Monday, January 4, 2010

ကိုရီးယားနိုင်ငံ၏ အနိမ့်ဆုံး အခြေခံလုပ်အားခနှင့် ပတ်သက်၍ လက်ဆင့်ကမ်း မျှဝေခြင်း

ရေးသားသူ — ကိုလူချစ်


ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကို မောင်နှမတွေ အတွက် အနိမ့်ဆုံး အခြေခံ လုပ်အားခနဲ့ ပတ်သက်ပြီး ကိုရီးယား အလုပ်သမားဝန်ကြီးဋ္ဌာနနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ စာတွေကို ကိုကားပြီး လက်လှမ်းမီသလောက် ပြန်ပြီး လက်ဆင့်ကမ်းပေးလိုက်ပါတယ်။

လာမည့် ၂၀၁၀ခုနှစ်အတွက် အနိမ့်ဆုံး အခြေခံ လုပ်အားခမှာ တစ်နာရီလျှင် ၀မ် ၄၁၁၀ နှုန်းဖြင့် တစ်ရက် လုပ်အားခမှာ ပျှမ်းမျှ အလုပ်ချိန်(၈)နာရီနှုန်းဖြင့် ၀မ် ၃၂၈၈၀ ၊ အနိမ်ဆုံး အခြေခံလုပ်အားခ တစ်ပတ်လျှင် နာရီ(၄၀) စနစ် (အရပ်အခေါ် တစ်နေ့လျှင် အလုပ်ချိန် (၈)နာရီနှုန်းဖြင့် တစ်ပတ်(၅)ရက် စနစ်)ဖြင့် ၀မ် ၈၅၈၉၉၀ ၊ တစ်ပတ်လျှင် (၄၄)နာရီ စနစ် (တနင်္လာနေ့မှ သောကြာနေ့အထိ အလုပ်ချိန်(၈)နာရီနှုန်းနှင့် စနေနေ့တွင် အလုပ်ချိန်(၄)နာရီနှုန်းဖြင့် တစ်ပတ်လျှင် (၆)ရက်စနစ်) ဖြင့် ၀မ် ၉၂၈၈၆၀ ရရှိ ခံစားရမည် ဖြစ်ပါသည်။

တစ်ပတ် (၆)ရက်စနစ်ဖြင့် အလုပ်လုပ်ကိုင်သော တချို့သော စက်ရုံများသည် စနေနေ့ အလုပ်လုပ်ကိုင်ချိန်အား အလုပ်ချိန်(၈)နာရီ အလုပ်လုပ်ကိုင် ကြရပါသည်။ ထိုသို့သော စက်ရုံများတွင် အလုပ်လုပ်ကိုင်သည့် သူများသည် အချိန်ပို လုပ်အားခ (၄)နာရီစာ ပေါင်း၍ ခံစားရရှိရမည် ဖြစ်ပါသည်။ အလုပ်သမား ဦးရေ (၂၀)ဦးနှင့် အထက်အား အသုံးပြုသည့် စက်ရုံအလုပ်ရုံများသည် အခြေခံအလုပ်ချိန် တစ်ပတ်လျှင် နာရီ(၄၀) စနစ်ကိုသာ အသုံးပြုရမည် ဖြစ်ပါသည်။ ယခု တိုးမြှင့်လိုက်သည့် အနိမ့်ဆုံး အခြေခံလုပ်အားခ နှုန်းထား အကျုံးဝင်သည့် ကာလမှာ ၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ဖြစ်ပါသည်။

အနိမ့်ဆုံး အခြေခံလုပ်အားခ လစာ တိုးမြှင့်ရန် အနိမ့်ဆုံး အခြေခံလုပ်အားခ လစာ တိုးမြင့်မှု ကော်မတီမှ သဘောတူ ဆုံးဖြတ်ကာ အလုပ်သမားဝန်ကြီးဋ္ဌာနသို့ တင်ပြပြီး အလုပ်သမားဝန်ကြီးဋ္ဌာနမှ နှစ်စဉ် သြဂုတ်လတွင် အတည်ပြု ပြဋ္ဌာန်းပေးပါသည်။ အနိမ့်ဆုံး အခြေခံ လုပ်အားခ လစာ နှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်သည့် အချက်များအနက် အဓိက အခြေခံသိထားသင့်သည့် အချက်များမှာ အနိမ့်ဆုံး အခြေခံလုပ်အားခ လစာသည် အလုပ်သမား အသုံးပြုသည့် လုပ်ငန်းခွင် အားလုံးတွင် အကျုံးဝင်ပါသည်။ အနိမ့်ဆုံး အခြေခံ လုပ်အားခ လစာ တိုးမြှင့်ခြင်းဆိုင်ရာ အချက်များအား အလုပ်သမားအသုံးပြုသည့် လုပ်ငန်းရှင်မှ အလုပ်သမားများအား အသိပေး ရမည်ဖြစ်ပါသည်။ ထိုအချက်အား ဖောက်ဖျက် ကျုးလွန်သော လုပ်ငန်းရှင်သည် ဒဏ်ငွေ ၀မ် (၁၀)သိန်းနှင့် အောက်အား ပေးဆောင်ရမည် ဖြစ်ပါသည်။ ထို့အပြင် အနိမ့်ဆုံး အခြေခံလုပ်အားခ လစာထက် နည်းပါးသည့် လုပ်အားခအား ပေးသည့် လုပ်ငန်းရှင်သည် ထောင်ဒဏ် ၃နှစ်နှင့်အောက် သို့မဟုတ် ဒဏ်ငွေ ၀မ်သိန်း (၂၀၀)နှင့် အောက်အား ပေးဆောင်စေရမည်ဟု အလုပ်သမားဝန်ကြီး ဋ္ဌာနမှ ထုတ်ပြန်သော ထုတ်ပြန်စာတွင် ပါရှိသည်။

အလုပ်သမား အသုံးပြုခွင့်စနစ်(Eps)နဲ့ အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၃)နှစ်ပြည့်ပြီး လုပ်ငန်းရှင် သဘောတူချက်နဲ့ သက်တမ်းတိုး အလုပ်လုပ်ခွင့်ရမယ့် သူတွေထဲက တချို့ညီအကိုတွေ မေးမြန်းထားတာနဲ့ ပတ်သက်ပြီး နည်းနည်း လက်ဆင့်ကမ်း ပေးလိုက်ပါတယ်။

အလုပ်သမား အသုံးပြုခွင့်စနစ်(Eps)၏ အသစ် ပြန်လည် ပြင်ဆင်ထားသည့် ဥပဒေအရ အလုပ်သမား အသုံးပြုခွင့်စနစ်(Eps)ဖြင့် အလုပ်လုပ်ကိုင်ပြီး ၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၉ရက်နေ့ မတိုင်မီ အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ၃နှစ် ပြည့်ပြီး မိမိ အလုပ်လုပ်ကိုင်နေသော စက်ရုံအလုပ်ရုံနှင့် ထပ်မံ သက်တမ်းတိုး အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံသို့ ခေတ္တ(တိုင်ပတ်)ပြန်ပြီး ကိုရီးယားနိုင်ငံသို့ ပြန်လည် ၀င်ရောက်လာသူများသည် နောက်ထပ် ၃နှစ် သက်တမ်းတိုး အလုပ်လုပ်ကိုင်ခွင့် ရှိပါသည်။ သို့သော် ၂၀၁၀ခုနှစ် ဇန်န၀ါရီလ ၉ရက်နေ့နောက်ပိုင်း အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ၃နှစ်ပြည့်သူများမှာ မိမိ၏ လုပ်ငန်းရှင်မှ ထပ်မံသက်တမ်းတိုး အသုံးပြုမည်ဆိုလျှင် မြန်မာနိုင်ငံသို့ ပြန်ရန်မလိုပဲ နောက်ထပ် ၂နှစ်သက်တမ်း အလုပ်လုပ်ကိုင်ခွင့် ရှိပါသည်။ မြန်မာနိုင်ငံသို့ ပြန်မည်ဆိုလျှင်လည်း မိမိ၏ လုပ်ငန်းရှင်နှင့် ညှိနှိုင်း၍သာ ပြန်ရမည်ဖြစ်ပါသည်။ သို့သော် သက်တမ်းတိုး အလုပ်လုပ်ကိုင်ခွင့် သက်တမ်းမှာ ၂နှစ်သာလျှင် ဖြစ်ပါသည်။


မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကို မောင်နှမ အားလုံး အဆင်ပြေ စိတ်ချမ်းသာမှု အပေါင်းနဲ့ ပြည့်စုံပြီး ၊ ကိုယ်တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နှင့် လူမျိုးအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။

No comments: