Friday, February 1, 2013

ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ



မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားနိုင်ငံခရီးစဉ် နောက်ဆုံးနေ့ ဖြစ်သည့် ယနေ့တွင် ဆိုးလ်မြို့ ကင်မ်ဒဲဂျုံး စာကြည့်တိုက် ခန်းမ၌ ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံရာ - ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော်နှင့် လက်တွဲ လုပ်ဆောင်သွားမည် - ဟု ပြောဆိုလိုက်ပါသည်။

နံနက် ၉း၄၀ မှ ၁၀း၄၀ အထိ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ဒေါ်စုက ၁၀ မိနစ်ခန့် မိန့်ခွန်းပြောကြားရာ၌ တိုင်းရင်းသားများ အနေနှင့် အတိတ်ကို ထားခဲ့ပြီး အနာဂတ်ကို ရှေ့ရှု လုပ်ဆောင်ကြရန် တိုက်တွန်း ပြောဆို သွားပါသည်။ မိမိ အနေနှင့် ဟောပြောမှု လုပ်ခြင်းထက် ကိုရီးယားရောက် မြန်မာတို့ရဲ့ ခံစားမှုတွေ အမြင်တွေကို ပိုကြားချင်ပါကြောင်း ပြောဆိုပြီး အမေးအဖြေ ကဏ္ဍကို ဦးစားပေးသွားပါသည်။

ကြိုတင်မေးမြန်းထားသော မေးခွန်းများအနက်မှ ၁၃ ခုကို မေးဖြေသွားပြီး၊ ပြည်ပတွင် မွေးဖွားကြီးပြင်းလာသော ကလေးများ မြန်မာပြည် ပြန်သည့်အခါ ပညာ ဆက်လက် သင်ကြားနိုင်ရေးနှင့် သူတို့ ဘ၀ အခြေကျနိုင်ရေး မည်သို့ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိပါသလဲ ဆိုသည့် မေးခွန်းကို၊ ဒေါ်စုက - ဒီအချက်ကို မိမိ အနေနှင့် မစဉ်းစားမိခဲ့ကြောင်း၊ ယခု မေးမြန်းသည့်အတွက် စဉ်းစားမိသွားကြောင်း၊ လွှတ်တော် ပညာရေးကော်မတီသို့ တင်ပြပြီး ဆောင်ရွက်သွားမည်ဟု ဖြေကြားသွားပါသည်။

ကိုရီးယားရောက် မြန်မာအလုပ်သမားများ အပါအ၀င် ပြည်ပတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများ အတွက် ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းရာ - ဒီကိစ္စကို သိရှိပါကြောင်း၊ ကိုယ့်နိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ဖြစ်လာဖို့ လိုကြောင်း၊ မြန်မာသံရုံးများကလည်း နိုင်ငံသားတွေကို ကူညီပေးတဲ့ သူတွေ ဖြစ်လာဖို့ လိုကြောင်း၊ သက်ဆိုင်ရာသို့ တင်ပြသွားမည် ဖြစ်ကြောင်း - ဖြေကြားသွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေ့လယ်ပိုင်းတွင် ဆိုးလ်တက္ကသိုလ်၌ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံရယူမည် ဖြစ်ပြီး၊ ညနေပိုင်းတွင် မြန်မာပြည်သို့ ပြန်မည် ဖြစ်ပါသည်။

ရက်စွဲ။ ၂၀၁၃ ဖေဖော်ဝါရီလ ၁၊ သောကြာနေ့

ကော်မတီ အီးမေးလ် - dassk.koreatrip@gmail.com
ကော်မတီ ဖေ့စ်ဘွတ် - http://www.facebook.com/pages/ဒေါ်အောင်ဆန်းစုကြည်-ကိုရီးယား-ခရီးစဉ်-ပူးပေါင်းဆောင်ရွက်မှု-ကော်မတီ/145538742264967

No comments: