Showing posts with label epsစနစ်. Show all posts
Showing posts with label epsစနစ်. Show all posts

Saturday, August 23, 2014

ဒို့ မြန်မာတွေဟာ ကျွန်တွေမဟုတ်ဘူး…သခင်တွေဟေ့……



                                              ဆရာကြီးသခင်ကိုယ်တော်မှိုင်း


ဒို့မြန်မာတွေဟာ ကျွန်တွေမဟုတ်ဘူး..သခင်တွေဟေ့လို့ ရေးလိုက်လို့ မြှောက်ပင့်ပေးနေတယ်လို့တော့ မထင်လိုက်ပါနဲ့။ ဆရာကြီးလုပ်တယ်လဲမထင်ပါနဲ့။ ကျနော်သိသလောက်လေးကို ရှယ်ယာလုပ်တာပါ။ သခင်ဖြစ် ချင်ရင် သခင်စိတ်ဓါတ် နဲ့ သခင်အကျင့် ကျင့်နိုင်မှဖြစ်မှာပါ။ သခင်စိတ်ဓါတ်ဆိုတာ မခံချင်စိတ်နဲ့ ကြိုးစားကြဖို့ကို ဆိုလိုတာပါ။ ကြိုးစားကြဖို့ ဆိုတဲ့နေရာမှာ အလုပ်တစ်ခုထဲကိုဆိုလိုတာမဟုတ်ပါဘူး။ ကိုရီးယားစာနဲ့ ကိုရီးယားဘာသာစကားကိုပါလေ့လာကြိုးစားရပါ့မယ်။ E9 သမားတွေဆိုရင်တော့ မိမိတို့နဲ့သက်ဆိုင်တဲ့ EPS စံနစ်ကို ထုံးလိုချေ ၊ ရေလိုနှောက်ထားဖို့လိုအပ်ပါလိမ့်မယ်။

ကိုရီးယားဘာသာစကားကိုဘယ်မှာလေ့လာသင်ယူရမှာလဲ…နိုင်ငံခြားသားအလုပ်သမားစင်တာတိုင်းမှာ သင်ပေးပါတယ်။ မြန်မာအသင်းမှာ သင်ပေးပါတယ်။ မြန်မာစင်တာမှာသင်ပေးပါတယ်။ မကေသွယ်အောင်တို့ စင်တာမှာသင်ပေးပါတယ်။ ပူဆန်မှာဆိုရင်လည်း ရွှေအလင်းတန်းမှာ သင်ပေးပါတယ်။ နေရာဒေသတိုင်းလိုလိုမှာ မြန်မာ volunteer တွေနဲ့ချိတ်ဆက်ပြီးသင်ယူလို့ရပါတယ်။ EPS စံနစ်သင်တန်းဆိုရင်လည်း မြန်မာစင်တာမှာသင်ပေးတယ်။ ကိုစိုးမိုးသူတို့ (ပိတောက်ရိပ်ကုမ္ပဏီ) မှာလည်း စနေနေ့တိုင်းသင်ပေးနေတယ်လို့သိရတယ်။ နောက်ပြီး..ပူဆန်မှာ ဆိုရင်လည်း ကိုတိုးသူရ ဦးဆောင်ပြီး ရွှေအလင်းတန်းရုံးခန်းမှာ သင်ပေးနေတယ်လို့သိရပါတယ်။ ကျနော်ကတော့ အစ်ကိုရယ် စာသင်ပေးတဲ့ နေရာတွေနဲ့ မနီးဘူး ..ဟိုး အဝေးကြီးမှာရောက်နေတယ်လို့ မေးလာရင်လည်း စာအုပ်၊စာတမ်းတွေဝယ်လေ့လာ၊ ကွန်ပြူတာ နဲ့ စမတ်ဖုန်းရှိရင် ဒေါင်းလုပ်ဆွဲပြီး လေ့လာ၊ နောက်ပြီး ကိုရီးယားဇာတ်လမ်းကားတွေကိုများများကြည့် ၊ အတူတူရှိတဲ့ ကိုရိးယားသားတွေနဲ့ များများစကားပြောလို့ပဲ အကြံပြုပါတယ်။ EPS စံနစ်ကိုလေ့လာချင်ရင်တော့ ဟန်းဂုရွာဘလော့ဂ်မှာရှိပါတယ်။ ဒီထက်ပိုလေ့လာချင်ရင်တော့ ကိုခန့်နေသူတိုး နဲ့ ကိုစိုးမိုးသူတို့ကို မေးကြည့်ပါ။ မကြာမီမှာပဲ ဆရာမ မြမာလာရွှေရေးတဲ့ EPS လမ်းညွန်စာအုပ်လည်းထွက်တော့မှာပါ။ အဲဒါဝယ်ဖတ်ပါ။ (ဆရာမ ကြော်ငြာပေးတယ်နော်) ကိုရီးယားဘာသာစကားကတော့ you tube မှာရှာပြီးတော့လည်း လေ့လာလို့ရပါတယ်။ အခုရွာထဲမှာ ကိုရီးယားစာသင်ဖို့ လှုံ့ဆော်နေသူတွေကို ကျေးဇူးအထူးတင်ပါတယ်။

နောက်တစ်ခုကတော့ အခုတလော ရွာထဲမှာ တဖက်နဲ့တဖက် အပြစ်တင်သံတွေကို ကြားနေရလို့ပါ။ တခြားဟာတော့ မဟုတ်ပါဘူး။ အို (over stay) သွားသူတွေနဲ့ပတ်သက်တာပါ။ မြန်မာပြည်ဖက်က သူတွေပြောတာကလည်း ကိုရီးယားမှာ ထွက်ပြေးကြတာများလို့ဆိုပြီး ကိုရီးယားသံရုံးက ဗီဇာမပေးဘူးပြောတယ်။ ဒီဖက်ခြမ်းက ညီအစ်ကိုတွေကလည်း အခက်အခဲအမျိုးမျိုးကြောင့် မအိုချင်ဘဲနဲ့ အိုလိုက်ရတဲ့ညီအစ်တွေကိုရှိပါတယ်။ ကျနော်အမြင်ကတော့ ဘယ်ဖက်ကမှ မမှားပါဘူး။ မှားနေတာက ဒီEPS စံနစ်ကြီးပါ။ EPS ရဲ့ အဓိပ္ပါယ်ကိုက (Employment Permit System) ဆိုကတည်းက သူဌေးက တိုက်ရိုက်ခေါ်ယူခန့်အပ်တာဖြစ်တဲ့အတွက် သူကြိုက်ရင်ခန့်မယ်၊ သူမကြိုက်ရင် ညီအစ်ကိုတို့ကို ဖြုတ်ပစ်ပိုင်ခွင့်ရှိနေတယ်။ အရာရာဟာ သူဌေးလက်ထဲမှာပဲရှိနေတယ်။ အလုပ်သမားတွေကို ကာကွယ်ဖို့ ဥပဒေရှိပေမယ့်လည်း အဲဒီဥပဒေတွေက နိုင်ငံခြားသား အလုပ်သမားတွေကို ပြည့်ပြည့်ဝဝ ကာကွယ်ပေးထားတာမရှိသေးဘူး။ ဒီဥပဒေကြီးကို မပြဋ္ဌာန်းနိုင်အောင် လွန်ခဲ့တဲ့ (၁၀) နှစ်လောက် ကတည်းက နိုင်ငံခြားသားပေါင်းစုံ ဆန္ဒပြ ကန့်ကွက်ထားပေမယ့်လည်း အခုထက်ထိမအောင်မြင်သေးဘူး။ အဲဒီတုန်းကလည်း မြန်မာတွေထဲမှာဆိုရင် မြန်မာအသင်းအလံတော်အောက်မှာဘဲ..အခုလက်ရှိ မြန်မာအသင်းမှာ လုပ်ဆောင်နေတဲ့ ကိုဝင်းနိုင်ဦးတို့၊ ကိုသူရတို့ ၊ ကိုစိုးမိုးသူတို့၊ ကိုအောင်တင်ထွန်းတို့၊ ဟန်းဂုရွာသူကြီး ကိုဝင်းပေါ်မောင်တို့ ဦးဆောင်ပြီး ဆန္ဒပြကန့်ကွက်ခဲ့ပေမယ့်လည်း အခုထက်ထိတော့ မအောင်မြင်သေးပါဘူး။

ဒီဥပဒေကြီးကို ကန့်ကွက်နေတုန်းမှာပဲ ဆက်ပြီးတော့ ကိုရီးယားအစိုးရက ပြည်ထွက်အာမခံကြေးကို အရင်က မပြန်ခင်မှာ အကုန်ထုတ်ပေး ပေမယ့်လည်း အခုတော့ လေဆိပ်ရောက်မှ ထုတ်ပေးတဲ့စံနစ်ကို ထပ်မံပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒါကြောင့် ကိုရီးယားအစိုးရဟာ မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွား(သို့မဟုတ်) မိမိတို့ရဲ့ လူမျိုးသူဌေးတွေအတွက်ပဲ ကြည့်ပြီး ကိုယ့်အမျိုးသားကောင်းစားရေးဆိုတဲ့မျက်မှန်စိမ်းကိုတပ်ကြည့်လိုက်တဲ့အခါမှာ ကိုရီးယားကိုလာရောက် အလုပ်လုပ်ကိုင်နေကြတဲ့နိုင်ငံခြားသား အလုပ်သမားတွေမှာ မညီမျှမှုတွေ၊ တန်းတူအခွင့်အရေးတွေပျောက်ကွယ်ကုန်ရပါတော့တယ်။ မြန်မာနိုင်ငံသားအလုပ်သမားတွေမှာ အမျိုးမျိုးသော ဒုက္ခတွေကို ခါးစည်းခံပြီး..မြန်မာပြည်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကို လုပ်ကိုင်ကျွေးမွေးနေကြရတာပါ။ ကိုရီးယားကိုရောက်လာကြရာမှာ ကုန်ထုတ်၊ မွေးမြူရေး၊ စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးဆိုပြီး ရှိကြရာမှာ အဆိုးဆုံးကတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးပါပဲ။ အဲဒီစိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာ လုပ်နေတဲ့သူတွေဆိုရင် ဒီမတရားပါဘူးလို့ဆိုတဲ့ EPS စံနစ် ရဲ့ဥပဒေတွေနဲ့တောင် မသက်ဆိုင်ဘူးလို့ ပြောပါတယ်။ ဥပမာ..အချိန်တွေ၊ လုပ်အားခတွေဆိုရင် ကုန်ထုတ်တို့ ၊ဆောက်လုပ်ရေးတို့လောက် မရပါဘူး။ လစာဒီလောက်မရတဲ့အပြင် ရာသီဥတုဒဏ်၊ ပင်ပန်းတဲ့ဒဏ်တွေဆိုတာကလည်း ကုန်ထုတ်သမားတွေထက် ပိုခံရပါသေးတယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးက ညီအစ်ကိုတွေကို ပြေးကြတာ မပြစ်မပြောလိုပေမယ့် ဒီအလုပ်တွေဟာအင်မတန်ကြမ်းတမ်းပါတယ်။ မြန်မာပြည်မှာလုပ်ကိုင်ဖူးတဲ့သူတွေလောက်ပဲအဆင်ပြေနိုင်ပါတယ်။၊ အပြစ်မပြောဘူးဆိုပေမယ့်လည်း မပြေးကြတာကတော့ အကောင်းဆုံးပေါ့ဗျာ။ ပြေးပြီးလို့ အိုသွားရင်လည်း အပြင်မှာ အလုပ်ရှာရတာခက်ခဲသလို၊ တရားဝင်တဲ့အခွင့်အရေးတွေဆုံးရှုံးကုန်တယ်ဆိုတာလဲ ညီအစ်ကိုတို့အသိဆုံးပါ။ အဲဒါကြောင့် အဆင်မပြေလို့ ရှိရင် အရင်ဆုံးနားလည်တဲ့ အလုပ်သမားကူညီရေးစင်တာတွေမှာ သွားရောက်ပြီးတော့ မိမိတို့ အခက်အခဲတွေကို အရင်ဆုံးပြောပြအကူအညီတောင်းသင့်ပါတယ်။ အဲဒီစင်တာတွေကလည်း အကူအညီမပေးဘူး ဆိုရင် နီးစပ်ရာမြန်မာတွေထံကိုအကူအညီတောင်းပြီးတော့ အခက်အခဲတွေကိုပြောပြပြီး၊နောက်အလုပ်တစ်ခုပြောင်းလို့ ရချင်လည်းပြောင်းဖို့ တိုက်တွန်းပါတယ်။ နောက်ဆုံးအဆင့် ပြေးကြတော့မယ်ဆိုရင်လည်း ဘာကြောင့်ပြေးကြရတယ်ဆိုတာကို မြန်မာလိုရေးပြီး ဟန်းဂုရွာမှာပဲဖြစ်ဖြစ်၊ အကူအညီပေးနေတဲ့ နောင်တော်တွေကိုပဲဖြစ်ဖြစ် ပေးသင့်ပါတယ်။ အဲဒီနောင်တော်တွေကလည်း ညီအစ်ကိုတို့ ဘာကြောင့်ပြေးရတယ်ဆိုတဲ့စာကို ကိုရိးယားအစိုးရကို ပို့ပေးမယ်ဆိုရင်တော့ နောက်ရောက်လာမယ့် ညီအစ်ကိုတွေအတွက် ဥပဒေတွေကို ပြင်ဆင်ကောင်းပြင်ဆင်ပါလိမ့်မယ်။ အဲဒါကတော့ နောက်ရောက်လာမယ့် ညီအစ်ကိုတွေအတွက် ခင်ဗျားတို့ရဲ့ ကူညီမှုတခုလို့ ပီတိဖြစ်နိုင်ပါတယ်။

တကယ်ကတော့ ဒီမတရားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့အတွက် သက်ဆိုင်ရာနိုင်ငံက တာဝန်ရှိသူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကလည်းလိုအပ်လှပါတယ်။ EPS စံနစ် နဲ့ အလုပ်သမားပို့ပေးနေတာ (၁၄) နိုင်ငံလို့ သိရပါတယ်။ အရင်ဦးဆုံး (၁၄) နိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ ညှိနှိုင်းပြီးတော့ ကိုရီးယား အစိုးရနဲ့ ဆွေးနွေးပြီး မတရားတဲ့ မမျှတတဲ့ဥပဒေတွေကို ပြင်ဆင်ခိုင်းသင့်ပါတယ်။ ဒီလိုဆွေးနွေး၊ပြင်ဆင်ခိုင်းမှပဲ ဒီဥပဒေတွေကိုပြင်ပေးမှာပါ။ သက်ဆိုင်ရာ နိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ ဒီပြဿနာတွေကို လှစ်လျူရှုထားအုံးမယ်ဆိုရင်တော့ ကျနော်တို့ E9 အလုပ်သမားတွေ အနေနဲ့ဆက်ခံရအုံးမယ့်သဘောရှိပါတယ်။

နောက်ဆုံးနိဂုံးချုပ်ရရင်တော့..ညီအစ်ကိုတို့ရဲ့ အခက်အခဲ၊ အကြပ်အတည်းတွေကို ကိုယ်တိုင်ဖောက်ထွက်ကြိုးစားပြီး မြန်မာတွေဟာ လူညံ့တွေမဟုတ်ဘူး..သခင်တွေဟေ့လို့ ပြသရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီမှာ မြန်မာပြည်မှာ မပြည့်စုံတဲ့ကျောင်းတွေ ၊ သဘာဝဘေးအန္တရယ်တွေကြောင့် ဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုကူညီပေးနေတဲ့ ပရဟိတ လုပ်ကိုင်နေတဲ့အဖွဲ့အစည်းတွေတော်တော်များများရှိပါတယ်။ ကိုယ်တိုင်မလုပ်ကိုင်နိုင်ရင်တောင် အလှူငွေလေးတွေကို လှူဒါန်းပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ အဖြူရောင်မေတ္တာလူငယ်အဖွဲ့တို့၊ ကံ့ကော်ဖောင်ဒေးရှင်းတို့၊ အနာဂတ်အလင်းရောင်တို့၊ ရွှေလက်ကမ်းအဖွဲ့တို့၊ တခြားကျနော်မသိသေးတဲ့အဖွဲ့တွေလည်းရှိပါသေးတယ်။ ဖြစ်နိုင်ရင် အောက်မှာကွန်မန့်လေးတွေရေးပေးစေလိုပါတယ်။

အားလုံးကိုလေးစားလျက်
ဝင်းလှိုင်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, August 18, 2014

EPS Guide: အီးပီအက်စ်လမ်းညွှန်



ကိုရီးယားနိုင်ငံကို EPS အလုပ်ပါမစ်စနစ်နဲ့ သွားရောက်ဖို့ စိတ်ကူးရှိပါသလား...
အီးပီအက်စ်နဲ့ သွားရောက်ဖို့ စတင်လုပ်ဆောင်နေပြီလား...
ကိုရီးယားမှာ အီးပီအက်စ်အဖြစ်နဲ့ အလုပ်လုပ်ကိုင်နေပြီလား...
ဘာပဲဖြစ်ဖြစ် အီးပီအက်စ်နဲ့ ပတ်သက်မယ်ဆိုရင် ဒီစာအုပ်ကို ဆောင်ထားပါ။

ဒီစာအုပ်မှာ...

ကိုရီးယားမှာ နေထိုင်လုပ်ကိုင်တဲ့အခါ မလုပ်မဖြစ် လုပ်ဆောင်ရမှာတွေ၊ မသိမဖြစ် နားလည်ရမှာတွေ၊ မပြောမဖြစ် စကားလုံးတွေကို တိတိကျကျ သေသေချာချာ ရှင်းရှင်းလင်းလင်း လမ်းညွှန်ထားပါတယ်။

ကိုရီးယားရဲ့ အလုပ်သမားဆိုင်ရာတွေကို မြန်မာလို လွယ်လွယ်ကူကူနဲ့ ပီပီပြင်ပြင် နားလည်ရမယ်လို့ အာမခံပါတယ်။

ကြော်ငြာချင်ရင်...

ဒီစာအုပ်မှာ ကိုရီးယား-မြန်မာ စီးပွားရေးလုပ်ငန်းများကို
လမ်းညွှန်ကြော်ငြာ အဖြစ် ထည့်သွင်းချင်တယ်ဆိုရင် အောက်ပါအစီအစဉ်အတိုင်း လက်ခံသွားပါမယ်။

၁) 100mmX40mm အကျယ်အ၀န်အတွင်း၊ အဖြူအမည်း ပုံနှိပ်ပါမယ်။
၂) လုပ်ငန်းအမည်၊ အမျိုးအစား၊ ဖုန်းနံပါတ်၊ လိပ်စာ စသည် ထည့်သွင်းနိုင်ပါတယ်။
၃) လိုဂို၊ ဒီဇိုင်း ထည့်လိုရင် ကြော်ငြာရှင်က လုပ်ပြီးပေးရပါမယ်။ (Image resolution: 300dpi, Color: BW, File format: jpg/jpeg/png/gif/psd/ai ဖြစ်ရပါမယ်။)
၎) ၂၀၁၄ သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား လက်ခံသွားပါမယ်။
၅) ကြော်ငြာခနဲ့ အသေးစိတ်သိရှိလိုပါက အီးမေးလ် win1000dow.kr@gmail.com, paw369maung@gmail.com သို့ စာဖြင့် ဆက်သွယ်ပါ။ ဖေ့ဘွတ်မှ ဆက်သွယ်ချင်ရင် https://www.facebook.com/marlar.shwe သို့ ဆက်သွယ်ပါ။ ဖုန်းနဲ့ဆိုရင်တော့ +82) 010-2642-5712, +82) 010-4034-5712 သို့ ဆက်သွယ်ပါ။

ထောင်စုပြတင်းစာအုပ်တိုက်မှ စက်တင်ဘာလအတွင်း မြန်မာပြည်နဲ့ ကိုရီးယားမှာ တပြိုင်နက် ထုတ်ဝေဖြန့်ချိပါမယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, April 17, 2014

ရွှေ့ပြောင်းအလုပ်သမားများ ပြည်တော်ပြန်မှပေးမယ့် ထွဲဂျိဂွန်ဥပဒေသစ်နဲ့ ပတ်သက်ပြီး အမေးအဖြေ

ရေးသားသူ — စိုးမိုးသူ

၁။ ရွှေ့ပြောင်းအလုပ်သမားတွေကို ထွဲဂျိဂွန်ပေးတဲ့ ဥပဒေ ဘယ်လို ပြောင်းသွားပါသလဲ?
- ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၃၀ရက်နေ့မှာ ဥပဒေပြောင်းပါတယ်။ ဥပဒေအရ တနှစ်အထက် လုပ်ခဲ့တဲ့ အလုပ်ကနေ အလုပ်ထွက်တဲ့အခါ ထွဲဂျိဂွန်အဖြစ် ရတဲ့ ပြည်ပြန်အာမခံကြေးကို ၃နှစ်(အများဆုံး ၄နှစ်၁၀လ)အထိ ဆမ်းဆောင်မီးအာမခံဌာနမှ ထည့်ထားရမည်ဖြစ်ပြီး ကိုရီးယားက ပြန်တော့မှ လက်ခံရယူနိုင်မယ်လို့ ဆိုပါတယ်။

၂။ကိုရီးယားက ပြန်တော့မှ ထွဲဂျိဂွန်ကို ရမယ်ဆိုတဲ့ သဘောလား?
-  လူဝင်မှုကြီးကြပ်ရေး ပြည်ထွက်စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီးနောက် လေယာဉ်စီးဖို့ စောင့်ရမယ့်နေရာမှာ ထွဲဂျိဂွန်ကို လက်ခံရယူနိုင်မှာဖြစ်သလို၊ မိမိတိုင်းပြည်ကို ပြန်သွားပြီး ကိုယ်ပိုင်ဘဏ်အကောင့်ဖြင့်လည်း လက်ခံရယူနိုင်ပါတယ်။

၃။ ကိုရီးယားမှာ အလုပ်လုပ်စဉ် အလုပ်ရုံပြောင်းတဲ့အခါမျိုး ကျရင်ကော?
- အလုပ်ရုံပြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအနေနဲ့ အလုပ်ရှင်က လစဉ် ပေးသွင်းပေးနေတဲ့ ဆမ်းဆောင်းက ပြည်ပြန်အာမခံကြေးကို ယူလို့မရပါ။ကိုရီးယားကနေ ပြန်တော့မှသာ ယူလို့ရပါမယ်။

၎။ ဒါဆို ဒီဥပဒေဟာ ကိုရီးယားနိုင်ငံရဲ့ အခြေခံအလုပ်သမားဥပဒေနဲ့ ညီညွတ်ပါသလား?
- လုံးဝ မညီညွတ်ပါဘူး။ ဒီ ဥပဒေဟာ ကိုရီးယားရဲ့ အခြေခံအလုပ်သမားဥပဒေ ပုဒ်မ ၃၆ပါ ထွဲဂျိဂွန်ကို အလုပ်ထွက်ပြီး ၁၄ရက်အတွင်း ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ဆန့်ကျင်ထားပါတယ်။

၅။ ရွှေ့ပြောင်းအလုပ်သမားတွေကိုပဲ ဒီလို ဥပဒေသတ်မှတ်တာ မတရားဘူးလို့မြင်ပါတယ်။ဒါဟာ ခွဲခြားမှုဖြစ်ပါသလား?
- မှန်ပါတယ်။ လုပ်သက် ၁နှစ်အထက် ရှိသူတိုင်း အလုပ်သမားဥပဒေအရ ထွဲဂျိဂွန်ကို တောင်းဆိုပိုင်ခွင့်ရှိပါတယ်။ ဒီဥပဒေသစ်ကတော့ ဒီအခွင့်အရေးကို ပိတ်ပင်ထားပါတယ်။ ပြီးတော့ ဒါဟာ အီးနိုင်း ရွှေ့ပြောင်းအလုပ်သမားတွေကိုသာ သီးသန့်သတ်မှတ်ထားတာမို့ ခွဲခြားမှုပဲဖြစ်ပါတယ်။

၆။ ပြည်ပြန်အာမခံကြေးဟာ အမြဲပဲ ထွဲဂျိဂွန်ထက် နည်းလေ့ရှိပါတယ်။ ဥပဒေပြောင်းရင် ခြားနားငွေကို ဘယ်လိုတောင်းယူရမလဲ?
- ထွဲဂျိဂွန် ခြားနားငွေကို အရင်လိုပဲ အလုပ်ရှင်ကနေ တောင်းယူရပါမယ်။ လုပ်သက်၁နှစ်ပြည့်လို့ အလုပ်ကထွက်ရင် ရမည့် ထွဲဂျိဂွန်ထဲက ဆမ်းဆောင်းက အာမခံကြေးကိုတော့ တိုင်းပြည်က ပြန်မှ ရမှာဖြစ်ပြီး၊ ခြားနားငွေကိုတော့ အလုပ်ရှင်ဆီကနေ အခုလိုပဲ ပေးဖို့ တောင်းယူရပါမယ်။

၇။ အကယ်၍ ကိုရီးယားက ပြန်တဲ့အထိ အလုပ်ရှင်က ထွဲဂျိဂွန်ခြားနားငွေကို မပေးတဲ့အခါ ဘယ်လိုလုပ်ရမလဲ?
- ပြန်တဲ့အချိန်အထိ အလုပ်ရှင်ဆီကို ငွေပေးဖို့ ဆက်တောင်းနေရပါမယ်။လေယာဉ်စီးရမယ့် အချိန်ထိ ငွေမရသေးဘူးဆိုရင်တော့ ရွေးခြယ်စရာကတော့
-တိုင်းပြည်ပြန်ပြီး အလုပ်ရှင်ဆီကနေ ငွေဆက်တောင်းခံမလား
-လေယာဉ် မစီးပဲနေမလား
-ငွေယူဖို့ လက်လျော့ပြီးပြန်မလား ပဲရှိပါတယ်။

၈။ တခါတလေ ဆမ်းဆောင်းမီးအာမခံဘက်က မှားယွင်းမှုကြောင့် လေယာဉ်စီးရမယ့်အချိန်အထိ ငွေဝင်မလာသေးတာမျိုးရှိသလို ကာယကံရှင်ရဲ့ ဘဏ်အကောင့်မဟုတ် သူများဘဏ်အကောင့်ထဲ ထည့်ပေးလိုက်တာမျိုးတွေလည်း ရှိပါတယ်။အဲ့ဒီ အခါမျိုး ဘယ်လိုလုပ်မလဲ?
- မိမိအမှားမဟုတ်ပေမယ့်လည်း ဒီလို ကိစ္စမျိုးဖြစ်လာတဲ့အခါ လေယာဉ်မစီးမီ ဖြေရှင်းနိုင်တဲ့ ပြသနာမျိုး၊ ငွေပြောင်းထည့်ပေးနိုင်တဲ့ အနေအထားမျိုး မဟုတ်တာမို့ ပြသနာက ပိုမို ရှုပ်ထွေးလာစေပါတယ်။ တကယ့်ဖြစ်ရပ်ရှိခဲ့ပါတယ်။ မွန်ဂိုအလုပ်သမားက ပေးတဲ့ ဘဏ်အကောင့်ကို မပို့ပေးပဲ တခြားလူ ဘဏ်အကောင့်ထဲ မှားထည့်ပေးခဲ့တာမို့ ဒါကို ပြန်ထည့်ပေးဖို့တောင်းဆိုတဲ့အခါ မွန်ဂိုအလုပ်သမားထံမှ အထောက်အထားစာရွက်တွေ တပြုံချည်းတောင်းခဲ့တာမို့ တော်တော် စိတ်ရှုပ်စရာကောင်းစွာ ဖြေရှင်းခဲ့ပေးဖူးပါတယ်။ဘာသာစကား မကျွမ်းကျင်တဲ့ ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ ဒီလိုကိစ္စမျိုးကို လက်ရှိမှာ စင်တာတွေ အကူအညီဖြင့် ဖြေရှင်းနိုင်ပေမယ့် လေဆိပ်ထဲမှာတော့ မိမိဖာသာဖြေရှင်းဖို့ဆိုတာ အတော်မလွယ်တဲ့ကိစ္စပါ။
ဒါဟာ ဆမ်းဆောင်းဘက်ကမှားတာမို့ ဆမ်းဆောင်းက တာဝန်ယူဖြေရှင်းပေးရပါမယ်။ဒါပေမယ့် ဒီလို အချိန်မျိုးမှာလည်း ရွှေ့ပြောင်းအလုပ်သမားအနေနဲ့ ရွေးခြယ်စရာက ပြည်တော်ပြန်ပြီးနောက် ဆမ်းဆောင်းဘက်ကို ဖြေရှင်းပေးဖို့တောင်းဆိုမလား၊ လေယာဉ်စီးဖို့ လက်လျော့မလား၊ဒါမှမဟုတ် ငွေတောင်းဖို့ လက်လျော့မလားပါပဲ။

၉။ ကျနော်တို့ နိုင်ငံက ကိုရီးယားနဲ့မတူတာမို့ ဘဏ်တွေကနေ ငွေထုတ်ဖို့သွားတဲ့အခါ စနစ်တွေကရှုပ်၊ ၀န်ဆောင်မှုက နှေး၊ ၀န်ဆောင်ခက ဈေးကြီးပြီး ဘဏ်ကလည်း ဝေးတော့ မြို့ထဲထိသွားရတာမို့ ကားခလည်း အများကြီးကုန်ကျပါတယ်။ ဒီလို နစ်နာမှုတွေ အဆင်မပြေမှုတွေ များတာမို့ ဒါတွေကို ဖြေရှင်းပေးမယ့် နည်းလမ်းမရှိဘူးလား?
- ဒီ ဥပဒေသစ်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နိုင်ငံတွေက ဘဏ်စနစ်တွေဟာ ကိုရီးယားနဲ့ မတူဘူးဆိုတာတွေကို စဉ်းစားပြီး ရေးဆွဲထားတာမဟုတ်ပါ။ဒါကြောင့် မိမိတိုင်းပြည်ဘက်က ပြသနာကို မိမိဖာသာ ဖြေရှင်းဖို့ကလွဲပြီး အခြားနည်းမရှိပါ။

 ၁၀။ ပြည်ပြန်အာမခံကြေးမို့လို့ ပြည်ပြန်မှ ရမယ်ဆိုပြီးပြောနေသူရှိပါတယ်။မှန်ပါသလား?
- အမည်ကြောင့်ေ၀၀ါးတတ်ပါတယ်။ဒါပေမယ့် အဲ့ဒါမမှန်ပါ။ ဒီ စနစ်ဟာ ကိုရီးယားမှာ ထွဲဂျိဂွန်မရကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ များတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေ ထွဲဂျိဂွန်ရရှိစေဖို့အတွက် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် အီးပီအက်စ်စနစ် ကျင့်သုံးလာခဲ့တဲ့ ၁၀နှစ်သက်တန်းမှာ အလုပ်ပြောင်းတဲ့အခါတိုင်း ထွဲဂျိဂွန်အဖြစ်ဖြင့် လက်ခံရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီ အာမခံစနစ်ဟာ ထွဲဂျိဂွန်ကို ပေးဖို့အတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ စနစ်ဖြစ်ပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, April 15, 2014

(မေဒေး အလုပ်သမားနေ့အတွက် အထူးဆောင်းပါး-၁) 출국만기보험(ပြည်တော်ပြန်အာမခံကြေး)နှင့် 퇴직금(လုပ်သက်ခံစားခွင့်)က တူပါသလား။

ရေးသားသူ — စိုးမိုးသူ

ဟုတ်ကဲ့။တူလိုက်တာမှ ဟိုဘက်ကမ်းတောင်လွန်ပါတယ်။အမွှာတောင်မဟုတ်ဘူး။တကိုယ်တည်းတစိတ်တည်းပါ။
ရှင်းပါမယ်။

ကိုရီးယားလို 퇴직금(ထွဲဂျိဂွန်)၊ မြန်မာလို လုပ်သက်ခံစားခွင့်ဆိုတာ လုပ်သက်တနှစ်နှင့်အထက်ရှိသူတိုင်း အလုပ်ထွက်တဲ့အခါ ၁၄ရက်အတွင်း ရရှိခံစားရမယ့် အလုပ်သမားဥပဒေပါ ခံစားခွင့်ပါ။

နိုင်ငံခြားသားအလုပ်သမားတွေ အတွက်တော့ 퇴직금(ထွဲဂျိဂွန်)လို့ မသုံးပဲ 출국만기보험(ပြည်တော်ပြန်အာမခံကြေး)လို့ သုံးနှုန်းပါတယ်။

퇴직금ဆိုရင် အဓိပ္ပါယ်က ရှင်းနေပေမယ့် 출국만기보험(ပြည်တော်ပြန်အာမခံကြေး)လို့လည်း သုံးနှုန်းတော့ ထွဲဂျိဂွန်လား အာမခံကြေးလားဆိုပြီး နား မျက်စိ နှာခေါင်း အကုန် ရှုပ်စရာဖြစ်လာပါတယ်။
အမှန်တော့ အတူတူပါပဲ။

퇴직금(လုပ်သက်ခံစားခွင့်)လို့ပဲ ခေါ်ခေါ် 출국만기보험(ပြည်တော်ပြန်အာမခံကြေး)လို့ပဲ ခေါ်ခေါ် လုပ်သက် တနှစ်အထက်ရှိသူတိုင်း အလုပ်ထွက်ရင်ခံစားခွင့် ရမယ့် ခံစားခွင့်ပါ။

ကဲ သက်သေအထောက်အထားရှိမှ ယုံကြည်တာကောင်းတာမို့ အောက်မှာ သက်သေ၂ခု တင်ပြလိုက်ပါတယ်။
ပထမတခုက 출국만기보험(ပြည်တော်ပြန်အာမခံကြေး)ဆိုတာ 퇴직금(လုပ်သက်ခံစားခွင့်)နဲ့ သဘောတရားချင်း အတူတူပါပဲလို့ ဖော်ပြထားတဲ့ ဥပဒေပါစာသားပါ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, November 22, 2013

EPS စနစ်အောက် အလုပ်ပြောင်းရွှေ့ခြင်း

ရေးသားသူ — စိုးမိုးသူ

 
အကိုရေ အလုပ်က အရမ်း ပင်ပန်းလို့ ပြောင်းချင်တယ်ဆိုတဲ့ ညီအကိုတွေ အသံကြားတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။
ကျနော်လည်း ၈နှစ်လောက် ရေလည် ပြိုင်းတဲ့ စက်ရုံမှာ မနက်ကနေ အာရုဏ်တက်အထိ လုပ်ချင်ချင် မလုပ်ချင်ချင် နှလုံးသားမပါပဲ အလုပ်ကြမ်းလုပ်ခဲ့ဖူးသူမို့ ရေလည် ကိုယ်ချင်းစာပါတယ်။

ဒါပေမယ့် လက်ရှိ ကိုရီးယားရဲ့ အီးပီအက်စ်စနစ်အောက် အလုပ်ပြောင်းခွင့်ဘယ်လိုရှိ ဆိုတာကို ကျနော်တို့ ညီအကိုတွေ သိထားမှ ဘယ်လိုလုပ်ရမလဲ စဉ်းစားနိုင်မှာမို့ ဒီ စာကို ရေးလိုက်ပါတယ်။

အီးပီအက်စ်စနစ်ဟာ ၃နှစ်တာ အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့ စနစ်ဖြစ်ပါတယ်။
၃နှစ်အတွင်း အလုပ်နေရာ ၃ခါ ပြောင်းရွှေ့ခွင့် ရှိပါတယ်။
အလုပ်ပြောင်းရခြင်း အကြောင်းရင်းက စာချုပ်သက်တန်းပြည့်သွားလို့ မဟုတ်ပဲ အောက်ပါအကြောင်းများကြောင့်ဆိုရင်တော့ ပြောင်းခွင့်ရှိတဲ့ ၃ခါထဲ ထည့်မတွက်ရပါ။

အလုပ် ပြောင်းရွှေ့နိုင်တဲ့ အခြေအနေများ။
၁) စက်ရုံ ဒေ၀ါလီခံရတဲ့အခါ
၂) အလုပ်စာချုပ်ပါ အကြောင်းအရာများ ချိုးဖောက်ခံရတဲ့အခါ
၃) လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့အခါ
၎) အလုပ်ကြောင့် ထိခိုက် ရောဂါ ရတဲ့အခါ

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

၃နှစ်ပြည့်ပြီးရင် ၁နှစ်၁၀လ အလုပ်ထပ်လုပ်ခွင့် ဘယ်လိုရ

ရေးသားသူ —စိုးမိုးသူ

ကျနော့်ဆီ ဖုန်း၊ ဖေ့စ်ဘွတ်၊ ဗိုင်ဘာကနေ အမေးအများဆုံး မေးခွန်းပါပဲ။

အကိုရေ တစက်ရုံတည်း ၃နှစ်ဆက်တိုက်နေမှ နောက်ထပ် ၁နှစ်၁၀လ ထပ်တိုးခွင့်ရှိတယ်ကြားလို့ လက်ရှိစက်ရုံမှာ အောင့်အီးပြီးနေနေရပါတယ်တဲ့။
ကျနော်တို့ အောင့်အီးရကျိုးကော နပ်ပါ့မလားဗျာတဲ့။

ကဲဖြေပြီ။
တိုတိုဖြေရရင် မအောင့်အီးနဲ့ အလုပ်ထွက်လို့ရရင် ထွက်ပြီး တခြားသက်သာတယ် ထင်တဲ့ နေရာကို ပြောင်းလုပ်ပါ။
၃နှစ်ပြည့်ပြီး ၁နှစ်၁၀လ ထပ်တိုးလုပ်ခွင့်ဆိုတာ
၁) ၃နှစ်ပြည့်မယ့် နောက်ဆုံး စက်ရုံမှာ အနဲဆုံး ဗီစာသက်တန်း ၁လ ကျန်နေသေးတယ်၊
၂) အလုပ်ရှင်ကလည်း ကိုယ့်ကို ထပ် အလုပ်ခန့်ချင်တယ်ဆိုရင်

재고용계약လို့ခေါ်တဲ့ အလုပ်ပြန်လည်ခန့်အပ် စာချုပ်ကို ချုပ်ဆိုပြီး ၁နှစ် ၁၀လ ထပ် အလုပ်လုပ်ခွင့်ရှိပါတယ်။
နောက်ထပ် ၁နှစ်၁၀လအလုပ်လုပ်ရင်း အလုပ်ပြောင်းခွင့် ၂ကြိမ် ထပ်ရပါတယ်။ ဆိုလိုတာက နောက်ဆုံးစက်ရုံမှာ အလုပ်ပြန်လည်ခန့်အပ်စာချုပ်ချုပ်ပြီးနောက် အဆင်မပြေရင် တခြားစက်ရုံကို ၂ကြိမ် ထပ်ပြောင်းခွင့်ရှိတာကို ပြောတာပါ။

ကဲ ၄နှစ် ၁၀လပြည့်ပြီး 성실근로자လို့ခေါ်တဲ့ လုပ်သားချွန် အဖြစ်နဲ့ ကိုရီးယားကို ပြန်ဝင်လာချင်တယ်ဆိုရင်တော့ နဲနဲ ကွာသွားပြီ။

성실근로자လုပ်သားချွန်ဆိုတာ တစက်ရုံထဲမှာ ၄နှစ်၁၀လ ဆက်တိုက် အလုပ်လုပ်သူကို ဆိုလိုတာပါ။

သူတို့က ၄နှစ်၁၀လပြည့်ပြီးရင် ၃လ မြန်မာပြည်ပြန်နား ပြီးတော့ ကိုရီးယားကို ပြန်လာပြီး အလုပ်၃နှစ်ထပ်လုပ်နိုင်တယ်လေ။

တစက်ရုံမှာ ၄နှစ်၁၀လ ဆက်တိုက် မလုပ်ဖြစ်ပဲ အခြားစက်ရုံတွေကို ပြောင်းခဲ့တာမျိုးရှိခဲ့လည်း
အလုပ်စာချုပ်ပြည့်မှု၊ စက်ရုံဒေ၀ါလီခံရမှု၊ အလုပ်ရှင်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုစတဲ့
ကိုယ့်ကြောင့်မဟုတ်တဲ့ အလုပ်ပြောင်းမှုမျိုးကြောင့် အခြား စက်ရုံကို ပြောင်းရွှေ့ခဲ့ရတယ် ဆိုရင်လည်း လုပ်သားချွန်လို့ ခေါ်ဆိုနိုင်ပါတယ်။
လုပ်သားချွန်အဖြစ်နဲ့ ၃နှစ် အလုပ်စာချုပ် ထပ်ချုပ်ပြီး အလုပ်လုပ်စဉ် အခြား အလုပ်ပြောင်းရွှေ့ခွင့်လည်း ရရှိပါတယ်။

ကဲ ကိုယ့်ညီအကိုတွေ အဆင်ပြေကြပါစေဗျာ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, May 7, 2013

တနိုင်ငံလုံးရှိ လူဝင်မှုကြီးကြပ်ရေးဌာနများရဲ့ လိပ်စာ၊ ဖုန်းနံပတ်များ

ရေးသားသူ — စိုးမိုးသူ


လိုအပ်တဲ့ ကိစ္စဆောင်ရွက်ဖို့ ကိုယ့်မြို့က ဘယ် လ၀ကရုံးအပိုင်ထဲမှာ ပါလဲဆိုတာကို သေချာကြည့်ပြီး သွားစေလိုပါတယ်။

http://www.immigration.go.kr/HP/TIMM/imm_05/imm_0507/imm_507000.jsp
 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, May 1, 2013

အီးပီအက်စ် ၀င်ခွင့် ကိုရီးယား ဘာသာစာမေးပွဲဖြေဖို့ ပြင်ဆင်နေကြသူတွေ အတွက်ပါ။

ရေးသားသူ —စိုးမိုးသူ

၁။   http://epsklt.hrdkorea.or.kr/eps_klt/servlet/ContentManager
၂။ https://docs.google.com/viewer?a=v&q=cache:qHH8Pu-HpVUJ:www.poea.gov.ph/eps/Topik/Reviewer2013/pp1-52_Intro-Contents.pdf+&hl=ko&gl=kr&pid=bl&srcid=ADGEESh7rRZRf80kQSyYbE6dtFiIXKBrjWGrmW7yWXcCBkezH53edoLpvUtQ7EuV2ZBYyYulWmAbCn2DqsL5TpzmDruIql5gzeiZZc4L4vjgeR7-vTAp-Sle842cn0Ud2QWSeY-YuHJo&sig=AHIEtbRqYXSENGSY5eQa_YzhBwk7SpDJLA

လင့်ခ်_၁ က အရင်နှစ်တွေက မေးခွန်းတွေ၊
လင့်ခ်_၂ က ကိုရီးယားဘာသာစာမေးပွဲဆိုင်ရာ သိစရာအဖြာဖြာ
လင့်ခ်အတိုင်းသွားပြီး  ဒေါင်းလုပ်လုပ်လို့ ရတယ် ၊
ဆိုဒ်ထဲဝင်ဖြေလို့လဲရပါတယ်။

စိုးမိုးသူ(facebook: moethu.soe)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, April 13, 2013

မြန်မာအမျိုးသမီးတွေ နိုင်ငံခြားအလုပ်ထွက်လုပ်ရင် ပျက်စီးတော့မှာလား

ရေးသားသူ — စိုးမိုးသူ
 
အလုပ်သမားအခွင့်အရေးတောင်းဆိုနေတဲ့ အမျိုးသမီးရွှေ့ပြောင်းအလုပ်သမား
ကျနော့်ကို တချို့ကပြောတယ်။
အကိုရေ ကျနော်တော့ မြန်မာမိန်းကလေးတွေ နိုင်ငံခြားလာ အလုပ်လုပ်မှာကို လုံးဝ ကန့်ကွက်တယ်။ လာ အလုပ် မလုပ်စေချင်ဘူး၊ သူတို့တွေ ပျက်စီးကုန်မှာစိုးလို့...တဲ့

အဲဒီတော့ သူ့ကို ကျနော်က ပြန်မေးလိုက်ပါတယ်။
မင်းကော နိုင်ငံခြားရောက်လို့ ပျက်စီးနေပြီလား။
မင်းတောင် နိုင်ငံခြားရောက်လို့ မပျက်စီးဘူးဆိုရင် မိန်းကလေးတွေကျမှ ပျက်စီးကုန်မယ်ဆိုတာ မိန်း  ကလေးတွကို သိပ် အထင်သေးရာကျတယ်လို့ မထင်မိဘူးလား၊

တကယ်တော့ ဘယ်သူက မိဘမောင်နှမနဲ့ ခွဲပြီး တိုင်းတပါးမှာ အလုပ်လာလုပ်ချင်ပါ့မလဲ၊
သူတို့တွေခမြာ ကိုယ့်တိုင်းပြည် အစိုးရက ကိုယ့်ပြည်သူကိုမှ နပ်မှန်အောင် မကျွေးနိုင်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် အနာဂတ် အိပ်မက်ကို ရဲရဲဝံ့ဝံ့ မက်ခွင့်မရှိနိုင် ဖြစ်နေကြရတာမို့ ရေကြည်ရာမြက်နုရာ ခုလို နိုင်ငံရပ်ခြား ထွက်ပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်ကြရတာ မဟုတ်လား၊

အဲဒီတော့
တို့တွေက သူတို့တွေရဲ့ ဆန္ဒကို ဖြည့်တင်းပေးနိုင်စွမ်းမရှိလို့ သူတို့ကိုယ်တိုင် ကြိုးစားအားထုတ်ဖို့ လှုပ်ရှားတတ်လာတာကို ဘယ်လို အားပေးကြမလဲ၊ သူတို့လေးတွေ တိုင်းတပါးမှာ အခက်အခဲ မရှိ အလုပ်လုပ်ကိုင်နိုင်အောင်၊ တွေ့ကြုံလေ့ရှိတဲ့ ဒုက္ခတွေ မကြုံတွေ့ကြရအောင် အရင်ကြိုတင် ရောက်နေကြ
သူ တို့တတွေက သူတို့ကို ဘယ်လို စောင့်ရှောက်ပေးကြမလဲ ဆိုတာကို အလေးအနက် စဉ်းစား ထားကြ ရမှာ မဟုတ်ဘူးလား
လို့ မေးတော့မှ ခေါင်းတဆတ်ဆတ်ညိမ့်ရှာတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>