Thursday, September 12, 2013
ကွမ်း လိုဂိုနဲ့ ကာတွန်း ရယူနိုင်ပြီ
http://www.mediafire.com/folder/f55r9965o97ds/Designs
Monday, September 9, 2013
ကွမ်းကမ်ပိန်း လှုပ်ရှားမှု ပုံရိပ်အချို့
စက်တင်ဘာ ၁ ရက်နေ့က ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ကွမ်းတံတွေး မညစ်ပတ်ရေးနဲ့ ကွမ်းစားသုံးမှု လျှော့ချရေး ကမ်ပိန်းရဲ့ ပုံရိပ်တချို့ ဖြစ်ပါတယ်။ လမ်းပေါ်က မြင်မကောင်းတဲ့ ကွမ်းသွေးတွေကို ဆေးကြော၊ စတေကာတွေ ကပ်၊ လက်ကမ်းစာရွက်တွေ ဝေ၊ ပြီးတော့ ပညာပေး ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပါတယ်။ နောက်တကြိမ်ကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ဆက်လက်ပြုလုပ်မှာ ဖြစ်ပါတယ်။
Friday, September 6, 2013
သန့်ရှင်းမှုဖြင့် ဂုဏ်ယူပါ၊ အမျိုးသားရေးမို့ ဆင်ခြင်ပါ
စက်တင်ဘာ ၁ ရက်နေ့က ဘူဖျောင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ `ကွမ်းကမ်ပိန်း´ နဲ့ ပတ်သက်လို့ မေးဖြေခန်း ရုပ်သံဖြစ်ပါတယ်။
Monday, September 2, 2013
ကွမ်းတံတွေး မညစ်ပတ်ဖို့ ကွမ်းကမ်ပိန်း ပြုလုပ်
(နံရံပေါ်က ကွမ်းသွေးများကို ဆေးကြောနေစဉ်)
ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့တွင် မြန်မာတို့ စားသုံးသည့် ကွမ်းတံတွေးများ မညစ်ပတ်စေရေးနှင့် ကွမ်းစားသုံးမှု လျော့ချရေးအတွက် ပညာပေးလှုံ့ဆော်သည့် ကွမ်းကမ်ပိန်းကို ယနေ့ နံနက်ပိုင်းက စတင်ပြုလုပ်ပါသည်။
မြန်မာစင်တာက ကမကထပြု၍ မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်သည့် ကွမ်းကမ်ပိန်း ပြုလုပ်ရာတွင် မြန်မာများ ကျင်လည်ရာ ၀န်းကျင်ရှိ ညစ်ပတ်နေသော ကွမ်းသွေးများကို ဆေးကြောခြင်း၊ လူမြင်ကွင်းများတွင် ပိုစတာ စတေကာများ ကပ်ခြင်း၊ လက်ကမ်းစာရွက် ဝေခြင်းတို့ကို လူအင်အား ၄၀ ခန့်ဖြင့် ဆောင်ရွက်ကြပါသည်။
“မြန်မာတွေ ကွမ်းစားတာကို အပြစ်မပြောလိုပေမဲ့ စည်းကမ်းမရှိ ကွမ်းသွေး ထွေးတာကတော့ အတော်ဆိုးပါတယ်။ ကွမ်းက မြန်မာတွေပဲစားတာ ဆိုတော့ ပြောစရာဖြစ်တာပေါ့”ဟု အင်ချွန်းမြို့မှာ နေသူတဦးက ပြောပါသည်။

ဘူဖျောင်းမြို့တွင် မြန်မာစားသောက်ဆိုင် ၁၇ ဆိုင် ရှိသည့်အနက် ကွမ်းရောင်းသည့်ဆိုင် ၅ ဆိုင်ခန့် ရှိသည်။ ယာပီးသား ကွမ်း ၈ ယာခန့်ပါသည့် အထုပ်လိုက် ရောင်းတာလည်း ရှိသလို၊ မယာရသေးသည့် အမယ်စုံပါသည့် ကွမ်းအထုပ်လိုက် ရောင်းတာလည်း ရှိသည်။
ကွမ်းယာကို သွားရင်းလာရင်း အလွယ်တကူ စားပြီး၊ ကွမ်းသွေးကို အလွယ်တကူ ထွေးကြသည့်အတွက် သစ်ပင်ရင်း၊ မြောင်းပေါက်ဝနှင့် ချောင်ဖြစ်သည့် နေရာများတွင် ကွမ်းသွေး နီရဲရဲ အကွက်များ အများဆုံး ဖြစ်သည်။ လမ်းတလျှောက် နီရဲနေတတ်သဖြင့် ဘူဖျောင်းစာတိုက်ဘေးလမ်းကို “လမ်းနီလေး”ဟုပင် မြန်မာတွေက ခေါ်ဝေါ်ကြသည်အထိ ဖြစ်သည်။
(ကွမ်းကမ်ပိန်း စတင်ထွက်ခွာခါနီး မြန်မာစင်တာရှေ့)
“လုပ်သင့်တယ်။ ဒါကို ကိုရီးယားမှာတင် မကဘူး၊ မြန်မာပြည်မှာလည်း လုပ်သင့်တယ်။ အခြား မြန်မာတွေ ရှိတဲ့ နိုင်ငံတွေမှာလည်း လုပ်သင့်တယ်။ ဒီကွမ်းက အတော်ကို အရုပ်ဆိုးတဲ့အပြင် ကျန်းမာရေးနဲ့လည်း မသင့်လျော်ဘူး။ ဒါကြီးကို အားလုံး ပြုပင်သင့်ပြီ”ဟု ဘူဖျောင်းမြို့ မြန်မာ့ဗုဒ္ဓသာသနာပြုကျောင်းမှာ ဝေါဆရာတော်က မိန့်ပါသည်။
“ဘုန်းကြီးတို့ ကျောင်းမှာလည်း အမြဲပြောဆိုနေရတယ်။ ဆေးကြောနေရတယ်။ အားလုံး အသိကလေးနဲ့ ဆင်ခြင်သင့်တယ်”ဟု ဆရာတော်က ဆက်လက်မိန့်ဆိုပါသည်။
(ပိုစတာ တခု)
ယနေ့လုပ်သည့် ကွမ်းကမ်ပိန်းတွင် ဘူဖျောင်းမြို့ ဘူတာမြောက်ဘက်ခြမ်းကို အဓိကထား၍ နံနက်ပိုင်း၊ ညနေပိုင်း ၂ ချိန်ခွဲ ပြုလုပ်ရာ ကွမ်းသွေးကွက်များ အကုန်အစင်နီးပါး သန့်ရှင်းနိုင်ပြီး၊ လက်ကမ်းစာရွက် ၂၀၀၀ ကျော် ဝေငှနိုင်ခဲ့သည်။
“တချို့က စာရွက်ပေးတာကို မယူဘူး။ ကျနော် ကွမ်းမစားဘူးဗျ လို့ ပြန်ပြောတယ်။ ကိုယ်ကွမ်းမစားတာနဲ့ ဒီကိစ္စ ငါနဲ့မဆိုင်ဘူးလို့ လုပ်တာကတော့ မဖြစ်သင့်ဘူးထင်တယ်။ အခု ကမ်ပိန်းလိုက်လုပ်နေတဲ့ သူတွေက ကွမ်းစားနေသူတွေမှ မဟုတ်တာ။ ဒါဟာ အားလုံးနဲ့ ဆိုင်တယ်။ ကိုယ် မလုပ်ပေမဲ့ ကိုယ့်ပတ်ဝန်းကျင် ဖြစ်ပျက်နေတာကို ၀ိုင်းဝန်းဟန့်တားဖို့ ပြုပြင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်တယ်”ဟု ကမ်ပိန်းတွင် ပါဝင်သည့် ကိုဇေယျာအောင်က ပြောပါသည်။
ဒုတိယအကြိမ် လှုပ်ရှားမှုကို ကောက်သစ်စားပွဲတော် (ချုဆော့ပိတ်ရက်) စက်တင်ဘာ ၁၉ တွင် ဘူဖျောင်းမြို့နှင့် ပူချွန်းမြို့များ၌ ပြုလုပ်သွားမည်ဖြစ်သည်။
ကွမ်းကမ်ပိန်းကို ကျန်းမာရေးဆိုင်ရာ ပညာပေးမှုနှင့် ကွမ်းစားသုံးမှု လျှော့ချနိုင်ဖို့ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။
Wednesday, August 28, 2013
ကွမ်းတံတွေး မြင်ရင် ရှက်ပါ
ကိုရီးယားရောက် မြန်မာတို့ ကျင်လည်ရာ ပတ်ဝန်းကျင်မှာ ကွမ်းတံတွေးများဖြင့် ညစ်ပတ်မနေစေရန် အသိပညာပေး ပြုပြင်မယ့် `ကွမ်းကမ်ပိန်း´ကို မြန်မာစင်တာက ကမကထပြု၍ အများစုပေါင်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
အစီအစဉ်
နေ့ရက် = ၂၀၁၃ စက်တင်ဘာ ၁ (တနင်္ဂနွေနေ့)
နေရာ = ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့
အချိန် = နံနက်ပိုင်း - နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ
ညနေပိုင်း - ညနေ ၄ နာရီမှ ၆ နာရီအထိ
ဘာတွေလုပ်မလဲ
- လမ်း၊ ပလက်ဖောင်း၊ သစ်ပင်၊ နံရံ စတာတွေမှာ ကွမ်းသွေးပေကျံနေတာတွေကို ဆေးကြောမယ်။
- မြန်မာတိုင်းကို လက်ကမ်းစာရွက်တွေ ဝေမယ်။ ရှင်းပြ ပြောဆိုမယ်။
- လူမြင်ကွင်း နေရာစုံမှာ ပိုစတာ၊ စတေကာတွေ ကပ်မယ်။
ကွမ်းကမ်ပိန်းရဲ့ ရည်ရွယ်ချက်တွေက
- ကွမ်းတံတွေး ပြင်ပမှာ မညစ်ပတ်ရေး
- မြန်မာချင်း မိတ်ဆွေချင်း အသိပညာပေးခြင်းဖြင့် အမျိုးသားဂုဏ်ကို မြှင့်တင်ရေး
- ကိုရီးယား လူနေမှုစနစ်နဲ့ လိုက်လျောညီထွေ နေထိုင်နိုင်ရေး
- ကျန်းမာရေး အသိမြင့်မားလာရေး တို့ ဖြစ်ပါတယ်။
ကွမ်းကမ်ပိန်း လုပ်ဆောင်တာဟာ သင့်လျော်တဲ့ နေထိုင်မှု၊ သန့်ရှင်းတဲ့ ၀န်းကျင် ဖြစ်စေဖို့အတွက် ပညာပေး ပြုပြင်ခြင်း၊ လူနေမှု မြှင့်တင်ခြင်း ဆောင်ရွက်မှုများ ဖြစ်ပါတယ်။
“သန့်ရှင်းမှုဖြင့် ဂုဏ်ယူပါ၊ အမျိုးသားရေးမို့ ဆင်ခြင်ပါ”
Saturday, August 24, 2013
ကွမ်းမေတ္တာစာ
ရေးသားသူ — ရွှေပြည်ငြိမ်းချမ်း [ထောင်စုပြတင်း စာအုပ်တိုက်မှ ထုတ်ဝေတဲ့ “ကိုရီးယား - ယိမ်းနွဲ့နေသော ရောင်စုံကြာ” စာအုပ်မှာ ပါဝင်သော ရွှေပြည်ငြိမ်းချမ်းရဲ့ ကွမ်းမေတ္တာစာ ဆောင်းပါးကို ဟန်းဂုရွာမှာ ထပ်ဆင့်ဖော်ပြခြင်း ဖြစ်ပါတယ်။] အမှန်တကယ်အားဖြင့် ဒီလိုစာမျိုးကို သူ မရေးချင်ပါ။ ကိုယ့်လူမျိုး၏ ကျန်းမာရေးနှင့် လွဲမှား နိမ့်ကျနေသည့် လူမှုစနစ်ကို တစ်ထောင့် တစ်နေရာက ဝေဖန်ထောက်ပြ အကြံပေးလိုသည့် စိတ်သက်သက်သာ ဖြစ်ပါသည်။ အမြင်မတော်တာကို တွေ့နေရလျက် ရှောင်ကွင်းသွားမည့်အစား တတ်နိုင်သည့် နေရာက လှည်းဘီး ၀င်တွန်းခြင်း ဖြစ်ပါသည်။ ကွယ်လွန်သွားရှာပြီ ဖြစ်သည့် နာမည်ကြီး အဆိုတော် မင်းသား စာရေးဆရာ သုမောင်က “ကွမ်းစကား” ဟူသော စာအုပ်တွင် အရည်လည်း မရ၊ အဖတ်လည်း မရ တစ်ခုခုသော အရသာကြောင့် ကွမ်းစားကြသည်ဟု ကွမ်း၏ အရသာနှင့် နှိုင်း၍ သူ့စာများကို တင်စားခဲ့သည်။ ကျွန်တော့်အမြင်အရဆိုပါမူ တစ်ခုခုသော အရသာ ဆိုသည်မှာ “ရောဂါ” ဟုသာ။ တစ်ခါသားတုန်းက ဖြစ်သည်။ ကွမ်းဆရာသမားတစ်ဦး သွားပြုတ်သွားသော်လည်း အမြစ်ကျန်နေသဖြင့် ကိုရီးယား သွားဆေးခန်းသို့ ပို့ဆောင်ပေးရာ “ငါ သွားဆရာ လုပ်သက် အနှစ် သုံးဆယ်ကျော်မှာ ဒီလောက် ဆိုးဝါး စုတ်ပြတ်တဲ့ သွားတွေ တစ်ခါမှ မမြင်ဖူးဘူး” ဆိုသည့် မှတ်ချက်ကလည်း ကျောချမ်းစရာ ကောင်းလှပါသည်။ ပဒေသရာဇ်ခေတ်မှ စပြီး လက်ရှိ အစိုးရအထိ ကျန်းမာရေးအရ သော်လည်းကောင်း၊ စည်းကမ်းပိုင်းတွင် သော်လည်းကောင်း ပညာပေးမှုအင်အား နည်းပါးခဲ့သဖြင့် အလှူမင်္ဂလာနှင့် အိမ်တွင်း ရိုးရာတွင် ကွမ်း ဆေး လက်ဖက်က အောင်မြင်စွာ ကြီးစိုးမင်းမူခဲ့သည်။ လူတစ်ယောက်၏ နှစ်သက်မှုကို တားဆီးပိတ်ပင်ဖို့ မကြိုးစားပါ။ သို့သော် လူတစ်ယောက်၏ စည်းကမ်းဖောက်ဖျက်မှုကြောင့် လူအများ မျက်နှာငယ်ရသည်ကို လက်မခံနိုင်ပါ။ ကျန်ခဲ့သည့် နှစ်အနည်းငယ်က အမေရိကန်ရှိ မြို့လေးတစ်မြို့၏ အ၀တ်လျှော်ဆိုင်တွင် “မြန်မာနဲ့ ခွေး မ၀င်ရ” ဟူသော ပြဿနာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။ စည်းကမ်းမဲ့သော မြန်မာတချို့၏ ကွမ်းတံတွေးမှ စတင်ခဲ့သည်။ မလေးရှားတွင်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်လောက်က ကွမ်းပြဿနာ အကြီးအကျယ် တက်ခဲ့ဖူးကြောင်း သိရပါသည်။ ကိုရီးယားတွင်လည်း Myanmar Town ဘူဖျောင်းဘူတာအနီးရှိ လမ်းမလမ်းကျဉ်းများမှာ ကွမ်းတံတွေးဒဏ်ကို နာကျင်စွာ ခံစားနေရသည်။ အလည်ရောက်လာသည့် ဧည့်လုပ်သားများကို အိမ်ရှင်တို့၏ သည်းခံနိုင်စွမ်းက စိန်ခေါ်စရာအဆင့်သို့ ရောက်လာသည်။ ကိုရီးယားသည် စင်္ကာပူလို စည်းကမ်းပိုင်း တားမြစ်ပိတ်ပင်မှု မပြင်းလှသော်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်သည့် ဥပဒေကို ပြဋ္ဌာန်းထားသည်။ အထွေးမတော်က တစ်ခါတည်းနှင့် အိမ်ပြန် အပို့ခံရနိုင်ပါသည်။ အကျည်းတန် အရုပ်ဆိုးသော သွားပိုင်ရှင်များက သွေးနှင့်ဆင်သော အရည်များ ထွေးထုတ်သည်ကို အမှတ်တမဲ့ မြင်တွေ့ရသည့် ယဉ်ကျေးမှုချင်း အတော်အတန် အလွန် ကွဲပြားသော အိမ်ရှင်များသည် ထိတ်လန့်ကြသည်။ လေအေးစက် အပြည့် လွှတ်ထားသော မြေအောက်မီးရထားထဲတွင်၊ ကုလားပြည်က လာသော အနံ့ပြင်းပြင်း ဆေးကို အသည်းရောင် အသားဝါ ဖြစ်စေသည့် အရွက်ထဲတွင် စနစ်တကျ စစ်ဆေးမှု မရှိဘဲ ဖုန်ကပ်နေသည့် မာကျောကျောအသီး၏ အစိတ်အပိုင်း အချို့နှင့် ထုပ်ပိုး၍ ၀ါးမျိုနေသော လူတစ်ယောက်၏ အနံ့ကို ရွံရှာစက်ဆုပ်စွာ ရှောင်ကွင်းနေသည့် မြင်ကွင်းကလည်း ရင်နာစရာ။ အဖြူရောင်ရှိသည့် ကယ်လဆီယမ်ကို သူ၏ ခံတွင်းထဲက သွားအံပုံကို ချေမှုန်းပစ်ရန် တစ်ယာပြီး တစ်ယာ စေလွှတ်ကြ၏။ ဟုတ်ပါသည်။ အမှန်တကယ် ရပါသည်။ ရောဂါပေါင်းစုံ ရပါသည်။ တစ်ခုခုသော အရသာထက် ပိုသော ရေစီးကမ်းပြို၊ သွားကျိုး၊ သွားကျဲ၊ သွားပြုတ်၊ လျှာထူ၊ အငန်စား၊ သွေးတိုး၊ တီဘီနှင့် အသည်းရောင် အသားဝါ စသည်။ လူပြိန်းတစ်ယောက် အမြင်တွင် ဤမျှ ဆိုးဝါးနေလျှင် ကျန်းမာရေး ပညာရှင်၏ ယူဆချက်များဆိုပါက မတွေးဝံ့စရာ။ ကိုရီးယားတွင် ချူးဆော့ဂ် (ကောက်သစ်စားပွဲတော်)၊ ဆောလတ် (နှစ်သစ်ကူးပွဲတော်) စသည့် ပိတ်ရက်ကြီးများ ရောက်တိုင်း ဘူဖျောင်းမြို့တွင် ကွမ်းမုန်တိုင်းကြီး တိုက်ခတ်တတ်ပါသည်။ စည်းကမ်းမဲ့သော လူအချို့ကြောင့် အမျိုးသားရေး သိက္ခာ ညှိုးနွမ်းရသည်ဟု ဆိုလျှင် ကွမ်းဆရာများ စိတ်မဆိုးသင့်ပါ။ လွဲမှား နိမ့်ကျနေသော အပြုအမူနှင့် အတွေးအခေါ်ကို ကွမ်းတံတွေးနှင့်အတူ ခွက်တစ်ခု ဆောင်၍ ထွေးစေလိုပါသည်။ အခွင့်အရေး ဆိုသည်မှာ လူတိုင်းမှာ ရှိပါသည်။ စံ စည်းမျဉ်း အသိတရားနှင့် စပ်လျဉ်း၍ လူ့ဘောင်လောကတွင် ယေဘုယျ ပညတ်ချက်များ ရှိပြီး ဖြစ်သည်။ “ကလေးတောင် သိတယ်၊ ခွေးတောင် သိတယ်” ဆိုသည့် အသိ သတိမျိုး မရှိပါက ကိုရီးယားတွင်လည်း “မြန်မာနဲ့ခွေး မ၀င်ရ” ဆိုသည့်စကား မပေါ်လာဟု မပြောနိုင်။ ကွမ်းဆရာများအနေနှင့် မိမိကိုယ်မိမိ လေးစားသောအားဖြင့် ကွမ်းကို သတိထား စားကြဖို့ အမုန်းခံ၍ တိုက်တွန်းအပ်ပါသည်။ ရွှေပြည်ငြိမ်းချမ်း

