ကျယ်ပြန့်တဲ့အမြင်နဲ့ ဝေဘန်ပိုင်းခြားနိုင်ကြပါစေ။
Monday, February 17, 2014
Tuesday, February 26, 2013
မိုးသီးဇွန် နှင့်အင်တာဗျူး- စစ်နဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မေးခွန်းများ
ရေးသားသူ — အမည်
မိုးသီးဇွန် နှင့်အင်တာဗျူး
စစ်နဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မေးခွန်းများ

ဝေမှူး- ကိုမိုးသီး ဘယ်တော့လောက်ပြန်လာဦးမလဲ။ ၂၀၁၂ စက်တင်ဘာလာတုံးက ကိုမိုးသီးတို့ နဲ့  အစိုးရ၀န်ကြီးတွေ ဆွေးနွေးမှုတွေက အဆင်ပြေလား။
မိုးသီး- ကျနော်ကို ဗီဇာထုတ်ပေးမယ်ဆိုတာနဲ့ ပြန်လာဖို့ အဆင်သင့်ပါပဲ။ ကိုလှမောင်ရွှေကို
ကျနော်တို့ ဆက်သွယ်တယ်။ နောက်တချိန် မြန်မာပြည်လာဖို့  ဗီဇာကိစပါ။
သူတို့ ဖက်ကအကြောင်းမပြန်ဘူး။ ကျနော်တို့ ပြောနေတာဆိုနောတာ၊ရေးနေတာတွေက
ဒီမိုကရေစီဆိုတာ အစိုးရကိုလွတ်လပ်စွာဝေဖန် ခွင့်ရှိရမယ်လေ။
အခုဆိုရင်တချို့ဂျာနယ် တွေထဲမှာလဲဝေဖန်နေကြတာပဲ။ တချို့ ဂျာနယ်တွေမှာ
အစိုးရကိုဝေဖန်မှုတွေနဲ့  ကျနော်တို့ ပြောတဲ့အချက်တွေနဲ့အတူတူပဲ။
ကျနော်တို့ ဝေဖန်တော့ကျနော်တို့ ကို အမြက်သိုလို့ မရဘူးလေ။
အခုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊
၈၈မျိုးဆက်တွေအစိုးရနဲ့နားလည်
မ
ကျနော်တို့ ကတော့အစိုးရလုပ်ရပ်တွေနား မလည်နိင်သေးဘူး။ ဝေဖန်နေဦးမယ်။
ကျနော်တို့အတိုက်ခံလုပ်လို့ မရဘူးလား။ ဒီမိုကရေစီနိင်ငံတခုမှာ အစိုးရကိုထောက်ခံတဲ့သူရှိတယ်။
Thursday, October 13, 2011
ကိုဇာဂနာ အင်တာဗျုး
၂ဝ၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက် သီတင်းကျွှတ် လပြည့်နေ့တွင် မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားထောင်မှ လွှတ်မြောက်လာသော ဟာသ လူရွှင်တော် ကိုဇာဂနာ အား DVB သတင်းထောက် တဦးက မေးမြန်းထားတဲ့ အသံဖိုင်ပါ။
အသံဖိုင် နားဆင်ဖို့ ဒီကို နှိပ်ပါ
Monday, August 1, 2011
အေးစက်ပျစ်ခဲသွားသော ပန်းနုရောင် ချစ်ခြင်းများ
Yမြစ်ချို ရဲ့ တတိယမြောက် စီးရီးဖြစ်တဲ့ “အေးစက်ပျစ်ခဲသွားသော ပန်းနုရောင် ချစ်ခြင်းများ” အမည်ရ တေးစု မကြာမီ ထွက်လာပါတော့မယ်။ သူ့ရဲ့ ကိုယ်ပိုင် ဖန်တီးထားတဲ့ တေးသီချင်းတွေ အကြောင်းနဲ့ ဂီတလောကအပေါ် သူ့ရဲ့ ရင်ခုန်သံအချို့ကို အင်တာဗျူး အစီအစဉ်အဖြစ် တင်ဆက်လိုက်ပါတယ်။
မေး -- အခု အခွေက ခင်ဗျားရဲ့ တတိယမြောက် အခွေနော်။ ရှေ့က နှစ်ခွေနဲ့ အခု လုပ်နေတာနဲ့ ဘာကွာသလဲ။
ဖြေ -- ရှေ့နှစ်ခွေနဲ့ အခုခွေနဲ့ လုပ်ရတဲ့ ခံစားချက် ကွာတာတော့ အများကြီးပဲ။ ဘာလို့လဲ ဆိုတော့ ရှေ့အခွေတွေက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သီချင်းတွေ ဖြစ်တယ်။ အခုကတော့ လူတယောက်ရဲ့ ဘ၀နဲ့ အချစ်၊ ယုံကြည်မှု၊ ငယ်ငယ်က အကြည်ဓာတ်ရှိစဉ်က ခံစားမှုတွေကို ပြန်ဖော်ထုတ်ထားတာပါ။ ဒီအချိန်မှာ အဲသည်တုန်းက ရေးခဲ့တဲ့ အတွေး စကားလုံးတွေကို ကျနော် မရေးနိုင်တော့တာတော့ အမှန်ပဲ။ အရင် ငယ်ငယ်က ရေးခဲ့တာတွေ အများစုပါ။
မေး -- ငယ်ငယ်က ရေးခဲ့တာ ဆိုတော့ အဲသည်တုန်းထဲက ဂီတပိုင်း အတီးပိုင်းတွေက လုပ်ထားပြီးသားလား။
ဖြေ -- မြူးဇစ်က လုပ်ထားပြီးသား။ ဒါပေမယ့် ကိုယ်ဟာကိုယ် ဒီလို အခွေတွေဘာတွေ လုပ်နိုင်မယ်လို့ မထင်ထားဘူး။ သို့သော် လုပ်တတ်သလောက်လေး လုပ်ထားခဲ့တာတွေ ရှိတယ်။ အခုချိန် ကိုယ်ပိုင် လုပ်နိုင်တဲ့အခါမှာ ဒီသီချင်းလေးတွေကို ကျနော် နှမြောလို့၊ အထူးသဖြင့် ကိုယ်ပိုင်သံစဉ်တွေ ဖြစ်လို့ အမှတ်တရ လုပ်ဖြစ်တာပါ။
မေး -- ခင်ဗျား သီချင်းတွေက ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်ပိုင် ဖန်တီးတာတွေ ဆိုတော့ မြူးဇစ် အတီးပိုင်းတွေကကော ဘယ်လို လုပ်ထားသလဲ။
ဖြေ -- ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ဆိုပေမယ့် အချို့ မြူးဇစ်တွေ ဖန်တီးရာမှာ ကျနော် မတတ်တာတွေ ရှိတယ်။ အဲတော့ စတူဒီယိုက ကိုရီးယား တီးဝိုင်းနဲ့ အင်ဂျင်နီယာတွေကို ကျနော်လိုချင်တဲ့ ဂီတပုံစံကို ပြောပြတယ်။ လိုချင်တဲ့ တူရိယာတွေ၊ ဘယ်နေရာမှာ ဘာသုံးချင်တာ ဆိုတာတွေ ပြောပြတယ်။ တယောသံ၊ ပုလွေသံ စသဖြင့်ပေါ့။ ကျနော် ခံစားမိထားတဲ့ ဂီတတွေထဲက ကျနော် ကောင်းမယ် ထင်တာလေးတွေပေါ့။ လက်တင်စကေး, အာရေဗီယံစကေး လိုချင်တာလေးတွေ ပြောပြတယ်။ သူတို့က ရှာပေးတယ်။ ကျနော် အားလုံးတော့ နားလည် တတ်ကျွမ်းတာ မဟုတ်ပါဘူး။
မေး -- တီးဝိုင်းသီးသန့် မရှိဘူးပေါ့။
ဖြေ -- the heath တီးဝိုင်း ဆိုတာက စတူဒီယိုရဲ့ ၀ိုင်းပါ။ section players တွေပေါ့။ ကျနော်က လိုချင်တာ အဆင်သင့် ပေးထားပြီးသား ဆိုတော့ သူတို့ အတွက်လည်း လုပ်ရတာ အဆင်ပြေပါတယ်။ သိပ်ကပ်သပ်နေတဲ့ တချို့နေရာဆို ကျနော် လိုချင်တာကို ပါးစပ်နဲ့ တီးပြတယ်။ အဲဒါကို အတီးသမားက သူ့ တူရိယာအလိုက် ၀င်တီးပေးမယ်။ အချိန်ပိုင်း ပရော်ဖက်ရှင် သမားတွေပေါ့။ အားလုံးကိုတော့ ကျနော် လိုချင်တဲ့ ပုံစံရတဲ့အထိ လုပ်ယူရထားတာပါ။
မေး -- ခင်ဗျားက ကိုရီးယားမှာ အသံသွင်း အခွေထုတ်တာ သုံးခွေ ရှိပြီ ဆိုတော့ အတော်လေး အတွေ့အကြုံ ရှိပြီလို့ ပြောလို့ရပြီပေါ့။ အဲတော့ အခု နောက်ဆုံး လုပ်ရတာအပေါ်မှာ အားရကျေနပ်မှု ရှိလား။
ဖြေ -- စိတ်တိုင်းကတော့ ဘယ်ကျမလဲ။ အားနည်းချက်တွေ အများကြီး ရှိတာပေါ့။ အခုလုပ်တာမှာ ဆိုရင် ထိုင်းက ကျနော့် ညီတွေ ကူညီ တီးပေးထားတာတွေ ရှိတယ်။ ဟိုက အကြမ်း တီးပေးလိုက်တာတွေ။ အဲဒါကို ဒီမှာ ပေးတဲ့အခါ သူတို့က အချော ပြန်တီးမပေးဘူး။ အဲသည့် အကြမ်းကိုပဲ ပြန်သုံးလိုက်တာ။ ဒီမှာက အလုပ်ကို ငွေကြေးနဲ့ တွက်ယူတာ ဆိုတော့ တပုဒ်လုံး အတွက်ဆို တဈေး၊ တပိုင်းတစဆို တဈေး။ အသံ အရည်အသွေးကျတော့ သိပ်မကောင်းဘူး ဖြစ်တာပေါ့။ အဲဒါမျိုးတွေ အတော် ညှိယူရတာပေါ့။
(လသာသောည)
မေး -- ဒီအခွေမှာ ဘယ်နှပုဒ်ပါလဲ။
ဖြေ -- ဆယ်ပုဒ်လောက် ပါမယ်။ ပေါ့ပ် ပါမယ်။ ဆော့ရော့ခ် ပါမယ်။ စလိုးရော့ခ် ပါမယ်။ နောက် ဖန့်ခ်ဆိုတာ တခု လုပ်ဖို့ ရှိတယ်။
မေး -- ဒီအခွေကိုရော အရင်လိုပဲ စီဒီထုတ်ရောင်းမှာလား။ ဘယ်လို ဖြန့်မှာလဲ။
ဖြေ -- စီဒီထုတ်ဖို့ ဇဝေဇ၀ါ ဖြစ်နေတယ်။ ထုတ်လည်း ဘယ်သူမှ ၀ယ်မှာ မဟုတ်ဘူး။ ဒါသေချာတဲ့ အချက်။ ကျနော်ကလည်း သီချင်းဆိုတာ စီးပွားဖြစ်ချင်တဲ့ စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။ အရင်ခွေတွေ တုန်းကလည်း ရတဲ့ ပိုက်ဆံက လှူဟယ်တန်းဟယ်နဲ့ အဖွဲ့အစည်းတွေဆီ ပြန်သွားတာပဲ။ ကျနော့် အကျိုးအမြတ်ကတော့ ကိုယ့်သီချင်းကို တစုံတယောက်က နားဆင်ခံစားပြီး လိုက်ညည်းမိတယ် ဆိုရင် ကျေနပ်ပါပြီ။ သို့သော်လည်း အလုပ်တခု လုပ်ရင်တော့ သတ်သတ်မှတ်မှတ်လေးလည်း ဖြစ်ဖို့ လိုတာပေါ့။ ဒီဖက်ခေတ်မှာဆိုရင် စီဒီတောင် မလိုတော့ပါဘူး။ အင်တာနက်မှာ သူ့ဝက်ဆိုက်ကနေ ဒေါင်းလုတ်နဲ့ ရောင်းသွား ဖြန့်သွားလို့ ရပါတယ်။ မြန်မာပြည်မှာ အဲသလို လုပ်ရင်တော့ ဒေါင်းလုတ်တခု ပေးတာနဲ့ ကူးကြ ဖြန့်ကြ ခိုးကူးကြနဲ့ ဂိသွားမှာပဲ။ အဲတော့ ခိုးမကူးရအောင် ကျနော်ပဲ ပေးကူးလိုက်တာ ကောင်းမယ် ထင်ပါတယ်။
မေး -- ဒေါင်းလုတ်နဲ့ ရောင်းလို့ရတာ မှန်ပေမယ့် ဒီယဉ်ကျေးမှုက ဗမာတောမှာ မထွန်းကားသေးဘူးလေ။ ရပြီးရင် ဖြန့်ကြတော့တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အင်တာနက်ကနေ အဓိက ဖြန့်မယ့်သဘောပေါ့။
ဖြေ -- ဟုတ်ပါတယ်။ အမှတ်တရ စီဒီလေးတော့ နည်းနည်းပါးပါး လုပ်မှာပါ။
မေး -- Yမြစ်ချို ကိုယ်ပိုင် ဟုမ်းပေ့တွေ ဘာတွေရော မတင်သေးဘူးလား။
ဖြေ -- လုပ်ဖို့တော့ စိတ်ဆန္ဒ ရှိတယ်။ ဘယ်သူမှ ၀င်မကြည့်တဲ့ ကိုယ်ပိုင် ဘလော့လေးလည်း ရှိတယ်။ မှတ်တမ်းအဖြစ် သိမ်းထားတဲ့ သဘောပါ။
မေး -- ဒါကတော့ လတ်တလော ကြုံနေရတဲ့ ဖြန့်ချိရေး ကိစ္စပေါ့နော်။ ဖြန့်ချိရေးမှာတော့ ဒီအပေါ်ကနေ ငွေကြေး အမြတ်လည်း ရစရာ အကြောင်းမရှိဘူး၊ ကိုယ့် ၀ါသနာအရ ပရိသတ်ဆီကို ရတဲ့နည်းနဲ့ ပို့ရတယ်ပေါ့။ သီချင်း ဖြစ်လာအောင်လည်း ဖန်တီးသလို၊ သီချင်း ဖြန့်ချိဖို့လည်း ကိုယ်တိုင်ပဲ စိုက်တယ်ဆိုတဲ့ သဘောပေါ့။
ဖြေ -- ဟုတ်ကဲ့။ အပြည့်အ၀ စိုက်ထုတ်ရပါတယ်။
မေး -- အင်မတန် အနုပညာရှင် ပီသပါပေတယ်။ ဆိုတော့ အဲသလို ကိုယ်ဖန်တီးထားတဲ့ ဟာတွေပေါ်မှာ ဘယ်လောက် ကျေနပ် နှစ်သက်မှု ရှိသလဲ။
ဖြေ -- ကျနော် ကဗျာရေးဖူးတယ်။ အပုဒ် လေးငါးဆယ်လောက် ရှိမယ်။ အဲသည်ထဲမှာ ကျနော် ကြိုက်တာ သုံးလေးပုဒ်ထက် မပိုဘူး။ သီချင်းတွေမှာလည်း အဲလိုပဲ ဖြစ်လိမ့်မယ်။ လုပ်သာလုပ်လိုက်တယ် စိတ်တိုင်း မကျတာတွေ အများကြီးပဲ။ အထူးသဖြင့် သီချင်းတပုဒ်မှာ သူ့ဖွဲ့စည်းပုံ ရှိတယ်။ သူ့စကေးနဲ့ သူ။ သူ့ဖွဲ့စည်းပုံနဲ့ သူပေါ့။ အဲဒီအတွက် အတီးပိုင်း အဆိုပိုင်း ဟာမိုနီပိုင်း စသဖြင့် လိုအပ်တာတွေ ရှိတယ်။ အဲဒါတွေကို ပြည့်စုံအောင် မလုပ်နိုင်တာတွေ ရှိတယ်။ ငွေပေးရမယ့် ကိစ္စမှာ ငွေ မပေးနိုင်ဘူး။ လူပေးရမယ့် ကိစ္စမှာ လူမပေးနိုင်ဘူး။ စိတ်တိုင်းမကျဘူးပေါ့။
မေး -- စောစောက ခင်ဗျားပြောတဲ့ ပေါ့ပ်တို့ ဆော့ရောခ့်တို့ ဆိုတဲ့ သီချင်းအမျိုးအစားတွေက ကိုယ့်အကြိုက်တွေပဲလား။ ခေတ်ရေစီးကနေ ပါလာတာတွေလား။
ဖြေ -- ပြောရရင် ကိုယ့်အကြိုက် ဆိုတာထက် ကိုယ့်အသံနဲ့ လိုက်ဖက်ညီတာကို ရွေးချယ်လိုက်ရတာ။ ပထမအခွေမှာ ရော့ခ်ကို ကျနော် ဆိုကြည့်တယ်။ ကျနော့်အသံက ကွဲထွက်သွားတယ်။ အသံလုံးကလည်း သေးတယ်။ မလှတော့ ကိုယ်နဲ့ လိုက်ဖက်ညီမယ့် အသံကို ဦးစားပေးပြီး ရွေးချယ်တာပါ။ ကိုယ်နဲ့ မလိုက်တာကို ဖျစ်ညစ်ပြီး လုပ်နေတာက အရုပ်ဆိုးတယ် ထင်တယ်။
မေး -- ခုခေတ် လူငယ်တွေ အများစု ကြိုက်နေတဲ့ ဂီတပုံစံတွေနဲ့ ဆိုရင် ခု ခင်ဗျားကြိုက်တယ် ဆိုတဲ့ ပုံစံတွေက နည်းနည်း နောက်ကျမနေဘူးလား။
ဖြေ -- ကျတာပေါ့။ နောက်ကျတယ် ဆိုပေမယ့် ကျနော်တို့ မလုပ်လို့ မရတာတွေ ရှိတယ်။ ခုခေတ် ဟစ်ဟော့တွေ ဘာတွေ ဆိုတာက စင်ပေါ်က ဆိုသွားတာကို အောက်က လိုက်ဆိုနိုင်တာ မဟုတ်ဘူး။ ကျနော်တို့လို ချိုတဲ့ သီချင်းလေးတွေက ကိုယ်ဟာကိုယ် ဂစ်တာတလက်နဲ့ ဆိုလို့တီးလို့ ရတယ်။ နောက်ကျတယ် ဆိုပေမယ့် အကျကြီး မဟုတ်ဘူး။ ဒီလို သဘောသဘာဝမျိုးကို ကြိုက်တဲ့ ပရိသတ်က ရှိနေတုန်းပဲလို့ မြင်တယ်။ ဒါတွေ မရိုးသေးဘူး။ ကမ္ဘာမှာလည်း အသစ်တွေ ပေါ်ထွက်နေတာပါပဲ။
မေး -- ခင်ဗျား သီချင်းတွေကို နားထောင်ရတဲ့ အခါမှာ တချို့သီချင်းတွေက ထူးအိမ်သင် ဟန်မျိုး၊ အချို့က ကိုခင်ဝမ်း ဟန်မျိုး နီးစပ်နေသလားလို့ ထင်မိတယ်။ အဲဒါ ဘယ်လို ပြောချင်သလဲ။
ဖြေ -- ပြောရရင်တော့ ကိုခင်ဝမ်းကြီးကလည်း နှင်းဆီဖြူရဲ့ အဝေးကလူတယောက် ခေတ်ကတည်းက ကျနော်တို့က ရင်ခုန်ခဲ့တယ်။ သူ့ဆိုပုံ ဆိုပေါက်ကြီးက တော်တော်ခက်တဲ့ ပုံကြီး။ ဧရာဝတီတို့ အမေတို့ ဆို သူ့လို ကျနော် မဆိုတတ်ဘူး။ နှစ်သက်တယ်။ နောက်တခုက သူဟာ မြန်မာပြည်မှာ ကိုယ်ပိုင်သံစဉ်ကို သေတဲ့အထိ သစ္စာရှိစွာ ဆုတ်ကိုင်သွားတဲ့ ပုဂ္ဂိုလ်။ ပန်းချီဖက်မှာ ခိုင်ခိုင်မာမာ ရပ်တည်တယ်။ ကျနော် သူ့ကို အပြည့်အ၀ လေးစားတယ်။ သူ့ရဲ့ ဟန်တွေ ကျနော့်အပေါ် လွှမ်းမိုးတာ အမှန်ပဲ။ သတိထားမိတယ်။ ဖျောက်ကြည့်တယ်။ မရတာတွေ ရှိတယ်။
နောက် ကိုသျှပ်။ ထူးအိမ်သင်ကို ကျနော်တို့ နယ်ဖက်မှာ သျှပ်ကလေးလို့ ခေါ်ကြတယ်။ သူ့ကို ထူးအိမ်သင် မဖြစ်လာခင် ကတည်းက အပြင်မှာ တွေ့ခဲ့ဆုံခဲ့တာ ဆိုတော့ သူ့ဟန်ကို ကြိုက်တယ်။ နှစ်နှစ်သက်သက်လည်း အားပေးတယ်။ သူအောင်မြင်တဲ့ အချိန်မှာ ကျနော်က သီချင်းစရေးတော့ သူ့ဟန်တွေ ပါလာတာပေါ့။ ဒီထဲမှာ လသာတဲ့ည ဆိုရင် သူရဲ့ ဟိုတုန်းက ခေါင်းလောင်းလေးတွေ မြည်နေပြီ ဆိုတဲ့ ဖလိုးမျိုး နွယ်နေတာပေါ့။ ဒါ ၈၆ ခုနှစ်က ရေးခဲ့တာ။ သူ့အရိပ်ကလည်း လွှမ်းမိုးတာပဲ။ ၀န်ခံပါတယ်။ သို့သော်လည်း ကောင်းတဲ့ လွှမ်းမိုးမှုမျိုးလို့ ယူဆပါတယ်။
မေး -- ဒါကတော့ အနုပညာသည်တိုင်းမှာ ရှိတတ်ပါတယ်။ အခုက အဟောင်းတွေ များတယ်ဆိုတော့ ဒီဖက်မှာ အသစ်တွေ ဘာလို့ မရေးဖြစ်တာလဲ။
ဖြေ -- အသစ်တွေ မရေးနိုင်တာ ခပ်ကြမ်းကြမ်းပြောရရင် အခြေအနေတွေက မရေးနိုင်အောင် ဖန်တီးထားတာလို့ မြင်တယ်။ စောစောက တီဗီမှာ တွေ့လိုက်တယ်။ ကိုရီးယား သီချင်းတွေ ဥရောပအထိ ပေါက်ရောက်နေပြီ။ အာရှကို ကျော်သွားပြီ။ သူတို့မှာ အသစ်ကို ဖန်တီးနိုင်အောင် ငယ်ငယ်လေး ကတည်းက စနစ်တကျ သင်ကြားပေးထားတာ။ မြန်မာပြည်မှာ စနစ်တကျ သင်ကြားလာတဲ့ အဆိုတော် တယောက်မှ ကျနော် မတွေ့ဘူး။ အနုပညာတက္ကသိုလ် ဖွင့်တယ်ဆိုတာလည်း လောက်လောက်လားလား ပညာရှင်အစုံ ပစ္စည်းအစုံနဲ့ သင်ရတာမျိုး မဟုတ်ဘူး။ အနုပညာတက္ကသိုလ်ဆင်းတွေကို စော်ကားတာတော့ မဟုတ်ဘူး။ ကျနော့် အမြင်မှာတော့ မြန်မာပြည် အနုပညာတက္ကသိုလ် ဆိုတာက နိုင်ငံတကာက မူလတန်းလောက်ပဲ ရှိတယ်။ အဲတော့ လူတွေက နုံ့လာတယ်။ ဖျင်းလာတယ်။ ကျနော် ကိုယ်တိုင်လည်း မတတ်ဘူး။ မတတ်ပေမယ့် ကျနော်က ကိုယ့်ဟာကိုယ် လုပ်ချင်စိတ် ရှိသေးတယ်။ ပိုဆိုးတာက မတတ်ဘဲနဲ့ သူများဆီကဟာကို ဆွဲကူးချပြီး အလွယ်တကူ လုပ်ပစ်လိုက်တာ။ ပြည်တွင်းမှာတော့ ဘာမှ မသိဘူး။ ပြည်ပရောက်တော့ ရှက်စရာက အတိပြီးနေတာ။ လူတော မတိုးဘူးပေါ့။
မေး -- သီချင်းရေးသူ တော်တော်များများက လေ့ကျင့်တဲ့ အနေနဲ့ ကော်ပီတွေ ရေးခဲ့ကြတယ်။ ခင်ဗျားကော အဲသလို ကော်ပီတွေ လုပ်ခဲ့တာ ရှိလား။
ဖြေ -- ငယ်ငယ်တုန်းက တပုဒ်တော့ ရေးဖူးတယ်။ ရေးတာလည်း ဘုရားသီချင်းပါ။ ကော်ပီတွေကို ကျနော် နားထောင်ပါတယ်။ ကြိုက်တယ်။ နောက်ပိုင်း အပြင်ထွက်လာတဲ့အခါ စိတ်ခံစားမှု တမျိုး ပြောင်းလာတယ်။ အတွင်းနဲ့ အပြင်နဲ့ တအားကွာနေတာ တွေ့ရတယ်။ အဲသည့်မှာ ကိုယ်ပိုင်သံစဉ်ကို ပိုချစ်မြတ်နိုးလာတယ်။ ကိုယ်ပိုင်ဖန်တီးမှ ဖြစ်မှာ ဆိုတဲ့ စိတ်မျိုး ပေါ်လာတယ်။ ရှေ့လူတွေထက် ပိုလုပ်နိုင်မယ့် လူငယ်တွေ ပေါ်လာစေချင်တယ်။
မေး -- အခု ကြားနေရတာ ရှိတယ်။ အရင်တုန်းကတော့ ကော်ပီတွေကို ပြောခဲ့ဆိုခဲ့ကြတာ ရှိခဲ့တယ်။ အခုတော့ ကော်ပီသမားတွေရဲ့ အသံက ပိုကျယ်လာတယ်။ ကော်ပီတွေသာ မရှိခဲ့ရင် ဂီတဟာ အခုလောက် ဖြစ်လာမှာ မဟုတ်ဘူး။ နောက်တခါ ကော်ပီတွေဟာလည်း သူတို့ရဲ့ အနုပညာတွေ ဖြစ်တယ် ဆိုတာမျိုး၊ တန်ဖိုးထားအပ်တယ် ဆိုတာမျိုး ပြောလာတာ ရှိတယ်။ ခင်ဗျား ဘယ်လို ပြောချင်သလဲ။
ဖြေ -- ကျနော်တော့ လုံးဝ လက်မခံဘူး။ အဲဒါ ဆရာ မောင်သစ်မင်းတို့ ခေတ်ကတည်းက စခဲ့တာ။ တေးမြုံငှက် ခေတ်ကတည်းက ကော်ပီတွေနဲ့ ပေါင်းကူးရမယ်လို့ ပြောခဲ့တာ။ ဟုတ်တယ်။ ကိုရီးယားတို့ ဘာတို့ နိုင်ငံတကာမှာလည်း ကော်ပီတွေနဲ့ ပေါင်းကူးတာပဲ။ ကိုယ့်ထက်စောတဲ့ သူဆီက နည်းပညာယူတယ်၊ ခဲမလောက် တီးဝိုင်းနဲ့ စရတယ်။ ဟုတ်တယ်။ ဒါပေမယ့် အခု ကိုရီးယားက ခဲမလောက် မဟုတ်တော့ဘူး။ နိုင်ငံတကာကို ပြန်ထိုးဖောက်နေပြီ။ ကော်ပီ လုပ်တယ်ဆိုရာမှာ စဉ်းစားကြည့်ပါ။ တေးရေးသမား အတွက် မယ်လိုဒီ ရှိပြီးသား။ သူက စကားလုံးပဲ စဉ်းစားရတာ။ စကားလုံးတောင်မှ အကြောင်းအရာတခု ပေးလိုက်ပြီဆိုရင် ဇာတ်ဆင်ပြီး စကားလုံးတွေ သွတ်သွင်းရတာပဲ ရှိတာ။ ဂီတသမား ကျတော့ ပင်ပန်းတာ မှန်တယ်။ တူအောင် လိုက်တီးရတာ ပိုပင်ပန်းတယ်။ မလွတ်လပ်ဘူး။ ဒါပေမယ့် အဲဒါ အနုပညာလို့ ကျနော် မယူဆဘူး။ အဲလောက် မပင်ပန်းဘဲ ကိုယ့်ပညာ ကိုယ်ပြပါလား။ အဲတော့ ကော်ပီကိစ္စ အဲလိုပြောတာကို ဘယ်သူပဲ ပြောပြော သူနားမလည်လို့ ပြောတာလို့ပဲ မြင်ပါတယ်။
မေး -- ခုနောက်ပိုင်း လူငယ်တွေ ကိုယ်တိုင်ရေးလာတာ တွေ့ရတယ်။ ဘယ်လို မြင်လဲ။
ဖြေ -- ပေါ်လာတာ ၀မ်းသာတယ်။ ထွန်းထွန်းပေါက်ပေါက် ဖောက်ထွက်လာစေချင်တယ်။ သားစိုးတို့လိုမျိုး ကျနော် လေးစားတယ်။ ဘာပဲရောရော လုပ်ကြည့်ရမှာပဲ။ ဂီတဟာ ယဉ်ကျေးမှုပဲ။ ဖွံ့ဖြိုးတိုးတက် သင့်တယ်။ ဖွံ့ဖြိုးဖို့ လမ်းကြောင်းပေါ်မှာလည်း ရှိနေသင့်တယ်။
မေး -- ဟစ်ဟော့တို့ အာရ်အန်ဘီတို့ လူငယ်တွေ ရေးလာကြပြီ မဟုတ်လား။
ဖြေ -- ရေးကြတယ်။ အော်တာတွေ ဘာတွေလည်း ရေးတယ်။ သူတို့ ပရိသတ်နဲ့ သူတို့ ရှိတယ်။ ကျနော် လက်ခံလို့ ရပါတယ်။
မေး -- သူတို့ ရေးတာတွေရော နိုင်ငံတကာ အဆင့်ကို မီပြီလား။
ဖြေ -- စကားလုံးပိုင်းအရ အတွေးပိုင်းအရတော့ မမီဘူးဗျ။ အသစ်တော့ အသစ်ပဲ။ ဒါပေမယ့် စွဲစွဲမြဲမြဲ နားထောင်လို့ရမယ့် ဂီတမျိုးအထိတော့ ရောက်မသွားဘူး။
မေး -- ခုသီချင်းတွေကိုရော မြန်မာပြည်တွင်းမှာ ဖြန့်ဖို့ အစီအစဉ် ရှိလား။
ဖြေ -- နည်းလမ်းမျိုးစုံနဲ့တော့ ဖြန့်မှာပါ။
မေး -- ပြည်တွင်းက လက်လှမ်းမီတဲ့ အင်တာနက်ဆိုက်တွေ ရှိတာပဲ။ အဲဒီက တဆင့် မဖြန့်ဘူးလား။
ဖြေ -- တချို့က ကျနော် သိပ်မသိတာ လက်လှမ်းမမီတာ ဖြစ်လိမ့်မယ်။
မေး -- ခုလောလောဆယ် ဘယ်ဂီတမျိုးကို အာရုံကျနေလဲ။
ဖြေ -- ဂျပ်စ်ဂီတကို အာရုံကျတယ်။
မေး -- ဂီတနဲ့ပတ်သက်ပြီး ဘာအိပ်မက်တွေ ရှိသေးလဲ။
ဖြေ -- အိပ်မက် မမက်နိုင်သေးဘူး။ အေးစက်ပျစ်ခဲသွားသော ပန်းနုရောင် ချစ်ခြင်းများ ဆိုတဲ့ ဒီအခွေ ပြီးအောင် ရုန်းနေရတာ။ ဒါပြီးလို့ အိပ်ပျော်သွားရင်လည်း အိပ်မက်သစ်တွေဘာတွေ မက်ချင်မက်မှာပေါ့။
မေး -- နောက်ဆုံး မေးချင်တာကတော့ ခင်ဗျား ဘာဖြစ်လို့ ဒီအလုပ်တွေ လုပ်နေတာလဲ။
ဖြေ -- ကျနော်က Yမြစ်ချို လို့ အမည်ယူရာမှာ Y က ဧရာဝတီ မြစ်ဆုံကို ယူတာပါ။ မြေပုံကို ကြည့်လိုက်ရင် မြစ်ဆုံဟာ Y ပုံစံလေး မြင်ရပါလိမ့်မယ်။ ဧရာဝတီကို ကိုယ်စားပြုတာပါ။ ကျနော်က ဧရာဝတီတိုင်းသားပါ။ ဧရာဝတီဟာ မြန်မာပြည်ကို အလုပ်အကျွေးပြုတယ်။ အစအဆုံး ရေချိုတွေချည်းပဲ။ အချို့မြစ်တွေဆို ရေငန်ပေါက်တယ်။ ဧရာဝတီ မြစ်ရေ ချိုချိုကို Yမြစ်ချို လို့ အမည် ယူတာပါ။
စောစောက ပြောခဲ့သလို ပြည်ပမှာ ဂီတကွက်လပ် ဟာနေတာကို တတ်စွမ်းသမျှ ၀င်အားဖြည့်တာပါ။ ကျနော်တို့လည်း သီချင်း ဆိုတတ်တယ်။ ဂီတ ဖန်တီးတတ်တယ် ဆိုတာ ပြောချင်တယ်။ ကော်ပီတွေ ကြားမှာပဲ နစ်နေလို့ မဖြစ်ဘူး။ ပြောရရင် ကိုနိုင်မြန်မာ ရေးခဲ့တဲ့ ကမ္ဘာမကြေဘူး ဆိုတဲ့ သီချင်း။ ကျနော် ကြိုက်တယ်။ ဒါပေမယ့် အစာမကြေဘူး။ ကျနော်တို့မှာ ဆိုနေရပေမယ့် ကြာတော့ ရှက်လာတယ်။ ကိုယ်လည်း မဖန်တီးနိုင်သေးဘူး။ တတ်သလောက် မှတ်သလောက်တော့ လုပ်ကြည့်တာပဲ။ လူတွေ လက်ခံလာအောင် ထပ်ကြိုးစားရမှာပဲ။ အဓိကကတော့ ကိုယ်ပိုင်ဆိုတာ ရှိမှ ဖြစ်မယ်။ ကျနော်တို့ လုပ်တာ ကောင်းလှချည်လို့ မဟုတ်ဘူး။ နောက် လူငယ်တွေ ကိုယ်ပိုင်တွေ လုပ်လာစေချင်လို့ ၀င်လုပ်တာပါ။ ပုန်ကန်တာပါ။
နို့မို့ရင် ကော်ပီသမားတွေရဲ့ လွှမ်းမိုးမှုအောက်မှာပဲ လူတောမတိုးတဲ့ ကျနော်တို့ ဂီတ မျိုးဆက်တွေ ဒီလိုပဲ ဖြစ်နေမှာပဲ။ သူ့ဟာကို မတူ တူအောင် လိုက်လုပ်နေမယ့်အစား ကိုယ်ဘာသာ လွတ်လွတ်လပ်လပ် တီးချင်တိုင်းတီး ညောင်ချင်တိုင်း ညောင်ပစ်လိုက်တာမျိုးကို ကျနော်က အားပေးချင်တယ်။ ကော်ပီလောကကို ဆန့်ကျင်တဲ့ တပ်ဦးထဲမှာ ကျနော် ရှေ့ဆုံးက ပါတယ်။ ကိုယ်ဖန်တီးချင်တာကို လုပ်ချင်လို့ လုပ်တယ်။ အလကားပေးတယ်။ ကြိုက်ရင်ယူ။ ဒါပါပဲ။
(အလွမ်းအိမ်)
Tuesday, May 3, 2011
အဖြူရောင်ပန်းများ ပွင့်လန်းစေသူ
အပိုင်း (၂)
သီ။ ။ တစ်ချက်က ကျနော်တို့ သူငယ်ချင်းတွေပေါ့ အကိုရာ။ ပထမဆုံး စကား စပြော ဖြစ်ကြတယ်။ ရင်းနှီးတဲ့ သူငယ်ချင်း ၂ ယောက် စကား စပြော ဖြစ်ကြတယ်။ ဘေးနားမှာ အဲဒီ သူငယ်ချင်းရဲ့ သူငယ်ချင်း ၃ ယောက်လောက် ပါလာတယ်ပေါ့။ ပါလာတော့ ဒီ သူငယ်ချင်းတွေကိုလည်း ငါတို့ ဒါလေး လှူနေတယ်။ ဘယ်လို လှူတာလဲ။ ဒါလေးကို စိတ်ဝင်စားလာကြတယ်။ စိတ်ဝင်စားလာရင် သူတို့ကို ကျနော်တို့ ပြောပြတယ်။ သူတို့က မေးတယ်။ ဘာလဲ… တဲ့၊ ဘာလှူမှာလဲ၊ ဘာတန်းမှာလဲ… တဲ့။ ကျနော်တို့က ဘုန်းတော်ကြီး စာသင်ကျောင်းလေးတွေ လှူတယ်။ ချို့တဲ့တဲ့ ကလေးတွေကို ကျနော်တို့ ပညာရေး ထောက်ပံ့မှုလေးတွေ လုပ်နေတယ်။ သူငယ်ချင်းတွေ စုထားတယ်။ အဖွဲ့အစည်း၊ အသင်းဆိုတဲ့ဟာမျိုး ကျနော်တို့ အနေနဲ့ မသုံးထားဘူး။
အမှန်အတိုင်း ဆိုရင်တော့ ကျနော်တို့ အဓိက ဈေးတွက်တွက်နည်း ဆိုရင်တော့ ဘယ်လိုပြောရမလဲ။ ငါတို့ ပိုက်ဆံ စုလိုက်မယ်။ သူငယ်ချင်းတွေ ၅ ယောက်ရှိရင် ၅ ယောက် စုလိုက်မယ်။ အဲဒီ ၅ယောက် စုလို့ ရတဲ့ ပိုက်ဆံကို မြန်မာပြည်ကို ကျနော်တို့ ပို့မယ်။ မြန်မာပြည်က သူငယ်ချင်းတွေက တစ်ဆင့် ချို့တဲ့နေတဲ့ နေရာတွေကို ကျနော်တို့ ပို့မယ်။ ကျနော်တို့ရဲ့ အစီအမံနဲ့ပဲပေါ့နော်။ ဒီလို ငါတို့ လှူချင်တယ်ကွာ၊ အဲဒီ နေရာကို ပို့ပေးပါကွာ ဆိုတဲ့ ပုံစံနဲ့ပဲ ကျနော်တို့ သွားတယ်ပေါ့။
အမှန်အတိုင်းကတော့၊ ကျနော်တို့ လုပ်နေတဲ့ ဟာလေးကတော့ ဟို စုစည်းမှုတစ်ခုနဲ့ လုပ်နေတဲ့ လှူဒါန်းခြင်းဆိုတဲ့ ဟာလေးပါပဲ။ ဟို အဖွဲ့အစည်းဆိုတဲ့ ဟာမျိုး မဟုတ်ဘူး အကို။ အဖွဲ့အစည်းဆိုတာ လူတွေက အသင်းတို့၊ အဖွဲ့တို့ဆိုတာကို အရမ်း ကြောက်ကြတယ်။ ကျနော်တို့ ဆွဲဆောင်တာ အဲဒီလိုမျိုးနဲ့ မဆွဲဆောင်တော့ဘူး။ ငါတို့ လှူချင်တယ်၊ မင်းတို့ ပါဝင်မလား။ ပါဝင်မယ်ဆို ငါတို့ စုပြီးတော့ လှူလိုက်ကြရအောင်။ ဒီလိုမျိုးဟာလေးနဲ့ ကျနော်တို့ ချဉ်းကပ်တဲ့ အနေအထားမှာ ကျတော့ လူတွေက သူတို့ ရင်ထဲမှာကိုက လှူချင်တယ်။ ဒါပေမယ့် ဘယ်သူ့ကို လှူရမယ်ဆိုတာ သူတို့ မသိကြဘူး။ အဲဒီတော့ ကျနော်တို့က ကျနော်တို့ကို လှူပါ။ ကျနော်တို့ ဘယ်လိုမျိုးလူတွေပါ ဆိုတဲ့ဟာကို သူတို့ကို ချပြတော့ သူတို့တွေက ရင်းရင်းနှီးနှီး ပါဝင်လာကြတဲ့ သဘောလေးတွေ ရှိတာပေါ့နော်။
မေး။ ။ အဲဒါဆို အကိုတို့က ကျတော့ အသင်းအဖွဲ့ကို လူတွေ လာပါလို့ ခေါ်တာ မဟုတ်ဘဲနဲ့၊ အကိုတို့က အသင်းအဖွဲ့ကို ဖျောက်ပြီးတော့ လူတွေ ကြားထဲကို တိုးဝင်သွားတဲ့ ပုံစံမျိုးပေါ့နော်။
သီ။ ။ အသင်းအဖွဲ့ကို ဖျောက်တာမျိုးကတော့ ကျနော်တို့ စိတ်ထဲမှာကိုက အသင်းအဖွဲ့လို့ မသတ်မှတ်ထားတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ အဖွဲ့ထဲမှာ ဥပမာပေါ့နော်၊ ကျနော်တို့ နံမည်တစ်ခု ပေးလိုက်တယ်ပေါ့နော်။ ကျနော်တို့ သူငယ်ချင်းတွေ ၅ ယောက် စုတယ်ဆိုတဲ့ အနေအထားမှာ ဒီ ၅ယောက်လုံးက မောင်ဖြူ၊ မောင်နီ၊ မောင်မဲဆိုတဲ့ နံမည်တွေ အများကြီး တပ်ရင် မကောင်းဘူးလေ။ မကောင်းဘူးဆိုတော့ ကျနော်တို့ အင်္ဂလိပ်လိုလေး ကျနော်တို့ သူငယ်ချင်းတွေ ရွေးလိုက်တယ်။ White Love for People ဆိုတဲ့ နံမည်လေးကို ပေးလိုက်တော့ အဖြူရောင်မေတ္တာနဲ့ လူများ ဆိုတာမျိုး ဖြစ်နေတဲ့ အခါကျတော့ ခေါ်လို့ ပြောလို့လည်း သိပ်အဆင်မပြေဘူးပေါ့။ အဲဒီအခါကျတော့ အဖြူရောင်မေတ္တာလူငယ်များ ဆိုတာလေးကျတော့ နည်းနည်း ပိုအဆင်ပြေတယ်လေ။
ကိုရီးယား ဆိုတာကတော့ ဒီ ကျနော်တို့ ရောက်နေတဲ့ နိုင်ငံကို ကိုယ်စားပြုတယ်ဆိုတဲ့ သဘောပေါ့ အကိုရာ။ အဲဒါမျိုးဆိုတော့ ဒီ အဖြူရောင်မေတ္တာလူငယ်များ ဆိုတဲ့ ဒီ အစုအဖွဲ့လေးကို သူငယ်ချင်းတွေ အကုန်လုံး အများကြီး ပါဝင်လာနိုင်အောင်ပေါ့။ ဒီ ကိုရီးယားမှာ ရှိနေတဲ့ သူငယ်ချင်းတွေ အားလုံးရဲ့ စုပေါင်း လှူဒါန်းမှုကို ကိုယ်စားပြုထားတဲ့ အဖွဲ့လေးဆိုတဲ့ ပုံစံမျိုးလေးပေါ့နော်။ အဖွဲ့ဆိုတာကလည်း ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးဆောင်တဲ့သူကို ဥက္ကဌပေါ့ အကိုရယ်။ ဘဏ္ဍာရေးမှူးဆိုတာ ပိုက်ဆံ ထိမ်းသိန်းပေးတဲ့သူပေါ့။ ဟို စည်းရုံးရေးဆိုတဲ့ အနေအထားမှာ ငါတို့ သူငယ်ချင်းတွေ စုရအောင်ဆိုလိုက်ရင် အားလုံးကို စုစုစည်းစည်းဖြစ်အောင် စုစည်းပေးနိုင်မယ့်သူကို ကျနော်တို့ စည်းရုံးရေးမှူးပေါ့။ ဒါကို ကျနော်တို့ သူငယ်ချင်းတွေ အားလုံး ပါဝင်နိုင်လာကြအောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျနော်တို့အနေနဲ့ စည်းရုံးရေးမှူး ဆိုပြီးတော့ တာဝန်ပေးလိုက်တာပေါ့။ ဒီလိုမျိုး အဖွဲ့အစည်းဆိုတဲ့ စကားလုံးကို သုံးရင် ကျနော်တို့အနေနဲ့ ဘောင်တွေ၊ ကနားတွေ မလွတ်တော့ဘူးလေ။
အဲဒီတော့ ကျနော်တို့ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ လုပ်ချင်တာက အလှူက အဓိကပဲ။ အသင်းအဖွဲ့က အဓိက ဦးစားပေး မဟုတ်ဘူးပေါ့။ အဲဒီလို လှူမယ့် အလှူလေးကို နံမည်တပ်လိုက်တာက ပရဟိတပေါ့။ ဒီ ပရဟိတဆိုတဲ့ နာမည်ကို အလှူအတန်းလေးတွေ လုပ်ပေးနိုင်တဲ့ အစုအဖွဲ့လေးကို ကျနော်တို့ ပရဟိတဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထားလိုက်တယ်ဆိုတဲ့ သဘောပါပဲ။ အဲဒီလိုမျိုး ကျနော်တို့အနေနဲ့ ရှင်းပြနိုင်မယ်ဆိုရင် ကျနော်တို့တွေ ဒီသူငယ်ချင်း တစ်ယောက်ကနေ နောက်သူငယ်ချင်း တစ်ယောက်၊ နောက်သူငယ်ချင်း တစ်ယောက်ကနေ နောက်ထပ် သူငယ်ချင်း တစ်ယောက်နဲ့ ဆင့်ပွားလိုက်ရင် ကိုရီးယားနိုင်ငံမှာ ရှိတဲ့ မြန်မာတွေ အားလုံးဟာ အမြဲတမ်း လစဉ်လတိုင်း ကိုယ့်ချွေးနည်းစာ လေးတွေထဲကမှ အလှူတွေ လုပ်နေတယ်ဆိုတဲ့ သဘောမျိုး မသက်ရောက်သွားဘူးလား။ အဲ… အဲဒီလိုမျိုး သက်ရောက်သွားအောင် ကျနော်တို့အနေနဲ့ ဒီလို စုစည်းမှုလေးတွေ ကျနော်တို့ ကြိုးစား ဖန်တီးတာနဲ့ အတူတူပဲလေ အကို။ အဲဒီလိုမျိုးကျတော့ ကျနော်တို့ လူတိုင်းလူတိုင်းဟာ လစဉ်လတိုင်း တစ်ယောက် တစ်သောင်းဆိုတဲ့ လစဉ် အလှူလေးတွေ လုပ်နေကြတယ်ဆိုတဲ့ အနှစ်သာရလေးကို ဖန်တီးပေးတဲ့ သဘောမျိုးလေးပေါ့။
တစ်ချို့ကျတော့ အဖွဲ့အစည်းတွေ၊ အသင်းတွေကို အရမ်းကြောက်တယ်။ ဒီအဖွဲ့အစည်းက ဟိုလူတွေနဲ့လည်း စကားပြောနေပါလား။ ဒီလူတွေနဲ့လည်း စကားပြောနေပါလား။ ဒီလူတွေနဲ့ လွတ်ပါ့မလားဆိုတဲ့ သဘောလေးတွေ သူတို့မှာ အမြဲတမ်း ၀င်နေတယ်ပေါ့နော်။ ကျနော်တို့မှာက ဟို ကျနော်တို့ ဦးစီးဦးဆောင် လုပ်နေပေမယ့် ကျနော်တို့ရဲ့ ဒီ အစုအဖွဲ့လေးထဲမှာ သူငယ်ချင်းတွေ အားလုံးက အကြံဉာဏ်တွေ ပေးလို့ရတယ်။ လုပ်ချင်တဲ့ ပုံစံလေးတွေ ပြောလို့ရတယ်ပေါ့။ လုပ်လို့ရတဲ့ဆိုတဲ့ အပိုင်းမှာလည်း ဘယ်သူ့ကိုမှလည်း ထိခိုက်နစ်နာစေတဲ့ အသုံးအနှုန်းတွေ၊ စကားမျိုးတွေ မပါဘဲနဲ့၊ ဥပမာပေါ့ အခု မြန်မာနိုင်ငံမှာပေါ့ အုပ်ချုပ်နေတာ သူတို့အပိုင်းနဲ့ သူတို့ အုပ်ချုပ်တာက အုပ်ချုပ်တာပဲပေါ့နော်။ ကျနော်တို့ လုပ်ရမယ့် အလှူအတန်းနဲ့ သွားပြီး မစဉ်းစားဘူး။ ကိုယ်လုပ်ချင်တဲ့ အလုပ်က အလှူပဲ။ အဲဒါတွေကို အဓိက မစဉ်းစားဘဲနဲ့ပေါ၊့ နိုင်ငံရဲ့ အနာဂတ် ကလေးလေးတွေရဲ့ ပညာရေးကို တတ်နိုင်တဲ့ဘက်က ထောက်ပံ့လှူဒါန်းမယ်ပေါ့။
ဒီနိုင်ငံမှာ အဖွဲ့အစည်းတွေ အများကြီး ရှိကြတယ်။ အားလုံး ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် လုပ်နေကြတာပဲလေ။ သူတို့ကိုလည်း ကျနော်တို့ အနေနဲ့ ဘာမှ ထိခိုက်စရာ မလိုဘူး။ ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။ သက်ကြီးရွယ်အိုတွေနဲ့၊ ကလေးသူငယ်တွေကို စောင့်ရှောက်မယ်၊ ပံ့ပိုးကူညီမယ်။ ကိုယ်ကိုယ်တိုင် မလုပ်နိုင်ပေမယ့် ကိုယ့်သူငယ်ချင်းတွေကို လုပ်နိုင်အောင် ကူညီပံ့ပိုးပေးမယ်။
မေး။ ။ အကိုတို့ အဖြူရောင်မေတ္တာလူငယ်များ အဖွဲ့ကိုကျတော့ ကျနော်တို့ သတိထားမိလာတာက မြန်မာအသင်း(ကိုရီးယား)ရဲ့ တိလောကမုနိဘုရားပွဲတော်မှာ ထင်တယ်နော် အကို။
သီ။ ။ ဟုတ်တယ်၊ ကျနော်တို့ ဘုရားပွဲမှာ စ တယ် အကို။ ဘုရားပွဲမှာကတော့ ကျနော်တို့ စိတ်ကူးလေးပေါ့ အကိုရယ်။ စိတ်ကူးလေး ဆိုတာကလည်း ကျနော်တို့အနေနဲ့ ဘယ်အဖွဲ့အစည်းကိုမှ ရည်ရွယ်တာ မဟုတ်ဘူး ဆိုတာကိုတော့ ကြိုပြောပါရစေ။ အမှန်အတိုင်း ကျနော်တို့ ပြောရရင် ကျနော်တို့ အဖွဲ့လေးအနေနဲ့ လှူဖို့တန်းဖို့လုပ်တဲ့ အခါကျတော့ ထိထိရောက်ရောက် ဖြစ်အောင် ကျနော်တို့ ငွေကြေးအားဖြင့် လိုအပ်တယ်ပေါ့ အကိုရာ။ ပိုက်ဆံလိုတဲ့အပြင်ကိုမှာမှ ကျနော်တို့မှာ တူညီဝတ်စုံလေးတွေနဲ့ မြင်စေချင်တဲ့ ဆန္ဒလေးလည်း ကျနော်တို့မှာ ရှိတယ်။ တူညီ မြင့်မြတ်တဲ့ စိတ်သဘောလေး တစ်ခုကို သင်္ကေတတစ်ခု အဖြစ်နဲ့ ငါတို့ လုပ်ကြရင် ကောင်းမယ်ဆိုပြီး ငါတို့ အင်္ကျီလေးတွေ လုပ်ကြမယ်။ အင်္ကျီတစ်ထည်ကို ၀မ် ၈၀၀၀ နဲ့ အပ်လို့ ရမယ်။ ဒါပေမယ့် ၁၅၀၀၀ နဲ့ ရောင်းပြီး ရန်ပုံငွေ ရှာကြမယ်။ ပိုလာတဲ့ ၇၀၀၀ ကို ငါတို့ အလှူအတန်းလေးတွေ လုပ်နိုင်လာဖို့ အလှူခံတဲ့ သဘောမျိုး လုပ်ကြမယ်ဆိုရင် ပိုမကောင်းဘူးလား။ အဲဒီလို ကျနော်တို့တွေ အချင်းချင်း အကြံဉာဏ်တောင်းကြ၊ ညှိနှိုင်းကြတယ်ပေါ့။ အဲဒီလို ပြောလိုက်တဲ့အခါမှာ သူငယ်ချင်းတွေ အားလုံးက သဘောတူကြတယ်ပေါ့။ ကိုယ်တွေ ကိုယ်တိုင်ကလည်း တစ်သောင်းခွဲ ထည့်ပြီး၊ အင်္ကျီတစ်ထည် ၀ယ်ပြီး အလှူမှာ ပါဝင်ကြမယ်။ ဘုရားပွဲမှာလည်း အားလုံးတူညီ ၀တ်ကြမယ်ပေါ့။ အဲဒီလို ၀တ်ကျတဲ့အပြင် အလှူမှာ အကျွေးအမွေးကိုလည်း ကျနော်တို့တွေ တစ်ယောက် သုံးသောင်းနှုန်းစီ စုပြီးတော့ စတုဒီသာ ကျွေးကြမယ် ဆိုပြီးတော့ သူငယ်ချင်းတွေကို စုလိုက်တဲ့ အခါကျတော့ သူငယ်ချင်း အယောက် ၃၀ လောက် တက်လာတယ်။ ငါတို့လည်း အလှူမှာ ပါဝင်ကြမယ်ဆိုတဲ့အပြင်ကိုမှာမှ ဒီလို တစ်သောင်းခွဲနှုန်းနဲ့ ဖန်တီးလိုက်တဲ့ ဥစ္စာမှာ ကျနော်တို့ သုံးသိန်းကျော် ရလာတယ်ပေါ့။
အဲဒီလို သုံးသိန်းကျော် ရလာတဲ့ အနေအထားမှာ ကျနော်တို့ ဘုရားပွဲမှာ ပါဝင်နိုင်အောင် ကျနော်တို့ သူငယ်ချင်းတွေ ဖန်တီးကြတယ်ပေါ့။ အဲဒီမှာလည်း ကျနော်တို့ ကလေးတွေအတွက် အင်္ကျီတွေ ရောင်းပါတယ်။ အင်္ကျီတွေ ၀ယ်ပေးပါ။ ကလေးတွေအတွက်ပါ ဆိုတော့ သူငယ်ချင်တွေ အတော်များများက ၀ယ်ကြတယ်ဗျ။ အဲဒီနေ့ပွဲမှာ တစ်ကွင်းလုံးမှာ ကျနော်တို့ အဖြူရောင်အင်္ကျီတွေနဲ့ လိုလိုကို ဖြစ်သွားတယ်။ ဖြစ်သွားကြတော့ ဘုရားပွဲတစ်ကွင်းလုံးမှာ အဖြူရောင်သူငယ်ချင်းတွေ ချည်းပဲလား ဆိုတဲ့ အတွေးလေး သူတို့မှာ ၀င်သွားတာပေါ့နော်။ အဲဒီမှာ တခြားက စတုဒီသာ လာလှူတဲ့ သူငယ်ချင်းတွေကလည်း ဒီသူငယ်ချင်းတွေရဲ့ ကျနော်တို့သူငယ်ချင်းတွေရဲ့ လုပ်ကွက်လေးဟာ တော်တော်လေး မဆိုဘူးပေါ့နော်။ တစ်ကွင်းလုံးကတော့ ဖြူသွားတယ်။ သူတို့ရင်ထဲမှာလည်း ဒီ ကလေးတွေအတွက် အင်္ကျီတစ်ထည် ပံ့ပိုးလိုက်တယ်ပေါ့။ ဒီလို အင်္ကျီတစ်ထည် ၀ယ်ရတဲ့ အနေအထားမှာ ငါတို့လည်း အင်္ကျီတစ်ထည် ရတယ်။ ချို့တဲ့တဲ့ ကလေးတွေကိုလည်း လှူဖြစ်တယ်ဆိုတဲ့ အသိစိတ်ကလေးတွေ ကိုယ်စီကိုယ်စီ ၀င်သွားကြတယ်ပေါ့။ အားလုံး ပီတိလည်း ဖြစ်သွားကြတယ်ပေါ့။ ဘုရားပွဲ တစ်ကွင်းလုံးမှာလည်း အားလုံး အဖြူရောင်မေတ္တာတွေနဲ့ ဖုံးလွှမ်းသွားတယ်။
စတုဒီသာပွဲလေးကိုလည်း အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နိုင်ခဲ့ကြတယ်ပေါ့။ ကျနော်တို့ စတုဒီသာ ကျွေးတဲ့ ၀က်သားတုတ်ထိုးကလည်း မလောက်တော့ဘူး။ ကျနော်တို့ကို အားပေးတဲ့ သူငယ်ချင်းတွေက မမျှော်လင့်အောင် များသွားတယ်ပေါ့။ မလောက်ငတော့ဘူး။ ပြီးတော့ မြန်မာအသင်း(ကိုရီးယား)မှာလည်း ကျနော်တို့ အနေနဲ့ ဒီ အဖြူရောင်မေတ္တာလူငယ်များ ဆိုတဲ့ မဏ္ဍပ်လေးတစ်ခုဟာ ကျနော်တို့ နှစ်တိုင်းလိုလိုမှာ လုပ်ဖြစ်မယ်ဆိုတဲ့ ကတိပေးလို့ရတဲ့ ပုံစံမျိုးလေးလည်း ဖြစ်သွားတယ်ပေါ့။ ကျနော်တို့ တော်တော်လေးလည်း ပွဲကိုလည်း ကျနော်တို့အနေနဲ့ ဘယ်လို ပြောရမလဲ။ ပွဲကိုလည်း ကျနော်တို့ အောင်အောင်မြင်မြင် လုပ်ပေးသွားနိုင်တဲ့ သဘောပေါ့နော်။ ဘယ်သူမှလည်း စိတ်မကွက်ပဲနဲ့ ကျနော်တို့ ကျွေးတဲ့ စတုဒိသာမှာရော၊ ကျနော်တို့ဆီက အားပေးတဲ့ အဖြူရောင်အင်္ကျီလေးတွေ အပေါ်မှာရော သူတို့ အားရကျေနပ်တယ်ဆိုတဲ့ အပိုင်းလေးမှာ ကျနော်တို့ ချုပ်လိုက်ရင် ရန်ပုံငွေက ၀မ် ၁၀ သိန်းလောက် ဖြစ်လာတယ်ပေါ့။ အလှူငွေ အဲဒီလောက် တိုးလာတဲ့အခါကျတော့ အင်္ကျီအပ်ရတဲ့ အချိန်တုန်းက ပင်ပန်းခဲ့တာတွေ၊ ကျနော်တို့ ရုန်းကန်ခဲ့ရတာတွေ တခါတည်း ပျောက်ကုန်တာပေါ့နော်။ ဒီ ပီတိလေးတစ်ခုနဲ့ပဲ ကျနော်တို့ ပျော်ခဲ့တယ်ပေါ့။
မေး။ ။ ဒီလို ပရဟိတ လုပ်လို့ရတဲ့ ပီတိမျိုးကို အဲဒီအချိန်က စပြီး ခံစားခဲ့ရတယ်လို့ ပြောရင် ရနိုင်တာပေါ့နော်။
သီ။ ။ မှန်တာပေါ့ အကို။ မှန်တာပေါ့ဆိုတာ ကျနော်တို့ မြန်မာပြည်မှာ ပင်လယ်ဘူး ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို ကျနော်တို့ စ လှူတဲ့ အချိန်နဲ့ တစ်ပြိုင်တည်းမှာပဲ ကျနော်တို့ ဒီ ကိုရီးယားနိုင်ငံမှာ ရှိတဲ့ ဗုဒ္ဓသာသနာပြုကျောင်းတော်မှာ ကျနော်တို့ အရုဏ်ဆွမ်းလေး ကပ်လိုက်တယ်။ ဆွမ်းကပ်တဲ့ နေရာမှာလည်း ကျနော်တို့ သူငယ်ချင်းတွေ စုပြီးတော့ အိမ်မှာပဲ နန်းကြီးသုပ် သုပ်စားကြလို့ ရတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းမှာဆိုရင် ဆရာတော်တွေကိုလည်း ကျနော်တို့ ဆွမ်းကပ်လို့ ရမယ်။ ကျနော်တို့ သူငယ်ချင်းတွေလည်း ဆုံလို့ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးတစ်ခု ဖန်တီးလိုက်တာပေါ့။ သူငယ်ချင်းတွေကို လှမ်းဖိတ်လိုက်တယ်။ သူငယ်ချင်းတို့ လာကြပါဆိုပြီးတော့ လှမ်းဖိတ်တယ်။ ဘာလဲဆိုတော့ ငါတို့ နန်းကြီးသုပ် သုပ်စားမယ်။ အဲဒါ ဘယ်မှာ လုပ်မှာလဲဆိုတော့ ဘုန်းကြီးကျောင်းမှာ။ အေး.. အဲဒါဆိုလည်း နန်းကြီးသုပ်စားချင်တဲ့ သူငယ်ချင်းတွေ အကုန်လုံး ရောက်ချလာတော့ အဲဒီ သူငယ်ချင်းတွေက နေပြီးတော့ တစ်ယောက် တစ်သောင်းစီ စု လိုက်ကြတော့ ကျနော်တို့ သုံး၊ လေးသိန်း တက်လာတယ်။
အဲဒါနဲ့ ကျနော်တို့ နန်းကြီးသုပ် သုပ်တဲ့ပွဲ ဖြစ်သွားတာပေါ့နော်။ အဲဒီလို နန်းကြီးသုပ်နဲ့ စဖြစ်သွားတာကနေ စပြီးတော့ ဒီ နန်းကြီးသုပ်လည်း သုပ်မယ်၊ ကျနော်တို့ ဒီနေ့မှာပဲ ကျနော်တို့ မြန်မာပြည်မှာ အလှူလုပ်နေတယ် ဆိုတာလည်း ပြောဖြစ်သွားတယ်။ ဆိုတော့ ရန်ကုန်မှာလည်း လုပ်သလို၊ ကိုရီးယားမှာလည်း တစ်ပြိုင်တည်း လုပ်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားတာပေါ့။ အဲဒီ နောက်ပိုင်းမှာ ကျနော်တို့တွေ ငါတို့တွေ ဒီလိုမျိုးတွေ လုပ်လိုက်တာဟာ ငါတို့လည်း ကိုရီးယားမှာ လုပ်သလို မြန်မာပြည်မှာလည်း လုပ်နေကြတယ်။ အကုန်လုံး ဒီနေ့ဟာ အလှူကြီးဆိုတဲ့ ပုံစံမျိုးဖြစ်သွားတယ် ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ယူတာပေါ့နော်။ ပွဲတစ်ပွဲကို စဉ်းစားလိုက်တဲ့ အနေအထားမှာကျတော့ ဟို စဉ်းစားလိုက်တဲ့ အနေအထားနဲ့ ဖြစ်အောင်၊ လုပ်လို့ရအောင် ကျနော်တို့အနေနဲ့ စဉ်းစားရတဲ့ အပိုင်းတွေ၊ ဆုံးဖြတ်ချက် အပိုင်းတွေက အများကြီး ပါတာပေါ့ အကို။
မေး။ ။ အဲဒီတော့ အကိုတို့ စပြီးတော့ အစပျိုးတဲ့ အချိန်နဲ့ ဒီက မြန်မာ အသိုင်းအ၀ိုင်းကြားမှာ လှုပ်ရှားမှုတစ်ခု အနေနဲ့ ထွက်ပေါ်လာတဲ့ အချိန်က ဘယ်လောက်လောက် ကြာသွားလဲ။
သီ။ ။ ကျနော်တို့ လုပ်မယ့် ဒီပွဲ အနေအထားကို ကျနော်တို့ တစ်ကယ့် အမာခံ သူငယ်ချင်း အယောက် ၂၀ လောက်ကိုပဲ ကျနော်တို့ ပြောထားတယ်။ ဒီ သူငယ်ချင်း အယောက် ၂၀ ရဲ့ စိတ်ကူးစိတ်သန်း တွေကိုလည်း ကျနော်တို့တွေ အနေနဲ့ ဟို ဘယ်လို ပြောရမလဲ၊ မင်း စိတ်ကူးက ဘယ်လိုရှိလဲ၊ မင်းကရော စိတ်ကူးက ဘယ်လို ရှိလဲဆိုတာလေးတွေ ကျနော်တို့ ယူထားတာပေါ့။ ယူထားလိုက်ပြီးတော့ ငါတို့ ဒါမျိုးတွေ လုပ်ကြမယ်ဆိုပြီးတော့ လှမ်းလုပ်လိုက်တဲ့ အချိန်မှာ အဲဒီ အယောက် ၂၀ ကနေ ကျယ်ပြန့်သွားပြီး နောက်ထပ် အယောက် ၄၀ လောက် ဖြစ်သွားတာပေါ့။ အယောက် ၄၀ လောက်ကနေ ဆက် စုလာတဲ့ အချိန်ထဲမှာ ကျနော်တို့ အယောက် ၈၀ လောက်ကြီးဟာ ကျနော်တို့ အရုဏ်ဆွမ်းထဲမှာ ပါနေတယ်။ အဲဒီ အယောက် ၈၀ လုံးရဲ့ စိတ်တွေကလည်း ငါတို့ ဒီနေ့ အလှူလုပ်ပါလား၊ ငါတို့ရဲ့ အလှူရဲ့ နောက်ထပ်ပွဲကို အဲဒီနေ့မှာပဲ ထပ်လှမ်းနေပြီ။ ဆင့်ကဲ လှမ်းရတာပေါ့နော်။ ဒီပွဲ ပြီးတဲ့နောက်မှာ နောက်တစ်ပွဲကို ကျနော်တို့ ဘယ်လို လှမ်းမယ်ဆိုတာ တစ်ခါတည်း အစည်းဝေး ထိုင်လိုက်တယ်။ အဲဒီလို ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ တစ်ခါတည်း ကျနော်တို့ ဘယ်လောက်စီ အလှူငွေ ထည့်မယ်ဆိုတဲ့ဟာကို တစ်ခါတည်း ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ ရောက်လာတဲ့ အယောက် ၄၀ ရဲ့ အားက နောက်ထပ် အယောက် ၈၀ ကို ကျနော်တို့က လှမ်းပြီးသား ဖြစ်သွားပြီ။ အဲဒါမျိုးပေါ့။ တစ်ချို့ကျတော့လည်း အကိုရေ…၊ ကျနော်တို့ ပိုက်ဆံတော့ ပါနေပြီ။ လူမလာနိုင်ဘူး၊ အကို ကျေနပ်လား မေးတယ်။ အဲဒါမျိုးနဲ့ အများကြီး ပါလာတာပေါ့နော်။ လူမလာနိုင်ပေမယ့် ငွေအားနဲ့ ပါဝင်လာကြတယ်။ အဓိကက ကိုယ်တွေ ဘာလုပ်မှာလဲ။ လူကိုယ်တိုင် မလာနိုင်ပေမယ့် ငွေအားနဲ့ ပါဝင်ပြီး သူတို့ရဲ့ စိတ်ကူးတွေ ပေးလာတာကိုပဲ ၀မ်းသာကြိုဆိုရမှာပဲ မဟုတ်လား။ ဒီလူတွေ အချင်းချင်းက နောက်လည်း တွေ့လို့ ရတယ်။ အဓိကက ကိုယ်လှူမယ့် အလှူဟာ ဒါနမြောက်ဖို့ အရေးကြီးတာ မဟုတ်ဘူးလား။
မေး။ ။ လူအား တတ်နိုင်တဲ့သူက လူအားနဲ့ ကူညီမယ်၊ ငွေအား တတ်နိုင်တဲ့သူက ငွေအားနဲ့ ပံ့ပိုးမယ်။ အဲဒါမျိုးပေါ့နော်။
သီ။ ။ အဓိကက ကျနော်တို့ အလှူခံတဲ့ နေရာမှာ ဟိုး ပူဆန်အထိ ပါတယ်။ ဒယ်ဂူးလဲ ပါတယ်။ အဲဒီလို လူတွေက ကျနော်တို့ဆီ လူကိုယ်တိုင် လာဖို့ဆိုရင် တက္ကဆီခ ကုန်မယ်။ အချိန်ကုန်မယ်။ KTX ခ ကုန်မယ်။ ဒီလို ခရီးစားရိတ်တွေ ကုန်ပြီးတော့ လာမယ်။ လှူမှာက နှစ်သောင်း၊ လာရမယ့် စားရိတ်က တစ်သိန်း ဖြစ်နေတယ်။ တစ်သိန်း နှစ်သောင်း ကုန်သွားပြီ။ အဲဒီတော့ မင်း မလာနဲ့တော့၊ မင်း အလှူငွေ နှစ်သောင်းကိုပဲ လှူလိုက်တော့ဆိုပြီး ကျနော်တို့ ငွေအားနဲ့ပဲ ပံ့ပိုးခိုင်းလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလာရမယ်ဆို အလှူငွေ နှစ်သောင်း ပါဝင်ရဖို့ သူ့မှာက တစ်သိန်းထပ်ကုန်ရမယ့် အနေအထားမျိုး ဖြစ်နေပြီလေ။ ဒီ ကုန်မယ့်စားရိတ်ကို မင် စေတနာရှိလို့ရှိရင် ငါးသောင်း လှူကွာ။ မင်း လူ မလာပဲနဲ့ ငွေအားနဲ့ပဲ ထိထိရောက်ရောက် ပံ့ပိုးပေးတော့လို့ လုပ်ရတဲ့အပိုင်းတွေ အများကြီး ပါသွားပြီ။ ဘာလို့ ကျနော်တို့က ဒီ စကားမျိုး ပြောလဲဆိုတော့ သူ့ကို မလာစေချင်လို့ မဟုတ်ဘူး။ သူ့ရဲ့ ကုန်ကျစားရိတ်ကို ပြန်တွက်လိုက်တာ။ အမှန်ကတော့ သူငယ်ချင်းတွေ ဆုံချင်တယ်။ ဆုံနိုင်အောင်လည်း ကျနော်တို့တွေ ဖန်တီးနေကြတာလေ။ ဖန်တီးနေကြတော့ ဒီ သူငယ်ချင်းတွေ ပါဝင်လာဖို့ကို ကျနော်တို့ လိုချင်တာပေါ့။ အဓိကက လူအား။ လူအားဆိုတာက ပိုက်ဆံတစ်သောင်းထက် လူအင်အား၊ လူတွေရဲ့ စိတ်မှာ ဖြစ်လာမယ့် ပီတိ။ ဒီလူရဲ့ စိတ်ထဲမှာ ဖြစ်ပွားလာတဲ့ ၀မ်းသာပီတိဟာ ဒီ တစ်သောင်းထက် အများကြီး ပိုတန်ဖိုး ရှိတယ်။ ပြီးတော့ သူတို့ရဲ့ အကြံဉာဏ်တွေပေါ့နော်။
မေး။ ။ ဒီလိုမျိုး အကိုတို့ စပြီး အဖွဲ့လေးဖွဲ့ပြီး လုပ်နေကြတဲ့အချိန်မှာ လူတစ်ချို့က တိုက်ခိုက်တာ၊ အမနာပ ပြောတာ၊ အထင်အမြင် သေးတာမျိုးတွေ မခံခဲ့ရဘူးလား။
သီ။ ။ ဟာ… ခံရတာပေါ့။ အခု ကျနော့် အကိုတစ်ယောက်က နေပြီးတော့ သူ့သူငယ်ချင်း သုံးလေးယောက်နဲ့ ကျနော်နဲ့ ဆုံတဲ့အချိန်မှာ လာဦးတဲ့…၊ ဒီနားက ဆိုင်တစ်ဆိုင် သွားကြမယ်တဲ့။ ဒါနဲ့ အေး… လိုက်ခဲ့မယ်ဆိုပြီး လိုက်သွားရော။ သူ့သူငယ်ချင်း သုံးယောက်ကို သူ ပြီးတယ်ပေါ့နော်။ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေဆိုတော့ အကုန်လုံးကို ပိုက်ဆံ တစ်သောင်းစီ ထုတ်ခိုင်းတော့ သုံးသောင်း ရတယ်ပေါ့နော်။ မှတ်မှတ်ရရ အဲဒီအချိန်မှာ ကျနော့်ကို သူ့သူငယ်ချင်း တစ်ယောက်က ဟေ့ကောင်၊ နာမည်ရေးတဲ့…။ ငါတို့ သူငယ်ချင်း သုံးယောက် နာမည် ရေးလိုက်ဆိုတော့ နာမည်လေး ရေးလိုက်တယ်။ နာမည်ရေးလိုက်တော့ တစ်ယောက်က ဘာ ထပြောလဲဆိုတော့ ဟေ့ကောင်တဲ့၊ မင်းရဲ့ အလှူကတော့ ဟုတ်ပါပြီတဲ့၊ တစ်သောင်းကတော့ ဘာမှ မဖြစ်ဘူးတဲ့၊ တစ်သောင်းပေးတယ်။ မင်းတို့ ဘောင်ချာပေးမှာလားတဲ့။ အဲဒီတော့ ကျနော်က ဟာ… အကို၊ မဟုတ်ဘူး။ ကျနော်တို့ ဘောင်ချာထက် ခိုင်မာတဲ့၊ ကျနော်တို့ ၀ယ်ထားတဲ့ ၀ဘ်ဆိုဒ်ပေါ်မှာ ကျနော်တို့ မှတ်တမ်းတင်ထားပေးမယ်။ ဒီဝဘ်ဆိုဒ်ကြီး ပျက်သွားသည့် တိုင်အောင်မှ ကျနော်တို့ လှူထားတဲ့ အလှူမှတ်တမ်းလေးတွေ ရှိအောင် အလှူရှင်စာရင်းတွေ ရှိအောင် လုပ်ပေးထားပါတယ်လို့ ကျနော် ပြောပြတဲ့ ဥစ္စာကိုတောင်မှ လက်မခံဘူး။
ကျနော်တို့အနေနဲ့ ၀ဘ်ဆိုဒ်ပေါ်မှာ တင်ထားပေးမယ် ဆိုရင် မြန်မာပြည်က ဇနီးမယား၊ ဆွေမျိုးသားချင်းတွေ၊ သူတို့ရဲ့ ချစ်သူတွေက အစ ကြည့်လို့ရမယ်။ သူတို့နဲ့ ပတ်သက်တဲ့သူတွေ ကြည့်မိသွားရင် သူတို့လည်း ပီတိဖြစ်သွားမယ်၊ စေတနာ ထပ်ပွားနိုင်မယ်။ အဲဒီလိုမျိုး စိတ်ကူးနဲ့ ကျနော်တို့ ၀ဘ်ဆိုဒ်တစ်ခု ကျနော်တို့ ၀ယ်ထားလိုက်ပြီးတော့ အလှူရှင်စာရင်း ကျနော်တို့ တင်ထားပေးလိုက်တယ်။
အဲဒီလိုမျိုး ကျနော်တို့ တင်ထားပေးတာကို အဲဒီ သူငယ်ချင်းက ပြောလာတော့ ကျနော်က သူငယ်ချင်းရာ၊ မလှူချင်ရင် မလှူပါနဲ့ကွာလို့၊ ဒီလို မွန်မြတ်တဲ့ ပိုက်ဆံတွေကို ကျနော်တို့လည်း မဟုတ်တာ မလုပ်ပါဘူးဆိုပြီး ကျနော် အဲဒီ ပိုက်ဆံ တစ်သောင်းကို ပြန်ပေးလိုက်တယ်။ ပြန်ပေးလိုက်တော့ ဒီသူငယ်ချင်းက စိတ်ထဲမှာတော့ ခု သွားပြီးတော့ ဒီ ပိုက်ဆံ တစ်သောင်းကိုတော့ ပြန်ထည့်သွားတယ်။
ပြီးတော့ အဲဒီ သူငယ်ချင်းနဲ့ပဲ ကျနော် နောက်တစ်ကြိမ် ပြန်တွေ့တဲ့ အချိန်မှာ သူက ကျနော့်ကို သူငယ်ချင်းရာတဲ့…၊ မင်း စိတ်မဆိုးပါနဲ့တဲ့။ ငါ အဲဒီနေ့က တော်တော်လေး မူးနေတယ်တဲ့။ ငါ ခံရပေါင်း များပြီတဲ့။ ဘယ်အလှူ ဘယ်နေရာ ဘယ်အလှူအတန်းမှန်း မသိရပဲနဲ့ကို အလှူခံတွေ ထည့်လိုက်ရပေါင်းများပြီတဲ့။ မင်း ခံစားကြည့်ကြည့်ပါတဲ့။ မင်း ငါ့ဘက်က ခံစားကြည့်ကြည့်ပါ ဆိုပြီးတော့ ကျနော့် ပြန်ပြီးတော့ စကားပြန်ပြောလာတယ်။
ကျနော်က အရင်ကတည်းက အကုန်လုံး ချပြထားတော့ ခုလိုမျိုး သိသွားတဲ့အချိန်မှာ ဒီသူငယ်ချင်းက လစဉ် အလှူငွေတစ်သောင်း ထည့်ပြီး အဖွဲ့ဝင်အဖြစ် ပါဝင်မယ့် သူငယ်ချင်း ဖြစ်သွားတဲ့ အပြင်ကို သူ့ဆန္ဒနဲ့သူ ကျနော်တို့ အခုနောက်ဆုံး အလှူလုပ်နေတဲ့ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဆားလင်းကျေးရွာအုပ်စု၊ ထင်းစုကျေးရွာ စာသင်ကျောင်းလေး တစ်ကျောင်းကို အလှူငွေ တစ်သိန်းထည့်သွားတယ်။ တစ်သိန်းဆိုတာက ကျနော်တို့ အလှူခံတာ မဟုတ်ဘူး။ အလှူခံတာ မဟုတ်ပဲနဲ့ သူ့ စေတနာနဲ့သူ ထည့်သွားတာပေါ့နော်။ အဲဒါမျိုး ထည့်တဲ့ အချိန်မှာ ကျနော်တို့ ဘယ်လို ပြောမလဲ၊ ဖြစ်လာတဲ့ ပီတိပေါ့။ ဒီလူနဲ့ ကိုယ်နဲ့က ဘယ်လိုပြောရမလဲ။ ပြဿနာတက်တော့မယ့် သူတွေ။ အလှူခံကြောင့် ပြဿနာတက်တော့မယ့်အပိုင်းမှာ သူ့ဘက်က နားလည်မှု ရှိစွာနဲ့ ကျနော်တို့ဘက်ကို အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အပြင်ကိုမှ ဒီလို အလှူငွေ တစ်သိန်း ထပ်ထည့်သွားတာကိုက ဒါ သူ့ စေတနာပေါ့နော်။ ကျနော်တို့က ဟာ ဒီလူ့ဆီက တစ်သောင်း အလှူမခံလည်း ပြဿနာ မရှိဘူး။ အဖွဲ့ဝင်တစ်ယောက် လျှော့သွားတယ်ဆိုတဲ့ ခံစားချက်ပဲ ရှိတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်မှာ ဒါဟာ ကလေးတွေ အတွက်ပါလားဆိုတဲ့ ခံစားချက်နဲ့ ဒီ တစ်သိန်း လာလှူတာလေ။ လာလှူတဲ့ အပိုင်းမှာလည်း ရော့ကွာ၊ တစ်သိန်းကွာဆိုပြီး လှူတာမျိုး မဟုတ်ဘူး။ လိုအပ်တဲ့ အပိုင်းမှာ ပြောပါ။ လိုအပ်တဲ့ အပိုင်းကို ကျနော်တို့အနေနဲ့ ပါဝင်ပါမယ်ဆိုတဲ့ စကားတွေ နောက်က ပါလာတယ်။
မေး။ ။ လူတွေရဲ့ ယုံကြည်မှုကို ရလာတာပေါ့နော်။
သီ။ ။ မှန်တာပေါ့ အကို။ ဒါပေမယ့် ခင်ဗျာတို့ အဖွဲ့မှာ ကျနော် အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ကျနော်ပါမယ်။ ဒါပေမယ့် ကျနော် ခင်ဗျားတို့ကို ၀င်ရောက် စွက်ဖက်တာမျိုး ကျနော် မလုပ်ချင်ဘူး။ ခင်ဗျားတို့ကို ယုံလို့ ကျနော် လှူလိုက်ပြီးပြီ။ ဒီဟာ နိဗ္ဗာန ပစ္စယော ဟောတု ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့က ယတိပြတ် လှူတာ။ ကောင်းတယ်လည်း မပြောဘူး။ ဆိုးတယ်လည်း မပြောဘူး။ ဒီ ကလေးတွေဆီကို ရောက်သွားရင် ပြီးရော။ အဲ… ကျနော်တို့ကလည်း ရောက်ရပါစေမယ်။ အာမဘန္တေ ခံထားပြီးပြီ။ ဒါကို မဟုတ်တာ လုပ်ရင် ကျနော်တို့လေ။ ကျနော်တို့ အပြစ် ဖြစ်သွားမယ်။ အပြစ်ဖြစ်သွားမယ်ဆိုတဲ့ အပိုင်းမှာ ကျနော်တို့ဘက်ကနေပြီးတော့ ဟို ဘယ်လို ပြောမလဲ၊ မဟုတ်တာ မလုပ်ရဲဘူးဗျ။ မြေတော့ မခံနိုင်ဘူးလေ။ ဒီလို သူများ ပိုက်ဆံ၊ လှူထားတဲ့ အလှူကြီးကို ကျနော်တို့ မစားနိုင်ဘူး၊ မသောက်နိုင်ဘူး။ ကျနော် သူများ မြေတော့ မခံနိုင်ဘူး။
အဲဒါကြောင့် ဒါကတော့ အလှူပိုက်ဆံ၊ ဒါကတော့ ငါသုံးတဲ့ ငါ့ပိုက်ဆံ။ ဒီအလှူထဲကတော့ မသုံးနိုင်ဘူး။ အဲ… ဒါမျိုးလေးတွေတော့ ရှိတာပေါ့။ အဲဒါမျိုးကျတော့ သူတို့ ယုံကြည်မှု ရလာအောင်လည်း ကျနော်တို့အနေနဲ့ မားမားမတ်မတ် ရပ်ပြီးတော့ ဖြူဖြူစင်စင် နေရတဲ့ အပိုင်းတွေလည်း ပါတယ်။ ကျနော်တို့ ဦးဆောင်နေပေမယ့် ကျနော်တို့ နောက်မှာ ထပ်ပြီး ဦးဆောင်နိုင်မယ့် သူတွေ ရှိရင် ဦးဆောင်ပြီး လုပ်ပေးကြပါလို့ အကုန်လုံးကို ကျနော် ပြောချင်တာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့မှတင် မဟုတ်ဘူး။ လုပ်နိုင်တဲ့ သူတိုင်းကို ပါဝင်စေချင်တယ်။ စိတ်ပါတဲ့သူတိုင်း ပါဝင်မယ်ဆိုရင် ကျနော်တို့ ဒီအဖွဲ့ကြီးဟာ ကျနော်တို့ ဦးဆောင်နေပေမယ့် နောက်ပိုင်းမှာ ကျနော်တို့ထက် ပိုပြီး ဦးဆောင်နိုင်မယ့်သူတွေ ရှိရင် ပိုကောင်းတာပေါ့ဗျာ။ အနေအထားတစ်ခုက၊ ဟို ကျနော်တို့ ဦးဆောင်မှု နောက်က လိုက်ပါလို့ ကျနော် မပြောဘူး။ အားလုံးသာ ၀ိုင်းဝန်း ဦးဆောင်ကြမယ်ဆိုရင် ကျနော်တို့ ကိုရီးယားနိုင်ငံက လုပ်တဲ့ အလှူကြီးဟာ တစ်နှစ်ပါတ်လုံးမှာ သိန်း ဘယ်နှစ်ရာလောက် ရှိမယ်ဆိုတာမျိုး ဖြစ်စေချင်တာပါ။
အပိုင်း (၃) ကို နောက်ရက်များမှာ ဆက်ဖတ်ပါ
အပိုင်း (၁) ကို ဖတ်မယ်ဆို...
Tuesday, April 26, 2011
အဖြူရောင်ပန်းများ ပွင့်လန်းစေသူ
မေး။ ။ အကိုတို့ အဖြူရောင်မေတ္တာ လူငယ်များအဖွဲ့လေး မဖွဲ့ဖြစ်ခင်က အကိုတို့ရဲ့ ခံစားချက်ကလေးကို တဆိတ်လောက် ပြောပြပေးပါလား။
သီ။ ။ ကျနော်တို့ အင်တာနက်ထဲမှာ ဖွင့်ကြည့်လိုက်ရင်ပဲ စားရမဲ့ သောက်ရမဲ့ ကလေးတွေ၊ အမှိုက်ကောက်နေရတဲ့ ကလေးတွေ၊ တောင်းရမ်းစားသောက်နေရတဲ့ ကလေးတွေ၊ အရွယ်နဲ့ မလိုက်အောင် ပင်ပင်ပန်းပန်း လုပ်နေကြရတဲ့ ကလေးတွေ၊ ပညာသင်ရမယ့် အချိန်မှာ ပညာမသင်နိုင်တဲ့ ကလေးတွေပေါ့။ ပြန်ကြည့်လိုက်မယ်ဆိုရင် မိဘရဲ့ စားဝတ်နေရေး အဆင်မပြေတော့ စာသင်ခန်းထဲ သွားရမယ့်အချိန်မှာ လမ်းမတွေပေါ် ရောက်နေကြရတဲ့ ကလေးတွေပေါ့။ ကျနော်တို့ အခု နိုင်ငံခြားကို အလုပ်လုပ်ဖို့ ထွက်လာရတယ်။ ကိုယ့်မှာ ၀င်ငွေလေး ရှိလာတဲ့အခါကျတော့ အရင်ဆုံး သွားသတိရတာက အဲဒီလို ခက်ခက်ခဲခဲ ပညာသင်နေကြရတဲ့ ကလေးတွေပေါ့။
တစ်ချို့ဆို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလို နေရာမျိုးမှာတောင်မှပဲ ပညာမသင်နိုင်ကြဘူး။ အဲဒီလိုမျိုးတောင် ပညာမသင်နိုင်တဲ့ ကလေးတွေ ရှိလာတဲ့ အခါကျတော့ အဲဒီလို ကလေးတွေ ပညာမတတ်ဘဲ ကြီးပြင်းလာရင် ဘာဖြစ်လာနိုင်မလဲပေါ့။ ပိုက်ဆံရှိတဲ့သူတွေ ခိုင်းတာ လုပ်ရမယ်ပေါ့။ နောက်ပြီး ပေါက်လွတ်ပဲစားလေးတွေ၊ ကလေကချေလေးတွေ ဖြစ်လာနိုင်တယ်ပေါ့။ ဒီထက်ဆိုးလာရင် သူခိုး၊ ခါးပိုက်နှိုက်တွေပေါ့။
အဲဒီတော့ ဘာကြောင့် အဲဒါမျိုးတွေ ဖြစ်လာသလဲ။ ကျနော်တို့အနေနဲ့ ဟိုဟာ ဒီဟာတွေ သွားပြီး အပြစ်တင်နေတာထက် ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားမိတာပေါ့။ ကျနော်တို့အနေနဲ့ ဒီလိုကလေးလေးတွေကို လုပ်ပေးနိုင်သလောက် စာနာစိတ်နဲ့ လုပ်ပေးသွားမယ်ဆိုရင် ဒါမျိုး အနေအထားတွေ နည်းပါးသွားမယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့။
ကိုယ့်နိုင်ငံရဲ့ ချို့ယွင်းချက်တစ်ခုကို ဖြည့်ပေးသွားမယ်ဆိုတဲ့ အနေနဲ့ပေါ့။ ဒါမျိုးပဲ တွေးပြီးတော့ ကိုယ့်နိုင်ငံအပေါ်မှာ ချစ်တဲ့စိတ်၊ ကိုယ့်လူမျိုးအပေါ်မှာ ချစ်တဲ့စိတ်က အဓိကပဲပေါ့နော်။ အဲဒီလို ခံစားချက်မျိုးလေးနဲ့ ကိုယ်နိုင်ငံအတွက် ကိုယ်တတ်နိုင်တဲ့ တဒေါင့်တနေရာကနေ လုပ်ပေးမယ်ဆိုတဲ့ ခံစားချက်မျိုးလေးတွေနဲ့ စုစည်းဖြစ်ခဲ့တာပါ။
မေး။ ။ ကိုသီဟန် ကိုရီးယားကို ဘယ်တုန်းက ရောက်တာလဲ။
သီ။ ။ ကျနော်ရောက်တာ ၂၀၀၆ ခုနှစ် ၈ လပိုင်းလောက်က ရောက်ပါတယ်။
မေး။ ။ အခု ကိုရီးယားကို ရောက်လာကြတဲ့ မြန်မာလူငယ်တွေ တော်တော်များများက လစာများတဲ့နေရာ၊ လစာအများကြီး ထွက်တဲ့နေရာပေါ့နော်၊ အဲဒီလို နေရာမျိုးတွေကို လိုက်ကြတယ်။ လစာ အများကြီး လိုချင်တော့ သူတို့ အလုပ်တွေ အများကြီး လုပ်ရတယ်။ အဲဒီ အထဲမှာမှ အကိုတို့ စက်ရုံဆို လစာ နည်းတယ်ပေါ့နော်။ အဲဒီလိုမျိုး လစာနည်းပေမယ့် လစာများတဲ့ နေရာကို မရှာဘဲ အခုလို ပရဟိတလုပ်ငန်းလေးတွေ ဘာကြောင့် လုပ်ဖြစ်တယ်ဆိုတာ ပြောပြပေးပါလား။
သီ။ ။ ကျနော်တို့ အလုပ်က အခြေခံလစာနဲ့ အချိန်ပိုနဲ့ တွက်ရင် ဘယ်လောက်မှ မရှိပါဘူး။ အလွန်ဆုံး ၀မ် ၁၀ သိန်း၊ ၁၁ သိန်း။ အဲဒီလောက်ပဲ ရှိတာပါ။ ပြီးတော့ စနေက ပျောက်သေးတယ်။ စနေပျောက်တော့ စနေကလည်း သိတဲ့အတိုင်းပဲ။ အလုပ်မရှိ။ တနင်္ဂနွေကလည်း အလုပ်ကမရှိ။ အလုပ်မရှိတဲ့ရက် ပိုက်ဆံမရဘူးဆိုတော့ အဲဒီ အချိန်တွေက ပိုနေတာပေါ့။ ဘာပဲပြောပြောလေ။ ကိုယ်ဒီမှာ ရှိနေတဲ့ အချိန်လေးမှာတော့ ပိုက်ဆံတော့ မြင်ချင်တာပေါ့လေ။ မြန်မာပြည်မှာ ရှိနေတဲ့ အချိန်ဆိုရင်တော့ ပိုက်ဆံက ဘယ်ကနေဘယ်လို ရှာရမှန်းမှ မသိတာ။ ကိုယ့်ဗိုက်ကိုယ်ဖြည့်ဖို့ဆိုတာက ကိုယ်ပဲ စဉ်းစားနေရတာကိုး။
အခု ဒီမှာကျတော့ အချိန်လေးလည်း ပိုမယ်ဆိုတော့ ကိုယ့်နိုင်ငံမှာ ရှိတဲ့ ကလေးတွေအတွက် ကိုယ်လုပ်နိုင်တဲ့ အချိန်လေးမှာ ကိုယ်လုပ်ပေးရတာ အဆင်ပိုပြေတာပေါ့။ ကလေးတွေလည်း ပညာသင်နိုင်မယ်၊ ကိုယ်တွေလည်း အလုပ်အားတဲ့ အချိန်လေးမှာ အဲဒီလိုမျိုး ကလေးတွေအတွက် ပံ့ပိုးပေးနိုင်မယ်ဆိုတော့ ကိုယ်လည်း ပီတိဖြစ်စရာတစ်ခုတော့ ရှိတာပေါ့။ အဲဒါမျိုးလေးနဲ့ လုပ်ဖြစ်ခဲ့တာပါ။
မေး။ ။ အခု အကိုတို့ ဒီ အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ကို ဖွဲ့ဖို့ စိတ်ကူးလေးက ဘယ်တုန်းက၊ ဘယ်အချိန်လောက်က စ ရတာလဲဆိုတာလေး ပြောပြပါလား။
သီ။ ။ ကျနော် ဒီစိတ်ကူးလေးကို ရတာကတော့ ကြာပြီပေါ့နော်။ လက်တွေ့အကောင်အထည် မဖော်ဖြစ်သေးတာပေါ့။ အကောင်အထည် မဖော်ဖြစ်ဘူးဆိုတာက ကျနော်တို့ အလုပ်လုပ်နေတဲ့ အနေအထားမှာ အလုပ်မအားတဲ့ အပိုင်းတွေလည်း ပါတယ်။ ကိုယ်တစ်ယောက်တည်း လုပ်ရမယ့် အပိုင်းတွေ မဟုတ်ဘူးလေ။ ဒါက အကုန်လုံး သူငယ်ချင်းတွေ စုပြီးတော့ ၀ိုင်းလုပ်ကြမယ်ဆိုတဲ့ဟာလေး ကျနော်တို့အနေနဲ့ စ ပြီးတော့ ဖုန်းတွေနဲ့ ပြောတယ်၊ မေးလ်တွေနဲ့ ကျနော်တို့ စကားပြောတယ်၊ ကျနော် ၀ဘ်ဆိုဒ်ပေါ်မှာ ဖတ်ကြည့်တယ်။ လုပ်နိုင်ဖို့ အင်အား၊ စိတ်ကူးစိတ်သန်း ရှိပေမယ့်၊ ကျနော့်နောက်မှာ ကျနော်တို့ သူငယ်ချင်းတွေရော စိတ်တူကိုယ်တူ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ အများကြီး ပါတာပေါ့နော်။
ကျနော်တို့ ဒီလိုပဲ ကော်ဖီဆိုင်လေးမှာ ထိုင်ရင်းနဲ့ပဲ သူငယ်ချင်းတွေ စုမိကြတာပေါ့။ စုမိကြရင်းနဲ့ ကျနော်တို့ သူငယ်ချင်းတွေ ပြောကြတယ်။ ငါတို့တွေ တစ်ယောက် တစ်သောင်းစီ စုပြီးတော့ မြန်မာပြည်က ကလေးတွေအတွက် အလှူအတန်းလေး တစ်ခု လုပ်ရင် မကောင်းဘူးလားဆိုတဲ့ စကားလေးနဲ့ စ ခဲ့လိုက်တာ။
စ ခဲ့လိုက်တော့၊ ဒီ စ လိုက်တဲ့ အချိန်လေးကလည်း မတ်လ ၁၄ ရက် မတိုင်ခင် အချိန်လေးပေါ့။ စဖြစ်လိုက်တော့ ကျနော်တို့တွေက အခု ဒီနိုင်ငံခြားမှာ ရောက်နေတယ်ဆိုတော့ ကိုယ့်ဝဘ်ဆိုဒ်လေးနဲ့ ကိုယ်ဖွင့်ပြီးတော့ လုပ်ကြရင် မကောင်းဘူးလားပေါ့။ နည်းနည်းလည်း လူ စိတ်ဝင်စားမှုရှိလာမယ်ပေါ့။ လူတွေက နည်းပညာခေတ်မှာ နည်းပညာနဲ့ လုပ်ကြတယ်ဆိုတဲ့ သဘောလေးပေါ့။ ကိုယ်တွေလည်း အလှူအတန်းတစ်ခု ဖြစ်တယ်၊ ကလေးတွေလည်း ပညာတတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ကျနော် စ လိုက်တာ။
မေး။ ။ အကိုတို့ ဒီအဖွဲ့လေးကို စ လိုက်တဲ့ အချိန်မှာ သူငယ်ချင်း ဘယ်နှစ်ယောက်လောက် ရှိလဲ။
သီ။ ။ ၅ ယောက်၊ ၆ ယောက်လောက်နဲ့တင် စ ဖြစ်တာ။
မေး။ ။ အခုကျတော့ ဘယ်နှစ်ယောက်လောက်အထိ ဖြစ်လာလဲ။
သီ။ ။ အခုကျတော့ အမြဲတမ်း အဖွဲ့ဝင် ၊ အမာခံပေါ့နော်၊ အနည်းဆုံး အယောက် ၆၀ လောက်ရှိပါတယ်။ အယောက် ၆၀ ဆိုတာမှာ ကျနော်တို့ နီးစပ်တဲ့ သူငယ်ချင်းတွေ ရှိတယ်။ နယ်မှာ ရောက်နေတဲ့ သူငယ်ချင်းတွေ ရှိတယ်။ သူတို့က လကုန်ရင် ပြောပါ။ ဖုန်းဆက်ပါ။ အင်တာနက်နဲ့လည်း ပြောပေးပါ။ ဘဏ်အကောင့်ကပဲဖြစ်ဖြစ်၊ လူကိုယ်တိုင် တွေ့သည်ပဲဖြစ်ဖြစ်၊ ကျနော်တို့ ပိုက်ဆံ တစ်သောင်းပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်တဲ့နည်းနဲ့ ကျနော်တို့ ပို့ပါမယ်၊ ကျနော်တို့ ထောက်ပံ့ပါ့မယ်ဆိုတဲ့ ပုံစံမျိုးလေးတွေနဲ့ပေါ့။ သိတဲ့ သူငယ်ချင်းတွေရော၊ သူငယ်ချင်းတွေနဲ့ ပါတ်သက်တဲ့ သူငယ်ချင်းတွေရောပေါ့။ ဆင့်ကဲဆင့်ကဲ့တွေ ကျနော်တို့တွေအနေနဲ့ အဆက်အသွယ်တွေ ရလာတာပေါ့။
မေး = အလှူငွေ ကောက်ခံရတဲ့ အတွေ့အကြုံလေး နဲနဲ ပြောပြပါလား။
သီ = ပထမဆုံး စ လှူမယ်လို့ သူငယ်ချင်းတွေ စ ပြီး ဆင့်ပွားလုပ်တဲ့ အချိန်မှာ အနည်းဆုံး မတက်ဘူးဆိုရင် ၀မ်ငွေအနေနဲ့ တော်တော်များများ တက်တယ်အကို။ အဲဒီအထဲမှာမှ တစ်ကယ်တမ်း စဉ်လိုက်တာ လူအယောက် ၁၅၀ ကျော်သွားတယ် အကို။ လူတစ်ယောက် တစ်သောင်းနှုန်း မဟုတ်ဘူးနော်။ အဲဒီထဲမှာ သုံးသောင်းထည့်တယ်၊ ငါးသောင်း ထည့်တယ်၊ နှစ်သောင်းထည့်တယ်။ အဲဒီလို လူတွေ အများကြီးပေါ့။ အဲဒီလို အလှူရှင်စာရင်းတွေကို ကျနော်တို့ အဖြူရောင်မေတ္တာလူငယ်များ ၀ဘ်ဆိုဒ်ထဲမှာ သေချာ မှတ်တမ်းတင်ပေးထားတာပေါ့နော်။ ဒါကတော့ ကျနော်တို့ လက်တန်း ပြောလို့ကတော့ မရဘူး။ စာရင်းထဲမှာကတော့ အတိအကျပဲ။
ဒါပေမယ့် တစ်ခု စိုးရိမ်တာက သူငယ်ချင်းတွေကို အချိန်မီ အလှူငွေမကောက်နိုင်တာ တစ်ခုတော့ စိုးရိမ်တာပေါ့နော်။ မကောက်နိုင်ဘူးဆိုပေမယ့် သူငယ်ချင်းတွေကတော့ ထည့်မယ်လို့ အာမဘန္တေ ခံသွားပြီးပေမယ့် သူငယ်ချင်းဆီက ပိုက်ဆံ မရောက်လာတဲ့ အပိုင်း၊ ပိုက်ဆံ စောင့်ရတဲ့ အပိုင်းတော့ ပါတယ်။
မေး။ ။ ဘယ်မှာ စပြီး လှူဖြစ်ခဲ့လဲ။ အခု လက်ရှိကော ဘယ်မှာ လှူနေလဲ။
သီ။ ။ တစ်ကယ်တမ်း စ လှူဖြစ်တာကတော့ ကျနော်တို့ မြောက်ဒဂုံက ပင်လယ်ဘူး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးကို စ ပြီးတော့ ကျနော်တို့ လှူဖြစ်တယ်။ ကျနော်တို့ အရင့်အရင် သူငယ်ချင်းတွေလည်း ရှိတယ်ဆိုတော့၊ မြန်မာပြည် ပြန်ရောက်သွားတဲ့ သူငယ်ချင်းတွေလည်း ရှိတယ်ဆိုတော့၊ သူငယ်ချင်းတွေကို ဒီပိုက်ဆံတွေ လှမ်းပို့မယ်။ ပို့မယ်ဆိုတာက ကျနော်တို့ ဒီအတိုင်း လက်လွတ်စပယ် ပို့လို့တော့ မရဘူးပေါ့နော်။ ဟို… ကျနော်တို့တွေ လှူချင်တယ်၊ တန်းချင်တယ်။ လှူမယ့်နေရာ၊ လှူမယ့် ဘုန်းတော်ကြီးသင် စာသင်ကျောင်း၊ ဒီ ဘုန်းတော်ကြီးသင် စာသင်ကျောင်းက ကလေးတွေရဲ့ ပညာရေး အနေအထား၊ ကျနော်တို့ သူငယ်တန်းကနေ လေးတန်းပေါ့။ သူငယ်တန်းကနေ လေးတန်းမှာမှ ကျောင်းသား ဘယ်နှစ်ယောက်စီ ရှိနိုင်မလဲ။ ကျနော်တို့ လှူမယ့် အလှူမှာ ဘာလှူမယ်၊ ဘာကျွေးမယ်။ ဟိုဘက်မှာ မြန်မာပြည်ဘက်အခြမ်းက ၀ိုင်းလုပ်ပေးမယ့် သူငယ်ချင်းတွေကရော စိတ်ပါလက်ပါ ကူညီနိုင်ပါ့မလား။ ဒီအချက်တွေပါ အများကြီး စဉ်းစားရတဲ့ အပိုင်းတွေပါ ဖြစ်လာတယ်။ ပြီးတော့ မြန်မာပြည်ဘက် အခြမ်းကရော အလှူကို ကျနော်တို့ ကိုယ်စား တစ်ဆင့် လှူပေးမယ့် သူငယ်ချင်းတွေကရော စိတ်ချရမှု ရှိပါ့မလား။ အဲဒါမျိုးတွေပါ ထည့်တွက်ရတာပေါ့။
(အပိုင်း ၂ ကို နောက်ရက်များမှာ ဆက်လက် ဖတ်ရှုပါ...)
Wednesday, April 13, 2011
ဓမ္မဒူတ (ကိုရီးယား) အခမဲ့ဆေးကုသမှုအစီအစဉ် နှစ်သစ်ကူး နားမည်မဟုတ်
ဓမ္မဒူတ(ကိုရီးယား)နှင့် ကိုရီးယားတိုင်းရင်းသမားတော်များအဖွဲ့ ၊ အပ်စိုက်ကုပညာရှင်များအသင်း(정침학회) တို့၏ ညှိနှိုင်းချက်အရ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ၊ လာမည့် တနင်္ဂနွေ မြန်မာနှစ်သစ်ကူးနေ့တွင်တွင်လည်း အနားယူမည်မဟုတ်ပဲ ဆက်လက်ကုသပေးမည်ဖြစ်ကြောင်း သိရသည် ။
လွန်ခဲ့သော တနင်္ဂနွေနေ့ ပထမဆုံးအကြိမ် ကုသမှုအစီအစဉ်တွင် မြန်မာ ၂၇ ဦး ကုသမှုခံယူခဲ့ကြပြီး ၊ အစီအစဉ်အပြီး ဆေးဝါးကုမှုအဖွဲ့ အဖွဲ့ခေါင်းဆောင် ဆယ်ဒယ်မြောင် ကိုရီးယားတိုင်းရင်းဆေးရုံ (새대명한의원) ဆေးရုံအုပ်ကြီး မစ္စတာ ယူမြောင်ဆောက် (유명석) နှင့် ဆေးကုသမှုခံယူခဲ့သူတစ်ဦးဖြစ်သည့် ကိုမြင့်ကျော်တို့ကို အင်တာဗျူးပြုလုပ်ရာ -
(ဆယ်ဒယ်မြောင် ကိုရီးယားတိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီး မစ္စတာ ယူမြောင်ဆောက်)အခုလို ကျနော်တို့ တတ်သိထားတဲ့ပညာနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို အခမဲ့ကုသပေးခွင့်ရတဲ့အတွက် တော်တော်လေး စိတ်ကျေနပ်မှုရပါတယ် ။ ပြောချင်တာ ၂ ခုလောက်ရှိပါတယ် ။ ပေါင်းစပ်ညှိနှိုင်းပေးတဲ့ ရွှေ့ပြောင်းသူများအသံလွင့်ဌာန (MWTV) နှင့် လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးတဲ့ ဓမ္မဒူတအဖွဲ့တို့ကို ကျေးဇူးအလွန်တင်ပါတယ် ။ အဲလာမယ့် အပတ်က မြန်မာလိုနှစ်ကူးဆိုပေမယ့် ၊ ကျနော်တို့ရပ်နားဖို့ အစီအစဉ်မရှိပါဘူး ။ နောက်အပတ်မှာတော့ ဂမ်ချိုဒန် ကိုရီးယားတိုင်းရင်းဆေးရုံ (감초당한의원) ဆေးရုံအုပ်ကြီးဦးစီးပြီး ဒီနေ့လိုပဲ လာကြပါလိမ့်မယ်ဗျာ ။
ဒီကိုလာပြီး ဆေးကုသမှုခံယူတဲ့ မြန်မာတွေကို ကျနော်တို့လည်း ကျေးဇူးတင်ပါတယ် ။ မြန်မာတွေနှင့် သိကျွမ်းရင်းနှီးခင်မင်ခွင့် ရတယ် ၊ ကျတော်တို့လည်း အတွေ့အကြုံသစ်တွေရပါတယ် ။ နောက်ပြီး ဓမ္မဒူတက ကျွေးတဲ့ မြန်မာထမင်းကလည်း စားလို့အလွန် ကောင်းပါတယ် ။
၎င်း ဇီဝိတဒါန အခမဲ့ ကုသမှု အစီအစဉ်တွင် ကုသမှုခံယူခဲ့သည့် ကိုမြင့်ကျော် နှင့် အင်တာဗျူးပြုလုပ်ခဲ့ရာ -(ကိုမြင့်ကျော် ၊ ဘူချောန်းမြို့ ၊ ဆမ်ဂျောင်းရပ်)
အာ ၊ ကျနော် ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်လို့ ကျောတစ်ခြမ်းနာနေတာ ၆ နှစ်ကျော်ရှိပြီဗျ ။ ကုတာလည်း အတော်လေးကို စုံခဲ့ပါပြီ ။ တယ်ပြီးမထူးလှဘူးဗျ ။ ကျနော် ကျော တစ်ခြမ်းပဲအိပ်လို့ရတယ် ။ ဒီညာဖက်နှင့် စောင်းပြီးအိပ်လို့မရဘူးဖြစ်နေတာ ။ နောက် ညာဖက်လက် အလေးအပင်တွေ မ,လို့မရဘူး ။ ပစ္စည်း တစ်ခုကို ကြာကြာကိုင်ထားလို့မရဘူး ။ လက်မမြဲဘူး ၊ မြဲမြဲကိုင်လို့မရဘူးခင်ဗျာ ။ အဲဒါ ဒီနေ့လာပြီး ပြကြည့်တာပါ ။ မဆိုးဘူးခင်ဗျာ ။ သေသေခြာခြာလုပ်ပေးတယ် ။ ကျနော်အဓိကဖြစ်နေတဲ့နေရာကို သူတို့ရှာလို့တွေ့သွားပြီ ။ ဒီ ကျနော့် ညာဖက်လည်ဂုတ်နားလေးမှာ ဖြစ်နေတာပါ ။ အဲသည်နေရာ နှိပ်လိုက်တော့ လက်မောင်းတစ်ခြမ်းလုံး ၊ ကျော်တစ်ခြမ်းလုံးနာနေတယ်ဗျ ။ အခု ပထမအကြိမ်အပ်စိုက်တာ ။ တော်တော်ပေါ့သွားသက်သာသွားပါတယ် ။ ဖြစ်တာကြာပြီဆိုတော့ ကြာကြာကုရမယ်လို့ပြောပါတယ် ။ နောက်လည်း ကျနော်လာရပါဦးမယ် ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။
အဆိုပါ မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို ဓမ္မဒူတ(ကိုရီးယား)တွင် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ ၅ နာရီထိ ခေါင်းကိုက်ခြင်း ၊ ယားယံခြင်း ၊ မူးဝေခြင်း ၊ ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း ၊ အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ ၊ အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ ကို ဒါနပြု ကုသပေးလျက်ရှိကြောင်း ၊ ထိရောက်စွာကုသပေးနိုင်ရန် အပတ်စဉ် လူနာ (၃၀)ဦး အထိကိုသာ ဦးရာလူ စနစ်ဖြင့် လက်ခံကုသပေးမည်ဖြစ်ကြောင်း ၊ ဆယ်ဒယ်မြောင် ကိုရီးယားတိုင်းရင်းဆေးရုံ (새대명한의원) ၊ ဂမ်ချိုဒန် ကိုရီးယားတိုင်းရင်းဆေးရုံ (감초당한의원) နှင့် ဖြောန်းဟန်မုံ ကိုရီးယားတိုင်းရင်းဆေးရုံ (편한몸 한의원) တို့က လိုအပ်သော ဆေးဝါးများ ၊ ဆေးဝါးကိရိယာများနှင့် သမားတော်များကို ပံ့ပိုးကူညီထားကြောင်း သိရသည် ။









