Monday, February 14, 2011

ဆားကော်ဖီ


ပါတီပွဲတစ်ခုမှာ သူမကို သူ တွေ့ခဲ့တယ်။ သူမက အရမ်းကို မျက်နှာပွင့် ပေါ်လွင်ထင်ရှားသူ။ အမျိုးသား အတော်များများလည်း သူမကို လိုက်လံ ပန်းပိုးနေကြလေရဲ့။ ဒီအချိန်မှာ သူကတော့ တကယ့် သာမန်လူတစ်ယောက်။ ဘယ်သူကမှလည်း သူ့ကို အလေးဂရုမပြု။

ပါတီပွဲအပြီးမှာတော့ ကော်ဖီအတူသောက်ကြဖို့ သူမကို သူ ဖိတ်မန္တက ပြုမိတယ်။ သူမ အံ့အားသင့်သွားတယ်။ ဒါပေမယ့် ယဉ်ကျေးမှုအရ သူ့ဖိတ်ကြားချက်ကို သူမ လက်ခံခဲ့တယ်။

သူတို့ နှစ်လိုဖွယ်ကောင်းတဲ့ ကော်ဖီဆိုင်လေး တစ်ဆိုင်မှာ ထိုင်ကြတယ်။ ဒါပေမယ့် သူမကို စကားစဖို့ သူ မ၀ံ့မရဲ ဖြစ်လွန်းအားကြီးနေခဲ့တယ်။

သူမအနေနဲ့လည်း ကသိကအောက် ဖြစ်ရတာပေါ့။ “ကျေးဇူးပြုပြီး ငါ့ကို အိမ်ပြန်ခွင့်သာ ပြုပါတော့”လို့ သူမကိုယ်သူမ တွေးနေမိတယ်။

ဒီအချိန်မှာ စားပွဲထိုးကို ရုတ်တရက် သူ လှမ်းမေးလိုက်တယ်။

“ကျနော့်ကို ဆားနည်းနည်းလောက် ပေးနိုင်မလား။
ကျနော် ကော်ဖီထဲ ထည့်သောက်ချင်လို့ပါ။”

ဆိုင်ထဲက လူတိုင်း သူ့ကို စူးစိုက်ကြည့်ကြတယ်။ အရမ်းကို ထူးဆန်းနေတယ် မဟုတ်လား။ သူ့မျက်နှာလည်း နီမြန်းသွားတယ်။ ဒါပေမယ့် ခပ်အေးအေးပဲ သူ့ကော်ဖီထဲ ဆားခတ်ပြီး သောက်လိုက်တယ်။

သိလိုစိတ်တွေနဲ့ သူမ သူ့ကို မေးကြည့်တယ်။ “ရှင့်မှာ ဒီအလေ့အကျင့်ကြီး ဘာကြောင့် ရှိနေတာလဲဟင်။”

သူပြန်ဖြေတယ်။ “ကျနော် ငယ်ရွယ်စဉ်တုန်းက ပင်လယ်နားမှာနေခဲ့တာပါ။ ပင်လယ်ထဲမှာ ဆော့ကစားရတာကို ကျနော် နှစ်သက်ခဲ့တယ်။ ပင်လယ်ရဲ့ အရသာကိုလည်း ကျနော် ခံစားတတ်တယ်။ အခု ဆားခပ်ထားတဲ့ ဒီကော်ဖီအတိုင်းပဲလေ။”

“ခုတော့ ဆားခတ်ထားတဲ့ ကော်ဖီကိုသောက်ရတိုင်း ကျနော့်ရဲ့ ကလေးဘ၀ကို အမြဲပဲ ပြန်မြင်ယောင်မိတယ်။ ပြီး ကျနော့် မွေးရပ်မြို့လေးကိုလည်း မြင်ယောင်မိတာပါဘဲ။ ကျနော် မွေးဖွားခဲ့ရာမြို့လေးကို အရမ်းပဲ လွမ်းမိပါရဲ့ဗျာ။ အဲဒီမှာ နေနေဆဲ ကျနော့် မိဘနှစ်ပါးကိုလည်း သတိရမိတယ်။ “

အဲဒီလို ပြောနေစဉ် သူ့မျက်ဝန်းတွေမှာ မျက်ရည်တွေနဲ့ ပြည့်လျှံနေခဲ့တယ်။

သူမအနေနဲ့ နက်နက်ရှိုင်းရှိုင်း ခံစားလိုက်မိတယ်။ ဒါဟာ သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာက လာတဲ့ စစ်မှန်တဲ့ ခံစားချက်တွေဘဲ မဟုတ်လား။

သူ့ရဲ့ အိမ်အလွမ်းကို ဖွင့်ဟပြောတတ်တဲ့ ယောက်ျား၊ တကယ်တော့ သူဟာ အိမ်ကို တွယ်တာတတ်တဲ့၊ အိမ်ကို အလေးထား၊ ဂရုစိုက်တတ်တဲ့၊ အိမ်ရဲ့တာဝန်ကို ယူတတ်တဲ့ ယောက်ျားကောင်းတစ်ယောက်သာ ဖြစ်ရမယ်။

ဒီနောက် သူမလည်း စကားတွေ စတင်ပြောလာတယ်။ သူမရဲ့ ဟိုးအဝေးက ဇာတိမြို့လေးအကြောင်း၊ သူမရဲ့ ငယ်ဘ၀နဲ့ မိဘမောင်ဖွားတွေအကြောင်း။

ဒါဟာ တကယ့် စကားလက်ဆုံကျပွဲလေးလည်း ဖြစ်သလို သူတို့နှစ်ဦး ချစ်ပုံပြင်ရဲ့ လှပတဲ့ နိဒါန်းလည်း ဖြစ်တယ်။ ဒီကစလို့ ဆက်တိုက်ဆိုသလို သူတို့ ချိန်းတွေ့ခဲ့ကြတယ်။ သူဟာ သူမလိုချင်တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့လူတစ်ယောက် အမှန်တကယ် ဖြစ်တယ်ဆိုတာကိုလည်း သူမတွေ့ရှိခဲ့ရတယ်။

စိတ်ရှည်သည်းခံတတ်တယ်။ ကြင်နာသနားတတ်တဲ့ နှလုံးသားရှိတယ်။ လှိုက်လှဲပျူငှာ ရှိတယ်။ ဂရုလည်းစိုက်တတ်တယ်။ သူဟာ အဲဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ လူကောင်းသူကောင်း တစ်ယောက်။ ဒါပေမယ့် ပွတ်ကာသီကာ သူမ လွဲသွားတော့မလို့။ သူ့ရဲ့ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်ကိုပဲ ကျေးဇူးတင်ရတော့မှာပေါ့လေ။

ဒီနောက် သူတို့နှစ်ဦးရဲ့ပုံပြင်လေးက အခြားသော လှပတဲ့ ချစ်ပုံပြင်လေးတွေ အတိုင်းပါပဲ။ မင်းသမီးလေးက မင်းသားလေးနဲ့ လက်ဆက်ခဲ့တယ်။ ဒီနောက် ပျောပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့ နေထိုင်ကြတယ်။ အချိန်တိုင်း သူမက သူ့အတွက် ကော်ဖီဖျော်ပေးတယ်။ ကော်ဖီထဲမှာ ဆားအနည်းငယ် ထည့်ခတ်လို့။ သူကြိုက်နှစ်သက်တတ်ပုံလေးတွေကို သူမသိထားတဲ့ အတိုင်းလေ။

ဒီလိုနဲ့နှစ်ပေါင်း လေးဆယ်ကြာ သူတို့ဇနီးမောင်နှံ ပေါင်းသင်းခဲ့ကြတယ်။ သည့်နောက် ဇနီးသည်အတွက် စာတစ်စောင်ချန်ပြီး သူ ကွယ်လွန်သွားခဲ့တယ်။ အဲဒီစာထဲမှာ “ကိုယ့်ရဲ့ အချစ်ရဆုံးရေ ကျေးဇူးပြုပြီး ကိုယ့်ကို ခွင့်လွှတ်ပါကွာ။ ကိုယ့်ဘ၀ တစ်သက်တာလုံး လိမ်ညာဖုံးဖိခဲ့မိတာကို ခွင့်လွှတ်ပေးပါကွာ။ ဒါဟာ မင်းကိုပြောခဲ့ဖူးတဲ့ တစ်ခုတည်းသော လိမ်ညာမှုပါ။ ဆားငန်နေတဲ့ကော်ဖီလေ။ တို့တွေ ပထမဆုံး ချိန်းတွေ့ခဲ့ကြတာကို မင်းမှတ်မိလား။ အဲဒီအချိန်က ကိုယ်အရမ်းကို ရင်ခုန်တုန်ရီနေခဲ့တာ။ အမှန်တကယ်က ကိုယ် သကြားနည်းနည်း လိုချင်ခဲ့တာ။ ဒါပေမယ့် ကိုယ့်ပါးစပ်က ဆားနည်းနည်းလို့ ထွက်သွားတယ်။

ကိုယ့်အတွက် ပြန်ပြင်ပြောဖို့ကလည်း အတော်ခက်နေတာနဲ့ ရှေ့ဆက် လှိမ့်လိုက်ရတော့တာပေါ့။ ဒါဟာ ကိုယ်တို့ ချစ်ကျွမ်းဝင်မှုရဲ့ အစ ဖြစ်လာခဲ့လိမ့်မယ်ဆိုတာ ကိုယ် လုံးဝထင်မထားခဲ့ဘူး။ ကိုယ့်တစ်သက်တာ အကြိမ်ကြိမ်အခါခါ ဒီအမှန်တရားကို မင်းကို ပြောပြဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘာနဲ့ပတ်သက်ပြီးတော့မှ မင်းကို မလိမ်မညာပါဘူးလို့ ကိုယ်ကတိပေးထားခဲ့တဲ့အတိုင်း ဒီလိမ်ညာထားတာကို ထုတ်ပြောဖို့ ကိုယ် အရမ်းစိုးရွံ့နေခဲ့တယ်။ အခုတော့ ကိုယ်မနေရတော့ဘူး။ ကိုယ့်အတွက် ဘာစိုးရွံ့စရာမှလည်း မရှိတော့လို့ ဟုတ်တိုင်းမှန်ရာ ပြောပါမယ်။ တကယ်ဆို ကိုယ် ငန်နေတဲ့ကော်ဖီကို မကြိုက်ပါဘူးကွယ်။ တကယ့်ကို စိမ်းရွေရွေနဲ့ ဆိုးဆိုးဝါးဝါးနိုင်လှတဲ့ အရသာကြီးပါ။ ဒါပေမယ့် ကိုယ့်ဘ၀ တစ်သက်တာလုံး ဒီငန်နေတဲ့ကော်ဖီကိုပဲ သောက်လာခဲ့တယ်။ မင်းကို သိကျွမ်းခဲ့ရပြီးတဲ့ အချိန်ကစလို့ မင်းအတွက်နဲ့ ပတ်သက်ပြီး ကိုယ်လုပ်ခဲ့ရသမျှ ဘယ်တုန်းကမှ ၀မ်းနည်းကြေကွဲတာမျိုး ကိုယ်မဖြစ်ခဲ့ဖူးဘူး။ ကိုယ်နဲ့အတူ မင်းရှိနေတာဟာ ကိုယ့်ဘ၀တစ်ခုလုံးအတွက် အကြီးမားဆုံး ပျော်ရွှင်ချမ်းမြေ့မှုကြီးပါ။

တကယ်လို့ နောက်တကြိမ်သာ ရှင်သန်ခွင့်ရဦးမယ်ဆိုရင်လည်း မင်းကိုသာ ဖူးစာဆုံချင်၊ ကိုယ့်ဘ၀တာအတွက် မင်းသာ ရှိနေစေချင်တုန်းပါပဲလေ။ ငန်နေတဲ့ကော်ဖီကို ထပ်သောက်နေရဦးမယ် ဆိုရင်တောင်ပေါ့။”

သူမရဲ့ မျက်ရည်တွေဟာ စာတစ်စောင်လုံးကို ရွဲရွဲစိုသွားစေတယ်။

တနေ့နေ့၊ တချိန်ချိန် တယောက်ယောက်ကများ ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်ဟာ ဘယ်လိုအရသာများ ရှိမလဲလို့ သူမကို မေးမြန်းခဲ့မယ်ဆိုရင် “ချိုမြိန်နေတာပေါ့” လို့ သူမက မဆိုင်းမတွ ပြန်ဖြေလိုက်မိမှာ မလွဲပါ...။

မူရင်း- Salty Coffee

No comments: