ရေးသားသူ — ခင်အောင်အေး
မသေမရှင်ဖြစ်နေတဲ့ ကြွက်ကို ကြောင်ပုတ်ကစားသလို
ငါ့စိတ်ဟာ ဟောဒီ သင်္ကြန်ကို တို့ရမလို ဆိတ်ရမလို ကစားနေမိတယ်
၂ ခန်းကျော်က ကျွံဝင်လာတဲ့ ဒိုးသံနဲ့ ဇော်ဝမ်းသီချင်းသံ
ဘာတဲ့ ရှာပုံတော် မင်းသားကြီး တဲ့လား ဟေ့ ဟေ့ နွေမ တဲ့လား
ငါ အခန်းထဲမှာ ဟိုဘက်ထိပ် ဒီဘက်ထိပ် ခေါက်တုံ့ခေါက်ပြန်လျှောက်တယ်
ဘာသံမှ မကြားချင်လို့ ဖွင့်နေကျ တီဗွီကိုတောင် မဖွင့်ပဲ နေပါတယ်ဆိုကာမှ..
ငါ ဒါတွေက ထွက်ပြေးလို့မရဘူးလား တကယ်ကော ထွက်ပြေးချင်တာ ဟုတ်ရဲ့လား
ကိုယ်အလျှော့ပေးရမယ့် ကလေးနဲ့ စိန်ပြေးတမ်းကစားသလို တမင်တကာ အမိခံလိုက်ပြီး
ဟား မိသွားပြီ အော်တယ် ကလေးဟာ တခစ်ခစ်ရယ်တယ် ငါ့ စိတ်ဟာ တခစ်ခစ် ရယ်တယ်
ကလေးရယ်သံနဲ့ င့ါ စိတ်ရယ်သံဟာ အနှစ်သာရ အဓိပ္ပါယ် အသက်ဓါတ်ပါဝင်မှု ကွာခြားလှ
ပါကလား ရေ မစိုတာ နှစ်တွေကြာလှပြီဖြစ်တဲ့ သင်္ကြန်တွေ သေချာတိကျမှုနဲ့ မပွင့်တော့တဲ့
ပိတောက်တွေ ငါဟာ ငါ့စိတ်နဲ့ စိန်ပြေးတမ်းကစားနေတယ် မိချင်ယောင်ဆောင်တယ် ပျော်ချင်
ယောင်ဆောင်တယ် (ကိုယ်မှာ ဘာရေမှ မစိုသလို) တခစ်ခစ်ရယ်သံဟာ မစိုပြေလှဘူး ဒါပေမယ့်
ငါ စိန်ပြေးတမ်းကစားရုံကလွဲလို့ ဘာမှ လုပ်လို့မရ ငါ့ကို ဘာတွေက တုပ်နှောင်ထားသလဲ တွေး
နေတုန်း အိမ်နောက်ဖေး အုတ်ရိုးခြံစည်းရိုးပေါ် ကြောင်တကောင် ဒရောသောပါး ပြေးသွားတယ်။
သူ ကြွက်တစ်ကောင်မိမလား
သူ ကြွက်ကို တချက်တည်းနဲ့ အသေကိုက်သတ်လိုက်မလား
သူ ကြွက်ကို မသေမရှင်ကလေး ကိုက်ရုံကိုက်ပြီး တို့ထိ ကစားမလား
“ဖြူဖြူ ဝါဝါ နီနီ ပြာပြာ …”
“နှစ်သစ်ကူးလို့…”
“သင်္ကြန်နှစ်ဦး တူးပို့ တူးပို့..”
ငါ တံခါးကို ထ ပြီး သေချာစေ့ပိတ်လိုက်တယ်
ကြောင်လဲ မဝင်စေနဲ့ ကြွက်လည်း ဖြတ်မပြေးစေနဲ့
ဒါ ဒီနှစ်သင်္ကြန်အတွက် ငါ့ အမိန့်။ ။
ခင်အောင်အေး
၁၃၊ ဧပြီ၊ ၂၀၁၁ ဘန်ကောက် ၁၁း၂၃ နာရီ
Wednesday, April 13, 2011
၂၀၁၁ သင်္ကြန်အတွက် အရေးပေါ် အမိန့် ပြန်တမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment