Tuesday, February 15, 2011

အင်တာနက်ရဲ့ ကောင်းကျိုး ဆိုးကျိုး

ရေးသားသူ — အင်ကြင်း


ကျမ ရေးချင်တဲ့ အကြောင်းနဲ့ တိုက်ဆိုင်စွာ ဒီမနက် ညိုသူနွယ် ရေးသားတဲ့ "အင်တာနက်က လူငယ်တွေအတွက် ဆေးလား၊ အဆိပ်လား" ဆိုတဲ့ ဆောင်းပါးလေး ဖတ်လိုက်ရတော့ ဒီစာကို ရေးဖြစ်ပါတယ်။ အဲဒါကတော့ ကျယ်ပြန့်လာတဲ့ ကွန်ယက်ကြီး တခုဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ အကြောင်းပါ။ ရေးမယ်ဆို အများကြီးပါပဲ။ ရေးတဲ့သူတွေလဲ အများကြီး ရှိမယ် ထင်ပါတယ်။ အင်တာနက် ဆိုတာ သက်ရှိတခုလို မဟုတ်ပေမယ့် သံယောဇဉ် တမျိုးလို စွဲလမ်းမူ ဖြစ်စေနိုင်တဲ့ အရာဝထ္တုတခုလို့ ထင်ပါတယ်။



ယနေ့ အဖက်ဖက်က ပြောင်းလဲ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အင်တာနက်ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ ခေတ်မှီ အသုံးအဆောင် တမျိုးပါပဲ။ ညိုသူနွယ် ပြောသလို ခေတ်အလိုက် ပြောင်းလဲလာတဲ့ အထဲမှာ တခြားအရာတွေထက် လူထုကို တိုက်ရိုက် ထိတွေ့ လာနိုင်တာကတော့ အင်တာနက်လို့ ကျမလဲ ထင်ပါတယ်။ ကလေးလူကြီး လူမျိုးဘာသာစုံ နေရာဒေသ အသီးသီးကနေ သုံးစွဲနေကြတာ ယနေ့ခေတ်မှာ ခေတ်မှီတယ်လို့ ပြောလို့ မရတော့အောင် စာအုပ်ဖတ်သလို သာမန် အပန်းဖြေ ကိစ္စအနေနဲ့ပါ သုံးလာကြတာ တွေ့ရပါတယ်။

ကျမတို့လို ရပ်ဝေးရောက်နေတဲ့ သူတွေအတွက်တော့ အင်တာနက်ဟာ ဆက်သွယ်ရေး ကိရိယာကောင်း တခုပါပဲ။ ကျမ မေမေကတောင် ပြောဖူးပါတယ် "အင်တာနက် တီထွင်တဲ့ သူတွေကို ကျေးဇူးတင်ရမယ်" တဲ့ …ကျမ ဒီကို ရောက်ခါစက အိမ်က မိသားစုနဲ့ အင်တာနက် ကတဆင့် တွေ့ရပြောရတော့ မေမေနဲ့ ဖေဖေက ဝမ်းသာကြပါတယ်။ ကျမ နိုင်ငံခြား မသွားခင် ဖေဖေ့အတွက် Gmail ကတဆင့် အီးမေးလ် လိပ်စာအသစ် တခု လုပ်ပေးထားခဲ့ပါတယ်။ ကျမက သင်ပေးကာစ ကတော့ ဖေဖေက သိပ်စိတ်မပါပါဘူး။ ခုတော့ မေမေက ပြောပါတယ် "ညီးအဖေ အင်တာနက်စွဲနေပြီ်" တဲ့။ ခုဆို ပိုက်ဆံမကုန်ပဲ ဖေဖေနဲ့ မကြာခဏ Chatting လုပ်လို့ ရတဲ့အတွက် အလွန်အဆင်ပြေသလို ဟိုခေတ်အခါကလို စာစောင့်ပြီး သတင်းစောင့် နားထောင်ရတဲ့ ခေတ်မဟုတ်တဲ့အတွက် မေမေပြောသလို အင်တာနက်ကို ကျေးဇူးတင်ရပါတယ်။

ခုဆို အဝေးမှာ တယောက်ထဲ နေရတဲ့ ကျမအတွက်တော့ ကွန်ပြူတာနဲ့ အင်တာနက်က မရှိမဖြစ် အဖော်တစ်ယောက်ပေါ့။ ရန်ကုန် အိမ်မှာတုန်းက မနက်ဆို ကော်ဖီသောက်ရင်း ရုပ်မြင်သံကြား ခဏတဖြုတ် ဖြစ်ဖြစ်တော့ ထိုင်ကြည့်နေ ဖြစ်ခဲ့ပါတယ်။
ဒီမှာလဲ ကျမအခန်းမှာ ကြည့်စရာ ရုပ်မြင်သံကြားစက် ရှိပေမယ့် သိပ်မကြည့် ဖြစ်တော့ပါဘူး။ အင်တာနက်ကို ပိုပြီး သဘောကျမိလို့ပဲ ပြောရမှာပါပဲ။ မနက်ဆို ကွန်ပြူတာကို အရင်ဆုံးဖွင့်ပြီး အင်တာနက်က သတင်းတွေကိုသာ အရင် ဝင်ကြည့်မိပါတယ်။ ကျယ်ပြန့်လှတဲ့ ကွန်ယက်ကြီးကို ဝင်ကြည့်မိရင်း တခါတလေ နာရီ မကြည့်မိလို့ ထမင်းစားဖို့ နောက်ကျတာ အကြိမ်ကြိမ်ပါပဲ။ အင်တာနက်ထဲ ရောက်သွားရင် အချိန်တွေ အတော် ကုန်မှန်းမသိ ကုန်သွားတတ်ပါတယ်။ စာလုပ်မယ်ဆို ကွန်ပြူတာဖွင့်ပြီး အင်တာနက် စာမျက်နှာပေါ် ရောက်သွားရင် ကျမ စာမလုပ်မိတာရော လုပ်စရာ အလုပ်တွေ ပျက်တာရော ခဏခဏပါ။

ခုဆို နေရာတိုင်းမှာ အင်တာနက်ကို အဖက်ဖက်က အသုံးပြု လာကြပါပြီ။ ဘယ်နယ်ပယ်မှာ လိုအပ်သလဲ၊ လိုအပ်ချက်အတွက် ဖြေရှင်းဖို့ နည်းလမ်းပဲဖြစ်ဖြစ်၊ သတင်း အချက်အလက်ပဲဖြစ်ဖြစ် မိနစ်ပိုင်းအတွင်း အမြန် ရရှိနိုင်တဲ့အတွက် လူတန်းစား အရပ်ရပ်ကလည်း အသုံးပြု နေကြပါတယ်။ အများဆုံး တွေ့ရတာတော့ ဆက်သွယ်ရေး၊ ဖျော်ဖြေရေး၊ တချို့တွေမှာတော့ ပညာရေးအတွက်၊ စီးပွားရေးအတွက်၊ လူမှုရေးအတွက်ဆိုတဲ့ နယ်ပယ်တွေကို အသုံးပြုကြပါတယ်။ ဒီထက်မကလည်း အသုံးပြုနိုင်သေးတဲ့ အင်မတန် ကျယ်ပြန့်တဲ့ ကွန်ယက်ကြီးပါပဲ။ တချို့ ကျတော့လဲ မကောင်းတဲ့ဘက်မှာ အသုံးချ လာတာတွေ့ရပါတယ်။ ခုဆို Facebook လူမှုကွန်ယက်မှာ ကျမတို့ မြန်မာလူမျိုးတွေလဲ အတော်များများ အသုံးပြုလာတာ တွေ့ ရပါတယ်။ အဲဒီမှာပဲ သူငယ်ချင်းတွေ တင်တဲ့ ဓါတ်ပုံတွေမှာ မှတ်ချက်တွေပေး၊ ကိုယ်လဲ ဓါတ်ပုံတွေတင်ပြီး ခုဆို ရေးထားဖြစ်တဲ့ ဆောင်းပါးတွေ တင်ဖြစ်ပါတယ်။ အဲဒီကတဆင့် ခင်မင်ရင်းနှီးသွားတဲ့ သူငယ်ချင်းတွေလဲ အများကြီးရှိလာပါတယ်။

ကျမ Facebook မှာ ခုလို တင်ဖြစ်တာက တော့ World Student in Korea(WSK) member အသင်းကျောင်းသား တယောက် အနေနဲ့ ကိုရီးယားနဲ့ ပါတ်သက်တာလေးတွေ တင်ရင်းနဲ့ ခုလို ဓါတ်ပုံတွေပါ တင်ဖြစ်ပါတယ်။ WSK အသင်းဝင်အနေနဲ့ လက်ခံဖို့ ကျောင်းသားဟာ Blogဘလော့တခု မဖြစ်မနေ ရှိရပါတယ်။ ပြီးရင်ကိုရီးယားရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အဓိကကတော့ ယဉ်ကျေးမှုနဲ့ ပါတ်သက် တာတွေကို တခြားနိုင်ငံတွေကို ထိုးဖောက် ပြသနိုင်ဖို့ ကျမတို့လို ဒီမှာ ပညာလာသင်နေတဲ့ အသင်းဝင် ကျောင်းသားတွေက ဘလော့ရေးရပါတယ်။ ဒါဟာလဲ အင်တာနက်ကနေ သူတို့ နိုင်ငံရဲ့ ယဉ်ကျေးမှုကို တခြားနိုင်ငံတွေက သိအောင် နိုင်ငံတကာ ကျောင်းသားတွေက တဆင့် အသုံးချတာပါပဲ။ ကျမက ဘလော့အတွက် ရေးဖို့ အချိန် မပေးနိုင်တဲ့အတွက် Facebook လို စာတွေ ပုံတွေ တင်ရ လွယ်ကူတဲ့ နေရာမှာ မကြာခဏ သတင်း အချက်အလက် လေးတွေ တင်ဖြစ်တာပါ။

ဒါပေမယ့် တခါတလေတော့လဲ ဓါတ်ပုံတွေကို အဲဒီကတင်ရတာ သိပ်တော့မကောင်းဘူးလို့ ထင်ပါတယ်။ ခုဆို အဲဒီကတဆင့် မမြင်ဖူး မတွေ့ဖူးတဲ့ သူတွေပါ ရှိတဲ့အတွက်ပါ။ Facebook ကနေ ဓါတ်ပုံကို ကူးယူရတာလဲ လွယ်ကူတာကြောင့် ကိုယ်မသိတဲ့သူကနေ ကူးယူပြီး မဟုတ်တာပြောမှာလဲ စိုးမိပါတယ်။ တချို့ ကိုလဲ အံ့သြမိပါတယ် Personalကိုယ့်အချင်းချင်းသာ ကြည့်သင့်တဲ့ပုံမျိုးကို ဥပမာ အတော်မလုံခြုံတဲ့ ရေကူးဝတ်စုံနဲ့ ဖက်လှဲတကင်း ကိုယိုးကားယား ရိုက်ထားတဲ့ပုံမျိုးကို အများ ကြည့်လို့ရအောင် ပြထားပါတယ်။ ကျမဆိုလိုတာ နိုင်ငံခြားသားတွေ မဟုတ်ပါဘူး မြန်မာအများစုပါ။အဲဒီ ဓါတ်ပုံမျိုးတွေကို မြန်မာ အမျိုးသမီးတွေက တင်ထားတာကို ပြောတာပါ။ ကဲ့ရဲ့ချင်တဲ့စိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ အဲဒီတော့ တချို့ကလဲ ဓါတ်ပုံတွေမှာ မှတ်ချက်တွေ ပေးထားတာ ရိုင်းစိုင်းစွာ ရေးထားတာတွေပါ တွေ့လာရပါတယ်။ တချို့လဲ အင်တာနက် ဆိုတာကြီးက ဘယ်သူမှန်း မသိတာကို အခွင့်ကောင်းယူပြီး အပျော် ရည်းစားရှာဖို့လား။ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောဖို့လားဆိုတာ ကျမလဲ မေးချင်မိပါတယ်။ ဒါကို လူတန်းစားအစုံ အသုံးပြုနေတာပါ။ ကျမက Facebookမှာ ကော Chatting မှာပါ လူတိုင်းကို လက်မခံပါဘူး။ အရင်ကတော့ အပြင်မှာ သိတဲ့ သူငယ်ချင်းတွေပဲ များပါတယ်။ နောက်တော့ တဆင့်ဆင့် သိလာပြီး များလာတာပါ။ အရင်ကတော့ များသောအားဖြင့် သူငယ်ချင်းတွေက တဆင့် သိတဲ့လူမှ လက်ခံဖြစ်ပါတယ်။ တခါတလေတော့ ကျမက သူငယ်ချင်းတွေ နာမည်နဲ့ ဆင်တော့ သူငယ်ချင်းများလားဆို လက်ခံလိုက်ပါတယ်။ နောက်တော့ ဒီတိုင်း ထည့်ထားလိုက်ရင်း ဘယ်သူတွေမှန်းတော့ မသိတော့ပါဘူး။

ကျမက Gtalk ကိုသုံးဖြစ်တော့ သူငယ်ချင်းတွေနဲ့ စကားပြောရတာ စိတ်ထွက်ပေါက် တခုအနေနဲ့ တခါတလေလဲ ပျော်ပါတယ်။ ဒါကြောင့် ဖေဖေ့ကိုတင် မဟုတ်ပဲ တူမလေးကိုပါ သီးသန့် အီးမေးလ်တခု ဖွင့်ခိုင်း ထားလိုက်ပါတယ်။ အင်တာနက်ထဲက မမြင်ရတဲ့ သူငယ်ချင်းတွေဆိုတာ အင်တာနက် သုံးနေကြသူတွေ အဖို့ ရိုးနေပါပြီ။ အဲဒီလို မမြင်ရတဲ့ သူငယ်ချင်းတွေထဲမှာ အရမ်းခင်ရတဲ့ သူငယ်ချင်းတွေလည်း ရှိလာပါတယ်။ သူငယ်ချင်းကောင်း ရသလို မကောင်းတဲ့ သူတွေနဲ့ပါ တွေ့ခဲ့ရဖူးပါတယ်။ ဒါကြောင့် ခုဆို ကျမရဲ့ ဆယ်ကျော်သက် တူမလေးကို ကျမကပဲ အင်တာနက်နဲ့ မိတ်ဆက်ပေးမိတာ မှားပြီလားလို့တောင် ထင်မိပါတယ်။ တခါတလေ သူက ဆိုင်က လာသုံးတာဆိုတော့ ကျမက ဒီကနေ "မပြန်သေးဘူးလား ဘာလုပ်နေတာလဲ ဘယ်သူနဲ့ ပြောနေတာလဲ။ လူတိုင်းကို လက်မခံနဲ့နော်" လို့ စိတ်ပူစွာ သတိပေး နေမိပါတယ်။

ကျမလဲ အများစုလို ကြုံဖူးတာက တရက်မှာ သူငယ်ချင်းနဲ့ စကားပြောနေရင်း ကျွန်မ မရင်းနှီးတဲ့ နာမည်တစ်ခုက ကျမကို လာနှုတ်ဆက်ပါတယ်။ ဒါကလည်း အင်တာနက်ရဲ့ ထုံးစံအတိုင်းပေါ့လေ။ အဲဒီတော့ ကျမကလဲ ပြန်နှုတ်ဆက် လိုက်ပါတယ်။ အဲဒါကို ချက်ချင်းကြီး ဆိုသလိုပဲ ကျမကို ချစ်ကြောင်း ကြိုက်ကြောင်းတွေ ပြောလာတော့ တာပါပဲ။ ဒါကြောင့် အဲဒီသူကို ပြန်ထုတ်လိုက်ရပါတယ်။ တချို့ကိုလဲ အံ့သြမိတာက မမြင်ရ မသိရပဲ ရမ်းပြောနေတာကိုပါ။ ပြောပြရရင် အများကြီးပါ။ အင်တာနက် သုံးဖူးသူတိုင်း ကြုံတွေ့ဖူးမယ့် ကိစ္စမျိုးတွေပါ။

ညိုသူနွယ် ပြောသလို ပေါ့ သတိထား ကြည့်လာတဲ့အခါ မြင်ဖို့ မခဲယဉ်းပါဘူး။ တချို့ လူငယ်တွေဟာ အင်တာနက်ကို ရည်ရွယ်ချက်အလွဲတွေနဲ့ အသုံးပြု နေကြပါတယ်။ ခဏခဏ ဂျာနယ်တွေမှာလည်း ပါတတ်ပါတယ်။ အင်တာနက်ပေါ်က ချစ်သူဖြစ်ပြီး သူရှိတဲ့နိုင်ငံကို လိုက်သွားတော့ ကိုယ့်ကို တခြားလူဆီမှာ ရောင်းစားတာတို့၊ အင်တာနက်ပေါ်မှာ ကိုယ့်ကို အယုံသွင်းပြီး လုပ်ငန်းလုပ်မယ်ဆိုပြီး ပိုက်ဆံတွေ လိမ်သွားတာတို့ ဆိုတာ လူတွေသိပြီး၊ ကြားပြီးသား ဖြစ်ရပ်တွေပါ။ အဆိုးဆုံးကတော့ ခေတ်မီနည်းပညာတွေ သုံးပြီး နှမချင်း မစာမနာ မိန်းကလေးတို့ကို အရှက်ခွဲတာတွေပါပဲ။

အဲဒီလိုပဲ မကောင်းတာတွေ ရှိပေမယ့် ကောင်းတဲ့ အချက်လေးတွေလဲ အများကြီး ရှိပါတယ် ကျမ အင်တာနက်ကတဆင့် ဝေးသွားတဲ့ သူငယ်ချင်းတွေကို ပြန်တွေ့ရသလို ခံစားချက်ခြင်း ဖလှယ်နိုင်တဲ့ သူငယ်ချင်း အသစ်တွေနဲ့လဲ ခင်ရ သိရပါတယ်။ ကျမ သူငယ်ချင်း တယောက်ဆို အင်တာနက်ကတဆင့် ဖူးစာဖက် တွေ့ပြီး ခုဆို သမီးလေး တယောက်တောင် ရနေပါပြီ။

နောက်ပြီး ကျမ မသိသေးတဲ့ အကြောင်းအရာတွေကို သူတို့ကတဆင့် သိနိုင်သလို ကျမ ကွန်ပြူတာ တခုခုဖြစ်ခဲ့ရင်လဲ အွန်လိုင်းပေါ်ကတဆင့် ချက်ခြင်း လှမ်းမေးလို့ ရတာတွေဟာ အင်တာနက်ရဲ့ ကျေးဇူးတွေပေါ့ရှင်။ သုံးတတ်ရင် ကိုယ့်အတွက် အနှစ်ကျန်စေဖို့ပါပဲ။ မမြင်ရတဲ့ သူငယ်ချင်း ဆိုနိုင်ပေမယ့် ဝါသနာတူတဲ့ သူချင်းဆို စကားကောင်းကောင်း ပြောနိုင်ပါတယ်။ များပြားလှတဲ့ Websiteတွေမှာ ဗဟုသုတများစွာ ရှာဖွေနိုင်ပါတယ်။ အပန်းဖြေဖို့ သီချင်း၊ ရုပ်ရှင်၊ ဂိမ်း ဒါတင်မက အပျော်တမ်းဗေဒင် အစရှိတာတွေ အများကြီးပါပဲ။

ဒီမှာတော့ ရာသီဥတုက အေးပြီး အပြင်မထွက်ဖြစ်တဲ့ ပိတ်ရက်တွေမှာတော့ တယောက်ထဲ နေရတဲ့ ကျမအတွက် ဒါတွေဟာ အင်တာနက်က တဆင့် အပန်းဖြေစရာ ဖြစ်သလို အင်တာနက်သုံးရင်း အချိန်တွေကုန်သွားမိလို့ အလုပ်တွေပျက်ရတဲ့ မကောင်းတဲ့ အကျိုးတွေလဲ ကျမဖြစ်ရပါတယ်။
ကျမပြောချင်တဲ့အပိုင်းတွေအများကြီးကျန်ပါသေးတယ်။ နောက်မှပဲ ဆက်တင်ပါတော့မယ်။

အင်ကြင်း (Incheon, Korea)

No comments: