ရေးသားသူ — ကိုကြီးပေါ်
မြန်မာဆိုရိုး တခု ရှိတယ်။ `ခြောင်းကြည့် ပြုံးပြန်၊ လျှောက်ပြန် သံပေး´ တဲ့။ လူပျိုလူငယ် ဘ၀ကို ကျော်ဖြတ်ခဲ့သူတိုင်း ဒီဆိုရိုး အဓိပ္ပာယ်ကို သိကြမှာပါ။ အခုတော့ ကိုကြီးပေါ်က ဆိုရိုးအသစ်တခုလောက် ထွင်ကြည့်ချင်မိပါတယ်။ `ခြောင်းကြည့် ဒေါကန်၊ ဖောက်ပြန် ခေတ်ဆွေး´ ရယ်လို့ပါ။ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်ကြီးကို ခြောင်းကြည့်မိလေတိုင်း ဒေါမနဿ ပွားရသလို၊ တနေ့တနေ့နဲ့ ခေတ်ဆွေးခေတ်ဟောင်းကြီးထဲ တိုးတိုးဝင်နေတာကြောင့်ပါ။
ချစ်တီးလက်သစ်
မေလက နာဂစ်လေမုန်တိုင်း ၀င်မွှေသွားလို့ ဧရာဝတီတခြမ်းနဲ့ ရန်ကုန်တစိတ် ကြေမွသွားခဲ့ရ ပါရောလား။ နာဂစ်အရေးမှာ ကမ္ဘာရော မြန်မာရော အပူအဆူတွေ, အကူအလှူတွေ, အငြူအစူတွေ, အထူအယူတွေနဲ့ ရှုပ်ယှက်ခတ်ပြီး သကာလ၊ ခုတော့ ဗိုလ်ချုပ်မင်းများက ပိ ပြား ငြိမ် ၀ပ် ဖိ ထောင်း ကြိတ် ချေ ပြီး ထိန်းချုပ် ထားလိုက်ကြပါပြီ။
နအဖတန်ခိုးတော်ဖြင့် မည်သို့ လုပ်လိုက်လေသည် မသိ။ ယခုအခါတွင် ဘိုကလေး, လပွတ္တာ စသည့် လေဘေးသင့် မြို့များသည် ခေတ်မီမြို့ပြ အသွင်ဖြင့် ငွားငွားစွင့်စွင့် ပွင့်လာကြလေပြီလို့ မြန်မာ့အလင်း သတင်းစာမှာ ရေးပါတယ်။ ဒုက္ခသည်ဟူ၍ တယောက်မျှ မရှိတော့ချေတဲ့။ ရေသမား လှေသမားတွေကလည်း လှေတွေ ပိုက်တွေ သင်္ဘောတွေနဲ့ ရေလုပ်ငန်း စနေကြပြီတဲ့။ ကုန်းသမား လယ်သမားတွေကလည်း ထွန်တွေ စက်တွေ ကျွဲနွားတွေနဲ့ လယ်ယာလုပ်ငန်း စနေကြပြီတဲ့။ အဟောသုခံ - ကောင်းလှင့်တေး။
နအဖရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ တာဝန်သိ အမျိုးချစ် စီးပွားရေး လုပ်ငန်းရှင်များက ရင်းနှီးငွေ အမြောက်အမြား စိုက်ထုတ်ကာ ကူညီနေကြသည်လို့လဲ ဆိုပါသေးတယ်။ ကုမ္ပဏီတွေက အိမ်တွေဆောက်, ကျောင်းတွေဆောက်, လမ်းတွေဖောက်, တံတားတွေဆောက်ကြတယ်လို့ ဆိုပါတယ်။ သြော်… ဒါလည်း အဟောသုခံ - ကောင်းလှင့်တေးလို့ပဲ ထားလိုက်ပါဦးစို့။
ဟော နောက်ထပ် လာပါပြီ။ ကူညီပါဦးမည် တဲ့။ ဘာလဲ ဆိုတော့ စပါးစိုက်တဲ့ လယ်ယာလုပ်ငန်းကို ကုမ္ပဏီတွေက ငွေရင်းပြီး လုပ်မယ်ဆိုပဲ။ လိုအပ်တဲ့ လယ်လုပ် ကိရိယာတွေကို အငှားချပေးမယ်။ မျိုးစပါး ၀ယ်ပေးမယ်။ စပါးစိုက်တဲ့ လုပ်အားခ ထုတ်ပေးမယ်။ နာဂစ်လယ်သမားက လုပ်အားစိုက်တဲ့။ စပါးတွေ ထွက်လာရင်တော့ ငွေစိုက်သူက သူပိုင်တယ်ပေါ့။ သူ ရောင်းမယ်ပေါ့။
ဒီသတင်းကြားတော့ ကိုကြီးပေါ် နားထဲ `ချစ်တီး´ ဆိုတာကိုပဲ ထပ်ကာထပ်ကာ ကြားနေမိတော့တယ်။ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ပန်းချီ ဦးအေးတင် ရေးတဲ့ တို့ပြည်ထောင်စုသမိုင်း စာအုပ်ထဲက ဗိုက်ရွှဲရွှဲ ထိပ်ပြောင်ပြောင် နှာခေါင်းပွပွ အဆီဝင်းဝင်းနဲ့ ချစ်တီးကုလားပုံကိုပဲ ပြန်မြင်ယောင်နေမိတော့တယ်။
ဒီလုပ်ရပ်ဟာ တချိန်က မြန်မာလယ်သမားတွေ အော့နှလုံးနာခဲ့ရတဲ့ ချစ်တီး လူတန်းစားကို ပြန်လည် မွေးထုတ် ပေးလိုက်တာပါပဲ။ ယနေ့ မြန်မာတွေက `ချစ်တီး´ ဆိုတဲ့ စကားကို ငွေကြေးကပ်စေးနှဲသူ, အလိုကြီးသူ အဖြစ် ပြောဆိုတတ်ကြပေမယ့်၊ မူရင်းက ချစ်တီး ဆိုတာ လူမျိုးတမျိုးရဲ့ အမည်ပါ။ ဒါပေမယ့် သူတို့က ငွေတိုးချေးစား မတရား ခေါင်းပုံဖြတ် အမြတ်ထုတ် ကိုယ်ကျိုးရှာကြသူတွေအဖြစ် ထင်ပေါ်လာတော့ ချစ်တီး ဆိုတာလည်း အဲဒီအရာတွေရဲ့ ကိုယ်စားပြု စကားလုံး ဖြစ်လာတော့တာပါ။ ဆယ့်ကိုးရာစု အလယ်လောက်ကနေ နှစ်ဆယ်ရာစု အလယ်လောက်အထိ ချစ်တီးတွေ တန်ခိုးထွားခဲ့တဲ့ ခေတ်ပေါ့။ ချစ်တီးဒဏ်ကို မြန်မာသာမက အရှေ့တောင်အာရှ နိုင်ငံတွေ ကျောကော့အောင် ခံခဲ့ရပေတာပေါ့။ ချစ်တီးရိုက်တဲ့ အရှိုးရာက သမိုင်းမှာ ဘယ်ပျောက်နိုင်ဦးမှာလဲ။
တကယ်တော့ ငွေတိုးချေးစားတဲ့ ချစ်တီးဆိုတာ မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ ဒိုတီ အောက်ပိုးကျိုက်ပြီး အင်္ကျီတောင် မ၀တ်တဲ့ ချစ်တီးကုလားမှာ ချမ်းသာတာဆိုလို့ (လိုရာအကုန်သုံးတဲ့) ကြေးခွက်တခုပဲ ရှိတာ။ ဒါဖြင့် သူတို့တွေက ဘယ်လို ငွေတွေရလို့ ဒီလို စီးပွားတွေ လုပ်နိုင်တာလဲ။ အဖြေကတော့ ကိုလိုနီအစိုးရက အရှင်မွေးလိုက်လို့ ချစ်တီးတွေ နေ့ချင်းကြီးလာတာပါ။
အင်္ဂလိပ် အရင်းရှင်အစိုးရက သူ့ကိုလိုနီနယ်တွေမှာ လယ်ယာလုပ်သူ အခြေခံလူတန်းစားတွေ အင်အားရှိလာ ခေါင်းထောင်လာမှာကို မလိုချင်ဘူး မဟုတ်လား။ သူတို့ကိုယ်တိုင် ကျေးလက်တွေကြားထိ ဆင်းပြီး ထိန်းချုပ်ဖို့လည်း မလုပ်နိုင်ဘူးလေ။ ဒီတော့ ချစ်တီးတွေကို မွေးထုတ်ပြီး လယ်သမားတွေအပေါ် ခေါင်းပုံ ဖြတ်ခိုင်းထားလိုက်တာပါပဲ။ လယ်သမား အလုပ်သမားတွေဆီမှာ အရင်းမရှိအောင်၊ တနည်းပြောတော့ အရင်းကို သူတို့ လက်ဝါးကြီး အုပ်ထားနိုင်အောင် စီစဉ်ထားတဲ့ စနစ်တခုပါပဲ။
အိန္ဒိယတောင်ပိုင်းက ချစ်တီးမျိုးနွယ်တွေထဲက နည်းနည်း ချမ်းသာသူတွေကို စုပြီး အင်္ဂလိပ်က ဘဏ်ထောင်ပေးတယ်။ သူတို့လည်း ထည့်ဝင်တယ်။ ပြီးတော့ ချစ်တီးတွေကို အတိုးနည်းနည်းနဲ့ ငွေချေးပေးတယ်။ ချစ်တီးတွေက အဲဒီငွေနဲ့ လယ်သမားတွေကို အတိုးကြီးကြီးနဲ့ ငွေပြန်ချေးတယ်။ ငွေချေးလုပ်ငန်းလုပ်ချင်တဲ့ ချစ်တီးတွေကို သူ့ကိုလိုနီ နယ်အတွင်းမှာ လုပ်ကိုင်နိုင်အောင် ကူညီတယ်။ နေရာအနှံ့ရောက်အောင်လည်း ပို့ပေးတယ်။
အဓိကအကျဆုံး အချက်ကတော့ ကိုလိုနီအစိုးရက ချစ်တီးတွေ အလုပ်လုပ်လို့ရအောင်, အမြတ်များများရအောင် ဥပဒေရော အာဏာကိုပါ သုံးပြီး မျက်နှာလိုက်ပေးတာပါပဲ။
ချစ်တီးတွေ မပေါ်လာခင်က လယ်ယာလုပ်ငန်းကို တိုင်းရင်းသား လယ်ပိုင်ရှင်တွေက ထိန်းချုပ်ထားတာပါ။ ရှေးက လယ်ယာစနစ်မှာ လယ်ယာလုပ်ဖို့ အဓိက အရင်းသုံးမျိုး လိုပါတယ်။ လယ်, လယ်လုပ်ကိရိယာ နဲ့ ကျွဲနွားပါ။ ဒီသုံးမျိုးလုံး မရှိလို့ တခုခုရှိရင်တောင် အလုပ်လုပ်စားလို့ ရပါပြီ။ လယ်ပိုင်ရှင်ကြီးတွေ ဆိုတာ လယ်အကုန်လုံးကို လုပ်နိုင်တာမှ မဟုတ်တာ။ စိတ်ပိုင်းပြီး အငှားချ လုပ်ရတာပါ။ အနှစ်ချုပ်လိုက်တော့ လယ်သမားဟာ လယ်ယာလုပ်တဲ့အတွက် သူ့ရဲ့ လုပ်အားခရယ်, သူရင်းထားတဲ့ အရင်းအတွက်ရယ် (သုံးမျိုးရှိရင် သုံးမျိုးစာ၊ တမျိုးရှိရင် တမျိုးစာ) ကို ရပါတယ်။ အရင်းလုံးဝ မရှိသူကတော့ လုပ်အားသက်သက် `သူရင်းငှား´ လုပ်ရတာပေါ့။
ပထမတော့ ချစ်တီးတွေက လယ်ပိုင်ရှင်ကြီးတွေကို မှီပြီး လုပ်နေရတဲ့ လယ်သမားတွေကို မက်လုံးပေးပြီး ဆွယ်တယ်။ `နင်တို့မှာ ငွေမရှိလို့ သူတို့ကို မှီနေရတာ၊ ကိုယ့်ငွေနဲ့ကိုယ် ရင်းပြီးလုပ်၊ စပါးကို ကိုယ်တိုင်ရောင်းတော့ ဈေးကောင်းရတာပေါ့´ လို့ ပြောတော့ လယ်သမားတွေက အဟုတ်မှတ်ပြီး ငွေတိုးယူတော့တာပဲ။ စပါးပေါ်တော့ ငွေပြန်ဆပ်မယ်လုပ်ရင် `ငွေဆပ်လိုက်တော့ အရင်းပျောက်သွားမှာပေါ့၊ မဆပ်နဲ့ဦး၊ ဆက်ယူထား၊ ဆက်လုပ်၊ အမြတ်တွေရတော့မှ ပြန်ဆပ်´ ဆိုပြီး လမ်းညွှန်တော့တာ။ လယ်သမား ဆိုတာလည်း ငွေလက်ထဲရှိမှတော့ သုံးပစ်တော့တာပေါ့။ သုံးလေးနှစ်ကြာလို့ အတိုးအရင်းတွက်လိုက်ရင် လယ်သိမ်း ပစ္စည်းသိမ်းလို့ရပြီ ဆိုတော့မှ အမှုလုပ်ပြီး သိမ်းတော့တာ။ ချစ်တီးနဲ့ လယ်သမား ဘယ်လိုပဲ ပြဿနာ တက်တက် ချစ်တီးဖက်က အနိုင်ချည်းပဲ။ အမှုနိုင်လို့ ပစ္စည်းသိမ်းရင် သိမ်းပေးတဲ့ ရဲတပ်က ဆုကြေးကောင်းကောင်း ရသေးတယ်။ ချစ်တီး သိမ်းထားတဲ့ စပါးကို ဈေးကောင်းရအောင် ရောင်းပေးဖို့ အရင်းရှင် ကုမ္ပဏီတွေက တာဝန်ယူပေးတယ်။ ပစ္စည်းကို လေလံတင်ဖို့ အာဏာပိုင်တွေက တာဝန်ယူပေးတယ်။
အခု နာဂစ်ကြောင့် လယ်လုပ်ကိရိယာတွေ ကျွဲနွားတွေ အရင်းတွေ ဆုံးရှုံးသွားတဲ့ လယ်သမားတွေကို ကူညီမယ့် အစီအစဉ်တဲ့။ ကြည့်လိုက်တော့ လိုသမျှ အရင်းအားလုံးကို ကုမ္ပဏီတွေက ငွေစိုက် အငှားချပေးမယ့် စနစ် ဖြစ်နေပါရောလား။ ထွက်လာတဲ့ စပါးကို ငွေစိုက်သူက သိမ်းမှာ ကွက်တိ။ အကြောင်းမညီညွတ်လို့ စပါးမထွက်ရင် လယ်သိမ်းဖို့က အဆင်သင့်။ လယ်သမားက လိုအပ်လို့ ယူရသမျှအားလုံးဟာ ငွေတိုးယူရတဲ့ သဘောပါပဲ။ လယ်သမားကို အရင်းဖြည့်တင်းပေးမယ့် အစီအစဉ်ဆိုလို့ ယောင်လို့တောင် မပါပါဘူး။
ဆိုရှယ်လစ်ခေတ်မှာ ကတည်းက လယ်ယာအားလုံးကို နိုင်ငံတော်က ပိုင်သည် ဆိုပြီး လုပ်ထားခဲ့တာ။ လယ်သမားဆိုတာ အမည်ခံပဲ ရှိတော့တာပါ။ ဒါပေမယ့် ကိုယ့်လယ်ကိုယ့်ယာမှာ ကိုယ့်အရင်းလေးနဲ့ ဟန်မပျက် လုပ်နိုင်ကိုင်နိုင်သေးတယ်။ အခုတော့ ကိုယ့်လယ်ယာမှာ သူများငွေရင်းနဲ့ လုပ်ရမယ့် ဘ၀ကို ချက်ချင်းရောက်၊ အဆင်မသင့်တာနဲ့ လက်လွတ်ထွက်ပြေးရမယ့် အပေါက်။
အဲ… ဖြုန်းခနဲဆို ပေါ်လာတာကတော့ မြန်မာပြည်ဖြစ် ချစ်တီးလက်သစ်တွေပါပဲ။ စစ်အစိုးရရဲ့ ကျောထောက်နောက်ခံနဲ့၊ လုပ်ပိုင်ခွင့်တွေ အာဏာတွေ အပြည့်အသိပ်နဲ့၊ အလိုရမ္မက်တွေနဲ့ ဖောင်းကားနေတဲ့ ချစ်တီးလက်သစ်တွေဟာ သွားဖြဲနားဖြဲ အရှက်မဲ့နေကြပုံများ မြင်မကောင်းအောင်ပါ။
ကိုကြီးပေါ်ကတော့ ဒီလူတွေကို ချစ်တီးသရုပ် ပိုပီပြင်သွားအောင် ဒိုတီလေးကျိုက်ပေးပြီး နှာဖူးမှာ ထုံးသုံးရစ်သာ တားလိုက်ချင်တော့ရဲ့။
Sunday, November 2, 2008
ခြောင်းကြည့်သူရဲ့ အမှား ၉
Subscribe to:
Post Comments (Atom)
No comments:
Post a Comment