ဓမ္မဒူတ(ကိုရီးယား)နှင့် ကိုရီးယားတိုင်းရင်းသမားတော်များအဖွဲ့ ၊ အပ်စိုက်ကုပညာရှင်များအသင်း(정침학회) တို့၏ ညှိနှိုင်းချက်အရ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ၊ လာမည့် တနင်္ဂနွေ မြန်မာနှစ်သစ်ကူးနေ့တွင်တွင်လည်း အနားယူမည်မဟုတ်ပဲ ဆက်လက်ကုသပေးမည်ဖြစ်ကြောင်း သိရသည် ။
လွန်ခဲ့သော တနင်္ဂနွေနေ့ ပထမဆုံးအကြိမ် ကုသမှုအစီအစဉ်တွင် မြန်မာ ၂၇ ဦး ကုသမှုခံယူခဲ့ကြပြီး ၊ အစီအစဉ်အပြီး ဆေးဝါးကုမှုအဖွဲ့ အဖွဲ့ခေါင်းဆောင် ဆယ်ဒယ်မြောင် ကိုရီးယားတိုင်းရင်းဆေးရုံ (새대명한의원) ဆေးရုံအုပ်ကြီး မစ္စတာ ယူမြောင်ဆောက် (유명석) နှင့် ဆေးကုသမှုခံယူခဲ့သူတစ်ဦးဖြစ်သည့် ကိုမြင့်ကျော်တို့ကို အင်တာဗျူးပြုလုပ်ရာ -
(ဆယ်ဒယ်မြောင် ကိုရီးယားတိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီး မစ္စတာ ယူမြောင်ဆောက်)
အခုလို ကျနော်တို့ တတ်သိထားတဲ့ပညာနှင့် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို အခမဲ့ကုသပေးခွင့်ရတဲ့အတွက် တော်တော်လေး စိတ်ကျေနပ်မှုရပါတယ် ။ ပြောချင်တာ ၂ ခုလောက်ရှိပါတယ် ။ ပေါင်းစပ်ညှိနှိုင်းပေးတဲ့ ရွှေ့ပြောင်းသူများအသံလွင့်ဌာန (MWTV) နှင့် လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးတဲ့ ဓမ္မဒူတအဖွဲ့တို့ကို ကျေးဇူးအလွန်တင်ပါတယ် ။ အဲလာမယ့် အပတ်က မြန်မာလိုနှစ်ကူးဆိုပေမယ့် ၊ ကျနော်တို့ရပ်နားဖို့ အစီအစဉ်မရှိပါဘူး ။ နောက်အပတ်မှာတော့ ဂမ်ချိုဒန် ကိုရီးယားတိုင်းရင်းဆေးရုံ (감초당한의원) ဆေးရုံအုပ်ကြီးဦးစီးပြီး ဒီနေ့လိုပဲ လာကြပါလိမ့်မယ်ဗျာ ။
ဒီကိုလာပြီး ဆေးကုသမှုခံယူတဲ့ မြန်မာတွေကို ကျနော်တို့လည်း ကျေးဇူးတင်ပါတယ် ။ မြန်မာတွေနှင့် သိကျွမ်းရင်းနှီးခင်မင်ခွင့် ရတယ် ၊ ကျတော်တို့လည်း အတွေ့အကြုံသစ်တွေရပါတယ် ။ နောက်ပြီး ဓမ္မဒူတက ကျွေးတဲ့ မြန်မာထမင်းကလည်း စားလို့အလွန် ကောင်းပါတယ် ။
၎င်း ဇီဝိတဒါန အခမဲ့ ကုသမှု အစီအစဉ်တွင် ကုသမှုခံယူခဲ့သည့် ကိုမြင့်ကျော် နှင့် အင်တာဗျူးပြုလုပ်ခဲ့ရာ -
(ကိုမြင့်ကျော် ၊ ဘူချောန်းမြို့ ၊ ဆမ်ဂျောင်းရပ်)
အာ ၊ ကျနော် ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်လို့ ကျောတစ်ခြမ်းနာနေတာ ၆ နှစ်ကျော်ရှိပြီဗျ ။ ကုတာလည်း အတော်လေးကို စုံခဲ့ပါပြီ ။ တယ်ပြီးမထူးလှဘူးဗျ ။ ကျနော် ကျော တစ်ခြမ်းပဲအိပ်လို့ရတယ် ။ ဒီညာဖက်နှင့် စောင်းပြီးအိပ်လို့မရဘူးဖြစ်နေတာ ။ နောက် ညာဖက်လက် အလေးအပင်တွေ မ,လို့မရဘူး ။ ပစ္စည်း တစ်ခုကို ကြာကြာကိုင်ထားလို့မရဘူး ။ လက်မမြဲဘူး ၊ မြဲမြဲကိုင်လို့မရဘူးခင်ဗျာ ။ အဲဒါ ဒီနေ့လာပြီး ပြကြည့်တာပါ ။ မဆိုးဘူးခင်ဗျာ ။ သေသေခြာခြာလုပ်ပေးတယ် ။ ကျနော်အဓိကဖြစ်နေတဲ့နေရာကို သူတို့ရှာလို့တွေ့သွားပြီ ။ ဒီ ကျနော့် ညာဖက်လည်ဂုတ်နားလေးမှာ ဖြစ်နေတာပါ ။ အဲသည်နေရာ နှိပ်လိုက်တော့ လက်မောင်းတစ်ခြမ်းလုံး ၊ ကျော်တစ်ခြမ်းလုံးနာနေတယ်ဗျ ။ အခု ပထမအကြိမ်အပ်စိုက်တာ ။ တော်တော်ပေါ့သွားသက်သာသွားပါတယ် ။ ဖြစ်တာကြာပြီဆိုတော့ ကြာကြာကုရမယ်လို့ပြောပါတယ် ။ နောက်လည်း ကျနော်လာရပါဦးမယ် ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။
အဆိုပါ မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို ဓမ္မဒူတ(ကိုရီးယား)တွင် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ ၅ နာရီထိ ခေါင်းကိုက်ခြင်း ၊ ယားယံခြင်း ၊ မူးဝေခြင်း ၊ ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း ၊ အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ ၊ အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ ကို ဒါနပြု ကုသပေးလျက်ရှိကြောင်း ၊ ထိရောက်စွာကုသပေးနိုင်ရန် အပတ်စဉ် လူနာ (၃၀)ဦး အထိကိုသာ ဦးရာလူ စနစ်ဖြင့် လက်ခံကုသပေးမည်ဖြစ်ကြောင်း ၊ ဆယ်ဒယ်မြောင် ကိုရီးယားတိုင်းရင်းဆေးရုံ (새대명한의원) ၊ ဂမ်ချိုဒန် ကိုရီးယားတိုင်းရင်းဆေးရုံ (감초당한의원) နှင့် ဖြောန်းဟန်မုံ ကိုရီးယားတိုင်းရင်းဆေးရုံ (편한몸 한의원) တို့က လိုအပ်သော ဆေးဝါးများ ၊ ဆေးဝါးကိရိယာများနှင့် သမားတော်များကို ပံ့ပိုးကူညီထားကြောင်း သိရသည် ။
Wednesday, April 13, 2011
ဓမ္မဒူတ (ကိုရီးယား) အခမဲ့ဆေးကုသမှုအစီအစဉ် နှစ်သစ်ကူး နားမည်မဟုတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment