Thursday, March 28, 2013

အထောက်အထားမဲ့အလုပ်သမားများ လွတ်လပ်စွာ အမှုတိုင်ကြားနိုင်ပြီ

ရေးသားသူ — စိုးမိုးသူ


ကိုရီးယားမှာ ဗီစာမဲ့နေထိုင်သူ နိုင်ငံခြားသားများဟာ သူတို့အပေါ် တစုံတဦးက ပြစ်မှုကျူးလွန်တာကို ရဲဌာနကို တိုင်ကြားလိုပေမယ့် မတိုင်ဝံ့လို့ အံကြိတ် သီးခံနေခဲ့ရတာ ကြာပြီဖြစ်ပါတယ်။ 

အကြောင်းကတော့ ရဲဌာနအနေနဲ့ တိုင်ကြားသူ နိုင်ငံခြားသားရဲ့ အမှုကို လူဝင်မှုကြီးကြပ်ရေးဌာနကို မဖြစ်မနေ အကြောင်းကြားပေးရတာကြောင့်  တိုင်ကြားသူများဟာ အမှုကို တိုင်ကြားရာမှ မိမိရဲ့ ဗီစာမဲ့နေ ထိုင်မှုကြောင့် မိမိအား လူဝင်မှုကြီးကြပ်ရေးဌာနမှ ဖမ်းဆီးပြီး နေရပ်ပြန်ပို့မှာကို စိုးရိမ်လို့ပဲဖြစ်ပါတယ်။

အထူးသဖြင့် ကိုရီးယားတွင်း နေထိုင်သူ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လစာ မရရှိခြင်း၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုဆိုင်ရာ လျော်ကြေးငွေ မရရှိခြင်း၊ ကာမဆိုင်ရာ ကျူးလွန်ခံရခြင်း စတဲ့ အလုပ်သမားနှင့် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရသော်လည်း မိမိရဲ့ ဗီစာမဲ့ နေထိုင်မှုကြောင့် နစ်နာမှုအား ဥပဒေရှေ့မှောက်သို့ အရောက်ပို့နိုင်ခြင်း မရှိဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ယခုလမှ စတင်ပြီး ရဲဌာနအနေနဲ့ တိုင်ကြားသူ နိုင်ငံခြားသားများရဲ့ အမှုကို လူဝင်မှုကြီးကြပ်ရေး ဌာနကို အကြောင်းကြားပေးစရာ မလိုတော့တာမို့ ဗီစာမဲ့ နေထိုင်သူ နိုင်ငံခြားသားများအနေဖြင့် မိမိတို့
အပေါ် ပြစ်မှုကျူးလွန်သူအား ဥပဒေအရ ရဲဌာနထံ ရဲဝံ့စွာ တိုင်ကြားနိုင်ပြီ ဖြစ်ပါတယ်။


ပြောင်းလဲလိုက်တဲ့ ဥပဒေအရ ဗီစာမဲ့ နေထိုင်သူ နိုင်ငံခြားသားများအနေဖြင့် အောက်ပါ အမှုအခင်းများကို
တိုင်ကြားနိုင်ပါတယ်။
-အသက်၊ ကိုယ်ခန္ဒာ၊ပိုင်ဆိုင်မှုဆိုင်ရာ ပြစ်မှုကျူးလွန်ခံရမှု၊
-လူသတ်မှု၊ထိခိုက်ဒဏ်ရာရမှု၊မတရားနှိပ်စက်ခံရမှု၊ဖမ်းဆီချုပ်နှောင်ပိတ်လှောင်ခံရမှု၊ဆေးဝါးအသုံးပြုကာ ကျူးလွန်ခံရမှု၊ ကာမဆိုင်ရာ မတရားပြုကျင့်ခံရမှု၊ အခွင့်အရေးအား ဖျက်ဆီးခံရမှု၊ ဒမြမှု၊ခိုးမှု၊လိမ်လည်မှု စသည်တို့ ဖြစ်ပါတယ်။

မိမိအပေါ် ပြစ်မှုကျူးလွန်ခြင်းအား ဗီစာ ရှိခြင်း မရှိခြင်းအပေါ်တွင် မူမတည်၊  ဥပဒေကြောင်းအရ အရေး ယူပေးရန် တိုင်ကြားနိုင်ပြီဖြစ်တာကြောင့် နစ်နာသူ ဗီစာမဲ့နေထိုင်သူ နိုင်ငံခြားသားများအနေဖြင့် သူတို့ရဲ့ လူ့အခွင့်အရေးအား ဥပဒေရဲ့ အရိပ်အာဝါသာအောက်တွင် အကာအကွယ်ယူနိုင်ပြီ ဖြစ်သလို ရဲဌာနများ အနေဖြင့်လည်း အမှုတိုင်ကြားသူ နိုင်ငံခြားသားရဲ့ ပြည်တွင်းနေထိုင်မှု ဗီစာပေါ်တွင် သတိပြုစရာ မ လိုတော့ပဲ လူတိုင်းအား တရားဥပဒေအောက်တွင် ညီမျှစွာ စီရင်နိုင်တော့တာမို့  တိုးတက်လာမယ့် ကမ္ဘာ လုံးဆိုင်ရာ လူ့အခွင့်အရေးကာကွယ်မှုကို မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။

စကားချပ် ။ ကိုရီးယားလို 불법체류자အား တိုက်ရိုက် ဘာသာပြန်ရင် တရားမ၀င်နေထိုင်သူဟု အဓိပ္ပါယ်
ရပါတယ်။ ဒါပေမယ့် ကိုရီးယားတွင်း 불법체류자ဟူသည် ဗီစာမဲ့ နေထိုင်အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသား
အလုပ်သမားများအား ကိုရီးယားအစိုးရမှ နှိမ်ချ ခေါ်ဆိုတာမို့ ကျနော့်အနေဖြင့် အဆိုပါ နိုင်ငံခြားသား အ လုပ်သမားများ၏ ရိုးသားစွာ အလုပ်လုပ်ကိုင်နေခြင်းအား လေးစားခြင်း၊ သူတို့၏ လုပ်အားအား တန်ဘိုး ထားတာကြာင့် ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ပေးထားသည့် အခေါ်အဝေါ်ဖြစ်သည့် အထောက်အထားမဲ့ အလုပ်သမား(Undocumented Worker)ဟူ၍သာ ဘာသာပြန်ဆို သုံးစွဲသွားမည် ဖြစ်ပါတယ်။
စိုးမိုးသူ

No comments: