ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကြုံတွေ့နေရသော ပြဿနာတစ်ရပ် ။ အထူးသဖြင့် ကျွန်မတို့ မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများ နှင့် ဆင်းရဲသော နိုင်ငံများမှာ ပိုမိုကြုံတွေ့နေရတဲ့ ပြဿနာပါ။ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွေမှာတော့ မြန်မာနိုင်ငံမှာ ဆေးယဉ်ပါးမှု ပြဿနာဟာ တစ်စတစ်စပိုမိုသိသာ ထင်ရှားလာခဲ့ပါတယ်။
ဆေးယဉ်ပါးခြင်း (drug resistance) ဟာ အရေးကြီးတဲ့ ပြဿနာတစ်ရပ်လို့ မထင်ရပေမယ့် တကယ်တမ်းမှာ အင်မတန်မှ ကြောက်စရာကောင်းလှပါတယ်။ ဆေးယဉ်ပါးခြင်း ဘယ်ကစလဲဆိုရင် ကျန်းမာရေး ဗဟုသုတနည်းပါးတာရယ်၊ လုံလောက်တဲ့ ကျန်းမာရေးထောက်ပံ့မှု မရှိတာတွေရယ်က ပြဿနာရဲ့ အရင်းခံပါပဲ။ ဒီအပြင် ကျွန်မတို့နိုင်ငံမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့အတွက် ချမှတ်ထားတဲ့ တင်းကြပ်တဲ့ ဥပဒေဆိုတာတွေလည်း မရှိပါဘူး။ ဒါကြောင့်လည်း ရပ်ကွက်တကာ၊ လမ်းတကာ၊ ချောင်ကြို ချောင်ကြားမကျန်၊ လမ်းဘေး ကွမ်းယာဆိုင်မှာပါ ဆေးတွေကို လွတ်လပ်စွာ ရောင်းချနိုင်ကြပါတယ်။ အထူးသဖြင့် ဆင်းရဲသားရပ်ကွက်တွေမှာဆို ပိုတောင်ဆိုးပါသေးတယ်။ ဆရာဝန်နဲ့ သေချာမပြနိုင်တော့ အနီးအနားမှာ လာဖွင့်တဲ့ ဆေးဆိုင်ကပင် သူတို့အတွက် ဆေးပေးခန်းသဖွယ်ဖြစ်လာပါတော့တယ်။ တချို့ဆိုရှိပါသေးတယ်။ ဆေးဆိုင်မှာ သွားပြီး ဗိုက်နာလို့၊ ခေါင်းကိုက်လို့၊ ဘာဖြစ်လို့ သောက်ဆေးလေး သုံးခွက်စာလောက် စပ်ပေးပါ ဆိုတာမျိုးတွေပေါ့။ စပ်ခိုင်းတဲ့ သူကလည်း စပ်ခိုင်းပြီး ရောင်းပေးတဲ့သူကလည်း ရောင်းပေး ၊ အဆင်ကိုပြေလို့။
တကယ်တမ်းကျတော့ ဆေးဆိုတာ ကိုယ်သောက်ချင်သလောက် နှစ်ခွက်စာ၊ သုံးခွက်စာ စသဖြင့်သောက်လို့ရတာမှ မဟုတ်တာ။ သတ်မှတ်ထားတဲ့ ပမာဏ၊ သတ်မှတ်ထားတဲ့ အကြိမ်ရေတွက် အတိုင်းသောက်ရတာလေ။ ရောဂါပျောက်ပြီ ဆိုပြီးတော့လည်း ကျန်နေတဲ့ ဆေးကိုဆက်မသောက်ဘဲ နေလို့မရပါဘူး။ သတ်မှတ်ထားတဲ့ အညွှန်းအတိုင်း သောက်မှ ရောဂါက ရှင်းရှင်းလင်းလင်း ပျောက်တာပါ။
ပြီးတော့ရှိပါသေးတယ်။ တချို့ကပြောပါသေးတယ်။ ဆေးခန်းသွားရတာ အချိန်ကုန်တယ်။ ပိုက်ဆံကုန်တယ်။ ဆေးဆိုင်က စပ်ပေးတဲ့ဆေးကမှ စွမ်းသေး။ နှစ်ခွက်လောက်သောက် ပျောက်ဆိုပြီး။ သြော် ပျောက်ဆို ဆရာသမားတို့က ဆေးစပ်ခိုင်းတဲ့ လူလာတာနဲ့ စပ်ပေးတဲ့ဆေးက မြန်မြန်ပျောက်တယ်ဆိုပြီး ဆိုင်ကိုလူများများလာအောင် ဆေးပြင်းပြင်းတွေထည့်။ ကလေးဆို ဆေးကို တစ်ခြမ်းသောက်။ လူကြီးဆို အကုန်သောက်နဲ့။ ဟုတ်နေတာပဲ။ တစ်ခါတစ်လေကြတော့ သူတို့ဖော်မြူလာကတောင် မိုက်သေးတယ်။
ဆေးခန်းသွားရင်တော့ တိုကင်ယူရ၊ ကိုယ့်ရှေ့ကလူတွေကို စောင့်ရနဲ့။ ပြီးတော့ ဆရာဝန်ပေးတဲ့ဆေးကဆေးဆိုင်ကပေးတဲ့ဆေးထက်ဈေးကြီးတယ်။ ရက်ကြာကြာ သောက်ရတယ်။ တချို့ဆိုရင် ပေးတဲ့ဆေးကနည်းတယ် ဆိုပြီးမကြိုက်တဲ့ လူကရှိပါသေးတယ်။ ဒါတွေဟာ မှားယွင်းတဲ့ အယူအဆတွေပါ။ တကယ်တမ်း လူနာတစ်ယောက်ကို ဆေးပေးတော့မယ်ဆိုရင် လူနာနဲ့ မတည့်တဲ့ဆေးရှိလား။ အရင်ကရော ဘာဆေးတွေ သောက်ဖူးလဲ။ ကိုယ့်ဆီကိုမလာခင် ဘာဆေးတွေ ဘယ်လောက်သောက်ထားပြီးပြီလဲ။ လူနာက အရက်သောက်တတ်လား။ စသဖြင့် မေးမြန်းရတာတွေက အခြေခံသဘောတရားတွေပါ။ ပြီးမှ လူနာနဲ့ ကိုက်ညီတဲ့ ဆေး၊ လူနာတတ်နိုင်တဲ့ ငွေကြေးနဲ့ ကိုက်ညီတဲ့ အရည်အသွေးကောင်းတဲ့ ဆေးတွေကို သေချာချင့်ချိန်ပြီး ပေးရတာတွေက ဆရာဝန်တစ်ယောက်၊ သို့မဟုတ် ဆေးပေးသူတစ်ယောက်ရဲ့ တာဝန်တွေပါ။ ဒါပေမယ့်လည်း လူအများစုက ကျန်းမာရေး အသိပညာနည်းပါးကြတော့ တကယ်ကောင်းတဲ့ ဆေးတစ်လုံးကို နှစ်ရာပေးပြီး ၀ယ်ရမဲ့အစား၊ နှစ်ရာနဲ့ ဆေးငါးလုံး၊ ခြောက်လုံးလောက်ရတဲ့ နေရာကမှ ပိုတန်တယ်၊ ပိုကောင်းတယ်ပဲ ထင်နေကြတော့ အခက်သား။
ဒီတော့ ဆေးဆိုင်တွေမှာ ဆေးမ၀ယ်ကြရတော့ဘူးလား၊ ဆိုတော့ မဟုတ်ပါဘူး။ တကယ်တမ်းဖြစ်သင့်တာက ဆေးရောင်းချသူတစ်ယောက်ဟာ အနည်းဆုံးတော့ ဆေးဝါးကျွမ်းကျင် သင်တန်းဆင်းတစ်ယောက်ဖြစ်ပြီး လုပ်သက်နှစ်နှစ်ရှိတဲ့သူ ဖြစ်သင့်ပါတယ်။ ဒါ့အပြင် ဆေးဝါးရောင်းချသူဟာ ဆရာဝန်လက်မှတ်ပါမှ ရောင်းလို့ရတဲ့ဆေးကို ဆရာဝန်လက်မှတ်ပါမှ ရောင်းချတာ။ ဆေးကို သတ်မှတ် စံချိန်စံညွှန်းအတိုင်း ထိန်းသိမ်းထားတာစတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ကောင်းစွာနားလည်တဲ့သူ ဖြစ်သင့်ပါတယ်။ ဒါတွေဟာ သိပ်အရေးမပါတဲ့ အရာတွေလို့ ထင်ရပေမယ့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍထဲမှာ သိပ်ကိုအရေးကြီးတဲ့ ထောင့်တစ်နေရာမှာ ပါဝင်နေတယ်ဆိုတာ မေ့နေကြပါတယ်။
ကဲ ဆေးတွေကို သောက်ချင်သလို သောက်တယ်။ ဆေးပြင်းတော့ရော ဘာဖြစ်သလဲ။ ဆိုရင် ပြောပြပါ့မယ်။ ဆေးကို သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း မသောက်ဘူးဆိုရင် ရောဂါလက္ခဏာ သက်သာလို့ ရောဂါပျောက်ပြီလို့ ထင်ရပေမယ့် ရောဂါပိုးက အပြီးပြတ်မသေဘဲ ခန္ဓာကိုယ်ထဲမှာ ကျန်နေပါတယ်။ နောက်တစ်ခါ ဒီရောဂါဖြစ်တယ်။ ဒီလိုဘဲ ဆေးသောက်တယ်။ သုံး လေးခါလောက်ဆိုရင် ရောဂါပိုးက ဆေးကို ယဉ်သွားတယ်။ ကဲ အဲလိုဖြစ်ပြီဆိုရင် ကိုယ်သောက်ထားတဲ့ ဆေးက ဆေးအပျော့ဆိုရင် ပြဿနာမရှိပါဘူး။ ဒီထက်အနည်းငယ်ပြင်းတဲ့ဆေးကို သောက်လို့ ရပါသေးတယ်။ ကိုယ်သောက်ထားတဲ့ဆေးက အပြင်းဆုံးဆေးဆိုရင် ဒုက္ခရောက်ပြီပဲ။ ဥပမာပေးရမယ်ဆိုရင် လူတွေဟာ တော်ရုံတန်ရုံဖျားတာလောက်ကိုပင် ဆေးအပြင်းတွေသောက်ကြတယ်။ ကြာလာတော့ဆေးယဉ်သွားပြီ။ ပြီးတော့ တီဘီရောဂါ ဖြစ်တယ်။ တကယ်တမ်း ရောဂါဖြစ်ပြီလည်းဆိုရော ကိုယ်က တီဘီရောဂါဖြစ်ရင်ပေးတဲ့ ဆေးအချို့ကို ယဉ်ပါးပြီးသားဖြစ်နေတော့ ဆေးမတိုးတော့ဘူး။ အဲဒါကို ဆေးယဉ်ပါးတီဘီ ဖြစ်တယ်လို့ခေါ်ပါတယ်။ အချို့ဆိုရင် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရပါတယ်။ မြန်မာနိုင်ငံမှာ ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနှုန်းက ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အဆမတန်မြင့်တက်လာခဲ့တာ အခုချိန်ထိပါဘဲ။ ပြီးတော့ ဆေးယဉ်ပါးခြင်းက မျိုးရိုးလည်းလိုက်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ မဆင်ခြင်မှုကြောင့် နောင်လာနောက်သားတွေ ရောဂါရလာရင် သောက်စရာဆေးရှားနေကြရပါဦးမယ်။
အခြားသောနိုင်ငံများမှာလည်း သူ့နည်းသူ့ဟန်နှင့် ဆေးယဉ်ပါးခြင်းဆိုတဲ့ ပြဿနာကို ကြုံတွေ့နေကြရတာပါ။ ကျွန်မကတော့ ကျွန်မတို့ နိုင်ငံက ဖြစ်ပျက်သမျှ အဖြစ်အပျက်များကို မြင်သမျှ၊ သိသမျှ ပြန်လည်ရေးသားတင်ပြခြင်းသာဖြစ်သည်။
မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ ။
Thursday, June 6, 2013
ဆေးယဉ်ပါးခြင်း ပြဿနာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment