Showing posts with label သူ့အတွေး၊သူ့အမြင်. Show all posts
Showing posts with label သူ့အတွေး၊သူ့အမြင်. Show all posts

Tuesday, November 18, 2014

2050 CLUB

ရေးသားသူ — ခန့်နေသူတိုး





(2050 Club – (이공 오공) 클럽) 1인당 국민소득 2만(20 Thousand) 달러 이상, 인구 5,000만(50 Million) 명 이상의 기준을 동시에 충족한 국가를 지칭. 현재 일본, 미국, 프랑스, 이탈리아, 독일, 영국, 한국 이렇게 7개국으로 구성되어있다.

၂၀၅၀ ကလပ် ဆိုတာရှိတယ် ။ သူ့ကို နှစ်ထောင့်ငါးဆယ်လို့ အသံမထွက်ပဲ နှစ်သုည ငါးသုည ကလပ်လို့ အသံထွက်ပါတယ်။ ကိုရီးယားတွေကတော့ (အီဂုံး အိုဂုံး club) လို့ ခေါ်ကြပါတယ်။ ဒီ ကလပ်က ဘာလဲဆိုတော့ အဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံပါတဲ့ စီးပွားရေး ကောင်းတဲ့ နိုင်ငံတွေ စုစည်းထားတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ အဆိုပါ အဖွဲထဲကို ဝင်ခွင့်ရဖို့ စည်းမျဉ်းရဲ့ ပထမအချက် ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ လူဦးရေဟာ သန်း ၅၀ ကျော်ရှိရပါမယ်။ နောက် ဒုတိယက အဲဒီနိုင်ငံရဲ့ ပျမ်းမျှ တစ်ဦးချင်းဝင်ငွေ ( GDP ) ဟာ တစ်နှစ်ကို ဒေါ်လာ ၂ သောင်းကျော်နေရပါမယ် ။ GDP ဆိုတာက အင်္ဂလိပ်လိုတော့ Gross Domestic Product ပေါ့ ။ နိုင်ငံရဲ့ တစ်နှစ်တာအတွင်း ထုတ်ကုန်တန်ဘိုးပေါ့ ။ နိုင်ငံရဲ့ GDP နဲ့ တစ်ဦးချင်းရဲ့ ဝင်ငွေ GDP ဆိုပြီး ဒီလိုလည်း ခွဲခေါ်လို့ ရမယ် ထင်ပါတယ် ။ ကိုရီးယားလိုတော့ 국내 총생산 လို့ ခေါ်ပါတယ် ။

တစ်ဦးချင်းဝင်ငွေ GDP ကိုတော့ မွေးကာစ လူမမယ် ကလေးငယ်လေးတွေက အစ ၊ သက်ကြီးရွယ်အိုတွေ အထိ အားလုံးသော နိုင်ငံသား အရေအတွက်ကို ပျမ်းမျှထားပြီး တွက်ထားတာ ဖြစ်ပါတယ်။ ကိုရီးယားမှာတော့ မွေးကာစ ကိုရီးယားလေးလည်း တစ်နှစ်ကို ဒေါ်လာ ၂ သောင်းအထက် ဝင်ငွေ ရှိတယ် ဆိုတဲ့ သဘောပေါ့ ။ ဆိုတော့ကာ ၂၀၅၀ ကလပ်ဆိုတာ လူဦးရေ သန်း ၅၀ ကျော်ရှိပြီး ပျမ်းမျှ တစ်နှစ် တစ်ဦးချင်း ဝင်ငွေ ဒေါ်လာ ၂ သောင်းကျော်တဲ့ နိုင်ငံတွေရဲ့ အဖွဲ့လို့ ဆိုရမှာပါ။ အခု အဲဒီ အဖွဲ့မှာ ဂျပန် ၊ အမေရိကန် ၊ ပြင်သစ် ၊ အီတလီ ၊ ဂျာမဏီ ၊ အင်္ဂလန် နဲ့ တောင်ကိုရီးယားတို့ ပါဝင်ပါတယ် ။ တောင်ကိုရီးယားကတော့ ဒီအဖွဲ့ထဲကို ၂၀၁၂ ခုနှစ်က ဝင်ရောက်ခွင့် ရခဲ့တာ ဖြစ်ပြီး အဲဒီတုန်းက GDP က ၂၃,၆၈၀ ဒေါ်လာပါ ။ အခု ၂၀၁၄ ခုနှစ်မှာတော့ တောင်ကိုရီးယားရဲ့ GDP က ၂၈,၇၃၉ ဒေါ်လာအထိ တက်လာပါတယ် ။ ကိုရီးယားတွေ ကလေးက အစ တစ်လကို ဒေါ်လာ ၂,၄၀၀ လောက် ဝင်ငွေရှိတယ်ပေါ့ ။ ကိုရီးယား တော်တော်လေး ချမ်းသာလာတယ် ဆိုရမှာပါ။

အောက်က ဇယားမှာ ၂၀၁၂ ခုနှစ်က ၂၀၅၀ ကလပ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ လူဦးရေနဲ့ GDP တွေကို နှိုင်းယဉ်ကြည့်နိုင်ဖို့ ဖော်ပြထားပါတယ် ။ နောက် ကျနော်တို့ မြန်မာနိုင်ငံရဲ့ GDP ကိုလည်း အခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်လို့ ရအောင် တင်ပြပေးထားပါတယ်။ ၂၀၁၄ ခုနှစ် လောလောဆယ်မှာတော့ မြန်မာက နိုင်ငံအလိုက် ထုတ်ကုန်တန်ဘိုး GDP ဝင်ငွေမှာတော့ ကမ္ဘာ့ အဆင့် ၇၄ နေရာကို ထိန်းသိမ်းထားပါတယ် ။ လူဦးရေနဲ့ ပျမ်းမျှပြန်ချလိုက်တဲ့ တစ်ဦးချင်း ဝင်ငွေ GDP အနေနဲ့တော့ ကမ္ဘာ့အဆင့် ၁၇၂ ပါ ။ မြန်မာရဲ့ အထက်မှာ ဘင်္ဂလားဒေ့ရှ် ၊ သီရိလင်္ကာ ၊ ကမ္ဘောဒီယား ၊ ဖိလစ်ပိုင် ၊ ထိုင်း ၊ ဗီယက်နမ် စတဲ့ ကျနော်တို့ အနားက နိုင်ငံတွေ အကုန်ရှိပါတယ် ။ မြန်မာအောက်မှာတော့ ကျနော်သိတဲ့ နိုင်ငံထဲမှာ နီပေါ ရှိပါတယ် ။ နီပေါက ကျနော်တို့ထက် ဆင်းရဲတယ် .. တဲ့ ။ သူ့ GDP က တစ်နှစ်ကို ၆၄၀ ဒေါ်လာ .. တစ်လကို နီပေါ တစ်ယောက် ဝင်ငွေ ၅၃ ဒေါ်လာ ၃၃ ဆင့်ပါ ။ မြန်မာနိုင်ငံသား တစ်ဦးရဲ့ တစ်နှစ် ပျမ်းမျှ ဝင်ငွေကတော့ တစ်နှစ်ကို ၉၁၀ ဒေါ်လာပါ ။ တစ်လကို မြန်မာနိုင်ငံသား တစ်ဦးဟာ ၇၅ ဒေါ်လာနဲ့ ၈၃ ဆင့် ဝင်ငွေရှိတယ် ဆိုပါတယ်။ (ကိုရီးယားငွေနဲ့ဆို တစ်လကို ဝမ် ၈ သောင်းလောက် ဝင်တယ်ပေါ့ ) ။ ကိုရီးယားနဲ့ မြန်မာနဲ့ ဝင်ငွေချင်း ယဉ်ရင် ၃၂ ဆလောက် ကွာတဲ့ သဘောပါ ။ ကိုရီးယားတွေ တစ်လ ဝင်ငွေကို မြန်မာတွေက ၃ နှစ်နီးပါး ရှာရမယ်ဆိုတော့ (GDP သတ်မှတ်ချက်အရ ) ကျနော်တို့ မြန်မာနိုင်ငံသားတွေ အင်မတန် ဆင်းရဲကြတယ် ဆိုတာကတော့ မျက်စိမှိတ်ပြီး ငြင်းလို့ မဖြစ်နိုင်တဲ့ အမှန်တရားတစ်ခုပါ ။ ဘာလို့ ဒီလောက် ဆင်းရဲနေရသလဲ ဆိုတာကတော့ မိမိတို့ ဘာသာ သီးသန့် နဖူးပေါ် လက်တင်ပြီး စဉ်းစားကြပါ .. ဒီနေရာမှာ အခြား အကြောင်းကို တင်ပြချင်တာဖြစ်လို့ ဒီအကြောင်းကို မပြောတော့ပါ )

အခု ကျနော်ပြောမယ့် အကြောင်းက UN နဲ့ ဆိုင်ပါတယ် ။ UN ကနေ ချမှတ်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှာ “ရွှေ့ပြောင်းအလုပ်သမားများ လွတ်လပ်စွာ လုပ်ငန်း ရွေးချယ်ပိုင်ခွင့် ၊ လွတ်လပ်စွာ အလုပ်ရွှေ့ပြောင်းပိုင်ခွင့်” များကို ရပိုင်ခွင့်ရှိရမည် လို့ ပြဌါန်းထားပါတယ် ။ ကျနော်ပြောချင်တာက ကိုရီးယား အစိုးရဟာ ၂၀၅၀ ကလပ်မှာလည်း အဖွဲ့ဝင် ဖြစ်သလို ပိုက်ဆံတွေလည်း ချမ်းသာနေပါလျှက်နဲ့ အနုပညာမှာ ၊ အားကစားမှာ ၊ နည်းပညာမှာ ကမ္ဘာကျော်နေပါလျှက်နဲ့ UN မှာလည်း မစ္စတာ ဘန်ဂီမွန်းကြီး ရှိနေပါလျှက်နဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ပြောင်ပြောင်ကြီး ချိုးဖောက်နေတာပဲ ဖြစ်တယ် ။ ဒီနေရာမှာ ကျနော် ဘက်လိုက်ပြောတာ မဟုတ်ပဲ တစ်ခုပြောပြချင်တယ် .. နီပေါတို့ မြန်မာပြည်တို့မှာ အလုပ်သမား အခွင့်အရေးတွေကို ချိုးဖောက်နေကြတယ် ဆိုတာက အဲဒီနိုင်ငံတွေက ဆင်းရဲတယ် .. အစိုးရတွေဟာ ပညာနဲတယ် .. မြန်မာတွေက စကားပုံလေးနဲ့ ပြောမှ နားမှာ စွဲတယ် ဆိုရင်လည်း ကျနော် အိုဘားမားလို စကားပုံလေး ကြားညှပ်ပြီး ပြောပါ့မယ် .. “မရှိလို့ မလှူ” .. ကျနော်ပြောတာ ဟုတ်ရဲ့လားဗျ .. “မလှူတော့ မရှိ” (လက်ခုပ်သံများ) ။

ဆိုတော့ကာ မြန်မာတို့ နီပေါတို့ စတဲ့ နိုင်ငံ အစိုးရတွေက ပညာနဲပြီး ဆင်းရဲကြတော့ လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးကို ကောင်းမွန်အောင် မထိန်းနိုင်တော့ဘူး .. အခွင့်အရေးတွေကို မထိန်းပေးနိုင်တော့ .. ထပ်ဆင်းရဲပြန်ရော .. သံသရာလည်နေကြရတာ .. ။ ဒါပေမယ့် ကိုရီးယားကတော့ ချမ်းသာပါလျှက်နဲ့ .. ဘာလို့ ဒီလို ကောက်ကျစ်တဲ့ အကျင့်တွေ ကိန်းအောင်းနေရတာလဲ .. တစ်လောတုန်းက အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က တောင်ကိုရီးယားမှာ စိုက်ပျိုးရေး ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ငန်းခွင်တွင်း ဖိနှိပ်မှု ၊ လူတန်းစားခွဲခြားခံရမှု ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၊ အနိုင်ကျင့် အကြမ်းဖက်မှု ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတယ်လို့ .. ကြေညာစာတမ်းထွက်လာပါတယ်။ အဲဒီတော့မှ အစိုးရက ခြေမကိုင်မိ လက်မကိုင်မိ .. စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေကြတယ်။

အချုပ် ပြောချင်တာကတော့ ကျနော်တို့တွေ ကိုရီးယားရောက်နေစဉ်မှာ နိုင်ငံရေး ၊ အလုပ်သမားအရေး ၊ ဥပဒေ အပြောင်းအလဲ ၊ အစိုးရနဲ့ ပြည်သူတွေရဲ့ အားပြိုင်မှု ၊ စီးပွားရေး စတာတွေကိုလည်း စိတ်ဝင်တစား ရှိကြရင်း မိမိတို့ရဲ့ အခွင့်အလမ်း ၊ အခွင့်အရေးတွေကို ရှာဖွေရယူနိုင်ကြဖို့နဲ့ တစ်ဆက်ထဲမှာပဲ ကိုယ်ကပဲ အခွင့်အရေးတွေကို လိုက်လံရှာဖွေ ရယူကြတာမဟုတ်ပဲ .. ကိုယ့်နိုင်ငံ ဒါမှမဟုတ် ကိုယ်က .. ချမ်းသာသွားတဲ့ .. အင်အားရှိသွားတဲ့ .. လုပ်ပိုင်ခွင့် ရသွားတဲ့ အခါမှာလည်း ကိုယ်တွေ ခံစားခဲ့ရတာတွေကို အမှတ်ရ သင်ခန်းစာယူ ပြန်ပြောင်းအောင့်မေ့ရင်း .. ကိုယ့်ထက် အားနဲသူ ၊ ဆင်းရဲသူ ၊ လုပ်ပိုင်ခွင့် မရှိသူတွေ အပေါ် ပြန်လည် ဖေးမ စောင့်ရှောက် နားလည်ကြမယ်ဆိုတဲ့ အသိအမြင် စိတ်ကောင်းနှလုံးကောင်းများ မွေးမြူနိုင်ကြတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေလို့ .. ဆုတောင်းရင်း တရားကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါရစေ .. ။






ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, October 8, 2014

လက်ထောင် မျက်နှာပြောင်တိုက် ဥပဒေ

ရေးသားသူ — ဖိုးထက်



ဟေ့လူ ထားဝယ် …

ကျွန်တော်လဲ ခင်ဗျားဆီ စာရေးမယ် ရေးမယ်နဲ့ဗျာ ပျင်းတာရော၊ နေ့ရွှေ့ ရက်ရွှေ့လုပ်တတ်တဲ့ မြန်မာတစ်ယောက် ဖြစ်တာရော အခုမှဘဲ စာရေးဖြစ်တယ်။ ကျွန်တော် အဲဒီက ပြန်တော့ ခင်ဗျား ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်းတွေကို ခင်ဗျား မဟေသီဆီကို သွားပို့လိုက်တယ်။ ထားဝယ်သား နဲ့ မန္တလေးသူ ဘယ်လိုများ ဖူးစာစုံခဲ့ကြသလဲဗျာ။ ရုပ်ဆိုးတာကတော့ လင်နဲ့မယား ရှေ့သွား နောက်လိုက် ညီကြပါပေတယ်။ ဟဲ ဟဲ…. စတာပါဗျာ။ ခင်ဗျား သားကတော့ လူလော၊ မျောက်လော၊ ဆက်ရက်လောလို့ မေးယူရမယ့် အကောင်ဗျို့။ ဆော့လိုက်တာလဲ လွန်ရော။ စကားတွေ ပေါလိုက် တတ်လိုက်တာလဲ အလွန်ဘဲ။ ရေခြားမြေခြားမှာ သားကို တလွမ်းထဲ လွမ်းနေတဲ့ ခင်ဗျားစိတ်ခံစားချက်ကို နားလည် သလိုလို ရှိပါပြီ။

ကျွန်တော် အဲဒီကနေ အပြီးပြန်မယ် လုပ်တော့ အခြေအနေလေး ကောင်းရင် လက်တို့အုံး၊ လှမ်းပြီး ခေါ်လိုက်အုံး လိမ်လိမ်မာမာနေလို့ ခင်ဗျားမှာလိုက်တာ စိတ်ထဲ အမြဲရှိပါတယ်။ လိမ္မာခြင်း မလိမ္မာခြင်းကတော့ သူ့ပေတံနဲ့ သူမို့လားဗျ။ ခင်ဗျားစေတနာကို နားလည်ပါတယ်။ ကျွန်တော်က ခေါက်ရိုးကျိုး မီးပူတိုက်ထားတဲ့ လူတစ်ယောက်တော့ ဖြစ်ချင်မှ ဖြစ်မှာပေါ့။ ဒါပေမယ့် ကောက်ကျစ်တတ်တဲ့ လူတစ်ယောက် မဟုတ်လို့ဘဲ ခင်ဗျားက ကျွန်တော့်ကို ချစ်တာ မဟုတ်ဘူးလား။ ဟား…ဟား…

အခြေအနေလေး ကောင်းရင် လက်တို့အုံးနော် ဆိုတဲ့ ခင်ဗျား စကားကိုဘဲ ရှည်ရှည်ဝေးဝေး ကျွန်တော် ခံစားမိသလောက်လေး ပြောပြချင်တယ်။ အခြေအနေကတော့ အီလည်လည်ဘဲဗျ။ ကောင်းတာလဲ မဟုတ်ဘူး။ မကောင်းတာလဲ မဟုတ်ဘူး။ အရင်ကထက်စာရင် မဆိုသလောက်လေး ကောင်းလာတာကို ကျုပ်တို့မှာ မောင်မင်းကြီးသားများ စိတ်ကောင်းရှိကြပါပေတယ်လို့ ကျေးဇူးတွေ တင်နေကြရတာဗျ။ ခင်ဗျားလို ကျုပ်လို နိုင်ငံခြားမှာ ကျွန်သက်ပါးဝနေတဲ့ လူတွေအတွက်ကတော့ ဘယ်အားရမလဲဗျာ။ သူများနိုင်ငံတွေမှာ လိုလေသေးမရှိ။ ပညာရေး၊ ကျန်းမာရေး၊ စားရေး၊ ၀တ်ရေး အားလုံးမှာ အလုပ်လုပ်နိုင်ရင် လူလိုသူလိုတော့ နေလို့ရမို့လား။ အုပ်ချုပ်သူ အစိုးရ ရှိလို့ ရှိမှန်းတောင် မသိရတဲ့ ပါတ်ဝန်းကျင်မှာ အသားကျနေတဲ့ လူတွေအတွက် သူတို့ပြောတဲ့ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကြီးကို အလာဂျီ ဖြစ်တယ်ဗျာ။

ခင်ဗျားလို မြန်မာနိုင်ငံကို ပြန်ပြီး ဘာစီးပွားရေး လုပ်ရရင် ကောင်းမလဲလို့ တွေးနေသူအတွက် ကျွန်တော် တစ်ဦးတည်း သဘောနဲ့ ပြောရရင် ပြန်မလာနဲ့အုံးလို့ တိုက်တွန်းချင်တယ်။ အဲဒီမှာဘဲ ဆက်သာ လုပ်။ ဆက်သာလွမ်း။ ဆက်သာ ကျိတ်ပေတော့လို့ အားနာနာနဲ့ တိုက်တွန်းရမှာဘဲ။ ခင်ဗျား ပြန်လာပြီး စီးပွားရေး လုပ်လဲ မဖြစ်နိုင်ဘူးဗျ။ ဘာလို့လဲ ဆိုတော့ ခင်ဗျားက အရာရာကို ဖြောင့်ဖြောင့်ကြီး သွားချင်တဲ့လူ။ ကိုယ့် ပညာနဲ့ ကိုယ် ခပ်တင်းတင်းရင်းရင်း အလုပ် လုပ်ချင်တဲ့ လူမို့လို့ဘဲဗျို့။ ဒီမှာကတော့ ခင်ဗျားလို ငွေလေး အနည်းငယ်နဲ့ စီးပွားရေး လုပ်ပြီး မိသားစု အာမခံချက်ရဖို့ ဆိုတာ မိုးပေါ်က အပ်ဖျားနဲ့ လူ့ပြည်က အပ်ဖျား ကိစ္စပါဗျာ။ အခုထက်ထိ အဆက်အသွယ် ကောင်းရတယ်ဆိုတဲ့ ကိစ္စကြီး ရှိဆဲဘဲဗျို့။ ပုဂ္ဂလိက ကုပ္မဏီတွေ အများကြီး ဆိုပေမယ့် ဟိုအဘ၊ ဒီအဘ နဲ့ ဆက်စပ် ပါတ်သက်တဲ့ လူတွေချည်းဘဲ အလုပ်ဖြစ်တယ်လို့ ပြောကြတယ်ဗျို့။ အဲဒီမှာလို မှန်မှန်ကန်ကန်နဲ့ လွတ်လွတ်လပ်လပ် တင်ဒါတွေ ၀င်ပြိုင်၊ အကောင်းဆုံး ၀န်ဆောင်မှုတွေ ပေးနေတဲ့ လူတွေ၊ အလုပ်တွေ မရှိဘူးလားဆိုတော့ ရှိပါတယ်။ ဒါပေမယ့် သူဌေးမဖြစ်ပါဘူးဗျာ။ မရှိ မရှား အလုပ်တွေတော့ ခင်ဗျား ရချင် ရမှာပေါ့။ တကယ့် အဆီတစ်ထပ်၊ အသားတစ်ထပ် သုံးထပ်သား မြိုးမြိုးမျက်မျက် ရမယ့် အလုပ်တွေကတော့ ခင်ဗျားလို အဆက်အသွယ်ကမရှိ၊ ပညာမာနကြီး တစ်ခွဲသားနဲ့ လုပ်မယ့် လူအတွက် မဖြစ်ပါဘူးဗျာလို့ ပြောရမှာဘဲ။

သူများ အလုပ်မှာ ၀င်လုပ်ပြီး လစာကောင်းကောင်းရဖို့ရော မဖြစ်နိုင်ဘူးလားလို့ ခင်ဗျားက မေးချင်မှာဘဲ။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ဆင့်ပါးစပ် နှမ်းပက်တဲ့ ကိစ္စပါဗျာ။ ခင်ဗျား အတွေ့အကြုံ၊ အရည်အချင်း၊ စိတ်နေစိတ်ထားမျိုးနဲ့ တစ်လကို မြန်မာငွေ လစာဆယ်သိန်းအထက် ရသင့်တဲ့ လူဆိုတာ ကျွန်တော်ကတော့ ဘော်ဒါ အချင်းချင်းမို့ အာမခံတယ်ဗျို့။ အာမ မခံတာက ပြည်တွင်း အလုပ်ရှင်တွေဗျ။ ဘယ်သူမှ မပေးချင်ဘူးဗျ။ ခိုင်းတာကတော့ အဲဒီမှာလိုဘဲ ခင်ဗျားကို ဖိအားတွေနဲ့ ပိနေအောင် ခိုင်းမယ့် လူတွေချည်းဘဲ။ ပိုက်ဆံပေးဖို့ကျတော့ ခပ်တွန့်တွန့် ဖြစ်နေကြဆဲဘဲဗျို့။

ကျွန်တော်လဲ ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုမှာ အင်တာဗျူးရသဗျို့။ အင်တာဗျူးစ၀င်ကတည်းက အင်္ဂလိပ်လိုဘဲ မေးသဗျို့။ မေးတဲ့ သူအထဲမှာ အင်္ဂလိပ်စကားတောင် လိပ်ပါတ်လည်အောင် မပြောတတ်တဲ့ ထိုင်းတစ်ယောက်နဲ့ တရုတ်တစ်ယောက်လဲ ပါသဗျို့။ HR က မြန်မာလူမျိုး အမျိုးသမီး တစ်ယောက်လဲ ပါတယ်ဗျ။ ပညာရပ်ပိုင်း ဆိုင်ရာတွေလဲ အများကြီး မေးတယ်ဗျို့။ကျွန်တော် လူတော် တစ်ယောက် မဟုတ်ပေမယ့် ခပ်ညံ့ညံ့ ခပ်တုံးတုံးထဲ ပါတဲ့ သူမဟုတ်ဘူးဆိုတာ ကျွန်တော့်သူငယ်ချင်း ခင်ဗျားအသိဆုံးပါ။ ကောင်းကောင်းကြီး ကျွန်တော် ဖြေနိုင် ပြောနိုင်ပါတယ်ဗျာ။ သူတို့ မေးခွန်းတွေမေးသမျှ ကျွန်တော် ဖြေပြီးတော့ ကျွန်တော်လဲ သူတို့ကို အင်တာပြန်ဗျူးရတာပေါ့ဗျာ။ အင်တာဗျူးဆိုရင် အလုပ်ရှင်ဘက်ကချည်း မဟုတ်ဘဲ အလုပ်သမားဘက်ကလဲ ကိုယ်သိချင်တာ ပြန်မေးပိုင်ခွင့် ရှိရမယ်လေဗျာ။ ဒါမှ ကိုယ်ဘာလုပ်ရမယ်၊ ဘာတွေ တာဝန်ယူရမယ်၊ ဘယ်လိုအကျိုး အမြတ်တွေရှိတယ်။ ခံစားခွင့်က ဘယ်လို။ ဘာညာ သိခွင့်ရှိတယ်မို့လား။ ကျွန်တော်မေးတော့ ဆရာ၊ ဆရာမတွေက မျက်နှာပျက် ချင် ချင်ဗျို့။ အလုပ် မလုပ်ရသေးခင် ဘာတွေ ဘယ်လို ခံစားခွင့်ရှိသလဲဆိုတာ အလုပ်သမားဘက်က မေးပိုင်ခွင့် အပြည့်ရှိတယ်ဆိုတာ အထူးသဖြင့် အဲဒီ HR မန်နေဂျာဆိုတဲ့ အမျိုးသမီးက သိပ်နားလည်ပုံ မရပါဘူးဗျာ။

ကျွန်တော့်ကို လိုအပ်ရင် ကားမောင်းရမယ်တဲ့။ နယ်မှာလဲ နေချင် နေရမယ်တဲ့။ လိုအပ်ရင် ညဘက်တွေလဲ အလုပ် လုပ်ရမယ်တဲ့။ ဒါပေမယ့် အိုဗာတိုင်ကြေး မရှိဘူးတဲ့။ အလုပ်တစ်ခုမှာ လိုအပ်ရင် ညဘက်အလုပ် လုပ်ရမယ်ဆိုတာ နားလည်ပါတယ်ဗျာ။ ရက်အစား ပြန်နားလို့ရတယ် ဆိုပေမယ့် နေ့မှာ အလုပ်လုပ်တာနဲ့ ညတွေမှာ အလုပ်လုပ်တာ ဘယ်ဒင်းက ကျန်းမာရေး ပိုထိခိုက်တယ်ဆိုတာ သိလို့ အဲဒီမှာတော့ ည အလုပ် လုပ်တဲ့ သူတွေကို ညကြေးဆိုပြီး သပ်သပ် ပေးရတယ်မို့လား။ ဒါကြောင့် အိုဗာတိုင်ကြေး မရှိဘူးဆိုရင် လစာကောင်းကောင်းပေးရမယ်ဗျ။ မျှော်မှန်းလစာ ဒေါ်လာ တစ်ထောင်လို့ ကျွန်တော်ပြောတော့ အဲဒီအမျိုးသမီးက “I am going to crazy. I don’t know how about you.” ဆိုပြီး ကျွန်တော့်ကို တွယ်သဗျ။ လစာက ညှိနှိုင်းလို့ ရပါတယ်လို့ ကျွန်တော်က ပြောတော့ အဲဒီအမျိုးသမီးက မြန်မာငွေ သုံးသိန်းခွဲထက် ပိုမပေးနိုင်ဘူးတဲ့ဗျာ။ အချိန်တွေ ကုန်။ လေတွေ ကုန်သွားပြီလို့ ကျွန်တော်တွေးမိပြီး ယဉ်ယဉ်ကျေးကျေးနဲ့ “ဒါဆို အင်တာဗျူး ပြီးပြီ။ ငါ့ကို ခွင့်ပြုပါအုံး” ဆိုပြီး ပြန်ထွက်လာတော့ နောက်ကနေ လှမ်းပြောလိုက်သေးသဗျ။ “ A lot of persons are waiting for this position in the market.” တဲ့ဗျာ။ ကျွန်တော့်မှာ သွေးတိုး မရှိတာဘဲ ကျေးဇူး တင်ရမယ်ဗျို့။ သွေးတိုးများရှိရင် ဦးဏှောက်သွေးကြော ပြတ်ပြီး နေရာမှာတင် ဒိုင်းခနဲ့ ပစ်လဲပြီး သေလောက်အောင် ဒေါသထွက်သဗျာ။ ဒါပေမယ့် ကျွန်တော်လဲ ဘာမှ ပြန်မပြောခဲ့ပါဘူး။ သူပြောတာလဲ ဟုတ်မှာပေါ့။ ရှိရင် ခိုင်းပေါ့။ ကျွန်တော်ကတော့ လစာ သုံးသိန်းခွဲနဲ့ နေ့ရော ညရော လုပ်ရမယ့် တာဝန်တွေ အများကြီး ယူရမယ့် အလုပ် မလုပ်နိုင်ဘူးဗျာ။ ဆားနဲ့ဘဲ စားရ။ စားရ။

နောက်မှ ပြည်တွင်းမှာ အကြာကြီး အလုပ် လုပ်နေတဲ့ သူငယ်ချင်းတွေ မေးစမ်းကြည့်မှ အဲဒီ ကုမ္ပဏီက ဘယ်သူပိုင်သလဲ ဆိုတာ သိရတာ။ ထုံးစံအတိုင်း အဘခပ်ကြီးကြီး ဘောင်းဘီချွတ် အဘိုးကြီးရဲ့ သား၊ သမီးတွေထဲက လုပ်ငန်းခွဲတစ်ခုတဲ့ဗျို့။ စည်ပင်က ဆောက်လုပ်ခွင့်တောင် မကျဘဲ ၆၃ ထပ် အဆောက် အဦးကြီး တစ်ခုကို ဖောင်ဒေးရှင်းတွေတောင် ပြီးလို့ ပထမထပ်တောင် စနေတဲ့ အလုပ်အတွက် လူခေါ်တာတဲ့ဗျို့။ ထားပါဗျာ။ ဒါက ကျွန်တော် ကြုံရတာကို ခင်ဗျားကို ပြောပြတာပါ။ တကယ့် market ထဲမှာ ခင်ဗျားလိုမျိုး အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေအတွက် မြန်မာငွေ ခြောက်သိန်း ခုနှစ်သိန်းလောက်တော့ ရှိမှာပေါ့။ ဒါပေမယ့် ရှားပါသေးတယ်။ ခင်ဗျားရဲ့ စားစရိတ်၊ လာစရိတ် နှုတ်လိုက်ရင် ဘာကျန်မလဲဗျ။ ခင်ဗျားသားကို ရည်မှန်းချက် ကြီးကြီးနဲ့ ပညာသင်ပေးချင်တဲ့ ခင်ဗျားလိုလူလား တစ်လကို ငါးသိန်း ခြောက်သိန်းနဲ့ လောက်မှာ။ မိသားစုနဲ့ နေချင်တယ်။ ပြည်တွင်းမှာဘဲ အလုပ်လုပ်ချင်သပ ဆိုရင်တော့ သဘောဘဲဗျ။

အဲ…လက်ရှိ နိုင်ငံရေး အခြေ အနေ ဘယ်လို ရှိသလဲဆိုတဲ့ ခင်ဗျား မေးခွန်းလဲ ဥာဏ်မှီသလောက် ဖြေချင်သေးသဗျို့။ ကျွန်တော် ဘာကောင်မှ မဟုတ်တာလဲ ခင်ဗျားသိတာဘဲ။ ဒါပေမယ့် ဘော်ဒါ အရင်းခြင်းတွေမို့လို့ ခပ်တင်းတင်း ခပ်ရဲရဲဘဲ ဖြေပါရစေတော့။ တကယ့် ဘူးရှစ် ဘဲဗျို့။ ရသလောက် ညစ်မယ်။ ခြေထိုးမယ်။ အောက်တန်းကျမယ်။ အာရုံပြောင်းမယ်။ သေချင်သေပစေ။ ထိုင်ခုံတော့ မပေးဘူးဆိုတဲ့ အချိုးဗျို့။ အဘွားကြီးလဲ မရပါဘူးဗျာ။ ခင်ဗျားကတော့ စိတ်ဆိုးမှာဘဲ။ ခင်ဗျားအမေထက်တောင် ပိုချစ်တဲ့ အဘွားကြီးကို မရဘူးလို့ ပြောလို့လေ။ ဘယ်ရလိမ့် မလဲဗျ။ အဘွားကြီးက ရိုးသားတယ်ဗျ။ ဖြူစင်တယ်ဗျ။ မကောက်ကျစ်ဘူးဗျ။ အဖြောင့်သမားကြီးဗျ။ ဒီလူတွေက… မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းပြီးတော့ကို အသိုင်း အ၀ိုင်း တစ်ခုလုံးက ……ထားပါဗျာ။ အကုသိုလ် များလိုက်တာဗျာ။

ခင်ဗျားလဲ သိသားဘဲ။ အဘွားကြီး ပြောနေကျ စကားလေ။ “မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးမှု မရှိဘူး” ဆိုတာလေ။ ဒီလောက်တောင် ပြောတဲ့ အမျိုးသမီးကြီး။ ကိုင်း လုပ်စမ်းဆိုပြီး ဟန်ပြလေး တရားဥပဒေစိုးမိုးရေးကော်မရှင် ဥက္ကဌရာထူးတောင် ပေးထားသေးမို့လား။ ဟောရင်းသာ ပြန်လွန်တော် မူမယ် ဆရာရေ့။ အောက်ခြေလဲ မပြောင်းဘူး။ အလယ်က ဒီအတိုင်း။ အထက်ကတော့ ဘနှဖူး တင်ဒါခေါ် ရောင်းစားမယ့် လူတွေဗျ။ ကိုယ်တိုင်တူးရင် ပင်ပန်းတယ်လေဗျာ။

မြန်မာပြည်မှာ တရားဥပဒေ စိုးမိုးမှု မရှိတာ ရန်ကုန်က လမ်းတွေပေါ်မှာ ကားတွေ ဘယ်လို မောင်းသလဲဆိုတာ ကြည့်တော့လို့ ပြောရမှာဘဲဗျို့။ စည်းကမ်းမရှိဘူးဗျာ။ ဥပဒေဆိုတာ ဘာလဲလို့ မေးရမယ်ဗျို့။ အဆင်ပြေသလို ကြည့်ကျက် မောင်းခြင်းဟာ မြန်မာပြည်က ဥပဒေတွေဘဲဗျို့။ သိသာ ထင်ရှားတဲ့ မီးနီ၊ မီးဝါ၊ မီးစိမ်း တောင်မှ မကောင်းတတ်လို့ဗျို့။ ဒါတောင် မီးနီနေရင် ကားတစ်စီးစာလောက် ရပ်မျဉ်းရဲ့ အရှေ့ကို ကြိုထွက်ထားသေးတာ။ ရရင် ရသလောက် စည်းကမ်း ဥပဒေတွေကို ချိုးဖောက်ရမှကို ကျွန်တော်တို့က စားဝင် အိပ်ပျော်ကြတယ် ထင်ပါရဲ့ဗျာ။ ကိုယ့် တစ်စီးစာလောက် နောက်ဆုတ်လိုက်ရင် တစ်ဘက် ယဉ်ကြော ကား အစီး ၁၀၀ လောက် အဆင်ပြေ ချောမွေ့မယ့် ကိစ္စမှာ ဘယ်လို မျက်နှာပေးကြီးတွေနဲ့ လမ်းလယ်မှာ ကန့်လန့်ကြီး ဇွတ်ဝင်တိုးကြသလဲ နားမလည်ပါဘူးဗျာ။ သူလွတ်သွားတော့ ရှေ့ကို သွားလို့ရသလားဆိုတော့လဲ မဟုတ်ပြန်ဘူး။ ရှေ့ ၀ါးတစ်ပြန်လောက်မှာ သူလဲ လမ်းပြန်ပိတ်မှာဘဲဗျ။ ဒါပေမယ့်ဗျာ…သာကီမျိုး ..စိတ်ကြီးတယ်။ လျှော့တာတော့ မလျှော့နိုင်ဘူးဆိုတဲ့ လူတွေ အများစု ရန်ကုန်မှာ ကားမောင်းနေတာဗျို့။

အဲ …ဒါပေမယ့် ကောင်းတာလေး တစ်ခုတော့ ရှိသဗျို့။ လက်ကလေး ထောင်ထောင်ပြီး မျက်နှာကို ပြုံးပြီး မောင်းရင်တော့ အဆင်ပြေကြတယ်။ ဂငယ်ကွေ့ ကွေ့လို့ မရတဲ့ မျဉ်းအဖြူ continuous line မှာ လက်ကလေးထောင် “အစ်ကိုရေ တစ်စီးလောက်” ဆိုရင်လဲ ဖြစ်တယ်။ လမ်းလေးဆုံမှာ အတည့်သွားမယ်ဆိုရင် ရပ်၊ တင်၊ ချ လုပ်ဖို့ အချက်ပြဖို့ အသုံးပြုရမယ့် ဆိုင်းလင့်မီး၊ မြန်မာတွေအခေါ် စုံမီးကို ဖွင့်မောင်းတာလဲ မှန်တယ် ထင်ကြတာဗျ။ သိပါဘူးဗျာ။ ကျွန်တော်ကိုကဘဲ သောက်ကြီး သောက်ကျယ် နဲ့ အပြစ်တွေဘဲ လိုက်မြင်နေတဲ့ လူလဲ ဖြစ်နေသလားတော့ မသိပါဘူး။ သေချာတာကတော့ ခင်ဗျားနဲ့ မဖြစ်ပါဘူးဗျာ။ ခင်ဗျားက မှန်တယ်ထင်ရင် သိကြားမင်းနဲ့တောင် ဖက်လုံးချင်တဲ့လူဆိုတော့ ရန်ကုန်မှာ ကားမောင်းလို့ မရတာတော့ အသေအချာဘဲ။ ရန်ကုန် ကားမောင်းရတာ ခင်ဗျား မှန်လဲ မှားချင် မှားတယ်။ ခင်ဗျား မှားလဲ မှားချင် မှားတာဘဲဗျ။ ၀ိတ်အကြီးကြီးတွေနဲ့ ဘတ်စ်ကားကြီးတွေနဲ့ ယှဉ်ပြီး ငါမှန်တယ်ထင်ပြီး ဇွတ်ဝင်တိုး ခင်ဗျားလို လူအတွက် ဘယ်နေရာ ဘယ်လို ခွေးသေ ၀က်သေ အသက်ထွက်မယ် မသိဘူး။ ဆင်းပြီး အသေရိုက်မယ့် လူတွေဗျို့။ ဘယ်ရဲမှ ခေါ်ဖို့ မစဉ်းစားနဲ့။ သေစရာ ရှိတာ သေပြီးမှ “ပြည်သူ့ဝိုင်းတွေ ရဲထားတယ်” ဆိုတဲ့ ဥပဒေတွေဗျို့။ ဒါမှ မဟုတ်ရင်လဲ ကျွန်တော်သူငယ်ချင်း Taxi မောင်းသမားလို တုတ်တစ်ချောင်း ကားပေါ် တင်ထားဗျို့။ သူကပြောသေးတာ။ မြန်မာပြည်က ဥပဒေက မိမိကိုယ် ကိုယ် အားကိုးပါ ဥပဒေတဲ့ဗျို့။ ဘယ်သူ့မှ အားမကိုးနဲ့။ သူသေ ကိုယ်သေ ရိုက်ချင်ရင် ရိုက်။ ဒါမှ မဟုတ်ရင်လဲ ဆဲသမျှ၊ အနိုင်ကျင့်သမျှ၊ စော်ကားသမျှ၊ ညွှန့်သမျှကို တရားမှတ်ပြီးသာ သီးခံတဲ့ဗျ။

ကိုင်း…ကျွန်တော့်စာလဲ တောင်ရောက် မြောက်ရောက်ပါဗျာ။ ခင်ဗျားကို စိတ်ပျက်၊ စိတ်ညစ်အောင် လုပ်နေတာ မဟုတ်ပါဘူး။ ကျွန်တော်ခံစားရသလောက် ပြောပြတာပါ။ ခင်ဗျား မိသားစုနဲ့ နေချင်လို့ မြန်မာပြည်ကို ပြန်လာမယ်ဆိုရင်လဲ ပြန်လာပေါ့။ အရမ်းကြီး မျှော်လင့်ပြီး မာနကြီး တစ်ခွဲသားနဲ့ ပြန်တော့ မလာနဲ့ဗျို့။ ဒါဆိုရင်တော့ အဆင်ပြေမယ် မထင်ဘူး။ ခင်ဗျားတို့ ကျွန်တော်တို့က သူဌေးကြီး ဖြစ်ချင်နေကြတဲ့ လူတွေ မဟုတ်သလို သူဌေးဖြစ်ကြမယ့် လူတွေလဲ မဟုတ်ပါဘူးဗျာ။ ရောင့်ရဲစိတ်နဲ့ ကိုယ့်ပါတ်ဝန်းကျင်ကို ရသလောက် အကျိုးပြုမယ်။ စည်းကမ်းပြည့်ဝသော ရေလာမြောင်းပေး ဒီမိုကရေစီကြီးကိုလဲ အမှန်အကန် ရေမရော ဒီမိုကရေစီဖြစ်အောင် ကူညီမယ်ဆိုရင်တော့ ပြန်လာဗျို့။ အဲဒီလိုမှ မဟုတ်ဘဲ လောဘကြီးမယ်။ သူဌေးကြီး ဖြစ်ချင်တယ်။ မှန်တာကိုဘဲ လုပ်မယ်။ မှန်တဲ့အတိုင်းဘဲ သွားမယ်ဆိုရင်တော့ ခင်ဗျား စိတ်ခံစားမှုတွေ အဆင်ပြေလိမ့်မယ်။ ခင်ဗျား မိသားစုတော့ အဆင်ပြေမယ် မထင်ပေါင်ဗျာ။

ဒီလိုမှ မဟုတ်ရင်လဲ ရန်ကုန်လမ်းတွေပေါ်မှာ ကားမောင်းသလိုမျိုး လက်ကလေးထောင်ထောင်ပြီး မျက်နှာဖြီးကြီးနဲ့ စည်းကမ်း ဖောက်ချက်သလို ဖောက် မောင်းကြသလိုမျိုး စိတ်ထားမျိုးနဲ့ ဆိုရင်တော့ ပြန်လာဗျို့။ လုံးဝ လုံးဝ အဆင်ပြေလိမ့်မယ်။ အဲ..ဒါပေမယ့် ၀ိတ်ကြီးတဲ့ ကားကြီးတွေနဲ့ ခင်ဗျား မယှဉ်နိုင်သလို ၀ိတ်ကြီး လူကြီးတွေနဲ့ ခင်ဗျား ယှဉ်လို့ မရတာကိုတော့ စိတ်ထဲ ထည့်ထားဗျို့။ ကျန်မာရေးဂရုစိုက်ဗျို့။ ကျန်းမာမှ ကျွန်တော်တို့လဲ အဘွားကြီးကို မသေမချင်း ချစ်ရ၊ ခင်ရ၊ အားပေးလို့ ရမှာမို့လား။ ဘ၀က တိုပါတယ်ဗျာ။ မသေခင်လေးမှာ ကိုယ်ချစ်ချင်တဲလူကို လွတ်လွတ်လပ်လပ်ကြီး ချစ်ခွင့်ရှိတာ ဘယ်ဒီမိုကရေစီမှ မလိုဘူးဗျို့။ မကျေနပ် ဖင်သာ ဆောင့်သေကြလို့ ကျွန်တော်တို့ အချင်းချင်း ပြောကြသလိုမျိုး ပြောကြရမှာဘဲ။

တော်သေးပြီ။ (မိုးမခမှကူးယူဖော်ပြသည်)
ဖိုးထက်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, October 1, 2014

ဝါးလုံးရှည်ဖြင့် ရမ်းမိသော အတွေးများ ..

ရေးသားသူ — ခန့်နေသူတိုး



သိသိနဲ့ မှားတာနဲ့ မသိလို့ မှားတာ ဘယ်အမှားက ပိုအပြစ်ကြီးသလဲ .. ။ ဒီလိုမေးခွန်းကို ဖြေကြည့်ကြပါဆိုရင် .. အဲဒီမှာပဲ လူတွေ စငြင်းကြရပြီ ။ ကဲ .. ငြင်းပြီဆိုကတည်းက တစ်ဖက်ဖက်မှာ မသိတဲ့လူကတော့ ပါနေလို့ပေါ့ ။ ဒါမှမဟုတ် နှစ်ဖက်စလုံးက မသိကြလို့ ငြင်းတာလည်း ဖြစ်နိုင်တယ် ။ အဲ .. တစ်ခါတစ်ရံ သိသိနဲ့ နှစ်ဖက်စလုံးက အနိုင်လိုချင်စိတ်နဲ့ သူက ပိုသိတယ် .. ငါက ပိုသိတယ် ဆိုပြီး အတင်းဖင်ပိတ်ငြင်းကြတာတွေလည်း ဒုနဲ့ဒေးပါ ။ ဒီတော့ ငြင်းတတ်တဲ့ လူတွေကို လမ်းမပေါ်မှာ ထားခဲ့ပြီး တွေးတောဆင်ခြင်တတ် သူတွေကိုသာ ကျနော်နဲ့ အတူ အောက်က စာပိုဒ်တွေဆီ ခေါ်သွားပါရစေနော် ။

ကျနော့် အမြင်ကတော့ သိသိနဲ့ .. အမှားမှန်း သိသိနဲ့ မှားမိတာထက် .. မသိပဲ .. အမှားမှန်း မသိပဲ မှားတဲ့လူက အပြစ်ပိုကြီးတယ်လို့ ထင်မိပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သူက မှားတာက တစ်ပြစ် .. အမှားကို အမှားမှန်း မသိတာက တစ်ပြစ် .. ပေါင်း နှစ်ပြစ် ဖြစ်နေလို့ပါပဲ ။ ဒီကနေ့ခောတ် လောကကြီးဟာ တိုးတက်လာတာနဲ့ အမျှ အဲဒီလို နှစ်ပြစ်သမားတွေလည်း အတော်များနေရပါပြီ ။ ဥပမာ တစ်ခုကို တင်ပြပါမယ် ။ ကိုရီးယားမှာ ရထားစီး .. ကားစီးတဲ့အခါ လူအတော်များများဟာ စမာ့ထ်ဖုန်းလို့ ခေါ်တဲ့ ပြားပြားရှည်ရှည်လေးတွေကို ဖွင့်ပြီး ပွတ်နေကြတာ အမြဲမြင်နေရတဲ့ အရာတစ်ခုပါ ။ အဲလို ပွတ်နေကြသူတွေ တစ်ယောက် တစ်ယောက်နဲ့ အာလုံးကို ပေါင်းလိုက်ရင် .. တစ်ကမ္ဘာလုံးကို ပေါင်းလိုက်ရင် .. ယူနစ်ပေါင်းများစွာသော စွမ်းအင် လျှပ်စစ်အားတွေ ဆုံးရှုံးသွားရပါတယ် ။ ဒါ ဖုန်းတစ်ခုပဲ ရှိသေးတာပါ ။ ကုန်တိုက်တွေ ဘူတာတွေက ရွှေ့လျားစက်လှေကားတွေ .. တရားစခန်းတွေ ဘုရားကျောင်းတွေက အဲယားကွန်း ပန်ကာတွေ ၊ အဝတ်လျှော်စက်တွေ ၊ မလိုအပ်ပဲနဲ့ ဖွင့်ထားတဲ့ ညရောင်စုံ မီးအလင်းပွင့်တွေ ၊ ကွန်ပြူတာဂိမ်းတွေ စတာစတာတွေရဲ့ အကျိုးဆက်က ကမ္ဘာကြီး ပူနွေးလာရတယ် .. ကင်ဆာရောဂါအပြင် အခြားရောဂါဆန်းတွေ အဖြစ်များလာကြရတယ် .. လူတွေ သက်တမ်းကျုံ့လာရတယ် ။ အဲဒီအတွက် လူအတော်များများမှာ အပြစ်ရှိတယ် ။ ဒါပေမယ့် ဒီလူတွေဟာ သူတို့ အမှားပြုမိကြမှန်းတောင် မသိကြဘူး ။ မြန်မာပြည်မှာ ဆရာတော်တစ်ပါး တရားဟောရင် ကွန်ပြူတာလက်တော့ပ်လေးနဲ့ ဖွင့်ကြည့်ရင်း တရားဟောတယ် ။ ဒါလည်း အင်နာဂျီစွမ်းအင် အလဟသ သုံးစွဲမှုနဲ့ အပြစ်ရှိတယ် ထင်ပါတယ် ။ ကျန်တဲ့ဘုန်းဘုန်းတွေ .. ဟောပြောပွဲလုပ်တဲ့ စာရေးဆရာတွေပါ ကိုယ်ဟောမယ့် အကြောင်းကို အလွတ်မကျက်တော့ပဲ အတုမြင်အတတ်သင် ဒီလိုမျိုး ကွန်ပြူတာလေးနဲ့ ဟောပြောလာကြရင် အခုတောင်မှ မီးက ပုံမှန် မလာတာ .. နောင်ဆို လျှပ်စစ် မလောက်ငမှုတွေ အထိ ဖြစ်လာနိုင်ပါတယ် ။

အခု ကမ္ဘာမှာ စစ်ပွဲတွေ ဖြစ်နေကြတာ လူမျိုးရေးကြောင့် ဘာသာရေးကြောင့်လို့ သာမန်လူတွေက ထင်ကောင်းထင်ကြလိမ့်မယ် ။ မဟုတ်ပါ .. ဒါတွေဟာ အင်နာဂျီ အဝေမတဲ့လို့ ဖြစ်ကြရတာတွေပါ ။ အမေရိကန် အီရတ်ကို ဝင်တိုက်ပြစ်တာ ရေနံကြောင့်ပါ ။ အခု အီရတ် မတည်မငြိမ်ဖြစ်ပြီး ကျန်ခဲ့ရတယ် ။ လစ်ဗျားကို ဆော်ပြစ်တာလဲ ရေနံကို ထိန်းချုပ်ချင်တာက ၄၀ % ပါပါတယ် ။ အခု အိုင်အက်စ် အဖွဲ့က ကမ္ဘာကို မဖွယ်မရာတွေ လုပ်ပြတယ် ။ ဘာမဆိုင် ညာမဆိုင်တဲ့ အပြစ်မရှိသူ လူတွေကို လည်လှီးသတ်ပြတယ် ။ သူတို့ လိုချင်တာ ဘာလဲ .. ဒီလိုလုပ်ပြလို့ လိုချင်တာ ရနိုင်ပါ့မလား .. မရနိုင်မှန်း ကလေးတောင် သိတယ် ။ ဒါဆို သိသိနဲ့ သူတို့ ဘာလို့ ဒီလိုလုပ်ပြသလဲ .. သုံးသတ်လေ့လာသူ ပညာရှင်တွေ .. တက္ကသိုလ်တွေက သမိုင်းဆရာတွေကတော့ အိုင်အက်စ်ထဲမှာ အမေရိကန် စီအိုင်အေ သူလျှိုတွေ ရှိနေတယ် .. သူတို့က လော်ဘီလုပ်ပြီး စစ်တိုက်နိုင်ဖို့ ဖွပေးတယ် .. လို့ ယူဆကြတယ် ။ ဟုတ်မဟုတ်တော့ မသိ .. သိတာတစ်ခုကတော့ အမေရိကန် စစ်အင်အား ကြီးမားတယ် ဆိုတာပါပဲ ။ ဆိတ်ကို ဆင်နင်းသလို နင်းခြေပြစ်လိုက်လို့ ရနိုင်ပေမယ့် သူတို့ဘာတွေကို အချိန်ဆွဲနေသလဲ .. ဒါကလည်း စိတ်ဝင်စားဖို့ကောင်းတယ် ။ ရန်သူပြိုင်ဖက်ဆိုတာကို အမြဲမွေးထားပြီး .. လိုအပ်လာတဲ့ အခါတိုင်း အနိုင်ယူပြကာ လူလေးစားမှုကို ခံယူချင်နေတာလား .. ဒါမှမဟုတ် လက်နှက်တွေကို စစ်ပွဲမှာ ကြော်ငြာပြရင်း ရောင်းဝယ်ဖောက်ကားချင်လို့လား ။

ဘာသာရေးတွေကလည်း တဖြည်းဖြည်းနဲ့ နိုင်ငံရေးပါတီဆန်လာတယ် ။ အဖွဲ့တွေ ကွဲလာကြတယ် ။ မူရင်းတွေ ပျောက်သွားကြပြီ ။ အစ္စလမ်မှာပဲ ရှီးရိုက် ဆွန်နီ .. နှစ်ခုပဲ ရှိခဲ့ရာက အခု ရာနဲ့ချီ ကွဲလာကြပြီ ။ ဒါပေမယ့် အားလုံးကတော့ မိုဟာမက်ဟာ သူတို့ ဘုရားလို့ပြောကြတုန်း ။ မိုဟာမက် ရှိသေးလို့ ခေါ်မေးရင်တော့ မိုဟာမက်က သူတို့တွေရဲ့ ဘုရားလုပ်ချင်တော့မည် မထင် ။ အစ္စလမ်အချင်းချင်းလည်း သတ်နေကြတယ် ။ သူများကိုလည်း သတ်တယ် ။ ဒါပေမယ့် ဒီလို သတ်ကြတာကို ကျန်တဲ့ အစ္စလမ် အဖွဲ့တွေကလည်း ဘာမှ မဝေဖန် .. မကန့်ကွက် .. ဒီလို လူသတ်နေသူတွေဟာ အစ္စလမ် မဟုတ်ပါ အစ္စလမ်လမ်းစဉ်နဲ့ မကိုက်ညီပါလို့ ပွင့်ပွင့်လင်းလင်း ကြားဝင် မကြေငြာရဲကြ .. မဆိုင်သလိုနေနေကြတာတော့ စိတ်မကောင်းစရာပါ ။ ဒီအမူအကျင့်ဟာ အခုဆို ကျန်တဲ့ ဘာသာတွေဆီပါ ကူးဆက်လာနေပြီ ။ မြန်မာပြည်မှာ .. ကိုရီးယားမှာ .. ဂျပန်မှာ .. ဘုန်းတော်ကြီး တစ်ပါးပါး ဗုဒ္ဓလမ်းစဉ်နဲ့ မကိုက်ညီ သွေဖီနေပြီဆိုရင် ကျန်တဲ့ ဘုန်းတော်ကြီးတွေထဲက မှန်မှန်ကန်ကန် ဝင်ရောက်ဝေဖန်မယ့် သူက ခပ်ရှားရှား ဖြစ်နေပြီ ။ ( ဟိုတစ်နေ့က ရန်ကုန်က ဘုန်းကြီးတစ်ပါး ရေကသိုင်းရှု့တဲ့ ဗွီဒီယို မျက်နှာဘွတ်မှာ တက်လာပါတယ် .. ဒါကို ဘုန်းကြီးအကျင့်သီလနဲ့ မညီကြောင်း .. ဗုဒ္ဓလမ်းစဉ် မဟုတ်ကြောင်း တပည့် ဒါယကာတွေထံ အယူမမှားကြစေဖို့ ရှင်းလင်းတင်ပြတဲ့ ဘုန်းကြီး အခုထိ မတွေ့သေးပါ - ဤကားစကားချပ်) ဗုဒ္ဓလမ်းစဉ် အမှန်ကို ထိန်းသိမ်းဖို့ ဆိုတဲ့ တာဝန်ထက် .. ဘုန်းကြီးချင်း ဝေဖန်ပြရင် သံဃာထုအပေါ် ကျန်သူတွေ မလေးစားတော့မှာကို .. ပိုစိုးကြောက်နေကြရတဲ့ အဖြစ် .. ။ ဘာသာထက် အဖွဲ့အစည်း ပါတီဆန်ဆန် လူအင်အားကိုသာ အထိက ထားနေကြပြီ ။

ခရစ်ယန်ထဲမှာလည်း ဒီလိုမျိုး အယူအဆလွဲသူတွေ ကိုရီးယားမှာ များလာနေတယ် ။ တစ်ခါက ဘူတာအောက်မှာ ဘာသာရေး စည်းရုံးသူ ခရစ်ယန် ကိုရီးယား အမျိုးသမီး တစ်ဦးနဲ့ ဆုံရတယ် ။ နိုင်ငံခြားသားမှန်း သိလို့ သူတို့ဘာသာထဲ ဝင်ဖို့ စည်းရုံးတာပါ ။ ကျနော့်ကို ဘယ်နိုင်ငံသားလဲလို့ မေးတော့ .. မြန်မာပါလို့ ဖြေလိုက်ပါတယ် ။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တာမို့ အဆိုပါ အမျိုးသမီး မျက်နှာ ဝင်းသွားရင်း .. ဘယ်ဘာသာ ကိုးကွယ်သလဲ .. ဗုဒ္ဓဘာသာလား .. လို့ ဆက်မေးလာပါတယ် ။ ဟုတ်ပါတယ် .. ဗုဒ္ဓဘာသာပါ လို့ ဖြေလိုက်ရင် .. နောက်ဆက်တွဲ အနေနဲ့ ဗုဒ္ဓဘာသာရဲ့ နားလည်နိုင်ရန် ခက်ခဲနက်နဲတဲ့ အချို့အပိုင်းတွေကို ချို့ယွင်းချက် အားနဲချက် အဖြစ် အသွင်ပြောင်းထောက်ပြကာ .. ခရစ်ယန်ဘာသာထဲ ဝင်ဖို့ စည်းရုံးတော့မယ် ဆိုတာကို သိထားကာ .. အပြန်အလှန် ချေပရတာတွေ .. ရှင်းပြရတာတွေ .. စကားနိုင်လုရတာတွေနဲ့ ကိုယ်သွားမယ့်လမ်းကို အချိန်မှီ မရောက်မှာ စိုးလို့ .. ကျနော်က .. မဟုတ်ပါဘူး .. ကျနော် ခရစ်ယန်ဘာသာကို ကိုးကွယ်ပါတယ် .. လို့ .. ကောက်ပင်ရိတ်လှီး ပိတ်ပြောလိုက်ပါတယ် ။ ဒီတော့ အဆိုပါ အမျိုးသမီး နဲနဲ ကြောင်အမ်းအမ်း ဖြစ်သွားရင်း .. ဒါဆို ဘူဆန်မှာ ဘယ်ဘုရားကျောင်း တက်ပါသလဲ .. လို့ ဆက်မေးပါတယ် .. ဒီတော့ ကျနော်က ကျနော်တို့ အိမ်နားက နာမည်ကြီး ဘုရားကျောင်း ဖြစ်တဲ့ ယောင်းနပ် ဘုရားကျောင်းလို့ ဖြေလိုက်ပါတယ် ။ ဒီတော့ သူက ယောင်းနပ် မဟုတ်ပဲ .. ကျမတို့ဆီမှာ လာတက်ပါလား .. လို့ ဖိတ်ခေါ်ပါတယ် ။ ကျနော်က .. ဘာဖြစ်လို့လဲ ဘုရားသခင်က တစ်ပါးတည်း ရှိတာမဟုတ်ဘူးလား .. ဘုရားကျောင်းထဲမှာ ဘုရားသခင် ရှိတာမဟုတ် . . နှလုံးသားထဲမှာသာ ဘုရားသခင် ရှိတာဖြစ်လို့ ကျနော့်အနေနဲ့ ဘယ်ဘုရားကျောင်းပဲ တက်တက် ဖြစ်ပါတယ် .. လို့ ပြန်ပြောလိုက်တော့ .. အမျိုးသမီး ချက်ခြင်းနှုတ်ဆက်ပြီး ထွက်သွားပါတယ် ။

လူတွေဟာ ဘာလို့များ အတ္တတွေ ကြီးနေကြပါလိမ့် .. တစ်ခါက အမှုတစ်ခု ဖြေရှင်းပေးလိုက်လို့ ဖိုင်တွဲမှာ “ဖြေရှင်းပြီး” လို့ စာရေးပြီး သိမ်းမယ် အလုပ်မှာ ဖုန်းဝင်လာတယ် .. အဲဒီ ကိစ္စက ရှင်ဖြေရှင်းလိုက်လို့ ပြီးသွားတာ မဟုတ်ပါ .. ကျမဖြေရှင်းပေးလိုက်တာပါ .. လို့ စင်တာတစ်ခုက အမျိုးသမီး တစ်ဦးက ဖုန်းဆက်လာတာပါ။ (မြန်မာ မဟုတ်ပါ - အခြားနိုင်ငံခြားသား ဝန်ထမ်းပါ ) သြော် .. ခက်ပါတယ် .. ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် .. ကျနော်ကတော့ ဘယ်သူကပဲ လုပ်လုပ် ပြီးသွားဖို့သာ အဓိကလို့ ယူဆထားတဲ့ အကြောင်း ပြန်ပြောလိုက်ရပါတယ် ။ အင်း .. ဘယ်လိုခံယူချက်နဲ့ ဘယ်လို အတွေးတွေနဲ့များ လူတွေ လူ့လောကထဲမှာ ရှင်သန် ရပ်တည်နေကြပါ လိမ့်နော် ... မှားမှန်းသိတဲ့ အမှားတွေရယ် .. မှားမှန်းကို မသိတဲ့ အမှားတွေရယ် .. အင်း .. ငါရော ဘယ်အထဲမှာ ပါသလဲ .. တွေးမိတွေးရာ .. ရေးမိရေးရာ .. နောက်မှ ထပ်ဆုံအုံးမယ်ဗျာ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, August 17, 2014

ကျော်ဇင်ဦးသို့ ..

ရေးသားသူ — ခန့်နေသူတိုး




 ညီလေးရေ .. မင်းအကြောင်းနဲ့ ပါတ်သက်တာတွေကို သိချင်ကြတဲ့ အခြားညီအကိုတွေလည်း ရှိနေကြတာရယ် .. မင်းလည်း သိချင်နေမှာပဲ ဆိုတဲ့ အတွေးရယ်ကြောင့် အကို ဒီစာကိုရေးလိုက်တယ် ။ မင်းသေပြီးတဲ့နောက် မင်းအလောင်း မြေကျဖို့ကိစ္စကို ဆိုးလ်မြန်မာသံရုံးက အလုပ်သမားတာဝန်ခံ ကိုဟန်ဝင်းအောင်ရယ် .. အကိုရယ် .. မင်းစက်ရုံက သူဌေးရယ် .. မင်းတို့ ခရမ်းက မိတ်ဆွေတွေရယ် .. ဂင်မဲဖက်က မြန်မာ သူငယ်ချင်းတွေရယ် .. အားလုံးအတူတကွ တက်ညီလက်ညီ ပူးပေါင်း လုပ်ကိုင်ပေးခဲ့ကြတယ် ။ မြန်မာပြည်က မင်း ညီလေးနဲ့ မင်းဦးလေးလည်း အကိုတို့ လှမ်းခေါ်လိုက်လို့ ရောက်လာကြတယ် ။ ပြီးတော့ မင်းမသေခင် မျိုးခိုင်ဆီက ချေးထားတဲ့ ပိုက်ဆံ ၁၂ သိန်းလည်း ပြန်ဆပ်ပေးလိုက်ပြီ ။ မင်းအတွက်လည်း ဂင်မဲပြည်တော်ဦး ဘုန်းဘုန်းနဲ့ အလှူအတန်း ကုသိုလ်ကောင်းမှုကုသိုလ်တွေလည်း လုပ်ပေးခဲ့ကြလို့ .. ရောက်ရာဘဝက သာဓုခေါ်လိုက်ပါ ငါ့ညီ ။

ဒုတိယပိုင်း အနေနဲ့ မင်းရဲ့ ရပိုင်ခွင့်နဲ့ပါတ်သက်လို့ ပြောပြချင်တယ် ။ မင်းမရှိတော့ မင်းရဲ့ ဘဏ်စာအုပ်က သုံးလို့မရတော့ဘူး ဖြစ်သွားတယ် ။ လျှို့ဝှက်နံပါတ်လည်း တို့က မသိဘူးလေ ။ ဒါနဲ့ ဘဏ်ကို မင်းသေဆုံးသွားကြောင်း အထောက်အထားနဲ့ တင်ပြပြီး မင်းအကောင့်ထဲက လစာနဲ့ အပြန်လေယဉ်စရိတ် အာမခံ ငါးသိန်း .. စုစုပေါင်း ဝမ် ၁၇ သိန်းကို မင်းညီလေးရဲ့ ဘဏ်ထဲကို လွှဲထည့်ပေးလိုက်တယ် ။ လောလောဆယ်တော့ အဲဒီ ပိုက်ဆံရယ် .. မင်းအတွက် ရည်ရွယ်ပြီး မင်းသူငယ်ချင်းတွေ ကူညီထောက်ပံ့ထားတဲ့ ပိုက်ဆံတွေရယ်ကို မင်းအမေဆီ ပို့ပေးဖို့ မင်းညီလေးနဲ့ မင်းဦးလေး မြန်မာပြည် အပြန်မှာ ထည့်ပေးလိုက်တယ် ။

အခု လူတွေသိချင်နေတာက မင်း ဘာဖြစ်လို့ သေတာလဲ ဆိုတာကိုပဲ ဖြစ်တယ် ။ အချို့က မင်း ဓါတ်လိုက်ပြီး သေတယ်လို့ ပြောတယ် ။ အချို့က အမောဖောက်တယ် .. အချို့က သူရဲခြောက်ခံရတယ် .. အမျိုးမျိုးပေါ့ကွာ .. လူတွေပဲ .. သိတယ်မလား .. ပါးစပ်ပါတော့ ပြောကြတာပေါ့ .. ဒါပေမယ့် တရားဝင်တော့ ရဲရဲတင်းတင်း လူရှေ့ထွက် ထက်မြင်ချက်ပေးတာမျိုးတော့ တစ်ယောက်မှ မရှိသေးဘူး ။ အကိုတို့ကလည်း အကိုတို့ဆီ တိုက်ရိုက် ဆွေးနွေးအသိပေးလာတာမျိုး မဟုတ်တဲ့ နောက်ကွယ်ကနေပဲ တီးတိုးတီးတိုးထွက်နေတဲ့ အသံတွေနဲ့တော့ ဘာတစ်ခုကို တိတိကျကျ ဆောင်ရွက်လို့ ရမှာတုန်း ။ သတ္တိမရှိကြတာလား .. ပါးစပ်အကျင့်ပဲလား .. မင်းတစ်ကယ် ဓါတ်လိုက်သေခဲ့တာကို သူဌေးက ဖုံးကွယ်တာဆိုရင်တော့ ငါ့ညီ တစ်ကယ်ကို နစ်နာရပါတယ် ။ ဒါပေမယ့် ကိုယ့်ဖက်က လူတောင်သေပြီးပြီပဲကွာ .. ဘာကိုကြောက်နေစရာ လိုမှာလဲ .. ပြောနေသူတွေက အမှန်တရားကို တစ်ကယ်သိရင် ရဲရဲရင့်ရင့် အကိုတို့နဲ့ လာရောက်ပူးပေါင်း အကျိုးအကြောင်းကို တိုင်ပင်လုပ်ဆောင်သင့်ပါတယ် ။ သူတို့တွေ တီးတိုးတီးတိုး ပြောနေကြသလို ဟုတ်လား မဟုတ်လားဆိုတာကို မင်းကလည်း လာပြီး ဖြေရှင်းပေးနိုင်တာ မဟုတ်တော့ သူတို့ပြောတာ မှန်သလား ရဲစခန်း အလုပ်သမားရုံးနဲ့ ဆေးရုံကပြောတာတွေက မှန်သလားဆိုတာ ဘယ်လိုဆုံးဖြတ်နိုင်မှာတုန်း ။ ဒါပေမယ့် အခုထက်ထိ မင်းဘာကြောင့်သေရတယ် ဆိုတာကို စစ်ဆေးထားချက် ထွက်မလားသေးတာတော့ အမှန်ပဲ။

ပထမ ရဲစခန်းက ပြောတာတော့ မင်းအလောင်းကို ခွဲစိတ်စစ်ဆေးထားချက် ၂ ပါတ်အကြာမှာ ထွက်မယ်ပြောခဲ့ပေမယ့် အခု ထပ်ကြာအုံးမယ် ဆိုတယ် ။ အခြားကို စုံစမ်းကြည့်တော့ ပုံမှန် အလောင်းစစ်ဆေးမှုတွေဟာ အဖြေထွက်ဖို့ တစ်လခန့်လောက် ကြာတတ်တယ် ဆိုတယ် ။ အင်တာနက်မှာ အကိုရှာကြည့်တော့ အချို့ဆို ၂ လလောက်အထိ အဖြေမထွက်တာတွေလည်း ရှိကြတယ် ။ ဆက်စောင့်ကြည့်ပြီး အဖြေထွက်ရင် ထွက်သလို ပြောပြပါမယ် ။ မထွက်တော့လည်း မထွက်တဲ့ အလျှောက် အဲဒီတော့မှ လုပ်စရာကိုင်စရာတွေ ဆက်လုပ်ရမှာပေါ့ ။ အချို့ဆို လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးရင် စက်ရုံပိတ်ရမှာ စိုးလို့ သူဌေးက မင်းအလောင်းထဲကို ဘာကြောင့် သေဆုံးတယ်ဆိုတာ မသိရအောင် ဆရာဝန်တွေကို ငွေပေးပြီး ဆေးထိုးလိုက်တယ် .. လို့လည်း ဆိုကြတယ် ။ အကယ်၍ မဟုတ်များ မဟုတ်ခဲ့ရင် အဲလို ပြောတာကို သူဌေးက အသံဖမ်းထားပြီး ရဲကိုတိုင်ရင် ကိုယ်က ဘာသက်သေ အထောက်အထားမှ မပြနိုင်လို့ အလကားနေရင်း ကြားထဲကနေ ပြသနာတက်အုံးမှာ ။ ဒီမှာက ထင်တာနဲ့တင် ဘာမှလုပ်လို့မရဘူး .. အကိုတို့က အခင်းဖြစ်ချိန်မှာ အနားမှာ ရှိတာမဟုတ်ဘူးလေ ။ အတူအလုပ်လုပ်ကိုင်သူတွေ မျက်မြင်တွေက ဒီလိုထင်မြင်ကြောင်း .. ဓါတ်လိုက်သေဆုံးတာ ဖြစ်နိုင်ကြောင်းတော့ ပြောဆိုပိုင်ခွင့်ရှိတယ် ။ ဒါပေမယ့် ကျနော်တို့တော့ ဒီလိုထင်တယ် .. ဒါပေမယ့် မပြောရဲဘူး .. အကိုပဲ ကြည့်ကျက်ပြောပါ .. အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးပါ ဆိုတာမျိုး လုပ်လို့မရဘူး ။ တစ်ကယ်သိသူက ထွက်လာခဲ့ .. အကိုက ဘေးကရပ်ပေးမှာပေါ့ ။ ဒါပေမယ့် ခုထိတော့ တစ်ယောက်မှ ဂဃနဏ သိသူ မရှိဘူး ။ မမြင်လိုက်ဘူး .. အဲလိုပြောတာ ကြားလိုက်သလိုပဲ ဆိုတာနဲ့ပဲ ဝေ့လည်ချောင်ပါတ် .. ပါတ်လည်ရိုက်နေတယ် ။ 




လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ရင်းသေရင်တော့ ကိုရီးယားမှာ ရေသောက်ရင်း ရေနင်သွားလည်း လုပ်ငန်းခွင် ထိခိုက်မှုပါပဲ ညီရေ ။ လုပ်ငန်းခွင်ထဲ မဟုတ်ပဲ အပြင်မှာ ရောဂါကြောင့် မတော်တဆကြောင့် သေဆုံးရင်တော့ ရိုးရိုး အသက်အာမခံကြေးပဲ ရမှာပါ ။ ငါ့ညီတို့ ရွှေ့ပြောင်းအလုပ်သမားတွေ အီးနိုင်းဗီဇာနဲ့ ကိုရီးယားကို ဝင်လာရင် အသက်အာမခံဆိုတာ ထားရပါတယ် .. ဝမ် ၄ သောင်းဝန်းကျင် ရှိမယ်ထင်တယ် ။ တစ်ကြိမ်ပဲ ငွေသွင်းထားရပါတယ် .. သက်တမ်းက ၃ နှစ်အထိရတယ် ။ ကိုရီးယားဝင်လာပြီး ၃ နှစ်အတွင်း ဗီဇာ ရှိရှိမရှိရှိ လုပ်ငန်းခွင်ပြင်ပမှာ သေဆုံးရင် အသက်အာမခံကြေး ရရှိနိုင်တယ် .. ပမာဏကတော့ အသက် .. ဝင်ငွေ .. အလိုက် အနဲငယ်ဆီ ကွဲပြားနိုင်ပေမယ့် ဝမ် သိန်း ၁၅၀ ဝန်းကျင်လောက်လို့ အကြမ်းသာ မှတ်ထားလိုက်ရင် ရပြီ ညီ .. ဒါပေမယ့် အခု မင်းက အလုပ်ခွင်ထဲမှာ သေတာဆိုတော့ ဒီတိုင်း ရိုးရိုး အသက်အာမခံ မဟုတ်ပဲ ထိခိုက်မှု အာမခံကို လျှောက်ထားဖို့ အကိုတို့က ဆုံးဖြတ်ခဲ့တယ် .. ။ ဒါမှ မင်းကိုယ်တိုင် ကိုယ်ထိလက်ရောက် မပြုစုနိုင်တော့မယ့် မင့်အမေကို ငွေကြေးပမာဏ များများနဲ့ မင်း နောက်ဆုံးပိတ် အလုပ်အကျွေးပြုနိုင်မှာ မဟုတ်လား .. အဲဒီအတွက် အကို မင်းကို အစွမ်းကုန် ကူညီမှာပါ ။ 



ဒါပေမယ့် ငါ့ညီရေ .. ဒီမှာ အခက်အခဲ တစ်ခုက ဖြစ်နေတယ် ။ မင်းနားလည်အောင် အကို အကျဉ်းချုပ်ပြောပြမယ် ။ ကိုရီးယားမှာ ဘဏ်တို့ .. စရိတ်အာမခံတို့ .. အသက်အာမခံတို့ ဆိုတာတွေက ပုဂ္ဂလိကပိုင်တွေ ဆိုတော့ မင်းရဲ့ ညီလေး မြန်မာပြည်က ယူလာတဲ့ .. သန်းခေါင်စာရင်း .. ဘာထောက်ခံစာ ညာထောက်ခံစာ ကိုယ်စားလှယ်လွှဲစာ .. အစရှိတဲ့ ဆူးလေ ဘဏ် ၃ တရားရုံးပေါင်းစုံ စုရပ် လမ်းဘေး ထိုင်ခုံထီးအမိုးလေးတွေ အောက်မှာ နိုထရီပြန်ပြီး ယူလာတာတွေနဲ့တင် ဘာအခက်အခဲမှ မရှိပဲ .. ဆောင်ရွက်လို့ ရနိုင်ပေမယ့် .. ထိခိုက်မှု အာမခံကတော့ အစိုးရပိုင် ဖြစ်တဲ့အတွက် .. နဲနဲ တင်းကျပ်တယ် ဆိုရမယ်ကွာ ။ ငွေပမာဏကလည်း များတော့ အဲလို နိုထရီ ပြန်တာနဲ့တင် မရဘူးတဲ့ ။ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌါနက ဒါတွေအားလုံးကို မှန်ကန်တဲ့ စာရွက်စာတမ်းဖြစ်ကြောင်း ထောက်ခံချက်နဲ့ .. မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံရုံးကပါ ပူးတွဲထောက်ခံပေးရမယ် လို့ ဆိုတယ် ။ ဒါကြောင့် အလုပ်သမားရုံး ထိခိုက်မှုအာမခံ တာဝန်ခံနဲ့ အခေါက်ခေါက် သွားတွေ့ပြီး ဆွေးနွေးပြလို့ .. အခုတော့ အဲလို ထောက်ခံချက်တွေ မလိုတော့ဘူး ဖြစ်သွားတယ် .. အဲဒီအစား ဆိုးလ်မြန်မာသံရုံးကတော့ အားလုံးကို တာဝန်ယူ ထောက်ခံပေးရမယ် လို့ဆိုတယ် ။ ဒါကတော့ ပြသနာ မရှိပါဘူး .. ထောက်ခံပေးမှာပါ ။ ဒီမှာ တစ်ခု ကျန်နေတာက လုပ်ငန်းခွင် ထိခိုက်မှု အာမခံ ဥပဒေ စည်းမျဉ်းပါ အချက်တစ်ချက်ပဲ ဖြစ်တယ် ။

လုပ်ငန်းခွင် ထိခိုက်မှုအာမခံ ဥပဒေအရ .. အာမခံလျှောက်ထားသူ ကိုယ်တိုင်က လျှောက်ထားရမှာ ဖြစ်တယ် ။ အကယ်၍ ကိုယ်တိုင်က ငါ့ညီလိုမျိုး အသက်သေဆုံးခဲ့တာဆိုရင်တော့ မိသားစုက ကိုယ်စား လျှောက်ထားနိုင်တယ် ။ ဒါပေမယ့် မိသားစု ဆိုတာမှာ ငါ့ညီက အိမ်ထောင်ရှိသူဆိုရင် မင်းရဲ့ အိမ်ထောင်ဖက်က လျှောက်ထားရမှာ ဖြစ်ပြီး .. မရှိရင်တော့ မင်းမိဘက လျှောက်ထားရမှာ ဖြစ်တယ် ။ အိမ်ထောင်ဖက်ရော .. မိဘရော မရှိတော့ရင်တော့ .. အဲဒီတော့မှ အခြားမိသားစုဝင်က ကိုယ်စားလျှောက်ထားနိုင်မှာ ဖြစ်တယ် ။ အခု ငါ့ညီရဲ့ အမေက သက်ရှိထင်ရှားရှိသေးတယ် ဆိုတော့ မင်းအမေကိုယ်တိုင်က လျှောက်ထားမှ ရမယ်ပြောတယ် ။ ဘယ်လိုလုပ်မလဲ .. မင်းအမေက ဟိုး ခရမ်းမှာ .. လျှောက်ရမှာက ကိုရီးယားမှာ .. ။

လမ်းကြောင်းတွေတော့ ရှာဖွေထားတယ် ညီရေ .. သံရုံးက အလုပ်သမားတာဝန်ခံနဲ့လည်း ဆွေးနွေးတိုင်ပင်ရအုံးမယ် ။ အာမခံဌါနက တာဝန်ခံပြောတာတော့ ကိုရီးယားရှေ့နေ့ (သို့) အလုပ်သမားရှေ့နေကို မင်းအမေက ကိုယ်စားလှယ် လွှဲတဲ့ နည်းလမ်းတော့ ရှိတယ် ပြောတယ် ။ အဲလို ရှေ့နေတွေကတော့ ကိုရီးယား ဥပဒေအရ အခြားသူဆီက ကိုယ်စားလှယ် လွှဲခံပိုင်ခွင့် လိုင်စင်ရှိထားကြသူတွေ ဖြစ်လို့ပဲ ဖြစ်တယ် ။ ထိခိုက်မှုအာမခံငွေကြေးဟာ အစိုးရပိုင် ပိုက်ဆံဖြစ်လို့ .. ပမာဏလည်း များလို့ .. နောင်အခါမှာ အရှုပ်အရှင်းတွေ ဖြစ်မလာရအောင် အခုကတည်းက တင်းကျပ်စွာ သက်သေအထောက်အထား မှန်ကန်မှုကို အတည်ပြုရခြင်း ဖြစ်ပါတယ် .. လို့ အလုပ်သမားဖူလုံရေးဌါန လုပ်ငန်းခွင်ထိခိုက်မှု အာမခံ တာဝန်ခံက နောက်ဆုံးပိတ် ဖြေရှင်းချက် ပေးလာတယ် ။ ဒီလိုနဲ့ နောက်ရက်ကျတော့ အကြံတစ်ခုပေါ်လာတာနဲ့ အာမခံဌါနက တာဝန်ခံနဲ့ ဆွေးနွေးကြည့်တော့ အဆင်ပြေတယ်ပြောတယ်။ အဲဒီအကြံကတော့ ညီလေးရဲ့ မိခင်ကိုယ်တိုင်က ညီလေးအတွက် အာမခံလျှောက်ထားပေးဖို့ပဲ ဖြစ်တယ် ။ ရှေ့နေတွေ ဘာတွေငှားရင် စားရိတ်စားခက ရှိသေးတယ်လေ .. ဒါကြောင့် ရှေ့နေကို ကိုယ်စားလှယ် မလွှဲတော့ပဲ ငါ့ညီအမေက မြန်မာပြည်ကနေ တိုင်ရိုက်လျှောက်ထားဖို့ပေါ့။ လိုအပ်တာတွေကတော့ မင်းမှာ အိမ်ထောင်မရှိကြောင်း ထောက်ခံချက်ရယ် မင်းနဲ့ မင်းအမေတို့ သားအမိတော်စပ်ကြောင်း သန်းခေါင်စာရင်းရယ် မင်းအမေရဲ့ မှတ်ပုံတင်ရယ် .. ပြီးတော့ မင်းအမေကို ကိုရီးယားဘဏ် တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ မြန်မာပြည်က ဘဏ်တစ်ခုမှာ အကောင့်တစ်ခုဖွင့်ပြီး ဘဏ်စာအုပ် လုပ်ထားဖို့ပဲ ဖြစ်တယ် ။ ပြီးရင် ဒါတွေအားလုံးကို မြန်မာပြည် နိုင်ငံခြားရေးဝန်ကြီး ဌါနက မှန်ကန်ကြောင်း ထောက်ခံပေးရယ် .. နောက် ကိုရီးယားလို ဘာသာပြန် .. နိုထရီလုပ် .. မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးကပါ ဆက်လက်ထောက်ခံပေးရမယ် ဆိုတယ် ။ လျှောက်လွှာကိုတော့ ဒီကနေ အီးမေလ်းနဲ့ ပို့ပေးမယ် .. မင်းအမေက လက်မှတ်ထိုး ဒီကို ပြန်ပို့ပေါ့ ။ နောက် .. လျှော်ကြေးငွေကိုတော့ ကိုရီးယား အစိုးရ လုပ်ငန်းခွင်ထိခိုက်မှုအာမခံ ဌါနကနေ မင်းအမေရဲ့ ဘဏ်ထဲကို တိုက်ရိုက်လွှဲထည့်ပေးလိမ်မယ် ။ ကဲ . လောလောဆယ်တော့ အကိုသိသမျှ ဒါ အကုန်ပဲ ညီရေ .. ထူးခြားရင်တော့ စာထပ်ရေးလိုက်ပါအုံးမယ် ။ အပေါ်မှာ ညီလေးကြည့်ဖို့ .. ဓါပုံတွေတင်ပေးလိုက်တယ် ။

၁။ မင်းကို သေဆုံးကြောင်းအတည်ပြုချက်ပေးတဲ့ ဆရာဝန် အမည်နဲ့ဖုန်းနံပါတ်
၂။ မင်းကို အရေးပေါ်ကားနဲ့ တင်ခေါ်သွားတဲ့ အထောက်အထား ၊ အချိန်နေ့ရက် မှန်ကန်ကြောင်းထောက်ခံစာ
၃။ မင်းသေဆုံးပြီး စက်ရုံကို လာရောက်စစ်ဆေးတဲ့ အလုပ်သမားရုံးတာဝန်ခံ လိပ်စာကဒ်
၎။ မင်းသေဆုံးပြီး စက်ရုံကို လာရောက်စစ်ဆေးတဲ့ ရဲကတော့ 이재식 형사 လို့ ခေါ်တယ် ။
ဖုန်းနံပါတ်က 055-310-0307 ပါ ။

အလောင်းခွဲစိတ်စစ်ဆေးမှု ဘာလို့ကြာနေရတာလဲဆိုတဲ့ အမေးနဲ့ ပါတ်သက်လို့ သူတို့က ဒီ လင့်ကလေးကို ပြန်ပို့ပေးတယ် ။ http://me2.do/GqIZ3xXR အဲဒီ အထဲမှာ အဖေဖြစ်သူ ကားတိုက်ခံရပြီး သေဆုံးသွားတာ ၂ လကျော်ပြီ အဖြေထွက်မလာသေးလို့ သမီးဖြစ်သူက မေးထားတဲ့ မေးခွန်းပါ ။ အလောင်းကို မီးရှို့လိုက်ပြီ ဖြစ်လို့ ပြန်လည် စစ်ဆေးလို့လည်း မဖြစ်နိုင်တော့ဘူး .. ဘယ်လိုလုပ်ရမလဲဆိုတာ စိုးရိမ်စိတ်နဲ့ မေးထားတာပါ ။ ပြန်ဖြေတာကတော့ ဒီလိုပဲ ကြာတတ်တယ် ။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုစီကို စစ်ဆေးပြီး မှတ်တမ်းတင်ထားပြီး ဖြစ်လို့ ပျောက်စရာ မရှိပါ ။ ပညာရှင်က ဆက်စပ်အဖြေထုတ်ဖို့ပဲ ကျန်တာပါလို့ ဖြေပါတယ် ။ ကဲ ထူးခြားတော့မှ ထပ်ရေးလိုက်အုံးမယ် ညီရေ ။

ရောက်ရာဘဝမှာ ပျော်ရွှင်ချမ်းမြေ့ပါစေကွာ ။
မင့် အကိုကြီး .. ခန့်နေသူတိုး 

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, June 16, 2014

“ ဒုက္ခဆိုတာ သေချာပြီလား ”

ရေးသားသူ — ခန့်နေသူတိုး



တကယ်သင်ယူချင်တဲ့စိတ်သာ ရှိမယ်ဆိုရင် အာရုံစုစည်းမှုလေးကို နဲနဲ အားစိုက်လိုက်တာနဲ့ ကျနော်တို့ရဲ့ လက်တစ်ကမ်း အနီးအနား ပါတ်ဝန်းကျင်မှာကိုပဲ သင်ယူစရာတွေက တစ်ပုံတစ်ပင်ကြီး ရှိနေတာကို မြင်တွေ့နိုင်ကြရမှာပါ။ ဟိုး တစ်နေ့က အကြောင်းလေး တစ်ခုကို ပြန်လည်မျှဝေပါရစေ ။

မြန်မာညီငယ် နှစ်ယောက် ကျနော်နဲ့ တွေ့ချင်တယ်လို့ ခွင့်တောင်းလာပါတယ်။ သူတို့က ဆိုးလ် အစ်ဆန်ဖက်က ပြောင်းလာတာ။ အလုပ်ထွက်ခွင့်ရလို့ အလုပ်ရှာနေချိန် ၃လအတွင်းမှာ သူတို့ရဲ့ ကိုက်နေတဲ့ သွားတွေကို ပြုပြင်ဖာထေးမှု လုပ်ချင်တယ် .. အဲဒီအတွက် ဘယ်လိုဆေးခန်းမျိုးသွားရင် အဆင်ပြေမလဲ .. ဘယ်လောက် ကုန်ကျနိုင်သလဲ .. ဒါလေးတွေ သိချင်လို့ ။ ပြီးတော့ ဘူဆန်ဖက်ရောက်လာတော့ ကျနော့်ကိုလည်း တွေ့ဆုံ ဂါရဝပြုရင်း ညနေခင်းစာလေးလည်း ဧည့်ခံချင်လို့ပါတဲ့။ ကျနော်ကလည်း ဒီလို ရှားရှားပါးပါး ဂါရဝပြုချင်တယ်လို့ တောင်းဆိုလာတော့ ပြုံဖြီးဖြီးကြီးနဲ့ သဘောတွေခွေ့ကျေနပ်ပြီး ချက်ခြင်းကိုပဲ “ဒီညနေ တွေ့ကြမယ်လေ” ဆို လက်ခံလိုက်ပါတယ်။ ညနေကျတော့ တွေ့ကြတယ်ပေါ့။

တစ်ယောက်က ညာဖက် အောက်အံသွား နာနေတယ်။ နောက်တစ်ယောက်ကတော့ ဘယ်ဖက် အပေါ်အံသွား အခေါင်းဖြစ်ပြီး ပေါက်နေတယ်။ “ရေတောင်သောက်လို့ မရဘူးအကို .. နဲနဲလေး အေးတာနဲ သွားတွေက ကျင်ပြီး နာလာတယ်” ။ နှစ်ယောက်ထဲက တစ်ယောက်က ပြောတဲ့စကား ။ ဒီစကားကို ကျန်တဲ့ တစ်ယောက်က လက်ထဲက မော့လက်စ ဘီယာခွက်ကို စာပွဲပေါ် ပြန်ချလိုက်ရင်းက “ဟုတ်တယ် အကို ကျနော်လည်း အဲလိုပဲ” လို့ ထောက်ခံလိုက်ပါတယ်။ သူတို့စကားကို နားထောင်ရင်း ကျနော်လည်း တော်တော်လေး အံသြသွားတယ် ။ ဒါနဲ့ “ နေပါအုံး .. ရေသောက်တော့ ကျင်တယ်နာတယ် .. အခု ဒီလောက်အေးတဲ့ ဘီယာကျတော့ ဘယ်လိုသောက်လို့ ရသတုန်း .. မကျင်ဘူးလား မနာဘူးလား” လို့ မေးလိုက်တော့ ပထမတစ်ယောက်က “အာ .. အကိုကလည်း ဒီလိုမျိုးလေး နာနေတဲ့ သွားကို လျှာလေးနဲ့ ကာဗာလုပ် ပိတ်ထားရင်း သောက်ရတာပေါ့ .. ဟဲဟဲ ” ဆို သောက်ပြပါတော့တယ်။ ဒါကို နောက်တစ်ယောက်ကလည်း “ဟုတ်တယ် .. ဟုတ်တယ် .. ကျနော်ရောပဲ” လို့ ထောက်ခံရင်း လိုက်သောက်ပါတယ်။ ကျနော်လည်း အူကြောင်ကြောင်နဲ့ ကျနော့်အရှေ့က ဘီယာခွက်ကို ကောက်မော့ရင်း ကောင်းနေတဲ့ ကျနော့်သွားတွေရဲ့ အပေါ်အောက် ဘယ်ညာတွေကို လျှာနဲ့ တစ်လှည့်စီ ပြောင်းပြောင်းပြီး လိုက်ပိတ်ရင်း သူတို့ပြောတာ ဟုတ်မဟုတ် စမ်းကြည့်မိပါတယ်။ အင်း ဖြစ်တော့ ဖြစ်နိုင်တယ် ။ ဒါနဲ့ ဘီယာဆိုင်က စားပွဲထိုးတဲ့ မိန်းခလေးကို ရေတစ်ခွက်ပေးပါဆို တောင်းပြီး သူတို့နှစ်ယောက်ကို သောက်ခိုင်းကြည့်ပါတယ် ။ “အကိုရယ် ရေက အရသာမှ မရှိတာ .. မဖြစ်လို့သာ သောက်နေရတာ .. သောက်တိုင်းလည်း လျှာနဲ့တော့ ဘယ်ပိတ်ထားနိုင်မှာလဲ .. ကျင်တာပေါ့ အကိုရယ် .. အား ကျွတ်ကျွတ်ကျွတ်” ဆိုပြီး ငြီးတွားကြပါတယ်။

အဲဒီမှာပဲ ကျနော့်ခေါင်းထဲမှာ လင်းကနဲ တစ်ချက်ဖြစ်သွားပါတယ်။ ဟုတ်တယ် .. ငါတိုတစ်တွေ ဖြစ်ချင်တဲ့ ဆန္ဒနဲ့ လိုချင်တောင့်တမှုတွေသာ ပြင်းပြမယ်ဆိုရင် ဘယ်လိုအဆင်မပြေမှု ဘယ်လိုဒုက္ခနဲ့ ကြုံတွေ့နေရပါစေ ကျော်လွန်ဖြတ်သန်းဖို့ နည်းလမ်းကောင်းတွေ သုံးပြီး ကျော်လွှားနိုင်ကြတယ် ဆိုတာပါပဲ ။ တစ်ကယ်လို့ ဒုက္ခတစ်ခုကို ငါတို့ မကျော်လွှားနိုင်ဘူးဆိုရင် .. ဒါဟာ အဲဒီ ဒုက္ခရဲ့ အခြားတစ်ဖက်က ပန်းတိုင်အပေါ် လိုချင်တောင့်တမှု ဆန္ဒ နဲပါးလို့ပဲဖြစ်တယ် .. ဆိုတဲ့ အတွေးတစ်ခု ရရှိလိုက်ပါတော့တယ် ။ ဒါပေမယ့် ဒီအတွေးဟာ အားလုံးမှန်တဲ့ အမှန်တရားတော့ မဟုတ်ပါဘူး ။ ရှိသမျှ သွားတွေ အားလုံးနာကျင်ကိုက်ခဲနေသူ မြောက်များလှစွာသော ဒုက္ခပေါင်းစုံနဲ့ ကြုံနေရသူတွေ အတွက်တော့ အကျုံးမဝင်နိုင်ပါဘူး။

နိဂုံးချုပ်အနေနဲ့ ကိုရီးယားနိုင်ငံကို များစွာသော လူတွေထဲကမှ လာရောက်ခွင့် ရရှိပြီးနောက် အခက်အခဲ ဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ ကိုယ်ညီအကိုတွေအတွက် ကျနော်ရရှိခဲ့တဲ့ ဒီ အတွေးလေးကို ပြန်မျှပါတယ်ဗျာ ။ ကိုယ့်ဒုက္ခဟာ အကြီးကြီးလား သေးသေးလေးလား .. ဆန်းစစ်ပါ ။ ကြုံလာတဲ့ ဒုက္ခထက် ရလဒ်ပန်းတိုင်အပေါ်ကို ပြင်းပြတဲ့တောင့်တမှု ထားကြပါလို့ .. တိုက်တွန်းရင်း .. ဘူဆန်ဖက်ရောက်ရင်လည်း ဘီယာလေးဘာလေး ဝယ်တိုက်ကြပေါ့ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, April 25, 2014

လောင်ကျွမ်းရင်း .. ပျံသန်းနေရသူများ !!

ရေးသားသူ — ခန့်နေသူတိုး




ဘယ်လိုပဲကြည့်လိုက်ကြည့်လိုက် ဖလော်ဆော်ဖာ (ဂေါက်တောက်တောက်) ပုံ ပေါက်နေတဲ့ အသိ ညီငယ်လေး တစ်ယောက် ခုတလော အရက်တွေ ရက်ခြားရက်ခြား သောက်နေတယ် ဆိုတဲ့သတင်းကြောင့် အရင်က အရက်ကို လုံးဝမသောက်တတ်တဲ့ သူ့အတွက် အဲဒီ အရက်ဆိုတာကြီးကို စွဲလန်းမသွားခင် ကြိုတင်တားမြစ်မှ သင့်မယ်ဆိုတဲ့ စေတနာစိတ်နဲ့ မနေ့ညနေက သူ့ကို ဆာဆန်းမှာ ခေါ်တွေ့ဖြစ်ပါတယ် ။

ကျနော်က သူ့ကို “ညီလေး နဲ့ ပြောစရာ စကားနဲနဲရှိလို့ အကိုတို့တွေ ကော်ဖီဆိုင်ထိုင်ရင်း စကားပြောကြရအောင်” လို့ ဆိုတော့ သူက .. “အကိုကလည်းဗျာ ညနေစောင်းကြီး ဘယ်လိုလုပ်ပြီး ကော်ဖီသောက်မှာလဲ .. ဆိုဂျုးလေး တစ်ခွက်လောက် ချရင်း ပြောကြတာပေါ့ ” ဆိုပြီး အမဲအူမကြီးကင်ဆိုင်ထဲ ဝင်သွားတော့ .. ကျနော်လည်း “အင်း .. ကော်ဖီဆိုင်ထဲ ပြောလည်း ဒီစကား .. အရက်ဆိုင်ထဲ ပြောလည်း ဒီစကားပါပဲလေ .. ငါ့စေတနာသာ အရောင် မပြောင်းရင် ငါ့စကားရဲ့ အနက်ဟာလည်း အဓိပ္ပါယ်ပြောင်းမှာ မဟုတ်ပါဘူး ” လို့ စိတ်ပိုင်းဖြတ်ရင်း နောက်ကနေ လိုက်ဝင်သွားခဲ့ပါတယ် ။

ဆိုင်ထဲရောက်တော့ ညီငယ်လေးက အမဲအူစုံကင်နဲ့ အရက်တစ်လုံး မှာလိုက်ပါတယ် ။ ခဏနေတော့ သူမှာထားတဲ့ အူစုံကင် ၊ အရက်နဲ့အတူ အရက်ခွက် နှစ်ခွက် လာချပေးတယ် ။ ညီငယ်လေးက ဖြတ်ဖြတ်လတ်လတ်နဲ့ လူငယ်ပီပီ ဇိုးကနဲ ဇတ်ကနဲဆို အရက်ပုလင်းကို ကောက်ဖွင့် ၊ ဂွပ်ကနဲ ဂွပ်ကနဲ ခွက်တွေထဲ ကောက်ထည့်လိုက်ပြီး အရက်ခွက် တစ်ခုကိုလည်း ကျနော့် အရှေ့ဖက် ဖတ်ကနဲ့ဆို တွန်းပို့ပေးလိုက်ပါတယ် ။ ကျနော်ဟာ ဟိုတစ်ချိန်တုန်းကတော့ အရက်နဲ့ ယဉ်ပါးခဲ့ဖူးသူ တစ်ယောက်ဖြစ်ပေမယ့် အခုအခါမှာတော့ အရက်ရဲ့ ကောင်းကျိုးထက် ဆိုးကျိုးတွေကို ပိုသိ ပိုနားလည်လာရလို့ အရက်ကို လုံးဝ မသောက်တော့ဖို့ အားထုတ်နေသူ တစ်ယောက်ပါ ။ ဒါကြောင့် ညီငယ်လေး တွန်းပို့ပေးလာတဲ့ အရက်ခွက်ကို ကျနော့် အရှေ့ကနေ ဘေးဖက်ကို အသာလေး လက်နဲ့တွန်းပြီး ဖယ်လိုက်ရင်း အဲဒီ ညီငယ်လေးရဲ့ မျက်လုံးတွေထဲကို တည့်တည့် စိုက်ကြည့်ကာ ပြတ်သားတိကျတဲ့ လေသံနဲ့ မေးခွန်းတစ်ခု မေးလိုက်ပါတယ် .. ။

“ညီလေး .. ဘာဖြစ်လို့ အရက်ကို သောက်တာလဲ” ..

ကျနော့် မေးခွန်းဆုံးတော့ ညီငယ်လေးက သူ့ရှေ့က အရက်ခွက်ကို လက်နဲ့ကောက်ကိုင်ကာ ဂွမ်ကနဲ မော့ချလိုက်ပြီး “ကျွဲ မခိုးထားလို့ပေါ့ အကိုရာ ၊ ကျွဲသာ ခိုးထားရင် အရက်မူးပြီး ကျွဲခိုးပေါ်မှာစိုးလို့ အရက်ကို ကျနော် ဘယ်သောက် ရဲပါ့မလဲ” လို့ အဖြေပေးရင်း အမဲအူမကြီးကင် တစ်ဖတ်ကိုလည်း တူနဲ့ကောက်ညှပ်ကာ အေးအေးဆေးဆေးပဲ ကျွိစိကျွိစိနဲ့ ဝါးနေပါတော့တယ် ။ ကျနော့်မှာသာ ရုတ်တရက် ပြန်ဖြေလိုက်တဲ့ ညီငယ်လေးရဲ့ အဖြေကြောင့် ရှေ့ဆက် ဘာပြောရမှန်းမသိ ဘဲငန်းအိုကြီး လည်ပင်းလှည်းနင်းခံရသလို ဖြစ်သွားရပါတော့တယ် ။ အဲဒီအချိန်မှာပဲ ညီငယ်လေးက ကျနော့်ကို .. “အကိုကရော ဘာဖြစ်လို့ အရက်ကို မသောက်တော့တာတုန်း .. ဘာလဲ ကျွဲတွေ ခိုးထားလို့လား ..” လို့ ကျနော်ထင်မထားတဲ့ မေးခွန်းကို ရုတ်တရက် ကောက်မေးလိုက်လို့ .. “ ဟာ .. မဟုတ်ဘူး ညီလေး .. မခိုးပါဘူး .. မသောက်ပါဘူး .. အဲ မသောက်တာ ခိုးထားလို့ မဟုတ်ပါဘူး .. သောက်ပါတယ် .. အကို ကျွဲခိုးပေါ်မှာ မကြောက်ပါဘူး .. အဲ .. မဟုတ်ပါဘူး .. ကျွဲမခိုးထားလို့ အရက်သောက်ရမှာ မကြောက်ပါဘူး ညီရ .. သောက်ရဲပါတယ် ညီရ” ဆိုပြီး အယောင်ယောင် အမှားမှား အထစ်ထစ် အငေါ့ငေါ့နဲ့ ဘေးဖက်နားရောက်နေတဲ့ အရက်ခွက်ကို စွပ်ကနဲ ကောက်ကိုင်ရင်း ဂွပ်ကနဲ မော့ချလိုက်မိပါတော့တယ် ။ အား .. မသောက်ရတာ ကြာတော့ ကောင်းလိုက်တာဗျာ .. အဲဒီနောက်တော့ အကိုသောက် ၊ ညီလေးသောက်နဲ့ အရက်လည်း ထပ်မှာ အမဲအူမကြီးကင် လည်း ထပ်မှာတွေ ဖြစ်ကုန်ကြပါတော့တယ် ။ နောက်တော့ ကျနော်ဟောမယ့် တရားဟာလည်း လမ်းကြောင်းတွေ ပြောင်းကုန်ရပါတော့တယ် ။

ဒီမယ် .. ညီလေးရ .. အကိုလည်း အရက်သောက်တာ မကောင်းမှန်း သိတယ် နားလည်တယ် ၊ အရူးမဟုတ်ဘူး .. စိတ်ညစ်လို့ ပင်ပန်းလို့ ထွက်ပေါက်အနေနဲ့ သောက်တာ ၊ တစ်ခြားနည်းလမ်းလဲ မရှာနိုင်သေးလို့ သောက်နေတာ ။ တစ်ကယ်လို့ ပင်ပင်ပန်းပန်း မဟုတ်ပဲ သက်တောင့်သက်သာ အလုပ်လုပ်ရမယ်၊ စိတ်ဖိစီးမှုလည်း ဘာမှ မရှိတဲ့ အနေအထားဆို အကိုက ဘာ ဒီအရက်ကို သောက်နေအုံးတော့မလဲ .. အဲလောက်တော့ လူတွေ နားလည်ဖို့ သင့်ပါတယ်ကွာ ။ တကယ် စေတနာရှိလို့ ပြုပြင်ပေးချင်ရင်လည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ ကိုယ်ချင်းစာနာ စိတ်ကလေးနဲ့ နားလည်လက်ခံနိုင်မယ့် လမ်းကြောင်းကနေ ပြောဆို ဖြောင်းဖျပြုပြင်ယူပေါ့ ။ အခုတော့ လူတွေကကွာ အရက်သောက်တဲ့ ငါတို့ကိုပဲ ရွေးပြီး ဝေဖန်ကြ၊ အပြစ်တင်ကြ၊ ရှုံ့ချကြ ၊ မတူသလို မတန်သလို အဖက်မလုပ်ကြတာ ကိုတော့ တရားမမျှတဘူး ၊ မတရားဘူးလို့ ထင်တယ်ကွာ .. ဒါ လူ့အခွင့်အရေးချိုးဖောက်တာပဲကွ ။ လောကကြီးမှာ တစ်ကယ်တော့ အရက်သမား အပြင်ကို မကောင်းတဲ့ကောင်တွေ အများကြီး ရှိပါတယ် ညီလေးရာ .. တို့ကို အလုပ်ခိုင်းပြီး ပိုက်ဆံ မပေးတဲ့ အလုပ်ရှင်တွေ .. ထိခိုက်မှုဖြစ်ရင် ဆေးကုမပေး လျှော်ကြေးမပေးတဲ့ သူဌေးတွေ .. ကျွန်လိုပဲ ပိုင်ရှင်က ဘာလုပ်လုပ် သည်းခံနေ .. သည်းမခံနိုင်လို့ အလုပ်က ထွက်ပြေးရင် သိန်း ၃၀လျှော်ရမယ်လို့ ဥပဒေပြဌါန်းတဲ့ အစိုးရတွေ .. လူမျိုးရေး မုန်းတီးမှုတွေဖြစ်အောင် လိုက်ဖွနေတဲ့ အကောင်တွေ .. တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို စစ်မက်ဖြစ်ပွားအောင် သွေးထိုးနေတဲ့ နိုင်ငံရေးသမားကြီးတွေ .. အချိန်မရွေး လောကကြီးကို ပြာကျသွားစေနိုင်တဲ့ အန္တရာယ် ကြီးမားလွန်းလှတဲ့ အနူမြူဗုံးတွေ ထုတ်လုပ်ပြီး ကမ္ဘာမှာ ကိုယ့်ကိုယ်ကို အင်အား ကောင်းအောင် ပျိုးထောင်နေသူတွေ .. ဒီလို ကောင်တွေကိုကျတော့ ဘာမှ မပြောပဲနဲ့ ဒီအရက်ကလေး ၂လုံးလောက် သောက်တဲ့ ငါတို့ကိုပဲ လာလာပြီး ထိခိုက်နေတာ တော်တော်ဆိုးတယ်ကွာ .. ကဲ .. ချ .. ညီလေးရာ ချ .. အမဲအူလေး လဲ စားအုံး .. ။

မှတ်ချက် ( ဤစာစုများသည် အရက်သောက်ခြင်းကို အားပေးအားမြှောက် ပြုရာ ရောက်သည်ဟု့ သဘော ပိုက်ကြသူများ ရှိနိုင်သလို .. လောကလူ့ရွာ လူသားများအပေါ် ယခုထက် ပိုမို နားလည်လာကာ (နွားနို့သောက်ခိုင်းခြင်းထက်) ၄င်းတို့ အတွက် မှန်ကန်သင့်မြတ်သည့် အနာဂါတ်များ ဖန်တီးတည်ဆောက်ပေးနိုင် ရေး အထောက်အကူ ဖြစ်စေသည်ဟု့ မှတ်ယူသူများလည်း ရှိနိုင်ပါသည် ။ )

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, April 21, 2014

အလင်း ၊ အရိပ် နှင့် တန်ဘိုးများ အကြောင်း

ရေးသားသူ — ခန့်နေသူတိုး




လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဆိုးလ် ရွှေမြို့တော်ကြီးမှာ ကျနော် နေစဉ်တုန်းက သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့နာမည်က “ ကျော်ကျော်တင့် ” တဲ့ ။ သူက အမြင် အာရုံတွေပေါ်မှာ အရမ်းတပ်မက်လွန်းတဲ့ တဏှာလို့ခေါ်မလား ရာဂလို့ပဲ ဆိုမလား .. အဲဒါတွေ သိပ်များတယ်။ ဘုရား ၊ တရားတော့လဲ လုပ်တာပါပဲ ။ ကျနော်တို့ထက် အများကြီး သာတယ်။ ဒါပေမယ့် လှတာကို အရမ်းကြိုက်လွန်းတယ်ဗျ ။ ဥပမာဗျာ ကျနော်တို့ ဘောလ်ပင်တစ်ချောင်း ဝယ်တယ် ဆိုပါစို့ ။ ကျနော်ဆို မှင်ထွက် ပြီးတာပဲဗျာ ။ နောက်ဆုံး ရွေးခွင့်သာလို့ ရွေးကြကြေးဆိုရင်တောင်မှ မှင်လုံး အသေး အကြီးပေါ့ဗျာ ရေးလို့ကောင်းတာမျိုးပေါ့ ၊ လက်ထဲမှာ ကိုင်လို့ကောင်းတာမျိုးပေါ့ အဲဒါမျိုးရွေးမှာပဲ။ ကျော်ကျော်တင့် ကတော့ အဲလို မဟုတ်ဘူး .. အရောင်နဲ့ ဒီဇိုင်းကို ဦးစားပေးတယ် ။ ထားလိုက်ပါတော့ .. ဒါက အသုံးအဆောင် ပစ္စည်းမို့ အမြဲလူမြင်ကွင်းမှာ သုံးနေရမှာမို့ .. ဒါပေမယ့် ခေါက်ဆွဲဝယ်တဲ့ အခါမှာတော့ ကျနော်ဖြင့် လုံးဝကို နားမလည်နိုင်ဘူးဗျာ ။ ကျနော်က သူ့ကို အတွေ့အကြုံအရ ပြောပြတယ် ။ သူငယ်ချင်းပေါ့ ဒီခေါက်ဆွဲလေးက အရသာလဲရှိတယ် ဈေးလဲသက်သာတယ် ဒီမှာကိုးရီးယါးမှာက စားသောက်ကုန်တွေပေါ်မှာ တာဝန်ယူမှု့ဆိုတာ ရှိတယ်ပေါ့ အဲလိုတာဝန်ယူမှု့လဲ ဒီခေါက်ဆွဲလေးက ရာနှုန်းပြည့်ရှိတယ် မင်းလက်ထဲကဟာကို ပြန်ထားလိုက် ဒါကိုဝယ် ဆိုတော့ ဒီကောင်က တစ်ခွန်းပဲ ပြန်ပြောတယ် “ဒါလေးက ပက်ကင်လှတယ်” တဲ့ ။

တစ်နေ့ ကျော်ကျော်တင့်ရယ် .. ကျနော်ရယ် ၊ ကျနော်တို့ သူဌေးရယ် ချွန်းဂျူးဆိုတဲ့ မြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေမှာ မီးပုံးတွေ လိုက်ဆင်ရတယ်ဗျ။ မြန်မာပြည်က ကျိုက်ထီးရိုးလို တောင်မျိုးပဲ အရမ်းသာယာတယ်။ ကျိုက်ထီးရိုးလောက်တော့ မမြင့်ဘူး။ တောင်ကျော တစ်လျှောက် ဝဲယာမှာ ကျောင်းတိုက်ကလေးတွေ ပြည့်နေတာပဲ။ ဟာ.. ကိုရီးယားရောက်ပြီး ထောင်သားတစ်ယောက်ရဲ့ ဘဝလိုမျိုး ဘုန်းကြီးငတ်နေတဲ့ လူပဲဗျာ ဝမ်းသာတာပေါ့ ။ ပိုက်ဆံလဲရတယ် ၊ ဗဟုသုတလဲရတယ်၊ ကုသိုလ်လဲရတယ် ။ အဲဒီမှာ မီးပုံးတွေ လိုက်ဆင်တာ လေးရက်လောက် ကြာတယ် ။ ပြန်ကာနီးရက်ကျတော့ သူဌေးကလာပြောတယ်။ ကျောင်းတိုက်တစ်ခုက နိုင်ငံခြားသားတွေအတွက် ရည်ရွယ်ပြီး ဆရာတော်တစ်ပါးက အင်္ဂလိပ်လို တရားဟောလိမ့်မယ် နာချင်ရင် မင်းတို့ သွားနာတဲ့ ။ ကျနော်လဲ ကြုံတုန်း ကိုးရီးယါးဘုန်းကြီး ဟောတဲ့တရား နာကြည့်မယ်ပေါ့ ။ ကျော်ကျော်တင့်ကိုလဲ ဖုန်းနဲ့လှမ်းပြီး ဘယ်ကိုဘယ်ကို လာခဲ့လို့ ပြောလိုက်တယ်။ တရားနာ ပရိတ်သတ်က နိုင်ငံခြားသားချည်း မဟုတ်ပါဘူး ကိုးရီးယါး တစ်ချို့လဲ ပါပါတယ်။ ကျနော်က တရားနာ ပရိတ်သတ်ရဲ့ ရှေ့ဆုံးတန်းနားလောက်မှာ နေရာယူလိုက်တယ်။ ကျနော် ပိုပြီး ဝမ်းသာမိတာက တရားဟောမယ့် ဘုန်းကြီးက ထေရဝါဒဘုန်းကြီး ဖြစ်နေလို့ဗျ။ သင်္ဃန်းအရောင်က ကျနော်တို့ မြန်မာ ဘုန်းတော်ကြီးတွေ ဝတ်တဲ့ အရောင်မျိုး။ ကျော်ကျော်တင့် ရောက်မလာသေးလို့ ကျနော်က အနောက်ကို လှည့်ကြည့် လှည့်ကြည့်ပေါ့ ။ ခဏနေတော့ ဒီကောင် တရားဟောဆောင်ရဲ့ အပေါက်ဝနား ရောက်လာပြီး ဟိုကြည့် ဒီကြည့်နဲ့ ကျနော် လက်ယပ်ပြီး လှမ်းခေါ်တာကို မလာပဲ ပြန်ထွက်သွားတယ် ။ သူ့ဟာသူ ခဏ ကိစ္စရှိလို့သွားတာပဲ ပြီးရင် ပြန်လာမှာပေါ့လို့ တွေးရင်း ကျနော်လဲ ဖုန်းကို ပိတ်လိုက်တော့တယ် ။

ဘုန်းကြီးက တရားစဟောတယ်။ အနောက်တိုင်းသားတွေက ဗုဒ္ဓဘုရားကို သယ်ဂရိတ်တက် ဖလော်ဆော်ဖာလို့ ပြောကြ၊ သတ်မှတ်ကြတယ်တဲ့။ မှန်သင့်သလောက်တော့ မှန်တယ်။ မှန်သင့်သလောက်တော့ မမှန်ဘူးတဲ့။ ရှုတ်ဘီ (should be)ကို နှစ်ခါပြန် သုံးသွားတာနော်။ တော်ရုံအင်္ဂလိပ်စာ အဆင်နဲ့ဆို နားလည်ဖို့တောင် မလွယ်တာ အဲလိုအသုံးမျိုး သုံးတဲ့ အဆင့်ဆိုရင် တွေးသာကြည့်ပေတော့ဗျာ။ (ကဲ .. ကြုံတုန်း ကျနော်လည်း ပေါ်တင်ကြွားတယ် ဗျာ ဘာဖြစ်လဲ) ဘုန်းကြီးက ဆက်ဟောတယ် ဘုရားမဖြစ်ခင်ကိုတော့ အတွေးအခေါ် ပညာရှင်လို့ သတ်မှတ်တာ မှန်ပေမယ့် ဘုရားဖြစ်ပြီးတဲ့ နောက်မှာတော့ တွေးတဲ့အဆင့် မဟုတ်တော့ဘူး သိတဲ့အဆင့် ဖြစ်သွားပြီတဲ့။ ဗုဒ္ဓဆိုတဲ့ အနက်က သိသူလို့ အဓိပ္ပါယ်ရတယ်တဲ့။ ဘာကို သိတာလဲ .. ဓမ္မကို သိတာတဲ့ ။ အလုံးစုံသော တရားတွေကို သိတာတဲ့။ ဖလော်တွေ၊ လောဂျစ်တွေ ၊ အရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့ ဘဝအပေါ် သတ်မှတ်ချက်တွေ.. ဝိပဿနာရဲ့ အခြေခံ ကျင့်စဉ် အယူအဆ အကြောင်းတွေ .. ဟာဗျာ သုံးနာရီဆိုတဲ့ အချိန်က ဘယ်လိုကုန်သွားမှန်း မသိဘူး။ တရားပွဲပြီးလို့ ထ..မယ်လဲလုပ်ရော ကျနော့်ခြေထောက်က အကျောကပ်ပြီး ရုတ်တရက် ထောက်လို့တောင် မရဘူး။ မနှိုင်းကောင်း နှိုင်းကောင်း တက္ကသိုလ်တက်တုန်းက အဆောင်မှာ ညလုံးပေါက် ဖဲထိုင်ရိုက်ကြပြီး မိုးလင်းတော့ ထိုင်နေရာက ထလို့မရသလိုမျိုးပေါ့ ။ အခုလည်း တရားထဲမှာ ဈာန်ဝင်နေတော့ ညောင်းလို့ ညောင်းရမှန်းကို မသိဘူး ။ ဒီလိုနဲ့ ခြေထောက် ကောင်းတော့မှ အပြင်ကို ထော့နဲ့ထော့နဲ့နဲ့ ထွက်ပြီး သူငယ်ချင်း ကျော်ကျော်တင့်နဲ့ စောစောက တရားအကြောင်း နဲနဲပါးပါး ပြန်ဆွေးနွေးဖို့ ပြင်တာပေါ့။

ကျနော်က ကျော်ကျော်တင့်ကို .. မင်း ဘုန်းဘုန်းကို ဘယ်လိုမြင်လဲပေါ့ ။ ဒီကောင်က ပြန်မေးတယ် .. ဘာကိုလဲတဲ့ ။ စောစောက ဟောသွားတဲ့ တရားကိုဆိုတော့ ဒီကောင်က ငါ မနာချင်လို့ အပြင်မှာ ထွက်ထိုင်နေတာတဲ့ ။ ဟ.. ဘာဖြစ်လို့လဲဆိုတော့ “ဘုန်းကြီးကကွာ မြန်မာပြည်က ဗေလုဝလိုလို ဘာလိုလို ကုတ်စိစိလေးနဲ့ ကြည်ညိုစရာ မကောင်းလို့” တဲ့။ အဲဒီမှာ ကျနော်နဲ့ ကျော်ကျော်တင့်နဲ့ စငြိကြတော့တာပဲ ။ “ဟကောင်ရ .. မင်းကွန်းဆရာတော် ဘုရားကြီးတို့ သာမညတောင် ဆရာတော်ဘုရားကြီးတို့လဲ ကိုယ်လုံး သေးသေးလေးတွေပဲ ဘာလို့ လူတွေ ကြည်ညိုနေကြသလဲ” ဆိုတော့ ဒီကောင်က “ ဟို ဆရာတော်ကြီးတွေက သီလ၊ သမာဓိ၊ ပညာ ပြည့်စုံတယ် ” တဲ့။ ကျနော်က “မင်းက ဒီဆရာတော်ရဲ့ အကြောင်းကို ဂဃနဏ မသိသေးပဲနဲ့ သီလ၊ သမာဓိ၊ ပညာ မရှိဘူးလို့ ဘယ်လို ပြောနိုင်မှာလဲ” ဆိုတော့ ကျော်ကျော်တင့်က “ ဖြူဖြူစင်စင် သန့်သန့်ပြန့်ပြန့်နဲ့ မြင်မြင်ချင်း လူကြည်ညိုလောက်တဲ့ ဥပဓိတော့ ရှိသင့်တာပေါ့ကွာ” တဲ့ ။ အဲဒီမှာ ကျနော်လဲ စိတ်မထိန်းနိုင်တော့ပဲ ဒီကောင့်ကို တစ်ခွန်းပဲ မေးလိုက်တော့ တယ် ။ “မင်း တရားနာမှာလား ၊ ဘုန်းကြီးနဲ့ ရည်းစားလုပ်မှာလား” လို့။ ဒီကောင် ရှူးရှူးရှဲရှဲ ဖြစ်ပြီး “ဟေ့ကောင် နေသူတိုး .. မင်း ပေါက်ကရ မပြောနဲ့ မိုးကြိုးပြစ်ခံရမယ်နော်” တဲ့ ။ အဲဒီ တစ်ခဏ ကျနော် ဒီကောင်နဲ့ လယ်ဗယ် ယှဉ်ထိုင်လို့ကို မရတော့ဘူး။ ယှဉ်လဲ မထိုင်ချင်တော့ဘူးဗျာ ။ ဒါနဲ့ ကျနော် မတ်တပ် ထရပ်လိုက်ပြီး ဒီကောင့်ကို အပေါ်စီးကနေ မိုးကြည့်ရင်း “ဟေ့ကောင် ကျော်ကျော်တင့် .. မင်းဟာ အမြင်အာရုံတွေနောက်ကို လိုက်ပြီး တပ်မက် ခံစားနေတဲ့ တဏှာရဲ့ ကျွန်ပဲ .. မင်းဟာ မျက်စိမှိတ်ပြီး မြင်အောင်ကြည့်တဲ့နည်းကို မသိသေးဘူး .. အေး .. ဘုန်းကြီး တစ်ပါးရဲ့ သိလ၊ သမာဓိ၊ ပညာကို ဥပေက္ခာ ပြုပြီး ဗေလုဝနဲ့တူလို့ ဦးမချချင်ဘူးဆိုတဲ့ မင်းသာ အဝီဇိကို သွားရမှာကွ ” ဆိုပြီး ဒီကောင် နောက်ထပ်တစ်ခွန်း ပါးစပ်က ဟလာရင် နရင်းကို ရိုက်ဖို့ဆိုပြီး ကျနော်ရဲ့ ညာဖက် လက်ဖဝါးကြီးကို ကြီးနိုင်သမျှ ကြီးအောင် အားထည့်ပြီး မြှောက်ကိုင်ဖြန့်ကား ထားလိုက်ပါတော့တယ် ။ အပေါ်စီးက ဆိုတော့ ပိုပြီး ရိုက်လို့လဲ ကောင်းတယ်လေ။ ဒီကောင် နေရာမှာ တွေပြီး စဉ်းစားနေတယ်။ ပြီးတော့မှ သရဲပူးနေတာ ကနေ လွတ်လာတဲ့ အထာမျိုးနဲ့ “ငါ မှားသွားတယ်ကွာ .. ငါ ဘုန်းဘုန်းကို သွားကန်တော့ချင်တယ်ကွာ” တဲ့။

ဘုန်းဘုန်းက ကျနော်တို့ နှစ်ယောက်ကို တရင်းတနှီးပဲ မိန့်ဆို ဆက်ဆံပါတယ်။ မြန်မာပြည်ကို ကြွထားဖူးတော့ မြန်မာပြည်ရဲ့ အကြောင်းတွေကိုလဲ အများကြီး မိန့်တယ်။ ကျော်ကျော်တင့် ဆိုတဲ့ကောင်က အင်္ဂလိပ်စာကို ဆယ်တန်းသာသာလောက်သာ တတ်တဲ့ကောင်ဆိုတော့ ဘုန်းဘုန်းရဲ့ အင်္ဂလန်လေသံကို လိုက်လို့ မမှီနိုင်ဘူး ဖြစ်နေတယ် ။ အံမယ် ဒါပေမယ့် ဒီကောင်က ဖောရှောတော့ တတ်တယ်။ ပါးစပ်က ရက်စ် ရက်စ် နဲ့ ခေါင်းကလဲ ငြိမ့်လို့။ ဘုန်းဘုန်းက အံ့သြစရာ တစ်ခု မိန့်တယ်ဗျာ ။ တစ်ကယ်ဆို မျက်လုံးလောက်တော့ ပြူးရမှာပေါ့ ။ ကျနော်ဆို မျက်လုံးလဲ ပြူးလိုက်တယ်ဗျာ ပါးစပ်ကိုလဲ ဟလိုက်တယ်ဗျာ။ အံ့သြသွားတယ်ပေါ့။ ဒါမှ မိန့်တဲ့ ဘုန်းဘုန်းလဲ မိန့်ပြောရတာ အားရှိတာပေါ့။ သို့သော်လည်း ဒီကောင့်ကို လှည့်ကြည့်လိုက်ပါတယ် မျက်လုံးကြီးက အသေကြီး။ ကျနော်က သူလဲ ပြူးလို့ရအောင်ဆိုပြီး မြန်မာလို ရှင်းပြတယ်။ အောင်မယ် ကိုယ်ရှင်းပြတာ မခံ ကိုယ့်တောင် ပြန်ရှင်းပြနေသေးတယ်။ ထားလိုက်ပါတယ် ပြောနေလည်း သူငယ်ချင်း အချင်းချင်း ရှက်ပြီး စိတ်ဝမ်းက ကွဲရအုံးမယ် ။ ဒီလိုနဲ့ တပည့်တော်တို့ ပြန်တော့မယ်ဘုရားဆို ဝတ်ပြူကြတော့ ဘုန်းဘုန်းက ကျနော်တို့ကို နာမည်တွေ မေးတယ်။ ကျနော်က ဂျိမ်းစ်ဘွန်းကားထဲက ရှောင်ကွန်နရီရဲ့ အင်္ဂလန်လေသံကိုယူပြီး.. “ တိုးးးး .. နေသူတိုးးး ” လို့ ဖြေလိုက် တယ်။ ဒီကောင့် အလှည့်ကျတော့ “ ကျော်ကျော်တင့် ” တဲ့ ။ တံတောင်နဲ့ အသာတွတ်ပြီး “ဟေ့ကောင် မင်းကို အင်္ဂလိပ်လို မေးနေတာ အင်္ဂလိပ်လို ဖြေမှပေါ့ကွ” လို့ဆိုတော့ ဒီကောင်က ပြာပြာသလဲနဲ့ ပြန်ဖြေတယ် “ကျော်ကျော်တင့်စ့်” တဲ့ ။ အနောက်ကနေ အက်စ်သံ ထည့်လိုက်တယ် ။ ပြီးတော့ သူဖြေတာ အဆင်ပြေရဲ့လားဆိုတဲ့ သဘောနဲ့ ကျနော့်ဖက်လှည့်ပြီး မျက်စပြစ်ပြနေသေးတယ်။ ကျနော်က ဒီလောက်ဆိုရပြီဆိုပြီး ခေါင်းတစ်ချက် ပြန်ငြိမ့်ပြလိုက်ရတယ် ။ စိတ်ထဲတော့ ရီလည်းရီချင် .. ပျော်လည်းပျော်ပါတယ် ။ သူငယ်ချင်းတစ်ယောက်ကို လမ်းမှန်ပေါ် အရောက် တင်ခဲ့နိုင်လို့လေ .. ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, April 19, 2014

နွေးဦးရှိုက်သံထဲက အတွေးတစ


(ကယ်ဆယ်ရေးများ ရောက်ကာစ သင်္ဘောနစ်မြုပ်စဉ် အခြေအနေ)

အမှောင်နေ့

ဧပြီလ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ သင်္ဘောမှောက်တယ်ဆိုတဲ့ စိတ်မကောင်းစရာ သတင်းကို စသိလိုက်ရပါတယ်။ ကိုရီးယား သတင်းဌာနတွေက အဖြစ်အပျက်ကို အဆက်မပြတ် ထုတ်လွှင့်နေပြီး ကယ်ဆယ်ရေးလုပ်နေတာကိုလည်း တိုက်ရိုက်လွှင့်ပါတယ်။ သင်္ဘောဟာ ရေပြင်မှာ တစောင်းကနေ တုံးလုံး၊ တုံးလုံးကနေ မှောက်ခုံ ဖြစ်သွားတာကို အဆင့်ဆင့် မြင်တွေ့လိုက်ရပါတယ်။ လူ ၃၀၀ ကျော် ပျောက်နေတယ်တဲ့။

အင်ချွန်း-ဂျယ်ဂျူး လူစီးသင်္ဘော Sewol မှာ ၀န်ထမ်း ၃၀ ကျော်အပါအ၀င် စုစုပေါင်း ၄၇၅ ယောက် ပါပါတယ်။ ခရီးသည်တွေအနက် ၃၂၅ ယောက်က အန်ဆန်းမြို့ အထက်တန်းကျောင်းက ဆရာနဲ့ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ လေးရက်တာ လေ့လာရေးခရီးအတွက် မနေ့ည ၉ နာရီက အင်ချွန်းဆိပ်ကမ်းကနေ ထွက်လာကြတာပါ။ နောက်တနေ့ မနက် ၉ နာရီ မထိုးခင်လေးမှာတော့ သင်္ဘောဟာ ရုတ်တရက် တုန်ခါလာပြီး ဘယ်ဘက်ကို ယိမ်းကျလာပါတယ်။ အဲဒီနေရာက ဂျင်ဒိုကျွန်းရဲ့ တောင်ဖက် ကီလိုမီတာ ၂၀ လောက်မှာပါ။ ရေအနက်က မီတာ ၃၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ သင်္ဘော အန္တရာယ်ကျရောက်ကြောင်း သတင်းပို့ချိန်ဟာ နံနက် ၀၈း၅၈ နာရီလို့ ကမ်းစောင့်တပ်ဖွဲ့က ပြောပါတယ်။

ကယ်ဆယ်ရေးကို အလျင်အမြန် လုပ်ကြပါတယ်။ လှေ၊ သင်္ဘော၊ ရဟတ်ယာဉ် အမြောက်အမြားနဲ့ ရေငုပ်သမား ရာနဲ့ချီပြီး ရှာဖွေ ကယ်ဆယ်ကြပေမယ့် အသက်ရှင်လျက် ၁၇၄ ယောက်ပဲ ကယ်ယူလိုက်နိုင်ပါတယ်။ ညနေပိုင်းမှာ သေဆုံးသူ အလောင်း ၆ ခုကို အတည်ပြုနိုင်ပြီး ကျန် ၂၉၁ ယောက် ပျောက်ဆုံးနေတယ်လို့ အစိုးရက ကြေညာပါတယ်။

ပျောက်ဆုံး အရေအတွက်ဟာ အလွန်များတာကြောင့် စိတ်ထဲမှာ ထင့်ခနဲ ဖြစ်သွားပါတယ်။ ကိုရီးယားမှာရှိတဲ့ ပင်လယ်ကူး လူစီးသင်္ဘောတွေထဲက အကောင်းဆုံးတခုဖြစ်တဲ့ ဆဲဝေါလ်ဟာ လူ ၉၂၁ ယောက်ထိ တင်နိုင်တာပါ။ သင်္ဘောမှာ အသက်ကယ်လှေနဲ့ ရေဖော့အင်္ကျီတွေလည်း အလုံအလောက် ပါနိုင်လျက်နဲ့ လူသုံးရာလောက် ပျောက်တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ထင်မိပါတယ်။ တန် ၆၈၂၅ ရှိတဲ့ သင်္ဘောဟာ ရေထဲကို စွပ်ခနဲ ၀င်သွားတာမှ မဟုတ်တာ။ အန္တရာယ် စ ဖြစ်ချိန်ကနေ နစ်မြုပ်ချိန်အထိ တစ်နာရီခွဲလောက် ကြာခဲ့ပါတယ်။ ကယ်ဆယ်ရေးတွေ ရောက်တော့ သင်္ဘောက တုံးလုံးဖြစ်ကာစပဲ ရှိပါသေးပါတယ်။

ဘေးအန္တရာယ်တခုမှာ အသေအပျောက် ဆိုတာ မကင်းတတ်ပါဘူး။ သို့ပေမယ့် နည်းနိုင်သမျှ နည်းစေရမှာ ဖြစ်ပါတယ်။ ခရီးသည်တွေ ဆိုတာက ကြောက်လန့် တုန်လှုပ်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြမှာပါပဲ။ သင်္ဘောမှာ အန္တရာယ်ကျရင် ဘယ်လို လွတ်မြောက်အောင် လုပ်ရမယ်ဆိုတာကို စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ထားတာက သင်္ဘောဝန်ထမ်းတွေပဲ မဟုတ်လား။ သူတို့က ခရီးသည်တွေကို ညွှန်ကြား ကူညီပေးရမှာပါ။ ၀န်ထမ်းတွေထဲမှာ တာဝန် အရှိဆုံးကတော့ ကပ္ပတိန်ပဲ ဖြစ်ပါတယ်။ ကပ္ပတိန်ဟာ ခရီးသည်တွေရဲ့ အသက်ကို ကယ်တင်ဖို့ လွတ်မြောက်ရေး အစီအမံကို သေသေချာချာ မလုပ်ခဲ့ဘူးဆိုတာ ခန့်မှန်းလို့ ရနေပါတယ်။

လွတ်မြောက်လာသူတွေရဲ့ ပြောစကား အချို့က ဒီအချက်ကို ထင်ဟပ်နေပါတယ်။

“ကိုယ့်နေရာမှာပဲ ငြိမ်ငြိမ်နေကြဖို့ ပြောတယ်။ ဒါပေမယ့် အခန်းထဲကို ရေက ၀င်လာပြီ”

“မကြောက်ကြဖို့ ငြိမ်ငြိမ်နေကြဖို့ ပြောတယ်။ ဒါပေမယ့် ငါဒီကနေ ထွက်မှဖြစ်မယ်ဆိုပြီး အပေါ်ရောက်အောင် ထွက်လာခဲ့တာ”

“နိုး၊ ဘယ်သူမှ ရောက်မလာဘူး၊ အပြင်ကို ထွက်လို့မရဘူး” (ဖုန်းမက်ဆေ့ခ်ျ)

လွတ်မြောက်လာတဲ့ ကပ္ပတိန် အီဂျုန်ဆော့က “ကျနော် တကယ် ၀မ်းနည်းပါတယ်” လို့ တောင်းပန်ပါတယ်။ ဒါပေမယ့် သိပ်ကို နောက်ကျသွားပါပြီ။


(ခရီးစဉ်နှင့် နစ်မြုပ်ပုံ အဆင့်ဆင့်)

ဘာကမ်ဟက် သင်ခန်းစာ

ဘေးအန္တရာယ်တွင်းကနေ လွတ်မြောက်ဖို့ ရုန်းကန်ရတဲ့အခါ အမျိုးသမီးနဲ့ ကလေးတွေကို ပထမ ဦးစားပေးကူညီ၊ အမျိုးသားတွေက ကိုယ့်တာဝန်ကိုယ်ယူ၊ တာဝန်အရှိဆုံးလူကတော့ နောက်ဆုံးမှ စွန့်ခွာထွက် သို့မဟုတ် အသေခံ ဆိုတဲ့ ဓလေ့နဲ့ လုပ်ဆောင်လေ့ ရှိပါတယ်။

ဒီလုပ်ရပ် အစဉ်အလာဟာ ဘာကမ်ဟက် (Birkenhead) သင်္ဘော နစ်မြုပ်စဉ်က စတင်ခဲ့တာ ဖြစ်ပါတယ်။

၁၈၅၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဗြိတိသျှရေတပ်ပိုင် ဘာကမ်ဟက် သင်္ဘောဟာ တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့အနီး ပင်လယ်ထဲမှာ မတော်တဆ နစ်မြုပ်ပါတယ်။ သင်္ဘောပေါ်မှာ ရေတပ်စစ်သည်တွေနဲ့အတူ ခရီးသွားအချို့လည်း ပါလာပါတယ်။ အဲဒီခေတ်က သင်္ဘောတွေမှာ အသက်ကယ်လှေ အလုံအလောက်ပါလေ့ မရှိသေးပါဘူး။ ကပ္ပတိန် ရောဘတ်ဆာမွန် (Robert Salmond) ဟာ အမျိုးသမီးနဲ့ ကလေး ၂၉ ယောက်ကို လှေတွေပေါ် ပထမဦးစွာ တက်စေပြီး လွတ်မြောက်စေခဲ့ပါတယ်။ သူနဲ့အတူ စစ်သည်အများစုကတော့ စွန့်ခွာသွားတဲ့ လှေတွေကို လက်ပြနှုတ်ဆက်ရင်း သင်္ဘောနဲ့အတူ ရေအောက်ကို သက်ဆင်းခဲ့ကြပါတယ်။

ဒီလုပ်ရပ်ဟာ လေးစားအတုယူဖွယ် ဖြစ်ခဲ့ပြီး ရေကြောင်းသွားလာတဲ့ သင်္ဘောတွေ လှေတွေအတွက် 'စံ' တခု ဖြစ်လာပါတယ်။ ဒီလို လွတ်မြောက်ရေး အစီအမံကို ဘာကမ်ဟက်သင်ခန်းစာလို့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ ကမ္ဘာကျော် တိုင်တန်းနစ်သင်္ဘော နစ်မြုပ်စဉ်ကလည်း ကပ္ပတိန် အက်ဒ၀ပ် ဂျွန် စမစ်ဟာ ဒီအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။

နောင်အခါမှာတော့ လှေ သင်္ဘောတွေမှာသာမက အခြား ဘေးအန္တရာယ် ကျရောက်ရာမှာလည်း ဒီအတွေးအခေါ် အစီအမံအတိုင်း ဆောင်ရွက်လာကြပါတယ်။ အသက်ဘေးက လွတ်မြောက်ဖို့ ရုန်းကန်တဲ့အခါ အမျိုးသမီးနဲ့ ကလေး ဦးစားပေး၊ အမျိုးသားတွေ ကိုယ့်တာဝန်ကိုယ်ယူ၊ ခေါင်းဆောင်ဖြစ်သူက နောက်ဆုံးမှ စွန့်ခွာ၊ အသက်ပေးသင့်ရင်ပေး ဆိုတာ လူသားဂုဏ်ရည် တရပ် ဖြစ်နေပါပြီ။

လူဆိုတာ တနေ့ သေရမယ်မှန်း သိပေမယ့် အသက်ဘေးနဲ့ တကယ်ကြုံလာရင်တော့ တုန်လှုပ်ကြစမြဲပါ။ အသက်လွတ်အောင် ရုန်းထွက်ကြတာ လူ့သဘာဝပါ။ သို့ပေမယ့် မိမိရဲ့ အသက်တခုတည်းသာမက အခြားသူများရဲ့ အသက်ကိုပါ ငဲ့ကွက်ကူညီတာဟာ လူရဲ့ မေတ္တာ ကရုဏာ နှလုံးသားက ထွက်ပေါ်လာတဲ့ သူရဲကောင်းစိတ်ဓာတ် ဖြစ်တယ်လို့ ဆိုရမှာပါ။ အန္တရာယ်ကျရောက်ရင် ဒီအတိုင်း လုပ်ရမယ်လို့ ဥပဒေအရ ရေးသား ပြဋ္ဌာန်းထားတာ မဟုတ်ပေမယ့်၊ လူတွေရဲ့ အသိတရားနဲ့ နှလုံးသားမှာ စွဲမြဲနေတဲ့ မြင့်မြတ်တဲ့ “လူ့ကျင့်ဝတ်” ဖြစ်ပါတယ်။

ဆဲဝေါလ်သင်္ဘောရဲ့ ကပ္ပတိန်မှာ ဘာကမ်ဟက်ဝိညာဉ် မဲ့နေခဲ့ပြီး၊ ပိုဆိုးတဲ့ လူအများ မေးငေါ့စရာ လုပ်ရပ်ကတော့ သူဟာ ပထမဆုံး ကယ်ဆယ်ခံရတဲ့ အုပ်စုမှာ ပါဝင်ခဲ့တာပါပဲ။ သူနဲ့အတူ အခြား ၀န်ထမ်းတွေပါ လွတ်မြောက်ခဲ့ပြီး၊ တဦးတည်းသော အသက်ပေးခဲ့သူ အမျိုးသမီး ၀န်ထမ်းကတော့ အသက် ၂၂ နှစ်ရွယ် ဘတ်ဂျီယောင်း ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ သူဟာ ကယ်ဆယ်ရေးကို လုပ်ဆောင်ရင်း သေဆုံးသွားတာလို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။

သူ့လိုပဲ အခြားသူများကို ကူညီပေးခဲ့ကြသူတွေက ခရီးသွား ကျောင်းသားတဦးနဲ့ အမျိုးသား ၀န်ထမ်းနှစ်ဦး ဖြစ်ကြောင်း၊ သူတို့ကို ဂုဏ်ပြုမှတ်တမ်းတင်ထားပါတယ်။


(စတင် ကယ်ယူနေစဉ်)

ဘာကြောင့်မှောက်

ခုချိန်မှာတော့ ကိုရီးယား ပြည်သူတွေရဲ့ ၀မ်းနည်းဒေါသဟာ ကပ္ပတိန်ဆီကို ဆိုက်ရောက်သွားပါပြီ။ သူ့ကို တာဝန်ပိုင်း မှားယွင်းမှုအရ အရေးယူဖို့ ဖမ်းဆီးထားကြောင်း ရဲက ပြောပါတယ်။

အခင်းမဖြစ်မီမှာ သင်္ဘောပဲ့ကို အငယ်တန်းအရာရှိလက်သို့ ကပ္ပတိန်က လွှဲထားကြောင်း စစ်ဆေးရေးမှူးတွေက ပြောပါတယ်။ သင်္ဘောဦးပိုင်းဟာ ထက်မြတဲ့ အရာတခုနဲ့ တိုးတိုက်မိတယ်လို့ ယူဆရကြောင်း ကပ္ပတိန်က ပြောပါတယ်။ ဒါဟာ ကျောက်ဆောင်တော့ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ အဲဒီအခိုက်မှာ ပဲ့ကိုင်နေတဲ့ အရာရှိငယ်က ပဲ့ဘီးကို ဘယ်ဖက်သို့ ရုတ်တရက် ဆွဲလှည့်လိုက်တယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီဖြစ်ရပ်ဟာ လူရဲ့ အမှားကြောင့် ဖြစ်တာလို့ သုံးသပ်ပါတယ်။

လွတ်မြောက်လာသူ ကျောင်းသားတဦးက “အသံကျယ်ကျယ် တခုကြားရပြီး သင်္ဘောဟာ တုန်ခါလာတယ်”လို့ ပြောပါတယ်။ နောက်ထပ် ခရီးသည်တဦးကလည်း သင်္ဘောဟာ တုန်ခါ ယိမ်းထိုးတယ်လို့ ပြောပါတယ်။ ခုထိတော့ ဘယ်သူကမှ ဘာဖြစ်တယ်လို့ အသေအချာ မပြောနိုင်သေးပါဘူး။

အသေအချာ ပြောနိုင်တာ တခုကတော့ ကပ္ပတိန်နဲ့ ၀န်ထမ်းတွေဟာ လွတ်မြောက်ရေး အစီအမံကို မြန်မြန်ထက်ထက် မလုပ်နိုင်ခဲ့တာပါပဲ။ ရေဖော့အင်္ကျီတွေ လူတိုင်း ပြည့်စုံအောင် မ၀တ်နိုင်တာ၊ အသက်ကယ်လှေတွေ မချနိုင်တာ၊ ဘေးလွတ်ရာ ကုန်းပတ်ပေါ်ကို အချိန်မီ မတက်နိုင်တာတွေဟာ သိသာတဲ့ ဟာကွက်တွေ ဖြစ်နေပါတယ်။


(ဆဲဝေါလ်သင်္ဘော)

ဟန်လား အဆံလား

ဒီလိုအချိန်မှာ ကိုရီးယားတွေကို ဝေဖန်ဖို့ မသင့်ပေမယ့် သူတို့ရဲ့ ဓလေ့စရိုက်တခုနဲ့ ဆက်စပ်နေတာမို့ တခုတော့ ထောက်ပြချင်ပါတယ်။ ကိုရီးယားတွေဟာ မဖြစ်ခင် ကြိုတင် ပြင်ဆင်တာထက် ဖြစ်ပြီးမှ ဟန်ရေးပြတတ်တာ ပိုများတယ်လို့ ကျနော့် တဦးတည်းအနေနဲ့ မြင်မိပါတယ်။

ဒေဂူးမြို့မှာ ၂၀၀၃ ခုနှစ်က ရထား မီးလောင်တော့ တွဲတခါးကို အရေးပေါ် မဖွင့်တတ်လို့ လူ ၂၀၀ ကျော် အသက်ဆုံးခဲ့ရပါတယ်။ အဲဒီနောက်တော့မှ ရထားတွေမှာ အရေးပေါ်ဖွင့်နည်း စာလိုက်ကပ်ပါတယ်။ မြန်မာတွေအတွက် မမေ့နိုင်တဲ့ ဖြစ်ရပ်တခုက မနှစ်က အရှေ့တောင်အာရှ ဘောလုံးပွဲမှာ နည်းပြ ပတ်ဆောင်ဟွာရဲ့ လုပ်ရပ်ပါပဲ။ ကျနော်တို့ရဲ့ နေ့စဉ်ဘ၀မှာလည်း ဒါမျိုးတွေကို အမြဲတွေ့ရတတ်ပါတယ်။ ဒါဟာ မဖြစ်သေးရင် “ပေါ့”တတ်တဲ့ ဓလေ့ရဲ့ ထင်ဟပ်မှုတွေလို့ ယူဆပါတယ်။

အခုဖြစ်ရပ်မှာလည်း ဆဲဝေါလ်သင်္ဘောက ၀န်ထမ်းတွေရဲ့ လေ့ကျင့်ပြင်ဆင်မှု၊ နိုးကြားမှု အားနည်း တာတွေကို ဟိုတစသည်တစ တွေ့နေရပါတယ်။

ခုတော့ အထက်တန်းကျောင်းသား ၂၀၀ ကျော်အပါအ၀င် လူ ၃၀၁ ယောက် အသက်ဆုံးရှုံးသွားရပါပြီ။ အီဂျုန်ဆော့လည်း လူမုန်းခံဘ၀ ရောက်သွားပါပြီ။ ပန်းတွေ ပွင့်ဝေတဲ့ ဧပြီလ နွေဦးဟာ ကိုရီးယားနိုင်ငံရဲ့ ၀မ်းနည်းပူဆွေးသောလ အဖြစ် ပြောင်းလဲသွားပါပြီ။

ယနေ့ လူသားတွေရဲ့ ရှင်သန်မှုဟာ ပူနွေးဖောက်ပြန်လာတဲ့ ရာသီဥတုအန္တရာယ်၊ နျူကလီးယား ယိုစိမ့်မှုလို မတော်တဆအန္တရာယ်၊ ဓာတုပစ္စည်းလို လောဘအန္တရာယ်၊ စစ်ဘေးစစ်ဒဏ်လို ဒေါသအန္တရာယ်၊ အကြမ်းဖက်မှုလို မောဟအန္တရယ်တွေနဲ့ အမြဲရင်ဆိုင်နေရတာပါ။ ဒီကြားထဲမှာ လူတွေရဲ့ အမှားအယွင်း ပေါ့ဆမှုတွေနဲ့လည်း မကြာခဏ ကြုံနေရတာပါ။

ဒီလို အန္တရာယ်တွေနဲ့ မမျှော်လင့်ဘဲဖြစ်စေ၊ မျှော်လင့်လျက်ဖြစ်စေ ကြုံခဲ့ကြရရင် ကျနော်တို့ ဘယ်လို ကျော်ဖြတ်ကြမလဲ။ အဲဒီလို သေပြေးရှင်ပြေး အချိန်မှာ ဘာကမ်ဟက်သင်ခန်းစာကို ကျနော်တို့ သတိရနိုင်ကြပါ့မလား။

သေချာတာကတော့ အဲလို အချိန်မျိုးမှာ မိမိ နှလုံးသားရဲ့ ဆုံးဖြတ်ချက်သည်သာ တခုတည်းသော အဖြေ ဖြစ်နိုင်မယ်ဆိုတာပါပဲ။

ဝင်းပေါ်မောင်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, March 22, 2014

အမုန်းတရား တိုက်ဖျက်ဖို့ Facebook သုံးကြစို့

ရေးသားသူ — ငြိမ်းချမ်းအေး


Facebook အင်တာနက် လူမှုကွန်ရက်တွင် ပြန့်နှံ့နေသော သံတွဲမြို့ သိမ်ကုန်းကျောင်းတိုက်တွင် အရှင်ဝီရသူ မီဒီယာ သင်တန်းပို့ချနေပုံ
 

အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆော်သြ ဆောင်ရွက်နေသူ ဆရာတော် အရှင်ဝီရသူက အခု ရခိုင်ပြည် ခရီးစဉ် သံတွဲမှာ စာနယ်ဇင်း သင်တန်း ဖွင့်လှစ် ဆိုတဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်။

စာရေးသူ အနေနဲ့ အရှင်ဝီရသူကို အွန်လိုင်း၊ ပုံနှိပ် မီဒီယာများမှာ ဆောင်းပါးများ ရေးသားနေသူ တယောက် အဖြစ် သိထားတယ်။ နိုင်ငံတကာ ရုပ်သံ မီဒီယာ တွေ့ဆုံမေးမြန်းခန်းတွေကနေ အရှင်ဝီရသူ သီတင်းသုံး နေထိုင်ရာ ကျောင်းမှာ လူမှုကွန်ရက်စာမျက်နှာတွေပေါ် စာတွေရေးတင်၊ ဆရာတော်ရဲ့ လှုပ်ရှားမှုတွေကို သတင်းတွေ ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ရှိကြောင်း၊ အာဘော် ဆောင်းပါးတွေကို ဆရာတော် ကိုယ်တိုင် ရေးကြောင်း မှတ်သားခဲ့ရဖူးတယ်။

အရှင်ဝီရသူမှာ စာနယ်ဇင်းနဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်၊ ဗဟုသုတ၊ အတွေ့အကြုံနဲ့ ပြောစရာတွေ အများကြီး ရှိမယ် ဆိုတာ ခန့်မှန်းနိုင်တယ်။ ဒါပေမယ့် အခုလို စာနယ်ဇင်း သင်တန်းဖွင့် အခြားသူများကို ပြန်လည် ပို့ချနိုင်တဲ့ စာနယ်ဇင်း အတတ်ပညာနဲ့ အရည်အသွေး ရှိ မရှိ ဆိုတာတော့ ဝေဖန် ဆန်းစစ်ရမယ့် ကိစ္စ ဖြစ်တယ်။

Journalism ဆိုတဲ့ စာနယ်ဇင်း အတတ်ပညာဟာ အသက်မွေးဝမ်းကြောင်းမှု တမျိုး ဖြစ်တယ်။ စနစ်တကျ လေ့လာသင်ယူ ရတဲ့ ပညာရပ် တခု ဖြစ်တယ်။ ဝါသနာအလျောက် လေ့လာလိုက်စားသူများလည်း ရှိနိုင်တယ်။ ဒါပေမယ့် Professional Journalism အသက်မွေးဝမ်းကြောင်း စာနယ်ဇင်း အတတ်ပညာမှာ ကျယ်ပြန့်တဲ့ အကြောင်းအရာ၊ ကဏ္ဍ၊ ကျင့်ဝတ် ပေါင်း မြောက်မြားစွာအတွက် စည်းကမ်းတကျ ကျယ်ကျယ်ပြန့်ပြန့် လေ့လာဖို့ လိုတယ်။ သတင်း ရယူပုံ၊ သတင်း တင်ပြပုံ၊ ရေးသားပုံ၊ နေရာ အထားအသို၊ စာသား၊ ရုပ်သေ/လှုပ်ရှားမှု ရုပ်ပုံ၊ အသံ အသုံးပြုပုံ အစရှိတဲ့ စာနယ်ဇင်း အလုပ် အသီးသီးအတွက် ပညာရပ်ပိုင်းဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ရှိတယ်။ စောင့်ထိန်းရမယ့် သီလတွေ ရှိတယ်။ ရဟန်းမှာ ရဟန်းဝိနည်း ရှိသလို စာနယ်ဇင်းသမားများမှာလည်း စာနယ်ဇင်း ကျင့်ဝတ် သီလ ထိန်းသိမ်းရမှုတွေ ရှိတယ်။



အရှင်ဝီရသူဟာ ရဟန်းဖြစ်တာကြောင့် စာနယ်ဇင်းအလုပ်ကို အသက်မွေးဝမ်းကြောင်း မလုပ်ခဲ့၊ မလုပ်နေဘူး ဆိုတာ ထင်ရှားတယ်။ စနစ်တကျ ကိုယ်ပိုင် လေ့လာဖူးသလား ဆိုတာတော့ မနီးစပ်တဲ့အတွက် အတပ် မပြောနိုင်ပါ။ ဒါပေမယ့် စာနယ်ဇင်း မေးမြန်းခန်းတွေ၊ တရားဝင် လူမှုကွန်ရက်စာမျက်နှာတွေကနေ သူ့ရဲ့ ပြောဆိုဟောကြားချက်တွေဟာ စာနယ်ဇင်း ကျင့်ဝတ်၊ သီလ၊ တာဝန် ရှုထောင့် ကနေ ဆိုရရင် စံမမီတာ တွေ့နိုင်သလို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက် သဘောထားတွေနဲ့ မလျော်ညီတာတွေကိုလည်း တွေ့နိုင်တယ်။

ဥပမာ – ဆရာတော်ကို BBC Jonah Fisher က တွေ့ဆုံ မေးမြန်းရာမှာ လူမျိုး ဘာသာ အုပ်စုတစု မှာ တဦးချင်း သဘော ကောင်းသူ၊ ဆိုးသူ ဒွန်တွဲ ရှိနေမှုကို မရှုမြင်ဘဲ အားလုံး တသမတ်တည်း ပုံသေကားချပ်ချ (Stereotype)၊ အစွဲ နဲ့ ကောက်ချက်ချ (Prejudice) ပြန်ဖြေထားတာ တွေ့ရတယ်။ “မွတ်ဆလင်တွေဟာ အင်အားများလာပြီဆိုရင်တော့ ဝံပုလွေတွေ၊ မြေခွေးတွေလိုပဲ အုပ်စုဖွဲ့ပြီး တခြား သတ္တဝါတွေကို အနိုင်ကျင့်တတ်တယ်..။” (YouTube URL: http://youtu.be/nSihfWY41So တွင် နားဆင်နိုင်ပါတယ်။) ဒီလို လူမျိုး ဘာသာ အုပ်စုတခုကို ပုံစံချ သတ်မှတ်မှုဟာ နိုင်ငံတကာ စံနှုန်း၊ ဥပဒေတွေ အရ လူမျိုး/ဘာသာ ခွဲခြားမှု မြောက်ပါတယ်။ ဗမာပြည်သာ ၁၉၆၉ လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ညီလာခံ ကို လက်မှတ်ထိုး သဘောတူထားခဲ့ရင် ဥပဒေအရ အရေးတောင် ယူနိုင်တယ်။

ဆရာတော် ရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း အနည်းဆုံး အဆင့် အခြား ဘာသာလူမျိုးကွဲ အပေါ် ခေါ်ဝေါ်တဲ့ အသုံးအနှုန်းတွေဟာ တဖက်အုပ်စုက ရင့်သီး၊ စော်ကားတယ်လို့ ခံယူထားတဲ့ အသုံးအနှုန်းတွေကို လှိုင်လှိုင်သုံး သတင်းတွေ တင်ဆက်၊ စာတွေ ရေးသားနေတာ တွေ့ရတယ်။ ဒါ့အပြင် ဆရာတော်ဘုရားရဲ့ တရားပွဲတွေမှာ ဟောကြားနေတဲ့ အသုံးအနှုန်းတွေ၊ သဘောထားတွေကလည်း နိုင်ငံတကာ စံနှုန်းတွေ၊ ဥပဒေတွေအရ ကြည့်ရင် “အမုန်းတရား (Hate Speech)” အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုနိုင်တယ်။

“ကုလား မှန်သမျှ ဗမာမြင်ရင် ကြောက်လန့်နေရမယ်” ဆိုတဲ့ ဟောပြောမှုမျိုးတွေ အပြင် ဆရာတော် သက်တော် ငယ်ရွယ်ချိန်က ဟောကြားခဲ့တယ်လို့ ယူဆရတဲ့ ရုပ်သံမှတ်တမ်းဟောင်း တခုမှာဆိုရင် “မန္တလေးက မွတ်ဆလင်တွေ နေစရာ၊ စားစရာ မရှိအောင် လုပ်ပြမယ်” ဆိုတဲ့ အဟောမျိုး အထိ ကြားနာခဲ့ရဖူးတယ်။ ဒီလို ဟောပြောမှုမျိုးဟာ တဖက် လူမျိုး ဘာသာ အုပ်စုဝင်တွေကို ကာယကံမြောက် အကြမ်းဖက်မှုမျိုး မပြုသည့်တိုင် ခြိမ်းခြောက်မှုမြောက်နေတာ တွေ့ရတယ်။ အမုန်းတရားပွားမှုကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတဲ့ တိုင်းပြည်မျိုးသာ ဆိုရင် ဆရာတော်ကို ဥပဒေ အရ အရေးယူနိုင်တယ်။

ဒီလို သဘော၊ အလုပ်တွေကို ထောက်ချင့်ပြီး ဆရာတော်မှာ နိုင်ငံတကာ စံနှုန်းတွေကို သိနားလည်မှု နည်းကြောင်း၊ မတူကွဲပြားမှုတွေကို သည်းခံ နားလည်နိုင်စွမ်းတဲ့ ယဉ်ကျေးပြီး ၂၁ ရာစု လူသား တဦး စောင့်ထိန်းရမယ့် အသိ၊ ကျင့်ဝတ်တွေကို သိနားလည် လက်ခံမှု နည်းနေကြောင်း၊ သတင်း ဆောင်းပါးများ ရေးသားရာမှာ စောင့်ထိန်းရမယ့် စာနယ်ဇင်း တာဝန်၊ ကျင့်ဝတ်တွေကို လျစ်လျူရှု ပျက်ကွက်နေကြောင်း သုံးသပ်နိုင်တယ်။ ဒီလို နောက်ခံမှာ အခု ဆရာတော်က ပြန် စာနယ်ဇင်း သင်တန်း ပေးမယ် ဆိုနေပြန်တော့ ဘယ်လို သဘောထားတွေ၊ ဘယ်လို စံနှုန်းတွေ သွန်သင် ဟောကြား ပြောဆိုမယ် ဆိုတာကို နိုင်ငံသား တယောက် အနေနဲ့ စိုးရိမ်မိတယ်။

“ကမ္ဘာကြီး အမှန်ကို သိစေဖို့ Facebook ကိုယ်စီ သုံးကြစို့” ခေါင်းစဉ် နဲ့ အစပြု သံတွဲမြို့၊ သိမ်ကုန်းကျောင်းတိုက်မှာ ဆရာတော် မီဒီယာသင်တန်းပို့ချနေမှု သတင်းဓာတ်ပုံကိုလည်း ကြည့်လိုက်ရတယ်။ ခေတ်သစ် အိုင်တီ နည်းပညာ ကမ္ဘာကြီးမှာ လူထုကြားက လူထုစာနယ်ဇင်းသမားများ ထွန်းကား များပြား၊ လူမှုကွန်ရက်စာမျက်နှာတွေ အသုံးချ လူထု အသံတွေ ထုတ်ဖော်လာခြင်းဟာ ကောင်းမွန်တဲ့ တိုးတက်မှု ဖြစ်တယ်။ ကမ္ဘာမှာ နိုင်ငံရေး အပြောင်းအလဲတွေတောင် လူမှုကွန်ရက်စာမျက်နှာများ ကျေးဇူးမကင်းပါဘူး။

အခု ဆရာတော်ဘုရားကလည်း စာနယ်ဇင်းမှာ လူထုမီဒီယာ သဘော Facebook ကို အသုံးပြု ကမ္ဘာကြီးကို အမှန်တွေ တင်ပြကြစို့ တိုက်တွန်း သင်ကြားခြင်းကို စာရေးသူအနေနဲ့ အပြည့်အဝ ထောက်ခံ ကြိုဆိုတယ်။ ဆရာတော် တင်ပြတဲ့ “အမှန်” ဆိုတဲ့ အချက်ကို အကြောင်းအရာ အပေါ် ကိုယ်ပိုင် ဆင်ခြင်သုံးသပ်ပြီး စာရေးသူ လက်ခံခြင်း မခံခြင်းက တကဏ္ဍ ဖြစ်တယ်။ ဆရာတော်ရဲ့ မိမိ ယုံကြည်ရာ အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့် အတွက် စာရေးသူ အနေနဲ့ အသက်နဲ့ရင်းပြီး ကာကွယ်ချင်တဲ့ ဆန္ဒရင်းခံ အမှန်ရှိတယ်။

ဒါပေမယ့် ဟောပြောမှု၊ သင်ကြားပြသမှုတွေ အားလုံးဟာ လူမျိုး၊ ဘာသာ၊ လူမှု အလွှာ၊ နိုင်ငံရေး အုပ်စု၊ ကျားမ လိင်၊ လိင်တိမ်းညွတ်မှု အစရှိတဲ့ မတူကွဲပြားမှု ရှိတဲ့ အုပ်စု တစုစု ကို ချိုးနှိမ်ခြင်း၊ ခွဲခြားခြင်း၊ ထိခိုက်စေခြင်း၊ အမုန်းပွားစေခြင်း ကင်းဖို့တော့ လိုတယ်။ ဒါမှသာ ခေတ်သစ် ၂၁ ရာစု ယဉ်ကျေးပြီး ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းနဲ့ ကိုက်ညီတဲ့ လွတ်လပ်စွာ ပြောဆို၊ ဆန္ဒ သဘော ထုတ်ဖော်ခွင့် (Freedom of Expression/ Freedom of Speech) ဖြစ်ပါမယ်။

လူမျိုး၊ ဘာသာ အုပ်စုတခုခု အပေါ် အမုန်းပွားစေမှု၊ မတူကွဲပြားတဲ့ အုပ်စုများ အကြား အမြင်မကြည်လင်၊ လောဘ၊ ဒေါသ၊ မောဟတွေ ဖြစ်စေ၊ အငြိုးအတေး၊ အာဃာတတွေ တည်ဆောက်၊ အမုန်းတွေ ဖွဲ့၊ ပဋိပက္ခတွေဖြစ်စေမယ့် ပြောဆိုမှုမျိုး မဖြစ်ရင် ဆရာတော် ရဲ့ ရေးသား၊ ဟောကြား၊ ပို့ချချက် အားလုံးကို စာရေးသူအနေနဲ့ လုံးဝ ဘာမှ စောဒက တက်စရာ မရှိပါ။ တဖက် အုပ်စု တခုခုကို မတိုက်ခိုက်၊ ထိခိုက် နစ်နာစေခြင်း မရှိဘဲ လူမှုကွန်ရက် အွန်လိုင်စာမျက်နှာများကို အသုံးချပြီး ဗုဒ္ဓ ရဲ့ တရား၊ ဓမ္မတွေကို ဘုရား သားတော် တပါး အနေနဲ့ ပြန်လည် ဖြန့်ဖြူးခြင်း၊ လူမျိုး၊ ဘာသာ၊ သာသာနာ ဖွံ့ဖြိုးတိုးတက် စည်ပင်အောင် ကြံဆောင်ခြင်း အားလုံးကိုလည်း အပြည့်အဝ လက်ခံတယ်။

ကမ္ဘာ့ အထင်ရ ဗုဒ္ဓဘာသာ ခေါင်းဆောင် ဘုန်းတော်ကြီး တပါး ဖြစ်တဲ့ ဒလိုင်လားမားမှာ တရားဝင် Facebook နဲ့ Web Page ရှိတယ်။ ဗုဒ္ဓ တရားမြတ်တွေကို ဟောကြား၊ သာသနာပြုနေရင်းနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ချစ်ကြည်ရေး တွေကို အွန်လိုင်းမီဒီယာ အသုံးချ ကျယ်ကျယ်ပြနြ့်ပန့် ဆောက်ရွက်နေတယ်။ ကမ္ဘာမှာ အခြား ဘာသာကွဲများ အပါအဝင် လူသား သန်းပေါင်းများစွာရဲ့ ကြည်ညို လေးစား ထောက်ခံမှု ရနေတာက သဓကပါ။

ဗုဒ္ဓ ဘာသာရဲ့ အဓိက လမ်းစဉ်ကြီးဟာ မေတ္တာတရား ပွားများခြင်း ဖြစ်တယ် လို့ စာရေးသူ အနေနဲ့ နှစ်နှစ်ကာကာ ယုံကြည်တယ်။ တနည်းအားဖြင့် ဗုဒ္ဓ လမ်းစဉ်ဟာ သံသရာ မလွတ်မြောက်ခင် စပ်ကြားမှာ လောဘ၊ ဒေါသ၊ မောဟ ကို ကင်းအောင်ထား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားကို ရှုမြင်၊ အမုန်း အာဃာတ တရားတွေကို ချေဖျက်၊ လူသားအချင်းချင်း ချစ်ခြင်း မေတ္တာတည်ဆောက်မှုကိုသာ အဓိက ဇောင်းပေး သင်ကြားပြသတယ်လို့ မှတ်သိခဲ့ရတယ်။ ဒီ သဘောဟာ ခေတ်သစ် လူ့အခွင့်အရေး စံနှုန်း၊ နိုင်ငံတကာ ယဉ်ကျေးမှု အမြင်တွေနဲ့လည်း ကိုက်ညီ၊ ပေမီ ဒေါက်မီပြီး ဖြစ်တယ်။

ဒါကြောင့် ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ၊ ကုလ မျိုးနွယ်၊ ဇာတိ၊ အသားအရောင် ဆိုတဲ့ တကယ် စစ်မှန်မှု ပရမတ်တရား မဟုတ်တဲ့ ပညတ်ချက်တွေကို ထည့်သွင်း မစဉ်းစားဘဲ ရုပ် နာမ် နှစ်ပါးနဲ့သာ ဖွဲ့စည်း တည်ရှိတဲ့ လူသားအချင်းချင်း မေတ္တာ ပွား၊ အမုန်းတရား လျော့ပါးစေရေး တရား၊ ဗုဒ္ဓ ဝါဒ လမ်းစဉ် အစစ် နဲ့ အညီ ဆိုရင် တရား ဓမ္မ ဟောပြောမှုတွေကို Facebook သုံးပြီး ဖြန့်ခိုင်းတာ ဆရာတော်ကို ထောက်ခံ ကြိုဆိုရပါမယ်။ ဗမာ့ လူ့ အဖွဲ့အစည်း ငြိမ်းချမ်း သာယာ၊ ဖွံ့ဖြိုးတိုးတက် စိတ္တ၊ သုခ နှစ်ဖြာ ချမ်းသာရေး ရည်မျှော် “အမုန်းတရား တိုက်ဖျက်ဖို့ Facebook သုံးကြစို့” လို့တောင် ပြန်လည် ကြွေးကြော်၊ နှိုးဆော်၊ တိုက်တွန်းချင်ကြောင်းပါ ခင်ဗျာ။

(စာရေးသူ သည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး ခေတ္တ နေထိုင်လျက်ရှိကာ အွန်လိုင်း မီဒီယာ များတွင် မျက်မှောက် ရေးရာ နှင့် အထွေအထွေ အာဘော် ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။ ဤ စာနှင့် ပတ်သက်၍ ဝေဖန်၊ အကြံပြုလိုသူများ nyeinchanaye81@gmail.com သို့ စာရေးဆက်သွယ်နိုင်သည်။)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>