Wednesday, May 26, 2010

အင်တာနက်စာမျက်နှာ (HTML) ရေးနည်းအခြေခံ သင်တန်းဖွင့်မည်

ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအား တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်စေရန် ရည်ရွယ်လျက် ၊ အင်တာနက်စာမျက်နှာသုံး အထူးစာသား သင်္ကေတများဆိုင်ရာ ဘာသာစကား(html) ရေးသားနည်း အခြေခံသင်တန်းကို ဓမ္မဒူတ ဗုဒ္ဓဘာသာအသင်း(ကိုရီးယား)၏ အစီအစဉ်ဖြင့် အခမဲ့ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည် ။
သင်တန်းတွင် html ရေးသားနည်းအပြင် ၊ Web Tool တစ်ခု ဖြစ်သည့် Macromedia Dreamweaver ဖြင့် ရိုးရိုး စာမျက်နှာ ဒိုင်းနမစ်စာမျက်နှာ စသည့် အင်တာနက်စာမျက်နှာ အမျိုးမျိုးဖန်တီးခြင်း ၊ ၄င်းနောက် မိမိဖန်တီးထားသည့် အင်တာနက်စာမျက်နှာများကို အပြည်ပြည်ဆိုင်ရာ ကွန်ပျူတာကွန်ယက်ဖြင့် ချိတ်ဆက် လွင့်တင်ခြင်း ၊ ဘလော့ဖန်တီးခြင်း နှင့် အဆင့်မြင့်ဘလော့တည်ဆောက်ခြင်း တို့ကိုပါ ဆက်တိုက် ဖွင့်လှစ်သွားမည်ဟုဆိုပါသည် ။
စိတ်ပါဝင်စားသူများ 010-2331-2457 ထံ ဆက်သွယ်နိုင်ကြောင်း နှင့် ၊ သင်တန်းကို ဇွန်လ ၅ ရက်(စနေ)နေ့ညနေမှ စတင်ကာ အောက်ပါ အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည် -
နေရာ ။ ဓမ္မဒူတ (ကိုရီးယား)
အချိန် ။ အပါတ်စဉ် စနေ ည ၈ နာရီမှ ၁၀ နာရီ
မည်သည့် သင်တန်းသားကိုမဆို လက်ခံမည် ဖြစ်သော်လည်း ၊ သင်ထောက်ကူပစ္စည်း အခက်အခဲကြောင့် ကိုယ်ပိုင်သုံး အိတ်ဆောင် ကွန်ပျူတာ (Notebook) ရှိသည့် သင်တန်းသားများကိုသာ ဦးစားပေး လက်ခံသွားမည်ဟု သင်တန်းစီစဉ်သူတစ်ဦးက ပြောသည် ။
Web page ဟုခေါ်သော အင်တာနက်စာမျက်နှာများကို Hypertext ဟုခေါ်သော အထူးစာသားများဖြင့် ရေးသားထားပြီး ၊ ထိုအထူးစာသားများအား အမှတ်သင်္ကေတပြုခြင်းကို Hypertext Markup ဟုခေါ်ဆိုကြောင်း ၊ အင်တာနက်လောကသားများ (Netizens) က ထိုအထူးစာသားသင်္ကေတများကို အင်တာနက်စာ မျက်နှာသုံး ဘာသာစကား (Language) တစ်ခုအဖြစ်သတ်မှတ်ထားကြပြီး ၊ ထို သင်္ကေတများဖြင့် မှတ်သားထားသော အထူးစာသား ဘာသာစကားကို (hypertext markup language) ဟုခေါ်ဆိုကြကြောင်း ၊ အတိုကောက် အားဖြင့် html ဟုခေါ်ဆိုကြောင်း ၊ ထိုအထူးစာသားများ အချိတ်အဆက် အပေးအယူပြု သည့် အရာကိုမူ hypertext transfer protocol ဟုခေါ်ဆိုပြီး သင်္ကေတအားဖြင့် http ဟု မှတ်သားကြကြောင်း ၊ အင်တာနက် စာမျက်နှာများ၏ လိပ်စာရှေ့တွင် ၄င်း http သင်္ကေတစာသားက ဦးစွာ နေရာယူထားကြောင်း သိရ၏ ။
ယခုအခါ အဆိုပါ ဘာသာရပ်များဆိုင်ရာ စာအုပ်စာတမ်းများစွာ ရေးသားထုတ်ဝေနေကြသော်လည်း ၊ လက်တွေ့ ပြသပေးမည့်သူမပါဘဲ မိမိဘာသာ စာအုပ်ကြည့်လေ့ကျင့်မည်ဆိုပါက အခက်အခဲ များစွာ ရှိကြောင်း ၊ ကိုရီးယားနိုင်ငံတွင်း တက္ကသိုလ် ကောလိပ်နှင့် အင်စတီကျုများတွင် တက်ရောက် သင်ယူမည်ဆိုပါကလည်း တစ်ဘာသာလျင် ဝမ် ၃သိန်းမှ ၄သိန်းထိ ပေးရကြောင်း ကွန်ပျူတာ သင်တန်းများ သတင်းရပ်ကွက်ထံမှ စုံစမ်းသိရှိရသည် ။

No comments: