Sunday, January 11, 2009

ဒီဇင်ဘာ ၂၀ ရက်၏ တမ်းတခြင်း သို့မဟုတ် ရဲဘော်ရဲ့ကဗျာ

















ဒီတစ်ပါတ် မိတ်ဆက်ပေးမယ့် ကဗျာလေးကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် လေးစုနီးပါးလောက်က တော်လှန်ရေးကဗျာလေးပါပဲ။ အာဏာရှင်တွေကို ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင် တော်လှန်ခဲ့တဲ့ သူရဲကောင်းအာဇာနည်တွေကို ဂုဏ်ယူလေးစားစွာ ရေးဖွဲ့ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ ဒါတင်မကသေးပါဘူး။ မြန်မာကဗျာရဲ့ အစဉ်အလာလေးလုံးစပ် ကာရန်စနစ်ကို လမ်းခွဲပြီး စကားပြောလေသံကို စတင်အားပြုလာခဲ့တဲ့ ပထမဆုံး စာပေတော်လှန်ရေး ကဗျာတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒီကဗျာကို ဆရာမောင်လေးအောင်က ရေးဖွဲ့ပြီး၊ မိုးဝေမဂ္ဂဇင်း ၁၉၆၉၊ ဒီဇင်ဘာလထုတ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ မြန်မာ့သမိုင်းအဆက်ဆက်မှာ အဖိနှိပ်ခံပြည်သူတွေရဲ့ အာဏာရှင်ကို ရဲရဲတောက် တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့တော်လှန်ရေးအတွင်း အသက်တွေ၊ သွေးတွေ စတေးခဲ့ကြရတဲ့ သူရဲကောင်းများကို ညွှတ်နူးတဲ့ စိတ်နဲ့ လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စွန်းထင်းခဲ့တဲ့ သွေးစက်တွေကို ငဲ့စောင်းကြည့်လိုက် ကြရအောင်လားဗျာ…။


ဒီဇင်ဘာ ၂၀ ရက်၏ တမ်းတခြင်း သို့မဟုတ် ရဲဘော်ရဲ့ကဗျာ

တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဖြန်းကနဲကွဲထွက်ပြီး
သွေးအစက်စက် စီးလိမ့်လာတယ်။
ငါ အံကိုကြိတ်ပြီး
လက်သီးကျစ်ကျစ်ဆုပ်မိတယ်
ဒီနေရာမှာ
ရဲဘော်ဟာ ကျဆုံးခဲ့တယ်။
ကတ္တရာလမ်းကိုခွာ
ရာဇ၀င်ရေးအရ
သုတေသန လုပ်ရင်
ရဲဘော်ရဲ့ ဂုဏ်ပုဒ်ကို တွေ့ရမယ်။
ဘယ်သူငြင်းနိုင်သလဲ
စီးဆင်းခဲ့တဲ့ ရဲဘော်ရဲ့ သွေးတွေအကြောင်း။
စပါးတားကပ်ရဲ့ ဂုဏ်ရောင်
ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ
ငုယင်ဗန်ထရွိုင်း အတိုင်းမသိသော
ချေဂွေဗားရား စသော
အာဇာနည် ရာထောင်သောင်းတို့နှင့်အတူ
တရားတဲ့ပြည်သူတွေရဲ့ တိုက်ပွဲမှာ
ရဲဘော်ရဲ့သွေးဟာ နီရဲခဲ့တယ်
သူတို့က ရဲဘော်ရဲ့ ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်။
ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေ။
သူတို့မုန်းတာကို
ရဲဘော်က စိမ်းကားတဲ့အပြုံးနဲ့
ပြုံးမှာပဲ၊ ယုံတယ်။
ပြည်သူချစ်တဲ့
အာဇာနည်အနှစ်ဟာ
ဘယ်ခေတ်မှာမဆို နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်။
ဗိုလ်အောင်ကျော်
ရဲဘော်
ဒီနေရာမှာ
တို့ဟာ ရဲဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြုဖူးတယ်။
ဗိုလ်အောင်ကျော်
ရဲဘော်
ဒီနေရာမှာ
တို့ဟာစာရွက်တွေ ဝေဖူးတယ်။
ရဲဘော်ရဲ့ အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့တိုက်ပွဲတွေအကြောင်း။
ဒီနေရာကိုလာပြီး
ရဲဘော်စီးဆင်းခဲ့တဲ့
နီရဲတဲ့သွေးစက်တွေပေါ်မှာ
ငါ့ဖြူဖပ်ရော်တဲ့
မျက်ရည်နဲ့
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ့
ရဲဘော်ရဲ့ ဂုဏ်အခန်းခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဘူး။
ကဗျာတစ်ပုဒ်
ဟုတ်တယ်၊ ငါ့ကဗျာတစ်ပုဒ်
ရဲဘော်ရဲ့ ဂုဏ်ပုဒ်ကို
ဖော်ထုတ်ဖို့ ကြိုးပမ်းတဲ့ ကဗျာတစ်ပုဒ်။
လက်ခံပါရဲဘော်
အော်ဟစ်ပြီးငါပန်ကြားတယ်။
ဒီကဗျာဟာ
ငါ့ကဗျာမဟုတ်ဘူး။
ပြန်ငြင်းပါရစေ
ဖတ်ကြည့်စမ်းလေ
စေးထန်းတဲ့ သွေးစက်တွေရယ် ဘယ်သူ့သွေးလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့သွေးတွေ
မခြောက်သေးတဲ့ သွေးအစက်စက်နဲ့
ရဲရဲလက်လက် သီယှက်ထားတဲ့
ရဲဘော်ရဲ့ကဗျာပါလား။ ။

မောင်လေးအောင်

No comments: