Wednesday, January 7, 2009

အီး-နိုင်းဗီဇာ ပိတ်သည်ဆိုခြင်းနှင့်ပတ်သက်၍….

အခု ကိုရီးယားမှာ အီး-၉ ဗီဇာ ပိတ်လိုက်ပြီဆိုပြီး ၊ ကျနော်တို့ မြန်မာအလုပ်သမားလောကမှာ သတင်းတွေ ဖြစ်နေပါတယ် ။ သတင်းရဲ့အကျိုးဆက်အရ ၊ လက်ရှိ ကိုရီးယားမှာ အီး-၉ ဗီဇာကိုင်ထားတဲ့သူတွေက ၊ ‘ ဟာ - ဒို့တော့ နောက်ထပ် သက်တမ်းတိုးလို့ရတော့မှာ မဟုတ်ဘူး ’ ဆိုပြီး ပူပင်နေကြသူတွေ ရှိနေကြသလို ၊ အလုပ်သမား ထပ်မံ ငှားရမ်းသုံးစွဲခွင့်အစီအစဉ်(Re-employment Program) (ကိုရက်ပ်စ် ပြင်ဆင်ချက်) အရ ၊ အီး-၉ ဗီဇာ သက်တမ်း အသစ်အတွက် မြန်မာပြည် ခေတ္တ ခွင့်ပြန်နေတဲ့ မြန်မာ အလုပ်သမားအချို့ကလည်း ၊ မြန်မာပြည်ရှိ ကိုရီးယားသံရုံးက အီး-၉ ဗီဇာထုတ်ပေးဖို့ ငြင်းဆန်နေသဖြင့် (အတည်မပြုရသေး) ၊ ကိုရီးယား ပြန်လာဖို့ အခက်အခဲ ရှိနေကြကြောင်း ၊ မြန်မာပြည်သို့ ခေတ္တပြန်ရမယ့် သူများကလည်း ဗီဇာ ထပ်မရမှာ စိုးရိမ်သည့်အတွက် ခွင့်မပြန်တော့ဘဲ “ အို ”လိုက် (ရက်လွန်နေထိုင်) တော့မည် ဆိုသူများလည်း ရှိနေကြောင်းသိရပါတယ် ။
အမှန်မှာ အီး-၉ ဗီဇာ ပိတ်ခြင်း မဟုတ်ပါ ။ ကိုရီးယားတိုင်းမ်သတင်းအရ ဆိုလျင် ခေတ္တ ဆိုင်းငံ့ခြင်းသာ ဖြစ်ပါတယ် ။ ဒီ ဗီဇာဆိုင်းငံ့တယ် ဆိုတဲ့သတင်းဟာလည်း ၊ ကျနော့်အယူအဆနှင့် တင်ပြရလျင် အီး-၉ ဗီဇာ ဆိုင်းငံ့ခြင်း မဟုတ်ပါ ။ နောင်နှစ်အတွက် နိုင်ငံခြား အလုပ်သမား လိုအပ်ချက် မရှိသေးသည့်အတွက် (နိုင်ငံခြားလုပ်သားအင်အား ပြည့်နေသည့်အတွက်) ၊ အသစ် ထပ်မံ ခေါ်ယူမည့် နိုင်ငံခြား အလုပ်သမား အရေအတွက်ကိစ္စ ခေတ္တ ဆိုင်းငံထားခြင်းသာ ဖြစ်သည်ဟု သဘောရ ပါတယ် ။
ကိုရီးယားအီးပီစနစ်အရ ၊ နိုင်ငံခြားလုပ်သားအင်အားမူဝါဒကော်မတီ (Foreign Workforce Policy Committee) ဆိုတာရှိပါတယ် ။ အဲဒီကော်မတီဟာ ကိုရီးယားနိုင်ငံရဲ့ စီးပွါးရေးနှင့် အလုပ်အကိုင်အခြေအနေကို အမြဲတမ်း လေ့လာ သုံးသပ်နေရပြီး ၊ နှစ်စဉ်လိုအပ်မယ့် နိုင်ငံခြားလုပ်သားဦးရေကို ခန့်မှန်းတွက်ချက်ကာ ၊ နိုင်ငံတော် အစိုးရထံသို့ အကြံပြုတင်ပြရပါတယ် ။ အဲဒီကိစ္စကို နှစ်စဉ် မတ်လမှာ ဆုံးဖြတ်ပါတယ် ။ အခု ၂၀၀၉-၂၀၁၀ နှစ်အတွင်း ခေါ်ယူရန် လိုအပ်သည့် နိုင်ငံခြားသား လုပ်သား ဦးရေ ကိစ္စ ဆိုင်းငံထားခြင်းသာ ဖြစ်ပါတယ် ။ အီး-၉ ဗီဇာ ဆိုင်းငံ့ထားခြင်း သို့မဟုတ် ပိတ်လိုက်ခြင်း မဟုတ်ပါ ။ ၄င်း နိုင်ငံခြား လုပ်သားအင်အား မူဝါဒကော်မတီ ဟာ ၊ ဗီဇာ ပိတ်ရန် သို့မဟုတ် ဆိုင်းငံ့ထားရန် ဆုံးဖြတ်ချက်ပေးနိုင် ၊ အမိန့်ထုတ်နိုင်သော အာဏာပိုင် အဖွဲ့ မဟုတ် ကြောင်း သတိပြုရမှာ ဖြစ်ပါတယ် ။ ကိုရီးယားတိုင်းမ်စ် သတင်းထောက်က ဝေါဟာရ အသုံးအစွဲ မှားယွင်း သွားသည်ဟုသာ ဆိုရမှာဖြစ်ပါတယ် ။
ကိုရီးယားပြည်တွင်းရှိ အီး-၉ ဗီဇာကိုင်ဆောင်ထားသူများ သက်တမ်းလေး တိုးရန်ဖြစ်စေ ၊ ဗီဇာသက်တမ်းအသစ် (သက်တမ်းကြီး) တိုးရန်ဖြစ်စေ ၊ မိမိအား ခေါ်ယူ အသုံးပြုမည့် ကိုရီးယား လုပ်ငန်းရှင် ရှိမည်ဆိုလျင် စိုးရိမ်ဖွယ်ရာ အကြောင်း မမြင်ဟု ယူဆပါတယ် ။ Re-employment Program အရ ဗီဇာ သက်တမ်းကြီးတိုးရန် မြန်မာပြည်သို့ ခေတ္တပြန်ဖို့ လိုအပ်သူများ ၊ ကိုရီးယားမှ မထွက်ခွါမှီ ကိုရီးယား တရားရေးဝန်ကြီးဌာနမှ ထုတ်ပေးလိုက်သည့် ဗီဇာ ထုတ်ပေးရန် သက်သေခံ လက်မှတ် (Certificate for Confirmation of Visa Issuance) (ပုံစံ နမူနာ ဒီမှာနှိပ်) ကို ရရှိအောင် ဆောင်ရွက် သွားမည်ဆိုလျင် လုံခြုံစိတ်ချရပြီဟု ယူဆပါတယ် ။
ဗီဇာသက်တမ်းကြီးတိုးရန် မြန်မာပြည်သို့ခေတ္တရောက်ရှိနေသူများအနေဖြင့်မူ ၊ မိမိတို့ဗီဇာ သက်တမ်း တိုးခြင်းသည် ကိုရီးယား တရားရေးဝန်ကြီးဌာနမှ ထုတ်ပေးလိုက်သည့် ဗီဇာထုတ်ပေးရန် သက်သေခံလက်မှတ် (Certificate for Confirmation of Visa Issuance) အရ ၊ မြန်မာပြည်ရှိ ကိုရီးယားသံရုံးတွင် ဗီဇာ လျောက်ထား ရခြင်း ဖြစ်ရာ ၊ သံရုံးက ဗီဇာ ထုတ်ပေးရန် ငြင်းဆန်နေပါက သို့မဟုတ် အင်တင်တင် လုပ်နေပါက မိမိတို့ အနေဖြင့် စိုးရိမ်ကြောင့်ကျမှု မဖြစ်ဘဲ ၊ မိမိအားပြန်လည်ခေါ်ယူရန် တာဝန်ခံထားသည့်အလုပ်ရှင် ၊ ၄င်းမှ တစ်ဆင့် သက်သေခံ လက်မှတ် ထုတ်ပေးလိုက်သည့် ကိုရီးယား တရားရေးဝန်ကြီးဌာနသို့ ပြန်လည် တင်ပြခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဟု ယူဆမိပါကြောင်း တင်ပြလိုက်ရပါတယ် ။




လေးစားလျက်-
ကိုဝိုင်း(မိုးညှင်း)

3 comments:

ဝင်းပေါ်မောင် said...

အလုပ်ဗီဇာတွေ ခေတ္တရပ်ထား (Visa for Foreign Workers Suspended) လို့ ရေးထားတာ ရှင်းရှင်းလေးပါ။ ပိတ်တယ်လို့ ပြောနေကြတာကတော့... ကောလာဟဠကို ဘူးလုံးနားမထွင်းနဲ့ လေဖမ်းဒန်းစီး ရမ်းသမ်းမှန်းတုတ် ပြောကြတဲ့ အကျင့်တွေ၊ ကြားကြားသမျှကို ဗျာဒိတ်တော် မှတ်ပြီး အကြောက်လွန်တဲ့ အကျင့်တွေကြောင့်ပါ။ ညံ့တဲ့ကောင် ခံပဲ။

winlatt said...

တစ်ချို့ဘလော့(ရွှေမင်းသား)များမှာ ကိုရီးယားနိုင်ငံခြားသား အလုပ်သမားသတင်းများကို ကောလဟာလ သဘော ပြောနေတယ်ဗျာ...။
ရွာမှာတစ်မျိုး ဒီမှာတစ်မျိုးတဲ့...ကဲ...ကြည့်လုပ်ကြဦး ဂုရုတို့ရေ....

ကိုဝိုင်း (မိုးညှင်း) said...

သေလည်းအေးတာပဲဗျို့ ။ မကောင်းသူထိပ် - ကောင်းသူထိပ် ဆိုသလို ၊ သဘောထား ကြရတော့မှာပဲ ဗျို့ ။ တတ်နိုင်ဘူး ၊ အရပ်ကတို့ရေ ။ ။