အပိုင်း (၂)
မေး။ ။ ဒီကိုရီးယားမှာ ဆိုရင်လည်း များသောအားဖြင့် ကိုရီးယားရောက်လာတဲ့ မြန်မာတွေက အဖွဲ့အစည်းကြောက်တဲ့ ရောဂါမျိုးကြီး ဖြစ်နေတာပေါ့။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းဆို မသွားတာတို့၊ နောက်ဆုံးကျတော့ လူမှုရေး အဖွဲ့အစည်းတွေတောင်မှ ရှောင်လာတဲ့ သဘောတွေ ရှိတယ်လေ။ အဲဒီတော့ အကိုတို့ ဒီအဖွဲ့လေးကို ဖွဲ့တဲ့အချိန်က အစတုန်းက ၅ ယောက်လောက်ကနေ ဒီအဖွဲ့လေးဟာ အခု ၁၅၀ကျော် ၂၀၀ နီးပါးလောက် ဖြစ်လာတဲ့ အထိအောင် အကိုတို့ ဘယ်လို ရုန်းကန်ခဲ့ရတယ် ဆိုတာ အဲဒါလေး ပြောပြပေးပါလား။
သီ။ ။ တစ်ချက်က ကျနော်တို့ သူငယ်ချင်းတွေပေါ့ အကိုရာ။ ပထမဆုံး စကား စပြော ဖြစ်ကြတယ်။ ရင်းနှီးတဲ့ သူငယ်ချင်း ၂ ယောက် စကား စပြော ဖြစ်ကြတယ်။ ဘေးနားမှာ အဲဒီ သူငယ်ချင်းရဲ့ သူငယ်ချင်း ၃ ယောက်လောက် ပါလာတယ်ပေါ့။ ပါလာတော့ ဒီ သူငယ်ချင်းတွေကိုလည်း ငါတို့ ဒါလေး လှူနေတယ်။ ဘယ်လို လှူတာလဲ။ ဒါလေးကို စိတ်ဝင်စားလာကြတယ်။ စိတ်ဝင်စားလာရင် သူတို့ကို ကျနော်တို့ ပြောပြတယ်။ သူတို့က မေးတယ်။ ဘာလဲ… တဲ့၊ ဘာလှူမှာလဲ၊ ဘာတန်းမှာလဲ… တဲ့။ ကျနော်တို့က ဘုန်းတော်ကြီး စာသင်ကျောင်းလေးတွေ လှူတယ်။ ချို့တဲ့တဲ့ ကလေးတွေကို ကျနော်တို့ ပညာရေး ထောက်ပံ့မှုလေးတွေ လုပ်နေတယ်။ သူငယ်ချင်းတွေ စုထားတယ်။ အဖွဲ့အစည်း၊ အသင်းဆိုတဲ့ဟာမျိုး ကျနော်တို့ အနေနဲ့ မသုံးထားဘူး။
အမှန်အတိုင်း ဆိုရင်တော့ ကျနော်တို့ အဓိက ဈေးတွက်တွက်နည်း ဆိုရင်တော့ ဘယ်လိုပြောရမလဲ။ ငါတို့ ပိုက်ဆံ စုလိုက်မယ်။ သူငယ်ချင်းတွေ ၅ ယောက်ရှိရင် ၅ ယောက် စုလိုက်မယ်။ အဲဒီ ၅ယောက် စုလို့ ရတဲ့ ပိုက်ဆံကို မြန်မာပြည်ကို ကျနော်တို့ ပို့မယ်။ မြန်မာပြည်က သူငယ်ချင်းတွေက တစ်ဆင့် ချို့တဲ့နေတဲ့ နေရာတွေကို ကျနော်တို့ ပို့မယ်။ ကျနော်တို့ရဲ့ အစီအမံနဲ့ပဲပေါ့နော်။ ဒီလို ငါတို့ လှူချင်တယ်ကွာ၊ အဲဒီ နေရာကို ပို့ပေးပါကွာ ဆိုတဲ့ ပုံစံနဲ့ပဲ ကျနော်တို့ သွားတယ်ပေါ့။
အမှန်အတိုင်းကတော့၊ ကျနော်တို့ လုပ်နေတဲ့ ဟာလေးကတော့ ဟို စုစည်းမှုတစ်ခုနဲ့ လုပ်နေတဲ့ လှူဒါန်းခြင်းဆိုတဲ့ ဟာလေးပါပဲ။ ဟို အဖွဲ့အစည်းဆိုတဲ့ ဟာမျိုး မဟုတ်ဘူး အကို။ အဖွဲ့အစည်းဆိုတာ လူတွေက အသင်းတို့၊ အဖွဲ့တို့ဆိုတာကို အရမ်း ကြောက်ကြတယ်။ ကျနော်တို့ ဆွဲဆောင်တာ အဲဒီလိုမျိုးနဲ့ မဆွဲဆောင်တော့ဘူး။ ငါတို့ လှူချင်တယ်၊ မင်းတို့ ပါဝင်မလား။ ပါဝင်မယ်ဆို ငါတို့ စုပြီးတော့ လှူလိုက်ကြရအောင်။ ဒီလိုမျိုးဟာလေးနဲ့ ကျနော်တို့ ချဉ်းကပ်တဲ့ အနေအထားမှာ ကျတော့ လူတွေက သူတို့ ရင်ထဲမှာကိုက လှူချင်တယ်။ ဒါပေမယ့် ဘယ်သူ့ကို လှူရမယ်ဆိုတာ သူတို့ မသိကြဘူး။ အဲဒီတော့ ကျနော်တို့က ကျနော်တို့ကို လှူပါ။ ကျနော်တို့ ဘယ်လိုမျိုးလူတွေပါ ဆိုတဲ့ဟာကို သူတို့ကို ချပြတော့ သူတို့တွေက ရင်းရင်းနှီးနှီး ပါဝင်လာကြတဲ့ သဘောလေးတွေ ရှိတာပေါ့နော်။
မေး။ ။ အဲဒါဆို အကိုတို့က ကျတော့ အသင်းအဖွဲ့ကို လူတွေ လာပါလို့ ခေါ်တာ မဟုတ်ဘဲနဲ့၊ အကိုတို့က အသင်းအဖွဲ့ကို ဖျောက်ပြီးတော့ လူတွေ ကြားထဲကို တိုးဝင်သွားတဲ့ ပုံစံမျိုးပေါ့နော်။
သီ။ ။ အသင်းအဖွဲ့ကို ဖျောက်တာမျိုးကတော့ ကျနော်တို့ စိတ်ထဲမှာကိုက အသင်းအဖွဲ့လို့ မသတ်မှတ်ထားတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ အဖွဲ့ထဲမှာ ဥပမာပေါ့နော်၊ ကျနော်တို့ နံမည်တစ်ခု ပေးလိုက်တယ်ပေါ့နော်။ ကျနော်တို့ သူငယ်ချင်းတွေ ၅ ယောက် စုတယ်ဆိုတဲ့ အနေအထားမှာ ဒီ ၅ယောက်လုံးက မောင်ဖြူ၊ မောင်နီ၊ မောင်မဲဆိုတဲ့ နံမည်တွေ အများကြီး တပ်ရင် မကောင်းဘူးလေ။ မကောင်းဘူးဆိုတော့ ကျနော်တို့ အင်္ဂလိပ်လိုလေး ကျနော်တို့ သူငယ်ချင်းတွေ ရွေးလိုက်တယ်။ White Love for People ဆိုတဲ့ နံမည်လေးကို ပေးလိုက်တော့ အဖြူရောင်မေတ္တာနဲ့ လူများ ဆိုတာမျိုး ဖြစ်နေတဲ့ အခါကျတော့ ခေါ်လို့ ပြောလို့လည်း သိပ်အဆင်မပြေဘူးပေါ့။ အဲဒီအခါကျတော့ အဖြူရောင်မေတ္တာလူငယ်များ ဆိုတာလေးကျတော့ နည်းနည်း ပိုအဆင်ပြေတယ်လေ။
ကိုရီးယား ဆိုတာကတော့ ဒီ ကျနော်တို့ ရောက်နေတဲ့ နိုင်ငံကို ကိုယ်စားပြုတယ်ဆိုတဲ့ သဘောပေါ့ အကိုရာ။ အဲဒါမျိုးဆိုတော့ ဒီ အဖြူရောင်မေတ္တာလူငယ်များ ဆိုတဲ့ ဒီ အစုအဖွဲ့လေးကို သူငယ်ချင်းတွေ အကုန်လုံး အများကြီး ပါဝင်လာနိုင်အောင်ပေါ့။ ဒီ ကိုရီးယားမှာ ရှိနေတဲ့ သူငယ်ချင်းတွေ အားလုံးရဲ့ စုပေါင်း လှူဒါန်းမှုကို ကိုယ်စားပြုထားတဲ့ အဖွဲ့လေးဆိုတဲ့ ပုံစံမျိုးလေးပေါ့နော်။ အဖွဲ့ဆိုတာကလည်း ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးဆောင်တဲ့သူကို ဥက္ကဌပေါ့ အကိုရယ်။ ဘဏ္ဍာရေးမှူးဆိုတာ ပိုက်ဆံ ထိမ်းသိန်းပေးတဲ့သူပေါ့။ ဟို စည်းရုံးရေးဆိုတဲ့ အနေအထားမှာ ငါတို့ သူငယ်ချင်းတွေ စုရအောင်ဆိုလိုက်ရင် အားလုံးကို စုစုစည်းစည်းဖြစ်အောင် စုစည်းပေးနိုင်မယ့်သူကို ကျနော်တို့ စည်းရုံးရေးမှူးပေါ့။ ဒါကို ကျနော်တို့ သူငယ်ချင်းတွေ အားလုံး ပါဝင်နိုင်လာကြအောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျနော်တို့အနေနဲ့ စည်းရုံးရေးမှူး ဆိုပြီးတော့ တာဝန်ပေးလိုက်တာပေါ့။ ဒီလိုမျိုး အဖွဲ့အစည်းဆိုတဲ့ စကားလုံးကို သုံးရင် ကျနော်တို့အနေနဲ့ ဘောင်တွေ၊ ကနားတွေ မလွတ်တော့ဘူးလေ။
အဲဒီတော့ ကျနော်တို့ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ လုပ်ချင်တာက အလှူက အဓိကပဲ။ အသင်းအဖွဲ့က အဓိက ဦးစားပေး မဟုတ်ဘူးပေါ့။ အဲဒီလို လှူမယ့် အလှူလေးကို နံမည်တပ်လိုက်တာက ပရဟိတပေါ့။ ဒီ ပရဟိတဆိုတဲ့ နာမည်ကို အလှူအတန်းလေးတွေ လုပ်ပေးနိုင်တဲ့ အစုအဖွဲ့လေးကို ကျနော်တို့ ပရဟိတဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထားလိုက်တယ်ဆိုတဲ့ သဘောပါပဲ။ အဲဒီလိုမျိုး ကျနော်တို့အနေနဲ့ ရှင်းပြနိုင်မယ်ဆိုရင် ကျနော်တို့တွေ ဒီသူငယ်ချင်း တစ်ယောက်ကနေ နောက်သူငယ်ချင်း တစ်ယောက်၊ နောက်သူငယ်ချင်း တစ်ယောက်ကနေ နောက်ထပ် သူငယ်ချင်း တစ်ယောက်နဲ့ ဆင့်ပွားလိုက်ရင် ကိုရီးယားနိုင်ငံမှာ ရှိတဲ့ မြန်မာတွေ အားလုံးဟာ အမြဲတမ်း လစဉ်လတိုင်း ကိုယ့်ချွေးနည်းစာ လေးတွေထဲကမှ အလှူတွေ လုပ်နေတယ်ဆိုတဲ့ သဘောမျိုး မသက်ရောက်သွားဘူးလား။ အဲ… အဲဒီလိုမျိုး သက်ရောက်သွားအောင် ကျနော်တို့အနေနဲ့ ဒီလို စုစည်းမှုလေးတွေ ကျနော်တို့ ကြိုးစား ဖန်တီးတာနဲ့ အတူတူပဲလေ အကို။ အဲဒီလိုမျိုးကျတော့ ကျနော်တို့ လူတိုင်းလူတိုင်းဟာ လစဉ်လတိုင်း တစ်ယောက် တစ်သောင်းဆိုတဲ့ လစဉ် အလှူလေးတွေ လုပ်နေကြတယ်ဆိုတဲ့ အနှစ်သာရလေးကို ဖန်တီးပေးတဲ့ သဘောမျိုးလေးပေါ့။
တစ်ချို့ကျတော့ အဖွဲ့အစည်းတွေ၊ အသင်းတွေကို အရမ်းကြောက်တယ်။ ဒီအဖွဲ့အစည်းက ဟိုလူတွေနဲ့လည်း စကားပြောနေပါလား။ ဒီလူတွေနဲ့လည်း စကားပြောနေပါလား။ ဒီလူတွေနဲ့ လွတ်ပါ့မလားဆိုတဲ့ သဘောလေးတွေ သူတို့မှာ အမြဲတမ်း ၀င်နေတယ်ပေါ့နော်။ ကျနော်တို့မှာက ဟို ကျနော်တို့ ဦးစီးဦးဆောင် လုပ်နေပေမယ့် ကျနော်တို့ရဲ့ ဒီ အစုအဖွဲ့လေးထဲမှာ သူငယ်ချင်းတွေ အားလုံးက အကြံဉာဏ်တွေ ပေးလို့ရတယ်။ လုပ်ချင်တဲ့ ပုံစံလေးတွေ ပြောလို့ရတယ်ပေါ့။ လုပ်လို့ရတဲ့ဆိုတဲ့ အပိုင်းမှာလည်း ဘယ်သူ့ကိုမှလည်း ထိခိုက်နစ်နာစေတဲ့ အသုံးအနှုန်းတွေ၊ စကားမျိုးတွေ မပါဘဲနဲ့၊ ဥပမာပေါ့ အခု မြန်မာနိုင်ငံမှာပေါ့ အုပ်ချုပ်နေတာ သူတို့အပိုင်းနဲ့ သူတို့ အုပ်ချုပ်တာက အုပ်ချုပ်တာပဲပေါ့နော်။ ကျနော်တို့ လုပ်ရမယ့် အလှူအတန်းနဲ့ သွားပြီး မစဉ်းစားဘူး။ ကိုယ်လုပ်ချင်တဲ့ အလုပ်က အလှူပဲ။ အဲဒါတွေကို အဓိက မစဉ်းစားဘဲနဲ့ပေါ၊့ နိုင်ငံရဲ့ အနာဂတ် ကလေးလေးတွေရဲ့ ပညာရေးကို တတ်နိုင်တဲ့ဘက်က ထောက်ပံ့လှူဒါန်းမယ်ပေါ့။
ဒီနိုင်ငံမှာ အဖွဲ့အစည်းတွေ အများကြီး ရှိကြတယ်။ အားလုံး ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် လုပ်နေကြတာပဲလေ။ သူတို့ကိုလည်း ကျနော်တို့ အနေနဲ့ ဘာမှ ထိခိုက်စရာ မလိုဘူး။ ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။ သက်ကြီးရွယ်အိုတွေနဲ့၊ ကလေးသူငယ်တွေကို စောင့်ရှောက်မယ်၊ ပံ့ပိုးကူညီမယ်။ ကိုယ်ကိုယ်တိုင် မလုပ်နိုင်ပေမယ့် ကိုယ့်သူငယ်ချင်းတွေကို လုပ်နိုင်အောင် ကူညီပံ့ပိုးပေးမယ်။
မေး။ ။ အကိုတို့ အဖြူရောင်မေတ္တာလူငယ်များ အဖွဲ့ကိုကျတော့ ကျနော်တို့ သတိထားမိလာတာက မြန်မာအသင်း(ကိုရီးယား)ရဲ့ တိလောကမုနိဘုရားပွဲတော်မှာ ထင်တယ်နော် အကို။
သီ။ ။ ဟုတ်တယ်၊ ကျနော်တို့ ဘုရားပွဲမှာ စ တယ် အကို။ ဘုရားပွဲမှာကတော့ ကျနော်တို့ စိတ်ကူးလေးပေါ့ အကိုရယ်။ စိတ်ကူးလေး ဆိုတာကလည်း ကျနော်တို့အနေနဲ့ ဘယ်အဖွဲ့အစည်းကိုမှ ရည်ရွယ်တာ မဟုတ်ဘူး ဆိုတာကိုတော့ ကြိုပြောပါရစေ။ အမှန်အတိုင်း ကျနော်တို့ ပြောရရင် ကျနော်တို့ အဖွဲ့လေးအနေနဲ့ လှူဖို့တန်းဖို့လုပ်တဲ့ အခါကျတော့ ထိထိရောက်ရောက် ဖြစ်အောင် ကျနော်တို့ ငွေကြေးအားဖြင့် လိုအပ်တယ်ပေါ့ အကိုရာ။ ပိုက်ဆံလိုတဲ့အပြင်ကိုမှာမှ ကျနော်တို့မှာ တူညီဝတ်စုံလေးတွေနဲ့ မြင်စေချင်တဲ့ ဆန္ဒလေးလည်း ကျနော်တို့မှာ ရှိတယ်။ တူညီ မြင့်မြတ်တဲ့ စိတ်သဘောလေး တစ်ခုကို သင်္ကေတတစ်ခု အဖြစ်နဲ့ ငါတို့ လုပ်ကြရင် ကောင်းမယ်ဆိုပြီး ငါတို့ အင်္ကျီလေးတွေ လုပ်ကြမယ်။ အင်္ကျီတစ်ထည်ကို ၀မ် ၈၀၀၀ နဲ့ အပ်လို့ ရမယ်။ ဒါပေမယ့် ၁၅၀၀၀ နဲ့ ရောင်းပြီး ရန်ပုံငွေ ရှာကြမယ်။ ပိုလာတဲ့ ၇၀၀၀ ကို ငါတို့ အလှူအတန်းလေးတွေ လုပ်နိုင်လာဖို့ အလှူခံတဲ့ သဘောမျိုး လုပ်ကြမယ်ဆိုရင် ပိုမကောင်းဘူးလား။ အဲဒီလို ကျနော်တို့တွေ အချင်းချင်း အကြံဉာဏ်တောင်းကြ၊ ညှိနှိုင်းကြတယ်ပေါ့။ အဲဒီလို ပြောလိုက်တဲ့အခါမှာ သူငယ်ချင်းတွေ အားလုံးက သဘောတူကြတယ်ပေါ့။ ကိုယ်တွေ ကိုယ်တိုင်ကလည်း တစ်သောင်းခွဲ ထည့်ပြီး၊ အင်္ကျီတစ်ထည် ၀ယ်ပြီး အလှူမှာ ပါဝင်ကြမယ်။ ဘုရားပွဲမှာလည်း အားလုံးတူညီ ၀တ်ကြမယ်ပေါ့။ အဲဒီလို ၀တ်ကျတဲ့အပြင် အလှူမှာ အကျွေးအမွေးကိုလည်း ကျနော်တို့တွေ တစ်ယောက် သုံးသောင်းနှုန်းစီ စုပြီးတော့ စတုဒီသာ ကျွေးကြမယ် ဆိုပြီးတော့ သူငယ်ချင်းတွေကို စုလိုက်တဲ့ အခါကျတော့ သူငယ်ချင်း အယောက် ၃၀ လောက် တက်လာတယ်။ ငါတို့လည်း အလှူမှာ ပါဝင်ကြမယ်ဆိုတဲ့အပြင်ကိုမှာမှ ဒီလို တစ်သောင်းခွဲနှုန်းနဲ့ ဖန်တီးလိုက်တဲ့ ဥစ္စာမှာ ကျနော်တို့ သုံးသိန်းကျော် ရလာတယ်ပေါ့။
အဲဒီလို သုံးသိန်းကျော် ရလာတဲ့ အနေအထားမှာ ကျနော်တို့ ဘုရားပွဲမှာ ပါဝင်နိုင်အောင် ကျနော်တို့ သူငယ်ချင်းတွေ ဖန်တီးကြတယ်ပေါ့။ အဲဒီမှာလည်း ကျနော်တို့ ကလေးတွေအတွက် အင်္ကျီတွေ ရောင်းပါတယ်။ အင်္ကျီတွေ ၀ယ်ပေးပါ။ ကလေးတွေအတွက်ပါ ဆိုတော့ သူငယ်ချင်တွေ အတော်များများက ၀ယ်ကြတယ်ဗျ။ အဲဒီနေ့ပွဲမှာ တစ်ကွင်းလုံးမှာ ကျနော်တို့ အဖြူရောင်အင်္ကျီတွေနဲ့ လိုလိုကို ဖြစ်သွားတယ်။ ဖြစ်သွားကြတော့ ဘုရားပွဲတစ်ကွင်းလုံးမှာ အဖြူရောင်သူငယ်ချင်းတွေ ချည်းပဲလား ဆိုတဲ့ အတွေးလေး သူတို့မှာ ၀င်သွားတာပေါ့နော်။ အဲဒီမှာ တခြားက စတုဒီသာ လာလှူတဲ့ သူငယ်ချင်းတွေကလည်း ဒီသူငယ်ချင်းတွေရဲ့ ကျနော်တို့သူငယ်ချင်းတွေရဲ့ လုပ်ကွက်လေးဟာ တော်တော်လေး မဆိုဘူးပေါ့နော်။ တစ်ကွင်းလုံးကတော့ ဖြူသွားတယ်။ သူတို့ရင်ထဲမှာလည်း ဒီ ကလေးတွေအတွက် အင်္ကျီတစ်ထည် ပံ့ပိုးလိုက်တယ်ပေါ့။ ဒီလို အင်္ကျီတစ်ထည် ၀ယ်ရတဲ့ အနေအထားမှာ ငါတို့လည်း အင်္ကျီတစ်ထည် ရတယ်။ ချို့တဲ့တဲ့ ကလေးတွေကိုလည်း လှူဖြစ်တယ်ဆိုတဲ့ အသိစိတ်ကလေးတွေ ကိုယ်စီကိုယ်စီ ၀င်သွားကြတယ်ပေါ့။ အားလုံး ပီတိလည်း ဖြစ်သွားကြတယ်ပေါ့။ ဘုရားပွဲ တစ်ကွင်းလုံးမှာလည်း အားလုံး အဖြူရောင်မေတ္တာတွေနဲ့ ဖုံးလွှမ်းသွားတယ်။
စတုဒီသာပွဲလေးကိုလည်း အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နိုင်ခဲ့ကြတယ်ပေါ့။ ကျနော်တို့ စတုဒီသာ ကျွေးတဲ့ ၀က်သားတုတ်ထိုးကလည်း မလောက်တော့ဘူး။ ကျနော်တို့ကို အားပေးတဲ့ သူငယ်ချင်းတွေက မမျှော်လင့်အောင် များသွားတယ်ပေါ့။ မလောက်ငတော့ဘူး။ ပြီးတော့ မြန်မာအသင်း(ကိုရီးယား)မှာလည်း ကျနော်တို့ အနေနဲ့ ဒီ အဖြူရောင်မေတ္တာလူငယ်များ ဆိုတဲ့ မဏ္ဍပ်လေးတစ်ခုဟာ ကျနော်တို့ နှစ်တိုင်းလိုလိုမှာ လုပ်ဖြစ်မယ်ဆိုတဲ့ ကတိပေးလို့ရတဲ့ ပုံစံမျိုးလေးလည်း ဖြစ်သွားတယ်ပေါ့။ ကျနော်တို့ တော်တော်လေးလည်း ပွဲကိုလည်း ကျနော်တို့အနေနဲ့ ဘယ်လို ပြောရမလဲ။ ပွဲကိုလည်း ကျနော်တို့ အောင်အောင်မြင်မြင် လုပ်ပေးသွားနိုင်တဲ့ သဘောပေါ့နော်။ ဘယ်သူမှလည်း စိတ်မကွက်ပဲနဲ့ ကျနော်တို့ ကျွေးတဲ့ စတုဒိသာမှာရော၊ ကျနော်တို့ဆီက အားပေးတဲ့ အဖြူရောင်အင်္ကျီလေးတွေ အပေါ်မှာရော သူတို့ အားရကျေနပ်တယ်ဆိုတဲ့ အပိုင်းလေးမှာ ကျနော်တို့ ချုပ်လိုက်ရင် ရန်ပုံငွေက ၀မ် ၁၀ သိန်းလောက် ဖြစ်လာတယ်ပေါ့။ အလှူငွေ အဲဒီလောက် တိုးလာတဲ့အခါကျတော့ အင်္ကျီအပ်ရတဲ့ အချိန်တုန်းက ပင်ပန်းခဲ့တာတွေ၊ ကျနော်တို့ ရုန်းကန်ခဲ့ရတာတွေ တခါတည်း ပျောက်ကုန်တာပေါ့နော်။ ဒီ ပီတိလေးတစ်ခုနဲ့ပဲ ကျနော်တို့ ပျော်ခဲ့တယ်ပေါ့။
မေး။ ။ ဒီလို ပရဟိတ လုပ်လို့ရတဲ့ ပီတိမျိုးကို အဲဒီအချိန်က စပြီး ခံစားခဲ့ရတယ်လို့ ပြောရင် ရနိုင်တာပေါ့နော်။
သီ။ ။ မှန်တာပေါ့ အကို။ မှန်တာပေါ့ဆိုတာ ကျနော်တို့ မြန်မာပြည်မှာ ပင်လယ်ဘူး ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို ကျနော်တို့ စ လှူတဲ့ အချိန်နဲ့ တစ်ပြိုင်တည်းမှာပဲ ကျနော်တို့ ဒီ ကိုရီးယားနိုင်ငံမှာ ရှိတဲ့ ဗုဒ္ဓသာသနာပြုကျောင်းတော်မှာ ကျနော်တို့ အရုဏ်ဆွမ်းလေး ကပ်လိုက်တယ်။ ဆွမ်းကပ်တဲ့ နေရာမှာလည်း ကျနော်တို့ သူငယ်ချင်းတွေ စုပြီးတော့ အိမ်မှာပဲ နန်းကြီးသုပ် သုပ်စားကြလို့ ရတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းမှာဆိုရင် ဆရာတော်တွေကိုလည်း ကျနော်တို့ ဆွမ်းကပ်လို့ ရမယ်။ ကျနော်တို့ သူငယ်ချင်းတွေလည်း ဆုံလို့ရမယ်ဆိုတဲ့ ရည်ရွယ်ချက်လေးတစ်ခု ဖန်တီးလိုက်တာပေါ့။ သူငယ်ချင်းတွေကို လှမ်းဖိတ်လိုက်တယ်။ သူငယ်ချင်းတို့ လာကြပါဆိုပြီးတော့ လှမ်းဖိတ်တယ်။ ဘာလဲဆိုတော့ ငါတို့ နန်းကြီးသုပ် သုပ်စားမယ်။ အဲဒါ ဘယ်မှာ လုပ်မှာလဲဆိုတော့ ဘုန်းကြီးကျောင်းမှာ။ အေး.. အဲဒါဆိုလည်း နန်းကြီးသုပ်စားချင်တဲ့ သူငယ်ချင်းတွေ အကုန်လုံး ရောက်ချလာတော့ အဲဒီ သူငယ်ချင်းတွေက နေပြီးတော့ တစ်ယောက် တစ်သောင်းစီ စု လိုက်ကြတော့ ကျနော်တို့ သုံး၊ လေးသိန်း တက်လာတယ်။
အဲဒါနဲ့ ကျနော်တို့ နန်းကြီးသုပ် သုပ်တဲ့ပွဲ ဖြစ်သွားတာပေါ့နော်။ အဲဒီလို နန်းကြီးသုပ်နဲ့ စဖြစ်သွားတာကနေ စပြီးတော့ ဒီ နန်းကြီးသုပ်လည်း သုပ်မယ်၊ ကျနော်တို့ ဒီနေ့မှာပဲ ကျနော်တို့ မြန်မာပြည်မှာ အလှူလုပ်နေတယ် ဆိုတာလည်း ပြောဖြစ်သွားတယ်။ ဆိုတော့ ရန်ကုန်မှာလည်း လုပ်သလို၊ ကိုရီးယားမှာလည်း တစ်ပြိုင်တည်း လုပ်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်သွားတာပေါ့။ အဲဒီ နောက်ပိုင်းမှာ ကျနော်တို့တွေ ငါတို့တွေ ဒီလိုမျိုးတွေ လုပ်လိုက်တာဟာ ငါတို့လည်း ကိုရီးယားမှာ လုပ်သလို မြန်မာပြည်မှာလည်း လုပ်နေကြတယ်။ အကုန်လုံး ဒီနေ့ဟာ အလှူကြီးဆိုတဲ့ ပုံစံမျိုးဖြစ်သွားတယ် ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ယူတာပေါ့နော်။ ပွဲတစ်ပွဲကို စဉ်းစားလိုက်တဲ့ အနေအထားမှာကျတော့ ဟို စဉ်းစားလိုက်တဲ့ အနေအထားနဲ့ ဖြစ်အောင်၊ လုပ်လို့ရအောင် ကျနော်တို့အနေနဲ့ စဉ်းစားရတဲ့ အပိုင်းတွေ၊ ဆုံးဖြတ်ချက် အပိုင်းတွေက အများကြီး ပါတာပေါ့ အကို။
မေး။ ။ အဲဒီတော့ အကိုတို့ စပြီးတော့ အစပျိုးတဲ့ အချိန်နဲ့ ဒီက မြန်မာ အသိုင်းအ၀ိုင်းကြားမှာ လှုပ်ရှားမှုတစ်ခု အနေနဲ့ ထွက်ပေါ်လာတဲ့ အချိန်က ဘယ်လောက်လောက် ကြာသွားလဲ။
သီ။ ။ ကျနော်တို့ လုပ်မယ့် ဒီပွဲ အနေအထားကို ကျနော်တို့ တစ်ကယ့် အမာခံ သူငယ်ချင်း အယောက် ၂၀ လောက်ကိုပဲ ကျနော်တို့ ပြောထားတယ်။ ဒီ သူငယ်ချင်း အယောက် ၂၀ ရဲ့ စိတ်ကူးစိတ်သန်း တွေကိုလည်း ကျနော်တို့တွေ အနေနဲ့ ဟို ဘယ်လို ပြောရမလဲ၊ မင်း စိတ်ကူးက ဘယ်လိုရှိလဲ၊ မင်းကရော စိတ်ကူးက ဘယ်လို ရှိလဲဆိုတာလေးတွေ ကျနော်တို့ ယူထားတာပေါ့။ ယူထားလိုက်ပြီးတော့ ငါတို့ ဒါမျိုးတွေ လုပ်ကြမယ်ဆိုပြီးတော့ လှမ်းလုပ်လိုက်တဲ့ အချိန်မှာ အဲဒီ အယောက် ၂၀ ကနေ ကျယ်ပြန့်သွားပြီး နောက်ထပ် အယောက် ၄၀ လောက် ဖြစ်သွားတာပေါ့။ အယောက် ၄၀ လောက်ကနေ ဆက် စုလာတဲ့ အချိန်ထဲမှာ ကျနော်တို့ အယောက် ၈၀ လောက်ကြီးဟာ ကျနော်တို့ အရုဏ်ဆွမ်းထဲမှာ ပါနေတယ်။ အဲဒီ အယောက် ၈၀ လုံးရဲ့ စိတ်တွေကလည်း ငါတို့ ဒီနေ့ အလှူလုပ်ပါလား၊ ငါတို့ရဲ့ အလှူရဲ့ နောက်ထပ်ပွဲကို အဲဒီနေ့မှာပဲ ထပ်လှမ်းနေပြီ။ ဆင့်ကဲ လှမ်းရတာပေါ့နော်။ ဒီပွဲ ပြီးတဲ့နောက်မှာ နောက်တစ်ပွဲကို ကျနော်တို့ ဘယ်လို လှမ်းမယ်ဆိုတာ တစ်ခါတည်း အစည်းဝေး ထိုင်လိုက်တယ်။ အဲဒီလို ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ တစ်ခါတည်း ကျနော်တို့ ဘယ်လောက်စီ အလှူငွေ ထည့်မယ်ဆိုတဲ့ဟာကို တစ်ခါတည်း ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ ရောက်လာတဲ့ အယောက် ၄၀ ရဲ့ အားက နောက်ထပ် အယောက် ၈၀ ကို ကျနော်တို့က လှမ်းပြီးသား ဖြစ်သွားပြီ။ အဲဒါမျိုးပေါ့။ တစ်ချို့ကျတော့လည်း အကိုရေ…၊ ကျနော်တို့ ပိုက်ဆံတော့ ပါနေပြီ။ လူမလာနိုင်ဘူး၊ အကို ကျေနပ်လား မေးတယ်။ အဲဒါမျိုးနဲ့ အများကြီး ပါလာတာပေါ့နော်။ လူမလာနိုင်ပေမယ့် ငွေအားနဲ့ ပါဝင်လာကြတယ်။ အဓိကက ကိုယ်တွေ ဘာလုပ်မှာလဲ။ လူကိုယ်တိုင် မလာနိုင်ပေမယ့် ငွေအားနဲ့ ပါဝင်ပြီး သူတို့ရဲ့ စိတ်ကူးတွေ ပေးလာတာကိုပဲ ၀မ်းသာကြိုဆိုရမှာပဲ မဟုတ်လား။ ဒီလူတွေ အချင်းချင်းက နောက်လည်း တွေ့လို့ ရတယ်။ အဓိကက ကိုယ်လှူမယ့် အလှူဟာ ဒါနမြောက်ဖို့ အရေးကြီးတာ မဟုတ်ဘူးလား။
မေး။ ။ လူအား တတ်နိုင်တဲ့သူက လူအားနဲ့ ကူညီမယ်၊ ငွေအား တတ်နိုင်တဲ့သူက ငွေအားနဲ့ ပံ့ပိုးမယ်။ အဲဒါမျိုးပေါ့နော်။
သီ။ ။ အဓိကက ကျနော်တို့ အလှူခံတဲ့ နေရာမှာ ဟိုး ပူဆန်အထိ ပါတယ်။ ဒယ်ဂူးလဲ ပါတယ်။ အဲဒီလို လူတွေက ကျနော်တို့ဆီ လူကိုယ်တိုင် လာဖို့ဆိုရင် တက္ကဆီခ ကုန်မယ်။ အချိန်ကုန်မယ်။ KTX ခ ကုန်မယ်။ ဒီလို ခရီးစားရိတ်တွေ ကုန်ပြီးတော့ လာမယ်။ လှူမှာက နှစ်သောင်း၊ လာရမယ့် စားရိတ်က တစ်သိန်း ဖြစ်နေတယ်။ တစ်သိန်း နှစ်သောင်း ကုန်သွားပြီ။ အဲဒီတော့ မင်း မလာနဲ့တော့၊ မင်း အလှူငွေ နှစ်သောင်းကိုပဲ လှူလိုက်တော့ဆိုပြီး ကျနော်တို့ ငွေအားနဲ့ပဲ ပံ့ပိုးခိုင်းလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလာရမယ်ဆို အလှူငွေ နှစ်သောင်း ပါဝင်ရဖို့ သူ့မှာက တစ်သိန်းထပ်ကုန်ရမယ့် အနေအထားမျိုး ဖြစ်နေပြီလေ။ ဒီ ကုန်မယ့်စားရိတ်ကို မင် စေတနာရှိလို့ရှိရင် ငါးသောင်း လှူကွာ။ မင်း လူ မလာပဲနဲ့ ငွေအားနဲ့ပဲ ထိထိရောက်ရောက် ပံ့ပိုးပေးတော့လို့ လုပ်ရတဲ့အပိုင်းတွေ အများကြီး ပါသွားပြီ။ ဘာလို့ ကျနော်တို့က ဒီ စကားမျိုး ပြောလဲဆိုတော့ သူ့ကို မလာစေချင်လို့ မဟုတ်ဘူး။ သူ့ရဲ့ ကုန်ကျစားရိတ်ကို ပြန်တွက်လိုက်တာ။ အမှန်ကတော့ သူငယ်ချင်းတွေ ဆုံချင်တယ်။ ဆုံနိုင်အောင်လည်း ကျနော်တို့တွေ ဖန်တီးနေကြတာလေ။ ဖန်တီးနေကြတော့ ဒီ သူငယ်ချင်းတွေ ပါဝင်လာဖို့ကို ကျနော်တို့ လိုချင်တာပေါ့။ အဓိကက လူအား။ လူအားဆိုတာက ပိုက်ဆံတစ်သောင်းထက် လူအင်အား၊ လူတွေရဲ့ စိတ်မှာ ဖြစ်လာမယ့် ပီတိ။ ဒီလူရဲ့ စိတ်ထဲမှာ ဖြစ်ပွားလာတဲ့ ၀မ်းသာပီတိဟာ ဒီ တစ်သောင်းထက် အများကြီး ပိုတန်ဖိုး ရှိတယ်။ ပြီးတော့ သူတို့ရဲ့ အကြံဉာဏ်တွေပေါ့နော်။
မေး။ ။ ဒီလိုမျိုး အကိုတို့ စပြီး အဖွဲ့လေးဖွဲ့ပြီး လုပ်နေကြတဲ့အချိန်မှာ လူတစ်ချို့က တိုက်ခိုက်တာ၊ အမနာပ ပြောတာ၊ အထင်အမြင် သေးတာမျိုးတွေ မခံခဲ့ရဘူးလား။
သီ။ ။ ဟာ… ခံရတာပေါ့။ အခု ကျနော့် အကိုတစ်ယောက်က နေပြီးတော့ သူ့သူငယ်ချင်း သုံးလေးယောက်နဲ့ ကျနော်နဲ့ ဆုံတဲ့အချိန်မှာ လာဦးတဲ့…၊ ဒီနားက ဆိုင်တစ်ဆိုင် သွားကြမယ်တဲ့။ ဒါနဲ့ အေး… လိုက်ခဲ့မယ်ဆိုပြီး လိုက်သွားရော။ သူ့သူငယ်ချင်း သုံးယောက်ကို သူ ပြီးတယ်ပေါ့နော်။ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေဆိုတော့ အကုန်လုံးကို ပိုက်ဆံ တစ်သောင်းစီ ထုတ်ခိုင်းတော့ သုံးသောင်း ရတယ်ပေါ့နော်။ မှတ်မှတ်ရရ အဲဒီအချိန်မှာ ကျနော့်ကို သူ့သူငယ်ချင်း တစ်ယောက်က ဟေ့ကောင်၊ နာမည်ရေးတဲ့…။ ငါတို့ သူငယ်ချင်း သုံးယောက် နာမည် ရေးလိုက်ဆိုတော့ နာမည်လေး ရေးလိုက်တယ်။ နာမည်ရေးလိုက်တော့ တစ်ယောက်က ဘာ ထပြောလဲဆိုတော့ ဟေ့ကောင်တဲ့၊ မင်းရဲ့ အလှူကတော့ ဟုတ်ပါပြီတဲ့၊ တစ်သောင်းကတော့ ဘာမှ မဖြစ်ဘူးတဲ့၊ တစ်သောင်းပေးတယ်။ မင်းတို့ ဘောင်ချာပေးမှာလားတဲ့။ အဲဒီတော့ ကျနော်က ဟာ… အကို၊ မဟုတ်ဘူး။ ကျနော်တို့ ဘောင်ချာထက် ခိုင်မာတဲ့၊ ကျနော်တို့ ၀ယ်ထားတဲ့ ၀ဘ်ဆိုဒ်ပေါ်မှာ ကျနော်တို့ မှတ်တမ်းတင်ထားပေးမယ်။ ဒီဝဘ်ဆိုဒ်ကြီး ပျက်သွားသည့် တိုင်အောင်မှ ကျနော်တို့ လှူထားတဲ့ အလှူမှတ်တမ်းလေးတွေ ရှိအောင် အလှူရှင်စာရင်းတွေ ရှိအောင် လုပ်ပေးထားပါတယ်လို့ ကျနော် ပြောပြတဲ့ ဥစ္စာကိုတောင်မှ လက်မခံဘူး။
ကျနော်တို့အနေနဲ့ ၀ဘ်ဆိုဒ်ပေါ်မှာ တင်ထားပေးမယ် ဆိုရင် မြန်မာပြည်က ဇနီးမယား၊ ဆွေမျိုးသားချင်းတွေ၊ သူတို့ရဲ့ ချစ်သူတွေက အစ ကြည့်လို့ရမယ်။ သူတို့နဲ့ ပတ်သက်တဲ့သူတွေ ကြည့်မိသွားရင် သူတို့လည်း ပီတိဖြစ်သွားမယ်၊ စေတနာ ထပ်ပွားနိုင်မယ်။ အဲဒီလိုမျိုး စိတ်ကူးနဲ့ ကျနော်တို့ ၀ဘ်ဆိုဒ်တစ်ခု ကျနော်တို့ ၀ယ်ထားလိုက်ပြီးတော့ အလှူရှင်စာရင်း ကျနော်တို့ တင်ထားပေးလိုက်တယ်။
အဲဒီလိုမျိုး ကျနော်တို့ တင်ထားပေးတာကို အဲဒီ သူငယ်ချင်းက ပြောလာတော့ ကျနော်က သူငယ်ချင်းရာ၊ မလှူချင်ရင် မလှူပါနဲ့ကွာလို့၊ ဒီလို မွန်မြတ်တဲ့ ပိုက်ဆံတွေကို ကျနော်တို့လည်း မဟုတ်တာ မလုပ်ပါဘူးဆိုပြီး ကျနော် အဲဒီ ပိုက်ဆံ တစ်သောင်းကို ပြန်ပေးလိုက်တယ်။ ပြန်ပေးလိုက်တော့ ဒီသူငယ်ချင်းက စိတ်ထဲမှာတော့ ခု သွားပြီးတော့ ဒီ ပိုက်ဆံ တစ်သောင်းကိုတော့ ပြန်ထည့်သွားတယ်။
ပြီးတော့ အဲဒီ သူငယ်ချင်းနဲ့ပဲ ကျနော် နောက်တစ်ကြိမ် ပြန်တွေ့တဲ့ အချိန်မှာ သူက ကျနော့်ကို သူငယ်ချင်းရာတဲ့…၊ မင်း စိတ်မဆိုးပါနဲ့တဲ့။ ငါ အဲဒီနေ့က တော်တော်လေး မူးနေတယ်တဲ့။ ငါ ခံရပေါင်း များပြီတဲ့။ ဘယ်အလှူ ဘယ်နေရာ ဘယ်အလှူအတန်းမှန်း မသိရပဲနဲ့ကို အလှူခံတွေ ထည့်လိုက်ရပေါင်းများပြီတဲ့။ မင်း ခံစားကြည့်ကြည့်ပါတဲ့။ မင်း ငါ့ဘက်က ခံစားကြည့်ကြည့်ပါ ဆိုပြီးတော့ ကျနော့် ပြန်ပြီးတော့ စကားပြန်ပြောလာတယ်။
ကျနော်က အရင်ကတည်းက အကုန်လုံး ချပြထားတော့ ခုလိုမျိုး သိသွားတဲ့အချိန်မှာ ဒီသူငယ်ချင်းက လစဉ် အလှူငွေတစ်သောင်း ထည့်ပြီး အဖွဲ့ဝင်အဖြစ် ပါဝင်မယ့် သူငယ်ချင်း ဖြစ်သွားတဲ့ အပြင်ကို သူ့ဆန္ဒနဲ့သူ ကျနော်တို့ အခုနောက်ဆုံး အလှူလုပ်နေတဲ့ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဆားလင်းကျေးရွာအုပ်စု၊ ထင်းစုကျေးရွာ စာသင်ကျောင်းလေး တစ်ကျောင်းကို အလှူငွေ တစ်သိန်းထည့်သွားတယ်။ တစ်သိန်းဆိုတာက ကျနော်တို့ အလှူခံတာ မဟုတ်ဘူး။ အလှူခံတာ မဟုတ်ပဲနဲ့ သူ့ စေတနာနဲ့သူ ထည့်သွားတာပေါ့နော်။ အဲဒါမျိုး ထည့်တဲ့ အချိန်မှာ ကျနော်တို့ ဘယ်လို ပြောမလဲ၊ ဖြစ်လာတဲ့ ပီတိပေါ့။ ဒီလူနဲ့ ကိုယ်နဲ့က ဘယ်လိုပြောရမလဲ။ ပြဿနာတက်တော့မယ့် သူတွေ။ အလှူခံကြောင့် ပြဿနာတက်တော့မယ့်အပိုင်းမှာ သူ့ဘက်က နားလည်မှု ရှိစွာနဲ့ ကျနော်တို့ဘက်ကို အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အပြင်ကိုမှ ဒီလို အလှူငွေ တစ်သိန်း ထပ်ထည့်သွားတာကိုက ဒါ သူ့ စေတနာပေါ့နော်။ ကျနော်တို့က ဟာ ဒီလူ့ဆီက တစ်သောင်း အလှူမခံလည်း ပြဿနာ မရှိဘူး။ အဖွဲ့ဝင်တစ်ယောက် လျှော့သွားတယ်ဆိုတဲ့ ခံစားချက်ပဲ ရှိတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်မှာ ဒါဟာ ကလေးတွေ အတွက်ပါလားဆိုတဲ့ ခံစားချက်နဲ့ ဒီ တစ်သိန်း လာလှူတာလေ။ လာလှူတဲ့ အပိုင်းမှာလည်း ရော့ကွာ၊ တစ်သိန်းကွာဆိုပြီး လှူတာမျိုး မဟုတ်ဘူး။ လိုအပ်တဲ့ အပိုင်းမှာ ပြောပါ။ လိုအပ်တဲ့ အပိုင်းကို ကျနော်တို့အနေနဲ့ ပါဝင်ပါမယ်ဆိုတဲ့ စကားတွေ နောက်က ပါလာတယ်။
မေး။ ။ လူတွေရဲ့ ယုံကြည်မှုကို ရလာတာပေါ့နော်။
သီ။ ။ မှန်တာပေါ့ အကို။ ဒါပေမယ့် ခင်ဗျာတို့ အဖွဲ့မှာ ကျနော် အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ကျနော်ပါမယ်။ ဒါပေမယ့် ကျနော် ခင်ဗျားတို့ကို ၀င်ရောက် စွက်ဖက်တာမျိုး ကျနော် မလုပ်ချင်ဘူး။ ခင်ဗျားတို့ကို ယုံလို့ ကျနော် လှူလိုက်ပြီးပြီ။ ဒီဟာ နိဗ္ဗာန ပစ္စယော ဟောတု ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့က ယတိပြတ် လှူတာ။ ကောင်းတယ်လည်း မပြောဘူး။ ဆိုးတယ်လည်း မပြောဘူး။ ဒီ ကလေးတွေဆီကို ရောက်သွားရင် ပြီးရော။ အဲ… ကျနော်တို့ကလည်း ရောက်ရပါစေမယ်။ အာမဘန္တေ ခံထားပြီးပြီ။ ဒါကို မဟုတ်တာ လုပ်ရင် ကျနော်တို့လေ။ ကျနော်တို့ အပြစ် ဖြစ်သွားမယ်။ အပြစ်ဖြစ်သွားမယ်ဆိုတဲ့ အပိုင်းမှာ ကျနော်တို့ဘက်ကနေပြီးတော့ ဟို ဘယ်လို ပြောမလဲ၊ မဟုတ်တာ မလုပ်ရဲဘူးဗျ။ မြေတော့ မခံနိုင်ဘူးလေ။ ဒီလို သူများ ပိုက်ဆံ၊ လှူထားတဲ့ အလှူကြီးကို ကျနော်တို့ မစားနိုင်ဘူး၊ မသောက်နိုင်ဘူး။ ကျနော် သူများ မြေတော့ မခံနိုင်ဘူး။
အဲဒါကြောင့် ဒါကတော့ အလှူပိုက်ဆံ၊ ဒါကတော့ ငါသုံးတဲ့ ငါ့ပိုက်ဆံ။ ဒီအလှူထဲကတော့ မသုံးနိုင်ဘူး။ အဲ… ဒါမျိုးလေးတွေတော့ ရှိတာပေါ့။ အဲဒါမျိုးကျတော့ သူတို့ ယုံကြည်မှု ရလာအောင်လည်း ကျနော်တို့အနေနဲ့ မားမားမတ်မတ် ရပ်ပြီးတော့ ဖြူဖြူစင်စင် နေရတဲ့ အပိုင်းတွေလည်း ပါတယ်။ ကျနော်တို့ ဦးဆောင်နေပေမယ့် ကျနော်တို့ နောက်မှာ ထပ်ပြီး ဦးဆောင်နိုင်မယ့် သူတွေ ရှိရင် ဦးဆောင်ပြီး လုပ်ပေးကြပါလို့ အကုန်လုံးကို ကျနော် ပြောချင်တာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့မှတင် မဟုတ်ဘူး။ လုပ်နိုင်တဲ့ သူတိုင်းကို ပါဝင်စေချင်တယ်။ စိတ်ပါတဲ့သူတိုင်း ပါဝင်မယ်ဆိုရင် ကျနော်တို့ ဒီအဖွဲ့ကြီးဟာ ကျနော်တို့ ဦးဆောင်နေပေမယ့် နောက်ပိုင်းမှာ ကျနော်တို့ထက် ပိုပြီး ဦးဆောင်နိုင်မယ့်သူတွေ ရှိရင် ပိုကောင်းတာပေါ့ဗျာ။ အနေအထားတစ်ခုက၊ ဟို ကျနော်တို့ ဦးဆောင်မှု နောက်က လိုက်ပါလို့ ကျနော် မပြောဘူး။ အားလုံးသာ ၀ိုင်းဝန်း ဦးဆောင်ကြမယ်ဆိုရင် ကျနော်တို့ ကိုရီးယားနိုင်ငံက လုပ်တဲ့ အလှူကြီးဟာ တစ်နှစ်ပါတ်လုံးမှာ သိန်း ဘယ်နှစ်ရာလောက် ရှိမယ်ဆိုတာမျိုး ဖြစ်စေချင်တာပါ။
အပိုင်း (၃) ကို နောက်ရက်များမှာ ဆက်ဖတ်ပါ
အပိုင်း (၁) ကို ဖတ်မယ်ဆို...
No comments:
Post a Comment