Showing posts with label ၈လေးလုံး. Show all posts
Showing posts with label ၈လေးလုံး. Show all posts

Friday, August 9, 2013

ညံ့လိုက်တဲ့ မြန်မာအစိုးရ

ရေးသားသူ — စိုးမိုးသူ



၈လေးလုံးနေ့အမှီ အစိုးရက သူကျူးလွန်ခဲ့တာတွေကို ၀န်ချ တောင်းပန် စကားလေးပြောလိုက်ရင် ဒီတကြိမ်၈လေးလုံးဟာ
ငြိမ်းချမ်းရေးကို ဦးတည်သော၊
စိစပ်ရေးကို ရည်ရွယ်သော၊
သမိုင်းကလဲ့စားချေခြင်းကို ပျက်သိမ်းစေသော၊
အတူပူးပေါင်းဆောင်ရွက်မှုကို ရှေ့ရှုသော စသည့် နိုင်ငံအတွက် အလွန် အဓိပ္ပါယ်ပြည့်ဝပြီး ကြက်သရေ အပေါင်းနှင့် ပြည့်စုံသော ၈လေးလုံပွဲဖြစ်မှာ ဧကန်ဖြစ်သလို
လက်ရှိ အစိုးရအပေါ် လူထုက အထင်ကြီးစေ ယုံကြည်စေမှာပါ။

လက်ရှိအစိုးရဟာ ၁၉၈၈.၈.၈ရက် ၈လေးလုံး အရေးတော်ပုံ နှိမ်နင်းခဲ့တဲ့သူတွေပါပဲ။
မိမိတို့ကျူးလွန်ခဲ့တာကို သတ္တိရှိရှိ ၀န်ခံတောင်းပန်လိုက်ရင် သဘောထားပြည့်ဝတဲ့ ပြည်သူတွေက ခွင့်လွှတ်ဖို့ အသင့်ပါ။

အမှားကို ၀န်ချတောင်းပန်တတ်တာဟာ 
သူတော်ကောင်းတို့အလုပ်၊
ခေါင်းဆောင်ကောင်းတို့အလုပ်၊
 မြင့်မြတ်သူတို့အလုပ်၊
သတ္တိရှိသူတို့ အလုပ်ပဲဖြစ်ပါတယ်။

ဒါပေမယ့်
ပြီးခဲ့တဲ့ ၈လေးလုံးပွဲဟာ အဲဒီလို တိုင်းပြည်အတွက် အလွန် အဖိုးတန်တဲ့ ရလာဒ်တွေကို မရရှိခဲ့ပဲ ပြီးဆုံးသွားခဲ့ပါပြီ။

အခုတော့ အစိုးရဘက်က တက်ရောက်လာသူတွေခမျာ
မိမိတို့ ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ သမိုင်းဖြစ်ရပ် အမှတ်တရပွဲမှာ ရှေ့မျက်နှာ နောက်ထားပြီး အိုးတို့အန်းတန်းနဲ့ တိုက်ပုံဝတ် နေရာယူပြီး လက်ခုတ်ပဲ တီးရမလို နှပ်ချီးပဲ နှိုက်ပြီးနေရမလိုနဲ့ ဖြစ်နေ တာကို အခု ဓာတ်ပုံကိုကြည့်ရင်တွေ့နိုင်ပါတယ်။

သီလမဲ့သူဟာ သီလရှိသူတွေအကြား ဘယ်လိုမှ အ၀င် မဆန့်နိုင်တဲ့ သာဓကတခုပါပဲ။
အကယ်၍ ဒီပွဲမစမီ အစိုးရက ၀န်ချတောင်းပန်ခဲ့ရင် ဒီနေရာမှာ ထိုင်နေတဲ့ လက်ခုတ်မတီးတဲ့သူတွေရဲ့ အနေအထားကိုလည်း သက်သာစေမှာပါ။

အင်း
ဒီ ဓာတ်ပုံကို ကြည့်ရင်း
အတုအယောင်တွေကြားက မြန်မာပြည်ကြီး ရှေ့ရေးကို တွေးရင်း ရင်လေးမိပါတယ်ဗျာ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>