ရေးသားသူ — မောင်ဘမောင်(ဘုန်းစိုး)
သမီးရေ
ဒုစရိုက်တရားအကြောင်းကို ဆက်ကြရအောင်နော်
ဗုဒ္ဓဘာသာဝင်တွေ ရှောင်ကြဉ်ရမဲ့ ဒုစရိုက်မှု(မကောင်းမှုစရိုက်ဆိုး) ၁၀ပါးရှိတယ်။ ဒီတရားတွေကတော့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အကုသိုလ်စိတ်တွေပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့ အကုသိုလ်ကံ (မကောင်းမှုကံ) ဆယ်မျိုးဖြစ်တယ်။ ဒီတရားတွေဟာ သူတစ်ပါးအတွက်လည်း ဒုက္ခကိုဖြစ်စေတယ်။ အထူးသဖြင့်ကတော့ ပြုသူမိမိကို ပိုပြီး ဆင်းရဲဒုက္ခဖြစ်စေတဲ့ တရားတွေပဲဖြစ်တယ်။ ကံ, ကံ၏အကျိုးဆိုတဲ့ ကမ္မနိယာမ သဘောတရားကို နားလည်လို့ရှိရင် မကောင်းမှုကိုပြုတဲ့ကံဟာ မကောင်းကျိုးကိုပဲ ဖြစ်စေတယ်ဆိုတာကို ကောင်းကောင်းသိနိုင်တယ်။
ဒုစရိုက်တရား (၁၀)ပါး
မကောင်းမှုကိုဖြစ်စေတဲ့ ဒုစရိုက်တရား ၁၀ပါးက …
၁။ ကိုယ်နဲ့ ပြုလုပ်တဲ့စရိုက်ဆိုး (ကာယကံ ဒုစရိုက်)က ၃ပါး၊
၂။ နှုတ်နဲ့ ပြုလုပ်တဲ့စရိုက်ဆိုး (၀စီကံ ဒုစရိုက်)က ၄ပါး၊
၃။ စိတ်နဲ့ ပြုလုပ်တဲ့စရိုက်ဆိုး (မနောကံ ဒုစရိုက်)က ၃ပါး ရှိတယ်။
ကာယကံဒုစရိုက်၃ပါးက (၁) သူ့အသက်ကိုသတ်ခြင်း- ပါဏာတိပါတကံ၊ (၂) သူ့ပစ္စည်းကိုမပေးဘဲ ခိုးယူခြင်း- အဒိန္နဒါနကံ၊ (၃)သူတစ်ပါးအိမ်ယာကို ပြစ်မှားကျူးလွန်ခြင်း- ကာမေသုမိစ္ဆာစာရကံများပဲ ဖြစ်တယ်။ ဒီကာယဒုစရိုက်၃ပါးဟာ ငါးပါးသီလမှာပါတဲ့ ကာယကံအကုသိုလ် ၃မျိုးပဲဖြစ်တယ်။
ဒီကာယဒုစရိုက်၃မျိုးထဲက ပါဏာတိပါတကံကို ကျူးလွန်သူရဲ့ ကံအကျိုးပေးပုံက အသက်တိုတယ်၊ အနာရောဂါပေါများတယ်၊ မိမိနှစ်သက်တဲ့အရာတွေနဲ့ လွဲရတဲ့အတွက် ကိုယ်စိတ်ဆင်းရဲဖြစ်ရတယ်၊ အမြဲတမ်း ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေရတတ်တယ်။
အဒိန္နဒါနခေါ်တဲ့ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်းကံ အကျိုးပေးပုံက ပစ္စည်းဥစ္စာကင်းမဲ့စွာ ဆင်းရဲမွဲတေရတယ်၊ သောကရောက်ရတယ်၊ စိတ်ပျက်အားငယ်နေရတယ်၊ သူတစ်ပါးကိုမှီခိုအားထားပြီးသာ အသက်ရှင်နေထိုင်ရတယ်။
သူတစ်ပါးအိမ်ရာကိုပြစ်မှားခြင်း၊ ကာမေသုမိစ္ဆာစာရကံ အကျိုးပေးက ဘေးရန်အန္တရာယ်များပြားတယ်၊ လူမုန်းများတယ်၊ နှစ်သက်ဖွယ်မရှိတဲ့ အိမ်ထောင်ဖက်နဲ့ ပေါင်းသင်းရတယ်။
ဝစီကံဒုစရိုက်(၄)ပါးက (၁) မုသာဝါဒ-လိမ်လည်ပြောဆိုခြင်း၊ (၂) ဖရုဿဝါစာ-ကြမ်းတမ်းစွာ ဆဲရေးတိုင်းထွာပြောဆိုခြင်း၊ (၃) ပိသုဏ၀ါစာ-ကုန်းတိုက်ချောပစ်ပြောဆိုခြင်း၊ (၄) သမ္ဖပ္ပလာပ၀ါစာ-ပြိန်ဖျင်းတဲ့ အနှစ်မရှိတဲ့ အရပ်စကား၊ ဇတ်စကားကို ပြောဆိုခြင်းတို့ပဲဖြစ်တယ်။
ဒီဝစီကံ၃ပါးရဲ့အကျိုးပေးပုံက… လိမ်လည်ပြောဆိုခြင်းကြောင့် အချင်းပွားမှု၊ အငြင်းပွားမှုတွေကို ဖြစ်စေတယ်၊ ဂုဏ်သတင်းပျက်စီးအောင် ကဲ့ရဲ့ရှုံ့ချခြင်းခံရတယ်၊ သူတစ်ပါးအယုံအကြည်ကင်းမဲ့စေတယ်၊ ကိုယ်ချမ်းသာမှုကင်းမဲ့ခြင်းတွေဖြစ်တယ်၊။ သူတစ်ပါးနှစ်ဦးကြားမှာ စိတ်ဝမ်းကွဲပြားအောင် ကုန်းတိုက်ခြင်းရဲ့ ကံအကျိုးပေးကတော့ အကြောင်းမဲ့မိတ်ဆွေဆုံးရှုံးခြင်းဖြစ်တတ်တယ်၊ ကြမ်းတမ်းစွာပြောဆိုခြင်းကြောင့် သူတစ်ပါးရွံမုန်းခြင်းကိုခံရတယ်၊ ကြမ်းတမ်းခက်ထန်တဲ့အသံကို ရတတ်တယ်။ ပြိန်ဖျင်းတဲ့စကားကိုပြောဆိုသူ မလွဲမသွေရတဲ့ ကံအကျိုးကတော့ ကိုယ်အင်္ဂါတွေ နှုတ်တွေ ဆွံ့အခြင်းပဲဖြစ်တယ်။ မိမိစကားကို သူတစ်ပါးက မယုံကြည်တတ်ခြင်းဖြစ်တယ်။
မနောကံဒုစရိုက်၃ပါးက (၁) ဣသာ-သူတစ်ပါးပိုင်ပစ္စည်းကို ရယူပိုင်ဆိုင်လိုမှု ဆန္ဒပြင်းပြခြင်း၊ (၂)မစ္ဆရိယ-မနာလိုဝန်တိုခြင်းနဲ့ (၃) မိစ္ဆာဒိဋ္ဌိ-မှားယွင်းတဲ့ အယူဝါဒတွေပဲဖြစ်တယ်။ ဒီမနောဒုစရိုက် ၃ပါး ဟာလည်း လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ မကောင်းမှုဒုစရိုက်၃ပါးကို အခြေခံပြီး ဖြစ်တာပဲဖြစ်တယ်။ ငါးပါးသီလ မစောင့်ထိန်းတဲ့အတွက် သုရာမေရယကံကို ကျူးလွန်ရင် ဒီမနောဒုစရိုက်၃ပါးကို ကျူးလွန်ရုံသာမက စိတ်ဟာ မူးယစ်မေ့လျော့တဲ့အတွက် ကာယကံ၊ ၀စီကံ ဒုစရိုက်အားလုံးကိုလည်း ကျူးလွန်စေနိုင်တယ်။
ဣသာခေါ်တဲ့ သူတစ်ပါးပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်ချင်တဲ့ အကုသိုလ်စိတ်ရဲ့အကျိုးပေးကတော့ မိမိမှာ ဘယ်တော့မှ အလိုဆန္ဒမပြည့်ခြင်းပဲ ဖြစ်တယ်။ မစ္ဆရိယ- မနာလိုဝန်တိုစိတ်ရဲ့ အကျိုးပေးကတော့ အရုပ်ဆိုး အကျည်းတန်ခြင်းပဲ ဖြစ်တယ်။ မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိရဲ့ အကျိုးပေးကတော့ အလိုရမက်ကြီးခြင်း၊ ဥာဏ်ပညာကင်းမဲ့ခြင်း၊ ဥာဏ်တုံးခြင်း၊ အနာရောဂါပေါများခြင်း (နာတာရှည်ဖြစ်ခြင်း) သူတစ်ပါး ကဲ့ရဲ့တာ ခံရတဲ့ အယူအဆရှိခြင်း တို့ပဲဖြစ်တယ်။
ဒါကြောင့် ဘယ်သူမဆို ကောင်းမှု သုစရိုက်တရားတွေကိုသာ ကျင့်ကြံပွားများသင့်တယ်၊ မကောင်းမှု ဒုစရိုက်တရားတွေကို ရှောင်ကြဉ်သင့်တယ်။ လူတစ်ယောက်ဟာ မကောင်းမှု ဒုစရိုက်ကံတစ်ခုကို ကျူးလွန်မိပြီဆိုရင် မိမိအနေနဲ့ဘယ်နေရာမှာ ဘယ်လိုမှားသွားပြီလဲလို့ ပြန်ပြီး ဆင်ခြင်တိုင်းထွာသင့်တယ်။ ဒီလို ဆင်ခြင်မိမှ နောက်ထပ် ဒီလို အကုသိုလ်ကံ တစ်မျိုးမျိုး မကျူးလွန်မိအောင် ကြိုးစားနိုင်မယ်။ ဒါဟာ နောင်တ သံဝေဂ သဘောရဲ့ မှန်သော အဓိပ္ပာယ်ပေါ့။ ဒီလို မိမိကိုယ်ကို မိမိက ပြန်လည်ဝေဖန် သုံးသပ်နိုင်မှသာ အဆုံးစွန်ဘ၀မှာ မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ချမ်းသာ တိုင်အောင် ပေါက်မြောက်နိုင်တယ်။
မိမိအနေနဲ့ အပြစ်ကျူးလွန်ခဲ့တာတွေကို ခွင့်လွှတ်တော်မူပါဆိုပြီး လက်ဝါးဖြန့် တောင်းနေတာဟာ အဓိပ္ပာယ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆုတောင်းပြီးလည်း ဒီလူဟာ နောက်ထပ် ဒီအဖြစ်မျိုးကို ထပ်မံ ကျူးလွန်နေဦးမှာပဲ ဖြစ်လို့ပါ။ သူ့စိတ်ထဲမှာ သူဆုတောင်းလိုက်ရင် ပြုထားတဲ့အပြစ်တွေ ပျောက်သွားတယ်လို့ ထင်နေတာကြောင့် နောက်ထပ် အပြစ်ကျူးလွန်ဖို့လည်း ၀န်မလေးတော့ဘူး။ ပြီးတော့ သူပြုထားတဲ့ အပြစ်တွေ ကင်းစင်သွားအောင် ဘယ်သူကလာပြီး ဆေးကြောပေးမှာလဲ။ သူ့ကိုယ်သူအပြင် မျှော်လင့်စရာ အားကိုးစရာ ဘယ်သူများရှိပါ့မလဲ။ အံ့သြစရာကောင်းတဲ့ အပြစ်ကို ဆေးကြောသုတ်သင်ပေးသူ ရှိ / မရှိ ၊ ပထမအနေနဲ့ ရှိကြောင်းကို အရင်သိရဦးမှာ။ ဒါမှသာ သူ့အနေနဲ့ အားကိုးနိုင်မှာပေါ့၊။ မဟုတ်ဘဲ မသိဘဲနဲ့ ရမ်းသန်း အားကိုးနေလို့တော့ အပိုပဲ။ ဒီထက်ပိုပြီး အရေးကြီးတာက မိမိပြုလိုက်တဲ့ ကာယကံ၊ ၀စီကံ၊ မနောကံဟာ အကုသိုလ်ဖြစ်သွားပြီ၊ ဒုစရိုက်ဖြစ်သွားပြီဆိုတာကိုလည်း သိဦးမှဖြစ်မယ်။ နောက်ကျရင် ဒီအပြစ်မျိုး မလုပ်တော့ပါဘူးလို့ ဆုံးဖြတ်ချက် ချဦးမှလဲ ဖြစ်မယ်။ ဒါမှသာ သူ့နေနဲ့ ကိုယ်နဲ့ပတ်သက်သူတွေအတွက်ရော တခြားလူတွေအတွက်ပါ ကောင်းမှုများစွာကို တတ်နိုင်သလောက် ပြုတော့မှာပေါ့။
(ကာယကံ၊၀စီကံ၊မနောကံ) တွေ မကျူးလွန်ဖို့နဲ့ ကျူးလွန်ခဲ့ရင် ခံစားရမဲ့ အကျိုးပေးတွေကို ရှင်းပြနေပေမဲ့ ကံဆိုတာဘာလဲ မသိသေးရင်တော့ သဘောပေါက်မှာ မဟုတ်သေးဘူး။
ကံဆိုတာဘာလဲ ဆိုတာကို နောက်အပတ်မှဆက်ရှင်းပြမယ်။
ဒီတပတ်တော့ ဒီလောက်နဲ့ပဲကျေနပ်ပေတော့။
၂၀၁၀ခုနှစ်၊ သြဂုတ်လ(၁၆)ရက်။ ည၁၁နာရီ၄၇မိနစ်။
Thursday, August 19, 2010
သမီးထံသို့ပေးစာများ (၅)
Subscribe to:
Post Comments (Atom)
1 comment:
Post a Comment