Friday, April 12, 2013

အသိဥာဏ်မြင့်တဲ့ ပြည်သူတွေနေတဲ့ တိုင်းပြည်ပဲ တိုးတက်နိုင်မယ်

ရေးသားသူ — စိုးမိုးသူ

အခုလာမည့် တနင်္ဂနွေမှာ ကိုရီးယားရောက် မြန်မာများက သင်္ကြန်ပွဲကို ကျင်းပကြမှာဖြစ်ပါတယ်။

အမိမြေကို စွန့်ခွာ တိုင်းတပါးမှာ မိမိဘ၀အတွက် ရိုးသားကြိုးစားစွာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့
မြန်မာနိုင်ငံသားတွေအနေနဲ့ အခုလို အချိန်မှာ အမိမြေက သင်္ကြန်ပွဲကို လွမ်းဆွတ်တမ်းတလေ့ရှိကြတာမို့ ကိုရီးယားရောက် အသင်းအဖွဲ့တွေက အိပ်စိုက်၊ အချိန်စိုက်၊ အင်အားစိုက်ပြီး နှစ်စဉ် သင်္ကြန်ပွဲကို ခြိမ့်ခြိမ့် သဲသဲ ကျင်းပပေးလေ့ရှိပါတယ်။

အတွေ့အကြုံအရ နှစ်စဉ် သင်္ကြန်ပွဲ တနေကုန် ကျင်းပပြီးတဲ့နောက် တက်ရောက်လာသော  ရွှေပွဲလာ ပရိသတ် အပေါင်းထဲက တချို့သော ပုဂ္ဂိုလ်တွေက ပွဲတော် ကျင်းပတဲ့သူတွေအတွက် ချန်ထားပေးခဲ့ တာကတော့ မြောက်မြားစွာသော အမှိုက်တွေပါပဲ။

ပွဲပြီးတဲ့နောက် ပွဲကျင်းပသူတွေက လက်အိပ်အသီးသီးစွပ် အမှိုက်အိပ်ကိုယ်စီနဲ့ ဆေးလိပ်တို၊ ဘီယာခွံ၊ အရက်ပုလင်းခွံတွေကို မမောနိုင် မပန်းနိုင် ရှင်းလင်းပေးရတာကလည်း နှစ်စဉ် ကိုရီးယားရောက်
မြန်မာသင်္ကြန်ရဲ့ အကျည်းတန်လွန်းတဲ့ အဆုံးသတ် မြင်ကွင်းပါပဲ။

တချို့များ ပွဲကျင်းပသူတွေရဲ့ ကျေးဇူးကို အသိအမှတ်ပြုချင်လွန်းလို့ ထင်ပါရဲ့ နီရဲရဲ ကွမ်းတံတွေးတွေနဲ့ လမ်းပေါ်မှာ အမှတ်တရ ချယ်သ ရေးထိုးပေးခဲ့တာလည်း ရှိပါတယ်။


ပွဲကျင်းပသူတွေကတော့
ကိုယ်မွှေးတဲ့ မီး ကိုယ်ပြန်ငြိမ်းရမယ့် တာဝန်ကလည်း ရှိ၊
မြန်မာတွေ အဆင့်မရှိလုပ်ပြသွားတာကို ပွဲကျင်းပရာ အားကစားကွင်းကို အသုံးပြုကြတဲ့ ကိုရီးယားပြည်သူတွေ မမြင်မိအောင်နဲ့
တနေကုန် အပင်ပန်းခံလုပ်ထားတဲ့ ပွဲအပေါ် စေတနာအပျက်မခံချင်တာလည်း ပါတာမို့ မနှစ်သက်သော်လည်း ကုသိုလ်ရပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကို အတင်းအကြပ် နှစ်သိမ့်
အောင့်အီးပြီး နောက်ပိုင်း ရှင်းပေးနေနေကြရတာကလည်း အချင်းချင်းမို့ အသိဆုံးဖြစ်နေရပါတယ်။

ကဲ ဒီနှစ် သင်္ကြန်မှာကော ကျနော်တို့တွေ ဘာတွေ တိုးတက်လာပြီလဲ ကြည့်ကြရအောင်။
သေချာတာကတော့
အမှိုက်ကောက်ပေးတဲ့ သူတွေပဲ များလာမလား၊
အမှိုက်တွေစွန့်ပစ်သူပဲ နည်းပါးသွားမလား
၂ခုထဲက ၁ခုတော့ မြင်ရမယ် ထင်ပါတယ်။

တိုက်တွန်းပါတယ်ဗျာ။
"အသိဥာဏ်မြင့်တဲ့ ပြည်သူတွေနေတဲ့ တိုင်းပြည်ပဲ တိုးတက်နိုင်မယ်"ဆိုတဲ့ စကားကို ကျနော်တို့တွေ အသည်းထဲစွဲပြီး ကျင့်သုံးရအောင်။

တိုင်းပြည်အတွက်ဆိုပြီး အရိပ်မြင်ရာ ထိုးဟောင်၊ မယောင်ရာ ဆီလူးတတ်တဲ့ အကျင့်တွေ စွန့်ပြီး၊ ကိုယ့်အတွေး၊ အခေါ်၊ အသိစိတ်ဓာတ်၊ အမူအကျင့်တို့ကို နေ့စဉ် သုံးသပ်ကာ မနေ့ကထက် သာတဲ့ ဒီနေ့ရဲ့ ငါ၊ ဒီနေ့ ငါဆိုတာထက် သာတဲ့ မနက်ဖြန်က ငါဆိုတာကို ပိုင်ဆိုင်သော ပြည်သူကောင်းတွေ   ဖြစ်အောင်  ကြိုးစားခြင်းဖြင့် အမိတိုင်းပြည်ကို တကယ် ချစ်ပြလိုက်ကြရအောင်။
ဆက်လက်ပြီး မလေး အိမ်ချမ်းမြေ့ ရေးသားတဲ့ ရန်ကုန်မြို့နေ လူငယ်လူရွယ်များ စည်းကမ်းရှိစေချင် ဆိုတဲ့ ဆောင်းပါလေးကို ဖြန့်ဝေလိုက်ပါတယ်။




ဒီကိစ္စဟာ အရေးကြီးတယ်လို့ မထင်တဲ့ လူငယ်များကို ပြောချင်ပါတယ်။ ကိုယ်သောက်ဖို့ ပြည့်နေတဲ့ ကော်ဖီခွက်၊ juice ခွက်ကို ဒီကွင်းထဲထိ ရောက်အောက် လက်က ကိုင်လာနိုင်တယ်၊ ကွင်းထဲမှာလည်း လက်ကကိုင်ပြီး သောက်နေနိုင်တယ် ဆိုရင် empty ဖြစ်သွားတဲ့ ခွက်ကိုလည်း ဒီလက်ကပဲ ပြန်သယ်သွားနိုင်တဲ့ စိတ်ဓာတ်အဆင့် (စိတ်ဓာတ်အဆင့် = state of mind/ way of thinking/ brain power/ reasoning ) ရှိရမယ်။

"အမှိုက်ပုံးမရှိလို့ ချခဲ့ရတာပါ" ဆိုတဲ့ ကိုယ့်အတွေးအခေါ်ကို ကိုယ်ပြန်လည် သုံးသပ်ဖို့သင့်ပြီ။

သူများတိုင်းပြည်တွေမှာလည်း ပျော်ပွဲရွှင်ပွဲတွေလုပ်တယ်၊ လုပ်တိုင်းလည်း အမှိုက်ပုံး လုံလုံလောက်လောက် ချထားပေးတယ်လို့ မထင်ပါနဲ့။ တိုင်းပြည်တော်တော်များများ မရောက်ဖူးပါဘူး။ ရောက်ဖူးတဲ့ တိုင်းပြည်တွေမှာ ပွဲတိုင်းလိုလို အမှိုက်ပုံးလုံလုံလောက်လောက် မရှိဘူး၊ အချို့ပွဲဆို အမှိုက်ပုံးတောင် မရှိဘူး။ ဒါပေမယ့် ကိုယ်သယ်လာနိုင်တယ်ဆိုရင် ကိုယ်ပြန်ယူသွားနိုင်ရမယ်။ ပြန်မယူသွားနိုင်ဘူးဆိုရင် အစကတည်းက အိမ်က recycle လုပ်နိုင်တဲ့ ဘူးနဲ့ ရေ သို့မဟုတ် juice/drink/pop တစ်ခါတည်းထည့်ယူခဲ့ပြီး ပြန်ယူသွားနိုင်ရမှာပေါ့။

အနာဂတ်တိုင်းပြည်ကို ဒီဘူးကလေး အိတ်ကလေးကိုတောင် တာဝန်မယူနိုင်တဲ့ လူငယ်တွေလက်ထဲကို လူကြီးတွေ ဘယ်လိုထားခဲ့ရမလဲ...

အဝတ်အစား အလှအပ၊ အသောက်အစား၊ ဂီတသီချင်းတွေကို ခေတ်မှီတိုးတက်အောင် အမှီလိုက်နေသလို...
ကောင်းတဲ့စိတ်ဓာတ်တွေကိုလည်း ခေတ်မှီတိုးတက်အောင် လိုက်နိုင်ကြပါစေလို့ နှစ်သစ်မှာ ဆုတောင်းမင်္ဂလာ ပို့သလိုက်ရပါတယ်...။

photo credit: Voice Weekl

No comments: