ရေးသားသူ — စိုးမိုးသူ
မေဒေး ရွှေ့ပြောင်းအလုပ်သမား ဆန္ဒပြပွဲ မစမီ နာရီဝက်အလို။
ဆန္ဒပြရာ နေရာမှာ ခင်းကျင်းပြသထားတာတွေ လှည့်ပတ်ကြည့်နေစဉ်မှာပေါ့။
ဘင်္ဂလားဒေရှ့် အသင်းက တီတူးက ၀မ်းသာအားရ အော်ခေါ်တယ်။
တီတူး။ စိုးမိုးသူ၊ လာလာ ဒီကိုလာ ၊ အ၀တ်ဟောင်းတွေ ရောင်းနေတယ်လေ၊
ရတဲ့ အလှူငွေကို ဘင်္ဂလားဒေရှ့်က ဆင်းရဲသားကလေးတွေ ပညာရေး ထောက်ပံ့တာလှူမလို့၊
မြန်မာသူငယ်ချင်းတွေပါ ခေါ်လာပြီး အားပေးဦး။
ကျနော်။ အားပေးရမှာပေါ့၊ ဒါနဲ့ ကျနော်တို့ မြန်မာသူငယ်ချင်းတွေက အခုလို တနင်္ဂနွေပိတ်ရက်ကလေးပဲ
ပြည်တွင်းလူမှုရေးလုပ်ငန်းတွေ အတွက် အစည်းအဝေးလုပ်ရတာမို့ မလာနိုင်ဘူးလေ။
တီတူး။ သြော်၊ မြန်မာသူငယ်ချင်းတွေ အများအကျိုးအတွက် သိပ်ကြိုးစားကြတယ်နော်။
ကျနော်။ ဟဲဟဲ
မကြာပါဘူး ရွှေ့ပြောင်းအလုပ်သမားသမဂ္ဂခေါင်းဆောင် နီပေါလူမျိုး အူးဒါယာက အားပါးတရ လက်ဆွဲ
နှုတ်ဆက်ပြန်ပါတယ်။
အူးဒါယာ။ ပြန်တွေ့ရတာ ၀မ်းသာတယ်၊ တို့တွေ ဒီလို အချိန်လေးမှာ စုစည်းကြရတာ၊
ဆန္ဒပြပွဲလာတဲ့ မြန်မာသူငယ်ချင်းတွေနဲ့ ငါ့ကို မိတ်ဆက်ပေးဦးလေ။
ကျနော်။ အာ၊ ငါတို့ ညီအကိုတွေက အခုလို တနင်္ဂနွေပိတ်ရက်ကလေးပဲ ကိုရီးယားစကားသင်တန်း
တို့ ဘာတို့ တက်ကြ လေ့လာကြရတာဆိုတော့ ဒီနေ့ မလာနိုင်ဘူးလေ။
အူးဒါယာ။ သြော်၊ မြန်မာသူငယ်ချင်းတွေက ပိတ်ရက်တောင် မနားကြပဲ စာ ကြိုးစားကြတယ်နော်။
ကျနော်။ ဟဲဟဲ
.............
အူးဒါယာရှေ့က သုတ်သုတ်လေး ထွက်ခဲ့ပြီး
လုပ်ငန်းခွင် လုံခြုံရေးဆိုင်ရာ သရုပ်ပြ ပညာပေး တဲရှေ့ အရောက်မှာ တာဝန်ခံ
ရှေ့နေက အားပါးတရ နှုတ်ဆက်ရင်း။
ရှေ့နေ။ စိုးမိုးသူ လာ လာ။ မြန်မာသူငယ်ချင်းတွေ ဘယ်မှာလဲ၊ အားလုံးကို ခေါ်ခဲ့ပါ၊
ဒီမှာ လုပ်ငန်းခွင် လုံခြုံရေးဆိုင်ရာ သရုပ်ပြ ပစ္စည်းတွေပေးချင်လို့၊
ကျနော်။ အာ၊ ကျနော်တို့ သူငယ်ချင်းတွေ ဒီနေ့ တနင်္ဂနွေပိတ်ရက်မှာလည်း
အလုပ်တွေ လုပ်နေရတယ်လေ၊ အဲဒါကြောင့် မလာနိုင်ကြဘူး။
ရှေ့နေ။ ဖြစ်မှဖြစ်ရလေ။ပိတ်ရက်တောင် အနားမရကြဘူး။
အဲဒါကြောင့် အလုပ်ရှင်တွေ လောဘကြီးလွန်းတယ်လို့ အပြစ်တင်နေကြတာ။
ခုလို နားရက်တောင် အနားမပေးပဲ အလုပ်ခိုင်းရတယ်လို့။ မြန်မာသူငယ်ချင်းတွေ တကယ့်ကို
ပင်ပန်းကြ တာဝန်ကျေကြပါပေတယ်။
ကျနော်။ ဟဲဟဲ
................
ဘာကြောင့်မှန်းမသိ ရှေ့ဆက် မသွားရဲသလိုဖြစ်လာတော့၊ ဆန္ဒပြပွဲစင်မြင့်နောက်သွားပြီး အစီအစဉ် စာရွက်ကို ကြည့်ပြီး လေ့ကျင့်နေလိုက်တယ်။
ဆန္ဒပြပွဲတလျှောက် နိုင်ငံတကာက လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ အလုပ်သမတွေ
တဖွဲဖွဲ စင်ပေါ်တက် မိမိတို့ ခံစားရတာတွေ ရဲရဲတောက် ပြောနေလိုက်ကြတာ အားရစရာကောင်းတယ်။
သူတို့တွေနဲ့အတူ ကြွေးကြော်သံတွေကို ဟစ်အော်ရင်း ဆန္ဒပြပွဲ ပြီးသွားတဲ့နောက် ရွှေ့ပြောင်းအလုပ်သ
မားတယောက် အပြုံးကလေးနဲ့ ကျနော့်ဆီ တည့်တည့် လျှောက်လာနေတာ တွေ့ရတယ်။
ဂစ်တာအိတ်ထဲ ဂစ်တာကို အတင်းထိုးထည့်ရင်း လစ်မလို့ လုပ်နေပေမယ့် မရတော့ဘူး၊ နောက်ကျသွားပြီ၊
ကျနော့်လက်ကို ဆွဲပြီး နှုတ်ဆက်ရင်း သူက ကျနော့်ကို
"အကို မြန်မာလား"တဲ့
ကျနော်ကလည်း
"ဟုတ်ပါ့၊ ညီလေးရာ၊ အကို မြန်မာပါကွာ၊ ၀မ်းသာလိုက်တာ ညီလေးရာ"လို့
သူ့ကို ပြန်ဖြေရင်း ကျနော်တို့ မြန်မာညီအကိုနှစ်ယောက် တဦးကို တဦး အဓိပ္ပါယ် အမျိုးမျိုး ပါတဲ့ အကြည့်တွေနဲ့ တဦးလက်ကို တဦး ကျစ်ကျစ်ပါအောင် ဆွဲကိုင် နှုတ်ဆက်လိုက်ကြပါတယ်။
သြော် အခုလို ရှားပါးလွန်းလို့ တို့မြန်မာကို ရွှေလို့ ခေါ်တာကိုး...
ဟာ ဒါနဲ့ သတိ===> ဒီဆောင်းပါးကို အခြားဘာသာသို့ လုံးဝ(လုံးဝ) မပြန်ဆိုရ။
No comments:
Post a Comment