Tuesday, August 24, 2010

အလုပ်စာချုပ်သက်တမ်း မပြည့်သေးဘဲ ဗီဇာကုန်သွားလျင် ဒီလိုလုပ်ဗျာ

သိချင်တာလေးမေးခွင့်ပြုပါ
ကျနော့် မိတ်ဆွေရဲ့ (မေးခွန်း) ပေးစာလေးကို အရင်ဖတ်ကြည့်ကြရအောင်ဗျာ -
ကိုဝိုင်း..ခင်ဗျား..
သိချင်တာလေး တစ်ခုလောက် မေးခွင့်ပြုပါ။
ကျွန်တော်များ EPS နဲ့ လာခဲ့ကြတဲ့သူများမှာ ယခုအခါ တစ်-နှစ်ပြည့်၍ စက်ရုံပြောင်းလိုကြသူ များပြားလျက်ရှိပါသည် ။
တီကဒ် (T-Card) တွင် ဗီဇာသက်တမ်းမှာ ကိုးရီးယားသို့ စတင်ဝင်ရောက်ခဲ့သည့်နေ့ မှ တစ်-နှစ် တင်းတင်းပြည့်သည့်နေ့ အထိဖြစ်ပါသည် ။
သင်တန်းကျောင်းတွင် နှစ်-ရက်နေပြီး ၊ စက်ရုံတွင် အလုပ်စတင် ဝင်ရောက်ရသည့်နေ့မှာ ကိုရီးယား ဝင်ရောက်ခဲ့သည့်နေ့နှင့် ၃-ရက် ၊ ၄-ရက် ၊ တစ်ချို့ ၇-ရက်ခန့် ကွာခြား ကြပါသည် ။ လုပ်သက်ဆုကြေး ရရှိရန်အတွက် အလုပ်လုပ်သည့် ရက်ပေါင်း တစ်-နှစ် တင်းတင်း ပြည့်ရမည်ဟု ဆိုသဖြင့် ၊ လုပ်သက် တစ်-နှစ်ပြည့်သည့်နေ့တွင် ဗီဇာသက်တမ်းရက်မှာ ကျော်လွန်နေမည် ဖြစ်ပါသည် ။
အလုပ်ထွက်မည်ဟုဆိုသဖြင့် စက်ရုံသူဌေးမှလည်း ဗီဇာသက်တမ်း တိုးပေးမည် မဟုတ်ပါ။
မိမိတို့ ကိုယ်တိုင်သွားတိုးလျှင်လည်း အလုပ်ပျက်ရက်ဖြစ်သွားမည် စိုးသောကြောင့် မသွားရဲပါ။
အလုပ်ထွက်ပြီးမှ သွားတိုးလျှင်လည်း ရက်ကကျော်လွန်နေမည်ဖြစ်ပါသည် ။
ထို့ကြောင့် ဗီဇာသက်တမ်းတိုးရန် မည်သို့ ပြုလုပ်ရမည်ကို ဟန်းဂုရွာ မှတစ်ဆင့် အသိပညာမျှဝေပေးပါရန်....
ခင်မင်လေးစားစွာဖြင့်-
ကံထွေး
*********
စာချုပ်အသစ်ချုပ်ဖို့မလိုပါ
ကိုကံထွေးခင်ဗျာ ။
ပြဿနာကတော့ ၊ စာချုပ်သက်တမ်း မကုန်သေးခင် ၊ ဗီဇာကုန်သွားတဲ့ ပြဿနာပါ ။
ပြဿနာအဖြေကတော့ ၊ ဗီဇာကုန်တဲ့ရက်မှာ အလုပ်စာချုပ်မိတ္တူ (မူလချုပ်ထားသည့် စာချုပ်အဟောင်း) ရယ် အလုပ်ရှင်ရဲ့ လုပ်ငန်းမှတ်ပုံတင်မိတ္တူရယ်ယူပြီး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနမှာ စာချုပ်အရ လိုနေတဲ့ရက် (၃-ရက် ၊ ၄-ရက် ၊ တစ်ချို့ ၇-ရက် စသည်ဖြင့် လိုသလောက်) ကို သက်တမ်းတိုးလိုက်ရုံပါပဲ ။ (ဟဲ ဟဲ ၊ သဘောကောင်းတဲ့ လဝက အရာရှိမ, ချောချောလေး နှင့် တွေ့ပြီး ၃လ တိုးပေးလိုက်ရင်တော့ ပွတာပေါ့) ။
သူဌေးနှင့် အလုပ် စာချုပ်အသစ် ချုပ်ဖို့မလိုပါ ။

စာချုပ်မိတ္တူမရှိဘူးမဟုတ်လား
ပြဿနာက ဘာဖြစ်နေတတ်သလဲဆိုတော့-
ကျနော်တို့ မြန်မာတွေ အလုပ်စာချုပ်မိတ္တူမရှိတဲ့ ၊ စာချုပ်မိတ္တူ ယူထားရကောင်းမှန်း မသိတဲ့ ပြဿနာပါ ။ စာချုပ်မိတ္တူ မရှိဘူးဆိုရင် စာချုပ်အဟောင်း မိတ္တူကို သူဌေးဆီက တောင်းယူပါ ။ သူဌေးထံမှ တောင်းမရလျင် အလုပ်သမားရုံး (ဂိုယုံဂျိဝေါန်ဆင်ထော်)မှာ မေတ္တာရပ်ခံ တောင်းယူပါ ။
အလုပ်ရှင်ရဲ့ လုပ်ငန်းမှတ်ပုံတင်မိတ္တူပါ တစ်ပါတည်းတောင်းယူနိုင်လျင် ကောင်းပါမယ် ။
ဗီဇာသက်တမ်းတိုးရန် သက်ဆိုင်ရာ လဝကရုံးသို့ ကိုယ်တိုင် မသွားနိုင်လျင် ကိုယ်စားလှယ် စေလွတ်၍ ရပါတယ် ။
ကိုယ်စားလှယ်လွဲစာနှင့် မိတ်ဆွေတို့ရဲ့ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ကို ပေးလိုက်ရပါမယ် ။
ကိုယ်စားလှယ်မလွတ်နိုင်လျင်တော့ ကိုယ်တိုင်သွားရပါလိမ့်မယ် ။
အလုပ်ပျက်ရက်ဖြစ်မှာစိုးလို့ ဗီဇာသက်တမ်းတိုးဖို့ မသွားရဲဘူးဆိုလျင်တော့ ၊ အဲဒီကိစ္စ ကျနော် အကြံမပြုတတ်ပါ ။
(အဲသလောက်ကြောက်နေရတယ်ဆိုရင်ဖြင့် တစ်ခုခုတော့မှားနေပြီလို့ထင်ပါတယ်။)

စမ်းကြည့်ချင် စမ်းကြည့် ၊ အဆင်မပြေရင်တော့ ဂိသွားနိုင်တယ်
အဲ ၊ တစ်နည်းတော့ရှိတယ် ။
ဗီဇာသက်တမ်းတိုးဖို့ အွန်လိုင်းမှာ မှတ်ပုံတင်လို့ရတယ် ။ အဲသလိုမှတ်ပုံတင်လိုက်ပြီး ၊ နေ့လည်လောက်မှာ နည်းနည်းနောက်ကျမှာဖြစ်တဲ့အကြောင်း ဖုန်းကြိုဆက်လိုက် ၊ အလုပ်ပြီးတာနှင့် လဝကဌာနကို အမြန်ဆုံးရောက်အောင်သွား ၊ ညဖက်တာဝန်ကျအရာရှိရှိလိမ့်မယ် ။ သဘောကောင်းတဲ့သူနှင့် တိုးရင်တော့ လုပ်ပေးလိမ့်မယ် ။
အသေအခြာတော့မပြောနိုင်ပါ ။
လွန်ခဲ့တဲ့အပတ်က ညီငယ်တစ်ယောက် ၊ အလုပ်ရှင်က အလုပ်ထွက်စာမပေးလို့ အလုပ်သမားရုံးသွားပြီး ပြောယူလိုက်ရတယ် ။ သူဌေးက ဖုန်းမကိုင်ပဲ ရှောင်နေတာမို့ တော်တော်ခက်ခက် လုပ်ယူလိုက်ရတယ် ။
ညနေ ၅ နာရီထိုးခါနီးမှ အလုပ်သမားရုံးကိစ္စ အဆင်ပြေသွားတယ် ။
လဝကရုံးကို တက္ကစီနှင့် ပြေးတာ ၆ နာရီထိုးကာနီးမှ ရောက်တယ် ။
အမှုတွဲကို ညဂျူတီအရာရှိနှင့် အပ်ပေးလိုက်လို့ ၊ ထမင်းစားချိန် စောင့်နေရသေးတယ်လို့ ဆိုတယ် ။ ဗီဇာတိုးတဲ့ကိစ္စ ညချင်းပြီး အဆင်ပြေသွားတယ်ပြောပါတယ် ။
အဲဒါမျိုးတွေရှိတတ်ပါတယ် ။
မရရင်တော့ နောက်ရက်ကူးပြီး လုပ်ရမှာမို့ ၊ ဘာပဲဖြစ်ဖြစ် တစ်ရက်တော့ခွင့်ယူလိုက်ပြီး ၊ ကိုယ်တိုင်သွားလုပ်တာ အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ် လို့ အကြံပြုလိုက်ချင်ပါတယ် ။

အလုပ်စာချုပ်သက်တမ်းကျန်သေးတာ သေခြာရဲ့လား
အလုပ်စာချုပ်သက်တမ်းကို တစ်ချို့အလုပ်ရှင်တွေက ရက်စွဲအတိအကျနှင့် ဖော်ပြထားတတ်ပြီး ၊ အချို့လုပ်ငန်းရှင်တွေက အလုပ်စတင်ဝင်သည့်နေ့မှ ၁-နှစ်လို့ ဆိုပြီး ရက်စွဲအရှင်နှင့် ဖော်ပြထား တတ်တာကို တွေ့ကြရပါတယ် ။
ရက်စွဲအရှင်သမားများအဖို့ ၊ မိတ်ဆွေတို့ရဲ့ အလုပ်စာချုပ်သက်တမ်း မည်မျှ ကျန်ရှိနေသေးကြောင်း သက်ဆိုင်ရာ လဝက အရာရှိသို့ သက်သေပြဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်ပါမယ် ။ အလုပ်စတင် ဝင်ရောက်တဲ့နေ့ကို သက်သေပြဖို့ လိုမပေါ့ခင်ဗျာ ။
ကျေးဇူးတင်ပါတယ် ။

လေးစားမှုဖြင့်-
ကိုဝိုင်း (မိုးညှင်း)

No comments: