Saturday, August 30, 2008

အာရှတိုက်ရဲ့ တစ်နေရာ

ကဗျာဆိုသည်က ခေတ်ကို ကိုယ်စားပြုသည်။ ခေတ်၏ အသံ၊ ခေတ်၏ ခံစားမှုတွေကို ခေတ်ပေါ်ကဗျာအများစုတွင်တွေ့ရသည်။ ယနေ့ ခေတ်က မွန်းကြပ်နေသည်။ ထွက်ပေါက်မရှိသော ဘ၀များစွာသည် ထွက်ပေါက်ကို လိုက်ရှာရင်းပင် လမ်းပျောက်ကြရပြန်သည်။ ထိုအထဲတွင် အဖိနှိပ်ခံ လူတန်းစားများသာမဟုတ်၊ ကဗျာဆရာများ ကိုယ်တိုင်လည်း အပါအ၀င်ဖြစ်သည်။ ကဗျာဆရာများကိုယ်တိုင်က ကဗျာဖြင့် တော်လှန်ကြသည်။ တော်လှန်ရုံသာမဟုတ်၊ ခေတ်၏ မွန်းကြပ်မှုထဲတွင် ထွက်ပေါက်ရှာရင်း ကဗျာဆရာကိုယ်တိုင်ပါ ရွှေ့ ပြောင်းလုပ်သားဖြစ်လာရပြန်သည်။ သို့သော် ကဗျာဆရာသည် သူ့အလုပ် သူလုပ်မည်သာ။ ကဗျာဆရာက သူခံစားနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ရွှေ့ပြောင်းလုပ်သားတို့ ရုန်းကန်နေရသော ခက်ခဲကြမ်းတမ်းသည့် ဘ၀များကို ခေတ်၏ အသံ၊ ခေတ်၏ နမိတ်ပုံ၊ ခေတ်ပြိုင်ခံစားမှုတို့ဖြင့် သရုပ်ဖော်သည်။ ယခု အာရှတိုက်ရဲ့တစ်နေရာ ကဗျာသည်လည်း အပါအ၀င်ဖြစ်သည်။ သည်ကဗျာဖြင့်ပင် ဆရာကြည်မောင်သန်းသည် ၂၀၀၆ ရွှေအမြုတေ စာပေဆုတွင် ကဗျာဆုကို ရရှိခဲ့သည်။ ဤကဗျာကို ၂၀၀၈ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့၊ ပူချွန်းမြို့ မြန်မာအသင်း(ဧည့်ခံခန်းမ)၌ မြန်မာအသင်း(ကိုရီးယား)မှ ကြီးမှူးကျင်းပမည့် ကိုရီးယားနှင့် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားတို့၏ ဘ၀အခြေအနေနှင့် အနာဂတ်ကို ပုံဖော်ထားသော မှတ်တမ်း/ ဇာတ်လမ်း ရုပ်ရှင်ကားများကို ပြသမည့် တတိယအကြိမ် ရွှေ့ပြောင်းအလုပ်သမား ရုပ်ရှင်ပွဲတော်အား ဂုဏ်ပြုသောအားဖြင့် ကူးယူဖော်ပြပါသည်။

အာရှတိုက်ရဲ့ တစ်နေရာ

(၁)

အမှန်တကယ်ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ပြည်ရဲ့ရွာ
မြို့ တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ
အဝေးပြေးလမ်းမကြီးရဲ့ ပခုံးပေါ်မှာ
လေးထပ်တိုက် ၈ လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့ တစ်နေရာလို့ဆိုပါစို့
အဲဒီရွာရဲ့ အဋ္ဌမမြောက်တိုက် အခန်းတစ်ခန်းထဲမှာ
အင်ဒိုနီးရှားလူငယ် ၄ ယောက်
( ၂ ယောက်က ညီအစ်ကို )
ဘင်္ဂလားဒေ့ရှ် လူရွယ်တစ်ယောက်
ပြီးတော့ ငါတို့ ၂ ယောက်
ဓါရဏ ပရိတ်၊ ကိုရ်အမ်ကျမ်း၊ ရော့ခ်သီချင်း
ဂျင်းဘောင်းဘီ၊ ၀ိုင်ယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက် ၂ ကောင်
တစ်အိုးတစ်အိမ် ထူထောင်လို့နေကြ
သူတို့ဘ၀တွေဟာ
အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
ခပ်ဆင်ဆင်တူနေရဲ့

(၂)

နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိပ်ရေးမ၀တဲ့ မျက်လုံးထဲမှာ
နှင်းတွေ အတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တစ်နေကုန်မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံခေါင်မိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေနဲ့ မချိမဆန့်အလုပ်လုပ်ကြ
အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမဲ့
‘ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့နီးတာပဲ‘ လို့
ဘင်္ဂလားဒေ့ရှ်လူရွယ်က မှတ်ချက်ချတယ်
နေ၀င်ရီတရောမှာ
ကျောပေါ်အမောတွေထမ်းပြီးပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာနိစ္စဓူကိစ္စ
ညကျ
တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမည်ဆိုကြ
ကျိုးပဲ့နေတဲ့ ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း
လေးညှင်းနံ့သင်းနေတဲ့ စီးကရက်ကိုဖွာရှိုက်
ဂျက်ဂွါကားတစ်စီးရဲ့ နောက်ကိုပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်က အပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုံးဆက်သူကဆက်
တိုက်ပေါ်တက်ပြီး ရေဒီယိုနားထောင်သူကနားထောင်
နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူနဲ့ တရုပ်မလေးတွေကို
စိတ်ကူးယဉ်သူယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူကသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ

(၃)

နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ၀က်သေ သေသွားကြ
နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာဘာလဲ
မေးခွန်းတွေထုတ်ရင်းကြေကွဲရပြန်
‘တရားမ၀င် အလုပ်သမား‘ တဲ့
အာရှကျားတွေ ထွားကျိုင်းဖို့အရေးမှာ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား
အာရှတိုက်ကြီးကတော့
အပျိုပေါက်တစ်ယောက်လိုခြယ်သ
ဂျပန်၊ ဥရောပနဲ့ အမေရိကကို
မျက်စပစ်နေလေရဲ့

(၄)

ပြန်လည်ဆန်းစစ်ကြည့်တော့
ငါတို့ဟာ စက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့
ငါတို့ဟာ ကုမ္ပဏီတစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဘဏ်တိုက်တစ်ခု မဖြစ်နိုင်ခဲ့
ငါတို့ဟာ ဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာ ဈေးပေါတဲ့ ကုန်ကြမ်းတွေသာဖြစ်တယ်
အာရှတိုက်ရဲ့တစ်နေရာမှာ စတေးခံဘ၀များစွာ
ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ ဘ၀ဟာ ဘာမှမသေချာလှ
အဲဒီလိုမသေချာမှုတွေထဲကပဲ
သေချာတဲ့ ဘ၀ကိုတည်ဆောက်ယူရတာ
တို့လူသားတွေရဲ့ မွေးရာပါတာဝန်ပဲ မဟုတ်လား
( ၀ဋ်ကြွေးလည်း ဖြစ်နိုင်ရဲ့ )
ခုမှ ငါ့ရဲ့ကိုယ်ပိုင်ကောင်းကင်မှာ
ကြယ်ရောင်မှိန်ပျပျ
မြင်ရရုံပဲ ရှိပါသေးတယ်
တစ်ခါတစ်လေ
နံရံပေါ်က ကမ္ဘာမြေပုံကိုကြည့်ရင်း
ငါလွမ်းနေမိရဲ့
ငါလွမ်းနေခဲ့တာ
ပီဇာနဲ့ ဟမ်ဘာဂါတွေကိုမဟုတ်ဘူး
ဟာဒ်ရော့ခ်ကဖေးကိုမဟုတ်ဘူး
‘နိုင်ငံကူးလက်မှတ်‘ လို့အမည်ရတဲ့
ဝီစကီပုလင်းလှလှကို မဟုတ်ဘူး။
အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့
ကျွန်းတစ်ကျွန်းကိုမဟုတ်ဘူး
မီရှယ်ယိုးဆိုတဲ့ ရုပ်ရှင်မင်းသမီးကိုမဟုတ်ဘူး
ငါလွမ်းနေခဲ့တာ
ကံခေပေမဲ့
ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ
လေပြင်းထန်တဲ့ ကမ်းခြေက
ငါ့ရဲ့ ခြေတံရှည်အိမ်လေးကိုပါ

(၅)

‘အမျိုးသားက နိုင်ငံခြားမှာလေ…‘ ဆိုပြီး
ရပ်ကွက်ထဲမှာ
တစ်ချို့ဇနီးမယားတွေပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မိအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်းရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကို ကွက်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကိုခွဲခွာခဲ့
သူငယ်ချင်းများနဲ့ တိုင်းပြည်ကိုခွဲခွာခဲ့
အဲဒီအတွက်ရမယ့် ဆုလာဘ်ဟာ
စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ
အသားမာတက်နေတဲ့ လက်နဲ့
ပြက္ခဒိန်ပေါ်က နေ့တွေကို ရေတွက်ရင်း
‘လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်လို့‘ ညည်းမိ
ဒါပေမဲ့ သုဝဏ္ဏသျှံမဟုတ်တော့…

(၆)

ခုတော့
အာရှကျားတွေရဲ့ ပါးစပ်ထဲက
အမဲသားတစ်ဖတ်
သွားကြားညှပ်ခဲ့ရင်ခွင့်လွှတ်ပါ
ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး
အာရှတိုက်ရဲ့ တစ်နေရာက
မြုံနေတဲ့ အနာတွေပါ
ရင်းနေတဲ့ အနာတွေပါ။ ။

ကြည်မောင်သန်း

အောက်တိုဘာ ၂၀၀၅
နှလုံးအိမ်မဂ္ဂဇင်း

ဆရာကြည်မောင်သန်း၏ ကဗျာ ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း ကဗျာစာအုပ်မှ ကူးယူဖော်ပြပါသည်။ ဆရာ့၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသော်လည်း ကဗျာကိုချစ်မြတ်နိုးစိတ်သက်သက်ဖြင့် ပြန်လည်ကူးယူဖော်ပြမိခြင်းအတွက် ဆရာ့အား အနူးအညွတ် တောင်းပန်အပ်ပါသည်။

1 comment:

ဝင်းပေါ်မောင် said...

ဒီကဗျာကို ထောင်စုပြတင်းဂျာနယ် မှာ ဖော်ပြခဲ့ဖူးတယ်။ မိတ်ဆွေတယောက် အီးမေးကနေ ပို့ပေးတာ။ ကြိုက်လို့ ဖော်ပြခဲ့တာပါ။ ခွင့်ပြုချက်လည်း မတောင်းနိုင်ခဲ့သလို ရင်းမြစ်ကိုလည်း မသိခဲ့ပါဘူး။ ပြန်ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။