Sunday, May 3, 2009

ကရုဏာ ပလက်ဖောင်း

ရေးသားသူ —မောင်ဝေယျာ
မြန်မာပြည်သူများ နာဂစ် မုန်တိုင်းဒဏ် ခံခဲ့ရသည်မှာ တနှစ်ပြည့်ခဲ့ပေပြီ်။ နာဂစ် မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၂ သိန်း နီးပါး အသက်ဆုံး ရှုံး ခဲ့ကြရပြီး ၂ သန်း ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့ရသည်။ မုန်တိုင်း ကယ်ဆယ်ရေး အတွက် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ၊ နိုင်ငံတကာမှ စေတနာ ရှင်များမှလည်း အတိုင်းအတာ တစ်ခုအထိ ကူညီပံ့ပိုးခဲ့ကြပါသည်။

သို့သော် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများသည် အလွန်များပြားခဲ့သည်။ မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး တို့အပြီးသတ်ဆောင်ရွက်နိုင်ရနှ် အနည်း ဆုံး ၃ နှစ် မှ ၅ နှစ် ခန့်အထိ ကြာမြင့်နိုင်ကြောင်း ကျွမ်းကျင်သော ပညာရှင်များမှခန့်မှန်းထားပါသည်။ ယခု တစ်နှစ်ပြည့်သည့်တိုင်အောင် ဆောင်ရွက်မှုများ၊ ကူညီမှုများမှာ အားရကျေနပ်ဖွယ် မရှိသေးပေ။ နိုင်ငံတကာမှ စေတနာရှင်များ ကလည်း အလှူငွေများ ကို ဆက်လက် လှူဒါန်းနေကြဆဲဖြစ်ပါသည်။ သို့သော် ပြည်ပရောက် မြန်မာ နိုင်ငံသားများ ၏ ပံ့ပိုး ကူညီမှုများမှာ ရပ်တန့်လုနီပါး ဖြစ်နေပါသည်။ မုန်တိုင်းဖြစ်ပွားစဉ်ကာလက မေတ္တာ ကရုဏာတရားကြီးမားစွာဖြင့် ၀ိုင်းဝန်းကူညီခဲ့ကြသော ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့်လည်း တစ်ကြိမ်တစ်ခါ အကူအညီအထောက်အပံ့ ပေးခဲ့ရုံမျှဖြင့် ကျေနပ်မနေသင့်ပါ။ ယနေ့ အချိန်အထိ လိုအပ်နေဆဲဖြစ်သည့် မိမိတို့နိုင်ငံသားများ၏ ဒုက္ခများကို မျှဝေခံစားကြစေလိုပါသည်။
ကျနော်တို့သည် တစ်မြေထဲနေ ၊ တစ်ရေးထဲသောက်သည့် ညီရင်းအစ်ကို ၊ မောင်ရင်းနှမ များ ဖြစ်ကြပါသည်။ တစ်ဦးဒုက္ခ ရောက်နေပါက တစ်ဦးက ကူညီ စောင့်ရှောက်ရပေလိမ့်မည်။ ဘာသာရေး ရုထောင့် က ကြည့်ပါကလည်း လူသားအချင်းချင်း တစ်ဦးကို တစ်ဦး ဖေးမကူညီ စောင့်ရှောက်ရမည် ဖြစ်သည်။ သီတဂူ ဆရာတော် ဟောကြားခဲ့သော တရားတော် ကဲ့သို့ပင် ကရုဏာ ကို အခြေခံပြီး မေတ္တာ ရှေ့ထား ဆောင်ရွက်ရမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင် ရာတွင် ခန္တီတရားကိုပါ လက်ကိုင်ထားပြီး မိမိ၏ ကိုယ်ကျိုးစီးပွား အတ္တကိုရှေ့တန်းမတင်ဘဲ အများအကျိုးကို ရှေ့ရှုဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ လူသားအားလုံးလိုက်နာကျင့်သုံးသင့်သည် ကရုဏာ ၊ မေတ္တာ ၊ ခန္တီ ၊ ပညာ တို့ကို လက်ကိုင်ထား ၍ ဆောင်ရွက်ပါက ငြိမ်းချမ်းသော ကမ္ဘာ ကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ယခု အခါလို စီးပွားပျက်ကပ် ကာလ ဆင်းရဲ ဒုက္ခ ရောက်နေသော အချိန်တွင် သာမာန် ပြည်သူများထက် မုန်တိုင်းဒဏ် ခံစားခဲ့ကြရသော သူများကပို၍ အထိနာခဲ့သည်။ ယခု အချိန်အထိ စားရေး သောက်ရေးနှင့် အမိုးအကာ ရရှိရေးအတွက်ကိုသာ ဦးစားပေးနေရပြီး ကျန်းမာရေးကို အနည်းငယ်သာ ဂရု ပြုနိုင်ခဲ့သည်။ မုန်တိုင်း ဒေသ မှ ကလေး ငယ်များ၏ပညာရေးမှာ အိမ်မက်ပင်မမက်နိုင်သည့် အခြေအနေ ဖြစ်နေခဲ့သည်။ သူတို့အတွက် အနာဂတ်သည် အလင်းပျောက်၍ အမှောင်ထဲ စမ်းတဝါးဝါး လျှောက်လှမ်းနေဆဲပင်ဖြစ်သည်။ ထိုသူများ အတွက် ကျနော်တို့လို ပြည်ပရောက်နေသူများ ၏ အကူအညီ သည် လွန်စွာတန်ဖိုးရှိလှပေသည်။ နည်းသည်း များသည်ဟု သဘောမထားဘဲ မိမိတက်နိုင်သည့် အကူအညီများကို ပေးဖို့လိုအပ်ပေသည်။ စုပေါင်း လုပ်ဆောင်ပါက နည်းရာမှများလာပေလိမ့်မည်။ စုပေါင်း ညီညာအောင်ကြောင်းဖြာ စကားကဲ့သို့ပင်ဖြစ်သည်။ ကိုရီးယား နိုင်ငံရောက် မြန်မာ နိုင်ငံသားများ၏ ပံ့ပိုး ကူညီမှုများသည် ပြီးခဲ့သည့် နှစ်က အထင်အရှားပင် ဖြစ်သည်။ ကိုရီးယား နိုင်ငံ ရောက် မြန်မာနိုင်ငံသားအရေအတွက် နည်းပါးသော်လည်း ၊ စိတ်ဓာတ် အင်အား ၊ စုစည်းမှု အင်အား ၊ ပံ့ပိုး ကူညီမှုများ ၊ မေတ္တာ အင်အား ၊ ကရုဏာ အင်အား များမှာ အဆမတန် ကြီးမားခဲ့သည်။ ထို အစဉ်အလာ ကို ဆက်လက်ထိမ်သိမ်း ဖို့ လိုအပ်ပေသည်။
ယခုလို တနှစ်ပြည့်မြောက်သော အချိန်တွင် ယခင်နှစ်က ကဲ့သို့ပင် စုစု စည်းစည်းဖြင့် လှူဒါန်းမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်လျှက်ရှိသည်။ အစုအပေါင်းဖြင့်ဖြစ်စေ ၊ အသင်းအဖွဲ့လိုက်ဖြစ်စေ ၊ ဘာသာရေး အသင်းအဖွဲ့များက ဦးဆောင်၍ဖြစ်စေ ၊ မြန်မာနိုင်ငံ အမျိုးသားလှုပ်ရှားမှုမြှင့်တင်ရေးကော်မတီ၏ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး အစီအစဉ်နှင့်ပင် ဖြစ်စေ လှူဒါန်းမှု ပြုလုပ်ကြပါရန် ထပ်မံအသိပေး နှိုးဆော်လိုပါသည်။ ကမ္ဘာမြေပေါ်ရှိ လူသားတိုင်း လူမျိုး မရွေး ၊ ဘာသာမရွေး ပါဝင်လျှောက်လှမ်းနိုင်သည့် ကရုဏာ ပလက်ဖောင်း ပေါ်တွင် အတူ တကွ ညီညာဖြဖြ လျှောက်လှမ်းရင်း အများအကျိုး ၊ လူသားအကျိုး ၊ ကမ္ဘာမြေ အကျိုး ကို ဆောင်ရွက်ကြပါစို့ လို့ …………………


No comments: