မြန်မာနှစ် ၁၃၇၁ သို့ ကူးရောက်သည့် နှစ်ဆန်းတရက်နေ့တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခြင်း အကျိုးငှာ၊ မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှု၏ အခြေခံဖြစ်သည့် ၃၈-ဖြာ မင်္ဂလာ အကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းတပုဒ်ကို လွှင့်တင်လိုက်ပါတယ်။ ရုပ်ရှင် ဂီတ အနုပညာရှင်ကြီး ဒေါ်ကြည်ကြည်ဌေး သီဆိုထားတာ ဖြစ်ပါတယ်။ ရေးဖွဲ့သူကို ကျနော် မသိပါ။ သိသူရှိက ပြောပြစေလိုပါတယ်။ အောက်မှာ သီချင်းရော စာသားရော ဖော်ပြထားပါတယ်။
သီချင်းထဲမှာ ပါရှိတဲ့ မင်္ဂလာတရားတွေကို အမှတ်စဉ် ထိုးပေးထားပါတယ်။ သီချင်းက အသံကို ငဲ့ပြီး ရေးရတာမို့ အချို့နေရာမှာ ကျော်တာထပ်တာတွေ ရှိပါတယ်။ မူရင်း ပါဠိဂါထာတွေကိုလည်း သက်ဆိုင်ရာ အပိုဒ်အောက်မှာ ဖြည့်စွက်ဖော်ပြပေးထားပါတယ်။
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဘ၀ပိုင်ရှင်များ ဖြစ်ကြပါစေ… Get this widget | Track details | eSnips Social DNA
ရှစ်ပြူခေါင် ဥဒိစွန်းဆီက ဖလ်ဝန်းစကြာပမာ၊ သဗ္ဗလောက ဟိတတ္ထာရ၊ သုံးဆယ့်တစ်ဘုံသားတို့၏ အကျိုးစီးပွား အမှန်။ ကပ်ကမ္ဘာ တလွှားမှာ၊ သတ္တ၀ါများစွာက၊ အမြတ်တကာရယ်လို့ ထားရတဲ့၊ မြတ်ဘုရား ကိုယ်တော်တိုင်၊ ဟောကြားတော်မူခဲ့ပါတဲ့၊ မင်္ဂလာ ဒေသနံ။
ဇေတ၀န် ဘုံနန်းဝိဟာ၊ စောမုနိန္ဒာ သဏ္ဌာန်မူသနင်း သတင်းသုံးတော်မူခိုက်မှာ၊ သန်းခေါင်ယံတွင်းမှာ နတ်ဒေ၀ါချင်းကာ၊ ရောင်ဝါတိမ်လျှံ ဘုရားမြတ်ထံ လျှောက်ထားရာ။ မင်္ဂလာတရားကိုလ၊ မနုဿ ဒေ၀တာ လူနတ်စုံစွာ ကြံစည်စိတ်ကူးကာ။ ဆယ့်နှစ်နှစ်သော ကာလချိန်ယံ လွန်ကာသာ ငြင်းခုံကာ၊ အမှားအမှန် ခွဲခြားမရတော့ပြန်။
မင်္ဂလာတရား ဟောဖို့ရန်၊ ခွင့်လျှောက်ကာပန်။ စောဘဂ၀ါ ဗုဒ္ဓါ မြတ်စွာ ဟောတုံ့စေ ၀စနံ။ ရွှေကြာတွင်းက သင်းပျံ့ကြိုင်လျှံ၊ မာလာဝတ်မှုံ ကြဲကာ၊ များလှဝေနေ ချမ်းသာစေရန်။ ဘော ဒေ၀ပုတ္တာ၊ ဘုန်းရှင် ငါဘုရားရဲ့ မြတ်တရား မှတ်သားကာ၊ နားစိုက်ရာ၊ တသောင်းတိုက် ၀ဠာ၊ တရားနတ်စည် ဆော်ရွမ်း ခြိမ့်ခြိမ့်ညံ။
၁-လူမိုက်တွေကို မမှီဝဲနဲ့၊ ၂-ပညာရှိကိုသာ ပေါင်းသင်းဆက်ဆံ၊ ၃-ပူဇော်ထိုက်သူ ဆည်းကပ်ဖို့ရန်။ ချင့်မြော်ထောက်ဆဖို့ ဟောခဲ့တဲ့ မင်္ဂလာဒေသနံ၊ ၄-သင့်လျော်လျောက်ပတ်တဲ့ ဒေသအရပ်ဝယ် ရှာကြံကာနေရန်၊ ၅-တွေးဆဖို့လိုတာ ရှေးကပြုတဲ့ ကုသိုလ်ဒါနကံ၊ ၆-အတ္တသမ္မာပဏိဓိ အမှန်၊ စောဘဂ၀ါ ဒေသနံ ဧတံ မင်္ဂလ မုတ္တမံ။
[အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။ ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
ပဋိရူပ ဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ။ အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလ မုတ္တမံ။]
မင်္ဂလာ ၇-အမြင်အကြားလည်း များလို့သန်၊ ၆-အကုသိုလ် ဒုစရိုက်တွေ ရှောင်ကြဉ်ကာ လွတ်ကင်းနိုင်ဖို့ရန်၊ ၈-သိပ္ပံ အတတ်ကို အထူးလေ့လာရန်၊ ဆည်းပူးရှာကြံ၊ ၉-ငါးပါးသီလ ဝေနေယျ နေ့ညကျင့်သုံးရန်၊ ၁၀-ကောင်းသောစကားကို ပြောဆိုနိုင်လေ အမှန်၊ စောဘဂ၀ါ ဒေသနံ ဧတံ မင်္ဂလ မုတ္တမံ။
[ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ၀ိနယော စ သုသိက္ခိတော။ သုဘာသိတာ စ ယာ ၀ါစာ၊ ဧတံ မင်္ဂလ မုတ္တမံ။]
၁၁-မာတာ ပီတာ အစဉ်လုပ်ကျွေး ပိုက်ထွေးပြုစုကာ၊ ၁၂-သားမယားလည်း ၀တ္တရားကျေလို့ မင်္ဂလာ တရားတော်လာ၊ ဩော် ၁၃-သမ္မာဇီဝ အမှန်၊ ၁၄-စွန့်ကြဲလှူဒါန ၁၅-တရားအမှန် ရှာကြံ၊ ၁၆-ဉာတကာနဉ္စ ဆွေမျိုးတွေလည်း သဂြုင်္ိဟ်ထောက်ပံ့ရန်၊ ၁၇-အပြစ်မရှိသောအမှုတွေ ရွက်ဆောင်နိုင်အောင်ကြံ၊ စောဘဂ၀ါ ဒေသနံ ဧတံ မင်္ဂလ မုတ္တမံ။
[မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။ အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလ မုတ္တမံ။
ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။ အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလ မုတ္တမံ။]
၁၈-မကောင်းမှုတွေကို အမှန် ဝေးစွာရှားဖို့ကြံ၊ ၁၉-အတွေ့လည်း ရှောင်ရန် အငွေ့လည်း ရှောင်ရန်၊ ၂၀-စွန့်လွှတ်ကာ ပယ်ပစ်လို့ မူးယစ်သေရည် မသောက်မစား၊ ၂၁-ကုသိုလ်တရား မမေ့လျော့စေဖို့ အမှန်၊ ၂၂-ရိုသေထိုက်တဲ့လူ ရိုသေမြတ်နိုးကြနိုင်ရန်၊ ၂၃-နှိမ့်ချတဲ့စိတ်နဲ့ ၂၄-ရောင့်ရဲလွယ်ဖို့ဖန်၊ ၂၅-သူတထူး ကျေးဇူးကို မမေ့ဘူး ဆပ်ဖို့ရန်၊ ၂၆-လျောက်ပတ်တဲ့ ချိန်ယံ ဓမ္မခဏ်တရား နာယူမှတ်သားမှ အကျိုးများမယ် အမှန်၊ စောဘဂ၀ါ ဒေသနံ ဧတံ မင်္ဂလ မုတ္တမံ။
[အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။ အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလ မုတ္တမံ။
ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။ ကာလေန ဓမ္မဿဝနံ၊ ဧတံ မင်္ဂလ မုတ္တမံ။]
ဖြည့်ကျင့်ပါရမီ ၂၇-ခန္တီပီစွာ၊ ၂၈-သူတော်ကောင်း မိန့်စကား နာယူမှတ်သားကာ၊ ၂၉-ရဟန်း သံဃာမြတ်ကို တကယ် ဖူးမြော်လို့သာ၊ ၃၀-အခါခွင့်ကြုံရ မြတ်တရားဒေသနာ ကြံစည်တွေးဆကာ ဆွေးနွေးပါမှ တရားအမှန် မြင်မယ့်ဉာဏ်။ မင်္ဂလာတရား အမှန်၊ ၃၁-ခြိုးခြံကာ မျှော်ကာချင့်လို့ ၃၂-မြတ်လှစွာသော ထိုအကျင့်နဲ့ ဗြဟ္မစရိယတရားနှင့် ညီရန်၊ ၃၃-အရိယသစ္စာ သိပါမှ အဘိဇ္ဈာ မလွှမ်းကာ ၃၄-နိဗ္ဗာန်နန်း မျက်မှောက်ပြုခြင်းဉာဏ်၊ စောဘဂ၀ါ ဒေသနံ ဧတံ မင်္ဂလ မုတ္တမံ။
[ခန္တီ စ သောဝစဿတာ၊ သမဏာနဉ္စ ဒဿနံ။ ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလ မုတ္တမံ။
တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။ နိဗ္ဗာန သစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလ မုတ္တမံ။]
အစိန္တေယျ ထွတ်ထား ဟောနှုတ်ခြွေ ၀စနံ၊ အို ဘော ဒေ၀ပုတ္တ၊ ငါဘုရား ဟောကြားမည် ဧကန်။ ဖုဋ္ဌဿ ရဟန္တာပုဂ္ဂိုလ် စိတ်နဂို အမှန်၊ ၃၅-လောကဓံတွေ့ငြား မဖောက်ပြားတော့ အမှန်၊ ၃၆-စိုးရိမ်ခြင်းကိုပယ် ထိတ်လန့်ခြင်းကိုပယ်၊ ၃၇-ရမ္မက် မြူဝဲဘေးမရှိပြန်၊ ၃၈-မတုန်မလှုပ် သမာဓိစိတ်နဲ့ ဘေးမသန်း အေးချမ်းသာယာ၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရား မဂ်ဖိုလ်ကို ရည်သန်၊ စောဘဂ၀ါ ဒေသနံ ဧတံ မင်္ဂလ မုတ္တမံ။
[ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ နကမ္ပတိ။ အသောကံ ၀ိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။
ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထ မပရာဇိတာ။ သဗ္ဗတ္ထ သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။]
Friday, April 17, 2009
နှစ်သစ်မှာ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံကြပါစေ
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ
Subscribe to:
Post Comments (Atom)
1 comment:
နှစ်သစ်မှာ မင်္ဂလာသီချင်းနားထောင်ရတာ မင်္ဂလာတပါးပါပဲ။
အဲဒီသီချင်း ကျမလည်းကြိုက်လို့ ဒေါင်းလုတ်ယူထားတာ ရှိတယ်။
စာသားအပြည့်အစုံ ဖော်ပြပေးတာ ကျေးဇူးအထူးတင်ပါကြောင်း ...
ဟန်းဂုရွာ အဖွဲ့သားများ မင်္ဂလာရှိသော နှစ်သစ် ဖြစ်ကြပါစေရှင်။
Post a Comment