Sunday, August 22, 2010

ကိုရီးယားနိုင်ငံရောက်မြန်မာတို့အတွက် အထူးဂီတပွဲတော် ကျင်းပမည်

ကိုရီးယားနိုင်ငံသို့ရောက်ရှိနေကြသည့် မြန်မာတို့အတွက် လာမည့် ကိုရီးယား ချူးဆောက်ပွဲတော် ပိတ်ရက် ကာလအတွင်း အထူးဂီတပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း ၊ ပွဲတော်ကျင်းပမည့်နေရာမှာ မြန်မာအများစုစည်းနေထိုင်ကြရာ မြို့တစ်မြို့ဖြစ်သည့် ဘူချောန်မြို့တော်၏ ပြည့်သူ့ခမ်းမ (Citizen Hall) တွင်ဖြစ်ကြောင်း သိရသည် ။
အဆိုပါ အထူးဂီတပွဲတော်သည် စက်ရုံအလုပ်ရုံများတွင် မနေမနား အလုပ်ကြိုးစား လုပ်ကိုင်လျက်ရှိကြသည့် မြန်မာအလုပ်သမားတို့ အလုပ်ခွင်မွမ်းကြပ်မှုများနှင့် ဘဝအမောများကိုဖြေလျှော့ကြရင်း ဒါနရေး သာသနာရေးများ တွင်လည်း ပါဝင် ကောင်းမှုပြုနိုင်မည့် အခွင့်အရေး တစ်ခုဖြစ်မည်ဟု ဂီတပွဲတော်ကျင်းပသူများက ဆိုသည် ။ အကြောင်းမှာ ပွဲတော်မှ ရရှိမည့် အကျိုးအမြတ်များကို ကိုရီးယားနိုင်ငံထေရဝါဒ ဗုဒ္ဓဘာသာပြန့်ပွါးရေးလုပ်ငန်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသို့ လှူဒါန်းသွားမည်ဟု ဆိုပါသည် ။
ပွဲတော်လက်မှတ်များကို သြဂုတ်လ ၂၆ ရက်နေ့မှစတင်၍ အမေ့အိမ်စားတော်ဆက်နှင့် မြန်မာသူကြီးစားတော်ဆက်(ဘူဖြောင်း)တို့တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ၊ လက်မှတ်ခမှာ စတင်ရောင်းချချိန်မှ စက်တင်္ဘာလ ၁၈ ရက်နေ့ထိ တစ်စောင် ဝမ် ၅ သောင်းနှုန်းဖြစ်ပြီး ၊ စက်တင်္ဘာလ ၁၉ ရက်နေ့မှ ပွဲတော် ကျင်းပချိန်ထိ လက်မှတ်တစ်စောင်လျင် ဝမ် ၆ သောင်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဟု ဆိုသည် ။
အဆိုပါပွဲတော်ကို ဓမ္မဒူတ(ကိုရီးယား)၏ အကျိုးတော်ဆောင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်မောင်ညွန့်ဝင်း (စကားဝါ) ၊ ဦးမြင့်နိုင် (မြန်မာသူကြီး)နှင့် ကိုဘိုဘို (အမေ့အိမ်)တို့က ငွေရေးကြေးရေး စိုက်ထုတ် မတည်စီစဉ်ခဲ့ကြပြီး ၊ ဘူချောန်းနိုင်ငံခြားသားအလုပ်သမားရိပ်သာ (Bucheon Migrant Workers’ House) နှင့် ဘူချောန်းမြို့တော်ဝန် တို့က အထူးကူညီ ပံ့ပိုးပေးထားကြသည်ဟုဆိုသည် ။
လာရောက်ဖြေဖျော်တင်ဆက်မည့် တီးဝိုင်းမှာ လေဇီးကလာပ်တီးဝိုင်း (Lazy Club Band) ဖြစ်ပြီး ၊ အသေးစိတ်အစီအစဉ်များကို ထပ်မံထုတ်ပြန်သွားမည်ဟု ဂီတပွဲတော် စီစဉ်သူများက ဟန်းဂုရွာသို့ ပြောသည် ။

No comments: