Sunday, January 4, 2009

ရက်လွန်နေထိုင်သူများ ကိုရီးယားမှ ပြန်လည်ထွက်ခွါလျင်..

ရက်လွန်နေထိုင်သူများ ကိုရီးယားမှ ပြန်လည်ထွက်ခွါလျင်...
တောင်ကိုရီးယားတွင် ရက်လွန်နေထိုင် (Over-stay) ပြီး ၊ ကိုရီးယားမှ ပြန်လည်ထွက်ခွါရာတွင် ၊ Statement ခေါ် ကြေညာလွာ သို့မဟုတ် ထွက်ဆိုချက်ကို ရေးသားရလေ့ရှိပါသည် ။
အဆိုပါထွက်ဆိုချက်ကို ကိုရီးယားဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာ သို့မဟုတ် တရုတ်ဘာသာ တို့ဖြင့် ရေးသားနိုင်ကြပါသည် ။ ကာယကံရှင်ကိုယ်တိုင်က အဆိုပါ ၃ ဘာသာအနက် တစ်ဘာသာဖြင့် ရေးသားရန်မစွမ်းဆောင်နိုင်၍ စကားပြန်ဖြင့် ရေးသားရသည့်အခါမျိုးတွင် စကားပြန် (ဘာသာပြန်ပေးသူ) ၏ နိုင်ငံကူးလက်မှတ်မိတ္တူ သို့မဟုတ် နိုင်ငံသားကပ်မိတ္တူ ပူးတွဲတင်ပြရန်လိုအပ်ပါသည် ။
အဆိုပါ (Statement)ထွက်ဆိုချက်ကို လေဆိပ် လူဝင်မှုကြီးကြပ်ရေးဌာနတွင် ပြုလုပ်ရခြင်းဖြစ်ပြီး ၊ အချိန် ၁ နာရီခန့်ကြာတတ်ပါသည် ။ လေဆိပ်အ၀င်စစ်ဆေးခြင်း(Check-in)မခံယူမီ ၊ အချိန်ပို (၁) နာရီခန့် ကြိုရောက်ဖို့လိုအပ်ပါမည် ။
ပြည်တော်ပြန် ရွှေမြန်မာအချို့ အဆိုပါထွက်ဆိုချက်ရေးသားတင်ပြရန် အချိန် မလုံလောက် သဖြင့် လည်းကောင်း ၊ ကိုယ်တိုင်ရေးသားရန်မစွမ်းဆောင်နိုင်သဖြင့်လည်းကောင်း ၊ လေယာဉ် ခရီးစဉ် ရွှေ့ဆိုင်းလိုက်ရခြင်း ၊ ရက်ရွှေ့ဆိုင်းရခြင်းများ အမှန်တကယ်ရှိခဲ့ပါသည် ။ ထိုသို့ ရက်ရွှေ့ဆိုင်း လိုက်ရ ရာမှ ၊ မူလအချိန်းအချက် အချိတ်အဆက်များ လွဲချော်သွားပြီး ၊ မလိုလားအပ်သော ဒုက္ခအပိုများ တွေ့ခဲ့ရသူများပင် ရှိခဲ့ကြောင်းလည်း သိရပါသည် ။
သို့ဖြစ်ရာ ကျနော်တို့ ရွှေမြန်မာများ အဆိုပါ ကြေညာလွှာအဆင်မပြေမှုကြောင့် ၊ မလိုလားအပ်သော အပို ဒုက္ခများမှ ကင်းဝေးနိုင်ရေးနှင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရေးအတွက် ၊ ရက်လွန် နေထိုင်သူများ ကိုရီးယားမှ ပြန်လည်ထွက်ခွါသည့်အခါ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ရေးသားဖြည့်စွက် တင်ပြရလေ့ရှိသော ကြေညာလွှာပုံစံ(Statement Form)ကို တင်ပြလိုက်ပါသည် ။
ကြေညာလွှာပုံစံ(ဒီမှာနှိပ်)
***အဖမ်းဆီးခံရသူများအနေဖြင့်မူ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ခံပြီး ဆောင်ရွက်ပေးသည့်အတွက် ၊ အဆိုပါပုံစံကို ဖြည့်စွက်ရေးသားရန်မလိုကြောင်းသိရပါသည် ။
အားလုံးအဆင်ပြေကြပါစေဗျား ။



အစဉ်လေးစားလျက်-
ကိုဝိုင်း(မိုးညှင်း)
၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၄ ရက် ။

No comments: