Wednesday, April 6, 2011

လန်ကွတ်တီနှင့်ခေါင်းဆောင်ကြီး


မဟတ္တမ ဂန္ဒီ။ အိန္ဒိယနိုင်ငံ၏ ကြီးမြတ်သော အရာများအတွက် သူရပ်တည်ပေးခဲ့သည်။ သူလက်ကိုင်ထားခဲ့သော မူ၊ သူ၏ အကျင့်စာရိတ္တဗလနှင့် ပကတိရိုးသား ဖြူစင်ခြင်းတို့မှာ အိန္ဒိယနိုင်ငံသားတိုင်း အတွက် ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့်လည်း သူ့ကို အိန္ဒိယနိုင်ငံသား အားလုံးက BAPU (ဖခင်ကြီး) ဟု ချစ်ခင်လေးမြတ်စွာ ခေါ်ဆိုခဲ့ကြသည်။

သို့သော် သူ၏ပုံရိပ်ကို မြင်ယောင်ကြည့်လိုက်လျှင် ပကတိ ရိုးသားအေးဆေးသော၊ သနားကြင်နာတတ်သော၊ သာမန် နုံချာလွန်းလှသည့် လူများ ၀တ်လေ့ဝတ်ထရှိသည့် နံငယ်ပိုင်းလေးကိုသာ ခါးတွင် ၀တ်ဆင်ထားသော အဘိုးအိုတစ်ဦး၏ ပုံသာ စိတ်တွင် ပေါ်လာမည် ဖြစ်သည်။

ဂန္ဒီသည် ထိုနံငယ်ပိုင်းကို ငယ်စဉ်ကတည်းက ၀တ်ဆင်လာခဲ့သည်တော့ မဟုတ်ပါ။ အမှန်ဆိုလျှင် အိန္ဒိယနိုင်ငံ အင်္ဂလိပ်လက်အောက်မှ မလွတ်မြောက်မီ အင်္ဂလန်နိုင်ငံ၌ ပညာသင်ယူ ဆည်းပူးနိုင်ခဲ့သော အိန္ဒိယ လူနည်းစုလေးထဲတွင် ဂန္ဒီလည်း တစ်ဦး အပါအ၀င်ဖြစ်ခဲ့သည်။ ထို့ကြောင့် သူသည် အနောက်တိုင်းဝတ်စုံနှင့် ရိုးရာ ဂူဂျာရသီ ၀တ်စုံများနှင့်သာ နေသားကျခဲ့သည်။

၁၉၂၁ခုနှစ်။ ထိုနှစ်အတွင်း ဂန္ဒီသည် မဒူရိုင်း (Madurai) ခရိုင်သို့ အလည်အပတ်ရောက်ရှိခဲ့ပြီး အမှတ် ၁၇၅ (က) ၊ အနောက်မက်စီလမ်းရှိ - Sri Ramji Kalyanji ၏ အိမ်၌ တည်းခိုနေထိုင်ခဲ့သည်။ သူသည် မဒူရိုင်းသို့အသွား လမ်းခရီး၌ ပုဆိုးကို ခါးတောင်းကျိုက်ထားသကဲ့သို့ တိုနံ့နံ့ အ၀တ်စလေးများကို ခါးစည်းထားကြသော တောင်သူလယ်သမားများ၊ လက်လုပ်လက်စား ဆင်းရဲသားများကို မြင်တွေ့ခဲ့ရသည်။ ထိုသူများထဲမှ အချို့မှာ အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြစ်၍ ထိုတစ်ထည်သော အ၀တ်အစားကိုသာ လျှော်ဖွပ်ဝတ်ဆင်နေရကြောင်း သူ့ကို ပြောပြကြသည်။

သူသည် မျက်မြင်ဒိဋ္ဌ မြင်တွေ့၊ ကြားသိလိုက်ရသော ထိုအခြင်းအရာများကြောင့် များစွာ စိတ်မချမ်းမမြေ့ဖြစ်သွားခဲ့သည်။ ထို့ပြင် ထိုမြင်ကွင်းများက သူ့အား တစ်ညလုံး ဖမ်းစားထားခဲ့ပြီး ထိုည၌ပင် ခိုင်မာသော ဆုံဖြတ်ချက်တစ်ခု သူ ချမှတ်ဖြစ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်မှာ သူချစ်မြတ်နိုးရသော တိုင်းပြည်ကြီးထဲမှ တိုင်းသူပြည်သား အများစုကြီး ခေတ်စနစ် အခြေအနေအရ နွမ်းပါးစွာ ၀တ်စားဆင်ယင် နေရသကဲ့သို့ သူလည်း လိုက် ၀တ်စားဆင်ယင်ရန်ဖြစ်သည်။ သူသည် ဆုံးဖြတ်ထားသည့်အတိုင်း ထိုနေ့ မနက်ခင်းမှ စ၍ နံငယ်ပိုင်းကို လဲလှယ် ၀တ်ဆင်ရာ သူနှင့်အတူ ရှိနေသော လူတိုင်းက တအံ့တသြဖြစ်ခဲ့ရသည်။ သူက ထိုသူများကို အကျိုးအကြောင်း ရှင်းပြပြီး ထိုနေ့ ကျင်းပသော မဒူရိုင်း ခရိုင် အစည်းအဝေးပွဲများသို့ နံငယ်ပိုင်းနှင့်ပင် တက်ရောက်ခဲ့သည်။

ထိုအချိန်မှ စ၍ သူသည် လန်ကွတ်တီသာသာ နံငယ်ပိုင်းလေးကိုသာ ဘ၀တစ်လျှောက်လုံး ဆက်လက် ၀တ်ဆင်ခဲ့ပါတော့သည်။



2 comments:

silent-truth said...

Thanks for your post, ko moe thit naing!

မိုးသစ်နိုင် said...

ကျနော့်စာလေး ဖတ်ရှုပေးတဲ့အတွက် ko zeyyer ကိုလည်း ကျေးဇူး အထူးတင်ပါတယ်ခင်ဗျာ။