ခဲ့ကြပြီး ၊ သူငယ်ချင်းတစ်ဦးက ပေးသော စီးကရက်ကို သောက်ခဲ့ရာ ၊ ၄င်း စီးကရက်မှာ ဟာဆွိဆွိဆိုသော မူးယာစ်ဆေးတစ်မျိုးပါနေသည်ကို သူမသိခဲ့ရဟု ဆိုပါသည် ။ နောက်နေ့ မနက်တွင် ရဲစခန်း အချုပ်တစ်ခုသို့ ရောက်နေခဲ့ပြီး ၊ ပြည်နှင်မိန့်(Deportation Order) နှင့်အတူ နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်းလည်း သိရပါသည် ။


၎င်း မစ္စတာ အိုသည် ဘာသာပြောင်းခဲ့ခြင်း အကြောင်းပြချက်ဖြင့် ကိုရီးယားနိုင်ငံတွင် ဒုက္ခသည် (Refugee) အဖြစ်လျှောက်ထားခဲ့ကြောင်း ၊ သို့ရာတွင် ကိုရီးယား တရားရေားဝန်ကြီးဌာနက ၄င်းလျှောက်ထားချက်ကို ငြင်းပါယ်ခဲ့ပြီး အဓမ္မပြည်နှင်ဖို့ ပြင်ဆင်နေကြောင်းသိရသည် ။ အီရန်နိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေတွင် အစ္စလာမ်ဘာသာမှ အခြားသော ဘာသာသို့ ကူးပြောင်းယုံကြည်လျင် ၊ သေဒဏ်ကျခံစေရမည်ဟု ပြဋ္ဌာန်းထားကြောင်း ၊ ၄င်းအား အဓမ္မ ပြည်နှင်ခဲ့မည်ဆိုလျင် ၊ လူတစ်ယောက်၏ အသက်ကို အန္တရာယ်တွင်းသို့ တွန်းပို့သလို ဖြစ်စေနိုင်ကြောင်း ကိုရီးယား လူ့အခွင့်အရေး လှုပ်ရှားသူများက ထင်မြင်ယူဆနေကြပါသည် ။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများသည် ၊ အဓမ္မပြည်နှင်မိန့်ကို ဆိုင်းငံ့ထားပြီး ၊ ၄င်း မစ္စတာအိုကို ပြန်လွတ်ပေးရန် ကိုရီးယားအစိုးရထံ တောင်းဆိုခဲ့ကြကြောင်း သိရသည် ။ ယခုအခါ မစ္စတာအိုသည် ၄င်းအား အချုပ်မှလွတ်ပေးရေးအတွက် အစာငတ်ခံဆန္ဒပြနေသည်မှာ ၁ လ ရှိပြီဟု ဆိုသည် ။ ၄င်းသည် ဟွာဆောင်း နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းတွင် ချုပ်နှောင်ခံနေရသည်မှာ ၃ နှစ်နှင့် ၉ လရှိနေခဲ့ပြီး ၊ ကျန်းမာရေးအခြေအနေလည်း မကောင်းကြောင်း သိရပါသည် ။

ရည်ညွှန်းချက်-
-MWTV သတင်းလွှာ (၉၀-၅)



ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 27, 2009

လူတိုင်းသိထားသင့်သော သူတစ်ပါးထိခိုက်မှုအာမခံ

မြန်မာတစ်ဦးယာဉ်တိုက်ခံရခြင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ယောက် ၊ ကားတိုက်ခံရလို့ဆေးရုံတက်နေရကြောင်း ၊ ကားတစ်စီးက တိုက်ပြီးမောင်းပြေးသွားတာဖြစ်ကြောင်း ၊ ဘာကားအမျိုးအစား ၊ အရောင်အသွေး နှင့် ကားနံပါတ်စသည်တို့ကိုလည်း မှတ်မိသိရှိခြင်းမရှိကြောင်း ၊ ကားတိုက်ခံရလျင် ခံရခြင်း လမ်းမပေါ် လဲကျမူးမေ့သွားကြောင်း ၊ ကိုရီးယား တက္ကစီဆရာတစ်ဦးက တွေ့ရှိသဖြင့် ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း ၊ ဘယ်ဖက်မေးရိုး ၃ ပိုင်းကျိုးသွားပြီး ၊ မျက်နှာတစ်ခြမ်းစုတ်ပြတ်သွားကြောင်း ၊ မျက်နှာအရေပြား အစားထိုး ကုသဖို့ လိုအပ်မှာ ဖြစ်ကြောင်း ၊ ကားတိုက်ခံရသူမှာ ကိုရီးယားတွင် ဗီဇာရက်လွန်နေထိုင်သူဖြစ်ကြောင်း ၊ ကားတိုက်ခံရသည်ဟု ပြောလျင် ကိုရီးယားရဲနှင့် လူဝင်မှုကြီးကြပ်ရေးတို့ သိရှိသွားပြီး ဖမ်းဆီး ပြန်ပို့ခြင်း ခံရမည်ကို စိုးရိမ်နေသဖြင့် ကားတိုက်ခံရ သည်ဟု မပြောဘဲ ၊ အိမ်ပေါ်မှလိမ့်ကျသည်ဟု ဆေးရုံတွင် လိမ်လည် ပြောကြားထားကြောင်း ၊ ဆေးရုံစရိတ် ကြီးမားလှသော ကိုရီးယားတွင် ၄င်းအနေဖြင့် ဆေးဝါးကုသမှု ဆက်လက်ခံယူရန် အခက်အခဲရှိနေကြောင်း ၊ မြန်မာပြည်ပြန်ပြီး ဆေးဝါးကုသမှု ခံယူတော့မည်ဟု ပြောနေကြောင်း စသည်ဖြင့် ဆေးရုံတွင် သွားရောက် တွေ့ဆုံ ပြန်လာသော ၄င်း၏ မိတ်ဆွေတစ်ယောက်ထံမှ ပြောပြသိရှိရပါသည် ။

ယာဉ်တိုက်ခံရလျင် ၊ ဘာလုပ်သင့်သနည်း
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျနော်တို့ စကားစမြည်ပြောဖြစ်ကြပါသည် ။ သည်လိုနှင့် သူတစ်ပါးထိခိုက်မှု အာမခံအကြောင်းကို လည်း ဆွေးနွေးဖြစ်ကြပါသည် ။ ကားတိုက်ခံရသူမှာ ကိုရီးယားတွင် ရက်လွန် နေထိုင်သူဖြစ်ပြီး ၊ ဘာအာမခံမှလည်း မထား ၊ ထားလို့လည်းမရသည့်အနေအထားဖြစ်သဖြင့် ၊ သူတစ်ပါးလည်းမလုပ်မရှုပ်ရ ၊ အိမ်ပေါ်က လိမ့်ကျသည်ဟုပြောလိုက်ခြင်းက မှန်ကန်သင့်တော်သောလုပ်ရပ်ဟု ထင်မြင်ကြောင်း မှတ်ချက်ပေးပါသည် ။ စာရှုသူကကော မည်သို့ယူဆပါသနည်း ။ မိတ်ဆွေရဲ့ အရင်းခံအသိပေါ်မှာမူတည်၍ အဖြေပေးလိမ့်မည်ထင်ပါသည် ။
ကိုယ်တိုင်ထားဖို့မလိုသော အာမခံကြေးတစ်မျိုး
သူတစ်ပါးထိခိုက်မှုအာမခံဆိုသည်မှာ ၊ မိမိကိုယ်တိုင်က သီးသန့်ထားစရာမလိုသော အာမခံအမျိုးအစားဖြစ်ပါသည် ။ သူတစ်ပါးကို အန္တရာယ်ဖြစ်စေနိုင်သော စက်တပ်ယာဉ်များ ပိုင်ဆိုင် သို့မဟုတ်သုံးစွဲသူများက ၊ ပိုင်ဆိုင်မှု ရှိလာသည်နှင့်တစ်ပြိုင်နက် မထားမနေထားရသော အာမခံအမျိုးအစားဖြစ်ပါသည် ။ ထားရအောင်လည်း သက်ဆိုင်ရာအစိုးရအသီးသီးက စီမံဆောင်ရွက်ထားလေ့ရှိကြပါသည် ။ မော်တော်ကားပိုင်ရှင်များ ကားဝယ်ပြီ ဆိုကတည်းက ၊ အဆိုပါ အာမခံကို ထားရှိရပါသည် ။ အာမခံမထားလျင် မော်တော်ကားလိုင်စင် ထုတ်ပေးလေ့မရှိပါ ။ အဆိုပါကားကိုလည်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများမှာ မောင်းနှင် သုံးစွဲခွင့်မရှိပါ ။ ထိုသို့ အာမခံအသီးသီးထားရှိရသော စက်တပ်ယာဉ်များအနေဖြင့် သူတစ်ပါးကို ထိခိုက်စေမှုရှိခဲ့ပါက ၊ အာမခံငွေကို ရယူထားသည့် အာမခံဌာန သို့မဟုတ် ကုမ္ပဏီအနေဖြင့် ၊ ထိုခိုက်မှုဖြစ်စေခဲ့သည့် စက်တပ်ယာဉ်ကိုယ်စား ၊ ထိခိုက်ခံရသူတို့ အာမခံကြေးကို ပေးလျော်ပါသည် ။ ထိုခိုက်ခံရမှုအခြေအနေကိုလိုက်၍ ဒဏ်ရာရရှိမှု ပြင်းထန်လျင်ပြင်းထန်သလို ၊ သေလျင်လည်းသေဆုံးသည့်အလျောက် သတ်မှတ်ထားသည့် အချိုးအဆအတိုင်း ပေးလျော်ခြင်းဖြစ်ပါသည် ။ ယာဉ်တိုက်မှုဖြစ်စေခဲ့သည့် ယာဉ်မောင်းက သို့မဟုတ် ယာဉ်ပိုင်ရှင်က တိုက်ရိုက် ပေးလျော်ရခြင်းမျိုးမဟုတ်ပါ ။
တရားခံမိဖို့အဓိကမဟုတ်
ယာဉ်တိုက်မှုခံရလျင် ၊ ဖြစ်စဉ်ကို အနီးဆုံးရဲစခန်း သို့မဟုတ် မိမိရောက်ရှိသည့် ဆေးရုံသို့ ဖွင့်ပြောဖို့ လိုအပ်ပါမည် ။ သို့မှသာ ဆေးရုံမှုခင်းဌာန သို့မဟုတ် သက်ဆိုင်ရာရဲများက ယာဉ်တိုက်မှု မှန်မမှန် လိုအပ်သလို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး ဖြစ်စဉ်ကို သက်ဆိုင်ရာမှတ်တမ်းများတွင်ရေးသွင်းခြင်း ၊ သက်ဆိုင်ရာသို့အစီရင်ခံခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည် ။ ကိုရီးယားလမ်းများတွင် အလိုအလျောက် ရုပ်သံမှတ်တမ်းရိုက်ကူးစက် (စီစီတီဗီ) များဖြင့် မှတ်တမ်းတင်ထားလေ့ရှိပြီး ၊ ထိုမှတ်တမ်းခွေများမှာလည်း လပေါင်းများစွာ ပြန်လည်စစ်ဆေးကြည့်ရှုနိုင်ကြောင်း သိရပါသည် ။
ယာဉ်တိုင်မှုဖြစ်သည့် အချိန်နှင့် နေရာကို တိတိကျကျပြောနိုင်ခဲ့မည်ဆိုလျင် ၊ ယာဉ်တိုက်ပြေးတရားခံ (ပင်းဆိုနီ) ကို အလွယ်တကူ ဖော်ထုတ်ဖမ်းဆီးရမိနိုင်သည့်အခြေအနေတွင် ရှိကြောင်းလည်း သိရပါသည် ။ ယာဉ်တိုက်သည့် တရားခံကို မဖမ်းမိသည့်တိုင် မိမိသည် အမှန်တကယ်ယာဉ်တိုင်ခံရကြောင်း သက်သေပြနိုင်ဖို့သာ အဓိကဖြစ်ပါသည် ။ ယာဉ်တိုက်မှုကျူးလွန်သူတရားခံဖမ်းမိရေးမှာ ရဲများ၏ တာဝန်ဖြစ်ပါသည် ။
ယာဉ်တိုက်ခံရလျင် ၊ အာမခံကြေးရပိုင်ခွင့်ရှိ
အထက်ပါဖြစ်စဉ်တွင် ၊ ယာဉ်တိုက်ခံရသူ မိတ်ဆွေက ပါးတွင် ဒါဏ်ရများရရှိခဲ့ခြင်းသည် ယာဉ်တိုက်ခံရကြောင်း သက်သေ အထောက်အထားတစ်ခုဖြစ်ပြီး ၊ တက္ကစီဆရာက မိမိလမ်းမပေါ်တွင် မူးလဲနေကြောင်း တွေ့ရှိခြင်းသည်လည်း မိမိ ယာဉ်တိုက် ခံရကြောင်း သက်သေ အထောက်အထား တစ်ခုပင် ဖြစ်မည်ဟု သဘောရပါသည် ။ အကယ်၍ အထက်ပါ ဖြစ်စဉ်တွင် ယာဉ်တိုက်ခံရသူက ၊ မိမိ ယာဉ်တိုက် ခံရကြောင်း ဆေးရုံသို့ သတင်းပို့ခဲ့မည်ဆိုလျင် ၊ ဆေးရုံမှုခင်းဌာနက ယာဉ်တိုက်မှုဖြစ်စဉ် အမှုတွဲဖွင့်ထားပြီး ၊ သက်ဆိုင်ရဲများက ယာဉ်တိုက်မှုဖြစ်ပွးရာ နေရာသို့သွား ရောက်၍ မြေပုံများရေးဆွဲခြင်း ၊ ပတ်ဝန်းကျင်မှ သက်သေများကို မေးမြန်းခြင်း စသည်ဖြင့် လိုအပ်သည့် စုံစမ်း စစ်ဆေးမှုများပြုလုပ်ကာ ၊ ယာဉ်တိုက်မှု အဖြစ်မှတ်တမ်း တင်ထားခဲ့မည်ဆိုလျင် ၊ အာမခံကော်ပိုရေးရှင်းထံတွင် ယာဉ်တိုက်ခံရမှု အာမခံကြေးလျှောက်ထားရယူနိုင်သော အနေအထားဖြစ်သည်ဟု လေ့လာသိရှိရပါကြောင်း ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, August 1, 2009

၃-ကြိမ်အထက် အလုပ်ခွင်ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်၍ သတိပြုသင့်သော ဖြစ်စဉ်တစ်ခုဖြစ်ပွါး

ကိုဝိုင်း(မိုးညှင်း)
ဇူလိုင် ၃၁ ၊ ဆောအူးလ်မြို့။

ဖြစ်စဉ်မှာ အီးပီစနစ်ဖြင့် ကိုရီးယားသို့ရောက်လာသော အင်ဒိုနီးရှားအလုပ်သမား မစ္စတာ မိုဟာမက် သည် အလုပ်ရှင်များ၏ ပယောဂကြောင့် အလုပ်ရုံ ၃ ရုံ ပြောင်းခဲ့ရပြီးဖြစ်ကြောင်း ၊ အီးပီစနစ် သက်တမ်း ၃နှစ် ကုန်တော့မည့် အနေအထားဖြစ်ကြောင်း ၊ နောက်ဆုံးအလုပ်ရှင်က ၄င်းအား ထပ်မံငှားရမ်းလိုခြင်းမရှိကြောင်း ၊ သို့ရာတွင် မိုဟာမက်အနေဖြင့် ၄င်းအား ထပ်မံငှားရမ်းလိုသော အခြားအလုပ်ရှင်ကို ရှာဖွေတွေ့ရှိခဲ့သည် ဟုဆိုပါသည် ။

အလုပ်ခွင်ပြောင်းရွှေ့ရခြင်းသည် အလုပ်ရှင်များ၏ ပယောဂကြောင့်ဆိုလျင် နောက်ထပ်တစ်ကြိမ် အပိုဆောင်း ပြောင်းရွှေ့ခွင့်ရှိကြောင်း အီးပီ ဥပဒေမှာ ပြဌာန်းထားပါသည် ။

သို့ရာတွင် ၄င်းမိုဟာမက် သည် အလုပ်ခွင် ၃ ကြိမ်ပြောင်းရွှေ့ပြီးဖြစ်သဖြင့် ထပ်မံပြောင်းရွှေ့ခွင့် မရှိကြောင်း ၊ ထို့ကြောင့် ထပ်မံ ငှားရမ်းခွင့်လည်း ဆုံးရှုံးကြောင်း ကိုရီးယား အလုပ်သမားရုံးက မှတ်ချက်ပေးခဲ့သည်ဟု ဆိုပါသည် ။

မိုဟာမက် အလုပ်ခွင်ပြောင်းရွှေ့ခဲ့ရခြင်းသည် ၃ ကြိမ်စလုံး မိမိအပြစ်ကြောင့် ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်သည်ဟု အလုပ်သမားရုံးက မှတ်တမ်းတင်ထားခဲ့ခြင်းကြောင့်ဟု ဆိုပါသည် ။ ယင်းပြဿနာကို ရွှေ့ပြောင်းအလုပ်သမားအစည်းအရုံး၏ အကူအညီဖြင့် ဖြေရှင်းပေးခဲ့ရကြောင်းသိရပါသည် ။

ထိုပြဿနာမျိုးကာကွယ်နိုင်ရန် ၊ ကိုရက်ပ်စ် အလုပ်သမားများ အလုပ်ခွင်ပြောင်းရွှေ့ရသည့်အခါများတွင် ၊ အလုပ်ရှင်၏ ပယောဂကြောင့် ပြောင်းရွှေ့ခဲ့ရခြင်း မှန်ကန်လျင် ၊ အမှန်အတိုင်း မှတ်တမ်းတင်နိုင်အောင် မိမိဘက်က အတည်ပြု စစ်ဆေးဖို့ လိုအပ်မှာ ဖြစ်ကြောင်း ၊ မိမိအနေဖြင့် အတည်ပြုစစ်ဆေးရန် အခက်အခဲရှိမည်ဆိုလျင် အနီးဆုံး ရွှေ့ပြောင်းအလုပ်သမားဆင်တာထံမှ သို့မဟုတ် တတ်သိသော မိတ်ဆွေများ၏ အကူအညီကို ရယူလျက် ၊ အမှန်အတိုင်း မှတ်တမ်းတင်နိုင်အောင် ပြုလုပ်ထားသင့်ကြောင်း သိရသည် ။

အကောင်းဆုံးနည်းမှာ ကိုရီးယားအီးပီစနစ်တွင် အလုပ်ခွင် ပြောင်းရွှေ့ခွင့် ၊ တားမြစ်ထားခြင်းကို ပြောင်းလဲ ပြင်ဆင်ပြဌာန်းပေးရန် အရေးဆိုဖို့ပဲ ဖြစ်သည်ဟု ကိုရီးယားနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်နေသူများက ပြောကြောင်းသိရသည် ။

ရည်ည့န်းချက်-
၁ ။ အမ်ဒဗလျူတီဗီသတင်းစဉ်(၈၈)။
၂။ အာရှအလုပ်သမားသတင်းစဉ်(၂၆၃)။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, July 29, 2009

မတရား အလုပ်ဖြုတ်ခံရသော ရွှေ့ပြောင်းအလုပ်သမားများအား လျော်ကြေးပေးစေရန် တရားရုံး ဆုံးဖြတ်ချက် ထွက်လာ

ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ ဇူလိုင် ၂၈ ။

၂၀၀၇ခုနှစ် ဆောင်းရာသီ ၊ ဖိုဟန်မြို့ရှိ ၊ စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ ၊ မြန်မာနိုင်ငံသား မစ္စတာတီ ဟာ အလုပ်ခွင်မှာ ကိုရီးယားအလုပ်သမား တစ်ဦးနှင့် အချင်းများခဲ့ကြပါတယ် ။ အချင်းများခဲ့ကြရာမှ ဆဲဆိုကြတဲ့ အဆင့်ထိရောက်ရှိခဲ့ကြတယ်လို့ဆိုပါတယ် ။ အဲသည် အချင်းများမှုကို အကြောင်းပြုပြီး ၊ ကိုရီးယား အလုပ်ရှင်ဟာ မြန်မာအလုပ်သမားကို အလုပ်က ထုတ်ပြစ်လိုက်တယ်လို့ဆိုပါတယ် ။ အတူတူ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၆ယောက်တို့ စုပေါင်းပြီး ၊ အလုပ်မထုတ်ဖို့ အလုပ်ရှင်ကို ဝိုင်းဝန်း အရေးဆိုခဲ့ကြပေမယ့် အလုပ်ရှင်ဟာ အရေးဂရုမပြုဘဲ ဝိုင်းဝန်းအရေးဆိုခဲ့ကြတဲ့ မြန်မာအလုပ်သမားများပါ အလုပ်ထုတ်ခြင်း ခံခဲ့ကြရ တယ်လို့ဆိုပါတယ် ။ အလုပ်ရှင်ဟာ အလုပ်ပြောင်းရွှေ့ခွင့်ကိုပင် ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ် ။ ဒီလိုနှင့် မြန်မာအလုပ်သမားများဟာ တရားမဝင်အလုပ်သမားများဘဝကို ရောက်ရှိသွားခဲ့ကြတယ်လို့ဆိုပါတယ် ။

မြန်မာ အလုပ်သမားများထံမှ အုပ်ချုပ်မှုစရိတ် လစဉ် ဖြတ်တောက်ယူနေခဲ့တဲ့ မြန်မာကုမ္ပဏီမှ တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း မည်သည့် အကူအညီကိုမျှ မရခဲ့ကြဘူးလို့ဆိုပါတယ် ။ သူတို့ဟာ ကိုရီးယား အောက်ပိုင်း သင်္ဘောဆိပ်မြို့ ဖိုဟန်ကနေပြီး မြန်မာကုမ္ပဏီရုံးခန်း ရှိရာ ဆောအူးမြို့တော်အထိ အခက်အခဲများစွာနှင့် လာခဲ့ကြရတာလို့ ဆိုပါတယ် ။ သို့ပေမယ့် အုပ်ချုပ်မှုစရိတ်ဖြတ်တောက် ယူငင်နေတဲ့ ကုမ္ပဏီထံမှ မည်သည့် အကာအကွယ် အကူအညီကိုမျှမရရျိခဲ့သော်ငြား ကံကောင်းထောက်မစွာဖြင့် နိုင်ငံခြားသားအကူအညီပေးရေးဌာနတစ်ခုရဲ့ အကူအညီနှင့် ၊ လုပ်သက်ဆုကြေးငွေ နှင့် နောက်ဆက်တွဲလစာငွေများကို ရရှိခဲ့ကြပြီး ၊ အလုပ်ရုံပြောင်းရွှေ့ခွင့်ကိုပါ ရရှိခဲ့ကြတယ်လို့ဆိုပါတယ် ။

သို့ရာတွင် မြန်မာ အလုပ်သမားများဟာ အလားတူ ဖြစ်စဉ်မျိုးနောက်နောင်မပေါ်ပေါက်စေရေးအတွက် ၊ နောက်လာမည့် အလုပ်သမားများအတွက် အကာအကွယ်ဖြစ်စေရန်အလို့ငှာ ၊ မတရား အလုပ်ဖြုတ်ခံရခြင်းအတွက် လျော်ကြေးငွေပေးစေရန် တရားစွဲဆို တောင်းခံခဲ့ကြတယ်လို့ဆိုပါတယ် ။ ၁နှစ်ကျော်အကြာ ၊ လွန်ခဲ့တဲ့ မေလမှာတော့ အင်ချောန် ဒေသတရားရုံးတော်က ၊ မတရားအလုပ်ဖြုတ်ခံ ရတဲ့ မြန်မာအလုပ်သမားများကို လျော်ကြေးပေးစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရပါတယ် ။

ကိုရီးယားလူမှုအသိုက်အဝန်းမှာ နိုင်ငံခြားသားများနှင့် ဆိုင်တဲ့ ဥပဒေ ပြဌာန်းချက် အများအပြားရှိနေပါတယ် ၊ သို့ရာတွင် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်သူအလွန်နည်းပါးနေသေးကြောင်းတွေ့ရတယ်လို့ဆိုပါတယ် ။ ယခုအမှုမှာ အလုပ်ရှင်အနေဖြင့် အဆင့်မြင့်တရားရုံးတော်သို့ အယူခံတက်ရောက်နေဆဲ ဖြစ်ကြောင်း သိရပါတယ် ။ ဘာပဲဖြစ်ဖြစ် ယခုအမှုမှာ မြန်မာ အလုပ်သမားတို့ အပြီးသတ်အနိုင်ရခဲ့မည်ဆိုလျင် ကိုရီးယားနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတို့အတွက် အခြေခံရပိုင်ခွင့်တစ်ခု ပီပီပြင်ပြင် အကာအကွယ်ပေးနိုင်ပြီလို့ ဆိုရမှာဖြစ်တယ်လို့ ဥပဒေလောကသားများက ဝေဖန်နေကြကြောင်း သိရပါတယ် ။

ရည်ညွှန်းချက် ။
- အမ်ဒဗလျူတီဗီသတင်းစဉ်(၈၈)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>