Monday, August 30, 2010

ဗီဇာ E9နှင့် E9-2 ပြဿနာများ

အများကြီးပြောလည်းရပါတယ်
အစ်ကိုကြီး ဦးကိုဝိုင်းလားခင်ဗျာ ။
အေး ၊ ဟုတ်တယ် ၊ ညီလေး ။
စကားလေး နည်းနည်း ပြောခွင့်ပြုပါခင်ဗျာ ။
အေး ၊ ညီလေး ပြော ၊ ပြော ၊ အများကြီးပြောလည်း ရပါတယ် ။
ဒီလိုပါခင်ဗျာ ၊ ကျနော့ဗီဇာက E9 ပါ ။ အခု စက်ရုံပြောင်းလာတာပါ ။ ဒီစက်ရုံရွှေခံတွေရဲ့ ဗီဇာက E9-2 ပါ ။ သူတို့ပြောတော့ ကျနော့ E9 ဗီဇာက ၂ နှစ်ဗီဇာတဲ့ ။ သူတို့ရဲ့ E9-2 ဗီဇာက ၃နှစ်ဗီဇာတဲ့ ။ အဲဒါဟုတ်မဟုတ် အစ်ကိုကြီးများ သိမလားလို့ပါ ။
*******
နောက် တစ်ယောက်က တစ်မျိုး ။ သူနှင့် ဆန့်ကျင်ဖက် ။ E9-2 ဗီဇာ သမား ။
အစ်ကိုကြီးခင်ဗျာ E9-2 ဗီဇာက ၂ နှစ် E9 ဗီဇာက ၃ နှစ်ဆိုတာ ဟုတ် မဟုတ် ပြဿနာ ။
*******
အချင်းချင်းကြပ်နေကြတာများလား
ကျနော်ထင်ပါတယ် ။
E9 ဗီဇာ သမားတွေရယ် E9-2 ဗီဇာသမားတွေရယ် ။ သူ့ဟာသူနေ ၊ ကိုယ့်ဟာကိုယ်နေ ။ သပ်သပ်စီနေကြတုန်းက ပြဿနာမရှိဘူး ။ အတူတူနေကြတော့ ၊ လူများစုတွေက ၃ နှစ်ဖြစ်ပြီး ။ လူနည်းစုသမားက၂ နှစ်ဆိုပြီး ဖြစ်ကရော့ ။
အချင်းချင်း ကြပ်ကြတာလည်း ဖြစ်နိုင်သလို ၊ အမှန်တကယ်မသိဘဲ ၊ ဇဝေဇဝါဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ် ။
*******
အစတုန်းက အတူတူပါ
ကိုရီးယားအီးပီစနစ်အတွက် သက်ဆိုင်ရာက မူလသတ်မှတ်ပေးလိုက်တဲ့ ဗီဇာအမျိုးအစားက E9 ပါ ။
အီးပီစနစ်က ခွင့်ပြုလိုက်တဲ့ လုပ်ငန်းအမျိုးအစားတွေက ၅ မျိုးပါ ။
- အသေးစားနဲ့ အလတ်စား စက်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်း ၊
- ဆောက်လုပ်ရေး လုပ်ငန်း ၊
- စိုက်ပျိုးရေးလုပ်ငန်း ၊
- ငါးလုပ်ငန်း နှင့်
- (စားသောက်ဆိုင်နှင့် ဟိုတယ်) ဝန်ဆောင်မှုလုပ်ငန်း ။
ပထမက ဗီဇာ အမျိုးအစားအတူတူပါ ။ အားလုံး E9 ပါပဲ ။ ဗီဇာချင်းတူပြီး ၊ ဗီဇာ လုပ်ငန်းစဉ်တွေ မတူကြတာတွေ ရှိလာပါတယ် ။

နောက်တော့ ဒီလိုတွေခွဲလိုက်ကြသတဲ့
နောက်တော့ ဗီဇာအမျိုးအစားတွေ ထပ်ခွဲလိုက်တယ် ။ ကုန်ထုတ်လုပ်မှု လုပ်ငန်းက E9-2 ၊ ဆောက်လုပ်ရေး လုပ်ငန်းက (E9-3) နှင့် စိုက်ပျိုးရေးလုပ်ငန်းက (E9-4) ဆိုပြီး ဖြစ်သွားပါတယ် ။
ဗီဇာ တစ်ခုနှင့် တစ်ခု ပြောင်းလို့မရဘူးတဲ့ဗျ ။ ထူးခြားတာကတော့ E9-1 ဆိုတာမရှိဘူး ။
နောက်ထူးခြားတာတစ်ခုကတော့ ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ကုန်ထုတ်လုပ်ငန်းက မောင်တွေကို E9 ဗီဇာနှင့် E9-2 ဗီဇာကို ပေးချင်သလိုပေးနေကြတာကို တွေ့နေရတယ် ။ ပြည်နယ်တစ်ခုနှင့် တစ်ခု ၊ လဝက အရာရှိ တစ်ယောက်နှင့် တစ်ယောက် မတူတဲ့ အပေါ်မှာ မူတည်ပြီး ဗီဇာရေးတာတွေ ကွဲပြားနေတယ်လို့ ကျနော် ထင်ပါတယ် ။
*******
၂နှစ် ၃နှစ်ဖြစ်ရခြင်းအကြောင်းရင်း
ဗီဇာ ၂နှစ် နှင့် ၃နှစ်ကွဲပြားသွားရတဲ့ အကြောင်းဟာ E9ဖြစ်ခြင်း E9-2ဖြစ်ခြင်း အပေါ်မှာ မူတည်ခြင်းမရှိပါဘူး ။ E9ဖြစ်ခြင်း E9-2ဖြစ်ခြင်းဟာ ဗီဇာသက်တမ်း အနည်းအများနှင့် မဆိုင်ပါဘူး ။ အဲသည် ဗီဇာ သက်တမ်းကွာခြားသွားရခြင်းအကြောင်းကိုတော့ အရင်ကျနော်တင်ထားခဲ့တဲ့ “အီးပီအဟောင်း အီးပီအသစ်နှင့် ဗီဇာသက်တမ်း ပြဿနာများကို တူးဖော်ကြည့်ခြင်း” ဆောင်းပါးကို ပြန်လည် ဖတ်ရှုစေချင်ပါတယ် ။
လူကြီးမင်းတို့ရဲ့ ကိုရီးယားခရီးဟာ ၊ အဆင်ပြေချောမွေ့တဲ့ နိုင်ငံခြားခရီးဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ။
အားလုံးကို လေးစားပါတယ် ။

ကိုဝိုင်း(မိုးညှင်း)

No comments: