Friday, March 2, 2012

အခြေအနေအဆိုးရွားဆုံး လုပ်ငန်းခွင်များတွင် မြန်မာအလုပ်သမားများ ရေရှည်မရှိစေရေးလှုပ်ရှားမှု လုပ်မည်

ဆောအူးလ် ၊ မတ်လ ၁
အလုပ်ရုံပြောင်းလို့မရတဲ့ ပြဿနာ
ကိုရီးယားနိုင်ငံရောက် အီးပီ အလုပ်သမားတွေ အများဆုံး တွေ့ကြုံ ခံစားကြရတဲ့ အဓိက အခက်အခဲကတော့ အလုပ်ရုံ ပြောင်းရွှေ့ခွင့်မရကြတဲ့ အခက်အခဲပဲဖြစ်ပါတယ် ။
ဘာကြောင့်ပြောင်းချင်ကြသလဲမေးရင် ၊ ပြောင်းသင့်လို့ ပြောင်းချင်ကြတာပါ ။
ဘာကြောင့် ပြောင်းလို့မရသလဲမေးရင် ၊ စာချုပ်မိနေကြလို့ ပြောင်းမရကြတာပဲဖြစ်ပါတယ် ။
အလုပ်စာချုပ် (Standard Labor Contract) ဟာ ဥပဒေနှင့် အညီဖြစ်နေပြီး ၊ လုပ်ငန်းရှင်ဖက်ကလည်း ဥပဒေနှင့် အညီခိုင်းနေရင် ၊ပြောင်းရွှေ့ခွင့်ပြုထားတဲ့ ခြွင်းချက်ထဲ အကျုံးမဝင်ရင် ပြောင်းရွှေ့ခွင့်ရဖို့ တော်တော်ခက် ၊ အင်မတန်ခက်ပါတယ် ။

ဒီ-၄လုံးကိုရီးယား
ကိုရီးယားလုပ်ငန်းရှင်တွေက နိုင်ငံခြားသား အလုပ်သမားတွေ ခေါ်ခိုင်းရတာဟာ ၊ သူတို့ရဲ့ စက်ရုံ အလုပ်ရုံမှာ ဒေသခံ ကိုရီးယားတွေ မလုပ်ချင်လို့ ၊ လုပ်မယ့် ကိုရီးယားတွေ မရှိလို့ပါ ။
ဘာကြောင့် ကိုရီးယားတွေ မလုပ်ချင်ကြတာလဲ ဆိုရင် ၊ ဒီ-၄ လုံးကြောင့်ပါ ။ အခြားနိုင်ငံတွေမှာတော့ ဒီ-၃လုံးတဲ့ ။ ဒီ-၄လုံးက ဘာတွေလဲ ဆိုရင် -
- အန္တရာယ်များလို့ (Dangerous)
- ညစ်ပတ်လို့(Dirty)
- အရမ်းပင်ပမ်း အရမ်းခက်ခဲလို့ (Difficult)
- လစာမရတစ်ခက်ရတစ်ချက်(Delay Payment)


အန္တရာယ်များ (Dangerous)
အချို့ညီငယ်များ ရောက်လာတာ တစ်ပတ်မပြည့်သေးဘူး ၊ ရက်ပိုင်းပဲရှိသေးတယ် ၊ ကိုယ့်မျက်စိရှေ့မှာတင် အခြားအလုပ်သမားတစ်ယောက် ထိခိုက်ဒဏ်ရာရတာတွေ့ရတယ်။ အချို့ သေသွားတာမျိုးတောင်ရှိတယ် ။ ကိုယ့်အလှည့်ဘယ်တော့များရောက်လာမလဲဆိုပြီး ၊ အသည်းတထိတ်ထိတ်နှင့် လုပ်နေကြရတာမျိုး ၊ အလုပ်လုပ်ရတာ စိတ်မဖြောင့်တော့ဘူး ၊ စိတ်ပိုင်းလုံခြုံမှုမရတော့ဘူး ။ ပြောင်းလို့ရရင်ရ မရရင် ပြေးမယ်ဆိုတာမျိုးတွေ ။

ညစ်ပတ် (Dirty)
အချို့ ဓါတုဗေဒပစ္စည်းစက်ရုံ ၊ အချို့ အမှုန်တွေ ရှူရတဲ့ စက်ရုံ ၊ အချို့အနံ့အသက် လုံးဝမကောင်းဘူး ။ အချို့တစ်နေကုန် အလုံပိတ်ခမ်းမထဲမှာ ။ ခဏခဏနှာခေါင်းသွေးထွက် ၊ အသက်ရှူကြပ်လာတာတွေ ၊ ဆရာဝန်သွားပြတော့လည်း ၊ ထူးမခြားနား ။

အရမ်းပင်ပမ်း အရမ်းခက်ခဲ (Difficult)
အချို့ နားရက်မရှိဘူး ၊ တစ်နေကုန် ထမ်းချီသယ်မနေကြရတယ် ။ ခါးနာတယ် ၊ ဆေးရုံတက် ၊ ခဏနား ၊ ပြန်လုပ် ၊ ထပ်နာ ၊ သံသရာလည်နေကြတယ် ။ ပြောင်းဖို့မပြောနှင့် ၊ နေမကောင်းရင်ခဏနားတဲ့ ၊ ဘယ်လောက်ကြာကြာနားနေရမလဲ ၊ အလုပ်မလုပ်တဲ့ ရက်တွေ လစာဖြတ်ဦးမယ် ။ အချို့ အမြင့်ကြီးမှာ တစ်နေကုန် ၊ တက်လုပ်နေရတာတွေ ။

လစာမရတစ်ခက်ရတစ်ချက်(Delay Payment)
အချို့ လစာ မရတစ်ချက် ရတစ်ချက် ၊ ၂လဆက်တိုက် လစာမရရင် အလုပ်ပြောင်းခွင့်ရှိတယ်ဆိုပေမယ့် ၊ လစာကို အလီလီခွဲပြီးပေးတယ် ။ ၂ လ ဆက်တိုက်လစာမပေးတာမျိုး မဖြစ်ရအောင် ၊ ဟိုလစာ နည်းနည်းချန် ဟိုးအရင်လစာ နည်းနည်းချန် ၊ ရောက်လာတာ ၄-၅လရှိပြီဆိုပေမယ့် ၊ စုစုပေါင်းရတဲ့ လစာ ၂ လစာမပြည့်တတ်သေးဘူး ။ အလုပ်မရှိတစ်ခါ ရှိတစ်ခါ ။ ဆက်လုပ်ရမှာလား ၊ ပြောင်းရမှာလား ။

ဘယ်သူတွေ ရေရှည်လုပ်မလဲ
သည်လို ၊ သည်လိုအနေအထားမို့ ကိုရီးယားတွေက ၊ မလုပ်ချင် ။
နိုင်ငံခြားသားတွေကရော ၊ ကျနော်တို့ နိုင်ငံခြားသားတွေလည်း အသည်းနှလုံးနှင့် လူတွေပါပဲ ။
ကိုရီးယားတွေ မလုပ်ချင်တဲ့အလုပ် ၊ မြန်မာတွေ မလုပ်ချင်တာ ၊ တစ်ခြားနိုင်ငံခြားသားတွေလည်း မလုပ်ချင်တာဟာ ၊ သဘာဝကျပါတယ် ။ လူ့သဘာဝလို့ဆိုရမှာပါပဲ ။
သည်တော့ ၊ ပြောင်းလို့ ရရင်ရ ၊ မရရင်ပြေးပေါ့ ။
(ပိုက်ဆံမရှိလို့ ၊ ဆင်းရဲလို့ဆိုပြီး ၊ အသက်အသေခံ ၊ လက်ပြတ်ခံပြီး ၊ စိတ်ဆင်းရဲခံ ၊ လောကငရဲခံပြီး ရေရှည် လုပ်နေရမှာလား။)

အလုပ်သမားမမြဲတဲ့ စက်ရုံ ၊ မြဲသော အလုပ်သမားရှိစေရေး
သည်တော့ လုပ်ငန်းရှင်ဖက်က (အစိုးရဖက်က) အလုပ်ရုံ အလွယ်တကူ ပြောင်းလို့မရအောင် ၊ အလုပ်စာချုပ်ကို မူလဥပဒေမှာ ၁ နှစ်ထိသာပါခဲ့ပေမယ့် ၊ လိုအပ်ချက် အရ ကိုရီးယားအစိုးရက အလုပ်စာချုပ်ကို ၃ နှစ်အထိ ချုပ်ခွင့်ပေးလိုက်ပါတယ် ။
ကိုရီးယား လုပ်ငန်းရှင်ဖက်က ၃ နှစ်စာချုပ်ချုပ်ဖို့ အလုပ်သမားဆီ ကမ်းလှမ်းတော့ ၊ အလုပ်သမားဖက်က ဟာ ငါတို့ ၃ နှစ်ကြီးများတောင် လုပ်ခွင့်ရမှာပဲ ဆိုပြီး ဝမ်းသာအားရ လက်မှတ်ထိုးခဲ့ကြတာပါ ။ သည်ကိုရီးယားရောက်လာတော့မှပဲ ၊ ထင်တာထင် မဝင်ဘူးကျောင်းအစ်မရေ ဆိုတာမျိုး ၊ ထင်တိုင်းမပေါက်တော့ ၊ ပြောင်းမရ ရွှေ့မရ ၊ ပြဿနာတွေ အလီလီ တက်ကြတော့တာပါပဲ ။

အခြေအနေအဆိုးရွားဆုံး နေရာ မြန်မာများရေရှည်မရှိစေရေး
သည်တော့ ကိုရီးယားမှာ မြန်မာ အလုပ်သမားများ ဒီ-၄လုံးပြဿနာကင်းဝေးရေး လှုပ်ရှားမှု (Free 4-D Campaign) လုပ်မယ်လို့ စိတ်ကူးရပါတယ် ။ အခြေအနေ အဆုံးရွားဆုံးလုပ်ငန်းခွင်များမှာ ၊ မြန်မာများ ရေရှည်မရှိစေရေးလှုပ်ရှားမှုပါ ။ မသိလို့ ၊ မှားယွင်းပြီး လက်မှတ်ထိုးမိခဲ့ရင်တောင် ၊ ၁နှစ်ပဲ ရှိစေရေးပါ ။ အဲသည်လို ဖြစ်ဖို့ဆိုလျင် ၊ ၃-နှစ်စာချုပ်ဆန့်ကျင်ရေး (Anti 3 Years Contract: A3Y) လုပ်မှ ဖြစ်ပါမယ် ။ လှုပ်ရှားမှုအမည်ကိုတော့ -
- Free 4-D Campaign သို့မဟုတ်
- Anti 3 Years Contract: (A3Y Campaign) လို့ အမည်ပေးချင်ပါတယ် ။ နှစ်ခုထဲက တစ်ခုကို ရွေးချယ်ပေးကြစေလိုပါတယ် ။

စုပေါင်းလုပ်ကြရအောင်
သည်လှုပ်ရှားမှုကို တစ်ဦးတစ်ယောက်ကောင်းလုပ်လို့အောင်မြင်နိုင်မယ် မထင်ပါဘူး ၊ စုပေါင်းလုပ်ကြမှ အောင်မြင်မယ်လို့ ယုံကြည်ပါတယ် ။ မအောင်မြင်နိုင်စရာလည်း မရှိပါ ။ ရှေ့မှာ အောင်မြင်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ် ။ (မြန်မာတွေကို စိုက်ပျိုးရေး ၊ ငါးဖမ်း လုပ်ငန်းတွေအတွက် မခေါ်တော့တဲ့ သာဓကပါ။)

ကျနော်တို့ ဘာတွေ လုပ်ကြမလဲ
ကိုရီးယားလာဖို့ ပြင်ဆင်နေကြတဲ့ မြန်မာပြည်တွင်းက အီးပီလုပ်သားလောင်း ညီငယ်များ ၊ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများကို ၃-နှစ်စာချုပ် လက်မှတ်မထိုးရေး ပြောပြ ရှင်းပြကြရပါမယ် ။ တစ်ချို့က ၃ နှစ် စာချုပ်ချုပ်မှ ဗီဇာ ၃နှစ်ရမယ်လို့ ထင်နေကြပါတယ် ။ သည်ကိုရီးယားမှာ ၁နှစ်လုပ်ကြည့်ပြီး ၊ ကြိုက်ရင် စာချုပ်ထပ်ချုပ်ပြီး ဆက်လုပ် ၊ မကြိုက်ရင်ပြောင်းလို့ရတယ်ဆိုတာ မသိကြတဲ့သူတွေက များနေတယ် ။ ၁ နှစ် စာချုပ်ပဲ ချုပ်ကြဖို့ ညီငယ်များ သဘောပေါက်အောင် အသိပေးဖို့ ရှင်းပြပေးဖို့ လိုပါမယ် ။ အထက်လူကြီးများသိအောင် စာအားဖြင့် နှုတ်အားဖြင့် ၊ အီးမေးလ်အားဖြင့် တင် ပြကြရပါမယ် ။ ပြည်တွင်းမီဒီယာများမှာ ၃-နှစ်စာချုပ် လက်မှတ်မထိုးရေး နှင့် ၃-နှစ်စာချုပ်ရဲ့ အခက်အခဲများ ၊ စာချုပ်ကို ၁နှစ်ပြီး ၁နှစ် သာချုပ်သင့်တဲ့အကြောင်း သတင်းဆောင်းပါး စသည် ပါလာအောင် လုပ်ကြရပါမယ် ။ အီးမေးလ်များဖြန့်ဝေကြရပါမယ် ။

လုပ်မယ့်သူတွေ လိုတယ်ဗျာ
စိတ်ပါဝင်စားသူများ သည် လှုပ်ရှားမှုပါ ကျနော်တို့နှင့် အတူ ပူးပေါင်းဆောင်ရွက်လိုသူများ 010-2331-2457 သို့မဟုတ် wyne1969@gmail.com သို့ ဆက်သွယ် ကြစေလိုပါတယ် ။
မိတ်ဆွေတို့ ရဲ့ အမည် ၊ အီးမေးလ် လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်များ အနက် ကြိုက်ရာ တစ်ခုခု သို့မဟုတ် အားလုံး ပေးကြစေလိုပါတယ် ။ အတူတူ လှုပ်ရှားသူများအဖြစ် ဟန်းဂုရွာမှာ မှတ်တမ်းတင်ထားချင်လို့ပါ ။


လေးစားမှုဖြင့် -

ကိုဝိုင်း (မိုးညှင်း)
၂၀၁၂ ခုနှစ် မတ်လ ၁ ရက်
ကိုရီးယား ၊ အင်ချောန်းမြို့

2 comments:

mintayzar said...

ကိုဝိုင်းရေ...
ကျနော့်အမြင်အရ အဲဒီ ၃နှစ်စာချုပ်က တော်တော် ကသိကအောင့်ဖြစ်တယ်ဗျာ.....
အခုရောက်လာကြတဲ့လူသစ်တော်တော်များများဟာ ၃နှစ် စာချုပ်နဲ့ လာကြတာများတယ်
ကျနော်တို့ စက်ရုံမှာလည်း အဲဒီလိုပါပဲ
သူတို့ထွက်ချင်ကြတယ် ဒါပေမယ့် ၃ နှစ်ဆိုတဲ့စာချုပ်ကရှိနေတော့ စက်ရုံကပေးမထွက်ဘူး
ပြီးတော့ စာချုပ်ထဲကအတိုင်း စက်ရုံဘက်က ဘာမှ အမှားအယွင်းမရှိတော့ ဟိုတိုင် ဒီတိုင် လုပ်လို့လည်းမရဘူးလေ အဲဒါ့ကြောင့် ကျနော့်အနေကတော့ Anti 3 Years Contract (A3Y Campaign) လေးလုပ်ပေးပါလို့ အကြံပြုချင်ပါတယ်......

ပုဂံစစ်သည် said...

ဖြစ်သင့်ပါတယ်။ ကိုရီးယားရောက် ညီအစ်ကိုတွေလဲ စည်းစည်းလုံးလုံး ပါဝင်စေချင်ပါတယ်။ ကျွန်တော်တို့ညီနောင်တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားစေလိုပါတယ်ခင်ဗျာ။