Tuesday, April 26, 2011

အဖြူရောင်ပန်းများ ပွင့်လန်းစေသူ

(ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ အတွေ့အကြုံ အတွေးအမြင် အချို့ကို စာဖတ်သူတို့နဲ့ အတူ မျှဝေ ဖလှယ်နိုင်ဖို့ “အင်တာဗျူး အစီအစဉ်” တရပ်ကို ဟန်းဂုရွာကနေ အလျဉ်းသင့်သလို စီစဉ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ၀ိုင်းတော်သားတစ်ဦးက တွေ့ဆုံမေးမြန်းထားပြီး လိုအပ်သလို တည်းဖြတ် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ -- သူကြီး)

လွန်ခဲ့တဲ့ ရက်သတ္တပတ်က မြန်မာပြည်သို့ အလည်အပတ် သွားရောက်ပြီး ပြန်လာတဲ့ ကိုရီးယားမိတ်ဆွေ တစ်ဦးကို မြန်မာပြည်ရဲ့ သဘာဝအလှတွေထဲမှာ မှတ်မှတ်ရရ ထူးခြားတာ ပြောပါဆိုရင် ဘာများဖြစ်မလဲလို့ မေးကြည့်မိပါတယ်။ သူက မဆိုင်းမတွဘဲ - တစ်နှစ်ပတ်လုံး ပန်းတွေ ပွင့်တာပါပဲ - တဲ့။ ဟုတ်ပါတယ်။ ကိုရီးယားနိုင်ငံမှာတော့ ရာသီဥတုက ပြင်းထန်ဆိုးရွားလို့ နွေဦးမှာပဲ ပန်းတွေ ပွင့်ကြတာပါ။

အဲဒီလို တစ်နှစ်ပတ်လုံး ပန်းတွေ ပွင့်တဲ့မြေမှာ နေထိုင် ကြီးပြင်းလာကြတဲ့ မြန်မာလူမျိုးတွေရဲ့ နှလုံးသားထဲမှာလည်း အချိန်တိုင်း ပန်းပွင့်နေတာပါပဲ။ နိုင်ငံရေး၊ စီးပွားရေး ရာသီဥတု ဆိုးရွား ပြင်းထန်နေတာကြောင့်သာ ထင်သာမြင်သာ မပွင့်လန်းနိုင်ကြရတာပါ။ အဲဒီ ပန်းကတော့ လူမှုပရဟိတ မေတ္တာပန်းများ ဖြစ်ပါတယ်။

ကိုယ့်နိုင်ငံ၊ ကိုယ့်ရေမြေ၊ ကိုယ့်မိသားစုတွေကို စွန့်ခွာပြီး တိုင်းတစ်ပါးမှာ ရုန်းကန် ရပ်တည်ရတယ် ဆိုတာ တကယ်ကိုပဲ ပင်ပန်းခက်ခဲပါတယ်။ ရာသီဥတုကလည်း ကြမ်းတမ်းလှသလို၊ လူမှုဒုက္ခတွေကလည်း ဆိုးဝါး ပြင်းထန်လှပါတယ်။ ဒီလို အခက်အခဲတွေ ကြားထဲကနေ လူတွေရဲ့ နှလုံးသားထဲမှာ ပရဟိတ မေတ္တာပန်းများ လန်းလန်းစွင့်စွင့် ဖူးပွင့်စေသူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့ အဖြူရောင်မေတ္တာ လူငယ်များ (ကိုရီးယား)ရဲ့ ဦးဆောင် လှုပ်ရှားသူတစ်ဦး ဖြစ်သူ “ကိုသီဟန်”ပဲ ဖြစ်ပါတယ်။

မေး။ ။ အကိုတို့ အဖြူရောင်မေတ္တာ လူငယ်များအဖွဲ့လေး မဖွဲ့ဖြစ်ခင်က အကိုတို့ရဲ့ ခံစားချက်ကလေးကို တဆိတ်လောက် ပြောပြပေးပါလား။

သီ။ ။ ကျနော်တို့ အင်တာနက်ထဲမှာ ဖွင့်ကြည့်လိုက်ရင်ပဲ စားရမဲ့ သောက်ရမဲ့ ကလေးတွေ၊ အမှိုက်ကောက်နေရတဲ့ ကလေးတွေ၊ တောင်းရမ်းစားသောက်နေရတဲ့ ကလေးတွေ၊ အရွယ်နဲ့ မလိုက်အောင် ပင်ပင်ပန်းပန်း လုပ်နေကြရတဲ့ ကလေးတွေ၊ ပညာသင်ရမယ့် အချိန်မှာ ပညာမသင်နိုင်တဲ့ ကလေးတွေပေါ့။ ပြန်ကြည့်လိုက်မယ်ဆိုရင် မိဘရဲ့ စားဝတ်နေရေး အဆင်မပြေတော့ စာသင်ခန်းထဲ သွားရမယ့်အချိန်မှာ လမ်းမတွေပေါ် ရောက်နေကြရတဲ့ ကလေးတွေပေါ့။ ကျနော်တို့ အခု နိုင်ငံခြားကို အလုပ်လုပ်ဖို့ ထွက်လာရတယ်။ ကိုယ့်မှာ ၀င်ငွေလေး ရှိလာတဲ့အခါကျတော့ အရင်ဆုံး သွားသတိရတာက အဲဒီလို ခက်ခက်ခဲခဲ ပညာသင်နေကြရတဲ့ ကလေးတွေပေါ့။

တစ်ချို့ဆို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလို နေရာမျိုးမှာတောင်မှပဲ ပညာမသင်နိုင်ကြဘူး။ အဲဒီလိုမျိုးတောင် ပညာမသင်နိုင်တဲ့ ကလေးတွေ ရှိလာတဲ့ အခါကျတော့ အဲဒီလို ကလေးတွေ ပညာမတတ်ဘဲ ကြီးပြင်းလာရင် ဘာဖြစ်လာနိုင်မလဲပေါ့။ ပိုက်ဆံရှိတဲ့သူတွေ ခိုင်းတာ လုပ်ရမယ်ပေါ့။ နောက်ပြီး ပေါက်လွတ်ပဲစားလေးတွေ၊ ကလေကချေလေးတွေ ဖြစ်လာနိုင်တယ်ပေါ့။ ဒီထက်ဆိုးလာရင် သူခိုး၊ ခါးပိုက်နှိုက်တွေပေါ့။

အဲဒီတော့ ဘာကြောင့် အဲဒါမျိုးတွေ ဖြစ်လာသလဲ။ ကျနော်တို့အနေနဲ့ ဟိုဟာ ဒီဟာတွေ သွားပြီး အပြစ်တင်နေတာထက် ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲဆိုတာ စဉ်းစားမိတာပေါ့။ ကျနော်တို့အနေနဲ့ ဒီလိုကလေးလေးတွေကို လုပ်ပေးနိုင်သလောက် စာနာစိတ်နဲ့ လုပ်ပေးသွားမယ်ဆိုရင် ဒါမျိုး အနေအထားတွေ နည်းပါးသွားမယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့။

ကိုယ့်နိုင်ငံရဲ့ ချို့ယွင်းချက်တစ်ခုကို ဖြည့်ပေးသွားမယ်ဆိုတဲ့ အနေနဲ့ပေါ့။ ဒါမျိုးပဲ တွေးပြီးတော့ ကိုယ့်နိုင်ငံအပေါ်မှာ ချစ်တဲ့စိတ်၊ ကိုယ့်လူမျိုးအပေါ်မှာ ချစ်တဲ့စိတ်က အဓိကပဲပေါ့နော်။ အဲဒီလို ခံစားချက်မျိုးလေးနဲ့ ကိုယ်နိုင်ငံအတွက် ကိုယ်တတ်နိုင်တဲ့ တဒေါင့်တနေရာကနေ လုပ်ပေးမယ်ဆိုတဲ့ ခံစားချက်မျိုးလေးတွေနဲ့ စုစည်းဖြစ်ခဲ့တာပါ။

မေး။ ။ ကိုသီဟန် ကိုရီးယားကို ဘယ်တုန်းက ရောက်တာလဲ။


သီ။ ။ ကျနော်ရောက်တာ ၂၀၀၆ ခုနှစ် ၈ လပိုင်းလောက်က ရောက်ပါတယ်။

မေး။ ။ အခု ကိုရီးယားကို ရောက်လာကြတဲ့ မြန်မာလူငယ်တွေ တော်တော်များများက လစာများတဲ့နေရာ၊ လစာအများကြီး ထွက်တဲ့နေရာပေါ့နော်၊ အဲဒီလို နေရာမျိုးတွေကို လိုက်ကြတယ်။ လစာ အများကြီး လိုချင်တော့ သူတို့ အလုပ်တွေ အများကြီး လုပ်ရတယ်။ အဲဒီ အထဲမှာမှ အကိုတို့ စက်ရုံဆို လစာ နည်းတယ်ပေါ့နော်။ အဲဒီလိုမျိုး လစာနည်းပေမယ့် လစာများတဲ့ နေရာကို မရှာဘဲ အခုလို ပရဟိတလုပ်ငန်းလေးတွေ ဘာကြောင့် လုပ်ဖြစ်တယ်ဆိုတာ ပြောပြပေးပါလား။

သီ။ ။ ကျနော်တို့ အလုပ်က အခြေခံလစာနဲ့ အချိန်ပိုနဲ့ တွက်ရင် ဘယ်လောက်မှ မရှိပါဘူး။ အလွန်ဆုံး ၀မ် ၁၀ သိန်း၊ ၁၁ သိန်း။ အဲဒီလောက်ပဲ ရှိတာပါ။ ပြီးတော့ စနေက ပျောက်သေးတယ်။ စနေပျောက်တော့ စနေကလည်း သိတဲ့အတိုင်းပဲ။ အလုပ်မရှိ။ တနင်္ဂနွေကလည်း အလုပ်ကမရှိ။ အလုပ်မရှိတဲ့ရက် ပိုက်ဆံမရဘူးဆိုတော့ အဲဒီ အချိန်တွေက ပိုနေတာပေါ့။ ဘာပဲပြောပြောလေ။ ကိုယ်ဒီမှာ ရှိနေတဲ့ အချိန်လေးမှာတော့ ပိုက်ဆံတော့ မြင်ချင်တာပေါ့လေ။ မြန်မာပြည်မှာ ရှိနေတဲ့ အချိန်ဆိုရင်တော့ ပိုက်ဆံက ဘယ်ကနေဘယ်လို ရှာရမှန်းမှ မသိတာ။ ကိုယ့်ဗိုက်ကိုယ်ဖြည့်ဖို့ဆိုတာက ကိုယ်ပဲ စဉ်းစားနေရတာကိုး။

အခု ဒီမှာကျတော့ အချိန်လေးလည်း ပိုမယ်ဆိုတော့ ကိုယ့်နိုင်ငံမှာ ရှိတဲ့ ကလေးတွေအတွက် ကိုယ်လုပ်နိုင်တဲ့ အချိန်လေးမှာ ကိုယ်လုပ်ပေးရတာ အဆင်ပိုပြေတာပေါ့။ ကလေးတွေလည်း ပညာသင်နိုင်မယ်၊ ကိုယ်တွေလည်း အလုပ်အားတဲ့ အချိန်လေးမှာ အဲဒီလိုမျိုး ကလေးတွေအတွက် ပံ့ပိုးပေးနိုင်မယ်ဆိုတော့ ကိုယ်လည်း ပီတိဖြစ်စရာတစ်ခုတော့ ရှိတာပေါ့။ အဲဒါမျိုးလေးနဲ့ လုပ်ဖြစ်ခဲ့တာပါ။

မေး။ ။ အခု အကိုတို့ ဒီ အဖြူရောင်မေတ္တာလူငယ်များအဖွဲ့ကို ဖွဲ့ဖို့ စိတ်ကူးလေးက ဘယ်တုန်းက၊ ဘယ်အချိန်လောက်က စ ရတာလဲဆိုတာလေး ပြောပြပါလား။

သီ။ ။ ကျနော် ဒီစိတ်ကူးလေးကို ရတာကတော့ ကြာပြီပေါ့နော်။ လက်တွေ့အကောင်အထည် မဖော်ဖြစ်သေးတာပေါ့။ အကောင်အထည် မဖော်ဖြစ်ဘူးဆိုတာက ကျနော်တို့ အလုပ်လုပ်နေတဲ့ အနေအထားမှာ အလုပ်မအားတဲ့ အပိုင်းတွေလည်း ပါတယ်။ ကိုယ်တစ်ယောက်တည်း လုပ်ရမယ့် အပိုင်းတွေ မဟုတ်ဘူးလေ။ ဒါက အကုန်လုံး သူငယ်ချင်းတွေ စုပြီးတော့ ၀ိုင်းလုပ်ကြမယ်ဆိုတဲ့ဟာလေး ကျနော်တို့အနေနဲ့ စ ပြီးတော့ ဖုန်းတွေနဲ့ ပြောတယ်၊ မေးလ်တွေနဲ့ ကျနော်တို့ စကားပြောတယ်၊ ကျနော် ၀ဘ်ဆိုဒ်ပေါ်မှာ ဖတ်ကြည့်တယ်။ လုပ်နိုင်ဖို့ အင်အား၊ စိတ်ကူးစိတ်သန်း ရှိပေမယ့်၊ ကျနော့်နောက်မှာ ကျနော်တို့ သူငယ်ချင်းတွေရော စိတ်တူကိုယ်တူ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ အများကြီး ပါတာပေါ့နော်။

ကျနော်တို့ ဒီလိုပဲ ကော်ဖီဆိုင်လေးမှာ ထိုင်ရင်းနဲ့ပဲ သူငယ်ချင်းတွေ စုမိကြတာပေါ့။ စုမိကြရင်းနဲ့ ကျနော်တို့ သူငယ်ချင်းတွေ ပြောကြတယ်။ ငါတို့တွေ တစ်ယောက် တစ်သောင်းစီ စုပြီးတော့ မြန်မာပြည်က ကလေးတွေအတွက် အလှူအတန်းလေး တစ်ခု လုပ်ရင် မကောင်းဘူးလားဆိုတဲ့ စကားလေးနဲ့ စ ခဲ့လိုက်တာ။

စ ခဲ့လိုက်တော့၊ ဒီ စ လိုက်တဲ့ အချိန်လေးကလည်း မတ်လ ၁၄ ရက် မတိုင်ခင် အချိန်လေးပေါ့။ စဖြစ်လိုက်တော့ ကျနော်တို့တွေက အခု ဒီနိုင်ငံခြားမှာ ရောက်နေတယ်ဆိုတော့ ကိုယ့်ဝဘ်ဆိုဒ်လေးနဲ့ ကိုယ်ဖွင့်ပြီးတော့ လုပ်ကြရင် မကောင်းဘူးလားပေါ့။ နည်းနည်းလည်း လူ စိတ်ဝင်စားမှုရှိလာမယ်ပေါ့။ လူတွေက နည်းပညာခေတ်မှာ နည်းပညာနဲ့ လုပ်ကြတယ်ဆိုတဲ့ သဘောလေးပေါ့။ ကိုယ်တွေလည်း အလှူအတန်းတစ်ခု ဖြစ်တယ်၊ ကလေးတွေလည်း ပညာတတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ကျနော် စ လိုက်တာ။

မေး။ ။ အကိုတို့ ဒီအဖွဲ့လေးကို စ လိုက်တဲ့ အချိန်မှာ သူငယ်ချင်း ဘယ်နှစ်ယောက်လောက် ရှိလဲ။

သီ။ ။ ၅ ယောက်၊ ၆ ယောက်လောက်နဲ့တင် စ ဖြစ်တာ။

မေး။ ။ အခုကျတော့ ဘယ်နှစ်ယောက်လောက်အထိ ဖြစ်လာလဲ။

သီ။ ။ အခုကျတော့ အမြဲတမ်း အဖွဲ့ဝင် ၊ အမာခံပေါ့နော်၊ အနည်းဆုံး အယောက် ၆၀ လောက်ရှိပါတယ်။ အယောက် ၆၀ ဆိုတာမှာ ကျနော်တို့ နီးစပ်တဲ့ သူငယ်ချင်းတွေ ရှိတယ်။ နယ်မှာ ရောက်နေတဲ့ သူငယ်ချင်းတွေ ရှိတယ်။ သူတို့က လကုန်ရင် ပြောပါ။ ဖုန်းဆက်ပါ။ အင်တာနက်နဲ့လည်း ပြောပေးပါ။ ဘဏ်အကောင့်ကပဲဖြစ်ဖြစ်၊ လူကိုယ်တိုင် တွေ့သည်ပဲဖြစ်ဖြစ်၊ ကျနော်တို့ ပိုက်ဆံ တစ်သောင်းပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်တဲ့နည်းနဲ့ ကျနော်တို့ ပို့ပါမယ်၊ ကျနော်တို့ ထောက်ပံ့ပါ့မယ်ဆိုတဲ့ ပုံစံမျိုးလေးတွေနဲ့ပေါ့။ သိတဲ့ သူငယ်ချင်းတွေရော၊ သူငယ်ချင်းတွေနဲ့ ပါတ်သက်တဲ့ သူငယ်ချင်းတွေရောပေါ့။ ဆင့်ကဲဆင့်ကဲ့တွေ ကျနော်တို့တွေအနေနဲ့ အဆက်အသွယ်တွေ ရလာတာပေါ့။

မေး = အလှူငွေ ကောက်ခံရတဲ့ အတွေ့အကြုံလေး နဲနဲ ပြောပြပါလား။

သီ = ပထမဆုံး စ လှူမယ်လို့ သူငယ်ချင်းတွေ စ ပြီး ဆင့်ပွားလုပ်တဲ့ အချိန်မှာ အနည်းဆုံး မတက်ဘူးဆိုရင် ၀မ်ငွေအနေနဲ့ တော်တော်များများ တက်တယ်အကို။ အဲဒီအထဲမှာမှ တစ်ကယ်တမ်း စဉ်လိုက်တာ လူအယောက် ၁၅၀ ကျော်သွားတယ် အကို။ လူတစ်ယောက် တစ်သောင်းနှုန်း မဟုတ်ဘူးနော်။ အဲဒီထဲမှာ သုံးသောင်းထည့်တယ်၊ ငါးသောင်း ထည့်တယ်၊ နှစ်သောင်းထည့်တယ်။ အဲဒီလို လူတွေ အများကြီးပေါ့။ အဲဒီလို အလှူရှင်စာရင်းတွေကို ကျနော်တို့ အဖြူရောင်မေတ္တာလူငယ်များ ၀ဘ်ဆိုဒ်ထဲမှာ သေချာ မှတ်တမ်းတင်ပေးထားတာပေါ့နော်။ ဒါကတော့ ကျနော်တို့ လက်တန်း ပြောလို့ကတော့ မရဘူး။ စာရင်းထဲမှာကတော့ အတိအကျပဲ။

ဒါပေမယ့် တစ်ခု စိုးရိမ်တာက သူငယ်ချင်းတွေကို အချိန်မီ အလှူငွေမကောက်နိုင်တာ တစ်ခုတော့ စိုးရိမ်တာပေါ့နော်။ မကောက်နိုင်ဘူးဆိုပေမယ့် သူငယ်ချင်းတွေကတော့ ထည့်မယ်လို့ အာမဘန္တေ ခံသွားပြီးပေမယ့် သူငယ်ချင်းဆီက ပိုက်ဆံ မရောက်လာတဲ့ အပိုင်း၊ ပိုက်ဆံ စောင့်ရတဲ့ အပိုင်းတော့ ပါတယ်။


မေး။  ။ ဘယ်မှာ စပြီး လှူဖြစ်ခဲ့လဲ။ အခု လက်ရှိကော ဘယ်မှာ လှူနေလဲ။


သီ။  ။ တစ်ကယ်တမ်း စ လှူဖြစ်တာကတော့ ကျနော်တို့ မြောက်ဒဂုံက ပင်လယ်ဘူး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေးကို စ ပြီးတော့ ကျနော်တို့ လှူဖြစ်တယ်။ ကျနော်တို့ အရင့်အရင် သူငယ်ချင်းတွေလည်း ရှိတယ်ဆိုတော့၊ မြန်မာပြည် ပြန်ရောက်သွားတဲ့ သူငယ်ချင်းတွေလည်း ရှိတယ်ဆိုတော့၊ သူငယ်ချင်းတွေကို ဒီပိုက်ဆံတွေ လှမ်းပို့မယ်။ ပို့မယ်ဆိုတာက ကျနော်တို့ ဒီအတိုင်း လက်လွတ်စပယ် ပို့လို့တော့ မရဘူးပေါ့နော်။ ဟို… ကျနော်တို့တွေ လှူချင်တယ်၊ တန်းချင်တယ်။ လှူမယ့်နေရာ၊ လှူမယ့် ဘုန်းတော်ကြီးသင် စာသင်ကျောင်း၊ ဒီ ဘုန်းတော်ကြီးသင် စာသင်ကျောင်းက ကလေးတွေရဲ့ ပညာရေး အနေအထား၊ ကျနော်တို့ သူငယ်တန်းကနေ လေးတန်းပေါ့။ သူငယ်တန်းကနေ လေးတန်းမှာမှ ကျောင်းသား ဘယ်နှစ်ယောက်စီ ရှိနိုင်မလဲ။ ကျနော်တို့ လှူမယ့် အလှူမှာ ဘာလှူမယ်၊ ဘာကျွေးမယ်။ ဟိုဘက်မှာ မြန်မာပြည်ဘက်အခြမ်းက ၀ိုင်းလုပ်ပေးမယ့် သူငယ်ချင်းတွေကရော စိတ်ပါလက်ပါ ကူညီနိုင်ပါ့မလား။ ဒီအချက်တွေပါ အများကြီး စဉ်းစားရတဲ့ အပိုင်းတွေပါ ဖြစ်လာတယ်။ ပြီးတော့ မြန်မာပြည်ဘက် အခြမ်းကရော အလှူကို ကျနော်တို့ ကိုယ်စား တစ်ဆင့် လှူပေးမယ့် သူငယ်ချင်းတွေကရော စိတ်ချရမှု ရှိပါ့မလား။ အဲဒါမျိုးတွေပါ ထည့်တွက်ရတာပေါ့။

(အပိုင်း ၂ ကို နောက်ရက်များမှာ ဆက်လက် ဖတ်ရှုပါ...)

No comments: