Showing posts with label ဖတ်စရာ. Show all posts
Showing posts with label ဖတ်စရာ. Show all posts

Thursday, April 9, 2015

ကတ်ဖုန်းများ အသက်ကတ်ဖြည့်ခြင်းကို ဘဏ်မှတစ်ဆင့် ဖြည့်တဲ့နည်း

အချို့သော ကတ်ဖုန်းကိုင်ဆောင်သူများမှာ ၊ မိမိကိုင်သောဖုန်းသည် -
- ဘယ်လိုင်းဆိုတာ မသိ ၊
- အသက်ကတ်ဘာကတ် ဖြည့်ရသလဲဆိုတာလဲ မသိ ၊
- ဘယ်လိုဖြည့်ရ (နှိပ်ရ) သလဲဆိုတာဝေလာဝေး ၊
- အသက်ကတ် ဘယ်မှာ ဝယ်သလဲဆိုတာလဲ မသိ ၊
- ကိုရီးယားတွေမေးကြည့်တော့လည်း ကတ်ဖုန်းဆိုတာ နားမလည် ၊
- သည်လိုနှင့် ဖုန်းနံပတ်တွေ ခဏခဏပြောင်း ၊ ကတ်ဖုန်းစိတ်ပျက် လိုင်းဖုန်းကိုင်ရ ၊ အချို့လိုင်းဖုန်း ဘီလ်တွေ သိန်း ဆယ်ချီဆောင်ကြရ ။

အဲသည်အခက်အခဲ ရှိသူတွေအတွက် ၊ ဘဏ်(စာရင်း)မှ တစ်ဆင့် ဖုန်းကတ်ဖြည့်နည်းလေး တင်ပြပေးချင်ပါတယ် ။
- ဖုန်းတိုင်း (လိုင်းဖုန်းဖြစ်ဖြစ် ၊ ကတ်ဖုန်းဖြစ်ဖြစ်) မှာ (가산계좌/ Virtual Account) လို့ခေါ်တဲ့ စာရင်းရှင်းအကောင့် (လယ်ဂျာစာရင်း) တစ်ခုစီရှိကြပါတယ် ။ အမည်ပေါက် ဖုန်းပိုင်ရှင်ရဲ့ အမည်နှင့်ပဲ ရှိနေတာပါ ။ ကျနော်တို့ ထည့်လိုက်တဲ့ ကတ်ဖိုး (ပိုက်ဆံ)ဟာ အဲသည် စာရင်းထဲပဲ ရောက်ပြီး ၊ ကျနော်တို့ သုံးလိုက် (ပြောလိုက်) တဲ့ (ပိုက်ဆံ)ဟာလည်း အဲသည် စာရင်းထဲကပဲ ထွက် (နှုတ် ၊ လျှော့) သွားတာပါ ။
- သည်တော့ အဲသည် အကောင့်နံပတ် အမှန်ကို သိထားပြီဆိုရင် အဲသည်အကောင့်ထဲ ပိုက်ဆံရောက်အောင် ကိုယ်တိုင်ဖြစ်စေ ၊ အခြားသူတစ်ယောက်ယောက်ကဖြစ်စေ တစ်နည်းနည်းဖြင့် လွှဲထည့်လိုက်ရုံနှင့် ဖုန်းအသက်ကတ်ဖြည့်ပြီးဖြစ်တယ်လို့ သိထားကြစေချင်ပါတယ် ။
- ဖုန်းကတ် ဝယ်ဖို့ ၊ ဖြည့်ဖို့အခက်အခဲဖြစ်နေပါသလား ။ မိတ်ဆွေရဲ့ ဖုန်းနံပတ်နှင့် စာရင်းရှင်းအကောင့် (가산계좌/ Virtual Account) ကို တောင်းယူလိုက်ပါ ။ သက်ဆိုင်ရာ ဖုန်းလိုင်းရဲ့ Access နံပတ်သိရင် အလိုအလျောက်ဖြေကြားတဲ့စနစ်ဖြင့်လည်း တောင်းယူနိုင်ပါတယ် ။ နောက် အဲ သည်အကောင့်ထဲ မိတ်ဆွေ ပိုက်ဆံ ဖြည့်ချင်သလောက်သာ လွဲထည့်လိုက်ပါ ။ ပိုက်ဆံ လွဲပြီးတာ နှင့် ဖုန်းကတ်ဖြည့်ပြီး ဖြစ်သွားပါကြောင်း ။

အားလုံး အဆင်ပြေကြပါစေ ။

လေးစားမှုဖြင့်-
တယ်လီတော်ကီ မြန်မာဖုန်းဆိုင်
၂၀၁၅-၀၄-၀၉

ကြော်ငြာ = အမှန်တကယ် အခက်အခဲရှိသူများ တယ်လီတော်ကီထံ အကူအညီ ရယူနိုင်ပါကြောင်း

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, January 2, 2015

ကိုကို အီးနိုင်းများ သိထားသင့်သည့် လိင်စော်ကားမှု အပြစ်ပေးခြင်းဆိုင်ရာ ဥပဒေ (성폭력처벌법 )

ကိုရီးယားနိုင်ငံသို့ ခက်ခက်ခဲခဲ ရောက်လာပြီး မမျှော်လင့်ဘဲ ကိုရီးယားနိုင်ငံ အလုပ်ခွင်မှ စောစောစီးစီး ထွက်ခွါသွားကြရတဲ့ ကျနော်တို့ မြန်မာလူငယ်လေးတွေ ရှိပါတယ် ။ အချို့မှာ ထောင်နန်းစံလိုက်ရတဲ့သူတွေရှိသလို ၊ ဆိုင်းငံပြစ်ဒဏ်ကျပြီး ပြည်တော်ပြန်သွားရတဲ့သူတွေလည်း ရှိပါတယ် ။ လိင်စော်ကားမှုနှင့် ပတ်သက်လို့ ကျနော်တို့ မြန်မာလူငယ်များအတွက် ကျနော် စကားပြန်လုပ်ပေးခဲ့ရတဲ့ အမှု ဆယ်ဂဏန်းနီးလာပါပြီ ။
- ညအချိန် ကိုရီးယား ပျိုပျိုမေရဲ့ အခန်းထဲဝင်မိပြီး အမှုဖြစ်တဲ့သူ
- ဆောင်ကြာမြိုင်မှာ မကျေနပ်လို့ အမှုဖြစ်တဲ့သူ
- ကားပေါ်မှာ ကျောင်းသူမလေးတစ်ဦးကို နောက်က နှိုက်လို့အမှုဖြစ်တဲ့သူ
- ကာရာအိုကေမှာ ခလေးမလေးကို အနမ်း ဖွဖွလေးပေးမိလို့ အမှုဖြစ်တဲ့သူ
- စက်ရုံမှ ဘဝတူလုပ်သမား ကိုရီးယားမတစ်ဦးရဲ့ ဖုန်းသို့ ကိုယ်လုံးတီး ဓါတ်ပုံ မက်ဆေ့တွေ ပို့ရာမှ ဖုန်းသုံးစွဲခွင့်ပါ ပိတ်ခံရပြီး အမှုဖြစ်တဲ့သူ
- နိုင်ငံခြားသားများကို သဘောကျနေတဲ့ ပေါတောတော ကိုရီးယား ပျိုမေတစ်ဦး နှင့် အပေးအယူတည့်ပြီး ပျော်ပါးခဲ့ကြရာမှာ အခြားလူက တိုင်လို့ အမှုဖြစ်တဲ့သူများ

ကျနော်တို့ ညီတော်နောင်တော်များ လိင် နှင့် ပတ်သက်ပြီး မဖြစ်သင့်တာတွေ မဖြစ်ရအောင် အသိပေးဖို့ လိုမယ် ထင်မိလို့ သည်ဆောင်းပါးကိုရေးဖြစ်ပါတယ် ။

ကိုရီးယားနိုင်ငံမှာ လိင်နှောင့်ယှက်(စော်ကား)မှုအတွက် ပြစ်ဒဏ်ပေးခြင်း စသည်ဆိုင်ရာ အထူးဥပဒေ (성폭력범죄의 처벌 등에 관한 특례법) ဆိုတာ ရှိပါတယ် ။ ရှေးဦးစွာ လိင် နှောက်ယှက် (စော်ကား) မှုဆိုတာ ဘာလဲလို့ သိထားစေချင်ပါတယ် ။
လိင် နှောက်ယှက်(စော်ကား)မှုဆိုရာမှာ ဒီအမှုတွေ ပါဝင်တယ် -
မုဒိမ်းမှု ၊ ခလေး လိင်ထိပါးမှု (အသက် ၁၈ နှစ်အောက် လူငယ်များ လိင်ကို ထိကိုင်ခြင်း ၊ ဓါတ်ပုံရိုက်ယူခြင်း ၊ ကိုယ်လုံးတီးချွတ်စေခြင်း၊ လိင် ဆက်ဆံခြင်း စသည်) ၊ ဓါးပြ မုဒိမ်း ၊ လိင် အရောင်းအဝယ် (ဆောင်ကြာမြိုင်ပျော်ပါးမှု) အမှုများသာမဟုတ်မူဘဲ ၊ လိင်ပိုင်းဆိုင်ရာ မြူဆွယ်မှု ၊ လိင်အကြောင်း ဖုန်းဖြင့်ပြောဆိုမှု ၊ လိင်ကို ခြောင်းကြည့်ခြင်း ၊ လိင်ပိုင်းဆိုင်ရာ လှည့်ဖျားမှု ၊ လိင်ပုံများပြသခြင်း ၊ လိင်ပုံများ ဖန်တီး ရာတွင် အသုံးပြုခြင်း စသည်ဖြင့် တစ်ပါးသူက မနှစ်သက်သော အကြောင်းအရာ စသည်တို့ကို ၊ ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ အမြင်အားဖြင့်ဖြစ်စေ စိတ်ပိုင်းအရဖြစ်စေ အနှောက်အယှက်ဖြစ်စေမှု ။
ဒါ့ အပြင် လိင်(စော်ကား)နှောက်ယှက်ရန်အကြံဖြင့် ဆေးဝါးတိုက်ခြင်းသည်လည်း သွယ်ဝိုက်သောအားဖြင့် လိင်နှောက်ယှက်မှု ဖြစ်ကြောင်း ။
ခလေးသူငယ် သို့မဟုတ် မသန်စွမ်းသူစသည်တို့အား ၄င်းတို့၏ လိင်ပိုင်းဆိုင်ရာ ဆုံးဖြတ်နိုင်စွမ်းမရှိမှု စကားမပြောဆိုနိုင်မှုတို့ကို အသုံးချလျက် လိင်ပိုင်းဆိုင်ရာ ဆက်ဆံခြင်းတို့လည်း ပါဝင်ကြောင်း ။

အဲသည်ကျနော်စကားပြန်အဖြစ်ဆောင်ရွက်ခဲ့ရတဲ့အမှုတွေထဲမှာ ကျနော် စိတ်ဝင်စားမှုအရှိဆုံး အမှုကတော့ နောက်ဆုံး (လက်ရှိ စစ်ဆေးနေဆဲ) အမှုပါ ။ ခလေး သူငယ်များ ၊ မသန်မစွမ်းသူများနှင့် ပတ်သက်ပြီး ကိုရီးယား နိုင်ငံတော်က စီမံပေးထားတဲ့ ဥပဒေ အကာအကွယ်က ကျနော့်ကို စိတ်ဝင်စားမှုဖြစ်စေခဲ့တာပါ ။ ဥပဒေမှာတော့ -
ပုဒ်မ ၆ ( မသန်စွမ်းသူနှင့် ပတ်သက်သော မုဒိမ်းမှု ၊ လိင်စော်ကားမှုစသည်) ပြဋ္ဌာန်းချက်
(၁) ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသော သူနှင့်ပတ်သက်၍ (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၇) မုဒိမ်းမှု ကို ကျူးလွန်သူသည် နှစ်အကန့်အသတ်မဲ့ ထောင်ဒဏ် သို့မဟုတ် ၇ နှစ် အထက်ထောင်ဒဏ်ကို ချမှတ်ခံရမည် ။
(၂) ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသော သူနှင့်ပတ်သက်၍ အနိုင်အထက်ပြု သို့မဟုတ် ခြိမ်းခြောက်၍ အောက်ဖော်ပြပါ တစ်ခုခုကို ကျူးလွန်သူအား ထောင်ဒဏ် ၅ နှစ်အထက်ကို ကျခံစေရမည်-
- ပါးစပ် သို့မဟုတ် စအိုအစရှိသည့် အင်္ဂါစပ်မှအပ ဒွါရပေါက်တစ်ခုခု တွင်းသို့ လိင်တန်အား ထိုးသွင်းခြင်း
- အင်္ဂါစပ်သို့မဟုတ် စအိုတွင်းသို့ လိင်တန်မှအပ လက်ချောင်း အစရှိသည့် ကိုယ်အင်္ဂါ၏ အစိတ်အပိုင်း တစ်ခုခု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အဆုံး ထိုးသွင်းခြင်း
//
제6조(장애인에 대한 강간•강제추행 등)
- ① 신체적인 또는 정신적인 장애가 있는 사람에 대하여 「형법」 제297조(강간)의 죄를 범한 사람은 무기징역 또는 7년 이상의 징역에 처한다.
- ② 신체적인 또는 정신적인 장애가 있는 사람에 대하여 폭행이나 협박으로 다음 각 호의 어느 하나에 해당하는 행위를 한 사람은 5년 이상의 유기징역에 처한다.
- 1. 구강•항문 등 신체(성기는 제외한다)의 내부에 성기를 넣는 행위
- 2. 성기•항문에 손가락 등 신체 (성기는 제외한다)의 일부나 도구를 넣는 행위
//
ပုဒ်မ ၇ ( အသက် ၁၃ နှစ်အောက် အရွယ်မရောက်သေးသူ နှင့် ပတ်သက်သော မုဒိမ်းမှု ၊ လိင်စော်ကားမှုစသည်) ပြဋ္ဌာန်းချက်
(၁) အသက် ၁၃ နှစ်အောက် အရွယ်မရောက်သေးသူ နှင့်ပတ်သက်၍ (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၇) မုဒိမ်းမှု ကို ကျူးလွန်သူသည် နှစ်အကန့်အသတ်မဲ့ ထောင်ဒဏ် သို့မဟုတ် ၇ နှစ် အထက်ထောင်ဒဏ်ကို ချမှတ်ခံရမည် ။
(၂) အသက် ၁၃ နှစ်အောက် အရွယ်မရောက်သေးသူ နှင့်ပတ်သက်၍ အနိုင်အထက်ပြု သို့မဟုတ် ခြိမ်းခြောက်၍ အောက်ဖော်ပြပါ တစ်ခုခုကို ကျူးလွန်သူအား ထောင်ဒဏ် ၇ နှစ်အထက်ကို ကျခံစေရမည်-
- ပါးစပ် သို့မဟုတ် စအိုအစရှိသည့် အင်္ဂါစပ်မှအပ ဒွါရပေါက်တစ်ခုခု တွင်းသို့ လိင်တန်အား ထိုးသွင်းခြင်း
- အင်္ဂါစပ်သို့မဟုတ် စအိုတွင်းသို့ လိင်တန်မှအပ လက်ချောင်း အစရှိသည့် ကိုယ်အင်္ဂါ၏ အစိတ်အပိုင်း တစ်ခုခု၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အဆုံး ထိုးသွင်းခြင်း

//
제7조(13세 미만의 미성년자에 대한 강간, 강제추행 등)
- ① 13세 미만의 사람에 대하여 「형법」 제297조(강간)의 죄를 범한 사람은 무기징역 또는 10년 이상의 징역에 처한다.
② 13세 미만의 사람에 대하여 폭행이나 협박으로 다음 각 호의 어느 하나에 해당하는 행위를 한 사람은 7년 이상의 유기징역에 처한다.
1. 구강•항문 등 신체(성기는 제외한다)의 내부에 성기를 넣는 행위
2. 성기•항문에 손가락 등 신체(성기는 제외한다)의 일부나 도구를 넣는 행위
//
ခလေးသူငယ် လိင်နှောက်ယှက် (စော်ကား)မှု ပုံစံတွေကတော့ -
- ခလေးရဲ့ လိင်ကို ထိ ကိုင်ခြင်း
- ခလေးအား လူကြီးရဲ့ လိင်ကို ထိကိုင်စေခြင်း
- ခလေးရဲ့ အင်္ဂါစပ် သို့မဟုတ် စအိုသွင်းသို့ လက်ချောင်း သို့မဟုတ် ကိုယ်အင်္ဂါရဲ့ အစိတ်အပိုင်း တစ်ခုခုရဲ့ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အဆုံး ထိုးသွင်းခြင်း
- ခလေးရဲ့ ပါးစပ် ထဲသို့ လိင်တန်အား ထိုးသွင်းခြင်း သို့မဟုတ် ခလေး၏ အင်္ဂါအား မိမိပါးစပ်ဖြင့် လျှက်ခြင်း
- လိင်တန်ကို ထိုးသွင်းခြင်း
- နမ်း(ကစ်စ်)ခြင်း

လိင် နှောက်ယှက်မှု သဘောသက်ရောက်စေနိုင်သော အပြုအမူများကတော့-
- ကိုယ်လုံးတီးပုံများပြသခြင်း
- ခလေးကို အသုံးချလျက် ကိုယ်လုံးတီးပုံများ ပြုလုပ်ခြင်း
- ကိုယ်လုံးတီးပုံများကို ခလေးမြင်နိုင်အောင် ထားခြင်း
- ခလေးအား မိမိလိင်ကို ပြသခြင်း
- ခလေးလိင်စိတ် နှိုးကြွအောင် ပြုလုပ်ခြင်း
- လိင်အကြောင်း နားထောင်စေခြင်း
- ခလေးရဲ့ လိင်ကို ကြည့်ရှုခြင်း

ကျနော် လိုက်ပါပြီး စကားပြန်အဖြစ်ဆောင်ရွက်ပေးနေတဲ့ နောက်ဆုံး (လက်ရှိ စစ်ဆေးနေဆဲ) အမှုအကြောင်း အနည်းငယ်တင်ပြချင်ပါတယ် ။ ဖြစ်ပုံကတော့ ကိုရီးယားမ တစ်ယောက် ၊ နိုင်ငံခြားသားတွေကို တော်တော်လေး ခင်မင်တတ် ပြီး သံယောဇဉ်လည်း ရှိတယ်လို့ဆိုပါတယ် ။ သည်လိုနှင့် နိုင်ငံခြားသား အလုပ်သမားများ နှင့် တတွဲတွဲပေါ့ ။ မြန်မာလူငယ်များလည်း ဘာသားနှင့်ထုထားတာမှတ်လို့ပေါ့ဗျာ ။

သည်လိုနှင့် မြန်မာ လူငယ်တစ်စု လွန်ခဲ့သော ၆ လ လောက်ခန့်က ပိုက်ပိုက်လေးပေးပြီး ၊ တစ်ည အတူတူ ပျော်ပါးခဲ့ကြလေသည်တဲ့ ။ နောက်တော့ အဲသည် အမျိုးသမီးက အခန်း ခဏခဏလာ ၊ တစ်နေ့တော့ ပိုက်ဆံအိတ်ယူသွားလို့ ဆက်ဆံရေးတွေ ပျက်ခဲ့ကြတယ်လို့ဆိုပါတယ် ။

ခုတော့ သူမမှာ ကိုယ်လေးလက်ဝန်ရှိနေပြီ ။ မနေနိုင်တဲ့ တာဝန်သိ ပြည်သူတစ်ယောက်က ရဲစခန်းသို့ တိုင်ကြားရာမှာ ကာယကံရှင်က ထွက်ဆိုချက်ပေးရပါတယ် ။ သွေးစစ်တာတွေ ဒီအင်န်အေစစ်တာတွေ အသာထား ၊ ကိုယ်ဝန်ကာလ နှင့် နောက်ကြောင်းပြန် ခန့်မှန်းရက်တွေ အတွင်း အတူတတူ ပျော်ပါးခဲ့သူ စာရင်း ရေတွက်ကြည့်လိုက်တော့ ကံဆိုးသူမောင်ရှင် မြန်မာ လူငယ် ၄ ဦး ထွက်ရှိလာပါသတဲ့ ။ အဲသည် စာရင်းမှာ တစ်ယောက်ကိုတော့ နေရပ်မသိ ဆက်သွယ်ရန် မသိလို့ ရှာမရပေမယ့် ၊ ၃ ယောက်သော သူများကတော့ အခန်းကိုလည်း သိ ၊ ဆက်သွယ်ရန်လည်း ရှိနေလို့ ၊ အခုအခါမှာ လိင်စော်ကား မှုဆိုင်ရာ အပြစ်ပေးခြင်း ဥပဒေနှင့် ရင်ဆိုင်နေကြရပါတယ် ဆိုတဲ့ အကြောင်းပါ ။

ရဲ စွဲချက်မှာတော့ ၊ သူမဟာ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူ(အရူးမ)လို့ဆိုထားပါတယ် ။
အရူးမ ခေါင်းစဉ်တပ်ထားတာမို့ သူမရဲ့ ကာမကိုရယူရာမှာ သဘောတူညီချက်ရရ မရရ ၊ အင်အားသုံးမသုံး အမှုကမြောက်နေပါသတဲ့ ။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့သူဖြစ်နေတာမို့ ၊ လူမှုရေးအရ သူမကို ကူညီကာကွယ် ပေးရမယ့်တာဝန်လည်း အလိုလိုရှိ နေတယ်လို့ လည်း ဆိုပါတယ် ။

ဒါ့အပြင် စိတ်ပိုင်း မသန်စွမ်းသူဖြစ်နေတာမို့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်း ၊ ငြင်းဆန်နိုင်စွမ်း လည်း ချို့တဲ့နေသူမို့ အင်အားမသုံး အကြမ်းမဖက်သည့်တိုင် မသန်စွမ်းသူများဟာ မူလကတည်းက အင်အားချို့တဲ့ နေသူအဖြစ်ကို ရောက်ရှိနေပြီးဖြစ်နေပြီလို့လည်း ဆိုပါတယ် ။

ဒါတင် မကသေးပါဘူး အမှန်အတိုင်း ဆုံးဖြတ်နိုင်စွမ်းလည်း ချို့တဲ့နေတာမို့ သူမ ပေးခဲ့တဲ့သဘောတူညီချက်ကလည်း သဘောတူညီချက်အထမမြောက်ဘူးလို့ ဆိုပါတယ် ။

ဒါ့အပြင် ကာယကံရှင်က အကျိုးအကြောင်း နားမလည်လို့ အမှု တိုင်ကြားခြင်း မပြုသည့်တိုင် ၊ အုပ်ထိန်းသူ သို့မဟုတ် သူမရဲ့ ကောင်းကျိုးကိုလိုလားတဲ့ သို့မဟုတ် သူမ ရဲ့ အကျိုးကို ကာကွယ်ပေးလိုသူ တစ်ဦးဦးက တရားလိုပြုလုပ်ပြီး တိုင်ကြားနိုင်ခွင့်လည်း ရှိနေပါသတဲ့ခင်ဗျား ။

အရူးမပဲ ပေါချောင်ကောင်းဆိုပြီး စိတ်ကူးမလွယ် စိတ်ကူးမလွဲကြစေဖို့ပါ ။

ကလေးသူငယ်ပဲ အရူးမပဲ ဆိုပြီး မလေးမစား မလုပ်ကြစေလိုပါ ၊ သူတို့ရဲ့ အကျိုးလိုလားသူ သို့မဟုတ် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးလိုသူ တစ်ဦးဦး ရှိနေတတ်သည်ကို သတိပြု ဆင်ခြင်ကြဖို့ပါ ။

ကဲ ၊ ကျနော့် ညီအစ်ကိုများ စိတ်မနှံတဲ့ ပေါတောတော ကိုရီးယားမများနှင့် နှစ်ပါးသွားလိုလျင်…………………. ။


လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)
၂၀၁၅၀၁၀၂

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, June 7, 2013

ဈေးချိုကို ဘယ်သူဖျက်တာလဲ

ဈေးချိုကို တစ်ခေါက် ရောက်တော့ ဈေးချို လမ်းတွေ ရှင်းနေတယ်။ ဈေးသည်တွေလည်း ယပ်တောင်လေးတွေ ကိုင်ရင်း အချင်းချင်း စကားပြောနေ ကြတာကို တွေ့ခဲ့ရတယ်။ ဈေးချို ဈေးရုံတွေထဲ လှည့်ပတ် ကြည့်ရင်းက ရွှေမန်းရုံ ဘက်ရောက် ခဲ့ပါတယ်။ မိတ်ဆွေ ဦးလေးကြီးနဲ့ စကားပြော ဖြစ်ကြရင်း ဈေးရောင်းပါးတဲ့ အကြောင်းနဲ့ ဟိုးအရင် ဈေးချိုရုံဟောင်းတုန်းက စည်းလုံးခဲ့။ ညီညွတ်ခဲ့ကြတဲ့ ဈေးချိုသူ၊ ဈေးချိုသားတွေရဲ့ ပုံရိပ်တွေကို ပြန်ပြောပြတယ်။ ဈေးချိုရုံဟောင်းတွေ ဖျက်လိုက်တော့ ဒီဈေးချိုထဲမှာ ဘ၀တွေရင်းပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံထားသူ မန္တလေးသူ မန္တလေးသား၊ ဈေးချိုသူ၊ ဈေးချိုသား စစ်စစ်တွေရဲ့ ဘ၀တွေ ပျက်စီးယိုယွင်းကုန်တဲ့ အကြောင်းတွေလည်း တစ်သီတစ်တန်းကြီး ပြောပြခဲ့တယ်။ အခုလက်ရှိဈေးချိုကြီးကလည်း မှောင်တဲ့အခါမှောင်။ စက်လှေကားကြီးကလည်း ရပ်တဲ့အခါရပ်၊ မိုးရွာလို့ မိုးရေတွေ ပေါက်ကျလို့ ပစ္စည်းတန်ဖိုးတွေ ဆုံးရှုံးရသူက ဆုံးရှုံးနဲ့။ ဟိုးအ၇င် ဈေးချိုရုံဟောင်းကြီးရဲ့ အနားသတ်ကြွက်ကြွက်ညံနေရော့သလား ထင်မိတယ်။ ဟုတ်ပ။ ဒီဈေးချို၊ ဒီရုံဟောင်းကြီးကို ဘယ်သူကဖျက်လို့ ဘယ်လိုလူတွေ ဘယ်ဘ၀ကိုများ ရောက်ကုန်ပါလိမ့်လို့ တွေးမိခဲ့တယ်။ အရှေ့ အနောက် (၂၃) မိုင်ခန့်၊ တောင်မြောက် (၃၂) ကျယ်ပြီး အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ အလွန်နဲ့ မြောက်လတ္တီတွဒ် ၂၂ ဒီဂရီတို့ဆုံရာ မျဉ်းပေါ်မှာတည်ရှိနေတာကတော့ မန္တလေးလို့ခေါ်တဲ့ ရွှေမြို့တော်ကြီးပါပဲ။အရှေ့မှာ နတ်ထိပ်တောင်ရိုး၊ တောင်ဘက်မှာ ဒုဋ္ဌဝတီ (ခေါ်) မြစ်ငယ်၊ အနောက်မှာ ဧရာဝတီနဲ့ မြောက်ဘက်မှာ ချောင်းမကြီးခေါ် မတ္တရာမြစ်ဆိုတာကလည်း နယ်နိမိတ်ပိုင်းခြားထားတဲ့ စည်းတွေပဲဖြစ်ပါတယ်။ ကုန်းဘောင်မင်းဆက် (၁၁) ဆက်မှာ ဒုတိယနောက်ဆုံးမင်းဖြစ်တဲ့ “သီရိပဝရ ဝိဇယာနန္တယ သပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ” ဘွဲ့တံဆိပ် နာမံခံတဲ့ ဆဒ္ဒန်ဆင်မင်းသခင် မင်းတုန်းမင်းဟာ မန္တလေးကို တည်စဉ်ကတည်းက တာ၅၀(ပေ ၅၅၀ ၀န်းကျင်)ကို တစ်ပြနှုန်းသတ်မှတ်ပြီး လေးပြပတ်လည် စတုရန်းကွက်တွေနဲ့ ဖွဲ့စည်းထားခဲ့တယ်လို့ စာအုပ်စာပေတွေကနေ လေ့လာမှတ်သားရပါတယ်။ ဒီလို မန္တလေးရတာနာပုံ တည်စဉ်ခါကတည်းကလည်း လူနေအိမ်ခြေတွေနဲ့အတူ ဈေးတွေကိုပါ တည်ထားခဲ့တာပါ။ မန္တလေးရဲ့ အထင်အရ ၊ မန္တလေးလို့ပြောရင် ဈေးချိုနာရီစင်နဲ့ ဈေးချိုတော် ၁၂ ရုံကို ပြေးပြေးမြင်တယ်လို့ လူကြီးသူမတွေကလည်း စကားဝိုင်းတိုင်းမှာ ထည့်ထည့်ပြောလေ့ရှိပါတယ်။ အခုတော့ ဘယ်သူဖျက်လို့ ပျက်ခဲ့မှန်းမသိ၊ ဘယ်သူ့ကြောင့် ဘယ်သူတွေဘ၀ပျက်ပါတယ်လို့ လက်ညှိးထိုးပြရမှန်းမသိလိုက်ဘဲ မိ၇ိုးဖလာလုပ်ငန်းကိုင်ငန်းတွေ ပျက်စီးပြိုလဲကုန်ရင်း ဘ၀တွေလည်း လုံချာလည်လိုက်ခဲ့ကြရတာကတော့ ဈေးသူ/သားတွေပဲ ဖြစ်မှာပါ။ “လွတ်လပ်ရေး မရခင်ကတည်းက ဦးလေးတို့ မိဘဘိုးဘွားတွေက ဈေးချိုထဲမှာ ဆိုင်ဖွင့်လာကြတာလေ။ ဦးလေးဈေးထဲမလိုက်ခင် အမတွေက အရင်ဈေးထဲလိုက်ကြတယ်။ ဦးလေးဈေးထဲလိုက်တော့ရုံဟောင်းတွေကို ဖျက်နေပြီ။ ရုံဟောင်းတွေဖျက်တော့ အခု ဦးလေးတို့ “g” လည်းအသစ်ပြန်ဆောက်လိုက်တယ်။ ပထမ ရုံခြောက်ရုံကိုဖျက်တယ်။ ခြောက်ရုံကျန်တယ်။ ဖျက်လိုက်တဲ့ ခြောက်ရုံက ဈေးသည်တွေကို သုံးထပ်လေးထပ်တွေမှာ နေရာပြန်ပေးတော့ ဈေးကရောင်းမကောင်းကြတော့ဘူး။ အရင်အရမ်းကို ဈေးရောင်းကောင်းကြတဲ့ ဆိုင်တွေတောင် အပေါ်ထပ်ကိုလည်းရောက်သွားရော တစ်လလုံးနေလို့ ငွေငါးထောင်တောင် ပြန်မရကြတာတွေရှိလာတယ်။ တဖြည်းဖြည်းနဲ့ မွဲငတ်ကုန်တာပေါ့ကွယ်။ ဈေးဦးမပေါက်တဲ့ ဆိုင်တွေဆိုလည်း အများကြီးပဲ။ ဒီလိုနဲ့ပဲ ဘ၀ပျက်ကုန်ကြတာ။ ဒါ ကိုယ်သိတဲ့သူကိုပဲ ပြောတာနော်။ မသိတဲ့သူတွေလည်း အများကြီးပဲ။ ”လို့ ရွှေမန်းရုံမှာ ဒန်ပစ္စည်းရောင်းဝယ်တဲ့ ဆိုင်ရှင်ဦးလေးကြီးက သူကြုံတွေ့သမျှ ပြောပြခဲ့တယ်။ ဈေးချို၊ ယိုးဒယားဈေး၊ မလွန်ဈေး၊ ရဟိုင်းဈေး၊ ညောင်ပင်ဈေးနဲ့ ညွန့်ပေါင်းဈေးဆိုတာက မန္တလေးမြို့ရဲ့ အမှတ်တံဆိပ် ဈေးတွေလို့ သိခဲ့၇တယ်။ ပြဒါးမှုန် မန္တလေးမှန်ရိပ်(၃) မှာ ရေးဖွဲ့ထားတဲ့ စာရေးဆရာဆူးငှက်ကတော့ မန္တလေးဈေးချိုအကြောင်းကို “ဈေးချိုသည်“ဈေးကြို”အမည်မှ ပြောင်းလဲလာပြီး၊ အင်းဝနှင့် အမရပူရမြို့များ ပန္နက်၌ပင် “ဈေးကြို” “ဈေးကြိုရပ်”များ ပါရှိခဲ့သည်။ ထို့ကြောင့် အင်းဝနှင့် အမရပူရတွင် ယနေ့အထိဈေးချိုရပ်ကွက်မှာ အထင်အရှားရှိသည်။ ဖြင့် သာသာယာယာရှိသည်။ အများသိကြုံ၊ မြင်တွေ့ဖူးသော ဈေးချိုကြီးမျာ ၁၉၀၂ ခု။ ဧပြီလ ၁၂ ရက်တွင်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ မန္တလေးဈေးချိုနှင့် ပုံစံတူမှာ အီတလီပြည် မီလင်မြို့တွင် တစ်ခုသာရှိသည်။ ယခုအခါ အီတလီ မီလင်မြို့ရှိဈေးက ပြိုင်ဘက်မရှိ တစ်ခုတည်းသော ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။ ”လို့ ရေးသားဖော်ပြထားပါတယ်။ “အခုဆိုရင် ဈေးချိုရုံဟောင်းမှာ ဈေးရောင်းခဲ့ကြတဲ့ မန္တလေးသူ၊ မန္တလေးသားစစ်စစ်တွေ က သိပ်မရှိကြတော့ဘူး။ အခုက လူသစ်တွေများတယ်။ လူမျိုးကြားတွေများတယ်။ဟိုးအရင်ကတည်းကစပြီးတည်လာခဲ့တဲ့ ဈေးချိုသူ/သား အစစ်တွေက အခုဆိုရင် သုံးပုံတစ်ပုံတောင် ကျန်ချင်မှ ကျန်တော့မယ်။ အပြင်က ၀င်လာတဲ့သူတွေကများတယ်။ ဗမာတွေကလည်း မတတ်နိုင်ကြတော့ဘူးလေ”လို့ ဈေးချို “G”ရုံမှာ ဆိုင်ဖွင့်ထားတဲ့ ဆိုင်ခန်း၇ှင်တစ်ဦးက ပြောပါတယ်။ မန္တလေးဈေးချိုတော်မှာ ရှိတဲ့ဈေးသူဈေးသားတွေရဲ့ စည်းလုံးမှု ။ ညီညွတ်မှု။ အမျိုးဘာသာ သာသနာအပေါ် မြတ်နိုးကာကွယ်မှု၊ ရိုးရာအစဉ်အလာအပေါ် သံယောဇဉ်ကြီးမှု… ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ်တွေ ဟာ လူတိုင်းကိုယ်စီရင်ထဲမှာရှိနေကြတဲ့ စိတ်ဓာတ်တွေလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ စည်းလုံးညီညွတ်မှုတွေ မန္တလေးအင်အားတွေ ပေါင်းစည်းနေတဲ့ ဒီဈေးချိုတော်ကြီးကို စတင်ဝါးမြိုလိုက်တာကတော့ မန်ကျည်းပင်ဈေးအရပ်က မီးဘဲဖြစ်ပါတယ်။ ၁၂၃၆ ခုနှစ် ကဆုန်လပြည့်ကျော် ၃ ရက်နေ့မှာ လောင်လိုက်တဲ့မီးကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦးတွေကို ၁၂၃၈ ခုနှစ်ပြာသိုလဆန်း ၁၄ရက်နေ့မှာ ဈေးချိုတော်အသစ် ထပ်မံတည်ဆောက်ခဲ့တယ်လို့ မြို့ခံတွေပြောပြချက်အရ သိရပါတယ်။ ဒီဈေးသစ်ကြီးကိုပဲ ၁၂၅၈ခုနှစ်မှာ မီးထပ်သင့်ခဲ့ပြီး နောက် ၃နှစ်အကြာ ၁၉၀၀ပြည့်နှစ် ဧပြီ ၃ရက် မှာလည်း ဈေးချိုတော်ကို နောက်ထပ်တစ်ကြိမ် မီးထပ်လောင်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ်မီးလောင်မှု ဖြစ်တဲံ ၁၉၀၂ခုနှစ် ဧပြီ ၂ရက်နေ့ မီးလောင်မှုအပြီးမှာတော့ ရုံကြီး ၁၂ရုံနဲ့ ဖွဲ့စည်းထားတဲ့ ဈေးချိုတော်ကြီးကို ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုပဲ မီးဘေးနဲ့ ကြုံတွေ့ရပါစေ။ အခက်အခဲတွေကို ရင်ဆိုင်ကြရင်း ကုန်းရုန်းတည့်မတ်နိုင်ခဲ့ကြတဲ့ ဈေးချိုရဲ့ ပုံရိပ်တွေက မန္တလေးသူ၊ မန္တလေးသားတွေရဲ့ စိတ်ကို ပိုမိုခိုင်မာစေခဲ့သလို ပိုမိုပြီးလည်း စည်းလုံးညီညွတ်ခဲ့ကြပါတယ်။ ဒါတွေကြောင့်လည်း ဈေးချိုဆိုတဲ့ ပုံ၇ိပ်ကြီးဟာ မန္တလေးမြို့ခံတွေအတွက်တော့ နှလုံးသည်းပွတ်ဖြစ်ခဲ့ကြတာ မဆန်းဘူးလို့လည်း ဆိုနိုင်ပါတယ်။ ဈေးချိုကို မိဘအိမ်သဖွယ် နေထိုင်လုပ်ကိုင်လာကြတဲ့ ဈေးသူဈေးသားတွေဟာ ဈေးချိုရုံဟောင်းတွေကို ဖျက်လိုက်တဲ့အခါမှာ နဂိုမူလ မိမိတို့ဆိုင်ခန်းတည်ရှိရာ နေရာတွေမှာပြန်လည်မရရှိဘဲ အ၀င်အထွက် အသွားအလာနည်းတဲ့ အထပ်မြင့်တွေပေါ်က ဆိုင်ခန်းတွေကို ပြန်လည်ဝယ်ယူ၇တာဖြစ်တဲ့အတွက် အချို့ဈေးသည်တွေဟာ ငွေကြေးမတတ်နိုင်ကြတော့ဘဲ အဲဒီချိန်ခါကတည်းကဈေးချိုကို ကျောခိုင်းခဲ့ရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။ ဈေးချိုရုံဟောင်းမှာ ဈေးရောင်းခဲ့တဲ့ ကိုကျော်ကတော့“ကျွန်တော်တို့ အဖွားတွေလက်ထက်ကတည်းက ဈေးချိုထဲမှာပဲကျင်လည်ခဲ့ကြတာ။ ကျွန်တော်တို့ဆိုရင် မိုးလင်းတာနဲ့ ဈေးထဲရောက်ပြီ။ ကျောင်းပိတ်ရက်ဆိုရင် ဒီဈေးထဲမှာပဲနေတာ။ ဆိုင်ပိတ်မှ မိသားစု အိမ်ပြန်ကြတာ။ အခုလို ရုံတွေဖျက်လိုက်တော့ အဖေကောအမေကော ဒီစိတ်နဲ့ ဆုံးသွားတယ်။ ကျွန်တော့်ရဲ့ အဖေက ပျော်ပျော်နေတတ်တဲ့သူ။ လူချစ်လူခင်လည်းပေါတယ်။ ဒီလိုလူက ဈေးချိုအဖျက်ခံရတော့ စိတ်ဓာတ်တွေကျပြီး အပြင်ကိုမထွက်သလောက်ဖြစ်သွားတယ်။ စိတ်ကျရောဂါတွေဝင်ပြီးဒီစိတ်နဲ့ပဲဆုံးသွားတာ။ ”လို့ ရင်ဖွင့်ခဲ့ပါတယ်။ “အရင်က အရမ်းကို ရောင်းကောင်းကြတဲ့သူတွေက အပေါ်ထပ်တွေကိုလည်းရောက်ကုန်ရော တစ်လလုံးနေလို့ ငွေငါးထောင်တောင် ပြန်မရကြတာတွေဖြစ်လာတယ်။ ဈေးဦးမပေါက်တဲ့ရက်တွေဆိုလည်း အများကြီးပဲ။ ဒီလိုနဲ့ ဘ၀ပျက်ကုန်ကြတာ။ ဒါကိုယ်သိတဲ့ကိုယ့်မျက်စိရှေ့တင်ဖြစ်သွားတဲ့သူတွေကို ပြောတာနော်။ ကိုယ်မသိလိုက်တဲ့သူတွေလည်း အများကြီးပဲ။ ”လို့ သူက ဆက်ပြောပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုဒီရေအမြင့်ဆုံးဖြစ်ခဲ့တဲ့ ၁၃၀၀ပြည့် ကာလ(၁၉၃၉ ခုနှစ်)မှာလည်း နယ်ချဲ့ကို ဆန့်ကျင်သပိတ်ဆင်နွဲကြတဲ့ ရဟန်းပျိုအဖွဲ့၊ ဗဟိုအမျိုးသား အထက်တန်းကျောင်းသူ၊ ကျောင်းသားများနဲ့ မန္တလေးမြို့လူထုကို ဈေးချိုတော် က အထူးအားပေးပူးပေါင်းဂုဏ်ပြုလို့ အစိုးရက ဈေးချိုမှာ ပုဒ်မ၂၃(၇)ကို ထုတ်ပြန်ပြီး ဖိနှိပ်ခဲ့တယ်လို့ စာအုပ်စာပေတွေမှာ ဖတ်မှတ်ခဲ့ရပါတယ်။ ဒါကြောင့် ဈေးချိုသူ၊ ဈေးချိုသား တွေက ဈေးချိုရုံကြီး ၁၂ရုံကို သပိတ်မှောက်ကာ အိမ်တော်ရာဘုရားဝင်းထဲမှာ ဈေးသွားဖွင့်ပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့အထိ ဈေးချိုရဲ့ နှလုံးသားဟာ မာခဲ့တယ်ဆိုတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ “ဒီဈေးချိုကလူတွေက ဘာသာရေးနဲ့ပဲဖြစ်ဖြစ်၊ ပွဲလမ်းသဘင်အတွက်ပဲဖြစ်ဖြစ်၊ ဈေးချိုက အထင်ကရပဲ။ ရွှေဆိုင်တန်းကထိန်ဆိုရင်လည်း အထင်ကရပဲ။ ဒီလိုပဲ အားပေးမှုခြင်း၊ စည်းလုံးမှုခြင်းက ဈေးချိုက အရမ်းစုစည်းတယ်။ ညီညွတ်တယ်။ စုစည်းမှုအားကောင်းတယ်လို့ ပြောလို့ရတယ်။ အရေးအခင်းကာလတွေမှာဆိုရင် ဈေးချိုမိသားစုရဲ့ လှုပ်ရှားမှုကလည်း တော်တော်လေးကို အားကောင်းခဲ့တယ်။ ကျွန်တော်ထင်ပါတယ်။ အဲဒီဈေးချိုရဲ့ စည်းလုံးမှုကြီးကို ဖြိုခွဲချင်တာလည်း ပါပါလိမ့်မယ်။ ”လို့ ဈေးချိုဟောင်း “J” ရုံမှာ ဆိုင်ဖွင့်ခဲ့ဖူးသူ ကိုကျော်က ပြောပြပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေမှာ ဈေးချိုတော်ဟာ မပါမပြီး ပါဝင်ကာ ရပ်တည်ချက်မှန်ကန်ခဲ့တယ်။ လွတ်လပ်ရေးခေတ် ပြည်တွင်းစစ်ကာလမှာလည်း မြို့သူ၊ မြို့သား တိုင်းသူ ပြည်သားလူထုဆန္ဒနဲ့ ကိုက်ညီ တဲ့ ပြည်တွင်းငြိမ်းချမ်းမှုကို ဈေးချိုသူ၊ ဈေးချိုသားတို့က ထောက်ခံခဲ့ကြတယ်။ အထူးသဖြင့် ၁၉၈၈ရဲ့ သမိုင်းဝင် အရေးတော်ပုံကြီးမှာ ဈေးချိုတော်ဟာ ရဲရဲဝံ့ဝံ့နဲ့ ပြည်သူလူထုဘက်တော်သားဖြစ်ခဲ့ပြီး၊ ရဟန်း ကျောင်းသား ပြည်သူတွေရဲ့ လူထုတိုက်ပွဲတွေကို ရုပ်ဝတ္ထုအရရော စိတ်ဓာတ်အရရော အားပေးပူးပေါင်းခဲ့ကြတယ်လို့လည်း မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်က ဆောင်းပါးမှာရေးသားထားတာကိုဖတ်မှတ်ခဲ့ရပါတယ်။ “ဒီဈေးချိုရုံတွေကို တိုင်းအမိန့်ဆိုပြီးဖျက်တာပဲ။ ဦးလေးကြားဖူးသလောက်တော့ အဲဒီတုန်းက မြေလှန်လှန်ဘာလုပ်လုပ်ဆိုပြီး အာဏာရှိတဲ့စစ်ဦးဘီလူးပေါ့နော်။ ၈၈၊ ၉၀၊၉၁ ခုနှစ်ဆိုတာက တိုင်းမှူးနဲ့ မြို့တော်ဝန်မှာအာဏာအပြည့်ရှိတယ်။ ဈေးချိုရုံတွေဖျက်ပြီး ချယ်လှယ်သွားတဲ့အထဲမှာ ဈေးချိုမိသားစုဘ၀တွေ အကုန်ပေးဆပ်လိုက်၇တယ်။ ဆိုင်ခန်းအစားချပေးတော့ ပြန်မ၀ယ်နိုင်ကြတော့ဘူး။ ဈေးတွေက အ၇မ်းကြီးနေတယ်။ အချို့ ကိုယ့်အိမ်ရောင်းပြီးဆိုင်ခန်းဝယ်ကြတော့ နေစရာပေါပျောက်ကုန်ကြရတယ်လေ။ ဦးလေးသူငယ်ချင်းက အိမ်ရောင်းပြီးဆိုင်ခန်းဝယ်လိုက်တာ။ ဆိုင်ကလည်း အထပ်မြင့်ပေါ်မှာဆိုတော့ ဈေးဝယ်ကမလာဘူး။ ဒီလိုနဲ့ပဲ မြို့ပေါ်မှာ မရပ်တည်နိုင်တော့ဘဲ မိသားစုလိုက်ပြောင်းကုန်ကြတယ်။ အခြေပျက်ကုန်တယ်။ ဦးလေးတို့ အသိမိတ်ဆွေတွေ အများကြီး ဘ၀ပျက်ကုန်ကြတယ်။ ဒီဈေးရုံကြီးကို ဗန်းပြပြီး သိန်းသောင်းဂဏန်းပိုက်သွားသူတွေက ခရိုနီတွေချည်းပါပဲ။ ခံလိုက်၇တဲ့မြေဇာပင်တွေက ဈေးသူ/သားတွေပေါ့။ မ၀ယ်နိုင်လို့ ဘ၀ပျက်တဲ့သူနဲ့၊ ၀ယ်ပြီး ရောင်းကောင်းနိုးမျှောလိုက်ရင်း ဘ၀ပျက်တဲ့သူနဲ့ ဒါပါပဲကွယ်”လို့ ဈေးချိုမှာ အစဉ်အဆက်ဈေးရောင်းလာတဲ့ ဈေးသည်တစ်ဦးက ရင်ဖွင့်ပါတယ်။ “ကျွန်တော်တို့ဆိုလည်း စားဝတ်နေရေးတွေ ခက်ခဲသွားတယ်။ ဒီလိုလေးပြန်ရပ်တည်နိုင်ဖို့ အချိန်တွေအကြာကြီးယူခဲ့ရတာ။ တကယ်ဆို ဒီဘက်ခြောက်ရုံက လူတွေကို အမြင့်ပေါ်တင်လိုက်တာပိုဆိုးသွားတယ်။ ရုံပြန်ဆောက်ရင် အစားပြန်ပေးသင့်ပေမယ့် ပြန်မပေးဘဲ သိန်းပေါင်းများစွာနဲ့ေ၇ာင်းစားတော့ ကိုယ့်ဗမာလူမျိုးက မတတ်နိုင်တော့ဘူး။ ”လို့ ရွှေမန်းရုံမှာ တာရာပုံးတွေေ၇ာင်းတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။ ဖျက်ခံရတဲ့ဆိုင်ခန်း အစားပြန်ပေးတော့ ငွေနှစ်သိန်းခွဲပေးဝယ်ခဲ့ရတာပါ။ အဲဒီခေတ်ကာလမှာ ငွေကျပ်နှစ်သိန်းခွဲဆိုတာ ဘယ်လိုမှ မတတ်နိုင်ကြတဲ့ ငွေကြေးမျိုးမို့ တစ်ချို့သော ဗမာလူမျိုးတွေဟာ ငွေမတတ်နိုင်တဲ့အတွက် လက်ရှိဘ၀ကနေ လက်မဲ့ဘ၀ကို အလိုလိုတွန်းပို့ခံရပြီးသားဖြစ်သွားခဲ့ပြီး ဈေးချိုကြီးရဲ့ ပြင်ပကို ရောက်ရှိခဲ့ကြရပါတယ်။ “အခုအပေါ်ထပ်ဆိုင်ခန်းတွေကအခွန်ဆောင်ပြီး ပိတ်ထားရတယ်။ အဲဒီမှာ လူမရှိ၊ ဈေးဝယ်မလာတော့ လုံခြုံရေးအရ ပိတ်ထားတယ်”လို့ တာရာပုံးရောင်းတဲ့ဆိုင်ရှင်က ဆက်ပြောပြပါတယ်။ မန္တလေးဟာ နောက်ဆုံးမင်းစိုက်သွားတဲ့မြို့ဖြစ်တဲ့အတွက် သမိုင်းအမွေအနှစ်တွေ အများဆုံးကျန်ရစ်ခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။ “သမိုင်းဆိုတာ ဖျောက်လို့မရဘူး။ သမိုင်းဆိုတာ ရောင်ခြည်နဲ့တူတယ်။ တံခါးပွင့်တာနဲ့ ရောင်ခြည်ဝင်လာသလို အခုပွင့်လင်းရာသီရောက်လာပြီဆို တော့လည်းဖျက်ထားတဲ့ သမိုင်းက အကုန်ပြန်ပေါ်လာမှာပါပဲ။ စိတ်အနာဆုံးကတော့ မန္တလေးဟာ မီးခဏတိုင်းလောင်တဲ့မြို့ဖြစ်လို့ မီးဘေးအန္တရာယ် ကာကွယ်တဲ့ မီးခံအုတ်တွေနဲ့ ဆောက်လုပ်ထားတဲ့ မန္တလေးဈေးချိုတော်ကြီးကို ရည်ရွယ်ချက်ရှိရှိဆောက်ထားတာကို ဖျက်ပစ်လိုက်တာက သမိုင်းတရားခံပဲ။ တိုက်သစ်ကြီးတွေ တည်တိုင်းအနောက်နိုင်ငံက အထင်ကြီးတာမဟုတ်ဘူး။ သမိုင်းကို လာကြည့်ကြတာ။ အခု ၂၆ ဘီလမ်း၊ ဈေးချိုမြောက်ဖက်တိုက်တန်း၊ အရှေ့ဘက်တိုက်တန်း ပျောက်သွားတယ်။ ဈေးချို ၁၂ ရုံဆိုတာက သူ့သမိုင်းနဲ့သူ ရှိပြီးသား။ “လို့လည်း မန္တလေးမြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘာပတိဖြစ်တဲ့ ဦးသိန်းတန်က လည်း ပြောပါတယ်။ ဈေးချို ၁၂ ရုံမှာ တစ်ရုံချင်းစီမှာ ကုန်ပစ္စည်းတစ်မျိုးစီကို သီးသန့်ရောင်းဝယ်ဖောက်ကားကြပြီး ဆိုင်ခန်းတွေ။ ဈေးရုံတွေမှာလည်း သီးသန့်ကြားလမ်းလေးတွေ ရှိတယ်လို့ ဆိုပါတယ်။ ဈေးချိုမှာ လမ်းလယ်ခေါင် ပလက်ဖောင်းကြီးနဲ့ ကုက္ကိုလ်ပင်တန်းကြီးကိုလည်း အဓိပ္ပာယ်ရှိရှိ ထားရှိခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ “ဒါတွေထားရခြင်းက ဈေးချိုကို ဈေးဝယ်လာရင် စက်ဘီးကို လမ်းလယ် ပလက်ဖောင်းမှာ ရပ်ထားလို့ရအောင် လုပ်ထားတာ။ နောက်ပြီးကုက္ကိုလ်ပင်တန်းကြီးထားတာက အရှေ့ဘက်က နေထိုးရင်အရိပ်ရဖို့အတွက် ထားခဲ့တာ။ ဒါတွေကို ဖျက်ဆီးပစ်လိုက်ကြတယ်”လို့ ဦးသိန်းတန်က ဆိုပါတယ်။ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အခုလို ဖျက်ဆီးခံလိုက်ရတဲ့အတွက် မန္တလေးရဲ့ ပုံရိပ်တွေပျောက်သွားခဲ့တဲ့အပြင် မန္တလေးရဲ့ အသည်းနှလုံးတွေလည်း ကြွေမွပျက်စီးခဲ့ရပါတယ်။ ဒါကြောင့် မန္တလေးကို ချစ်မြတ်နိုးကြသလို မန္တလေးရဲ့ အသည်းနှလုံးဖြစ်တဲ့ ဈေးချိုတော် ၁၂ ရုံကို ဖျက်ဆီးပစ်ခဲ့တဲ့သူတွေကို သမိုင်းတရားခံအဖြစ် နှလုံးပိုက်ထားကြမြဲဖြစ်တယ်ဆိုတာ မန္တလေးရဲ့ ရင်ဖွင့်သံအစစ်အမှန်တွေပဲဖြစ်ပါတော့တယ်။ မြနန္ဒါ ဂျာနယ် အတွဲ-၂ အမှတ် -၁၉ ။ ဆောင်းပါးရှင် - သင်းသင်းသော်

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, May 5, 2013

မေ ၅၊ ကလေးများနေ့


ဆိုးလ် (ဆောအုလ်) ဂွာန်ဂျင်ဂု ကလေးများ ပန်းခြံအတွင်းရှိ မစ္စတာ ဘာန်ဂျောန်ဟွာရဲ့ ရုပ်ထု၊
ယနေ့ ၂၀၁၃ ခုနှစ် မေ ၅ ရက်နေ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ကလေးများနေ့ဖြစ်ပါတယ်။ ကလေးများနေ့မှာ မိဘတွေဟာ သားသမီးတွေကို စိတ်တိုင်းကြ ဖြစ်စေရန်အတွက် ကလေး ကစားကွင်းများ၊ ပန်းခြံများသို့ သွားရောက်ပြီး သားသမီးတွေနဲ့အတူ ပျော်ရွှင်စွာ စားသောက်၊ ကစားကြသလို ကလေးများ လိုချင်တာများကိုလည်း ၀ယ်ပေးကြပါတယ်။ ကလေးတွေအတွက် တစ်နှစ်တာ အတွင်းမှာ ပျော်ရွှင်စရာ နေ့တစ်ရက်ပါ။ မိဘမရှိတဲ့ ကလေးတွေကိုလည်း သက်ဆိုင်ရာ ကျောင်းနဲ့  စောင့်ရှောက်ရေးဌာန (သို့မဟုတ်) အဘိုးအဘွားတွေက  လိုက်ပို့ပေးကြပါတယ်။ ကလေးများနေ့ ဖြစ်ပေါ်လာခြင်း အကြောင်းကတော့ 
ကလေးစာပေများကို ရေးသားတဲ့ မစ္စတာ ဘာန်ဂျောန်ဟွာက ဦးဆောင်နေတဲ့ ရိုမာန် ကက်သလစ်ဂိုဏ်း ဆိုးလ် ဌာနခွဲ (ဆောအုလ်)မှာ  ၁၉၂၂ ခုနှစ် မေ ၁ ရက်မှာ လူငယ်များ အစည်းအဝေးကို ကျင်းပခဲ့ပြီးနောက် နှစ်ပတ်လည် အထိမ်းအမှတ်နေ့အဖြစ် ကျင်းပခဲ့ရာမှ အစပြုခဲ့တယ်လို့ ဆိုရမှာပါ။ ကလေး သူငယ်များအတွက် ရည်သန်ပြီး ဆောင်ရွက်ပေးတဲ့ နှစ်ပတ်လည် အထိမ်းအမှတ် နေ့ကလေး တစ်နေ့ပါ။ ၁၉၂၅ ခုနှစ်မှာ ကျင်းပတဲ့ အခမ်းအနားကို တနိုင်ငံလုံးက ၃သိန်းကျော်သော ကလေးများ တက်ရောက် လာကြပါတယ်။ ဖက်ဆစ် ဂျပန်များ အုပ်ချုပ်နေစဉ်ကာလ ၁၉၃၉ ခုနှစ်မှာ ခေတ္တ ရပ်နားခြင်း ခံခဲ့ရပြီးနောက် ၁၉၄၈ ခုနှစ် သြဂတ် ၁၅ ရက် နောက်ပိုင်းမှာ ပြန်လည် ကျင်းပခွင့် ရရှိခဲ့ကြပါတယ်။ ၁၉၄၉ ခုနှစ်မှ စတင်ပြီး မေ ၁ရက်အစား မေ ၅ ရက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး ယနေ့အထိတိုင် ကလေးများနေ့ အဖြစ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ် ၃၅ ကြီမ်မြောက် ကလေးများနေ့ ကျင်းပတဲ့အခါမှာ ပြည်ထဲရေး ၀န်ကြီး၊ တရားရေးရာ ၀န်ကြီး၊ ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးတို့ တက်ရောက်ပြီး ကလေးသူများ ကြောက်ရွံ့မှု ကင်းရှင်းပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင် စားသောက်နိုင်ရေးအတွက် ကူညီ အားပေး စောင့်ရှောက်ပေးဘို့ သဘော တူ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, February 9, 2013

အပြန်အလှန် ဆွေးနွေးနိုင်တဲ့ အကျင့်ကောင်းများ ပြုစုပျိုးထောင်ကြပါစို့

ရေးသားသူ — စိုးမိုးသူ
(ဖေ့စ်ဘွတ်မှ တဆင့် ကူးယူဖော်ပြပါသည်)


ကျွန်တော်သတိထားကြည့်မိသလောက် မြန်မာတွေရဲ့ လူမှုအသိုင်းအ၀န်းမှာ အပြန်အလှန် ဆွေးနွေးမှုဆိုတာ မရှိသလောက် နည်းပါးခဲ့တယ် ဆိုရမယ်..... အိမ်မှာဆိုလဲ အိမ်အလျောက်၊ ကျောင်းမှာဆိုလဲ ကျောင်းအလျောက် ဗီတိုအာဏာအောက်မှာ ရှင်သန်လာကြရတော့ ငါကြီးလာရင်၊ ငါအဲ့ဒိေ...နရာကို ရောက်ရင်ဆိုတဲ့ စိတ်ကလေးက ပါလာကြတာ များပါတယ်......

မိဘစကား တစ်ခွန်းမကျန် မြေ၀ယ်မကျ နားထောင်ရမယ်၊ ပြန်မပြောနဲ့ အာမခံနဲ့ တွယ်ပလိုက်မယ် ဘာမှတ်နေလဲ ဆိုတဲ့ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုက အာဏာရှင် စိတ်ဓါတ်တွေကို ဖြစ်လာစေတယ်....... ဆရာတွေနဲ့ အပြန်အလှန် ဆွေးနွေးခွင့်မရှိပဲ ဆရာပြောသမျှ နားထောင်ပြီးနေရတဲ့ အခြေအနေတွေက ကျောင်းသားတွေရဲ့ စိတ်ထဲက မတင်မကျ၊ နားမလည်မှုတွေကို ပန်းကောင်း အညွှန့်ချိုးခံရသလို ဖြစ်တဲ့အတွက် တအုံ့နွေးနွေးနဲ့ ဖြစ်စေတယ်..... ဒီကမှတဆင့် မကျေနပ်မှုတွေ အစပျိုးတတ်ကြတယ်....

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, January 10, 2013

တစ်ယောက် တစ်သောင်း မြန်မာပိုင်ကျောင်း

ရေးသားသူ — ဦးသုဝဏ္ဏ (ကောလင်း)

ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ထုံးစံများကို မပျောက်ပျက်အောင်ထိန်းသိမ်းရင်း မြတ်ဗုဒ္ဓ၏ အဆုံးအမများကို သင်ကြားပြသပေးကာ နိုင်ငံခြားတိုင်းပြည်၌ မြန်မာရဟန်းတော်များ သာသနာပြုနေကြပေသည်။ ထိုသို့သာသနာပြုနိင်ဘို့ နေရာဆိုတာ မရှိမဖြစ် လိုအပ်သောအရာဖြစ်ပေသည်။ တခြားနိုင်ငံတွေမှာ မြန်မာကျောင်းတော်ကြီးတွေ ဖွင့်လှစ်ကြ၊ မြန်မာယဉ်ကျေးမှုပွဲတော်တွေ ကျင်းပနေကြတာကို အမြဲပဲ ကြားနေ ဓါတ်ပုံတွေလည်း တွေ့နေ၇ပေ၏။

နိုင်ငံခြားမှာ ကျောင်းတစ်ကျောင်းထူထောင်ဘို့ဆိုတာ အလွန်ခဲယဉ်းပါတယ်။ ကိုယ်ပိုင်ကျောင်းဝယ်ဘို့ဆိုရင်တော့ ပိုပြီးခက်တယ်လို့ပြောရမှာအမှန်ပါ။ တခြားနိုင်ငံတွေမှာ ကျောင်းဝယ်မယ်ဆို၇င် ဘဏ်ကနေချီးငှားယူပြီး လစဉ်အတိုးပေး၊ နှစ်အပိုင်းအခြားအတိုင်း ပြန်ပေးဆပ်ပြီး တည်ထောင်လေ့ရှိကြတယ်။ အမေ၇ိကမှာဆို ကိုရီးယားမှာလောက်ဈေးလည်း မကြီးဘူးလို့ ကြားသိရတယ်။ ကိုရီးယားငွေ သိန်းလေးထောင်လောက်ဆို အဆင်ပြေနိုင်တဲ့။ ကိုရီးယားမှာ ဘဏ်ကချေးငှားပြီး ဝယ်လို့၇ မ၇ မသိပါ။ သိန်းဆယ်ထောင်(ဆယ်ဝေါ့ဂ်) လောက်ရှိတာတောင် ကိုရီးယားမှာ ကျောင်းဝယ်ဘို့ သိပ်မလွယ်သေးဘူး။

သိန်းထောင်ဂဏန်းပြောလိုက်၇င် တို့မြန်မာများ ထိပ်လန့်ကောင်းထိပ်လန့်သွားနိုင်မယ်။ ဖြစ်ချင်တဲ့ဆန္ဒသာ တကယ်ရှိမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ (ဆန္ဒရှိ၇င် မပြီးမြှောက်တဲ့ အလုပ်မရှိတဲ့) ခုတော့ မြန်မာကျောင်းတော်ကြီးတွေ ကိုရီးယားမှာ ပေါ်ပေါက်လာတာ ဆယ်စုနှစ်တစ်ခုရှိသွားပေမဲ့ ကိုယ်ပိုင်ကျောင်းဆိုတာ မရှိသေး၊ လှူသမျှအလှူငွေတွေကိုလည်း အိမ်ပိုင်ရှင်ကိုပဲ ပေးလိုက်၇တော့ အဖတ်မတင်ခဲ့။ ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာပိုင်ကျောင်းဝယ်ဘို့ စတင်ခဲ့ကြတယ်။ လှူတဲ့သူတွေကြတော့လည်း သိန်းဆယ်ချီလှူကြပေမဲ့ မလှူဖြစ်သေးသူတွေလည်း ရှိနေသေးမယ်ထင်တယ်။ တချို့ကတော့လည်း ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယအတွေးတွေနဲ့ပေါ့။ တစ်နှစ်တည်းနဲ့ ဝယ်ဘို့မစုနိုင်ပေမဲ့ တဖြည်းဖြည်းချင်း စုဆောင်းသွားကြမယ်ဆိုရင် မကြာသောနှစ်အတွင်းမှာ ကိုယ်ပိုင်ကျောင်းဆိုတာဖြစ်လာမှာ အမှန်ပါ။ မြန်မာနိုင်ငံက လာေ၇ာက်စီးပွါးရှာကြသူအားလုံး မမေ့မလျော့ဘဲ လစဉ်သာလှူဒါန်းသွားကြဘို့ သာလိုပါတယ်။

လစဉ်လှူ၇မယ်ဆိုလို့လည်း စိတ်ပူနေစရာမလိုပါ။ တာဝန်မကြီးစေဘဲ စီစဉ်ပြီးလှူမယ်ဆို၇င် အစီအစဉ်ဟာ အထမြှောက်နိုင်ပါတယ်။ ကိုရီးယားတွင် လာရောက်စီးပွါးရှာနေကြသော မြန်မာနိုင်ငံသားအားလုံး အေ၇အတွက်ဟာ ခြောက်ထောင်ကျော်ရှိတဲ့အတွက် ကျောင်းဝယ်ဘို့ အတွက် လူတိုင်း လစဉ် ဝမ်တစ်သောင်းစီ လှူဒါန်းမယ်ဆို၇င် တစ်လလျင် လှူဒါန်းမှုဟာ ပုံမှန် သိန်းခြောက်၇ာကျော်စုမိပါလိမ့်မယ်။ တစ်နှစ်လျင် ဆယ့်နှစ်လရှိသည့်အတွက် သိန်းပေါင်း ခုနစ်ထောင့်နှစ်ရာကျော် စုမိနိုင်ပါမယ်။ ဒီလိုသာစုမယ်ဆိုရင် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်း ကျောင်းတစ်ကျောင်းတော့ ဝယ်နိုင်မှာအမှန်။ ကျောင်းမဝယ်မီ လက်ရှိကျောင်းတွေ ဆက်လက်တည်တံ့ဘို့အတွက် ပုံမှန်ထောက်ပံ့နေကြအတိုင်း ထောက်ပံ့ဘို့လည်း မေ့နေလို့ မဖြစ်ပေ။ ဒီ့အတွက်လည်း ပုံမှန် လစဉ် တစ်သောင်းစီ (သို့ မဟုတ်) ငါးထောင်စီသာ လှူနေကြရင် ကျောင်းတွေ ရပ်တည်ဘို့အတွက်လည်း စိတ်ပူပန်နေစရာ လိုမယ်မထင်။

လစဉ်တစ်သောင်းဆိုသော အလှူငွေဟာ တကယ်တော့ မများသော အေ၇အတွက်သာဖြစ်ပါသည်။ မလှူနိုင်သော ငွေကြေးမဟုတ်ပေမဲ့ လှူဖြစ်ဘို့ မေ့ကြလို့သာပါ သို့မဟုတ် လှူပုံလှူနည်းကိုမသိလို့ သို့မဟုတ် စီစဉ်ပေးမဲ့သူ၊ ဦးဆောင်သူ မရှိလို့ သာပါ။ ခုဆို၇င် ကိုယ်ပိုင်ကျောင်းဝယ်နိုင်ရန် စီစဉ်နေကြပြီမို့ လှူဒါန်းကြဘို့သာ လိုပါတယ်။ မြန်မာနိုင်ငံသားတိုင်း ပုံမှန်သာလှူဒါန်းနေကြမယ်ဆိုရင် မဝေးတော့သော အချိန်မှာ ကိုယ်ပိုင်မြန်မာကျောင်းတွေ ကိုရီးယားမှာ သုံးနှစ်တစ်ကျောင်းနုံးဖြင့် နေရာတိုင်းမှာ ဖြစ်ပေါ်လာနိုင်ပါတယ်။ တခြားနိုင်ငံတွေမှာ မြန်မာပိုင်ဘုန်းတော်ကြီးကျောင်းတွေ ထူထောင်ကြသလို ကိုရီးယားမှာလည်း ထွက်ပေါ်လာဘို့  မခဲယဉ်းဘူးဆိုတာ တို့ရွှေမြန်မာအားလုံး သတိရှိနေကြမယ်ဆို၇င် “တစ်ယောက်တစ်သောင်းနဲ့ မြန်မာပိုင်ကျောင်း”ဆိုတဲ့ အစီစဉ်ကို မကြာတော့သော အချိန်အတွင်းမှာ ထွက်ပေါ်လာမှာ အမှန်ဖြစ်ကြောင်း စိတ်ကူးသစ်၊ ကုသိုလ်စိတ်တွေနဲ့ ၂၀၁၃-ခုကို ကြိုဆိုနိုင်စေဘို့ အမျိုးသားအရေး အကျိုးမျှော်ကာ နိုးဆော်တိုက်တွန်းလိုက်ပါသည်။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ
ဦးသုဝဏ္ဏ (ကောလင်း)
သန္တိကရဝိဟာရကျောင်း
အန်ဆန်းမြို့

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Friday, January 4, 2013

ဂိလာနရဟန်းအား လှူဒါန်းလျင်

ရေးသားသူ — သန္တိက၇ဝိဟာ၇ဆ၇ာတော်


မြန်မာနိုင်ငံမှ ဆရာတော် ဦးဇာဂရသည် ကျောက်ကပ် အတွင်းရှိနေသာ ကျောက်များကိုထုတ်ပြစပြီ်း၊ ဆေးကုသမှု ခံယူ၇န် ကို၇ီးယားသို့ေ၇ာက်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် ကုသမှု ပြုလုပ်ခဲ့ပါသော်လည်း အဆင်မပြေမှုများရှိနေမှုကြောင့် ကို၇ီးယားတစ်ယောက်၏ အကူအညီဖြင့်ေ၇ာက်လာပြိး ဆေးရုံတက်ခဲ့ပါသော်လည်း အခက်ခဲများ ဆက်ရှိနေသေး၍ ဆေးရုံပြောင်းရွှေ့ ကုသမှုကို ခံယူလျက်ရှိပါသည်။ ဆေးကုသစ၇ိတ်မှာ ထင်ထားသည်ထက် ပိုကုန်ကျမှု ရှိနေပါသည်။ ဆေးကုနေသော ရဟန်းတစ်ပါးကို လှူဒါန်းမှုနှင့် ပါတ်သက်၍ ဗဟုသုတဖြစ်ဖွယ် အနည်းငယ်ကို သိစေလို စေတနာ သဒ္ဓါ ပွါးတိုးစေလိုသောကြောင့် ဒီစာလေးကိုေ၇းခြင်းဖြစ်ပါသည်။ စာေ၇းဆ၇ာလို မဖွဲ့ တတ်ပါ။ သိစေချင်တာကိုသာ တင်ပြပေးခြင်းလို့ ရိုးသားစွာ ဝန်ခံပါ၇စေ။

ဗုဒ္ဓသာသနာမှာ ကျောင်းအမကြီး ဝိသာခါဆိုရင် မသိသူ ရှိမယ်မထင်ပါဘူး။ သာသနာတော်မှာ ထင်ရှားတဲ့သူ၊ သံဃာတော်တွေရဲ့ အားကိုးမှုကိုလည်း ရရှိသူ၊ သာသနာ့မိခင်သဖွယ်လည်းဖြစ်တဲ့ ဒါယိကာမကြီး ဖြစ်ပေသည်။ သံဃာတော်အတွက် လိုအပ်မယ်ထင်သောအ၇ာများကို ခွင့်ပြုချက်၇ရှိအောင် မြတ်စွာဘု၇ားအထံ တောင်းခံပေးခဲ့သည်။ များသောအားဖြင့် လူတိုင်းဆုတောင်းကြရာမှာ ကိုယ်ဖြစ်ချင်၊ လိုချင်တာကို ဦးစားပေးတောင်းခံကြလေ့ရှိခြင်းဟာ သတ္တဝါတိုင်းရဲ့ သဘာဝပါ။ ဒါပေမဲ့ ဒီဒါယိကာမကြီးကတော့ ထိုသို့ မဟုတ် သံဃာတော်များအတွက်စဉ်းစားကာ တောင်းခံခဲ့သည်။ ဝိသာခါ ဒါယိကာမကြီး၏ တောင်းဆု ရှစ်ခုကို ဝိနည်း ပိဋ္ဋကမှာ ဒီလိုဖေါ်ပြထားပါတယ်-
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်သည်
၁။ သံဃာတော်အား အသက်ထက်ဆုံး မိုးေ၇ခံ သင်္ကန်းလှူလိုပါ၏။
၂။ ဧည့်သည်အာဂန္တုရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၃။ ခရီးသွား၇ဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၎။ သူနာ (ဂိလာန) ရဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၅။ သူနာပြု ၇ဟန်းတို့ အား ဆွမ်းလှူလိုပါ၏။
၆။သူနာ (ဂိလာန) ၇ဟန်းတို့ အား ဆေးလှူလိုပါ၏။
ရ။ အမြဲ ယာဂုလှူလိုပါ၏။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်ကို လှူလိုပါ၏။
ဒီလို တောင်းဆုကို ကြည့်မယ်ဆို၇င် သူ့ အတွက်တောင်းဆိုတာ တစ်ခုမှ မပါပါ။ သူတစ်ပါး ချမ်းသာ အဆင်ပြေစေေ၇းအတွက်သာ တောင်းဆုပြုခဲ့ခြင်းသာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ ဘယ်အကျိုးကို မျော်ကိုးပြီး ဒီဆုကို တောင်း၇သလဲဆိုတော့ တစ်ခုစီကို အကြောင်းပြပေးထားပါတယ်။ နေမကောင်းတဲ့ ရဟန်းကို ဆေးလှူတာနဲ့ ပါတ်သက်လို့  ဖြေလိုက်တာက ရိုးရိုးလေးပါ။ “နေမကောင်းတဲ့ ၇ဟန်းတွေ သင့်တင့်တဲ့ဆေးကို မ၇၇င် ရောဂါလည်း ပိုဆိုးနိုင်တယ်၊ သေလည်းသေနိုင်ပါတယ်။ လိုအပ်တဲ့ဆေးကို ၇ရှိ၇င် ရောဂါလည်း သက်သာနိုင်၊ မသေနိုင်ပါဘူးတဲ့။ “
ဒီလို အတွေးလေးတွေများ ရှိဖူးပါသလားလို့ စဉ်းစားကြည့်ဘို့ ပါ။

ဒီလို အတွေး အမြဲရှိဘို့ မဖြစ်နိုင်ပေမဲ့ အခွင့်ကြုံ၇င်တော့ ရှိသင့်ပါတယ်။ “အခွင့်သာခိုက်မူ၊ ရအောင်ယူ၊ ထိုသူပညာရှိ” လို့ ပညာရှိများ မှာထားတဲ့စကား အရှိမဟုတ်ပါလား။
ခုတော့ ဒီအခွင့်အရေး ညီအစ်ကိုတို့ လက်တစ်ကမ်းကိုေ၇ာက်နေပါပြီ။ လိုအပ်နေတဲ့ နေရာတွေ များမှန်းသိပေမဲ့ ထိုအထဲမှ တစ်ခုလို့ ဆိုပါရစေ။ ဝိသာခါ ဒါယိကာမကြီး တွေးသလို တွေးကြည့်မယ်ဆိုရင် အကယ်၍များပေါ့ (ဖြစ်တော့မဖြစ်နိုင်ပါ) ကုသမှုစ၇ိတ်မလုံလောက်လို့  လိုအပ်တဲ့ ဆေးကုသမှုကို မ၇ဘူးဆို၇င် အခက်အခဲကို စဉ်းစားလို့ မ၇နိုင်အောင်ပါပဲ။ ကုသမှု ပြီးဆုံးပြီး ကျန်းမာလာ၇င် သာသနာ့အကျိုးကို ဆထက်တိုးလို့ လုပ်ဆောင်နိုင်သလို အများကောင်းကျိုးအတွက်လည်း လုပ်နိုင်မှာ အမှန်ပါ။ ဆရာတော် လက်ရှိလုပ်နေတဲ့ ရပ်ရွာလုထုကို ဆေးကုပေးမှု အပါအဝင် လူမှုေ၇းလုပ်ငန်းတွေကို ပိုပြီးလုပ်နိုင်ဘို့ ဆို၇င် ကျန်းမာဘို့ လိုတယ်မဟုတ်ပါလား။ ဝိသာခါရဲ့ အတွေးမျိုး တွေးစေချင်လို့ ပါ။

မြတ်စွာဘု၇ားကိုယ်တော်တိုင်ကလည်း “ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ၊ သော ဂိလာနံ ဥပဋ္ဌဟေယျ။” ၇ဟန်းတို့ ငါဘုရားကို ပြုစုလုပ်ကျွေးသော ၇ဟန်းသည် နာဖျားသော ၇ဟန်းကို ပြုစုလုပ်ကျွေး၇ာ၏။ တဲ့။ ခုချိန်မှာ ဘု၇ားကိုယ်တော်ကို ပြုစုလုပ်ကျွေးဘို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အ၇ာပါ။ ဒါပေမဲ့ ဂိလာန၇ဟန်းကို ပြုစုလုပ်ကျွေးချင်တယ်ဆိုရင်တော့ လက်၇ှိမှာ ၇နိုင်တဲ့ အ၇ာဖြစ်ပါတယ်။ ဗုဒ္ဓ၇ဲ့  စကားတော်ကို လိုက်နာရာလည်းေ၇ာက် လိုအပ်နေသော ကွက်လပ်ကို ဖြည့်ဆည်း၇ာလည်းေ၇ာက်တဲ့အတွက် ကောင်းမြတ်တဲ့ အလုပ်ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ၏ စကားကိုမမေ့ဘဲ အခွင့်အေ၇းကို လက်မလွှတ်ကြစေဘို့ပါ။

အလှူခံမဲ့ ပုဂ္ဂိုလ်ဘက်ကို ကြည့်မယ်ဆို၇င်လည်း ၇ဟန်းတော်တစ်ပါးဖြစ်သည့်အတွက် သံဃာ့ဂုဏ်ကို အာရုံပြုလို့ လှူဒါန်းနိုင်ပါတယ်။ “သံဃေ ဒန္နံ မဟပ္ဖလံ” သံဃာကို လှူဒါန်းခြင်းသည် အကျိုးကြီးမြတ်ပေသည်။ လို့  ဗုဒ္ဓမိန့် မှာချက်လည်း ရှိထားသောကြောင့် များမြတ်သော အကျိုးကို ၇ရှိမှာ အမှန်ပါ။

ဝိသာခါ ဒါယိကာမကြီး၏ အတွေးမျိုးတွေးလို့ မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း ဂိလာန ရဟန်းအား တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းပေးခြင်းဖြင့် ကြီးမြတ် များပြားသော အကျိုးကို ရရှိနိုင်စေဘို့  တိုက်တွန်းနိုးဆော်လိုက်ရပါသည်။

နှစ်သစ်မှာ ပျော်ရွှင်မှု၊ ကျန်းမာမှု၊ ချမ်းသာမှု နှင့်အတူ လိုအင်ဆန္ဒအားလုံး ပြည့်ဝကြပါစေကြောင်း
မေတ္တာများဖြင့်-
သန္တိက၇ဝိဟာရဆ၇ာတော်
အန်ဆန်း
(ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 30, 2012

ဗြဟ္မစိုရ်လမ်း

















ဦးခေါင်းတွေပေါ် မတ်တပ်ရပ်ချင်သူတွေ
များလွန်းတဲ့ ခေတ်ထဲ
ကျနော်က ခြေထောက်တွေ အောက်မှာ ပျော်မွေ့တယ်။

သစ်စေ့လေးတစ်စေ့ကို
ကမ္ဘာမြေကြီးက ပွေ့ပိုက်ထားသလို
ကျနော် အဲဒီ ခြေထောက်တွေကို တယုတယ ပွေ့ပိုက်မယ်။

အဲဒီ ခြေထောက်တွေ အောက်မှာ
နှလုံးသားကို ဖြန့်ခင်းရင်း ခြေထောက်တွေကို
သူတို့ရဲ့ မျှော်လင့်ချက်တွေဆီရောက်အောင် ပို့ပေးမယ်။

မျှော်လင့်ချက် တူရာကို လျှောက်လှမ်းမယ့်
ခြေထောက်တွေ များလာတဲ့အခါ
ကျနော့် နှလုံးသားပေါ် လမ်း ဖြစ်လာလိမ့်မယ်။

မျှော်လင့်ချက်လမ်းမပေါ်
လျှောက်လှမ်းနေတဲ့ ခြေထောက်တွေက
တစ်နေ့နေ့ ပန်းတွေ ပွင့်မလာဘူးလို့ ဘယ်သူ ပြောနိုင်လဲ။

ကမ္ဘာမြေပေါ်က
အခြားသော ပန်းပွင့်တွေလိုပဲ
အဲဒီ ခြေထောက်တွေက ပွင့်လာမယ့် ပန်းရနံ့တွေဟာ
မြစ်တွေလို ကျနော့် နှလုံးသားပေါ် စီးဆင်းရင်းက
ဟောဒီ ကမ္ဘာလောကကြီးကို ကျော်လွန်ပြီး
စကြာဝဠာအနှံ့ မွှေးရနံ့တွေပေးဖို့ တစ်ခုပဲ ကျနော် မျှော်လင့်တယ်။ ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Sunday, September 9, 2012

ပြည်သူအားကိုယ်စားပြုထားသောလွှတ်တော်ကိုယ်စားလှယ်များအား အကြံပြုလွှာ

ရေးသားသူ — အောင်မျိုးထွဋ်
သို့
အယ်ဒီတာ
မကြာမီရက်များအတွင်း လွှတ်တော်အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်အရေးယူမှုများ ပြုလုပ်ရန်ဆောင်ရွက်မှုများပြုလုပ်နေသည်ကို တွေ့မြင်ရပါသည်။ ဥပဒေပြုလွှတ်တော်အနေဖြင့် ထိုကဲ့သို့ အရေးယူမှုများကို ပြုလုပ်နိုင်သည့်အခွင့်အာဏာရှိသည်ကို ငြင်းပယ်၍မရနိုင်ပါ။သို့ရာတွင် ဥပဒေပြုအဖွဲ့ထံ ထိုကဲ့သို့ အခွင့်အာဏာကိုအပ်နှင်းထားသည်ဆိုခြင်းသည် ထိုအာဏာကို မိမိကြိုက်သလို၊သုံးချင်သလိုသုံး၍ရသည်ဟု ဆိုလိုခြင်းမဟုတ်သည်ကို နားလည်ရန်လိုပါသည်။
ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ယခုကဲ့သို့ စွပ်စွဲပြစ်တင်အရေးယူမှုများသည် တိုင်းပြည်၏ ဒီမိုကရေစီတည်ဆောက်မှုလုပ်ငန်းစဉ်များအတွက် မလိုလားအပ်သည့်အကျိုးသက်ရောက်မှုများရှိလာနိုင်ပါသည်။
အထူးသဖြင့် တိုင်းပြည်၏တရားစီရင်ရေးကဏ္ဍအား အလွန်အမင်းအားနည်းသွားစေနိုင်ပါသည်။ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှုများကို ယထာဘူတကျကျကြည့်လျှင် တရားစီရင်ရေးမဏ္ဍိုင်သည် အားအနည်းဆုံးမဏ္ဍိုင်တစ်ခုဖြစ်သည်မှာအများအသိပင်ဖြစ်ပါသည်။

ယခုကဲ့သို့ လွှတ်တော်အမတ်များ၏ စွပ်စွဲအပြစ်တင် အရေးယူမှုများသည် ဖွဲ့စည်းပုံအခြေခံခုံရုံးအနေဖြင့် ဒီမိုကရေစီစနစ်အတွင်းခိုင်မာသည့် တရားစီရင်ရေးအင်စတီကျူးရှင်းတစ်ခုအဖြစ် ပေါ်ထွက်လာနိုင်မှုမရှိအောင် ပြုလုပ်သလို ဖြစ်နေပါသည်။
ထို့အပြင် ဤကဲ့သို့ အရေးယူဆောင်ရွက်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ထိရောက်စွာ ဆောင်ရွက်လိုစိတ်ကို ချိုးနှိမ်လိုက်သလိုဖြစ်သွားနိုင်ပါသည်။လွှတ်တော်အမတ်များအနေဖြင့် မိမိတို့သဘောမတူသည့်ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ချမှတ်တိုင်း ထိုခုံရုံးမှတရားသူကြီးများကို စွပ်စွဲပြစ်တင်အရေးယူမှုများ ပြုလုပ်မည်ဆိုသည့်သဘောမျိုးဖြစ်လာစေနိုင်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီးများအနေဖြင့် မိမိတို့၏တာဝန်ကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်ပါက လွှတ်တော်၏ တာဝန်နှင့် လုပ်ဆောင်မှုများအား စစ်ဆေးစောင့်ကြည့်နိုင်မည့်အင်စတီကျူးရှင်းကို အားနည်းအောင် တမင်လုပ်နေသလို ဖြစ်နေပါသည်။ ထိုအရေးယူမှုများကို တိုင်းပြည်ကိုချစ်၍ ဒီမိုကရေစီစနစ်တည်ဆောက်ရေးကို လုပ်ဆောင်နေသည့် ပြည်သူကို အမှန်တကယ်ကိုယ်စားပြုသည့် ကိုယ်စားလှယ်များအနေဖြင့် မပြုလုပ်သင့်ကြောင်းပြောကြားလိုပါသည်။

ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်မှုလမ်းကြောင်းပေါ်သို့စတင်ရောက်ရှိနေသောအခြေအနေတွင်ရှိပါသည်။ ထိုသို့ ဒီမိုကရေစီစနစ်တည်ဆောက်ရေး၏ ကနဦးကာလတွင် လွှတ်တော်အနေဖြင့် ဒီမိုကရေစီစနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များ အားနည်းသွားစေမည့်အပြုအမူများကို မလုပ်ဆောင်မိစေရန်လိုအပ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတစ်ခုသည် တိုင်းပြည်၏ ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရာတွင် အရေးပါသော အင်စတီကျူးရှင်းတစ်ခုဖြစ်ပါသည်။ ထိုအဖွဲ့အား စွပ်စွဲပြစ်တင်အရေးယူမှုသည် ဒီမိုကရေစီစနစ်တည်ဆောက်ရေးတွင် အရေးကြီးသည့်အကြောင်းတစ်ခုဖြစ်သည့်မဏ္ဍိုင်သုံးခုအကြား တာဝန်နှင့် လုပ်ပိုင်ခွင့်များပိုင်းခြားထားမှုကို အဓိပ္ပာယ်မဲ့သွားစေပါသည်။

မဏ္ဍိုင်သုံးခုအကြား တာဝန်နှင့် လုပ်ပိုင်ခွင့်များ ခွဲခြားထားမှုရှိမှသာ အစိုးရအဖွဲ့အစည်းတစ်ခုလုံးရှိ ကဏ္ဍများ တစ်ခုနှင့်တစ်ခုအပြန်အလှန်ကွပ်ကဲမှုရှိပြီး အာဏာရှင်စနစ်များ ပေါ်ထွက်လာနိုင်မှုကိုအကာအကွယ်ပေးနိုင်မည်ဖြစ်ပါသည်။

တရားစီရင်ရေးကဏ္ဍသည် အခြားကဏ္ဍကဲ့သို့ ငွေကြေးဆိုင်ရာနှင့် အစိုးရ၏ အာဏာစက်ကို တိုက်ရိုက်အသုံးပြုသည့် အခွင့်အာဏာမရှိသော်လည်း တိုင်းပြည်အတွင်းရှိ ဥပေဒများ၏ အဓိပ္ပာယ်ကိုဖော်ဆောင်သည့်တာဝန်ကို ယူထားသည့် တစ်ခုတည်းသောမဏ္ဍိုင်ဖြစ်ပါသည်။ တရားစီရင်ရေးအဖွဲ့အနေဖြင့် တရားဥပဒေများ၏အဓိပ္ပာယ်ကို ဖွင့်ဆိုခွင့်ပေးထားသလို အခြေခံဥပဒေခုံရုံးအနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုခွင့် တာဝန်နှင့် လုပ်ပိုင်ခွင့်အပြည့်အဝရှိပါသည်။

တရားသူကြီးအား သူတို့၏ဆုံးဖြတ်ချက်ကို သဘောမကျ၍သူတို့အား စွပ်စွဲပြစ်တင်ရှုတ်ချမှုများပြုလုပ်ရန် လုံးဝမဖြစ်သင့်သည်မှာဆင်ခြင်တုံတရားရှိသောသူများအားလုံး လက်ခံနိုင်မည့်အချက်တစ်ခုဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခြေခံဥပဒေခုံရုံးမှ တရားသူကြီးများကို စွပ်စွဲအပြစ်တင် အရေးယူမှုများပြုလုပ်မည်ဟု ခြိမ်းခြောက်မှုများသည် တရားရေးကဏ္ဍလုပ်ပိုင်ခွင့်နယ်ပယ်အတွင်းသို့ ချိုးဖောက်ဝင်ရောက်နေသည့် သဘောဆောင်နေပါသည်။

ဤသို့လုပ်ဆောင်မှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှတရားသူကြီးများ မိမိတို့တာဝန်ကို ထိရောက်စွာလုပ်ဆောင်လိုစိတ်များ အားနည်းသွားအောင်ပြုလုပ်သလို လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်၏လုပ်ပိုင်ခွင့်အာဏာကိုကျော်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တရားစီရင်ရေးသုံးသပ်ချက် (Judicial Review) ကိုလုပ်ဆောင်သည့်သဘောလည်းဖြစ်နေပါသည်။

ဥပဒေပြုမှုကို အဓိကထားလုပ်ဆောင်ရမည့် လွှတ်တော်အနေဖြင့် အစိုးရအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုရှိမရှိ ဆန်းစစ်သည့်အာဏာကို ယူလိုက်ပါက အစိုးရအဖွဲ့ကဏ္ဍများအကြား အပြန်အလှန်ကွပ်ကဲမှုကို အားနည်းသွားစေပါသည်။

လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များအားလုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်သည် နိုင်ငံရေးလုပ်ငန်းစဉ်ကို မည်သို့မည်ပုံ ညှိနှိုင်းဆောင်ရွက်သွားသည်ကို ဖွင့်ဆိုထားသည့်ဥပဒေဖြစ်သည်ဟု နားလည်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်ကို တိုက်ရိုက်စီမံအုပ်ချုပ်နေသည်ဟု မမြင်သင့်ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရနှင့် အုပ်ချုပ်ရေးစနစ်ပုံစံများမည်သို့မည်ပုံ ဖွဲ့စည်းသင့်သည်ကို ဖော်ဆောင်ပေးထားသည့် ဥပဒေတစ်ရပ်ဖြစ်ပါသည်။
တိုင်းပြည်အား အမှန်တကယ်အုပ်ချုပ်သူများသည် ဖွဲ့စည်းပုံအရ ရွေးချယ်ထားသည့် သို့မဟုတ် ခန့်အပ်ထားသည့်သူများဖြစ်ပါသည်။ ထိုသူများအနေဖြင့် မိမိတို့၏ အတ္တမာန်မာန လက်စားချေလိုစိတ်များကို အခြေမခံဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စည်းမျဉ်းစည်းကမ်းများနှင့် အစိုးရမဏ္ဍိုင်များအကြား အာဏာနှင့် တာဝန်ခွဲဝေ မှုများကိုလေးစားမှုဖြင့် မိမိတို့၏တာဝန်များကို ထမ်းဆောင်ပါမှ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မှန်ကန်အဓိပ္ပာယ်ရှိစွာ အသက်ဝင်လာမည် ဖြစ်ပါသည်။
တိုင်းပြည်၏တည်ငြိမ်မှုနှင့် ဒီမိုကရေစီတည်ဆောက်ရေးကအထောက်အပံ့ပြုလိုသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးအနေဖြင့် တိုင်းပြည်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အထောက်အကူမဖြစ်စေသည့်လုပ်ဆောင်မှုများကို မလုပ်ခြင်းဖြင့်တိုင်းပြည်ကိုချစ်သည့် တာဝန်ရှိ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြောင်း သက်သေပြသင့်ပါသည်။

အောင်မျိုးထွဋ်
(The Voice Weekly)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Saturday, September 1, 2012

လူကို ခွေးဖြစ်အောင်လုပ်မယ့် လွှတ်တော်လား

ရေးသားသူ — ဦးအောင်ထူး(ရှေ့နေ)

ယခင်ဗြိတိန်ပါလီမန် နှင့် ယနေ့ မြန်မာ့လွတ်တော်
ပါလီမန် ဒီမိုကရေစီ ၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံရသည့် ဗြိတိန်နိုင်ငံ တွင် ပါလီမန် ဟု ခေါ်သည့် လွှတ်တော်က တိုင်းပြည်၏ အမြင့်ဆုံးအာဏာကို ကျင့်သုံးခဲ့ဖူးသည်။ ယင်းကို တင်စားပြောဆိုကြသည့် စကားတစ်ခုရှိသည်။ "လူကို ခွေးဖြစ်အောင် မလုပ်နိုင်၊ ခွေးကိုလူဖြစ်အောင် မလုပ်နိုင်သည်ကလွဲ၍ ဗြိတိန်ပါလီမန်မလုပ်နိုင်တာ ဘာမျှမရှိ" ဟူ၍ဖြစ် သည်။ ယင်းကို ပါလီမန်လွှတ်တော်၏ အချုပ်အခြာဖြစ်မှု၊ အင်္ဂလိပ်ဘာသာဖြင့် Parliamentary Supremacy ဟု ခေါ်ကြ သည်။ ယခုမကျင့်သုံးတော့ပါ။
မြန်မာနိုင်ငံ၌ စစ်အစိုးရတည်ထောင်ဖွဲ့စည်းထားသောလွှတ်တော်သည် ဗြိတိန် ပါလီမန် က အချုပ်အခြာသဘွယ် ကျင့်သုံးခဲ့သည့် ကာလကထက်ပို၍ပင် တန်ခိုးထွားကာ ဥပဒေစိုးမိုးရေးအခြေခံကို ပြောင်းပြန်လှန်လျှက် လူကိုခွေး ဖြစ်အောင် လုပ်တော့မည်လားဟူ၍ပင် စိုးရိမ်ဘွယ်အခြေအနေကို တွေ့နေရသည် ။ အဘယ်ကြောင့်ပါနည်း။
တောင်အာဖရိက မင်ဒဲလား
ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရာ၌ တိုင်းနိုင်ငံများတွင် အမြင့်ဆုံးတရားရုံးများသည် အချက်အခြာနေရာမှ ပါဝင်ကြ သည်။ အာဏာပိုင်များ နိုင်ငံရေးခေါင်းဆောင်များက အမြင့်ဆုံးတရားရုံးကြီးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက် နာကြောင်းပြခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးကြသည် ။ တောင်အာဖရိက နိုင်ငံတွင် သမတ၏ ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေသတ်မှတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဟူ၍ တရားရုံးချုပ်၏ ဆုံးဖြတ်ချက် ပေါ်ထွက်လာပြီး နောက်တစ်နေ့တွင် သမတ နယ်လ်ဆင်မန်ဒဲလားသည် သတင်းစာရှင်းလင်းပွဲခေါ်ယူခဲ့သည်။ ၄င်းက သမတ ကိုယ်တိုင် အမြင့်ဆုံးတရား ရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာကြောင်း၊ ဤသည်ကို နမူနာယူကာ တောင်အာဖရိက နိုင်ငံ သားများအားလုံး သည်လည်း အမြင့်ဆုံးတရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း လမ်းညွှန်ခဲ့သည်။
အိန္ဒိယ မစ္စစ်အင်ဒီယာဂန္ဒီ
အိန္ဒိယ နိုင်ငံတွင် မစ္စစ် အင်ဒီရာဂန္ဓီ ၀န်ကြီးချုပ်ဖြစ်ခဲ့သည့်အတွင်း ၁၉၇၅ မှ ၁၉၇၇ ခုနှစ်များ ကာလတွင် သံလက်ဖြင့် အုပ်ချုပ်ခဲ့သည်ဟု ဝေဘန်ခံခဲ့ရသည်။ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်အမြောက်အများကို ဖမ်းဆီး ဖိနှိပ်ခဲ့သော ကြောင့်ဖြစ်သည်။ သို့ရာတွင် အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ရှေ့တော်သွင်းစာချွန်တော် အခွင့် အာဏာကို အသုံးပြု၍ အိန္ဒိယ တရားရုံးချုပ်က ပြန်လွှတ်ပေးခဲ့သည်။ ၀န်ကြီးချုပ် မစ္စစ် အင်ဒီရာဂန္ဓီ ခေါင်းဆောင်ပြီး ပါလီမန် အတွင်း၌ နေရာအများစုရထားသော ကွန်ဂရက်ပါတီသည် လွှတ်တော်အတွင်း၌ တရားသူကြီးချုပ်များအပေါ် စွပ်စွဲပြစ် တင်ခြင်း မရှိခဲ့။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာခဲ့ကြခြင်းဖြင့် ဥပဒေစိုးမိုးရေးကို ပံ့ပိုးခဲ့ကြ သည်။
အမေရိကန်အယ်လ်ဂိုးလ်
၂၀၀၀ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ သမတ ရွေးကောက်ပွဲကျင်းပစဉ်အတွင်း မဲရေတွက်ကြရာ ဒီမိုကရက်ပါတီ နှင့် ရီပတ်ဘလီကန် ပါတီ နှစ်ဘက်လုံးက သူနိုင်ကိုယ်နိုင်အငြင်းပွားခဲ့ကြသည် ။ နှစ်ဘက် ပါတီကို ထောက်ခံသူများ လမ်းမပေါ်ထွက်ဆန္ဒပြကြပြီး မိမိတို့ပါတီက နိုင်ကြောင်းကြွေးကြော်ကြသည်။ နှစ်ဘက်လုံးက တရားရုံးချုပ်တွင် အမှု စွဲဆိုကြသောအခါ နောက်ဆုံးတွင် တရားရုံးချုပ်က ရီပတ်ဘလီကန် ပါတီကို အနိုင်ပေးလိုက်သည်။ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် ဒီမိုကရက်ပါတီ သမတလောင်း အယ်လ်ဂိုးသည် ရုပ်မြင်သံကြား ရှေ့ကို ထွက်လာကာ "အမေရိကန်ပြည်သူများခင်ဗျား၊ ကျွန်တော်တို့ လေးစားတန်ဘိုးထားရတဲ့ တရားရုံးချုပ်ကြီးက ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ရီပတ်ဘလီကန် ပါတီကို အနိုင်ပေးလိုက်ပါပြီ။ ကျွန်တော်အပါအ၀င် အမေရိကန်ပြည်သူတွေ အားလုံး တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာဖို့ လိုပါတယ်။ ကျွန်တော့်ကို ထောက်ခံအားပေးပြီး ဆန္ဒ ပြနေကြတဲ့ လူထုတွေ အားလုံး အိမ်ကို ပြန်ကြပါတော့" ဟု မိန့်ခွန်းပြောကြားရင်း လူထုကို ထိမ်းခဲ့သည်။ တရားရုံး ချုပ်၏ ဆုံးဖြတ်ချက်အပေါ် မကြေနပ်သူ အမြောက်အများရှိခဲ့သော်လည်း လေးစားလိုက်နာခဲ့ကြသည်။ တရားရုံးချုပ်ကို ပြသနာမရှာခဲ့။ ဥပဒေစိုးမိုးရေးကို ပံ့ပိုးပေးခဲ့ကြသည် ။
ယနေ့မြန်မာနိုင်ငံ လွတ်တော်
ယခုမြန်မာနိုင်ငံ၏ မြင်ကွင်းကို ကြည့်လိုက်ရာ ပြောင်းပြန်ဖြစ်နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်နေကြသည့် လွှတ်တော် အမတ်များမှာ အတော်ပင် တက်ကြွနေကြသည် ။ ပြည်ထောင်စုလွှတ်တော်တွင် စွပ်စွဲပြစ်တင်ကြောင်း အဆို အနိုင်ရသွားပြီးနောက် ၄င်းတို့မှာ အောင်ပွဲရနေသကဲ့သို့ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေးသည် ရှေ့ခြေတစ်လှမ်းပင် မတိုးရသေးခင် နောက်ခြေနှစ်လမ်း ပြန်ဆုတ်နေပြီ ဟု ခံစားမိသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၄င်းအပေါ်အခြေခံ၍ တည်ထောင်ထားသည့် တရားစီရင်ရေးစနစ်သည် ဥပဒေစိုးမိုး ရေးကို စစ်မှန်စွာဖေါ်ဆောင် ပေးနိုင်မည့် အလားအလာမှာ လွန်မင်းစွာနည်းလွန်းလှသည်။
သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အရပင်ဖြစ်ပါစေ လူများစုဒီမိုကရေစီကို ကျင့်သုံးသည့် လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာအပေါ် လွတ်လပ်၊ ဘက် မလိုက်၊ ထက်မြက်သည့် တရားစီရင်ရေးက ထိမ်းကြောင်းသည့် မူမျိုးကို တတ်နိုင်သလောက်ကျင့်သုံးလျှင် အကျိုးရှိ မည် ဟု ယူဆပါသည်။ လက်တွေ့မြင်ကွင်းအရမူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ အကြီးအကျယ် စိမ်ခေါ် ခံနေ ရပြီ ဖြစ်သဖြင့် ဤမူသည်ပင် သွက်သွက် ခါအောင် ကိုင်လှုပ် ခံနေရပြီဟု မှတ်ယူရပါမည်။ ဤတွင် ခုံရုံးကများ အမှား ကြီး မှားနေသလားဟူ၍ လေ့လာကြည့်မိသည်။
လွတ်တော်အသီးသီးက ဖွဲ့စည်းလိုက်သောကော်မတီ
သမတက ခုံရုံးသို့ တင်သွင်းလာသော အငြင်းပွားမှုမှာ "လွှတ်တော် အသီးသီးက ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖြစ် ထည့်သွင်းဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်ခြင်းရှိမရှိ" ဖြစ်သည်။ ညီညွတ်ခြင်းမရှိဟူ၍ ခုံရုံးက ဆုံးဖြတ်ခဲ့သည်။ အဘယ်ကြောင့် ဤသို့ ဆုံးဖြတ်ရသည်ကို ခုံရုံးက၂၀၁၂ ခုနှစ် သြဂုတ်လ(၂၉)ရက်နေ့တွင် ရှင်းလင်းချက်များ ထုတ်ပြန်ခဲ့သည်။ ၄င်းတို့အနက် အဓိကအားဖြင့် အောက်ပါစာပုဒ်ကို သတိပြုမိသည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၄) ဥပဒေပြုရေးအခန်းတွင် ပြဋ္ဌာန်းပါရှိသည့် လွှတ်တော်တွင် ရှင်းလင်းဆွေးနွေး ပြောဆိုခွင့်နှင့် စပ်လျှဉ်းသည့် အကြောင်းအရာပါ ပုဒ်မများ ဥပဒေကြမ်းတင်သွင်းခွင့်နှင့် စပ်လျှဉ်းသည့် အကြောင်း အရာပါ ပုဒ်မများအရ အဓိပ္ပါယ်ကောက်ယူလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ် ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် လွှတ်တော် အဖွဲ့ အစည်းအသီးသီးနှင့် ယင်းလွှတ်တော် အသီးသီးတို့မှ ကိုယ်စားလှယ်များကို ရည်ညွှန်းခြင်း မဟုတ်ကြောင်း ထင်ရှား ပါသည်။"
တိုင်းးပြည်အဆောက်အအုံ နှင့် ပုဂ္ဂိုလ်များ
ဤရှင်းလင်းချက်ကို လူတိုင်းနားလည်အောင် ဖွင့်ဆိုရလျှင် နှစ်ပိုင်းရှိသည်။ ပထမတစ်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီတည်ထောင်ထားသည့် တိုင်းပြည်အဆောက်အအုံများ (Constitutional Institutions) ကိုရည်ညွှန်းသည်။ ဒုတိယ တစ်ပိုင်းမှာ ယင်း အဆောက်အအုံများတွင် တာဝန်ထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များ အား ရည်ညွှန်းသည်။
ပြည်ထောင်စုအဆင့်ဆိုသည်မှာ
ခုံရုံး၏ဖွင့်ဆိုချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်း၍ ပြည်ထောင်စုအဆင့်အနေဖြင့် ဖွဲ့စည်းထားသောတိုင်းပြည် အဆောက်အအုံများ (Constitutional Institutions) တို့ကိုသာ ပြည်ထောင်စု အဆင့်သတ် မှတ်သည်။ ၄င်းတိုင်းပြည် အဆောက်အအုံများတွင် တာဝန်ထမ်းဆောင်နေကြသူများကိုသာ ပြည်ထောင်စု အဆင့်တွင် တာဝန်ထမ်းဆောင် နေ ကြသူများအဖြစ် ခုံရုံးက လက်ခံသည်။ သာဓက အားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော် ချုပ်အား ပြည်ထောင်စု အဆင့်အနေဖြင့် ဖွဲ့စည်းထား သည်။ သို့ဖြစ်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တွင် တာဝန်ထမ်းဆောင်နေကြသည့် တရားသူကြီးများကိုသာ ပြည်ထောင်စု အဆင့်တွင် တာဝန်ထမ်းဆောင်နေကြ သူများ အဖြစ် ခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့်က ထပ်မံဖွဲ့စည်းသော ကော်မတီစသည်များ
ဆိုလိုသည်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု အဆင့်ဖြစ်သော်လည်း လိုအပ်ချက်အရ ကော်မတီနှင့် ကော်မရှင်များ ထပ်မံဖွဲ့စည်းစေဦးတော့၊ ယင်းတို့သည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အညီ သတ်မှတ် ထားသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းမဟုတ်၊ ယင်းသို့ ထပ်မံဖွဲ့စည်းလိုက်သည့် ကော်မတီနှင့် ကော်မရှင်များ တွင် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များသည် ပြည်ထောင်စု အဆင့်ခံစားခွင့်များ မရထိုက်ဟူ၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက အဓိပ္ပါယ်ဖွင့်ဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ မှားယွင်းပါသည်ဟူ၍ မည်သို့ပြောနိုင်ပါအံ့နည်း။
ပြည်သူ့လွတ်တော်နှင့် အမျိုးသားလွတ်တော်
ပြည်ထောင်စု လွှတ်တော်ဘက်မှ ပြန်လည် စဉ်းစားကြည့်ကြပါစို့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နံမည်ကိုပင် ပြည် ထောင်စု လွှတ်တော်ဟူ၍ ခေါ်ဝေါ်သုံးစွဲထားသဖြင့် ပြည်ထောင်စု အဆင့်ရှိသည်မှာ မည်သို့မျှ အငြင်းမပွားနိုင်။ သို့ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့နှစ်ရပ်ပေါင်းလျှင် ပြည်ထောင်စုလွှတ်တော် ဖြစ်သည်ဟု ဆိုသော်လည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တစ်ရပ်ခြင်းစီသည် ပြည်ထောင်စု လွှတ်တော်ဟူ၍ မပြော နိုင်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွင့်ဆိုချက်အရ ဆိုလျှင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တစ်ရပ်ခြင်းစီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားသည့် ပြည်ထောင်စုအဆင့် တိုင်းပြည်အဆောက် အအုံများ (Constitutional Institutions) မဟုတ် ဟူ၍ နားလည်ရမည်ဖြစ်သည်။
မြန်မာလွတ်တော်အမတ်များ ရှေထိုးနောက်ပြန် ကျွမ်းထိုးကြ
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တစ်ရပ်ခြင်းစီသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ ဖြစ်သည်ဟူ၍ လည်း၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မည်သည့်နေရာတွင်မျှမပါရှိပါ။ ခုံရုံး၏ သုံးသပ်ချက်ကို ထောက်ရှု၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တရပ်ခြင်းစီသည်ပင် ပြည်ထောင်စု အဆင့်တိုင်းပြည်အဆောက်အအုံ စာရင်းထဲ တွင် ပါဝင်ခြင်းမရှိပါက ယင်းတို့မှ ဖွဲ့စည်းပေးလိုက်သည့် ကော်မတီနှင့် ကော်မရှင်များသည် မည်သို့လျှင် ပြည်ထောင်စု အဆင့် ရှိနိုင်ပါမည်နည်း။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားကြသူများအနေဖြင့် ခုံရုံး၏ ဖွင့်ဆိုချက်ကို မကြိုက်လျှင်လည်း ကိုယ့်စိတ်ကို ကိုယ် မထိမ်းနိုင်ပါက ရှေ့ပြန်နောက်ပြန် ကျွမ်းထိုးနေကြရုံသာ ရှိသည်။ မည်သို့မျှ တတ်နိုင်မည်မဟုတ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွင့်ဆိုချက် လုံးဝမှားနေပါသည်ဟူ၍လည်း မပြောနိုင် သောကြောင့် ဖြစ်သည်။
ဒါလားဟဲ့ အများဆန္ဒ
ဤသည်ကို နားလည်သဘောပေါက်သွားကြသောအခါ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကြီးများက ၄င်းတို့၏ အဆင့်အားနှိမ့်ချခြင်းခံလိုက်ရသည်ဟု ခံစားသွားကြပုံရသည်။ ရှူးရှူးရှဲရှဲနှင့် ဒေါသူပုန်ထသွားကြ တော့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအား ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ် ဖြစ်သွားကြတော့သည်။ ဥပဒေ ကြောင်းအရ နိုင်အောင် မပြောနိုင်တော့သောအခါ အများစုနှင့် ကိုင်ဖို့ကြိုးစားလာကြတော့သည်။ အများညီ ဤ ကို ကျွဲဖတ် ဇာတ်ခင်းလာကြသည်။

မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေး ဇာတ်လမ်းမှာ အထက်တွင် တင်ပြခဲ့သည့် နိုင်ငံများ၏ အတွေ့အကြုံများနှင့် နိုင်းယှဉ်လျှင် ပြောင်းပြန်ဖြစ်သွားခဲ့ပြီ။ တစ်တိုင်းပြည်လုံးက လေးစားရမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးများသည် မျက်စိသူငယ် တရားခံအနေအထားနှင့် အစစ်ခံကြရတော့မည့်ကိန်းဆိုက် နေပါပြီ။
ယခုမှ ပေါ်လာသော ပြဿနာမဟုတ်
စင်စစ်အားဖြင့် ယင်းသို့ဖြစ်ခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ရည်ရွယ်ချက် ရှိရှိ ပညာ သားပါပါ ခင်းထားသော လမ်းကြောင်းကြောင့်ဖြစ်သည်။ ခုံရုံး၏ ရှင်းလင်းချက်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စတင်ရေးဆွဲစဉ်ကထဲက အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌက ချထားခဲ့သည့် လမ်းညွှန်ချက်အား ပြန်လည် ကိုးကားထားသည်ကို လေ့လာကြည့်ပါ။ ယခုမှ ပေါ်ပေါက်လာသည့် ပြသနာ မဟုတ်။ အမျိုးသားညီလာခံ စတင် ကျင်းပခဲ့သည့် ၁၉၉၃ ခုနှစ်ကထဲက စတင်အုတ်မြစ်ချ တည်ဆောက်ခဲ့သော လမ်းကြောင်းဖြစ်ကြောင်း တွေ့ရ သည်။
အများအားကို ထိန်းညှိထားတဲ့ ဥပဒေ
ယင်းနှင့် ဆက်စပ်ကာ နှစ်ချက် သုံးသပ်လိုပါသည်။ ပထမ အချက်မှာ နိုင်ငံရေးပါတီ တစ်ရပ်ရပ်သည် လွှတ်တော်တွင် အမတ်နေရာ အများစုရပြီးရွေးချယ်တင်မြှောက်ခံရစေ ဦးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမတ စနစ်ကို တီထွင် ကျင့်သုံးထားသဖြင့် စစ်တပ် နှင့် စစ်ခေါင်းဆောင် ဟောင်းများက မထောက်ခံသမျှ ကာလပတ်လုံး ၄င်းပါတီ၏ ခေါင်းဆောင်သည် သမတ မဖြစ်နိုင်ပါ။ သမတ တွင်သာ ပြည်ထောင်စု ၀န်ကြီးအဖွဲ့ဝင်များအား ခန့်ခွင့်ဖြုတ်ခွင့် ရှိသဖြင့် သမတ က နိုင်ငံရေးအရ ချော့ထားသည့် အနေဖြင့် လွှတ်တော်အတွင်း အများစု နေရာရထားသော ပါတီ မှ ပုဂ္ဂိုလ်အချို့အား အရေးမပါသည့် ၀န်ကြီးနေရာအချို့ပေး ကောင်းပေးမည်။ ရွေးကောက်ပွဲတွင်နိုင်ပြီး လွှတ်တော်အတွင်းတွင် အမတ်နေရာအများစုရသော ပါတီသည် ဤမျှနှင့် သာ ကြေနပ်ရပါမည်။ သမတ နေရာမရနိုင်သဖြင့် အစိုးရဖွဲ့ခွင့် မည်သည့်အခါတွင်မျှ ရမည်မဟုတ်ပါ။ အစိုးရဖွဲ့ခွင့်မရ လျှင် လူထုအတွက် သာမက တပ်မတော်သားထုအတွက်ပါ ဆိုးဝါးသော စစ်အာဏာရှင်စနစ်အား၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အညီ ကျင့်သုံးထားမှုကို ချုပ်ငြိမ်းအောင်လုပ်ဘို့ မလွယ်လှပါ။

တရားမျှတရေး အချိန်မဆွဲသင့်
ဒုတိယ အချက်မှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ကြိုတင်မဲများဖြင့် အနိုင်ယူသွားခဲ့ကြသည့် ပြသနာကို ရွေးကောက်ပွဲ ကော်မရှင်က ၀န်ခံပါလျှက် အရေးယူဖြေရှင်းပေးခဲ့ခြင်းမရှိ။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပြားအပေါ် ဖယောင်းသုတ်ထားသည့် ပြသနာအားဖေါ်ထုတ်သည့် ရှေ့နေကြီး ဦးဥာဏ်ဝင်းသည်ပင်လျှင် တရားလိုအဖြစ်မှတရားခံ ဘ၀သို့ကျရောက်သွားခဲ့ရသည်။ မည်သည့် မသမာမှုကိုမျှ ဖေါ်ထုတ်အရေးယူခြင်းမရှိပြန်။ လက်ရှိအချိန်တွင်လည်း စစ်မှန်သည့် ရွေးကောက်ပွဲ များကျင်းပခွင့်ရစေရန် ရွေးကောက်ပွဲဥပဒေများအား ပြင်ဆင်ပြောင်းလဲပြဌာန်းစေရေး ကြိုးပမ်းသည့် လှုပ်ရှားမှု တစ်ခုမျှ မရှိ။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် မသမာမှုပေါင်းစုံ ထပ်မံ ပေါ်လာနိုင်သည်။ လူထု ကိုယ်စားလှယ် အစစ်မဟုတ်သူ အမြောက်အများ နေရာဝင်ယူကြဦးမည်။ သို့ဖြစ်၍ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရေး ဟူသောအကြောင်းပြချက်ဖြင့် အချိန်မဆွဲသင့်ပါ။
ကျော်မကောင်းကြားမကောင်း
လွှတ်တော်နှင့် ခုံရုံးအကြား လက်ရှိအငြင်းပွားကြသည့် အကြောင်းရင်းခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး မဟုတ်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ မရှင်းလင်းမှုကြောင့် ဖြစ်ရသည့် ပြသနာအပေါ် ခုံရုံးကို အပြစ်ရှာခြင်း၊ ခုံရုံးတရားသူကြီးများကို အရေးယူဘို့ကြိုးပမ်းခြင်းမှာ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ကျော် မကောင်း ကြားမကောင်းသည့် ကိစ္စဖြစ်သည်။ မလုပ်သင့်သော ကိစ္စဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံခုံရုံး တည်ရှိခြင်းမှာ
စင်စစ်အားဖြင့်မူ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တည်ထောင်ထားရှိခြင်းမှာ ဖွဲ့စည်းပုံဆိုင်ရာနှင့် စပ်လျှဉ်း၍ မရှင်းလင်းသည်များ၊ အငြင်းပွားမှုများရှိလာလျှင် ရှင်းလင်းဖွင့်ဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးရန်ဖြစ်သည်။ ဆုံးဖြတ်ချက်များ အပေါ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လိုက်နာရပါမည်။ လူများစုက ကြိုက်မှ လိုက်နာမည် ဟု ဆိုပါက လူများစုကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းထားသည့် လွှတ်တော်အပေါ် လူနည်းစုဥပဒေပညာရှင်များဖြင့် ဖွဲ့စည်း ထားသည့် တရားစီရင်ရေးက ဥပဒေရှုဒေါင့်မှ ကြပ်မတ်သည့် အခြေခံတွင် ဥပဒေစိုးမိုးရေးစနစ်တည်ဆောက်မှု ကို ငြင်းပယ်လိုက်ရာ ကျပါမည်။
ယခုလွှတ်တော်သည် ဤလမ်းကြောင်းကို လျှောက်လျှက်ရှိသည်။ လူများစု ဆန္ဒမဲရလျှင် ဘာမဆိုလုပ်နိုင်သည့် သဘောမျိုးပြုမူလျှက်ရှိသည်။ ဗြိတိသျှ ပါလီမန်က ကျင့်သုံးခဲ့သည့် ပါလီမန် လွှတ်တော်၏ အချုပ်အခြာဖြစ်မှု Parliamentary Supremacy ကို အတင်းအကြပ်ကျင့်သုံးရန် ကြိုးပမ်းလျှက် ရှိသည်။

လူစင်စစ်မှ ခွေးဖြစ်ရမည့်ကိန်းဆိုက်
"လူကို ခွေးဖြစ်အောင် မလုပ်နိုင်၊ ခွေးကိုလူဖြစ်အောင် မလုပ်နိုင်သည်ကလွဲ၍ ဗြိတိန်ပါလီမန်မလုပ်နိုင်တာ ဘာမျှမရှိ" ဟု ပြောခြင်းမှာ တင်စားခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံလက်တွေ့တွင်မူ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး တရား သူကြီးများ အနေဖြင့် ၄င်းတို့၏တာဝန်ကို တတ်စွမ်းနိုင်သလောက် ထမ်းဆောင်ပါလျှက် အကယ်၍ ပြည် ထောင်စု လွှတ်တော်က သာ အရေးယူထုတ်ပယ်လိုက်မည် ဆိုလျှင် တရားသူကြီးများအား အတင်းအကြပ် လူအဖြစ်မှ ခွေးဇာတ် သွင်းစေလိုက်ခြင်း ဖြစ်ပါမည်။ ၄င်းတို့ဘ၀တွင် ဂုဏ်သိက္ခာအရ များစွာထိခိုက်ကျဆင်းစေမည် ဖြစ်သော ကြောင့်ပင်။
ဤသည်မှာ လုံးဝ မလုပ်သင့်သော အလုပ်ဖြစ်သည်။
ငါတကော ခေတ်မရှိတော့ပြီ ၊ အပြန်အလှန်ထိန်းညှိ
ဗြိတိသျှ ပါလီမန်က ပါလီမန် လွှတ်တော်၏ အချုပ် အခြာဖြစ်မှု ကျင့်သုံးခဲ့ပုံမျိုးကို ဖေါ်ဆောင်လိုသည်ဆိုလျှင် စစ်မှန် သော ရွေးကောက်ပွဲများကို ဖြတ်သန်းပြီး လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက်ထား သူများနှင့်သာ ဖွဲ့စည်းသည့် လွှတ်တော်ဖြစ်ရန် ကြိုးပမ်းဘို့ လိုပါဦးမည်။ ဤအခြေအနေများအားလုံးကို သန့်ရှင်းစေပြီးမှသာ ဗြိတိသျှ ပါလီမန် လုပ်ဟန်မျိုးကို စဉ်းစားလိုက စဉ်းစားနိုင်ကြပါမည်။
သို့ရာတွင် ယင်းလုပ်ဟန်မျိုးသည်ပင် ကမ္ဘာတွင်ခေတ် မရှိတော့ပါ။ ဥပဒေပြု၊ အုပ်ချုပ်၊ တရားစီရင် ဟူသော အာဏာကြီး သုံးရပ် အပြန်အလှန် ထိမ်းညှိရေးကိုသာ တိုးတက်သော ဒီမိုကရေစီ နိုင်ငံကြီးများတွင် အောင်မြင်စွာ ကျင့်သုံးလျှက်ရှိကြသည်။
ရေးရာက်ေမတီများသည့် တိုင်းပြည်အဆင့် မဖြစ်သင့်
အလျှောက်သင့်ဆုံးလမ်းကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ ကြောရိုးတစ်ခုလုံးအား ပြင်လိုက်ရန်သာဖြစ်သည်။ လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သော တရားစီရင်ရေးစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စတင် တည်ဆောက်ရန်ဖြစ် သည်။ ထို့အပြင် လွှတ်တော်က ဖွဲ့စည်းပေးမည့် ကော်မတီနှင့် ကော်မရှင်များ ကိစ္စကို ဖွဲ့စည်းပုံတွင် ရှင်းရပါဦးမည်။ လွှတ်တော်ကဖွဲ့စည်းသည့် ရေးရာကော်မတီများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင်သည့် တိုင်းပြည် အဆောက်အအုံများ (Constitutional Institutions ) မဖြစ်နိုင်ပါ။ ဖြစ်လည်း မဖြစ်သင့်ပါ။

ကျရာလုပ်ငန်းကော်မတီ တာဝန်ထမ်းဆောင်
အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် သက်ဆိုင်ရာ အကြောင်းရပ်အလိုက် သတင်းအချက်အလက်များ မေးမြန်းလေ့လာ စုဆောင်း၊ သုတေ သနပြု သုံးသပ်၊ တွေ့ရှိချက်များကို လွှတ်တော်သို့တင်သွင်း ဆွေးနွေး စသည့်လုပ်ငန်းများကို သာ အဓိက လုပ်ဆောင် ရသောကြောင့်ဖြစ်သည်။ လွှတ်တော် အမတ်များ အနေဖြင့် အမတ်များရသင့် သည့် ခံစားခွင့်ရိုးရိုးကိုယူကာ အမတ်တစ်ယောက်၏ တာဝန်ကို ကျရာ လုပ်ငန်းကော်မတီ တခုခုတွင် ၀င်ရောက်ထမ်း ဆောင်ခြင်းမျိုးသာ ဖြစ်ရပါမည်။ ဤအတိုင်းပင် နိုင်ငံအသီးသီးရှိ လွှတ်တော်များတွင် ဖေါ်ဆောင်လျှက်ရှိကြသည်။ လွှတ်တော် နှစ်ရပ်ပေါင်းတွင် ကော်မတီ သုံးဆယ်ခန့်ရှိသည်ဟု ကြားရသည်။ ယင်းကော်မတီဝင်များ အားလုံးကိုသာ ပြည်ထောင်စု အဆင့် ခံစားခွင့်မျိုးပေးရလျှင် စားရတပ်ကြီးလွန်းလှ သဖြင့် တိုင်းပြည် ဆင်းရဲ တွင်းနက်သည့် ဘ၀က ရုန်းထွက်နိုင်မည် မဟုတ်ပါ။
ပြည်ထောင်စုအဆင့်ရှိကော်မရှင်ဆိုသည်များ
တတိုင်းပြည်လုံး အဆင့် တနည်းအားဖြင့် ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တည်ထောင် သည့် ကော်မရှင်ဆိုသည်များကို (Constitutional Institutions ) များ အဖြစ်သတ်သတ် စဉ်းစားရပါမည်။ မိမိတိုင်းပြည် ၏ ထူးခြားချက်နှင့် လိုအပ်ချက်အရ အထူးပြုဆောင်ရွက်ရမည့် အနေအထားရှိသည့် အကြောင်းရပ်များ အား အဆိုပါ ကော်မရှင်များက အဓိကတာဝန်ယူ ဖေါ်ဆောင်ကြလေ့ရှိပါသည်။
ဥပဒေရှိဖို့လိုတဲ့ ပြည်ထောင်စု အဆင့်ကော်မရှင်
သာဓကအားဖြင် တောင်အာဖရိက နှင့် နိုင်ငံတချို့ တွင် ကျားမ တန်းတူရေးကော်မရှင် တို့ရှိသည်။ နယူးဇီလန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ ထိုင်း စသောနိုင်ငံ များတွင် အစိုးရလက်အောက်ခံမဟုတ်ဘဲ လွတ်လပ်သည့် လူ့အခွင့်အရေးကော်မရှင်များ ရှိသည်။ ၄င်း ကော်မရှင်များအတွက် လုပ်ပိုင်ခွင့်၊ တာဝန်၊ ဖွဲ့စည်းမှု၊ လုပ်ငန်းလည်ပတ်ပုံ စသည်တို့ကို သက်ဆိုင်ရာ နိုင်ငံများ တွင် သီးခြား ဥပဒေများ ပြဋ္ဌာန်းပေးကြရသည်။ ၄င်းတို့ သုံးစွဲမည့် ဘဏ္ဍာငွေကြေးကို တိုင်းပြည် ဘဏ္ဍာငွေမှ နေ၍ လွှတ်တော်က သီးခြား သတ်မှတ်ပေးရသည်။ အစိုးရထံမှ လက်ဖြန့်ခံတောင်းစရာမလိုခြင်းဖြင့် ၄င်းကော်မရှင်များသည် အားကောင်းကောင်းလည်ပတ်နိုင်သည်။

ဒါ ပြည်ထောင်စုအဆင့် ကော်မရှင်ဖြစ်မလား
သာဓကအားဖြင့်ပြောပါမည်။ ယခု ပြည်သူ့လွှတ်တော်မှ နေ၍ ဒေါ်အောင်ဆန်းစုကြည်အား ဦးဆောင်စေကာ ဖွဲ့စည်း ပေးထားသည့် ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်ရေးကော်မရှင်မှာ ထိထိရောက်ရောက် လုပ်နိုင်ဘို့ မလွယ်လှပါ။ ယင်းမှာ ဒေါ်အောင်ဆန်းစုကြည်သော်လည်းကောင်း၊ ပါဝင်တာဝန်ယူကြသော လွှတ်တော် အမတ်များသည်လည်း ကောင်း အရည်အချင်း ညံ့ဖျင်းကြ၍ မဟုတ်ပါ။
ပထမ အချက်မှာ လွှတ်တော်၏ကော်မတီ တစ်ရပ်အဆင့်တွင်သာ ရှိနေ၍ ဖြစ် သည်။
ဒုတိယ အချက်မှာ ပြည်ထောင်စုအဆင့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တည်ထောင် သည့် ကော်မရှင် (Constitutional Institution) မဟုတ်သဖြင့် ၄င်းအတွက် သတ်သတ်မှတ်မှတ်လုပ်ပိုင်ခွင့်၊ တာဝန်၊ ဖွဲ့စည်းမှု၊ လုပ်ငန်း လည်ပတ်ပုံ စသည်တို့ကို ဥပဒေတစ်ရပ်သီးသန့်ပြဋ္ဌာန်း မပေးနိုင်၍ ဖြစ်သည်။
ယင်းကော်မတီမှာ ယခုအချိန်၌ လူထုထံမှ တိုင်ကြားစာများကို လက်ခံစစ်ဆေးနေကြောင်းကြားသိရသည်။ သို့ရာတွင် ပြသနာမှာ တာဝန်ရှိအစိုးရအာဏာပိုင်များအပေါ် စုံစမ်းစစ်ဆေးပိုင်ခွင့် ယင်းကော်မရှင်တွင်ရှိမရှိ မသေချာ၊ ကော်မရှင် က စစ်ဆေးပြီးနောက် တရားစွဲအရေးယူရန်လိုအပ်သည်ဟု လွှဲအပ်ပေးပါက ရှေ့နေချုပ်ရုံးက လက်ခံပြီး အမှုကို တရား ရုံးမှာ ဖွင့်ပေးမပေး မသေချာ။
ဘဏ္ဍာငွေရှိမှ အားရှိသည့် ကော်မရှင်ဖြစ်မည်
တတိယ အချက်မှာ ဘဏ္ဍာငွေ မရှိသည့် ပြသနာဖြစ်သည်။ အစိုးရက ထုတ်ပေးမှ လုပ်ငန်းလည်ပတ်နိုင်မည်။ အစိုးရ က အကြောင်းကြောင်းကြောင့် ပညာပြပြီး ထုတ်မပေးဘဲ နေ၊ ကော်မတီအနေဖြင့် ပြည်တွင်းလူထုနှင့် နိုင်ငံတကာမှ လွတ်လပ်စွာ ရံပုံငွေ ရှာဖွေခွင့်အား ဥပဒေနှင့် အညီ အပ်နှင်းထားခြင်းလည်း မခံရပါက ရံပုံငွေမရှာနိုင်။ ရံပုံငွေမရှိပါက လုပ်ငန်းများ ထိရောက်စွာ မလည်ပတ်နိုင်။ သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် ယင်း ကော်မတီ တွင် တာဝန်ယူနေ ကြသူများ၏ အရည်အချင်း နှင့် လုပ်အားများ အလဟသ ဖြစ်နေမှာ စိုးရိမ်ရသည်။ သို့ဖြစ်၍ ယင်းကဲ့သို့အရေးကြီး သော လုပ်ငန်းမျိုးအား လွှတ်တော်၏ ကော်မတီတစ် ရပ်ထက်ပို၍ အဆင့်မြင့်သော တိုင်းပြည်အဆောက်အအုံသို့တိုးမြှင့် ဖွဲ့စည်းပေးရန် လိုပါသည်။
ပြည်ထောင်စုအဆင့် ရှိဖို့လိုနေတဲ့ ကော်မရှင်များ
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် လက်တွေ့လိုအပ်ချက်အရ ပြည်ထောင်စု အဆင့် တိုင်းပြည်အဆောက်အအုံ (Constitutional Institutions ) များအနေဖြင့် မရှိမဖြစ် လိုအပ်သော အောက်ပါ ကော်မရှင်လေးခုကို အဆိုပြုပါသည်။
(၁) ဥပဒေစိုးမိုးရေး ကော်မရှင်
(၂) လူ့အခွင့်အရေးကော်မရှင်
(၃) တိုင်းရင်းသားရေးရာ ကော်မရှင်
(၄) အမျိုးသမီးရေးရာ ကော်မရှင်

ယခုလက်ရှိ ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအား အပြစ်မရှိ အပြစ်ရှာ၊ ဥပဒေစိုးမိုး ရေး အခြေခံကို ငြင်းပယ်၊ တိုင်းပြည်၏ ဘဏ္ဍာငွေကုန်၊ အချိန်ကုန်၊ လူပန်း အကျိုးမရှိစေဘဲ လူကိုခွေးဖြစ်အောင်လုပ်သည့် ဇာတ်လမ်းအား ရပ်တန်းက ရပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ ဇောင်းပေးလုပ်ဆောင် သင့်ပါသည် ။

အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် သြဂုတ်လ (၃၁) ရက်

ပို့စ်တင်သူမှတ်ချက် ။
ဆရာဦးအောင်ထူး၏ မူရင်းဆောင်းမှာ ခေါင်းစဉ်ခွဲများမပါပါ ၊ စာရှုသူများ ငြီးငွေ့ဖွယ်ရာများဖြစ်လေမလားဟူ၍ တွေးထင်ပါသဖြင့် ၊ ခေါင်းစဉ်ငယ်များ ဖြည့်ထားသည်မှအပ ဆရာ၏ မူလအာဘော်အတိုင်းသာဖြစ်ပါကြောင်း ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Monday, June 11, 2012

အဝေးရောက် သားတစ်ယောက်ရဲ့ အလွမ်း

အမေ...
အမေ... လို့
အားပါးတရခေါ်လိုက်သော်လည်း
ပြန်ထူးနိုင်မယ့် အမေက
သားရဲ့ အနီးမှာ ရှိမနေနိုင်သေးဘူးလေ။

အမေ.....
''အမေ'' ဆိုတဲ့စကားလုံးက
အမေနဲ့အဝေဆုံးကိုရောက်မှ
ပိုပြီးတန်ဖိုးရှိလာတယ်ဆိုတာ
သားအကြွင်းမဲ့နားလည်လာခဲ့တယ်။

အမေ.....
ကမ္ဘာမြေမှာ အဖေဆိုတာ
သေချာစွာမသိကြလျင်တောင်
အမေ ဆိုတာခိုင်မာစွာနဲ့
ရပ်တည်နေတဲ့သူပါ။

အမေ.....
တချို့အရာတွေက
မရှိရင် အစားထိုးလို့ရပေမယ့်
''အမေ'' ဆိုတာ
ကမ္ဘာပေါ်မှာမရှိတော့ရင်
ရှာလို့မရနိုင်တော့ဘူးလေ။

အမေ.....
ဘယ်သူတွေပေးနိုင်မှာလဲ
အမေ့ လို့ချစ်ခြင်းမေတ္တာတရား
အမေ့ကိုပစ်ခွာသွားပြီး
ပြန်လာရင်တောင်မှ
အပြုံးနဲ့ဆီးကြိုနိုင်တဲ့သူဟာ
ကမ္ဘာပေါ်မှာ အမေတစ်ယောက်တည်းပါ။

အမေ.....
အမေ့သား မသိလို့ဆိုးပေနေလည်း
နားလည်ပေးနိုင်တဲ့သူက
အမေတစ်ယောက်တည်း
သိလျက်မိုက်နေလည်း
ခွင့်လွှတ်နေဆဲက အမေတစ်ယောက်တည်းပါ။

အမေ.....
အမေချစ်တဲ့ သားတစ်ယောက်
ဘယ်ဆီကိုရောက်ရောက်
ဘယ်လောက်ပဲဝေးဝေး
ဘယ်တော့မှ မပျက်ပြယ်တဲ့မေတ္တာတွေနဲ့
စောင့်ရှောက်ပေးနေတဲ့သူက
အမေတစ်ယောက်တည်းပါ။

အမေ.....
အခုချိန်ဆို အမေ
ပြက္ခဒိန်က နေ့ရက်တွေကိုရေတွက်
သားပြန်ရောက်မယ့်နေ့ရက်ကို
စောင့်မျှော်နေတဲ့သူက
အမေတစ်ယောက်တည်းပါ.....။

ဓိမိုင်း
25.12.2011

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, March 7, 2012

ကိုရီးယား အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်များ အားလုံးသို့ ………..

အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်အပေါင်းတို့~
ညီလေးတို့ဟာ မကြာခင်ကာလမှာ ကိုရီးယားလာပြီး အလုပ်လုပ်ကြဖို့ ၊ စိတ်ကူးယဉ် အိပ်မက် မျှော်လင့်ချက် များစွာဖြင့်၊ အနာဂါတ်အတွက် အသင့်ပြင်ဆင်နေကြသူတွေဖြစ်ပါတယ် ။ ညီလေးတို့ ကိုးရီးယားရောက်လာရင် ၊ အစစအရာရာ အဆင်ပြေစေရေးနှင့် အခက်အခဲ အနည်းဆုံး ဖြစ်စေဖို့ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ (ကိုယ်စား)အကြံပေးချင်တာလေး တစ်ခုရှိလို့ သည်စာကို ရေးလိုက်ရခြင်း ဖြစ်ပါတယ် ။

အလုပ်ရုံပြောင်းလို့မရတဲ့ ပြဿနာ
ကိုရီးယားနိုင်ငံရောက် နောင်တော် အီးပီ အလုပ်သမားတွေ အများဆုံး တွေ့ကြုံ ခံစားကြရတဲ့ အဓိက အခက်အခဲကတော့ အလုပ်ရုံ ပြောင်းရွှေ့ခွင့်မရကြတဲ့ အခက်အခဲပဲဖြစ်ပါတယ် ။
ဘာကြောင့်ပြောင်းချင်ကြသလဲမေးရင် ၊ ပြောင်းသင့်လို့ ပြောင်းချင်ကြတာပါ ။
ဘာကြောင့် ပြောင်းလို့မရသလဲမေးရင် ၊ စာချုပ်မိနေကြလို့ ပြောင်းမရကြတာပဲဖြစ်ပါတယ် ။
အလုပ်စာချုပ် (Standard Labor Contract) ဟာ ဥပဒေနှင့် အညီဖြစ်နေပြီး ၊ လုပ်ငန်းရှင်ဖက်ကလည်း ဥပဒေနှင့် အညီခိုင်းနေရင် ၊ ပြောင်းရွှေ့ခွင့်ပြုထားတဲ့ ခြွင်းချက်ထဲ အကျုံးမဝင်သေးသ၍ ပြောင်းရွှေ့ခွင့် မရှိပါဘူး။ ဒီတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စာချုပ်ကာလကုန်ဆုံးအောင် ကြိတ်မှိတ်ပြီး လုပ်ကြရမှာဖြစ်တယ် ။

စက်ရုံကောင်းဆိုလျင် ၃-နှစ် အချဉ်မဖမ်းပါ
တကယ်တော့ စက်ရုံကောင်း အလုပ်ရုံကောင်းတွေဆိုလျင် စာချုပ် ၃ နှစ် ချုပ်ဖို့မပြောကြပါဘူး ။ ၁ နှစ်စီသာချုပ်ပါတယ် ။ သည် ကိုရီးယား ရောက်လာတော့ ၁ နှစ်ပြီး ၁-နှစ် ထပ်တိုးကြတာပါပဲ ။ ၃ နှစ်စာချုပ်ချုပ်ဖို့ ပြောတဲ့ စက်ရုံ အလုပ်ရုံတွေဟာ ၊ အလုပ်ရုံ အခြေအနေက အဆိုးရွားဆုံး အနေအထားမှာရှိနေတော့ ၊ သည်ရောက်လာလျင် ပြောင်းကြမယ်ဆိုတာ သူတို့ကြိုသိနေကြပါတယ် ။ သည်တော့ သည်ရောက်လာလျင် ပြောင်းလို့ မရအောင်ဆိုပြီး ၊ မြန်မာပြည်မှာကတည်းက ကြိုပြီး ၃ နှစ်ချုပ်လိုက်တဲ့သဘောပါ ။


ဒီ-၄လုံး ကိုရီးယား
ကိုရီးယားလုပ်ငန်းရှင်တွေက နိုင်ငံခြားသား အလုပ်သမားတွေ ခေါ်ခိုင်းရတာဟာ ၊ သူတို့ရဲ့ စက်ရုံ အလုပ်ရုံမှာ ဒေသခံ ကိုရီးယားတွေ မလုပ်ချင်လို့ ၊ လုပ်မယ့် ကိုရီးယားတွေ မရှိလို့ပါ ။
ဘာကြောင့် ကိုရီးယားတွေ မလုပ်ချင်ကြတာလဲ ဆိုရင် ၊ ဒီ-၄ လုံးကြောင့်ပါ ။ အခြားနိုင်ငံတွေမှာတော့ ဒီ-၃လုံးတဲ့ ။ ကိုရီးယားက ဒီ ၁-လုံးပိုပါတယ် ။ ဒီ-၄လုံးက ဘာတွေလဲ ဆိုရင် -
- အန္တရာယ်များလို့ (Dangerous)
- ညစ်ပတ်လို့(Dirty)
- အရမ်းပင်ပမ်း အရမ်းခက်ခဲလို့ (Difficult)
- လစာမရတစ်ခက်ရတစ်ချက်(Delay Payment)

အန္တရာယ်များ (Dangerous)
အချို့ညီငယ်များ ရောက်လာတာ တစ်ပတ်မပြည့်သေးဘူး ၊ ရက်ပိုင်းပဲရှိသေးတယ် ၊ ကိုယ့်မျက်စိရှေ့မှာတင် အခြားအလုပ်သမားတစ်ယောက် ထိခိုက်ဒဏ်ရာရတာတွေ့ရတယ်။ အချို့ သေသွားတာမျိုးတောင်ရှိတယ် ။ ကိုယ့်အလှည့်ဘယ်တော့များရောက်လာမလဲဆိုပြီး ၊ အသည်းတထိတ်ထိတ်နှင့် လုပ်နေကြရတာမျိုး ၊ အလုပ်လုပ်ရတာ စိတ်မဖြောင့်တော့ဘူး ၊ စိတ်ပိုင်းလုံခြုံမှုမရတော့ဘူး ။ ပြောင်းလို့ရရင်ရ မရရင် ပြေးမယ်ဆိုတာမျိုးတွေ ။

ညစ်ပတ် (Dirty)
အချို့ ဓါတုဗေဒပစ္စည်းစက်ရုံ ၊ အချို့ အမှုန်တွေ ရှူရတဲ့ စက်ရုံ ၊ အချို့အနံ့အသက် လုံးဝမကောင်းဘူး ။ အချို့တစ်နေကုန် အလုံပိတ်ခမ်းထဲမှာ ။ ခဏခဏနှာခေါင်းသွေးထွက် ၊ အသက်ရှူကြပ်လာတာတွေ ၊ ဆရာဝန်သွားပြတော့လည်း ၊ ထူးမခြားနား ။

အရမ်းပင်ပမ်း အရမ်းခက်ခဲ (Difficult)
အချို့ နားရက်မရှိဘူး ၊ တစ်နေကုန် ထမ်းချီသယ်မနေကြရတယ် ။ ခါးနာတယ် ၊ အူကျတယ် ၊ ဆေးရုံတက် ၊ ခဏနား ၊ ပြန်လုပ် ၊ ထပ်နာ ၊ သံသရာလည်နေကြတယ် ။ ပြောင်းဖို့မပြောနှင့် ၊ နေမကောင်းရင်ခဏနားတဲ့ ၊ ဘယ်လောက်ကြာ ကြာနားနေလို့ဖြစ်မလဲ ၊ အလုပ်မလုပ်တဲ့ ရက်တွေ လစာဖြတ်ဦးမယ် ။ အချို့ တစ်နေကုန် အမြင့်ကြီးမှာ တက်လုပ်နေရ တာတွေ ။

လစာမရတစ်ခက်ရတစ်ချက်(Delay Payment)
အချို့ လစာ မရတစ်ချက် ရတစ်ချက် ၊ ၂လဆက်တိုက် လစာမရရင် အလုပ်ပြောင်းခွင့်ရှိတယ်ဆိုပေမယ့် ၊ လစာကို အလီလီခွဲပြီးပေးတယ် ။ ၂ လ ဆက်တိုက်လစာမပေးတာမျိုး မဖြစ်ရအောင် ၊ ဟိုလစာ နည်းနည်းချန် ဟိုးအရင်လစာ နည်းနည်းချန် ၊ ရောက်လာတာ ၄-၅လရှိပြီဆိုပေမယ့် ၊ စုစုပေါင်းရတဲ့ လစာ ၂ လစာမပြည့်တတ်သေးဘူး ။ အလုပ်မရှိတစ်ခါ ရှိတစ်ခါ ။ ဆက်လုပ်ရမှာလား ၊ ပြောင်းရမှာလား ။

ဘယ်သူတွေ ရေရှည်လုပ်မလဲ
သည်လို ၊ သည်လိုအနေအထားမို့ ကိုရီးယားတွေက ၊ မလုပ်ချင် ။ နိုင်ငံခြားသားတွေကရော ၊ ကျနော်တို့ နိုင်ငံခြားသားတွေလည်း အသည်းနှလုံးနှင့် လူတွေပါပဲ ။ ကိုရီးယားတွေ မလုပ်ချင်တဲ့အလုပ် ၊ မြန်မာတွေ မလုပ်ချင်တာ ၊ တစ်ခြားနိုင်ငံခြားသားတွေလည်း မလုပ်ချင်တာဟာ ၊ သဘာဝကျပါတယ် ။ လူ့သဘာဝလို့ဆိုရမှာပါပဲ ။
သည်တော့ ၊ ပြောင်းလို့ ရရင်ရ ၊ မရရင်ပြေးကြတာပေါ့ ။ (ပိုက်ဆံမရှိလို့ ၊ ဆင်းရဲလို့ဆိုပြီး ၊ အသက်အသေခံ ၊ လက်ပြတ်ခံပြီး ၊ စိတ်ဆင်းရဲခံပြီး ၊ လောကငရဲ အလုပ်ရုံမှာ ရေရှည် လုပ်နေလို့မှ မဖြစ်ဘဲ ၊ လူမသေ ငွေမရှား စကားပုံလည်း အရှိသား မဟုတ်လား)

အလုပ်သမားမမြဲတဲ့ စက်ရုံ ၊ မြဲသော အလုပ်သမားရှိစေရေး
သည်တော့ လုပ်ငန်းရှင်ဖက်က (အစိုးရဖက်က) အလုပ်ရုံ အလွယ်တကူ ပြောင်းလို့မရအောင် ၊ အလုပ်စာချုပ်ကို မူလဥပဒေမှာ ၁ နှစ်ထိသာပါခဲ့ပေမယ့် ၊ လိုအပ်ချက် အရ ကိုရီးယားအစိုးရက အလုပ်စာချုပ်ကို ၃ နှစ်အထိ ချုပ်ခွင့်ပေးဖို့ ဥပဒေကို ပြင်ဆင်ပေးလိုက်ပါတယ် ။
ကိုရီးယား လုပ်ငန်းရှင်ဖက်က ၃ နှစ်စာချုပ်ချုပ်ဖို့ အလုပ်သမားဆီ ကမ်းလှမ်းတော့ ၊ အလုပ်သမားဖက်က ဟာ ငါတို့ ၃ နှစ်ကြီးများတောင် လုပ်ခွင့်ရမှာပဲ ဆိုပြီး ဝမ်းသာအားရ လက်မှတ်ထိုးခဲ့ကြတာပါ ။ သည်ကိုရီးယားရောက်လာတော့မှပဲ ၊ ထင်တာထင် မဝင်ဘူးကျောင်းအစ်မရေ ဆိုတာမျိုး ၊ ထင်တိုင်းမပေါက်တော့ ၊ ပြောင်းမရ ရွှေ့မရ ၊ အလုပ်ပြောင်းခွင့်ရဖို့ကြိုးစားရင်း ပြဿနာတွေ တစ်ခုပြီး တစ်ခု တက်ကြတော့တာပါပဲ ။ အရိုက်ခံရတာလည်း ပါရဲ့ ၊ ပြဿနာရှာရတာလည်းပါရဲ့ ၊ ရဲစခန်းရောက်တာလည်းပါရဲ့ ၊ အိမ်ပြန်ပါတော့မည်ဆိုပြီး ၊ လေဆိပ်အပို့ခံရတာလည်းပါရဲ့ ။ ပြောမဆုံးပေါင် တောသုံးတောင်ဆိုသလိုမျိုး ။

အခြေအနေအဆိုးရွားဆုံး နေရာ မြန်မာများ ကာလရှည်စွာ မရှိစေရေး
သည်တော့ ကိုရီးယားနိုင်ငံ အခြေအနေ အဆုံးရွားဆုံးလုပ်ငန်းခွင်များမှာ ၊ မြန်မာ အလုပ်သမားများ ကာလ ကြာရှည်စွာ မရှိစေရေး တစ်ခုခု လုပ်ကြမှ ဖြစ်မယ် လို့ စိတ်ကူးရလာပါတယ် ။ မသိလို့သော်လည်းကောင်း ၊ ကံဆိုးပြီး သော်လည်းကောင်း မှားယွင်း လက်မှတ်ထိုးမိခဲ့ရင်တောင် ၊ ၁နှစ်ပဲ လုပ်ခွင့် ရှိစေရေးပါ ။ အဲသည်လို ဖြစ်ဖို့ ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေး (Anti 3 Years Contract: A3Y) အစီအစဉ်ကို လုပ်ရခြင်းဖြစ်ပါတယ် ။

ကျနော်တို့ ဘာတွေ လုပ်ကြမလဲ
သည်ကိုရီးယား ရောက်လာကြတဲ့ အီးပီလုပ်သား အားလုံးနီးပါးဟာ ၃ နှစ် စာချုပ်ချုပ်မှ ဗီဇာ ၃နှစ်ရမယ်လို့ ထင်နေကြပါတယ် ။ သည်ကိုရီးယားမှာ ၁နှစ်လုပ်ကြည့်ပြီး ၊ ကြိုက်ရင် စာချုပ်ထပ်ချုပ်ပြီး ဆက်လုပ် ၊ မကြိုက်ရင်ပြောင်းလို့ ရတယ်ဆိုတာ မသိကြတဲ့သူတွေက များနေတယ် ။ မသိတဲ့ အပေါ်မှာ အခွင့်ကောင်းယူပြီး ၊ ၃-နှစ်စာချုပ်ကို ကမ်းလှမ်းကြခြင်းဖြစ်ပါတယ် ။ ရှင်းရှင်းလေးပဲ ၊ သူဌေးကောင်းတွေ ၊ အလုပ်ရုံကောင်းတွေဟာ လူကောင်းတွေကိုပဲ စိတ်ကြိုက် ရှာခိုင်းပါတယ် ။ ဘာမှန်း ညာမှန်း မသိရသေးတဲ့သူကို ရမ်းသမ်းပြီး ၃-နှစ်ခိုင်းမယ်ဆိုပြီး လုပ်ပါ့မလား ။

၁-နှစ် စာချုပ်ပဲ ချုပ်သင့်ပါတယ်
သည်တော့ ကျနော်တို့ဖက်ကပြန်ကြည့်ရင် ၊ ကျနော်တို့လည်း ဘာမှန်း ညာမှန်း မသိကြရသေးတဲ့ အလုပ်မှာ အလုပ်လုပ်ဖို့ အလုပ်စာချုပ်ကို ၁ နှစ် စာချုပ်ပဲ ချုပ်သင့်တယ် ။ ၁-နှစ်လောက်လုပ်ကြည့်ကြပြီးမှ အလုပ်ရှင်ဖက်ကလည်း အလုပ်သမားကိုကြိုက် ၊ အလုပ်သမားကလည်း အလုပ်ရှင်ကို ကြိုက် ၂-ဦး ၂-ဖက် ကြိုက်ကြပြီ ဆိုမှ ၊ နောက်ထပ်စာချုပ်သက်တမ်း ကို ၁ နှစ် သို့မဟုတ် ၂ နှစ် တိုးယူကြတာက ၊ သူ့ဖက်ကိုယ့်ဖက် မျှတမယ့် အယူအဆလို့ ယုံကြည်ပါတယ် ။

မြန်မာတွေ ၃-နှစ်စာချုပ် အချဉ်ဖမ်းလို့မရဘူးဟေ့
“ ၃-နှစ် စာချုပ်ဆို မြန်မာပြည်ပို့မရဘူးဟေ့” “မြန်မာတွေကို ၃-နှစ် အချဉ်ဖမ်းလို့မရဘူးဟေ့” ဆိုတာမျိုး ကိုရီးယား အလုပ်ရှင်တွေ သိသွားအောင် လုပ်ကြရအောင် ။ သည်တော့ ၃-နှစ်စာချုပ်ဆို လက်မှတ်မထိုးပါနှင့် ။ အဲသည်အတွက် စိတ်ပျက် ဝမ်းနည်းအားငယ်နေဖို့မလိုပါ ။ လူသားဆန်တဲ့ လူစိတ်ရှိတဲ့ လုပ်ငန်းရှင်တွေဆီက နောက်ထပ် ၁-နှစ် စာချုပ်တွေ လာပါလိမ့်မယ် ။ မြန်မာ လူငယ် အားလုံးအတွက်ပါ ၊ ညီငယ်တို့ မိသားစု အားလုံး ၊ ကိုယ်အင်္ဂါ စုံစုံလင်လင်ဖြင့် ၊ ကျမ်းမာ ရွှင်လန်းစွာ ပြန်လည် တွေ့ဆုံနိုင်ကြစေဖို့ ပါ ။

မိတ်ဆွေတို့အနာဂါတ်ဘဝလုံခြုံစိတ်ချရစေရေးအတွက်၃-နှစ် အလုပ်စာချုပ်ကို လက်မှတ်မထိုးပါနှင့်။


လေးစားမှုဖြင့် -

၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ (ကိုယ်စား)
အဖွဲ့ဝင်(၁)
ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် မတ်လ ၆ ရက်


မှတ်ချက် ။
အီးပီလုပ်သားလောင်း အသိမိတ်ဆွေများထံ ပီဒီအက်ဖ်ဖိုင်ဖြင့် အီးမေးလ်ပို့လိုပါက ဤနေရာတွင် (CLICK) ပြီး ရယူနိုင်ပါသည် ။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Wednesday, February 22, 2012

တွန့်ခြင်း ရွံ့ ခြင်း ကင်းပါစေ

ရေးသားသူ — ပေါ်ဦး

ရွှေပြည်တော်ရဲ့ အပြောင်းအလဲ ရင်ခုန်သံအစမှာ ကြားနေရတဲ့ အန်အယ်လ်ဒီရဲ့ လက်ကိုင်ကြုံးဝါးသံ ကတော့ “ပြည်သူအတွက် အကျိုးမရှိတဲ့ ဥပဒေတွေ ပြင်မယ်” ဆိုတာပဲ ဖြစ်ပါတယ်။ ဒီ လွှတ်တော်ဝင် ကြုံးဝါးသံကို စိတ်ဝင်စား မိရာကနေ သိထားတာလေးတစ်ချို့နဲ့ တွေးထင် ယုံကြည်ထားတာလေးတွေ မျှဝေချင်စိတ်ကြောင့် ဒီစာကို ရေုးဖြစ်ပါတယ်။

ကျနော်ထင်တာ မမှားဘူးဆိုရင် “ဥပဒေ” လို့ ကြားလိုက်တာနဲ့ ကျနော်တို့တစ်တွေ “တွန့်သွား၊ ရွံ့သွား” တတ်ကြတယ်လို့ ခံစားမိပါတယ်။ ဒီလိုဆိုတော့….ဥပဒေဆိုတာ တွန့်စရာ၊ ရွံ့စရာလား…? အဲဒီလို တွန့်တတ်၊ ရွံ့တတ်ကြသူတွေ ကိုယ်တိုင် (အားလုံးကို ဆိုလိုခြင်း မဟုတ်ပါ။) ဘာကြောင့်ရယ်လို့ ပြန်လည်တွေးဆ၊ ဆင်ခြင်မှုရှိ မရှိ မသေချာပေမဲ့ လူတစ်ချို့ကတော့ တွန့်တာ၊ ရွံ့တာကိုပဲ အရသာကောင်း တစ်ပါးလို့ ခံယူထားကြသလို ကျနော်တို့တစ်တွေ တွန့်သွား၊ ရွံ့သွားလေအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အသုံးချလေ့ရှိတယ် ဆိုတာ အားလုံး လက်ခံထားကြပြီး ဖြစ်မှာပါ။ တစ်ချို့ကလည်း မသိသားဆိုးရွားစွာနဲ့ ၀င်ပြီးထင်ကြေးပေး၊ လေသံပစ်ကြတော့ မရှုပ်သင့်ပဲ ရှုပ်နေရတဲ့ ဇာတ်လမ်းဆိုပါတော့။ ဥပဒေလို့ ကြားလိုက်တာနဲ့.. ဘာတဲ့၊ “သွားမလုပ်နဲ့၊ ရူးသွားမယ်၊ ဂေါက်၊ စာအုပ်ကြီး၊ ငကြောင်၊..” စသည်ဖြင့်၊ စသည်ဖြင့်..။

ဒီတော့ ဥပဒေ ဆိုတာ ဘာလဲ..?

အရှင်းဆုံး ပြောရရင်တော့ ဥပဒေ ဆိုတာ စည်းမျဉ်း၊ စည်းကမ်း ပါပဲ။ အဲဒီ စည်းမျဉ်း၊ စည်းကမ်းတွေကို စနစ်တကျ စုဖွဲ့ထားရှိပြီး၊ လူအများ လိုက်နာစေဖို့ အုပ်ချုပ်မှုရေးရာမှာ အသုံးချပါတယ်။ အုပ်ချုပ်မှုရေးရာ ဆိုတာကလည်း ကျနော်တို့အားလုံး ကျောင်းသား၊ အလုပ်သမား၊ ၀န်ထမ်း၊ မိသားစု၊ ရပ်ကွက်၊ ဒေသ၊ နိုင်ငံတွေအကြား၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဆက်စပ် ဆောင်ရွက်ချက်တွေကို ဆိုလိုတာဖြစ်ပြီး ယုံကြည်မှုနဲ့ တန်ဘိုးစံနှုန်းတွေအရ အဆိုပါ အုပ်စုတွေကြားမှာ လိုက်နာဖို့ ချမှတ် သဘောတူညီထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းစနစ်တွေလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။ အများဆိုင်၊ ဘုံသဘော ကောင်းကျိုးရှေးရှုတဲ့ သာတူညီမျှမှု အခြေခံစည်မျဉ်း ဥပဒေတွေ ဆိုပါတော့။

သမိုင်းဦးအစ ဘီစီ ၃၀၀၀ လောက်က ရှေးအီဂျစ်လူမျိုးတွေရဲ့ “မတ်” နတ်ဘုရား အယူဝါဒ အပေါ် အခြေခံပြီး ဥပဒေသဘော အမြစ်တွယ်ခဲ့တာလို့ ဆိုကြပါတယ်။ နတ်ဘုရားက သူတို့ရဲ့ ဂြိုဟ်နတ်က္ခတ်၊ ရာသီဥတုနဲ့ နေမှုသေမှု အစစကို ဖန်ဆင်းနိုင်ပြီး ပရမ်းပတာဖြစ်နေတဲ့ ကမ္ဘာလောကကြီး အတွက် စီမံထားရှိပေးခဲ့တာလို့ မှတ်ယူခဲ့ကြပါတယ်။ “မတ် နတ်ဘုရား” ကို ဒီကမ္ဘာနဲ့ နှောင်းကမ္ဘာရဲ့ သဘာဝတရားနဲ့ လူမှုဆက်သွယ်ချက် ဆိုင်ရာ ပြယုဂ်အဖြစ် လက်ခံခဲ့ကြကြောင်း အီဂျစ်ပြည်ရှိ ပိရမစ်မှတ်တမ်းတွေအရ သိနိုင်ပါတယ်။ တစ်ခါ ရောမတွေက အီဂျစ်ပြည်ကို သိမ်းတော့ သူတို့ဥပဒေတွေကိုပါ တစ်ခါတည်း သွတ်သွင်းခဲ့ကြ ပြန်ပါတယ်။ မှတ်တမ်းမှတ်ရာတွေ အရတော့ ဘေဘီလုံမင်းဆက်ရဲ့ ပထမဘုရင် ဟမ်ဘူရာဘီက သူ့အမည်တပ်ထားတဲ့ ကိုဓဥပဒေတွေကို ရှစ်ပေလောက်ရှိတဲ့ ကျောက်ချပ်တွေပေါ်မှာ ထွင်းထုထားရှိခဲ့တာကို အင်္ဂလိပ် သုတေသီတစ်ယောက်က ၁၉ ရာစု အကုန်ပိုင်း ပါရှားနိုင်ငံမှာ ပြန်လည်တွေ့ရှိပြီး အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်ဘာသာ အပါအ၀င် ဘာသာတော်တော်များများ ပြန်ဆိုခဲ့ကြရာက ဟမ်ဘူရာဘီကို ရှေးအကျဆုံး ဥပဒေလက်ဆင့်ကမ်းသူ အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီခေတ်က သာတူညီမျှမှု အခြေခံ “မျက်လုံးတစ်လုံးကို တစ်လုံး၊ သွားတစ်ချောင်းဆို တစ်ချောင်း” ဥပဒေသကိုတော့ ကျနော်တို့အားလုံး သိပြီး ဖြစ်ပါတယ်။ သူ့ကျောက်ပြားတွေ ဖော်ပြချက်အရတော့ အဲဒီဥပဒေတွေကို နတ်ဘုရားထံက ရရှိခဲ့ပြီး ပြုစု ပြဌာန်းဖို့ စေလွှတ်ခံရသူလို့ သူ့ကိုသူ ဖော်ပြထားပါတယ်။ ရှေးခေတ် ဟီးဘရူးတွေ အတွက်လည်း မော့်စ် ဆိုသူကို စေလွှတ်ခဲ့တယ်လို့ ခေတ်ပြိုင်ပညာရှင်တွေ ပြောတဲ့ သမိုင်းလည်း ရှိပါသေးတယ်။

လူမှုအခြေပြု နိုင်ငံသားအခွင့်အရေးနဲ့ ဆက်စပ်ဥပဒေတွေ စတင်ဖွံ့ဖြိုး တိုးတက်ရာလို့ လက်ခံထားကြတာ ကတော့ ဂရိနိုင်ငံ အေသင်မြို့ပြ (ဘီစီ ၁၈ ရာစုခန့်) ဖြစ်ပြီး၊ ဥပဒေရယ်လို့ တိတိကျကျ သတ်မှတ်ဖော်ပြ ထားခဲ့တာမျိုး မတွေ့ရပေမဲ့ “နတ်ဘုရားဥပဒေ”၊ “လူမှုပြန်တမ်း” နဲ့“ဓလေ့ထုံးတမ်း” ဆိုပြီး (၃ ပိုင်း) ခွဲခြား အုပ်ချုပ်ခဲ့တာမို့ ဒီမိုကရေစီ သဘောဆောင် အခြေခံဥပဒေ သဘောတရားရဲ့ ဆန်းသစ်မှုအစလို့ မှတ်ယူကြပါတယ်။ ဒါကြောင့် နှောင်းပိုင်း ရောမ ဥပဒေတွေဟာ ဂရိသဘောတရားတွေ ရိုက်ခတ်လွှမ်းမိုး ခံခဲ့ရမှုရှိပြီး ခေတ်ကာလနဲ့ လူမှုရေးရာ အခြေအနေများ ပြောင်းလဲမှုကို လိုက်ပြီး ရောမတိမ်တောက်ချိန်မှ နေ၀င်ချိန်အထိ ဘုရင်သီအိုဒိုးဆီးယပ် နံပါတ် ၂ နဲ့ ဘုရင် ဂျပ်စတီးနီးယန်း နှစ်ပါးတို့ရဲ့ ပြန်လည် စီစစ်ပြဌာန်းမှုတွေ ရှိခဲ့ရာက နောက်ပိုင်းမှာ ဓလေ့ထုံးတမ်း (အစဉ်အလာ) ဥပဒေနဲ့ အဆုံးအဖြတ် ဥပဒေများအဖြစ် ပြောင်းလဲလာခဲ့သလို အင်္ဂလန်မှာလည်း ဆုံးဖြတ်မှု အခြေခံ ရိုးရာဥပဒေ၊ ဥရောပ တစ်လွှားမှာလည်း ကုန်သည်ဥပဒေ (ယခုခေတ်တွင် စီးပွားရေး ကူးသန်းရောင်းဝယ်မှု ဥပဒေဟု အမည်တွင်မည် ထင်ပါသည်။) များအဖြစ် ဆင့်ကဲပြောင်းလဲ တိုးတက်လာခဲ့ကြောင်း ဖော်ပြကြပါတယ်။

အာရှဘက်ခြမ်း အိန္ဒိယနဲ့ တရုတ်မှာတော့ သီးခြားလွတ်လပ်မှု သမိုင်းအစဉ်အလာအရ ပုံသဏ္ဍာန်ကွဲ ဥပဒေစနစ်တွေ ရှိခဲ့ပါတယ်။ အနောက်တိုင်း ဥပဒေစနစ်ပုံစံ ပြင်ဆင်မှုစနစ်နဲ့ ပတ်သက်လို့ ပြင်သစ်၊ ဂျာမန်တို့ထံမှ တဆင့် ဂျပန်ဟာ အာရှမှာ ပထမဖြစ်ခဲ့ပြီး တရုတ်က “ချင်မင်းဆက် နောက်ပိုင်း” မှာ ထပ်မံ ဆင့်ပွား ကျင့်သုံးခဲ့ပါတယ်။ “ဘုရင် အာသာ” တို့ “ဘုရင် မနူဟာ” တို့က အခြေပြုခဲ့တဲ့ ဟိန္ဒူဓလေ့ အခြေခံမှာ အင်္ဂလိပ် ရိုးရာဥပဒေ ပေါင်းစပ်ထားတဲ့ အိန္ဒိယဥပဒေ စနစ်ကတော့ ကျနော်တို့ မြန်မာပြည် အပါအ၀င် အရှေ့တောင်အာရှ တစ်လွှား လက်ခံကျင့်သုံး လာခဲ့ကြတယ်လို့ ဆိုပါတယ်။ သမိုင်းကြောင်း အနှစ်ပြန်ချုပ်လိုက်မယ် ဆိုရင်တော့ ဥပဒေ ဆိုတာ “ဘာသာရေး အခြေခံ ဥပဒေ” နဲ့ “အုပ်ချုပ်မှု အခြေခံ ဥပဒေ” စနစ်နှစ်ရပ် ပေါင်းစပ်ထားတာ ဖြစ်ပြီး ပထမတစ်မျိုးကို သဘာဝအမှန်တရား ဥပဒေ (ပြုပြင်ပြောင်းလဲ၍ မရနိုင်သော ဘာသာရေး အဆုံးအမ အများစု ပါဝင်သည်။) ဟုခေါ်ဆိုပြီး ဒုတိယ တစ်မျိုးကိုတော့ ပြဋ္ဌာန်းဥပဒေ (ဘုရင်၊ အုပ်ချုပ်သူ၊ ဥပဒေပြု အဖွဲ့တို့မှ အခါအားလျော်စွာ ချမှတ်ခြင်းများ ဖြစ်ပါသည်။) လို့ခေါ်ဝေါ်ကြကြောင်း ယေဘုယျ မှတ်သားနိုင်ပါတယ်။

ဥပဒေရဲ့ သဘောတရားကတော့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဘ၀တွေကို တည်ငြိမ် တိုးတက်စေရန် ရည်ရွယ်ချက်ရှိရှိနဲ့ ဆက်စပ်ပုံဖော် ပြဋ္ဌာန်းပေးဖို့ ဖြစ်ပေါ်လာတာပါ။ တစ်ဦးချင်း သဘောတူညီမှုတွေကနေ ပဋိညာဉ်တွေ၊ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ စာချုပ်စာတမ်းတွေ၊ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှုမှ နိုင်ငံချင်း မကျူးကျော်ရေး သဘောတူ စာချုပ်တွေ၊ ပုဂ္ဂလချင်း ယုံကြည်မှုမှတဆင့် အဖွဲ့အစည်းနဲ့ နိုင်ငံများအချင်းချင်း လွှဲပြောင်း ပေးပို့နိုင်တဲ့ ကုန်ပစ္စည်းဆိုင်ရာ ဥပဒေတေ ဖြစ်လာခဲ့သလို အသွေးအရောင်၊ ဘာသာ၊ လူမျိုး၊ ယုံကြည်ချက်နဲ့ အခြေချနေထိုင်ရာ အရပ်ဒေသမခွဲခြားဘဲ လူသားမှန်သမျှ ရရှိသင့်တဲ့ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ တောင်းဆို ကာကွယ်ပိုင်ခွင့် ဥပဒေတွေ၊ အုပ်ချုပ်မှုနဲ့ ဆက်ဆံရေးဆိုင်ရာ ပြည်တွင်း၊ ပြည်ပ ဥပဒေတွေ အပါအ၀င် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရေ၊ မြေ၊ လေ နဲ့ သယံဇာတ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေတွေ၊ ညှင်းပန်းနှိပ်စက်မှုများ ပပျောက်ရေး၊ စစ်ပွဲများ ကင်းဝေးစေရေးနှင့် ငြိမ်းချမ်းရေး စောင့်ရှောက်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်မှု ဆိုင်ရာ သဘောတူ စာချုပ်စာတမ်းတွေ အထိ လက်တံရှည်ရှည် ရည်ရွယ်ချက် ကောင်းကောင်းနဲ့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ တိုးချဲ့ပုံဖော်၊ လက်ခံ ကျင့်သုံးလာခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံတွင်းမှာ ပြည်သူတွေကလည်း ကျေနပ်၊ အစိုးရယန္တရား လည်ပတ်မှုလည်း ချောမွေ့စေဖို့ ခိုင်မာခေတ်မီတဲ့ ပြည်တွင်း ဥပဒေစနစ်နဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာလည်း ဂုဏ်သိက္ခာရှိရှိ အဆင်ပြေပြေ ဆက်ဆံ၊ ၀င်ဆန့်နိုင်စေဖို့ အပြည်ပြည်ဆိုင်ရာဥပဒေ ဆိုပြီး နှစ်မျိုးနှစ်စား ရှိတဲ့အနက် ကျနော်တို့ နိုင်ငံ ကျင့်သုံးနေတဲ့ ဥပဒေစနစ် ကတော့ (ပြည်တွင်း ဥပဒေစနစ်ကို အဓိကထားပြီး ဖော်ပြသွားမှာပါ။) အင်္ဂလိပ်ရိုးရာ ဥပဒေ (Common Law)၊ ပြဋ္ဌာန်းဥပဒေ (Civil Law) နဲ့ ဓလေ့ထုံးတမ်း (Customary Law) စနစ်တွေ ရောနှော ပေါင်းစပ်ထားတဲ့၊ အားမနာတမ်းပြောရရင်၊ စပ်ထည်ကြီး ဖြစ်ပြီး၊ အသုံးပြုနေဆဲ ဥပဒေ အများစုကတော့ “နှစ်ဆင့်ခံ ဥပဒေ” တွေ ဖြစ်နေပါတယ်။ အင်္ဂလိပ်က အိန္ဒိယကို အုပ်ချုပ်ဖို့ ဥပဒေရေးခဲ့တာကို ကျနော်တို့က တဆင့်ထပ်ပြီး ဆက်ခံ သုံးစွဲခဲ့တာမို့ “နှစ်ဆင့်ခံ ဥပဒေ” တွေလို့ ခေါ်လိုက်တာပါ။ အတိုကောတ် သညာပြုရရင်တော့ “စပ်ထည်ဟောင်းကြီး” ပေါ့ဗျာ။ (အများနည်းတူ လိုအပ်လို့ ကြွားကြမယ်ဟေ့ ရဲရဲ ဆိုရင်တော့လည်း “တမူထူးခြားတဲ့ ကိုယ်ပိုင် ဥပဒေစနစ်”၊ “ယူနစ်ခ်” ဘာညာပေါ့ဗျာ…နော်။)

ယနေ့ကမ္ဘာမှာ နိုင်ငံတကာ ဖြစ်ရပ်တွေကို လက်ပေါ် တင်ကြည့်နေနိုင်ပြီ ဖြစ်ပေမဲ့ ကျနော်တို့ ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာကျော် ၁၉ ရာစုက ဥပဒေဟောင်းတွေကို တခုတ်တရနဲ့ စပ်ဟပ်ဖာထေးပြီး အန်းဒိတ်ချစ်သူများ ဖြစ်နေကြဆဲပါ။ မရှိတော့ဘူးလား အသစ်တွေဆိုရင်၊ ရှိပါတယ်။ ဒါပေမဲ့ လွတ်လပ်သော လူမှုအခြေခံ သာတူညီမျှမှုစံတွေ အပြည့်နဲ့ နိုင်ငံတကာအဆင့် ပေမီဒေါက်မီတွေလို့ ဆိုရမှာထက် တဘက်မြင် လုံခြုံရေးအဓိက စံနှုန်းတွေနဲ့ သိမ်းကျုံး ဥပဒေသဘောတွေ ပိုကဲနေတယ်လို့ ထင်မိပါတယ်။ လုံခြုံရေးအတွက် (အင်မတန် ကျယ်ပြန့်တဲ့ အနက်အဓိပါယ် ရှိပါတယ်။) ဆိုပြီး လိုအပ်လာရင် အားလုံးကို သိမ်းကျုံးပစ်နိုင်အောင် ဦးစားပေးထားတဲ့ ဥပဒေတွေကို လစ်ဟာချက်မရှိ၊ ပြည့်ဝတဲ့ ဥပဒေလို့ ပြောရမှာ ခက်မယ် ထင်ပါတယ်။ အဲဒီလို ဥပဒေမျိုးတွေဆိုရင် ပြင်နေမဲ့အစား ပယ်ဖျက်ပစ်ပြီး အသစ်ပြန်ရေးဆွဲတာက ပိုပြီးသင့်တော်မယ်လို့ ယူဆပါတယ်။ ဥပဒေရဲ့ နဂိုအခြေခံကောင်းတွေနဲ့ ဆန့်ကျင်ရာ အခြေအနေတွေ ရှိလာရင်…၊ ရှိနေသေးရင်…၊ ဥပမာဆိုပါတော့.. လမ်းဘေးက ဆေးဆိုင်၊ ရပ်ကွက်ထဲက သာမန်ဆေးခန်း မပြောနဲ့ ဆေးရုံကြီးတွေက ပေးတဲ့ ဆေးညွှန်းဟာ ဘာအာမခံချက်မှ၊ တာဝန်ယူမှုမှ မရှိဘူးဆိုရင် ကျနော်တို့ ရဲရဲတင်းတင်း သောက်ရဲပါ့မလား..? ဟုတ်ကဲ့.. သောက်နေကြရ ပါသေးတယ်။ ကျုပ်တို့ ရွှေပြည်ကြီးမှာပေါ့..။ အခြေအနေအရကိုး… ဟုတ်တယ်မှတ်လား..။ … ထားပါတော့လေ။

တကယ်တော့ ဥပဒေဆိုတာ တာဝန်နဲ့ ၀တ္တရားအပြင် တာဝန်ယူမှုပါ တခါတည်း အချိုးအစား မျှတ သက်ဝင်အောင် ပုံဖော် ပြဋ္ဌာန်းပေးရတယ်လို့ နားလည်ထားပါတယ်။ တာဝန်ယူမှုရှိရတဲ့ စည်းမျဉ်းစနစ်ကို လူအတန်းအစား မခွဲခြားဘဲ တပြေးညီ လိုက်နာစေဖို၊့ ရှင်းလင်းနားလည်လွယ်တဲ့ ပညာပေး ဆောင်ရွက်မှုတွေ စီမံဖို့ အတော့်ကို အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ၊ နားလည်အောင်လည်း လုပ်ပေးမထားတဲ့ အပြင် နားမလည်လို့ပါလို့ ပြောရင်တောင် အမျက်တော်ရှ ခံနေကြရတာက အတော့်ကို ရင်နင့်စရာ ကောင်းမနေဘူးလား။ အဲဒီလို နားလည်ရန် မလွယ်ကူသော ကမ္ဘာကြီးထဲမှာ ပြစ်မှုတစ်ခုအတွက် ဘ၀တစ်ခုစာ၊ လူတစ်ယောက် အတွက်နဲ့ မိသားတစ်စု၊ ဆွေမျိုးတစ်သိုက်စာ မက ရင်းခံ လိုက်ရတာတွေက နာကျင်စရာထက် ပိုမနေဘူးလား..? မျက်လုံးတစ်လုံးဆို တစ်လုံး…၊ သွားတစ်ချောင်းဆို တစ်ချောင်းတဲ့လား ဟမ်ဘူရာဘီ? ငါတို့ကမ္ဘာရဲ့ အမှတ်တရ ဒဏ်ရာရပ်ဝန်းနဲ့ ဝေးရာ ရာဇ၀င်ထဲမှာ မင်း နေရစ်ဦးပေါ့လို့ ပြောနိုင်မယ် ထင်ပါတယ်။ မချိုမြိန်တဲ့ အတိတ်ကို တူးဆွ ရေနူးတာမျိုး မလုပ်ချင်ပါဘူး။ ဒါပေမဲ့ မေ့ပစ်လိုက်ဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ သမိုင်းသင်ခန်းစာ ယူဖို့၊ အမှားနည်းတဲ့ မနက်ဖြန်တွေ တည်ဆောက်ဖို့ နာသည်ဖြစ်စေ၊ ခါးသည်ဖြစ်စေ အတိတ်က လိုအပ်တယ်လို့ ကျနော်တို့ အားလုံး လက်ခံထားပြီးသား ဖြစ်နေတာကြောင့်ပါ။ ထပ်ပြီးတော့ မအ,ကြ၊ မန,ကြ ရအောင် ယေဘုယျလောက်တော့ သိနေအောင် ကြိုးစားထားသင့်တယ်လို့ မြင်မိပါတယ်။

၂၁ ရာစုသစ်မှာ နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ ပညာရှင်များက ပြောကြပါတယ်။
“ဥပဒေဆိုတာ လွတ်လပ်မှုရဲ့ အုတ်မြစ်” တဲ့။
ဆက်ပြောကြပါသေးတယ်။ “လူတွေရဲ့ အပြုအမူ စရိုက်တွေကို ထိရောက်တဲ့ တွန်းအားပေးနိုင်တာ ဥပဒေပါ” ပဲတဲ့လေ။
သဘောကတော့ နိမ့်ကျနေရင်လည်း မျှတအောင်၊ ကြိုးစားရင်လည်း ကြိုးစားသလောက် ထိုက်တန်အောင်၊ မြင့်မားနေရင်လည်း ခိုင်မာတည်တံ့အောင် ဖေးမ ကာကွယ်ပေးတဲ့၊ အားလုံးက ယုံကြည်အားထားရတဲ့ အာမခံချက် ရှိတဲ့ ဘယ်နေရာမှာ ရောက်ရောက် လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ ဥပဒေမျိုး ကျနော်တို့ လိုအပ်နေပါတယ်။ ဒီဘက်ခေတ် ဥပဒေပြုရာမှာ အကြောင်းအရာ အချက်အလက်တွေ ချည်းသာအားမပြုဘဲ လူမှုရေးရာ စံနူန်းတွေနဲ့ တန်ဘိုးတွေကိုပါ မဖြစ်မနေ ထည့်တွက်သင့်ကြောင်း ပညာရှင်တွေက တညီတညွတ်တည်း အကြံပြုထားကြပါတယ်။ ဒါ့အပြင် “ဘယ်သူ့ မျက်နှာမှ ကြည့်စရာ မလိုဘူးကွ၊ တရားမျှတရမယ်၊ ဘက်မလိုက်ဘူး၊ ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့် ပြောမယ်၊ ရေးမယ်၊ လျှောက်လဲမယ်၊ ဆုံးဖြတ်မယ်” ဆိုတာ ဥပဒေပြု အဖွဲ့အစည်းတွေရဲ့ အသက်အဖြစ် တည်ရှိနေရမှာ ဖြစ်သလို ရှေ့ရော နောက်ပါ တာဝန်သိသိ၊ အသိရှိရှိနဲ့ လေးစားလိုက်နာကြမယ် ဆိုတဲ့ ခံယူချက်ကလည်း လူထုရဲ့ သွေးကြောဖြစ်နေရမယ်လို့ ကျနော် ယုံကြည်ထားပါတယ်။

ကြည့်လေ..၊ အခြေခံ လူတန်းစားတွေ၊ သာမန် အလုပ်သမားတွေပေါတဲ့ ပြည်ကြီးမှာ အဲလို လူတန်းစားတွေ အတွက် ခိုင်လုံတဲ့ အာမခံချက် အပြည့်နဲ့ ကာကွယ်စောင့်ရှောက်ပေးမဲ့ ဥပဒေတွေ လုံလောက်ပြည့်ဝမှု ရှိမနေတာကိုက ခြောက်ပြစ် မပြောနဲ့၊ နှစ်ပြစ်၊ သုံးပြစ်လောက်ကင်းတဲ့ ဥပဒေဆိုရင်ပဲ ထိုင်ကန်တော့ရတော့ မလိုလို ဖြစ်နေပါတယ်။ ဒီ့အတွက် ခေတ်ကိုပဲ အပြစ်တင်ရမလား၊ စနစ်ကိုပဲ အပြစ်တင်ရမလားလို့ မြင့်မြတ်ရာ ဘုံဘ၀ကနေ ဆရာမြ တစ်ယောက် မေးနေဦးမှာလား မသိပါ။ ဒါမှမဟုတ်ရင်လည်း ဓားတွေက အိပ်ရာ၊ မီးတွေက စားစရာ ဖြစ်နေကြပြီလားလို့ မေးခွန်းတွေ ထပ်ဆင့်နေဦးမှာလားလို့ တွေးမိပါသေးတယ်။ ရောင်ခြည်ဦးမှာ တွန်ကြူးသံတွေ ကြားနေရပေါ့ ဆရာရေ….။
လွတ်လပ်မှုဆိုတာ အခုအချိန်အထိ ကျနော်တို့အားလုံး အငတ်မွတ်ဆုံး အရာပါ။

မွန်မြတ်သန့်စင်သော လွတ်လပ်မှုရဲ့ အုတ်မြစ်ဖြစ်သော ဥပဒေ၏ ပင်ရင်း ရည်ရွယ်ချက်များနှင့် ဆန့်ကျင်ဘက် လားရာ ဥပဒေရဲ့ ဂုဏ်သိမ်၊ သာတူညီမျှမှုရဲ့ အနှစ်သာရကို အများကောင်းကျိုး ရှေးရှုတဲ့ အုပ်ချုပ်မှုရေးရာ အစား၊ တစ်အုပ်တစ်ဖွဲ့ အုပ်ချုပ်သူရေးရာ သက်သက် အသုံးချလိုက်ရင်၊ ဒါမှမဟုတ် အုပ်ချုပ်ဖို့သီးသန့် စိုးမိုးဖို့ အမြင်တစ်ခုတည်းနဲ့ အသုံးချမယ်ဆိုရင်တော့ လူထုအတွက် ကြောက်စရာ၊ အုပ်ချုပ်သူအတွက် လက်နက်၊ “ကြောက်စရာ လက်နက်” ဖြစ်သွားမှာ မလွဲပါဘူး။ ဒါဟာ ဥပဒေကို တလွဲ အသုံးချပြီး လူထုကို မတော်မတရား ပြုခြင်းလို့ ခေါ်ရမှာ ဖြစ်ပါတယ်။ သေချာတာပေါ့ဗျာ။ ကြောက်စရာ လက်နက် ဆိုမှတော့ ကျနော်တို့အားလုံး ကြောက်ပြီး တွန့်နေမှာ ဖြစ်သလို ယုံကြည်မှုတွေ မရှိဘဲ ရွံ့နေကြရမှပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီလို ဘ၀မျိုး မဟုတ်တဲ့ ငြိမ်းချမ်းပျော်ရွှင်ဖွယ် မနက်ဖြန်မှာ ကျနော်တို့အားလုံးရဲ့ ဘ၀တွေ “တွန့်ခြင်း၊ ရွံ့ခြင်းမှ ကင်းဝေးကြပါစေ” လို့ ဆုမွန်ကောင်း တောင်းနေမိပါတယ်။
သိပ်ကို သေချာတာပေါ့ဗျာ..၊ ဆုတွေ တောင်းနေရုံနဲ့တော့ ကျနော်တို့ မျော်လင့်ချက်တွေ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ။

ဆောင်းပါးရှင် ပေါ်ဦးသည် ကိုရီးယားတွင် ခေတ္တနေထိုင်သည့် စာပေ၀ါသနာရှင်တဦး ဖြစ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 31, 2012

ကြားတယ် မဟုတ်လား… အသံတွေ ဗလံတွေ…

ရေးသားသူ — ပေါ်ဦး

စိမ့်ပြီးအေးနေသော ဆောင်းရာသီကြောင့် ညမှာ ပိုပြီး တသီးတသန့် ဆန်နေသလိုဘဲဟု ခံစားမိရင်း အဝေးဆီသို့ လှမ်းကြည့်နေမိသည်။ မြင်ကွင်းရှေ့မှ သစ်ပင်တို့မှာ ငြိမ်သက်လျှက်။ တောင်ကုန်း၏ ခပ်ပြေပြေအဆင်းတွင်ရှိသော လမ်းမီးတိုင်တို့မှ အဖြူရောင်၊ အ၀ါရောင် အလင်းတွေက ခပ်စွေစွေ။ နီနီ စိမ်းစိမ်း ကားမီးရောင်တို့ကတော့ ဟိုဟိုဒီဒီ ရွေ့လျားသွားလာနေကြသည်။ မီးတိုင်တွေက ဘယ်နှတိုင်၊ ကားတွေကဖြင့် ဘယ်နှစင်း၊ ဘယ်လို ပုံသဏ္ဍာန်တွေရှိကြသည် ဆိုတာတော့ မသဲကွဲသော်လည်း ချောင်းရေစီးသံလို တဝေါဝေါနှင့် မမြင်ရသော ညပိုးကောင်တို့၏ တစီစီ တ၀ီဝီအသံများက အာရုံကို လာရောက်ရိုက်ခတ်နေမှန်း ခံစားသိနေသည်။ မျက်စိကို ပိတ်လိုက်သဖြင့် အလင်းရောင်မြင်ကွင်းတို့ ပျောက်သွားကြသော်လည်း မမြင်ရသောအသံတို့မှာ တိုးသွားလိုက် ကျယ်သွားလိုက်နှင့် ပိုလို့ပင် ပြတ်သားလာသလိုလို..။ သာယာဖွယ်အသံတွေဟု မခံစားမိသလို စိတ်ညစ်ညူးစရာဟူ၍လည်း အလွယ်တကူ သတ်မှတ်ရန် မဖြစ်နိုင်သည့် နေ့တဓူဝ ကြုံနေ ကြားနေရသော အသံများ…။

အသံတွေ… အသံတွေ၊ ဟိုအသံ ဒီအသံ… ဟိုလိုလို ဒီလိုလိုအသံတွေ…။ အသံတွေဗလံတွေ ကြားနေခဲ့ကြတာ နားနဲ့ရော ဆန့်ကြသေးရဲ့လား။ ကျနော်တို့ဘ၀မှာ ကြုံခဲ့ကြ၊ ကြားခဲ့ရတဲ့အပြင်… ထပ်ပြီးကြုံကြ၊ ကြားရဦးမယ့် အသံတွေ.. ဗလံတွေ။ ချစ်စရာ အသံ၊ ကြောက်လန့်အော်ဟစ်သံ၊ ငိုသံ၊ ရယ်သံ၊ လွမ်းမောဖွယ်အသံ၊ အော်ဟစ်သံ၊ ကရုဏာသံ၊ ငြီးငြူသံ၊ ဒေါသသံ၊ မသဲမကွဲအသံ၊ စူးစူးဝါးဝါးအော်ဟစ်သံ၊ အချက်ပေးသံ၊ လှောင်ပြောင်သံ၊ အားပေးသံ၊ … ၊ … သံ … သံ …၊ တော်ပါပြီ။ ရှိသမျှ အသံတွေကိုသာ လိုက်ပြီး အမည်တပ်နေရရင်တော့ ဆုံးမှာကို မဟုတ်တော့ပါ။ တကယ်ဆိုရင် လောကမှာရှိနေတဲ့ လူ၊ တိရစ္ဆာန်နှင့် ပစ္စည်းတွေက ထုတ်လွှတ်သော အသံများသာ ရှိလိမ့်မည်ဟု ယေဘူယျ ပြောနိုင်မည်ထင်ပါသည်။ ရှင်တော်ဗုဒ္ဓ ကတော့ လောကတွင် “စိတ်ကြောင့်ဖြစ်သော အသံ” နှင့် “ဥတုကြောင့်ဖြစ်ရသော အသံ” ဟူ၍ နှစ်မျိုးသာရှိကြောင်း ရှင်းလင်း ပြတ်သားစွာ မိန့်တော်မူခဲ့ပြီး ဖြစ်ပါသည်။

ဒီနေရာမှာ အသံ တစုံတရာလေးများ မကြားလိုက်နဲ့ ၀ိုင်းပြီးပြောလိုက်ကြ၊ သြဘာပေးလိုက်ကြနဲ့ ပွက်ပွက်ညံနေလေ့ ရှိတတ်တဲ့ ကျနော်တို့ရပ်ဝန်းက ခံစားချက် အကဲဆတ်လွန်းသူတွေ၊ ထင်တာမြင်တာလေးများ လုပ်နေပြောနေရရင် ဟဒယလေးများ လေဟပ်ပြီး လွတ်လပ်မှုဆိုတာကို အကန့်အသတ်မဲ့ အဓိပ္ပာယ်ဖွင့်ချင်နေကြသူ တစ်ချို့တစ်ချို့တွေ အကြောင်းကို ကြားနေ၊ တွေ့နေရတာကြောင့် စိတ်ထဲမရိုးမရွ ဖြစ်လာတဲ့ အကြောင်းကို အရပ်လေ အရပ်အတွေးလေးနဲ့ နည်းနည်းလောက် ၀င်ပြောချင်တဲ့ ချဉ်ခြင်း ဖြစ်လာပါတယ်။ စနစ်ဆိုး ညာဉ်ဆိုးတွေနဲ့ ယဉ်ပါးလွန်းခဲ့တော့ အကျင့်ဆိုးတွေ ဘယ်လောက်များ ကျနော်တို့ သွေးသားတွေထဲမှာ လည်ပတ်စီးဆင်းနေမယ်ဆိုတာ ရိပ်စာပြီး ဖြစ်ကြမှာပါ။ ဒါပေမဲ့ ကျနော်တို့ တစ်တွေဟာ ခံစားချက်ကြီးလွန်းသူတွေလား ဒါမှမဟုတ် လိုတာထက် ပိုနေတာများလား… ဒီလိုမှ မဟုတ်ရင်လည်း တခုခုများ လွဲနေသလားလို့ပါ။

“ဒီဘက်က၀င် ဟိုဘက်က ထွက်လိုက်ပေါ့ကွာ”
“မကြားချင်ယောင် ဆောင်နေလိုက်ပေါ့”
“မကြားချင်ရင် နားပိတ်ထားလေ….”

အဲလို ငေါ်ငေါ်တူးတူး နူတ်လှန်သံမျိုး၊ ဒါမှမဟုတ် အကြံပေးသလိုလို အသံတွေကိုလည်း ကျနော်တို့နားတွေက ယဉ်နေလောက်ပါပြီ။ ဒါဆို သူတို့ပြောသလို မကြားချင်ယောင်ဆောင်၊ နားတွေ ပိတ်ထားလိုက်ရုံနဲ့ မကြားရ ဖြစ်အောင်လည်း မဟုတ်သေးပါဘူး ဆိုတာ သိကြပြီးတဲ့ အတိုင်းပါဘဲ။ သေချာတာကတော့ ကျနော်တို့တတွေ မမြင်ရသော အသံများတွင် မမှန်းဆနိုင်သော ခွန်အားများရှိသည် ဆိုခြင်းကိုတော့ အားလုံး ငြင်းကြလိမ့်မည်ဟု မထင်မိပါ။ ကိစ္စရပ်တွေ၊ အကြောင်းတရား ဖြစ်စဉ်တွေနဲ့ အသစ်အသစ်သော အခြေအနေ အရပ်ရပ်တို့ကြောင့် အမျိုးစုံသော အသံတွေ ထွက်လာကြသလို ကျနော်တို့ ကိုယ်တိုင်လည်း အသံကို ဆာလောင် တပ်မက်ကြပါတယ်။ ပြောမယ်၊ ကြားမယ်၊ ပြီးတော့ တုံ့ပြန်မယ်။ ဒီဖြစ်စဉ် စက်ဝိုင်းလေးထဲမှာဘဲ ပျော်ရွှင်စွာ ပါဝင်ရင်း အဲဒီနောက်ကို ကျော်ကြည့်တတ်ဖို့နဲ့ နည်းနည်းလေးလောက်ဘဲ ဖြစ်ဖြစ် သည်းညည်းခံ စောင့်ကြည့်ပေးဖို့ကို မေ့လျော့နေကြသလိုပါဘဲ။

နေထိုင်ရာ ဒေသ၊ ကျင်လည်ရာ ၀န်းကျင်မှာ အသံတွေက များလာ၊ လိုတာထက် ပိုလာ လျှံလာတဲ့အခါ အသံတွေဟာ ပုံမှန် အသံအဖြစ်မှ အသံဗလံတွေ (ဆူညံသံများ) အဖြစ် ပြောင်းလဲကုန်ပါတော့တယ်။ ဒီဘက်ခေတ်မှာ သဘာဝက ထုတ်လွှတ်သော အသံများကို အထိုက်အလျောက် ထိန်းချုပ်လာနိုင်ကြပေမဲ့ လူတို့ကိုယ်တိုင်က ထုတ်လွှတ် ဖန်တီးသော အသံများကိုတော့ ဖြစ်သင့်သလောက်၊ ရှိသင့်သလောက် ထိန်းချုပ်မှုတွေရော ရှိကြပါသလား၊ ကျေနပ်လောက်စရာ အားထုတ်မှုများ မမြင်မိသည့်အပြင်… ပို၍ပင်တိုးလာ၊ များလာနေသည်ဟု ထင်နေမိပါတယ်။

တခါက ညီအကိုလို ခင်မင်ရင်းနှီးနေသော သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း “တို့ရန်ကုန်မှာတော့ကွာ ၀ါတွင်းဘဲဖြစ်ဖြစ် သီတင်းကျွတ်ဘဲ ရောက်ရောက် အချိန်တိုင်းနီးပါးလောက်ကို လမ်းထိပ်တိုင်း ရပ်ကွက်တိုင်းက ကက်ဆက်သံ၊ လော်စပီကာသံ၊ အလှူခံသံ တညံညံနဲ့ ဆူညံနေတဲ့အပြင် မီးလေးများ လာပြီလား မဆိုလိုက်နဲ့ ဖွင့်လိုက်ကြ၊ ဆိုလိုက်ကြတဲ့ ကာရာအိုကေဆိုတာ ပွက်ပွက်ကို ညံနေတော့တာပါဘဲ…” ဟု ညည်းပြော ပြောမိရာ... “ဟာ အဲဒါတော့ ပြောလို့မဖြစ်ဘူး ထင်တယ်ဗျာ… ကျုပ်တို့ရွာမှာဆို အဲဒီလို ဓာတ်ဆက်သံလေး ကြားနေရတာကိုက အရသာတစ်မျိုးဗျ။ နေ့ဖွင့်မလား၊ ညဖွင့်မလား စပီကာနဲ့လာလာ အော်လံနဲ့ဘဲဖြစ်ဖြစ် နားငြီးတယ်လို့ တစ်ယောက်မှ ပြောသံမကြားဘူးသလို ကျုပ်တို့ ကိုယ်တိုင်လည်း သွားရင်းလာရင်း လုပ်ရင်းကိုင်ရင်းနဲ့ ပါးစပ်ထဲ ပေါ်လာတဲ့သီချင်းကို စိတ်ထဲရှိတဲ့အတိုင်း အော်ဟစ်ပြီး ဆိုပစ်လိုက်ရမှ နေသာထိုင်သာရှိတာကိုးဗျ…” တဲ့လေ။ ကျနော့်အမြင်တွင် ရပ်ဓလေ့ရွာဓလေ့ အလှူအတမ်း၊ သာရေးနာရေး ပွဲများအတွက် ရံဖန်ရံခါ သူပြောသလို ဖွင့်ကြသည်ကိုတော့ ပြောစရာမလိုသော်လည်း ဟိုဘက်အိမ် ဒီဘက်အိမ်မှ အားမနာ၊ လူမမာ မကျန်းမာသူများ ရှိမရှိကိုလည်း ဂရုမစိုက်၊ ကလေးတွေ ကျောင်းစာမေးပွဲ ရှိသည်ကိုပင် ထည့်တွက်လေ့ မရှိဘဲ ဟိုဘက်လမ်း ဒီဘက်လမ်း အပြိုင် စိတ်ထင်တိုင်းကြဲကာ သူနိုင်ငါနိုင် သီချင်းတွေ အပြိုင်ဖွင့်ခြင်းနှင့် အော်ဟစ် အလှူခံနေကြသော ဖြစ်ရပ်များ ရေချိန်အတော်မြင့်နေပြီး အမြင်မတော်လို့ ပြောမိသူများကိုပင် သာသနာဖျက်မည့် ပုဂ္ဂိုလ်များသဖွယ် တုံ့ပြန်နေကြသော မြို့ပြလူနေမှုဘ၀မှ အဆင်ခြင်မဲ့ တလွဲဆံပင်ကောင်း အပြုအမူများကို ဆိုလိုခြင်း ဖြစ်ပါသည်။ ရိုးရာဓလေ့နှင့် ကြည်နူးဖွယ် ထုံးတမ်းစဉ်လာများကို အပြစ်မြင်ခြင်း၊ အပြစ်တင်ခြင်း မဟုတ်ပါ။ နေ့လာလာ၊ ညဖြစ်ဖြစ် ဖွင့်ချင်သလောက်ဖွင့် ဟစ်ချင်သလောက် ဟစ်ရအောင်လည်း ကမ္ဘာကြီးတွင် သူပြောသလို ရွာများသာ ရှိနေသည် မဟုတ်ပါ။

ချစ်ရသူများ၏ ကြည်နူးဖွယ်အပြောနှင့် ဆွတ်ပျံ့လွမ်းမောဖွယ်အသံ၊ ရင်ကို ငြိမ်းအေးစေသော… စိတ်မွန်းကျပ်မှုကို ပြေလျော့စေသော ကရုဏာသံ၊ အားပေးသံများ ရှိသလို၊ ကြားနေရင်းနဲ့ ထပြီးအော်ချင်စိတ်တွေ ပေါက်လာစေသော၊ နားထောင်နေရင်းက ဒေါသတွေအလိပ်လိုက် ထွက်လာစေသော၊ ကြုံနေ ကြားနေရင်းနဲ့ဘဲ အားမလိုအားမရတွေဖြစ်၊ ခံပြင်းစိတ်တွေပေါ်လာ ခံပြင်းလာရာက ထပြီးပေါက်ကွဲကုန်တဲ့အထိ နောက်ဆက်တွဲ တသီတတန်းများကို ဖန်ဆင်း ဖြစ်တည်စေသော အသံတို့၏ ကြောက်မက်ဖွယ် စွမ်းအားများ။ ထို့ကြောင့်ပင် သာမန်ပုထုဇဉ် လူသားတို့၏ စိတ်နှလုံးကို အလှုပ်ခတ်စေနိုင်ဆုံး နေရာမှာ ရုပ်အဆင်းပြီးလျှင် အသံက ဒုတိယ နေရာလိုက်သည်ဟု တရားတော်တွင် မှတ်သားဖူးပါသည်။ လူယောက်ျား၊ မိန်းမ တို့၏ နှလုံးဟဒယကို လှုပ်ရမ်းစေနိုင်သော မမြင်နိုင်သော အသံတို့၏ မမှန်းဆနိုင်သော စွမ်းအားများ။

စွမ်းအားဆိုမှတော့ သုံးတတ်မှ စွမ်းတဲ့ အားတွေဖြစ်လာမှာ မဟုတ်ပါလား၊ ကိုယ်က မသုံးတတ်ရင် သုံးတတ်သူတွေက ကိုယ်ဘာမှ မသိလိုက်ချိန်မှာဘဲ ကိုယ့်ကို အသုံးချသွားနိုင်တဲ့ တစ်ပါးသူရဲ့ စွမ်းအားတွေ ဖြစ်သွားမှာပါ။ ကိုယ့်အပေါ် ဖျက်တဲ့ အဖျက်စွမ်းအားတွေ ဖြစ်မသွားရလေအောင်၊ မလိုလားအပ်တဲ့ နောက်ဆက်တွဲ စိတ်ညစ်ညူးစရာတွေနဲ့ ဆိုးကျိုးများ မပေါ်ပေါတ်စေဖို့ ထိန်းချုပ်မှုဆိုတာ လိုအပ်လာတယ်လို့ မြင်မိပါတယ်။ နောက်ဆက်တွဲအနေနဲ့ လူသားတို့ အခြေခံ လွတ်လပ်ခွင့်နှင့် လိုအပ်လာသော ထိန်းချုပ်မှုတို့ကြားမှာ ညီညွတ်စွာ အပြန်အလှန် ထိန်းကျောင်း နိုင်စေရေး အတွက် တရားမျှတမှုက အခရာ ကျလာပါတော့တယ်။

ဒီနေရာမှာ ပြဿနာတစ်ခု ထပ်ပြီး ပေါ်လာပြန်ပါတယ်။ တရားမျှတမှု၊ မှားယွင်းမှုနှင့် ကောင်းသည်၊ မှန်သည် ဆိုခြင်းများကို လူတို့၏ ခံယူထားသော အစဉ်အလာ ဓလေ့ထုံးတမ်း၊ ကျင့်သုံးလျှက်ရှိသော ဘာသာရေးစံနှုန်း၊ တည်ဆဲ ယဉ်ကျေးမှုတို့အပြင် ကျင်လည်ဖြတ်သန်းရာ သဘာဝပတ်ဝန်းကျင်၊ အတွေ့အကြုံ ခံယူချက်များဖြင့် ပေါင်းစပ်ချိန်ထိုး တိုင်းတာ ဆုံးဖြတ် တတ်ကြရာ ကွာဟချက်များ အပြင် မတူညီမှုများလည်း ပေါ်ပေါက် လာပါတော့တယ်။ လူပုဂ္ဂိုလ် တစ်ဦးချင်းလိုက်၍ အကြိုက် ကွဲနိုင်သော်လည်း အများနှင့် သက်ဆိုင်သော ယေဘုယျ စံနှုန်းများတွင် တဘက်ဘက်တွင် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရေး အတွက် ထိန်းညှိရန် လိုအပ်လာသည့် တရားမျှတမှု ဆိုသည်မှာ “ဥပဒေနှင့်အညီ အမှားကို အပြစ်ပေး၍ အမှန်ကို စောင့်ရှောက်အပ်သော လောကစံနှုန်း ”ဟု အနှစ်ချုပ် ဆိုနိုင်ကြောင်း နားလည်ထားပါတယ်။ တပါးသူကို မထိခိုက်စေသော လွတ်လပ်မှုအပြင် သူ့နေရာမှာ ငါ ဆိုသော ချင့်တွက် ထောက်ထားမှု များကသာ နားလည်မှု၏ အခြေခ၊ံ မျှတမှုအတွက် အနီးစပ်ဆုံး ခြေလှမ်းများ ဖြစ်တယ်လို့ ကျနော် မြင်မိပါတယ်။ ရှိသာရှိပြီး သက်ဝင်ခြင်းမရှိသော ဥပဒေများ၊ ခေတ်မမီတော့သော၊ လက်တွေ့ဘ၀နှင့် ကင်းကွာလွန်းသော၊ လူ့ပတ်ဝန်းကျင်နှင့် အစပ်အဟပ် ဝေးလွန်းသော ဥပဒေသက်သက်များ အပြင်၊ မသိလိုက် မသိဘာသာသော်၎င်း၊ အမှတ်တမဲ့သော်၎င်း၊ ရည်ရွယ်ချက်ရှိရှိဖြင့်သော်၎င်း ဥပဒေ၏ မူလရည်ရွယ်ရင်းနှင့် ကွဲလွဲကာ တလွဲအသုံးချနေမှုများကြောင့် အသံညစ်ညမ်းမှုများ တိုးပွားလာနေခြင်း ဖြစ်ပါတယ်။ အသံများဖောင်းပွ ညစ်ညမ်းလာမှုနှင့်အတူ လူထုနှင့် အသံတွေအကြား အခရာကျလာသော ထိန်းညှိမှုနှင့် ပက်သက်၍ သူတို့ (အသံထုတ်လွှတ်သူများ) ဘယ်လို အကောင်အထည် ဖော်နေကြသလဲ၊ ဖော်နေလေ့ရှိသလဲ ဆိုတာတွေကတော့ ကြားနေကြရသူများ အနေဖြင့် ဆင်ခြင်ကောင်းသော အကြောင်းတစ်ရပ်လို့ မြင်မိပါတယ်။ တိုက်ရိုက်အသံ၊ တဆင့်အသံ၊ ပြန်လာတဲ့အသံ၊ တိုက်ဆိုင်မှုမှ ဖြစ်သောအသံ၊ ကောလာဟလ အသံ…. စသည်ဖြင့်ပေါ့ဗျာ။

“ဟာ ဘာလဲ.. ကြားတဲ့အပေါ် တုံ့ပြန်တာဘဲကွာ၊ ဘာများထူးလို့တုန်း။ လွတ်လပ်စွာ ပြောဆိုခွင့် ဖော်ထုတ်စည်းရုံးပိုင်ခွင့် ဆိုတာတွေက လူမှန်လျှင် ရထိုက် ပိုင်ထိုက်တဲ့ အခွင့်အရေးတွေ ဆိုတာ တရားဝင် အသိအမှတ်ပြုပြီးသားကိုများ… လာ လာချည်သေး..” ဒီလိုစောဒကမျိုး တက်ကြမယ်ဆိုရင် လည်းရပါတယ်။

ဒီအတွက်လည်း… အသံဘာကြောင့်ဖြစ် ဆိုတာ သိကြပြီးဖြစ်တဲ့အတွက် ဆက်ပြီး ဘယ်လို အသံတွေလဲ (အမျိုးအစားခွဲခြင်း) ဆိုတာနဲ့ ဘယ်လိုဦးတည်ချက် (ရည်ရွယ်ချက်သရုပ်ခွဲခြင်း) ဆိုတာကိုတော့ (အသံ ပေါ်ပေါက်ရာအရပ်နှင့် လူပုဂ္ဂိုလ်အနေအထား အသေးစိတ်တို့ကို ခဏထားပြီး) ကျနော်တို့ အနေဖြင့် အနည်းဆုံး ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်။ ကြည့်လေ… တယ်လီဖုန်းသံ၊ ကြော်ငြာသံ၊ ဟောပြောသံ၊ သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ တီဗွီ ရုပ်ရှင်တို့နှင့် အသံလွှင့်ဋ္ဌာနတို့မှ ထုတ်လွှတ်သောအသံများ…။

ဆက်သွယ်ရန်၊ ဖြန့်ဖြူးရန်၊ စည်းရုံးရန်၊ အသိပေးရန်၊ အကြံဉာဏ်ပေးသံ၊ မြှောတ်ပင့်သံ၊ ၀ါဒဖြန့်ရန်၊ အကဲစမ်းရန်၊ လေ့လာသုံးသပ်ရန်၊ ခြိမ်းခြောက်ရန်၊ သိမ်းသွင်းရန်နှင့် အမျိုးမျိုး အဖုံဖုံသော ရည်ရွယ်ချက်များဖြင့်၎င်း၊ တစ်ခုထက်ပိုသော ပေါင်းစပ် ရည်ရွယ်ချက် များဖြင့်၎င်း၊ ပုံမှန်မဟုတ်သော အခြေအနေများဖြင့် အရောင်စုံ အသွင်ကွဲ၊ သံတူကြောင်းကွဲ မျက်နှာဖုံးစွပ်တို့နှင့် အသံတွေ ဗလံတွေ၊ အရင်က ကြားခဲ့ ကြုံခဲ့ဖူးသလို အခုလည်းကြုံနေ၊ ကြားနေရတဲ့၊ နောင်လည်း ဆက်ရန်ပေါင်းများစွာ ကျန်နေသေးသော အသံတွေ ဗလံတွေ။ တကယ်ဗျာ… ကြည့်စမ်းပါဦး… အခုတလော အသံတွေလား ဗလံတွေလား ဟိုနေရာ ဒီနေရာမှာ ဟိုကိစ္စ၊ ဒီကိစ္စတွေကြောင့် ဟိုလိုလို ဒီလိုလို အသံတွေရော ဗလံတွေရော တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ အမျိုးကို စုံတကာစေ့လို့…။

ကြားတယ်မဟုတ်လား… အဲဒီအသံတွေလေ… ပြီးတော့
အခု ကျနော်ပြောတဲ့အသံ…၊
ဘယ်လောက်ကြားလဲ ဘယ်လိုကြားလဲ
အသံလား..
အသံဗလံလား။
အဲဒါတော့ ကိုယ့်ဘာသာ စဉ်းစားဗျာ။

***
ရုတ်တရက် စူးရှသော ကားဟွန်းသံက အတွေးများကို ရပ်တန့်သွားစေသလို မှိတ်ထားသော မျက်စေ့မှာလည်း ပွင့်သွားကာ အသံလာရာဆီသို့ ချက်ချင်းဆိုသလို လှမ်းကြည့်ပြီး ဖြစ်နေသည်။ အရှိန်ဖြင့် မောင်းနှင်သွားသော ကားတစ်စီးကို တွေ့လိုက်ရသည်။ ညဥ့်နက်နေပြီ ဖြစ်၍ လမ်းပေါ်တွင် ခုနလောက် ကားမီးရောင်စုံတို့ကို မတွေ့ရတော့။ ဖြာကျနေဆဲ လမ်းမီးရောင် တို့အောက်တွင် ကျောပြောင်ပြောင် လမ်းမကြီးက လဲလျောင်း ငြိမ်သက်နေဆဲ။ အားလုံးငြိမ်နေ၊ အိပ်စက်နေကြပြီ။ အသံများ ဘယ်အချိန် အိပ်သည်ကိုတော့ ကျနော် မပြောတက်ပါ။ ကျနော်တို့ ဘ၀တစ်လျှောက် အသံများ ဆက်၍ ကြားနေရဦးမည်ဟု ကျနော် ယုံကြည်နေမိပါတော့သည်။ ။

စာရေးသူ ပေါ်ဦးမှာ ကိုရီးယားတွင် ခေတ္တနေထိုင်လျက် ရှိသည့် စာပေ၀ါသနာရှင်တဦး ဖြစ်ပါသည်။

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

ရေချိုမြစ်ရဲ့စီးဆင်းသံ(သို့)မေမေ့စာ

ရေးသားသူ — အမည်မသိ နောက်စာဆို

အလွမ်းပြေအမေရေးတဲ့
ရောက်နေသူဟိုအဝေးနယ်က
သားဖြစ်သူလူကလေးရယ်သို့
မာစေကြောင်းဆုတောင်းစာ။

တိုင်းနယ်ရွာတစိမ်းတွေကြားမှာလ
ရိုင်းဖယ်ကွာလူယဉ်ကျေးပါလို့
ကြိုးစားရှာပညာရေးရယ်နဲ့
ရှားရှောင်ပါအသောက်စားပြင်
ဘေးကင်းကာရန်စွယ်ကွာဖို့
ပို့သတဲ့အမေ့မေတ္တာ။
ဟိုရင်လိုနေမနီးသော်လဲ
အမေ့မှာစေတနာဓါတ်တွေက
စီးဆင်းကာဝေေ၀ဖြာ။

ဘေးရံမှာအမေမရှိသော်လည်း
ပြေးပြန်ကာဖွေရှာကြည့်ပြန်တော့
ဒီလွမ်းစာဒီလက်ရေးရယ်က
ဆန်းထည်စွာလှမာန်မ၀င့်သော်လဲ
ဖြူစင်စွာစေတနာသန့်တာမို့
အမေ့စာတကယ်ခန့်တယ်
အံ့မိပါတကား။
အမည်မသိ နောက်စာဆို

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Tuesday, January 24, 2012

နှစ်သစ်မင်္ဂလာ ဆုတောင်းလွှာ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓ္စဿ
ပြည်ထောင်စုဖွား ရွှေမြန်မာညီအကို အပေါင်းတို့ အင်ချွန်းမြို့ ဘူဖျောင်းမြို့ နယ်ရှိ မြန်မာဗုဒ္ဓသာသနာ ပြုကျောင်းတော်ကြီးသည် ကိုရီးယားနိုင်ငံရှိ အခြားမြန်မာကျောင်းများနည်းတူ မြန်မာအလုပ်သမား အများစုနှင့်  ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာများ၏ အားထားမှီခိုရာ ကျောင်းတော်ကြီး ဖြစ်ပါသည်။ ဤကျောင်းတော်ကြီးကို ၁၃၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သဖြင့် မကြာမီ ကျောင်းတိုက်သက်တမ်း ဆယ်နှစ်ပြည့်တော့မ ည်ဖြစ်ပါသည်။ဆယ်စုနှစ်တစုအတွင်း အမျိုးဘာသာ သာသနာ အကျိုးကို ဆရာဒကာ လက်တွဲညီညာ ဆောင်ရွက်ခဲ့ခြင်း၊ယခုလက်ရှိအချိန်တွင် ကျောင်းတော်ရှိ ဆရာတော် သံဃာတော်များနှင့် အခြားသော မြန်မာသာသနာပြုကျောင်း ဆရာတော်များ၏ အစဉ်မြဲ ကူညီစောင့်ရှောက်ခြင်း ၊ အချင်းချင်း ချစ်ခင်ညီညွတ်ခြင်း၊
ရွှေမြန်မာ ညီအကိုများ၏ အမြတ်တနိုးတန်းဖိုးထားကာ ထိန်းသိမ်းစောင့်ရှောက် ထောက်ပံ့ခြင်းတို့ကြောင့်
ကျာင်းတော်ကြီးသည် ယနေ့တိုင် တည်တံ့ခိုင်မြဲပြီး ရွှေမြန်မာတို့၏ အကျိုးကို အစဉ်တစိုက် သယ်ပိုးဆောင်
ရွက်နိုင်ခဲ့ပါသည်။

ယခုအခါတွင် အမျိုး ဘာသာ သာသနာတော်အကျိုးကို ဆထက်တိုး၍ ဆောင်ရွက် သယ်ပိုးနိုင်ရန် ကိုရီးယားနိုင်ငံ၌ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး ကိုယ်ပိုင်ဝယ်ယူ လှူဒါန်းနိုင်သည့် အခွင့်အရေး ပ်ါပေါက်နေပြီဖြစ်ပါသည်။ ကိုရီးယားအစိုးရထံမှ -미얀마 불교 전법사원 ဟူသောအမည်ဖြင့် တရားဝင် မှတ်ပုံတင်ရပြီးဖြစ်၍ အမျိုး ဘာသာ သာသနာတော် ကျောင်းကြီး အမြန်ဆုံး ဖြစ်ပေါ်လာအောင် အကျိုးဆောင် နိုင်ကြပြီ>ဖြစ်ပါသည် ။

၁၃၇၃ -ခုနှစ် သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့တွင် အင်ချွန်း မြန်မာကျောင်းတော်ကြီး၌စုပေါင်းညီညာ ပဝါရဏာပြုတော်မူကြသော ဆရာတော်များ၏ လမ်းညွှန် သြဝါဒကို ခံယူ၍ စတင်အကောင်ထည်ဖော်ခဲ့သော မြန်မာကျောင်း နေရာ ဝယ်ယူရေးစီမံကိန်းသည်ကိုရီးယားနိုင်ငံရောက် ရွှေမြန်မာ ဆရာတော်များ ၊ ဒကာ ဒကာမများ အားလုံး
ပါဝင်ပြီး အကျိုးဆောင်နိုင်ရန် အင်ချွန်း၊ ဘူဖြောင်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် အကျိုးဆောင်အဖွဲ့ အနေဖြင့် အမြဲကူညီပေးလျှက်ရှိပါသည် ။ ယခုနှစ် ကိုရီးယားနှစ်သစ်ကူး ပိတ်ရက်တွင် မြန်မာဗုဒ္ဓသာသနာပြုကျောင်း နေရာ ဝယ်ယူရေးအတွက် အစဉ်တစိုက် အားထုတ်လျှက် ရှိပါသော ဘူဆန်ပြည်တော်ဦးဆရာတော်နှင့် အကျိုးဆောင်အဖွဲ့ ၊ ဒယ်ဂူ ၊စိတ္တသုခမြန်မာကျောင်း ဆရာတော်နှင့် အကျိုးဆောင်အဖွဲ့ ၊ စက်ရုံ အလုပ်ရုံ နေရာဌာန အသီးသီးမှ အကျိုဆောင်အဖွဲ့များနှင့် တစ်ဦးချင်းအလှူရှင်များကို အင်ချွန်း ၊မြန်မာဗုဒ္ဓသာသနာပြုကျောင်း [Click Here]အကျိုးဆောင်အဖွဲ့မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည် ။

ဆက်လက်၍ မိမိတို့၏ ဘဏ်အကောင့်များမှ လစဉ် အရစ်ကျ လှူဒါန်းနိုင်သော Auto Bank to Bank
စနစ်ကိုလည်း အလှူရှင်များ၏ ဆန္ဒအရ လှူဒါန်းနိုင်အောင် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည် ။
မြန်မာပိုင်ကျောင်းတော်ကြီး အမြန်ဆုံးဝယ်ယူနိုင်ရန်အတွက် လိုအပ်သော အကြံဥာဏ်များ
အကူညီများကိုလည်း လက်ခံကြိုဆိုလျှက်ရှိပါသည် ။

နှစ်သစ်မင်္ဂလာ ချိန်အခါဝယ် မြန်မာ ကိုရီးယား အကျိုးစီးပွားနှင့် အမျိုး ဘာသာ သာသနာအကျိုး
ပွားတိုးပါစေ ဆုမွန်ချွေသည် ဇေယျတု မင်္ဂလာ ရွှေမြန်မာ ။
အင်ချွန်း မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>

Thursday, January 19, 2012

တန်ခိုးလေးတွေ လျှော့ကြဦးစို့ ကိုအောင်ရင် (၁)

ကမ္ဘာတစ်လွှား မြန်မာများ တန်ခိုးထွားနေ
ခုတလော ၊ မြန်မာ့တန်ခိုးနှင့် ပတ်သက်ပြီး ၊ ပြောချင်စိတ် ရေးချင်စိတ်ကလေး တဖွားဖွားပေါ်နေသဗျ ။ ဒါနှင့် ကျနော် တွေးကြည့်တယ် ။ ပထမဆုံးပေါ်လာတာက စစ်အစိုးရရဲ့ တန်ခိုးထွားပုံ ။ ကမ္ဘာကို မြန်မာလွှမ်းရမည် ဆိုတဲ့ မဟာဗျူဟာ စီမံကိန်းနှင့် ကမ္ဘာတစ်လွားကို မြန်မာတွေရောက်အောင် လုပ်နေရော့လေ သလားပေါ့ ။ ခုဆို ကမ္ဘာမှာ မြန်မာ မရှိတဲ့နိုင်ငံဆို တော်တော် ရှားနေရော့ပေါ့ ။ နယ်စပ်မှာဆိုလည်း ဘေးပတ်ပတ်လည် မြန်မာတွေချည်းပဲ သိမ်းပိုက်နေရာယူထားကြပြီးပြီ ။ ထိုင်းအစပ်မှာဆို တော်တော်လေးတောင် ထိုးဖောက် နေရာယူပြီးရော့ပေါ့ ။ ဂဏန်း ခုနစ် လုံးတောင် ရှိနေဆိုပဲ ။ အမယ် ၊ ထိုင်းနယ်စပ်ကနေ ဂျပန်သွားပြီး ဆုတွေတောင်ယူလိုက်သေး ။ မြန်မာတွေ တန်ခိုးထွားနေကြတာ ။
လျှော့ကြဦးစို့ ကိုအောင်ရင်
မြန်မာတွေ တန်ခိုးထွားတဲ့အကြောင်း သီချင်းလေး ၊ မော်ကွန်းလေးများရှိမလားဆိုပြီး ၊ အင်တာနက်ထဲ ရှာကြည့်တယ် ။ အမယ် ရှိပါ့ဗျာ ။ ဇာတိမာန် သီချင်းကို ကျနော်ကြိုက်တယ် ။ ကိုအောင်ရင်ဆိုထားတာ ၊ “မျိုးရိုးကတန်ခိုးရှိခဲ့ပေ” ဆိုတဲ့ စာသားလေး ကိုခိုက်သဗျ ။/စိတ်ပါဝင်စားသူများ (ဒီမှာနှိပ်) ။/ကမ္ဘာမှာ မြန်မာတွေ တော်တော် တန်ခိုးထွားနေကြပါပေါ့ ။ အဲ ၊ သီချင်းနားထောင်ရင်း ကျနော်ပြောချင်တာလေးရှိလာလို့ ဒီဆောင်းပါးကို တန်ခိုးလေးတွေ လျှော့ကြဦးစို့ ကိုအောင်ရင် လို့ ခေါင်းစဉ်တပ်လိုက်တာပါ ။
မြန်မာတွေ နားခိုဖို့နေရာ
ကျနော်တို့ ကိုရီးယားရောက် မြန်မာများ တန်ခိုးထွားပုံလေးတွေရော ကြည့်ကြဦးစို့ရဲ့ ။ ရှေ့မှီနောက်မှီပုဂ္ဂိုလ်များပြောပြချက်အရ ၊ မြန်မာတွေ ၁၉၉၂-၉၃ လောက်ကစပြီးရောက်လာကြတာတဲ့ဗျ ။ အဲဒီတုန်းက ကိုရီးယားဝင်ဖို့ ဗီဇာမလိုဘူးတဲ့ ။ ဆိုက်ရောက်ဗီဇာနှင့်ဝင်ကြတာတဲ့ ။ အရင်ဆုံး လာကြတဲ့ သူတွေက သင်္ဘောသားတွေ နှင့် သင်္ဘောသား ယောင်ဆောင်ပြီးလာကြတဲ့သူတွေတဲ့ဗျ ။ မြန်မာတွေ ရောက်လာတော့ ၊ ပြဿနာတွေလည်း ထပ်ကြပ်မကွာပါလာဆိုပဲ ။ ဒါနှင့် မနေနိုင်တဲ့ တန်ဆန်း(Dangsan) မှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တစ်ခုကနေပြီး ၊ မြန်မာတွေ နားခိုဖို့နေရာ (Shelter) လေး တစ်ခု ပေးထားသတဲ့ ။ နောက်တော့ မြန်မာအလုပ်သမားကော်မတီဆိုပြီး အဖွဲ့လေးတစ်ခု ဖွဲ့ခဲ့ကြသတဲ့ ။ အဲဒါ ကို ယနေ့ မြန်မာအသင်း(ကိုရီးယား) ရဲ့ ရှေ့ပြေးအသင်းလို့ သဘောယူကြသူတွေလည်းရှိပါတယ် ။
တော်ပါပြီ မြန်မာ
အဲ ၊ နောက်တော့ အသင်းအကြီးအမှူးလုပ်တဲ့သူတွေက အလုပ်ပွဲစားဖြစ်ကုန်ကြသတဲ့ ။ အလုပ်မရှိရင် ဘုရားရှိခိုးကျောင်းလာနေ ၊ အလုပ်သွင်းပြီး ပွဲစားခယူ ။ မြန်မာပြည်က အလုပ်သမားတွေ သွင်းပေါ့ ။ နောက်တော့ အချင်းချင်း ဝေစုမတည့်လို့ အချင်းချင်းပဲ ဆော်ပလော်တီးကြ ။ ဒီလိုနှင့် ပြဿနာပေါင်း သောင်းခုနစ်ထောင်တက်ပြီး ဘုရားရှိခိုးကျောင်းကနေ မြန်မာတွေ အားလုံး မောင်းထုတ်ခံလိုက် ရသတဲ့ ။ မြန်မာအလုပ်သမားကော်မတီကြီးလည်းပျက်ပေါ့ ။ မြန်မာတွေကို အဲဒီ ဘုရားရှိခိုးကျောင်းက ယနေ့တိုင် ရင်နာမဆုံးရှိနေဆဲတဲ့ဗျ ။ ကျနော်တို့ မြန်မာတွေ အဲသလို တန်ခိုးထွားခဲ့ကြတာ ။
ကူညီနေဆဲ ဆောက်ဝမ်ဆာ
အဲ ၊ ကိုရီးယားက မြန်မာတွေအကြောင်းပြောရင် မပါမပြီး ပြောကြရမှာက ၊ ပူချွန်း (Puchon) ဆောက်ဝမ်ဆာ လင်ယောင်ဒန် ဆရာတော်ကြီး တဲ့ခင်ဗျ ။ ဆရာတော်ကြီးဟာ သူ့ရဲ့သီလဂုဏ် ၊ သမာဓိဂုဏ် ပညာဂုဏ်တို့ ထွန်းပြောင်မှုကြောင့် ယခုအခါ ကိုရီးယားနိုင်ငံ ဂျိုဂဲဂိုဏ်းရဲ့ ဒုတိယဥက္ကဋ္ဌကြီးအဖြစ် ရွေးကောက် တင်မြှာက်ခံထား ရသူပါ ။ ၁၉၉၅ခုနှစ်မှာ ဘူချောန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာ (Puchun Foreign Workers’ House) ကို ထူထောင်ခဲ့ပြီး ၊ နိုင်ငံခြားသားအလုပ်သမားတွေကို ဘက်ပေါင်းစုံကနေ တကယ့်ကို အားတက်သရော ကူညီနေတာပါ ။ ယနေ့အချိန်ထိပါပဲ ။
ဆရာတော်ကြီးကိုလည်း မြန်မာတန်ခိုးပြ
၁၉၉၈ ခုနှစ်မှာ မြန်မာတွေစုပြီး မြန်မာပြည်ကနေ မြန်မာ့လက်ရာ ကျောက်ဆင်းတု တစ်ဆူပင့်ပါတယ် ။ ဆရာတော်ကြီးရဲ့ ကျောင်းမှာ စမ္ပါယ်တော်မူနေတဲ့ တိလောကမုနိ ဗုဒ္ဓရုပ်ပွားတော်ပါ ။ အနေကဇာတင်ပွဲ ချိမ့်ချိမ့်သဲ ကျင်းပခဲ့ကြတာပါ ။ အလှူတော်ငွေရရှိရေး ဆောင်ရွက်စဉ် တီးဝိုင်း ၊ အဆိုတော်တွေနှင့် ပုဂ္ဂိုလ်ကျော်အချို့ (အားလုံး ၂၀ ခန့်လို့ဆိုပါတယ်) ကို ဆရာတော်ကြီးကပဲ ၊ ခေါ်စာပေးခဲ့တာပါ ။ ဆရာတော်ကြီးမျက်နှာနှင့် အားလုံး ဘေးမသီရန်မခ ၊ ချောမွေ့စွာ ကိုရီးယားရောက်လာကြတာပါ ။ နောက် မြန်မာတစ်ဦးဦး ဆုံးတဲ့အခါများမှာလည်း အသုဘကိစ္စအားလုံးကို လိုလေသေးမရှိအောင် ကူညီ ၊ မိသားစုတွေကိုလည်း တာဝန်ခံပြီး ခေါ်ပေးခဲ့သူပါ ။ အခုအခါမှာ ဆရာတော်ကြီး ခမျာ ၊ လူခေါ်ဖို့မဆိုထားနှင့် လ အက္ခရာပါတာဆိုရင် (အဟဲ) လားတို့ လိပ် တို့တောင် ခေါ်မရတော့ပါဘူး တဲ့ခင်ဗျာ ။ အကြောင်းကတော့ ဆရာတော်ကြီး တာဝန်ခံပြီး ကိုရီးယားသို့ ခေါ်ပေးခဲ့တဲ့ မြန်မာတစ်ချို့ ထွက်ပြေးသွားကြလို့ ဖြစ်ပါသတဲ့ခင်ဗျာ ။ ဆရာတော်ကြီးနာမည် လူဝင်မှုကြီး ကြပ်ရေးဌာနမှာ နာမည်ပျက်စာရင်း ဝင်နေသတဲ့ ။ ကဲ ၊ ကောင်းရော့ ။ ကိုရီးယားရောက် မြန်မာတွေ တန်ခိုးထွားပုံ ။



တန်ခိုးလေးတွေ လျှော့ကြဦးစို့ ကိုအောင်ရင် (၂) ကို ဆက်လက်တင်ပြပါမည် ။ မျှော် ……….
လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)

ဤစာတန်းကိုနှိပ်ပြီး ၊ ကျန်သည့်စာများဆက်ဖတ်ရန် >>>>