Friday, April 17, 2009

မြန်မာအသင်း (ကိုရီးယား)၏ နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်လွှာ


ရေးသားသူ — မြန်မာအသင်း (ကိုရီးယား)

၁၃၇၁ မြန်မာနှစ်ဆန်း တစ်ရက် ယနေ့တွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများ နှင့်တကွ ပြည်တွင်းပြည်ပ ပြည်ထောင်စု မြန်မာနိုင်ငံသား တိုင်းရင်းသား အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် အခါသမယတွင် သင်္ကြန်ရေအေး သွန်းလောင်းကာ နွမ်းနယ်မှုများကို ပြေပျောက်စေသကဲ့သို့ စိတ်ဟောင်းစိတ်နွမ်းများကိုလည်း စိတ်သစ်စိတ်ကောင်းများဖြင့် အစားထိုး သွန်းလောင်းနိုင်ပါစေဟု ထပ်လောင်း ဆုတောင်းလိုက်ပါသည်။

ယနေ့အခါတွင် ကမ္ဘာတ၀ှမ်းလုံး၌ စီးပွားရေး အကြပ်အတည်း အလုပ်အကိုင် အခက်အခဲများနှင့် ကြုံတွေ့နေရသဖြင့် ကိုရီးယားနိုင်ငံတွင်လည်း အလားတူ ရင်ဆိုင်ကြုံတွေ့နေရချိန် ဖြစ်ပါသည်။ ကိုရီးယားရောက် မြန်မာနိုင်ငံသားများမှာလည်း အလုပ်အကိုင် နေရေးထိုင်ရေး စားရေးသောက်ရေး စသည့် လူမှုကိစ္စများနှင့် မလွှဲမရှောင်သာ ရင်ဆိုင်နေကြရချိန် ဖြစ်ပါသည်။ အဆိုပါ အခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း စိတ်ပျက် အားငယ်ခြင်း မရှိဘဲ လောကဓံကို ရင်ဆိုင်နိုင်သည့် စိတ်သတ္တိဖြင့် ကျော်လွှားကြပါဟု တိုက်တွန်းလိုပါသည်။ အကြောင်းမှာ မိမိတို့၏ ဇာတိချက်ကြွေ မွေးရပ်မြေရှိ ညီနောင်သားချင်း ဆွေးမျိုးရင်းတို့သည် မိမိတို့ထက် အဆများစွာသာသော အတိဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်ကို တွေးမြင်ထောက်ဆ၍ ကိုယ့်ဒုက္ခကိုပဲ အကြီးအကျယ် စာမဖွဲ့စေလို၍ ဖြစ်ပါသည်။

ကိုရီးယားရောက် မြန်မာနိုင်ငံသားများ၏ အသိုင်းအ၀န်းတွင် ယခုအခါ လူမှုရေး, နိုင်ငံရေး, ဘာသာရေး, အနုပညာ, အားကစား, စာပေ အစရှိသဖြင့် ကဏ္ဍစုံ၌ ဖွဲ့စည်းလှုပ်ရှားမှုများ ရှိနေကြပြီ ဖြစ်ပါသည်။ နယ်မြေဒေသအလိုက် စုစည်းလှုပ်ရှားမှုများလည်း ရှိနေကြပြီ ဖြစ်ပါသည်။ ထိုလှုပ်ရှားမှုများတွင် မိမိတို့ ၀ါသနာပါရာ လုပ်နိုင်ရာအလိုက် ပါဝင်လုပ်ဆောင်ကြခြင်းဖြင့် အမျိုးသားရေး မြှင့်တင်ဆောင်ရွက်သူများ ဖြစ်ကာ အတွေ့အကြုံသစ်များ ရရှိနိုင်ကြမည် ဖြစ်ပါသည်။

ကြံ့ခိုင်သော နှလုံးသား, ညီညွတ်သော စိတ်ဓာတ်, ထိရောက်သော လုပ်ဆောင်နိုင်မှုများဖြင့် နှစ်သစ်ကို လျှောက်လှမ်းနိုင်ကြစေကြောင်း မြန်မာအသင်း (ကိုရီးယား) က ဆုတောင်းတိုက်တွန်းလိုက်ပါသည်။

ခင်မောင်ရင်
ဥက္ကဌ
မြန်မာအသင်း (ကိုရီးယား)

စာအမှတ်။ ၈/၂၀၀၈-၂၀၁၀
ရက်စွဲ။ ၁၈၊ ၄၊ ၂၀၀၉

No comments: