လက်ငင်းပေး နှင့် အကြွေးစနစ်
ဖုန်းများကို ဖုန်းသုံးစွဲခပေးချေမှုပုံသဏ္ဍန်အရ Pre-paid Phone နှင့် Post-paid Phone ဟူ၍ ခွဲခြားပြောဆိုသုံးနှုန်းကြပါသည် ။ Post-paid Phone ကိုမူ Line Phone ဟုလည်း ခေါ်ဆိုကြပြီး Pre-paid Phone ကိုတော့ ကဒ်ဖုန်း ဟူ၍ လူသိများပါသည် ။ Pre-paid စနစ် မှာ လက်ငင်းငွေချေစနစ်ဖြစ်ပြီး ၊ Post-paid စနစ် မှာ အကြွေးစနစ်ဖြစ်သည်ဟုဆိုရပါမည် ။ Korea Information Strategy Development Institute: KISDI (ကစ်စ်ဒီ) ခေါ် ကိုရီးယားသတင်းနှင့်ဆက်သွယ်ရေးဆိုင်ရာ မဟာဗျူဟာဖွံ့ဖြိုးရေးနှင့် သုတေသနအဖွဲ့၏ ယခင်နှစ် အစီရင်ခံစာအရ ယနေ့ကမ္ဘာပေါ်တွင် Pre-paid စနစ်ဖြင့် အသုံးပြုနေကြသော နိုင်ငံများ အခြေပြစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အဆိုပါစာရင်းအရ ဖင်လန် ၉၁ ၊ အီတလီ ၉၀ ၊ ပေါ်တူဂီ ၇၂ ၊ အင်္ဂလန် ၆၉ ၊ ဂရစ် ၆၅ ၊ တရုတ် ၆၁ ၊ စပိန် ၅၈ ၊ ဟောင်ကောင် ၃၃ ၊ တိုင်ဝမ် ၂၀ စသည်ဖြင့် ကမ္ဘာ့စီးပွါးရေးဖွံ့ဖြိုးပြီး နိုင်ငံအများစု (၆၀ ရာခိုင်နှုန်းကျော်) တွင် Pre-paid စနစ်ကိုသုံးစွဲနေကြသည် ။ သူတို့ ဘယ်လိုအကျိုးကျေးဇူးတွေရရှိကြသနည်း ။
ကိုရီးယားနိုင်ငံတွင် Pre-paid စနစ်အသုံးပြုသူများမှာ နှစ်ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည် ။ အဘယ့်ကြောင့်ပါနည်း ။ ကိုရီးယားအစိုးရက Pre-paid စနစ်ပြောင်းဖို့ ကြိုးစားနေသော်လည်း မအောင်မြင် ၊ ဘာကြောင့်ပါနည်း ။
တရားဝင် လက်ဝါးကြီးအုပ်ခွင့်ရစီးပွါးရေးအဖွဲ့ကြီးများ
ကိုရီးယားနိုင်ငံတွင် ဆမ်ဆောင်းအီလက်ထရောနစ် ၊ အယ်လ်ဂျီ အီလက်ထရောနစ် ၊ ပင်တက် ၊ ကိုရီးယားနိုကီယာ စသည့်အီလက်ထရောနစ် ကုမ္ပဏီများက ဆက်သွယ်ရေးပစ္စည်း များကို ထုတ်လုပ်နေကြပြီး ၊ ဆက်သွယ်ရေးလုပ်ငန်းကိုမူ KT, SK, LG Telecom စီးပွါးရေးအဖွဲ့အစည်း ၃ ခုက လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရရှိ ထားပါသည် ။ KTမှာ နိုင်ငံတော်ပိုင်ဖြစ်ပြီး ၊ SK နှင့် LG မှာ ပုဂ္ဂလိကပိုင်လုပ်ငန်းဖြစ်ပါသည် ။ ကိုရီးယားနိုင်ငံ၏ ထူးခြားချက်မှာ လက်ကိုင်ဖုန်း (Hand-set) ထုတ်လုပ်သည့် အီလက်ထရောနစ် ကုမ္ပဏီများက မိမိတို့ထုတ်ကုန်များကို ကိုရီးယားဈေးကွက်တွင် ပြည်သူများသို့ တိုက်ရိုက်ရောင်းချခွင့် မရှိသေးခြင်းဖြစ်ပါသည် ။ လက်ဝါးကြီးအုပ်ခွင့်ရရှိထားသည့် ဆက်သွယ်ရေးလုပ်ငန်းများထံ အပ်နှံပြီး တစ်ဆင့်ခံရောင်းချနေရခြင်းဖြစ်ပါသည် ။
ကိုရီးယားက ကျွန်ပြုစာချုပ်တစ်မျိုး
လက်ဝါးကြီးအုပ်ခွင့်ရရှိထားသည့် စီးပွါးရေး အဖွဲ့အစည်းများက ရောင်းချပုံရောင်းချနည်းမှာလည်း Hand-set များကို သီးသန့်(ဖုန်းခွံအလွတ်ချည်း)ရောင်းချပေးခြင်းမရှိပဲ ၊ လိုင်း(နံပါတ်)နှင့်တွဲလျက် ရောင်းချပေး ခြင်းဖြစ်ပါသည် ။ ဖုန်းလိုင်းနှင့်တွဲပြီးရောင်းချရာတွင်လည်း ၊ ၂နှစ် ၃ နှစ်စသဖြင့် ကာလအပိုင်းအခြား ကန့်သတ်ပြီး စာချုပ်ဖြင့်ရောင်းချပေးနေခြင်းဖြစ်သဖြင့် ၊ လိုင်းတစ်ခုမှတစ်ခုသို့ အလွယ်တကူပြောင်းရွှေ့ခွင့်မရှိပါ ။ ထို့ကြောင့် ကေဘီအက်အသံလွင့်ဌာနမှတစ်ဆင့် ဆောအူးလ်မြို့သား တစ်ဦးဖြစ်သူ မစ္စတာချွဲမင်ဟိုက ကိုရီးယားတယ်လီဖုန်းစနစ်သည် ကျွန်ပြုစာချုပ်တစ်မျိုးဖြစ်ကြောင်း ကမ္ဘာ့ပြည်သူများသို့ တင်ပြခဲ့ပါသည် ။
အခမဲ့ဖုန်း ရှိသလား
ဆက်သွယ်ရေးလုပ်ငန်းများက လက်ကိုင်ဖုန်းဈေးနှုန်းကို ညှိနှိုင်းပြီး တစ်မျိုးတည်း သတ်မှတ် ရောင်းချပေးခြင်းဖြစ်သော်လည်း ၊ လက်ခွဲ ဖုန်း အရောင်းဆိုင်များကမူ ဈေးနှုန်ူးကိုအဆင်ပြေသလိုသတ်မှတ်ပြီး ရောင်းနေကြပြန်ပါသည် ။ ဥပမာအားဖြင့် အမေရိကန်ဈေးကွက်တွင် ဒေါ်လာ ၄၀၀ ခန့်ဖြင့် ရောင်းချ ပေးနေသည့် နာမည်ကျော် Samsung Galaxy S-2 ဆိုပါစို့ ၊ ၂၀၁၂ ဧပြီလ သတ်မှတ်ဈေးမှာ 847,000 ဝမ် (ဒေါ်လာ၇၀၀ကျော်) ဖြစ်သော်လည်း ၊ 675,000 ၊ 589,900 စသည်ဖြင့် ဈေးနှုန်းအမျိုးမျိုး ဖော်ပြပြီး ဖောက်သည်များကို လှည့်စားရောင်းချနေကြသည်ကို တွေ့ရမည်ဖြစ်ပါသည် ။ (များမကြာမှီက ဆိုလျင် အခမဲ့ဖုန်းဆိုပြီး ပြောင်ပြောင်တင်းတင်း လိမ်ပြီးရောင်းချကြပါသည် ။ အစိုးရက အမိန့်ကြော်ငြာစာထုတ်ပြီး တားမြစ်ခဲ့ရပါသည် ။)
အမှန်မှာ ဖောက်သည်နှင့် ချုပ်မည့်စာချုပ်သက်တမ်းနှင့် လစဉ်ပြောဆိုမည့် မိနစ်ကိုမူတည်၍ ဈေးနှုန်းအရှင်ဖြင့် လိုတိုးပိုလျှော့ ကစားပြီး ဖောက်သည်အကြိုက်ဈေးဖြစ်အောင် ကြုံးသွင်းရောင်းချနေခြင်းဖြစ်ပါသည် ။ တစ်လ မိနစ် ၄၅၀ ပြောမည် ၊ ၃ နှစ်စာချုပ်ချုပ်မည်ဆိုလျင် လက်ကိုင်ဖုန်းခမှာ (သူတို့ပြောသလို) အမခဲ့ ဖြစ်နေပါတော့သည် ။ ဖုန်းဝယ်မည့်သူမှာ တစ်လ ၅၄,၀၀၀ နှုန်းဖြင့် (54,000 * 12*3=1,944,000) တန်စာချုပ်ချုပ်မိသည်ကို သတိမမူမိပဲ ရှိနေပါတော့သည် ။ ၃ နှစ် မပြည့်မချင်း လစဉ်မိနစ် ၄၅၀ နှုန်းဖြင့် ပြောဆိုပြီး ကျသင့်ငွေ ပေးချေရန် တာဝန်ရှိနေပါတော့သည် ။ စာချုပ်မပြည့်မချင်း လိုင်းဖြတ်၍ မရသလို ၊ လိုင်းပြောင်း၍လည်း မရပါ ။
ဘယ်လိုနည်းနှင့် လူလိမ်ဖြစ်သွားကြသလဲ
လိုင်းဖြတ်မည် လိုင်းပြောင်းမည်ဆိုလျင် ဖောက်သည်မှာ စာချုပ်ဖောက်ဖျက်ခ ဆိုပြီး မူလတွက်ချက်ထားသည့် တန်ဖိုး (၈၄၇,၀၀၀) အတိုင်းပေးလျော်ရန် တာဝန်ရှိနေပါတော့သည် ။ ဤ နည်းအားဖြင့် ကိုရီးယား အများအပြားတို့မှာ ဖုန်းဖိုးမပေးဆပ်နိုင်သဖြင့် နှစ်စဉ် ငွေကြေးမယုံကြည်ရသူများ (လူလိမ်) အဖြစ်သို့ ရောက်နေကြရပါတော့သည် ။ ယခင်(၂၀၀၄) နှစ် စာရင်းအရ ကိုရီးယား ၂ သန်းကျော်တို့ ငွေကြေးမယုံကြည်ရသူအဖြစ်ကြေညာခြင်းခံခဲ့ရသည်ဟုဆိုပါသည် ။ (နှစ်စဉ်တိုးတက်များပြားလျက်ရှိဆဲဖြစ်ပါသည်)
ဖုန်းကြွေးမဆပ်နိုင်သဖြင့် ငွေကြေးမယုံကြည်ရသူအဖြစ် ကြေညာခြင်းခံရ သန်းချီပြီးရှိနေသလို ၊ ဖုန်းဘီလ် မဆောင်နိုင်သဖြင့် မိမိကိုယ်ကိုသတ်သေသွားသော ဖြစ်စဉ်များလည်း ရှိပါသည် ။
ဖုန်းဘီလ်နှင့် ပတ်သက်လာလျင် ကိုရီးယားနိုင်ငံရောက် မြန်မာများလည်းမခေပါ ။ တစ်လဖုန်းပြောခ ဝမ်သိန်း ရှစ်ဆယ်ကျော် အကြွေးတင်ခဲ့သူ တစ်ဦး နှင့် ဝမ်သိန်း ၆၀ ကျော် တစ်ဦး ပေါင်း မြန်မာလူချွန် ၂ဦးတို့ရှိခဲ့ဖူးပါပြီ ။
ဖုန်းကြွေးမဆပ်နိုင်သူတို့၏ ဒဏ်ကို ဘယ်သူတွေခံစားရသနည်း ။ (ဆက်လက်တင်ပြပါမည် ။)
မှန်ကန်သော ဖုန်းစနစ်ကို ရွေးချယ်နိုင်ကြပါစေ ။
မေတ္တာဖြင့်-
ကိုဝိုင်း(မိုးညှင်း)
Friday, April 20, 2012
ကိုရီးယားဖုန်းဈေး ၊ ဖုန်းအကြွေး နှင့် ဖုန်းအရွေးမမှားမိကြစေဖို့
Labels:
ကိုရီးယားသတင်း,
နည်းပညာ,
သတင်းဖတ်စာ,
ဆောင်းပါး,
မောင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment