တခါတုန်းက ပင်ပန်းနွမ်းနယ်နေတဲ့ ငှက်ငယ်တစ်ကောင်ဟာ အနားယူဖို့ သစ်ကိုင်းတစ်ကိုင်းပေါ်မှာ နားခဲ့တယ်။ သူနားခဲ့တဲ့ အဲဒီ သစ်ကိုင်းဟာ အန္တရာယ်ပေးမယ့် တိရိစ္ဆာန်တွေရဲ့ ဘေးရန်ကနေ သူ့ကို ကင်းဝေးစေသလို၊ သစ်ကိုင်းပေါ်ကနေ မြင်ရတဲ့ ရှုခင်းတွေကလည်း သူ့စိတ်ကို ကြည်နူးရွှင်လန်းစေပါတယ်။
အဲဒီလို သူ့အတွက် လုံခြုံစိတ်ချရမှုနဲ့ ကွန်းခိုရာနေရာလေးကို ဖန်တီးပေးထားတဲ့ သစ်ကိုင်းပေါ် သူ နားခိုနေစဉ်မှာပဲ လေပြင်းကြီး စတင် တိုက်ခတ်လာပါတယ်။ ဒီတော့ သူနားခိုနေတဲ့ သစ်ကိုင်းဟာ ကျိုးပဲ့ထွက်သွားတော့မတတ်၊ အလွန်အမင်း ရှေ့တိုးနောက်ငင် ယိမ်းထိုး လှုပ်ခါလာပါတယ်။
ဒါပေမယ့် ငှက်ငယ်မှာ စိုးရိမ်ပူပန်မှုရယ်လို့ မြူတစ်မှုန်မျှတောင် မရှိပါဘူး။ အကြောင်းကတော့ သူဟာ အဓိကကျတဲ့ အမှန်တရားနှစ်ခုကို သိနေလို့ပါပဲ။
အဲဒီနှစ်ခုထဲက ပထမ တစ်ခုကတော့ သစ်ကိုင်းမရှိလည်း ကိစ္စမရှိ။ သူ့ကိုယ်ပိုင် တောင်ပံတစ်စုံရဲ့ အစွမ်းနဲ့ ဘေးလွတ်ရာ သူ ပျံသန်းနိုင်တယ်။
ဒုတိယ တစ်ခုကတော့ သူခဏတာ နားခိုဖို့ရာ အခြားသော သစ်ကိုင်းတွေ အများကြီးရှိသေးတယ် ဆိုတာပါပဲ။
ဒီ ဥပမာလေးဟာ လူနဲ့ သူ့အဆောင်အယောင်တွေ (ဓနဥစ္စာ၊ ရာထူးဌာနန္တရ၊ ဆွေမျိုးသားချင်းတွေနဲ့ ဆက်ဆံရေး၊ လူမှုအသိုင်းအ၀ိုင်းတွေနဲ့ ဆက်ဆံရေး) ကြားမှာ ထားအပ်တဲ့ စိတ်ထားကို ကိုယ်စားပြုပါတယ်။ လူဟာ သူ့ဓနဥစ္စာတွေ၊ အသိုင်းအ၀ိုင်းတောင့်တင်းမှုတွေ၊ လက်ရှိအနေအထားတွေမှာ သာယာနိုင်ခွင့် ရှိပါတယ်။ ဒါတွေက ဖန်တီးပေးလိုက်တဲ့ စည်းစိမ်ချမ်းသာ ဘယ်အရာမဆိုကိုလည်း ခံစား၊ စံစားနိုင်ပါတယ်။
ဒါပေမယ့် သူနဲ့ ဆက်စပ် ပတ်သက်နေတဲ့အရာတွေ ယိမ်းယိုင်ပြိုလဲမတတ် ဖြစ်ကုန်တဲ့အခါ၊ ကွယ်ပျောက်သွားမယ့်ပုံ ပေါ်တဲ့အခါ သူ့အနေနဲ့ စိုးရိမ်ကြောက်ရွံစရာ မလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့အားလုံးဟာ ပြောင်းလဲတတ်တဲ့အရာတွေဖြစ်ပြီး တချိန်ချိန်မှာ ပျောက်ကွယ်သွားနိုင်လို့ပါပဲ။
တကယ်တော့ သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားဟာ အဲဒီ အပြင်အပ နေ့မြင်ညပျောက် အရာတွေပေါ်မှာ မတည်ပဲနဲ့ သူ့ရဲ့ ကိုယ်ပိုင် တောင်ပံတစ်စုံပေါ်မှာ ပိုပြီး တည်မှီနေပါတယ်။ အဲဒီ တောင်ပံတစ်စုံ ဆိုတာကတော့ ချစ်ခြင်းမေတ္တာနဲ့ ဥာဏ်ပညာပါပဲ။ ဒါတွေကသာ သူ့ရဲ့စစ်မှန်တဲ့ လုံခြုံရာ၊ ငြိမ်းချမ်းပျော်ရွှင်ခြင်းရဲ့ အရင်းအမြစ်တွေပါ။
ဒါ့အပြင် လူတစ်ယောက်ဟာ ပြောင်းလဲခြင်းမရှိတဲ့ စစ်မှန်တဲ့ မေတ္တာတရားနဲ့ အမှားအမှန် ခွဲခြမ်း စိတ်ဖြာနိုင်တဲ့ ဥာဏ်ပညာတွေ သူ့ကိုယ်တွင်းမှာ ဖွံ့ဖြိုးလာတဲ့အခါ စိတ်ညှိုးငယ်မှုနဲ့ စိုးရိမ်ကြောက်ရွံမှု ဆိုတာတွေကိုလည်း သူနားလည်တော့မှာ မဟုတ်ပါဘူး။
အချုပ်ဆိုရရင် ကျနော်တို့အားလုံးဟာ ဟောဒီ ရုပ်ဝတ္ထု ပကာသနတွေ လွှမ်းမိုးနေတဲ့ ကမ္ဘာကြီးရဲ့ ဖိနှိပ် စိုးမိုးခြယ်လှယ်တာ (ဥပမာ- ရုပ်ဝတ္ထုပစ္စည်းတွေပေါ်မှာသာ ကိုယ်ရော စိတ်ပါ အလုံးစုံ ပုံအပ်ထားတာ၊ ကိုယ့်စည်းစိမ်ဥစ္စာ ပျက်စီး ဆုံးပါးသွားမှာကို စိုးရိမ်ကြောက်ရွံ့တာမျိုး) ကို လုံးဝ မခံရစေပဲ ငှက်ငယ်လေး သစ်ကိုင်းပေါ်မှာ နားသလိုမျိုးသာ ရုပ်ကမ္ဘာကြီးကို သာယာ ခံစားကြစေလိုကြောင်းပါ။
မူရင်း--THE BIRD ON THE BRANCH
Wednesday, April 13, 2011
တောင်ပံတစ်စုံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment