Sunday, October 31, 2010

ကိုရီးယားနိုင်ငံ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ (Local Governments) ကိုလေ့လာကြည့်ခြင်း

ပြောမှ ဖြစ်မယ်ဗျ
“ကယောင်းဂီပြည်နယ် အင်ချောန်းမြို့တော် ဘာညာ ရပ်ကွက်” ၊ “ ကယောင်းဆန်ဘု-ဂ်ပြည်နယ် ဒေဂူးမြို့တော် ဘာညာရပ်ကွက် ”ဆိုပြီး ၊ မကြာခဏပြောနေကြ ၊ ရေးနေကြတဲ့ အမှား တစ်ခုရှိပါတယ် ။ ကိုရီးယား နိုင်ငံရောက် မြန်မာမိတ်ဆွေအချို့ ပါသလို ကိုရီးယားသားများလည်း ပါသဗျ ။ သူလိုကိုယ်လို သာမန် ပုဂ္ဂိုလ်များ ပြောနေရေးနေကြတာ ပြဿနာမဟုတ်ပေမယ့် ၊ အမျိုးသားရေး မီဒီယာရေးတို့လို နယ်ပယ်တွေမှာ ဦးဆောင်ဦးရွက်ပြုနေကြသူတွေ ပြောနေဆိုနေ ရေးသားနေကြတာတွေတောင် တွေ့ရတော့ ၊ သည်အကြောင်း ပြောမှ ဖြစ်မယ်ဆိုပြီး ဒီဆောင်းပါးကိုရေးရတာပါ ။
ဒေသတွင်းအုပ်ချုပ်ရေးအက်ဥပဒေ
တောင်ကိုရီးယားနိုင်ငံမှာ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအက်ဥပဒေ (The Local Autonomy Act)ကို ၁၉၄၉ ခုနှစ်မှာ စတင် ပြဋ္ဌာန်းခဲ့ပြီး တပ်မတော်အစိုးရက ၄င်းတို့အား ဖျက်သိမ်းခဲ့တဲ့ ၁၉၆၁ ခုနှစ်တိုင်အောင် ဒေသဆိုင်ရာကောင်စီ (Local Councils) စနစ်ကို အသုံးပြုခဲ့ကြောင်း သိရပါတယ် ။
၁၉၇ဝနှင့် ၁၉၈ဝ ခုနှစ်များအတွင်း ဒေသအလိုက် အလျင် အမြန်ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်လို့ ဆိုပါတယ် ။ ဒေသဆိုင်ရာအုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပေးဖို့ တောင်းဆိုမှု အားကောင်းလာခဲ့ပြီး ၊ ဗဟိုအစိုးရဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ရာ ၊ ၁၉၈၈ ခုနှစ်မှာ ဒေသဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ရေး အက်ဥပဒေ (The Local Autonomy Act) ကို ပြန်လည် ပြင်ဆင် အသက်သွင်းခဲ့ တယ်လို့ ဆိုပါတယ် ။
ပြန်လည်ပြဋ္ဌာန်းလိုက်တဲ့ အက်ဥပဒေ အသစ်အရ ၊ မြို့တော်ကောင်စီ(City Council) ၊ ခရိုင်ကောင်စီ (County Council) ၊ မြို့နယ်ကောင်စီ (District Council) တို့ပါဝင်တဲ့ ဒေသဆိုင်ရာ ကောင်စီများ(Local Councils)ကို ၁၉၉၁ ခုနှစ်၊ မတ်လမှာ ရွေးချယ်တင်မြှောက်ခဲ့ပြီး ၊ ဇွန်လမှာ မဟာမြို့တော်များ (Metropolitan Cities) နှင့် ပြည်နယ်များ (Provinces) အတွက် ရွေးချယ် တင်မြှောက်ခဲ့ပါတယ် ။ အုပ်ချုပ်ရေးမှူးများ (Governors) နှင့် မြို့တော်ဝန်များ(Mayors) ကိုတော့ ၁၉၉၅-ခုနှစ်မှာ ရွေးကောက် တင်မြှောက်ခဲ့ပါတယ် ။
အဆင့်မြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ
လက်ရှိမှာ မဟာမြို့တော်အစိုးရအဖွဲ့(Metropolitan City Government) ၇-ဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့ (Province Government) ၉-ဖွဲ့ အပါအဝင် အဆင့်မြင့်ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (Higher-level Local Government) စုစုပေါင်း ၁၆-ခုရှိနေပါတယ် ။
မဟာမြို့တော် ၇ ခု ၏ တရားဝင်အမည်များကတော့ -
၁- ဆောအူးလ် အထူး မြို့တော် (Metropolitan Seoul)
၂ - ဘူဆန် မဟာမြို့တော် (Metropolitan Busan)
၃ - အင်ချောန်း မဟာမြို့တော် (Metropolitan Incheon)
၎ - ဒေဂူး မဟာမြို့တော် (Metropolitan Daegu)
၅ - ဒေဂျောန်း မဟာမြို့တော် (Metropolitan Daejeon)
၆ - ဂွါန်ဂျူး မဟာမြို့တော် (Metropolitan Gwangju)
၇ - အူးလ်ဆန် မဟာမြို့တော် (Metropolitan Ulsan) ဖြစ်ပါတယ် ။


ပြည်နယ်ကြီး ၉ ခု၏ တရားဝင်အမည်များကတော့ -
၈ -ကယောင်းဂီ ပြည်နယ် (Gyeonggi-do)
၉ - ကယောင်းဆန်တောင်ပိုင်း ပြည်နယ် (Gyeongsannam-do)
၁၀ - ကယောင်းဆန် မြောက်ပိုင်း ပြည်နယ် (Gyeongsanbuk-do)
၁၁ - ချွန့်ချောင်းတောင်ပိုင်း ပြည်နယ် (Chungcheongnam-do)
၁၂ - ဂျော်လာတောင်ပိုင်း ပြည်နယ် (Jeollanam-do)
၁၃ - ဂျော်လာမြောက်ပိုင်း ပြည်နယ် (Jeollabuk-do)
၁၄ - ဂန်ဝေါန် ပြည်နယ် (Gangwon-do)
၁၅ - ချွန့်ချောင်းမြောက်ပိုင်း ပြည်နယ် (Chungcheongbuk-do)
၁၆ - ဂျယ်ဂျူး ကိုယ်ပိုင်အုပ်ချုပ်ရေးခွင့်ရ အထူးပြည်နယ် (Jeju Special Self-Governing Province) ဖြစ်ပါတယ် ။
ဒေသဆိုင်ရာ အစိုးရအဖွဲ့များလုပ်ပိုင်ခွင့်
ကိုရီးယားနိုင်ငံရဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁၁၇) မှာ ဒေသဆိုင်ရာ အစိုးအရအဖွဲ့များ (Local Governments) ဟာ အောက်ဖော်ပြပါ ကိစ္စတို့ကို ကန့်သတ်ထားတဲ့ ဥပဒေဘောင် အတွင်း လုပ်ဆောင်ခွင့်ရှိသည် လို့ ဖော်ပြထားပါတယ် -
- ဒေသတွင်း ပြည်သူများ၏ အကျိုးစီးပွား နှင့် သက်သာချောင်ချိရေး လုပ်ငန်းတို့ကို ဆောင်ရွက်ခြင်း၊
- ဥစ္စာ ပစ္စည်းပိုင်ဆိုင်မှုကို စီမံအုပ်ချုပ်ခြင်း ၊
- ဒေသအတွင်း ကိုယ်ပိုင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် ဥပဒေပြဋ္ဌာန်းခြင်း ၊

ဒီတော့ မဟာမြို့တော်အစိုးရအဖွဲ့ (Metropolitan City Government) များနှင့် ပြည်နယ် အစိုးရ အဖွဲ့(Province Government) တို့ဟာ အဆင့်(Level) တူ ဖွဲ့စည်းပုံဖြစ်ပြီး ၊ ကိုယ့်ဥပဒေ ကိုယ်ပြဋ္ဌာန်း ၊ ကိုယ့်ဘတ်ဂျက်ကိုယ်ရေးပြီး ဥပဒေအရ ကိုယ်ပိုင် စီမံအုပ်ချုပ်ခွင့်ရှိနေကြတဲ့ ဒေသဆိုင်ရာ အစိုးရအဖွဲ့ (Local Government) များ ဖြစ်ကြပါတယ် ။ ကျနော်တို့ မိတ်ဆွေများ ပြောနေ ဆိုနေ ရေးသားနေကြသလို မဟာမြို့တော် (Metropolitan City)တစ်ခုခု ဟာ ပြည်နယ် (Province) တစ်ခုခုရဲ့ ဖွဲ့စည်းပုံအတွင်း ပါဝင်ကျရောက်နေခြင်း မရှိပါ ။
အဆင့်နိမ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ
အဆင့်နိမ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (Lower-level Local Government) များကတော့ ၊ မြို့တော်ကောင်စီ (City Government) ၇၄-ဖွဲ့၊ မြို့နယ်စုကောင်စီ (County Government) ၈၉-ဖွဲ့နှင့် ခရိုင်ကောင်စီ (District Government) ၆၉-ဖွဲ့ အပါအဝင် အဆင့်နိမ့် အုပ်ချုပ် ရေးအဖွဲ့စုစုပေါင်း ၂၃၂-ဖွဲ့ ရှိတယ်လို့ ဆိုပါတယ် ။
မြို့တော် ၊ မြို့နယ်စု နှင့် ခရိုင်များ













ကိုရီးယား နိုင်ငံ အုပ်ချုပ်ရေးဒေသများ ဖွဲ့စည်းပုံအရ ၊ အဆင့်နိမ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (Lower-level Local Government)မှာ ပါဝင်တဲ့ City ခေါ် မြို့တော်အဆင့်ရ မြို့ကြီးများကို District ဟူသော ခရိုင် ၊ (Township) မြို့နယ် ၊ Myeon ခေါ် ကျေးရွာ နှင့် Ward ခေါ် ရပ်ကွက်များ ဖြင့် ဖွဲ့စည်းထားလေ့ရှိပါတယ် ။ သို့သော် အချို့သော မြို့တော်(City) များမှာ ခရိုင်(District) ဖွဲ့စည်းပုံမရှိဘဲ ရပ်ကွက် (Ward) ဖွဲ့စည်းပုံသာရှိပြီး ၊ အချို့သော မြို့တော်များမှာ မြို့နယ်(Township)ဖွဲ့စည်းပုံနှင့် ကျေးရွာ (Myeon) ဖွဲ့စည်းပုံများ မပါ မရှိဘဲ ခရိုင်(District)နှင့် ရပ်ကွက်(Ward) ဖွဲ့စည်းပုံများသာ ရှိကြောင်း တွေ့ရပါတယ် ။
County (군/gun/) ခေါ် မြို့နယ်စု အတွင်း 읍/eup/ခေါ် Township နှင့်면/myeon/ ခေါ် ကျေးရွာများ ရှိပါတယ် ။ District (구/gu/) အောက်မှာတော့ 동/dong/ ခေါ် Ward သာ ရှိပါတယ် ။ County (군) ခေါ် မြို့နယ်စု ၊ Eup (읍) ခေါ် Township နှင့် Myeon (면) ခေါ် ကျေးရွာတို့ဟာ ကျေးလက်ဒေသ (Rural Area) ဖွဲ့စည်းပုံ အခေါ်အဝေါ်များဖြစ်ပြီး District (구/gu/) နှင့် 동/dong/ ခေါ် Ward တို့ကတော့ မြို့ပြဒေသ (Urban Area) ဖွဲ့စည်းပုံဝေါဟာရများ ဖြစ်ကြပါတယ် ။
မြို့နယ် ၊ ကျေးရွာနှင့် ရပ်ကွက်ရုံးများ
အဆင့်မြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (Higher-level Local Government) များဟာ ဗဟိုအစိုးရ (Central Government) နှင့် အဆင့်နိမ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တို့အကြား စေ့စပ် ညှိနှိုင်း စီမံအုပ်ချုပ်မှုကို ဆောင်ရွက်ပေးပါတယ် ။ အဆင့်နိမ့် အုပ်ချုပ်ရေး အဖွဲ့ဟာ ဒေသတွင်း ပြည်သူများကို ဒေသလိုက်အုပ်ချုပ်ရေးစနစ်ဖြင့် မြို့တော် ၊ မြို့နယ်စု နှင့် ခရိုင်များတွင် ဒေသတွင်း အုပ်ချုပ်သူ အနေဖြင့် ဒေသတွင်းရှိ ပြည်သူများ ၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြည့်ဆည်း စီမံ ဆောင်ရွက်ပေးပါတယ် ။ မြို့နယ် ၊ ကျေးရွာနှင့် ရပ်ကွက် (Eup, Myeon and Dong) ရုံးများက ပြည်သူများ အုပ်ချုပ်ရေးနှင့် လူမှုရေးကိစ္စရပ်များ အတွက် အဓိက ဖြည့်ဆည်း ဆောင်ရွက်ပေးပါတယ် ။










ဒေသဆိုင်ရာ အစိုးရအဖွဲ့ခေါင်းဆောင်များ
ဒေသဆိုင်ရာ အစိုးရအဖွဲ့ခေါင်းဆောင် (Local Government Head) ဟာ ဥပဒေဖြင့် ကန့်သတ်ထားတဲ့ ကိစ္စများမှအပ ကျန်အရေးကိစ္စရပ်များမှာ အကြံပေးခြင်း ၊ ကြီးကြပ်ခြင်းစတဲ့ အုပ်ချုပ်ရေးကိစ္စများ စီမံ ဆောင်ရွက်ပိုင်ခွင့်ရှိပါတယ် ။ ဒေသဆိုင်ရာ အစိုးရအဖွဲ့(Local Government)များ အနေဖြင့် ဗဟိုအစိုးရ (Central Government) ကို ကိုယ်စားပြုလျက် ပြည်သူတို့၏ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု အကာအကွယ်ပေးခြင်း နှင့် သက်သာ ချောင်ချိရေး ဖြည့်ဆည်းပေးခြင်း ၊ တန်ဘိုးဖြတ်ခြင်းနှင့် အမျိုးမျိုးသော ဝန်ဆောင်မှုများအတွက် အခွန်အခများ ကောက်ခံခြင်း တို့ကို ဆောင်ရွက်ပါတယ် ။
ဤသို့ဤနှယ် အဓိပ္ပါယ်ပြန်ဆို
ကိုရီးယားဒေသဆိုင်ရာ အုပ်ချုပ်ရေးကိစ္စတွင် ဖော်ပြထားတဲ့ ဝေါဟာရများနှင့် ပတ်သက်ပြီး စာရေးသူအနေဖြင့် ဤသို့ ဤနှယ် ပြန်ဆိုထားသော်လည်း သဘောမတွေ့သူများ ရှိနိုင်ပါတယ် ။ မိတ်ဆွေတို့အနေဖြင့်လည်း မိမိအစီအစဉ်ဖြင့် ကြိုက်နှစ်သက်သလို ပြန်ဆိုနိုင်ကြပါတယ် ။ ကျနော်ပြန်ဆိုထားသော ဝေါဟာရများကို အောက်တွင် နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် -
မဟာမြို့တော်광역시/gwang-yeok-shi/(Metropolitan City)
ပြည်နယ်도/do/(Province)
အုပ်ချုပ်ရေးမှူး 지사/jisa/(Governor)
မြို့တော်ဝန်시장/shijang/(Mayor)
မဟာမြို့တော်အစိုးရအဖွဲ့ 광역시의회/gwang-yeok-shi-eui-hoi/(Metropolitan City Government)
ပြည်နယ်အစိုးရအဖွဲ့ 도의회/do-eui-hoi/(Province Government)
မြို့တော်ကောင်စီ 시의회/shi-eui-hoi/(City Government)
မြို့နယ်စုကောင်စီ 군의회/gun-eui-hoi/(County Government)
ခရိုင်ကောင်စီ 구의회/gu-eui-hoi/(District Government)
မြို့နယ် 읍 /eup/(Township)
ရပ်ကွက် 동 /dong/(Ward)
ကျေးရွာ 면/myeon/( Myeon)
မှတ်ချက် -
ဆောအူးလ်မြို့တော်ရဲ့ တရားဝင်အမည်ကို ယခင်က Seoul Special City ဟု သုံးစွဲခဲ့သည်များရှိသော်လည်း ကိုရီးယားအစိုးရက နောက်ဆုံးထုတ်ဝေသည့် Facts about Korea တွင် Metropolitan Seoul ဟု ဖော်ပြထားပါသည် ။

လေးစားမှုဖြင့် -
ကိုဝိုင်း(မိုးညှင်း)

No comments: