Monday, April 29, 2013
ဝမ်းသာလိုက်တာ ညီလေးရာ
Friday, April 12, 2013
အသိဥာဏ်မြင့်တဲ့ ပြည်သူတွေနေတဲ့ တိုင်းပြည်ပဲ တိုးတက်နိုင်မယ်
ရေးသားသူ — စိုးမိုးသူ
အခုလာမည့် တနင်္ဂနွေမှာ ကိုရီးယားရောက် မြန်မာများက သင်္ကြန်ပွဲကို ကျင်းပကြမှာဖြစ်ပါတယ်။
အမိမြေကို စွန့်ခွာ တိုင်းတပါးမှာ မိမိဘ၀အတွက် ရိုးသားကြိုးစားစွာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့
မြန်မာနိုင်ငံသားတွေအနေနဲ့ အခုလို အချိန်မှာ အမိမြေက သင်္ကြန်ပွဲကို လွမ်းဆွတ်တမ်းတလေ့ရှိကြတာမို့ ကိုရီးယားရောက် အသင်းအဖွဲ့တွေက အိပ်စိုက်၊ အချိန်စိုက်၊ အင်အားစိုက်ပြီး နှစ်စဉ် သင်္ကြန်ပွဲကို ခြိမ့်ခြိမ့် သဲသဲ ကျင်းပပေးလေ့ရှိပါတယ်။
အတွေ့အကြုံအရ နှစ်စဉ် သင်္ကြန်ပွဲ တနေကုန် ကျင်းပပြီးတဲ့နောက် တက်ရောက်လာသော ရွှေပွဲလာ ပရိသတ် အပေါင်းထဲက တချို့သော ပုဂ္ဂိုလ်တွေက ပွဲတော် ကျင်းပတဲ့သူတွေအတွက် ချန်ထားပေးခဲ့ တာကတော့ မြောက်မြားစွာသော အမှိုက်တွေပါပဲ။
ပွဲပြီးတဲ့နောက် ပွဲကျင်းပသူတွေက လက်အိပ်အသီးသီးစွပ် အမှိုက်အိပ်ကိုယ်စီနဲ့ ဆေးလိပ်တို၊ ဘီယာခွံ၊ အရက်ပုလင်းခွံတွေကို မမောနိုင် မပန်းနိုင် ရှင်းလင်းပေးရတာကလည်း နှစ်စဉ် ကိုရီးယားရောက်
မြန်မာသင်္ကြန်ရဲ့ အကျည်းတန်လွန်းတဲ့ အဆုံးသတ် မြင်ကွင်းပါပဲ။
တချို့များ ပွဲကျင်းပသူတွေရဲ့ ကျေးဇူးကို အသိအမှတ်ပြုချင်လွန်းလို့ ထင်ပါရဲ့ နီရဲရဲ ကွမ်းတံတွေးတွေနဲ့ လမ်းပေါ်မှာ အမှတ်တရ ချယ်သ ရေးထိုးပေးခဲ့တာလည်း ရှိပါတယ်။
Tuesday, March 19, 2013
(ကဗျာ) လာချင်ဦးဟဲ့ ကိုရီးယား
ရေးသားသူ — စိုးမိုးသူ
လာချင်ဦးဟဲ့ ကိုရီးယား
Dirty,Difficult ,Dangerous နဲ.
နောက် D တစ်လုံးထပ်၍သုံးသော်
Delay Payment ရှိသည့်အရပ်က
ဟန်းဂု ( 한국 ) ခေါ်ငြား ကိုရီးယား......
အေးသည် ပူသည် ထိုနှစ်လီကို
ပြင်းပြခံစား ဆိုးဝါးရာသီ
တွေ.ကြုံစေသား ကိုရီးယား........
အင်္ဂလိပ်စကား မိုးပျံငြားလည်း
ဂ န ဒ ယ မတတ်ကမူ
ဒုက္ခကြီးမား တွေ.ကြုံခံစား
Yes No မိုလား (모라) ကိုရီးယား........
ပင်လယ်ငါးနှင့် ချဉ်ဖတ်ပေါများ
အဟာရအဖြစ် လွေးရစေသား
ပေါက်ကရတွေစား ကိုရီယား........
ဒီတွင်မကြိုက် ဟိုတွင်မိုက်လည်း
ပြောင်းလိုသည့်အခါ ကြုံကြိုက်လာခိုက်
ထွက်ခွင့်မပေး ညစ်ကျယ်သေးသည်
ခေါင်းစားစရာများ ကိုရီးယား...
မနက် ၇ ည ၈ အားသွန်ကစ်၍
စနေမနား တနင်္ဂနွေမအားလို.
နွားလိုရုန်းထား ကိုရီးယား....
လုပ်ငန်းခွင်တွင် လုပ်နေစဉ်လည်း
ပါးလီ ပါးလီ (빨리 빨리) တွင်တွင်မြည်၍
ယား ရှက်ကီရာ နာယူခံစား
ရိုင်းသူပေါများ ကိုရီးယား.......
မချစ်သော်လည်း အောင့်၍နမ်းမယ်
အိမ်ပြန်ဘို.ရေး စောင့်မျှော်ငေးဆဲ
အော်ဆဲညည်းတွား
ရှီးဗားလားမား ကိုရီးယား.....
မောင်ဂျစ်
16-3-2012 ( စနေနေ. )
4:02 Pm
Sunday, February 3, 2013
အကျိုးရှိရှိ ငိုက်ကြစို့
ရေးသားသူ — စိုးမိုးသူ
ကြာပါပြီ။
အင်တာနက်မှာ တိုင်းပြည်အကျိုးအတွက် လွှတ်တော်ထဲ၊ အစည်းအဝေး ခန်းမတွေထဲမှာ ဆွေးနွေးနေ စဉ် ငြိမ်းချမ်းစွာ အိပ်ငိုက်နေကြတဲ့ လွှတ်တော်အမတ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများရဲ့ ဓာတ်ပုံတွေကို မြင်တွေ့ရလေ့ရှိပါတယ်။
နေ့မအား ညမအား တိုင်းပြည်ပြောင်းလဲရေးအတွက် အိပ်သွန်ဖာမှောက်ကြိုးစားနေကြလို့လား၊ အခြားအကြောင်းကြောင့်လားတော့ မသိ ဦးဆောင်သူတို့ရဲ့ အဲဒီလို အပြုအမူကို မြင်ရတဲ့ ပြည်သူ အပေါင်းကလည်း စာရေးပြီး ကောင်းကောင်းတုံ့ပြန်လေ့ရှိကြပါတယ်။
ငိုက်တတ်တာဟာလူ့သဘာဝပါ။ ဒါပေမယ့် အကျိုးမဲ့ ငိုက်တာထက် အကျိုးရှိရှိ ငိုက်တတ်ဖို့လိုပါတယ်။ မိမိယူထားတဲ့ နေရာနဲ့ ကျေပြွန်ရမည့် တာဝန်ကိုလည်း မလစ်ဟင်းရအောင် အကျိုးရှိရှိ ငိုက်တတ် လေ့ ရှိတဲ့ ကိုရီးယားရဲ့ ဆိုးလ်မြို့တော်ဝန် မစ္စတာ ဘာ့ဂ်ဝန်ဆူးန်ရဲ့ အကြောင်းကို တင်ပြပါ့မယ်။
လူ့အခွင့်အရေးရှေ့နေကနေ ဆိုးလ်မြို့တော်ဝန်ဖြစ်လာသူ မစ္စတာဘာ့ဂ်ဟာ ဆိုးလ်မြို့တော်ဝန်တာဝန်ကို လက်ရှိ ထမ်းဆောင်နေ ဆဲဖြစ်သလို အရင်မြို့တော်ဝန်တွေထက် သာလွန်သူဖြစ်ကြောင်း ကောင်းချီးပေး ခံနေရသူပဲဖြစ်ပါတယ်။ သူဟာ နေ့စဉ် မပြတ်ဆိုသလို မိမိတာဝန်ယူ ထမ်းဆောင်နေသော လုပ်ငန်းများ အကြောင်း(အောင်မြင်မှု၊ အဆင်မပြေမှု စသည်)ကို ဖေ့စ်ဘွတ်၊ twitterမှတဆင့် ပြည်သူ့ထံ အမြဲမပြတ် စာရေး အသိပေးလေ့ရှိသလို ပြည်သူများရဲ့ မေးခွန်းများကိုလည်း ဂရုတစိုက်ဖြေကြားပေးလေ့ရှိပါတယ်။
အဲဒီလို မိမိထမ်းဆောင်နေသော တာဝန်များကို ပြည်သူ့ထံ ပွင့်လင်းစွာ တင်ပြပေးခြင်း၊ ပြည်သူရဲ့ ဝေဖန်မှုကို ဂရုတစိုက် ရယူခြင်းဖြင့် ပြည်သူနဲ့ စက္ကန့်မလပ် အနီးကပ်ဆုံးနေသူ မြို့တော်ဝန်ဘာ့ဂ် ကိုယ်တိုင်လည်း ငိုက်လေ့ရှိတဲ့အကြောင်းကို သူ့ကိုယ်ပိုင် ဖေ့စ်ဘွတ်တွင် ကိုယ်တိုင် ၀န်ခံ ရေးသားခဲ့ဖူးပါတယ်။ မြန်မာပြည်က နိုင်ငံ့ခေါင်းဆောင် ဆိုသူများ ပြည်သူ့အဆဲကင်းပြီး ငိုက်တတ်အောင် မြို့တော်ဝန်ဘာ့်ဂ်ရဲ့ ငိုက်ပုံ ငိုက်နည်းကို မေတ္တာရှေ့ထားပြီး ဘာသာပြန် တင်ပြပေးလိုက်ပါတယ်။
![]() |
| ဒေါ်အောင်ဆန်းစုကြည်နှင့် ဆိုးလ် မြို့တော်ဝန်ဘာ့ခ်ဝန်ဆူးန် |
Saturday, December 15, 2012
Thursday, May 3, 2012
Thursday, March 15, 2012
၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှု ကော်မတီ ( A3YCommittee) ပြင်ဆင်ဖွဲ့စည်း
ဆော်အူးလ်မြို့တော် ၊ မတ်လ ၁၅ ရက်
၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ၏ လုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင်ရွက်လိုကြောင်း ထောက်ခံချက်ပေး ဆန္ဒပြုလာကြသည်ကို မိမိတို့ကော်မတီအနေဖြင့် ဝမ်းသာလှိုက်လှဲစွာကြိုဆိုပါသည် ။
ထိုသို့ ဆန္ဒပြုလာကြသည့် ပုဂ္ဂိုလ်များအား ကော်မတီ ဝင်များအဖြစ် အင်အားဖြည့်စွက် တိုးယူလိုက်ပြီး ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှု ကော်မတီ (Committee for Anti 3 Years Contract: A3YCommittee) ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ကြေညာအပ်ပါသည် -
- အဖွဲ့ဝင်(၁) ။ ကိုဝိုင်း (မိုးညှင်း) (wyne1969@gmail.com)
- အဖွဲ့ဝင်(၂) ။ ကိုအောင်ခိုင် (aungburma88@yahoo.com)
- အဖွဲ့ဝင်(၃) ။ ကိုကံလှ (kokanhla@googlemail.com)
- အဖွဲ့ဝင်(၄) ။ ကိုသန့်စင်အောင် (thantsinnaung@gmail.com)
- အဖွဲ့ဝင်(၅) ။ ကိုကျော်လေး (kyawlay207@gmail.com)
- အဖွဲ့ဝင်(၆) ။ ကိုလူနေ (mg.netsoe@gmail.com)
- အဖွဲ့ဝင်(၇) ။ ကိုမျိုးကျော်ထိုက် (myokhkk@gmail.com)
(စုစုပေါင်း ၇ ဦး)
လေးစားမှုဖြင့် -
၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ (ကိုယ်စား)
အဖွဲ့ဝင်(၁)
ကိုဝိုင်း(မိုးညှင်း)
Tuesday, March 13, 2012
လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့ ညီအစ်ကိုများသို့ အိတ်ဖွင့်ပေးစာ

ဒီလိုပဲ ရောက်လာတဲ့သူ
ကျနော်တို့ ၃-နှစ် ဆန့်ကျင်ရေး လုပ်ကြမယ်ဆိုတော့ ၊ ကိုရီးနိုင်ငံရောက် အီးပီလုပ်သား ညီတစ်ယောက်ဆီက စာလာပါတယ် ။ သူ့နာမည်က လူနေလို့ခေါ်သတဲ့ ။ ကဲဗျာ ၊ သူ့ရဲ့စာကို အရင်ဖတ်ကြည့်ရအောင် -
ဟုတ်ကဲ့ ကိုဝိုင်းခင်ဗျာ့ ကျနော်တတ်နိုင်သလောက် ဖြန့်ဝေပေးပါ့မယ် ဒါပေမယ့် အကို ကျနော် အမြင်ပြောရရင် သုံးနှစ်စာချုပ်မချုပ်ဖို့ထက် လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတယ့် ကျနော်တို့ညီအကိုတွေ အလုပ်လွယ်ကူစွာ ပြောင်းရွေ့နိုင်ဖို့ ပိုလိုအပ်မယ်ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ရွာမှ က အကိုသိတဲ့အတိုင်းဘဲ သုံးနှစ်မကလို့ ဘာဘဲဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ လူတွေက များတယ်လေ ကျနော်တို့ တုန်းကလဲ ဒီလိုဘဲ လာကြတာ ဒီရောက်တော့မှ ကိုယ်ထင်တာနဲ့ လုပ်ရတာတွေက တလွဲတွေ ကြီးဘဲ ဖြစ်ပြီး ကြိတ်မှိတ်လုပ်ကြရတယ် ပြန်လို့ကလဲ မဖြစ်ဆိုတော့ အဲတော့ အကိုရာ လုပ်ငန်းခွင်မှာ တကယ်အန္တယ်ရှိ ဘယ်လိုမှမလုပ်နိုင်ကြတဲ့ ညီအကိုတွေ အတွက် အလုပ်လွယ်ကူစွာ ပြောင်းရွေ့နိုင်ရေးက ပိုပြီး အကျိုးရှိမယ်ထင်တယ် အကို ဒါက ကျနော့်ရဲ့ အမြင်ကို ပြောပြတာပါ ဘာဘဲဖြစ်ဖြစ် အခုကိစ္စကိုလဲကျနော်တတ်နိုင်သလောက်ကူညီ ဆောင်ရွက်ပေးသွားပါ့မယ်
လေးစားစွာဖြင့်
အများကြီးရှိနေပါတယ်
ညီလေးလူနေ ၊ ၃-နှစ်စာချုပ်မချုပ်ရေး လုပ်ရတဲ့ ရည်ရွယ်ချက်ကလည်း ၊ လုပ်ငန်းခွင်မှာ အန္တရာယ်ရောက်နေတဲ့ သူတွေ အလုပ်လွယ်ကူစွာပြောင်းရွှေ့နိုင်ရေးပါပဲ ။ သည်ကိစ္စဟာ လွယ်မလိုလိုနဲ့ တော်တော်ခက်တဲ့အလုပ်ဆိုတာ ညီ သဘောမပေါက်သေးဘူးဖြစ်နေတယ် ။ ဘာကြောင့် ကိုယ်တို့ ၃-နှစ်စာချုပ်မချုပ်ရေး လုပ်ရသလဲ ဆိုတာ ညီသဘောပေါက်စေချင်တယ် ။
ညီလိုလူတွေ ထပ်ရောက်လာ ၊ သည်လိုပဲ ထပ်ဖြစ်ကြဦးမယ် ။ ပြဿနာတွေ သည်ထက်မက များလာနိုင်တယ် ။ အဲသည်ပြဿနာ ပိုက်ဆံယူပြီး ဖြေရှင်းပေးရင် စီးပွါးတောင်ဖြစ်နိုင်တယ်ဆိုတာကိုယ်သိတယ် ။ ရေနစ်သူဝါးကူထိုးသလို ဖြစ်နေမှာစိုးတာရယ် ၊ အဲသလိုနည်းနှင့် ရမယ့်ပိုက်ဆံတွေ မြိုမကျတာရယ်ကြောင့် ကလေးတွေ စားဖို့သောက်ဖို့ နဖူးကချွေးခြေမ ရောက်အောင် အလုပ်တွေ လုပ်ရင်းက ကိုယ့်အချိန်ကို ဖဲ့ယူပြီး ဒီလှုပ်ရှားမှုကို လုပ်နေရခြင်းဖြစ်တယ် ။
အလုပ်ရှင်အလုပ်သမား ညှိနှိုင်းဆောင်ရွက်ကြဖို့
ကိုရီးယား အီးပီစနစ်အစမှာ ဥပဒေအရ ၊ စာချုပ်ကို ၁-နှစ်စီပဲ ချုပ်လို့ရတယ် ။ နောက်ပိုင်း လုပ်ငန်းလိုအပ်ချက်အရ အစိုးရက ၃-နှစ်အထိ ချုပ်ခွင့်ပြုလိုက်တယ် ။ အလုပ်ရှင် အလုပ်သမား ၂-ဦး၂-ဖက်ညီနှိုင်းပြီး စာချုပ် ချုပ်သွားကြဖို့ပါ ။ ဒါပေမယ့် ပြဿနာက ညီပြောသလိုပဲ ၊ ဟိုက လူတွေ (အီးပီလုပ်သားလောင်းတွေ) က ဒီကိုရီးယားရောက်လာဖို့အရေးပဲ စိတ်စောနေကြတော့ ၊ ကိုရီးယားရောက်ရင် နတ်ပြည်ရောက်မလိုပဲ အထင်ရောက်နေကြတော့ ၊ ဒီရောက်လာတော့ ပြဿနာတွေက ရှင်းလို့မပြီးနိုင် ဖြစ်နေတော့တာပဲ ။
သည်ပြဿနာအတွက် လုပ်လို့ရတဲ့ နည်း၃ခုရှိတယ်လို့ ကိုယ်တို့မြင်တယ် ။ အဲတာတွေက -
- ဥပဒေကို ၁-နှစ်စာချုပ်ပဲ ချုပ်ခွင့်ပြုဖို့ ဥပဒေ ပြန်ပြင်ရေး
- (ဥပဒေကို မပြင်ဘဲ) ကိုရီးယားလုပ်ငန်းရှင်များကို ၁-နှစ်စီသာချုပ်ဖို့ တိုက်တွန်းရေး နှင့်
- လုပ်သားလောင်းများကို ၃-နှစ်စာချုပ်မချုပ်ရေး တိုက်တွန်းခြင်းပေါ့ ။
ဥပဒေပြင်ဖို့ ပြောလို့မဖြစ်ဘူး
နံပတ်၁ အနေနှင့် အီးပီ ဥပဒေကို ၁-နှစ်စာချုပ်ပဲ ပြန်လုပ်ဖို့ (ဥပဒေပြင်ဖို့) ပါ ။ ဒါပေမယ့် ဥပဒေတစ်ခုပြင်ဖို့ဆိုတာ လွတ်တော်မှာ ကိုယ့်လူတွေ (အလုပ်သမားအရေးစိတ်ဝင်စားတဲ့ အမတ်တွေ) များများရှိဖို့လိုတယ် ။ ဒါပေမယ့် အလုပ်သမားတွေက အလုပ်သမားအရေးစိတ်ဝင်စားတဲ့ လွတ်တော်အမတ်တွေ လွတ်တော်ထဲရောက်ဖို့အရေး ဟာ ကိုယ့်အရေးဖြစ်တယ်လို့ မသိကြဘူး ၊ မတွေးကြဘူးဖြစ်နေတယ် ။ အဲသည်အကြောင်းပြောရရင် တော်တော်ခက်တယ် ။ အများကြီးခက်တယ် ။ အလုပ်သမားအရေး ဆောင်ရွက်တဲ့သူကို အလုပ်သမားတွေက အထင်မကြီးဘူးဖြစ်နေတယ် ။ ကိုရီးယားလွတ်တော်ထဲမှာ မိုင်းခွဲပြီးပြောပြတာတောင် ၊ ကိုရီးယားအလုပ်သမားတွေက ဘာကြောင့်မိုင်းခွဲတာလဲ ဆိုတာ မသိဘူးဖြစ်နေတယ် ။ စတန့်ထွင်တယ်ပဲထင်နေကြတယ် ။ အလုပ်သမားအရေးလုပ်နေပါလားဆိုတာ မသိဘူးဖြစ်နေတယ် ။ အင်အားကြီး မီဒီယာများမှာ တခမ်းတနားဖော်ပြတဲ့ ကိစ္စတွေပဲ စိတ်ဝင်စားပြီး ၊ မီဒီယာများမှာ မကြာမကြာ ဖော်ပြခံရတဲ့ ကိစ္စတွေပဲ အမှန်လို့ထင်နေကြတာကများတယ် ။ အမှန်ကို သိဖို့ ပညာလိုတယ် ။ ဆင်းရဲလို့ ပညာမရှာနိုင် ၊ ပညာမရှာနိုင်တော့ ဆင်းရဲ ။ သံသယာလည်နေကြတယ်လို့ထင်တယ် ။
သူဌေးများရဲ့နှလုံးသားထဲ စာနာမှုတွေ ထည့်ဖို့
နောက်တစ်ခု ၊ နံပါတ် ၂ ။ ကိုးရီးယားသူဌေးများကို ၃-နှစ်စာချုပ်မလုပ်ဖို့ပြောကြဖို့ ။ သည်ကိစ္စပြောဖို့ကျပြန်တော့ ၊ ခရီးမရောက်ဖြစ်နေပြန်တယ် ။ မေတ္တာနှင့် လူသားချင်းကိုယ်ချင်းစာနာမှုစိတ်ကလေး ကိုရီးယားသူဌေးများရဲ့ နှလုံးသားတွေထဲ ထည့်ပေးဖို့ ဆိုပါတော့ ။ အလုပ်သမားအရေး စိတ်ဝင်စားတဲ့သူတွေက သည်ကိစ္စ စဉ်ဆက်မပြတ် ပြောနေကြတာပါပဲ ။ မဖြစ်ဘူး ။ ဒီကိစ္စ အင်အားကြီး မီဒီယာတွေပေါ်မရောက်ဘူး ။ အင်အားကြီး မီဒီယာတွေကို အင်အားကြီးတဲ့သူ(ပိုက်ဆန်များများရှိတဲ့သူ)တွေက ပိုင်ထားတယ်လေ ။
အလုပ်သမားလောင်းတွေကို တိုက်တွန်းဖို့
သည်တော့ ကိုယ်တို့ လုပ်စရာ က မြန်မာ အလုပ်သမား(လောင်း) တွေ ၃-နှစ်စာချုပ် လက်မှတ်မထိုးဖို့ ပြောဖို့ပဲ ကျန်တော့တယ် ။ ကိုယ်တို့အလုပ်သမားတွေပိုင်တဲ့ ဟန်းဂုရွာ ဘလော့မီဒီယာကြီးကနေပဲ ကြားနိုင်သလောက်ကြား ကြပါစေဆိုပြီး ပြောလိုက်ရတာပါပဲ ။ ဒါကြောင့် သည်လှုပ်ရှားမှု့ကို လုပ်ရခြင်းဖြစ်တယ် ။ ဒါကို သဘောပေါက်စေချင်လို့ ဒီစာကို အပင်ပမ်းခံပြီး ထပ်ရေးလိုက်ရခြင်းပါ ။
၃-နှစ်စာချုပ်ချုပ်တဲ့ အလုပ်ရုံဆို အခြေအနေမကောင်းဘူးဟေ့
လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့ ညီအစ်ကိုတွေ မြန်မာပြည်မှာ ကျန်ရစ်နေတဲ့ သူတွေဆီကို သဘောပေါက်အောင် ပြောပေးကြစေချင်တယ် ။ ၃-နှစ်စာချုပ်မိထားတဲ့ သူတွေ သည်ရောက်လာမှ အလုပ်အလွယ်တကူ ပြောင်းလို့မရဘူး ၊ ဒီမှာ အခြေအနေမကောင်းဘူးဟေ့ ဆိုပြီး (တစ်ယောက်စီ) ပြောပြတော့ ၊ မြန်မာပြည်က လူတွေက ဟာ မင်းတို့က ရောက်သွားပြီဆိုတော့ သည်စကားပြောတော့မှာပေါ့လို့ ဆိုကြတယ်မဟုတ်လား ၊ နောက်သူတို့စိတ်ထဲမှာ ဒီကောင် ငါတို့ ကိုရီးယားရောက်လာမှာ မနာလိုလို့ သည်စကေားပြောတာပါကွာဆိုပြီး အထင်လွဲခံရမယ် ။ ဒါကြောင့် သည်လှုပ်ရှားမှုကို လူသိရှင်ကြားလုပ်ရတာပဲ ။ ကန့်ကွက်ချင်တဲ့သူရှိရင် ၊ ကိုဝိုင်းတို့ပြောတာမမှန်ဘူး ဟေ့ ဆိုပြီး တန်ပြန်လှုပ်ရှားမှု လုပ်လို့ရပါတယ် ။ ၃-နှစ်စာချုပ်သာ လက်မှတ်ထိုးရေးပေါ့ ။
ကဲ ၊ ကိုလူနေနှင့်တကွ လုပ်ငန်းခွင်မှာ အမှန်တကယ် ဒုက္ခရောက်နေတဲ့ သူများ ၊ သည်လှုပ်ရှားမှုအကြောင်း မြန်မာပြည်က အီးပီလုပ်သားလောင်းလျာများကို ထပ်ဆင့်ပြောပြပေးကြပါ ။ ညီလေးတို့ တာဝန်ကျေအောင်လို့ ။
ဒါပါပဲ ။
အလုပ်ပြောင်းရွှေ့ရေး အဆင်ပြေပါစေလို့ ။
လေးစားမှုဖြင့် -
၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ
အဖွဲ့ဝင်(၁)
ကိုဝိုင်း (မိုညှင်း)
၂၀၁၂ခုနှစ် မတ်လ ၁၂ ရက်
Thursday, March 8, 2012
မြန်မာနိုင်ငံ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (The State Overseas Employment Agency) ထံသို့ အိတ်ဖွင့်ပေးစာ
မှ /တစ်ဆင့်-
ဒေါ်အေးမွန်စိုး
(အလုပ်သမားရေးရာ သံအရာရှိ)
မြန်မာသံရုံး
ဆိုးလ်မြို့
အကြောင်းအရာ ။ ၃-နှစ်စာချုပ်ကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာများ လျော့နည်း ပပျောက်ရေး
၁။ ကမ္ဘာ့စီးပွါးရေးဈေးကွက်တောင်းဆိုချက်အရ ၊ ကမ္ဘာ့အလုပ်သမားဈေးကွက် အရွှေ့အပြောင်းဖြစ်ပေါ်လာရာ ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ အရှေ့အာရှဒေသ တောင်ကိုရီးယားအလုပ်သမားဈေးကွက်ဖွံ့ဖြိုးလာခဲ့ပါသည် ။ ကိုရီးယားနိုင်ငံတွင် လိုအပ်နေသည့် အလုပ်သမားများရရှိရန်အလို့ငှာ တောင်ကိုရီးယားအစိုးရသည် ၂၀၀၃ ခုနှစ်မှအစပြု၍ နိုင်ငံခြားသား အလုပ်သမား ငှားရမ်းခွင့်ပြုသည့်စနစ် (အီးပီစနစ်) ကို တီထွင်ပြဋ္ဌာန်းခဲ့ပြီး မြန်မာအပါအဝင် အာရှ(၁၅)နိုင်ငံမှ နိုင်ငံခြားသား အလုပ်သမားများကို ငှားရမ်းစေခိုင်းခွင့်ပြုခဲ့ပါသည် ။
၂။ ထိုသို့ စေခိုင်းခွင့်ပြုခဲ့သော်လည်း တောင်ကိုရီးယားနိုင်ငံ၏ အများစုဖြစ်သော အလုပ်ခွင်အခြေအနေများမှာ ဆိုးရွားသော အလုပ်ခွင်များဖြစ်ခြင်း ၊ ခေါင်းပုံဖြတ်အမြတ်ကြီးစားသည့်ရာခိုင်နှုန်းများခြင်း ၊ အလုပ်သမားအခွင့်အရေး မရရှိခြင်း စသည်တို့ကြောင့် ၊ မူလအလုပ်ရုံများမှ ထွက်ပြေးပြီး အခြေအနေကောင်းမွန်သာလွန်သော လုပ်ငန်းခွင်များသို့ တရားမဝင် ပြောင်းရွေ့လုပ်ကိုင်လျက်ရှိကြရာ ၊ တရားမဝင်နေထိုင်သူများ တစ်စတစ်စ တိုးပွါးလာခြင်းနှင့် ပြည်ပအလုပ်သမားများ အလုပ်ခွင်မတည်မြဲသော ပြဿနာများ နှင့် ဆက်စပ်ပြဿနားကို ရင်ဆိုင်မြဲရင်ဆိုင်လာခဲ့ကြရပါသည် ။
၃။ ကိုရီးယားအစိုးရသည် အဆိုပါ ပြဿနာများဖြေရှင်းနိုင်ရေး နှင့် အလုပ်ခွင်တည်မြဲသော အလုပ်သမားများ ရရှိစေရေးအတွက် အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရပါသည် -
- အီးပီဥပဒေတွင် မူလက ၁နှစ်စီ စုစုပေါင်း ၃ နှစ်ထိသာ ခွင့်ပြုခဲ့သော်လည်း ၊ အလုပ်ရှင်က နှစ်သက်သော အလုပ်သမားများအား နောက်တိုးငှားရမ်းခွင့်အစီအစဉ်(Re-employment Program)ကို ခွင့်ပြုခဲ့ခြင်း ၊
- ၄-နှစ် အထက် အလုပ်ကြိုးစားလုပ်ကိုင်ခဲ့သော ထူးခွန်အီးပီလုပ်သမားများအား သာမန်အလုပ်သမားဗီဇာ (အီး-၉ ဗီဇာ) မှ အထူး ကွမ်းကျင်လုပ်သားဗီဇာ (အီး-၇ ဗီဇာ) သို့ ဖြေဆိုခွင့်ပြုခဲ့ခြင်း ၊
- အီးပီသက်တမ်းကြီး တစ်ကြိမ်(၄-နှစ်၁၀-လ) လုပ်ခဲ့ပြီး အလုပ်သမားများအား ၊ မူလအလုပ်ရှင်က ပြန်ခေါ်လိုလျင် အထူးစာမေးပွဲဖြေဆိုပြီး ပြန်လာခွင့်ပြုခြင်း နှင့်
- အီးပီလုပ်သားများ အလုပ်ခွင်ပြောင်းရွှေ့နှင့် စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များကို အလုပ်သမားနှင့် လုပ်ငန်းဆိုင်ရာ ဝန်ကြီးသို့ ကျယ်ကျယ်ပြန့်ပြန့် အပ်နှင်းလိုက်ခြင်း စသည် ။
- ထို့ပြင် လာမည့် ဇူလိုင်လ ၂ ရက်နေ့မှအစပြု၍ အလုပ်ရုံ ပြောင်းရွှေ့ခြင်းမပြုဘဲ မူလ အလုပ်ရုံ တစ်ရုံတည်းတွင် ၄ နှစ် ၁၀ လ ဆက်တိုက်အလုပ်လုပ်ခဲ့သည့် အလုပ်သမားများ မည်သည့်စာမေးပွဲမှ ဖြေဆိုရန်မလိုဘဲ အလုပ်ရှင်၏ တာဝန်ခံမှုဖြင့် နောက်ထပ် တစ်ကြိမ် ၄-နှစ် ၁၀လ ထပ်မံ အလုပ်လုပ်ခွင့်ပြုမည့် အစီအစဉ်များကိုလည်း စီမံထားရှိပြီး ဖြစ်ပါသည် ။
၎။ သို့ရာတွင် ၊ ကိုရီးယား အလုပ်ရှင်အတော်များများမှာ အလုပ်မြဲသော အလုပ်သမားများရရှိရေးအတွက် ၊ အလုပ်ရှင်နှင့် အလုပ်သမားနှင့် စီးပွါးဖက်လိုသဘောထားကာ ၊ တစ်ဖက်စောင်းနှင်း မဖြစ်စေရေးအတွက် မိမိတို့ဘက်မှ လိုက်လျောပေးသင့်သည် တို့ကို လူသားခြင်း စာနာစိတ်ဖြင့် လိုက်လျောပေးလိုခြင်း အလျဉ်းမရှိဘဲ ၊ မိမိအလုပ်ရုံတွင် ရေရှည်ခိုင်းစားနိုင်ရေးအတွက် ၃-နှစ်စာချုပ် ချုပ်ဆိုရေးကိုသာ လုံ့လပြုလျက်ရှိသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါသည် ။ လုပ်သားလောင်းများ၏ မသိနားမလည်မှု နှင့် အားနည်းချက်ကို အခွင့်ကောင်းယူပြီး မတရား အမြတ်ထုတ်နေခြင်းပင် ဖြစ်ပါသည် ။
၅။ အီးပီ လုပ်သားလောင်း အများစုမှာလည်း ၃-နှစ်စာချုပ် ချုပ်ဆိုမှသာ ကိုရီးယားနိုင်ငံတွင် ၃-နှစ် နေထိုင်ခွင့် ရလိမ့်မည်ဟု ထင်မှတ်မှားနေကြပါသည် ။ တနည်းအားဖြင့် ကိုရီးယားအီးပီစနစ်တွင် အလုပ်စာချုပ်ကို ၁-နှစ်ပြီး ၁-နှစ် သက်တမ်းတိုး ချုပ်ဆိုနိုင်သည် ဆိုသည့်အချက်ကို မသိရှိကြပါ။ ထို့ပြင် မြန်မာ ပြည်တွင်း၌လည်း အလုပ်အကိုင် အခွင့်အလန်းမဲ့သလို ဖြစ်နေသဖြင့် ကိုရီးယားသို့ ရောက်ရှိရေးကိုသာ စိတ်အားသန်လျက်ရှိနေကြရာ မိမိအား ကမ်းလှမ်းလာသည့် အလုပ်သည် မည်သည့်အလုပ်ဖြစ်သည် ၊ ၄င်းအလုပ်တွင် မိမိလုပ်နိုင်ခြင်းရှိမရှိ စသည်တို့ကို စစ်ကြောခြင်းအလျဉ်း မပြုလိုကြတော့ဘဲ ကိုရီးယားလုပ်ငန်းရှင်က ကမ်းလှမ်း လာသည့် အတိုင်း ၃-နှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း လေ့လာသိရှိရပါသည် ။
၆။ ထိုသို့သောနည်းအားဖြင့် ၃-နှစ်စာချုပ်ချုပ်ဆိုပြီး ကိုရီးယားသို့ရောက်ရှိလာကြသည့် အီးပီလုပ်သားများ၏ အခြေအနေမှာ ရှေ့တိုးထမ်းပိုး နောက်ဆုတ်လှည်းတုတ် ဘေးထွက်တော့ သစ်ငုတ် ဆိုသလို ၊ ရှေ့ဆက်လုပ်ဖို့လည်း ဒီ-၄လုံး(Dangerous, Dirty, Difficult, Delay Payment) ကြောင့် အခက် ၊ နောက်ပြန်ဖို့ရာမှာလည်း ကိုရီးယားလာရဖို့ ရင်းထားရသည့် အချိန်အား ငွေအားကလည်း မနည်း ၊ အခြားအလုပ်ရုံသို့ ပြောင်းရွှေ့ဖို့ရာမှာလည်း ပြောင်းခွင့်မရ ဖြစ်နေပါတော့သည် ။
၇။ ဤသို့အားဖြင့် နောက်ဆက်တွဲ ဖြစ်စဉ်များအဖြစ် စဉ်ဆက်မပြတ် တွေ့မြင်ကြရသည်မှာ အဆိုးရွားဆုံးအခြေအနေစာရင်းဝင် လုပ်ငန်းခွင်များမှ သက်သာမှုရရာရကြောင်း အခြားသော အလုပ်ခွင်သို့ အလုပ်ပြောင်းရွေ့ခွင့်ရရှိရေး ကြိုးပမ်းကြရာမှ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လျက်ရှိနေခြင်းပင် ဖြစ်ပါတော့သည် ။
၈။ သာဓကများအနေဖြင့် မိမိကိုယ်ကို အနာတရ ဖြစ်အောင် ဖန်တီးကြရာမှ ထိခိုက်မှုဖြစ်စဉ်များ တစ်စတစ်စ များပြားလျက်ရှိ လာခြင်း ၊ အလုပ်ရုံမှ ထုတ်ပယ်ခံရရေးအတွက် အလုပ်ရှင်နှင့် လူမှုရေး အဆင်မပြေမှုများ ဖြစ်အောင် ပြဿနာ အသေးအဖွဲလေး ဖန်တီးရာမှ ရာဇဝတ်မှုများအထိ ကြီးထွားသွားခြင်း ၊ အလုပ်ခွင်မှ ထွက်ပြေးပြီး တရားမဝင် နေထိုင်သူ အလုပ်သမားများ အဖြစ် ရောက်ရှိသွားကြရာမှ ကိုရီးယားနိုင်ငံတွင်း ရက်ကျော်နေထိုင်သည့် နိုင်ငံခြားသား အရေအတွက်မှာ လျော့နည်းခြင်း မရှိဖြစ်နေခြင်း ၊ အလုပ်ရှင်အလုပ်သမား အမြင်မကြည်လင်မှုများ ဖြစ်ကြရာမှ တစ်ဖက်နှင့်တစ်ဖက် အကောင်း မမြင်နိုင်ကြ တော့ဘဲ ၂-နိုင်ငံပုံရိပ်ကို ထိခိုက်မှုရှိလာစေခြင်း စသည့် အနှုတ်လက္ခဏာ သဘောဆောင်သည့် ဖြစ်စဉ်များကို တွေ့မြင်နေကြရခြင်းဖြစ်ပါသည် ။
၉။ သို့ပါ၍ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမား အများစု၏ အဓိက အခက်အခဲ တစ်ခုလိုဖြစ်နေသည့် ၃-နှစ်စာချုပ်၏ နောက်ဆက်တွဲပြဿနာများ လျော့နည်း ပပျောက်စေရေး(၃-နှစ်စာချုပ် စနစ်ပပျောက်ရေး) အတွက် လိုအပ်သလို ညှိနှိုင်း လမ်းညွှန် ဆောင်ရွက်ပေးပါရန် လေးနက်စွာ တောင်းဆို တင်ပြအပ်ပါသည် ။
လေးစားမှုဖြင့် -
၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ
အဖွဲ့ဝင်(၁) ၊ ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် မတ်လ ၈ ရက်
ဖြန့်ဝေခြင်း-
- ကော်မတီဝင်များအားလုံး
- ပြည်တွင်း/ပြည်ပ မီဒီယာများ ။ ( မြန်မာအီးပီလုပ်သားများကို ဒုက္ခတွင်းတွန်းပို့နေသည့် ၃-နှစ်စာချုပ်ပပျောက်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံချက်ဖြင့် )
မှတ်ချက် ။
မိမိတို့ မိတ်ဆွေများထံ အီးမေးလ်ဖြင့် လက်ဆင့်ကမ်းလိုကြသည့် မိတ်ဆွေများ ပီဒီအက်ဖ် ဖိုင်ကို ဤနေရာတွင် (CLICK) ပြီး ရယူနိုင်ပါကြောင်း ။
Wednesday, March 7, 2012
ကိုရီးယား အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်များ အားလုံးသို့ ………..
အီးပီလုပ်သားလောင်း မြန်မာနိုင်ငံသား ညီငယ်အပေါင်းတို့~
ညီလေးတို့ဟာ မကြာခင်ကာလမှာ ကိုရီးယားလာပြီး အလုပ်လုပ်ကြဖို့ ၊ စိတ်ကူးယဉ် အိပ်မက် မျှော်လင့်ချက် များစွာဖြင့်၊ အနာဂါတ်အတွက် အသင့်ပြင်ဆင်နေကြသူတွေဖြစ်ပါတယ် ။ ညီလေးတို့ ကိုးရီးယားရောက်လာရင် ၊ အစစအရာရာ အဆင်ပြေစေရေးနှင့် အခက်အခဲ အနည်းဆုံး ဖြစ်စေဖို့ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ (ကိုယ်စား)အကြံပေးချင်တာလေး တစ်ခုရှိလို့ သည်စာကို ရေးလိုက်ရခြင်း ဖြစ်ပါတယ် ။
အလုပ်ရုံပြောင်းလို့မရတဲ့ ပြဿနာ
ကိုရီးယားနိုင်ငံရောက် နောင်တော် အီးပီ အလုပ်သမားတွေ အများဆုံး တွေ့ကြုံ ခံစားကြရတဲ့ အဓိက အခက်အခဲကတော့ အလုပ်ရုံ ပြောင်းရွှေ့ခွင့်မရကြတဲ့ အခက်အခဲပဲဖြစ်ပါတယ် ။
ဘာကြောင့်ပြောင်းချင်ကြသလဲမေးရင် ၊ ပြောင်းသင့်လို့ ပြောင်းချင်ကြတာပါ ။
ဘာကြောင့် ပြောင်းလို့မရသလဲမေးရင် ၊ စာချုပ်မိနေကြလို့ ပြောင်းမရကြတာပဲဖြစ်ပါတယ် ။
အလုပ်စာချုပ် (Standard Labor Contract) ဟာ ဥပဒေနှင့် အညီဖြစ်နေပြီး ၊ လုပ်ငန်းရှင်ဖက်ကလည်း ဥပဒေနှင့် အညီခိုင်းနေရင် ၊ ပြောင်းရွှေ့ခွင့်ပြုထားတဲ့ ခြွင်းချက်ထဲ အကျုံးမဝင်သေးသ၍ ပြောင်းရွှေ့ခွင့် မရှိပါဘူး။ ဒီတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စာချုပ်ကာလကုန်ဆုံးအောင် ကြိတ်မှိတ်ပြီး လုပ်ကြရမှာဖြစ်တယ် ။
စက်ရုံကောင်းဆိုလျင် ၃-နှစ် အချဉ်မဖမ်းပါ
တကယ်တော့ စက်ရုံကောင်း အလုပ်ရုံကောင်းတွေဆိုလျင် စာချုပ် ၃ နှစ် ချုပ်ဖို့မပြောကြပါဘူး ။ ၁ နှစ်စီသာချုပ်ပါတယ် ။ သည် ကိုရီးယား ရောက်လာတော့ ၁ နှစ်ပြီး ၁-နှစ် ထပ်တိုးကြတာပါပဲ ။ ၃ နှစ်စာချုပ်ချုပ်ဖို့ ပြောတဲ့ စက်ရုံ အလုပ်ရုံတွေဟာ ၊ အလုပ်ရုံ အခြေအနေက အဆိုးရွားဆုံး အနေအထားမှာရှိနေတော့ ၊ သည်ရောက်လာလျင် ပြောင်းကြမယ်ဆိုတာ သူတို့ကြိုသိနေကြပါတယ် ။ သည်တော့ သည်ရောက်လာလျင် ပြောင်းလို့ မရအောင်ဆိုပြီး ၊ မြန်မာပြည်မှာကတည်းက ကြိုပြီး ၃ နှစ်ချုပ်လိုက်တဲ့သဘောပါ ။
ဒီ-၄လုံး ကိုရီးယား
ကိုရီးယားလုပ်ငန်းရှင်တွေက နိုင်ငံခြားသား အလုပ်သမားတွေ ခေါ်ခိုင်းရတာဟာ ၊ သူတို့ရဲ့ စက်ရုံ အလုပ်ရုံမှာ ဒေသခံ ကိုရီးယားတွေ မလုပ်ချင်လို့ ၊ လုပ်မယ့် ကိုရီးယားတွေ မရှိလို့ပါ ။
ဘာကြောင့် ကိုရီးယားတွေ မလုပ်ချင်ကြတာလဲ ဆိုရင် ၊ ဒီ-၄ လုံးကြောင့်ပါ ။ အခြားနိုင်ငံတွေမှာတော့ ဒီ-၃လုံးတဲ့ ။ ကိုရီးယားက ဒီ ၁-လုံးပိုပါတယ် ။ ဒီ-၄လုံးက ဘာတွေလဲ ဆိုရင် -
- အန္တရာယ်များလို့ (Dangerous)
- ညစ်ပတ်လို့(Dirty)
- အရမ်းပင်ပမ်း အရမ်းခက်ခဲလို့ (Difficult)
- လစာမရတစ်ခက်ရတစ်ချက်(Delay Payment)
အန္တရာယ်များ (Dangerous)
အချို့ညီငယ်များ ရောက်လာတာ တစ်ပတ်မပြည့်သေးဘူး ၊ ရက်ပိုင်းပဲရှိသေးတယ် ၊ ကိုယ့်မျက်စိရှေ့မှာတင် အခြားအလုပ်သမားတစ်ယောက် ထိခိုက်ဒဏ်ရာရတာတွေ့ရတယ်။ အချို့ သေသွားတာမျိုးတောင်ရှိတယ် ။ ကိုယ့်အလှည့်ဘယ်တော့များရောက်လာမလဲဆိုပြီး ၊ အသည်းတထိတ်ထိတ်နှင့် လုပ်နေကြရတာမျိုး ၊ အလုပ်လုပ်ရတာ စိတ်မဖြောင့်တော့ဘူး ၊ စိတ်ပိုင်းလုံခြုံမှုမရတော့ဘူး ။ ပြောင်းလို့ရရင်ရ မရရင် ပြေးမယ်ဆိုတာမျိုးတွေ ။
ညစ်ပတ် (Dirty)
အချို့ ဓါတုဗေဒပစ္စည်းစက်ရုံ ၊ အချို့ အမှုန်တွေ ရှူရတဲ့ စက်ရုံ ၊ အချို့အနံ့အသက် လုံးဝမကောင်းဘူး ။ အချို့တစ်နေကုန် အလုံပိတ်ခမ်းထဲမှာ ။ ခဏခဏနှာခေါင်းသွေးထွက် ၊ အသက်ရှူကြပ်လာတာတွေ ၊ ဆရာဝန်သွားပြတော့လည်း ၊ ထူးမခြားနား ။
အရမ်းပင်ပမ်း အရမ်းခက်ခဲ (Difficult)
အချို့ နားရက်မရှိဘူး ၊ တစ်နေကုန် ထမ်းချီသယ်မနေကြရတယ် ။ ခါးနာတယ် ၊ အူကျတယ် ၊ ဆေးရုံတက် ၊ ခဏနား ၊ ပြန်လုပ် ၊ ထပ်နာ ၊ သံသရာလည်နေကြတယ် ။ ပြောင်းဖို့မပြောနှင့် ၊ နေမကောင်းရင်ခဏနားတဲ့ ၊ ဘယ်လောက်ကြာ ကြာနားနေလို့ဖြစ်မလဲ ၊ အလုပ်မလုပ်တဲ့ ရက်တွေ လစာဖြတ်ဦးမယ် ။ အချို့ တစ်နေကုန် အမြင့်ကြီးမှာ တက်လုပ်နေရ တာတွေ ။
လစာမရတစ်ခက်ရတစ်ချက်(Delay Payment)
အချို့ လစာ မရတစ်ချက် ရတစ်ချက် ၊ ၂လဆက်တိုက် လစာမရရင် အလုပ်ပြောင်းခွင့်ရှိတယ်ဆိုပေမယ့် ၊ လစာကို အလီလီခွဲပြီးပေးတယ် ။ ၂ လ ဆက်တိုက်လစာမပေးတာမျိုး မဖြစ်ရအောင် ၊ ဟိုလစာ နည်းနည်းချန် ဟိုးအရင်လစာ နည်းနည်းချန် ၊ ရောက်လာတာ ၄-၅လရှိပြီဆိုပေမယ့် ၊ စုစုပေါင်းရတဲ့ လစာ ၂ လစာမပြည့်တတ်သေးဘူး ။ အလုပ်မရှိတစ်ခါ ရှိတစ်ခါ ။ ဆက်လုပ်ရမှာလား ၊ ပြောင်းရမှာလား ။
ဘယ်သူတွေ ရေရှည်လုပ်မလဲ
သည်လို ၊ သည်လိုအနေအထားမို့ ကိုရီးယားတွေက ၊ မလုပ်ချင် ။ နိုင်ငံခြားသားတွေကရော ၊ ကျနော်တို့ နိုင်ငံခြားသားတွေလည်း အသည်းနှလုံးနှင့် လူတွေပါပဲ ။ ကိုရီးယားတွေ မလုပ်ချင်တဲ့အလုပ် ၊ မြန်မာတွေ မလုပ်ချင်တာ ၊ တစ်ခြားနိုင်ငံခြားသားတွေလည်း မလုပ်ချင်တာဟာ ၊ သဘာဝကျပါတယ် ။ လူ့သဘာဝလို့ဆိုရမှာပါပဲ ။
သည်တော့ ၊ ပြောင်းလို့ ရရင်ရ ၊ မရရင်ပြေးကြတာပေါ့ ။ (ပိုက်ဆံမရှိလို့ ၊ ဆင်းရဲလို့ဆိုပြီး ၊ အသက်အသေခံ ၊ လက်ပြတ်ခံပြီး ၊ စိတ်ဆင်းရဲခံပြီး ၊ လောကငရဲ အလုပ်ရုံမှာ ရေရှည် လုပ်နေလို့မှ မဖြစ်ဘဲ ၊ လူမသေ ငွေမရှား စကားပုံလည်း အရှိသား မဟုတ်လား)
အလုပ်သမားမမြဲတဲ့ စက်ရုံ ၊ မြဲသော အလုပ်သမားရှိစေရေး
သည်တော့ လုပ်ငန်းရှင်ဖက်က (အစိုးရဖက်က) အလုပ်ရုံ အလွယ်တကူ ပြောင်းလို့မရအောင် ၊ အလုပ်စာချုပ်ကို မူလဥပဒေမှာ ၁ နှစ်ထိသာပါခဲ့ပေမယ့် ၊ လိုအပ်ချက် အရ ကိုရီးယားအစိုးရက အလုပ်စာချုပ်ကို ၃ နှစ်အထိ ချုပ်ခွင့်ပေးဖို့ ဥပဒေကို ပြင်ဆင်ပေးလိုက်ပါတယ် ။
ကိုရီးယား လုပ်ငန်းရှင်ဖက်က ၃ နှစ်စာချုပ်ချုပ်ဖို့ အလုပ်သမားဆီ ကမ်းလှမ်းတော့ ၊ အလုပ်သမားဖက်က ဟာ ငါတို့ ၃ နှစ်ကြီးများတောင် လုပ်ခွင့်ရမှာပဲ ဆိုပြီး ဝမ်းသာအားရ လက်မှတ်ထိုးခဲ့ကြတာပါ ။ သည်ကိုရီးယားရောက်လာတော့မှပဲ ၊ ထင်တာထင် မဝင်ဘူးကျောင်းအစ်မရေ ဆိုတာမျိုး ၊ ထင်တိုင်းမပေါက်တော့ ၊ ပြောင်းမရ ရွှေ့မရ ၊ အလုပ်ပြောင်းခွင့်ရဖို့ကြိုးစားရင်း ပြဿနာတွေ တစ်ခုပြီး တစ်ခု တက်ကြတော့တာပါပဲ ။ အရိုက်ခံရတာလည်း ပါရဲ့ ၊ ပြဿနာရှာရတာလည်းပါရဲ့ ၊ ရဲစခန်းရောက်တာလည်းပါရဲ့ ၊ အိမ်ပြန်ပါတော့မည်ဆိုပြီး ၊ လေဆိပ်အပို့ခံရတာလည်းပါရဲ့ ။ ပြောမဆုံးပေါင် တောသုံးတောင်ဆိုသလိုမျိုး ။
အခြေအနေအဆိုးရွားဆုံး နေရာ မြန်မာများ ကာလရှည်စွာ မရှိစေရေး
သည်တော့ ကိုရီးယားနိုင်ငံ အခြေအနေ အဆုံးရွားဆုံးလုပ်ငန်းခွင်များမှာ ၊ မြန်မာ အလုပ်သမားများ ကာလ ကြာရှည်စွာ မရှိစေရေး တစ်ခုခု လုပ်ကြမှ ဖြစ်မယ် လို့ စိတ်ကူးရလာပါတယ် ။ မသိလို့သော်လည်းကောင်း ၊ ကံဆိုးပြီး သော်လည်းကောင်း မှားယွင်း လက်မှတ်ထိုးမိခဲ့ရင်တောင် ၊ ၁နှစ်ပဲ လုပ်ခွင့် ရှိစေရေးပါ ။ အဲသည်လို ဖြစ်ဖို့ ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေး (Anti 3 Years Contract: A3Y) အစီအစဉ်ကို လုပ်ရခြင်းဖြစ်ပါတယ် ။
ကျနော်တို့ ဘာတွေ လုပ်ကြမလဲ
သည်ကိုရီးယား ရောက်လာကြတဲ့ အီးပီလုပ်သား အားလုံးနီးပါးဟာ ၃ နှစ် စာချုပ်ချုပ်မှ ဗီဇာ ၃နှစ်ရမယ်လို့ ထင်နေကြပါတယ် ။ သည်ကိုရီးယားမှာ ၁နှစ်လုပ်ကြည့်ပြီး ၊ ကြိုက်ရင် စာချုပ်ထပ်ချုပ်ပြီး ဆက်လုပ် ၊ မကြိုက်ရင်ပြောင်းလို့ ရတယ်ဆိုတာ မသိကြတဲ့သူတွေက များနေတယ် ။ မသိတဲ့ အပေါ်မှာ အခွင့်ကောင်းယူပြီး ၊ ၃-နှစ်စာချုပ်ကို ကမ်းလှမ်းကြခြင်းဖြစ်ပါတယ် ။ ရှင်းရှင်းလေးပဲ ၊ သူဌေးကောင်းတွေ ၊ အလုပ်ရုံကောင်းတွေဟာ လူကောင်းတွေကိုပဲ စိတ်ကြိုက် ရှာခိုင်းပါတယ် ။ ဘာမှန်း ညာမှန်း မသိရသေးတဲ့သူကို ရမ်းသမ်းပြီး ၃-နှစ်ခိုင်းမယ်ဆိုပြီး လုပ်ပါ့မလား ။
၁-နှစ် စာချုပ်ပဲ ချုပ်သင့်ပါတယ်
သည်တော့ ကျနော်တို့ဖက်ကပြန်ကြည့်ရင် ၊ ကျနော်တို့လည်း ဘာမှန်း ညာမှန်း မသိကြရသေးတဲ့ အလုပ်မှာ အလုပ်လုပ်ဖို့ အလုပ်စာချုပ်ကို ၁ နှစ် စာချုပ်ပဲ ချုပ်သင့်တယ် ။ ၁-နှစ်လောက်လုပ်ကြည့်ကြပြီးမှ အလုပ်ရှင်ဖက်ကလည်း အလုပ်သမားကိုကြိုက် ၊ အလုပ်သမားကလည်း အလုပ်ရှင်ကို ကြိုက် ၂-ဦး ၂-ဖက် ကြိုက်ကြပြီ ဆိုမှ ၊ နောက်ထပ်စာချုပ်သက်တမ်း ကို ၁ နှစ် သို့မဟုတ် ၂ နှစ် တိုးယူကြတာက ၊ သူ့ဖက်ကိုယ့်ဖက် မျှတမယ့် အယူအဆလို့ ယုံကြည်ပါတယ် ။
မြန်မာတွေ ၃-နှစ်စာချုပ် အချဉ်ဖမ်းလို့မရဘူးဟေ့
“ ၃-နှစ် စာချုပ်ဆို မြန်မာပြည်ပို့မရဘူးဟေ့” “မြန်မာတွေကို ၃-နှစ် အချဉ်ဖမ်းလို့မရဘူးဟေ့” ဆိုတာမျိုး ကိုရီးယား အလုပ်ရှင်တွေ သိသွားအောင် လုပ်ကြရအောင် ။ သည်တော့ ၃-နှစ်စာချုပ်ဆို လက်မှတ်မထိုးပါနှင့် ။ အဲသည်အတွက် စိတ်ပျက် ဝမ်းနည်းအားငယ်နေဖို့မလိုပါ ။ လူသားဆန်တဲ့ လူစိတ်ရှိတဲ့ လုပ်ငန်းရှင်တွေဆီက နောက်ထပ် ၁-နှစ် စာချုပ်တွေ လာပါလိမ့်မယ် ။ မြန်မာ လူငယ် အားလုံးအတွက်ပါ ၊ ညီငယ်တို့ မိသားစု အားလုံး ၊ ကိုယ်အင်္ဂါ စုံစုံလင်လင်ဖြင့် ၊ ကျမ်းမာ ရွှင်လန်းစွာ ပြန်လည် တွေ့ဆုံနိုင်ကြစေဖို့ ပါ ။
မိတ်ဆွေတို့အနာဂါတ်ဘဝလုံခြုံစိတ်ချရစေရေးအတွက်၃-နှစ် အလုပ်စာချုပ်ကို လက်မှတ်မထိုးပါနှင့်။
လေးစားမှုဖြင့် -
၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ (ကိုယ်စား)
အဖွဲ့ဝင်(၁)
ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် မတ်လ ၆ ရက်
မှတ်ချက် ။
အီးပီလုပ်သားလောင်း အသိမိတ်ဆွေများထံ ပီဒီအက်ဖ်ဖိုင်ဖြင့် အီးမေးလ်ပို့လိုပါက ဤနေရာတွင် (CLICK) ပြီး ရယူနိုင်ပါသည် ။
Monday, March 5, 2012
အီးပီ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ ဖွဲ့စည်းကြောင်းကြေညာ
ဆောအူးလ်မြို့တော် ၊ မတ်လ ၅ ရက်
ဒေသခံ ကိုရီးယားအလုပ်သမားများ နှင့် သာမန်နိုင်ငံခြားသား အလုပ်သမားများ ရေရှည်လုပ်ကိုင်လိုခြင်းမရှိသဖြင့် ၊ လုပ်သားအင်အားအစဉ်အမြဲ လိုအပ်လျက်ရှိသော အန္တရာယ်များခြင်း(Dangerous) ၊ ညစ်ပတ်ခြင်း(Dirty) ၊ အရမ်းပင်ပမ်းခက်ခဲခြင်း(Difficult)နှင့် လစာရက် မမှန်ခြင်း(Delay Payment) ဟူသော ကိုရီးယားနိုင်ငံ၏ ဒီ(၄)လုံးစာရင်းဝင် အခြေအနေအဆိုးရွားဆုံး စက်ရုံအလုပ်ရုံများတွင် ၊ မြန်မာနိုင်ငံဖွား အီးပီလုပ်သားများ အချိန်ကာလရှည်ကြာစွာ စိတ်ဆင်းရဲခံလျက် လုပ်ကိုင်နေရခြင်းမရှိစေရေးအတွက် ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှု ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အဆိုပါလှုပ်ရှားမှုတွင် အတူတကွ ပါဝင်ဆောင်ရွက်လိုသူများကို အောန်လိုင်းမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ပါသည် ။
အဆိုပါ လှုပ်ရှားမှုတွင် အတူ တကွ ပါဝင်ဆောင်ရွက်လိုပါကြောင်း စိတ်အားထက်သန်စွာ ဆက်သွယ်မေးမြန်း ဆန္ဒပြုလာကြသည့် မြန်မာ ညီအစ်ကို များဖြင့် ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေးကော်မတီ(Committee for Anti 3 Years Contract: A3YCommittee) ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ကြောင်း ကြေညာအပ်ပါသည် -
- အဖွဲ့ဝင်(၁) ။ ကိုဝိုင်း (မိုးညှင်း) (wyne1969@gmail.com)
- အဖွဲ့ဝင်(၂) ။ ကိုအောင်ခိုင် (010-2967-4773)
- အဖွဲ့ဝင်(၃) ။ ကိုကံလှ (kokanhla@gmail.com)
- အဖွဲ့ဝင်(၄) ။ ကိုသန့်စင်အောင်(thantsinnaung@gmail.com)
မိမိတို့ ကော်မတီအနေဖြင့် ၊ ကိုရီးယား ဒီ (၄) လုံးစာရင်းဝင် လုပ်ငန်းရှင်များက အလစ်အငိုက်ဖမ်း ကမ်းလှမ်းလာမည့် ၃-နှစ်အလုပ်စာချုပ်များအား မြန်မာအီးပီလုပ်သားလောင်းများ လက်မှတ်မထိုးမိစေရေး သို့မဟုတ် ၃-နှစ်အလုပ်စာချုပ် မချုပ်မိစေရေးအတွက် မိမိတို့ အစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကြေညာအပ်ပါသည် ။
မြန်မာပြည်ဖွား အီးပီလုပ်သားလောင်း ညီအစ်ကိုများ ၃-နှစ်အလုပ်စာချုပ်များ အလစ်အငိုက်ခံ ချုပ်ဆိုမိခြင်းမရှိစေရေး အတွက်လည်းကောင်း ၊ အနာဂါတ် သားကောင်းမြန်မာ လူငယ်များ အနေဖြင့် ဒီ(၄)လုံးစာရင်းဝင် အခြေအနေအဆိုးရွားဆုံးသော အလုပ်ခွင်များ၌ ရေတိမ်မနစ် စေရေးအတွက်လည်းကောင်း ၊ မြန်မာအီးပီလုပ်သားများ ကိုယ်လက်အင်္ဂါ စုံစုံလင်လင် ကျမ်းကျန်းမာမာ ပြည်တော်ပြန်နိုင်ကြစေရေး အတွက်လည်းကောင်း ၊ မေတ္တာရှေ့ထား လူသားခြင်းစာနာသောနှလုံးအားဖြင့် မိမိတို့စွမ်းသည်များဖက်မှ နှုတ်အား စာအား မီဒီယာအားဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်လည်း လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည် ။
လေးစားမှုဖြင့် -
၃-နှစ်စာချုပ်ဆန့်ကျင်ရေးလှုပ်ရှားမှုကော်မတီ
၂၀၁၂ ခုနှစ် မတ်လ ၅ ရက်
Friday, March 2, 2012
အခြေအနေအဆိုးရွားဆုံး လုပ်ငန်းခွင်များတွင် မြန်မာအလုပ်သမားများ ရေရှည်မရှိစေရေးလှုပ်ရှားမှု လုပ်မည်
ဆောအူးလ် ၊ မတ်လ ၁
အလုပ်ရုံပြောင်းလို့မရတဲ့ ပြဿနာ
ကိုရီးယားနိုင်ငံရောက် အီးပီ အလုပ်သမားတွေ အများဆုံး တွေ့ကြုံ ခံစားကြရတဲ့ အဓိက အခက်အခဲကတော့ အလုပ်ရုံ ပြောင်းရွှေ့ခွင့်မရကြတဲ့ အခက်အခဲပဲဖြစ်ပါတယ် ။
ဘာကြောင့်ပြောင်းချင်ကြသလဲမေးရင် ၊ ပြောင်းသင့်လို့ ပြောင်းချင်ကြတာပါ ။
ဘာကြောင့် ပြောင်းလို့မရသလဲမေးရင် ၊ စာချုပ်မိနေကြလို့ ပြောင်းမရကြတာပဲဖြစ်ပါတယ် ။
အလုပ်စာချုပ် (Standard Labor Contract) ဟာ ဥပဒေနှင့် အညီဖြစ်နေပြီး ၊ လုပ်ငန်းရှင်ဖက်ကလည်း ဥပဒေနှင့် အညီခိုင်းနေရင် ၊ပြောင်းရွှေ့ခွင့်ပြုထားတဲ့ ခြွင်းချက်ထဲ အကျုံးမဝင်ရင် ပြောင်းရွှေ့ခွင့်ရဖို့ တော်တော်ခက် ၊ အင်မတန်ခက်ပါတယ် ။
ဒီ-၄လုံးကိုရီးယား
ကိုရီးယားလုပ်ငန်းရှင်တွေက နိုင်ငံခြားသား အလုပ်သမားတွေ ခေါ်ခိုင်းရတာဟာ ၊ သူတို့ရဲ့ စက်ရုံ အလုပ်ရုံမှာ ဒေသခံ ကိုရီးယားတွေ မလုပ်ချင်လို့ ၊ လုပ်မယ့် ကိုရီးယားတွေ မရှိလို့ပါ ။
ဘာကြောင့် ကိုရီးယားတွေ မလုပ်ချင်ကြတာလဲ ဆိုရင် ၊ ဒီ-၄ လုံးကြောင့်ပါ ။ အခြားနိုင်ငံတွေမှာတော့ ဒီ-၃လုံးတဲ့ ။ ဒီ-၄လုံးက ဘာတွေလဲ ဆိုရင် -
- အန္တရာယ်များလို့ (Dangerous)
- ညစ်ပတ်လို့(Dirty)
- အရမ်းပင်ပမ်း အရမ်းခက်ခဲလို့ (Difficult)
- လစာမရတစ်ခက်ရတစ်ချက်(Delay Payment)
အန္တရာယ်များ (Dangerous)
အချို့ညီငယ်များ ရောက်လာတာ တစ်ပတ်မပြည့်သေးဘူး ၊ ရက်ပိုင်းပဲရှိသေးတယ် ၊ ကိုယ့်မျက်စိရှေ့မှာတင် အခြားအလုပ်သမားတစ်ယောက် ထိခိုက်ဒဏ်ရာရတာတွေ့ရတယ်။ အချို့ သေသွားတာမျိုးတောင်ရှိတယ် ။ ကိုယ့်အလှည့်ဘယ်တော့များရောက်လာမလဲဆိုပြီး ၊ အသည်းတထိတ်ထိတ်နှင့် လုပ်နေကြရတာမျိုး ၊ အလုပ်လုပ်ရတာ စိတ်မဖြောင့်တော့ဘူး ၊ စိတ်ပိုင်းလုံခြုံမှုမရတော့ဘူး ။ ပြောင်းလို့ရရင်ရ မရရင် ပြေးမယ်ဆိုတာမျိုးတွေ ။
ညစ်ပတ် (Dirty)
အချို့ ဓါတုဗေဒပစ္စည်းစက်ရုံ ၊ အချို့ အမှုန်တွေ ရှူရတဲ့ စက်ရုံ ၊ အချို့အနံ့အသက် လုံးဝမကောင်းဘူး ။ အချို့တစ်နေကုန် အလုံပိတ်ခမ်းမထဲမှာ ။ ခဏခဏနှာခေါင်းသွေးထွက် ၊ အသက်ရှူကြပ်လာတာတွေ ၊ ဆရာဝန်သွားပြတော့လည်း ၊ ထူးမခြားနား ။
အရမ်းပင်ပမ်း အရမ်းခက်ခဲ (Difficult)
အချို့ နားရက်မရှိဘူး ၊ တစ်နေကုန် ထမ်းချီသယ်မနေကြရတယ် ။ ခါးနာတယ် ၊ ဆေးရုံတက် ၊ ခဏနား ၊ ပြန်လုပ် ၊ ထပ်နာ ၊ သံသရာလည်နေကြတယ် ။ ပြောင်းဖို့မပြောနှင့် ၊ နေမကောင်းရင်ခဏနားတဲ့ ၊ ဘယ်လောက်ကြာကြာနားနေရမလဲ ၊ အလုပ်မလုပ်တဲ့ ရက်တွေ လစာဖြတ်ဦးမယ် ။ အချို့ အမြင့်ကြီးမှာ တစ်နေကုန် ၊ တက်လုပ်နေရတာတွေ ။
လစာမရတစ်ခက်ရတစ်ချက်(Delay Payment)
အချို့ လစာ မရတစ်ချက် ရတစ်ချက် ၊ ၂လဆက်တိုက် လစာမရရင် အလုပ်ပြောင်းခွင့်ရှိတယ်ဆိုပေမယ့် ၊ လစာကို အလီလီခွဲပြီးပေးတယ် ။ ၂ လ ဆက်တိုက်လစာမပေးတာမျိုး မဖြစ်ရအောင် ၊ ဟိုလစာ နည်းနည်းချန် ဟိုးအရင်လစာ နည်းနည်းချန် ၊ ရောက်လာတာ ၄-၅လရှိပြီဆိုပေမယ့် ၊ စုစုပေါင်းရတဲ့ လစာ ၂ လစာမပြည့်တတ်သေးဘူး ။ အလုပ်မရှိတစ်ခါ ရှိတစ်ခါ ။ ဆက်လုပ်ရမှာလား ၊ ပြောင်းရမှာလား ။
ဘယ်သူတွေ ရေရှည်လုပ်မလဲ
သည်လို ၊ သည်လိုအနေအထားမို့ ကိုရီးယားတွေက ၊ မလုပ်ချင် ။
နိုင်ငံခြားသားတွေကရော ၊ ကျနော်တို့ နိုင်ငံခြားသားတွေလည်း အသည်းနှလုံးနှင့် လူတွေပါပဲ ။
ကိုရီးယားတွေ မလုပ်ချင်တဲ့အလုပ် ၊ မြန်မာတွေ မလုပ်ချင်တာ ၊ တစ်ခြားနိုင်ငံခြားသားတွေလည်း မလုပ်ချင်တာဟာ ၊ သဘာဝကျပါတယ် ။ လူ့သဘာဝလို့ဆိုရမှာပါပဲ ။
သည်တော့ ၊ ပြောင်းလို့ ရရင်ရ ၊ မရရင်ပြေးပေါ့ ။
(ပိုက်ဆံမရှိလို့ ၊ ဆင်းရဲလို့ဆိုပြီး ၊ အသက်အသေခံ ၊ လက်ပြတ်ခံပြီး ၊ စိတ်ဆင်းရဲခံ ၊ လောကငရဲခံပြီး ရေရှည် လုပ်နေရမှာလား။)
အလုပ်သမားမမြဲတဲ့ စက်ရုံ ၊ မြဲသော အလုပ်သမားရှိစေရေး
သည်တော့ လုပ်ငန်းရှင်ဖက်က (အစိုးရဖက်က) အလုပ်ရုံ အလွယ်တကူ ပြောင်းလို့မရအောင် ၊ အလုပ်စာချုပ်ကို မူလဥပဒေမှာ ၁ နှစ်ထိသာပါခဲ့ပေမယ့် ၊ လိုအပ်ချက် အရ ကိုရီးယားအစိုးရက အလုပ်စာချုပ်ကို ၃ နှစ်အထိ ချုပ်ခွင့်ပေးလိုက်ပါတယ် ။
ကိုရီးယား လုပ်ငန်းရှင်ဖက်က ၃ နှစ်စာချုပ်ချုပ်ဖို့ အလုပ်သမားဆီ ကမ်းလှမ်းတော့ ၊ အလုပ်သမားဖက်က ဟာ ငါတို့ ၃ နှစ်ကြီးများတောင် လုပ်ခွင့်ရမှာပဲ ဆိုပြီး ဝမ်းသာအားရ လက်မှတ်ထိုးခဲ့ကြတာပါ ။ သည်ကိုရီးယားရောက်လာတော့မှပဲ ၊ ထင်တာထင် မဝင်ဘူးကျောင်းအစ်မရေ ဆိုတာမျိုး ၊ ထင်တိုင်းမပေါက်တော့ ၊ ပြောင်းမရ ရွှေ့မရ ၊ ပြဿနာတွေ အလီလီ တက်ကြတော့တာပါပဲ ။
အခြေအနေအဆိုးရွားဆုံး နေရာ မြန်မာများရေရှည်မရှိစေရေး
သည်တော့ ကိုရီးယားမှာ မြန်မာ အလုပ်သမားများ ဒီ-၄လုံးပြဿနာကင်းဝေးရေး လှုပ်ရှားမှု (Free 4-D Campaign) လုပ်မယ်လို့ စိတ်ကူးရပါတယ် ။ အခြေအနေ အဆုံးရွားဆုံးလုပ်ငန်းခွင်များမှာ ၊ မြန်မာများ ရေရှည်မရှိစေရေးလှုပ်ရှားမှုပါ ။ မသိလို့ ၊ မှားယွင်းပြီး လက်မှတ်ထိုးမိခဲ့ရင်တောင် ၊ ၁နှစ်ပဲ ရှိစေရေးပါ ။ အဲသည်လို ဖြစ်ဖို့ဆိုလျင် ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေး (Anti 3 Years Contract: A3Y) လုပ်မှ ဖြစ်ပါမယ် ။ လှုပ်ရှားမှုအမည်ကိုတော့ -
- Free 4-D Campaign သို့မဟုတ်
- Anti 3 Years Contract: (A3Y Campaign) လို့ အမည်ပေးချင်ပါတယ် ။ နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပေးကြစေလိုပါတယ် ။
စုပေါင်းလုပ်ကြရအောင်
သည်လှုပ်ရှားမှုကို တစ်ဦးတစ်ယောက်ကောင်းလုပ်လို့အောင်မြင်နိုင်မယ် မထင်ပါဘူး ၊ စုပေါင်းလုပ်ကြမှ အောင်မြင်မယ်လို့ ယုံကြည်ပါတယ် ။ မအောင်မြင်နိုင်စရာလည်း မရှိပါ ။ ရှေ့မှာ အောင်မြင်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ် ။ (မြန်မာတွေကို စိုက်ပျိုးရေး ၊ ငါးဖမ်း လုပ်ငန်းတွေအတွက် မခေါ်တော့တဲ့ သာဓကပါ။)
ကျနော်တို့ ဘာတွေ လုပ်ကြမလဲ
ကိုရီးယားလာဖို့ ပြင်ဆင်နေကြတဲ့ မြန်မာပြည်တွင်းက အီးပီလုပ်သားလောင်း ညီငယ်များ ၊ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများကို ၃-နှစ်စာချုပ် လက်မှတ်မထိုးရေး ပြောပြ ရှင်းပြကြရပါမယ် ။ တစ်ချို့က ၃ နှစ် စာချုပ်ချုပ်မှ ဗီဇာ ၃နှစ်ရမယ်လို့ ထင်နေကြပါတယ် ။ သည်ကိုရီးယားမှာ ၁နှစ်လုပ်ကြည့်ပြီး ၊ ကြိုက်ရင် စာချုပ်ထပ်ချုပ်ပြီး ဆက်လုပ် ၊ မကြိုက်ရင်ပြောင်းလို့ရတယ်ဆိုတာ မသိကြတဲ့သူတွေက များနေတယ် ။ ၁ နှစ် စာချုပ်ပဲ ချုပ်ကြဖို့ ညီငယ်များ သဘောပေါက်အောင် အသိပေးဖို့ ရှင်းပြပေးဖို့ လိုပါမယ် ။ အထက်လူကြီးများသိအောင် စာအားဖြင့် နှုတ်အားဖြင့် ၊ အီးမေးလ်အားဖြင့် တင် ပြကြရပါမယ် ။ ပြည်တွင်းမီဒီယာများမှာ ၃-နှစ်စာချုပ် လက်မှတ်မထိုးရေး နှင့် ၃-နှစ်စာချုပ်ရဲ့ အခက်အခဲများ ၊ စာချုပ်ကို ၁နှစ်ပြီး ၁နှစ် သာချုပ်သင့်တဲ့အကြောင်း သတင်းဆောင်းပါး စသည် ပါလာအောင် လုပ်ကြရပါမယ် ။ အီးမေးလ်များဖြန့်ဝေကြရပါမယ် ။
လုပ်မယ့်သူတွေ လိုတယ်ဗျာ
စိတ်ပါဝင်စားသူများ သည် လှုပ်ရှားမှုပါ ကျနော်တို့နှင့် အတူ ပူးပေါင်းဆောင်ရွက်လိုသူများ 010-2331-2457 သို့မဟုတ် wyne1969@gmail.com သို့ ဆက်သွယ် ကြစေလိုပါတယ် ။
မိတ်ဆွေတို့ ရဲ့ အမည် ၊ အီးမေးလ် လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်များ အနက် ကြိုက်ရာ တစ်ခုခု သို့မဟုတ် အားလုံး ပေးကြစေလိုပါတယ် ။ အတူတူ လှုပ်ရှားသူများအဖြစ် ဟန်းဂုရွာမှာ မှတ်တမ်းတင်ထားချင်လို့ပါ ။
လေးစားမှုဖြင့် -
ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် မတ်လ ၁ ရက်
ကိုရီးယား ၊ အင်ချောန်းမြို့
Monday, February 27, 2012
Thursday, February 2, 2012
၃-နှစ်ဗီဇာ (ဗီဇာကြီး) ကုန်ခါနီး အီးနိုင်းကိုကိုများ သတိထား
ဗီဇာကြီး နှင့် နောက်တိုးဗီဇာ
ကိုရီးယားမှာ အီးနိုင်း(E-9)ဗီဇာကိုင်ဆောင်ထားကြတဲ့ အီးပီလုပ်သားများရဲ့ ဗီဇာနှင့်ပတ်သက်ပြီး ၊ နည်းနည်းပြောစရာရှိလာလို့ သည်ဆောင်းပါးကိုရေးဖြစ်ပါတယ် ။ အီးနိုင်းဗီဇာကို ထပ်ပြီးခွဲမယ်ဆိုလျင် ၊ မူလပထမ ပေးထားတဲ့ ၃-နှစ် ဗီဇာရှိတယ် ။ အဲဒါကိုတော့ ဗီဇာကြီးလို့ ကျနော်သုံးပါမယ် ။ အလုပ်ရှင်က ကြိုက်လို့ ၃-နှစ်ပြီးတော့ ၊ ၁-နှစ်နှင့် ၁၀-လ ထပ်တိုးခွင့်ရတဲ့ ဗီဇာကိုတော့ နောက်တိုးဗီဇာ(Re-employment Visa) လို့ခေါ်ချင်ပါတယ် ။ ကြားကာလမှာ တိုးတဲ့ဗီဇာ ၊ ရတဲ့ဗီဇာကိုတော့ ဗီဇာလေးလို့ခေါ်ပါမယ် ။ အလုပ်ပြောင်းရွှေ့ကာလမှာ တိုးပေးတဲ့ ၃-လဗီဇာကိုတော့ အလုပ်ရှာဗီဇာ သို့မဟုတ် အလုပ်ဂိန်ဗီဇာလို့ ခေါ်ပါမယ် ။
မအိုချင်ဘဲ အိုလိုက်ရတဲ့သူ
မကြာသေးခင်က အီးပီညီငယ်တစ်ယောက် မအိုချင်ဘဲ အိုသွားခဲ့ရပါတယ် ။ အင်မတန်မှ ကြိုးစားတဲ့ သူပါ ။ ကိုရီးယားစာ (ကိုရီးယားစကား)ကိုလည်း ကြိုးစားသင်ယူနေသလို ၊ အလုပ်ကိုလည်း အင်မတန်ကြိုးစားတဲ့ သူပါ ။ သူဌေးကလည်း ကြိုက်မှကြိုက် ။ ဒါပေမယ့် ၃-နှစ်ဗီဇာကြီးကုန်လို့ နောက်တိုးဗီဇာ လျှောက်တော့ ပြဿနာတက်ပါတယ် ။
လုပ်ငန်းရှင်တွေမှာလည်း အကန့်အသတ်ရှိတယ်
ကိုရီးယားလုပ်ငန်းရှင်တွေဟာ ၊ နိုင်ငံခြားသားတွေကို ခိုင်းစေခွင့်ရှိတယ်ဆိုပေမယ့် ၊ အလုပ်ရှင်တွေ လိုက်နာရတဲ့ စည်းကမ်းချက်တွေလည်း အများကြီးပါ ။ ပထမဦးစွာ ကိုရီးယားသားများကို ဦးစားပေး ခေါ်ယူရပါတယ် ။ ကိုရီးယားသားများက လျှောက်ထားခြင်းမရှိမှသာ နိုင်ငံခြားသားများကို ငှားရမ်းခိုင်းစေခွင့် ရတာပါ ။ အဲသလို ခိုင်းစေခွင့်ရပေမယ့် ၊ စက်ရုံမှာ ရှိတဲ့ လူအင်အားအချိုးအစားအလိုက်သာ ခိုင်းစေခွင့်ရှိတာပါ ။ (ကိုရီးယားသား ဘယ်နှယောက်ရှိလျင် နိုင်ငံခြားသားဘယ်နှယောက်ထက်မပိုစေရဆိုတာမျိုးပေါ့ဗျာ။)
နောက်ပြီး ၊ နိုင်ငံခြားသားငှါးရမ်းခွင့်တားမြစ်ခံထားရတဲ့ အလုပ်ရှင်တွေလည်း ရှိပါတယ် ။ ဥပမာ - တရားမဝင်နိုင်ငံခြားသားခိုင်းစေတာကိုသက်ဆိုင်ရာက ဖမ်းမိ (သိ) သွားလို့ ၊ တားမြစ်ခံထားရတာမျိုး ။
အချိုးအဆမညီလို့ ငှါးရမ်းခွင့်မရ
အဲသည်ညီငယ်စက်ရုံကဖြစ်ပုံကတော့ ၊ သည်လိုပါ ။ မူလက စက်ရုံမှာ ကိုရီးယားအလုပ်သမားတွေ အများကြီးရှိပါတယ် ။ နောက်တော့ လူအင်အားလျှော့လိုက်ပါတယ် ။ ကိုရီးယားအလုပ်သမားတွေကို လျှော့လိုက်တာပါ ။ ခိုင်းကောင်းပြီး ဈေးပေါတဲ့ နိုင်ငံခြားသားများကိုချန်ထားတဲ့ သဘောပေါ့ခင်ဗျာ ။
အဲ ၊ ခုနက ညီငယ် ၃-နှစ်ဗီဇာကြီးကုန်ခါနီး ၁လနှင့် ၂ ရက်အလိုမှာ နောက်တိုးဗီဇာလျှောက်ဖို့သွားပါတယ် ။ အဲသည်မှာ စက်ရုံက နိုင်ငံခြားသား ငှါးရမ်းခွင့်ရ အချိုးအစားအရ ၊ အီးနိုင်း ညီငယ်ကို ထပ်မံငှါးရမ်းခွင့် မရတော့ပါဘူး ။ သည်တော့ အဲသည် ညီငယ် အလုပ်ပြောင်းရွှေ့ဖို့ လုပ်ရပါတော့တယ် ။ အလုပ်ကြိုးစားသူ ဆိုတော့ သူဌေးကလည်း တစ်ခြားသူဌေးနှင့် မိတ်ဆက်ပေးရှာပါတယ် ။ တစ်ခြားသူဌေးက စာချုပ်ချုပ်မယ် လုပ်တော့ ဗီဇာက ၂၈-ရက်ပဲကျန်ပါတော့တယ် ။
နောက်တိုးဗီဇာလျှောက်ထားရာမှာ သတိပြုစရာ
အဲသည်မှာ ပြဿနာအကြီးကြီးတက်ပါတော့တယ် ။ နောက်တိုးဗီဇာ လျှောက်ထားရာမှာ ပြဋ္ဌာန်းချက်တွေက ၊ တစ်ဆက်တည်းလုပ်လာတဲ့ စက်ရုံ အလုပ်ရုံမှာဆို ဗီဇာ မကုန်မှီ ၇-ရက်အလိုမှာ နောက်တိုးဗီဇာ လျှောက်လို့ရပေမယ့် ၊ ရုံပြောင်းမယ့် သူများအဖို့ နောက်ဆုံးစက်ရုံ အလုပ်ရုံဟာ အလုပ်စာချုပ် (ဗီဇာ) အနည်းဆုံး(၁)လ ရှိရမယ်ဆိုတော့ အဲဒီပုဒ်မနှင့် ညှိပြီး ၊ နောက်တိုးဗီဇာ လျှောက်ထားခွင့် ဆုံးရှုံးသွားပါ တော့တယ် ။
/외국인근로자의 고용 등에 관한 법률 제18조의 2에 따라 국내에 신규 입국한 후 3년의 취업기간이 만료되는 외국인근로자에 대해 사용자의 요청이 있는 경우 해당 외국인근로자는 출국하지 않고도 1회에 한정하여 재취업기간연장이 가능합니다.(1년 10개월 한도)
• <재고용신청 대상 기준> : 재고용 신청 대상 사용자는 동법 제8조 제4항에 따라 최초 입국하여 고용된 외국인근로자(E-9)와 고용종속 관계를 유지하고 있는 자.
• <재고용신청 가능기간> : 사용자가 법 법 제18조의 2에 따른 재고용 허가를 받으려면 취업활동기간 만료일 전의 근로계약기간이 1개월 이상인 외국인근로자를 대상으로 당해 근로자의 취업활동 기간만료일의 7일전까지 신청가능.
/
ဘကြီးပွဲလည်းမမှီ ၊ ထီးတင်ပွဲလည်းမမှီ
မြန်မာပြည်ပြန် ၊ အထူးစာမေးပွဲဖြေဖို့ဆိုရာမှာလည်း ၊ ကိုရီးယားမှာ အနည်းဆုံး ၄-နှစ် ၁၀လ နေပြီးသူများသာ ဖြေဆိုခွင့်ရှိတာမို့ ၊ အဲသည်စာမေးပွဲလည်း ဖြေဆိုခွင့်မရရှာပါဘူး ။
နောက်တစ်ခေါက်ပြန်လာဖို့ဆိုရာမှာလည်း ……………………။
သည်လိုနှင့်ပဲ ၊ မအိုချင်ဘဲနှင့် အိုလိုက်ရပါသတဲ့ ။
၃-နှစ်ဗီဇာကြီး ကုန်ခါနီး အီးနိုင်းကိုကိုများ ၊ သတိရှိကြပါကုန် ။
လေးစားမှုဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Friday, September 23, 2011
မပြောချင်လို့ကြည့်နေတာကြာပြီ
Monday, April 26, 2010
ရွှေမဲ (Black Gold)က ပြောသော ပုံပြင် တစ်ပုဒ်
(တစ်)
ရေနံကို ရွှေမဲဟု တင်စားပြောဆိုခဲ့ကြ၏ ။ ရွှေမဲပေါ်လာခြင်းကြောင့် ကမ္ဘာသူကမ္ဘာသားများ ကြီးစွာသော ပြောင်းလဲမှုများ ကြုံခဲ့ကြရ၏ ။ ချမ်းသာသူတွေ ချမ်းသာသည်ထက် ချမ်းသာနေကြပြီး ဆင်းရဲသူတွေ ဆင်းရဲသည် ထက် ဆင်းရဲတွင်းနက်နေကြ၏ ။ ကျနော်ဖတ်ရှုရသော ရွှေမဲ ကပြောသော ပုံပြင် တစ်ပုဒ်ကို ပြုပြင်ဖာထေးပြီး ဟန်းဂုရွာသူရွာသားများသို့ လက်ဆင့်ကမ်း မျှဝေလိုက်ပါသည် ။
(နှစ်)
Middle East ဟုခေါ်သော အရှေ့အလယ်ပိုင်းဒေသသည် ကမ္ဘာ့ရေနံ အများဆုံးထွက်ရာဒေသဖြစ်၏ ။ သို့ဖြစ်ရာ အရှေ့အလယ်ပိုင်းဒေသသည် ရှေးယခင်က ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့၏ စစ်အေးတိုက်ရာ ပထမဆုံးစစ်တလင်း ဖြစ်ခဲ့ဖူး၏ ။
ရှေးယခင်က အရှေ့အလယ်ပိုင်းအီရန်နိုင်ငံတွင် အများပြည်သူဆန္ဒအရရွေးချယ်တင်မြှောက်ခဲ့သော ဝန်ကြီးချုပ်မူဆာဒေး (Mohammad Mossadegh) သည် အီရန်ပြည်သူတို့အကြား ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်ဆို၏ ။ ဝန်ကြီးချုပ်မူဆာဒေးသည် ပြည်သူတို့၏တောင်းဆိုချက်အရ ဗြိတိသျှပိုင်ရေနံကုမ္မဏီတစ်ခုကို ပြည်သူပိုင်သိမ်းယူခဲ့သည် ဆို၏ ။
ဗြိတိသျှအစိုးရသည် ဒေါသဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်ဖြစ်ခဲ့သည့် အမေရိကန်ကြီးအား အကူအညီတောင်းခံခဲ့သည်ဆို၏ ။ ဗြိတိသျှနှင့် အမေရိကန်ကြီးတို့သည် အီရန်ကို စစ်ပြုလိုသော်လည်း ဆိုဗီယက်က နျူကလီးယားဗုံးသုံး၍ စစ်ပြုလာမည်ကိုကား စိုးရိမ်မကင်းဖြစ်နေခဲ့ကြသည်ဆို၏ ။
ထို့ကြောင့် အမေရိကန်အစိုးရသည် ကမ်းတက်စစ်တပ်စေလွှတ်ခြင်းမပြုတော့ဘဲ ၊ သမ္မတဟောင်းရုစဗဲ့လ်၏ မြေးဖြစ်သူ စီအိုင်အေသူလျှို ကာမစ်ရုစဗဲ့လ် (Kermit Roosevelt) ကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ခဲ့သည် ဆို၏ ။
ကာမစ်သည် ဒေါ်လာသန်းအနည်းငယ်သုံးစွဲခြင်းဖြင့် အီရန်နိုင်ငံ၌ အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပေါ်စေပြီး ဝန်ကြီးချုပ်မူဆာဒေးအား ဖြုတ်ချနိုင်ခဲ့သည်ဆို၏ ။ စီအိုင်အေသည် ဒီမိုကရေစီနည်းအရ ရွေးကောက် တင်မြောက်ထားသော အီရန် ဝန်ကြီးချုပ်အားဖြုတ်ချ၍ မိုဟာမက် ရီဇာပါလာဗီ (Mohammed Reza Pahlavi) ကို သက်ဦးဆံပိုင် ရှားဘုရင် အဖြစ် တင်မြောက်ခဲ့သည်ဆို၏ ။
သို့နှင့်တိုင် စီအိုင်အေဝန်ထမ်းတစ်ဦးအား ဖမ်းမိသွားမည်ဆိုပါက မလိုလားအပ်သော ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများကြုံနိုင်သဖြင့် နောက်ပိုင်းတွင် အမေရိကန် ကုမ္မဏီသူဌေးများ၏ ကိုယ်စားလှယ် အစိုးရအဖွဲ့ကြီး သည် အစိုးရဝန်ထမ်းများအစား ၊ စီးပွါးရေးကုမ္မဏီများမှ ဝန်ထမ်းများကို ၊ အေးဂျင့်များ အဖြစ် သုံးစွဲခဲ့သည် ဆို၏ ။ ဤသို့အားဖြင့် စီအိုင်အေ၏ လုပ်နည်းလုပ်ဟန်များကို စီးပွါးရေးကော်ပိုရေးရှင်းကြီးများ သည် လိုအပ်သလို သုံးစွဲနေကြသည်ဆို၏ ။
ကာမစ်၏အောင်မြင်မှုကို အခြေခံပြီး အမေရိကန်သည် ကမ္ဘာတစ်လွှားတွင် စစ်အင်အားဖြင့် ဝင်ရောက် တိုက်ခိုက်ရန် အခက်အခဲရှိသည့် ဒေသများသို့ စီးပွားဖျက်သူလျှို (Economic Hit Man) များ စေလွတ်ပြီး ၊ မိမိတို့ နိုင်ငံရေးသြဇာထူထောင်နေသည်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်ဆို၏ ။
(၃)
သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ …. ဟူသော စာဆိုနှင့် အညီ ၊ ချမ်းသာသူတွေ ချမ်းသာသည်ထက် ချမ်းသာရအောင် ဆင်းရဲသူတွေက ဆင်းရဲသည်ထက် ဆင်းရဲပေး နေကြရ သည် ဟူ၏ ။ တရားသဘောအရ ဆိုလျင် အတ္ထိပစ္စယော ၊ နတ္ထိပစ္စယောဟု ဆိုသော်ရကောင်းသည် ဆို၏ ။ ကမ္ဘာ့လုပ်သားထုကြီးမှာ မီဒီယာ သူဌေးမင်းကြီးတို့ စိတ်ကြိုက် စီမံ ထုတ်လွင့်နေကြရသော မီဒီယာတို့တွင် နစ်မြောနေကြပြီး ၊ အာရုံ ခြောက်ပါး စလုံး အလုပ်ရှုပ်နေကြရသဖြင့် လည်းကောင်း ၊ တစ်နေ့ သူဌေးဖြစ်နိုးနိုး မျှော်ကိုးချက်ဖြင့် ဘဝင်ရူး ရူးနေကြသဖြင့် လည်းကောင်း ၊ ဘာကြောင့် ဆင်းရဲလို့ ဆင်းရဲမှန်းမသိရှိနိုင်ဘဲ ဖြစ်နေကြရသည်ဆို၏။ သတင်းမဟုတ်သော ပုံပြင် စစ်စစ် တစ်ပုဒ်ဖြစ်သည် ဟုလည်းဆိုသေး၏ ။ သြော် ကောင်းပေစွ တကား ။
စာမှီးစာကိုး-
- အမေရိကန်အင်ပါယာ၏ လျှို့ဝှက်ချက်များ (နေဇင်လတ် ၊ ဘာသာပြန်)
Friday, January 1, 2010
ချောင်းကြည့်သူရဲ့ အမှား အမှတ် ၁၉
ရေးသားသူ — ကိုကြီးပေါ်
ဘာလိုလိုနဲ့ နှစ်တနှစ်ကုန်လို့ နောက်တနှစ်ရောက်ပြန်ပြီ။ လက်ခမောင်းတွေ ခတ်, ခြေခမောင်းတွေ ကြွ, အာဘောင်အာရင်းတွေ ပူခြစ်အောင် အော်နေတဲ့ “နှစ်ထောင့်တစ်ဆယ်” ဆိုတာကြီးထဲ ရောက်တော့မှာပါလား။ အပြောင်းအလဲတို့ မျှော်လင့်ချက်တို့ ဆိုတဲ့ ဘာဘာညာညာတွေနဲ့ သကာဖုံးထားတဲ့ နှစ်ထောင့်တစ်ဆယ်ကို နဖူးပြဲ ဒူးပြဲ တကယ်ကြုံရတော့မှာ ဆိုတော့ ကိုကြီးပေါ်တောင် ရင်ခုန်လာချင်သလိုလို။ အနာဂတ်ကို ရင်မခုန်ခင် လတ်တလောမှာ ဘာတွေများ ဖြစ်နေသလဲလို့ ရွှေပြည်တော်ကြီးကို မျှော်ငေးကာ ချောင်းကြည့်လိုက်တော့…
ထူးမခြားနား - အရင်အတိုင်း
ဒါက သီချင်းခေါင်းစဉ် နှစ်ပုဒ်ပါ။ ထူးမခြားနား ဆိုတာက မဟာဂီတ။ အရင်အတိုင်းက ထူးအိမ်သင်ရဲ့ သီချင်း။ ဟုတ်ကဲ့။ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီး အကြောင်းပြောရင် ဒီသီချင်းခေါင်းစဉ် နှစ်ခုနဲ့တင် ပြည့်စုံပါတယ်လို့ ဆိုရမှာပါ။ ရွှေပြည်တော်ကြီးမှာ ဘာမှ မထူးပါဘူး။ အရာ အားလုံးဟာ အရင်အတိုင်း မခြားမနား ဆက်လက်တည်နေဆဲပါ။
အခုတလောမှာ ရွှေပြည်တော်ရဲ့ အကြီးအချုပ် ဗိုလ်ချုပ်မင်းကြီးဟာ ပုဂံရွှေမြို့တော်သို့ တိုင်းခန်းလှည့်လည်တော် မူပါတယ်။ စေတီပုထိုးတွေကို ထိုင်လျက်တမျိုး မတ်တပ်တဖုံ ကုန်းလျက်တနည်း ယီးတီးယောင်တ ဦးတော်ချပါတယ်။ အနှီ ဗိုလ်ချုပ်မင်းကြီးရဲ့ အပါးမှာ မျက်တောင်မခတ် နားရွက်မလှုပ် ငြိမ်ကုပ်၍ လိုက်ပါလာကြတဲ့ နောက်တော်ပါ ဗိုလ်ကြီး ဗိုလ်သေး ဗိုလ်ပေမှေး တို့ကလည်း ထိုအမူအရာအတိုင်း တသဝေမတိမ်း ယိမ်းတိုက်လျက် လိုက်လုပ်ကြပါတယ်။ ဤကား အနှစ်နှစ်ဆယ်ကျော် တနေ့မပျက် ကပြလာခဲ့သော နိုင်ငံတော် ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ ပဏာမ အော်ပရာ အခန်း ဖြစ်လေသတည်း။
ဆက်လက်ပြီး ဗိုလ်ချုပ်မင်းကြီးဟာ ထိုထိုဤဤသော သင်တန်းဆင်းပွဲတွေကို တက်ရောက်ပြီး အလေးပြုခံလျက် မိန့်ခွန်းခြွေပါတယ်။ ဒီသင်တန်းတွေ ဆိုတာက ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ မျိုးဆက်သစ်ကလေးတွေ ဖြစ်ပါတယ်။ ဒေ၀ါလီရဲ့ မျိုးဆက်သစ်ဆိုတော့ “ကူလီ”ကလေးတွေပေါ့။ ရှေးအခေါ်အဝေါ်နဲ့ဆိုရင် “ကျွန်”ပေါ့။ ဒါမှမဟုတ် “သဘောက်”။ သို့မဟုတ် “အစေခံ”။ ဒါမှမကြိုက်သေးရင် “ခိုင်းဖတ်”။ ကဲပါလေ စကားလုံးတွေ ရှုပ်ကုန်ပါ့မယ်။ ခပ်လွယ်လွယ် “နွား”လို့ပဲ ဆိုလိုက်ကြပါစို့။
နွားဆိုတာက နွားဖြစ်ရုံနဲ့ ခိုင်းလို့ရတာ မဟုတ်သေးဘူး။ ခိုင်းနွား ဖြစ်ဖို့ “ထမ်းပိုးကျင့်” ပေးရပါသေးတယ်။ နွားကလေးတွေကို သုံးလေးနှစ် ထမ်းပိုးကျင့်ပြီးပြီ ဆိုတော့ ထမ်းပိုးတင်ပွဲကို မြက်ခင်းထဲမှာ ဘယ်ညာနင်းပြီး ကျင်းပပါတယ်။ ဒေ၀ါလီဇာတ်အဖွဲ့ရဲ့ မျိုးဆက်သစ်မိတ်ဆက် နွားရှုသဘင် သို့မဟုတ် မျက်နှာသစ်ယိမ်း ဆိုပါတော့။
ဒီလို မျိုးဆက်သစ်ကလေးတွေကို မိန့်ခွန်းခြွေတာက ဒေ၀ါလီဇာတ်အဖွဲ့ရဲ့ “ပြည်တည်ခန်း”လို့ ပြောရင် ရပါတယ်။ ဘုရင်တို့ ၀န်မင်းတို့ ပြည်တည်ခန်းမှာ ပြောကြဟောကြတဲ့ စကားဆိုတာ ပျားရည်ကို သကြားအုပ်ပြီး ဘုတ်အုပ်ထဲကအတိုင်း ရွတ်တာ မဟုတ်လား။ ကောင်းပေး ညွန့်ပေ့ လှပေ့ ခန့်ပေ့ ဆိုတဲ့ မစားရ ၀ခမန်းတွေပေါ့။ သို့သော်လည်း အဲဒီစကားတွေဟာ တကယ်ကတဲ့ ဇာတ်လမ်းနဲ့ သိပ်မဆိုင်လှတာလည်း အစဉ်အလာ တခုပါပဲ။
နှစ်ပါးသွား ရောက်ပါပြီ။ အမှန်တကယ်ကို ဗိုလ်ချုပ်မင်းကြီးနဲ့ မင်းကြီးကတော်တို့က သူတို့နှစ်ဦးတည်း လမ်းလျှောက်ပြ, စားသောက်ပြ, စကားပြောပြ, ထိုင်ပြ, မဲ့ပြ, ခေါင်းညိတ်ပြ ကြပါတယ်။ လောလောဆယ်တော့ မြိုင်ထခန်းပဲ ရှိပါသေးတယ်။ လွမ်းခန်း မရောက်သေးပါဘူး။ တကယ်လွမ်းရင်လည်း လွမ်းလောက်မယ် မထင်ပါဘူး။
ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ အခြားဇာတ်ဝင်ခန်းတွေမှာတော့ ၀န်ကြီး, မှူးမတ်, စစ်သူကြီး, လက်စွဲတော်, ပုဏ္ဏား, အာဏာပါးကွက်သား, လက်မရွံ, ကြာကူလီ, ကုန်းရုပ်, သူဌေး, မိန်းမစိုး, သူကြီး, လူမိုက်, အမူးသမား, ဖော်လံဖား အစရှိတဲ့ ရောင်မျိုးစုံ ဇာတ်ရုပ်တွေဟာ ဇာတ်ညွှန်းအတိုင်း ကပြ အသုံးတော်ခံ နေကြပါတယ်။ တနှစ်ပတ်လုံးကတာ ဒီဇာတ်သွား တခုတည်းပါပဲ။ သူဌေးက သူဌေး ဆက်ဖြစ်ပြီး သူဆင်းရဲက သူဆင်းရဲ ဆက်ဖြစ်ပါတယ်။ လူမိုက်က လူမိုက် ဆက်ဖြစ်ပြီး အဖမ်းခံရသူတွေက အဖမ်းခံရသူတွေ ဆက်ဖြစ်ပါတယ်။ စစ်သားက စစ်သား ဆက်ဖြစ်ပြီး စစ်ပြေးက စစ်ပြေး ဆက်ဖြစ်ပါတယ်။ ဇာတ်လမ်းမပြောင်း။ ဇာတ်ရုပ်မပြောင်း။ တီးလုံးမပြောင်း။
၂၀၀၉ ခုနှစ် ဇာတ်ရာသီမှာ ကပြခဲ့တဲ့ ပြဇာတ်တိုလေး တပုဒ်ကတော့ လူကြိုက် အတော်များပါတယ်။ “အရူးယက်တော” တဲ့။ ဘွားခနဲ ပေါ်လာပြီး ရုတ်ခနဲ ပျောက်သွားတဲ့ ဒီဇာတ်လမ်းမှာ မင်းသမီးကတော့ ပရိသတ်ရဲ့ ကရုဏာကို ဆက်လက်ယူသွားနိုင်ပါတယ်။ နှစ်အကုန်မှာတော့ ဒီဇာတ်လမ်းက မေ့တေ့တေ့တောင် ဖြစ်လုနေပါပြီ။
မှော်ဆရာကြီးရဲ့ ဇာတ်လမ်းတပုဒ်လည်း ကမယ်ကမယ်နဲ့ ပြင်ဆင်ပြီးကာမှ ရုံရက်မရလို့ ဆိုင်းထားရပါတယ်။ အိုဘားမားနဲ့ ကလင်တန်တို့ရဲ့ စမတ်ပါဝါဆိုတဲ့ ပေါ်လစီ အပြောင်းအလဲမှာ ထိပ်သီးချင်း စိန်ခေါ်ပွဲကို ၀ါရှင်တန်နဲ့ ကြပ်ပြေးမှာ အပြန်အလှန်ထိုးကြဖို့ ပွဲသွင်းသူတွေက စီစဉ်ပြီးပါပြီ။ ကတော့ မကရသေးပါ။ မျှော်…။
မနေ့တနေ့ကတော့ ကမ္ဘာကျော် နိုဗဲလ်ဆုရှင် စီးပွားရေးပညာရှင် စတစ်ဂလစ် ဆိုသူကြီး ရွှေပြည်တော် သွားပါတယ်။ စီးပွားရေးဆိုင်ရာ ဟောပြော အကြံပြုဖို့လို့ ဆိုပါတယ်။ သူဘာတွေ ပြောတယ်လို့ ကိုကြီးပေါ် အသေးစိတ် မသိပါ။ သူ့ကို ဒေ၀ါလီဇာတ်အဖွဲ့မှာ ပါဝင်ကပြဖို့ ငှားတယ်လို့တော့ ကြားမိပါတယ်။ သူက စီးပွားရေးနဲ့ နိုင်ငံရေးကို တွဲလျက်ကမှ ဖြစ်မယ်ပြောတာနဲ့ ဈေးမတည့် ဖြစ်ပြီး ပြန်သွားရတယ်လို့ ကြားပါတယ်။ သူပြန်တော့ ရွှေပြည်တော်ကြီးကနေ လက်ဆောင်တထုပ် ပေးလိုက်ပါတယ်။ အိမ်ရောက်လို့ ဖြည်ကြည့်လိုက်တော့ စာရွက်တရွက်မှာ စာတတန်းရေးထားတယ်။ “ကျွဲပါး စောင်းတီး” တဲ့။
နှစ်ကုန်မယ့် နောက်ဆုံးရက်သတ္တပတ် မှာတော့ ဗိုလ်ချုပ်မင်းကြီးက ၂၀၁၀ ကို ကြိုဆိုတဲ့အနေနဲ့ ရုရှားက အမ်အိုင်ဂျီ ၂၉ တိုက်လေယာဉ် အစီး ၂၀ ၀ယ်လိုက်ပါတယ်။ ဒေါ်လာ သန်း ၅၇၀ တန်ပါသတဲ့။ ကိုကြီးပေါ် အထင်တော့ ဒီ ပိုက်ဆံတွေဟာ ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ နှစ်ချုပ်အမြတ်တွေ ဖြစ်မယ် ထင်တာပါပဲ။ ဒါမှမဟုတ် ရွေးကောက်ပွဲ အပြီးမှာ ပေါ်လာမယ့် လွှတ်တော်ဆိုတာကြီးကို လက်ဆောင်ပေးဖို့ ကြိုဝယ်ထားတာ ဖြစ်နိုင်ပါတယ်။
လာမယ့် နှစ်ဆန်းတစ်ရက်နေ့ကျရင် ဒေ၀ါလီဇာတ်အဖွဲ့ကြီးက အထူးတင်ဆက်မှုတခု လုပ်ဖို့ ရှိပါတယ်။ ကမ္ဘာပေါ်က အရေးအကြီးဆုံး ပုဂ္ဂိုလ်များကို အထူးဧည့်သည်တော်များ အဖြစ် ရွေးဖိတ်ထားပါတယ်။ ကိုကြီးပေါ်လည်း ဖိတ်စာရထားလို့ ရွှေပြည်တော် နှစ်သစ်ကူးပွဲကို သွားဖို့ အစီအစဉ် ရှိပါတယ်။
အဲဒီပွဲရဲ့ အထူးအစီအစဉ်ကတော့ လွန်ခဲ့သော နှစ်ပေါင်း ထောင့်ကိုးရာခန့်က ကျော်ကြားထင်ရှားခဲ့သော ရောမ နီရိုးဘုရင်ကြီးရဲ့ “တိုင်းပင်လယ်မီး” သီချင်းကို ဗိုလ်ချုပ်မင်းကြီးက သီဆိုပြီး သူရဲ့ မိဖုရားနဲ့ သမီးတော်များက စောင်းတီးလျက် သံပြိုင်လိုက်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဆက်လက်ရှုစားတော် မူကြပါကုန်။
ကိုကြီးပေါ်
Thursday, August 6, 2009
မင်းမော်ကွန်းနှင့် အပေါင်းအသင်းများ ၊ ထေရဝါဒဗုဒ္ဓသာသနာ တော်ကို စော်ကားကြခြင်း
ကိုဝိုင်း(မိုးညှင်း)
ဆောအူးလ် ၊ သြဂုတ် ၅ ရက် ။
မိတ်ဆွေတစ်ဦးက အီးမေးလ်ပေးပို့လာပါတယ် ။ စိတ်ဝင်စားစရာကောင်းလို့ ထပ်ဆင့် တင်ပြလိုက်ရကြောင်းပါခင်ဗျား ။ ဖတ်ကြည့်တော်မူကြပါ ။ သည်လိုပါ -
စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေး နှစ်ပါတ်လည်နီးလာချိန်နဲ့  လက်ရှိနိုင်ငံရေးအခြေအနေတွေအရ အရေးကြီးနေချိန်တွင် နအဖမှ သံဃာတော်တွေရဲ့  ဂုဏ်သိက္ခာများ ညှိုးနွမ်းစေရန် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးနေချိန်မှာ အင်တာနက်စာမျက်နှာပေါ်မှာ ရောက်ရှိလာခဲ့တဲ့ အောက်ဖေါ်ပြပါ ဓါတ်ပုံတစ်ပုံဟာ အတော့်ကို ဆိုးရွားလွန်းလှပါတယ်။
ဓါတ်ပုံထဲမှာ ပါဝင်သူတွေအနေနဲ့  ဘာသာတရားအရ ရိုသေလေးစားကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာဘုရားနှင့် သားတော်များဖြစ်တဲ့ သံဃာတော်များ လွှမ်းခြုံရာ သင်္ကန်းတော်များကို ယခုလို ၀တ်ရုံပြီး ဆေးမှင်ကြောင်အတုတွေနဲ့ဒီလိုမျက်နှာပေးများပေးကာ ဓါတ်ပုံရိုက်တာကတော့ အလွန်ကို မသင့်တော်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မည်သို့ သော အကြောင်းပြချက်နှင့်မျှ မဆောင်ရွက်သင့်သော
လုပ်ရပ်ဖြစ်ပါတယ်။ဒီဓါတ်ပုံနဲ့  ဒီလုပ်ရပ်အတွက် ဓါတ်ပုံရိုက်သူကိုရော ဓါတ်ပုံထဲပါဝင်သူများ အားလုံးကို အထူး ရှုတ်ချလိုက်ပါတယ်။
သူတို့တစ်တွေက ၊ သည်လို မှတ်ချက်ပေးခဲ့ကြတယ် -
Immortal: မင်းမော်ကွန်း ရဲ့ လုပ်ရပ်ဟာ ပြည်သူ တရပ်လုံးကို စော်ကားတဲ့လုပ်ရပ် တခုဖြစ်တယ်.. ဒီအတွက် ပြည်သူကို တောင်းပန်ရလိမ့်မယ်... ပြည်သူတွေက ဒဏ်ခတ်တာကို ခံထိုက်တယ်.. အားလုံးရှူတ်ချကြ..
2 Aug 09, 21:22
sanmin: မင်းမော်ကွန်း , to study , what is Buddhism,,,,websites,,http://www.dhammadownload.com/ ; ,http://www.shweparami.net/ ; http://www.dhammaweb.net/
2 Aug 09, 09:10
ဒီမိုဝေယံ: သာသနာတော်ညှိုးနွမ်းအောင်လုပ်တာ၊ နအဖ အကြိုက် ကြော်ငြာ ပေးနေတာလား၊ လုပ်ရပ်တွေ ကတော်တော်လွန်နေပြီ။
2 Aug 09, 09:09
sanmin: pls let me know, details about this photo... http://www.niknayman-niknayman.co.cc/2009/08/blog-post_01.html
2 Aug 09, 06:47
လင်းသစ်: သာသနာတော်ညှိုးနွမ်းအောင်လုပ်ရက်တယ်ဗျာ
2 Aug 09, 06:10
complicated: ဘယ်တော့မှ အားမပေးတော့ဘူး မင်းမော်ကွန်းကို ။အရှက်မရှိတဲ့အကောင်တွေ ။သူတို့မို့လို့ လုပ်ရက်တယ် ။ တော်တော်ဝမ်းနည်းစရာကောင်းတယ် ။
2 Aug 09, 03:18
Zwe: ဒီလိုဆိုးရွားတဲ့လုပ်ရပ်တွေအတွက် တောင်းပန်လို့ လည်း မရတော့ပါဘူး။ သရုပ်ဆောင်ထားတာကိုက စိတ်ပါလက်ပါဖြစ်နေတာ စက်ဆုတ်စရာပါဘဲ။ တခုဘဲပြောချင်တယ် ဘာဘဲဖြစ်ဖြစ် သူတို့ ကိုယ်စားပြုတာက နအဖကဖန်တီးတဲ့ အတုအယောက်သင်္ကန်းဝတ်တွေလို့ ဘဲ ပရိတ်သတ်က ဘာသာပြန်မှာသေချာပါတယ်။ ဘ၀ပျက်ပြီလို့ သာ မှတ်လိုက်ကြပေတော့။
2 Aug 09, 03:09
Zwe: နအဖ ဆိုတာ အမြဲမရှိပါဘူး။ ပရိတ်သတ်ကသာ အမြဲရှိနေမှာပါ။
2 Aug 09, 03:08
Zwe: သရုပ်ဆောင်တွေ ဂီတပညာရှင်တွေ စာရေးစရာတွေ စတဲ့ အနုပညာရှင်တွေရဲ့ အသက်ဟာ ပရိတ်သတ်ဘဲဆိုတာ သိဖို့ လိုပြီပေါ့ ။
2 Aug 09, 03:03
Zwe: ရန်ကုန်သားဆဲတာ နဲတောင်နဲသေးတယ်။ ဆဲရုံနဲ့ တော့ မလုံလောက်ဘူး။ သူတို့ က နအဖကသတ်လို့ နာမည်သေမှာကြောက်သလောက် ပရိတ်သတ်ပြည်သူတွေဒဏ်ခတ်မှာကို ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိးပဲ။
2 Aug 09, 01:07
phyowai: http://www.niknayman-niknayman.co.cc/2009/08/blog-post_01.html သံဃာတော်တွေရဲ့  ဂုဏ်သိက္ခာများ ညှိုးနွမ်းစေရန် လုပ်ကြံဇာတ်လမ်းတွေ ဖန်တီးတာ ငရဲပြည် Visa ကျထားတဲ့ကောင်တွေ ကိုနစ်ရေ.. ဘယ်လောက် ပိုက်ဆံရရ မလုပ်သင့်ဖူးဗျာat 9:42 PM
ရည်ညွှန်းချက်များ-
၁ ။ General Aung San ပေးပို့သော အီးမေးလ် ။
၂ ။ http://www.niknayman-niknayman.co.cc/2009/08/blog-post_01.html
Thursday, July 2, 2009
အကောင်းမြင်ဝါဒီသမား နှင့် အဆိုးမြင်ဝါဒီသမား
ရေးသားသူ — အောင်ခိုင်
အကောင်းမြင်ဝါဒီသမားဆိုသည်မှာ အပြုသဘောဆောင်ပြီး အကြောင်းတရား၊အကျိုးတရားတို့ ဆင်ခြင်သုံးသပ်ကာ မျှမျှတတ တွေးခေါ်တတ်သော သူမျိုးဖြစ်သည်။“ဖြစ်သမျှအကြောင်းအကောင်းချည်းပဲကွာ”ဟုပေါ့ပေါ့တန်တန် တွေးတတ်သောသူများလည်း မဟုတ်ပါ။မှန်ကန်သောအတွေးအခေါ်၊အလေ့အကျင့်တို့ဖြင့်တည်ဆောက်ထားပြီး လူတစ်ယောက် လျှောက်လှမ်းနိုင်အောင်ကူညီလမ်းပြပေးသူ၊ကိုယ်ချင်းစာ နားလည်ပေးတတ်သူ စိတ်ထားမြင့်မြတ်သူ မျိုးကိုဆိုလိုသည်။
အဆိုးမြင်ဝါဒီသမား ဆိုသည်မှာ
အပျက်သဘောကိုဆောင်ပြီးအကြောင်းတရား၊အကျိုးတရားတို့ ကောင်းစွာမဆင်ခြင်မသုံးသပ်ပဲ ငါ့အကျိုး၊ငါ့နာမည်၊ငါစွဲ အလင်္ကာ အတွင်တွင်သုံးသော သူမျိုးဖြစ်သည်။မမှန်ကန်သောအတွေးအခေါ် အလိုလောဘရ မ္တက်တို့ဖြင့် သန္ဓေတည်ကာ
လူတစ်ယောက် လျှောက်လှမ်းနိုင်အောင်ကူညီမပေးပဲ လူတတ်ကြီးဝင်လုပ်၍ နေရာဝင်ယူလိုသူ၊ အများတိုးတက်ရာ တိုးတက်ကြောင်းကို မနာလိုပြီး အမြဲဖျက်ဆီးရန် ကြံစည်တတ်သူ ၊ကိုယ်ချင်းမစာပဲ နေရာတကာ ဘုနဲ့ဘောက် အပြစ်တင်ပြောဆိုတတ်သူ မျိုးကို ဆိုလိုသည်။
အကောင်းမြင်တတ်ခြင်း၊အဆိုးမြင်တတ်ခြင်း တို့သည် မိမိ ပင်ကိုယ်ဗီဇ၊နေထိုင်ရှင်သန်ရာ ပတ်ဝန်းကျင်၊ဆရာသမား မိဘ တို့၏ သွန်သင်ဆုံးမမှု့ပေါ်တွင် မူတည် နေတတ်သည်။သင်တို့ အိမ်ကို သူခိုးတစ်ယောက်က ၀င်ခိုး သွားသည်ဆိုပါစို့။ဒါဆို သင့်အဖေက “မင်းတို့ တခါးသေချာအောင်မှ မပိတ်တာ။ဆောက်သွားတဲ့ ကန်ထရိုက်က ဘယ်လိုဆောက်သွားတာလဲ မသိဘူး....တောက်... ..ကွာ ..ပိုက်ဆံမှ မရှိပါဘူးဆိုမှ” လို့ပြောမလား??“သူခိုးဆိုတာတော့ ရှာကြံပြီးဝင်မှာပဲလေ...ကန်ထရိုက်ကို ပြန်ပြင်ခိုင်းဦးမှပဲ...ရှိစုမဲ့စုလေးတော့ပါသွားပါပြီကွာ....လို့ပြောမလား”??
သင့်ဇနီးအတွက် ပန်းစည်းလက်ဆောင် အလုပ်က၀ယ်ပြီးပြန်လာတယ်ဆိုပါစို့
အကောင်းမြင်ဝါဒီ ဇနီးက “သြော် သူ ငါ့အတွက် ပန်းတွေ သတိတရ ၀ယ်လာပေးတယ်” ချစ်လိုက်တာ မောင်ရယ်....လို့တွေးပါမယ်။
အဆိုးမြင်ဝါဒီ ဇနီးက ကြည့်စမ်း ဘာမဟုတ်တာတွေ လုပ်လာခဲ့လို့ ဘာလာချော့တာလည်း မသိဘူး။အကောင်းမြင်သမားက ၀မ်းသာစရာ ကိုတွေးလိုက်ချိန်မှာ မကောင်းမြင်ဝါဒီ ဇနီးကတော့ မကောင်းတာနဲ့ စိတ်ညစ်စရာကို ရှာကြံပြီးတွေးလိုက်ပါတယ်။
သင်အလုပ်ပြုတ်လာတယ်ဆိုပါစို့
အကောင်းမြင်ဝါဒီ သမားက “အင်း လတ်တလော အလုပ်မရှိပြန်ဘူး။ဒါပေမဲ့ တော်ပါသေးရဲ့ သူငယ်ချင်းကောင်းတွေက
နားလည်မှု့ရှိပြီးအားပေးတယ်။ အိမ်ကလည်း သူဟာနဲ့သူ အဆင်ပြေနေတာပဲ....။အဆိုးမြင်ဝါဒသမားများကတော့ “အလုပ်က ပြုတ်ပြန်ပြီကွာ...ဟိုကောင် ချွှန်တွန်းလုပ်တာပဲနေမှာ။ သူငယ်ချင်းတွေဆိုတာလည်း
အာ ပါကွာ..အလကားကောင်တွေ။ အိမ်ကလည်း ပိုက်ဆံ ပူဦးတော့မယ်...ဟာ...”လို့ပြောပါမယ်။
အကောင်းမြင်ဝါဒီ သမားက ဘ၀ရဲ့အဆင်မပြေမှု့တစ်ခုကြုံရတိုင်း အဆိုးတွေထဲက အကောင်းကို ရသလောက် ဆွဲထုတ်ကာ အကောင်းမြင်နိုင်အောင် ကြည့်လေ့ရှိပါတယ်။
အဆိုးမြင်ဝါဒသမားများကတော့ ဘ၀ရဲ့အဆင်မပြေမှု့တစ်ခုကြုံရတိုင်း သူများတကာကို ပြစ်တင်ပြောလေ့ရှိပါတယ်။
အကောင်းမြင်တတ်ခြင်းဟာ ပြသနာတစ်ခုရဲ့ ပြေလည်ရာပြေလည်ကြောင်း လမ်းစတစ်ခုလည်းဖြစ်ပါတယ်။
အကောင်းမြင်တတ်ခြင်း အလေ့အကျင့်ကြောင့် တဖြည်းဖြည်း စဉ်းစားတွေးခေါ်ပုံ ပိုပြီးသဘာဝကျလာတယ်။
လူနေမှု့ပုံစံ ရင့်ကျက်လာပါတယ်။ဘ၀မှာတန်ဖိုးထားရမဲ့ အရာဟာ မိမိဂုဏ်သိက္ခာ ဆိုတာကို နားလည်လာပါတယ်။
အဆိုးမြင်ဝါဒသမားများကတော့ သူတို့ ပြသနာတစ်ခုကို မှန်ကန်စွာဆုံးဖြတ်နိုင်ခြင်း မရှိတော့ပဲ
အဆိုးမြင်တာကိုမှ သဘာဝကျနေတတ်ပါတယ်။ဒါဟာအမှန်ပဲလို့ ထင်နေတတ်ကြပါတယ်။
အဆိုးချည်းရှာတွေးတတ်တဲ့အကျင့်ကြောင့် အမြဲတမ်းစိတ်ရှုတ်နေတတ်ပါတယ်။ပြီးတော့ လူအများနဲ့ ပေါင်းသင်းဆက်ဆံရေး
မှာလည်း မပြေလည်တော့ မြင်သမျှတွေ့သမျှကို ဘုနဲ့ဘောက်သာ တွေးပါတော့တယ်။သူများ အဆင်ပြေနေတာ၊ကြီးပွားနေတာ၊ပျော်ရွှင်နေတာတွေ့ရင် မနာလိုဝန်တိုပြီး အမြဲ စောင်းမြောင်း ပြောလေ့ရှိကြပါတယ်။ထိုအပြုအမှု့များဟာ စိတ်ဓာတ်အဆင့်အတန်းနိမ့်ပါးသည့် လူ့ဗလာတို့၏ အမှု့အလေ့အကျင့်သာဖြစ်ပါသည်။ထိုလှူဗလာများထံမှ ယုတ်ညံ့သောအပြုအမူများ မိမိသန္ဓေအတွင်းသို့ ကူးစက်ပျံနှံမလာစေရန် သတိယှဉ်၍ နှလုံးသွင်းတတ်ဖို့လိုပါသည်။ လှူဗလာများထံမှ အဆိုးတရားများ မိမိသန္ဓေအတွင်းရှိ ရှိရင်းစွဲ အကောင်းတရားများကို ဖျက်ဆီးနိုင်ခွင့် မပေးရန် လိုပါသည်။
အဆိုးမြင်ဝါဒသမားများဟာ သာသနာပြု၊ နိုင်ငံအကျိုးပြု လူ့အသင်းအဖွဲ့အစည်း များတွင်ပါဝင်နေပါက ထိုအဖွဲ့အစည်းအတွင်းရှိနေသော လူသားများ၏ ထိန်းကျောင်းနိုင်မှု့က အရေးကြီးလှသည်။လူ့ဘောင်၏ မလိုလားအပ်သော အကြမ်းဖက်မှု့၊ အဆိုးတရား၊ အယုတ်တရားမှန်သမျှအသိအလိမ္မာကင်းမဲ့သော ထိုသူတို့ကြောင့်ဖြစ်ရသည်။
မိုးကောင်းတိုက်ဒေးဝန်းဆရာတော်ဘုရားကြီးက “ဗုဒ္ဓဘာသာဝင်အများစုရှိသောလူ့အဖွဲ့အစည်း၌ ဗုဒ္ဓ၏အဆုံးအမများကိုသိရှိအောင်မကြိုးပမ်းသူများ၊သိရှိသည်တိုင် (သို့) သင်ကြားပြသသည့်တိုင် လိုက်နာဆောင်ရွက်ခြင်းမရှိသူများ ကြောင့်သာ ဘေးအန္တရယ်များ၊အဆိုးတရားများ ဖြစ်ပေါ်လာရတယ်။လူတစ်ဦးတစ်ယောက် အသိအလိမ္မာ ညဏ်ပညာကင်းမဲ့ခြင်းဟာ သူ့အတွက်သာမက သူ့မိသားစု၊သူ့မြို့သူ့ရွာ၊သူ့နိုင်ငံ အတွက် အကျိုးယုတ်စေနိုင်တယ်။လောက၌ ပျက်စီးရာပျက်စီးကြောင်း အန္တရာယ်ဟူသမျှ ပညာမတတ်သူ လူမိုက်ကြောင့်သာ ဖြစ်ရတယ်”ဟုဆရာတော်ကြီးက မိန့်ဆိုထားဖူးသည်။
ဦးလေး လည်း အကောင်းမြင်တတ်ချင်ရင် အကောင်းမြင်တတ်လာအောင် လေ့ကျင့်ယူ လို့ရပါတယ်။အဆိုးမြင်တတ်ခြင်းဟာလည်း ပြင်ယူမယ်ဆိုရင် ပြင်ယူလို့ ရနိုင်ကြောင်းပါ လို့ပြောပါရစေ ခင်ဗျာ
အဆိုးမြင်ဝါဒသမားများနှင့်တွေ့ဆုံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။
Sunday, May 24, 2009
ခြောင်းကြည့်သူရဲ့ အမှား (အမှတ် ၁၆)
ရေးသားသူ — ကိုကြီးပေါ်
ဒီတပတ်တော့ ရွှေပြည်တော်ကြီးကို ဟိုချောင်ဒီချောင်ကနေ ခြောင်းကြည့်နေသူ ကိုကြီးပေါ်ရဲ့ အင်တာနက် မှန်ပြောင်းက `ပဉ္စလက်မှန်ပြောင်း´ဘ၀ကို ချက်ချင်း ပြောင်းသွားပုံ ရတယ် ခင်ဗျ။ အကြောင်းကတော့ မြင် တွေ့ ကြား သိ ရသမျှတွေက ဖြစ်ရိုးဖြစ်စဉ်တွေ မဟုတ်ဘဲ အလွန်ကို အဆန်းတကြယ် နိုင်လွန်းလို့ ဖြစ်ပါတယ်။ ရွှေပြည်တော်ကြီးမှာ ဆန်းဆန်းပြားပြားတွေ ဖြစ်တတ်တာ, ဖြစ်သမျှကိုလည်း ယုံကြည်တတ်တာ ဆိုတာမျိုးကတော့ သိပ်ထူးတဲ့ ကိစ္စ မဟုတ်ပါဘူး။ သို့သော်လည်း အစရှာတော့လည်း ဆန်းပြား၊ အဆုံးရှာတော့လည်း ရှုပ်ထွေး ဆိုတဲ့ ဒီဇာတ်လမ်းကတော့ … ပုဂံရာဇ၀င် တုတ်ထမ်းပြောရတဲ့ ကိန်းထက် ပိုသာနေပါတော့တယ်။
ယက်တောလုပ်ကြံမှု
အဟမ်း…။ မြန်မာအစကို တကောင်းက စရရင် ကောင်းမလား၊ ကျောက်ဆည်က စရရင် ကောင်းမလား၊ ကမ္ဘာဦးတည်စ မဟာသမ္မတမင်းက စရရင် ကောင်းမလား။ အဲသလိုပါပဲ ဒီဇာတ်လမ်းကိုလည်း ဘယ်က စရပါ့မလဲ။ မြန်မာအစက ရှာလို့ တွေ့နိုင်သေးရဲ့။ ယက်တော အစကတော့ ဘုရားသခင်တောင် မျက်စိလည်လောက်ပေရဲ့။
ကြည့်လေ။ ယက်တော ပေါ်လာပုံက ကောင်းကင်က ကျလာတဲ့ တမန်တော်လိုလို၊ ဟိမ၀န္တာက ကြွလာတဲ့ ၀ိဇ္ဇာဓိုရ်လိုလို ဘွားခနဲ ဥုံဖွဆို မဟုတ်လား။ မှန်တာ မမှန်တာ ခဏထား။ ဇာတ်လမ်းပေါ်ရုံ ကောက်ကြောင်းဆွဲ ကြည့်တော့ ဒီလို ရပါတယ်။
ဂျွန် ၀ီလျံ ယက်တော ဆိုသူ အမေရိကန် နိုင်ငံသားတဦး ရွှေပြည်တော်ကြီးကို ရောက်လာတယ်။ သူက မေလ ၃ ရက်နေ့ညမှာ အင်းလျားကန်ကို ဖြတ်ကူးပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲကို ခိုးဝင်တယ်။ သူ့ကို ဒေါ်စုတို့က တွေ့တော့ ပြန်ထွက်သွားဖို့ ပြောတယ်။ သူက မောနေလို့ ခဏနားပါရစေ ခွင့်တောင်းတယ်။ ဒေါ်စုက သူ့ကို နားခွင့်ပေးလိုက်တယ်။ ၄ ရက်နေ့ညမှာ သူ ပြန်မထွက်ဖြစ်ဘဲ ၅ ရက်နေ့ညမှာ ပြန်ထွက်သွားတယ်။ အဲဒီည ၆ ရက်နေ့ဖက် ရောက်ပြီး လင်းအားကြီးမှာ ရေကူးနေတဲ့ သူ့ကို နအဖက ဖမ်းမိတယ်။
ဖြစ်စဉ်က ဒါပါပဲ။ ဒီဖြစ်စဉ်ကို အကြောင်းပြုပြီး နအဖက ဒေါ်စုအပေါ် တရားစွဲတယ်။ စွဲပုံက ဒေါ်စုအပေါ် အရေးယူ ကန့်သတ်ထားတဲ့ ဥပဒေကို ဒေါ်စုက ချိုးဖောက်တယ်တဲ့။ `၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂´ အရ ဆိုပဲ။ ဒေါ်စုကို ကူညီစောင့်ရှောက်နေထိုင်တဲ့ ဒေါ်ခင်ခင်ဝင်း နဲ့ သမီး မ၀င်းမမ တို့ကိုလည်း အားပေးမှုနဲ့ တရားစွဲတယ်။ ယက်တောကိုလည်း တရားစွဲတယ်။
ဒီကိစ္စ ဘွားခနဲ ဖြစ်လာတော့ ပြည်တွင်းပြည်ပ တကမ္ဘာလုံး အုံးခနဲ ဖြစ်ကြတော့တာပဲ။ ဒါ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချဖို့ အကောက်ကြံတာလို့ အားလုံးက သတ်မှတ်လိုက်ကြပါတယ်။ ဖိအားဆိုတဲ့ စကားလုံးမုန်တိုင်းတွေလည်း နာဂစ်လောက်ကြီးကို တိုက်တော့တာပါပဲ။
ကိုကြီးပေါ်က ရှုပ်ရှုပ်ထွေးထွေး လေးလေးနက်နက် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ် စဉ်းစားတတ်သူ မဟုတ်တော့ ကလေးများ မုန့်ဝေသလို ပြဿနာကို သုံးပုံ ခွဲဝေကြည့်မိပါတယ်။ တစ်က - ယက်တောရဲ့ ဇနကပုံပြင်။ နှစ်က - တရားရုံး ပြဇာတ်။ သုံးက - နိုင်ငံရေး စီးချင်းထိုးပွဲ။
ကိုကြီးပေါ် အထင်ပြောရရင် ယက်တောက မြန်မာ့အကြောင်း စိတ်ဝင်တစား လေ့လာရာက မဟာဇနကဇာတ်ကို ဖတ်မိလိုက်ပုံ ရပါတယ်။ ပင်လယ်ပြင်မှာ လက်ပစ်ကူးတဲ့ ဇနကမင်းသားကို မဏိမေခလာ နတ်သမီးက ကယ်လိုက်တယ် မဟုတ်လား။ ခုလည်း အင်းလျားကန်ကို လက်ပစ်ကူးတဲ့ ဒီငနဲကို ဒေါ်စု ကယ်လိုက်ရပုံပါပဲ။ ဒေါ်စုက ပြောတယ်လေ။ သူ့ကြောင့် လူတယောက် ထောင်ကျတာ မမြင်ချင်ဘူးတဲ့။ အဲ မေခလာ မဟုတ်တဲ့ ဒေါ်စု ခမျာမှာတော့ ထောင်မကျစေချင်လို့ ကယ်မိကာမှ သူပါ ထောင်ကျခံရမယ့်ကိန်း ဆိုက်သွားပါတော့တယ်။
`အင်းလျားကန် အတွင်း၌ မသင်္ကာဖွယ် နိုင်ငံခြားသားတဦးသည် ငါးလီတာဝင် ရေသန့်ဗူး အကူအညီဖြင့် ရေကူးခပ်နေကြောင်း…´ ဆိုတဲ့ နအဖ သတင်းစာပါ အရေးအသားကို တွေ့တော့ ကိုကြီးပေါ်ဖြင့် `အလောင်းစည်သူမင်းကြီးသည် ဇမ္ဗူဒိတ်ကျွန်းအား ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်တော် မူသောအခါ…´ ဆိုတဲ့ ရာဇ၀င်ထဲက အရေးအသားကို ပြေးမြင်မိပါရဲ့။
ယက်တော တယောက် ရေကူးတယ်ပဲ ဆိုဆို၊ ရေပေါ်က လမ်းလျှောက်လာတယ်ပဲ ပြောပြော၊ လှေနဲ့လာလာ၊ ခြေလျင်လာလာ၊ မြေလျှိုးလာလာ အဲဒီလုပ်ရပ်ဟာ ဘယ်တော့မှ အမှန်ပေါ်လာမယ်လို့ ကိုကြီးပေါ်တော့ မထင်မိပါဘူး။ တကယ် ရေကူးလာတာပါ ဆိုရင်လည်း ကိုကြီးပေါ်ကတော့ `ကူးပြပါ´လို့ပဲ တောင်းဆိုချင်ပါတယ်။ အမှုအခင်းတွေမှာ တရာခံက သူ ဘယ်လိုလုပ်ခဲ့ကြောင်း နမူနာ ပြန်လုပ်ပြရတာ ရှိတယ် မဟုတ်လား။ ခုလည်း ပြန်လုပ်ပြခိုင်းပေါ့။ အဲ တခုတော့ ရှိတယ်။ ခဏတော့ စောင့်ဦး။ တော်ကြာ ရေကူးရင်း သေသွားလို့ သက်သေ ပျောက်သွားမှ အခက်။
ဖြစ်စဉ်က ဆန်းဆန်း၊ ဇာတ်ကွက်ကလည်း မစုံသေးတော့ ယက်တောပုံပြင်ကို ဖတ်ရတာ ကုလားကား ကြားဖြတ် ကြည့်ရသလိုပါပဲ။ ထွက်ပေါ်လာတဲ့ ယက်တော အကြောင်းတွေကလည်း ၀ိုးတို့ဝါးတား။ ဇနီး နှစ်ယောက်ရဲ့ အပြောမှာကိုပဲ တယောက်တမျိုး။ ဇနီးဟောင်းက စိမ်းကားတတ်သူလို့ ဆိုတယ်။ လက်ရှိ ဇနီးက နူးညံ့သူလို့ ဆိုတယ်။ ဆီးချို ရှိတယ်လည်း ပြောတယ်။ ကျန်းမာရေး မဆိုးပါဘူးလို့လည်း ပြောတယ်။ မအေလုပ်သူကတော့ ဒီကောင် စိတ်သိပ်မမှန်ဘူးလို့ ပြောလိုက်သလားပဲ။
တရားခွင်မှာ ယက်တော ကိုယ်တိုင်ပြောတဲ့ စကားအရကတော့ … သူ့အာရုံထဲမှာ ဒေါ်အောင်ဆန်းစုကြည် အန္တရာယ် ကျရောက်မှာ မြင်လို့ လာသတိပေးတာ … ဆိုပဲ။ ဒီစကားသေချာရင် ယက်တောတော့ ပွတာပဲ။ ရွှေပြည်တော်ကြီးမှာ ဒီလို အာရုံရသူတွေကို ရှိခိုး ကိုးကွယ်ချင်သူတွေ မနည်းမနောရယ်။ ဒီစကားကို ဗိုလ်ချုပ်မင်းကြီးများ ကြားသိလို့ကတော့ ခုချက်ချင်း မင်းဆရာ ဘိုးတော်ဖြစ်ပြီသာ မှတ်။ တခုတော့ သတိထား။ သူတို့ အကြောင်းကိုတော့ အာရုံရတဲ့အတိုင်း မပြောလေနဲ့။
ချုပ်လိုက်ရင်တော့ ယက်တောရဲ့ ဇနကပုံပြင်က မောင်ပေါက်ကျိုင်းပုံပြင်ထက် စိတ်ဝင်စားဖွယ် ကောင်းမှာပါ။ တယောက်တပေါက် ဆိုသလို ဇာတ်ကွက်ဇာတ်လမ်း ဖြည့်လိုက ဖြည့်နိုင်သေးတယ်။ စိတ်ကြိုက်သာ ဖြည့်။ ဘယ်သူမှန်သလဲ အဖြေ မတိုက်နဲ့။ ဘယ်သူမှ မမှန်သလို ဘယ်တော့မှလည်း အမှန်ပေါ်မှာ မဟုတ်။ ရွှေပြည်တော်မှာ နိုင်ငံရေး လုပ်ကြံမှုတွေ ဖြစ်တိုင်း ဇာတ်လမ်းအမှန် ဘယ်တော့မှ မပေါ်တာလည်း သာဓကတွေ အပြည့်။
နောက်တခုကတော့ `တရားရုံးပြဇာတ်´ပါ။ ရွှေပြည်တော်မှာ ဥပဒေတို့ တရားရုံးတို့ ဆိုတာက ဆမူဆာနဲ့ ဘယာကြော်လိုပါပဲ။ အထဲမှာ ဘာအဆာထည့်ထည့် သုံးထောင့်ချွန်းရင် ဆမူဆာ။ ပဲကို ပြားကြော်ကြော် လုံးကြော်ကြော် ကျက်သွားရင် ဘယာကြော်ပဲ။ ဒေါ်စုကို အကျယ်ချုပ်ချထားတာကိုက ဥပဒေနဲ့ ညီတာ မဟုတ်။ ပြီးတော့ ဒီဥပဒေက တရားရုံး ကျင့်သုံးပိုင်ခွင့်ရှိတဲ့ ဥပဒေ ဟုတ်မဟုတ်လည်း မသေချာ။
ပြီးတော့ ယက်တောက ၂၀၀၈ နိုဝင်ဘာ ၃၀ မှာ ဒီလိုပဲ ခြံထဲဝင်ခဲ့တယ် ဆိုပဲ။ ဒီကိစ္စကို ဒေါ်စုက ဒေါက်တာ တင်မျိုးဝင်းကို ပြော၊ သူကတခါ နအဖကို ပြော၊ နအဖက သတင်းကို လက်စဖျောက်ပြီး သိမ်း။ အခုကျမှ အဲဒီတုန်းက ကိစ္စကိုပါ အမှုတွဲမှာ ပြန်ဖော်ပြ။ ဆိုတော့ အရင်တခါတုန်းက ဇာတ်ကွက်မှားသွားလို့ ခုတခါ ပြန်ကတာလို့ပဲ မှတ်ရတော့မှာပါပဲ။
ဒီကိစ္စမှာ ဒေါ်စုကို တရားစွဲမယ်ဆိုရင်၊ အရင် ဦးစွာ လုံခြုံရေး တာဝန်ရှိသူတွေကို အရေးယူသင့်တာပေါ့။ ပြည်ထဲရေးဝန်ကြီး ကစပြီး လုံခြုံရေးဝန်ထမ်း အားလုံးကို ထောင်ထဲ အရင်ပို့သင့်တာပေါ့။ စည်းကို လုံအောင် မစောင့်သူတွေ မဟုတ်လား။ အရေးယူရမှာပေါ့။ အကယ်၍ ယက်တောက ဒေါ်စု ခြံထဲ မရောက်ဘဲ ဟိုတဖက်က ဒေါ်စန္ဒာဝင်းခြံထဲ ရောက်သွားရင် ဘယ့်နှယ်လုပ်ကြမလဲ။ ဗိုလ်ချုပ်မင်းကြီး ခြံထဲ ရောက်သွားခဲ့ရင်ကော။ အကယ်၍ ယက်တောက လုပ်ကြံသတ်ဖြတ်လိုက်လို့ ဒေါ်စု သေသွားခဲ့ပြီ ဆိုပါစို့။ ဘယ်သူ့ကို တရားစွဲမလဲ။ ကလေးတယောက်တောင် အလွယ်တကူ သိမြင်နိုင်တဲ့ ကိစ္စကတော့ စည်းပေါက်တဲ့ တာဝန်ဟာ နအဖမှာပဲ ရှိတယ် ဆိုတာပါ။
ခုတော့ဖြင့် နိုင်ငံတော်ကို ကာကွယ်နေတဲ့ တပ်မတော်ကြီးက ရေကန်ကလေး တခု ခြံစည်းရိုးလေး တခုကိုတောင် လုံအောင် မကာကွယ်နိုင်ဘူး ဆိုတော့…။
ဒေါ်စုက ဥပဒေ ချိုးဖောက်တယ် ဆိုရင် အရေးယူရမှာ အတော်ကြာခဲ့ပါပြီ။ ဒေါ်စုကို အရေးယူထားပြီး မတွေ့ရဘူးလို့ ကန့်သတ်ထားတဲ့ နိုင်ငံရေးသမားတွေ, သံတမန်တွေနဲ့ အကြိမ်ကြိမ် တွေ့စဉ်ကတည်းက အရေးယူသင့်တာပေါ့။ ခြံပြင်ထွက်တာလည်း အကြိမ်ကြိမ်ပဲ။ အဲသည့်ကတည်းက အရေးယူပေါ့။ အဲဒါတွေကျတော့ ဥပဒေ ချိုးဖောက်တာ မဟုတ်ဘူးတဲ့လား။
တရားရုံးပြဇာတ်ကတော့ ကြပ်ပြေးကလာတဲ့ ဇာတ်ညွှန်းအတိုင်း ဆက်လက် ကပြမှာပါ။ ငွေရောင် ပိတ်ကားပေါ်မှာ ဆက်လက် ရှုစားတော်မူကြပါ။ တစွန်းတစ ပေါ်လာတဲ့ ယက်တောရဲ့ စကားတွေအရ သူဟာ ရူးကြောင်မူးကြောင် တကောင် ဖြစ်ကြောင်း ပြသနေပါတယ်။ စာအုပ်တွေရော ၀တ်ရုံတွေရော အာရုံတွေရော အစုံပါပဲ။ ဒီတော့ ၀င်လာသူအတွက် လွတ်လမ်းဖော်ပြီးသား ဆိုတာ ထင်ရှားပါတယ်။
လောလောဆယ်မှာတော့ နအဖနဲ့ နိုင်ငံတကာနဲ့ နိုင်ငံရေး စီးချင်းထိုးပွဲ စတင်နေပါပြီ။ တကမ္ဘာလုံးနဲ့ တယောက် အပြိုင်ကြဲကြတဲ့ ပွဲကြီးပွဲကောင်းပါပဲ။ နိုင်ငံတကာက သံတမန်လေသံနဲ့ ပြောရာမှာ ဖြစ်စဉ်နဲ့ တရားရုံးကို အယုံအကြည် မရှိကြောင်း ပြသထားပါတယ်။
ဒီမိုသမားတွေက ဒီကိစ္စဟာ ယက်တောနဲ့ နအဖ ပူးပေါင်း ကြံစည်တာလို့ စွပ်စွဲကြပါတယ်။ နအဖက ကျတော့ ဒါဟာ ပြည်ပအတိုက်အခံတွေက ယက်တောကို ခိုင်းလိုက်တာလို့ ပြန်စွပ်စွဲပါတယ်။ ကဲ ဘယ်သူ မှန်သလဲ။
လွန်ခဲ့တဲ့ ခြောက်နှစ်၊ ဒီပဲယင်းလုပ်ကြံမှုမှာ ဒေါ်စုကို နအဖက ထိန်းသိမ်းလိုက်တယ်။ နိုင်ငံတကာက ထုံးစံအတိုင်း ၀ိုင်းအော်ကြပေမယ့် ဖြစ်စဉ်ဖြစ်ရပ်ကို အတိအကျ ရုပ်လုံးပေါ်ဖို့ အချိန်ယူနေကြရတယ်။ တိုက်ခိုက်ခံရသူတွေဟာ ဒေါ်စုအပါအ၀င် လူအများ ဖြစ်နေတယ်။ တိုက်ခိုက်သူတွေကလည်း သောကောရောကော ဖြစ်နေတယ်။ အဖွဲ့ချုပ် တခုလုံးနဲ့လည်း ဆိုင်နေလေတော့ လူထုအတွက် ဇဝေဇ၀ါ ဖြစ်နေခဲ့ရတယ်။
ယက်တောလုပ်ကြံမှုမှာတော့ ဒီပဲယင်းနဲ့ အားလုံး ပြောင်းပြန်ပါပဲ။ ဒေါ်စု တဦးတည်းကို ဦးတည်တိုက်ခိုက်တာ ဖြစ်တယ်။ ဖြစ်စဉ်ကို အချိန်ကိုက် သိနေရတယ်။ အကျယ်ချုပ်ချထားသူကို တရားရုံးပေါ် ခေါ်တင်လာရတယ်။ ဒီပဲယင်းတုန်းက လူထုနဲ့ ဝေးရာကို ခေါ်သွားတာ။ အခုတော့ လူထုထဲကို ပြန်ခေါ်လာရတာ။ ဒေါ်စု မသေတာ ကံကောင်းခဲ့သလို လူထုရှေ့ရောက်လာတာလည်း ကံကောင်းတာပါပဲ။ အင်း… ဒီလိုဆိုပြန်တော့ ယက်တောကို ရွှေချထားရ မလိုလို။
အချို့က ပြောတယ်။ နအဖကြီးက ဒေါ်စုကို လူတွေ အာရုံစိုက်လာအောင် လုပ်ပေးတာ ကျေးဇူးတင်သင့်တယ် တဲ့။ တချို့ကတော့ ဒီကိစ္စ မဖြစ်လည်း ဒေါ်စုကို လုံးဝ ပြန်လွှတ်မှာ မဟုတ်ဘူးတဲ့။ ခြောက်နှစ်ပြည့်လည်း မလွှတ်ပါဘူးတဲ့။ ၂၀၁၀ ကို မဖြစ်ဖြစ်အောင် လုပ်မှာမို့ ဒေါ်စုကို ဖမ်းထားမှာပဲတဲ့။ ဒေါ်စုဟာ သူတို့အတွက် မြွေပွေးတဲ့။ ဗြဟ္မာဦးခေါင်းတဲ့။ အဲသလို နအဖထက်တောင် တာပေါ်ရေကျော်သူတွေကလည်း ရှိသေးသဗျ။
ကိုကြီးပေါ်ကတော့ နအဖကိုလည်း မင်းတို့လုပ်တာလို့ မစွပ်စွဲချင်ပါဘူး။ ဒေါ်စု အရေး တကမ္ဘာလုံး လှုပ်ခတ်လာလို့လည်း ကျေးဇူး မတင်ချင်ပါဘူး။
နအဖဟာ အခုဆိုရင် အတော် ဗျာများနေတာပါ။ လုံခြုံရေးလုပ်ရ, စည်းရုံးရေးလုပ်ရ, သတင်းထုတ်ပြန်ရ, ဉာဏ်နီဉာဏ်နက်ထုတ်ရ, ယတြာချေရနဲ့ အတော် ရှုပ်နေတာပါ။ ဖြစ်စဉ်ဖြစ်ရပ်တွေ အားလုံးက နောက်ဆုံး နိုင်ငံရေးမှာ နိဂုံးချုပ်မယ်ဆိုတာ နအဖလည်း သိထားပြီးသားပါ။ နိုင်ငံတကာက ဘယ်လောက် ဖိအားပေးပေး နအဖက ပြားသွားမှာ မဟုတ်ပါဘူး။ အကြောက်ဆုံးကတော့ လူထုအုံကြွလာမှာကိုပါ။ လူထုက ဘယ်လောက် အထိ ထကြွမယ်ဆိုတာလည်း ဘယ်သူမှ ခန့်မှန်းနိုင်တာ မဟုတ်ပါဘူး။ ရွှေပြည်တော်ကြီးက ဖြစ်လိုက်ရင် ၀ရုန်းသုန်းကားချည်းပါ။ ဘာပဲဖြစ်ဖြစ် စီးချင်းထိုးပွဲကတော့ စနေပါပြီ။
ယက်တော စကား ခဏငှားပြောရရင် … ကိုကြီးပေါ် အာရုံမှာတော့ ဒီပွဲမှာ အရူးနှစ်ကောင်ကို ရန်တိုက်ပေးလိုက် ချင်တာပါပဲ။ ယက်တောဆိုတဲ့ အရူးကို အသုံးချဖို့ ကြိုးစားတဲ့ နအဖအရူးကို ယက်တောနဲ့ပဲ ပြန်ရန်တိုက်ပေးမှ ဒီအရူးဇာတ်လည်း မြန်မြန်လက်စသတ်မယ် ထင်ပါကြောင်း။
ကိုကြီးပေါ်
(ကာတွန်း ဟန်လေး ၏ လက်ရာများကို ဧရာဝတီ နှင့် သျှမ်းသံတော်ဆင့် တို့မှတဆင့် ကူးယူဖော်ပြပါသည်။)







